Friday, November 12, 2010

" ကျွန်တော်တို့သည် " (၆)



L-2 အကြောင်းပြောလျှင် 'စိန်မျောက်မျောက်' အကြောင်း ချန်ခဲ့၍ မရ။ ၁၉၉၃ ခုနှစ် နိုဝင်ဘာလ၌ ရန်ကုန်စက်မှု တက္ကသိုလ် ပထမနှစ် Section B တွင် တက်ခဲ့ဖူးသူတိုင်း သူ့နာမည်ကို မေ့နေ လျှင်သာ မေ့ရမည်။ အစဖော် လိုက်လျှင် မသိသူ မရှိ။

သူ့နာမည်အရင်းတော့ ရှိသည်။ သူငယ်ချင်းကို အားနာ၍ နာမည်အရင်းကို ကျွန်တော် မပြောပြလို။ သူက မျက်နှာ ချိုသည်။ အလွန် ပျော်တတ်သည်ဟု ကျွန်တော်ထင်သည်။ တချို့က မျက်နှာ အလွန်ပြောင်သည်ဟု ဆိုသည်။ သူ့ကို စသိတော့ အချိန်စာရင်းနှင့် ပတ်သက်၍ အတန်း မရှိသေးသည်ကို ကြည့်ပြီး L-2 ကမှန်း သိကာ ပြုံးပြ နှုတ်ဆက်ရုံသာ။

နောက်တော့ အတန်းထဲမှာ ကျွန်တော်က ကဗျာရေးသူ၊ သူက ပေါက်ကရလုပ်သူ ဖြစ်၍ တစ်ယောက်နှင့် တစ်ယောက် သိလာသည်။ သူသည် ထိုစဉ်က တီရှပ်နှင့် ဘောင်းဘီကို ၀တ်သည်။ ရံဖန်ရံခါ ရှပ်လက်ရှည်နှင့် ဘောင်းဘီနှင့်။ ဘောင်းဘီဝတ်လျှင် သူက အကျပ်ဝတ်သည်။ သူနှင့် အတူတွဲသော မျက်နှာပြောင်သည့် သူငယ်ချင်းတစ်ယောက် ရှိသေးသည်။ ထိုတစ်ယောက် နာမည်ကို ကျွန်တော် မမှတ်မိ။ သူတို့နှစ်ယောက် တွဲနေလျှင် အတန်းထဲမှာ စနောက်သံတွေ လျှံနေတော့သည်။

မြန်မာစာ ဆရာမက 'ဂုဏ်ဆိုတာဘာလဲ' ဟု မေးလျှင် သူတို့က 'ဂုဏ်ဆိုတာငွေကိုခေါ်ပါတယ် တီချယ်' ဟု ဆိုသည်။ ဆရာမသည် သဘောကောင်း၍သာ တော်တော့သည်။ ရံဖန်ရံခါ အတန်းမစခင် သူတို့ အုပ်စု ပြောင်းဖူးရိုးနှင့် တစ်ယောက်ကို တစ်ယောက်ထုကာ အတန်းထဲ ပတ်ပြေးနေ တတ်သည်။

အတန်းထဲမှာ စက္ကူမြားဒဏ် ခံနေရသော မိန်းကလေးများသည် 'စိန်မျောက်မျောက်' ကို လန့်ကြ၏။ မိန်းကလေး များကို ခပ် လှမ်းလှမ်းမှ စက္ကူမြားပစ်ပြီး အားမရလျှင် သူတို့ခုံနား သွားထိုင်ကာ ခေါင်းမှာ စက္ကူမြားကို အသာအယာ စိုက်ပေး တတ်သူသည်လည်း သူပင်ဖြစ်သည်။ ထို့ပြင် ကောင်မလေးများ အနားကပ်ကာ မထိခလုတ် ထိခလုတ်၊ ပွစိ ပွစိနှင့် တတွတ်တွတ် ဘာတွေပြောမှန်း မသိ။ စနောက်တတ် သေးသည်။

Chemistry Lab ၀င်လျှင် သူနောက်ကျပါက သူနှင့် ခုံနံပါတ် ကပ်နေသော ကျွန်တော်တို့ကို ဒုက္ခ ပေးတော့ သည်။ အားလုံး သိကြသည့်အတိုင်း Chemistry က ဘာနှင့် ဘာစပ်လျှင် ဘာရပါသည်ဟု ဆိုသည်။ ထိုကဲ့သို့ ဘာရကြောင်းကို ဆရာမကို အရောင်နှင့်တကွ သက်သေ ပြရသည်။ များများ သင်သည့်နေ့ များများ လုပ်ပြ ရသည်။ သို့သော် ကျောင်းသား သဘာဝ စောစောလည်း ဆင်းချင်သည်။ Lab ၀င်ပြီးလျှင် ကန်တင်းန် ဆင်း ချင်သည်။ ထမင်းစားချိန်ပြီးမှ အတန်းရှိ၍ နံနက်(၈)နာရီ Lab စ၀င်လျှင် (၉)နာရီလောက် ပြီးပါက နေ့ခင်း (၁)နာရီအထိ ကျွန်တော်တို့ လွတ်လပ်ရေး ရလေပြီ။

သို့သော် သကောင့်သားက ကျောင်းလည်း နောက်ကျသည်။ စောလည်း ထွက်ချင်သည်။ ထို့ကြောင့် ကျွန်တော်တို့ လုပ်ပြီးသား Tube လေးများကို မသွန်ခင်မှာ သူက ယူထားပြီး ဆရာမကို သွားပြသည်။ ခုံနံပါတ်နှင့် မှတ်ထားသည်မို့ ဆရာမက တစ်မျိုးပြီးတိုင်း ကျောင်းသားခုံနံပါတ်ဘေးက အကွက်မှာ အမှတ်တစ်ခါ ခြစ်သည်။ သုံးမျိုးပြီးလျှင် သုံးကွက်မှာ သုံးမှတ်။ သူသည် ကျွန်တော်တို့ လုပ်ပြီးသမျှ ဒြပ်ပေါင်းများယူ၍ ပြချင်သော်ငြား ဆရာမကို ဆက်တိုက်သွားပြ၍ မရ။ တစ်မျိုးနှင့် တစ်မျိုးကြားမှာ ရောစပ်သည့် အချိန်ရှိသေးသည်။ ထိုအချိန်ကို သူမစောင့်နိုင်။ ကျွန်တော်တို့ လေးခုလောက် ပြီးချိန်မှာ သူ တစ်ခုသာ ပြရသေးသည်။ သို့သော် သူ့လက်ထဲမှာ ကျွန်တော်တို့ လုပ်ပြီးသား ကျန်သုံးခုက အဆင်သင့်။ ထိုသုံးခုကို တစ်ပြိုင်တည်း သွားပြလျှင်လည်း ဆရာမက ယုံမှာမဟုတ်။ ထို့ကြောင့် သူစောင့်ရုံသာ။ ခက်သည်က ကျွန်တော်တို့ ထွက်လျှင် သူလိုက်ထွက်ချင်သည်။ ရှေ့က ရှင်းပြထားသည်များကိုလည်း သူမမီခဲ့၍ ကျွန်တော်တို့ လုပ်သမျှ ထိုင်ငေးရုံသာ။

သည်မှာပဲ သူကံကောင်းသွားသည်။ ဆရာမသည် အခန်းစောင့်ရင်း ကိစ္စရှိ၍ အပြင်ခဏ သွားသည်။ ဥာဏ်ပြေး လိုက်ပုံများ သကောင့်သားသည် သူ့ခုံနံပါတ်ဘေးရှိ အကွက်မှာ အမှတ်များကို သူ့ဘာသာ သွားခြစ်ပစ်သည်။ ထို့ကြောင့် ကျွန်တော်တို့နှင့် သိပ်မကွာတော့။ ဆရာမသည် ပြန်ဝင်လာသောအခါ မှတ်မိပုံမရ။ သည်သို့ဖြင့် ကျွန်တော်တို့နှင့် သိပ်မကွာဘဲ သူလည်း လိုက်ထွက်ခွင့် ရလေသည်။ ထိုသို့သော ကျွန်တော့် သူငယ်ချင်းပင်။

နောက်တော့ သင်္ချာဆရာမက သူအမြဲတမ်း မျက်နှာပြောင်၊ အော်ဟစ်နေသည်ကို တွေ့၍ 'စိန်မျောက်မျောက်' ဟု နာမည်ပေးကြောင်း အတန်းထဲမှာ ကြေညာလိုက်သည်။ ထိုကတည်းက သူငယ်ချင်းသည် 'စိန်မျောက် မျောက်' ဟု နာမည် တွင်လေ၏။ ဘာသာရပ်ဆိုင်ရာ ဆရာ၊ဆရာမများကြား 'စိန်မျောက်မျောက်' ကို မသိသူ မရှိတော့။ ပထမနှစ် ကျောင်းသားများ ကြားမှာလည်း 'စိန်မျောက်မျောက်' သည် နာမည်ကြီး ဖြစ်၏။

တစ်ခါမှာတော့ ကျွန်တော်တို့ သူငယ်ချင်းအုပ်စု အတန်းအား၍ RC-2 ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ) သို့ သွားကြသည်။ 'စိန်မျောက်မျောက်'ပါ ပါ၏။ ထိုစဉ်က ကျွန်တော်တို့ ကျောင်း၏ ပထမနှစ်မှ စတုတ္ထနှစ်အထိ နယ်မှ ကျောင်းသူ၊ ကျောင်းသားများကို RC-2 နားရှိ အဆောင်များတွင် ထားသည်။ ထိုအဆောင်များမှ သူငယ်ချင်းများက ကျောင်းသို့ ဘတ်စ်ကားများဖြင့် လာတက်ကြ သလို အပြန်တွင်လည်း ထိုအဆောင် များသို့ ရောက်သည့် ဘတ်စ်ကားများက ကျွန်တော်တို့ ကျောင်းရှေ့ရှိ ဘီပီအိုင်မှတ်တိုင်တွင် စောင့်ပြီး ဆွဲပေးကြ လေသည်။

ကျွန်တော်တို့ စက်မှုတက္ကသိုလ် ကျောင်းသားများမှာ အတန်းအားလျှင် Main (ရန်ကုန်တက္ကသိုလ်) တို့ ၊ RC-2 တို့သို့ သွားတတ်သည်ဟူသော နောင်တော်ကြီးများ၏ အစဉ်အလာကို မပျက်မကွက် ဆက်လက် ထိန်းသိမ်းကြ လေရာ ပထမနှစ် ကျောင်းသားဘ၀မှာပင် အဆောင်က သူငယ်ချင်းများနှင့် RC-2 သို့ ခြေဆန့်ကြလေ၏။

ထိုနေ့က ဘတ်စ်ကားမှာ အတော်ပင် ကျပ်လေရာ ကျွန်တော်၊ 'စိန်မျောက်မျောက်'နှင့် သူငယ်ချင်းများသည် မနည်း မတ်တတ်ရပ်၍ လိုက်ရလေ၏။ ဖြစ်ချင်တော့ RC-2 ရှိ ကျွန်တော်တို့ ဆင်းမည့် မှတ်တိုင်ရောက်သော အခါ ကားသည် ရုတ်တရက် ဘရိတ်ဆောင့် အုပ်လိုက်ရာ အကုန်လုံး အပြိုပြို အလဲလဲနှင့် ယိုင်ထွက် ကုန်ကြ၏။ ထိုစဉ်မှာပင် 'စိန်မျောက်မျောက်' ရှိရာဘက်မှ အသံထွက်လာ၏။

"သူများသားသမီးကို နှမချင်း မစာမနာ"

ကျွန်တော်တို့ သူငယ်ချင်းတစ်စု မျက်လုံးပြူးသွား၏။ 'စိန်မျောက်မျောက်' ဘာပြဿနာရှာပြီလဲ မသိဘူးဟု တွေးကာ လန့်သွား၏။ RC-2 က ကျောင်းသူ တစ်ယောက်ယောက်ကို သွားစပြီလားဟု ထင်ကာ ၀ိုင်းကြည့် ကြ၏။ ထိုသို့ ကြည့်မိသောအခါမှ ကျွန်တော်တို့အားလုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ရယ်မိ ကြတော့ သည်။ အသံရှင်သည် မိန်းကလေးမဟုတ်။ မိန်းမလျာ ၊ အခြောက်ကြီး ဖြစ်လေသည်။ ကျွန်တော်တို့ တဟားဟား ရယ်တော့ ကားပေါ်က လူတွေပါ လိုက်ရယ်တော့သည်။

'စိန်မျောက်မျောက်' သည် မျက်နှာကြီးနီလျက် ကားပေါ်က ဆင်းပြေးပြီး သုတ်ခြေတင်သည်။ ကျွန်တော်တို့ အုပ်စု ရယ်လျက် နောက်ကလိုက်၏။ ကားပေါ်မှာလည်း ရယ်သံတွေ လျှံ၍ ကျန်ခဲ့၏။ 'မင်းဘာသွားလုပ်လိုက်တာလဲ' ဟု သူငယ်ချင်းတစ်ယောက်က 'စိန်မျောက်မျောက်' ကိုမေးသည်။ 'ဘာမှမလုပ်ပါဘူးကွာ၊ ကားဘရိတ်အုတ်လို့ သူ့ပေါ်သွားပိတာ' ဟု ရှက်မျက်နှာနှင့် ဖြေသည်။ 'မင်းကသာ ဘာမှမလုပ်ဘူးပြောတာ၊ ဟိုက မင်းကို နှမချင်း မစာမနာတဲ့' ဟု သူငယ်ချင်းတစ်ယောက်က ပြောတော့ ကျွန်တော်တို့ ရယ်မိကြပြန်သည်။ 'စိန်မျောက်မျောက်' သည် မျက်နှာကြီးနီကာ ထိုအခြောက်ကို ပွစိပွစိနှင့် မေတ္တာပို့နေသည်ကို တွေ့၍ ကျွန်တော်တို့၏ ရယ်သံများ RC-2 ဘေးမှာ လျှံတက်ကုန်ပြန်၏။

ကျွန်တော်တို့သည် ဟိုစဉ်က ကျောင်းသားများဖြစ်ကြ၏။ လွဲချော်မှုများလည်း ရှိခဲ့ကြ၏။ အစအနောက် သန်သူ များလည်း ဖြစ်ခဲ့ကြ၏။ ပျော်ရွှင်လွတ်လပ်စွာ ရယ်မောနိုင်သူများလည်း ဖြစ်ခဲ့ကြ၏။ မမေ့နိုင်စရာ ကောင်းသော သူငယ်ချင်းများကို ပိုင်ဆိုင်ခဲ့သူများလည်း ဖြစ်ခဲ့ကြ၏။


ဆူးသစ်
၂၀း၀၀ နာရီ
၁၂.၁၁.၂၀၁၀


2 comments:

Sonata Cantata said...

စိန်မျောက်မျောက်တဲ့လား တိုက်ဆိုင်မှုတွေရှိနေပြီ
ဟောဒီကလည်း မိန်းကလေး စိန်မျောက်မျောက်ပါ
သူ့လို နောက်လို့တော့မဟုတ်
ဒီဇိုင်းကြောင့်
ဒီဇိုင်းကြောင့်...

(ပုံရိပ်ဟောင်းတွေ ရေးဦးမှာ :P)

Sunny said...

ဟိုတုန်းက ကျောင်းတက်ရတာ ပျော်စရာနော်.. အဲဒီခေတ်ကို မမှီလိုက်ဘူး.. :)

Related Posts Plugin for WordPress, Blogger...