City Hall မှာ ဇနီးသည်နှင့် ထမင်းစားနေတုန်း ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်က လာ နှုတ်ဆက်သည်။ ခုံဆွဲထိုင်ရင်း သူက အားပါးတရ ပြောနေသောအခါ ပြန်ပြောရင်း ကျွန်တော်တို့နှစ်ယောက် လွတ်လွတ်လပ်လပ် ပြောဖြစ်ကြသည်။ သူငယ်ချင်းသည် ကျွန်တော့် ထက် တော်တော်ကြီးစော၍ စင်္ကာပူကို ရောက်နေသူ ဖြစ်သည်။ PR ဖြစ်သည်။ သူက ရိုးသားစွာဖြင့် ကျောင်းတုန်းက ကျွန်တော်တို့၏ ပတ်သက်မှုများ၊ ကျွန်တော်တို့ သူငယ်ချင်းများ ၏ နာမည်များကို မှတ်မိသမျှ မေးမြန်းပြောဆို နေသည်။ သူ့ကို ပြန်မေးကြည့်တော့ သူက စင်္ကာပူမှာ ကျောင်းဆက် တက်ခဲ့သည်။ ကျွန်တော့်ကိုလည်း အင်ဂျင်နီယာ လိုင်းဘက် ရွှေ့ ချင်လျှင် ပြန်ပြောင်း၍ ရနိုင်ကြောင်း အားပေးသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို ကျွန်တော် ကျေးဇူး တင်ပါသည်။
အဘယ်ကြောင့်ဆိုသော် ကျွန်တော့်ထက် စင်္ကာပူကို စောရောက်သူ ဖြစ်ပြီး ကျွန်တော့်ထက် တော်တော် အခြေအနေ ကောင်းသူ PR တစ်ဦးက ကျွန်တော့်အပေါ် တင်စီးသည့်စကား တစ်ခွန်းမျှမပြော၊ အင်္ဂလိပ်စကား တစ်လုံးမျှ ညှပ်မပြောခဲ့၍ ဖြစ်သည်။ တစ်နည်းပြောရလျှင် သူအရင် စင်္ကာပူကို ရောက်နေသူ ဆိုပြီး ကျွန်တော့်ကို ပညာ မပြသွားခြင်းပင်။ ထို့အပြင် ရိုးသားစွာ နှိမ့်ချခြင်းဖြင့် သူငယ်ချင်းသည် ပညာတတ် အစစ်အမှန်ဖြစ်ကြောင်း ပြသွား၍ ကျွန်တော် ၀မ်းလည်း သာမိပါသည်။
သူနှင့်မတွေ့ခင်က Jurong East MRT မှာ သည်လိုပဲ ကျောင်းက သူငယ်ချင်း တစ်ယောက်နှင့် တွေ့သည်။ သူလည်း ထိုသို့ပင်။ အားရ၀မ်းသာဖြင့် ဖုန်းနံပါတ်တွေ တောင်းကြ၊ မေးကြနှင့်။ YIT က သူငယ်ချင်းများနှင့် တွေ့လျှင် သည်သို့သာ။
ကျွန်တော် စင်္ကာပူရောက်တာ ဘာမျှ မရှိသေး။ ၀င်ငွေလည်း ကောင်းသူမဟုတ်။ ရောက်စက YIT က ကျွန်တော့် သူငယ်ချင်းများ ကူ၍သာ တော်တော့သည်။ သည်လိုနှင့်ပင် စင်္ကာပူမှာ လူကြားသူကြား ရှင်သန် ဖြစ်ခဲ့တော့၏။
တစ်ခါတစ်ရံ လူတချို့နှင့် ဆက်ဆံရသည်ကို ကျွန်တော့် စိတ်ထဲ တစ်မျိုးဖြစ်ခဲ့သည်များ ရှိ၏။ သူတို့က ကျွန်တော့် ထက် တော်တော် စော၍ စင်္ကာပူကို ရောက်ပါသည်။ ထိုသို့ ရောက်သည်ကပင် သူတို့အတွက် တော်တော် မာန်တက်ရသည် ထင်ပါသည်။ တက်သင့်ပါသည်။ လက်ခံပါသည်။ စင်္ကာပူမှာ သူတို့က ကျွန်တော့်ထက် ငွေများ ပိုရှာ နိုင်ခဲ့သည်ကိုး။
သို့သော် ကျွန်တော့်ကို ဘုမသိ၊ ဘမသိ ကောင်ဟု ထင်ကာ နှိမ့်ချလိုသည့် သဘောများ ပါလာခြင်း ကိုတော့ တော်တော် စိတ်ပျက်မိပါသည်။ ပွင့်ပွင့်လင်းလင်း ဆိုရလျှင် တော်တော် ရွံဖို့ ကောင်းပါသည်။ ပြီးတော့ ရယ်လည်း ရယ်ချင်လာသည်။ တချို့ဆို သူတို့သိသော အင်္ဂလိပ်စာလေး တစ်လုံး နှစ်လုံးကိုပင် စကားပြောတိုင်း ထပ်ခါ တစ်လဲလဲချည်းသာ ပြောနေပါတော့သည်။ ထိုအခါ ပြုံးပြုံးလေး ကြည့်ရင်း ကျွန်တော် နားထောင်နေလိုက် ပါသည်။ သြော် - သူက စင်္ကာပူစောရောက်လို့ ဒီလို စကားလုံးကြီးတွေ ပြောတတ်တာ ထင်ပါရဲ့ဟုလည်း ဖြေတွေးပါသည်။ ဒါတောင် ကျွန်တော်သည် S Pass နှင့် အလုပ်လုပ် နေတာမို့။
ကျွန်တော့်ဇနီးသည်လည်း ထိုသို့ ကြုံဖူးပါသည်။ ကျွန်တော်ကတော့ ထုသားပေသား ကျနေ၍ ကိစ္စမရှိ။ ဇနီးသည် အတွက်ကျတော့ ကျွန်တော် စိတ်ပူလာသည်။ ဇနီးသည်က ခုမှ အလုပ် ရှာတုန်း၊ ကျောင်းတစ်ဖက် နှင့်မို့ အလုပ်မရ၍ တက်တက်ကြွကြွ မရှိသည့်ကြား ထိုသို့ ဆရာကြီးပေါက် လုပ်ပြီး ပညာပြချင်သူမျိုးနှင့် တွေ့လျှင် ခံပြင်း မာနလေး ထွက်မှာစိုးသည်။ သူ့ကို သည်းခံ ဖို့တော့ ပြောထားရ၏။
တွေးမိတာလေး ပြောပြပါမည်။ စင်္ကာပူကို လာသူများမှာ သူ့နေရာနှင့်သူ အရည်အချင်း ရှိသူများ ဖြစ်သည်ဟု ထင်သည်။ နေထိုင်ခွင့်အရ အတန်းခွဲထားသော်လည်း WP ဟုဆိုပြီး အထင်သေး၍ မရပါ။ ကျွန်တော့် သူငယ်ချင်း YIT ကပြီးသည်။ WP ပဲရသည်။ ကဲ - ဘယ်လိုလုပ်မည်လဲ။ တချို့ကတော့ ဘာမှမသိ၊ ဘာမှ မတတ်။ ဒါမျိုးလည်း ရှိသည်။ သို့သော် ကျွန်တော်တို့ အမြင်က လူတိုင်းကို ကိုယ်ရောက်နေသော အဆင့် မဟုတ်၍ အသားလွတ် အထင်သေး အမြင်သေး ဆက်ဆံမည်လား။ ကိုယ်က စောရောက်၍ နောက်ကျ ရောက်သူများက ကိုယ့်လောက် မတတ်တော့ပြီလား။ WP ထဲမှာ အင်္ဂလိပ်စကား ကောင်းကောင်း ပြောတတ် သူများ၊ မိဘအသိုင်းအ၀ိုင်း ကျိကျိတက်ချမ်းသာသူများ တစ်ပုံကြီး။
သူကအရင် ငါကအရင် ရောက်သည်ဆိုပြီး မာန်တက်နေ၍ရော ထူးမည်လား။ လူဆိုသည်ကလည်း အမျိုးမျိုးမို့ ကိုယ့်ဘာသာ မာန်တက်သည်ကို အပြစ် မမြင်ပါ။ သို့သော် မဆီမဆိုင် သူများကို နှိမ်ချင် သလို ပြောဆို ဆက်ဆံ သည် ကတော့ ခံရ ခက်လှသည်။ ကုန်ကုန်ပြောရလျှင် စင်္ကာပူနိုင်ငံသားပင် ခံထားပါစေ။ သူတို့သည် ဟိုအရင် ကလို မြန်မာသာ ဖြစ်နေဦးမည် ဖြစ်သည်။
ထို့ကြောင့် သူအရင် ငါအရင်တွေ လုပ်မနေပါနှင့်။ ဟိုအရင်ကလို မြန်မာ အချင်းချင်းမို့ စာနာစိတ်လေးနှင့် သူများနိုင်ငံမှာ ပညာတတ်များပီပီ ပညာပြစေချင်ပါသည်။ စုတ်တီးစုတ်ချာ အကျင့်ဆိုးများကို ထားခဲ့စေချင် ပါသည်။ ပြီးတော့ ငြိမ်ပြီး ပြုံးပြုံးလေး နားထောင်နေတိုင်းလည်း ငါပြောသမျှ ဟုတ်လှ၍ဟု မထင်စေချင်။ သူအရင် ငါအရင်ဆိုသော လူမျိုးကို ဘာတွေများ ရယ်စရာ လုပ်ဦးမည်လဲဟု ဟိုအရင် လို စောင့်ကြည့် နေခြင်းလည်း ဖြစ်နိုင်ကြောင်း သိစေချင်ပါသည်။ ။

ဆူးသစ်
၂၂း၁၇ နာရီ
၁၉.၁၁.၂၀၁၀
3 comments:
အဲလို မာနကြီး ဆရာဂျီး လုပ်တတ်တဲ့ လူ ၊ သူတစ်ပါးကို အထင်သေးသူဆို အမြင်ကို ကတ်တယ်။
အစ်ကိုရေ...တကယ်ကို တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။
အဲဒီ WP တွေ၊ SP တွေ PR တွေအကြောင်း
တော်တော် ရှည်ရှည် ရေးဖို့ မှန်းထားပေမဲ့ အဲဒီဘက်
ဦးမလှည့်နိုင်သေးလို့ ။
ကြုံဖူးပါရဲ့ အကြီးအကျယ်။ ညီမကို PR လိုလိုထင်၊SP
လိုလို မြင်ပြီး WP ကိုလုံးဝ အထင်သေးကြောင်း ပြောတာကြားတော့ကြောင်တောင်တောင်ဖြစ်သွားတယ်
အဲဒီမှာ ကျွန်မလည်း ...ဒါဆိုရင်တော့ အားနာစရာ
ပဲရှင်..ကျွန်မ ကိုယ်တိုင်လည်း WP ပါပဲလို့ ။
စလုံးရောက်တာ ၄ နှစ်ကျော်အတွင်း ကိုယ့် WP အတွက်ကို တော်တော်သဘောကျ ကျေနပ်သွားတာ
ပထမဆုံး အကြိမ်ပဲ။ ကိုယ့်အကြောင်းနဲ့ ကိုယ်ပေါ့လေ။ တော်တော် လေးကို ရှင်းယူ ပြောပြ
လိုက်ရတယ်။ နားလည်သလောက်ပေါ့။ :)
တော်တော် ခတ်တဲ့ မြန်မာအကျင့်လို့ ပြောရင်...ဝါးလုံးရှည်နဲ့ ရန်းသလိုဖြစ်မလားဘဲ။တွေ့ ကြုံကြတာချင်းတူတော့...ခံစားမိပါတယ်။စင်ကာပူ၊မလေးရှား မပြောနဲ့ ...ဥရောပရောက်တော့လည်...ငပိနံကမပျောက်နိုင်ဘူး။ဒီအကျင့်လေးတွေ...ကျွန်တော်က အစ ဖျောက်နိုင်ရင်တော့....မြန်မာဆိုတာကို...နိုင်ငံတိုင်းကအဆိုးကြားကအထင်ကြီးလာကြမှာပါ။
မိတ်ဆွေက...အလုပ်ချိန်ပြင်ပမှာ....စောစောရောက်တဲ့ပညာမသိတဲ့ဆရာတွေနဲ့ တွေတာ။ကျွန်တော်မှ...အလုပ်ခွင်ထည်းမှာ...အချင်းချင်းနှိမ်ကြ၊ရှေ့ တမျိုးနောက်ကွယ်တဖုံ..ယောကျာင်္းချင်းအတင်ချကြတာကိုပျော်တဲ့...ဆရာချေးတွေနဲ့ နေခဲ့ရဖူးတာ။
Post a Comment