Sunday, January 20, 2013

" စွယ်တော်ရွက်တို့ ဒဏ္ဍာရီ " ( ၄ )


အိပ်မက်မဟုတ်
လှုပ်ခနဲဖြစ်၊ ကွယ်-ချစ်သလား
စကားနွဲ့ခြွေ၊ ခွန်းဖွဲ့နေပေါ့
မျှော်တော့သနား၊ စကားတစ်ခု
သမုဒယစစ်စစ်ကြားပါရစေ.......

ဆိုသော သူ့ကဗျာတစ်ပုဒ်လို သီရိကိုချစ်ခြင်းသည် အိပ်မက်လားဟု ဆန်းစစ်ရင်း အိပ်မက်မဟုတ်ပါဟု သူ့ဘာသာ သတိပြန်ပေးနေရသည်။ တစ်ခါတစ်ရံ၌ သီရိကိုချစ်ရခြင်းဖြင့် ဝေေ၀၀ါးဝါးဖြစ်ကာ သူ့ဘ၀ကို သူပင် မေ့လျော့နေတတ်ခဲ့သည်။ ထို့ကြောင့်ပင် အိပ်မက်ဟု တွေးထင်သလား မပြောတတ်။ သီရိကို ဖွင့်ပြောပြီးလျှင်တော့ သီရိထံမှ သမုဒယ စစ်စစ်ပါသော ချစ်ပါတယ်ဆိုသည့် စကားကို ကြားချင်နေမိ၏။ ကြားလည်း ကြားရမည်ဟု ထင်ရင်း သီရိနှင့် ဝေးခဲ့သော ဒုတိယနှစ် ကျောင်းပိတ်ရက်မှာ စိတ်ထဲကနေ သီရိကို ချစ်ပါတယ်ဟု တမ်းတ ရေရွတ်နေမိပြန်၏။

စာမေးပွဲ အောင်စာရင်းတွေ ထွက်ပြီး မကြာမီ လိုင်းခွဲတွေ ထွက်တော့ သူငယ်ချင်းတွေ ပြန်ဆုံ ရသည်။ နွေးအေးမှာ စကားလက်ဆုံကျရင်း သူလိုချင်သော စက်မှုဘာသာရပ်ကို ရ၍ သီရိလည်း အီလက်ထရွန်းနစ် ဘာသာရပ်ကိုရတာ သူငယ်ချင်းတွေကို ပြောပြဖြစ်သည်။ သူတို့ဘာမျှ ပြန်မပြောကြ။ သူငယ်ချင်းများ၏ မျက်နှာကို အကဲခတ်တော့ တစ်ခုခုကို သိုသိပ်ထားပုံရသည်။ ဘာမှန်း မသိ၍ မေးကြည့်တော့ တစ်ယောက်နှင့်တစ်ယောက် ခေါင်းဆတ်ပြတာ တွေ့သည်။ သူ နားမလည်။ နောက်မှ ပြောပြကြ၏။

" စာမေးပွဲ အောင်စာရင်း မထွက်ခင် တစ်ပတ်က သတင်းစာမှာ သီရိနဲ့ သူနဲ့တွဲနေတဲ့ လူ စေ့စပ်သွားတဲ့ စေ့စပ်ကြောင်းလမ်း ပြီးစီးခြင်းသတင်း ပါလာတယ် "

" ဘာ "

" ဟုတ်တယ်။ မင်းတွေ့မှာပဲ ဆိုပြီး ငါတို့ မပြောတာ။ ပထမတော့ မင်းမသိသေးရင် တို့တစ်တွေ အားလုံးလျှို့ဝှက်ထားမလို့ စဉ်းစားပြီးသား။ ဒါပေမဲ့ မင်းက ဘာမှ မသိဘဲ ဆက်ပြီး အရမ်း ခံစားနေရမှာစိုးလို့။ ဒီနေ့တွေ့တော့လည်း ဘာမှ မသိသလိုဘဲမို့ ငါတို့ထုတ်ပြောတာ။ မင်းတို့အိမ်က ဘာသတင်းစာယူလဲ "

" ကြေးမုံ "

" သူတို့သတင်းက မြန်မာ့အလင်းမှာ ပါတာ "

ဪ-ဟုဆိုကာ ငြိမ်သက် ကြေကွဲရုံမှတစ်ပါး မတတ်နိုင်ခဲ့။ ၀မ်းနည်းရုံ၊ တုန်လှုပ်ရုံကလွဲ၍ ဘာမျှ မလုပ်နိုင်။ နားလည်တတ်ဖို့ ကောင်းပါလျက် ရှေ့ကို တိုးချင်သည့် အဖြစ်မို့ တိတ်တိတ်လေး ငိုရှိုက်နေရုံမှတစ်ပါး ဘယ်တတ်နိုင်ပါ့မလဲလေ။

မေးမြန်းရန် မလိုတော့သော သတင်းတစ်ခုအတွက် သီရိကို ဖွင့်ဟစကားဖြင့် မေးမြန်းရန်လည်း မလိုတော့။ သီရိ ကောင်းမည်ထင်သည့်လမ်းကို ရွေးခဲ့ပြီပဲလေ။ သီရိစိတ်ချမ်းသာဖို့ အဓိကပဲ မဟုတ်လား။ မိဘစကားကို နားထောင်သည် ဆိုလျှင်တောင်မှ သီရိအတွက် ၀မ်းမြောက်ကျေနပ် ပေးနိုင်ပါသေးသည်။ မိဘကို တတ်နိုင်သည့် ကျေးဇူးဖြင့် ပြန်ဆပ်ပေးခဲ့သော ' စံသီရိ ' ဆိုသည့် မိန်းကလေး တစ်ယောက်ကို နှလုံး သားတွင် ကမ္ပည်းထိုး မှတ်တမ်းတင်ထားချင်သည်။

နှလုံးသားတွင်ရှိနေသော ကဗျာတို့ကို သီရိ မဖတ်နိုင်၊ မကြားနိုင်တော့တာကို စိတ်မကောင်း။ ထိုအခါ-

ရှိပါလေတော့
ဖြေလျှော့မာန်ကျ၊ သည်ဘ၀တာ
ကြာလျှင်သူမေ့၊ တစ်နေ့နေ့နှင်
ရွေ့ရွေ့စဉ်ပေါ့၊ အမြင်မရှိ
အသိမပါ၊ ကဗျာတွေမေ့
နေသရွေ့တွင်
( သူမ...) ချမ်းမြေ့စေချင်သည်.............

ဆိုသော ကဗျာ တစ်ပိုင်းတစ်စမျိုးကို ပို၍ ဖတ်စေချင်မိသည်။ သီရိ နားလည်ခံစား စေချင်သည်။ သူရေးခဲ့၊ ပေးခဲ့သော ကဗျာများကို မေ့၍ သီရိဘ၀ ချမ်းမြေ့ပါစေ ဆိုသော သဘောနှင့် သူရေးခဲ့ခြင်းပင်။ သို့သော် ထင်သည့်အတိုင်း ဖြစ်မလာခဲ့။

တတိယနှစ် ကျောင်းပြန်ဖွင့်စနေ့မှာ သီရိ သူ့ဆီ ရောက်လာသည်။

" အထွန်း၊ သီရိကို ဘာမှ မမေးတော့ဘူးလား "

" ကျွန်တော်ဘာကို မေးရမှာလဲ သီရိ။ သီရိဘာကို မေးစေချင်တာလဲ "

" သီရိဘာလို့ စေ့စပ်တာကို လက်ခံတာလဲ ဆိုတာ "

" အားလုံး ပြီးသွားပြီပဲ သီရိရယ်။ ကျွန်တော်တို့ ဘာဆက်လုပ်လို့ ရမှာလဲ။ ကျွန်တော် ပြောချင်တဲ့ စကားတွေကို ပြောလို့ရော ဘာထူးမှာမို့လို့လဲ။ ပြီးတော့ သီရိကရော ကျွန်တော်ပြောတဲ့ စကားတွေကို နာခံနိုင်မှာ မို့လို့လား။ ဒါပေမဲ့ သီရိရယ်။ ဒီအချိန်မှာ မမေးသင့်တော့ဘူးလို့ ကျွန်တော်ထင်တယ်လေ။ ကျွန်တော့်ကို ပြောပါ၊ မေးပါ ဆိုရင်တောင် ကျွန်တော် မေးမှာ၊ ပြောမှာ မဟုတ်ဘူး "

သီရိက တုန်ယင်သော နှုတ်ခမ်း၊ ရီဝေသော အကြည့်တို့နှင့် သူ့ကို ကြည့်သည်။ ရင်မဆိုင်ရဲစွာ စက်မှု စာသင်ဆောင် ၇ နှင့် ၈ ကြားရှိ စွယ်တော်ပင်ကြီးကို ငေး၏။

" သီရိ အထွန်းကို တစ်ခုမေးမယ်။ မှန်မှန်ဖြေ "

သူတစ်ချက် လှည့်ကြည့်သည်။ ဘာမျှ မပြောဖြစ်ခင် သီရိထံမှ စကားသံကို ဆက်ကြားရ၏။

" အထွန်း သီရိကို ချစ်ခဲ့တယ် မဟုတ်လား။ အထွန်း ရင်ထဲမှာ ရှိတဲ့ စကားတွေဆိုတာ အဲဒီစကားတွေပဲ မဟုတ်လား "

ဟုတ်ပါတယ်ဟု ပြောမလိုဖြစ်သွားသည်။ ရင်ထဲမှာ ဗြောင်းဆန်အောင် လှုပ်ရှားသွား၏။ ဘယ်တုန်းကမှ မထင်ခဲ့သော စကားမို့ ဆွံ့အသွားပြန်သည်။ သို့သော် ရှိသမျှ အားအင်တွေကို စုစည်းပြီး နှုတ်ခမ်းနှစ်ခုကို ဖွင့်ဟချလိုက်သည်။

" ဆောရီး သီရိ။ ကျွန်တော် သီရိကို ခင်ခဲ့တာပါ။ မချစ်ခဲ့ဘူး။ အနေနီးရင်း ဖြစ်ခဲ့တဲ့ စိတ်ကစားမှုလောက်တော့ ရှိခဲ့တာ ၀န်ခံပါတယ်။ ဒီအချိန်မှာ ကျွန်တော့်ဘာသာ သိနေပြီလေ။ သီရိကို ကျွန်တော်ချစ်ခဲ့တာ မဟုတ်ဘူးဆိုတာ "

အံ့ဩဟန် အကြည့်၊ ရှက်ရွံ့ဟန် အနေအထား၊ တုန်လှုပ်သွားသော ကိုယ်ခန္ဓာ၊ ဆတ်ခနဲ လှုပ်ရှားသွားသည်ကို တွေ့လိုက်ရသည်။ ' ဖျန်း ' ဆိုသော အသံနှင့်အတူ ပါးတစ်ဖက် ပူခနဲ ဖြစ်သွား၏။

" သီရိကို အထွန်းညာတယ်။ မိန်းကလေးတန်မဲ့ ဖွင့်မေးရတာကိုတောင် မငဲ့ညှာဘူး။ နားမလည်ဘူး။ သီရိကို အရှက်ခွဲတယ်။ အထွန်းညာတယ်။ ဒီမှာကြည့်စမ်း "

လူရှင်းနေသည့် အချိန်မို့ တော်ပါသေးသည်။ ပိုက်ဆံအိတ်ကို ထုတ်ပြီး အထဲမှ စွယ်တော်ရွက်လေးကို ထုတ်တာတွေ့သည်။ ပြီးတော့ အပိုင်းပိုင်း အစိတ်စိတ် ဖြစ်အောင် ဆွဲဆုတ်ပစ်ပြီး လွှင့်ပစ်သည်။ ထို့နောက် အဆောင် ၈ အနောက်ဘက်ကို ကွေ့ပြီး ထွက်ပြေးသွား၏။ သူ မတားလိုက်မိ။

လေအတိုက် လွင့်ပါသွားသော စွယ်တော်ရွက် အပိုင်းအစတို့ကို ပြန်ရနိုင်သလောက် စု၍ ကောက်ရင်း စာအုပ်တစ်အုပ်ကြားမှာ ညှပ်သည်။ စက်မှုအဆောင် ၇ နှင့် ၈ ကြား ချောင်ထဲမှာ ကြံကြံဖန်ဖန် ကျန်နေသော စွယ်တော်ပင်ကြီးကို ငေးမော ကြည့်နေမိ၏။ မြေပေါ်မှာ မွစာကျဲနေသော စွယ်တော်ပင်ပေါက်လေးများ၊ ခြောက်သွေ့သော စွယ်တော်ရွက်တို့ကို တွေ့ရသည်။

မျက်ဝန်းမှာ ဝေေ၀၀ါးဝါး ဖြစ်လာတာ သတိထားဖြစ်ပြန်၏။

*************************

တတိယနှစ်၊ စတုတ္ထနှစ် နှစ်နှစ်စလုံး မတော်တဆ တွေ့လျှင်ပင် ဆတ်ခနဲ ရှောင်လွှဲသွားသော သီရိကို သူ အပြစ်မယူရက်။ ချစ်သူဆိုတာ အပြစ်ဟူသမျှကင်းသူ မို့ ချစ်သူလို့ခေါ်တာ ဆိုသော သူရေးဖူးသည့် ၀တ္ထုထဲက စာသားလေးလို သီရိကို ချစ်သူလို့ပဲတွေးရင်း ခွင့်လွှတ်ခဲ့သည်။ သူက မမြင်မတွေ့အောင် နေချင်၍ ကိုယ်က တမင်ကွေ့ကာ ရှောင်ရမည်ဟု နားလည်ရင်း သီရိတို့ စာသင်ခန်းတွေဘက်ကို ခြေဦးမျှပင် မလှည့်တော့။ မေဂျာကွဲသွားပြီး စာထဲနစ်ကုန်သော သူငယ်ချင်းများကိုလည်း ဖွင့်ဟပြီး ဝေဒနာ မဖြေချင်တော့။ အကြောင်းသိ ခင်မင်ရင်းနှီးသော စိုးမင်းဆက်တို့က BHA ( Broken Heart Association ) အသည်းကွဲ အသင်း၏ နာယက ခန့်မည် ဆိုခြင်းကိုလည်း ကြေကွဲစွာနှင့် မတားမိပြန်။

သည်လိုနှင့်ပင် ပဉ္စမနှစ်၏ ကျောင်းပိတ်ရက်မှာ သီရိတို့ လက်ထပ်ခြင်း သတင်းကို ဖတ်လိုက်ရသည်။ တိုက်ဆိုင်စွာပဲ ညနေဘက် အိမ်မှာ ထမင်းချက်ရန် တာဝန်ယူထားရသော သူ၊ ဆန်အိုးထဲက ဆန်ကို ခတ်နေစဉ် ရေဒီယိုမှ တေးလက်ဆောင်တောင်းသည့် အခန်းမှာ သီရိအမျိုးသားအတွက် သီရိက သီချင်းတောင်းထားတာ ကြား၍ ၀မ်းသာဝမ်းနည်း ဖြစ်ရပြန်သည်။ သီရိ သူ့အမျိုးသားကို တကယ် ချစ်သွားပြီဟု နားလည်ယုံကြည်မိသောကြောင့် ၀မ်းသာသလို သူ့အတွက် သံယောဇဉ် အနည်းအကျဉ်းမျှ သီရိမှာ ကျန်ပါဦးမလားဟု တွေးရင်း ၀မ်းနည်းခြင်းပင်။

စတွေ့စဉ်က တွေ့ရတာ ၀မ်းသာပါတယ်ဟု နှုတ်ဆက်ခဲ့သော သီရိသည် ကွဲကွာ၍ မတွေ့ရသည့်အခါတွင် သူနှင့် ပတ်သက်ပြီး ၀မ်းနည်းစရာ ကျန်ပါဦးမလားဟု မဆီမဆိုင် တွေးခဲ့မိပြန်သေး၏။

ဘယ်လိုပဲတွေးတွေး၊ သီရိသူ့ကို ပြတ်ပြတ်သားသား လမ်းခွဲလိုက်၍ ယခုလောက်ဆို သူ့ချစ်သူ ရင်ခွင်မှာ ပျော်နေလောက်ပြီဟု ယုံကြည်လိုက်မိသည်ကတော့ အမှန်ပင်။ အေးမြသော မေတ္တာတရားကို သူခံစားလိုက်နိုင်၏။

အချစ်စစ်ဆိုတာလားဟု တွေးမိနေဆဲ အနာဂတ်သည် ငြိမ်းချမ်းနေတော့မည်ဟု ယုံသည်။

*****************************

စွဲစွဲလမ်းလမ်း၊ တမ်းတမ်းတတဖြင့် ရွတ်ဆိုမြည်တမ်း အောက်မေ့မှန်းဆရင်း အစဉ်ထာဝရ သတိတရ ရှိနေနိုင်မည့် လွန်ခဲ့သော အတိတ်ကာလက ဖြစ်ပျက်ခဲ့သော ပြန်မရနိုင်သည့် အဖြစ်အပျက် တစ်ခုကို ဒဏ္ဍာရီဟု ဆိုရလျှင် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်း ပရိဝုဏ်အတွင်း မည်သို့သော စာသားနှင့်မျှ ပြန်ကာစီ၍ မရတော့သော ဒဏ္ဍာရီလေး တစ်ပုဒ် ရှိခဲ့ဖူးသည်ဟု ဆိုရမည်ဖြစ်သည်။

ဟိုစဉ်ကာလ ကျောင်းဝင်းကြီးထဲမှာ စွယ်တော်ပင်တို့ ဝေစည်ခဲ့ဖူး၍ ယခုအချိန် စွယ်တော်ပင် တို့ ချောင်ထဲမှာ ရှင်သန်နေကြသကဲ့သို့ အရိပ်တို့ဝေစည်ခဲ့ပြီးမှ စွန့်ပယ်ခံခဲ့ရသော စွယ်တော်ပင်များနှင့် ပတ်သက် ငြိတွယ်ခဲ့သော ကောင်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက်တို့၏ ဇာတ်လမ်းသည်လည်း ထိုစွယ်တော်ရွက်များနှင့် ထပ်တူ မွေးဖွားပြီး ကွယ်ပျောက်ခဲ့ရာ၊ ကြည်နူး စရာ၊ ကြေကွဲစရာ၊ လွမ်းဆွတ်စရာတို့နှင့် ပြည့်နှက်နေသော ထိုအဖြစ်အပျက်ကလေးကို " စွယ်တော် ရွက်တို့ ဒဏ္ဍာရီ " ဟု ဆိုပါလျှင်..........။               ။

သားလတ်


( ရန်ကုန်စက်မှုတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၊ ၁၉၉၆ ခုနှစ် )

2 comments:

မိုးနတ်ကြယ်စင် said...

အလွမ်းဇာတ်သိမ်းလေးကို သိနေရက်နဲ့
အဆုံးထိအောင် လာခံစားသွားပါတယ်ရှင်..
ဝမ်းနဲစွာနဲ့ ပြန်သွားပါပြီရှင့်....အဟင့်......
ခင်တဲ့.....မိုးနတ်

နွေတေးရှင် (မင်းဧရာ) said...

အပိုင်း ၃ ရော ၄ ပါပေါင်းဖတ်သွားတယ် အစ်ကိုကြီး။
အထွန်းရဲ့ ကဗျာ လေးတွေက ၀တ္ထုကို ရုပ်လုံးပိုကြွစေတယ်နော် အကိုကျွန်တော် ခံစားရသလိုပြောတာပါ အဲသည်ကဗျာလေးတွေက ပြောနေတဲ့ စကားလုံးပေါင်းများစွာက ရင်ကိုနင့်သွားစေတယ်။

Related Posts Plugin for WordPress, Blogger...