Monday, September 5, 2011

" တစ်နေ့နေ့.......တစ်ချိန်ချိန်......တစ်နေရာရာ "


ကျွန်တော့်ဘ၀မှာ ပထမဦးဆုံးတက်ဖူးသော တက္ကသိုလ်သည် ရန်ကုန်စက်မှုတက္ကသိုလ်ဖြစ်သည်။ ထိုသို့ တက်နေရင်း ရန်ကုန်နိုင်ငံခြား ဘာသာသင် တက္ကသိုလ်မှာလည်း ညနေပိုင်း သင်တန်းတစ်တန်းကို သုံးလခွဲလောက် တက်လိုက်သေးသည်။ သို့သော် ခြောက်နှစ်တာ ( တကယ်တော့ ခုနစ်နှစ်နီးပါး ) ကာလမှာ ဆုံခဲ့သော သူငယ်ချင်းတွေလို ခင်စရာကောင်းသော၊ အနစ်နာခံသော သူငယ်ချင်းတွေ မရခဲ့။ အချိန်က ခဏတာကိုး။

နောက်တက်ဖူးသော တက္ကသိုလ်က ဗဟိုဝန်ထမ်းတက္ကသိုလ်( ဖောင်ကြီး ) ဖြစ်သည်။ သည်မှာလည်း ကာလက သုံးလခွဲဆိုသော်ငြား ၀င်းတစ်ဝင်းထဲမှာ အတူတူစား၊ အတူတူသွား၊ အတူတူနေ၊ အတူတူလေ့လာ သင်ကြား နှင့် ဖြတ်သန်းခဲ့ရ၍ အခင်အမင်က ပိုခဲ့ကြပြန်သည်။ ပိုဆိုးသွားသည်က ၀ိုင်အိုင်တီက သူငယ်ချင်းများလည်း အတူတူတွေမို့ ကျွန်တော်တို့ ပိုခင်ခဲ့ကြသည်။ နောက်တော့ သက်ဆိုင်ရာ ဌာနများမှာ တာဝန်တွေကိုယ်စီယူ၊ ၀င်ရောက်လုပ်ကိုင်ခဲ့ကြ၏။ အရာရှိများ အဖြစ်။

စင်ကာပူကို မလာခင် နောက်ဆုံး တက်ခဲ့သော တက္ကသိုလ်က ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ) ဖြစ်သည်။ စီမံအုပ်ချုပ်မှု ဒီပလိုမာ အချိန်ပိုင်း၊ ဘွဲ့လွန် နှစ်နှစ်သင်တန်းကို ကျွန်တော် ထိုတက္ကသိုလ်မှာ တက်ဖြစ်ခဲ့သည်။ ကျောင်းစာ၏ သဘောတရားအရ အားလုံးစုစုဝေးဝေး တိုင်တိုင်ပင်ပင်လုပ်မှ ဖြစ်မှာဖြစ်၍ တနင်္ဂနွေတိုင်းလည်း စာစုလုပ်ခဲ့ကြ၊ လက်ဖက်ရည်ဆိုင် အတူထိုင်ခဲ့ကြ၏။ သူတို့ကျတော့ ကျွန်တော်နှင့် ဗိုလ်ကြီး တစ်ယောက်ကလွဲလျှင် အားလုံးသည် ကုမ္ပဏီဝန်ထမ်းများ ဖြစ်၍ မန်နေဂျာ အဆင့်များဖြစ်ကြသည်။ နဂိုကတည်းက သက်ဆိုင်ရာ ကုမ္ပဏီတွေမှာ ရာထူးတွေနှင့်။

တကယ်တော့ ကျွန်တော့်မှာ တစ်ဘ၀လုံးတောက်လျှောက် ခင်စရာ အကောင်းဆုံး သူငယ်ချင်းများနှင့် တွေ့ခဲ့ ရသည်။ ခြောက်တန်းနှစ်ကစပြီး ကျွန်တော်နှင့် သည်နေ့အထိ လက်တွဲမဖြုတ်၊ ခင်မင်ခဲ့သော ငယ်သူငယ်ချင်းများလည်း ရှိ၏။ တချို့က ဆရာဝန်များ၊ တချို့က စင်ကာပူမှာ၊ တချို့ကတော့ သင်္ဘောလိုင်းမှာ။

ဘယ်လိုပဲဖြစ်ဖြစ် သူငယ်ချင်းများသည် ကျွန်တော့်ဘ၀၏ အရေးပါသော ကဏ္ဍများမှာ ရှိခဲ့သည်။ ငယ်သူငယ်ချင်းများနှင့် စက်မှုတက္ကသိုလ်က သူငယ်ချင်းများကတော့ ကျွန်တော့်ဘ၀၏ အရေးပါသော နေရာ တစ်ဆစ်ချိုးတိုင်းတွင် အမြဲရှိခဲ့ဖူးသည်။

ပြန်စဉ်းစားသည့်အခါ ကျွန်တော်တို့ဖြတ်သန်းခဲ့သော အခြေခံပညာ အဆင့်ကျောင်းများမှသည် တက္ကသိုလ်တန်း၊ ဘွဲ့လွန်အတန်းများအထိ ကျွန်တော်တို့၏ စာသင်ချိန်များမှသည် ဘ၀ကျောင်းထဲတွင် စာသင်ရသည်အထိ သူငယ်ချင်းတွေက ရှိနေတုန်း။ တချို့က မြန်မာပြည်မှာ၊ တချို့က နိုင်ငံခြားတိုင်းပြည်များမှာ။ တချို့က ပြည်သူ့ဝန်ထမ်း၊ တချို့က ကုမ္ပဏီဝန်ထမ်း။

ကျွန်တော်တို့ ပြန်မဆုံနိုင်တော့။ နေရာတစ်နေရာစီမှာ ကျွန်တော်တို့သည် ကိုယ်လုပ်နိုင်သော အလုပ်တစ်လုပ်စီကို လုပ်နေကြရပေပြီ။ ကျွန်တော်လည်း မြန်မာပြည် ပြန်ရောက်စဉ်က ဒီပလိုမာသင်တန်းက သူငယ်ချင်းတွေကို မေးကြည့်သည်။ ရန်ကုန်တစ်မြို့တည်းက သူတို့တစ်တွေလည်း လွယ်လွယ်နှင့် မဆုံကြတော့ဟု သိရသည်။ သူတို့ကို မဆိုထားနှင့်။ စင်ကာပူမှာ ရောက်နေသော ကျွန်တော့် ငယ်သူငယ်ချင်းများပင် ကျွန်တော်နှင့် လူချင်းမဆုံဖြစ်ကြ။ မြန်မာပြည်ပြန်စဉ်က ဟိုမှာရှိသော ငယ်သူငယ်ချင်းများနှင့်သာ တွေ့ခဲ့ရသည်။

စက်မှုတက္ကသိုလ်က သူငယ်ချင်းများကတော့ အွန်လိုင်းမှာ၊ Facebook မှာ စလိုက်နောက်လိုက်နှင့် အားမှ တွေ့ရသည်။ ဒါတောင် ၀န်ထမ်းလုပ်နေသူများ ကျတော့ ကျွန်တော်နှင့် အိမ်ချင်း နီးနေသူသာ မြန်မာပြည် ရောက်မှ တွေ့ရတော့သည်။ တော်တော်များများက နယ်တွေမှာ။

တစ်ခါတစ်ခါတော့ ဘ၀ထဲမှာ မွန်းကျပ်လာခဲ့လျှင် သူငယ်ချင်းများနှင့် စာသင်ခဲ့ရသည့် ကျောင်းက အချိန်များကို သတိရသည်။ အထက်တန်းကျောင်းမှာ၊ စက်မှုတက္ကသိုလ်မှာ၊ ဗ၀တမှာ၊ စီးပွားရေးတက္ကသိုလ်မှာ။ ဪ-ကျွန်တော်တို့၏ ပျော်စရာ အကောင်းဆုံးအချိန်များ။ ဟိုးဝေးဝေးမှာ ကျန်ခဲ့လေပြီ။ သူငယ်ချင်းတွေကရော သည်အချိန်မှာ အရင်လို ဖြူစင်သောစိတ်များ ကျန်နေဦးမည်လား။ ဘ၀၏ နေထိုင်မှုစနစ်များကြား သူတို့တစ်တွေ အရောင်ပြောင်းလဲသွားပြီလား။ ကျွန်တော်ကရော။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့် သူငယ်ချင်းများသည် လောကကြီး၏ တစ်ထောင့် တစ်နေရာမှာ လောက၏ အကျိုးကို နိုင်သလောက်သယ်ပိုးရင်း ခရီးဆက်နေကြလေပြီ။ သူတို့အကျိုးအတွက် လုပ်ရင်းကိုင်ရင်း လူအများအကျိုးကိုပါ နိုင်သလောက် ထမ်းနေကြလိမ့်မည်ဟု ကျွန်တော်ယုံကြည်ပါသည်။

ကျွန်တော့်အတွေးထဲမှာ သူတို့နှင့်ကျွန်တော် တစ်နေ့မှာ၊ တစ်ချိန်မှာ၊ တစ်နေရာမှာ ပြန်တွေ့ဦးမည်ဟုသာ ယုံကြည်နေမိသည်။ အကုန်လုံးနှင့် မတွေ့ဆုံနိုင်လျှင်တောင်မှ တစ်ယောက်မဟုတ်၊ တစ်ယောက်နှင့်တော့ တစ်နေရာမှာ ဆုံကြဦးမည် မဟုတ်လား။ လောလောဆယ်တော့ လောက၏ ဇာတ်ခုံပေါ်မှာ ကျရာနေရာက ပါဝင်ကပြ နေရဦးမည်ဖြစ်သည်။

ကျွန်တော့်ကို စင်ကာပူရောက်ပြီး သိပ်မကြာခင်မှာ ဘွဲ့လွန် သင်တန်းက သူငယ်ချင်း တစ်ယောက် (ညီမတစ်ယောက် ) က သီချင်းတစ်ပုဒ် လှမ်းပို့ပေးသည်။ ဆောင်းဦးလှိုင် ဆိုထားသည်။ ကျွန်တော် လုံးဝ မကြားဖူးခဲ့သော သီချင်းတစ်ပုဒ်။ ခေါင်းစဉ်ကိုပင် မသိ။ သို့သော် နားထောင်ကြည့်တော့ ထိုအချိန်က စင်ကာပူမှာ တစ်ယောက်တည်းနေရသော ကျွန်တော် ရင်နင့်အောင် ခံစားခဲ့ရသည်။ အားလုံး၏ အဝေးမှာ ရောက်နေသည်ကိုး။ ပြီးတော့ သီချင်းက ကောင်းလွန်းသည်။

ယခု ပြန်ရှာတော့ ထိုသီချင်းကို ဆောင်းဦးလှိုင် ရေး၍ ဆောင်းဦးလှိုင်နှင့် ချမ်းပြည့် ဆိုထားသည်တဲ့။ ခေါင်းစဉ်က ' သူငယ်ချင်းတွေ ' ဟု ဆိုသည်။ ကျွန်တော့်ဘ၀မှာ ကျွန်တော်နှင့် ခင်ခဲ့၊ ပတ်သက်ခဲ့သော သူငယ်ချင်းများကို ထိုသီချင်းနားထောင်တိုင်း မျက်ရည်ဝဲရင်း သတိရမိသည်။ သူတို့ရော ကျွန်တော့်လိုပဲ ရှိနေလေမလား။ ဒါကိုတော့ ကျွန်တော်မသိ။ တစ်နေ့တော့ ပြန်ဆုံကြမည်ဟုသာ စိတ်ထဲတွေးနေမိလေသည်။ ။

သားလတ်
၂၀:၂၀ နာရီ
၎.၉.၂၀၁၁

[ ခင်တဲ့၊ ချစ်တဲ့ သူငယ်ချင်းအားလုံးအတွက်ပါ ]


8 comments:

Anonymous said...

အကိုကြီးရေ................
တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာ
သူငယ်ချင်းတွေ ပြန်ဆုံနိုင်ပါစေဗျာ။

Anonymous said...

အကိုကြီးရေ............
တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာမှာ
သူငယ်ချင်းတွေ ပြန်ဆုံနိုင်ပါစေဗျာ။

Angelhlaing(May everybody be happy and healthy! said...

ကျောင်းတက်ချိန်တွေကို လွမ်းသွားတယ်အကို... တစ်နေ့နေ့ တစ်ချိန်ချိန် အကိုပြောသလိုပဲ ပြန်ဆုံကြဖို့ မျော်လင့်ချက်နည်းတယ်ဆိုပေမယ့်လည်း မျှော်လင့်နေတယ်အကို....

ko cherry said...

ဆူးသစ်ရဲ့ သူငယ်ချင်းအပေါ်ထားတဲ့ သံယောဇဉ်ကိုတော့ တကယ်လေးစားပါတယ်...
သူငယ်ချင်းတွေနဲ့ ပြန်ဆုံနိုင်ပါစေဟု....

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

ko cherry said...

သူငယ်ချင်းအပေါ်ထားတဲ့ သံယောဇဉ်ကိုတော့ တကယ်လေးစားမိပါတယ်... သူငယ်ချင်းများစွာနဲ့ ပြန်လည်ဆုံတွေပြီး ပျော်ရွင်ပါစေ....

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

ko cherry said...

သူငယ်ချင်းအပေါ်ထားရှိတဲ့ သံယောဇဉ်ကိုတော့ တကယ်လေးစားမိပါတယ်... သူငယ်ချင်းတွေနဲ့ပြန်လည်ဆုံတွေပြီး ပျော်ရွင်ပါစေဟု....

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

စံပယ်ချို said...

ကျောင်းတွေအများကြီးတက်ပြီးသူငယ်ချင်းတွေ
အများကြီးကိုလဲလွမ်းတတ်တဲ့ သူငယ်ချင်းမျိုးတွေကိုအား
ကျလိုက်တာ....သီချင်းလေးလဲနားထောင်သွားတယ်
ခုမှနားထောင်ဖူးတာ...

AH said...

အစ်ကို့ ပိုစ့်လေးတွေကို ဖတ်ရတာ ကျောင်းကို ပြန်လွမ်းလာတယ် အကိုရေ... ဖတ်လို့ အရမ်းကောင်းပါတယ် ခင်ဗျာ

Related Posts Plugin for WordPress, Blogger...