Sunday, May 27, 2012

"ကြည်နူးရပါသည်"

အလုပ်ထဲမှ မြန်မာ အလုပ်သမားလေးများနှင့် ဘင်္ဂလားဒေ့ရှ် အလုပ်သမားလေးများ ဘောလုံး ချိန်းကန်ကြမည်ဟု သူတို့ချင်းပြောနေသံကို တစ်ရက်မှာ ကျွန်တော်ကြားရသည်။ ဘကုန်းလေးများက စ၍ တောင်းဆိုခြင်းဖြစ်သည်ဟု မြန်မာအလုပ်သမားလေးများက ပြောသည်။ ဘကုန်းလေး များက လောင်းကြေးနှင့်တောင် ထပ်ခေါ်တာဟု ဆို၏။ စင်ကာပူဒေါ်လာ တစ်ထောင်ကြေးဟု သိရသည်။

သို့သော်မြန်မာများက စင်ကာပူဒေါ်လာ တစ်ထောင်သည်များသည်။ ထို့ကြောင့် ငါးရာကြေးသာ ကစားပါဟု ဆိုသည်။ သို့သော် ထိုငါးရာကို မည်သူနိုင်နိုင် ပွဲပြီးသည်နှင့် ပျော်ပျော်ပါးပါး သွား၍ စားကြမည်ဟု သဘောတူကြသည်။ 

သူတို့ မည်သည့်အချိန်၊ မည်သည့်နေ့တွင် ကန်မည်ကို ကျွန်တော်မသိ။ သို့သော် နည်းနည်းတော့ စိတ်ဝင်စားမိသည်။ ကျွန်တော်လည်း ဘောလုံးကို ၀ါသနာပါ ပါသည်။ သူတို့လို မကန်နိုင်တော့တာသာ ရှိ၏။ ကျွန်တော်က ဘေးအန္တရာယ် ကင်းရှင်းရေးကို အလုပ်ထဲမှာ တာဝန်ယူထားသူ ဖြစ်ရာ သူတို့နှင့် ဘောလုံးရောကန်ဖို့ ဆိုသည်က မဖြစ်နိုင်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် အရောဝင် အရိုအသေတန် ဆိုသောစကားလို ဖြစ်မှာကို စိုးသည်။

သို့သော် လွန်ခဲ့သည့် တစ်နှစ်ကျော်လောက်ကတော့ မြန်မာအလုပ်သမားများ ဘောလုံးကန်မည်ဆို၍ ကျွန်တော်က ကြားထဲကနေ ဒိုင်အဖြစ် တာဝန်ယူပေးခဲ့သည်။ ဒါတောင် ကျေးဇူးရှင်များက ဘာလောင်းကြေးမှ မဟုတ်ဘဲ ကျွန်တော့်ဆုံးဖြတ်ချက်ကို စောဒက တက်ချင်သေးသည်။ ယခုကစားမှာက မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အလုပ်သမားလေးများ ကန်မှာဖြစ်သည်။ ကျွန်တော့်အနေနှင့် မည်မျှပင် သမာသမတ် ကျသည်ဟု ကိုယ့်ကိုယ်ကို ၀န်ခံခံ၊ မည်သူမျှ ယုံမှာမဟုတ်။

နိုင်ငံတကာ ဘောလုံးပွဲများတွင်ပင် တကယ့်ပြိုင်ပွဲများ၌ ပွဲစဉ်အလားအလာကို ကြည့်ပြီး ဒိုင်ကို တာဝန် ခွဲပေးတတ်သည်။ နိုင်ငံတစ်နိုင်ငံမှ အသင်း တစ်သင်း တက်လမ်းပွင့်နိုင်သည့် အချိန်မှာ အခြားနိုင်ငံနှစ်သင်း ကန်သည့်ပွဲမျိုးကို ထိုတက်လမ်းရှိသော အသင်းရှိသည့် နိုင်ငံမှ ဒိုင်မျိုးတာဝန် မချခြင်းသည် မျှတမှုပင်။ ထိုသို့မဟုတ်ပါက အနှီဒိုင်မှာ သူတာဝန်ယူနေသော နှစ်သင်းကို သူ့နိုင်ငံအသင်း တက်လမ်းပွင့်စေရန် ကြိုက်သလို ဆုံးဖြတ်နိုင်ပေသည်။ ဥပမာ-တစ်သင်းရှုံးလျှင် သူ့နိုင်ငံအသင်း တက်နိုင်၍ ထိုအသင်းမရှုံးရှုံးအောင် တစ်ဖက်အသင်းကို ပြစ်ဒဏ်ဘောများပေး၊ ပင်နယ်တီပေး စသည်ဖြင့် မရှုံးရှုံးအောင် လုပ်၍ ရနေပေသည်။ ဘောင်အတွင်းက ညစ်ပတ်ပြီး သူ့နိုင်ငံအသင်း နိုင်အောင် လုပ်ခြင်းပင်။

ထိုအကြောင်းအရာများကို သိသော ကျွန်တော်က မြန်မာအလုပ်သမားများပါသော အသင်းနှင့် ဘင်္ဂလားဒေ့ရှ် အလုပ်သမားများပါသော အသင်းတို့ကန်သော ဘောလုံးပွဲစဉ်ကို ဒိုင်လုပ်ရမည် ဆိုသောအခါ လုံးဝ မလုပ်လို။ သို့သော် လုပ်ငန်းခွင်မှာ ဘေးအန္တရာယ်ကင်းရှင်းရေး တာဝန်ယူပြီး လူကြီးလို ဖြစ်နေသော ကျွန်တော့်ကို မြန်မာအလုပ်သမားလေးများက ဒိုင်လာလုပ်ပေးစေချင်သည်။ ကျွန်တော့်ကို သူတို့ ခေါ်ကြသည်။ ကျွန်တော်ကား လုံးဝမလာနိုင်ကြောင်း ငြင်းရလေသည်။

သည်လိုနှင့် နေလာရင်း တစ်ရက်မှာ ဘင်္ဂလားဒေ့ရှ်အလုပ်သမားလေးများ အလုပ်လုပ်နေသော နေရာသို့ ကျွန်တော်ရောက်စဉ် ကျွန်တော့်ကို ဘကုန်းအလုပ်သမားလေးက မေးပါသည်။ ကျွန်တော်က ဖြေပါသည်။

" Safety မင်း ငါတို့ ဘောလုံးကန်မှာသိလား "

" သိတယ်။ ဘာဖြစ်လို့လဲ "

" မင်းမလာဘူးလား "

" ငါမအားဘူးကွ "

" ငါတို့က မင်းကိုလာစေချင်တယ် "

" ဘာဖြစ်လို့လဲ "

" ဒိုင်လုပ်ပေးဖို့"

" ငါက မြန်မာလေ။ မင်းတို့နဲ့ မြန်မာနဲ့ ကန်မှာ။ ငါက ဒိုင်လုပ်တော့ မင်းတို့ကို မျက်နှာသာ မပေးမှာ မစိုးရိမ်ဘူးလား "

ကျွန်တော် ထိုသို့ပြောလိုက်စဉ်မှာ ဘကုန်းလေးက ကျွန်တော့်ကို တစ်ခွန်းပဲ ပြန်ပြောပါသည်။

" I believe u " တဲ့။

ကျွန်တော့်ကို မြန်မာအလုပ်သမားလေးများက အပြုံးနှင့် လှမ်းကြည့်ပါသည်။ ကျွန်တော်က ဘကုန်းလေးကို အပြုံးနှင့် ကြည့်လိုက်ပါသည်။ နောက်တော့ သူ့ကို ရှင်းပြလိုက်ပါသည်။

" ကျေးဇူးတင်ပါတယ်။ မလာနိုင်ပါဘူး။ ငါက ပိတ်ရက်တစ်ရက် ရမှ အားလုံးကို ရှင်းတာ။ အလုပ်တွေက ပိတ်ရက်မှာတောင် တစ်နေကုန်တယ်ကွ။ တခြားသူ ဒိုင်လုပ်ပါလိမ့်မယ်ကွာ "

ကျွန်တော်ထိုသို့ပြောပြီး သူတို့အနားက ခွာခဲ့ပါသည်။ နောက်တော့ ကျွန်တော့်ခေါင်းထဲမှာ အတွေးတွေဝင်ပါတော့သည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဘကုန်းလေး ပြောလိုက်သည့် စကားအတွက် ကျွန်တော်ကျေနပ်မိပါသည်။ အကြောင်းက သည်လိုပါ။ ကျွန်တော် အလုပ်ထဲမှာ ရှိနေစဉ် ကြည့်ရှုစောင့်ရှောက်ရမည့် သူများမှာ လူမျိုးပေါင်းစုံ ဖြစ်ရာ မြန်မာကိုသာ ဂရုစိုက်မည်ဟု ကျွန်တော့်စိတ်ထဲ လုံးဝမရှိခဲ့ပါ။ ထိုအတွက် ကျွန်တော့်စိတ်ရင်းမှန်ကြောင်း ထိုဘကုန်းလေးစကားက သက်သေခံသလို ရှိပါသည်။ ထိုအတွက် ကျွန်တော်ကြည်နူးပါသည်။

နောက်တစ်ချက်က သူ့စကားကို ကြည့်ခြင်းအားဖြင့် ကျွန်တော်လုပ်နေသော အလုပ်မှာ သူတို့နှင့် ပတ်သက်၍ ကျွန်တော်မျှတခဲ့ပါသည်ဆိုသည်ကို သက်သေပြသလို ရှိပါသည်။ ဆိုလိုသည်မှာ မည်သို့သော ပြဿနာရှိပါစေ။ ကျွန်တော်သည် မှန်သည့်ဘက်ကသာ လိုက်ခဲ့ပါသည်ဟု မမေးလည်း ဖြေခဲ့သလိုပင်။ သည်အတွက် ထိုစကားတစ်ခွန်းကို ကျွန်တော်ကြည်နူးပါသည်။

နောက်တစ်ချက်ကျတော့ ပိုပြီး အရေးပါသည်။ ထိုအချက်ကြောင့်လည်း ကျွန်တော် သည်ပို့စ်ကို ရေးဖြစ်ခဲ့ တာဖြစ်သည်။ အကြောင်းက ကျွန်တော့်ဘလော့ကို ရံဖန်ရံခါ သူများပြောစကားနှင့် လာလည်ပြီး တစ်ပုဒ်စ၊ နှစ်ပုဒ်စ လာဖတ်၍ လူမျိုးရေး ခွဲခြားသည်ဟု ထင်ချင်သော သူများကို ထိုစကားတစ်ခွန်းနှင့် ကျွန်တော့်စိတ်ထား မည်သို့ရှိသည်ဆိုသည်ကို သက်သေပြချင်ခြင်းပင်။

ကျွန်တော် မြန်မာလူမျိုးပါ။ မည်သူမဆို မြန်မာနိုင်ငံမှာ ဖွား၍ မည်သည့်ဘာသာဝင် ဖြစ်ပါစေ၊ ကျွန်တော်တို့နိုင်ငံသားဟု နားလည် လက်ခံပါသည်။ ထိုအတွက် ကျွန်တော်တို့ နိုင်ငံသားအားလုံးကို ချစ်ပါသည်။ သို့သော် ကျွန်တော့်မှာ လူမျိုးချစ်စိတ် လွန်ကဲ၍လား မဆိုနိုင်။ ကျွန်တော်တို့နိုင်ငံသားများ သူများနှင့် တွဲလျှင်ပဲဖြစ်ဖြစ်၊ ယူလျှင်ပဲ ဖြစ်ဖြစ် စိတ်ထဲတော့ သိပ်ဘ၀င်မကျလှ။ ပိုဆိုးသည်က ချစ်ကြ၊ ကြိုက်ကြ၊ တရားဝင်ယူကြလျှင် တော်သေးသော်လည်း မျက်စိနောက်၊ သိက္ခာကျစရာ၊ လူမျိုးနစ်နာစရာမျိုး လုပ်လာပါက ကိုသားကြီး စကားနှင့် ငှားပြောရလျှင် ဟတ်ထိလှသည်။ ထိုအချက်ကိုတော့ လွတ်လပ်စွာ သဘောထားကွဲလွဲ နိုင်ပါသည်။ မည်သည့်နိုင်ငံသား မဆို ကိုယ့်နိုင်ငံသား၊ ကိုယ့်လူမျိုးကို ချစ်ခြင်းသည် အပြစ်မဟုတ်ဟု ကျွန်တော်နားလည်ပါသည်။ ထိုအရာသည် လူတိုင်း၏ အခွင့်အရေးဟု ကျွန်တော်ယုံကြည်ပါသည်။

ကျွန်တော့်ပို့စ်တချို့တလေကို ဖတ်ပြီး နားမလည်စွာ စွပ်စွဲချင်သူများ အတွက်ကတော့ ယခုပို့စ် ဖတ်မိလျှင် ကျွန်တော်လူမျိုးရေး ခွဲခြားသူတစ်ဦးမဟုတ် ဆိုသည်ကို သိကောင်းနိုင်သည်ဟု ထင်မိ၍ ပို့စ်ရေးမိရာ ထိုအတွက် ဘကုန်းလေး၏ စကားကို ကြည်နူးရပါသည်။

ချုပ်ပြောရလျှင် ကျွန်တော်သည် ထိုဘောလုံးပွဲအတွက် ဒိုင်လုပ်မည်မဟုတ်ပါ။ သည်အတွက် ကျွန်တော့်ကို ဒိုင်လုပ်စေချင်သော မြန်မာအလုပ်သမားလေးများနှင့် ဘင်္ဂလားအလုပ်သမားလေးများလည်း နားလည်လိမ့်မည်ဟု ထင်ပါသည်။ ထိုသို့ဒိုင်လုပ် မပေးနိုင်သော်လည်း ကျွန်တော့်ကို ဘကုန်းလေး ပြောသွားသော 'မင်းကို ငါယုံတယ်' ဆိုသောစကားတစ်ခွန်းနှင့် ပတ်သက်၍တော့ ကျွန်တော့်ရင်ထဲမှာ နေ့တိုင်းလို ကြည်နူးနေမိပါဦးမည်။          ။

ဆူးသစ်
၀၀း၂၂ နာရီ
၂၇.၅.၂၀၁၂

3 comments:

mstint said...

စက်ရုံ အလုပ်ဌာနတွေမှာ အုပ်ချုပ်သူတစ်ယောက် အနေနဲ့ အောက်ခြေဝန်းထမ်းတွေအပေါ် ဘက်လိုက်မှုမရှိပဲ မျှမျှတတဆက်ဆံမှုကြောင့် အများစုရဲ့ ယုံကြည် လေးစားမှုကို ခံယူရတာ ဂုဏ်ယူစရာပေါ့ မောင်ဆူးသစ်ရေ။ (စကားမစပ် ပါရီဖြည့်ဘက်လေး ပြန်ရောက်ပြီလား)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လွင်ပြင်လှိုင်းငယ် said...

ဂုဏ်ယူပါတယ် ဆရာရေ။တိုင်းတပါးသားကတောင်
ယုံကြည်ပေးနိုင်အောင် စွမ်းဆောင်မှု့အတွက် ပိုလို့တောင် ဂုဏ်ယူပါသေးတယ်။

နွေတေးရှင် (မင်းဧရာ) said...

အစ်ကိုကြီးရေ...
နိုင်ငံခြားသားတစ်ယောက်ဆီက ယုံကြည်မှု့တစ်ခုရတယ်ဆိုတာ တော်ယုံပေါင်းသင်း ဆက်ဆံမှု့နဲ့ မရပါဘူး ယုံကြည်အောင်နေပြမှ ယုံကြည်အောင်လုပ်ပြမှပါ အဲလိုနေရာမှာလည်း အလုပ်သမား သူဌေး ဆိုပြီးခွဲခြားဆက်ဆံ လို့မရပါဘူး ယုံကြည်မှု့ဆိုတာ လူတိုင်းဆီက ယူသင့်တဲ့အရာမို့ လူတိုင်းကို ယုံကြည်နိုင်လောက်တဲ့ အရည်အချင်းပြနိုင်တယ် ဆိုကတည်းက သည်လူဟာ အတော်အတန်လူ မဟုတ်ဘူးဆိုတာ သိကြမှာပါ အစ်ကို။

Related Posts Plugin for WordPress, Blogger...