Wednesday, December 15, 2010

“အနားဒူရေး”


ကျွန်တော်လုပ်နေသော အလုပ်ထဲမှာ လူမျိုးပေါင်းစုံ ရှိသည်ဟု ကျွန်တော် ဆိုခဲ့သည်။ Jurong Island မှာ Project အကြီးကြီး လုပ်ရင်း Cable များဆွဲရန် အချိန်ကျလာသော အခါ တခြား Site မှ အလုပ်သမားများပါ ထပ်ခေါ် ရတော့၏။ ထိုအခါ ကျွန်တော်နှင့် နောက်ထပ် လူမျိုးခြား များစွာ ထပ်မံ ထိတွေ့ ဆက်ဆံရတော့သည်။ ထိုအထဲက မှ ကုလားတစ်ယောက်ကတော့ ထူးထူးခြားခြားပင်။

သူက Foreman ။ သူ့ကို စသိတော့ မြေပြင်မှ ခေါင်မိုးပေါ်သို့ Cable အကြီးကြီးများ ဆွဲသည့် အချိန်။ မြန်မာများက သူ့ Timing မှာ လိုက်ဆွဲရသည်။ သူက Foreman ဖြစ်၍ သူ့စကားကို အလုပ်သမားများ နားထောင်ရသည့် သဘော။ ကျွန်တော်နှင့် စသိပုံကလည်း ကြည့်ပါဦး။ Safety Supervisor ဖြစ်သည့် ကျွန်တော်က သူတို့အဖွဲ့ကို စောင့်ကြည့်နေတုန်း သူကျွန်တော့်ဆီ ရောက်လာသည်။

"အစ်ကို့  - မင်္ဂလာပါ"

"ဟင်"

ကျွန်တော် အံ့သြသွားသည်။ ရယ်လည်း ရယ်ချင်၏။ ကုလားတစ်ယောက်က ကျွန်တော့်ကို မြန်မာလို ပီပီသသ နှုတ်ဆက်နေတာကိုး။ ကျွန်တော်ကတော့ Safety ဖြစ်နေ၍ ခပ်တည်တည်နှင့်ပင် 'မင်္ဂလာပါ' ဟု နှုတ်ဆက်ရင်း ဘာမျှ ဆက်မဆိုဖြစ်။ Site ထဲမှာ နီးစပ်ရာ သင်ရင်း ဘာသာစကားများ တတ်ကုန်ကြသည်က အထူးအဆန်း မဟုတ်။ သည်လောက်တော့ ရှိမှာပေါ့ဟု တွေးကာ နေကြည့်သည်။ ကျွန်တော့်အထင် လွဲသွား၏။

"အစ်ကို့ - ပြဿနာရှိတယ်။ ပြဿနာရှိတယ်"

စောစောက ကုလား ကျွန်တော့်အနား လာပြီး နောက်တစ်ခါ ပြောသည့် စကား။ ဘယ့်နှယ့်၊ သူက "ပြဿနာရှိတယ်" ကိုပါ သိနေရတာပါလိမ့်။ အင်္ဂလိပ်လို Problem ကို မြန်မာစကား သင်ပေးသူက "ပြဿနာရှိတယ်" ဟု သင်ပေးလိုက်ပုံ ရသည်။ ကောင်းရော။ ကျွန်တော် နည်းနည်းတော့ အံ့သြမိလေသည်။

ဘာဖြစ်တာလဲ ဟု အင်္ဂလိပ်လိုမေးခိုက် မြန်မာတွေ သူ့ကို 'ငါ-မသား' လို့ပြောနေတယ်ဟု ရယ်ကျဲကျဲဖြင့် ဆို၏။ အင်္ဂလိပ်လို ပြောရင်း မြန်မာလို 'ငါ-မသား' ကို ညှပ်ပြောတာ ဖြစ်၏။ ဗုဒ္ဓေါ၊ သူက မြန်မာလို ဆဲတာပါ နားလည် နေ၏။ သင်ပေးသူများကလည်း လုံးစေ့ ပတ်စေ့ သင်ပေးလိုက်ပုံ ရသည်။

ကျွန်တော်က မြန်မာများနား သွားပြီး မေးတော့ 'ဟုတ်တယ်အစ်ကို၊ နေပူထဲ ဆက်တိုက် ဆွဲခိုင်းနေလို့ ဆဲလိုက်တာ၊ ဒီကောင် မြန်မာစကား နားမလည်ဘူးထင်လို့' ဟု လူသစ်လေးများက ပြော၏။ ကုလားနှင့် အတူ တခြား Site မှ ပါလာသော မြန်မာများက ပြုံးပြီး ကြည့်နေ၍ ကျွန်တော်က 'ဒီကောင် တော်တော် နားလည်လား' ဟု မေးလိုက်သည်။ 'ကျွန်တော်တို့နဲ့ နှစ်ပေါက်အောင် လုပ်လာတော့ ဒီကောင် တော်တော် သိနေပြီ အစ်ကိုရ၊ ကျွန်တော်တို့ချင်း ဆဲပြီးနောက်နေတာ သူခဏခဏကြားပြီး မှတ်မိသွားတာ၊ သူသိချင်တာလည်း မေးတော့ ပြောပြမိတာပေါ့' ဟု ဆို၏။

သည်လိုနှင့် ထို Project ကြီးမှာ ထိုကုလား ရောက်လာသည်မှ စ၍ ကျွန်တော်နှင့် သူ မျက်မှန်းတန်းမိပြီး နောက်ပိုင်း ခင်သွားတော့၏။ သူ့နာမည်က 'အနားဒူရေး' ။

Cable ဆွဲသူတို့မှာ Timing ရှိ၏။ 'သားရေး' ဟု သူတို့ ဘာသာစကားနှင့်
'အနားဒူရေး' က အော်လိုက်လျှင် အားလုံးက 'ဟေး - ရိုး၊ ဟေး - ရိုး' ဟု ညာသံပေးကာ ဆွဲကြ၏။ Cable အရှည်များ ဆွဲကြလျှင် ထိုအသံများက Site ထဲမှာ လွှမ်းနေ၏။ ထိုအသံ ရှိလျှင် 'အနားဒူရေး' တို့ အုပ်စု ရှိ၏။

Cable အသေး၊ အတို ဆွဲလျှင်တော့ ထိုသို့ မအော်တော့။ 'သားရေး' 'သားရေး' ဟုလိုသလို လိုက်ပြော၏။ သူတို့ ကျွန်တော့်ကို ရှင်းပြသည်က
'အနားဒူရေး' အော်သော 'သားရေး' ဆိုသည်မှာ 'ဆွဲ'ဟု ဆိုခြင်းပင်။ သို့သော် မြန်မာစကားကို တနိုင်တပိုင် လေ့လာထားသော 'အနားဒူရေး' က တစ်နေ့၌ မြန်မာတစ်ယောက်နှင့် ဘင်္ဂလား တစ်ယောက် ဆွဲနေသော အနား ကပ်ပြီး 'အစ်ကို့ - ဆွဲ' ဟု အော်၏။ သူက မြန်မာများလျှင် 'သားရေး' ဟု အော်ချင်မှ အော်၏။ 'အစ်ကို့ - ဆွဲ' ဟု အော်တတ်သည်။

ရံဖန်ရံခါ 'ဘကုန်း' တချို့က မြန်မာ အဖွဲ့ထဲ ပါနေ၍
'အနားဒူရေး' က 'အစ်ကို့ - ဆွဲ' ဟုဆိုလျှင် Cable ဆွဲဖို့ အော်တာ ဖြစ်ကြောင်း သဘောပေါက်ကြသည်။ ထိုနေ့က မြန်မာအသစ်တစ်ယောက်မှာ အိမ်ကိုပဲ လွမ်းနေလား၊ ဘာလား မသိ။ 'အနားဒူရေး' ၏ 'အစ်ကို့ - ဆွဲ' ကို မကြားလိုက်။ သို့သော် 'အစ်ကို့ - ဆွဲ' ဟု ဆိုလျှင် Cable ဆွဲခိုင်းသည် ဟု နားလည်သော 'ဘကုန်း' လေးက ကုန်းရုန်း ဆွဲပါတော့သည်။

ထိုအခါ
'အနားဒူရေး' မှာ မျက်နှာကြီး မဲ့သွားပြီး၊ ကျွန်တော်က တော့ သဘောကျကာ ရယ်မိပါတော့သည်။ မရယ် ခံနိုင်ရိုးလား။ ကုလား တစ်ယောက် မြန်မာလို ပြောသည်ကို 'ဘကုန်း' က နားလည်ပြီး Cable ကို နင်းကန်ဆွဲချိန် မှာ မြန်မာက နားမလည်သလို ရပ်ကြည့်ပြီး ငူငူကြီးနှင့် Cable ကိုင်ကာ ငေးကြည့်နေ၍ Cable က တုတ်တုတ်မျှ မလှုပ်။ Site ထဲက မြန်မာအချို့ကို ကျွန်တော် ပြန်ပြောပြတော့ ရယ်ကြသည်။ ထိုနေ့က 'အနားဒူရေး' သည် 'အစ်ကို့ - ပြဿနာရှိတယ်။ ပြဿနာရှိတယ်' ဟုဆိုကာ ညည်းတွား နေတော့၏။

တစ်ခါမှာတော့ သူ့နာမည်ကို မေးသော မြန်မာတစ်ယောက်ကို
'အနားဒူရေး' က နာမည် ပြောပြသော်လည်း နားမလည်သည်နှင့် ကြုံတော့၏။ ထိုအခါ စိတ်မရှည်လေသော 'အနားဒူရေး' က ထိုမြန်မာ၏ လက်ကို ဖြန့်ခိုင်းပြီး သူ့နာမည်ကို ရေးပေးလိုက်လေ၏။ ထိုအခါမှ မြန်မာလည်း နာမည် နားလည်သွားတော့သည်။ နားမလည်လျှင် ခံနိုင်ရိုးလား။ 'အနားဒူရေး' သူ့နာမည်ကို ရေးပေးလိုက်သည်မှာ အင်္ဂလိပ်လို မဟုတ်။ မြန်မာလို ရေးပေးလိုက်တာ ဖြစ်သည်။

သည်လိုနှင့် ကျွန်တော် Jurong Island မှ Bukom ကို ခေတ္တ ရောက်နေတုန်း တစ်ညမှာ
'အနားဒူရေး' ဖုန်းဆက်၏။ Site ထဲမှာ Cable သုံးချောင်း ပျက်စီးနေ၍ Manhole များ ပြန်ဖွင့်ပြီး ပြန်ဆွဲရမည်တဲ့။ ကျွန်တော် ရှိစဉ်က အချောသတ်ပြီးနေသော လုပ်ငန်းများ ပြန်စရမည် ဆို၍ 'အနားဒူရေး' စိတ်ပျက်နေသည့် ပုံ။ ထိုထက် စိတ်ပျက်စရာက သူမင်္ဂလာဆောင် ပြန်ဖို့ ခွင့်တင်ပြီးသားကို ထို Cable သုံးချောင်း ကိစ္စကြောင့် CM က နေပါဦး ဟု ဆွဲထားသည်တဲ့။ ကျွန်တော် မြှောက်ပေးလိုက်ပါသည်။ CM ကို မင်္ဂလာဆောင်ရှိ၍ ခွင့်ပြုပါဟု အတင်းပြော ရန် သင်ပေးလိုက်၏။ ခုထိတော့ ဘာမျှ မကြားရသေး။

ကြားရနိုင်တာ တစ်ခုတော့ရှိသည်။ အိမ်ပြန်ပြီး မင်္ဂလာဆောင်ခါနီးမှ ကပ်တစ်နေသော
'အနားဒူရေး' ၏ စိတ်ပျက်စွာဖြင့် အော်နေသော 'ပြဿနာရှိတယ်၊ ပြဿနာရှိတယ်' ဆိုသော အသံများပင်။ ။

ဆူးသစ်
၂၀း၃၃ နာရီ
၁၅.၁၂.၂၀၁၀

Monday, December 13, 2010

“နစ်ကျွံကဗျာခရီး”

နေ့ရက်လေးတွေရဲ့ကြားက
ကဗျာသမားတစ်ယောက်ရဲ့ အသက်ရှင်ခွင့်
ဒါဟာပစ္စုပ္ပန်ရဲ့ပင့်သက်တွေကို ဖြတ်သန်းမှုဖြစ်တယ်။



ရုရှားကဗျာဆရာပေါက်စ 'ယက်စနင်'
သူ့လည်ပင်းကို ငင်ခဲ့တဲ့ကြိုးတစ်စ
ဓါတ်ငွေ့ပိုက်လိုင်းမှာ နွားလို ဆောင့်ရုန်းရင်း
ကိုယ့်ကိုယ်ကိုလုပ်ကြံလို့ ဆုံးခဲ့တဲ့ ဘ၀တစ်ခု
ဒါဟာကဗျာတစ်ပုဒ်ကို ပြုစုခြင်းလား။



'ယက်စနင်'လို ကဗျာဆရာ 'ဟဲမင်းဝေး'
ပင်လယ်ကမ်းခြေမှာမြည်ခဲ့တဲ့ သေနတ်သံများ
ကဗျာတေးသွားတွေလိုထားခဲ့
ဒါလည်းကဗျာတစ်ပုဒ်ရဲ့တပ်မက်ခြင်းပဲထင်ရဲ့။



ရုရှားက ကဗျာဆရာ၊ စာရေးဆရာ 'ဘောရစ်ပတ်စတာနတ်'
ဖိနပ်ကြီးများရဲ့နင်းခြေမှု
မတူညီတဲ့လေပြင်းများရဲ့တိုက်ခတ်မှု
ပြိုယိုင်လဲလုနိုဗယ်ဆုကြီး
ဒေါက်တာဇီဗားဂိုးတစ်ယောက် ကြက်သီးမထ
အသက်ရှုကျပ်ခဲ့ရသောကာလများစွာ
ဒါဟာ ကဗျာသများ၊ စာသမားရဲ့ရုန်းကန်မှုတစ်ခုပေါ့။



'အနုပညာဟောင်းကိုရိုက်ချိုး'လို့ ကြွေးကြော်ခဲ့တဲ့
ရုရှားက ကဗျာဆရာ 'ဗလာဒီမာ မာယာကော့ဗ်စကီး'
နှစ်တွေရဲ့ကြားမှာ ကျဆုံးခဲ့ပြီးမှ
လူတွေရဲ့ဝင်စားမှုလျော့ပါးပျက်ပြယ်ခဲ့ပြီးမှ
ခါးသီးစွာဝေဖန်ပစ်တင်ခံခဲ့ပြီးမှ
'ငါ့အသံရဲ့တစ်ဆုံးမှာ' ဆိုတဲ့ သူ့ကဗျာလို
သန်းပေါင်းများစွာသော ပြည်သူတွေထဲက သူ့ကဗျာအသံတွေ
မှန်ကန်စွာနှင်းခြေဖြတ်သန်းခဲ့ကြလို့
ကဗျာကို အနာနဲ့ရင်းစားတဲ့ တိုးဝှေ့မှုတစ်ခုဖြစ်တည်စေခဲ့တယ်လေ။



'လူတွေဟာအချုပ်အချယ်၊ အနှောင်အဖွဲ့တွေကို အာခံချင်တယ်' ဆိုတဲ့
အမေရိကန်က ကဗျာဆရာ 'အီးမာဆင်'
ညီမျှစွာအသက်ရှင်နေထိုင်မှုကို ပြုစုရင်း
သူ့ကို မလိုလားအပ်သူတွေက
'စာပေပါရဂူဘွဲ့' ချီးမြှင့်တာခံခဲ့ရ
ဒါဟာမြင့်မြတ်တဲ့ အသက်ရှင်ခြင်းအဖြစ်
ကဗျာတွေနဲ့ မော်ကွန်းတစ်ရစ်သူတစ်ယောက်ဘ၀ ဖြစ်ပြန်ရော။

တကယ်တော့ နေ့ရက်တွေဆိုတာ
အုတ်မြက်တစ်လွှာ၊ သဲတစ်ဖျာလို့ ဘယ်သူသိခဲ့သလဲ
အမြဲတမ်း အက်ဆစ်နဲ့ပက်ခဲ့သူတွေသာ
မညှာမတာနဲ့လေတွေ တစ်ဝရှူရှိုက်နေတုန်း
ပွတ်တိုက်စားမှုကြောင့် ပါးလွှာသွားတဲ့အရာတွေ ရှိခဲ့တာ သိဖို့ကောင်းခဲ့
(တကယ်တမ်းကျတော့ .......................)
ကိုယ့်မျက်ရည်ကျဖူးမှ သူများငိုတာသိကြမှာပဲလေ။ ။


သားလတ်
၆.၈.၁၉၉၄

Sunday, December 12, 2010

“Mr. Who Say ”



ကျွန်တော် လုပ်နေသော လုပ်ငန်းခွင်ထဲမှာ နိုင်ငံပေါင်းစုံက လူများစွာပါသည်။ မြန်မာ၊ အိန္ဒိယ၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ထိုင်း စသဖြင့် စုံနေ၏။

ကျွန်တော်သည် Safety Supervisor တစ်ဦးမို့ Site ထဲက Safety ကိစ္စများကို တာဝန်ယူရ၏။ မနက် မိုးလင်း လျှင် TBM ဟုခေါ်သော Tool Box Meeting (Safety နှင့် ပတ်သက်၍ ဆွေးနွေးရသော အစည်းအဝေးငယ်) လုပ်ရ၏။ ကျွန်တော် အပါအ၀င် PM, CM, Supervisor များက Safety အကြောင်း၊ လုပ်ငန်းခွင်အကြောင်း ပြောရ၏။ အလုပ်သမား နားမလည်မှာ စိုး၍ အဆင်ပြေသလို ဘာသာပြန်ပေးရ၏။

ယခင် Jurong Island မှာတုန်းက ဘာသာပြန်ပေးရသည်။ ယခု Bukom ကျွန်းမှာတော့ ဘာသာ ပြန်မပေးကြ။ ကျွန်တော်က မြန်မာ။ ကျန်သည့် Supervisor များက အိန္ဒိယ၊ တရုတ်၊ စလုံး။ အားလုံး အင်္ဂလိပ်လိုသာ ပြောသည်။ အလုပ်သမားနည်း၍ အားလုံးနားလည်အောင် ကြိုးစား ပြောကြ၏။ နားလည်သည်ဟု ယူဆရသည်။ ထိုအထဲတွင် ထိုင်းနှစ်ယောက်က သိပ်နားမလည်။ မြန်မာ၊ ကုလား အလုပ်သမားများက သူတို့ကို ပြန်ရှင်းပြ ရသည့်အခါ ရှိသည်။ ဒါလည်း နားလည်သလို ခေါင်းတွေ ညိတ်၍ နေ၏။

နောက်တော့ ထိုင်းတစ်ယောက်ကို Jurong Island ပြန်ပို့သည်။ နောက်တစ်ယောက်ကို ချန်ထားခဲ့၏။ ပြန် ပို့သည့် ထိုင်းက အင်္ဂလိပ်စာ ပို၍ ပြောနိုင်၊ နားလည်နိုင်သော်လည်း ကျန်ခဲ့သည့် ထိုင်းက မလွယ်။ TBM လုပ်လျှင် ငူငူကြီး ထိုင်နေ၏။ နားလည်လား မေးလျှင် ကြောင်စီစီကြီး ကြည့်နေသည်။ ပြီးမှ ခေါင်းညိတ်၏။ ရမ်းတုတ်သည့် သဘော။ သူ့ နာမည်ကို 'မာနော့ပ်' ဟု ခေါ်၏။ အင်္ဂလိပ်လိုတော့ ကျွန်တော် ရေးမပြလို။

သည်လိုနှင့် သူတို့နှင့် တွဲလုပ်တာ ကြာသည့်အခါ 'မာနော့ပ်' ကို ပိုသိလာရသည်။ အကြောင်းက ရှိသည်။ သူက 'အေဒရီယမ်' ဟု ခေါ်သော ဖား (ဖိလစ်ပိုင်) လေး၏ နောက်လိုက် ဖြစ်သည်။ ဖားလေးက တစ်ခုခု ခိုင်းပြီး မပြီးသေးပါက 'ဘာလို့မပြီးတာလဲ' ဟု မေးလျှင်၊ 'I don't know' ဟု ပြော၏။ ဘာလုပ်နေတာလဲ၊ အလီဘာဘာ လုပ်နေတာလား ဟု မေးလျှင်လည်း 'Who say?' ဟု ပြော၏။

တစ်ခါတစ်ရံ ကျွန်တော့် Safety အပိုင်း သူမလိုက်နာ၍ မနက်က TBM မှာ ပြောပြီး ဖြစ်၍ မသိဘူးလား မေးလျှင် 'Who say?' ဟု ဆို၏။ ငါပြောတာလေ ဆိုတော့ 'I don't know' တဲ့။ သေရော။ ကျွန်တော်က ကုမ္ပဏီ Safety မို့ တော်တော့သည်။ Client Safety နှင့် တွေ့လျှင် 'I don't know' ဆိုက ကျွန်းက ထွက်ပေတော့ပင်။ Safety မှာ 'Excuse' မရှိ။ 'I don't know' မရှိ။ 'Who say?' မရှိ။ ဘယ်သူပြောတာလဲ မဟုတ်။ Law ကပြောပြီးသား ဖြစ်သည်။

ကာလလေး ကြာတော့ ကျွန်တော်တို့ Site က အလုပ်သမားများကြား 'မာနော့ပ်' စကားက ခေတ်စား လာသည်။ အလုပ်သမားတစ်ယောက် တစ်ခုခု မလိုက်နာ၍ Supervisor က မေးသည်။ အလုပ်သမားက 'Who say?' ဟု ဆို၏။ ငါမှာခဲ့တာပဲ။ ငါပြောတာ စသဖြင့် ဆိုသောအခါ 'I don't know' ဟု ပြောလာ၏။ 'မာနော့ပ်' အကြောင်း သိပြီးသား Supervisor များကတော့ အလုပ်သမားများကို ခွင့်လွှတ်ပေးကြ၏။ တစ်ခါတစ်ရံ ရယ်ပင် ရယ်ကြ၏။ PM တို့ CM တို့တော့ ဘယ်ပြောရဲပါ့မလဲ။ အိမ်ပြန်ရမှာကိုး။ အလုပ်သမားက သူနှင့် ရင်းနှီးသော Supervisor ကိုသာ ပြောရဲတာ ဖြစ်သည်။

နောက်တော့ ရုံးပိုင်းသို့ပါ ထိုစကားတွေ ရောက်ကုန်၏။ လစာကိစ္စ၊ ခွင့်ကိစ္စ အကြောင်းအရာ ထူး၍ Admin ကုလားလေးကို ကျွန်တော်က သွားမေးသည်။ သူက 'Who say?' တဲ့။ ပြောရင်း ရယ်နေသည်။ ကျွန်တော် ကလည်း ကောလဟလဖြစ်၍ 'I don't know' ဟု ဖြေသောအခါ 'မာနော့ပ်' စကားများဖြစ်၍ ကုလားလေးရော၊ ကျွန်တော်ပါ ရယ်မိကြသည်။ CM က ခပ်လှမ်းလှမ်းက တည်တည်ကြီး ကြည့်နေ၏။ သူက ကျွန်တော်တို့ ရယ်တာ ဘာမှန်းမှ မသိတာ။

သည့်နောက်တွင်တော့ ကျွန်တော်က 'မာနော့ပ်' ကို 'Mr. Who Say' ဟူသော နာမည် ပေးလိုက်သည်။ အလုပ် သမားများက သဘောကျ ကြ၏။ ကျွန်တော့်လိုပဲ 'Mr. Who Say' ဟု 'မာနော့ပ်' ကိုခေါ်ကြ၏။ တစ်ရက်မှာတော့ ကျွန်တော်တို့ CM ကို Supervisor တစ်ယောက်က အလုပ်ကိစ္စ မေးနေသည်။ 'Who say?'ဟု CM က ပြောလိုက်တော့ ဘေးမှာရှိသော Supervisor တွေရော၊ ကျွန်တော်ပါ ပြုံးကြသည်။ CM က ပြန်ပြော၏။ 'I don't know' တဲ့။ ကျွန်တော်တို့ အားလုံး CM မမြင်အောင် တစ်ဖက်လှည့်၍ ရယ်ပါတော့သည်။ 'Mr. Who Say' ၏ စကားလုံး နှစ်လုံးကား တော်တော် တွင်ကျယ်နေလေပြီ။

မလေးတရုတ် တစ်ယောက်က ကျွန်တော့်ကို ပြောသည်။ ' Safety, သူ့စကားက တော်တော် အသုံးဝင်တယ်၊ သူတစ်ခုခု မှားနေလို့ ပြောရင် ဘယ်သူပြောလဲတဲ့၊ ဘယ်သူက ပြောထားတာလို့ ပြောရင် သူမသိဘူးတဲ့၊ အလီဘာဘာ လုပ်လို့ ကောင်းတယ်။ ' ဟု ဆိုသည်။ ရူးချင်ယောင်ဆောင်လျှင် ကောင်းသည်ဟု ဆိုသည့် သဘော။

နောက်တော့ 'Mr. Who Say' ကို Jurong Island ပြန်ပို့သည်။ သူ့စကားက ကျွန်တော်တို့ Site မှာ ကျန်ခဲ့၏။ သူက OT ရသော Jurong Island မှာ ပိုပျော်သည်။ သို့သော် အဲဒီမှာ Safety အဖမ်းကြမ်း၏။ အကယ်၍ သူ့ကို Safety ဖမ်းသည့်အခါ 'Who say?' ဟုပြောပြီး 'I don't know' ဟုများ သူဖြေနေလေမလား။ ဒါကိုတော့ 'Mr. Who Say' သာ သိပါလိမ့်မည်။ ။


ဆူးသစ်
၁၄း၀၀ နာရီ
၁၂.၁၂.၂၀၁၀

Saturday, December 11, 2010

'' Blog Demand ''


၂၀၁၀ခုနှစ် စက်တင်ဘာလမှာ 'အဖြူရောင်လမ်းကလေး' ဘလော့ကို သေသေချာချာ စလုပ်ဖြစ်သည်။ ၂၀၀၈ ခုနှစ် ကတည်းက တည်ထားသော ဘလော့ဖြစ်သော်ငြား ခုမှ ပြန်စဖြစ်ခြင်းပင်။ ကျွန်တော့် ဇနီးသည်က ကျွန်တော့် ဘလော့ ရုပ်လုံးပေါ်လာဖို့ ကြိုးစားပမ်းစား ကူညီရှာသည်။ ထိုစဉ်ကတည်းက သူလည်း ဘာရေးရလျှင် ကောင်းမည် လဲဟု ဆိုကာ ဘလော့တည်ရန် ကြံစည်ခဲ့ဖူး၏။

သည်လိုနှင့် 'အဖြူရောင်လမ်းကလေး' တဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာသည့်အခါ သူက ဘလော့ စတည် တော့၏။ ဘလော့ဂါ အမည်နှင့် ဘလော့ ခေါင်းစဉ်ကို ကျွန်တော်ကပင် ရွေးပေးခဲ့သည်။ ကျွန်တော်ဖြစ်ချင်သမျှ နောက်က လိုက် ဖြည့်ဆည်းပေးနေသော သူ့အတွက် 'ပါရမီဖြည့်ဖက်လေး' ဆိုသော ဘလော့ဂါ အမည်ကို ပေးခဲ့ ပြီး၊ သူချက်သမျှ ဟင်းများအကြောင်း ပြောချင်သည်ဆို၍ 'ရသာချို' ဟု သူ့ဘလော့ကို ခေါင်းစဉ် တပ်ပေးလိုက် သည်။

ကျွန်တော်သည် စာပေ ၀ါသနာပါသူ သက်သက်မျှသာ ဖြစ်ရာ ကျွန်တော်တင်သမျှ ပို့စ်များသည် စာပေနှင့် နှီးနွယ်သည်ချည်းသာ။ ကျွန်တော်ကြိုက်သော သီချင်းများကိုပင် မည်သို့ ခံစားမိကြောင်း စာဖြင့်ရှင်းပြခဲ့သည်။ ကဗျာ၊ ၀တ္တုတို၊ ဆောင်းပါး စသည်တို့ဖြင့်သာ ကျွန်တော့် ဘလော့မှာ ပြည့်နှက်နေ၏။

ဇနီးသည် ကျတော့ သူချက်သည့် ဟင်းများထဲမှ တင်စရာရှိလျှင် ကောက်တင်လိုက်သည်။ သူပြောချင်သည့် အကြောင်းအရာများ ရှိလျှင် ရေးချလိုက်သည်။ ကျွန်တော်က တစ်ပြန်၊ ပြန်၍ ပံ့ပိုးပေး၏။

ကျွန်တော်သည် အလုပ်တစ်ဖက်နှင့်မို့ ရသည့်အချိန်မှာ ကြိုးစားရေးကြည့်ရခြင်း ဖြစ်သည်။ အချိန်မရလျှင်

Wednesday, December 8, 2010

“ဟိုးအဝေးက ဒီဇင်ဘာည”


မြင်ကွင်းသည်ေ၀၀ါးနေ၏။ လမ်းမီးတိုင်လေးများ အောက်က မှိန်ပြပြအလင်းမှာ မြူလော၊ နှင်းလော မကွဲ။ အေးစက်သော အထိအတွေ့တို့ဖြင့် ဒီဇင်ဘာသည် ချမ်းမြခြင်းကို ဆောင်လာသည်။

အခန်းအပြင်ကို လှမ်းကြည့်ခိုက် နှင်းတို့ ကျနေသည်ဟု ထင်မိ၏။ ပြတင်းတံခါးကို ဆွဲမပိတ်ချင်သေး။ အတိတ်သည် အာရုံကို နှင်းနှင့် အတူ လှုပ်ခတ်၏။ အိပ်မက်တစ်ခု အလား စိတ်က စွဲထင်နေခဲ့သည့် အဖြစ် အပျက် များ။ တကယ်ဆို ဆောင်းကို သူချစ်သည်။ သို့သော် ထိုအချိန်ကို ရောက်လာမှာ သူကြောက်သည်။ ထိုနာရီများကို ခါးသီးစွာ သူဖြတ်သန်းခဲ့ ဖူးသည်။ ဒဏ်ရာလေး တစ်ချက်ဟု ဆို၍ရသည်။ သို့သော် တစ်သက်စာ ပါမည့် ဒဏ်ရာလေး ဖြစ်သည်။ နာကျင်လိုက်သည်မှာ စစ်ခနဲ၊ စစ်ခနဲ။ ထိုဒဏ်ရာလေးကို သူမလိုချင်။ ထိုနာရီများကို သူ မတပ်မက်။ အရာရာကို လွန်ဆန်၍ မရမှန်းသိလျက် လွန်ဆန်ချင်မိ၏။

သူ့ရင်ထဲမှာ ပူလောင်ခြင်းများ ပြည့်နေလေပြီ။ ထိုပူလောင်ခြင်းက ဒီဇင်ဘာည၏ အေးမြမှုကို အံတုနေလေပြီ။ သူ့ကို ချစ်သူ ထားသွားခဲ့ပြီပဲ။ မျှော်လင့်ခြင်းများဖြင့် ရှင်သန်နေသော ဘ၀ထဲမှာ ထိုမျှော်လင့်ခြင်းများကို သူမုန်းလိုက်ချင်မိပြီ။ သည်လိုညမျိုးကို အမြန် ကုန်ဆုံးလိုက်ချင်သည်။ ချစ်သူ ထွက်သွား၍ ကျန်ခဲ့သော ခြေရာကို မြူမှုန်တို့ကြားမှာ ရှာကြည့်ချင်သေးသည်။ မြူမှုန်တို့၏ ခြေသံ၊ ချစ်သူ သူ့ဆီ ပြန်မလာတော့ပြီလား။

အဖြူရောင် မြူနှင်းများနှင့် ရှင်းသန့် ငြိမ်းချမ်းသော ဒီဇင်ဘာညမှာ သူနှင့် ချစ်သူ ကောင်မလေး ဆုံခဲ့ဖူးသည်။ ထိုအချိန်က အချစ်တို့ဖြင့် ပြည့်သိပ်ရင်း ချစ်သူ သူ့ကို ချန်ထားရစ်ခဲ့သည်။ ထို အိပ်မက်လေးကို ပြန်လည် တမ်းတရင်း သူကြေကွဲခဲ့ရသည်။

သူငိုခဲ့ရသည်။ ဒီဇင်ဘာညများ ရောက်တိုင်း သူငိုနေသည်ကို ကောင်မလေး သိမှ သိပါလေစ။ ယုံရော ယုံပါလေစ။ တစ်နေ့တော့ဖြင့် ကောင်မလေး ပြန်လာနိုင်မည်ဟု သူမျှော်လင့်မိသည်။ ပြန်ဆုံနိုင်ရန် ကံကြမ္မာ ဖန်တီး ပေးလိမ့်မည်ဟု ယုံကြည်ရင်း တမ်းတမိသည်။ လောလောဆယ်တော့ အဖြူရောင် မြူနှင်းများ ကြား၌ အချစ်ပျောက်ကို ရှာရင်း သူလွမ်းမောနေဆဲ ဖြစ်သည်။

ထိုခံစားမှုမျိုးကို 'လင်းနစ်' ဆိုသော လူငယ်တစ်ယောက်က ရင်နှင့်ရင်း၍ 'ဒီဇင်ဘာည' ဆိုသော သီချင်း တစ်ပုဒ် ရေးထုတ်မိသည်ဟု ကျွန်တော်ထင်သည်။ ပြီးတော့ သူကိုယ်တိုင် ဆိုသည်။ နားထဲသို့ အေးမြစွာ စီးဝင်သည်။ ရင်ထဲသို့ ရောက်ခဲ့၏။

စင်္ကာပူရောက်တော့ East Coast မှာ သူငယ်ချင်း ဂစ်တာတီးဖော်များကြား ထိုသီချင်းကို တီးပြသောအခါ သူတို့ ရင်ထဲသို့ 'ဒီဇင်ဘာည' ၏ အအေးဓာတ်က ကူးစက်သွားသည်။ စာသားရော၊ Chord များပါ ချရေးပေးခဲ့ရ၏။ တချို့ကို E-mail နှင့် ပင် လှမ်းပို့ပေးခဲ့ရသေးသည်။ တေးရေး အဆိုတော်သစ်တစ်ဦး အတွက် ကျွန်တော် ကြည်နူးမိသည်။

သည်အချိန် မြန်မာပြည်မှာ မြူဝေ၍ နှင်းတို့ ကျလောက်ပြီ။ ဒီဇင်ဘာည သည် အသက်ဝင် နေလောက်ပြီ ထင်၏။ အိမ်ရှေ့က တန်းလျားလေးမှာ ကျွန်တော်တစ်ယောက်တည်း ဂစ်တာတီးရင်း ဒီဇင်ဘာည၏ အေးစက်မှုကို ခံစားခဲ့ဖူးသည်။ 'လင်းနစ်' ၏ 'ဒီဇင်ဘာည' ထွက်လာတော့ ဘယ်နေရာမှာ ဂစ်တာတီးတီး၊ ပထမဆုံး ကျွန်တော် တီးမိသော သီချင်းသည် 'ဒီဇင်ဘာည' ဖြစ်လို့နေသည်။ ပြီးခဲ့သည့် အပတ်ကပင် မတီးတာကြာ၍ ချောင်ထဲမှာ ပစ်ထားမိသော ဂစ်တာကို ကြိုးပြန်ညှိကာ 'ဒီဇင်ဘာည' ကို စိတ်တိုင်းကျ ဟစ်ထုတ်ပစ်လိုက်သည်။

စင်္ကာပူမှာတော့ မိုးတွေရွာလို့။ ကျွန်တော်တို့ မြန်မာပြည်မှာတော့ ဒီဇင်ဘာည ကို ခံစားလို့။

'ဒီဇင်ဘာည' ကို ကျွန်တော် လွမ်းမိပါသည်။

လွမ်းလိုက်တာဗျာ.........


ဆူးသစ်
၂၁း၂၉ နာရီ

၈.၁၂.၂၀၁၀

ဒီဇင်ဘာညတစ်ည



Tuesday, December 7, 2010

“ကျွန်တော်တို့သည် (၇)”


တကယ်တမ်းတော့ ကျွန်တော်က ပထမနှစ်ကို မှတ်မှတ်ရရ ပိုဖြစ်၍ L-2 အကြောင်း ပြောဖြစ်နေတာ ဖြစ်သည်။ တက္ကသိုလ်ကျောင်းသားဘ၀ အစပေကိုး။ တကယ်လည်း L-2 က ပြောမကုန်။ မှတ်မှတ်ရရ မိန်းကလေး သူငယ်ချင်းများ အကြောင်းလည်း ပြောရန်ရှိသေးသည်။

ရှေ့ကစာများမှာ ကျွန်တော် ဆိုခဲ့သလို အတန်းထဲမှာ မိန်းကလေးနည်း၏။ Section(B) ဖြစ်၍ L-2 မှာ နည်းခြင်း လည်း ဖြစ်နိုင်သည်။ Section (A) L-1 မှာတော့ တော်တော်များ၏။ အတန်းထဲက သူငယ်ချင်း မိန်းကလေးများကို ပထမနှစ်မှာ နာမည်များ မသိခဲ့။ ကျွန်တော်သည် ကဗျားရူး၊ စာရူး ဖြစ်၍ အတန်းထဲမှာ အနုပညာ ၀ါသနာပါသူ သူငယ်ချင်းများနှင့် တွဲသည်။ 'မင်းဘုန်းလှိုင်' တို့နှင့်တွဲသည်။ ပျော်တတ်သော သူငယ်ချင်းများ ရယ်စရာ လုပ်လျှင်၊ စနောက်လျှင် ရယ်သည်။ စိန်မျောက်မျောက် ကဲလျှင် ထိုင်ပြီး ပွဲကျသည်။

မိန်းကလေးများ ကျတော့ ပုံသဏ္ဍာန်တွေသာ သိ၏။ ပထမနှစ်မှာ ကျွန်တော်တို့ အတန်းထဲတွင်ရှိသော မိန်းကလေးများမှာ ရိုးရိုးအေးအေးများ များ၏။ ဆံပင်တိုတို၊ ပုပုလုံးလုံး လေးများက လေးငါးယောက်။ ဆံပင် ရှည်ရှည်၊ အရပ်မနိမ့်မမြင့်က သုံးလေးယောက်။ စသဖြင့် ကျွန်တော့် အာရုံထဲ ပေါ်၏။ ကျန်သူများကိုတော့ သိပ် ပုံဖော်၍ မရတော့။

ထိုသူများထဲမှာ နှစ်ယောက်က ကျွန်တော်နှင့် ရင်းနှီးဖြစ်လာသည်။ ပထမ တစ်ယောက်က ဆေးတက္ကသိုလ် က ကျွန်တာ့် ငယ်သူငယ်ချင်း ကျောင်းကိုလာလည်ရင်း သူနှင့် သူငယ်ချင်းဖြစ်၍ မိတ်ဆက်ပေးခဲ့ခြင်း ဖြစ် သည်။ သို့သော် ပထမနှစ်မို့ မေးထူး ခေါ်ပြောသာ။

ဒုတိယတစ်ယောက်ကတော့ ဒဂုံမြို့သစ်က ကျောင်းတက်သူဖြစ်၍ ကားစီးရင်း၊ တိုးရင်းဝှေ့ ရင်း ယောက်ျားလေး သူငယ်ချင်းများနှင့် ရောပါလာ၍ မေးထူးခေါ်ပြောမှ တစ်ဆင့် ခင်လာ တာဖြစ်သည်။ သူကျတော့ ကျွန်တော်တို့ နှင့် အခြေခံအချက်များတူ၍ ပိုခင်သွား၏။ ၀န်ထမ်းသားသမီးများကိုး။ ထို့ပြင် သူက စာလည်းလုပ်၏။ အင်္ဂလိပ်စာ အက်ဆေးများကို သူရေးပြီးလျှင် ကျွန်တော်တို့ မိတ္တူရသည်။ ဆရာများက ရေးမပေး၍ သူ့သာ အားကိုးရ၏။ မြန်မာစာကျတော့ ကျွန်တော်က စကားပြေရေးသည်။ ကျန်သူများက မိတ္တူကူး၏။ အားလုံး အဆင်ပြေကြသည်။

ကျွန်တော်တို့ အတန်းထဲမှာ သိပ်ပြီး ဟိတ်ကြီး ဟန်ကြီး လုပ်တတ်သော မိန်းကလေးများ မရှိဟု ထင်သည်။ ပဲများတတ်သူ တော့ ရှိ၏။ဒါလည်း 'မ' သဘာဝပေကိုး။ အပြစ်မဆိုသာ။ ထို့ပြင် ကျွန်တော်တို့ 'ကျား' များ အင်အားကြီးသော ကျောင်းဖြစ်၍ သူတို့မှာလည်း ပဲ သာများရသည်။ သိပ်ပြီး ထောင်ထောင်လွှားလွှား မရှိကြ။

သို့သော် တစ်ချိန်လုံး အရောင်တူ၊ ဒီဇိုင်းတူ အ၀တ်ကိုသာ ၀တ်သည့် မိန်းကလေးတစ်ယောက်ကို ပထမနှစ်မှာ ကြုံသေးသည်။ တတ်လည်း တတ်နိုင်သည်။ ဘယ်နှစ်စုံ ချုပ်လာသည် မသိ။ သည်အရောင်၊ သည်ဒီဇိုင်းနှင့်ပင် မရိုးနိုင်အောင် ထပ်ခါ တလဲလဲ ၀တ်သည်။ နယ်ကလာသူဟု သိရသည်။ သဇင်ဆောင်မှာ နေ၏။ တစ်နှစ်လုံး ထိုအဆင်၊ ထိုဒီဇိုင်းနှင့် နေသည်။ ကျွန်တော်တို့ ယေက်ျားလေးများကတော့ နားမလည်သလို ကြည့်ကြသည်။ သူမသည် ကျွန်တော်တို့ အတန်းက မဟုတ်၍ သူငယ်ချင်းလိုလည်း မပတ်သက်ခဲ့ရ။ ကျွန်တော် ကတော့ တက္ကသိုလ်ကျောင်းသူတစ်ဦး၏ အတွေးအခေါ်ကို အံ့သြမိသေးသည်။ တချို့ကတော့ ပေါ်ပြူလာ ဖြစ်ချင်၍ တမင်ထွင်ခြင်း ဖြစ်သည်ဟု ဆိုသည်။ နောက်ဆုံးတော့ ထိုကျောင်းသူသည် 'ဒါဝတ်' ဆိုသော နာမည်တစ်လုံး ရသွားတာသာ အဖတ်တင် ကျန်ခဲ့တော့သည်။

မိန်းကလေးတချို့နှင့် ပတ်သက်၍ ကျွန်တော်သိသလောက် ပြောပြီးသောအခါ၊ ကျောင်းစာများ အကြောင်း မှတ်မိသလောက် ပြောပြချင်သည်။ ပထမနှစ်မှာ (၆)ဘာသာ သင်ရသည်။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ Physics, Chemistry, နှင့် သင်္ချာ နှစ်ဘာသာ။ ထိုကတည်းက ကျွန်တော်တို့သည် သင်္ချာကို အမုန်းစသင်ရသည်ဟု ဆိုရမည်။ ဆရာတစ်ယောက်၊ ဆရာမတစ်ယောက် သင်၏။ ဆရာကတော့ ဦးမြင့်သိန်း။ ဆရာမကိုတော့ နာမည် မမှတ်မိတော့။ ဆရာမသည် စိန်မျောက်မျောက်ကို နာမည်ပေးခဲ့သူ ဖြစ်သည်။ နောက်တော့ ကျွန်တော်တို့ ဒုတိယနှစ်မှာ ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာတက္ကသိုလ်သို့ ပြောင်းသွားခဲ့သည်။

ဘာသာရပ်များထဲမှာ Physics သည် လွယ်မလိုနှင့် ခက်သည်ဟု ကျွန်တော်ထင်သည်။ အင်ဂျင်နီယာလုပ်မည့် သူများဖြစ်၍ Physics နှင့် Maths က ကျွန်တော်တို့ဆီသို့ တခမ်းတနားနှင့်ကို ၀င်ချလာ၏။ ထို့ကြောင့်လည်း ရန်ကုန်စက်မှုတက္ကသိုလ် ပထမနှစ်မှာပင် 'ကျူရှင်' ဆိုသော စကားလုံးက ကျွန်တော်တို့ကြား စိမ့်ဝင် ပျံ့နှံ့လာ၏။

ကျွန်တော်သည် ဆယ်တန်းကတည်းက သင်္ချာဂုဏ်ထူးပါ၍ သင်္ချာကို မကြောက်။ Physics ကိုတော့ (၇၆) မှတ် နှင့် ဒီပြုတ်လာ၍ မပေါ့ရဲ။ ဖြစ်ချင်တော့ ဆယ်တန်းတုန်းက ဆေးမ၀င်အောင် ဒုက္ခပေးခဲ့သော Chemistry က ပထမနှစ်မှာ လွယ်နေသည်။ ဆရာမကလည်း အသင်အပြကောင်း၏။ အတန်းမှန်သော ကျွန်တော့်အတွက် Chemistry, Maths, English နှင့် မြန်မာစာသည် ကြောက်စရာ မဟုတ်။ မြန်မာစာဆိုလျှင် စာပင်ကြည့်စရာ မလို။ ဆရာမများက ဘာမှတ်စုမှ မပေး၍ ဘာမှကြည့်စရာ မလိုခြင်းပါ။ ကျွန်တော်သည် ကဗျာရူး၊ စာရူး ဖြစ်၍ ကိုယ့်ဝါသနာနှင့် ကိုယ်မို့ 'ရခိုင်မင်းသမီးလေး၏ရွှေရုပ်သွင်' တို့ ဘာတို့ကို သေသေချာချာ ဖတ်၏။

အင်္ဂလိပ်စာကျတော့ ဆရာ ဦးမောင်မောင်တာ ဆိုသည့်ဆရာ (ကျွန်တော် ဘုတ်ပေါ်မှာ ကဗျာချရေးခဲ့သော ဆရာ) ပြောင်းပြီး နောက်ရောက်လာသည့် ဆရာမလေးကလည်း ကောင်း၍ အဆင်ပြေသွားသည်။ Chemistry ဆရာမက အာလည်းကောင်းပြီး၊ သင်သည့် အကြောင်းအရာများက အီလက်ထရွန်၊ နယူထရွန်၊ ပရိုတွန်နှင့် Energy Level တို့ အကြောင်းများ ဖြစ်၍ ညီမျှခြင်းများလို မခက်။ ညီမျှခြင်းများက Lab အခန်းမှာသာ လုပ်ရ၏။ စိန်မျောက်မျောက်တို့ လူလည်ကျ၍ ကောင်းသည့် ဘာသာဖြစ်၏။

ထို့ကြောင့် အားလုံးထဲမှာ Physics သည် ကျွန်တော်တို့အတွက် လာထောက်နေသည်။ တော်တော်များများက ထို Lecture ဆရာမသင်သည့် ကျူရှင်ကို ပြေးကြသည်။ ကျွန်တော်နှင့် အနုပညာ ၀ါသနာပါသူများက ပေပြီး မတက်။ အတန်းတော့ မှန်သည်။ သို့သော် ကျူရှင် တက်နေသူများကိုလည်း ကိုယ်ချင်းစာ၍ ကဗျာတစ်ပုဒ်တော့ အပျင်းပြေ ရေးထည့်လိုက်သည်။

“သောကမေ့ဆေး”


Physics ဟာ
ငါတို့တွေကို ဖျစ်ညှစ်ဆုပ်ကိုင်
ငုတ်တုတ်ထိုင်နေလို့တော့မဖြစ်
ဘယ်စနစ်ကိုသုံးမလဲ။

သူငယ်ချင်းများ
အငြင်းပွား
စဉ်းစား
အချင်းများမနေနဲ့
သတင်းကြားရာကောင်းတဲ့ဆီကို
အမှီသာအမြန်ပြေး
အပူအပင်မတွေ့ဝေးမယ့်
'ကျူရှင်' မေ့ဆေးဆီကိုပေါ့။ ။

ကျောင်းမှာက နှစ်ဝက် စာမေးပွဲ ဖြေရသည်။ Lab မရှိသော ဘာသာများက အမှတ်(၂၀)ဖိုး ဖြေရသည်။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ စသော ဘာသာများ။ Physics နှင့် Chemistry က Lab ရှိ၍ Lab မှာ (၂၀)ဖိုး ပေးသည်။ မည်သူမျှ အပြည့်မရ။ တိတိကျကျနှင့် တော်တော်ကြီး မှန်သူပင် (၁၈)မှတ်ခွဲ။ ကျန်(၈၀)ဖိုးက စာမေးပွဲကြီးမှာ ဖြေရသည်။ သည်လိုနှင့်ပင် ပထမနှစ်ကို ကျွန်တော်တို့ ကျော်ဖြတ် ခဲ့ကြတော့၏။

ကျွန်တော်တို့သည် အတွက်အချက်ကို ပထမနှစ်မှာပင် များစွာ စလုပ်ခဲ့ရသူများ ဖြစ်ကြ၏။ ထိုသို့ တွက်ချက်ခြင်း ကပင် ကျွန်တော်တို့၏ အတွေးအခေါ်ကို မြင့်မားစေခဲ့၏။ ကျွန်တော်တို့သည် နည်းပါးလွန်းသော မိန်းကလေး အရေအတွက်နှင့် အတူ ကျောင်းတက်ရင်း၊ ထိုမိန်းကလေးများကိုလည်း စနောက် ဝေဖန်ပိုင်းခြားရင်း ခင်မင်သူ များ ဖြစ်လာခဲ့ကြ၏။      ။


ဆူးသစ်
၂၁း၁၂ နာရီ

၆.၁၂.၂၀၁၀

Sunday, December 5, 2010

“ရင်ထဲမှာ” အပိုင်း(၃)


''ပန်းယုခိုင် ပြောသလိုဆိုရင် ကြည်သက်စံကို မင်း မချစ်နဲ့တော့''

''ဟ - ဘာလဲကွ။ လူတစ်ယောက်ကို မချစ်နဲ့ဆိုတာ အဲဒီလို တားလို့ရလား''

''ဘယ်သူမှတားလို့ မရလဲ ကိုယ့်ကိုယ်ကို တားရမှာပဲ..ရဲနောင်။ လောကမှာ လူတိုင်း အတ္တတွေ ရှိကြတာပဲ။ ကိုယ်ရဖို့ဆိုတဲ့ အတ္တက တော်တော်ကြီးတယ်ကွ။ အဲဒီလို အတ္တကြီးနေလို့လဲ ကမ္ဘာကြီးက အကျည်းတန် သထက် အကျည်းတန်လာတာ။ အဲဒီလို လူတွေထဲမှာ ငါတော့ မပါချင်ဘူး။ ငါ့မှာ အတ္တတော့ ရှိလိမ့်မယ်။ သာမန် လူတွေ ထက်တော့ နည်းမယ်ဆိုတာ ငါပြောရဲတယ်''

''ကြည်သက်စံကို ငါအရမ်းချစ်မိနေတယ်''

''မင်းရင်ထဲမှာ သိမ်းထားလိုက်တော့။ သူ့ဘ၀မှာ သူ့ဘာသာ အဆင်ပြေနေတာကို မင်းသွားဖျက်ဆီးရင် အဲဒါ အချစ်မဟုတ်တော့ဘူး။ သူစိတ်ချမ်းသာနေသလို၊ သူ့မိဘ အသိုင်းအ၀ိုင်း၊ သူ့အဒေါ်လို့ပြောတဲ့ သူ့ကျေးဇူးရှင် အသိုင်းအ၀ိုင်း၊ ဘယ်လောက် ငြိမ်းချမ်းနေမလဲ။ ကြည်သက်စံကို မင်းဖွင့်ပြောရင် မင်းကို သူက မချစ်ဘဲ နေမှာ မဟုတ်ဘူး။ ငါတို့ သိနေတယ်။ သူလဲ ပုထုဇဉ်ပဲ။ ချစ်ပြီးတော့ မင်းက လက်ထပ်ဖို့ ကြိုးစားမယ်။ မင်းတို့ နှစ်ယောက်တော့ အဆင်ပြေမှာပေါ့။ ဒါပေမယ့် နှစ်ဖက်အသိုင်းအ၀ိုင်း စိတ်ဒုက္ခရောက်မယ်။ မင်းတစ်ယောက် တည်း စိတ်ချမ်းသာဖို့ လူပေါင်းများစွာ စိတ်ဆင်းရဲခံရမယ်ဆိုတာ တရားမလား ရဲနောင်။ မင်းနဲ့ နေရဖို့ ကြည်သက်စံ ကရော သူ့အသိုင်းအ၀ိုင်းကြားမှာ ဘာတွေ ဖြစ်သွားမလဲ။ အဲဒါ မင်းက ကြည်သက်စံကို တကယ်ချစ်ရင် စဉ်စားရမှာ''

''မင်းဒီလို တွေးတတ်အောင် ဘယ်သူသင်ပေးတာလဲ''

''ငါ့ဘ၀ကပေါ့ကွာ။ ငါတို့ဘ၀မှာ အမြဲတမ်း ရုန်းကန်နေရတာချည်းပဲ။ ဒီတော့ ပေါ့ပေါ့မနေဘူး။ ပေါ့ပေါ့ မစားဘူး။ ပေါ့ပေါ့ မတွေးဘူးပေါ့''

''ငါ့ကိုထားပါတော့။ မင်းနဲ့ ပန်းယုခိုင် ကိစ္စဆိုရင်ရော။ သူက မင်းဖွင့်ပြောရင် လက်ခံနိုင်မယ် ထင်တာပဲ''

''ရှင်းပါတယ်ကွာ။ ပိုတောင် မဖြစ်နိုင်သေးတယ်။ ပြီးတော့ ပန်းယုခိုင် ပုံစံက ငါ့လိုကောင်မျိုးကို ချစ်သူဆိုတဲ့ စာရင်းထဲ ထည့်မယ့်ပုံစံမျိုး မဟုတ်ဘူး။ မာနကြီးတယ်။ သူနဲ့ တန်းတူလူမျိုးကိုပဲ သူကရွေးမှာပါ''

''ဟ...မင်းက ဒါနဲ့ ဘာလို့ ချစ်တယ်ပြောခဲ့တာလဲ''

''ဘာဆိုင်လဲကွ။ လူတစ်ယောက်ကို လက်မထပ်နိုင်တာနဲ့ မချစ်ရတော့ဘူးလား။ ပန်းယုခိုင်ကို ငါ အရမ်းချစ်ပါတယ်။ သူအရမ်း ချမ်းသာတာလဲ ငါသိတယ်။ ငါနဲ့ သူ ဘယ်လို ပေါင်းစပ်မလဲ။ ငါကဆင်းရဲနေတယ်။ ပြီးတော့ ငါ့မိသားစုက ငါကျောင်းပြီးမှာ စောင့်နေတယ်။ ငါဖြစ်ချင်တာထက် ငါ့မိသားစု ဖြစ်ရမှာကို ငါဦးစား ပေးရမယ်။ ငါ့နှလုံးသားက သေမသွားပါဘူး။ သူနဲ့ဝေးရလဲ ရင်ထဲက ချစ်နေနိုင်တာပဲ မဟုတ်လား။ ငါ့မိဘတွေ ကျေးဇူးကို ငါအတတ်နိုင်ဆုံး ပေးဆပ်ရဦးမယ်''

''မင်းကသာ ရင်ထဲက ချစ်နေ၊ ငါကတော့ ရင်ထဲက မချစ်တတ်ဘူး''

''မချစ်တတ်သေးလို့ပါ။ ရှင်းရှင်းပြောမယ်ကွာ။ အချစ်ဆိုတာကို သေသေချာချာ နားမလည်သေးလို့ပါ။ တကယ်တမ်း အချစ်ဆိုတာကို သိလာရင် ဖွင့်မပြောလဲ ရင်ထဲမှာ မြတ်မြတ်နိုးနိုး ချစ်ရတာကို မင်းပိုပြီး တန်ဖိုး ထားတတ်လာမှာပါ။ ဘာလဲ။ မင်းကဖွင့်ပြောဖို့ ကြိုးစားမလို့လား။ အကောင်းဆုံးက ငါပြောသလို ဖွင့်မပြောဘဲ နေလိုက်တာ ကောင်းမယ်ထင်ပါတယ်ကွာ။ ဘာမှ ထူးလာမှာမှ မဟုတ်ဘဲ။ စွန့်စားရဲတယ် ဆိုတာလဲ နေရာတိုင်း မှာ မကောင်းဘူးလေ။ ဒီလို ကိစ္စမျိုးမှာတော့ နှစ်ဦးနီးစပ်ဖို့ ကြိုးစားတာကို စွန့်စားတယ်လို့ မခေါ်သင့်ဘူးလို့ ငါထင်တယ်။ ကိုယ့်အတ္တအတွက် ဘယ်သူ့ကိုမှ ထောက်ထားညှာတာမှု မရှိဘဲ ကိုယ့်ကိုယ်ကို အသုံးချလိုက် တာပဲ''

''မင်းပြောသလိုဆို ရာဇ၀င်ထဲမှာ အချစ်သူရဲကောင်းတွေ ရှိမှာ မဟုတ်တော့ဘူး''

''ချစ်သူနှစ်ဦး ချစ်လို့ ကြိုးစားတယ်ဆိုမျိုးကို အချစ်သူရဲကောင်းလို့ ခေါ်သင့်ပေမယ့် သူဘာသာပြီးပြီးသား ကိစ္စကြီးထဲ ၀င်လုသလိုမျိုး ဖြစ်တာကိုတော့ အချစ်သူရဲကောင်းဘွဲ့ ပေးမှာမဟုတ်ဘူး။ အကြောင်းသိ ငါက အချစ်လူကြမ်းလို့ပဲ ခေါ်မှာ''

''ငါ့ကိုယ်ငါ ထိန်းနိုင်အောင် ကြိုးစားကြည့်ပါဦးမယ်....လွင်သော်''

''ကြိုးစားမယ်ဆိုတာ လုပ်ယူရမယ့် အပိုင်းပဲရှိသေးတယ်နော်။ ဖြစ်လာနိုင်တဲ့ အပိုင်း မဟုတ်သေးဘူး။ တကယ်လို့ ဖြစ်လာတဲ့ အပိုင်းကို ရောက်ရင် မင်းပဲငါ့ကို စအသိပေးစမ်းပါ။ ငါမရှိရင် ရှိတဲ့နေရာ စာနဲ့ လှမ်းပြောလိုက်ကွာ''

လွင်သော့် စကားတွေက ကျွန်တော့် နှလုံးသားထဲ ၀င်သွားသည်ဟု ထိုစဉ်က မထင်ခဲ့မိ။ သို့သော်လည်း ကျွန်တော့်အတွက် ဒွိဟစိတ်တွေကို မွေးဖွားစေနိုင်ခဲ့သည် ကတော့ အမှန်ပင်။

***********************************

တကယ်တော့ လွင်သော်ရေ၊ ငါကကြိုးစားမယ်လို့ ပြောခဲ့တာ ငါ့ကိုယ်ငါ မယုံရဲရဲပါပဲ။ လူတစ်ယောက်ကို ရင်ထဲမှာ ချစ်ရတာမျိုးလည်း ငါမခံစားဖူးဘူး။ ခံလည်း မခံစားချင်ဘူး။ အဲဒီအချိန်မှာ မင်းရဲ့အပြုအမူတွေက ငါ့ကို သင်ခန်းစာ စပေးတော့တာကိုး။ ဒါလည်း ငါကျောင်းပြီးမှ ကိုယ့်ကိုယ်ကို သုံးသပ်ရင်း ထွက်လာတဲ့ အဖြေပေါ့ကွာ။

တတိယနှစ် မေဂျာခွဲတော့ Civil နဲ့လွဲလို့ Mechanical ကို မိုက်မိုက်ကန်းကန်း ယူပြီး Roll မြင့်မြင့်နဲ့ ၀င်လာတဲ့ ပန်းယုခိုင်ကို တစ်မေဂျာတည်းမှာ ရှိတဲ့ မင်းက ခင်ခင်မင်မင် ပေါင်းရုံ၊ သူအတန်းထဲ ၀င်ထွက်နေရင် ခိုးကြည့်ရုံ၊ သူစာမေးပွဲ ဖြေနိုင်တာ၊ မဖြေနိုင်တာ ကို ကျိတ်ပြီး ပူတတ်ရုံလောက် နေပြခဲ့တာ ငါအံ့သြလို့ မဆုံးဘူး။ ပန်းယုခိုင် ကို ဒီလောက် အရူးအမူး ချစ်တဲ့ မင်းဟာ အခွင့်အလန်းတွေ ရှိရက်နဲ့ ကြိတ်မှိတ်နေခဲ့တာတွေဟာ မင်းဘ၀ အခြေအနေကြောင့် ပန်းယုခိုင်ကို သိပ်ချစ်လွန်းလို့ ဆိုတာ ငါအခုမှ သိလာခဲ့ပြီလေ။

နောက်ဆုံးနှစ်အထိ မင်းသာ အဲဒီလို နေသွားနိုင်ပေမယ့် ပန်းယုခိုင်ရင်ထဲမှာ ဘာတွေရှိတယ်ဆိုတာ ငါသိခဲ့ တယ်။ မင်းအတွက် စိတ်မကောင်းတာ၊ အားမရတာ၊ ကြေကွဲတာ၊ ကံကြမ္မာကို နာကြည်းတာ၊ အားလုံး သူ့ဆီမှာ ဖြစ်လာတာတွေ ငါ့ကိုရင်ဖွင့်တယ်။ ငါက မင်းကို ဖွင့်ပြောမိမှာစိုးလို့လည်း ကြိုပိတ်ထားတယ်။ သူ့ရည်မှန်းချက်နဲ့ သူနေပါစေတဲ့။ သူ့ကြောင့် မင်းဘ၀ ဖရိုဖရဲဖြစ်မှာ စိုးတယ်တဲ့။ ဇွတ်တရွတ်ဥာဉ်လေးကို ဖျောက်ပြီး ဆန္ဒတွေ ထိန်းချုပ်တာ ပန်းယုခိုင်ရဲ့ အချစ်လို့ မင်းနားလည်ပါ သူငယ်ချင်း။ မိန်းကလေး တစ်ယောက်ရဲ့ သိက္ခာ၊ က္ကုနြေ္ဒကို သူ တန်ဖိုးထားတယ်လေ။

မင်းတို့နှစ်ယောက် အဲဒီလိုဖြစ်နေတုန်း ငါ့မှာတော့ အီးစီကို ရောက်သွားတဲ့ ကြည်သက်စံကို Building-8 လို မြေကြီးအောက်ချိုင့်ထဲ ရောက်နေတဲ့ အခန်းကနေ Building-1 လို မြေကြီးပေါ်က အဆောင်ရဲ့ သုံးထပ်က အခန်းမှာ သွားသွားပြီး ကြည့်ရတာလည်း မမောနိုင် မပန်းနိုင်နဲ့။ ကိုယ့်ကိုယ်ကိုလည်း မပိုင်၊ သူ့လည်း မပိုင်၊ လှေကားထစ်တွေ တက်ရတာပဲ လူက ယိုင်မလိုလို ဖြစ်လာတယ်လေ။ ဒါတွေတော့ မင်းမသိခဲ့ဘူးပေါ့။ ငါက မင်းမသိအောင် သွားခဲ့တာကိုး။

ဒါနဲ့ ငါ့မှာ မင်းစကားတွေ ကြားယောင်လိုက်၊ ဖွင့်ပြောသင့် မပြောသင့် စဉ်းစားလိုက်နဲ့၊ နေလာ လိုက်တာ ကျောင်း ပြီးရောပေါ့။ မင်းကတော့ ထင်မှာပဲ။ ငါ့ကိုယ်ငါ ထိန်းဖို့ ကြိုးစားနေတုန်းလို့။ ငါ မင်းကို အသိမပေးဖြစ်သေးသရွေ့ ကိုယ့်ကိုယ်ကို ထိန်းလို့ရပြီဆိုတဲ့ အပိုင်း မရောက်သေးဘူးလို့ မင်းပြောထား တာပဲ။ အဲဒီလို ဖြစ်နေတုန်း မင်းက အစိုးရအလုပ်ကို နယ်မှာ သွားလုပ်တယ်။ ငါက ကုမ္ပဏီတစ်ခုမှာ အလုပ်ရတယ်။ အဲဒီ ကုမ္ပဏီမှာပဲ ကြည်သက်စံ နဲ့ ပြန်တွေ့ရော...လွင်သော်ရေ --

မင်းစိတ်ဝင်စားမှာပါ။ ဇာတ်က အခုမှ တကယ့်အပိုင်း ရောက်တာကိုး။ မင်းနဲ့ ပန်းယုခိုင်က ရိုးရိုးလေးကွဲသွား ကြတယ်။ ငါ့မှာတော့ ကြည်သက်စံနဲ့ မနီးစပ်ရဘဲ ပြန်ဆုံရတော့ ဘယ်လို ခံစားရမလဲ။ မင်းစဉ်းစား ကြည့်ဦး... လွင်သော်။ ကြည်သက်စံကလည်း လက်မထပ်ရသေးဘူး။ ကျောင်းပြီးလို့ ပိုလှလာတဲ့သူ။ အလုပ်ဝင်တော့ ကျက်သရေ ရှိလိုက်တာ။ ငါ့မှာ လွတ်သောငါး ကြီးရတော့မလိုလို၊ ဆွဲယူပြီး မျိုချရမလိုလိုနဲ့။ လုပ်ငန်း တစ်ခု တည်းမှာ ရင်းနှီးလွန်းတဲ့ လူနှစ်ယောက် ဒီလိုနေနေသမျှ ဘယ်လိုလုပ် ဆန္ဒတွေ တားဆီးကြမလဲ။ ကြာရင် ငါ့စိတ်ကို ငါထိန်းနိုင်မှာ မဟုတ်ဘူးဆိုတာ သိလာတယ်။ ဒါနဲ့ပဲ ငါဘာသာငါ ထွက်စာ တင်လိုက်တယ်။ ကြည်သက်စံကို အသိမပေးခဲ့ပါဘူး။ သူစိတ်မကောင်း ဖြစ်မှာစိုးလို့လေ။

အဲဒီမှာ ငါဘာတွေ စဉ်းစားမိလဲ ဆိုတော့...လွင်သော်ရေ။ ငါ ကြည်သက်စံကို တကယ် ချစ်တတ်သွားပါလား ဆိုတာပဲ။ သူ့ကို သနားတယ်။ သူ့ဘ၀ကို ဖြစ်စေချင်တယ်။ ငါနဲ့နေရင်လည်း ဖြစ်နိုင်ပေမယ့် သူ့အသိုင်း အ၀ိုင်း တွေပါ အဆင်ပြေအောင် နှစ်ဦးနှစ်ဖက် သဘောတူတဲ့လူချင်း လက်ထပ်ပါစေတော့လို့ ငါတွေးမိ လာတယ်။ အဲဒီ အတွေးတွေနဲ့ စွန့်လွှတ်ခဲ့တာပဲ သူငယ်ချင်း။ သူ့ဘက်က ငါ့ကို ချစ်နိုင်တာ ငါသိတယ်။ ဒါပေမဲ့ ငါလုပ်သင့်တာကို လုပ်ခဲ့တယ်ကွာ။ မင်းကျောင်းတုန်းက ငါ့ကို ပြောထားတာတွေ ဒိုင်ယာရီထဲမှာ ငါမှတ်ထားတယ်။ ဘာတဲ့...

''အချစ်ဆိုတာကို သိလာရင်၊ နားလည်လာရင်၊ ချစ်တတ်လာရင်၊ ဖွင့်မပြောလည်း ရင်ထဲမှာ မြတ်မြတ်နိုးနိုး ချစ်ရတာကို မင်းပိုပြီး တန်ဖိုးထားတတ် လာမှာပါ''တဲ့။

ဟုတ်တယ်။ မှန်တယ်ကွာ။ ငါ့ရင်ထဲမှာ ကြည်သက်စံနဲ့ ပတ်သက်တာတွေ၊ သူ့ဘ၀ ကောင်းစားစေချင် တာတွေ ချည်းပဲရှိတယ်။ ဒါကြောင့် မင်းပြောသလို သူစိတ်ချမ်းသာအောင် ငါလုပ်ပေးခဲ့တယ်။ ငါ့ရင်ထဲမှာတော့ သူနဲ့ပတ်သက်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ခံစားလိုက်ရတယ်။ မပူလောင်ဘူး။ အဲဒါဟာ အချစ်စစ်လို့ ငါသိတယ်။ ခုတော့ မင်းချစ်တဲ့ ပန်းယုခိုင်ရော၊ ငါချစ်တဲ့ ကြည်သက်စံရော သူတို့ အမျိုးသားတွေနဲ့ နေပျော်သွားကြပါပြီ... လွင်သော်။ ငါနဲ့ မင်းကတော့ ခံစားမှုတွေကို ရင်ထဲမှာပဲ ထားခဲ့ကြရပြီပေါ့။

ငါတို့နှစ်ယောက်ရဲ့ ရင်ထဲမှာ ထပ်တူထပ်မျှ ရှိနေတဲ့ ခံစားမှုကို ငါကဗျာတစ်ပုဒ် ရေးထားတယ်။ ခေါင်းစဉ် ကတော့ 'ရင်ထဲမှာ' လို့ ပေးထားတယ်။ မင်းဖတ်ကြည့်........

"ရင်ထဲမှာ"

မေ့နိုင်ပါသည်
တစ်ရံဆီမှ၊ မပီမသ
မှုန်ဝါးကြလျှက်၊ ခံစားချက်နှင့်
အသက်အပ်နှင်း၊ ချစ်တတ်ခြင်းနှော
ရင်းနှီးမောလျ၊ တွယ်တာကြသည့်
ကာလများ၏ အိမ်မက်တွေ။

ခွဲခွာနိုင်သည်
မတည်မတံ့၊ ရှည်ဆန့်မနေ
ခေတ္တဝေဖြစ်၊ မက်တွယ်ချစ်ခဲ့
အပြစ်မဲ့ကင်း၊ အပြုံးခင်းထား
နေရာများ၏ ခြေရာတွေ။

ဟားတိုက်နိုင်သည်
မမီဘ၀၊ မလှသည့်အခြေ
ကျိုးကြေခံစား၊ တွယ်ရစ်ထားခဲ့
အနားနေစေ၊ ဆန္ဒတွေကြည့်
မသိရင်မခုန်၊ တုန်ရင်လှိုက်စွာ
ထာဝရ၏ မေတ္တာတွေ။

ရှိပါလေတော့
ဖြေလျှော့မာန်ချ၊ သည်ဘ၀တာ
ကြာလျှင်သူမေ့၊ တစ်နေ့နေ့နှင်
ရွေ့ရွေ့စဉ်ပေါ့၊ အမြင်မရှိ
အသိမပါ၊ ကဗျာတွေမေ့
နေ့သရွေ့တွင်
(သူမ........)ချမ်းမြေ့စေချင်သည်။ ။

ငါတို့နှစ်ယောက်ရဲ့ ကဗျာတွေကို ပန်းယုခိုင်ရော၊ ကြည်သက်စံပါ မေ့လို့ ချမ်းမြေ့နေပြီဆိုတာ ငါတို့ ၀မ်းသာ နေနိုင်တယ် မဟုတ်လား။ မင်းပြောသလိုပေါ့ကွာ။ ငါ့ကိုယ်ငါ ထိန်းသိမ်းလို့ရလာတဲ့ အချိန်မှာ မင်းကို အသိပေး လိုက်တာပါပဲ။ ငါ့ရင်ထဲမှာ၊ မင်းရင်ထဲမှာ ပန်းယုခိုင်နဲ့ ကြည်သက်စံတို့ရဲ့ ရင်ထဲမှာ ချစ်သူစစ်တို့ ထားရှိရမယ့် သဘောတရားတွေ ခိုအောင်းခဲ့တယ်လို့ ငါယူဆထားပြီလေ။

''အင်ဂျင်နီယာဆိုတာ ဆုံးဖြတ်ချက်မှန်ရမယ်။ ဆရာဝန်တစ်ယောက်ဟာ လူနာကို ကုလို့မှားရင် တစ်ယောက်ပဲ သေတယ်။ အင်ဂျင်နီယာတစ်ယောက် မှားရင် လူပေါင်းများစွာ သေစေနိုင်တယ်။ ဒါကြောင့် အင်ဂျင်နီယာ ဆိုတာ ဆုံးဖြတ်ချက် အမြဲတမ်း မှန်ဖို့လိုတယ်''လို့ ငါတို့ ဆရာသမားတွေ ခဏခဏပြောတဲ့ စကားတွေ မင်းမှတ်မိ မှာပါ။

ဒီတော့ သင်ပြီးသား ပုစ္ဆာတွေကို တိုက်ရိုက် မမေးဘဲ Unseen ချည်း မေးတတ်တဲ့ ကျောင်းတုန်းက စာမေးပွဲ မေးခွန်းတွေ ဖြေသလိုမျိုး ဆုံးဖြတ်ချက် မှန်မှန်နဲ့ ငါတို့ လက်တွေ့ရင်ဆိုင်ရမယ့် ပြဿနာတွေကို အင်ဂျင်နီယာ ကောင်း ပီသစွာ ဆုံးဖြတ်နိုင်ဖို့ လိုတယ်လို့ ယူဆတယ်လေ။

ပန်းယုခိုင်ရယ်၊ ကြည်သက်စံရယ်၊ လွင်သော်ဆိုတဲ့ မင်းရယ်၊ ရဲနောင်ဆိုတဲ့ ငါရယ် ကြုံတွေ့ ခဲ့တဲ့ ပြဿနာလေး မှာ တို့ ရင်ဆိုင်ခဲ့ရတာ ဘာမှမပြောပလောက်တဲ့ Unseen လေးပါပဲ။ ဒါပေမယ့် ငါတို့ ကျော်လွှားခဲ့ကြပြီ။ အင်ဂျင်နီယာကောင်းတွေ ပီသစွာ ငါတို့ ဖြတ်သန်းခဲ့ကြပြီ။ ဆုံးဖြတ်ချက် မှန်လို့ လူပေါင်းများစွာရဲ့ ဘ၀တွေ ငြိမ်းချမ်းခဲ့ရပြီ။ ငါဝမ်းသာနေတယ်....လွင်သော်။ မင်းလည်း ငါ့လို ထပ်တူတပ်မျှ ခံစားရမယ်လို့ ငါယုံပါတယ်။

ငါ့အနေနဲ့ အလုပ်ပြန်လုပ်ဖို့ ကြိုးစားရင်း ရင်ထဲမှာ ရှိနေတဲ့ ငြိမ်းချမ်းမှုတွေကို မင်းကို လက်ဆင့်ကမ်းလို်က် တာပါ။ မင်းဝမ်းသာ ကျေနပ်လို့ လက်ခံနိုင်ပါစေကွာ။

ခင်မင်မှုများစွာဖြင့်
အစဉ်ထာဝရ
မင်းရဲ့သူငယ်ချင်း
ရဲနောင်


သားလတ်



(၂၀၀၁ခုနှစ်-အောက်တိုဘာလ၊ မှုခင်းရှုထောင့်မဂ္ဂဇင်း)

Saturday, December 4, 2010

“ရင်ထဲမှာ” အပိုင်း(၂)


"ငါက စက်မှုအင်ဂျင်နီယာပဲ လုပ်ချင်တာ။ အိမ်က မသင့်တော်ဘူးတဲ့။ မိန်းကလေးဆိုတာ အီလက် ထရောနစ်တို့၊ မြို့ပြတို့နဲ့ ကိုက်တယ်တဲ့"

ဒုတိယနှစ် စာမေးပွဲ ဖြေခါနီး မေဂျာခွဲရန် ပုံစံများ လျှောက်ထားရာတွင်ပြောသော ပန်းယုခိုင် စကားကြောင့် ကျွန်တော် ရော၊ လွင်သော်ပါ မျက်လုံးပြူးကုန်သည်။

"ဟုတ်သားပဲ၊ နင်က ဘာကြောင်တာလဲ၊ မက်ကန်နီကယ် ဆိုတာ ယောက်ျားလေးပဲ သင့်တော်တာ နင် သိသား နဲ့"

"ဘာဖြစ်လဲ ရဲနောင်၊ စက်တွေကို ယောက်ျားတွေပဲ ကိုင်ရမယ်လို့ သတ်မှတ်ချက် မရှိပါဘူး၊ အိမ်က ကားတောင် အမြဲတမ်း ငါပဲ ကလိနေတာ၊ ပြီးတော့ မိန်းကလေးမို့ စက်ရုံမှာ ၀င်မလုပ်ရဘူး မရှိပါဘူး၊ နောက်ဆုံး လုပ်လို့ မရတဲ့ တိုင်အောင် အမျိုးသမီး စက်မှု အင်ဂျင်နီယာ တစ်ယောက် အနေနဲ့ ကျောင်းမှာ စာပြန်ပြမယ်၊ နားလည်လား၊ အဓိက က ယောက်ျားရော မိန်းမပါ အဲဒီစက်တွေ အကြောင်း ကောင်းကောင်း သိဖို့ပဲ၊ နေရာ တကာ မိန်းမဆိုတဲ့ အသိနဲ့ နောက်မချန်ချင်စမ်းပါနဲ့၊ ငါတို့က နင်တို့ ယောက်ျားတွေနဲ့ အတူ ရင်ဘောင်တန်း အလုပ်လုပ်လို့ ရတယ်၊ အဲဒါတွေသာ ကြောက်နေခဲ့ရင် YIT ကို ခုလို အချိန်ကုန်ခံပြီး မတက်ဘူး။ ငါ့မှာ မေဂျာ ကောင်းကောင်း ရမှာ၊ မရမှာ ကြောက်တဲ့ စိတ်လဲ မရှိဘူး။ ငါရတဲ့မေဂျာဟာ ငါနဲ့သင့်တော်တဲ့ မေဂျာပဲ။ ငါခင်တဲ့ မိန်းကလေးတွေလဲ အဲဒီလိုပဲ ပြောပြဖြစ်တယ်"

ပန်းယုခိုင်က သူ့ယုံကြည်ချက်တွေကို ဖွင့်ဟနေလေပြီ။

"ဘာဖြစ်လို့လဲ ဆိုတော့ ငါတို့ ဘယ်မေဂျာရရ အဓိကဟာ ငါတို့ အင်ဂျင်နီယာဖြစ်နေတယ် ဆိုတာရယ်၊ ငါတို့ သင်ထားတဲ့ ပညာတွေ တကယ်တတ်မြောက်တယ် ဆိုတာရယ်ပဲ။ အဲဒါပဲ ငါစိတ်ဝင်စားတယ်။ အခုလဲ အိမ်က ကျေနပ်အောင် ထိပ်ဆုံးက စီဗယ်လ်(မြို့ပြ)ကို တင်ထားလိုက်တယ်။ အီလက်ထရွန်းနစ် ကတော့ ကျောင်းကို မရောက်ခင်ကတည်းက စိတ်မ၀င်စားလို့ စီဗယ်လ်ပြီးတော့ စက်မှုပဲ လျှောက် ထားတယ်။ မက်ကန်နီကယ် ယူတာ နင်တို့ မကျေနပ်လဲ၊ လဲသေ။ ဒါပဲ။ သွားမယ်"

ပြောပြီး ထွက်သွားသော ပန်းယုခိုင်ကို ကြည့်ရင်း ကျွန်တော်နှင့် လွင်သော် သက်ပြင်းတွေ ချမိသည်။

"ငါပြောတယ် မဟုတ်လား။ ပန်းယုခိုင်က ခေါင်းမာတယ်ကွ။ သူမှန်တယ်ထင်တာကို ဇွတ်လုပ်မယ်ဆိုတဲ့ ပုံစံမျိုး။ မင်းက ခပ်အေးအေး သမား။ မင်းနဲ့တော့ မလိုက်ဘူး ထင်တယ်။"

"သူပြောတာတွေလဲ မှန်တာပါပဲကွာ။ အင်ဂျင်နီယာဟာ အင်ဂျင်နီယာပဲပေါ့။ သူလိုလူမျိုး မရှိရင် မိန်းမ အင်ဂျင်နီယာတွေ ဘယ်ပေါ်လာနိုင်တော့မလဲ"

"မင်းကတော့နော်။ ငါအံ့သြတယ်။ ပန်းယုခိုင် ဘာလုပ်လုပ် မင်းမျက်စိထဲမှာ ကောင်းတယ်လို့ ထင်နေတာပဲ။ ပန်းယုခိုင်က ပြောရင်လဲ ဒါဆိုဒါပဲ။ တကယ်လို့ ပန်းယုခိုင်က လွင်သော်ရယ် တစ်နေ့လောက် ကျောင်းကို ပါးကွက် ကွက်လာပြီး ပုဆိုး ခါးတောင်းကျိုက်နဲ့ Building-one အပေါ်ဆုံး သုံးထပ်မြောက် ကနေ အောက်က မြက်ခင်းပေါ် ခုန်ချပြပါဆို ခုန်ချပြမလား မသိဘူး"

"သူမပြောလို့ပါ။ သူသာချစ်တယ်လို့ ကျိန်းသေပြောမယ်ဆို အဲဒီလောက် အမြင့်ကနေ ခုန်ချပြရုံမကဘူး၊ သြဘာလမ်း ဖြတ်လျှောက် ပြပါဆိုတာတောင် ငါ့ကို ၀ိုင်းပြီး လက်ခုပ်သြဘာ တီးပေးကြမယ့် စာသင်ဆောင် တွေက လူတွေကို ဂရုမစိုက်ဘဲ လျှောက်ပြလိုက်မယ်"

"မင်းကို ငါတော်တော် ရိုးအေးတဲ့ ကောင်လို့ ထင်တာ။ ပေါရဲလိုက်တာကွာ။ အရှက်လဲ မရှိဘူး"

"ငါသူ့ကို အရမ်းချစ်တယ်ကွာ။ ပြောပြလို့ မတတ်အောင် ချစ်တယ်။ မင်းက ငါ့ကိုတော့ပြောပြီး၊ မင်းကျတော့ ကြည်သက်စံကို စကားမရှိ စကားရှာ သွားရော။ ငါ့အခန်းကို နေ့တိုင်းလာခိုးကြည့်နဲ့။ ဘာထူးလဲ"

"မင်းက ပန်းယုခိုင်ကို လာငမ်းသလိုပေါ့ကွာ။ ဒါကတော့ အတူတူ ပါပဲ။ ငါတို့တွေ လပ်ကီး မကောင်းဘူးကွ။ ကြည်သက်စံနဲ့ မင်းက အေခန်းမှာ။ ငါနဲ့ ပန်းယုခိုင်က ဘီခန်းမှာ။ တွေ့ချင်တဲ့ လူချင်းကျတော့ ပြောင်းပြန် ဖြစ်နေရော။ ငါတောင် တစ်ခါတလေ စဉ်းစားကြည့်တယ်။ မော်ကွန်းထိန်းကို အခန်းပြောင်းလို့ ရရင် လူချင်း ချိန်းပေးပါလို့ သွားပြောမလို့။ ငါက အေခန်းကို လာကြည့်ရ၊ မင်းက ဘီခန်းကို လာကြည့်ရနဲ့ ဖြစ်ဖြစ်နေလို့"

"အခန်းသာ မတူတာ၊ တူနေတာတော့ ရှိတယ် ရဲနောင်။ မင်းနဲ့ ပန်းယုခိုင်က ချမ်းသာသလောက် ငါနဲ့ ကြည်သက်စံ ကျတော့ မင်းတို့လို မဟုတ်ဘူး"

"ဒါတွေ မတွေးစမ်းပါနဲ့ကွာ။ မင်း ပန်းယုခိုင်ကို တကယ်ချစ်တယ် မဟုတ်လား။ မင်းဘ၀ ထူထောင်နိုင်အောင် ကြိုးစား။ ပြီးတော့ မင်းဘ၀ထဲ ကိုဆွဲခေါ်။ ငါလဲ ကြည်သက်စံကို ရအောင် ဆွဲခေါ်မယ်။ ပြောသာ ပြောနေ ရတာ။ ငါတို့နှစ်ယောက် ကြိုက်နေတာ သူတို့နှစ်ယောက်လဲ မသိသေးဘူး ထင်တယ်။ ပန်းယုခိုင်ကို ကြည်သက်စံနဲ့ မိတ်ဆက်ပေးပြီး ပန်းယုခိုင်က တစ်ဆင့် ကြည်သက်စံကို ဖွင့်ပြောမယ်ကွာ။ ဒီနှစ်တော့ စာမေးပွဲ ကပ်နေပြီ။ သုံးတန်းမှာ လုပ်ငန်းစမယ်။ မင်းရော ဘယ်လိုလဲ"

"အခြေအနေက မင်းလိုမှ မဟုတ်တာ။ ငါ့မှာ ငဲ့ညှာရမှာတွေ တစ်ပုံကြီးပဲ"

လွင်သော့် စကားကြောင့် လွင်သော် ပြောပြဖူးသော ပြည်က သူ့မိသားစု ရုန်းကန်နေရပုံတွေ၊ အဆောင်မှ ကျောင်းတက်ပြီး နောက်ပိုင်း သူ့ဦးလေးအိမ်မှ ကျောင်းပြောင်း တက်ရပုံတွေ၊ အရာရာ အစစ အလိုက် သိတတ်၊ ငဲ့ညှာတတ်ရပုံတွေ ပြန်ကြားယောင်၏။

တော်ရုံတန်ရုံကို သိပ်ဂရုမထားသော ပန်းယုခိုင်က လွင်သော့် အကြောင်းသိလျှင် ဟားတိုက် ရယ်လိမ့်မည် လားဟု ကျွန်တော် တွေးကြည့်၏။ ထို့အတူ ကြည်သက်စံ ကရော သူ့ကို ဟားတိုက်ရယ်မော သည်ကို ကြောက်ရွံ့ စိုးထိတ်နေမည်လား မသိဟု မဆီမဆိုင်တွေးနေမိ ပြန်သည်။

***************************************

"လွင်သော်က တစ်မျိုးပဲနော်၊ သူ့ကို ကြည့်ရင် မြုံစိစိနဲ့၊ ငါမေးရင်လည်း ငါ့ကို တလေးတစားနဲ့ ဖြေတယ်၊ ရယ်တော့ ရယ်ရတယ်။"

"နင်ကသာ ရယ်ရတယ် ထင်နေတာ၊ လွင်သော့်ဘ၀မှာ ငိုခဲ့ရတာတွေ တစ်ပုံကြီးပဲ။ ဘာလဲ၊ နင်က လွင်သော့် ပုံစံကို စိတ်ဝင်စားနေလား"

"ငါက စိတ်ဝင်စားတယ် ဆိုတာထက်၊ နင့် လွင်သော်က စိတ်ဝင်စားနေတာလို့ ပြောစမ်းပါ ရဲနောင်၊ အဲဒါ ပိုမှန်လိမ့်မယ်၊ သူ့ကဗျာတွေ ငါဖတ်ရတာ၊ သိနေတာပဲ"

ကျွန်တော် အံ့သြသွားသည်။ ပန်းယုခိုင် မသိဟု ယူဆထားသော လွင်သော်၏ ခံစားမှုကို ပန်းယုခိုင်က စောစော ကတည်းက သိနှင့်နေသလို ဖြစ်နေသည်။ လွင်သော့် ကဗျာ၊ ကျွန်တာ့် ကဗျာတွေကိုတော့ အားလုံး ဖတ်နေကျမို့ ဘာမျှ မအံ့သြတော့။

"သူရိုးသားတယ်၊ အေးဆေးတယ်၊ ကြိုးစားတယ်၊ တော်တယ် ဆိုတာ ငါသိတယ်။ ငါသူ့ဘ၀ကို စိတ်ဝင်စား ပါတယ်။"

"သူ့ အတွက်ဝမ်းသာပါတယ် ပန်းယုခိုင်ရာ၊ သူ့ အကြောင်းတော့ ငါမပြောပါရစေနဲ့၊ ကတိခံပြီးသား ဖြစ်နေ လို့၊ သူရော ငါရောက ကျောင်းစတက်ကတည်းက မက်ခ်ကို ယူမယ်ဆိုပြီး ဖွင့်ဟ ခဲ့တဲ့ထိ ရည်မှန်းချက်ချင်း တူအောင် ခင်ခဲ့ကြလို့၊ နားလည်မှုလည်း ရှိလို့၊ သူငါ့ကို ဖွင့်ပြောခဲ့တာ၊ အမှန်အတိုင်း ပြောရရင် သူက ငါနင့်ကို မိတ်ဆက် မပေးခင် ကျောင်းဖွင့်စ ကတည်းက ချစ်ခဲ့တာတဲ့"

ပန်းယုခိုင် မှိုင်သွားသည်။ တစ်စုံတစ်ခုကို တွေးတော၍ ငေးနေပြန်၏။

"ဒါနဲ့ နေစမ်းပါဦး၊ ကြည်သက်စံက ငါ့ကို မေးတယ်၊ ရဲနောင် က ချစ်သူတွေဘာတွေ မရှိဘူးလားတဲ့၊ သူ့ကို ကြည့်ရတာ နင့်ကို စိတ်ဝင်စားနေပုံပဲ၊ သူ့ဆီ ခဏခဏလာတာ တွေ့လို့ သူ့ချစ်သူက ရန်တွေ့တာ ခံနေရဦး မယ်လို့လဲ ပြောသေးတယ်၊ နင်ဖွင့်မပြောဘူးလား၊ နင်စိတ်ဝင်စားနေတာ ငါသိတာပဲ"

"သုံးတန်း ကျောင်းပြန်ဖွင့်ရင် ပြောမယ် စိတ်ကူးတာပဲ"

"တစ်ခုတော့ သိထားဖို့ ငါပြောမယ် ရဲနောင်၊ ကြည်သက်စံက ရန်ကုန်က သူ့အဒေါ်ဆီမှာ နေပြီး ကျောင်း တက်တာ။ သူပြောတာက အဒေါ်အရင်း မဟုတ်ဘူးတဲ့၊ ဆွေမျိုးနီးစပ် ပဲ တော်တာတဲ့။ အဖေမရှိတော့လို့ အမေက ဆင်းရဲတော့ YIT တက်ဖို့ကို အဲဒီအဒေါ်က ခေါ်ထားတာတဲ့၊ သူ့အဒေါ်သားနဲ့ လူကြီးချင်း နားဖောက်ပြီးသွားပြီတဲ့၊ နင့်ဘက်က သင့်တော်လား၊ မသင့်တော်လားဆိုတာ စဉ်းစားပေါ့ဟာ၊ ကြည်သက်စံ ကလည်း ငါသိရင် နင်သိမယ် ဆိုတဲ့ သဘောနဲ့ ပြောတာလား မသိဘူး"

ပန်းယုခိုင်စကားက ကျွန်တော့် နှလုံးသားကို အားပြင်းပြင်းနှင့် ဖိကြိတ်လိုက်သလို ရှိသည်။ ခန္ဓာကိုယ်မှာ ရှိသမျှ အားတို့သည် နေရာတစ်ခုသို့ လွင့်ပါးသွားသလို ခံစားရ၏။

စိတ်ထဲကတော့ တွေးနေမိသည်။ ယခု လောလောဆယ်
၌ လွင်သော်က သူ့ထက် ကံကောင်းနေပါလားဟု။ ဟုတ်သည်လေ၊ သူထင်တာ သူလုပ်တတ်သော ပန်းယုခိုင်၏ စိတ်မှာ အလေးထားစရာ ဘာမျှမရှိဘူးဟု ယူဆထားသော လွင်သော် ရောက်နေတာ ကျွန်တော် သိနေရ၍ပင်။


***************************************
္ဓ(အပိုင်း ၃ ကို ဆက်လက်ဖတ်ရှုပေးပါရန်)

Friday, December 3, 2010

“ရင်ထဲမှာ” အပိုင်း(၁)

လွင်သော်

အလုပ်တွေ မအားလပ်တဲ့ကြားကို စာတစ်စောင် ရောက်လာလို့ စိတ်ညစ်သွားလား။ ကျောင်းတုန်းက မင်းပြောခဲ့တာတွေနဲ့ အခုလက်ရှိ ငါခံစားနေရတဲ့ အဖြစ်တွေ တူနေလို့ တစ်ချိန်က မင်းကို အပြစ်တင်စကား ဆိုခဲ့တဲ့ငါ့မှာ မင်းအပေါ် နားလည်မိလာလို့ ဒီစာကို ရေးလိုက်တာပါ။ မင်းခေါင်းရှုပ်သွားလား။ မရှုပ်ပါနဲ့။ Mechanical Engineer တစ်ယောက်ရဲ့ တာဝန်တွေ စက်ရုံတစ်ရုံမှာ ဘယ်လောက်များတယ်ဆိုတာ မင်းလို အလုပ်လုပ်နေတဲ့ ငါလည်း ကိုယ်ချင်းစာမိပါတယ်။ ဒါပေမဲ့ ငါ့စာကိုတော့ စိတ်ရှည်ရှည်နဲ့ ဖတ်ပါ သူငယ်ချင်း။ အားလုံးကို ငါအစက ပြန်ဖော် ပြီး ပြောပြပါ့မယ်။ လွင်သော်ဆိုတဲ့ မင်းရယ်၊ ရဲနောင်ဆိုတဲ့ ငါရယ်၊ ငါ့ရဲ့ တစ်ဦးတည်းသော မိန်းကလေး သူငယ်ချင်း ပန်းယုခိုင်ရယ်၊ ပြီးတော့ ငါနဲ့ အမှတ်မထင်ပဲ သိကျွမ်းခဲ့ရတဲ့ ကြည်သက်စံ ဆိုတဲ့ သူရယ်၊ ကျောင်းကြီးထဲမှာ ပတ်သက်ခဲ့ရတဲ့ အကြောင်းတွေလေ။

အံ့သြဖို့တော့ အကောင်းသားပဲ။ လူကတကာက အတွဲတွေလို့တောင် ထင်နေကြတဲ့ ငါတို့ကြားမှာ အခြေအနေ တွေ အားလုံးက အလွဲလွဲအချော်ချော်ကြီးပဲ ဖြစ်ခဲ့တယ်။ မင်းသတိပြန်ရပြီလား။ ငါထင်ပါတယ်။ ငါတောင် ဖြေသိမ့်နိုင်ဖို့ ကြိုးစားနေတုန်းပဲ ရှိသေးတာ။ ကျောင်းကြီးနဲ့ ငါတို့ အဖြစ်တွေကို ဘယ်လိုမေ့ရမလဲ။ မင်းရဲ့ အတွေးထဲမှာ ငါ့စာကို ဖတ်ရင်း ပုံဖော်ကြည့်လိုက်စမ်းပါ။ ဘယ်လိုမှ မေ့မရတဲ့ အဖြစ်တွေ တစ်ခုချင်းစီ ပေါ်နေမှာ ပဲလေ။

မင်းလိုပဲ ဒီစာကို ရေးတဲ့အချိန်မှာ ငါလည်း ငါတို့ရဲ့ ရန်ကုန်စက်မှုတက္ကသိုလ်ကြီးရယ်၊ ငြိတွယ်ခဲ့ရတဲ့ သံယောဇဉ် ကြိုးတွေရယ်၊ အားလုံးကို မြင်ယောင်နေပါတယ် သူငယ်ချင်း။ ဘယ်တော့မှလည်း ပြန်မရနိုင်တဲ့ ငယ်ဘ၀ရဲ့ အိပ်မက်တွေပေါ့ကွာ။

**************************************

ရန်ကုန် စက်မှုတက္ကသိုလ်ကို စ၀င်စဉ်ကတည်းက ကျွန်တော်နှင့် ပန်းယုခိုင်က အတူတူ။ ငယ်သူငယ်ချင်းတွေမို့ တက္ကသိုလ်ရောက်သည့်အခါ Section - B မှာ စတက်ရစဉ်မှာလည်း အခင်အမင် မပျက်ခဲ့။ လွင်သော်ကို စခင်မိ သည်ကလည်း Section - B မှာပင်။ လွင်သော်က ပြည်မှလာ၍ အဆောင်မှ ကျောင်းတက်သူ။ တစ်ခုံတည်း ထိုင်မိရာမှ သူရော၊ ကျွန်တော်ပါ ကဗျာသမားဖြစ်၍ အတူတွဲဖြစ်သွားသည်။ ကျွန်တော်နှင့် ခင်ပြီဆိုတော့ ပန်းယုခိုင်ကိုလည်း လွင်သော်နှင့် ခင်ရအောင် မိတ်ဆက်ပေးခဲ့သည်။ လွင်သော်က ခင်ရုံနှင့် အားမရ ပန်းယုခိုင် ကို ချစ်မိသွားသည်တဲ့။

"ကမ္ဘာပေါ်မှာ အလှဆုံး မိန်းကလေးတွေ ရှိချင်မှရှိမယ်။ ဆွဲဆောင်မှုတွေ ပြည့်ချင်မှ ပြည့်နေလိမ့်မယ်။ ငါ့မျက်စိ ထဲမှာ ဆွဲဆောင်မှုအရှိဆုံးနဲ့ အလှဆုံးမိန်းကလေး ကတော့ ပန်းယုခိုင်ပဲ ရဲနောင်။ သူ့ ဆံပင် ကုပ်ဝဲလေးကို ဆတ်ခနဲ ခါလိုက်ရင်ပဲ ငါ့အသည်းတွေ ပါသွားမလား ထင်ရတယ်"

"အရူး၊ မင်းတို့လို ကောင်မျိုးတွေ ရှိနေလို့ ကောင်မလေးတွေက ယောက်ျားလေးတွေရှေ့မှာ ဆံပင်ကို ဆတ်ခနဲ ခါခါပြပြီး ပဲများနေတာ။ ငါတော့ မှားပြီထင်တယ်။ ငါက ခင်မင်ပါစေတော့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မိတ်ဆက် ပေးခဲ့တာ၊ မင်းဟာက မလွန်ဘူးလား၊ မိတ်ဆက်ပေးတာမှ မကြာသေးဘူး"

"အချစ်မှာ မျက်စိ မရှိဘူးလေကွာ။ မင်းသူ့ကို မိတ်ဆက်မပေးခင် ကျောင်းဖွင့်ကတည်းက သူ့ကိုငါ ချစ်နေတာပါ ဆိုရင် မင်းယုံလိုက်။ ဒါနဲ့ မင်းက ချစ်နေလို့လား။ မင်းချစ်ရင် ငါမပြောပါဘူး"

"မချစ်ပါဘူးကွာ။ ငါ့သူငယ်ချင်းကို ငယ်ငယ်ကလေးတည်းက ခုထိ သူငယ်ချင်းလို့ပဲ မြင်တယ်။ သူကလည်း ငါ့လိုပဲ။ အဲဒီလိုမဟုတ်ရင် မင်းနဲ့ မတွေ့ခင်ကတည်းက ငါတို့ ချစ်သူတွေ ဖြစ်နေလောက်ပြီ။ နေပါဦးကွာ။ ငါ့ သူငယ်ချင်း ပန်းယုခိုင်ကို မင်းတကယ်ချစ်တာရော ဟုတ်ရဲ့လား"

"ဟာ....မင်းငါ့ကို စော်ကားတယ်။ မင်းနဲ့သူနဲ့ ချမ်းသာတာ ငါသိပါတယ်။ ဒါပေမဲ့ မင်းချမ်းသာလို့ ငါပေါင်း နေတာ မဟုတ်ဘူး။ စိတ်ရင်း ကောင်းလို့။ လူတန်းစား မခွဲခြားလို့။ ပြီးတော့ သူချမ်းသာလို့လဲ ငါကချစ်တာ မဟုတ်ဘူး။ လူတစ်ယောက်ကို ချစ်တယ်ဆိုတာ သူ့ဘ၀နဲ့ ဘာမှ မသက်ဆိုင်ဘူးလို့ ငါခံယူထားတယ်။ ပိန်တာ၊ မည်းတာ၊ ဖြူတာ၊ ရှည်တာ၊ ပုတာ၊ ချမ်းသာတာ၊ ဆင်းရဲတာဟာ အချစ်နဲ့ ဘာမှ မသက်ဆိုင်ပါဘူးကွာ။ တစ်ခု တော့ ရှိတာပေါ့။ လက်ထပ်တယ် ဆိုတဲ့အခါကျတော့ ချမ်းသာတာ၊ ဆင်းရဲတာဟာ အဓိကပြဿနာ ဖြစ်လာမယ် ထင်တယ်"

" မဆိုးပါဘူး။ မင်းမှာ အဲဒီလို စိတ်မျိုးရှိတာ။ ငါလည်း အဲဒီ့လိုပဲ ခံယူထားတယ်ကွ။ အချစ်ဟာ အချစ်အတွက် သက်သက်ပဲ ဖြစ်ရမှာပေါ့။ အေးလေ။ မင်းကြိုးစားကြည့်ပေါ့။ ပန်းယုခိုင်ဟာ ချမ်းသာပေမယ့် မမောက်မာဘူး။ စိတ်ရင်း ကောင်းတယ်။ အဲနည်းနည်း တော့ စိတ်ဓာတ်မာတယ်ကွ။ တော်ရုံ တန်ရုံ သိပ်ဂရုမစိုက်ချင်ဘူး။ မင်းကို သူလက်ခံတာ၊ လက်မခံတာတော့ မင်းကံပေါ့ လွင်သော်"

ကျွန်တော်ကပြောတော့ ဟိုးဝေးဝေးကိုငေးရင်း လွင်သော်တစ်ယောက် သက်ပြင်းတွေ ချနေသည်။ ပန်းယုခိုင် တစ်ယောက်ကတော့ လွင်သော် သူ့ကို ချစ်မိနေပြီဆိုတာ သိမည်မဟုတ်သေး။

ဘာပဲဖြစ်ဖြစ် လွင်သော်တစ်ယောက် ရိုးသားတာ၊ ကြိုးစားတာကိုတော့ ကျွန်တော်သိသည်။ ထို့အတူ ပန်းယုခိုင် တို့ ချမ်းသာလွန်းတာ ကိုလည်း ကျွန်တော် သိသည်။ ခက်တော့ ခက်ချေပြီ။ ပန်းယုခိုင်နှင့် လွင်သော် ချစ်သူတွေ ဖြစ်ပြီး လွင်သော့် ဆန္ဒတွေ ပြည့်ဝနိုင်ပါစေဟု စိတ်ထဲက ကျိတ်ဆုတောင်းပေးခဲ့ မိပြန်၏။


**************************************

ပထမနှစ်မှာ သူငယ်ချင်းများဘ၀ဖြင့် အချိန်ကုန်ပြီး ဒုတိယနှစ်ရောက်တော့ လွင်သော်က Section - A ကို ရောက်ပြိး ကျွန်တော်တို့က B ခန်းမှာပင် ကျန်ခဲ့သည်။ ထို ဒုတိယနှစ်မှာပင် ကျွန်တော့်ဝါသနာအရ ဆေးကျောင်း က သူငယ်ချင်းနှင့် နှစ်ယောက်ပေါင်း၍ ကဗျာစာအုပ် တစ်အုပ်ထုတ်ခဲ့သည်။ လွင့်သော့်ကို ပါဝင်ရေးသားရန် ပြောသော်လည်း ၀င်မရေးခဲ့။ သူငွေ မစိုက်နိုင်၍ အားနာတာ ကျွန်တော်သိသည်။

ကျောင်းထဲမှာ ကဗျာစာအုပ်တွေ လျှောက်ရောင်းစဉ်မှာတော့ လွင်သော်က လိုက်ရောင်းပေးသည်။ တစ်ကျောင်း လုံး လျှောက်ရောင်းပြီးသောအခါ ကျွန်တော်တို့ စာသင်ခန်းတွေရှိရာမှာ ပြန်နား၏။ လွင်သော်နှင့် ကျွန်တော် နားရင်း ဒုတိယနှစ် Section - A နောက်မှာ ကဗျာစာအုပ်များ ရောင်းနေစဉ်မှာပင် ကျွန်တော့်ဘ၀အတွက် မထင်မှတ်သော အဖြစ်အပျက်တစ်ခုကို ကြုံတွေ့ရတော့၏။

"ကဗျာစာအုပ်ရောင်းတာလားဟင်"

အတန်းနောက်ဘက် လှေကားနားက ခုံတန်းရှည်မှာ ညောင်း၍ ထိုင်နေသော ကျွန်တော်နှင့် လွင်သော် ရှေ့သို့ ကျွန်တော်တို့ အရွယ် မိန်းကလေးတစ်ယောက်က လာမေးခြင်းဖြစ်သည်။ နှစ်ယောက် စလုံး ကြောင်သွား၏။ လက်ထဲမှာ ကဗျာစာအုပ်ကိုင်ထားရင်း ကျွန်တော် မတ်တပ်ရပ်လိုက်သည်။

"ဟုတ်ပါတယ်။ ဘာဖြစ်လို့လဲ"

"ကျွန်မ နည်းနည်း ဖတ်ကြည့်ချင်လို့။ ကြိုက်ရင်ဝယ်မလို့ပါ"

"ဟာ....ရပါတယ်။ ကြည့်ပါ၊ ကြည့်ပါ၊ မကြိုက်လို့ မ၀ယ်လဲ ဖတ်လို့ရပါတယ်"

ပြောလည်းပြော၊ စာအုပ်ကို ထိုးပေးလိုက်၏။ ကျွန်တော့် စိတ်ထဲတွင်တော့ တော်တော်လေး အံ့သြနေမိသည်။ ကဗျာစာအုပ်တစ်အုပ် တန်ဖိုးက လက်ဖက်ရည် ရှယ်တစ်ခွက်စာလောက် ရှိသော်လည်း ၀ါသနာမပါသူတွေ များ၍ မ၀ယ်ချင်သူက များသည်ကို ကျွန်တော်သိသည်။ မျက်နှာနာသူ များကို အတင်းရောင်းစနစ်ဖြင့် ရောင်းမှသာ စာအုပ်နည်းနည်းကုန်သော အချိန်မှာ ကဗျာစာအုပ်ကို ရှာရှာဖွေဖွေ မေးပြီး ၀ယ်သူဆိုတော့ တော်ရုံတန်ရုံ ကဗျာဝါသနာရှင် မဟုတ်တာ နားလည်လိုက်သည်။

"ဟယ်... ရဲနောင်ပါ ပါတာပဲ"

"ခင်ဗျာ"

ကျွန်တော့် ခင်ဗျာကြီးက တော်တော်ကျယ်သွားသည်။ လွင်သော်လည်း တော်တော် အံ့သြနေပုံရ၏။

"ဟိုလေ ရဲနောင်ဆိုတာ ကျွန်မကြိုက်တဲ့ စာရေးဆရာမို့ပါ။ ဒီလိုမှန်းသိ စောစောက ကင်တင်န်းမဆင်းခင် ကတည်းက ၀ယ်သွားပြီး အေးအေးဆေးဆေး ဖတ်ပါတယ်။ ပေးပေး ကျွန်မ တစ်အုပ်ယူမယ်။ ဘယ်လောက်လဲ"

"ဆယ့်ငါးကျပ်ပါ"

အားလုံးသည် အံ့သြမှုတို့၏ အဆုံးစွန်ထိရောက်ကုန်ပြီထင်၏။ သူပေးသော ပိုက်ဆံကို လှမ်းယူပြီး အိတ်ထဲ ထည့်စဉ် သူမက ကဗျာစာအုပ်ကို သဲသဲမဲမဲ ဖတ်နေသည်။ ခက်သည်က ကျွန်တော့် စာရေးသက်တမ်းက လေးငါးနှစ်သာ ရှိသေးသည်။ မှာ ပါတာကလည်း သုံးလေးကြိမ်သာ ရှိသေးသည်။ နာမည်တူနှင့် မှားနေပြီ ထင်၏။

"ဟို...ဒီမှာခင်ဗျ။ ဒီကတစ်ယောက်သိတဲ့ ရဲနောင်ဆိုတာ နာမည်တူတာ နေပါလိမ့်မယ်။ ဒီထဲက ကဗျာရေးတဲ့ ရဲနောင်က စာရေးတာ ဘာမှမကြာသေးဘူးဗျ"

"ဟာ....ဟုတ်ပါတယ်။ ကျွန်မသိတဲ့ ရဲနောင်ပဲ။ ဒီမှာ 'စက္ကူမြား' ဆိုတဲ့ ကဗျာရယ်၊ 'ရင်ထဲကအမှတ်တရ' ဆိုတဲ့ ကဗျာရယ် ပါတာပဲဟာ။ ဖတ်စ်ရီးယား တုန်းက ရွှေသမင်မှာ ဆက်ရှင်ဘီက စက္ကူမြားလေးတွေ ပစ်တဲ့ အကြောင်းရေးထားတာ ဖတ်လိုက်ရသေးတယ်လေ။ အဲဒီ့တုန်းက စက္ကူမြားတွေနဲ့ ပတ်သက်တဲ့ ကဗျာလေး တစ်ပုဒ်ရယ်၊ ၀ိုင်အိုင်တီကိုဖွဲ့ထားတဲ့ 'ရင်ထဲကအမှတ်တရ' ရယ် ပါတာပဲဟာ။ အဲဒီ ရွှေသမင်

"ဒီမှာ...ခင်ဗျားတွေ့ချင်တဲ့ ရဲနောင်က သူပဲဗျ"

ကျွန်တော် ဘာမျှမပြောခင် လွင်သော် ၀င်ဖြေတော့မှ သူမအံ့သြသွားပုံရသည်။ ကျွန်တော့်ကို သေသေ ချာချာ ကြည့်နေ၏။ ထိုသို့ အံ့သြနေရင်း ငေးနေချိန်ကပင် နောင်အခါ၌ ကျွန်တော့်နှလုံးသားထဲထိ စွဲနေအောင် မမေ့ပျောက်နိုင်ခဲ့သော ကာလတစ်ခု ဖြစ်ခဲ့မည်မှန်း ကျွန်တော်မသိခဲ့။

"ဟုတ်ပါတယ်။ ကျွန်တော် ရဲနောင်ပါ။ ဒီက ကျွန်တော့်စာတွေ ဘယ်လောက်ဖတ်ဖူးလို့လဲ"

"ဖတ်စ်ရီးယားတုန်းကရယ်၊ အခု စက္ကင်းရီးယား မတိုင်ခင်က ရွှေသမင်
**************************************
(အပိုင်း၂ ကို ဆက်လက်ဖတ်ရှုပေးပါရန်)

Wednesday, December 1, 2010

''အမြင့်ပျံငှက်တစ်ကောင် အတွက် မြေပြင်ပေါ်မှ လူတစ်ဦး၏ ဆန္ဒ''

အဆိုတော် 'ထူးအိမ်သင်' ကွယ်လွန်ပြီးနောက် သူ့သီချင်းများကို ပြန်ဆိုမည် စိုး၍ ဆောင်းပါး တစ်ပုဒ် ရေးပြီး ပေါ်ပြူလာ ဂျာနယ်သို့ ပို့ဖြစ်ခဲ့ပါသည်။ ပေါ်ပြူလာ ဂျာနယ် မှလည်း ၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်နေ့ ထုတ် အတွဲ(၈)၊ အမှတ်(၄၄) စာစောင်၌ ကျွန်တော့် ဆောင်းပါးကို ဖော်ပြပေးခဲ့ ပါသည်။ ထိုစဉ်က 'သားလတ်' ကလောင် အမည်ဖြင့် ဖော်ပြခံခဲ့ရခြင်း ဖြစ်ပါသည်။ ယခုဤ ဆောင်းပါးကို ခံစားနိုင်ရန်အတွက် အောက်ပါ အတိုင်း ပြန်လည် ဖော်ပြလိုက်ပါသည်။



သည်နေ့ခေတ်မှာ ဂီတကို ပရိသတ်ဆီ ပို့နေကြသည်မှာ ပုံစံအမျိုးမျိုးဖြင့်။ တိပ်၊ စီဒီ၊ ဗီစီဒီ စသဖြင့် အမျိုးမျိုး ရှိရာ နားထောင်သူများပင် လိုက်မမီအောင် ခွေများထွက်နေကြသည်။ ထိုအထဲမှာ အသစ်ကနည်းနည်း၊ အဟောင်းက များလှသည်။ အဟောင်းဆိုရာ၌လည်း ကွယ်လွန်သူများကို ပြန်လည်တမ်းတ အမှတ်ရစေရန် လုပ်ခဲ့သည့် အခွေများလည်း ပါလာသည်။

ခွေသစ်တစ်ခွေ ထွက်တိုင်း ကျွန်တော်အပါအ၀င် ပရိသတ်ကြီး ရင်ခုန်ကြသည်။ လက်ရှိ အနေအထားအရ ကြော်ငြာကို မြင်သည်နှင့် သည်ခွေကို ၀ယ်သင့်၊ မ၀ယ်သင့် ဆုံးဖြတ်နိုင်ပြီး ဖြစ်နေ ကြသည်။ သို့သော် ဗီစီဒီမှာ ကူးခွေ ၀ယ်မှာလား၊ မူရင်းခွေ ၀ယ်မှာလား ဆိုသော ကိစ္စရှိလာ၏။ တကယ်တော့ ထုတ်လုပ်သူ များဘက်က အရင်းအနှီးကို နားလည်ကြသော ပရိသတ်များ ရှိသော်လည်း ပရိသတ်ကို နားမလည် သေးသော ထုတ်လုပ်သူ တချို့ ရှိနေတာ တွေ့နေရသမျှ ကူးခွေကိစ္စ ရပ်မှာမဟုတ်ဟု ကျွန်တော် ထင်ပါသည်။

တချို့က ကူးခွေဝယ်ရတာကိုပင် မတန်လောက်အောင် ဖြစ်နေသော သီချင်းတချို့၏ ညံ့ဖျင်းမှုကို ကဲ့ရဲ့ကြ ပါသည်။ ဒါက သီချင်းသစ်တွေမှာ သိပ်မသိသာ။ အဟောင်းကို ပြန်ဆိုသည့်အခါမှာ ပိုဖြစ်တတ်တာ တွေ့ရ သည်။ ထင်ထင်ရှားရှား ပြရလျှင် ကွယ်လွန်ပြီး အဆိုတော် တချို့၏ သီချင်းများ ပြန်ဆိုသည့်အခါ ပိုသိသာနေ ပြန်သည်။ ကျွန်တော်တို့ လက်လှမ်းမီခဲ့သော ထိုအဆိုတော်ဟောင်းများ၏ ဆိုဟန်၊ စာသားတို့သည် ခေတ်၏ ပြောင်းလဲခြင်းနောက်မှာ ထွင်ခဲ့ကြသော်လည်း အဆိုတော်အချို့ မူလ စာသားကိုပင် မှန်အောင် မဆိုနိုင်ခြင်း၊ စာသားများ ထပ်ကွန့်၍ Rap ဂီတပုံစံထွင်၍ ထည့်ခြင်း၊ ပြန်ဆိုဖြစ်လျှင် ပြီးရော သဘောနှင့် တကယ် နာမည်ကြီး ခဲ့သော အဆိုတော်များ၏ သီချင်းများကို နာမည်ပင် လုံးဝမကြားဖူးသော အဆိုတော်များနှင့် ပြန်ဆိုခိုင်းကာ ငါးပွက်ရာ ငါးစာချခြင်း (မိမိတစ်ဦးတည်း အမြတ်ကိုသာ ကြည့်၍ ပရိသတ်ကို တော်တော် လျှော့တွက်ထားပုံ ရပါသည်။) များကြောင့် ပရိသတ်ကို စေတနာထားသူနှင့် ပရိသတ်ကို စေတနာမထားသူကြား ဗီစီဒီမူရင်းခွေ အားပေးမှု ကွာသွားသည်ကို ထုတ်လုပ်သူအချို့သာ သိပါလိမ့်မည်။

တကယ်တော့ ယခု ပြန်လည်တမ်းတနေသော ကွယ်လွန်သူ အဆိုတော် အချို့၏ ပရိသတ်များသည် ယခု ထက်တိုင် သက်ရှိထင်ရှား ရှိနေသေးသည်ကို ထုတ်လုပ်သူများ သတိမမေ့သင့်ဟု ထင်ပါသည်။ ပရိသတ်ထဲမှာ လူမျိုးစုံ၊ အရွယ်မျိုးစုံ ပါသည်ဆိုသော်ငြား ထိုသီချင်းရှင်များကို တကယ်အမှတ်ရစေလိုပါလျှင် သူတို့ကို နှစ်သက်ခဲ့သော ပရိသတ်များ အတွက် အဓိက စဉ်းစားစေချင် ပါသည်။ ထို အဆိုတော်များကို မမီခဲ့သော လူငယ်များအတွက် သီချင်းအသစ်လို ဖြစ်သွားသော်ငြား မီခဲ့သော ပရိသတ်အတွက်ကတော့ ယခု ပြန်လည် သီဆိုမှုများ စာသားမမှန်ခြင်း၊ Rap စာသားများ ထပ်ဖြည့်ခြင်း (တကယ်တော့ ယခုအမှတ်တရ လုပ်နေသော ကွယ်လွန်သွားသူ အဆိုတော်များမှာ ကိုယ်ပိုင်သံစဉ် ခေတ်တစ်ခေတ်ကို သူတို့နည်း၊ သူတို့ဟန်ဖြင့် ထူထောင် သွားသူများ ဖြစ်ပြီး Rap ဂီတကို လုံးဝ မထည့်သွင်းခဲ့သည်ကို ထုတ်လုပ်သူအချို့၊ အဆိုတော်အချို့ သတိပြုသင့် ပါသည်) အလိုက်များကို အနှေး အမြန် ပြောင်း ပစ်ခြင်း၊ သေဆုံးသူ ယောက်ျားလေး သီချင်းများကို မိန်းကလေးများ ဆိုခြင်း များကြောင့် ဗီစီဒီခွေ လိုက် ဆို၍လည်း မရ၊ မူလ သီချင်း၏ အရသာပါ ပျက်ကာ ဘာ တစ်ခွန်းမျှ ပြန်မပြောနိုင်တော့သော မူလ အဆိုရှင်များအတွက် ရင်နာမိပါသည်။

ယခုအခါ ကွယ်လွန်ပြီးသူမှ မဟုတ်ဘဲ သက်ရှိထင်ရှား ရှိနေသူများကိုပင် နာမည်အမျိုးမျိုး တပ်၍ ပြန်ဆိုနေရာ ပိုမို၍ ဂရုစိုက်သင့် လှပါသည်။

လတ်တလောတွင် 'ငှက်ကြီး' ဟုလူသိကြသော 'ထူးအိမ်သင်' ကွယ်လွန်သွား၍ ထုတ်လုပ်သူများ စတင်ပြီး စီစဉ် ရန် ကြိုးစားနေလောက်ပြီဟု ထင်ပါသည်။ ပေါ်ပြူလာ ဂျာနယ်၏ ကိုကိုပေါ်လာ ကဏ္ဍမှာလည်း ထိုကိစ္စကို ပရိသတ်များ စတင် စိတ်ဝင်စားနေတာ သိလိုက်ရပါသည်။ ကျွန်တော်တစ်ဦးတည်း ခံစားချက်နှင့် ဆိုလျှင် ထိုအထဲက အချက်များကို သိပ်ငြင်းစရာ မရှိပါ။

ပွင့်လင်းစွာ ဆိုရလျှင် ကျွန်တော်သည် ကိုငှက်၏ အရူးအမူး ပရိသတ်တစ်ဦး ဖြစ်ပါသည်။ တိုက်ဆိုင်စွာပင် ကျွန်တော်နှင့် ကိုငှက်သည် တစ်ရက်၊ ခုနစ်လဖွား ဖြစ်ပြီး ခုနှစ်အားဖြင့် ကိုငှက်က ကျွန်တော့်ထက် တော်တော် စော၍ မွေးပါသည်။ ကျွန်တော်နှင့် မွေးရက်၊ မွေးလ တူသူသည် ကျွန်တော့် Crazy အဆိုတော် တစ်ဦး ဖြစ်သော အခါ ကျွန်တော့် နှစ်သက်မှုသည် ပိုမို ပြင်းထန်သည်ဟု ဆိုရပါမည်။ ထို့ကြောင့် ကိုငှက်လို အနုပညာရှင်တစ်ဦး ကွယ်လွန်သောအခါ ကျွန်တော် တော်တော်လေး ကြေကွဲ နှမြော တသ ဖြစ်မိပါသည်။

တစ်ပြိုင်တည်းမှာပင် ကျွန်တော့် ရင်ထဲမှာ ကိုငှက် အမှတ်တရ သီချင်းခွေလုပ်မည့် ထုတ်လုပ်သူများ ကိုလည်း အတွေးနှင့် စိုးရိမ်မိပါသည်။ ကိုငှက်က 'အစိမ်းရောင်ရက်စွဲများ' အခွေမှာ Rap တွေထည့်ထားဖူး၍ မူလ Rap များ ပါလာမှာကို မစိုးရိမ်သော်လည်း ထပ်ကွန့်ထားသော Rap တွေ ပါလာမှာလား၊ အဆိုတော် ပေါက်စတွေနှင့် လွှတ်လိုက်မှာလား၊ Beat တွေပြောင်းလိုက်မှာလား၊ ဖိုးချို၏ 'ချစ်သူကို' သီချင်းလို မိန်းကလေးဆို၍ မကောင်းသော စာသား (ချစ်သူကို လက်ဖျားနဲ့တောင် မထိရက်နိုင်တယ်) (ကောင်မလေးက မထိရက်မှတော့ ထိုယောက်ျားလေး အဖြစ်က မလွယ်တော့ဟု ကျွန်တော် တွေးမိ၍ပါ) များကို ကိုငှက်သီချင်းတွေမှာ မိန်းကလေး အဆိုတော်တွေ ဆိုဦးမှာလား စသည်ဖြင့်တွေးတော ပူပင်ရပါသည်။ (အမေ့အိမ်ကို ဟေမာနေ၀င်း ဆိုစဉ်က 'အားလုံးထက် နွေးထွေးလုံခြုံတဲ့ နေရာဟာ အမေ့အိမ်ပဲလို့ သိလိုက်ရတဲ့ အချိန်ကျတော့ ကျွန်မ က ဟိုး အဝေးကြီးမှာ ရောက်ရှိနေခဲ့ပြီလေ' ဆိုတာကြီးကို နားထောင်ရတာ တစ်မျိုးကြီး ဖြစ်ခဲ့ဖူးပါသည်။)

ယခု ဤဆောင်းပါး ရေးနေစဉ်မှာပင် ကိုငှက် ပရိသတ်တချို့၏ အသံကို ကျွန်တော်နှင့် နီးစပ်ရာ အသိုင်းအ၀ိုင်း အချို့မှာ ကြားရပြန်ပါသည်။ တခြားတော့ မဟုတ်ပါ။ ထူးအိမ်သင် သီချင်းကို ဘယ်သူ့မှ ပြန်မဆိုတာ အကောင်းဆုံးပါ တဲ့။ အကယ်၍ Live Show ဆိုလျှင်လည်း ဆိုသည့် အဆိုတော်ကို မဆိုဖြစ်အောင် တားဆီး ပါမည်တဲ့။

တကယ်တော့ ကျွန်တော်တို့အားလုံး ရင်နှင့်ရင်း၍ နားထောင်ခံစားခဲ့သော သီချင်းများကို ရင်နှင့်ရင်း၍ တီထွင် သူကိုသာ ဆိုစေချင်ပါသည်။ ဖေတော့ မောင်တော့ ဆိုရပြီးရော၊ ခွေထုတ်ရပြီးရော လုပ်သူ အချို့နှင့် တွေ့သွား မှာ စိုးပါသည်။ သည်တော့ ကိုငှက်ကို Crazy ဖြစ်သူ တစ်ဦးအနေနှင့် ကျွန်တော်လည်း ဘယ်သူမျှ ပြန်မဆိုတာ အကောင်းဆုံးဟု လက်ခံမိပြန်ပါသည်။

လက်ရှိ မြန်မာပြည် တေးရေးဆရာလောကမှာ Jazz ဂီတကို ပိုင်ပိုင်နိုင်နိုင် ရေးဖွဲ့နိုင်သူ နှစ်ဦးသာ ရှိသည်ဟု ကျွန်တော် နားလည်ပါသည်။ တစ်ဦးမှာ ကိုငှက်ဖြစ်၍ နောက်တစ်ဦးမှာ တေးရေးဆရာ ညီညီသွင် ပါ။ ကိုငှက်သည် အဆိုတော်လည်း ဖြစ်၍ ပါရမီပိုထူးသူ ဖြစ်ပါသည်။ သူ့အသံကို လိုက်တုပြီးဆိုရန် ကြိုးစားသူတို့ များစွာရှိသော်လည်း သူ့လိုတော့ မဖြစ်ခဲ့ကြပါ။ အသံ၏ ပုံစံကို ပိုင်နိုင်စွာ ပြောင်းလဲနိုင်ပြီး ဆိုဟန်ခြားနားသူ တစ်ဦး ဖြစ်ကာ ဂီတနှင့် ပတ်သက်၍ တီထွင်ဖန်တီးနိုင်စွမ်း မြင့်မားလှပါသည်။ ပါရမီရှင်ဟု ဆိုရလောက်အောင် 'မဟာဝီရ အို ဗုဒ္ဓ' သီချင်းမျိုးဖြင့် အဆို၊ အရေး ပညာပြကာ ဂီတကို လုပ်ပြထားပါသည်။

ကျွန်တော့် ရုံးက ကောင်မလေး တစ်ဦးက ပြောဖူးပါသည်။ "သူ့ကို လေးစားပြီး သဘောကျတာ၊ သူက တူရိယာ လေးတွေ ကြုံသလို ကောက် ကောက် တီးတာကိုပဲ" ဟုဆိုပါသည်။ ဘာဂျာ၊ ပုလွေ၊ Percussion စသည်တို့ကို ဆိုလိုခြင်းပင်။

ကျွန်တော်သည် ကိုငှက်ကို စတိတ်ရှိုးမှာပဲ တစ်ခါတွေ့ဖူး ပါသည်။ လူအားဖြင့် မရင်းနှီးသော်လည်း အနုပညာ အားဖြင့် သူ့ကို ကျွန်တော် လေးစားပါသည်။ အားကျပါသည်။ သူ့အနေအထိုင်ကို ကြည့်ပြီး အောင်မြင်မှုနှင့် ငွေကြေးကို သိပ်အလေးထားဟန် မရှိဟု နားလည်ပါသည်။ 'သက်ငြိမ်' သည် သူ့ဘ၀ ဖြစ်ပါလိမ့်မည်။

ယခု ကိုငှက်ဆုံးပြီး ပါလာသော ဆောင်းပါးများကို ဖတ်ရမှ စာပေသမား စစ်စစ်ဆိုသည်ကို သိလိုက်၍ သူ့ စိတ်ဓါတ်ကို နားလည်လိုက်ပါတော့သည်။ ဒါကို ထပ်မံ၍ လေးစားပါသည်။

တကယ်တော့ လူတစ်ယောက် လူ့လောကမှ ထွက်ခွာသွားတာ မဆန်းပါ။ သို့သော် လူတွေကို အနုပညာဖြင့် ပေးဆပ်နေသော လူတစ်ဦး၊ သာမန်လူနှင့် မတူသော လူတစ်ဦး လူ့လောကထဲက ထွက်ခွာသွားသည် ကတော့ ဆန်းကြယ်ပါသည်။ စာပေလောက၊ ရုပ်ရှင်လောက၊ ဂီတလောကမှာ သူ့ကို နှမြောနေကြသည်က သူ့ ပင်ကိုယ် အနုပညာ ပါရမီ အခံဓါတ်ဖြင့် လူ့လောက (ကျွန်တော်တို့ မြန်မာပြည်သူ၊ ပြည်သားများ) ကို သူဖန်တီးနိုင်သမျှ၊ သူတတ်စွမ်းသမျှ စွမ်းအားများဖြင့် သူ့
ခန္ဓာကို ရင်း၍ ပေးဆပ်သွားခြင်းကြောင့် ဟု ကျွန်တော် ထင်ပါသည်။

သူ့ကို ဂုဏ်ပြုရာ ရောက်သည့် အမှတ်တရ စကားဝိုင်းများ၊ စာသားများကို ကျွန်တော် ကြိုဆိုမိသလို၊ သူ့ကို တမ်းတသည့် ဂီတပွဲများသည်လည်း သူ့ကို စော်ကားသလို မဖြစ်စေရန် ဆောင်ရွက်ဖို့ လိုသည်ဟု ကျွန်တော် ထင်ပါသည်။

ကိုငှက် အမှတ်တရ ခွေများကို မနိုင်၍ မလုပ်ခြင်းက ကိုငှက် အပေါ် ကျေးဇူးပြုရာ ရောက်မည် ဖြစ်ပါ လိမ့်မည်။ ပစ်စလက်ခတ်၊ ဖြစ်ကတတ်ဆန်း၊ လုပ်ချင်ရာ လုပ်တာမျိုးတော့ မလုပ်ကြစေချင်ပါ။ ကိုငှက်မှာ ခိုင်မာသော ပရိသတ် (အနုပညာ နယ်ပယ်အားလုံးမှာပါ) ရှိနေတာ သိစေချင်ပါသည်။ ရှင်သန်နေသူ တစ်ဦးကို ခွင့်တောင်းပြီး သူ့သီချင်းကို လုပ်ချင်သလိုလုပ်သည်က ကာယကံရှင် ရှိသေး၍ ဖြေရှင်းနိုင်သော် လည်း၊ ကွယ်လွန်သူ တစ်ဦး၏ သီချင်းများ ကိုတော့ တန်ဖိုးထားစေချင်ပါသည်။

ကျွန်တော်တို့ တစ်တွေ 'နာရီပေါ်မှ မျက်ရည်စက်များ' ကျခဲ့ပါပြီ။ ကိုငှက်ရဲ့ 'မှော်ဆရာအိပ်မက်' ကို ဆက်ပြီး လွတ်လပ်စွာ ခွင့်ပြုပေးထားပါ။ 'သက်ငြိမ်' ကို ငြိမ်သက်စွာ ထားပေးပါ။ သူ့ရဲ့ 'အတ္တပုံဆောင်ခဲများ' ကို ရိုက် မခွဲပါနဲ့ဗျာ။ သူ့ 'အကြင်နာအိပ်မက်' တွေ 'အရင်အတိုင်း' ရှိပါစေ။ ကိုငှက်အတွက် ကျွန်တော်တို့ဟာ ပြောပြလို့ မရအောင် 'စကားလုံးမရှိတဲ့ကောင်းကင်' ထဲမှာ ကြေကွဲနေရသူ လိုပါ။ 'အမေ (သို့မဟုတ်) မေတ္တာတော်ဘွဲ့' သီချင်းတွေ ဆိုမယ့်လူ မရှိတော့ချိန်မှာ ပိုတန်ဖိုးထားပေးကြပါ။ 'မြို့ပြ လရောင်တမ်းချင်း' ကို ကျွန်တော်တို့ ခံစားနေဆဲပါ။ 'အစိမ်းရောင်ရက်စွဲများ' မှာ ကိုငှက် စိမ်းလန်းစွာ ရှင်သန်နိုင်ပါစေဗျာ။ ကျွန်တော်တို့ကို 'တစ်နေ့စာ အလွဲများ' နဲ့ နေ့တိုင်း ထပ်မနှိပ်စက်ချင် ပါနဲ့တော့။

ကျေးဇူးပြုပြီး သူ့သီချင်းတွေကို မဖျက်ဆီးကြပါနဲ့ဗျာ ။ ။

သားလတ်
(စာကြွင်း - Internet ဖတ်သူများထံမှ နောက်ဆုံးကြားရသော စကားအရ ကိုငှက်သီချင်းများ ပြန်မဆိုရန် အဆိုတော် အချို့သို့ Internet သုံးသူ ကိုငှက် ပရိသတ်များက ပြင်းထန်စွာ ကန့်ကွက်ထားကြောင်း သိရပါသည်)
Related Posts Plugin for WordPress, Blogger...