Thursday, December 15, 2011

" အဲဒီလို မလုပ်ကြပါနဲ့ "


နှစ်ခါရှိပါပြီ။

ထိုနှစ်ခါစလုံး ကြားရတိုင်း ကျွန်တော်ရင်နင့်ခဲ့ရသည်။ ထိုသတင်းမျိုးကို ကျွန်တော်မကြားချင်ပါ။ ကြားလည်း မကြားဝံ့ပါ။ ကြားလည်း မကြားသင့်ပါ။ တခြားမဟုတ်။ မြန်မာမိန်းကလေး နှစ်ယောက် ကိုယ့်ကိုယ်ကို သတ်သေရန် ကြိုးစားခဲ့သည့် ကိစ္စပါ။ ပထမတစ်ကြိမ်မှာတော့ လေးထပ်က ခုန်ချသည်တဲ့။ ထိုမိန်းကလေးကတော့ အထမြောက်သွားခဲ့သည်။

ယခု လတ်တလော ပူပူနွေးနွေး ထပ်ကြားရသည်က လွန်ခဲ့သည့် တနင်္ဂနွေနေ့(၁၁.၁၂.၂၀၁၁)တွင် အိမ်ဖော်ရှာဖွေပေးရေး အေဂျင်စီ တစ်ခုကနေ ထွက်ပြေးလာပုံရသည့် မိန်းကလေးတစ်ယောက် လူသွား ကုန်းကျော် တံတားပေါ်ကနေ ခုန်ချခဲ့မှုပါ။ သူကတော့ လောလောဆယ် မသေသေးဘဲ ဆေးကုခံနေ သည်ဟု သိရပြီး ညာလက်နှင့် ဘယ်ခြေ ကျိုးသွားသည်ဟု သတင်းများက ဆိုခဲ့သည်။ သူ့ဓာတ်ပုံလေးပါ ဖော်ပြ ထားသောအခါ ကျွန်တော့်မှာ ကြည့်ရင်း စိတ်မကောင်း။

ထိုအကြောင်းများ၊ သတင်းများ ကြားပြီးသည့်နောက်မှာ ကျွန်တော့်အတွေးများထဲ၌ ရံဖန်ရံခါ ထိုကိစ္စများကို စဉ်းစားတွေးတော နေမိခဲ့သည်။ အဓိကကတော့ သူတို့ဘာလို့ သည်လို လုပ်သနည်းဆိုသော အကြောင်း။

ပထမတစ်ယောက်က ချစ်သူကြောင့်ဟု သတင်းများအရ သိရသည်။ Facebook မှာတော့ လူများစွာ၏ မှတ်ချက်များစွာကို ဖတ်လိုက်ရသည်။ ကျွန်တော် စဉ်းစားကြည့်သည်။ ကမ္ဘာပေါ်မှာ ချစ်သူနှင့် ကွဲဖူးသူ၊ ချစ်သူထား၍ ကျန်ခဲ့ဖူးသူ ဘယ်နှစ်ယောက် ရှိပါသနည်း။ အများကြီးပါ။ ထိုသူများက ဘာလို့ ကိုယ့်ကိုယ်ကို သေကြောင်း မကြံဘဲ ထိုမိန်းကလေးကျမှ သည်လိုလုပ်ရခြင်းက သူ့ကံကြမ္မာ သူဖန်တီးခြင်းလား။

သူမသည် ပတ်ဝန်းကျင်၊ အပေါင်းအသင်းနှင့် ကင်းကွာသူလားဟု စဉ်းစားကြည့်သည်။ သူမ အကြောင်းများကို ဖတ်ရစဉ်က ကွန်ပျူတာနှင့်သာ အမြဲထိတွေ့နေပြီး သူ့ဘာသာ နေလေ့ရှိသည်ဟု သိရသည်။ ထိုအချက်သည် သူမယခုလို ဖြစ်သွားခြင်းထဲမှာ အဓိက အကြောင်းတစ်ခုလည်း ဖြစ်နိုင်သည်။ အကယ်၍ သူမမှာ အနီးကပ် အပေါင်းအသင်းရှိပါက သူမမည်မျှခံစားရသည်ကို သိကာ အနည်းနှင့် အများ ဖျောင်းဖျ ပြောဆိုနှစ် သိမ့်နိုင်လိမ့်မည် ထင်သည်။ အခုတော့ သူမဘာဖြစ်နေသည်ကို ဘယ်သူမျှ မသိသည့် အခြေအနေမျိုးမှာ ရုတ်တရက်ဆိုသလို သူမလုပ်ချင်တာ လုပ်သွားသည်ဟု ကျွန်တော်ထင်သည်။ ကျွန်တော်တွေးမိတာပါ။ မှန်ချင်မှ မှန်ပါမည်။

နောက်တစ်ယောက်ကတော့ အိမ်ဖော်ရှာဖွေပေးရေး အေဂျင်စီတစ်ခုက ထွက်ပြေးလာသည်ဆို၍ အလုပ်ရှာနေဆဲ ကာလမှာ ဖြစ်သွားတာဟု ယူဆနိုင်သည်။ စင်ကာပူမှာ အလုပ်လာရှာသူများကြားမှာ အိမ်ဖော်လုပ်မည့် သူများ၏ ဒုက္ခသည် မသေး။ တကယ်တော့ မသိ၍လာသည်ဟု ကျွန်တော်ထင်မိပါသည်။ ကျွန်တော်တို့ လုပ်ကွက်ထဲက ကောင်လေးတစ်ယောက်က ယခုအိမ်ဖော်မလေး ခုန်ချသည့် ကိစ္စကို ဆွေးနွေးရင်း ပြောဖူး ပါသည်။

သူ့အသိ၊ သူတို့နယ်က ကောင်မလေးတစ်ယောက် စင်ကာပူမှာ အိမ်ဖော်လုပ်ဖို့ ရောက်နေ၍ သွားတွေ့ပါသည်တဲ့။ အေးဂျင့်က ကျွေးသည်ကို မဖြစ်ဖြစ်အောင် စားနေရသည်တဲ့။ လက်ထဲမှာလည်း ပိုက်ဆံကမရှိ။ ပေါင်မုန့်နှစ်ချပ်လောက် စားနေရသည်ကပင် အဟုတ်ကြီး ဟုတ်လို့နေသည်တဲ့။

ကျွန်တော့်အနေဖြင့် အိမ်ဖော်အေးဂျင့်များ အကြောင်းနှိုက်နှိုက်ချွတ်ချွတ် မသိပါ။ သို့သော် စင်ကာပူကို အိမ်ဖော် အလုပ်လုပ်မည်ဆိုပြီး လာသူများအကြောင်းတော့ စဉ်းစားဖြစ်ပါသည်။ သူတို့ တကယ် မသိလေရော့သလား။ စင်ကာပူမှာ အလုပ်လုပ်တိုင်း အထင်ကြီးစရာ ရှိနိုင်ပါသလား။ ငွေကရော မှန်းထားသလို ရပါသလား။ ကျွန်တော့်ပို့စ်အဟောင်းတစ်ပုဒ်ဖြစ်သော ကျွန်တော် Citizen ဆိုသည့် ပို့စ်မှာတုန်းကလည်း ကျွန်တော်ရေးခဲ့ဖူးပါသည်။ အိမ်ဖော်လေးကို အိမ်ရှင်က မတရားကျင့်ဖို့ ကြိုးစား၍ ခုခံပြီး ထွက်ပြေးခဲ့သည့် အကြောင်းပါ။

နောက်တစ်ခုက သတင်းစာထဲက သတင်းတစ်ပုဒ်။ မြန်မာအိမ်ဖော်မလေးတစ်ယောက်က အိမ်ရှင်များ မရှိချိန်မှာ အိမ်ရှင်၏သား၊ ကလေး၏ ကွန်ပျူတာကို သုံးကာ သူမ၏ ခန္ဓာကိုယ်ကို မလုံမလဲ ၀တ်ဆင်ပြ၍ အင်တာနက်တွင် တင်ထားကြောင်း၊ အိမ်ရှင်မှ သိသောအခါ အေးဂျင့်ကို ပြန်အပ် လိုက်ရကြောင်း စသည်ဖြင့် ဖတ်လိုက်ရသည်။

ကျွန်တော်ပြောချင်သည်က သူများနိုင်ငံမှာ အလုပ်လာလုပ်သည့်အခါ ကျွန်တော်တို့မှာ စောင့်ထိန်းရသည့် ကျင့်ဝတ်များက များလှသည်။ ကိုယ့်ပြည်ကိုယ့်ရွာ မဟုတ်သောအခါ လုပ်ချင်သည်ကို လုပ်ချင်တိုင်း လုပ်လို့မဖြစ်။ ထိုသို့မဖြစ်သည့်ကြား သူများတိုင်းပြည်က မလုပ်ရပါဆိုသည်ကိုပင် လုပ်ကြည့်ချင်သည့်အခါ မိမိသာ ခံရဖို့ပင်ရှိပါတော့သည်။ ထိုသို့ မလုပ်ရသည်များ များလာသောအခါ မွန်းကျပ်လာတတ် ပါသေးသည်။ ထိန်းချုပ်ခံရပါများသောအခါ လုပ်သင့်၊ မလုပ်သင့်သည်ကို မစဉ်းစားတော့ဘဲ လုပ်ချင် တာသာ လုပ်လာကြတော့သည်။ ယခုတော့ ကိုယ့်ကိုယ်ကိုပင် သေကြောင်းကြံသည့် အဆင့်သို့ ရောက်ခဲ့ ရတော့သည်။ ကျွန်တော့်အမြင်ပါ။

ကျွန်တော်သည် ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်၍ ကံ ကံ၏အကျိုးကို ယုံကြည်ပါသည်။ ယခင်ဘ၀က ပြုခဲ့သော ကံကိုဖြင့် ရှောင်လွှဲ၍ မရနိုင်ပါ။ သို့သော် မိမိကိုယ်ကို သေကြောင်းကြံချင်လောက်အောင်ဖြစ်လာခဲ့လျှင်ဖြင့် တရားဓမ္မဖြင့် ဖြေသိမ့်ခြင်း သို့မဟုတ် သူငယ်ချင်းအပေါင်းအသင်း၊ ဆွေမျိုး၊ မိဘ စသူတို့ထံမှ အကြံဥာဏ်များ တောင်းခံခြင်းတို့ လိုအပ်လှပါသည်။

ယခုတိုက်ပေါ်က ခုန်ချ၍ ဆုံးသွားသော မိန်းကလေးနှင့် တံတားပေါ်က ခုန်ချ၍ ဆေးရုံရောက်နေသော မိန်းကလေး နှစ်ဦးစလုံးမှာ သူတို့သာလျှင် ဆုံးရှုံးရကြောင်း နောက်ဆုံးမှသိရှိရသည့် သဘောဖြစ်သွားလေသည်။ သူတို့မိဘ၊ မောင်နှမ၊ ဆွေမျိုးသားချင်းများ ဆိုလျှင်လည်း ရင်ထုမနာ ဖြစ်ကြ ရတော့မည်။ သို့သော် ယခုအချိန်မှာ ဘာတတ်နိုင်ပါတော့မည်နည်း။ ၀မ်းနည်းခြင်း၊ ပူလောင်ခြင်း၊ ကြေကွဲခြင်းတို့သာ သူတို့ သမီးမိန်းကလေး အတွက် ခံစားနေကြရှာရော့မည်။

တကယ်တော့ နိုင်ငံခြားထွက် အလုပ်လုပ်သည် ဆိုခြင်းမှာ စဉ်းစားစရာများစွာ ရှိပါသည်။ ငွေကြေး တစ်ခုတည်း မျက်စိမှိတ်၍ ဇွတ်ဆုံးဖြတ်သည့် အတွေးမျိုး၊ ထွက်ရပြီးရော၊ စင်ကာပူရောက် ပြီးရောဆိုသည့် အတွေးမျိုးနှင့်တော့ မလာသင့်ပါ။ စင်ကာပူရောက်ပြီးလျှင်တောင်မှ လူမှုအသိုင်းအ၀ိုင်းက ကင်းကွာ၍ နေမရပါ ဆိုသည်ကိုလည်း နှလုံးသွင်း ထားသင့်ပါသည်။ စင်ကာပူမှာ မြန်မာများစွာ ရှိပါသည်။ လူမှုအသိုင်းအ၀ိုင်းက အလိုလိုလက်ခံထားသော စည်းများလည်း ရှိပါသည်။ ဆွေမျိုးမရှိလျှင်တောင် အပေါင်းအသင်းတော့ ရှိလာဦးမည် ဖြစ်ရာ အကြံဥာဏ်များလည်း တောင်းခံသင့်လှပါသည်။

စိတ်ညစ်သည် ဆိုပြီး ခဏခဏ ခုန်ချနေလျှင် ကြာလျှင် တစ်ယောက်မှသည် တစ်ရာ ဆိုသလိုဖြစ်လာနိုင်ပါသည်။ စလုံးမလေးများ ဘောင်းဘီတို ၀တ်၍ လိုက်ဝတ်ကြသော မြန်မာမလေး များကို တွေ့ရစဉ်က တစ်မျိုးဖြစ်မိသော ကျွန်တော့်အတွက် ယခုကိစ္စမျိုးထက် ဘောင်းဘီတို ကိစ္စက တော်ပါသေးလားဟု ပြန်တွေးရမလို ဖြစ်သွားလေသည်။ သို့သော် ဘောင်းဘီတိုကိစ္စ ဓာတ်ကူးသလိုတော့ဖြင့် မြန်မာမိန်းကလေးများကြား စလုံးက ကိုယ့်ကိုယ်ကိုသေကြောင်းကြံသည့် ကိစ္စမျိုး ဓာတ်မကူးစေချင်ပါ။

ကျွန်တော့်အနေဖြင့် ကိုယ့်လူမျိုး မြန်မာမိန်းကလေး ငယ်ငယ်ကလေးများ အရွယ်ကောင်းချိန်မှာ အသေဆိုးဖြင့် မသေစေလိုပါ။ အညွန့်လို တလူလူတက်ချိန်တွင် စင်ကာပူမှာ လိုချင်တာမရပါကလည်း ကိုယ့်ပြည်ကိုယ့်ရွာမှာ မိဘ၊ ဆွေမျိုးသားချင်းနှင့် အေးအေးချမ်းချမ်း ပြန်နေရင်း ဘ၀ပြန်စစေချင်ပါသည်။

ကျွန်တော်တို့လည်း စိတ်ညစ်စရာများစွာ ရှိနေပါသည်။ အလုပ်မှာအဆင်မပြေဖြစ်သည်က ခဏခဏ။ ထူးပင်မထူးဆန်းတော့။ မိုးလင်းမိုးချုပ် အလုပ်လုပ်၍ ဘ၀ပျောက်နေသော နိုင်ငံမှာ ကိုယ့်ပျော်ရွှင်မှုကို ကိုယ့်ဘာသာရှာယူနေရရာ နေတတ်မှသာ တော်မည်ဖြစ်သော စင်ကာပူဟုသာ ဆိုရပေမည်။ သည်လိုစိတ်ညစ်တိုင်းသာ အမြင့်တစ်နေရာရာက ခုန်ချရလျှင်ဖြင့် ကျွန်တော်တို့မြန်မာများ စင်ကာပူမှာ ဘယ်ကျန်ပါတော့မည်နည်း။ City Hall က Peninsula Plaza မှာ ကြုံနေရသော မြန်မာများထဲမှာ အလုပ်ကြောင့်စိတ်မညစ်ဖူးသူ ရှိပါသလားဟု လိုက်မေးကြည့်လျှင်ပင် ဟားတိုက်ခံရနိုင်ပေသည်။ အချစ်ရေးကြောင့် အသည်းကွဲနေသူများလည်း ရှိပါလိမ့်မည်။ သည်တော့ လောကကြီးမှာ ကိုယ်တစ်ယောက်တည်း စိတ်ညစ်စရာများ စုပြုံကျနေသည်ဟု မထင်မိပါစေနှင့်။

ကျွန်တော့်အနေနှင့်တော့ မြန်မာမိန်းကလေးများကို ထပ်မံတောင်းပန်ချင်ပါသည်။ အဲသည်လိုတော့ဖြင့် မလုပ်ကြပါနှင့်ဟု။ တိုက်ပေါ်၊ တံတားပေါ်က ခုန်ချမည်ကြံတိုင်းလည်း ကိုယ့်မိဘ၊ ကိုယ့်မောင်နှမ၊ ကိုယ့်ဆွေမျိုး မျက်နှာလေးများကို ပြန်မြင်ယောင်ကြည့်ကြပါဟု အနူးအညွှတ် မေတ္တာရပ်ခံ ချင်ပါတော့သည်။ ။

ဆူးသစ်
၂၂:၂၂ နာရီ
၁၅.၁၂.၂၀၁၁


6 comments:

khin oo may said...

ခုန်တော့မချချင်ပါဘူး ဒါပေမဲ့မွန်းကြပ်ညစ်တယ်ကွယ်။ ဖွင့်ပြောရမဲ့သူလဲမရှီဘူး ခက်တယ်။ အစအဆုံးပြောချင်တာ psy conselling နဲ့သွားတွေ့ရင်တော့အစအဆုံးနားထောင်ပေးမှာလားဒါပေမဲ့သူလည်းဇတ်ရည်လည်မှာမဟုတ်ဘူး အကောင်းဆုံးကတော့ငယ်သူငယ်ချင်း ကိုယ့်ကိုအချိန်ပေးနိုင်မဲ့သူပေါ့. ရှိတဲ့သူလဲ မရှိရှာတော့ဘူး. ရှိတဲ့သူတွေကလည်းမအားကြဘူး နားထောင်ချင်ပါတယ် .မအားကြဘူး အားတဲ့သူတွေကလည်းအခုမှသိတဲ့သူတွေဇတ်ရည်လည်နိုငမှာမဟုတ်ဘူး. ဟင်း......

နစ်ခေါက်တော့ဖတ်လိုကတယ် ပြေလိုပြေငြား.

ကိုတူး said...

တိုင်းတစ်ပါးရောက်နေတဲ့ ကျွန်တော်တို့ မြန်မာတွေ ဘေးရန်ကင်းပြီး စိတ်ကျန်းမာ ကိုယ်ကျန်းမာ ရှိကြပါစေဗျာ .. ဒီလိုသတင်းတွေကြားရတော့ စိတ်မကောင်းဘူး .. အားလုံးကို ကိုယ်ချင်းစာပါတယ်။

ဆောင်းနှင်းရွက် said...

ဟုတ်တယ် .. ခဏခဏ အဲ့လိုတွေ ခုန်ချနေကြရင် မကောင်းဘူး ..
အင်းလေ.. အဲ့လိုတွေ မလုပ်ကြပါနဲ့ ..

လူတိုင်းမှာ စတွက်နဲ့ စိတ်ညစ်စရာဆိုတာ ရှိကြတာပါပဲ ..
တစ်ယောက်နဲ့ တစ်ယောက်
စိတ်ညစ်စရာ နည်းတာများတာပဲ ကွာမယ်..

ဆောင်းနှင်းကတော့ စတွက်အရေခွံထူပြီး
စတွက် မရှိရင်တောင်
လူနေကောင်းရဲ့ ကိုယ့်နဖူးကိုယ်
ပြန်စမ်းရတယ် .. :P

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Angelhlaing(May everybody be happy and healthy! said...

တစ်ကယ့်ကို ကြားရတာ ဝမ်းနည်းစရာ သတင်းတွေပါပဲအကို...:(

mstint said...

ဒီလိုကိစ္စဆိုတာ ပြောရတာခက်သားဆူးသစ်ရေ။
အတိတ်ဘဝရဲ့အကျိုးဆက်လို့ပဲပြောရလေမလား။
'မိုးလင်းမိုးချုပ် အလုပ်လုပ်၍ ဘ၀ပျောက်နေသော နိုင်ငံမှာ ကိုယ့်ပျော်ရွှင်မှုကို ကိုယ့်ဘာသာရှာယူနေရမယ်' ဆိုတဲ့ ဆူးသစ်ရဲ့
အတွေးမျိုးကို လူတိုင်းတွေးသင့်တာပေါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လွင်ပြင်လှိုင်းငယ် said...

ဝမ်းနည်စရာ သတင်းပါပဲ

Related Posts Plugin for WordPress, Blogger...