Monday, December 26, 2016

" မသိခဲ့သော "


နှင်းမကျဘူး
ညနေမိုးတွေသည်းပြီးရွာနေတဲ့အခါ
ခရစ္စမတ်ဟာအရသာပျက်တယ်။

အားလပ်ရက်တွေလား
ငါမသိနိုင်တဲ့အနာဂတ်များမှာ
ငါ့အချိန်တွေဝါးစားခံခဲ့ရတော့
ဒီဇင်ဘာဟာရင်ခုန်ခြင်းတွေမှေးမှိန်
ငါ့အိမ်ထဲမှာပဲငါ့မိသားစုနဲ့ကျော်ဖြတ်တယ်။

ဒါဘ၀ပဲလေ
မရှိခြင်းတွေအတွက်ရှိခြင်းဖြစ်အောင်
ရှိခြင်းတွေကိုမရှိခြင်းလုပ်ရင်း
နှလုံးသားကိုခပ်ပြင်းပြင်းပုတ်လို့
အားလပ်ရက်နဲ့အလုပ်ဆိုတာကို
သမုဒယငုတ်နဲ့ချည်ပြီးဆွဲလှဲဖို့လုပ်ခဲ့တာကြာပြီ။

နိုင်သလား၊ရှုံးသလားတော့မသိပါဘူး
အားလပ်ရက်တွေလည်းပြီးသွားမှာပါပဲ
ငါ့အလုပ်တွေလည်းပြီးသွားမှာပါပဲ
ဒါပေမဲ့.....
ငါ့မိသားစုရဲ့ပျော်ရွှင်ခြင်းကိုတော့အပြီးမခံနိုင်ဘူး
ဒီလိုနဲ့.....
မာနရယ်၊ပညာရယ်၊ပျော်ရွှင်ခြင်းရယ်၊တွေးခေါ်ခြင်းရယ်
မိုးသည်းနေတဲ့ခရစ္စမတ်ကိုကျော်ဖြတ်
ဒီဇင်ဘာညတွေကိုတရစပ်နင်းချေ
မနက်နေကိုအံကြိတ်လို့ကြည့်နေခဲ့ဖူးပါတယ်။ ။

ဆူးသစ်
၁၁း၁၇ နာရီ ( စင်ကာပူစံတော်ချိန် )
၂၅.၁၂.၂၀၁၆
ခရစ္စမတ်နေ့

1 comments:

Cameron said...

ဆောင်းရာသီမရှိတဲ့အရပ်ဒေသမှာ မိုးသည်းတဲ့ ခရစ္စမတ်နေ့ကလေးအကြောင်း ကဗျာကောင်းတစ်ပုဒ်ဖတ်လိုက်ရတယ်..။

မိုးငွေ့

Related Posts Plugin for WordPress, Blogger...