ဧရာဝတီတိုင်းထဲက ရွာတစ်ရွာမှာ တကယ်ဖြစ်ခဲ့တာလေး ကြားဖူးတာ မျှဝေပါရစေ။
အဖြစ်က သည်လိုပါ။ ရွာတစ်ရွာက အိမ်တစ်အိမ်မှာ ဆွမ်းကပ်ပါသည်။ ဆွမ်းကပ်သည်ဆိုတော့ ထုံးစံအတိုင်း ဘုန်းကြီးပင့်ကြသည်ပေါ့။ ဘုန်းကြီးက ကြွလာသောအခါ အိမ်ခေါင်းရင်းသို့ တန်းကြွ၏။ ဘုန်းကြီး ထိုင်ပြီးသောအခါ အိမ်က လူများ ၀ိုင်း၍ ဦးချကြ၏။ ထိုသို့ ဦးချပြီး ခေါင်းမော့လိုက်သောအခါ ဘုန်းကြီးမှာ စကြွလာစဉ်က ထိုင်နေသော နေရာမှာ မရှိတော့။
ဗုဒ္ဓေါ.......။ တစ်အိမ်လုံး အံ့အားသင့်သွားသည်။ ဘုန်းကြီး ထိုင်နေရာမှ ဘယ်ရောက်သွားပါလိမ့်။ ကိုယ်ပျောက်သည်လား။ သို့မဟုတ် ဈာန်ပျံ၍ တန်ခိုးပြသည်လား။ မဖြစ်နိုင်။
သေသေချာချာ ကြည့်တော့ လား လား.........။ ဘုန်းကြီးထိုင်သည့် နေရာနောက်မှာ အပေါက်ကြီး။ ထရံကား ကွာနေလေပြီ။ ဤနေရာမှ ဘုန်းကြီး ထွက်သွားတာလား။ ထွက်သွားတာတော့ မဖြစ်နိုင်။ တရားဟောဖို့ လာသော ဘုန်းကြီးကား ဒကာတွေ ထား၍ ထွက်သွားမှာ မဟုတ်။ ဖြစ်ချင်းဖြစ် ပြုတ်ကျ တာသာ ဖြစ်နိုင်လေသည်။
သည်သို့ဖြင့် အော်ဟယ် ဟစ်ဟယ်ဖြင့် မေးကြ၊ ကြည့်ကြသော အခါမှ ဘုန်းကြီးမှာ မြေပြင်တွင် ပြုတ်ကျနေ သည်ကို တွေ့ရလေတော့သည်။ ထိုအခါ ဒကာ၊ ဒကာမများက ဘုန်းကြီးကို စိတ်ပူပြီး အပေါ်ပြန်ကြွရန်နှင့် ဆွမ်းဘုဉ်းပေးပါရန် လျှောက်ထားသောအခါ ဘုန်းကြီးမှာ ဒေါနှင့်မောနှင့် တစ်ခွန်းသာ ပြန်ပြောပြီး ထွက်သွားလေတော့၏။
" ခွီးအိမ်ပြင်ပြီးမှပဲ ခွီးဘုဉ်းပေးတော့မယ်ဟေ့"
အားလုံးမှာ ဘာမျှ မပြောနိုင်ဘဲ ပါးစပ် အဟောင်းသားနှင့်သာ ကြည့်ကျန်ခဲ့ရလေ၏။ အမှန်မှာ အိမ်ထရံ ကွာနေ သည်ကို မပြင်ရသေးဘဲ ကွာနေသော ထရံနေရာ၌ စောင်ဖြင့်ကာထားရာ ဘုန်းဘုန်းမှာ မောမောဖြင့် ရောက်လာချိန် အနောက်က ထရံရှိသည် အထင်နှင့် မှီချလိုက်ရာ စောင်ပါ ပါ၍ အောက်သို့ ပြုတ်ကျသွားခြင်းပါ။
တော်သေးသည်က ခြေတန်ရှည်အိမ်ဖြစ်သည့်တိုင် မြေကပျော့နေ၍ ဘုန်းဘုန်းခံသာသွားခြင်းပါ။
ထိုအဖြစ်ကို ပြောသူက ပြောပြတော့ ရယ်သူက ရယ်ကြသည်။ ပြန်စဉ်းစားတော့ ကန်တော့သူတွေ ခေါင်းမော့ချိန် ဘုန်းကြီးပျောက်သွားတာက တကယ်ရယ်စရာ ဖြစ်နိုင်သည်။ ထို့ပြင် အိမ်ပေါ်က ပြုတ်ကျ၍ စိတ်ဆိုးဒေါသထွက်ကာ ပြောချင်ရာ ပြောသွားသော ဘုန်းဘုန်းစကားကလည်း ရယ်စရာ ဖြစ်နေသည်။
သို့သော် ကံကောင်းထောက်မ၍ ဘုန်းဘုန်း ဘာမျှမဖြစ်ခြင်းက ကျေးဇူးပင်တင်ရမည်။ တစ်ခုခုသာ ဖြစ်သွားလျှင် အလှူလုပ်ခါမှ ဘုန်းကြီး ဒဏ်ရာရသည် ဆိုသော စကားထွက်လာနိုင်သည်။
သည်တော့ အလှူလုပ်မည်ဆိုလျှင် ကိုယ့်အိမ်လေးတော့ ကိုယ် ခိုင်ခိုင်မာမာလေး ဖြစ်အောင် လုပ်ထား သင့်သည်ဟု သည်အဖြစ်အပျက်လေးက ဆိုနေသည်။ အားလုံးပြည့်စုံတော့ အလှူလည်း ပိုလှပါသည်။ တစ်ခုပြီးမှ တစ်ခုလုပ်သင့်သည်ဟုသာ ဆိုချင်ပါတော့သည်။ ။

ဆူးသစ်
၂၁:၄၈ နာရီ
၂၅.၈.၂၀၁၁
၂၁:၄၈ နာရီ
၂၅.၈.၂၀၁၁
4 comments:
ကံကောင်းလို့ပေါ့ ဘုန်းဘုန်းက လက်တွေခြေတွေကျိုးမသွားတာ...။
အင်းဟုတ်တယ်နော် ...အကို :):) စာကျက်ချင်ယောင် ဆောင်နေလို့ အလာကျဲနေတာအကို..စာမေးပွဲပြိးမှ ပုံမှန်လာပါ့မယ်လို့ လူမေ၇ာက်ပေမယ့် စိတ်ကတော့အမြဲရောက်ပါတယ်အကိုရေ...:)
ကျွန်တော့်ပို့စ်များကို လာဖတ်ပြီးတိုင်း မှတ်ချက်များကို အမြဲ ရေးသွားတတ်ကြသော ညီမများအား ကျေးဇူးတင်ပါသည်။ ရံဖန်ရံခါ၌ မှတ်ချက် လာရေးသွားသောသူများအားလည်း ကျေးဇူးတင်ရှိပါ
ကြောင်း........
ကိုဧရာတို့ မန္တလေးမှာတော့ ဖြစ်သွားတဲ့ အဖြစ်အပျက်လေးကတော့ မှန်ရောင် ဟင်းချိုခေါ်တဲ့ ဟင်းချို တမျိုးကို ဆွမ်းပွဲမှာ ကပ်ပါတယ်။ မှန်ရောင် ဟင်းချိုဆိုတာ ဟင်းရည် အရည်ကျဲကို အပေါ်မှာ ဆီတွေ အိုင်နေအောင် ဝေ့နေတဲ့ ဟင်းရည်မျိုးပါ။ ဆီထုနဲ့ ပိတ်နေတော့ ဟင်းရည်က ပူပေမည့်လည်း အငွေ့ထွက် မနေနိုင်တော့ပါဘူး။ ဘုန်းကြီးတပါးက ဒကာတို့နှယ် ဟင်းရည်လေးတောင် နွှေးမထားဘူးလို့ မိန့်လိုက်ပါတယ်။ နောက်တပါးက ခပ်ပြီး ဘုဉ်းပေးလိုက်တဲ့အခါမှာတော့ ဖွီးကနဲ ထွေးထုတ်မိတဲ့အထိ အလွန်ပူသွားပြီး မိန့်လိုက်တာ.."ဘယ်သူလဲကွ ဟင်းရည်နွှေးမထားဘူး လို့ ပြောတာ..." ပါတဲ့
Post a Comment