Thursday, December 29, 2011

"ကျွန်တော့်မှတ်စု" ( ၉ )


"ရန်ကုန်စက်မှုတက္ကသိုလ် သီးသန့်မှတ်စုများ"

+ ၁၉၆၆ ခုနှစ်၊ စက်မှုတက္ကသိုလ် နွေကျောင်းပိတ်ရက်တွင် ကျွန်မ အိမ်မပြန်ရပါ။ ကြက်ခြေနီသင်တန်း တက်ရမည်ကြောင့် ဖြစ်ပါသည်။

+ G ဆောင် နောက်ဘက်တွင် သစ်ပင်များနှင့် တောထနေသည်။

+ ပထမနှစ် အင်္ဂလိပ်စာ အတန်းတွင် ကျောင်းသား၊ကျောင်းသူတိုင်း ကိုယ်ကြိုက်ရာ အကြောင်းတစ်ခုကို အတန်းရှေ့ထွက်၍ ဆယ်မိနစ်ခန့် ပြောရပါသည်။ ဆရာတွေ လက်ချာပေးသလိုပေါ့။ ကျောင်းသားတွေ လူရှေ့ သူရှေ့ အင်္ဂလိပ်စကား ပြောရဲ ဆိုရဲအောင် လေ့ကျင့်ပေးခြင်း ပါပဲ။

+ ကျွန်မတို့နေရသော G ဆောင်မှ အတော်လှမ်းသည့် ကြက်တောင်ရိုက် အဆောက်အအုံ ဘက်သို့ တစ်ယောက်တည်း သွားကြည့်သည်။ ရန်ကုန်တက္ကသိုလ် အင်းလျားဝန်းကျင်ကဲ့သို့ ကြောက် စရာ ကောင်းသော နေရာ မဟုတ်၍၊ လုံခြုံမှုလည်း ရှိ၍ တစ်ယောက်တည်း စိတ်ချလက်ချ သွားရဲခြင်း ဖြစ်ပါ၏။

သွားရကျိုးနပ်ပါသည်။ လူသူနှင့် လှမ်း၍ တိတ်ဆိတ်ငြိမ်သက်သော၊ လှပသော ခရမ်းပြာ ဗေဒါတောကြီးနှင့် စိမ်းမြအေးချမ်းလှသော ကန်ကြီးတစ်ကန်ကို ဘွားခနဲ တွေ့လိုက်ရပါ၏။ ခြောက်သွေ့ပူလောင်လှသော စက်မှု တက္ကသိုလ် ကန္တာရတွင် သည်လောက် စိမ်းလန်းအေးချမ်းသော နေရာတစ်ခုရှိနေခြင်းကို ကျွန်မ ယုံပင် မယုံနိုင်။ သည်ဗေဒါကန်ကြီးသည် အာအိုင်တီတွင် ကျွန်မအလွန်မြတ်နိုးသော အရာတစ်ခုဖြစ်လာခဲ့ပြီး အာအိုင်တီ အင်းလျားဟု ကိုယ့်ဘာသာကိုယ် အမည်ပေးခဲ့မိလေသည်။ အတန်းထဲမှ သူငယ်ချင်းယောကျာ်းလေးများကို သည်ကန်ကြီးအကြောင်း ပြောပြတော့ သူတို့လည်း မယုံနိုင်လောက်အောင် အံ့ဩနေကြသည်။ ကြက်တောင်ရိုက်သူများသည် ကစားပြီး အိမ်သာပြန်ကြသည်။ အဆောက်အအုံဆီမှ နောက်ဘက်သို့ ခြေ တစ်လှမ်းထပ်၍ မဆန့်ခဲ့ကြချေ။

[' ၀တ္ထုရေးသော မမြင့်ခိုင် ' ဆောင်းပါးမှ - မမြင့်ခိုင်၊ ရင်ခွင်သစ်မဂ္ဂဇင်း၊ နိုဝင်ဘာလ၊ ၁၉၉၄ခုနှစ်]

+ စက်မှုစာစောင်လေးကို တစ်ပတ်တစ်ခါ ထုတ်သည်။ တစ်စောင်လျှင် ဆယ်ပြားဖြစ်သည်။ လက်ရေးနှင့်ရေးကာ ပုံတူကူးစက်နှင့် လှည့်ထုတ်သော စာစောင်လေးများ ဖြစ်လေ သည်။ ကျောင်းသား၊ ကျောင်းသူ အများကလည်း အားပေးကြသည်။ ကျောင်း အတွင်း၌ ဖြစ်နေပျက်နေသော အဖြစ်အပျက် အစုံကို ဟာသလေး နှော၍ ပြန်လည် တင်ပြထားသော သတင်းစာဆန်ဆန်၊ သတင်းစဉ်လေး ဖြစ်သောကြောင့် သဘောကျ နှစ်ခြိုက်ကြသည်။

+ စက်မှုတွင်ပင် ဘာသာရပ်များ ထပ်၍ ခွဲခဲ့သည်။ [ စက်မှု ( စိုက်ပျိုးရေး)]

+ ခရမ်းနုရောင်၊ ပန်းနုရောင် စွယ်တော်ပွင့်။

[ 'မစပ်သောငရုတ်' လုံးချင်း ၀တ္ထု (ဒုတိယအကြိမ်မှ) - မစန္ဒာ]


3 comments:

Angelhlaing(May everybody be happy and healthy! said...

စုစည်းတင်ပြထားပုံလေးက တစ်အုပ်လုံး ဖတ်ချင်အောင် ပါပဲအကို...

Han Kyi said...

အေးဗျာ ကိုဆူးသစ်တို့ ကျောင်းသားတွေ ကိုယ့်ကျောင်းကို ချစ်ကြပုံကတော့ စံတင်လောက်ပါပေတယ်...MIT မှာလဲ အဲဒီလိုပဲဗျ...စက်မှုကျောင်းသားအချင်းချင်း သိပ်စည်းလုံးကြတာ...စက်မှုကျောင်းသားတွေ တခြားတက္ကသိုလ်နဲ့ ရန်ဖြစ်ကြရင် စက်မှုဘွဲ့ရပြီးသားတွေကပါ တစ်ယောက်တစ်လက် ၀ိုင်းကြ၀န်းကြတာ မြင်ဖူးလို့ စည်းလုံးမှုကို ကြက်သီးတောင်ထဖူးတယ်...

မှတ်စုလေးတွေဖတ်ရင်း အတိတ်ကိုတောင် လွမ်းသွားပါရဲ့...

စားပွဲဝိုင်း said...

ကျောင်းနဲ့ ပတ်သက်ရင်
မကောင်းတာ ကျောင်းကြောင့်လို့ တခါမှ မတွေးခဲ့ဘူး၊
ကိုယ် အခုထက်ပိုပြီး လူတန်းမစေ့တာ ကိုယ့်အားနည်းချက်တွေကိုပဲ ကိုယ်မြင်တယ်
ကိုယ် အခုလောက် လူဖြစ်တာ ကျောင်းကပေးတဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို ပြန်သတိရတယ်
လူတွေကြားထဲ ဝင်နိုင်/ထွက်နိုင်နည်းကို ပထမနှစ်မှာ လက်တွေ့ကွင်းဆင်း လေ့ကျင့်သင်ယူခဲ့တာလေ
အလုပ်ရှင်၊ အလုပ်သမား၊ လုပ်ဖော်ကိုင်ဘက်၊ အထက်လူကြီး၊ အောက်ခြေက ဝန်ထမ်း၊ ရာထူးတူ ခြေလှမ်းတွေ..အသီးသီးကို ရင်ဆိုင် နေရတာမှာ ဒုတိယနှစ် ကို ဖြတ်သန်းခဲ့ရတာကို ပြန်မှတ်မိနေတယ်
လုပ်ငန်းခွင်ထဲမှာ...အင်ဂျင်နီယာ နည်းပညာ အခြေခံလေးကို ဝေဝါးဝါး ဖြစ်ရတာကြုံတော့ တတိယနှစ်မှာ ရန်ကုန်တက္ကသိုလ် စိန်ရတုနဲ့ ရောလို့ ဝေလေလေ ပျော်နေခဲ့တာ ကိုယ်ပဲလေ
မိန်းမနဲ့ ရန်ဖြစ်တော့လည်း စတုတ္ထနှစ်မှာ ရှိခဲ့တဲ့ ရည်းစားကို သတိရပြန်သေး
အလုပ်ထဲမှာ ကိုယ် ဖြေရှင်းနေနိုင်တဲ့ အပိုင်းက ပဉ္စမနှစ်မှာ ကိုယ် စိတ်ဝင်စားတဲ့ ဘာသာရပ်ထဲက ဆိုတော့ ကိုယ့်ပီတိနဲ့ကိုယ် ကျေနပ် နေစရာပါ
နောက်ဆုံးနှစ်မှာ စီမံခန့်ခွဲမှု ဘာသာရပ်ကို သင်ယူရင်းနဲ့ ဘွဲ့ကြိုတန်းဆိုတာ သင်ပေးမှ တတ်ရတဲ့ စာသင်နှစ် မဟုတ်ဘူးလို့ နောက်ဆုံးမိနစ် အထိ ကျော်လွှားနိုင်ခဲ့တဲ့ စိန်ခေါ်မှုတွေကို သက်သေပြနေလိုက်တာပေါ့

ယက္ခ

Related Posts Plugin for WordPress, Blogger...