Sunday, May 6, 2012

" ဘယ်ဟာက ပထမလဲ " ( ၁ )

စကားချီး

ကျွန်တော်မြန်မာပြည်မှာ ရှိတုန်းက အလုပ်လုပ်ခဲ့တာ ပြည်သူ့ဝန်ထမ်းဘ၀နဲ့ပါ။ ၀န်ကြီးဋ္ဌာနတစ်ဋ္ဌာနရဲ့ လက်အောက်က ဘေးအန္တရာယ် ကင်းရှင်းရေးတွေလုပ်တဲ့ ဋ္ဌာနမှာပါ။ တော်တော်များများ မသိတဲ့ဋ္ဌာနတစ်ခုပါ။  ဘာတွေလုပ်လဲဆိုတော့ စက်ရုံ၊ အလုပ်ရုံတွေရဲ့ ဘေးကင်းရေးကို လိုက်စစ်ရပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ "၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ" ဆိုတာ ရှိပါတယ်။ အဲဒီ ဥပဒေဟာ "၁၉၆၄ ခုနှစ် ပြည်သူ့အလုပ်သမားများ၏ အခြေခံ ရပိုင်ခွင့်နှင့် တာဝန်များ ပြဋ္ဌာန်းသည့် ဥပဒေ"ရဲ့ နည်းဥပဒေပါ။ ဆိုလိုတာက ၅၁ ကို ချိုးဖောက်ရင် ၆၄ ထဲက ပြစ်ဒဏ်အတိုင်း အရေးယူလို့ရတယ် ဆိုတဲ့သဘောပါ။

ဒီလိုနဲ့ မြန်မာပြည်ထဲမှာပဲ ကျွန်တော်တို့တာဝန်ကျရာ နယ်မြေတွေထဲကို ရန်ကုန်မှာ အဓိကထိုင်ပြီး လှည့်ပတ်စစ်ခဲ့တယ်ပဲ ဆိုပါတော့။ အခုတော့ ကျွန်တော် စင်ကာပူရောက်လာခဲ့ပါတယ်။ ဒီမှာလည်း ဒီလိုပဲ။ Safety Supervisor တဲ့။ လုပ်ငန်းခွင် ဘေးအန္တရယ် ကင်းရှင်းရေးတာဝန်ခံ လုပ်ရပါတယ်။ ဒါပေမဲ့ စင်ကာပူမှာကတော့ ဘေးကင်းရေး သာမက၊ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတဲ့ အပိုင်းတွေပါ ပါလာခဲ့ပါတယ်။ အခု ကျွန်တော်ပြောချင်တာတွေက ကျွန်တော်ကြုံခဲ့ရတဲ့ မတော်တဆ ထိခိုက်မှုတွေ အကြောင်းပါ။ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံကလူတွေ အဲဒါနဲ့ ပတ်သက်ရင် အသိအများကြီး နောက်ကျနေခဲ့ပါပြီ။ ဒီတော့ ကျွန်တော်တတ်နိုင်တဲ့ တစ်ဖက်တစ်လမ်းကနေ ဗဟုသုတဖလှယ်တဲ့သဘောမျိုးနဲ့ ပြောကြည့်ပါမယ်။ စင်ကာပူမှာ ကျွန်တော့်ထက် စောရောက်ပြီး Safety Officer ဖြစ်နေသူတွေ တစ်ပုံကြီးပါ။ Safety Coordinator တွေလည်း များမှများ။ ကျွန်တော့်အဆင့်က Supervisor အဆင့်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ မြန်မာပြည်မှာ လုပ်လာခဲ့တဲ့ အတွေ့အကြုံရယ်၊ စာရေးပြီးပြောလို့ရတယ် ဆိုတဲ့အသိရယ်၊ မပြောရင်လည်း တချို့လုံးဝမသိလေတော့ သေတာ၊ ဒဏ်ရာရတာတွေ လျော့စေချင်လို့ရယ်၊ လုံးဝမဖြစ်စေချင်လို့ရယ်၊ ပြီးတော့ နည်းနည်းသိရင် နည်းနည်း အကျိုးရှိတန်ကောင်းတယ်လို့ ယူဆလို့ ကိုယ့်ဘာသာ Coordinator  မဖြစ်ခင်၊ Officer မဖြစ်ခင် သိသမျှ ခင်းကျင်းပြသလိုက်ရပါတယ်လို့ စကားဦး သမ်းပါရစေ။

xxxxxxxxxxxxxxxxxxxxxx

 ကျွန်တော့်ဘ၀ရဲ့ ပထမဦးဆုံး စစ်ခဲ့တဲ့ မတော်တဆထိခိုက်မှုတစ်မှုက ပဲခူးတိုင်းမှာပါ။ အဲဒီတုန်းက ကျွန်တော်က ပဲခူးတိုင်းအရှေ့ခြမ်းကိုတွဲကိုင်ရပါတယ်။ ထားပါတော့။ ဖြစ်တာက အရက်ချက်စက်ရုံ တစ်ရုံမှာပါ။

ဖြစ်တဲ့သူက အဒေါ်ကြီးတစ်ဦးပါ။ ဖြစ်ပုံက ဒီလိုပါ။

သူတို့စက်ရုံက အရက်ချက်ရင် ကုန်ကြမ်းကို ကြံကနေယူပါတယ်။ ဒီတော့ ကြံကို အရည်ကြိတ်ပါတယ်။ အရည်ကြိတ်တယ်ဆိုတာမှာလည်း ကျွန်တော်တို့လမ်းဘေးက ကြံရည်ဆိုင်ရောင်းသလို ကြိတ်တာ မဟုတ်ပါဘူး။ လက်နဲ့လှည့်နေရင် ဘယ်ပြီးပါတော့မလဲ။ ဒီတော့ မော်တာနဲ့ ကြိတ်ပါတယ်။

အဲဒီနေ့က အဲဒီအဒေါ်ကြီးဟာ အဲဒီစက်မှာ တစ်ယောက်တည်းလုပ်နေတာပါ။ အချိန်က ထမင်းစားချိန်။ ဘာလို့သူတစ်ယောက်တည်း လုပ်နေလဲဆိုတော့ သူက ပုတ်ပြတ်သမား။ တစ်ရက်ကို ဘယ်လောက်ထွက်ရင် ဘယ်လောက်ရမယ်ဆိုတာမျိုး။ ဒီတော့ သူများထမင်းစားသွားတော့ သူကျန်နေခဲ့တယ်။ သူစားပြီး ပြန်လုပ်နေတာလည်း ဖြစ်ချင်ဖြစ်မှာပါ။ ကျွန်တော်မမှတ်မိတော့ပါဘူး။ ဒါပေမဲ့ လုပ်ငန်းခွင်မှာ တစ်ယောက်မှ ရှိမနေဘူးဆိုတာကို ကျွန်တော်ပြောချင်တာပါ။ ပိုဆိုးတာက ကြံရည်ထုတ်စက်က ပင်မစက်ရုံနဲ့ စည်းရိုးခြားပြီး တော်တော်လှမ်းသလို ကြံကွင်းတွေနားမှာ ရှိပါတယ်။ ပြောရရင် လယ်ယာနဲ့ ပိုနီးပါတယ်။ ပင်မစက်ရုံကနေ လမ်းမကိုထွက် ပြီးမှ အပြင်ဘက်ကနေ ပြန်ဝင်ရပါတယ်။ လမ်းမကနေ ကြံရည်စက်နေရာကိုလည်း တော်တော် ၀င်ရပါသေးတယ်။ ပြောရရင် ခေါ်မကြား၊ အော်မကြားပေါ့။

အဲဒီအဒေါ်ကြီးဟာ အဲဒီနေ့က စစ်အင်္ကျီဝတ်ထားပါတယ်။ ဒါလည်း အရေးပါလို့ ထည့်ပြောတာပါ။ သူက တစ်ယောက်တည်း ကြံကြိတ်နေပါတယ်။ အဲဒီလိုကြိတ်တဲ့အခါ သူက ကြံစက်ရဲ့ဘေးမှာ မတ်တတ်ရပ်ပြီး ကြံချောင်းကို ထိုးထည့်ရပါတယ်။ သူသတိမထားမိတာက သူရပ်နေတဲ့ဘက်က စက်ဘေးမှာ Gear Wheel လို့ခေါ်တဲ့ ခွေးသွားစိတ်တွေပါတဲ့ ဘီးလုံးတွေရှိနေတာပါ။ သူက အဲဒီဘက်ကရပ်ပြီးကြံတွေကို စက်အလယ်မှာရှိတဲ့ ကြိတ်လုံးနှစ်လုံးကြားကို ထည့်တာပါ။ သူမသိတာက အဲဒီ ခွေးသွားစိတ်တွေပါတဲ့ ဘီးတွေမှာ ဘာအကာအရံမှမရှိပါဘူး။ အသွားတွေက ဒီအတိုင်းပဲ ပေါ်နေတာပါ။

 ခွေးသွားစိတ်ဘီး နမူနာပုံ

အဲဒီအချိန် အခိုက်အတန့်လေးမှာပဲ အဒေါ်ကြီးဝတ်ထားတဲ့ စစ်အင်္ကျီလက်စဟာ အဲဒီခွေးသွား စိတ်တွေထဲကို စညပ်ပါတော့တယ်။ ခွေးသွားစိတ်ဘီးနှစ်လုံးဟာ အတွင်းဆန့်ကျင်ဘက်ကို မျက်နှာချင်းဆိုင် လည်နေတာမို့ ညှပ်ထားတဲ့ အင်္ကျီကိုစဆွဲပါတယ်။ အဒေါ်ကြီးရဲ့လက်ပါသွားပါတယ်။ ဒါပေမဲ့ ဘယ်လိုမှရုန်းလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူဝတ်ထားတဲ့ စစ်အင်္ကျီစဟာ အသားက တော်တော်နဲ့ မပြဲလို့ပါ။

အဲဒီအချိန်မှာ စက်ကို ရပ်တဲ့ခလုတ်ဟာ သူ့ဘက်မှာ ရှိမနေပါဘူး။ သူရပ်နေတဲ့ဘက်နဲ့ တခြားဘက်မှာပါ။ ဒီတော့ သူသွားပိတ်လို့ မရပါဘူး။ လက်နဲ့တောင် မမီတဲ့နေရာမှာပါ။ ကောင်းပြီ။ သူမပိတ်နိုင်လို့ နောက်တစ်ယောက်ရှိလားဆိုတော့ တစ်ယောက်မှ မရှိပါဘူး။ လှမ်းခေါ်ဖို့ ကျတော့လည်း ခေါ်မကြား၊ အော်မကြားပါ။ ဒီတော့ နောက်ဆုံးမှာ အဲဒီအဒေါ်ကြီးရဲ့လက် ခွေးသွား စိတ်တွေကြားမှာ အညပ်ခံလိုက်ရပါတယ်။

 အရေးပေါ်ခလုတ် နမူနာပုံ

ကျွန်တော်သွားစစ်တဲ့အချိန်မှာတော့ ဆရာဝန်က လက်ဖြတ်ရမယ်လို့ပြောလို့ တံတောင်ကနေ ဖြတ်ပစ် လိုက်ရပါတယ်။

အဲဒီ မတော်တဆထိခိုက်မှုကို ပြန်ကြည့်ရင် -

၁။ လည်ပတ်နေတဲ့ စက်တွေမှာ ကာမထားပါဘူး။
၂။ ဘေးမှာ အကူလူရှိမနေပါဘူး။
၃။ အရေးပေါ် ခလုတ်ပိတ်ဖို့ စက်နဲ့ဝေးတဲ့နေရာမှာ ထားထားတာပါ။
၎။ သူရပ်နေတဲ့ နေရာမှားတာလည်း ပါပါတယ်။

ကျွန်တော်အဲဒီလို သုံးသပ်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံက ဥပဒေမှာတော့ ၅၁ ဥပဒေထဲမှာ ပုဒ်မ ၂၃ က စက်ကိရိယာတွေကို အကာအရံတွေ တပ်ဆင်ရမယ်လို့ ပါပါတယ်။ ဒါပေမဲ့ အဲဒီဥပဒေထဲကလို အပြင်မှာ လုပ်တာကတော့ အစဉ်အလာအရ တော်တော်နည်းပါတယ်။ အခုနောက်ပိုင်း စက်မှု ဇုန်တွေမှာ ရောက်လာတဲ့ စက်အသစ်တွေမှာတော့ မူလစက်မှာ လာကတည်းက အကာတွေ ပါပြီးသားပါ။ စင်ကာပူမှာတော့ မေးစရာကို မလိုတော့တာပါ။ ကျွန်တော်မြင်ဖူးသမျှ အားလုံးအကာတွေနဲ့ချည်းပါပဲ။

 စက်တွေကို အကာအရံတွေ တပ်ထားတဲ့နမူနာပုံ

ဒီတော့ စက်တွေသုံးရင် အန္တရာယ်ရှိတယ်၊ လည်ပတ်နိုင်တယ် လို့သိနေရင် ကာထားတာ အကောင်းဆုံးပါ။ ဒီဖြစ်စဉ်မှာ ကြည့်ရင် အကူလူလိုတယ် ဆိုတာလည်း ထင်ရှားပါတယ်။ စင်ကာပူမှာတော့ Body System လို့ပြောပါတယ်။ တစ်ယောက်လုပ်ရင် နောက်တစ်ယောက် အနားရှိရမှာပါ။ မရှိရင် မလုပ်နဲ့ပေါ့။ ရှင်းပါတယ်။

နောက်တစ်ခုက အရေးကြီးတဲ့အချိန်မှာ သုံးရမယ့် အရေးပေါ်ခလုတ်။ ဒါလည်း ကိုယ်အသုံးပြုမယ့် စက်နဲ့ နီးနေရင် ကောင်းပါတယ်။ ဝေးရင်တော့ အလွယ်တကူ ပိတ်လို့မရနိုင်ပါဘူး။

မြန်မာပြည်မှာတော့ ဒီလို Mini Circuit Breaker တွေသုံးပါတယ်

 ဒါကတော့ တကယ်စက်ကြီးတွေအတွက် သုံးတဲ့ အရေးပေါ်ခလုတ်နမူနာပုံပါ

နောက်ဆုံးတစ်ချက်ကတော့ အလုပ်လုပ်တဲ့နေရာပါ။ ကြံချောင်းထည့်တာ တခြားနေရာတွေက ထည့်လို့ရရဲ့သားနဲ့ ခွေးသွားစိတ်ဘီးတွေ ရှိတဲ့နေရာက ရပ်ပြီးမှ ထည့်တာတော့ ဗဟုသုတနည်းတယ်လို့ ကျွန်တော်ယူဆပါတယ်။ ကြီးကြပ်မှုလည်း အားနည်းပါတယ်။ အလုပ်လုပ်ရင် ကိုယ်အန္တရာယ် ကင်းတဲ့ နေရာမှာ ရပ်ပြီးလုပ်ဖို့လိုတယ်ဆိုတာလည်း မမေ့သင့်ဘူးဆိုတာ ဒီအဖြစ်က သက်သေပါ။

နောက်ဆုံး နိဂုံးချုပ်တော့ လူတစ်ယောက်ရဲ့ လက်ဆုံးရှုံးသွားရတာပါ။ ကျွန်တော်စိတ်မကောင်းပါဘူး။ သူ့ရဲ့ဘ၀တစ်လျှောက် လက်တစ်ဖက်မရှိဘဲ ရပ်တည်ရပါတော့မယ်။

တစ်ခါတစ်ခါကျတော့ ပြန်တွေးမိပါတယ်။ ကျွန်တော်တို့ အလုပ်လုပ်နေတဲ့အခါ ဘယ်ဟာက ပထမ ဦးစားပေးလဲလို့။ တည့်တည့်တော့ မပြောချင်တော့ပါဘူး။ ကိုယ့်ဘာသာ တွေးကြည့်ကြ ပါတော့လို့ပဲ ပြောပါရစေ။

ကျွန်တော့်အတွက်ကတော့ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးတွေ တောက်လျှောက်လုပ်လာတဲ့ သူမို့ မြန်မာပြည်မှာ နေကတည်းက "လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးသည် ပထမ" ဆိုတဲ့ စာတန်းလေးတွေ တွေ့ရင် အတွေးနယ်ချဲ့နေမိတော့တာပါပဲ။ စင်ကာပူမှာတော့ " Safety First " လို့ အမြဲအော်တဲ့ အသံကို ကြားနေရတော့ နေ့တိုင်း တပ်လှန့်နေသလိုပါပဲ။

ဘာပဲဖြစ်ဖြစ်ပါ။ ကျွန်တော့်အတွက် ဘေးအန္တရာယ်ကင်းရှင်းရေး ၀န်ထမ်းတစ်ယောက်အဖြစ် အသက်မွေးရတာ ကျေနပ်စရာ တစ်ခုအဖြစ် သိလာရလို့ လူတွေရဲ့ ဘေးကင်းရေးကို အတတ်နိုင်ဆုံး လုပ်ပေးဖို့ ဆုံးဖြတ်ထားမိတာပါပဲ။         ။

ဆူးသစ်
၁၄: ၄၇ နာရီ
၆.၅.၂၀၁၂


4 comments:

နွေတေးရှင် (မင်းဧရာ) said...

အစ်ကိုကြီးရေ...
တိုက်ဆိုင်မှု့လေးတွေရှိလို့ ဖြည့်ပြောချင်သေးတယ်ဗျာ။

"လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးသည် ပထမ"

အဲစာကြောင်းကို ကျွန်တော်လည်း အကြိမ်ပေါင်းမနည်း တွေ့ဖူးနေပေမယ့် တကယ်တမ်းကြတော့ လိုက်နာတဲ့သူနည်းပါတယ်။

ဆိုကြပါစို့ အလုပ်ရှင်နဲ့ အလုပ်သမား အကြားမှာ အလုပ်ရှင်ကလည်း သူ့လုပ်ငန်းလည်ပတ်မှု့ကိုဘဲ ဦးစားပေး တွေးတယ် အလုပ်သမားတွေကလည်း အသိပညာ နည်းတယ်။

အဲဒီနှစ်ခုကြားထဲမှာ တကယ်နင့်နာကြရတာက အလုပ်သမားတွေပါ အထူးသဖြင့် အရက်ချက်စက်ရုံနဲ့ သကြားစက်ရုံတွေမှာ အဖြစ်များပါတယ်။

ကျွန်တော်ကိုယ်တိုင်လည်း သကြားစက်ရုံမှာ ဆယ်နှစ်ကျော် လုပ်ဘူးလေတော့ ထိခိုက်မှု့ သတင်းတွေဆိုတာ မကြာခဏဆိုသလို ကြားရပါတယ် အဲလိုထိခိုက်မှု့ တစ်ခုကြားလိုက်ရပြီဆိုတာနဲ့ ခြေကျိုး လက်ပြတ် တစ်ခါတစ်ရံ အသက်တွေပါ ထွက်တတ်တဲ့ မတော်တဆမှု့တွေပါ။

ပြီခဲ့သည့်နှစ်က ကျွန်တော်အလုပ် လုပ်ခဲ့ဖူးတဲ့ သကြားစက်ရုံမှာ မတော်တဆမှု့ တစ်ခုဖြစ်တာ ကောင်လေးခင်မျာ အသက်ထွက်သွားတာကမှ သက်သာဦးမယ်ဆိုတဲ့အတိုင်းပါဘဲ ခြေကျိုးလက်ကျိုးယုံတင်မကဘဲ ဦးခေါင်းကိုပါထိပြီး ကောင်လေးခင်မျာ ဦးဏှောက် အသိတရားတွေပါ ပျောက်သွားရပါတယ်။

ဒီနေရာမှာ ကျွန်တော်တို့ဘာကိုတွေ့ လိုက်ကြရသလဲဗျာ အလုပ်သမား ဥပဒေ ဆိုတာ ကြားယုံသာ ကြားဘူးပြီး မြင်ဖူးချင်လို့မရတဲ့ သတ္တ၀ါကြီး ဆိုတာပါ။

အကိုရေ...
ပြောချင်တာတွေများလို့ ကွန်မန့်က ရှည်သွားတယ်ဗျာ တောင်းပန်ပါတယ် အကိုကြီး။

စံပယ်ချို said...

သကြားစက်ဆိုလို့ဦးလေး ဦးစောမြင့်သန်းတာဝန်ကျတဲ့
မိုင်းသောက်သကြားစက်ကိုတခါရောက်ဖူးတယ်
ခုဒီမှာတော့ ဆောက်လုပ်ရေးရှိတဲ့နေရာတိုင်း
Safety First ဆိုတာကိုတွေ့နေရတယ် တကယ်လိုက်နာ- မလိုက်နာတော့မသိပါဘူး
အထဲကိုကိုယ်တိုင်ဝင်မကြည့်ဖူးဘူးလေ

လွင်ပြင်လှိုင်းငယ် said...

ဆရာဆူးသစ်ရေ ပို့ကောင်းလေးဖတ်သွားပါတယ်။
ဖတ်စရာအကြွေးတွေလဲရှင်းရင်ပေါ့။ကျွန်တော်လဲ ဆရာဆီမရောက်ဖြစ်တာကြာသွားပြီ ကြာဆို ကျွန်တော်ဆိုဒ်က ၀ွဲခဏခဏစွဲနေလို့ ဆိုဒ်ကို စိတ်ချတဲ့
အခြေအနေရောက်အောင် ပြန်လုပ်နေရလို့ပါ။ဆရာ့ကိုလဲ ကျေးဇူးအထူးတင်ပါတယ် ဆရာသာမပြောပြဖြစ်ခဲ့ရင် ကျွန်တော်လဲ စစ်ဖြစ်မှာမဟုတ်ဘူး အခုတော့ ပုံမှန်လိုစစ်ဖြစ်ပါတယ်။အခုတော့ စိတ်ချရပြီထင်တာပဲ အချိန်ရရင် ဆိုဒ်လေးကို လာရောက်ဖို့ ဖိတ်ခေါ်ပါတယ်။
လေးစားချစ်ခင်လျက်

လွင်ပြင်လှိုင်းငယ်

Han Kyi said...

ကိုဆူးသစ်ပြောတဲ့ ဌာနကို မကြားဖူးသလို အလုပ်သမားဥပဒေကိုလည်း သတိမထားခဲ့မိဘူးဗျာ...ပွင့်ပွင့်လင်းလင်းပြောရရင် ရှိမှန်းကိုမသိတာ...

တစ်ခုတော့ ရှိသဗျ...ကိုယ့်ဆီမှာက ဥပဒေဆိုတာ အများသိအောင် ချပြရမယ့် ပြဌာန်းချက်လို့ သဘောမထားဘဲ စာအုပ်ထဲမှာ ရေးထည့်ထားပြီး...တရားစွဲတဲ့အခါမျိုးကျမှ ထုတ်သုံးရမယ့်အရာလို့ ယူဆတာက များတယ်...

တကယ်တော့ ဒီကိစ္စမျိုးမှာ အလုပ်ရှင်နဲ့ အလုပ်သမားကို ထိုက်သင့်တဲ့ ဥပဒေကြောင်းဆိုင်ရာ၊ လုံခြုံမှုပိုင်းဆိုင်ရာကို ကျကျနန ပညာပေးလိုက်ရင် လုပ်ငန်းခွင်လုံခြုံမှုပိုင်းကို အထိုက်အလျောက်စိတ်ချရသွားမယ်လို့ ယူဆမိတာပါပဲ...

ပညာသည် ပဓာန မဟုတ်လားဗျာ...

Related Posts Plugin for WordPress, Blogger...