Saturday, December 4, 2010

“ရင်ထဲမှာ” အပိုင်း(၂)


"ငါက စက်မှုအင်ဂျင်နီယာပဲ လုပ်ချင်တာ။ အိမ်က မသင့်တော်ဘူးတဲ့။ မိန်းကလေးဆိုတာ အီလက် ထရောနစ်တို့၊ မြို့ပြတို့နဲ့ ကိုက်တယ်တဲ့"

ဒုတိယနှစ် စာမေးပွဲ ဖြေခါနီး မေဂျာခွဲရန် ပုံစံများ လျှောက်ထားရာတွင်ပြောသော ပန်းယုခိုင် စကားကြောင့် ကျွန်တော် ရော၊ လွင်သော်ပါ မျက်လုံးပြူးကုန်သည်။

"ဟုတ်သားပဲ၊ နင်က ဘာကြောင်တာလဲ၊ မက်ကန်နီကယ် ဆိုတာ ယောက်ျားလေးပဲ သင့်တော်တာ နင် သိသား နဲ့"

"ဘာဖြစ်လဲ ရဲနောင်၊ စက်တွေကို ယောက်ျားတွေပဲ ကိုင်ရမယ်လို့ သတ်မှတ်ချက် မရှိပါဘူး၊ အိမ်က ကားတောင် အမြဲတမ်း ငါပဲ ကလိနေတာ၊ ပြီးတော့ မိန်းကလေးမို့ စက်ရုံမှာ ၀င်မလုပ်ရဘူး မရှိပါဘူး၊ နောက်ဆုံး လုပ်လို့ မရတဲ့ တိုင်အောင် အမျိုးသမီး စက်မှု အင်ဂျင်နီယာ တစ်ယောက် အနေနဲ့ ကျောင်းမှာ စာပြန်ပြမယ်၊ နားလည်လား၊ အဓိက က ယောက်ျားရော မိန်းမပါ အဲဒီစက်တွေ အကြောင်း ကောင်းကောင်း သိဖို့ပဲ၊ နေရာ တကာ မိန်းမဆိုတဲ့ အသိနဲ့ နောက်မချန်ချင်စမ်းပါနဲ့၊ ငါတို့က နင်တို့ ယောက်ျားတွေနဲ့ အတူ ရင်ဘောင်တန်း အလုပ်လုပ်လို့ ရတယ်၊ အဲဒါတွေသာ ကြောက်နေခဲ့ရင် YIT ကို ခုလို အချိန်ကုန်ခံပြီး မတက်ဘူး။ ငါ့မှာ မေဂျာ ကောင်းကောင်း ရမှာ၊ မရမှာ ကြောက်တဲ့ စိတ်လဲ မရှိဘူး။ ငါရတဲ့မေဂျာဟာ ငါနဲ့သင့်တော်တဲ့ မေဂျာပဲ။ ငါခင်တဲ့ မိန်းကလေးတွေလဲ အဲဒီလိုပဲ ပြောပြဖြစ်တယ်"

ပန်းယုခိုင်က သူ့ယုံကြည်ချက်တွေကို ဖွင့်ဟနေလေပြီ။

"ဘာဖြစ်လို့လဲ ဆိုတော့ ငါတို့ ဘယ်မေဂျာရရ အဓိကဟာ ငါတို့ အင်ဂျင်နီယာဖြစ်နေတယ် ဆိုတာရယ်၊ ငါတို့ သင်ထားတဲ့ ပညာတွေ တကယ်တတ်မြောက်တယ် ဆိုတာရယ်ပဲ။ အဲဒါပဲ ငါစိတ်ဝင်စားတယ်။ အခုလဲ အိမ်က ကျေနပ်အောင် ထိပ်ဆုံးက စီဗယ်လ်(မြို့ပြ)ကို တင်ထားလိုက်တယ်။ အီလက်ထရွန်းနစ် ကတော့ ကျောင်းကို မရောက်ခင်ကတည်းက စိတ်မ၀င်စားလို့ စီဗယ်လ်ပြီးတော့ စက်မှုပဲ လျှောက် ထားတယ်။ မက်ကန်နီကယ် ယူတာ နင်တို့ မကျေနပ်လဲ၊ လဲသေ။ ဒါပဲ။ သွားမယ်"

ပြောပြီး ထွက်သွားသော ပန်းယုခိုင်ကို ကြည့်ရင်း ကျွန်တော်နှင့် လွင်သော် သက်ပြင်းတွေ ချမိသည်။

"ငါပြောတယ် မဟုတ်လား။ ပန်းယုခိုင်က ခေါင်းမာတယ်ကွ။ သူမှန်တယ်ထင်တာကို ဇွတ်လုပ်မယ်ဆိုတဲ့ ပုံစံမျိုး။ မင်းက ခပ်အေးအေး သမား။ မင်းနဲ့တော့ မလိုက်ဘူး ထင်တယ်။"

"သူပြောတာတွေလဲ မှန်တာပါပဲကွာ။ အင်ဂျင်နီယာဟာ အင်ဂျင်နီယာပဲပေါ့။ သူလိုလူမျိုး မရှိရင် မိန်းမ အင်ဂျင်နီယာတွေ ဘယ်ပေါ်လာနိုင်တော့မလဲ"

"မင်းကတော့နော်။ ငါအံ့သြတယ်။ ပန်းယုခိုင် ဘာလုပ်လုပ် မင်းမျက်စိထဲမှာ ကောင်းတယ်လို့ ထင်နေတာပဲ။ ပန်းယုခိုင်က ပြောရင်လဲ ဒါဆိုဒါပဲ။ တကယ်လို့ ပန်းယုခိုင်က လွင်သော်ရယ် တစ်နေ့လောက် ကျောင်းကို ပါးကွက် ကွက်လာပြီး ပုဆိုး ခါးတောင်းကျိုက်နဲ့ Building-one အပေါ်ဆုံး သုံးထပ်မြောက် ကနေ အောက်က မြက်ခင်းပေါ် ခုန်ချပြပါဆို ခုန်ချပြမလား မသိဘူး"

"သူမပြောလို့ပါ။ သူသာချစ်တယ်လို့ ကျိန်းသေပြောမယ်ဆို အဲဒီလောက် အမြင့်ကနေ ခုန်ချပြရုံမကဘူး၊ သြဘာလမ်း ဖြတ်လျှောက် ပြပါဆိုတာတောင် ငါ့ကို ၀ိုင်းပြီး လက်ခုပ်သြဘာ တီးပေးကြမယ့် စာသင်ဆောင် တွေက လူတွေကို ဂရုမစိုက်ဘဲ လျှောက်ပြလိုက်မယ်"

"မင်းကို ငါတော်တော် ရိုးအေးတဲ့ ကောင်လို့ ထင်တာ။ ပေါရဲလိုက်တာကွာ။ အရှက်လဲ မရှိဘူး"

"ငါသူ့ကို အရမ်းချစ်တယ်ကွာ။ ပြောပြလို့ မတတ်အောင် ချစ်တယ်။ မင်းက ငါ့ကိုတော့ပြောပြီး၊ မင်းကျတော့ ကြည်သက်စံကို စကားမရှိ စကားရှာ သွားရော။ ငါ့အခန်းကို နေ့တိုင်းလာခိုးကြည့်နဲ့။ ဘာထူးလဲ"

"မင်းက ပန်းယုခိုင်ကို လာငမ်းသလိုပေါ့ကွာ။ ဒါကတော့ အတူတူ ပါပဲ။ ငါတို့တွေ လပ်ကီး မကောင်းဘူးကွ။ ကြည်သက်စံနဲ့ မင်းက အေခန်းမှာ။ ငါနဲ့ ပန်းယုခိုင်က ဘီခန်းမှာ။ တွေ့ချင်တဲ့ လူချင်းကျတော့ ပြောင်းပြန် ဖြစ်နေရော။ ငါတောင် တစ်ခါတလေ စဉ်းစားကြည့်တယ်။ မော်ကွန်းထိန်းကို အခန်းပြောင်းလို့ ရရင် လူချင်း ချိန်းပေးပါလို့ သွားပြောမလို့။ ငါက အေခန်းကို လာကြည့်ရ၊ မင်းက ဘီခန်းကို လာကြည့်ရနဲ့ ဖြစ်ဖြစ်နေလို့"

"အခန်းသာ မတူတာ၊ တူနေတာတော့ ရှိတယ် ရဲနောင်။ မင်းနဲ့ ပန်းယုခိုင်က ချမ်းသာသလောက် ငါနဲ့ ကြည်သက်စံ ကျတော့ မင်းတို့လို မဟုတ်ဘူး"

"ဒါတွေ မတွေးစမ်းပါနဲ့ကွာ။ မင်း ပန်းယုခိုင်ကို တကယ်ချစ်တယ် မဟုတ်လား။ မင်းဘ၀ ထူထောင်နိုင်အောင် ကြိုးစား။ ပြီးတော့ မင်းဘ၀ထဲ ကိုဆွဲခေါ်။ ငါလဲ ကြည်သက်စံကို ရအောင် ဆွဲခေါ်မယ်။ ပြောသာ ပြောနေ ရတာ။ ငါတို့နှစ်ယောက် ကြိုက်နေတာ သူတို့နှစ်ယောက်လဲ မသိသေးဘူး ထင်တယ်။ ပန်းယုခိုင်ကို ကြည်သက်စံနဲ့ မိတ်ဆက်ပေးပြီး ပန်းယုခိုင်က တစ်ဆင့် ကြည်သက်စံကို ဖွင့်ပြောမယ်ကွာ။ ဒီနှစ်တော့ စာမေးပွဲ ကပ်နေပြီ။ သုံးတန်းမှာ လုပ်ငန်းစမယ်။ မင်းရော ဘယ်လိုလဲ"

"အခြေအနေက မင်းလိုမှ မဟုတ်တာ။ ငါ့မှာ ငဲ့ညှာရမှာတွေ တစ်ပုံကြီးပဲ"

လွင်သော့် စကားကြောင့် လွင်သော် ပြောပြဖူးသော ပြည်က သူ့မိသားစု ရုန်းကန်နေရပုံတွေ၊ အဆောင်မှ ကျောင်းတက်ပြီး နောက်ပိုင်း သူ့ဦးလေးအိမ်မှ ကျောင်းပြောင်း တက်ရပုံတွေ၊ အရာရာ အစစ အလိုက် သိတတ်၊ ငဲ့ညှာတတ်ရပုံတွေ ပြန်ကြားယောင်၏။

တော်ရုံတန်ရုံကို သိပ်ဂရုမထားသော ပန်းယုခိုင်က လွင်သော့် အကြောင်းသိလျှင် ဟားတိုက် ရယ်လိမ့်မည် လားဟု ကျွန်တော် တွေးကြည့်၏။ ထို့အတူ ကြည်သက်စံ ကရော သူ့ကို ဟားတိုက်ရယ်မော သည်ကို ကြောက်ရွံ့ စိုးထိတ်နေမည်လား မသိဟု မဆီမဆိုင်တွေးနေမိ ပြန်သည်။

***************************************

"လွင်သော်က တစ်မျိုးပဲနော်၊ သူ့ကို ကြည့်ရင် မြုံစိစိနဲ့၊ ငါမေးရင်လည်း ငါ့ကို တလေးတစားနဲ့ ဖြေတယ်၊ ရယ်တော့ ရယ်ရတယ်။"

"နင်ကသာ ရယ်ရတယ် ထင်နေတာ၊ လွင်သော့်ဘ၀မှာ ငိုခဲ့ရတာတွေ တစ်ပုံကြီးပဲ။ ဘာလဲ၊ နင်က လွင်သော့် ပုံစံကို စိတ်ဝင်စားနေလား"

"ငါက စိတ်ဝင်စားတယ် ဆိုတာထက်၊ နင့် လွင်သော်က စိတ်ဝင်စားနေတာလို့ ပြောစမ်းပါ ရဲနောင်၊ အဲဒါ ပိုမှန်လိမ့်မယ်၊ သူ့ကဗျာတွေ ငါဖတ်ရတာ၊ သိနေတာပဲ"

ကျွန်တော် အံ့သြသွားသည်။ ပန်းယုခိုင် မသိဟု ယူဆထားသော လွင်သော်၏ ခံစားမှုကို ပန်းယုခိုင်က စောစော ကတည်းက သိနှင့်နေသလို ဖြစ်နေသည်။ လွင်သော့် ကဗျာ၊ ကျွန်တာ့် ကဗျာတွေကိုတော့ အားလုံး ဖတ်နေကျမို့ ဘာမျှ မအံ့သြတော့။

"သူရိုးသားတယ်၊ အေးဆေးတယ်၊ ကြိုးစားတယ်၊ တော်တယ် ဆိုတာ ငါသိတယ်။ ငါသူ့ဘ၀ကို စိတ်ဝင်စား ပါတယ်။"

"သူ့ အတွက်ဝမ်းသာပါတယ် ပန်းယုခိုင်ရာ၊ သူ့ အကြောင်းတော့ ငါမပြောပါရစေနဲ့၊ ကတိခံပြီးသား ဖြစ်နေ လို့၊ သူရော ငါရောက ကျောင်းစတက်ကတည်းက မက်ခ်ကို ယူမယ်ဆိုပြီး ဖွင့်ဟ ခဲ့တဲ့ထိ ရည်မှန်းချက်ချင်း တူအောင် ခင်ခဲ့ကြလို့၊ နားလည်မှုလည်း ရှိလို့၊ သူငါ့ကို ဖွင့်ပြောခဲ့တာ၊ အမှန်အတိုင်း ပြောရရင် သူက ငါနင့်ကို မိတ်ဆက် မပေးခင် ကျောင်းဖွင့်စ ကတည်းက ချစ်ခဲ့တာတဲ့"

ပန်းယုခိုင် မှိုင်သွားသည်။ တစ်စုံတစ်ခုကို တွေးတော၍ ငေးနေပြန်၏။

"ဒါနဲ့ နေစမ်းပါဦး၊ ကြည်သက်စံက ငါ့ကို မေးတယ်၊ ရဲနောင် က ချစ်သူတွေဘာတွေ မရှိဘူးလားတဲ့၊ သူ့ကို ကြည့်ရတာ နင့်ကို စိတ်ဝင်စားနေပုံပဲ၊ သူ့ဆီ ခဏခဏလာတာ တွေ့လို့ သူ့ချစ်သူက ရန်တွေ့တာ ခံနေရဦး မယ်လို့လဲ ပြောသေးတယ်၊ နင်ဖွင့်မပြောဘူးလား၊ နင်စိတ်ဝင်စားနေတာ ငါသိတာပဲ"

"သုံးတန်း ကျောင်းပြန်ဖွင့်ရင် ပြောမယ် စိတ်ကူးတာပဲ"

"တစ်ခုတော့ သိထားဖို့ ငါပြောမယ် ရဲနောင်၊ ကြည်သက်စံက ရန်ကုန်က သူ့အဒေါ်ဆီမှာ နေပြီး ကျောင်း တက်တာ။ သူပြောတာက အဒေါ်အရင်း မဟုတ်ဘူးတဲ့၊ ဆွေမျိုးနီးစပ် ပဲ တော်တာတဲ့။ အဖေမရှိတော့လို့ အမေက ဆင်းရဲတော့ YIT တက်ဖို့ကို အဲဒီအဒေါ်က ခေါ်ထားတာတဲ့၊ သူ့အဒေါ်သားနဲ့ လူကြီးချင်း နားဖောက်ပြီးသွားပြီတဲ့၊ နင့်ဘက်က သင့်တော်လား၊ မသင့်တော်လားဆိုတာ စဉ်းစားပေါ့ဟာ၊ ကြည်သက်စံ ကလည်း ငါသိရင် နင်သိမယ် ဆိုတဲ့ သဘောနဲ့ ပြောတာလား မသိဘူး"

ပန်းယုခိုင်စကားက ကျွန်တော့် နှလုံးသားကို အားပြင်းပြင်းနှင့် ဖိကြိတ်လိုက်သလို ရှိသည်။ ခန္ဓာကိုယ်မှာ ရှိသမျှ အားတို့သည် နေရာတစ်ခုသို့ လွင့်ပါးသွားသလို ခံစားရ၏။

စိတ်ထဲကတော့ တွေးနေမိသည်။ ယခု လောလောဆယ်
၌ လွင်သော်က သူ့ထက် ကံကောင်းနေပါလားဟု။ ဟုတ်သည်လေ၊ သူထင်တာ သူလုပ်တတ်သော ပန်းယုခိုင်၏ စိတ်မှာ အလေးထားစရာ ဘာမျှမရှိဘူးဟု ယူဆထားသော လွင်သော် ရောက်နေတာ ကျွန်တော် သိနေရ၍ပင်။


***************************************
(အပိုင်း ၃ ကို ဆက်လက်ဖတ်ရှုပေးပါရန်)

0 comments:

Related Posts Plugin for WordPress, Blogger...