Friday, September 30, 2011

" နန်းတော်ရှေ့က တံခါးမှူး "


တော်တော်တော့ကြာခဲ့ပြီ ဖြစ်၏။ သီချင်းတစ်ပုဒ်ကို ကျွန်တော်နားထောင်ခဲ့ဖူးသည်။ နားထဲမှာ စွဲတော့စွဲလာသည်။

သည်လိုနှင့် အဓိပ္ပါယ်ကို သေသေချာချာလိုက်ဖမ်းကြည့်သည်။ မရ။ နောက်တော့ စိတ်ထဲမှာ အဓိပ္ပါယ်တစ်ခုက အလိုလို ပေါ်လာသည်။ သည်သီချင်းသည် အဆောင်ရှေ့မှာ ဂစ်တာတီးလျှင် ဆိုသည့်သီချင်း ဖြစ်မည်ဟု ထင်၏။

ရေးထားသည်က အနုစိတ်သည်။ အဆောင်ဝန်းကျင်ကို လမ်းကလေးများက အစ အသေးစိတ် ဖော်ထားသည်။ နေရာသည် မန္တလေးမှာ။ ထို့ကြောင့် ယင်းအဆောင်များကို နန်းတော်နှင့်ပင် တင်စား၍ ရေးထားသည်ဟု ထင်သည်။ ထိုနန်းတော်ရှေ့မှာ အဆောင်က ကောင်မလေးများကို ဖျော်ဖြေခွင့် ရဖို့ အဆောင် တံခါးဝမှာ တံခါးမှူးဖြစ်ခွင့်တောင်းသည်။ သူက ချစ်လွန်း၍ စောင့်ရှောက်ချင်သည်။ ပြန်ပင် မပြန်ချင်တော့။ အဆောင်က သူချစ်သောကောင်မလေးသည် ဟင်္သာနှင့် တင်စားလောက်အောင် ကြည့်ရသည်မှာ ကျက်သရေရှိသည်။ သည်လိုဖြင့် 'ဟင်္သာတို့ရဲ့ နန်းတော်ရှေ့' ဆိုသည့် သီချင်းတစ်ပုဒ် ဖြစ်လာခဲ့သည်။

တေးရေးဆရာ 'ဆူး' ရေး၍ အဆိုတော် 'လွှမ်းမိုး' ဆိုခဲ့ဖူးသည့် 'ဟင်္သာတို့ရဲ့နန်းတော်ရှေ့' သီချင်းကို နားထောင်ပြီး ယခု အထက်မှာ ကျွန်တော်ပြောခဲ့သည့်အတိုင်း မြင်ယောင်ကြည့်လိုက်ပါ။ တကယ်ကို ထိုကဲ့သို့ခံစား၍ ထိုသီချင်းကို ရေးထားသည်ဟု ထင်မိပေလိမ့်မည်။ သို့မဟုတ် တခြားအဓိပ္ပါယ် တစ်မျိုးရချင် ရပါလိမ့်မည်။ သေချာသည်ကတော့ မူရင်း တေးရေးဆရာသီဖွဲ့ချင်သည့်၊ သူပြောချင်သော ခံစားမှုများနှင့်တော့ ဝေးကွာနေလိမ့်မည်မှာ အမှန်ပင်။

သည်လိုနှစ်ပေါင်းများစွာ မှန်သည်ထင်သောအတွေးတစ်ခုက တလောကမှ ကျွန်တော့်လုပ်ကွက်ထဲက မန္တလေးသားလူငယ်လေး တစ်ဦးနှင့် ဆုံမိသောအခါ တက်တက်စင်အောင် လွဲမှားနေကြောင်း သိခဲ့ရတော့သည်။

" ဒီလိုအစ်ကိုရ။ မန္တလေးမှာ နန်းတော်ရှေ့ ဆိုတဲ့ရပ်ကွက် တစ်ရပ်ကွက်ရှိတယ်။ အဲဒီမှာ မဟင်္သာ ဆိုတဲ့ အမျိုးသမီးတစ်ဦးရှိတယ်။ တော်တော်လှပြီး တော်တော်ကျက်သရေ ရှိတယ်။ အဲဒီ မဟင်္သာတို့ နန်းတော်ရှေ့ ရပ်ကွက်က မန္တလေးနန်းတော်နဲ့ဆို မျက်နှာချင်းဆိုင်။ အဲဒီရပ်ကွက်က လှမ်းကြည့်ရင် နန်းတော်ကို မြင်ရတယ်။ အဲဒီမှာ မဟင်္သာကို ကြိုက်မိတဲ့ တေးရေးဆရာရဲ့ ခံစားမှုက ပွင့်ထွက်လာပြီး သီချင်းဖြစ်သွားတာ။ မဟင်္သာတို့ ရှေ့က နန်းတော်ကြီးမှာပဲ တံခါးမှူးအဖြစ် နေခွင့်ပေးပါတဲ့။ သူအမြဲမြင်နေနိုင်အောင်လို့လေ "

သူပြောပြသည်ကို ကျွန်တော်နားထောင်ပြီး ကြည်နူးရသည်။ အချစ်သည် နူးညံ့၏။ သိမ်မွေ့၏။ ရံဖန်ရံခါ၌ ပိုင်ဆိုင်ချင်၏။ ရံဖန်ရံခါ၌ စွန့်လွှတ်ချင်၏။ တစ်ခါတစ်ရံတွင် သိမ်ငယ်တတ်၏။ တစ်ခါတစ်ရံတွင် ရဲရင့်တတ်၏။

ကျွန်တော့်မျက်စိထဲတွင် မန္တလေးနန်းတော်ကို မြင်လာသည်။ ပြီးတော့ မြမြက်ခင်းများ။ ၀ါးရွက်များ။ လမ်းသွယ်များ။ ရွှေရောင် နန်းဆောင်များ။ မော့ကြည့်ရသည့် တံခါးကြီးများ။ ထိုတံခါးကြီးများ ရှေ့မှာ ချစ်ခြင်းဖြင့် နန်းတော်ရှေ့ကို မျှော်ကြည့်နေမည့် လူသားတစ်ဦး။ သူနှင့်ရှိနေမည့် နူးညံ့သည့်ချစ်ခြင်းတရား။

"ခုတော့ တေးရေးဆရာ ဆူးက မရှိတော့ဘူးလေ။ သူသေသွားပြီ။ ဒါပေမဲ့ ဒေါ်ဟင်္သာကတော့ ခုထက်ထိ ရှိသေးတယ်။ နာမည်နဲ့ လူနဲ့လိုက်တယ် အစ်ကို။ ကြည့်ရတာ တော်တော်ကို ကျက်သရေရှိတယ် "

ကျွန်တော် မန္တလေးကို နောက်တစ်ခေါက် သွားချင်စိတ်ပေါက်မိသည်။ အခွင့်ရှိလျှင် ဒေါ်ဟင်္သာကို သွားကြည့်ချင်၏။ ပြီးတော့ ကျွန်တော်တို့မြန်မာများ၏ ရွှေနန်းတော်နှင့် တံခါးကြီးများ။ ထိုတံခါးကြီးများတွင် ရှိနေနိုင်သော ငြိမ်းချမ်းသည့် ချစ်ခြင်းတရားများ။ ပြီးတော့ နူးညံ့သည့် မေတ္တာများအတွက် ခံစားတတ်သော လူသားတစ်ဦး ( သို့မဟုတ် ) နန်းတော်ရှေ့က တံခါးမှူးတစ်ယောက်၏ လွမ်းဆွတ်ဖွယ်ပုံရိပ်များ။

ယခင်က ထိုသီချင်းကို လွှမ်းမိုး ဆိုထားသည်။ မူရင်းအဆိုရှင်ကို ဂုဏ်ပြုချင်၍ YouTube မှာ လိုက်ရှာသည်။ မတွေ့။ နောက်ဆုံးမှာတော့ သီချင်းကို ပေးချင်သော စိတ်ခံစားချက်က အဓိကဖြစ်နေ၍ မာရဇ္ဇ ပြန်ဆိုထားသည်ကို ကျွန်တော် တင်လိုက်ရပါသည်။ သူဆိုထားသည်ကိုလည်း ကျွန်တော်က ကြိုက်ပါသည်။

တစ်ဆက်တည်းမှာပင် အနူးအညွတ် တောင်းပန်ချင်တာလေးလည်း ရှိပါသည်။ ကျွန်တော့်ကို မန္တလေးသား ညီငယ်လေးက ရှင်းပြခဲ့၍ သည်သီချင်း၏ နောက်ကြောင်းကို သေသေချာချာ သိခွင့်ရခဲ့ခြင်းပါ။ ထိုအတွက် ထိုညီငယ်လေးအား ကျေးဇူးတင်မိပါသည်။ ကျွန်တော်က ဒေါ်ဟင်္သာရှိသည်ဟုပင် မသိသူပါ။ သို့သော် တစ်ဖက်မှာ ကျွန်တော့်အရေးအသားကြောင့် နစ်နာစရာ ကိစ္စများ ရှိလာနိုင်ပါက ကျွန်တော် တောင်းပန်ပါသည်။ ကျွန်တော့်အနေဖြင့် အနုပညာတစ်ရပ်ကို ဖန်တီးရာတွင် တချို့လူများမှာ ရင်နှင့်ရင်း၍ ဖန်တီးရခြင်းကို သိစေလိုခြင်း၊ တစ်ဖက်မှာလည်း ကျွန်တော်သိလိုက်ရသော သီချင်းနှင့် ပတ်သက်သည့် ခံစားမှုကို တခြားလူများ သိစေချင်မိခြင်း စသည့် ဆန္ဒများ ပါပါသည်။

မည်သို့ဖြစ်စေ တစ်ခေတ်တစ်ခါက မန္တလေးနန်းတော်ရှေ့တွင် အလွန်လှပသော အမျိုးသမီးတစ်ဦး ရှိခဲ့ဖူးပါသည်။ ထိုအမျိုးသမီးကို ချစ်ခဲ့ဖူးသော လူတစ်ဦးလည်း ရှိခဲ့ဖူးပါသည်။ ထိုအကြောင်းကို ရေးဖွဲ့ထားသော သီချင်းတစ်ပုဒ်လည်း ရှိခဲ့ဖူးပါသည်။ ကျွန်တော်တို့ ရင်ဘတ်နှင့် နားထောင်ခံစားကြည့်နိုင်ပါသည်။ ။

ဆူးသစ်
၁၅:၁၃နာရီ
၃၀.၉.၂၀၁၁



8 comments:

Cameron said...

မန်းမှာ နေခဲ့ဖူးတယ် ဒါပေမယ့် အဲဒီဇာတ်လမ်းလေးကို မသိခဲ့ဘူး။ စိတ်ဝင်စားဖို့ကောင်းသားပဲ... လိပ်စာလေးပါရရင်ပိုကောင်းမယ် ဒါမှမဟုတ် မန်းရောက်ဖြစ်ရင် မကြီးရွှေစင်ကိုသွားအပူကပ်ရမယ်....။

ခင်တဲ့
မိုးငွေ့

mstint said...

အဲဒီသီချင်းကို တီတင့်လည်း အရင်ထဲကနှစ်သက်ခဲ့တာ။ အစအဆုံးနားထောင်သွားတယ် ဆူးသစ်ရေ။ ကျေးဇူးနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

စံပယ်ချို said...

မန်းကိုရောက်ဖူးရုံလေးပဲဆိုတော့ဒါတွေဘာမှမသိပါဘူး
သီချင်းလေးတော့နားထောင်ခဲ့တယ်...
ခင်မင်တဲ့ jas

Anonymous said...

အကိုကြီးရေ......
ဟင်္သာတို့ရဲ့နန်တော်ရှေ့ သီချင်းလေးက
ထိုလူငယ်လေး ပြောသလို နောက်ခံအကြောင်းလေး ရှိခဲ့ဘူးတယ်လို့
ကျွန်တော့် အန်တီ ပြောပြလို့ ကျွန်တော်လည်း သိခဲ့ရဘူးပါတယ်။
အဲလိုသိပြီးတဲ့နောက်တော့ သီချင်းလေးကိုနားထောင်လိုက်တိုင်း ရင်တွင်းကို ရောက်လာတာက ထိုသီချင်းလေး ဖြစ်လာရတဲ့အကြောင်းပေါ့ အကို။

Angelhlaing(May everybody be happy and healthy! said...

အကိုရေ မန်းတော့ မရောက်ဖူးသေးဘူး အလည်ပြန်ဖြစ်ရင် အလည်သွားဖြစ်အောင် ရည်ရွယ်ထားတယ် :P နေမကောင်းတာနဲ့ သင်တန်းစာမေးပွဲ ရောသွားလို့ တော်တော်လေး မရောက်ဖြစ်ခဲ့တာပါအကိုရေ... အခုတော့ အားလုံးအဆင်ပြေသွားလို့ ရောက်ဖြစ်တော့မယ်လို့ :):) ညီမလေး ပို့စ်လေးတွေ အမှားလေးတွေ ပြုပြင်ပေးလို့ ကျေးဇူးပါလို့...
ကြိုးစားပါ့မယ်လို့..
ကောင်းသောနေ့လေး ဖြစ်ပါစေလို့ ဆန္ဒပြုရင်း..

မာလာ said...

ကျွန်မလည်းငယ်ငယ်ကတည်းကဒီဇာတ်လမ်းကို ကြားခဲ့ဘူးပါတယ်။ ကိုဆူးတို့ ကအညာကမဟုတ်တော့ မသိဖြစ်တာဖြစ်ပါလိမ့်မယ်။ ဟုတ်မဟုတ်တော့မသေချာပေမဲ့ အဲဒီဒေါဟင်္သာက တေးရေးဆရာကိုတရားစွဲတယ်လို့ ပြောသံကြားခဲ့ဘူးတယ်။ ကျွန်မဆိုရင်တော့စိတ်မဆိုးဖြစ်လောက်ပါ။ ကိုယ့်ရဲ အလှတောင်နာမည်ကျော်သွားတာပဲ။

ချော(အစိမ်းရောင်လွင်ပြင်) said...

မန္တလေးသူ မန္တလေးသားတွေတော့ တော်တော်များများသိကြတယ်
ကျွန်မတို့လည်း ငယ်ငယ်က မန်းလေးမှာ ကျောင်းတက်ခဲ့တော့ တေးရေး ကိုဆူးရဲ့ ဒီသီချင်းနဲ့ ဇာတ်လမ်းအကြောင်းလေးက ကျောင်းသူကျောင်းသားတွေကြား ပြောစမှတ်ရှိခဲ့ဖူးတယ်
ပြီးတော့ ကိုဆူးက အဆောင်တွေမှာ သီချင်းလိုက်ဆိုရင် ဒီသီချင်းလည်း ဆိုလေ့ရှိတယ်။ လွှမ်းမိုး မဆိုခင်ကတည်းက သူက အဆောင်ရှေ့မှာ ဂစ်တာတစ်လက်နဲ့ ဆိုနေခဲ့တာ.. သူ့အသံလည်း တော်တော်ကောင်းပါတယ်။ ခုထိ မှတ်မိနေသေးတယ်

Han Kyi said...

ရွှေမန်းမြို့ကို ပြန်လွမ်းသွားစေတဲ့ သီချင်းပါပဲ...ဟုတ်ပါတယ်...အဲဒီသီချင်းဟာ နန်းရှေ့က ဒေါ်ဟင်္သာကို ရည်ရွယ်ပြီးရေးထားတဲ့ သီချင်းပါ...ဒါပေမယ့် ဟင်္သာဆိုတာ လူကိုရည်ညွှန်းမှန်း မသိကြတာက နံမည်က ထူးဆန်းလွန်းနေတာကြောင့် ဖြစ်မယ်ထင်ပါတယ်...မသိသေးတဲ့သူတွေအတွက် ဗဟုသုတဖြစ်အောင် ရေးပေးတာ ကျေးဇူးတင်ပါတယ်...

Related Posts Plugin for WordPress, Blogger...