Sunday, January 27, 2013

" ရန်ကုန်ကို ပြန်ဆုံရတဲ့အခါ "


ဆောင်းတဲ့........
ငွေ့ငွေ့လေး အသက်ကျန်သလို
တစ်ကိုယ်စာ ချမ်းဖို့တောင် အအေးမရှိတဲ့ ညနဲ့
ရန်ကုန်ကို ပြန်ဆုံခဲ့ရတယ်။

ကားတွေများ၊ လမ်းတွေကျပ်
တံတားတွေ အထပ်ထပ်ထိုးတော့မယ့် ရန်ကုန်
ဘတ်စ်ကားကျပ်ပုံက မပြောင်းလဲ
ဟောင်းနွမ်းဆဲ အကျင့်တွေလည်း မပစ်ပယ်
( ဒါပေမဲ့......)
ရန်ကုန်ကိုတော့ ကျွန်တော်ချစ်တယ်။

လမ်းပေါ်မှာ ကားပေါ်က အမှိုက်ပစ်ချ
မြင်သမျှနေရာ ကွမ်းတံတွေးထွေး
လရောင်ဝေးနေတဲ့ မြို့ပြမှာ 
လျှပ်စစ်မီး ပုံမှန်လာတဲ့အခါ အိပ်မက်တွေဖြစ်
ခရစ်နှစ်သစ်ကို ဆန္ဒတွေပြရင်း ဖွင့်လှစ်တာ
ကျွန်တော်ချစ်တဲ့ ရန်ကုန်မှာပေါ့။

ဂျေဆင်မရပ်ဇ်တဲ့
သိသူ မသိသူတွေ တရစပ် အော်ဟစ်
ပြည်သူ့ရင်ပြင်မှာ ပါးစပ်သေနတ်တွေ ပစ်လို့
ရန်ကုန်မှာ အသစ်အသစ်တွေ ဖြစ်လာတယ်။

ရုံးခန်းရှေ့ထားတဲ့ ဖိနပ်
အနော်ရထာလမ်း ဈေးကွက်မှာ မြတ်ချင်မြတ်မှာပေါ့
All Star တစ်ရံ ပျောက်ပြီးတဲ့နောက်မှာ
သဘောထားအမှန်တချို့ကို ကျွန်တော် မှတ်ခဲ့ရ
လုံခြုံရေး၊ သန့်ရှင်းရေး တာဝန်ချထားတဲ့ အဆောက်အအုံကြီး
ဟည်းထနေပေမယ့် အတွင်းစိတ်တွေ မသန့်ရှင်းလေတော့
Converse ဖြစ်နေတဲ့ လူတွေအကြောင်း Converse ရင်းပြီး သိရတဲ့အခါ
ရန်ကုန်ဟာ ကဗျာမဆန်တော့ပြန်ပါဘူး။

ဆိုက်ကားပေါ်က ကင်မရာကိုင် သတင်းထောက်
Banner ကိုင်ထားတဲ့ ဆန္ဒပြသမား
ခပ်လှမ်းလှမ်းက ပါလာတဲ့ ကားတစ်စီး
အဲဒါတွေက ရန်ကုန်ရဲ့ ရှုမငြီးစရာလား
သွားရင်းလာရင်း ခပ်ပါးပါးလေးတော့ တွေ့တယ်။

သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ည
ဂီတသံက မကျယ်တော့ဘူး
ဘောပွဲ၊ ရုပ်ရှင်တွေကို မူးလောက်အောင်ပြလည်း
ညလုံးပေါက်ဆိုင်တောင် လူကကျဲလို့
ရန်ကုန်ဟာ မနက်ခင်း ရပ်တည်မှုရဲ့ သားကောင် ဖြစ်လာခဲ့ပြီ။

သန်းခေါင်ညမှာ ပန်းရောင်းနေတဲ့ အသက်မပြည့် ကလေးမ
တိုက်ခန်းတွေပေါ်က သားသားနားနား ညဥ့်ငှက်မတချို့နဲ့
စားသောက်ဆိုင် စင်တင်ဂီတရပ်ဝန်းက စပွန်ဆာရှာတဲ့ ကောင်မလေး တချို့ကလည်း
ရန်ကုန်ညရဲ့ ပသာဒလိုဖြစ်
ဒီလိုနဲ့...ရန်ကုန်ဟာ တဆစ်ဆစ် ကိုက်ခဲနေတုန်းပါပဲ။

လူမပြည့်ဘဲ ပြနေတဲ့ 3D ရုပ်ရှင်ရုံ
နိုင်ငံတော်အလံကို အလေးပြုဖို့ သတိပေးရတဲ့ ကျွန်တော်တို့ ဓလေ့
ကမ္ဘာမကြေ.......မြန်မာပြည် ဟေ့ လို့ သီချင်းထဲမှာပဲ ကြွေးကြော်
နိုင်ငံခြားနဲ့ နိုင်ငံခြားသား ညှော်နံ့တွေလည်း နံစော်လို့
နိုင်ငံတော် သီချင်းဆုံးအောင်တောင် မတ်တတ်မရပ်နိုင်တဲ့ လူတွေနဲ့
နိုင်ငံခြားပုံစံ မောလ် ( Mall )  တွေကြား
ကျွန်တော်ချစ်တဲ့ ရန်ကုန်က အမောတွေနဲ့ ဖျားနေခဲ့သေးတယ်။

ပြောင်းလဲခြင်း တရားတွေကြားက
ပြောင်းလဲသင့်သလောက် မပြောင်းလဲသေးတဲ့ ရန်ကုန်
နောက်တစ်ကြိမ် ပြန်ဆုံရင် အသစ်ဖြစ်
စနစ်သစ်၊ ခေတ်သစ်၊ လူသစ်၊ စိတ်သစ်နဲ့ ရှင်သန်
မနက်ဖြန်တိုင်းရဲ့ အလှတရားကို မွေးဖွားဖို့ တွေးမိတဲ့အခါ
( ကျွန်တော်ဟာ...)
ရွှေတိဂုံပေါ်မှာ အပြေးကလေး ဆုတောင်းခဲ့မိပါတယ်။

အို-ရန်ကုန်.......
ပြန်ဆုံတဲ့အခါ လှပနေပါစေကွယ်။
အို-ရန်ကုန်
ပြန်ဆုံတဲ့အခါ လှပနေစေချင်တယ်။         ။

သားလတ်
၁၅း၂၃နာရီ
၂၇.၀၁.၂၀၁၃

[ Scot-Bugis Project, HDS 5, Shelter One တွင် ရေးသည်။ ]


5 comments:

မိုးနတ်ကြယ်စင် said...

ဝိုးးးးးးးးးးးး
အကိုရေ.....
ရင်ထဲက မြင်တာလေးတွေ ချရေးထားတာ
ကောင်းသဗျာ ....ဘာမှပြောစရာမလိုအောင်ကို
အားလုံးဟာ အပိုအလိုမရှိကွက်တိပဲ......
ရေးဟန်လေးရော အသုံးအနှုန်းရော
သွက်လက်ပေါ့ပါးပြီး အသက်ဝင်လွန်းလိုက်တာ
ပြန်ဆုံတဲ့ ရန်ကုန်ကို စိတ်ထဲမယ် မြင်ယောင်
မိလိုက်သလိုပဲ ....ကဗျာလေးသိပ်ကြိုက်တယ်
အကိုရ.....မိုက်စ်ပါ
ခင်တဲ့....မိုးနတ်

အလွမ်းမြို့ said...

လမ်းကလေးရေ...

တကယ့်ကို ကဗျာကောင်းလေးပါဘဲ။ဖတ်ပြီး
အရမ်းသဘောကျသွားတယ်။အားပေးနေပါတယ်။
အနှစ်ရှိတဲ့ကဗျာ ရန်ကုန်ကို စိတ်ထဲမြင်အောင်
ခံစားရေးဖွဲ့သွားလိုက်တာ....


ခင်တဲ့
အလွမ်းမြို့

နွေတေးရှင် (မင်းဧရာ) said...

နောက်တစ်ခါ ပြန်ဆုံရင်
သစ်လွင်သော ရန်ကုန်ဖြစ်ပါစေ အစ်ကိုရာ.....
သားပျောက်နေသော မုဆိုးမကြီးပမာ ပေါ့
တဖြည်းဖြည်းလျော့နည်းလာတဲ့အားတွေက
နလန်ထူခွင့်ရော ရပါ့မလားလို့ ကျွန်တော်တော့ တွေးနေမိတယ် ။

Han Kyi said...

ကိုဆူးသစ်ရေ...

ဟိုက်ဖိုက်ဗျာ...တကယ့်ကို လှိုက်လှိုက်လှဲလှဲ ချီးကျူးတယ်...ကဗျာကောင်းတွေ ငတ်လွန်းလို့ ကိုလေး(အင်းဝ)တို့ ညွန့်ဟံ(ကြူတော)တို့ ညွန့်ဝေ(ကသာ)တို့ရဲ့ ကဗျာဟောင်းတွေကို မက်မက်စက်စက် ရှာဖတ်နေရတဲ့ ကျွန်တော့်အတွက် အချိုရှာ သကာတွေ့သလိုပဲဗျာ...ကာရန်ရော နရီပါလှသလို အကြောင်းအရာပိုင်းကိုလည်း ထိထိမိမိနဲ့ ဖွဲ့ပြသွားတာ စာကြောင်းတိုင်း ပါဒတိုင်း အသက်ကိုဝင်နေရော...ခပ်ရှင်းရှင်းပြောရရင် ကဗျာရေးမယ်ကြံတိုင်း ပြန်သတိရပြီး စံအဖြစ်သတ်မှတ်ရမယ့်ကဗျာလို့ သတ်မှတ်ချင်တော့တာပါပဲ...

တကယ်ကောင်းတဲ့ကဗျာဗျာ...

Candy said...

အရမ်းးးးးးးးးသဘောကျတယ်အစ်ကို..... :D

Related Posts Plugin for WordPress, Blogger...