အလုပ်တွေ မအားလပ်တဲ့ကြားကို စာတစ်စောင် ရောက်လာလို့ စိတ်ညစ်သွားလား။ ကျောင်းတုန်းက မင်းပြောခဲ့တာတွေနဲ့ အခုလက်ရှိ ငါခံစားနေရတဲ့ အဖြစ်တွေ တူနေလို့ တစ်ချိန်က မင်းကို အပြစ်တင်စကား ဆိုခဲ့တဲ့ငါ့မှာ မင်းအပေါ် နားလည်မိလာလို့ ဒီစာကို ရေးလိုက်တာပါ။ မင်းခေါင်းရှုပ်သွားလား။ မရှုပ်ပါနဲ့။ Mechanical Engineer တစ်ယောက်ရဲ့ တာဝန်တွေ စက်ရုံတစ်ရုံမှာ ဘယ်လောက်များတယ်ဆိုတာ မင်းလို အလုပ်လုပ်နေတဲ့ ငါလည်း ကိုယ်ချင်းစာမိပါတယ်။ ဒါပေမဲ့ ငါ့စာကိုတော့ စိတ်ရှည်ရှည်နဲ့ ဖတ်ပါ သူငယ်ချင်း။ အားလုံးကို ငါအစက ပြန်ဖော် ပြီး ပြောပြပါ့မယ်။ လွင်သော်ဆိုတဲ့ မင်းရယ်၊ ရဲနောင်ဆိုတဲ့ ငါရယ်၊ ငါ့ရဲ့ တစ်ဦးတည်းသော မိန်းကလေး သူငယ်ချင်း ပန်းယုခိုင်ရယ်၊ ပြီးတော့ ငါနဲ့ အမှတ်မထင်ပဲ သိကျွမ်းခဲ့ရတဲ့ ကြည်သက်စံ ဆိုတဲ့ သူရယ်၊ ကျောင်းကြီးထဲမှာ ပတ်သက်ခဲ့ရတဲ့ အကြောင်းတွေလေ။
အံ့သြဖို့တော့ အကောင်းသားပဲ။ လူကတကာက အတွဲတွေလို့တောင် ထင်နေကြတဲ့ ငါတို့ကြားမှာ အခြေအနေ တွေ အားလုံးက အလွဲလွဲအချော်ချော်ကြီးပဲ ဖြစ်ခဲ့တယ်။ မင်းသတိပြန်ရပြီလား။ ငါထင်ပါတယ်။ ငါတောင် ဖြေသိမ့်နိုင်ဖို့ ကြိုးစားနေတုန်းပဲ ရှိသေးတာ။ ကျောင်းကြီးနဲ့ ငါတို့ အဖြစ်တွေကို ဘယ်လိုမေ့ရမလဲ။ မင်းရဲ့ အတွေးထဲမှာ ငါ့စာကို ဖတ်ရင်း ပုံဖော်ကြည့်လိုက်စမ်းပါ။ ဘယ်လိုမှ မေ့မရတဲ့ အဖြစ်တွေ တစ်ခုချင်းစီ ပေါ်နေမှာ ပဲလေ။
မင်းလိုပဲ ဒီစာကို ရေးတဲ့အချိန်မှာ ငါလည်း ငါတို့ရဲ့ ရန်ကုန်စက်မှုတက္ကသိုလ်ကြီးရယ်၊ ငြိတွယ်ခဲ့ရတဲ့ သံယောဇဉ် ကြိုးတွေရယ်၊ အားလုံးကို မြင်ယောင်နေပါတယ် သူငယ်ချင်း။ ဘယ်တော့မှလည်း ပြန်မရနိုင်တဲ့ ငယ်ဘ၀ရဲ့ အိပ်မက်တွေပေါ့ကွာ။
**************************************
ရန်ကုန် စက်မှုတက္ကသိုလ်ကို စ၀င်စဉ်ကတည်းက ကျွန်တော်နှင့် ပန်းယုခိုင်က အတူတူ။ ငယ်သူငယ်ချင်းတွေမို့ တက္ကသိုလ်ရောက်သည့်အခါ Section - B မှာ စတက်ရစဉ်မှာလည်း အခင်အမင် မပျက်ခဲ့။ လွင်သော်ကို စခင်မိ သည်ကလည်း Section - B မှာပင်။ လွင်သော်က ပြည်မှလာ၍ အဆောင်မှ ကျောင်းတက်သူ။ တစ်ခုံတည်း ထိုင်မိရာမှ သူရော၊ ကျွန်တော်ပါ ကဗျာသမားဖြစ်၍ အတူတွဲဖြစ်သွားသည်။ ကျွန်တော်နှင့် ခင်ပြီဆိုတော့ ပန်းယုခိုင်ကိုလည်း လွင်သော်နှင့် ခင်ရအောင် မိတ်ဆက်ပေးခဲ့သည်။ လွင်သော်က ခင်ရုံနှင့် အားမရ ပန်းယုခိုင် ကို ချစ်မိသွားသည်တဲ့။
"ကမ္ဘာပေါ်မှာ အလှဆုံး မိန်းကလေးတွေ ရှိချင်မှရှိမယ်။ ဆွဲဆောင်မှုတွေ ပြည့်ချင်မှ ပြည့်နေလိမ့်မယ်။ ငါ့မျက်စိ ထဲမှာ ဆွဲဆောင်မှုအရှိဆုံးနဲ့ အလှဆုံးမိန်းကလေး ကတော့ ပန်းယုခိုင်ပဲ ရဲနောင်။ သူ့ ဆံပင် ကုပ်ဝဲလေးကို ဆတ်ခနဲ ခါလိုက်ရင်ပဲ ငါ့အသည်းတွေ ပါသွားမလား ထင်ရတယ်"
"အရူး၊ မင်းတို့လို ကောင်မျိုးတွေ ရှိနေလို့ ကောင်မလေးတွေက ယောက်ျားလေးတွေရှေ့မှာ ဆံပင်ကို ဆတ်ခနဲ ခါခါပြပြီး ပဲများနေတာ။ ငါတော့ မှားပြီထင်တယ်။ ငါက ခင်မင်ပါစေတော့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မိတ်ဆက် ပေးခဲ့တာ၊ မင်းဟာက မလွန်ဘူးလား၊ မိတ်ဆက်ပေးတာမှ မကြာသေးဘူး"
"အချစ်မှာ မျက်စိ မရှိဘူးလေကွာ။ မင်းသူ့ကို မိတ်ဆက်မပေးခင် ကျောင်းဖွင့်ကတည်းက သူ့ကိုငါ ချစ်နေတာပါ ဆိုရင် မင်းယုံလိုက်။ ဒါနဲ့ မင်းက ချစ်နေလို့လား။ မင်းချစ်ရင် ငါမပြောပါဘူး"
"မချစ်ပါဘူးကွာ။ ငါ့သူငယ်ချင်းကို ငယ်ငယ်ကလေးတည်းက ခုထိ သူငယ်ချင်းလို့ပဲ မြင်တယ်။ သူကလည်း ငါ့လိုပဲ။ အဲဒီလိုမဟုတ်ရင် မင်းနဲ့ မတွေ့ခင်ကတည်းက ငါတို့ ချစ်သူတွေ ဖြစ်နေလောက်ပြီ။ နေပါဦးကွာ။ ငါ့ သူငယ်ချင်း ပန်းယုခိုင်ကို မင်းတကယ်ချစ်တာရော ဟုတ်ရဲ့လား"
"ဟာ....မင်းငါ့ကို စော်ကားတယ်။ မင်းနဲ့သူနဲ့ ချမ်းသာတာ ငါသိပါတယ်။ ဒါပေမဲ့ မင်းချမ်းသာလို့ ငါပေါင်း နေတာ မဟုတ်ဘူး။ စိတ်ရင်း ကောင်းလို့။ လူတန်းစား မခွဲခြားလို့။ ပြီးတော့ သူချမ်းသာလို့လဲ ငါကချစ်တာ မဟုတ်ဘူး။ လူတစ်ယောက်ကို ချစ်တယ်ဆိုတာ သူ့ဘ၀နဲ့ ဘာမှ မသက်ဆိုင်ဘူးလို့ ငါခံယူထားတယ်။ ပိန်တာ၊ မည်းတာ၊ ဖြူတာ၊ ရှည်တာ၊ ပုတာ၊ ချမ်းသာတာ၊ ဆင်းရဲတာဟာ အချစ်နဲ့ ဘာမှ မသက်ဆိုင်ပါဘူးကွာ။ တစ်ခု တော့ ရှိတာပေါ့။ လက်ထပ်တယ် ဆိုတဲ့အခါကျတော့ ချမ်းသာတာ၊ ဆင်းရဲတာဟာ အဓိကပြဿနာ ဖြစ်လာမယ် ထင်တယ်"
" မဆိုးပါဘူး။ မင်းမှာ အဲဒီလို စိတ်မျိုးရှိတာ။ ငါလည်း အဲဒီ့လိုပဲ ခံယူထားတယ်ကွ။ အချစ်ဟာ အချစ်အတွက် သက်သက်ပဲ ဖြစ်ရမှာပေါ့။ အေးလေ။ မင်းကြိုးစားကြည့်ပေါ့။ ပန်းယုခိုင်ဟာ ချမ်းသာပေမယ့် မမောက်မာဘူး။ စိတ်ရင်း ကောင်းတယ်။ အဲနည်းနည်း တော့ စိတ်ဓာတ်မာတယ်ကွ။ တော်ရုံ တန်ရုံ သိပ်ဂရုမစိုက်ချင်ဘူး။ မင်းကို သူလက်ခံတာ၊ လက်မခံတာတော့ မင်းကံပေါ့ လွင်သော်"
ကျွန်တော်ကပြောတော့ ဟိုးဝေးဝေးကိုငေးရင်း လွင်သော်တစ်ယောက် သက်ပြင်းတွေ ချနေသည်။ ပန်းယုခိုင် တစ်ယောက်ကတော့ လွင်သော် သူ့ကို ချစ်မိနေပြီဆိုတာ သိမည်မဟုတ်သေး။
ဘာပဲဖြစ်ဖြစ် လွင်သော်တစ်ယောက် ရိုးသားတာ၊ ကြိုးစားတာကိုတော့ ကျွန်တော်သိသည်။ ထို့အတူ ပန်းယုခိုင် တို့ ချမ်းသာလွန်းတာ ကိုလည်း ကျွန်တော် သိသည်။ ခက်တော့ ခက်ချေပြီ။ ပန်းယုခိုင်နှင့် လွင်သော် ချစ်သူတွေ ဖြစ်ပြီး လွင်သော့် ဆန္ဒတွေ ပြည့်ဝနိုင်ပါစေဟု စိတ်ထဲက ကျိတ်ဆုတောင်းပေးခဲ့ မိပြန်၏။
**************************************
ပထမနှစ်မှာ သူငယ်ချင်းများဘ၀ဖြင့် အချိန်ကုန်ပြီး ဒုတိယနှစ်ရောက်တော့ လွင်သော်က Section - A ကို ရောက်ပြိး ကျွန်တော်တို့က B ခန်းမှာပင် ကျန်ခဲ့သည်။ ထို ဒုတိယနှစ်မှာပင် ကျွန်တော့်ဝါသနာအရ ဆေးကျောင်း က သူငယ်ချင်းနှင့် နှစ်ယောက်ပေါင်း၍ ကဗျာစာအုပ် တစ်အုပ်ထုတ်ခဲ့သည်။ လွင့်သော့်ကို ပါဝင်ရေးသားရန် ပြောသော်လည်း ၀င်မရေးခဲ့။ သူငွေ မစိုက်နိုင်၍ အားနာတာ ကျွန်တော်သိသည်။
ကျောင်းထဲမှာ ကဗျာစာအုပ်တွေ လျှောက်ရောင်းစဉ်မှာတော့ လွင်သော်က လိုက်ရောင်းပေးသည်။ တစ်ကျောင်း လုံး လျှောက်ရောင်းပြီးသောအခါ ကျွန်တော်တို့ စာသင်ခန်းတွေရှိရာမှာ ပြန်နား၏။ လွင်သော်နှင့် ကျွန်တော် နားရင်း ဒုတိယနှစ် Section - A နောက်မှာ ကဗျာစာအုပ်များ ရောင်းနေစဉ်မှာပင် ကျွန်တော့်ဘ၀အတွက် မထင်မှတ်သော အဖြစ်အပျက်တစ်ခုကို ကြုံတွေ့ရတော့၏။
"ကဗျာစာအုပ်ရောင်းတာလားဟင်"
အတန်းနောက်ဘက် လှေကားနားက ခုံတန်းရှည်မှာ ညောင်း၍ ထိုင်နေသော ကျွန်တော်နှင့် လွင်သော် ရှေ့သို့ ကျွန်တော်တို့ အရွယ် မိန်းကလေးတစ်ယောက်က လာမေးခြင်းဖြစ်သည်။ နှစ်ယောက် စလုံး ကြောင်သွား၏။ လက်ထဲမှာ ကဗျာစာအုပ်ကိုင်ထားရင်း ကျွန်တော် မတ်တပ်ရပ်လိုက်သည်။
"ဟုတ်ပါတယ်။ ဘာဖြစ်လို့လဲ"
"ကျွန်မ နည်းနည်း ဖတ်ကြည့်ချင်လို့။ ကြိုက်ရင်ဝယ်မလို့ပါ"
"ဟာ....ရပါတယ်။ ကြည့်ပါ၊ ကြည့်ပါ၊ မကြိုက်လို့ မ၀ယ်လဲ ဖတ်လို့ရပါတယ်"
ပြောလည်းပြော၊ စာအုပ်ကို ထိုးပေးလိုက်၏။ ကျွန်တော့် စိတ်ထဲတွင်တော့ တော်တော်လေး အံ့သြနေမိသည်။ ကဗျာစာအုပ်တစ်အုပ် တန်ဖိုးက လက်ဖက်ရည် ရှယ်တစ်ခွက်စာလောက် ရှိသော်လည်း ၀ါသနာမပါသူတွေ များ၍ မ၀ယ်ချင်သူက များသည်ကို ကျွန်တော်သိသည်။ မျက်နှာနာသူ များကို အတင်းရောင်းစနစ်ဖြင့် ရောင်းမှသာ စာအုပ်နည်းနည်းကုန်သော အချိန်မှာ ကဗျာစာအုပ်ကို ရှာရှာဖွေဖွေ မေးပြီး ၀ယ်သူဆိုတော့ တော်ရုံတန်ရုံ ကဗျာဝါသနာရှင် မဟုတ်တာ နားလည်လိုက်သည်။
"ဟယ်... ရဲနောင်ပါ ပါတာပဲ"
"ခင်ဗျာ"
ကျွန်တော့် ခင်ဗျာကြီးက တော်တော်ကျယ်သွားသည်။ လွင်သော်လည်း တော်တော် အံ့သြနေပုံရ၏။
"ဟိုလေ ရဲနောင်ဆိုတာ ကျွန်မကြိုက်တဲ့ စာရေးဆရာမို့ပါ။ ဒီလိုမှန်းသိ စောစောက ကင်တင်န်းမဆင်းခင် ကတည်းက ၀ယ်သွားပြီး အေးအေးဆေးဆေး ဖတ်ပါတယ်။ ပေးပေး ကျွန်မ တစ်အုပ်ယူမယ်။ ဘယ်လောက်လဲ"
"ဆယ့်ငါးကျပ်ပါ"
အားလုံးသည် အံ့သြမှုတို့၏ အဆုံးစွန်ထိရောက်ကုန်ပြီထင်၏။ သူပေးသော ပိုက်ဆံကို လှမ်းယူပြီး အိတ်ထဲ ထည့်စဉ် သူမက ကဗျာစာအုပ်ကို သဲသဲမဲမဲ ဖတ်နေသည်။ ခက်သည်က ကျွန်တော့် စာရေးသက်တမ်းက လေးငါးနှစ်သာ ရှိသေးသည်။ မဂ္ဂဇင်းမှာ ပါတာကလည်း သုံးလေးကြိမ်သာ ရှိသေးသည်။ နာမည်တူနှင့် မှားနေပြီ ထင်၏။
"ဟို...ဒီမှာခင်ဗျ။ ဒီကတစ်ယောက်သိတဲ့ ရဲနောင်ဆိုတာ နာမည်တူတာ နေပါလိမ့်မယ်။ ဒီထဲက ကဗျာရေးတဲ့ ရဲနောင်က စာရေးတာ ဘာမှမကြာသေးဘူးဗျ"
"ဟာ....ဟုတ်ပါတယ်။ ကျွန်မသိတဲ့ ရဲနောင်ပဲ။ ဒီမှာ 'စက္ကူမြား' ဆိုတဲ့ ကဗျာရယ်၊ 'ရင်ထဲကအမှတ်တရ' ဆိုတဲ့ ကဗျာရယ် ပါတာပဲဟာ။ ဖတ်စ်ရီးယား တုန်းက ရွှေသမင်မဂ္ဂဇင်းမှာ ဆက်ရှင်ဘီက စက္ကူမြားလေးတွေ ပစ်တဲ့ အကြောင်းရေးထားတာ ဖတ်လိုက်ရသေးတယ်လေ။ အဲဒီ့တုန်းက စက္ကူမြားတွေနဲ့ ပတ်သက်တဲ့ ကဗျာလေး တစ်ပုဒ်ရယ်၊ ၀ိုင်အိုင်တီကိုဖွဲ့ထားတဲ့ 'ရင်ထဲကအမှတ်တရ' ရယ် ပါတာပဲဟာ။ အဲဒီ ရွှေသမင်မဂ္ဂဇင်းကိုတောင် အပြင်မှာ လိုက်ဝယ်လိုက်သေးတယ်။ အဲဒါ အဲဒီ့ ရဲနောင် မဟုတ်လို့ ဘယ်သူဖြစ်ရမှာလဲ။ ကျွန်မက အဲဒီ့ ရဲနောင်ဆိုတာ ဆက်ရှင်ဘီမှာ ရှိမယ်လို့ ထင်နေတာ။ ဖတ်စ်ရီးယားဆိုတော့ အချင်းချင်း နာမည်တွေ သိပ်မသိ ကြသေးဘူးလေ။ ဒါနဲ့ အဲဒီ့ ရဲနောင်ဆိုတာ ဒီက,ကဗျာရောင်းတဲ့လူတွေ သိမှာပေါ့နော်။ ခု စက္ကင်းရီးယား ဘယ်အခန်းကလဲဟင်"
ကျွန်တော် ခုမှ ၀မ်းသာပြုံး ပြုံးမိတော့သည်။ ကျွန်တာ်၏ နည်းပါးလွန်းသော စာများကို မှတ်မှတ်ရရ ရှိသော ကျွန်တော့် စာဖတ်ပရိသတ်တစ်ဦးဖြစ်တာ သေချာသွား၍ပင်။
"ဒီမှာ...ခင်ဗျားတွေ့ချင်တဲ့ ရဲနောင်က သူပဲဗျ"
ကျွန်တော် ဘာမျှမပြောခင် လွင်သော် ၀င်ဖြေတော့မှ သူမအံ့သြသွားပုံရသည်။ ကျွန်တော့်ကို သေသေ ချာချာ ကြည့်နေ၏။ ထိုသို့ အံ့သြနေရင်း ငေးနေချိန်ကပင် နောင်အခါ၌ ကျွန်တော့်နှလုံးသားထဲထိ စွဲနေအောင် မမေ့ပျောက်နိုင်ခဲ့သော ကာလတစ်ခု ဖြစ်ခဲ့မည်မှန်း ကျွန်တော်မသိခဲ့။
"ဟုတ်ပါတယ်။ ကျွန်တော် ရဲနောင်ပါ။ ဒီက ကျွန်တော့်စာတွေ ဘယ်လောက်ဖတ်ဖူးလို့လဲ"
"ဖတ်စ်ရီးယားတုန်းကရယ်၊ အခု စက္ကင်းရီးယား မတိုင်ခင်က ရွှေသမင်မဂ္ဂဇင်းမှာပါတဲ့ ကဗျာတစ်ပုဒ်ရယ်။ ကျွန်မက အဲဒီစက္ကူမြားလေးတွေ အကြောင်းရေးထားတဲ့ 'အစဉ်ထာဝရ' ကိုကြိုက်သွားတာ။ နောက် ပိုင်း တော်တော်ရှာဖတ်တယ်။ သိပ်မတွေ့ဘူး။ အရေးကျဲတာလားဟင်"
"ကျွန်တော် လစဉ်လိုလို ပို့ဖြစ်ပါတယ်။ အရွေးမခံရတော့ မပါဘူးပေါ့။ ဒါနဲ့ ဒီက အေခန်းကပဲလား"
"ဟုတ်တယ်ကွ။ ငါတို့ အေခန်းက"
လွင်သော် ၀င်ဖြေတော့ သူမပြုံးသည်။ ပြီးတော့ လွယ်အိတ်ထဲက ဘောလ်ပင်ကို ထုတ်တာတွေ့၏။
"ကိုရဲနောင်၊ ကျွန်မကို ဒီကဗျာစာအုပ်မှာ အမှတ်တရ လက်မှတ်ထိုးပေးပါလား"
ရိုးရှင်းလွန်းသောစကား။ သို့သော် ကျွန်တော့်နားမှာ ဆန်းပြားစွာ ဖြတ်သန်းစီးဆင်းသွား၍ နှလုံးသား ကို မြည်တင် ရိုက်ခတ်သည်။ ဘောလ်ပင်ကိုယူပြီး စာအုပ်အဖုံးမှာ လက်မှတ်ထိုးပေးလိုက်၏။ ပြီးတော့ ဘောပင်လ်ကို ပြန်ပေးလိုက်သည်။
"ကျွန်တော့်စာတွေကို အရေးတယူဖတ်တာ ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို ရဲနောင် ပဲခေါ်ပါ။ တစ်ကျောင်း တည်းက သူငယ်ချင်းတွေပဲ"
"ဟုတ်ကဲ့။ ကျေးဇူးပါပဲ။ ကျွန်မနာမည်က ကြည်သက်စံပါ။ ကျွန်မက ကဗျာ ၀ါသနာပါပေမယ့် မရေးတတ်ဘူး၊ ခံစားတတ်ပါတယ်။ ကျွန်မကိုလည်း သူငယ်ချင်းတစ်ယောက်၊ စာဖတ်ပရိသတ် တစ်ယောက်လို သဘောထားပါ၊ သွားလိုက်ဦးမယ်နော်"
ခေါင်းညိတ်အပြမှာ ဆတ်ခနဲ လှည့်ထွက်သွား၍ သူမ ဆံပင်ရှည်ရှည်တို့က လေထဲမှာ ဝေ့ကာ လှုပ်ခတ်သွား သည်။ သွယ်လျသော ကိုယ်အနေအထားနှင့် တင်ပါးဖုံးသော ဆံပင်ရှည်ရှည်၊ မနိမ့်မမြင့် အရပ်တို့ကို သတိထား ဖြစ်ရင်း ရင်ထဲမှာ စွဲမက်ကျန်ခဲ့၏။
"သတိထား ရဲနောင်၊ အသက်ကို မှန်မှန်ရှု၊ အဲဒီလို ဆံပင်လေးတွေ လေထဲမှာ ၀ဲသွားတာတို့၊ သပ်တင်တာတို့ ဆိုတာ မိန်းကလေးတွေ ပဲများတာပါကွာ၊ မင်းပဲ ပြောဖူးတာပဲ"
"ဒါက ပဲများတာ မဟုတ်ဘဲ စွဲသွားတာမျိုးကွ"
"ခွေးကောင်၊ ငါ့ကျတော့ မင်းတို့လို ကောင်မျိုးတွေ ရှိနေလို့ ကောင်မလေးတွေက ပဲများတာလေး၊ ဘာလေးနဲ့၊ သူ့ကျတော့ ငါ့ထက်ဆိုးသေး"
ဖတ်စ်ရီးယားတုန်းက စကားတွေနှင့် ကျွန်တော့်ကို လွင်သော်က နှိပ်ကွပ်သည်။
"မင်းကလည်းကွာ၊ မင်းပဲပြောပြီး၊ အချစ်မှာ မျက်စိမရှိဘူးဆို"
ကျွန်တော့် စကားအဆုံးမှာ လွင်သော့် မျက်နှာကြီး မဲ့သွားသည်။ ပြီးတော့ နှစ်ယောက်စလုံး လွတ်လပ် ပေါ့ပါးစွာ ရယ်ဖြစ်ခဲ့ကြ၏။
**************************************
(အပိုင်း၂ ကို ဆက်လက်ဖတ်ရှုပေးပါရန်)
2 comments:
အစကတော့ တော်တော်လေးကို အရှိန်ယူနေပြီ..
စိတ်ဝင်စားစရာပါပဲဗျို့ ...မျှော်ရပြန်ပြီ...အပိုင်း၂..
မရှိမဲ့ ရှိမဲ့ ဆံပင်လေးတောင် မခါရဲတော့ဘူး..
ပဲများတယ် ထင်မှာဆိုးလို့ ...:P
..ခင်မင်လျှက်..ခင်မာလာအောင်..:)
ကျောင်းတုန်းက ဇာတ်လမ်းလေးဆိုတော့ စိတ်ဝင်စားတယ်.. အပိုင်း (၂)ကိုလည်း စောင့်မျှော်နေပါတယ်..
Post a Comment