Monday, December 26, 2011

" ကြည်လင်စွာခံစား နဒီမင်္ဂလာ ထံပါးမှာ "


ကောင်းကင်သည် အမှောင်မှအလင်းဘက်ဆီသို့ ဖြည်းဖြည်းချင်း ကူးပြောင်းလာသည်။ အလင်း မှုန်ပျပျအောက်မှာ ဆီးနှင်းတို့ကို ခပ်ပါးပါးတွေ့သည်။ မကြည်မလင်ဖြစ်နေသော အရာများအားလုံး အမှောင်အောက်မှာ ကျန်ခဲ့ပေတော့မည်။ အလင်းဆီသို့ ရွေ့နေဆဲ။ မကြာခင် မိုးလင်းပေတော့မည်။

ငှက်တို့၏ အသံကို နားမှာကြားရသည်။ လေပြည်သည် အေးမြခြင်းကို ဆောင်ကျဉ်းနေ၏။ ဆောင်းလေကို ခံစားရင်း ရင်ထဲသို့တိုင် အအေးဓာတ်သည် ရောက်လေသလားမသိ။ သည်လိုတော့ ခံစားမိသည်။ အရာရာသည် အေးမြလွန်းလှ၏။ သည်လိုအေးသည့်ကြားမှာ ငှက်တို့ မည်သည့်အရပ်သို့ သွားမည်နည်း။ မည်သည့်နေရာမှာ ဆင်းသက်ခိုနားမည်နည်း။

နံနက်ခင်း မှုန်ပျပျအလင်းအောက်မှာ သူတစ်ယောက်တည်း လမ်းလျှောက်ထွက်ခဲ့သည်။ ကမ်းခြေဘက်ဆီသို့။ ထိုကမ်းခြေဘေးမှာ ပန်းတွေဖွေးနေသည်။ ရနံ့တွေ မွှေးနေမည်။ ကျက်သရေရှိခြင်းသည် ထိုကမ်းခြေဘက်မှာ ရှိမည်။ သူလမ်းလျှောက်နေကျ ခြေသွားလမ်းကလေးကား ထိုသို့ သာယာသည်။ ဆောင်း၏ အေးမြခြင်းနှင့် အတူ မြစ်လေ၏ အေးမြခြင်း တို့လည်း ရောထွေးကောင်း ရောထွေးနေလိမ့်မည်။

ထိုစဉ်မှာပင် ကမ်း၏တစ်ဖက်မှ တရားသံကို ကြားလိုက်ရသည်။ အို-အေးမြလိုက်ပါဘိ။ အရုဏ်ဦးနှင့်အတူ ကျက်သရေရှိလှပါဘိ။ ဆောင်း၏ အေးမြခြင်း၊ ကမ်း၏ အေးမြခြင်း၊ တရားဓမ္မ၏ အေးမြခြင်း၊ အားလုံးပေါင်းဆုံသည့် အခိုက်အတန့်မှာ သူ့နှလုံးသား၏ ပူလောင်မှုတို့ ငြိမ်းအေးသွားသလို ခံစားရသည်။

သူသည် လူသားတစ်ဦးမို့ သူ့နှလုံးသားသည် အချစ်ကြောင့်သော်လည်းကောင်း၊ ဘ၀ထဲမှ အရှုပ်အထွေး လူ့အရေးတို့ကြောင့်သော်လည်းကောင်း ပူလောင်ကောင်း ပူလောင်နေမည် ဖြစ်သော်ငြား ယခုတော့ ကမ်း၏ဘေးမှာ အေးငြိမ်းခြင်းကို ရရှိနေလေသည်။

သူဖြတ်သန်းခဲ့ရသည့် ခရီးသည်ကား ပူလောင် လွန်းလှ၏။ နာကျင်ခြင်း၊ ကြေကွဲခြင်းတို့ ပြည့်နှက်နေ၏။ ဘ၀သည် ယခုလို မအေးမြ။ ချစ်သူသည် ရည်ရွယ်ရာသို့ မရောက်မီ သူ့ကို လက်တွဲဖြုတ်၊ ထားရစ်ခဲ့လေသည်။ သို့သော်သူ့မှာ ရှိသော ယုံကြည်မှုတို့သည် အနည်းငယ်မျှပင် မပြောင်းလဲခဲ့။ တစ်နေ့မှာ ချစ်သူနှင့်သူ ပြန်လည် ဆုံစည်းရမည်။ သည်လိုအတွေးနှင့်ပင် ချစ်သူကား သူ့ရင်မှာ အမြဲစိုးမိုးလို့ နေနေခဲ့တော့၏။

ယခုလို အချိန်မျိုးမှာတော့ သူသည် သူ့ချစ်သူနှင့် ကင်းကွာနေမှုများကို အေးမြခြင်းနှင့် ကုစားနေလေသည်။ ထိုအေးမြခြင်းသည် ဆောင်းကြောင့်လား၊ ကမ်းခြေကြောင့်လား၊ တရားဓမ္မကြောင့်လား ဆိုသည်ကို မသဲကွဲ။ သို့သော် သူကား ခေတ္တခဏတော့ အေးမြနေလေသည်။ ဘ၀ဆိုသည်က သည်လိုလား။

အရုဏ်ဦးသည် ဆက်လက်လှပနေဆဲ။ ဆီးနှင်းတို့နှင့် ဆောင်းသည် အေးမြနေဆဲ။ ပန်းရနံ့တို့သင်းသော ကမ်းခြေသည်လည်း ရနံ့တို့မွှေးနေသလို လေပြည်ကြောင့် အေးမြနေဆဲ။ တစ်ဖက်ကမ်းမှလာသော တရားဒေသနာသံသည်လည်း နှလုံးသားသို့တိုင် တိုးဝင်အေးမြနေဆဲ။ အမှောင်သည် တရွေ့ရွေ့ဆုတ်ခွာကာ အလင်းသည် နေရာယူလာလေသည်။ လူသားတစ်ဦးသည်ကာ သူ့နှလုံးသားမှ ပူလောင်မှုကို နှစ်သိမ့်နေဆဲ။ မြစ်တစ်စင်းသည် မင်္ဂလာအပေါင်းကို ဆောင်ယူလာပေးသည်။ ထိုမြစ်နားမှာ ကောင်းခြင်းများရှိသည်။ မြစ်၏ မင်္ဂလာများပေတည်း။ တစ်နည်းအားဖြင့် ဆိုရလျှင် နဒီ မင်္ဂလာ။

သီချင်းတစ်ပုဒ်ကို နားထောင်ပြီး ကျွန်တော်သည်လိုခံစားရသည်။ ကျွန်တော်မြန်မာပြည်မှာ ရှိစဉ်က ကျွန်တော့် ပတ်ဝန်းကျင်မှာ သည်လိုခံစား၍ ရသည်။ ကျွန်တော်တို့နားမှာ ချောင်းရှိသည်။ မြစ်တော့ မဟုတ်။ သို့သော် ဆောင်းတွင်း၌ နှင်းများကျနေလျှင်သော်လည်းကောင်း၊ တစ်ဖက်ကမ်းမှ လွင့်လာသော တရားသံသည် လည်းကောင်း၊ ကျွန်တော့်ရင်ကို ဆောင်း၏ အအေးနှင့်အတူ အေးမြနေစေတတ်သည်။

ထိုအခါမျိုး၌ ကျွန်တော်သီချင်းတစ်ပုဒ်ကို အမြဲ တိုးတိုးဖွဖွ ရွတ်တတ်သည်။ ကိုရဲလွင် ရေးသည်။ ဆိုသူက အများကြီး။ ကိုတိုးကြီးဟု ခေါ်သော ခင်မောင်တိုးလည်း ဆိုထားသည်။ သို့သော် ကျွန်တော်စ၍ နားယဉ်ခဲ့သည်က ခင်ဝမ်း ဆိုခဲ့သည့် သီချင်း။ သီချင်းနာမည်က ' နဒီမင်္ဂလာ'။ မူလနားယဉ်ခဲ့သူကိုသာ ဦးစားပေး၍ ရှာပြီးတင်လိုက်ပါသည်။ ခံစားကြည့်စေချင်ပါသည်။ ။

သားလတ်
၂၆.၁၂.၂၀၁၁
၉:၅၉ နာရီ



3 comments:

mstint said...

ရှုခင်းလေးနဲ့အတူ ခံစားမှုလေးတွေ မျှဝေခံစားသွားတယ်
ဆူးသစ်ရေ။ ဒီလိုမြင်ကွင်းလေးတွေနဲ့ ကြည်နူးဖွယ်ရာ
လေးတွေကို လှိုင်မြစ်အနားမှာလည်း အာရုဏ်တက်မှာ
ခံစားဘူးတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Angelhlaing(May everybody be happy and healthy! said...

ကြည်နူးစွာ အလှတရာနဲ့ သီချင်းလေး ခံစားသွားတယ်အကို...

Han Kyi said...

ကိုခင်ဝမ်းရဲ့သီချင်းတွေထဲမှာ နဒီမင်္ဂလာ၊ ဧရာဝတီ၊ မြားဘုရင်၊ ဆယ်လမွန်ငါးတို့အပြန် အဲဒီလေးပုဒ်ကို အကြိုက်ဆုံးပဲ ကိုဆူးသစ်ရေ...မကြာခဏဆိုသလို ပြန်ပြန်နားထောင်ဖြစ်တယ်...ကိုတိုးကြီးဆိုတော့လည်း တစ်မျိုးကောင်းတာပါပဲ...ဒါပေမယ့် ကိုခင်ဝမ်းအသံက ပိုပြီးတော့ စေးစေးပိုင်ပိုင်ရှိတယ်လို့ ခံစားရတယ်...

တကယ့်အနုပညာရှင်စစ်စစ်ကြီး ကိုခင်ဝမ်းကို ပြန်လွမ်းမိသွားတယ်ဗျာ...

Related Posts Plugin for WordPress, Blogger...