Wednesday, September 21, 2011

" သူဋ္ဌေး "


ကျွန်တော်တို့လုပ်ကွက်ထဲက လူငယ်လေးတစ်ယောက်အကြောင်းပြောပါရစေဦး။

သူသည်အသက် ၂၅ နှစ်ကျော်လူငယ်တစ်ဦး။ အိမ်ထောင်ကျထားသည်မှာ ဘာမျှမကြာသေး။ သူ့ကောင်မလေးကို စင်ကာပူမှာ တွေ့သော်ငြား လက်ထပ်ပြီးသောအခါ ရန်ကုန်မှာ ပြန်နေစေသည်။ သူကရိုးရိုးသာမန် အလုပ်သမားတစ်ယောက်သာ။ သူ့အိမ်နှင့် သူ့မိန်းမဆီသို့ ပုံမှန်ငွေပို့ရလေ့ရှိ၏။

တစ်ခါသော် သူသည် City Hall သွားရင်း ဘီယာလေးဘာလေးချလိုက်ရာ အနည်းငယ်ထွေနေလေ၏။ ထိုအခိုက်မှာပင် ဘယ်ကမှန်းမသိသော သားသားနားနား စလုံးတစ်ယောက်က သူ့အနားလာ၍ အဖွဲ့အစည်းတစ်ခုအတွက် လှူပါရန် ပြောလာသောအခါ မူးမူးနှင့် သူက လက်ခံလိုက်လေသည်။ ထိုစလုံးကလည်း သေသေချာချာဖြင့် စာရွက်( ဘောက်ချာ )တွေဘာတွေ ပေးသွားသေးသည်တဲ့။

ဖြစ်ချင်တော့ ကျွန်တော်တို့လုပ်ကွက်ထဲသို့ ထိုစာရွက်ယူလာသောအခါမှ ပြဿနာက စပါလေသည်။ ကြီးကြပ်ရေးမှူးလေးတစ်ယောက်နှင့် စကားစပ်မိပြီး သူ့အလှူစာရွက်ကို ထုတ်ပြသောအခါ တစ်လကို သုံးဆယ်ကျော်နှင့် လစဉ် ( Monthly ) ဆိုသော အကွက်မှာ အမှန်ခြစ်ပြထားလေသည်။ ထိုအခါ ကျွန်တော်က မေးရပါတော့သည်။

" မင်းကို စပြောတုန်းက မသိဘူးလား "

သူက ရယ်သည်။ ရယ်သာ ရယ်သည်။ လစဉ်ပေးရမည်ဆို၍ သူလည်း နည်းနည်းတော့ လန့်နေသည်။

" ကျွန်တော်က လှူမယ်လို့ ဆုံးဖြတ်ထားတာ။ မူးကလည်းမူးနေတော့ လစဉ်ဆိုတာကို ဘယ်သိပါ့မလဲ "

" အဲဒီတော့ မင်းအခု ဘယ်လိုလုပ်မလဲ "

ကျွန်တော်တို့မှာ အလှူကိစ္စဖြစ်နေ၍ ပြောရသည်မှာ တော်တော်ခွကျလှသည်။ သို့သော် သကောင့်သားက ပြုံးပြုံးသာ။

" ကျွန်တော်ထင်တာတော့ သူတို့လစဉ် မဖြတ်လောက်ပါဘူး။ ကျွန်တော်က တစ်လလှူမယ်ပြောထားတာပဲ "

" တစ်လဆိုရင်တော့ တော်သေးတာပေါ့။ ဒါနဲ့ မင်းဆီက ဘယ်လိုယူလဲ။ "

" လကုန်တာနဲ့ ဘဏ်ထဲက တန်းဖြတ်လိုက်တာလေ "

သည်ကောင်တော့ သည်တိုင်းဆိုမလွယ်ဟုသာ တွေးလိုက်မိသည်။ တစ်လကိုမှ စလုံး လေးရာ့ငါးဆယ်သာ ရသည့် အလုပ်သမားတစ်ယောက်အတွက် ပုံမှန်လစဉ် ၃၀ ကျော် အလှူထည့်ရမည်ဆိုသည်မှာ စေတနာ မခေါင်းပါးသော်ငြား သူတို့အတွက် တော်တော်ခက်ခဲမည်ကို ကျွန်တော်မှန်းလို့ရ၏။ သို့သော်လည်း ကိုယ့်လူက လှူချင်လို့ပါဟု ဆိုလာသောအခါ အလှူကိုလည်း မတားရဲ။ သူ့ကိုလည်း မူးမူးနှင့် သူများပြောသမျှ ဘုမသိဘမသိ ခေါင်းညိတ်ခဲ့၍ စေတနာဒေါသဖြစ်မိ၏။ သူ့အိမ်ကို ငွေပို့ဖို့ ခက်မည်ဟု တွေးကြည့် မိသေးသည်။

သည်လိုနှင့် တစ်လပြီး၍ တစ်ခါဖြတ်ပြီး နောက်တစ်ကြိမ်ထပ်မဖြတ်တော့ဟု ဆို၍ သူလည်းငွေ သက်သာသွားရာ အိမ်ကို ငွေပို့ရန် အဆင်ပြေသည်ဟု တွေးမိရုံရှိသေး သူက ဘာပြောသည် ထင်ပါသနည်း။

" ကျွန်တော့်မိန်းမကို ဒီလ ငါးသောင်းပို့တယ် အစ်ကို "

ရသလောက်ပို့သည်က မပို့သည်ထက်စာလျှင် တော်သေးသည်ဟု ကျွန်တော်စဉ်းစားမိသေး၏။ သို့သော် ထိုအတွေးက ကြာကြာမခံ။ နောက်တစ်ယောက်က ကြားဖြတ်ပြောသည်။

" အစ်ကိုက ဒီကောင်ငွေပို့တယ်ဆိုလို့ အထင်ကြီးမနေနဲ့။ မိန်းမက တင်းနေပြီ "

" ငွေပို့တာ သူ့မိန်းမက ဘာလို့တင်းတာလဲ "

" မတင်းရှိမလား။ ငွေပို့တာ ငါးသောင်း။ ပြီးတော့ မိန်းမကို သွားပြောတယ်လေ။ အချစ်ကလေး ကိုယ်ငွေငါးသိန်းပို့လိုက်တယ်။ လောက်မလားတဲ့ "

ဘေးက နားထောင်နေသူတွေ ရယ်ကြသည်။ ကျွန်တော်လည်း ရယ်မိသည်။ ကျေးဇူးရှင်က စပ်ဖြဲဖြဲမျက်နှာနှင့်။ ပြီးတော့သူက ပြောသည်။

" ကျွန်တော်ဒီလ သုံးတာများသွားလို့ အစ်ကိုရ။ ဒါနဲ့ မပို့ရင်လည်း မလွယ်တော့ ရှိတာလေး ပို့လိုက်တာ။ နောက်တော့ ငွေကရောက်သွားတော့ မိန်းမက ငါးသောင်းဆိုတာလည်း သိရော သွားတောင်မထုတ်တော့ဘူးတဲ့။ တစ်ခါတည်းကို စိတ်ဆိုးသွားတာ"

ကျွန်တော်တို့ ရယ်ကြပါသည်။ အချစ်ကလေးဟု ခေါ်ပြီး ငါးသိန်းပို့မည်ဆိုကာ ငါးသောင်းပို့လိုက်ခြင်းကို ဘယ်မိန်းမက စိတ်မဆိုးဘဲ ရှိပါမည်နည်း။

" ဒါနဲ့ ငွေပို့တဲ့နေရာ ဖုန်းဆက်တိုင်း လာမထုတ်ဘူးဆိုတာနဲ့ ကျွန်တော့်မိဘတွေကို သွားထုတ်ခိုင်းပြီး အိမ်ပဲယူခိုင်းထားရတယ်။ ဟဲ...ဟဲ......ဟဲ "

သူကပြောရင်းနှင့် နောက်ဆုံးက ရယ်သံက ပါလာလိုက်သေးသည်။ သည်တော့ ကျွန်တော်က သူ့ကို သတိပေးစကား ပြောရ၏။

" မင်း ရယ်ဟရယ်ဟ လုပ်မနေနဲ့။ ငါရဖူးတဲ့ မေးလ်ထဲက ယောက်ျား အနမ်းတစ်ရာ ပို့လိုက် သလိုဖြစ်နေဦးမယ် "

သူတို့စိတ်ဝင်စားသွားသည်။

" ဘာလဲ အစ်ကို။ ဘယ်လိုအနမ်းတစ်ရာလဲ "

" ဒီလိုကွာ။ ယောကျာ်းက ဒီလအသုံးများသွားလို့ ငွေမပို့နိုင်ဘဲ အနမ်းတစ်ရာ ပို့လိုက်တယ်တဲ့။ စာပို့လိုက်တာ။ မိန်းမဆီက စာပြန်လာတယ်လေ။ ကျေးဇူးတင်တယ်တဲ့။ ဒီလ အိမ်အသုံး စရိတ်က နွားနို့ပို့သမားကို တစ်လစာ နွားနို့ဖိုး အနမ်း ၂ ပွင့်။ လျှပ်စစ်ဋ္ဌာနက လူကို တစ်လစာ အနမ်း ၇ ပွင့်။ အိမ်ပိုင်ရှင်ကတော့ အိမ်ငှားခမယူဘဲ တစ်နေ့ကို အနမ်း ၂ ပွင့် ဒါမှမဟုတ် ၃ ပွင့် လာလာယူတယ်တဲ့။ စူပါမားကတ်ကတော့ အနမ်းနဲ့ပါ မရလို့ တခြားဟာတွေပါ ပေါင်းထည့်ပေးရတယ်တဲ့။ တခြား အထွေထွေကတော့ အနမ်းအပွင့် ၄၀ တဲ့။ ဒါပေမဲ့ မပူပါနဲ့တဲ့။ သူ့ဆီမှာ အနမ်း ၃၅ ပွင့်လောက်ကျန်ပါတယ်တဲ့။ ကောင်းကောင်းလောက်ပါတယ် တဲ့။ နောက်လလည်း ဒါမျိုးပဲ လုပ်ရမှာလားတဲ့။ ခု မင်းလည်း အဲဒီလို ဖြစ်နေပါဦးမယ်ကွာ "

ကျွန်တော့်စကားအဆုံး အားလုံးပြုံးကြ ရယ်ကြသည်။

တစ်ခါတစ်ခါတော့လည်း ကျွန်တော်တွေးကြည့်သည်။ စင်ကာပူလာ ငွေရှာ၊ အိမ်တွေပို့။ သုံးသည့်သူ ကလည်း မတရားသုံး။ ပို့နိုင်သည့်အခါ ရှိသလို၊ မပို့နိုင်သည့်အခါလည်း ရှိမည်။ ခု ကျွန်တော်ကြုံရသော ထိုအလုပ်သမားကောင်လေးလို ငွေကို သုံးချင်သည့်အခါ သုံးပြီး ပို့ချင်သည့်အခါ ပို့နိုင်သလောက် ပို့ခြင်းက သူ့အနေနှင့် ဆိုလျှင် တော်တော်စိတ်ချမ်းသာမည့်ကိစ္စ။

ချမ်းသာသည့်သူလို လှူချင်သည့်အခါ လှူလိုက်။ ငွေရှိလျှင် ရှိသည့်အခါ ပို့ချင်သလောက်ပို့။ မိန်းမစိတ်ဆိုးတာ ဘာညာမသိ။ တကယ်ကို စိတ်ချမ်းသာသည်ဟု ဆိုရမည်။ တစ်ဖက်မှာ မကောင်းတာတွေရှိသော်ငြား တစ်ဖက်မှာတော့ သူ့ဘာသာ ကောင်းနေသည်။ ချမ်းသာသော သူဋ္ဌေးများလို သူ့ဘ၀က ချမ်းသာနေသလို။ ရုပ်ပိုင်းမချမ်းသာပါဟု ဆိုနိုင်သည့်တိုင် သေချာသည်က သူသည် စိတ်တော့ချမ်းသာနေသည်က အမှန်။ ။

သားလတ်
၂၃:၀၀ နာရီ
၂၁.၉.၂၀၁၁




5 comments:

Cameron said...

ဟင်းးး... ပိုက်ဆံရှာရခက်တဲ့ ခေတ်မှာ အဲလိုလေးတော့ သတိထားသင့်တယ်နော်...။ လှူတာလည်းလှူတာပေါ့.....။

mstint said...

လူ့ဘဝမှာ အဖက်ဖက်က ပြီးပြည့်စုံတဲ့သူဆိုတာ မရှိပါဘူးဆူးသစ်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

အကိုကြီးရေ.....
မလေးရှား မှာလည်း ဒီလိုပါပဲ
သောက်လိုက် စားလိုက် ဖဲရိုက်လိုက်ကြ။

အနမ်း တစ်ရာ ဥပမာ လေးတော့သဘောကျလှတယ်ဗျာ။

လင်းဦး(စိတ်ပညာ) said...

:D ငွေမပို့ဘဲ အနမ်းဘဲပို့လိုက်သတဲ့.....

တော်တော်များများ အဲ့လိုလုပ်လို့ရမယ်မထင်... :D

ဆိုက်ဘားက ကျွန်တော့်ဆိုက်လင့်က အဟောင်းကြီး...

www.linoo.asia နဲ့ ပြောင်းချိတ်ပေးဦးခင်ဗျ။

ပဥာက် said...

မန်းလေးကိုတောင်သတိ၇လာတယ်.

Related Posts Plugin for WordPress, Blogger...