၂၀၁၀ခုနှစ် စက်တင်ဘာလမှာ 'အဖြူရောင်လမ်းကလေး' ဘလော့ကို သေသေချာချာ စလုပ်ဖြစ်သည်။ ၂၀၀၈ ခုနှစ် ကတည်းက တည်ထားသော ဘလော့ဖြစ်သော်ငြား ခုမှ ပြန်စဖြစ်ခြင်းပင်။ ကျွန်တော့် ဇနီးသည်က ကျွန်တော့် ဘလော့ ရုပ်လုံးပေါ်လာဖို့ ကြိုးစားပမ်းစား ကူညီရှာသည်။ ထိုစဉ်ကတည်းက သူလည်း ဘာရေးရလျှင် ကောင်းမည် လဲဟု ဆိုကာ ဘလော့တည်ရန် ကြံစည်ခဲ့ဖူး၏။
သည်လိုနှင့် 'အဖြူရောင်လမ်းကလေး' တဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာသည့်အခါ သူက ဘလော့ စတည် တော့၏။ ဘလော့ဂါ အမည်နှင့် ဘလော့ ခေါင်းစဉ်ကို ကျွန်တော်ကပင် ရွေးပေးခဲ့သည်။ ကျွန်တော်ဖြစ်ချင်သမျှ နောက်က လိုက် ဖြည့်ဆည်းပေးနေသော သူ့အတွက် 'ပါရမီဖြည့်ဖက်လေး' ဆိုသော ဘလော့ဂါ အမည်ကို ပေးခဲ့ ပြီး၊ သူချက်သမျှ ဟင်းများအကြောင်း ပြောချင်သည်ဆို၍ 'ရသာချို' ဟု သူ့ဘလော့ကို ခေါင်းစဉ် တပ်ပေးလိုက် သည်။
ကျွန်တော်သည် စာပေ ၀ါသနာပါသူ သက်သက်မျှသာ ဖြစ်ရာ ကျွန်တော်တင်သမျှ ပို့စ်များသည် စာပေနှင့် နှီးနွယ်သည်ချည်းသာ။ ကျွန်တော်ကြိုက်သော သီချင်းများကိုပင် မည်သို့ ခံစားမိကြောင်း စာဖြင့်ရှင်းပြခဲ့သည်။ ကဗျာ၊ ၀တ္တုတို၊ ဆောင်းပါး စသည်တို့ဖြင့်သာ ကျွန်တော့် ဘလော့မှာ ပြည့်နှက်နေ၏။
ဇနီးသည် ကျတော့ သူချက်သည့် ဟင်းများထဲမှ တင်စရာရှိလျှင် ကောက်တင်လိုက်သည်။ သူပြောချင်သည့် အကြောင်းအရာများ ရှိလျှင် ရေးချလိုက်သည်။ ကျွန်တော်က တစ်ပြန်၊ ပြန်၍ ပံ့ပိုးပေး၏။
ကျွန်တော်သည် အလုပ်တစ်ဖက်နှင့်မို့ ရသည့်အချိန်မှာ ကြိုးစားရေးကြည့်ရခြင်း ဖြစ်သည်။ အချိန်မရလျှင် မဂ္ဂဇင်းများထဲတွင် ပါပြီးသား ကျွန်တော့် စာမူများကို ပြန်တင်ရ၏။ သူများ ဘလော့များကိုလည်း အ၀င်နည်း၏။ ထို့ကြောင့် ကျွန်တော့်ဘလော့ကို လာဖတ်သူ နည်းသည် ထင်ပါသည်။ တစ်နေ့လျှင် ဆယ်ယောက်လောက်သာ ပျှမ်းမျှ လာသည့်သဘော ရှိသည်။
ဇနီးသည် ဘလော့ကျတော့ ထိုသို့မဟုတ်။ စတင်ကတည်းက အ၀င်ကြမ်းသည်။ ၂၀၊ ၃၀ မှသည် ယခု ပို့စ် အသစ် တင်တိုင်း ၁၀၀ လောက် လာသည်။ စုစုပေါင်း ပြန်ကြည့်သည့်အခါ တရိပ်ရိပ်နှင့် တက်လာသော သူ့ဘလော့က ကျွန်တော့်ထက်သာပြီး တစ်ထောင်ကျော်ကို အမြန်ရောက်သွားသည်။ ကျွန်တော်ကတော့ သူ့ထက် စောသော်ငြား တစ်ထောင်ကို ဖြည်းဖြည်းချင်း ရောက်သွားသည်။ ယခု ဇနီးသည် ဘလော့က ကျွန်တော့်ထက် လာဖတ်သူ ပိုများနေ၏။
သည်တော့ ကျွန်တော့်ဘာသာလည်း ပြန်စဉ်းစားကြည့်သည်။ ဇနီးသည် ကိုလည်း ပြောပြ ဖြစ်သေး၏။ နိုင်ငံ တကာက လူများ (မြန်မာများ) အစားအသောက် (ချက်နည်းပြုတ်နည်း) ကို တော်တော်နှစ်ခြိုက်ကြ သည်ပဲ။ မြန်မာပြည်က လူများကတော့ အပြင်ကလူများလို ဖတ်ဖို့ မလွယ်၍ ဘလော့များထဲ သိပ် မရောက်နိုင်။ တကယ်တမ်း ဇနီးသည်၏ ဘလော့ကို လာသမျှနိုင်ငံများကို ကြည့်လိုက်လျှင် စုံနေ၏။ မြို့များကလည်း ကျွန်တော်တို့ မသိသည့် နေရာများပင် ပါသေးသည်။
သည်လိုဆို ကျွန်တော့်ဘလော့ပင် လိုင်းပြောင်းရမလို ဖြစ်နေ၏။ (သဘောပြောတာပါ၊ ကျွန်တော့် ၀ါသနာအရ ရေးနေသော စာပေကို မည်သို့ လိုင်းပြောင်းရေး မည်နည်း၊ ရေးသင့် ရေးထိုက်သည်များ ကိုတော့ ရေးနေရဦးမည် ဖြစ်သည်။ စာဖတ်သူများက သူ့အကြိုက်သူ ရွေးဖတ်သွားလိမ့်မည်။ သည်လို မှလည်း ဘလော့ပေါင်းစုံမှာ စာမျိုးစုံ ရှိ၍ စာဖတ်သူမျိုးစုံလည်း ရှိနေမည်ဖြစ်သည်) ကျွန်တော့် စာရေးလက် ညံ့တာလည်း ဖြစ်ပါလိမ့်မည်။ ကျွန်တော့် စာမူ မဂ္ဂဇင်းမှာ စပါကတည်းက မိမိရေးသောစာ သူများဖတ်စေချင်၍၊ ကိုယ်ပြောချင်တာလေး ပြောခွင့်ရချင်၍ စသည်ဖြင့် ခံယူချက်များ ရှိခဲ့ဖူးသည်။ ဘလော့မှာလည်း ထိုနည်းနှယ်။
ဘလော့ဂါတိုင်းသည် မိမိ ဘလော့ လူစည်စေချင်မည်ဟု ကျွန်တော်ထင်ပါသည်။ သည်တော့ သူများ ဘလော့ လည်း များများ ၀င်ကြည့်ဖို့ လိုဦးမည် ထင်သည်။ ကိုယ့်ဘာသာရေး၍ ကိုယ့်ဘာသာ ကျေနပ်နေရုံနှင့် မရ။ ကြော်ငြာမရှိသော အွန်လိုင်းပေါ်မှာ ဖြစ်၍ သူ့ဘလော့ ကိုယ်ဝင်၊ ကိုယ့်ဘလော့ သူဝင်ဖြင့် မိမိဘလော့ကို လူသိလာကြခြင်း ဖြစ်၏။
ဘလော့ သေသေချာချာ စတည်ကတည်းက ကျွန်တော့်အတွက် ပြဿနာအချို့ ရှိသော်ငြား ယခုအချိန် ရောက်လာတော့ ဘလော့မှာ လေ့လာစရာများ ထပ်မံရှိပါသေးလားဟု ပါးပါးလေး သိလိုက်ရသည်။ ပြီးတော့ ဘလော့ဖတ်သူများ၏ တောင်းဆိုချက် (Demand) ကိုလည်း နည်းနည်းတော့ နပ်ရမည် ထင်သည်။ နိုင်ငံတကာက လူများသာ ပို၍ ဖတ်နေသည် မဟုတ်လား။
ထိုအခါ၌ ကျွန်တော်တို့ ရေးသော ဘလော့များသည် ကိုယ့်စိတ်ကျေနပ်ရန် တစ်ခုတည်းအတွက် မဟုတ်ဘဲ စာဖတ်သူ (ဘလော့ဖတ်သူ) များ စိတ်ကျေနပ်မှု ရစေရေးကို ဖမ်းစားရန်လည်း လိုသေးကြောင်း ကောက်ချက် ချမိ ပါတော့သည်။ ။
ဆူးသစ်
၁၅း၁၇ နာရီ
၁၀.၁၂.၂၀၁၀

2 comments:
အကိုရေ.. ဇူးလည်း စာလာဖတ်ပါတယ်... ရေးချင်တာကို ရေး... အကို့ဘလော့လေး ဖတ်ရတာ ကောင်းတယ်...
စာရေးဆရာက သုတ၊ ရသနဲ့ တခြားအကြောင်းအရာတွေရေး၊ ပါရမီဖြည့်ဖက်လေးက စားသောက်ဖွယ်ရာတွေအကြောင်းရေး .. နှစ်ယောက်ပေါင်းလိုက်တော့ အကြောင်းအရာတွေ စုံသွားရော.. :)
ဘာပဲဖြစ်ဖြစ် ရေးသာရေးပါ စာရေးဆရာရေ.. အမြဲလာဖတ်ဖြစ်ပါတယ်.. :)
Post a Comment