တကယ်တော့ သည်အဖြစ်အပျက်သည် နိုင်ငံခြားမှာ နေရသောလူများ ကြုံဖူးနေကျ အကြောင်းဖြစ်သည်။ အထူးသဖြင့် စင်ကာပူမှာ နေရသည့်သူများ ကြုံတွေ့နေရသည့် အရာဖြစ်သည်။ တခြားတော့ မဟုတ်။ နိုင်ငံခြားမှနေ၍ မြန်မာပြည်ကို ဖုန်းခေါ်ခြင်းပါ။
ကျွန်တော်တို့ မြန်မာပြည်ကို ဖုန်းခေါ်ဖို့အတွက် ဖုန်းကတ်တစ်ကတ်ကို စင်ကာပူဒေါ်လာ အနည်းဆုံး ရှစ်ကျပ်မှသည် တစ်ဆယ်အထိ ကုန်၏။ ဖုန်းကတ်များကလည်း စုံလို့။ Speed ၊ 1818 ၊ Magic ၊ Hi Minute စသည်ဖြင့် နာမည်ပေါင်းစုံ။ ကျွန်တော်မသိသေးသော ကတ်များလည်း အများကြီး။
တချို့က တစ်ဆယ်။ တချို့က ရှစ်ကျပ်။ တချို့က ကိုးကျပ်။ မည်သည့်ဈေးဖြစ်ဖြစ် ဆက်ချင်လျှင် ကျွန်တော်တို့ကတော့ ၀ယ်ရသည်သာ။ သို့သော် ကျွန်တော်တို့ ၀ယ်ရသည့်ဈေးနှင့် ကျွန်တော်တို့ ဆက်ရသော မိနစ် ကာမိပါသလားဆိုလျှင်တော့ လုံးဝမကာမိပါဟု ဆိုရပေမည်။
သိကြသည့်အတိုင်း ကျွန်တော်တို့နိုင်ငံမှာက ဖုန်းများကို နည်းပေါင်းစုံဖြင့် ချပေးနေသော်ငြား ဖုန်းလိုင်း ဆက်သွယ်မှုက ခုထက်ထိတိုင် မကောင်းသေး။ ဥပမာပြောပြပါမည်။ ကျွန်တော်တို့အိမ်၌ ယခုလောလောဆယ်တွင် ဟမ်းဖုန်းလေးလုံး ကိုင်နေ၍ တစ်ရက်မှာ ကျွန်တော်ခေါ်ကြည့်ပါသည်။ တစ်လုံးမှ မရပါ။ ကျွန်တော်နာရီဝက်နီးနီး ကြိုးစားကြည့်ပါသည်။ မရပါ။ နောက်ဆုံး ခေတ္တစောင့်ပြီး ပြန်ခေါ်မှ တစ်လုံးကိုဝင်သွားပါသည်။ သည်သို့ဖြင့် ဖုန်းတွေကို ဘယ်မှာထားသလဲ မေးကြည့်ပါသည်။ ဘယ်မှာမှ မထားပါ။ အားလုံးမြင်သာ သည့်နေရာ၊ လေ၀င်လေထွက် ကောင်းသည့်နေရာများတွင်သာ ရှိနေပါသည်တဲ့။ ဘာသံမျှ မကြားရပါတဲ့။ ပြီးရော။ ဖုန်းမ၀င်ဘူးပေါ့။ သူတို့ကသာ မကြားရှိမည်။ ကျွန်တော်ကတော့ သည်ဘက်ကနေ၍ ကြားချင်တာတွေ ကြားနေရသည်။ ဆက်သွယ်မှု ဧရိယာပြင်ပတို့၊ ဘာတို့။ ဟုတ်လည်း မဟုတ်။
သူတို့ဘက်က မဟုတ်တာ အကြောင်းမဟုတ်။ ကျွန်တော်တို့ဘက်က ဟုတ်နေတာရှိသည်။ သိကြသည့်အတိုင်း။ တချို့ကတ်များက ဘာမှမပြောရဘဲ ဖုန်းခေါ်နေရုံနှင့် မိနစ်တွေ စားသွားသည်။ တချို့ကတ်ကျတော့ တစ်ခါခေါ်ရပြီး တစ်ကြိမ်ကျသွား၍ ပြန်ခေါ်ကြည့်။ အမှန်တကယ်ကျန်ရမည့် မိနစ်လောက်ကို မရှိတော့။ တကယ်သုံးရမည့် မိနစ်ထဲမှ ခပ်တည်တည်နှင့် စားသွားတော့သည်။
စားမည့်သာ စားသွားသည်။ ကျွန်တော်တို့မှာ ထိုအချိန်အထိ စကားဟုတ်တိပတ်တိ မပြောရသေး။ သာကြောင်းမာကြောင်း စနေရုံသာ ရှိသေးသည်။ သည်ကြားထဲ ပြောနေရင်း မကြားရတော့ပြန်၍ ဒေါက ကန်လာတတ်ရာ မိဘများကို ခဏခဏတောင်းပန်ရသည်ကလည်း အကြိမ်ရေ မနည်းတော့။ ဖုန်းပြန်ကျသွားပြီး သည်ဘက်မှာ တစ်ယောက်တည်း ဒေါတွေကန်၊ မောပန်း၍ ကျန်ခဲ့ရသည်က ကျွန်တော်တို့ မြန်မာပြည်ကို ဖုန်းခေါ်တိုင်း ကြုံနေကျ။
လိုင်းမကြည်၊ ခေါ်မရ။ ဒါတွေကို ထပ်ခါတလဲလဲ ပြောနေကြသည်။ ကာတွန်းတွေထဲမှာလည်း ပါ၏။ တလောကပင် Facebook မှာ အသိတစ်ယောက် တင်ထားသော ကာတွန်းလေးတွေ့လိုက်ရသည်။ လူတစ်ယောက်က ညာလက်မှာ ဖုန်းတစ်လုံး၊ ဘယ်လက်မှာ ဖုန်းတစ်လုံး။ ပြီးတော့ သူက ပြောနေသည်။ မညာနဲ့နော်။ ညာလက်ကဖုန်းနဲ့ ဘယ်လက်ကို ခေါ်တာ ဆက်သွယ်မှု ဧရိယာပြင်ပလားတဲ့။
ထိုသို့ခေါ်မရသည့်ကြား အင်တာနက်ပါ သုံး၍ရအောင် လုပ်ပေးလိုက်သည်တဲ့။ ကျွန်တော့်ဇနီး၏ ဦးလေးက သူ့ဖုန်းကို အလောတကြီးနှင့် အမြန်သွားချိတ်ပါသည်။ အင်တာနက်သုံး၍ ရမည်ဆို၍ပါ။ စဉ်းစားသာကြည့်ပါတော့။ ဖုန်းပင် မနည်းခေါ်နေရသည့်ကိစ္စ။ အင်တာနက်မှာ မနက်မိုးလင်းကတည်းက ဖွင့်လိုက်သည်မှာ ညနေအထိ အ၀ိုင်းလေးက လည်၍နေသည်မှာ ဘက်ထရီကုန်မှာမို့ ရပ်ပစ်ခဲ့ရသည်တဲ့။ ဒါတောင် သူ့ဖုန်းက အင်တာနက်သုံး၍ ရသည်ဟု သိပြီး အင်တာနက်ဖိုးကို အပြင်က ပုဂ္ဂလိကဆိုင်မှာ သွားသွင်းခဲ့တာဖြစ်သည်။ တချို့ဆို ကိုယ့်ဖုန်းက အင်တာနက်သုံး၍ ရမရမသိဘဲ အင်တာနက်ဖိုးများ သွားသွင်းသည်ဟုပင် ကြားလိုက်ရသေးသည်။ ဘယ်လိုလုပ်၍ အင်တာနက်က ရပါမည်နည်း။
ကျွန်တော်တို့မှာ ကိုယ့်နိုင်ငံကို ဖုန်းခများများသုံးပြီး ခေါ်ရသော်လည်း တကယ်ပြောရသည့်မိနစ်က နည်းနည်းလေးသာ ရချိန်တွင် သူများနိုင်ငံများ၏ ခေါ်ဆိုမှုကတော့ ဩချရလောက်သည်။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စသည့် နိုင်ငံသားများကား အသားကုန်ပြောသလား မမေးနှင့်ဟု ဆိုရလောက်အောင် ပြောနိုင်ပါပေသည်။ ကျွန်တော်မေးကြည့်တော့ စင်ကာပူ နှစ်ဒေါ်လာဖိုးဆိုလျှင်ပင် တစ်နာရီကျော်ကြာ ပြော၍ရသည်တဲ့။ ပြီးရော။ ကျွန်တော်တို့နှင့်တော့ ကွာပါ့။
သို့သော်ထိုသို့ အကြာကြီး ပြောရ၍ထင်ပါသည်။ ကျွန်တော့်အလုပ်သမားလေးများ နေသောအဆောင်က ကုလားများ ညဘက် အပြင်ထွက်၍ ဖုန်းပြောနေတုန်း ကားတစ်စီးလမ်းချော်၍ ၀င်လာသည်ကို မသိလိုက်သောကြောင့် အုတ်နံရံနှင့်အတူ ၀င်အတိုက်ခံရကာ ပွဲချင်းပြီးသေသွားသော ဖြစ်စဉ်မျိုး ပြီးခဲ့သည့်နှစ်က ဖြစ်ခဲ့သည်။ နောက်တစ်ယောက်ကျတော့ အဆောင်ဝရန်တာမှာ ဖုန်းပြောရင်း လက်တန်းပေါ်တက်ထိုင်လိုက်ရာ ပြုတ်ကျ၍ ဆေးရုံပို့ခဲ့ရသည်။ ကျွန်တော်တို့ကတော့ ထိုသို့ပြောနိုင်သည့် အခွင့်အရေး မရှိ၍ အန္တရာယ်ကင်းလှပါသည်။ သည်လိုသာ အကောင်းဘက်က တွေးရမည်ထင်သည်။
ကျွန်တော် ရန်ကုန်ကို နောက်ဆုံးတစ်ခေါက် ပြန်စဉ်က အသိတစ်ယောက်က ပြောပါသည်။ သူ့တူမလေးက သူတို့အိမ်ကို ဖုန်းလာလျှင် မည်သည့်ဖုန်းကို ထူးထူး ' ကြားရလား......ကြားရလား ' ဟု ထူးသည်တဲ့။ သူ့စိတ်ထဲမှာ လူကြီးများ ဖုန်းပြောလျှင် ပြောနေကျ စကားကို ဖုန်းထူးသည့် အသံဟု ထင်ကာ ဟဲလိုဟုပင် မထူးဘဲ ' ကြားရလား......ကြားရလား ' ဟုသာ ထူးနေ၍ သူတို့မှာ ရယ်နေရတော့သည်တဲ့။ ကောင်းရောပေါ့ ခင်ဗျာ။
ယခု ဤဆောင်းပါးရေးနေစဉ်ကာလမှာ စင်ကာပူမှာ ရောင်းနေသော၊ ကျွန်တော်တို့မြန်မာပြည် ကို ခေါ်နိုင်သည့် ဖုန်းကတ် တစ်ကတ်မှာ ၀ယ်ပြီးသူများ လုံးဝ သုံးမရတော့သည်ကို ကြုံနေရပြန်လေသည်။ ကတ်ဖိုးကတော့ ပလုံပေါ့။ ကျွန်တော်တို့၏ အားနည်းချက်ကို ခုတုံးလုပ်ပြီး ၀ယ်သူများလာချိန်မှာ နည်းပညာကြောင့်လား၊ ဘာကြောင့်လား ကွဲကွဲပြားပြား မသိရဘဲ ကျွန်တော်တို့၏ ငွေများကို ညာ၍ယူသွားသည်ဟု ဆိုရပေမည်။ မည်သည့်ဖြေရှင်းချက်ကိုမျှ ခုချိန်အထိ တိတိပပ မရကြပါ။ မြန်မာ ဆိုသည်ကလည်း သဘောကောင်း၍ မည်သူ့ကိုမျှ စောဒကမတက်။
ကျွန်တော်တို့ ဘာတွေဆက်လုပ်ကြမည်နည်း။ တလောက ကြားလိုက်ရပါသေးသည်။ ဂြိုဟ်တုလွှတ်ဖို့ ဆိုသော အသံ။ လွှတ်ဖြစ်လျှင်တော့ ကျွန်တော်တို့လို အဝေးကလူများ ပျော်ကြမည်။ ကိုယ့်နိုင်ငံက မလွှတ်နိုင်ခင်မှာ ငွေကုန်ခံ၍ ဂြိုဟ်တုကို သူများဆီက ၀ယ်မည်ဆိုသည့်သဘော။ ကိုယ်ပိုင်သုံးလို့ ရမည့်အဆင့်။ ကောင်းပါသည်။ ထောက်ခံပါသည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာပြည်ကို ဖုန်းခေါ်သည့်အခါတိုင်း ' ကြားရလား......ကြားရလား ' ဟု မေးရသည့် ဒုက္ခ၊ မကြားရ၍ ဒေါကန်ရသော ဒုက္ခနှင့် ဘာမျှမပြောရဘဲ ပိုက်ဆံကုန်နေသည့် ဒုက္ခတို့မှ အမြန် ကျွတ်လွတ်ချင်သောကြောင့်ပါ။
ကျွန်တော်တို့ ယခုလိုပြောနေသည်ကိုလည်း သက်ဆိုင်ရာက ဆရာများ မကြားရမှာစိုး၍ ကလေးများ အတုခိုး မှားနေသကဲ့သို့ပင် ' ကြားရလား......ကြားရလား ' ဟု ထပ်ခါတလဲလဲသာ အော်ဟစ်၍ ပြောချင်နေ ပါတော့သည် ဆရာတို့ခင်ဗျား။ ။

သားလတ်
၂၂:၂၁ နာရီ
၃.၁၀.၂၀၁၁
၂၂:၂၁ နာရီ
၃.၁၀.၂၀၁၁
13 comments:
ကျားလား ကျားလား.... ကျားမဟုတ်ဘူး ခြင်္သေ့ ခြင်္သေ့လို့ ပြောလိုက်...း)
ကြားရ၀ူး ကြားရ၀ူး ဟိဟိ လည်လည်လာ၍
မွှေသွားပါသည် ဟဲဟဲ ဒါဗြဲနော် အနော် ကျန်ပြီ
တက်တက်တာတာတီတီ လည်လည်ပြန်ယာနော်
ခောင့်နေမှာ လစ်:P
ကြားရလား ကြားရလား၊
မြင်ရတယ် မြင်ရတယ်။
ဖတ်လို့ရတယ် ဖတ်လို့ရတယ်။
oop, wrong account!
ကြားရလား ကြားရလား။
မြင်ရတယ် မြင်ရတယ်။
ဖတ်လို့ရတယ် ဖတ်လို့ရတယ်။
အစ်မ pp
ဟုတ်တယ်.. တခါတလေများဆို ဌာနမှယာယီပိတ်ထားပါတယ် ပြောလိုပြော.. တပ်ဆင်ထားခြင်မရှိသေးပါ လုပ်လိုလုပ်နဲ့.. မုန်းစရာ..
ကြားရဝူး
မြင်ရဝူး အင်တာနက် ပြုတ်ကျသွားလို့ ။
အကြား၊ အမြင် မကောင်းပါဘူး။
မျက်စဉ်းတွေ၊ နားထဲထဲ့တဲ့ အရည်ဘူးတွေလည်း အလကားပဲ။
မအားလို့  ခုမှ စာတွေ စုဖတ်သွားတယ်။
ဟုတ်တယ် ..
ကိုဆူးသစ်ရေ ..
တစ်ခါတစ်လေ အိမ်ကို ဖုန်းခေါ်မယ်ဆိုပြီး
စိတ်က အရမ်း ကြည်လင်နေပေမယ့်
အဲ့လို လိုင်းရဲ့မကောင်းမှု့တွေကြောင့်
ဖုန်းကဒ်လည်း ကုန်သွားတဲ့ အပြင်
စိတ်လည်း အရမ်း အနှောင့်အယှက်
ဖြစ်ရတာတွေ အကြိမ်ပေါင်းမနည်းတော့ဘူး .. XXxx
ခင်မင်လျှက်
ဆောင်းနှင်းရွက်
ကျန်းမာပါစေမင်္ဂလာပါ ဆူးသစ် ရေ-
ကျနော်ဖြင့် ရွာ ကိုဖုန်းမဆက်တော့တာ ၁ နှစ်လောက်ရှိ
ပြီထင်ပါရဲ့ ဗျာ-အဲဒီဖုန်းကဒ်တွေဒဏ်ကိုမခံနိုင်လို့ ပေါ့-
ဟုတ်တယ်အကိုရေ အမှန်ပဲ အိမ်နဲ့ဖုန်းပြောရင် ကြားရလား မကြားရဘူးလားနဲ့ပဲ အချိန်ကုန်နေရတာ ..အဲဒီဒုက္ခကနေ အမြန်ဆုံး လွတ်မြောက်ချင်လှပြီ :(
အကိုဆူးသစ်ရေ
ကြားရလား? ကြားရလာ:?
ကြားရတယ်.....မြင်ရဘူး.....
အကိုဆူးသစ်နဲ့ အမပုံလေးတစ်ခါလောက်တင်ပေးပါ...
မြင်ရအောင်လို့
ခင်တဲ့ jasmine
အကိုကြီး...
မလေး နဲ့ စ လုံး နည်းနည်းလေးတော့ကွာတယ်နော်
ဒီမှာက အဲလိုခေါ်လို့မရတဲ့အခါ ပိုက်ဆံမဖြတ်ဘူး အကိုရ
မြန်မာ ပြည်ကတော့ အတူတူပါပဲ။
မကြားရဘူးကများတယ်။
တူညီတဲ့ခံစားချက်ကို ကြုံဘူးသူတိုင်း ကိုယ်ချင်းစာပါတယ် ဆူးသစ်ရေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မြန်မာပြည်ကို ဖုန်းဆက်ရတာ နှစ်ခါ နာရပါတယ်။ သူများနိုင်ငံတွေထက် ဖုန်းခ အင်မတန်ဈေးကြီးတာရယ်၊ ဖုန်းလိုင်း လုံးဝ မကောင်းတာရယ်ပါ။ ဥရောပဖက်က နိုင်ငံတစ်ချို့လည်း စင်္ကာပူကနေ ဆက်တာ မြန်မာပြည်ဆက်တဲ့ ဈေးနှုန်းနဲ့ သိပ်မကွာပါဘူး။ ဒါပေမယ့် တစ်ခါတည်းနဲ့ တန်းဝင်ပြီး ကြည်ကြည်လင်လင်ပြောလို့ရတော့ ဖုန်းခကုန်ရကျိုးနပ်ပါသေးတယ်။ မြန်မာပြည်ဆက်လို့ ကျန်ခဲ့တဲ့ လက်ကျန်ပြားတန်ဖိုးလောက်နဲ့တင် အိမ်နီးချင်းကပ်ရက် ထိုင်းက ဖုန်းကိုခေါ်တာ နာရီဝက် တစ်နာရီလောက်တော့ အသာလေး ပြောလို့ရနေတယ်။ ကျွန်တော်တို့ ချွေးနဲစာနဲ့ ရှာထားတဲ့ ငွေတွေက လေလှိုင်းထဲမှာ အလဟဿ (ဖုန်းလိုင်းမမိဘဲ) ကုန်ကုန်နေတာ များလှပြီဗျာ။
Post a Comment