Sunday, February 15, 2015

" မေ့မရနိုင်ခဲ့သော မာလာဆောင်ညတစ်ည "


 ၁၉၉၅ ခုနှစ်၊ မေလ၊ ၂၇ ရက်နေ့။

လက်ရှိကာလက ပြန်ကြည့်လျှင်  နှစ် ၂၀ ခန့်ပင် ကြာခဲ့ပြီဖြစ်သည်။ သို့သော် ကျွန်တော့်အတွက် မမေ့နိုင်ခဲ့သော ညတစ်ည ရှိခဲ့သည်။ ယခင်က ရန်ကုန်စက်မှုတက္ကသိုလ်က သူငယ်ချင်းများနှင့် ညဘက်ကြီးလမ်းလျှောက်၍ လျှောက်သွားခဲ့သောညသည် မမေ့နိုင်ခဲ့သော ပထမည။ ကျွန်တော်တို့သည် (၂၀) မှာ ကျွန်တော် ထိုညအကြောင်း ရေးခဲ့ပါသည်။ ယခု ၁၉၉၅ ခုနှစ်၊ မေလ၊ ၂၇ ရက်နေ့သည်ကား ရန်ကုန်စက်မှုတက္ကသိုလ်မှာ ကြုံရသည့်ညမဟုတ်။ ရန်ကုန်တက္ကသိုလ်ရှိ မာလာဆောင်မှာ ကြုံခဲ့ရတာဖြစ်သည်။ ထိုညကလည်း မမေ့နိုင်ခဲ့သော ညတစ်ညပင်။

ထိုအချိန်က ကျွန်တော့်မှာ ဂစ်တာတီးဖော်သူငယ်ချင်းများ ရှိသည်။ သူတို့က ကျွန်တော်ယခင်နေခဲ့ရာ အရပ်မှ ဖြစ်သည်။ ကျွန်တော်သည် အိမ်ပြောင်းသွားခဲ့သည့်တိုင် သူတို့ရှိရာကို ရံဖန်ရံခါ သွားလည်တတ်ပြီး သူတို့အထဲမှာ ဂစ်တာအတီးကောင်းသူ တစ်ဦးရှိ၍ အခါအခွင့်သင့်လျှင် သင့်သလို သီချင်းစုဆိုတတ်သည်။

ထိုညက မထင်မှတ်ဘဲ ကျွန်တော်တို့အားလုံး ၁၀ ယောက်ခန့်စုမိသည်။ ညီအစ်ကိုလိုနေသော သူငယ်ချင်းတစ်ယောက် အိမ်မှာ လေးဘီးကားလေးရှိ၍ ထိုကားနှင့် အဆောင်မှာ သီချင်းသွားဆိုရန် ညှိသည်။ နှစ်ခါမညှိရ။ သည်လိုနှင့် လှည်းတန်းက မာလာဆောင်ကိုရောက်သည်။

အဆောင်မှာ သီချင်းဆိုလျှင် သီချင်းဆိုသူချင်းသာ သိသည့် စည်းကမ်းဟု ဆိုရမည့် အချက်တစ်ချက်ရှိသည်။ တစ်ဖွဲ့ဆိုနေချိန်မှာ နောက်တစ်ဖွဲ့က ပြိုင်မဆိုရ။ ဒါက နားလည်မှုဖြစ်သည်။ မည်သူမျှ စည်းကမ်း ထုတ်ထားတာ မဟုတ်။ ထိုအတွက် ဆိုရသူတွေလည်း ကောင်းသလို။ နားထောင်ရသူများလည်း အဆင်ပြေသည်။ ပြိုင်ဆိုနေလျှင် ဆူညံကာ ဆိုသူလည်း မကောင်း။ နားထောင်သူလည်း မကောင်း။

ကျွန်တော်တို့အဖွဲ့ ရောက်သွားချိန်မှာ မာလာဆောင်ရှေ့မှာ အဖွဲ့တစ်ဖွဲ့ တီးလက်စ။ သူတို့က သုံးလေးယောက်လောက်သာ ရှိသည်။ ကျွန်တော်တို့အဖွဲ့က သူတို့တီးလက်စ အပုဒ် ပြီးအောင်စောင့်သည်။ သူတို့ပြီးတော့ ကျွန်တော်တို့ ၀င်သည်။ သူတို့က ခဏရပ်သည်။ နောက်တစ်ကြိမ် သူတို့ပြန်ဆိုစဉ်မှာ မိုးကဖွဲဖွဲ စရွာသည်။ ကျွန်တော်တို့က ဂစ်တာမိုးစိုမှာ စိုး၍ ကားပေါ်ကို ခဏတင်ကာ မူလအဖွဲ့ အပြီးကို စောင့်သည်။

ထိုအချိန်မှာ မာလာဆောင်ပေါ်က လူရိပ်များကို မီးရောင်အောက်မှာ ကျွန်တော်တို့ မြင်ရသည်။ သူတို့သည် သူတို့ဝရန်တာမှ သီချင်းကို နားစွင့်နေပုံရသည်။ မူလဆိုနေသော အဖွဲ့ကား မိုးဆက်ရွာလာ၍ ရပ်ကာ ပြန်သွားလေသည်။ ကျွန်တော်တို့ အဖွဲ့က မိုးကိုခဏစောင့်ပြီး မိုးနည်းနည်းပါးချိန်မှာ အဆောင်တံခါးရှေ့ကို ပြန်ဝင်သည်။ သစ်ပင်ကြီးများကြောင့် မိုးသည် ကျွန်တော်တို့ကိုယ်ပေါ်ကို စိုရွှဲသည်အထိ မကျနိုင်တော့။

ထိုအတွက် ကျွန်တော်တို့အဖွဲ့က ကျွန်တော်တို့ ကြိုက်သော သီချင်းများကို စဆိုသည်။ ဖြစ်ချင်တော့ ကျွန်တော်တို့မှာပါလာသော သောက်ရေဘူးများ ကုန်သွားသည်။ ပါလာသော သူအချို့က အဆောင်ပေါ်ကို ကုန်းအော်သည်။ သောက်ရေကုန်သွားပြီဟု။ သီချင်းက ကုန်းအော်ဆိုရ၍ မောလာသည့်အခါ ရေက ဆာလာသည်။ ထိုအခါ သီချင်း ဆက်ဆိုဖို့ အားလျော့လာ၏။

ထိုအတောအတွင်းမှာ အဆောင်ထဲက ဦးလေးကြီးတစ်ဦးထွက်လာသည်။ သောက်ရေနှင့် စားစရာ မုန့်တချို့ပါလာ၏။ ပြီးတော့ စာတစ်စောင်ကို ဦးလေးကြီးက ပေးသည်။ ကျွန်တော်တို့ ဖတ်ကြည့်သည်။

" အဆောင်ရှေ့က သီချင်းလာဆိုကြသော အစ်ကိုကြီးများရှင့်.......
ကျေးဇူးပြု ပြီး အဆောင်ပေါ်ကို လှမ်းမအော်ပါနဲ့နော်။ အဆောင်မှူးဆူမှာစိုးလို့ပါ။ လိုတာရှိရင် အဲဒီဦးလေးကြီးကို လှမ်းမှာလိုက်ပါ။ အခု သောက်ရေနဲ့ မုန့်တွေထည့်ပေးလိုက်ပါတယ်။ ကျွန်မတို့ကို အောက်ကစာရင်းထဲက အဆိုတော်တွေရဲ့ သီချင်းတွေ ဆိုပေးဖို့ တောင်းဆိုပါရစေ။ " ဆိုပြီး အဆိုတော်နာမည်များကို ကြည့်သည့်အခါ ထူးအိမ်သင်၊ ဆောင်းဦးလှိုင်၊ လေးဖြူ ၊ စိုးလွင်လွင် စသဖြင့် ပါသည်။

ဘာပြောကောင်းမည်နည်း။ ထူးအိမ်သင်ကို ကျွန်တော်တို့ဆက်တိုက်ဆိုသည်။ ဂျပ်ဆင်ထိပ်က လရိပ်ပြာ၊ ဆွေးတယ်၊ အမေ့အိမ် စသဖြင့် စုံနေအောင်ဆိုသည်။ အံ့ဩဖို့ကောင်းသည်။ သူတို့သည် အဆောင်၏ ညဥ့်နက်လာမှုကို အံတုကာ အဆောင်မှူး၏ စည်းကမ်းကိုလည်း မလွန်ဆန်ကာ ၀ရန်တာမှာ နားထောင်နေရာမှ အခန်းထဲကို ၀င်သည်။ တံခါးကိုဖွင့်ထားသည်။ ပြီးတော့ အခန်းထဲမှာ ကျွန်တော်တို့ သီချင်းကို တေးသရုပ်ဖော် လိုက်လုပ်သည်။ ထိုသို့လုပ်သည်က အခန်းတစ်ခန်းတည်း မဟုတ်။ လေး၊ ငါး၊ခြောက်ခန်း။ သူတို့ အဆင်ပြေသလို လုပ်နေတာ ဖြစ်သည်။

ကျွန်တော်တို့ကား ရေနှင့်စားစရာ ရပြီဖြစ်၍ အားနည်းနည်းရှိလာသလို မာလာဆောင်သူတို့၏ တေး သရုပ်ဖော်တို့ကြောင့် သီချင်းဆိုရသည်ကို ပိုပြီး အရသာတွေ့လာ၏။ ဆောင်းဦးလှိုင်၏ မင်းရဲ့ ကို ဆိုသည်။ ဒါလည်း သူတို့က တေးသရုပ်ဖော်လို လိုက်လုပ်သည်။ လေးဖြူ ၏ မျှော်လင့်ခြင်းလေး မှာတော့ သူတို့ အားလုံးငြိမ်၍ နားစွင့်သည်။ ပြီးတော့ ကျွန်တော်တို့က ဆလိုင်းသွှအောင် ရေး၍ သူကိုယ်တိုင် ဆိုခဲ့ပြီး ဖိုးချို ပြန်ဆိုခဲ့သော အဆောင်သူရဲ သီချင်းကို ဆိုရန် မာလာဆောင်နဲ့ပတ်သက်လို့....ဟု အစချီ သည်။ ထပ်ပြီး အံ့ဩရပြန်သည်။ အခန်းတိုင်းလိုလို ထွက်၍ မဆိုရန် လက်ရိပ်ပြသည်။ ကျွန်တော်တို့ အားလုံး ဆိုရန်ပြင်ရင်း ရပ်တန့်ခဲ့ရသည်။ သူတို့ မာလာဆောင်၏ ရာဇ၀င်ထဲက အချစ်ကြီးသူ တစ်ယောက်၏ အကြောင်းရေးဖွဲ့ထားသော သီချင်းကို သူတို့ နားထောင်ရန် စိုးရွံ့နေပုံရသည်။

ပြီးတော့ သူတို့ထဲက လေးငါးယောက်သည် ရေချိုးသည့်ခွက်များ ကိုကိုင်ကာ တစ်ယောက်နှင့် တစ်ယောက် ရေလောင်း ဟန်ပြသည်။ ကျွန်တော်တို့ သိလိုက်သည်။ အတီးသမားက မြနန္ဒာကို စတီးသည်။ အားလုံးက သံပြိုင်လိုက်တော့သည်။ ပြောလျှင် ယုံမှာမဟုတ်။ သူတို့သည် သူတို့၏ ခုတင်ပေါ်ကို တက်ကာ ကကြတော့သည်။ တစ်ခန်းနှင့်တစ်ခန်း မမြင်ရ၍ အကများက မတူညီကြ။ သို့သော် သင်္ကြန်အကတို့၏ သဘောကို သူတို့သိသည်။ တချို့သည် ဆံပင်ရှည်များကို ဖြန့်ချပြီးကသည်။ ကိုယ်ကိုလှည့်စဉ်မှာပင် ဆံစတို့သည် လေမှာဝဲ၏။ တကယ်ကို သင်္ကြန်လို ကနေတာဖြစ်သည်။ ကျွန်တော်တို့အဖွဲ့မှာ ဆိုရင်းဆိုရင်း အားတက်လေပြီ။

မိုးသည် ကျွန်တော်တို့ကို မရပ်နိုင်တော့။ ဆက်မရွာတော့ဘဲ လုံးဝ ရပ်တန့်သွားတော့သည်။ မြနန္ဒာ ဆုံးသည့်အခါ သူတို့အထဲက တစ်ယောက်၊ နှစ်ယောက်က လက်ကိုင်ပုဝါကလေးများကို ဝှေ့ပြသည်။ ကျွန်တော်တို့ သိလိုက်ပြန်ပြီ။ ဂစ်တာအတီးသမားသည် ယခင်ကတည်းက လိဒ်ဂစ်တာသမားဖြစ်၏။ စိုးလွင်လွင်၏ ဒုံးယိမ်းညကို ကရင်ဒုံးယိမ်းတီးလုံးဖြင့် ဂစ်တာနှင့် စလိုက်သည်။ ထို့နောက် တစ်ဖွဲ့လုံးသံပြိုင် လိုက်တော့၏။

မာလာဆောင်သူတို့သည် လက်ကိုင်ပုဝါများထုတ်ကာ ဒုံးယိမ်းညကို ကကြပြန်တော့သည်။ နောက်တော့ သီချင်းတစ်ပုဒ်ပြီးတစ်ပုဒ် ဆုံးတိုင်း သူတို့သည် တဖြည်းဖြည်း ငြိမ်သက်လာတော့သည်။ ညသည် တရွေ့ရွေ့ ကုန်လွန်သွားတော့သည်။ ကျွန်တော်တို့ အဖွဲ့မှာ အရုဏ်ကျင်းလာသည်နှင့်အမျှ ပင်ပန်းမှုများက ၀င်ရောက်လာတော့သည်။ သူတို့အဆောင်မီးများ မပိတ်ခင် အားလုံးကို နှုတ်ဆက်၍ ပြန် ခဲ့တော့သည်။

ထို့နောက် လှည်းတန်းက မိုးအလင်းရောင်းသည့် လက်ဖက်ရည်ဆိုင်မှာ ဗိုက်ဝင်ဖြည့်ပြီးမှ အိမ်သို့ ပြန်ခဲ့ ကြတော့သည်။

တကယ်တော့ ကျောင်းသားဘ၀ ဖြတ်သန်းမှုဆိုသည်မှာ အင်မတန် ပျော်ရွှင်ကြည်နူးစရာ ကောင်းလှသည်။ ထိုအထဲကမှ အဆောင်ကျောင်းသားဘ၀ ဆိုတာကလည်း တကယ်ကို ပျော်ရွှင်စရာဖြစ်သည်ဟု အဆောင် မနေခဲ့ရသည့်တိုင် ကျွန်တော်ယုံကြည်သည်။ ထို့အပြင် မိန်းကလေး အဆောင်များရှေ့မှာ သီချင်းသွားဆို ရသည့်အခါလည်း တကယ်ကို ကြည်နူးရသည်။ ထိုခံစားမှုကို အဆောင်မှာ သီချင်းသွားဆိုဖူးသူများသာ သိသည်။

ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားစစ်စစ် ဖြစ်သော ကျွန်တော့်အဖို့ ရန်ကုန်စက်မှုတက္ကသိုလ်က သဇင်ဆောင်ရှေ့မှာလည်း သီချင်းဆိုဖူးသည်။ ပြီးတော့ ရန်ကုန်တက္ကသိုလ်က အင်းလျားဆောင်ရှေ့ မှာလည်း ဆိုဖူးသည်။ ရန်ကုန်ဆေးတက္ကသိုလ်၏ ယုဝတီဆောင်နားမှာလည်း ဆိုဖူးသည်။ သို့သော် ထိုမာလာဆောင်မှာ ဆိုခဲ့သည့် ညကိုဖြင့် မေ့မရနိုင်သည်မှာ အသေအချာ။

အကြောင်းကရှိသည်။ ကျွန်တော်တို့မှာ ထိုအချိန်က ဂီတဆိုသည့် အနုပညာအပေါ် စီးဆင်းနစ်ဝင်မှု တစ်ခုသာရှိသည်။ မာလာဆောင်သူများသည်လည်းကောင်း၊ ကျွန်တော်တို့ အတီးသမား၊ အဆိုသမားများ သည်လည်းကောင်း ကျောင်းသူ၊ ကျောင်းသားများဖြစ်၍ အရွယ်၏ တောင်းဆိုမှုနှင့် ခေတ်၏ ပေးလာသည့် အခွင့်အရေးပေါ်မှာ အပြည့်အ၀ အသုံးချခွင့်ရခဲ့ကြသည်။ ထိုအတွက် တကယ်ကို ကြည်နူး စရာကောင်းသည်။ ကျွန်တော်တို့မှာ ထိုအချိန်က ဘာစိတ်၊ ညာစိတ်များ မရှိကြ။ ကျွန်တော်တို့ ဆိုသော သီချင်းကို သူတို့က လိုက်က၊ တေးသရုပ်ဖော်လုပ်ပြကြမို့ မနက်လင်းလျှင် သူတို့ကို စောင့်ပြီး လိုက်ရော၊ အကျွမ်းတ၀င်ဖြစ်အောင်လုပ်၊ ဇာတ်လမ်းရှာ စသဖြင့် လုပ်ချင်သောစိတ်များ မရှိ။

မိန်းကလေး အဆောင်ရှေ့ သီချင်းဆိုစဉ်ရသည့် စိတ်ခံစားမှုမျိုးကို ရချင်၍၊ တစ်နည်းအားဖြင့် ကျောင်းသား ဘ၀ ပျော်ရ၍၊ မာလာဆောင်သူများကလည်း အဆောင်ရှေ့မှာ သီချင်းလာဆိုသော ကျောင်းသားဖြစ်ဖြစ်၊ အရပ်သားဖြစ်ဖြစ် အဆောင်သူတို့၏ သဘာဝအရ သီချင်းလာဆိုလျှင် နားထောင်ရင်း ကျောင်းသူဘ၀ အားလပ်ချိန် စိတ်အပန်းဖြေစရာ အဖြစ် ကြည်နူးရ၍ စသောခံစားမှုမျိုးဖြင့်သာ တစ်ချိန်က ကျောင်း သူ၊ ကျောင်းသားဘ၀ကို ဖြတ်သန်းခဲ့ကြတာဖြစ်သည်။

မည်သို့ဆိုစေ ကျွန်တော်ဖြတ်သန်းခဲ့ရသော တက္ကသိုလ်ကျောင်းသားဘ၀မှာ ယခုလို ညမျိုးကို ပိုင်ဆိုင်ခွင့်ရ ခဲ့သည့်အတွက်တော့ ကျွန်တော့်ဘာသာ ကျေနပ်မိပါသည်။ တချို့သောအတိတ်တို့သည် ပြန်မရနိုင်တော့။ တချို့သော ဘ၀တို့သည် ပြန်မရနိုင်တော့။ သို့သော် တချို့ အစိတ်အပိုင်းများကိုကား ဘ၀၏ အမှတ်တရများအဖြစ် ပြန်တွေးတိုင်း ကြည်နူးနေနိုင်သေးသည် ဆိုလျှင် ကျွန်တော်တို့ ခေတ် ၏ ကျောင်းသားဘ၀ အတွက် ကျွန်တော်ကျေနပ်နေပါသည်။

ကြာတော့ကြာခဲ့ပါပြီ။ ၁၉၉၅ ခုနှစ်ကပါ။ လွန်ခဲ့သော နှစ် ၂၀ ခန့်က ဖြစ်ပါသည်။          ။

သားလတ်
၁၂း၃၂ နာရီ ( စင်ကာပူစံတော်ချိန် )
၁၅.၂.၂၀၁၅
Photo Ref: freewallsource.com

0 comments:

Related Posts Plugin for WordPress, Blogger...