Sunday, August 14, 2011

"ငှက်တစ်ကောင်ရဲ့ ရာဇ၀င်"


အစ်ကို....

ကျွန်တော် ရှစ်တန်းလောက်မှာ ကျွန်တော့်အစ်ကိုကြီးက အိမ်ကို ကက်ဆက်ခွေတစ်ခွေ ယူလာခဲ့တယ်။ အခွေနာမည်ကို ဖတ်ကြည့်တော့ 'နာရီပေါ်မှ မျက်ရည်စက်များ' တဲ့။ ကျွန်တော်နားမလည်ပါဘူး အစ်ကို။ နာရီပေါ်မှာ ဘယ်လိုလုပ် မျက်ရည်စက်တွေ ရှိနေပါလိမ့်လို့ စဉ်းစားမိတယ်။ ပိုဆိုးတာက ကျွန်တော်တို့နဲ့ မိသားစုလို ရင်းနှီးတဲ့ အစ်ကိုကြီး တစ်ယောက် ပြောတဲ့စကားပါ အစ်ကို။ 'ယုံကြည်တာတွေ စွန့်လွှတ်ခဲ့ရင် လူဆိုတာ အသက်ရှင်ဖို့လည်း မလွယ်ဘူး။ အောင်မြင်ဖို့လည်း မလွယ်ဘူး။ ဒီအဆိုတော်ကို ငါဘယ်လိုခံစားရမှန်းကို မသိဘူး' တဲ့။

ဘယ်လိုပဲ ဖြစ်ဖြစ် အဲဒီအခွေကို ကျွန်တော် နားထောင်ဖြစ်ခဲ့တယ်အစ်ကို။ "ထူးအိမ်သင်" ဆိုတာ ဖြူသလား၊ မဲသလား ဆိုတာမသိပါဘူး။ ဒါပေမဲ့ အဲဒီအခွေကို ကျွန်တော်တို့ ညီအစ်ကိုတစ်တွေ တော်တော် နားထောင်ဖြစ်ခဲ့တယ် အစ်ကို။ ဟိုအစ်ကိုကြီး ပြောတဲ့ ' ယုံကြည်တာတွေ အားလုံး စွန့်လွှတ်ခဲ့ပါတယ် ' ဆိုတဲ့ စာသားပါတဲ့ သီချင်းကိုလည်း ဆိုလို့ကောင်းလို့ အလွတ်တောင် ရခဲ့ပါတယ်။ နောက်တော့ တစ်ခွေလုံးနီးပါး ကျွန်တော်တို့ လိုက်ဆိုဖြစ်ခဲ့တယ် အစ်ကို။

အဲဒီတုန်းကတော့ အဲဒီသီချင်းတွေကို ဖန်တီးတဲ့ ထူးအိမ်သင် ဆိုတာ နောင်တစ်ချိန်မှာ ကျွန်တော် ကိုယ်တိုင် တော်တော် အရူးအမူးဖြစ်ရတဲ့ အဆိုတော် ဖြစ်လာမယ့်လူလို့ ဘယ်သူက သိမှာတဲ့လဲ။ တကယ်တော့ အဲဒီအချိန်မှာကတည်းက ကျွန်တော်ဟာ ထူးအိမ်သင် ဆိုတဲ့ အစ်ကို့ ပရိသတ်ဖြစ်ခဲ့ ရတော့တာပါပဲ။

အစ်ကို...

ကျွန်တော်တို့ လူပျိုပေါက် အရွယ်မှာ ကိုယ်ပိုင်သံစဉ်တွေ ခေတ်စားနေတဲ့ အချိန်ပါ။ အဲဒီလို အချိန်မှာပဲ ထူးခြားတဲ့ အသံနဲ့ နာမည်ပေးပုံ ဆန်းဆန်း၊ ရေးဖွဲ့ပုံ ဆန်းဆန်း သီချင်းတွေကို အစ်ကိုက ဂီတလောကထဲကို ဆွဲခေါ်လာခဲ့တယ်။ အံ့ဩစရာကောင်းတာက အဲဒီသီချင်းတွေကို အစ်ကိုကပဲ ဖန်တီးပြီး အားလုံးဟာ ကိုယ်ပိုင်သံစဉ် ခေတ်တစ်ခေတ်မှာ တစ်မျိုးဆန်းသစ်စေခဲ့တယ်လို့ ဆိုကြတယ်။ ' မေ့လိုက်တော့'၊ 'နာရီပေါ်က မျက်ရည်စက်များ'၊ 'ဝေးသွားတဲ့အခါ'၊ 'သီချင်းလေးသက်သေ'၊ 'တစ်နေ့နေ့တော့ ချစ်၍လာလိမ့်မည်'၊ 'စိမ်းရက်လေအား' စတဲ့သီချင်းတွေဟာ ကျွန်တော်တို့ ရင်ဘတ်တွေကို တွယ်ငြိလာတတ်ခဲ့လို့ အစ်ကို့ကို လေးစားသလို နောက်ထပ် သီချင်းသစ်တွေလည်း ထပ်မျှော်ခဲ့မိကြတာပေါ့။

တကယ်တော့ အစ်ကိုဟာ ဂီတလောကထဲကို မ၀င်ခင်ကတည်းက ၀မ်းစာတော်တော် ပြည့်လာတယ်လို့ ကျွန်တော်ဖတ်ရတယ်အစ်ကို။ ' ဝေးသွားတဲ့အခါ' သီချင်းဟာ အဲဒီအချိန်က ဂီတလောကမှာ အဲဒီပုံစံမျိုးကို ပထမဆုံး ကြားရတာပဲလို့ ကိုညီညီသွင် ပြောထားတာလေး ဖတ်ခဲ့ရတော့ အစ်ကို့ကို မလေးစားဘဲ မနေနိုင်ဘူး။

'မှော်ဆရာ အိပ်မက်' ထွက်လာတော့လည်း 'အချစ်ဆုံးလို'့၊ 'စိုးရိမ်လို့'၊ ' မျှော်လင့်ချက်သာ မထားခဲ့ရင်'၊ 'မျက်ရည်ဝဲရုံ' စတဲ့ သီချင်းတွေအပြင် အစ်ကို့ရဲ့ ဂန္ထ၀င်လက်ရာလို့ ဆိုရမယ့် 'အမေ့အိမ်' သီချင်းလို သီချင်းမျိုးတွေကို ကျွန်တော် ရင်ဘတ်ကြီးနဲ့ နားထောင်ဖြစ်ခဲ့တယ် အစ်ကို။

'သက်ငြိမ်' အခွေထွက်လာတော့' ခေါင်းလောင်းလေးတွေ မြည်နေပြီ'၊ 'ချစ်တိုင်းလည်း မညား'၊ 'အရိပ်မဲ့'၊ 'မှားခဲ့တယ်' နဲ့ 'သက်ငြိမ်' သီချင်းတွေက ကျွန်တော့်ရင်ကို လာထိတယ် အစ်ကို။ ကျွန်တော်မှတ်မိတဲ့ သီချင်းနာမည်တွေသာ ထည့်ရေးနေတာပါ။ တကယ်တော့ အစ်ကို ဆိုထားတဲ့ သီချင်းမှန်ရင် ကြိုက်တာချည်းပါပဲ။ အမှန်အတိုင်း ပြောရရင် အဲဒီအချိန်မှာ ကျွန်တော်က ကိုယ့်ဘာသာ ကဗျာတွေ ရေးပြီး ကဗျာရူးနေချိန်။ အစ်ကို့ရဲ့ 'သက်ငြိမ်'က ကျွန်တော်နေရတဲ့ ဘ၀နဲ့ အဲဒီအချိန်တုန်းက တစ်ထပ်တည်း တူနေခဲ့တာ။ ပြန်စဉ်းစားတော့ ကျွန်တော်တို့ ဖန်တီးရတဲ့ အနုပညာတွေအတွက် ကျွန်တော်တို့မှာ ပေးဆပ် ခဲ့ရတဲ့ ကာလတွေ ရှိခဲ့ရတာပါလားလို့ သိမိတယ်။ အစ်ကိုနဲ့ ကျွန်တော် အနုပညာနဲ့ ပတ်သက်ရင် ပေးဆပ် ခဲ့ရတာမှာ တချို့နေရာတွေမှာ သွားတူနေတယ်။

အစ်ကိုလည်း ပေးဆပ်ခဲ့ရတာပါပဲ။ ကျန်းမာရေး ပညာအရာရှိ ဦးထွန်းမြင့်၊ သူနာပြုဆရာမ ဒေါ်မြရင် တို့ ကနေ အစ်ကို့ ကို ၁.၇.၁၉၆၃ ခုနှစ်မှာ မွေးခဲ့တာတဲ့။ မွေးတော့ ပုသိမ်မှာ။ နာမည်က သန်းထွန်းစိုး တဲ့။ နောက်ထပ်နာမည်တွေလည်း အများကြီး။ ဘဲဥ၊ ပေါ်စွမ်း၊ သန်းထွန်းစိုး၊ ကျော်မြင့်လွင် တဲ့။ အစ်ကို့ကို အိမ်ကခေါ်တဲ့ ငယ်နာမည်က ဘဲဥ။ မွန် ဘုန်းတော်ကြီး ပေးတာက သန်းထွန်းစိုး။ ဒါပေမဲ့ အစ်ကို့ အဖေရဲ့ အမေက သခင်သန်းထွန်းနဲ့ သခင်စိုးတို့ နာမည်တွေပါလို့ မကြိုက်လို့ဆိုပြီး ထပ်ပေး လိုက်တာမှာ ကျော်မြင့်လွင် ဖြစ်သွားတာတဲ့။ ဒါကိုပဲ မွန် ဘုန်းတော်ကြီးက လက်ဖျားမှာ ငွေသီးမှာမို့ မွန်လို ငွေသီးတဲ့ အဓိပ္ပါယ်ရတဲ့ ပေါ်စွမ်းဆိုတာကို ပေးခဲ့သေးသတဲ့။ ဆရာ သိမ်းတင်သား က အစ်ကို့ အကြောင်းတွေ ရေးထားတာ စုံအောင် ဖတ်ရတယ်အစ်ကိုရေ။

အဲဒီမှာ အစ်ကို့ရဲ့ ငယ်ဘ၀ကို ဆက်ဖတ်ခွင့်ရတယ်အစ်ကို။ အစ်ကို့ အဖေရဲ့ ရေဒီယိုလေးဖက်ပြီးအိပ်တာ၊ အစ်ကို့ အဖေတို့ လူကြီးတွေက မဟာဂီတလို သီချင်းကြီးမျိုးတွေနဲ့ ၀ိုင်းဖွဲ့တတ်လို့ အစ်ကိုလည်း ' ထောင်ရောင်နေပတ်ပျိုး' လို သီချင်းတွေကို နားယဉ်ရင်း ပတ္တလား၊ ဘင်ဂျို၊ တယောတွေကြားမှာ ကြီးပြင်းခဲ့ရတယ်တဲ့။ အစ်ကို့အဖေက အစ်ကို့ကို ဘာဂျာလေးတစ်လက် ၀ယ်ပေးတော့ တစ်စစီဖြုတ်ပြီး အစ်ကို စူးစမ်းခဲ့သေးတယ်တဲ့။

ပြီးတော့ ရွှေမုဋ္ဌောဘုရားပွဲမှာ ထီးတင်တော့ ဆိုင်းသံကြားရင် အစ်ကိုက ပုဆိုးခါးတောင်း ကျိုက်ပြီး ကွေးနေအောင် ကတယ်ဆိုပဲ။ ဒီကတည်းက အစ်ကို့ အနုပညာပိုးက သေးမှမသေးခဲ့ဘဲ အစ်ကို။ သူများတွေလို ရောယောင်လိုက်လာတဲ့ အနုပညာမျိုးမှ မဟုတ်တာ။ သွေးထဲက ပါလာတဲ့ ဗီဇပဲ ထင်ပါရဲ့။ ပြီးတော့ အစ်ကိုက ကျောင်းမှာ ကဗျာရွတ်ဝင်ပြိုင်ရင်း ကဗျာတွေကို အစပြုတတ်ခဲ့တယ် ထင်တယ်တဲ့။ ကောလိပ်ကျောင်းသားဘ၀မှာ 'သျှပ်မှူးကျော်'နာမည်နဲ့ ကဗျာတွေ ဖန်တီးခဲ့တယ် တဲ့လေ။

နောက်တော့ အစ်ကို့ဆွေမျိုးတွေရှိရာ မော်လမြိုင်ကို ပြန်ရင်း အစ်ကိုဝမ်းကွဲဆီက ဂစ်တာအဟောင်းလေး တစ်လုံးကို ရလာတာကနေစလို့ အစ်ကိုဟာ ဂီတလိုင်းကို စရောက်သွားတော့တယ်တဲ့။ စာသင်ခန်းတွေကို ကျောခိုင်း၊ ၀ိုင်းတွေတီး၊ အစ်ကို့ မိသားစု မော်လမြိုင်ပြောင်းသွားတဲ့ အထိ ပုသိမ်မှာပဲ အစ်ကိုနေခဲ့တယ်တဲ့။ နောက်တော့ အစ်ကိုလည်း မော်လမြိုင်ကို လိုက်ပြောင်းပြီး အဲဒီမှာလည်း ဆက်ပြီး တီးဝိုင်းမှာ ဆက်တီးဖြစ်တယ်တဲ့။ ဒါပေမယ့် အစ်ကို့ သီချင်းတွေကို သူများဆိုဖို့၊ စီးရီးသွင်းဖို့ စီစဉ်ထားပြီးမှ ပျက်သွားတော့ အစ်ကို တော်တော်စိတ်ပျက်ခဲ့ရတယ်တဲ့။

အရက်သောက်ပြီး သံလွင်မြစ်ထဲ ခုန်ချမယ်အလုပ် အစ်ကို့အမေက ဖျောင်းဖျတော့မှ အစ်ကို ပြန်လိုက်လာ ခဲ့တယ်တဲ့။ တကယ်လို့သာ အဲဒီအချိန်က အစ်ကိုသာ အဲဒီလို လုပ်လိုက်ရင် ကျွန်တော်တို့အတွက် ဒီနေ့မှာ ထူးအိမ်သင် ရဲ့ သီချင်းတွေ ဘယ်နားထောင်နိုင်ရပါတော့မလဲ။ အစ်ကို့အမေက ရှိတာတွေ ထုတ်ပေးလိုက်တော့ အစ်ကို ရန်ကုန်ကိုလာ၊ အဲဒီကနေ ထူးအိမ်သင် ဆိုတာ စဖြစ်လာတော့တာတဲ့လေ။ ဆရာ သိမ်းတင်သားရဲ့ ဆောင်းပါးထဲမှာ ဖတ်ရတာတွေပါ။

အစ်ကို...

'သက်ငြိမ်' အခွေနောက်ပိုင်း ထွက်လာတဲ့အခွေတွေကလည်း အများကြီးပါပဲ။ 'အတ္တပုံဆောင်ခဲများ'၊ 'အကြင်နာအိပ်မက်'၊ 'အရင်အတိုင်း'၊ 'စကားလုံးမရှိတဲ့ ကောင်းကင်'၊ 'ထူးအိမ်သင်( Unplugged Live) '၊ 'မြို့ပြလရောင် တမ်းချင်း'၊ 'အမေ ( သို့မဟုတ်) မေတ္တာတော်ဘွဲ့'၊ 'အစိမ်းရောင် ရက်စွဲများ'၊ 'တစ်နေ့စာ အလွဲများ'၊ 'ချစ်ခြင်းအားဖြင့်' ဆိုတဲ့ အခွေတွေလေ။ အစ်ကို ဆိုထားတဲ့ စုပေါင်းစပ်ပေါင်း အခွေတွေကလည်း နည်းတာမဟုတ်။

အစ်ကိုနဲ့ ပတ်သက်လို့ နောက်ထပ်ထူးခြားတာ တစ်ခု ပြောရရင် 'ရာဇ၀င်များရဲ့ သတို့သမီး' သီချင်းကို အစ်ကို ဖန်တီးခဲ့တာလေ။ ကိုညီညီသွင် ပြောဖူးတာလေး ဖတ်ဖူးထားတာပါ။ အစ်ကိုရယ်၊ ကိုညီညီသွင်ရယ်၊ ကလိုမှူးရယ် အိုအေစစ် စတူဒီယိုမှာ တစ်ညလုံး သီချင်းရေးကြတယ်တဲ့။ ကိုယ်ရေးပြီးဆိုပြပေါ့။ တစ်ယောက် တစ်နေရာစီ နေရာယူပြီး ရေးကြတာ ကလိုမှူးက အရင်ပြီးတော့ ဆိုပြပြီး အိပ်သွားရောတဲ့။ ကိုညီညီသွင်ကတော့ မိုးလင်းမှ အချောပြီးသွားတယ်။ ဒါပေမဲ့ အစ်ကိုကတော့ သံစဉ်က အချောပြီးလို့ စာသားကတော့ တစ်ကြောင်းပဲ ပြီးတယ်တဲ့။ အဲဒီ တစ်ကြောင်းက 'ကွယ်လွန်ပြီးသော အိပ်မက်များ' တဲ့။

ဒါဟာ 'ရာဇ၀င်များရဲ့ သတို့သမီး' သီချင်းတစ်ပုဒ်ရဲ့ အစပါလားလို့ ကျွန်တော်သိခွင့်ရခဲ့ပါတယ် အစ်ကို။ အစ်ကိုဟာ ပုဂံကို ချစ်သူတစ်ယောက်၊ ဧရာဝတီကို တန်ဖိုးထားသူ တစ်ယောက်လို့လည်း ဒီသီချင်းနဲ့ သက်သေပြခဲ့တယ်။ အိုအေစစ် စတူဒီယိုထဲမှာ တစ်လလောက်ကြာအောင် ဧရာဝတီအတွက် အစ်ကို့နှလုံးသားက ခံစားမှုတွေ မွေးထုတ်ခဲ့တယ်။ အဲဒီနောက်မှာမှ ရာဇ၀င်များရဲ့ သတို့သမီး ဆိုတာ ဖြစ်တည်လာခဲ့တယ်တဲ့။ တန်ဖိုးမဖြတ်နိုင်တဲ့ သီချင်းတစ်ပုဒ်ပါ အစ်ကို။

အစ်ကို...

အစ်ကို့သီချင်းတွေထဲမှာ နားထောင်တိုင်း ကျွန်တော် မျက်ရည်ဝဲရတဲ့ သီချင်းတစ်ပုဒ်ရှိသေးတယ် အစ်ကို။ ဖိုးဇော် ရေးပြီး အစ်ကိုဆိုထားတာလေ။ 'လမ်းပျောက်တဲ့သား' တဲ့။ ကျွန်တော်လည်း အစ်ကို့လို အမေကို တွယ်တာတတ်သူ တစ်ဦးပါ။ အိမ်နဲ့ အဝေးကို ခွဲပြီးနေရတဲ့ အချိန်မျိုးမှာ အဲဒီသီချင်းနားထောင်ရတိုင်း ကျွန်တော်မျက်ရည်ဝဲမိသလို တစ်ခါတစ်ခါ စိတ်မထိန်းနိုင်ရင် ပါးပေါ်ကို မျက်ရည်တွေ စီးကျ မိသေးတယ်အစ်ကို။

ကျွန်တော်က ရန်ကုန်စက်မှုတက္ကသိုလ် ဒုတိယနှစ်ပြီးမှ ဂစ်တာစသင်ခဲ့တယ်အစ်ကို။ အဲဒီတုန်းက ကျွန်တော့်ကို ဂစ်တာသင်ပေးတဲ့ ကျွန်တော့် အစ်ကိုကြီးရဲ့ သူငယ်ချင်းက ပွင့်ပွင့်လင်းလင်းပဲ မေးခဲ့တယ်။ ဘယ်လောက်အထိ တတ်ချင်လဲတဲ့။ ကျွန်တော်ကလည်း တစ်ခွန်းပဲ ဖြေခဲ့ပါတယ်။ သီချင်းရေးလို့ ရတဲ့အထိလို့။ ကဗျာတွေ ရေးတတ်စ ကျွန်တော်က အစ်ကို့လို သီချင်းရေးတတ်ချင်ခဲ့တာလေ။ ဒါပေမဲ့ အစ်ကို့လို ရေးတတ်ဖို့ ဆိုတာကတော့ မလွယ်ပါဘူး အစ်ကို။ ဘာဖြစ်လို့လဲဆိုတော့ အစ်ကို ရေးပြီးသား သီချင်းတွေ ဆိုဖို့ ဂစ်တာတီးတာတောင် ကျွန်တော်တို့ မနည်းလိုက်တီးခဲ့ရတာကိုး။

ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်က ပြောတယ်အစ်ကို။ တစ်နေ့ လမ်းလယ်ခေါင်မှာ အစ်ကို စီးလာတဲ့ကား ပျက်တော့ သူတို့တစ်တွေ ဘတ်စ်ကားပေါ်က ဆင်းပြီး တွန်းပေးခဲ့ဖူးတယ်တဲ့။ အစ်ကိုက ကျေးဇူးတင်ကြောင်း ပြောပြီး လက်ဖက်ရည်တိုက်မယ် ပြောတယ်တဲ့။ သူတို့ လက်မခံခဲ့ပါဘူး။ ကျွန်တော် သိတယ်အစ်ကို။ ဒီကောင်တွေက ကျောင်းမှာ ကိုငှက် ကားကို တွန်းပေးရလို့ ဆိုပြီး ကြွားရတာကို ပျော်နေကြတာလေ။

အစ်ကို့ရဲ့ လွှမ်းမိုးမှုက အဲဒီလောက်ထိ ကျွန်တော်တို့ အပေါ်မှာ ရှိတယ်အစ်ကို။ ပြီးတော့ ကျွန်တော်တို့ သူငယ်ချင်းအုပ်စုထဲမှာ သွင်မောင်မောင် ဆိုတဲ့ သူငယ်ချင်းက မျက်မှန်က အစ အစ်ကိုနဲ့တူတယ်။ ဆံပင်ပုံရောပဲ။ အဲဒါ သူငယ်ချင်းတွေ အားလုံးက မညှိရဘဲ သူ့ကို ငှက်ကြီး လို့ အစ်ကို့နာမည် အစွဲပြုပြီး ခေါ်ကြတယ်။ ဒီနေ့အထိပဲ အစ်ကို။

နောက်တစ်ခုက ကျွန်တော်တို့ ကျောင်းတက်ရင်း မာလာဆောင်တို့၊ အင်းလျားဆောင်တို့မှာ ညဘက် ဂစ်တာတီးတော့ အဆောင်က မမတွေက သီချင်းတောင်းတယ်အစ်ကို။ သူတို့ တောင်းတာ အစ်ကို့သီချင်းတွေ တော်တော်များပါတယ်။ ဂျပ်ဆင်ထိပ်က လရိပ်ပြာ၊ ဆွေးတယ်၊ အကြင်နာ အိပ်မက် စတဲ့ သီချင်းတွေ တော်တော်ဆိုဖြစ်ကြတယ် အစ်ကို။

အစ်ကို...

ကျွန်တော်က အစ်ကိုနဲ့ ခုနှစ်မတူဘဲ မွေးနေ့တူ ၁ ရက် ၇ လဖွားပါ။ အဲဒီအတွက် ကျွန်တော်ငယ်ငယ်က ကဗျာရေးတိုင်း မွေးနေ့ ရောက်ရင် အစ်ကိုနဲ့ ပတ်သက်တာတွေ ထည့်ထည့်ရေးဖြစ်ခဲ့တယ်။ ၁.၇.၁၉၉၃ တုန်းက အမျိုးသားဇာတ်ရုံမှာ အစ်ကို့ One Man Show လုပ်ခဲ့တယ်။ ကျွန်တော်က အစ်ကို့ အောင်မြင်မှုတွေကို ငေးမော အားကျလို့ပေါ့။ အဲဒီတုန်းက အစ်ကို အသက် ၃၀ ပြည့်ခဲ့တာလေ။ ကျွန်တော် အစ်ကိုနဲ့ ပတ်သက်ပြီး လူသိရှင်ကြား တစ်ခုခု လုပ်ပေးချင်ခဲ့ပေမယ့် လုပ်ခွင့်မရခဲ့ပါဘူး။

ဒါပေမဲ့ အစ်ကိုဆုံးပြီးမှ အစ်ကိုနဲ့ ပတ်သက်တဲ့ ဆောင်းပါးတစ်ပုဒ် ပေါ်ပြူလာမှာ ဖော်ပြခံခဲ့ရတယ်။ ' အမြင့်ပျံ ငှက်တစ်ကောင် အတွက် မြေပြင်ပေါ်မှ လူတစ်ဦးရဲ့ ဆန္ဒ' ဆိုတဲ့ ဆောင်းပါးပါ အစ်ကို။ ၂၀၀၄ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့မှာ အစ်ကိုဆုံးတယ်။ ဒီဘက်ခေတ် လူတွေရဲ့ ထုံးစံ သေပြီဆို သူ့အနုပညာကို ပြန်လည်ဖော်ထုတ်မယ်၊ ဘာညာ ဆိုပြီး အနုပညာကို ခုတုန်းလုပ်၊ အမြတ်ရှာချင်သူတွေ ရှိလာလို့ ကျန်တဲ့သူတွေကို လုပ်ချင်လုပ်၊ အစ်ကို့ အနုပညာကိုတော့ မထိရဘူးဆိုတဲ့ အတွေးနဲ့ ကျွန်တော်ရေးခဲ့တာ အစ်ကို။ ပေါ်ပြူလာ ဂျာနယ်ကလည်း ဒါကို နားလည်ပါတယ်။ အစ်ကို့မှာ ဂီတမှာတင်မကဘူး။ နယ်ပယ်စုံမှာ အစ်ကို့ ပရိသတ်တွေများလို့ ဒါကို လက်ခံတယ်။ ကျွန်တော့်ဆောင်းပါးကို ဖော်ပြပေးခဲ့တယ်။ အစ်ကို့အတွက် ကျွန်တော်လုပ်ပေးနိုင်တာတွေထဲက တတ်နိုင်တာ သေးသေးလေး တစ်ခုပါ အစ်ကို။

အစ်ကို...

ကျွန်တော်တို့ တစ်တွေက ခေတ်တွေကို ဖြတ်နေတုန်းပါ။ အစ်ကိုက ကျွန်တော်တို့ထက် စောတဲ့ ခေတ် တစ်ခေတ် ကနေ လာပြီး ဒီနေ့ အထိ ကျွန်တော်တို့ ရင်ထဲမှာ ရှိနေတုန်းပါ။ အိမ်က ကျွန်တော့် အစ်ကိုကြီးက သူ့သားနဲ့ ဓာတ်ပုံ အရိုက်ခံတယ်။ ရိုးရိုးအရိုက်ခံတာ မဟုတ်ဘူးအစ်ကို။ အစ်ကိုနဲ့ အစ်ကို့ သမီး မိကွန်ထော နဲ့ ရိုက်ထားသလို အရိုက်ခံတာ။ အဆိုတော် အာဇာနည် ကြိုက်တယ်ဆိုတဲ့ ပုံပေါ့။ အဲဒါ အစ်ကိုကြီးက ပိုစတာကို ကျကျနန ထုတ်ထားသေးတာ။ အစ်ကိုတို့ သားအဖပုံကို သဘောကျတာနဲ့ သူတို့သားအဖ ပုံကို လိုက်လုပ်ထားတာလေ။

တလောကလည်း Facebook ထဲမှာ ကျွန်တော့်သူငယ်ချင်း ဂျယ်ကြီး ဆိုတဲ့ကောင် သူ့ကလေးကို လက်မောင်းပေါ်တင်ပြီး အိပ်ရာထဲမှာ ရိုက်ထားတာ ကျွန်တော်က အစ်ကို့ကို အားကျလို့ လုပ်တယ်ဆိုပြီး နောက်ထားသေးတယ်။ ဒီကောင် စိတ်မဆိုးဘဲ သဘောကျနေမယ်လို့ ကျွန်တော် သိနေတယ်။ ကျွန်တော်တို့ အားလုံး အစ်ကို့ အနုပညာကို ခံစားခဲ့တဲ့လူတွေချည်းပဲ အစ်ကို။

အစ်ကိုက ၀င်းဦး ကြိုက်တယ်။ မြို့မငြိမ်းလို ဖြစ်ချင်တယ်။ ရွှေဥဒေါင်းကို ကြိုက်တယ်။ ကဗျာတွေကို ချစ်တယ်။ ထင်းရှူးပင်ရိပ်ကို ခံစားတယ်။ ဧရာဝတီကို တွယ်တာတယ်။ ဂီတဟာ အစ်ကို့ရဲ့ ဘ၀ဖြစ်တယ်။ ဒီလို မှတ်သားရတယ်။ ပြီးတော့ အစ်ကို့နာမည်။ စာထဲမှာတော့ မွန်သူရဲကောင်း လဂွန်းအိမ်က အိမ်ကို ယူပြီး ပေးတယ်တဲ့။ ကျွန်တော်တို့ ပါးစပ်စကား မှတ်ဖူးတာက မွန်ပြည်နယ်က ၂၄ အိမ် ဆိုတဲ့ အရပ်မှာ နေလို့ အဲဒီက အိမ်ကို ယူတာတဲ့။ သေသေချာချာတော့ မသိပါဘူး အစ်ကိုရာ။ မော်လမြိုင်က ကျွန်တော်ရောက်ဖူးပေမယ့် မကျွမ်းတဲ့ အရပ်မို့ပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် အစ်ကို့ နာမည်ထက် အစ်ကို့ဖန်တီးမှုတွေက လူတွေအပေါ် ပေးဆပ်နိုင်စွမ်း ကြီးမားတာကြောင့် ထူးအိမ်သင် ကို ဒီနေ့ အထိ ကျွန်တော်တို့ တမ်းတနေရတာ မဟုတ်လား အစ်ကို။

နိုင်ငံခြားသား တစ်ယောက်ကို အစ်ကို က သီချင်းဆိုပြတော့ အဲဒီ နိုင်ငံခြားသားက ပြောတယ်တဲ့။ မှတ်ချက်ပေးတာပါ။ " ခင်ဗျားဟာ Musician ပဲ တဲ့ "။ အစ်ကိုဟာ ဂီတကို ဖန်တီးသူပါ။ အဆိုတော် သက်သက်၊ တေးရေး သက်သက် မဟုတ်ခဲ့ဘူး။ ဂီတသင်တန်းပေးနေတဲ့ ဆရာတစ်ယောက်က အစ်ကို့ကို ဝေဖန်ခဲ့ဖူးတယ်။ ဘယ်နားက အသံက ဘာဖြစ်တယ်။ ဘာနဲ့ ဆိုရမှာ ဘာညာ ဆိုပြီး။ ဒါနဲ့ အစ်ကိုက နားရွက်နဲ့ ဆိုပြမယ်ဆိုပြီး ပြန်ဖြဲပြတော့ ငြိမ်သွားဖူးတယ်။ အစ်ကို့ပညာ မာနကို ကျွန်တော်တို့ ခပ်ပါးပါး မြင်ရဖူးတယ်။

အစ်ကို...

အဝေးမှာ အေးမြပါစေ။ ဒီနေ့ ဂီတနဲ့ ပတ်သက်လို့ ပြောရင်ပဲ ဖြစ်ဖြစ်၊ ဧရာဝတီကို ပြောရင်ပဲ ဖြစ်ဖြစ်၊ ကျွန်တော်တို့ နှုတ်ဖျားမှာ ထူးအိမ်သင် ဆိုတာ ရှိနေသေးတယ်။ ငှက်ကြီးလို့ ချစ်စနိုးခေါ်ကြတဲ့ အစ်ကို့ရဲ့ ဘ၀ဟာ ဂီတမှာပဲ တောက်လျှောက် မြှုပ်နှံထားခဲ့တာ အားလုံးအသိပါ။ အစ်ကို့ အကြောင်းပြောရင် ဘယ်မှာ ဆုံးလိမ့်မလဲ။ တစ်နည်းအားဖြင့် ပြောရရင် ငှက်တစ်ကောင်ရဲ့ ရာဇ၀င် ဟာ ဘယ်တော့မှ မဆုံးတော့ဘူးအစ်ကို။ အစ်ကို ဆုံးတာ ဒီနေ့မှာ ၇ နှစ် ပြည့်သွားပြီ အစ်ကို။ ဒါကြောင့် ဒီနေ့မှာ အစ်ကို့ အတွက် ဆိုပြီး အမှတ်တရ တစ်ခုခုရေးတင်ဖို့ ကြိုးစားရင်း ခုလို ရေးဖြစ်သွားတာပါ။

အစ်ကိုတစ်ယောက် ကောင်းရာမွန်ရာ ရောက်ပါစေ။ အစ်ကို ချစ်တဲ့ ဧရာဝတီလည်း ဆက်လက်တည်တံ့ပါစေ။ အစ်ကို ချစ်တဲ့ ကမ္ဘာမြေလည်း အမြဲစိမ်းလန်းပါစေ။ 'ချစ်ခြင်းအားဖြင့်' ကို အမြဲတန်ဖိုးထား၊ လေးစားဆဲ.....

သားလတ်
၁၇:၃၇ နာရီ

၁၄.၈.၂၀၁၁


[ ထူးအိမ်သင်( ကိုငှက်) ကွယ်လွန်ခြင်း ၇ နှစ်ပြည့် အမှတ်တရ ]


စာကိုး - ၁။ မြစ်မင်းတွေကို ချစ်ခြင်းဖွဲ့လေသူ မှော်ဆရာတစ်ယောက်ရဲ့ ရာဇ၀င် - သိမ်းတင်သား
နရီသစ်မဂ္ဂဇင်း၊ အတွဲ (၁)၊ အမှတ် (၁၀)၊ (၁၁)၊ ဇူလိုင်လ၊ ဩဂုတ်လ၊ ၂၀၀၅ ခုနှစ်
၂။ ဩဂုတ်လ ညနေခင်းတစ်ခု၌ ကျွန်တော်တို့ နှစ်ယောက် ထူးအိမ်သင် အကြောင်း
ပြောဆိုခြင်း - မောင်သစ်မင်း နှင့် ညီညီသွင်
ဗြူတီမဂ္ဂဇင်း၊ ဩဂုတ်လ၊ ၂၀၀၄
၃။ ရာဇ၀င်များရဲ့ သတို့သမီး........ဧရာဝတီကို ချစ်ခဲ့သူ - နေထွန်းနိုင်
၁၀.၈.၂၀၁၁။ EMG




2 comments:

Cameron said...

ကိုငှက်ဟာ...ဂီတကိုမြတ်နိုးသူတွေအတွက် ဘယ်တော့မှသေဆုံးသွားတဲ့သူ ပျောက်ပျက်သွားတဲ့သူ တစ်ယောက်မဟုတ်ပါဘူး...။ သူ့သီချင်းတွေကို ရူးသွပ်စွဲလန်းခဲ့တာ ဟိုးး ခုနှစ်တန်း ရှစ်တန်းကတည်းက...။ လက်မှတ်ထိုးခါနီး အမြဲတမ်းပဲ ချစ်ခြင်းအားဖြင့်လို့ ရေးတတ်တဲ့သူ..။ သူ့အတွက်အမှတ်တရကို ခုလေးပဲ ကိုညီလင်းသစ်ဆီမှာ သွားဖတ်ခဲ့တာ...။

ခင်တဲ့
မိုးငွေ့

Han Kyi said...

အေးဗျာ...ဖတ်ရင်းနဲ့ ကိုငှက်ကို လွမ်းလာလိုက်တာလေ....

Related Posts Plugin for WordPress, Blogger...