Sunday, January 27, 2013

" ကျွန်တော့်မှတ်စု " ( ၁၃ )

 
+        ကိုယ်ကိုယ်တိုင် အပြစ်အနာအဆာ ကင်းအောင်နေဖို့ အလွန်အရေးကြီး၏။ လူသည် အိမ်နီးချင်း၏ အပြစ်ကိုသာ မြင်အောင်ရှုသည်မှာ မိမိ၏စိတ်သည် အစမှာပင် အလုပ်မှား၍ နေခြင်းဖြစ်၏။

+          နည်းကျက တစ်စုံတစ်ရာ အားနာဖို့မလိုသော အားနာခြင်းသည် ကုသိုလ်ရသော အလုပ်မဟုတ်။ အားနာ၍ ရသင့်သော ဥစ္စာကိုမရခြင်းသည် ကိုယ်တိုင်ညံ့ဖျင်းခြင်း ဖြစ်သည်။

[ ပီးမိုးနင်း - ကြီးပွားရေးလမ်းညွှန် စာအုပ်မှ ]

+          အနုပညာ အတွေ့အကြုံဆိုတဲ့ စကားလုံးအတွင်းမှာ ခံစားချက်ကို ဖော်ထုတ်ခြင်း ( Expression of Emotion ) ၊ ဈာန်ဝင်စားမှု ( Inspiration ) ၊ တီထွင်မှု ( Creative Imagination ) ၊ ပင်ကိုယ်စွမ်းရည် ( Originality ) ၊ လောကအမြင် ( Philosophy of Artist ) ၊ ထိုးထွင်းသိမှု ( Intuition )၊ ရသဗေဒဆိုင်ရာခံစားမှု ( Artistic Sensibility )နဲ့တခြား အကြောင်းအချက်တွေ ပါဝင်ပါတယ်။

[ မြန်မာစာပေ မော်ဒန် ပြဿနာ ဆွေးနွေးပွဲ အမေး ပုစ္ဆာများ - သစ္စာနီ ၏ အဖြေ ] ( ၀၃/ ၁၉၉၆၊ ဒီလှိုင်း )

+           ဆရာ ဇော်ဂျီကပင် ဂန္ထ၀င်မြောက်နိုင်သော စာပေတို့ကို လေ့လာဖတ်ရှုရခြင်းနှင့် ပတ်သက်၍ " စာကောင်း ပေကောင်းကို ဖတ်ရလျှင်  ပတ်ဝန်းကျင်ဘ၀ကိုလည်း သတိပြုမိလာနိုင်စရာ အကြောင်း ရှိပါသည်။ လောဘထွက်သူတို့သည် မိမိ လောဘထွက်သည်ကို သတိပြုမိလျှင်၊ ဒေါသထွက်သူသည် မိမိဒေါသထွက်သည်ကို သတိပြုမိလျှင်၊ မာနတက်တတ်သူသည် မိမိမာနတက်သည်ကို သတိပြုမိလျှင်၊ ဆင်ခြင်တတ်ခြင်း ရှိလာ၍ လောဘ၊ ဒေါသ၊ မာနတို့၏ အပူအလောင်မှ သက်သာရာရနိုင်သည်ဟု ပညာရှိတို့ ဆိုမိန့်ကြပါသည်။ ထိုနည်းတူစွာ ပတ်ဝန်းကျင်ဘ၀ကို သတိပြုမိသူသည် မိမိ၏ ကိုယ်နှုတ်နှလုံးကို သုံးသည့်အခါတိုင်း ဆင်ခြင်တတ်ခြင်း ရှိလာ၍ မိမိတစ်ဦးတည်း၏ အကျိုးစီးပွား အတွက် သာမက ပတ်ဝန်းကျင် ဘ၀၌ မိမိကဲ့သို့ပင် သုခ၊ ဒုက္ခ အမျိုးမျိုး၌ ကျင်လည်နေကြကုန်သော သတ္တ၀ါ ခပ်သိမ်းတို့၏ အကျိုးစီးပွား အတွက်လည်း ကြည့်တတ်မြင်တတ်၊ ကရုဏာ ဖြစ်တတ်လာနိုင်စရာ အကြောင်းရှိသည်ဟု ထင်ပါသည် " ဟု ဆိုပါသည်။

[ ဂန္ထ၀င်စာပေဟူသည် - မောင်ဆုရှင် ( ဂန္ထ၀င်စာပေ စာတမ်းများ - ပထမတွဲ - မောင်ဆုရှင်၊ ထီလာစစ်သူ၊ တင်ထွေး) ]

+              ( ၁ ) သတ္တိဆိုတာ ဂုဏ်ဟူသမျှရဲ့ အခြေခံ ရေသောက်မြစ်ကြီး ဖြစ်တယ်။
                ( ၂ ) ကာယသတ္တိ၊ စာရိတ္တသတ္တိ နှစ်မျိုးရှိတယ်။ စာရိတ္တသတ္တိက ပိုပြီးမြင့်မားတယ်။
                ( ၃ ) ကာယသတ္တိကို လေ့ကျင့် မွေးမြူရင် ရနိုင်တယ်။
                ( ၄ ) စာရိတ္တသတ္တိကိုလည်း မွေးမြူ ပျိုးထောင်ပေးရင် ရနိုင်တယ်။
                ( ၅ ) ကြာရှည်ခံဖို့ အရေးကြီးတယ်။
[ Sir William Slim - ဒုတိယ ကမ္ဘာစစ် မြန်မာပြည် သိမ်းပိုက်ချိန်၊ အမှတ် ၁၄ တပ်မတော်ကြီးကို ဦးစီးတိုက်ခိုက်သော ဗြိတိသျှ စစ်ဗိုလ်ကြီး၏ On the air - ' လေထဲက အသံ' စာအုပ် မှ ကောက်နုတ်ချက်နှင့် ဆရာ အောင်သင်း အတွေ့အကြုံ ပေါင်းစပ်မှု ကောက်နုတ်ချက် ]

[ အောင်သင်း - မျိုးဆက်သစ် တိုးတက်ရစ်ဖို့ ]

+               ဖြစ်ရမယ်လို့ စွဲစွဲမြဲမြဲ ယုံကြည်မယ်။ ကိုယ်ရွေးချယ်ထားတဲ့ပွဲကို ကိုယ်ဝင်ပြိုင်ဖို့ ဇွဲနပဲလည်း ရှိမယ်ဆိုရင် အောင်ပွဲဆိုတာ ပြေးမလွတ်ဘူး။

+       မင်းတကယ် ကြိုးစားနေတာ မှန်ရင် မအောင်မြင်စရာ မရှိဘူး။ အောင်မြင်လိမ့်မယ်။ မကြိုးစားတော့ဘူး ဆိုမှသာ တကယ် ရှုံးသွားတာ။

[ ဖေမြင့် - မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား စာအုပ်မှ ( သား တကယ် ကြိုးစားရဲ့လား)]

 


2 comments:

Han Kyi said...

ကိုဆူးသစ်ရဲ့ မှတ်စုလေးတွေ ကြိုက်တယ်...ကျွန်တော်လည်း ထို့နည်းလည်းကောင်းပဲ မှတ်စုလေးတွေ မှတ်ဖြစ်သဗျ...သည်ကြားထဲမှာ ကိုယ်တွေးမိတာလေးတွေလည်း ကောက်ကောက်ရေးဖြစ်သေးတာ...ဒါပေမယ့် ကိုယ့်မှတ်စုတွေကို ဝေငှဖို့ကျတော့ ကပ်စေးနှဲပြန်ရော...အခုလို သဘောထားကြီးကြီးနဲ့ ကိုယ်မှတ်ထားသမျှ ပြန်ဝေငှတာ ကျေးဇူးတင်ပါတယ်ဗျာ...

နွေတေးရှင် (မင်းဧရာ) said...

မှတ်သားလောက်တဲ့ အတွေး အရေးလေးတွေဖြစ်နေသလို ....သည်အတွေး သည်လိုအရေးလေးတွေကို လူတွေ ကျယ်ကျယ်ပြန့်ပြန့်သိလာအောင် ချပြသင့်တယ်အစ်ကို
ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ လူဖြစ်နေတာက ''ငါ''ဆိုသော ကမ္ဘာမှာ ဖြစ်နေလို့ပါ ။

Related Posts Plugin for WordPress, Blogger...