Friday, October 14, 2011

" ဂိမ်း (Game) "


ကျွန်တော့်မှာ တစ်ခါတစ်ရံ Pressure တို့၊ Stress တို့၊ Tension တို့ များလာသည့် အချိန်များ ရှိလျှင် ဂိမ်းလေးဘာလေး ကစားတတ်သည်။ iPhone ဂိမ်းများကို ကစားခြင်းပါ။

ထုံးစံအတိုင်း ယောကျာ်းလေးဆိုတော့ ပစ်တာခတ်တာ ၀ါသနာပါ၏။ မူလက Bakery Story၊ Farm Story၊ City Story၊ Tap Zoo စသော ဂိမ်းများကို ကစားခဲ့ဖူးသော်လည်း နောက်တော့ ထိုဂိမ်းများက ဆွဲဆောင်မှု မကောင်းတော့။ ထို့ပြင် ကျွန်တော်မကြိုက်သည့် တစ်ချက်က သူတို့က နေ့တိုင်းဝင်၍ ကစားရသည်။ ဥပမာ- Bakery Story မှာ မိမိက မုန့်တစ်ခုလုပ်ထားပြီး ထိုမုန့်ကျက်မည့် အချိန်မှာ ၀င်ကစား၍ ပြန်ရောင်းရသည်။ မရောင်းလျှင် ထိုမုန့်က အချိန်ကြာသည်နှင့်အမျှ ယင်နားကာ လွှင့်ပစ်ရတော့သည်။

Farm Story ဆိုလျှင်လည်း မိမိစိုက်ထားသော သီးနှံကို အချိန်မီ ရိတ်သိမ်းရသည်။ မရိတ်သိမ်းလျှင် အကုန် ပုပ်ပွ၍ ပျက်စီးသွားသည်။ သည်တော့ တစ်ခါစထားပြီးလျှင် မိမိဘာသာ သတိထားရတော့သည်။ ကိုယ့်ဘာသာကိုယ် ဂိမ်းနှင့် ချည်နှောင်ခံနေရသည့်သဘော။ စိတ်အပန်းဖြေချင်၍ ၀င်ရသည်နှင့် မတူတော့။ ကစားရသည်နှင့် မတူ။ တာဝန်တစ်ခုပေးထား၍ နေ့စဉ်ဝင်လုပ်နေရသလို ဖြစ်လာသည်။

သည်လိုနှင့် အဆိုပါဂိမ်းများကို ဖျက်ပစ်ကာ အပစ်အခတ်ဘက်လှည့်ကြည့်၏။ Contract Killer တဲ့။ ကျွန်တော်သဘောကျသော ဂိမ်းတစ်မျိုး။ လူတစ်ယောက်က နောက်ကွယ်ကနေ ကစားသူကို စာချုပ်ဖြင့်ခိုင်းနေသည်။ သည်လူကို သတ်ပေးပါ။ သည်လူသည် လူဆိုးဂိုဏ်းနှင့် အဆက်အသွယ်ရှိသည်။ မကောင်းတာလုပ်သည်။ စသဖြင့် ညွှန်ကြားချက် အပြည့်ပေး၏။

လူဆိုးဟု သိရသောအခါ သတ်ရသည်မှာ တော်တော် ပေါ့ပေါ့ပါးပါး ရှိသည်။ ကစားသူဘက်ကို အသံတိတ်ရိုင်ဖယ် ပေးထားသည်။ ကျည်ဆံကို မိမိဘာသာ ၀ယ်ရသည်။ လူဆိုးတစ်ယောက်ကို သတ်ပြီးလျှင် ငွေလည်းရသလို နောက်တစ်ဆင့်တက်ဖို့အတွက် အမှတ်တွေလည်း တက်သည်။

သည်လိုနှင့် ကျွန်တော်ကစားလာသည်မှာ လချီခဲ့၏။ နောက်တော့ Facebook သုံးပြီး သိပ်မကြာခင်မှာပင် Facebook ကို ထိုဂိမ်းက လင့်ချိတ်ထားသကဲ့သို့ Facebook ထဲမှ သူငယ်ချင်းများကို ဂိမ်းကစားဖို့ Invite လုပ်နိုင်၏။ သို့သော် iPhone ရှိသူမှသာ ပိုအဆင်ပြေမည်ဖြစ်ရာ ကျွန်တော်မည်သူ့ကိုမျှ Invite မလုပ်ခဲ့။

သည်လိုကစားလာရင်းမှ နောက်တော့ ကျွန်တော့်ဆီကို စိတ်အနှောင့်အယှက် ဖြစ်စရာတစ်ခုက စ၀င်လာသည်။ တခြားတော့ မဟုတ်။ ကစားသူကို သတ်ခိုင်းသော ညွှန်ကြားချက်တွင် သတ်ရမည့်သူများက Facebook ထဲက လူများ၏ နာမည်များ ဖြစ်လာသည်။ သိကြသည့်အတိုင်း မည်သူမဆို သူတို့၏ Facebook တွင် သူတို့နှင့် ရင်းနှီးသူများသာ ရှိကြသည်။ ( လာသမျှ ဖိတ်ခေါ်မှုတိုင်းကို လက်ခံနေသူများကတော့ တစ်မျိုး စဉ်းစားနိုင်ပါသည်။ ) ကျွန်တော့် Facebook မှာလည်း ရှင်းသည်။ ကျွန်တော်နှင့် ခင်သော သူငယ်ချင်းများ၊ ကျွန်တော့်ဇနီး၏ သူငယ်ချင်းများ သာရှိသည်။

သည်တော့ ကစားသူ ကျွန်တော့်ကို သတ်ခိုင်းသူက နာမည်တစ်ခါ ပေးတိုင်း ပေါ်လာသောနာမည်သည် Facebook ထဲမှ ကျွန်တော့်သူငယ်ချင်း မိတ်ဆွေများ၏ နာမည်များသာ ဖြစ်နေလေတော့သည်။ ခက်တော့ခက်ချေ၏။ ကျွန်တော်က ကျွန်တော့်သူငယ်ချင်းများကို သတ်ရက်လောက်အောင် ရက်စက်တတ်သူလား။ လုံးဝမဟုတ်။ သို့သော်တစ်ဖက်မှာက ကျွန်တော်ကစားရင်း ဖြတ်သန်းခဲ့သည့် Level များက နည်းတာမဟုတ်။

သည်လိုနှင့် ကျွန်တော့်ဘာသာ ငါတကယ်သတ်တာမှ မဟုတ်တာဟု စိတ်ဖြေရင်း ဆက်ကစားနေမိခဲ့သည်။ သည်လိုစိတ်ဖြေနိုင်စရာ အကြောင်းတစ်ခုလည်း ရှိသေးသည်။ ကစားသူကို လူသတ်ခိုင်းသူသည် Facebook က နာမည်ကိုသာ သိပြီး ချိတ်ဆက်ထားနိုင်တာသာ ရှိသည်။ ကျား၊ မ မခွဲခြားတတ်။ ထို့ကြောင့် သူသတ်ခိုင်းသည်က နာမည် မိန်းမဖြစ်နေသော်ငြား သူက He ဟု သုံးကာ ကစားသူ ကျွန်တော့်ကို သတ်ခိုင်းသည်။ သည်ကတည်းက ဂိမ်းသည်ဂိမ်းသာ ဖြစ်သည်ဟု ကျွန်တော့်ဘာသာ ဖြေသိမ့်ကာ ဆက်ကစား၍ ရနေတော့၏။

နောက်တော့ ထိုဂိမ်းမှာ ပိုဆိုးတာ တစ်ခု ကျွန်တော်ခံစားလာရသည်။ ထိုဂိမ်းက Facebook က သူငယ်ချင်း နာမည်ကို ယူ၍ လူဆိုးလုပ်ခိုင်းရုံသာမက ဓာတ်ပုံကိုပါ ယူ၍ပြခြင်းပါ။ ကျွန်တော့်ဂိမ်းထဲမှာ ဖြစ်၍ ကျွန်တော်သာ မြင်ရပြီး ထိုသူကို သတ်ပေးပါဟု ဆိုသောအခါ စိတ်က နည်းနည်း တုန်လှုပ်လာ၏။ မတုန်လှုပ်လျှင် ခံနိုင်ရိုးလား။ ကျွန်တော့်သူငယ်ချင်းများကလည်း သူတို့ပုံသာမက သူတို့မိသားစုပုံနှင့် သူတို့ကလေးများ၏ပုံကိုပါ တင်ထားတတ်ရာ ဘာမဆိုင်၊ ညာမဆိုင် သူတို့မျက်နှာလေးတွေပေါ်လာပြီးလျှင် ကျွန်တော့်မှာ ရှေ့ဆက်ကစားဖို့ တန့်နေတတ်တော့၏။ ဘယ်သူက လုပ်ရက်ပါ့မလဲဗျာ။

ကျွန်တော်တွေးမိပါသည်။ နိုင်ငံခြားမှာ ထိုကဲ့သို့ ဂိမ်းကစားသူ လူငယ်များ နောက်ပိုင်းမှာ စိတ်နှင့်ကိုယ် ကင်းကွာ၍ ဂိမ်းထဲကလို အတန်းထဲမှာ လူတွေသတ်၊ ဗုံးတွေခွဲလုပ်ကြသည်မှာ သည်လိုခံစားမှုများက စလာကြတာသာ ဖြစ်မည်ဟု။ ပြီးတော့ သူတို့ဆီက လက်နက်ကလည်း လွယ်လွယ်ရသည်ကိုး။

သည်လိုနှင့် ကျွန်တော့်မှာ ပျင်း၍ ဂိမ်းကစားခါမှ အကုသိုလ်တောထဲ ပြေးပြေးတိုးနေသည့်နှယ် ကြုံနေရရာ ထိုဂိမ်းကို ဖြတ်လည်းဖြတ်ချင်၊ Level ကိုလည်း နှမြောနှင့် ဆက်ကစားလာလိုက်ရာမှ တစ်နေ့တွင်တော့ ထိုဂိမ်းကို လုံးဝရပ်ပစ်ချင်စရာ အကြောင်းက ပေါ်လာလေတော့သည်။

တခြားတော့မဟုတ်။ ကျွန်တော့်လို ဂိမ်းကစားသူကို ညွှန်ကြားချက်များ ပေးပြီး သတ်ခိုင်းနေသော ညွှန်ကြားချက်ပေးသူ၏ နောက်တစ်ဆင့် ညွှန်ကြားချက်မှာ တခြားသူကို သတ်ရန်မဟုတ်။ တခြားသူ၏ နာမည်လည်းမဟုတ်။ သူသတ်ခိုင်းသူ၏ နာမည်ကား ကျွန်တော်၏ ချစ်လှစွာသော ဇနီး၏ နာမည်ဖြစ်နေခြင်းပင်။

သိပ်များများစားစား စဉ်းစားမနေတော့ပါ။ ထိုနေ့မှစ၍ ကျွန်တော့်ဂိမ်းကို Delete လုပ်၍ အပြီးအပိုင် ဖျက်ချပစ်လိုက်ပါတော့သည်။ ပြီးရောပေါ့။

စဉ်းစားသာကြည့်ကြစေချင်ပါသည်။ လောကကြီးမှာ အပျော်ဖြစ်ဖြစ်၊ ဂိမ်းကစားလျှင်ပဲ ဖြစ်ဖြစ် ကိုယ့်သူငယ်ချင်း၊ ကိုယ့်ဇနီးမယားကို သတ်ပြီးကစားရသည့် ကစားနည်းမျိုးကို ကျွန်တော့်လို မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာ တစ်ယောက်က ပျော်ပျော်ကြီးနှင့် အချိန်အကြာကြီး ကစားနိုင်ပါ့မလား ဆိုတာကိုပါ။ ဒါကတော့ ကျွန်တော်သာမဟုတ်။ ကျွန်တော့်သူငယ်ချင်း အပေါင်းအသင်းများလည်း ထိုသို့ကစားနိုင်မည်မထင်။

ဘ၀ဆိုသည်မှာ ကစားပွဲတစ်ခုဟု ဆိုလျှင် ထိုကစားပွဲအတွင်း၌ စာနာမှု၊ ကရုဏာထားမှု၊ မေတ္တာနှင့် လူသားဆန်သော ပြိုင်ဆိုင်မှုတို့ ပျောက်ဆုံးနေသော ကစားနည်းမျိုး ရှိနေပါက ကျွန်တော်ဘေးသာ ထွက်ထိုင်နေမိပါတော့မည်။ ။

ဆူးသစ်
၁၉:၁၉ နာရီ
၁၄.၁၀.၂၀၁၁

5 comments:

နွေတေးရှင် (မင်းဧရာ) said...

အကိုကြီး..
အဲလိုကြောင့်များ နိုင်ငံခြား မှာ
စိတ္တဇ လူသတ် သမားတွေပေါ်လာတာလား
မသိဘူးနော် အနည်းငယ်တော့ ဆိုင်နေမယ်ထင်တယ်။

ကျွန်တော့် Email ကိုတော့ သမ သွားပြီအကိုရေ
အဲဒါကြောင့် မေး ရော ဘလောက်ဒ် ရောအသစ်ဖွင့်လိုက်ရတယ်။

(မင်းဧရာ)

TZH1985 said...

အံသြမကုန်နိုင်ဖွယ်ပဲ ဗျာ

Angelhlaing(May everybody be happy and healthy! said...

ညီမလေးတော့ ဂိမ်းဆို ဘာဆိုဘာမှမသိတာ...အမှန်ပဲအကို :):)

မေသိမ့်သိမ့် ကျော် said...

ဒီလိုဂိမ်းမျိုးကို ဘယ်လိုစိတ်ကူးနဲ့များတီထွင်ခဲ့ပါလိမ့်လို့ စဉ်းစားမိတယ်။ ထွင်တဲ့သူကရော ဒီလို ကစားခဲ့သလား။ ကစားခဲ့တယ်ဆိုရင် ဘယ်လိုများလဲ ၊ သာယာကျေနပ်နေရင်တော့ တစ်ခုခုမှားနေပြီပေါ့နော်။
ဒီလိုမျိုး စိတ်ကို ကိုယ်မသိလိုက်စေဘဲ ကြမ်းတမ်းလာစေမယ့် ဂိမ်းမျိုး ကစားတာကို မနှစ်သက်တာ အမှန်ပါပဲ။

ခင်တဲ့
မေသိမ့်

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
ကျနော်ကတော့ “ ဘဝဂိမ်း ” တွေကစားနေဆဲပါဗျာ

Related Posts Plugin for WordPress, Blogger...