ရန်ကုန် စက်မှုတက္ကသိုလ် တက်နေစဉ်မှာ ကျွန်တော့်ကဗျာပိုးကို သိနေသောသူငယ်ချင်းများက ကျွန်တော့်ကို ရောဂါ တိုးပွားအောင် ဆွနေကြသည်။ ကျွန်တော် ရေးထားသော ကဗျာများကို သူတို့ ကောင်မလေးများကို ကြောင်ချင်၍ သုံးပါရစေဟု လာပြီးပူဆာသူက တစ်မျိုး၊ သူတို့အတွက် သီးခြားရေးပေးပါ ဆိုသူက တစ်မျိုးနှင့်။ ကျွန်တော်ကလည်း မနေနိုင်၍ ရေးပေးလေသည်။ ရေးချင်သည်ကိုး။
သည်အထဲမှာ စိုးမင်းဆက်ဟု နာမည်ရင်းခေါ်သော်လည်း ဂျယ်ကြီးဟုသာ နာမည်တွင်သည့် သူငယ်ချင်းမှာ မဆီမဆိုင် သူများဆွဲထားသော ပန်းချီပုံကို ကျွန်တော့်ဆီယူလာပြီး ကဗျာစပ်ခိုင်းလေ၏။ ကျွန်တော်မှတ်မိသလောက် ဖြူဖြူစံ ဆိုသော သူငယ်ချင်းကောင်မလေး ဆွဲထားသော ပုံဟု ကျွန်တော်ထင်၏။ ပုံက ကောင်မလေးတစ်ယောက် လယ်ကွင်းထဲတွင် ပြေးနေသည့်ပုံ။ သူ့နောက်မှာ ငှက်ကလေးတစ်ကောင်က လေထဲမှာ ပျံသန်းဟန်ဖြင့် လိုက်နေ၏။ ပုံကိုပြပြီး သူပြောပုံကို ကြည့်ဦး။
" ဟေ့ကောင် သားလတ်။ ဒီပုံကြည့်ပြီး မင်း ကဗျာ တစ်ပုဒ်စပ်ပေး "
ကျွန်တော်က ဘယ်တော့လဲဟု မေးတော့ အခုရရင် အခုစပ်တဲ့။ ကျွန်တော်က လေးလုံး စပ်တို့၊ လေးချိုး၊ ဒွေးချိုး တို့ဆို သိပ်ပြီး လက်တွေ့ လှသည်။ ပုံကို ကြည့်တော့လည်း စပ်ချင် စိတ်က ဖြစ်နေ၏။ သည်လိုနှင့် အောက်ပါ ကဗျာတစ်ပုဒ်ကို ဂျယ်ကြီးပြသည့်ပုံကို ကြည့်ပြီး ကျွန်တော် ချက်ချင်း ရေးစပ်ခဲ့မိပါသည်။
ကျွန်တော်ကဗျာရူးနှင့် သူငယ်ချင်း အနုပညာပိုးထသူများကြား ထိုသို့ယှက်နွယ်မှုက ကြီးလှသည်။ ထိုအချိန်တွင် ကာတွန်းကိုမောင်မောင်သား ဆွေဆက်ကား ကျောင်းပြောင်းလေပြီ။ Physics ကိုပြောင်းယူလိုက်သည်တဲ့။ စက်မှုတက္ကသိုလ်တက်ပြီး သည်လိုဘာကြောင့်ပြောင်းတာလဲဟု မမေးပါနှင့်။ သူကလည်း သူ့အကြံနှင့် သူကိုး။
သည်လိုနှင့် မေဂျာများလျှောက်ဖို့ အချိန်ရောက်လာ၏။ ကျွန်တော်ကတော့ Mechanical ကို ပထမ ဦးစားပေး လျှောက်ဖြစ်ခဲ့ပြီး Civil ကို ဒုတိယနှင့် EP ကို တတိယထား၍ လျှောက်ခဲ့ပါသည်။ ဒါဆို EC ကရောဟု မေးလာလျှင် ဟိုးခပ်ဝေးဝေးမှာ ထား၍ လျှောက်ပါသည်ဟု ဆိုရပါမည်။ ဒုတိယနှစ်မှာ ကျွန်တော်မြင်တွေ့ကြုံခဲ့ရသော သူငယ်ချင်းတချို့၏ အတ္တများကို ကြည့်ရင်း ထိုမေဂျာကို စိတ်ပျက်ခဲ့တာလည်း ပါပါသည်။ အီးစီ ယူသွားသော သူငယ်ချင်းများ ဘယ်လိုမျှ မအောက်မေ့စေချင်ပါ။ ကျွန်တော့်ခံယူချက်က တစ်မျိုးဖြစ်ကောင်း ဖြစ်နေနိုင်ပါသည်။ မှားလျှင်လည်း ကျွန်တော့်ခံယူချက်ဖြစ်၍ သူများနှင့် မတူသည်ကို နားလည်ပေးစေချင်ပါသည်။
ထို့နောက် စာမေးပွဲဖြေကြပြီဟုသာ ကျွန်တော်ကျော်ပါတော့မည်။ ( တချို့ပုံရိပ်များကို ကျွန်တော် မမှတ်မိတော့ပါ။ ) ပထမဆုံးရက် က သင်္ချာဟု ကျွန်တော့်ကဗျာမှာ ပြန်ဖတ်ရသည်။ STROKE'S THEOREM ကို ကျွန်တော်မရခဲ့။ ME မှာ အမှတ် (၂၀) ဖိုး နှိပ်စက်ထားစဉ်က သင်္ချာသည် လွယ်ခဲ့ပြီး ခုကျတော့ ခက်နေသည်။
ထို့နောက် နှစ်ရက်ပိတ်၏။ ပြန်စတော့ Chemistry။ သူကလည်း Unseen ချည်းသာ။ ထို့နောက် တစ်ရက်ပိတ်သည်။ ပြန်စတော့ ကျွန်တော်ချစ်သော မြန်မာစာ။ အချိန်လုဖြေခဲ့ရတော့သည်။ ကျွန်တော်က စကားပြေတို့၊ ကဗျာ၏ စကားပြေတို့ကို စိတ်ထဲရှိသမျှ ချရေးချင်သူ။ အမှတ်ရမရ မသိ။ ကျွန်တော်ထင်သည်ကိုတော့ လွှတ်ရေးခဲ့သည်။ သည်လိုနှင့် ၃ ဘာသာ ပြီးသွား၏။
နောက်ပြန်စတော့ ME ဟု ခေါ်ကြသည့် Engineering Mechanics။ (၂၀) ဖိုးတုန်းက မေးခွန်းမှာ ဂဏန်းတစ်လုံး ကျန်ခဲ့၍ စာတော်သူများ တွက်မရခဲ့သော သည်ဘာသာရပ်။ မိန်းကလေးတချို့ ငိုခဲ့ရသော ဘာသာရပ်။ ကျွန်တော်လည်း လန့်ပါသည်။ စာမေးပွဲခန်းထဲ ၀င်သွားသောအခါ ထင်တာထက် လွယ်နေ၏။
နောက်တစ်ဘာသာက လွယ်မလို ထင်ရသော အင်္ဂလိပ်စာ။ သိပ်တော့ အားမရလှ။ ပြီးတော့ Physics။ ဆရာ ဦးသာလှိုင်၏ နောက်ဆုံးနှုတ်ဆက်ပွဲနှစ်။ မဖြေခင်က ဆရာ ငါတို့ကို ညှာမှာပါလေ ဟု တွေးထားခဲ့ကြ၏။ တကယ်လည်း သိပ်မဆိုးလှ။ Unseen များကတော့ ထုံးစံအတိုင်း။ ရသူရ၊ မရသူမရ။ ကျွန်တော်က အပြင်ဆောင်ကနေ ဖြေ၍ Physics မဖြေခင်နေ့မှာ ဒုက္ခရောက်တာ တစ်ခု ရှိခဲ့သည်။
ဆင်ပြောင်ကြီး နောက်ဆုံးကျမှ အတစ်ခံရမလို ဖြစ်ခဲ့ပုံပါ။ ကျွန်တော်တို့ အဆောင်ပိုင်ရှင်က ထိုနေ့မတိုင်ခင်ကတည်းက အိမ်မှာ ဘိုးဘိုးအောင်လား၊ ဘိုးမင်းခေါင်လား မသိ။ ပလာစတာလောင်းဖို့ စနေလေသည်။ ကျွန်တော်က အခန်းထဲက ညောင်းညာ၍ အပြင်ခဏ ထွက်စဉ်မှာ ထိုရုပ်တုကြီး စပြီး ရုပ်လုံးဖော်နေသည်ကို မြင်ရရာ မကြည့်ဘဲကို မနေနိုင်တော့။
နောက်ဆုံး ထိုရုပ်လုံးပညာရှင်၏ ပညာကို မြင်ချင်တာနှင့်ပင် ကျွန်တော့်စာကြည့်ချိန်များကို လွှင့်ပစ်ကာ သည်အတိုင်းသာ ကြည့်နေခဲ့မိတော့သည်။ ကိုယ့်စိတ်ကို ကိုယ်တိုင်နားမလည်ခဲ့။ စာရသည် မရသည်ထက် ထိုသို့လုပ်နေသည်ကို ကြည့်နေရခြင်းကို ပို၍ နှစ်သက်ခဲ့မိသည်ကတော့ အမှန်ပင်။ တော်ပါသေးသည်။ Physics ကို ကျွန်တော် ဖြေနိုင်ခဲ့ပါသည်။
သည်လိုနှင့် ကျွန်တော်တို့သည် ဒုတိယနှစ်ကို ဖြတ်ကျော်ခဲ့ကြပါတော့သည်။
ကျွန်တော်တို့သည် ဆယ်တန်းဖြေစဉ်က နောက်ထပ် ဆယ်တန်းလို အတန်းမျိုး မရှိနိုင်ဟု ထင်ခဲ့သူများ ဖြစ်ခဲ့ကြ၏။ သည်လိုနှင့် စက်မှုတက္ကသိုလ် ၀င်ခွင့်ရပြီးသောအခါမှ ဒုတိယနှစ်မှာ ဆယ်တန်းလို အတန်းမျိုးဖြစ်ပြီး ကျွန်တော်တို့ကို နောက်တစ်ကြိမ် အမှတ်နှင့် ခွဲခြားဦးမည်ကို သိရသော အခါ တော်တော်ကို ကြိုးစားခဲ့ရသူများ ဖြစ်ခဲ့ကြ၏။ ကျွန်တော်တို့သည် ကိုယ်လိုချင်သော မေဂျာ တစ်ခုကို ရဖို့ရန် အဆင်ပြေသလို တိုက်ပွဲဝင်ခဲ့ကြသူများလည်း ဖြစ်ခဲ့ကြ၏။ ကျွန်တော်တို့သည် ရမည်၊ မရမည်ကို မသိ။ ညှစ်နိုင်သမျှ ညှစ်ထုတ်ရင်း ကိုယ့်လိုချင်မှုတစ်ခုအတွက် အားစိုက်ထုတ်ခဲ့ကြသူများလည်း ဖြစ်ခဲ့ကြ၏။ ထို့နောက်တွင်တော့ ကျွန်တော်တို့သည် တတိယနှစ် မေဂျာ လောင်းလျာ ကျောင်းသားများအဖြစ် ဒုတိယနှစ် စာမေးပွဲကို ရင်မောစွာ ဖြတ်သန်းခဲ့ကြသူများလည်း ဖြစ်ခဲ့ကြတော့၏။ ။

" ရွှေအနာဂတ် "
လိုက်ခဲ့ပါကွယ့်
လိုက်ခဲ့ပါ။
ရွှေကျေးရှင် ကောက်နှံကွင်း
မင်းလိုက်ခဲ့ပါ။
စပါးတို့က ၀င်းဝင်းဝါ
သည်မှာကွယ့် ကြည့်စမ်း။
ရွှေရောင်လွှမ်းကာဖြင့်
နေလမ်းမှာ အရောင်တွေတောက်တာမို့
မင်းဝမ်းစာ သည်တစ်သက်အတွက်
မခက်ပါ နှမငယ်လှမ်းသရွေ့
( အို-ငှက်ငယ်ရယ် )
ချမ်းမြေ့ပျံသန်း။ ။

ဆူးသစ်
၁၇:၂၃ နာရီ
၉.၁၀.၂၀၁၁
၁၇:၂၃ နာရီ
၉.၁၀.၂၀၁၁
5 comments:
အကိုရေ....
ကျောင်းတော်ကြီး မနီးခဲ့ရပေမယ့်
ဒီလို အကြောင်းတွေကို ဖတ်ရတာ
ကြည်နူးလှတယ်ဗျာ သူငယ်ချင်းတွေ
တရုန်းရုန်းနဲ့ ပျော်ရွှင်စရာ အရိပ်တွေပါပဲ။
ဆူးသစ်က အရမ်းမှတ်မိတာပဲ
ဖတ်ရလို့ ကျေးဇူးအများကြီးတင်ပါတယ်။
ကိုဆူးသစ်ရဲ့ကျောင်းအကြောင်းလေးတွေကို
စိတ်ဝင်စားမှုရှိအောင်ဖော်ပြပေးလို့ကျေးဇူးပါ
ဒီပိုစ့်ကိုဖတ်ပြီးငယ်သူငယ်ချင်းတွေကိုလဲ
သတိရမိပါတယ်...
ကျောင်းတော်က အမှတ်တရတွေက အစီအရီပါလားအကို... လွမ်းမောဖွယ်ကောင်းလေးစွ...လို့..
အေးဗျာ...ဒီပို့စ်လေးဖတ်ပြီးတော့ ကျောင်းသားဘ၀ကို ပြန်သတိရမိတယ်...မန်းလေးမှာတုန်းက အမ်အိုင်တီဘက်ကို မကြာမကြာရောက်ဖြစ်ပါတယ်...အဲဒီက မိန်းကလေးတွေက ခပ်မာမာ၊ ခပ်ကြမ်းကြမ်းတွေများတာ သတိထားမိတယ်...ယောက်ျားလေးတွေနဲ့ တန်းတူလှုပ်ရှားနေကြတော့ သူရို့လည်း ပုံပြောင်းကုန်ကြတယ်ထင်ပါရဲ့...ငယ်ငယ်တုန်းက ခပ်ပျော့ပျော့သူငယ်ချင်းမတစ်ယောက် စက်မှုရောက်တော့ တော်တော်ကို ပုံပြောင်းသွားတာလည်း သတိထားမိတယ်...
အရင်ခေတ်က ကျောင်းသူကျောင်းသားဘ၀ကတော့ ကဗျာတွေ၊ စာတွေနဲ့ အင်မတန်မှ ပျော်ဖို့ ကောင်းခဲ့တာပဲလေ...စာအုပ်တွေထုတ်၊ ရောင်း...ပရိသတ်ကလည်း အားပေးဆိုတော့ တကယ့်သုခဘုံပါပဲ...ဒီဘက်ခေတ်မှာတော့ အဲဒီလိုမျိုးတွေ ရှားကုန်မယ်ထင်ပါရဲ့...
ဆေးကျောင်းမှာက လိုင်းမခွဲပေမယ့် ဒုတိယနှစ်က စာတွေများလွန်းခက်လွန်းတာမို့ ကိုဆူးသစ်တို့ရဲ့ ဒုတိယနှစ်လိုပဲ တပင်တပန်းကြိုးစားခဲ့ရတာ ပြန်သတိရမိပါရဲ့ဗျာ...
Post a Comment