Monday, December 12, 2011

" ကျွန်တော်တို့သည် "(၁၉)


ကျွန်တော်တို့ တတိယနှစ်၊ ရန်ကုန်စက်မှုတက္ကသိုလ်ရောက်သည့်အခါ ၁၉၉၅ခုနှစ်ထဲမှာရှိသေးသည်။ ကျွန်တော်က Mechanical ကိုရသည်။ သွင်မောင်မောင်၊မင်းဘုန်းလှိုင်၊ကိုအောင်ကျော်သက်၊ကျော်မင်းမင်း အစရှိသူတို့သည် ကျွန်တော်နှင့် မက်ခ်မှာလာဆုံသည်။ ကျွန်တော်တို့ကျောင်းမှာ Mechanical ကို မက်ခ်( Mech) ဟု အတိုခေါ်ကြ၏။ အတန်းများကိုလည်း တတိယနှစ်ဆိုလျှင် သုံးတန်း၊ စတုတ္ထနှစ်ဆိုလျှင် လေးတန်း စသည်ဖြင့်ခေါ်ကြ၏။ ကျောင်းကလူတွေ အချင်းချင်းကတော့ အလွယ်တကူ နားလည်ကြသည်။

ကျောင်း၏ထုံးစံအတိုင်း တတိယနှစ်မှာ သက်ဆိုင်ရာမေဂျာအလိုက် Fresher Welcome များလုပ်ကြသည်။ ပထမနှစ်တုန်းကလည်း တစ်ကျောင်းလုံးအတွက် Welcome အခမ်းအနားလုပ်ကြ၏။ ကျွန်တော်တို့ တက်နေစဉ်က ပါမောက္ခချုပ်သည် ဆရာကြီး ဦးကြင်စိုး။ Mechanical Department ၏ ဋ္ဌာနမှူးသည် ဆရာ ဒေါက်တာချမ်းငြိမ်း။ ထိုဆရာနှစ်ယောက်၏ ပညာရေး နောက်ခံ အကြောင်းများက မွှေးလှသည်။ ကျွန်တော်သိရသလောက်ဆိုလျှင် ဆရာချမ်း( ဆရာဒေါက်တာချမ်းငြိမ်းကို ကျွန်တော်တို့တပည့်များက ချစ်စနိုးဖြင့် ဆရာချမ်းဟု ခေါ်ပါသည်။) သည် ကျောင်းသားဘ၀က အတန်းတိုင်း၏ Roll-1 ဟုဆိုကြသည်။ ကျွန်တော်တို့ကျောင်းမှာ မေဂျာမှာပဲဖြစ်ဖြစ်၊ ပထမနှစ်နှင့် ဒုတိယနှစ်ပဲဖြစ်ဖြစ် ခုံနံပါတ် တစ်ဆိုလျှင် စာတော်သူဟု သိပြီးသား။ ထို့ကြောင့် နောက်ဆုံးနှစ်အထိ အတန်းတိုင်း၏ ခုံနံပါတ်တစ်ဆိုလျှင် စဉ်းစားသာကြည့်စေချင်ပါသည်။

ဆရာကြီး ဦးကြင်စိုးနှင့် ဆရာချမ်းသည် နှစ်ယောက်စလုံး အမေရိကားမှ ဘွဲ့ရသူများဟု ဆိုကြသည်။ ဒါကိုတော့ သိသူများရှိလျှင် ထပ်ဖြည့်စေချင်သည်။ ကျွန်တော်တို့က နားကြားသာရှိတာဖြစ်သည်။ လွဲချင်လည်း လွဲနိုင်သည်။ သို့သော် ကျွန်တော်တို့ကျောင်း၏ ပါ/ချုပ် နှင့် ကျွန်တော်တို့မေဂျာ၏ ဋ္ဌာနမှူးသည် မက်ခ်မှဖြစ်ပြီး အမေရိကားမှ ဘွဲ့ရခဲ့သည် ဆိုသောအချက်ကတော့ ကျွန်တော်တို့လို မက်ခ်ကျောင်းသားများ၏ ဂုဏ်ယူစရာ တစ်ခုဖြစ်ခဲ့ပါသည်။

ကျွန်တော်တို့မေဂျာ၏ Fresher Welcome မှာ ဆရာချမ်းပြောခဲ့သည်ကို ကျွန်တော်မှတ်မိတာ တစ်ခုရှိသည်။ ကျွန်တော်တို့ မက်ခ်သည် ကျောင်းဘောလုံးမှာ နှစ်စဉ် ဒို်င်းရသည်။ ဆရာချမ်းက ပြီးခဲ့သည့်နှစ်က မြို့ပြနှင့် တွဲယူခဲ့သည်မှာ နှစ်တိုင်းမက်ခ်ကချည်းရနေ၍ ထိုနှစ်မှာ ပူးတွဲယူခဲ့ပြီး ဒိုင်းကို Civil နှင့်ခြောက်လစီ သိမ်းထားချင်၍ ဖြစ်သည်တဲ့။ ကျွန်တော်တို့ ပျော်၍ ရယ်မောခဲ့ရသည်။ ဟုတ်လည်းဟုတ်သည်။ မက်ခ်သည် ယောက်ျားလေးများ၍ ဘောလုံးကန်လျှင် နိုင်ဖို့များတာ ဒုတိယနှစ်ကတည်းက ကျွန်တော်တို့သိခဲ့သည်ပဲ။ ကျွန်တော်တို့ပင် ဒုတိယနှစ် အတန်းသားများ အနေဖြင့် မက်ခ်ကို ကလော်တုတ်ခဲ့ကြသေးသည်။ ခုတော့ ကိုယ်တိုင် စက်မှုဘာသာရပ်၏ တတိယနှစ်ကျောင်းသား အဖြစ် ဂုဏ်ယူစွာ ရပ်တည်ခဲ့ပြန်လေသည်။

ကျွန်တော်တို့ Fresher Welcome မှာ အခြားသော ကျောင်းများ၏ ထုံးစံအတိုင်း King နှင့် Queen ကို ရွေးကြသည်။ မဲပေးပြီး ရွေးကြသောအခါ ကျွန်တော်တို့မှာ နာမည်များလည်း မသိသေး၍ အချင်းချင်း လက်တို့ မေးပြီး ကြိုက်လျှင် မဲပေးကြ၏။ ယောက်ျားလေးတို့ ထုံးစံ Queen ကို အားလုံး တစ်ပြေးညီ မဲပေးကြပြီးသောအခါ King ကိုတော့ ဘယ်သူ့ပေးရမှန်း မသိခင်မှာပင် တခြားယောကျာ်းလေးများက အတန်းထဲက သူငယ်ချင်းတစ်ယောက်ကို ၀ိုင်း၍ မဲပေးလိုက်ကြ၏။

အမှန်အတိုင်း ပြောရလျှင်လည်း ကျွန်တော်တို့နှစ်၏ King နှင့် Queen သည် သူတို့ရရှိသော ဂုဏ်ဒြပ်များနှင့် ညီပါပေသည်ဟု ဆိုရမည် ဖြစ်သည်။ အားလုံးသည် ချောချောလှလှနှင့် ခန့်ခန့်များ။ သူတို့နာမည် အရင်းများကိုတော့ ကျွန်တော်မမှတ်မိတော့ပါ။ အဘယ့်ကြောင့်ဆိုသော် သူတို့ထိုဘွဲ့များ ရပြီးကတည်းက သူတို့နာမည် အရင်းများလည်း တစ်ခါမျှ မခေါ်ခဲ့။ ယနေ့အထိ Facebook မှာ ကျွန်တော်တွေ့လျှင် Queen ကို Queen ဟုသာခေါ်ပြီး King ကိုတော့ ကျောင်းတုန်းကတည်းက King ဟုသာ ခေါ်ခဲ့၍ ယခုလည်း Facebook မှာ ရှာနေဆဲပင်။ ကျွန်တော်မမေ့သေးသည်က သူတို့ကို King နှင့် Queen အဖြစ် ကြေငြာအပြီး Crown များဆောင်းပေးခဲ့တာ ဖြစ်သည်။ ပြန်တွေးသည့် အခါတိုင်း ပြုံးနေဖြစ်ပါသေးသည်။ သည်ဘက်ခေတ် ကျောင်းသားဝတ်စုံနှင့် ထို အဆောင်အယောင်များမှာ ရယ်စရာကြီး ဖြစ်နေသည်မဟုတ်လား။

ကျွန်တော်တို့ တတိယနှစ်၊ ရန်ကုန်စက်မှုတက္ကသိုလ်၏ စာသင်နှစ်ကာလမှာ ထူးခြားတာ တစ်ခုရှိပါသည်။ ၁၉၂၀ ခုနှစ်တုန်းက စတင်တည်ထောင်ခဲ့သော ရန်ကုန်တက္ကသိုလ်သည် ၁၉၉၅ခုနှစ်သို့ ရောက်သောအခါ (၇၅) နှစ်ပြည့် စိန်ရတုသဘင် အခမ်းအနားသို့ ရောက်ရှိခဲ့လေသည်။ ထို့ကြောင့် ကျွန်တော်တို့ ကျောင်းတက်နေစဉ်ကာလမှာပင် တက္ကသိုလ် စိန်ရတုနှင့်ကြုံရလေရာ ပျော်ရွှင်ဝမ်းမြောက် စရာ ဖြစ်လို့နေပါတော့သည်။

ထိုအချိန်၌ ကျွန်တော်တို့ကျောင်းတွင် စိန်ရတုအထိမ်းအမှတ် ကဗျာ၊ ၀တ္ထုတို၊ ဆောင်းပါး ပြိုင်ပွဲများ ကျင်းပရာ နဂိုကတည်းက စာပေ၀ါသနာပိုးရှိသူ ကျွန်တော့်မှာ မနေနိုင်၊ မထိုင်နိုင် ၀င်ပြိုင်ခဲ့မိပါသည်။ သို့သော် မည်သည့်ဆုမျှ မရခဲ့။ ထိုစဉ်က Civil က၀င်ပြိုင်သော နာမည်လေးလုံးနှင့် အစ်မတစ်ယောက်မှာ သူချည်းသာ ပထမရခဲ့လေသည်။

ကျွန်တော်သည် ထိုစဉ်က ရန်ကုန်တက္ကသိုလ်၏ စိန်ရတုအတွက် ကဗျာများစွာကို ခံစားရေးသားထားရာ ထိုကဗျာများကို မဂ္ဂဇင်းသို့လည်း ပို့ဖြစ်ခဲ့ပါသေးသည်။ ထိုသို့ပို့ခဲ့သည့် ကဗျာများထဲမှ ရွှေသမင် မဂ္ဂဇင်းသို့ ပို့ခဲ့သော အောက်ပါကဗျာမှာ ထိုစဉ်က ရွှေသမင် မဂ္ဂဇင်းတွင် ကဗျာအယ်ဒီတာ အဖြစ်တာဝန်ယူနေသူ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)က ကြိုက်နှစ်သက်၍ သူထုတ်ဝေနေသော အရိန္ဒမာမဂ္ဂဇင်းတွင် လွှဲယူဖော်ပြခဲ့လေသည်။

"ချစ်ခြင်းများစွာဖြင့်"

ကြည့်စမ်းပါဦး
အပြုံးမပျက်၊ ခရီးဆက်ကာ
အသက်ရှည်သမျှ
အခက်ပွေကြလည်း
(သူမကတော့...........)
အရှက်တွေနဲ့လှဆဲပင်။

၇၅-နှစ်
ချစ်ချစ်စရာ၊ ကာလကျော်ဖြတ်
မားမားရပ်လို့၊ မပြတ်သမုဒယ
ခွဲခွာကြသူ၊ မျှယူခံစား
အဆွေးတွေကြားထဲ
ဝေးနေငြားလည်း ချစ်ဆဲပင်။

နွေထဲဆိုလျှင်
ရော်ကျင်ညှိုးခြောက်၊ သစ်ခေါက်သစ်ရွက်
ပင်ထက်မှကျ၊ ထိုခဏတောင်
သူမအလှ မကွယ်ဝှက်။

မိုးထဲဆိုလျှင်
ရေစင်ဆွတ်ဖျန်း၊ တက်ကြွလန်းလို့
ပန်းတို့လည်းလှ၊ သူလည်းလှလို့
သူမအလှ မဖုံးကွယ်။

ဆောင်းထဲမှာလည်း
အမြဲအေးချမ်း၊ မြူငွေ့လွှမ်းထား
ဘယ်ဘယ်နားကြည့်၊ ချမ်းမြေ့မိကာ
သူမသာပဲ လှနေဆဲ။

အိုတက္ကသိုလ်
အရှက်ပိုလှ၊ ကာလများစွာ
ထာဝရမပမ်း၊ ခရီးကြမ်းနှင်
လမ်းထွင်လျှောက်လှမ်း၊ ရာသီလမ်းမှာ
တမ်းတမ်းတတ၊ အဝေးမှလူ
ပျော်ကြပါးကြ၊ အနီးမှလူ
ဘယ်သူခွဲခွဲ၊ အမြဲတမ်းပြုံး
အမုန်းမဖက်၊ မေတ္တာယှက်ကာ
တစ်သက်တာကာလ
အစဉ်ထာဝရသာ
အကြင်နာအချစ်ဟောင်းများဖြင့်
နှစ်ပေါင်းများစွာနွှဲနိုင်စေ ။ ။


ကျွန်တော်တို့သည် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားများအဖြစ် ရန်ကုန်တက္ကသိုလ်၏ စိန်ရတုသဘင် အခမ်းအနားကို ကြုံခဲ့ရသူများ ဖြစ်ခဲ့ကြ၏။ ကျွန်တော်တို့သည် လေးစားစရာ ကောင်းသော ဆရာကြီးများ၏ အုပ်ချုပ်မှုနှင့် သွန်သင်ဆုံးမမှုများ အောက်မှာ ကျွန်တော်တို့၏ ပညာသင်နှစ်များကို ဖြတ်သန်းခဲ့ရ သူများ ဖြစ်ခဲ့ကြ၏။ ကျွန်တော်တို့သည် ကျွန်တော်တို့ကို နွေးထွေးစွာ ကြိုဆိုခဲ့ကြသော Fresher Welcome များကို ဖြတ်သန်းရင်း မောင်နှမရင်းချာများသဖွယ် စကြ၊ နောက်ကြရင်း၊ King နှင့် Queen များကိုလည်း ရွေးကာ ဘ၀တစ်လျှောက် ခင်စရာကောင်းသည့် သူငယ်ချင်းများကို ရခဲ့သူများလည်း ဖြစ်ခဲ့ကြ၏။ ။

ဆူးသစ်
၂၀:၅၇ နာရီ
၁၂.၁၂.၂၀၁၁



5 comments:

Cameron said...

မှတ်မိသေးတယ် တက္ကသိုလ်စိန်ရတုတုန်းက မိန်းမထဲမှာ မေဂျာပေါင်းစုံ ဈေးရောင်းပွဲကြီးလုပ်တော့ ကိုယ်တို့က အာစီသရီးမှာ ပထမနှစ်တက်နေတုန်း....။

mstint said...

ကျောင်းတော်ကအကြောင်းလေးတွေ ပြန်လည်သတိရ
လွမ်းဆွတ်မိသွားတယ် ဆူးသစ်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Angelhlaing(May everybody be happy and healthy! said...

အကိုရေ...ပို့စ်လေးဖတ်ပြီး ကျောင်းတုန်းက ကွင်းတွေ၊ကင်းတွေ ရွေးတုန်းက ကိုယ်ပေးချင်တဲ့သူ မရတာလေးတောင် အမှတ်တရ လွမ်းသွားတယ် အကို..:):)

အဖြူရောင်နတ်သမီး said...

နှစ်တွေသာဘယ်လိုပြောင်းပြောင်း..
ကျောင်းတော်ကြီးကတော့ ဒီအတိုင်းပါပဲလား...
လွမ်းဆွေးဆွေးကြီးပါပဲ...

soeminthein said...

လွမ်းမိတယ် သူငယ်ချင်း

Related Posts Plugin for WordPress, Blogger...