Thursday, January 31, 2013

" ရခိုင်ပြည် အလွမ်းပြေ "(၃)


စစ်တွေအကြောင်း ပြန်ဆက်ရလျှင် ကျွန်တော်၏ စစ်တွေ ပထမဆုံး အခေါက်သည် ကျွန်တော့်ဆရာ ဒု-ညွှန်မှူးကြောင့်ပင် စရောက်ခဲ့တာ ဖြစ်သည်။ ဆရာက ဒု-ညွှန်မှူးဖြစ်နေသောအခါ နယ်မြေခံ အရာရှိက တော်တော်ဂရုစိုက်ရှာပါသည်။ ကျွန်တော်တို့ သွားချင်သော စက်ရုံများကို စီစဉ်၍ လိုက်ပို့ပေးသည်။ နယ်မြေခံက အသက်ကြီးသော အမျိုးသမီးကြီး ဖြစ်၍ ကျွန်တော်တို့က အားနာရပါသည်။

သို့သော် ကျွန်တော်တို့ကလည်း အချိန်နှင့် သွားရသည်မို့ စစ်တွေမှာ သိပ်ကြာကြာမနေ။ စစ်တွေ မှသည် ကျောက်တော်ကို သွားသည်။ ကျောက်တော်မှာ သကြားစက်ရှိ၍ ကျွန်တော်တို့ ဆရာတပည့်နှစ်ယောက် သွားစစ်ဖို့ အားခဲထားသည်။ ကစ္ဆပနဒီမြစ်ကမ်းဘေးက တည်းခိုခန်းလေးမှာ ကျွန်တော်တို့တည်းသည်။ အချိန်ရသောအခါ မြစ်ဆိပ်ကို ဆင်း၍ သကြားစက်ကို သွားရန် စနည်းနာသည်။

ရယ်စရာလည်း ကောင်း၏။ သကြားစက်ကို မနက်ဘက်သွားသည့် လှေများ( ဖယ်ရီ သဘောမျိုး ) ရှိသည်ဟု တည်းခိုခန်းက ပြောလိုက်သည်။ မြစ်ဆိပ်ကလူများကို မေးတော့ သူတို့က စကားတော်တော်ဝဲသည်။ သူတို့ ပြောသည်ကို ကျွန်တော်တို့ နှစ်ယောက် လုံးဝ နားမလည်။ သူတို့ကလည်း ကျွန်တော် တို့ကို ပြန်ပြောပါသည်။ လက်ခါပြသည်။ ကျွန်တော်တို့ ပြောတာကို သူတို့နားမလည်ပါတဲ့။ ပြီးရောပေါ့။

ဘယ်လိုမျှ စုံစမ်း၍ မရသည့်အဆုံး ကျွန်တော်တို့နှစ်ယောက် လက်လျှော့ခဲ့ရသည်။ အဆိုတော် ကိုင်ဇာ သီချင်းဖွဲ့ဆိုခဲ့သည့် ကစ္ဆပနဒီမြစ်နားမှာ ဆရာတပည့်နှစ်ယောက် အနားယူကာ မြစ်ရေနှင့် ရှုခင်းကိုကြည့်ပြီး ခံစားခဲ့ကြသည်။

တကယ်တော့ သကြားစက်ကို သွားဖို့ တစ်ရက် အချိန်ယူရမည်ဖြစ်သည်။ ထို့ပြင် ကျွန်တော် တို့က ကျောက်တော် မဟာမုနိကို ဖူးချင်သေးသည်။ ပြီးလျှင် မြောက်ဦးဘက် ခရီးဆက် ရမှာ ဖြစ်သည်။ ထို့ကြောင့် သကြားစက်ကို မ၀င်ဘဲ ကျောက်တော် မဟာမုနိကို ဆိုက်ကားငှား၍ တစ်ရက် သွားဖူးကြသည်။

မဟာမုနိဘုရားကို ဖူးရန် ကစ္ဆပနဒီမြစ်ကူးတံတားကို ဖြတ်ရသည်။ တံတား၏ ထိပ်ဘက်က ကမ္ပည်းစာကို ဖတ်ကြည့်သည့်အခါ ကျွန်တော်တို့ ရောက်ချိန်နှင့် သိပ်အကွာကြီးမဟုတ်။ သို့သော် တံတားအ၀င် ထိပ်နား၊ ဘေးဘက်ရှိ ဘောင်တို့သည် ကတ္တရာပါမကျန် ပက်ကြားအက်နေလေပြီ။ 

ကျွန်တော်တို့ ဆရာတပည့် နှစ်ယောက် ဘုရားခြေရင်းရောက်၊ ဘုရားဖူးပြီး ဘုရားရှေ့က ထမင်းဆိုင်လေးမှာ ထမင်းစားကြသည်။ နေကပူ၊ ရခိုင်ထမင်း တော်တော်များများက အစပ်လေးများနှင့် စားကောင်းသည်မို့ ကျွန်တော်တို့ နှစ်ယောက်စလုံး စား၍ တော်တော်ဝင်၏။ စစ်တွေမှာ ကတည်းက ရုံးအဖွဲ့များက ရခိုင်ဆိုင် ကောင်းကောင်းကို လိုက်ကျွေးထားသည်မို့ ကျွန်တော့်ပါးစပ်မှာ ငရုတ်ကြိတ် ဆိုတာကို တော်တော်လေး ခံတွင်းတွေ့ခဲ့မိသည်။

ကျောက်တော်မှာ တစ်ညနား၊ ဘုရားဖူးပြီး နောက်နေ့မှာ မြောက်ဦးသွားမည့် ကားနှင့် မြောက်ဦးကို တက်ကြ၏။ ဖြစ်ချင်တော့ မြောက်ဦးသွား ကားလမ်းသည် ကျောက်တော် မဟာမုနိကို ဖြတ်ရလေရာ ကျွန်တော်တို့မှာ ဘုရားကို ဒုတိယအကြိမ် ဖူးရသည့်အတွက် ကျေနပ်မိပြန်သေးသည်။ မြောက်ဦးကား များမှာ လမ်း၌ ကျောက်တော် မဟာမုနိဘုရား ရှေ့တွင် တစ်ထောက်နားကာ ဘုရားဖူးရန် အချိန်ပေးလေသည်။ ထို့ကြောင့် ကျွန်တော်တို့ ဆရာတပည့် နှစ်ယောက်မှာ ဘုရားဖူးဖို့ရန် အခွင့်သာသည်နှင့် ဘုရားပေါ်သို့ အပြေးသွားဖူးကြလေတော့သည်။

အကြောင်းကလည်း ရှိသည်။ ကျွန်တော် ရခိုင်ပြည်နယ်ကို မသွားခင်ကတည်းက ကြားဖူးနားဝ နည်းနည်း ရှိထားသည်မှာ မြန်မာပြည်မှာ မုနိလေးဆူ ရှိသည်တဲ့။ တချို့ကလည်း ကျောက်တော် မဟာမုနိက မူရင်းဟု ဆိုကြသည်။ တချို့ကကျတော့ မန္တလေး မဟာမြတ်မုနိက မူလဟု ဆိုကြသည်။ ထိုဘုရား နှစ်ဆူ အပြင် ပြည်ရွှေဘုံသာ မုနိနှင့် ဇလွန် ပြည်တော်ပြန်ဘုရားတို့ပါ ပေါင်းလျှင် မုနိလေးဆူဟု ဆိုကြသည်။ မူရင်း တစ်ဆူကလွဲလျှင် ကျန်ဘုရားများမှာ အပွားများ ဖြစ်သည်ဟု ဆိုပါသည်။

တွေးကြည့်လျှင် မုနိလေးဆူမှာ ကျောက်တော် မဟာမုနိသည် ဖူးရန် အခက်ဆုံး ဖြစ်နေသည်ကို ကျွန်တော် စဉ်းစားမိသည်။ ယခုလို ဖူးရသည်မှာ ကျွန်တော့် အလုပ်တာဝန်နှင့် လျှောက်သွားနေရသောကြောင့်သာ။ ပုံမှန်သာဆိုလျှင် မည်သို့မျှ သွား၍ ဖူးရန် မဖြစ်နိုင်။ တော်တော် အချိန်ယူရပေမည်။ ထို့ပြင် ကျွန်တော်သည် မန္တလေး မဟာမြတ်မုနိကို ဖူးဖူးသည်။ ထို့ကြောင့် ကျောက်တော် မဟာမုနိကို ဖူးရသည်မှာ ကျွန်တော့် အတွက် မဟာအခွင့်အရေးပင်။ ( နောက်ပိုင်းမှာ ပြည် ရွှေဘုံသာမုနိကိုပါ ကျွန်တော် ဖူးလိုက်ရပါသည်။ ထို့ကြောင့် ကျွန်တော့်အတွက် မုနိလေးဆူမှာ ဇလွန်ပြည်တော်ပြန်ဘုရားသာ ကျန်ပါတော့သည်။ )

ဒါကို သိသော ကျွန်တော့်ဆရာသည်လည်း ကျောက်တော် မဟာမုနိကို ဖူးခွင့်ရခိုက် အားရပါးရ ဖူးမြော်ပါတော့သည်။ ကျောက်တော်မဟာမုနိကို ဖူးပြီးနောက် ကားနှင့်ပင် မြောက်ဦးကို ခရီး ဆက်သည်။ မြောက်ဦးရောက်တော့ တည်းခိုခန်းစုံစမ်းပြီး ဆရာ တပည့်နှစ်ယောက် အနားယူကာ ထမင်း စားပြီးသည်နှင့် မြင်းလှည်းငှားကာ ဘုရားစုံ လိုက်ဖူးတော့သည်။

တကယ်တော့ ကျွန်တော်တို့က နယ်မြေကျွမ်းသူ မဟုတ်။ ထို့ကြောင့် မြင်းလှည်းသမားကို ခရီးစဉ် တောက်လျှောက် အပြတ်ငှားကာ ဘုရားဖူး ထွက်လိုက်ကြခြင်းက ကျွန်တော်တို့ အတွက် ပိုအဆင်ပြေခဲ့သည်။ ရှစ်သောင်း၊ ကိုးသောင်း စသည်ဖြင့် ပုထိုးတော်ကြီးများနှင့် ရခိုင်ဘုရားများ၏ ထူးခြားသည့် တည်ဆောက်ပုံများကို ကျွန်တော်တို့ လေ့လာခွင့်ရခဲ့သည်။ ကျွန်တော် ဘုရားများ၏ ဘွဲ့ကို မမှတ်မိတော့ပါ။ တစ်ခုတော့ တွေးမိပါသည်။ မြန်မာပြည်မှာ ရှေးဟောင်း အနုလက်ရာများ တည်ရှိရာ ပုဂံနှင့် မြောက်ဦးသည် ထူးခြားမှုများ များစွာရှိသည်ဟု ကျွန်တော်ထင်သည်။ မတူတာ တစ်ခုကတော့ ပုဂံကို သွားရန် လမ်းပန်းဆက်သွယ်ရေးက လွယ်သလောက် မြောက်ဦးကျတော့ ခရီးက သိပ်အဆင်ပြေလှ သည်တော့ မဟုတ်။

သို့သော် ကြီးမားသော ကျောက်များဖြင့် တည်ဆောက်ထားသော ဘုရားပုထိုးများကို တွေ့မြင်ဖူးမျှော် ရသည်က ရခိုင်ပြည်နယ်၏ ကြီးမားသော နောက်ခံ ရာဇ၀င်များကို ပြောပြနေသလို ရှိသည်ကတော့ အမှန်ပင်။ ရခိုင်ပြည်နယ်မှာ ခိုင်မာသော နောက်ခံ သမိုင်းများ ရှိခဲ့သည်ဟု ဘုရားပုထိုးများကို ဖူးမိချိန်မှာ ကျွန်တော် ခိုင်ခိုင်မာမာ ယုံကြည်မိပါသည်။

ဆူးသစ်
၂၂း၂၅ နာရီ
၃၁.၁.၂၀၁၃

( ဆက်ပါဦးမည် )

2 comments:

လွင်ပြင်လှိုင်းငယ် said...

ရခိုင်ပြည်ကို တခါမှမရောက်ဖူးဘူး ။အခုတော့
ဆရာရဲ့ စေတနာအရေးအသားနဲ့ရောက်သွားတာ
ဗဟုသုတလဲရ ဘုရားလဲဖူးရလို့ ကျေးဇူးအထူးတင်ပါတယ် ဆက်ရန်လဲမျှော်နေပါ့မယ် ။

မိုးနတ်ကြယ်စင် said...

မိုးနတ်လဲ ရခိုင်ကို တစ်ခါမှကို မရောက်ဖူးပါဘူးးးး
ဟိုတလောက မချော(အစိမ်းရောင်လွင်ပြင်) ကျေးဇူးနဲ့
ရခိုင်အကြောင်းနဲ့ မြောက်ဦး...ပြီးတော့ ရခိုင်က
တန်ခိုးကြီးဘုရားအစုံအကြောင်းကို အတော်လေးသိလိုက်
ရတယ်...ခုလဲ အကို့ကျေးဇူးကြောင့် တမူထူးခြား
ကွဲပြားတဲ့ အကြောင်းအရာလေးတွေကိုပါ ထပ်ပြီးသိရတာ
မိုးနတ်ဖြင့် အကို့ကိုကျေးဇူးတင်လိုက်တာ...:)))
ဆက်ရန်လေးကိုလဲ မျှော်နေကြောင်းပါရှင်...
ခင်မင်လေးစားလျက်....မိုးနတ်

Related Posts Plugin for WordPress, Blogger...