Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Monday, January 2, 2017

" အနီးမှုန် "


နောက်ပိတ်ဂဏန်းတစ်လုံးပြောင်းသွားတာ
ခရစ်နှစ်တစ်နှစ်ကိုပြောင်းစေသတဲ့။

ဒီနေ့ဟာလကုန်ဖြစ်ပြီး
နောက်တစ်နေ့ဟာလဆန်းတစ်ရက်ဖြစ်ပေမယ့်
ပြက္ခဒိန်တစ်ခုလုံးကိုတောင်ပြောင်းစေနိုင်ခဲ့တယ်။

ယုံကြည်မှုဟာ
ဆယ့်တစ်နာရီငါးဆယ့်ကိုးနဲ့ဆယ့်နှစ်နာရီကြား
ကြီးကြီးမားမားကိုခြားနားသွားစေသလား
အဲဒီမှာလူတွေအများကြီးရူးသွပ်သွားခဲ့တာ။

ခုနှစ်တစ်နှစ်ရဲ့နောက်ပိတ်ဂဏန်းကိုစိတ်ဝင်စားရင်း
ကိုယ့်ရဲ့ရှေ့ထိပ်စီးနဲ့နောက်ပိတ်ဂဏန်းတွေ
ပြောင်းသွားတာမေ့လောက်အောင်ဖြစ်ခဲ့ကြ
မွေးနေ့ကျမှပြန်သတိရတတ်တာသဘာဝလား
နာရီစားသွားတဲ့နေ့တွေကြားမှာတောင်
ဘ၀အဓိပ္ပါယ်အမှောင်ကျနေတတ်ကြသေးတယ်။

အဝေးကိုတော့မြင်ရတယ်
အနီးကိုတော့မှုန်နေသေးတယ်
သေချာတယ်...
ကျွန်တော်တို့မိုက်မဲနေတုန်းပါပဲ။ ။

ဆူးသစ်
၂၁း၄၇ နာရီ ( စင်ကာပူစံတော်ချိန် )
၃၁.၁၂.၂၀၁၇

Monday, December 26, 2016

" မသိခဲ့သော "


နှင်းမကျဘူး
ညနေမိုးတွေသည်းပြီးရွာနေတဲ့အခါ
ခရစ္စမတ်ဟာအရသာပျက်တယ်။

အားလပ်ရက်တွေလား
ငါမသိနိုင်တဲ့အနာဂတ်များမှာ
ငါ့အချိန်တွေဝါးစားခံခဲ့ရတော့
ဒီဇင်ဘာဟာရင်ခုန်ခြင်းတွေမှေးမှိန်
ငါ့အိမ်ထဲမှာပဲငါ့မိသားစုနဲ့ကျော်ဖြတ်တယ်။

ဒါဘ၀ပဲလေ
မရှိခြင်းတွေအတွက်ရှိခြင်းဖြစ်အောင်
ရှိခြင်းတွေကိုမရှိခြင်းလုပ်ရင်း
နှလုံးသားကိုခပ်ပြင်းပြင်းပုတ်လို့
အားလပ်ရက်နဲ့အလုပ်ဆိုတာကို
သမုဒယငုတ်နဲ့ချည်ပြီးဆွဲလှဲဖို့လုပ်ခဲ့တာကြာပြီ။

နိုင်သလား၊ရှုံးသလားတော့မသိပါဘူး
အားလပ်ရက်တွေလည်းပြီးသွားမှာပါပဲ
ငါ့အလုပ်တွေလည်းပြီးသွားမှာပါပဲ
ဒါပေမဲ့.....
ငါ့မိသားစုရဲ့ပျော်ရွှင်ခြင်းကိုတော့အပြီးမခံနိုင်ဘူး
ဒီလိုနဲ့.....
မာနရယ်၊ပညာရယ်၊ပျော်ရွှင်ခြင်းရယ်၊တွေးခေါ်ခြင်းရယ်
မိုးသည်းနေတဲ့ခရစ္စမတ်ကိုကျော်ဖြတ်
ဒီဇင်ဘာညတွေကိုတရစပ်နင်းချေ
မနက်နေကိုအံကြိတ်လို့ကြည့်နေခဲ့ဖူးပါတယ်။ ။

ဆူးသစ်
၁၁း၁၇ နာရီ ( စင်ကာပူစံတော်ချိန် )
၂၅.၁၂.၂၀၁၆
ခရစ္စမတ်နေ့

Sunday, October 18, 2015

" မနက်ဖြန်နိုင်ငံသစ် "


 +   ကောင်းကင်ကြယ်တွေ လင်းလက်တဲ့အချိန်
      ကြယ်တစ်ပွင့်ကိုမြင်တယ်။

+    တခြားငှက်တွေ အိပ်တန်းတက်ချင်တက်မယ်
      ဒါပေမဲ့.....
      ဒေါင်းတွေမအိပ်ခဲ့ကြဘူး။

+    အနာဂတ်အတွက်
      တိုင်းပြည်အတွက်
     ကိုယ်မရှိတော့မယ့်အချိန် မမြင်ရတော့မယ့်မျိုးဆက်အတွက်
     မှောင်မဲနေတဲ့ကောင်းကင်ကို ရဲရဲတောက်စေဖို့လေ။

+   ပလက်ဖောင်း ခဏလျောင်းမယ်
     ခြံစည်းရိုးတိုင် ထိုင်မှီမယ်
     မြေကြီးပေါ်နား အားစုမယ်
     ပြီးမှ.......
     နိုင်ငံသစ်မှာ တစ်ရေးအိပ်ကြမယ်။ ။

သားလတ်
၁၀း၂၇ နာရီ ( စင်ကာပူစံတော်ချိန် )
၁၇.၁၀.၂၀၁၅
( စင်ကာပူသံရုံးရှေ့ညအိပ်ပြီးမဲပေးရန်ကြိုးစားသူများသို့ )
Photo Credit to weknowyourdreams.com

Sunday, August 16, 2015

" ငြိမ်းချမ်းသောငှက် "



+ စကားလုံးတွေမလိုဘူး
စကားလုံးမှမရှိတာ
သူက စကားလုံးမရှိတဲ့ကောင်းကင်ထဲမှာ။

+ အခါလွန်တဲ့မိုး ဖြစ်လေမလား
ကြေကွဲခဲ့ရတာ နှစ်တွေကြာလည်း
မင်းမရှိတဲ့နောက် သီချင်းလို
အမေ့ရဲ့ဒုက္ခအိုးလေးကိုဆွေးတယ်။

+ ဂျပ်ဆင်ထိပ်ကလရိပ်ပြာကို ငေးနေတုန်း
ကြယ်တွေစုံတဲ့ညကို ပုန်းရှောင်သွားသူတစ်ယောက်
ရာဇ၀င်များရဲ့သတို့သမီးကိုဖျက်နေသူတွေကြား
ပြန်လာမလား၊ မေ့လိုက်တော့လို့ ပြောလေမလား။

+ မျက်ရည်ဝဲရုံလေး
မေ့ထားတယ်ဆိုတာ အမေ့အိမ် သီချင်းကိုဆိုမိမှာစိုးလို့
သက်ငြိမ် ပန်းချီကားလို နေမိတဲ့အခါ
ဗင်းဆင့်ဗန်ဂိုးတမ်းချင်းလိုပါပဲ
ဘယ်သူတွေ ဘာတွေဆိုဆို
သီချင်းများနဲ့လူကို မမီနိုင်ခဲ့တာလေ။

+ ခေါင်းလောင်းလေးတွေမြည်နေပြီ
အရင်အတိုင်းပဲ
နာရီပေါ်ကမျက်ရည်စက်များကိုစားသုံးလို့
သင်းကွဲငှက်က အစိမ်းရောင်တံခါးများအပြင်မှာ
မြို့ပြညလရောင်တမ်းချင်းကိုဆိုနေမလား
တုနှိုင်းမဲ့ရတနာတစ်ပါးဟာ အရိပ်မဲ့
အထီးကျန်အဖြစ် ဂီတချစ်သူတွေကို ချန်ထားခဲ့
စိမ်းရက်လေအားလို့ ပြောချင်ပေမယ့်
ငြိမ်းချမ်းပါစေလေ။            ။

သားလတ်
၁၂း၁၀ နာရီ ( စင်ကာပူစံတော်ချိန် )
၁၆.၈.၂၀၁၅
[ ၁၄.၈.၂၀၁၅ နေ့ကအဆိုတော်ထူးအိမ်သင် ကွယ်လွန်သွားတာ ( ၁၁ ) ပြည့်သွားတဲ့အတွက် အမှတ်တရ ခံစားရေးထားတာပါ။ ဒီနေ့မှအဆုံးသတ်နိုင်လို့။ ]

Friday, May 15, 2015

"မကျရှုံးတဲ့ငါ"

 သူများနိုင်ငံမှာ ငါဟာ
ဘယ်တော့မျှ မကျရှုံးစေရဘူး။

ငါဆိုနေမယ်
မြန်မာနိုင်ငံတော်သီချင်းကို။

ငါတမ်းတနေမယ်
ငါချစ်တဲ့အမိမြေကို။

ငါမှန်းဆနေမယ်
ငါ့မိဘ၊ငါ့ဇနီး၊ငါ့ညီအစ်ကို၊ငါ့ဆွေမျိုး၊ငါ့သူငယ်ချင်း
ငါနဲ့ပတ်သက်တဲ့အရာအားလုံးကို။

ငါတိုင်တည်နေမယ်
ငါလေးစားတဲ့ဗိုလ်ချုပ်ကို။

ငါစီးမျောပစ်မယ်
ငါ့သွေးချင်းတွေရဲ့ဧရာဝတီထဲကို။

ငါဦးခိုက်နေမယ်
ငါတို့ယဉ်ကျေးမှုနယ်မြေပုဂံကို။

မှတ်ထား......
မင်းတို့တိုင်းပြည် မင်းတို့နိုင်ငံသား
မင်းတို့နှလုံးသားကသိပ်ချစ်သလို
ငါတို့တိုင်းပြည် ငါတို့နိုင်ငံသား
ငါတို့နှလုံးသားကလည်းသိပ်ချစ်ပါတယ်။
ငါတို့တိုင်းပြည် ငါတို့နိုင်ငံသား
ငါတို့နှလုံးသားကိုလည်း သူတို့ချစ်ပါတယ်။

စိတ်ချ.......
သူများနိုင်ငံမှာ ငါဟာ
ဘယ်တော့မျှ မကျရှုံးစေရဘူး။ ။
သားလတ်
၁၆း၄၈ နာရီ
၂၀.၆.၂၀၁၃

Sunday, April 12, 2015

" ရင်ထဲက မိုး "


၁၉၅၇/ မန္တလေးသင်္ကြန်
အောင်ကျော်ချမ်းအေး မန္တလေးတဲ့
အလွမ်းတေးတွေ ဆိုဖို့အစလား
ကိုငြိမ်းမောင်နဲ့ထားက တူးပို့.......တူးပို့ သီချင်းသံတွေကြားမှာ စတွေ့တယ်။

အလွှာမတူပေမယ့် မေတ္တာတူတဲ့အခါ
ချစ်လာခဲ့သူတွေဖြစ်
အလိုမယူဘဲ အပြစ်မချသူတွေရဲ့သတင်း
' နှစ်ကိုယ်တူ ချစ်သမျှ ' သီချင်းက သက်သေ
ဒါပေမဲ့...
မျက်ရည်နဲ့ခွဲခဲ့ရဖူးတယ်။

အင်တာနက်နဲ့မိုဘိုင်းမရှိတဲ့ခေတ်မှာ
ရင်နာလျက်ပဲ အငိုမဆိုင်းခဲ့ရတာက
ထာဝရခရီးအတွက် ခိုးပြေးဖို့အပျက်
ကိုငြိမ်းမောင် လူရိုးကြီးသစ္စာဖျက်လေသလား
ထား........ထား...........ထား.......လေ
' အတုမရှိကျောင်း ' မှာ အတုမရှိမေတ္တာထားလို့စောင့်ပေမယ့်
လူရိုးကြီးစန္ဒယားဆရာ ခမျာလည်း
မြခက်အမေ အသက်ကိုတစ်ခါလုဖို့
' အတုမရှိကျောင်း ' ကိုလည်း မလာနိုင်
ရောက်ပြန်တော့ ထား ထိုင်ခဲ့တဲ့ နေရာကိုငေး
' နှစ်ကိုယ်တူ ချစ်သမျှ ' တေး အပိုင်းအစ  စာရွက်တွေနဲ့
ကံကြမ္မာရက်စက်ချက်ကို ခါးစည်းခံခဲ့ရတယ်။

' ဖိတ်တဲ့သူက ဖိတ်မှတော့ 
တီးတဲ့သူက တီးရတော့မှာပေါ့ကွာ ' တဲ့
စန္ဒယားဆရာ ကိုငြိမ်းမောင်ရဲ့ အနုပညာမာနစကား
ထားရဲ့မင်္ဂလာမှာ ထားရဲ့အကြင်နာ၊ ထားရဲ့စေတနာတွေ တုန့်ပြန်ဖို့
ရင်မှာမချိပေမယ့် အနုပညာသမား ဂုဏ်ပုဒ်ကိုဆင်
ထား နားထောင်ချင်တဲ့ ' နှစ်ကိုယ်တူ ချစ်သမျှ ' သီချင်း
မေတ္တာရင်းလို့ ဆိုပြရတဲ့အခါ
( ထားရယ်......)
ကိုငြိမ်းမောင် ရင်မှာ ဘယ်လိုရှိလေမလဲ
အနုပညာသမားမှာ မာနရှိပေမယ့်
အနုပညာသမားမှာ မျက်ရည်လည်း ရှိတာပေါ့ကွယ်။

ထား က ထားသွားတဲ့အခါ
ဘ၀က ဘာမျှမကျန်တော့
ဒါပေမဲ့.....သနားစရာ မြခက် ဘဝ
ကိုငြိမ်းမောင် ကရုဏာသက်တဲ့အခါ
' အနုပညာ ပန်းတိုင် ' ကို ချီတက်မှာပေါ့ အတွေး
စန္ဒယားခလုတ်လေးတွေမှာ ပြေးဆော့လို့ ရေးတဲ့အခါ
မေတ္တာ ကမ္ဘာက တစ်ခါ သစ်ပါလေရော။

ဘ၀က တစ်ဆစ်တင် မဟုတ်ဘူး
နှစ်ဆစ် သုံးဆစ်ချိုးတဲ့အခါ
ကိုငြိမ်းမောင်အတွက် သားတစ်ယောက်ကိုချန်ပြီး လက်ပြထွက်
မြခက်တစ်ယောက် လူ့လောကကြီးကို နှုတ်ဆက်တဲ့အခါ
' သူ့အမေက အသက်ပေးပြီး မွေးသွားတဲ့ ကလေးကို
ကျွန်တော့်ရင်မှာပဲ တစ်သက်လုံး ထွေးထားပါရစေ ' လို့ပြောပြီး
သက်ထွေး လို့နာမည်ပေးခဲ့တဲ့ ကလေးရဲ့ဘဝ
စန္ဒယားဆရာ တစ်ဖြစ်လဲ အရက်သမားကြီးရဲ့ လက်ထဲမှာ
ခက်ခဲစွာ ရှင်သန်ခဲ့ရပြန်ပါရော။

စန္ဒယားဆရာရဲ့သား စန္ဒယားတီးတတ်တဲ့အခါ
သံယောဇဉ်နွယ်တစ်စကလည်း ရင်မှာရောက်
( ဒါပေမဲ့......)
ကိုငြိမ်းမောင်ရဲ့ မေတ္တာဇာတ်လမ်းအောက်မှာ ဓားစာခံဖြစ်
နွယ့်ကိုချစ်တဲ့ သက်ထွေးရဲ့အချစ်
လှစ်ခနဲတောင် မပြဖြစ်ခဲ့
သင်္ကြန်ရဲ့အဝေး နွယ်ရဲ့အဝေးမှာ
သက်ထွေးခမျာ တိတ်တိတ်လေး ကြေကွဲရတာပေါ့။

သမီး စိတ်မကောင်းဖြစ်တဲ့အခါ
မနေသာတဲ့ ဒေါ်ခင်ခင်ထား
သွားမတွေ့သင့်ပေမယ့် ကိုငြိမ်းမောင်ဆီအလာ
' ဒီနေရာက စိန်ကောင်းကျောက်ကောင်း ရောင်းဝယ်တဲ့ နေရာ
မဟုတ်ဘူး ဆိုတာတော့ သိပါတယ်နော် ' ဆိုတဲ့
ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းတဲ့ စကား
အသည်းကြား စူးနစ်ပေမယ့်
မိဘမေတ္တာအစစ်နဲ့ ကလေးတွေပျော်ဖို့ တွေးရင်း
' ကလေးတွေကို ပျော်ခွင့်ပေးလိုက်ပါ ' လို့ မချိဘဲ သုံးခဲ့ရ
ကိုငြိမ်းမောင် ဟီလာတိုက်တာ ခံရတာထက်
' အသုံးချဖို့ တစ်ခုခုတော့ လိုပြန်ပြီနဲ့တူတယ် '
' ခင်ဗျားအားမနာတတ်တာ ကျွန်တော်သိပါတယ် ' ဆိုတဲ့စကားတွေသာ ရင်နာလို့
မျက်ရည်ကို အပြုံးနဲ့ဖုံးရင်း
နှလုံးသားတွင်းကိစ္စတွေကို သိုဝှက်
အတိတ်တွေ ရောယှက်နေတဲ့ အိမ်ဘက်က ပြန်ခဲ့တယ်။

ရိုးသားတဲ့ ဖခင်ရဲ့သား
ဖခင်စကားကို တစ်သဝေမတိမ်း နားထောင်တဲ့လူ
ဖခင်သဘောမတူရင် ခြေဦးမလှည့်
နွယ်တို့ သင်္ကြန်ပွဲဘက်ကို မျက်နှာချင်းမဆိုင်
ငိုင်လိုငိုင် ဆွေးလိုဆွေး
သင်္ကြန်တေးတွေကြားက အလွမ်းသမားဘဝ
နွမ်းလျလို့ အိမ်ပြန်တဲ့အခါ
ဖခင်ရဲ့အရက်ပုလင်းက ရင်နာပြေလောက်မလား
တစ်ခွက်လောက်တော့ သောက်မော့ကြည့်မိတယ်။

ဖခင်ရဲ့ အကြင်နာ စေတနာ
အရက်သမား သား၊ အရက်သမား မဖြစ်ရဘူး ဆိုတဲ့ အကြည့်မျိုး
ကိုငြိမ်းမောင် ဒေါနဲ့ပျိုးလေတော့
မျက်ရည်မိုးတွေကြားက အနုပညာသည်ပေါက်စ သက်ထွေးရဲ့စကား
' အရက်သမားရဲ့သား အရက်သောက်တာ မဆန်းပါဘူး အဖေ 
အနုပညာသမားရဲ့ သား အနုပညာ ပြခွင့်မရတာသာ ဆန်းတာပါ 'ဆိုတဲ့ အပြော
ကြည့်ပါဦး.........ကိုငြိမ်းမောင် အူလှိုက်သည်းလှိုက် မောရပြီပေါ့။

နောက်ဆုံးတော့.........
မိဘမေတ္တာလေ
ချစ်ခြင်းရဲ့ ပြယုဂ်လေ
အတိတ်တွေကို ချေဖျက်
သက်ထွေးရေ-မင်းဘ၀ အပျော်နဲ့ဆက်ဖို့
ကိုငြိမ်းမောင် အမှန်တရားတွေမြင်
အနုပညာသမားရဲ့ အနုပညာဂုဏ်ကို ပြချင်ပြ
သင်္ကြန်ရဲ့ ညကို လှပပါစေ
သွားလေတော့ ခွင့်ပြု
' နွေဦးကဗျာ ' မဏ္ဍာပ်နားမှာ မေတ္တာတွေ စုထားတဲ့ အကြည့်
ထားကတော့ မြင်မိအောင် မြင်တယ် ကိုငြိမ်းမောင်။

ဟိုမှာ နွယ်က ပိတောက်ဖူးလေးနဲ့ ကတယ်
ဒီမှာ သက်ထွေးက ကြည်နူးပြုံးနဲ့ တီးတယ်
' တန်ခူးမည်မွတ် ဖက်ဆွတ်ရေတိုး သင်္ကြန်မိုး ' ဆိုတဲ့ အလှပြကားပေါ်ကနေ
' သင်္ကြန်မိုး ' သီချင်းကို ကိုလတ်က ဆိုတယ်
ထားက ၀မ်းသာတဲ့ အပြုံးနဲ့ ခံစားတယ်
ကိုငြိမ်းမောင်က ပီတိနဲ့ ငေးတယ်
အဲဒီလိုနဲ့.........
အနုပညာ၊ ချစ်ခြင်း၊ မိဘမေတ္တာတွေ အမှန်တိုးတော့
' သင်္ကြန်မိုး ' တဲ့လေ
သင်္ကြန်ကျတိုင်း ကျွန်တော့်ရင်မှာ အငြိုးနဲ့ ခဏခဏ ရွာနေတော့တယ်။           ။

သားလတ်
၁၉း၄၃ နာရီ
၁၄.၀၄.၂၀၁၃
သင်္ကြန်အကျနေ့

[ မည်သည့်အချိန်၊ မည်သည့်နေရာ ရောက်ရောက် သင်္ကြန်ကျတိုင်း ပြန်ခံစားမိသည့် ' သင်္ကြန်မိုး ' ရုပ်ရှင်ဇာတ်ကားကြီးကို ခံစားပြီး ရေးပါသည်။ " ပရိသတ် အပေါ် အနုပညာတာဝန် ကျေပွန်ခဲ့ကြသော ဂီတ သုခုမ ပညာသည်များအား လေးစား ဂုဏ်ပြုလျက် " ဟု ဆရာမောင်တင်ဦး ဆိုခဲ့သည့် အတိုင်း ကျွန်တော်ကြိုက်သည့် ' သင်္ကြန်မိုး ' ရုပ်ရှင် ဇာတ်ကားအတွက် ပါဝင်ခဲ့ကြသော ဂီတသုခုမ ပညာသည်များ၊ အနုပညာရှင်များ အားလုံးအတွက် မြန်မာတစ်ယောက် အနေနှင့် ခံစားမိသော သင်္ကြန်ပွဲတော်နှင့် ပတ်သက်သည့် အနုပညာ အားထုတ်မှုများအတွက် ကျေးဇူးတင်သည့်အနေဖြင့် ကျွန်တော်တတ်ကျွမ်းသော စာပေအနုပညာဖြင့် ဂုဏ်ပြုပါသည်။ ]

Thursday, April 9, 2015

" နှလုံးသားထဲက စင်ဒရဲလား "


အမှန်တရားတွေက
ခါးသက်တတ်သလား စင်ဒရဲလား။

ပြည့်စုံတဲ့ဘ၀ကလာသူကိုမှ
ကံကြမ္မာက ရွေးချယ်သတ်မှတ်ခဲ့တာထင်ပါရဲ့
အဖေ၊ အမေနဲ့အတူ
အပူအပင်မရှိကြီးပြင်းခဲ့တဲ့ အယ်လာ Ellaဆိုတဲ့ကလေးငယ်တစ်ယောက်ဟာ
မှော်ဆန်တဲ့အစွမ်းတွေနဲ့ လှပပျိုမြစ်
ပြီးမှ...
မိဘတွေရဲ့အချစ်ကိုသိမ်းပိုက်တယ်။

နာမကျန်းခြင်းဟာ
ဧည့်သည်တစ်ယောက်အဖြစ် သူ့မိခင်ဆီအရောက်
မျက်ရည်ပေါက်တွေကြီးငယ်ကျခဲ့ရ
တားမရသူတို့ရဲ့ခရီး
အပြီးထွက်ခွာသွားတဲ့အခါ
အယ်လာအတွက်မှာခဲ့တဲ့စကား
' ရဲရင့်ပါ။ ပြီးတော့  ကြင်နာပါ ' တဲ့လေ။

အမေမရှိပေမယ့် အဖေရှိသေးရဲ့
ဒီလိုနဲ့ ကလေးဘ၀လွန်မြောက်
အဲဒီအချိန် ....
မထင်မှတ်ဘဲနဲ့ မိန်းမတစ်ယောက် အိမ်ပေါ်ရောက်လာတယ်။

တကယ်တော့ မိထွေး
သမီးကလေးနှစ်ယောက်ပါ အဆစ်ပါသေး
ဒါပေမဲ့....
အယ်လာရဲ့အတွေးတွေထဲမှာ ညီမလေးတွေလိုဖြစ်
အမေအသစ်လိုတော့  မိထွေးကိုစိတ်မနှစ်နိုင်
အဲဒီမှာ အားတွေပြိုင်ပါရော။

ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုးမိထွေးနဲ့
အဲဒီမှာပဲ အဖြစ်ကဆိုးလေသလား
ခရီးသွားအဖေဟာ အပြင်းဖျားပြီးအမေ့ဆီလိုက်သွားတဲ့အခါ
ကမ္ဘာဟာ အထီးကျန်တယ်
ပြီးတော့ .....
လူတွေဟာ ယုတ်မာတတ်ကြတယ်လို့
အယ်လာကလေး မသိမသာနဲ့သိလာတယ်။

မိထွေးတို့ရဲ့မကောင်းတဲ့ အကျင့်ရာဇ၀င်
အဲဒီကတည်းကစာတင်ထားရမှာပေါ့
အိမ်စေတွေကိုအကုန်နှင်
အိမ်အလုပ်တွေကိုအယ်လာ့ ကိုခိုင်း
သူ့သမီးနှစ်ယောက်နဲ့တော့ လာမနှိုင်းလေနဲ့
ထမင်းဝိုင်းတောင်အတူမထိုင်ရ
ငယ်ငယ်ကတည်းကကြွယ်ဝခဲ့တဲ့ကလေး
တွေးကြည့်ရင် အသည်းနာစရာ
အဲဒါ......
အယ်လာဆိုတဲ့ သူမလေ။

အေးမြတဲ့ညနေခင်းတစ်ခုမှာ
မီးဖိုဘေးမှာ အိပ်ပျော်သွားတဲ့သူမ
မီးသွေးပြာ ( Cinder )စတွေမျက်နှာမှာပေ ကျံလို့
အိမ်ဖော်တစ်ယောက်လိုအလုပ်စလုပ်တဲ့အခါ
မိထွေးရဲ့သမီးနှစ်ပါးကပေးတဲ့အမည်
Cinder နဲ့ Ella ပေါင်း
Cinderella ဆိုတဲ့အမည်အကြောင်းသစ်
အမှန်က....
မီးသွေးပြာစတွေနဲ့အယ်လာလို့ ရာဇ၀င်ဖြစ်စေဖို့
မကောင်းသူတွေကမကောင်းတဲ့နာမည်ရေးတို့တာတောင်
စင်ဒရဲလားဆိုတာ ချွေးစို့နေတာတောင် လှနေဆဲပါပဲလေ။
စိတ်ထဲကနာကျင်တဲ့တစ်ရက်

စင်ဒရဲလားဟာ တောထဲကိုခဏအထွက်မှာ
ဘုရင့်သားမှန်းမသိတဲ့ အမဲလိုက်သူတစ်ပါး
မထင်မှတ်ဘဲဆုံစည်းသွားချိန်
အလို....
နှလုံးအိမ်အချင်းချင်းလည်း တွယ်လိမ်ယှက်ခဲ့သလိုပေါ့။

တောထဲကအလှမဖုရားကိုတွယ်ငြိ
ကြေညာသတင်းနဲ့ ပြည်သူကိုသိစေ
မင်းသမီးရှာပုံတော်ဖွင့်လေတဲ့အခါ
မိထွေးနဲ့သမီးနှစ်ပါးက ငါးရံ့ပြာလူး
စင်ဒရဲလားလေးလည်း မချင့်မရဲဖြစ်ခဲ့ဖူးတယ်။

မင်းသားလေးရဲ့ ကြင်ယာရှာပွဲ
မိထွေးမရဲ့ မကြင်နာ တမင်တကာ အသာအခွဲမှာ
စင်ဒရဲလားဟာ မျှော်လင့်ချက်မဲ့
ဒါပေမဲ့.....
စိတ်နှလုံးဖြူ သူတို့အတွက် မခက်ခဲပုံများ
မှော်ဆန်ဆန်နတ်သမီးတစ်ပါးကကူတဲ့အခါ
ရွှေဖရုံသီးဟာ ရထားလုံးဖြစ်
ကြွက်လေးကောင်ကတော့  ကမြင်းအသွင်
ပုတ်သင်ညို နှစ်ကောင်က ရထားစောင့်
ဘဲငန်းကြီးက ရထားလုံးမောင်း
ညဥ့်လယ်ယံ ဆယ့်နှစ်ထိုးရင် အကုန်ပြန်ပြောင်းမယ်ဆိုပြီး
စင်ဒရဲလားကို နတ်သမီးတစ်ပါးလို အလှတွေတင်
ဖန်နဲ့ဆင်တဲ့ ဖိနပ်အလှကိုပေး
အလိုလေး........
မင်းသားလေးဆီသွားတဲ့မင်းသမီးတစ်ပါးဟာ
စင်ဒရဲလားပါဆိုရင် ငြင်းစရာတောင်ရှိမှာမဟုတ်ပါဘူး။

တောထဲက သူငယ်ချင်းနှစ်ဦး
ကြည်နူးစွာဆုံတွေ့
အဲဒီနောက်.....အကုန်မေ့တဲ့အခါ
နာရီသံ ဆယ့်နှစ်ကိုကြားခါနီး
ကသုတ်ကရက်ခရီးကိုအမြန်ခွာ
ဟော....ဟိုမှာ
ဖန်ဖိနပ်လှလှလေးတစ်ဖက်တော့  အဝေးမှာ ကျန်ခဲ့ပြီ။

ဖိနပ်တစ်ဖက်ကြောင့် မင်းသားခမျာရူးမတတ်ခံစားရတဲ့အခါ
တိုင်းပြည်မှာကြေညာ
ဖိနပ်တော်သူသာ မင်းသမီး
ဒီလိုနဲ့......
ရှိသမျှ အပျိုအအိုတွေ ကြိုးစားစီးကြ
မိထွေးမ သမီးနှစ်ယောက်လည်းအပါ
အဲဒီမှာ.....
လှောင်ပိတ်ခံထားရတဲ့ အိမ်အပေါ်ထပ်ဆီက
လွမ်းတသသ တေးသံပိုင်ရှင်
အလို..
သူမမှာလည်း ပြိုင်ဆိုင်ခွင့်ရှိတာပေါ့
မင်းသားရဲ့ဖိတ်ခေါ်မှု
စင်ဒရဲလားရဲ့ ရဲရင့်မှုတွေနဲ့
ဖန်ဖိနပ်လှလှလေးထဲ ခြေအလျှို
အမှန်တရားတွေက ကြို ဆိုလိုက်တာလေ
မင်းသားလေးအတွက် မင်းသမီးလေးဟာ စင်ဒရဲလား
တိုင်းပြည်အတွက် ပေးဆပ်မယ့် စင်ဒရဲလား
ဖိနပ်တစ်ဖက်အတွက် အခန်းကျဉ်းလေးထဲ မိထွေးကတံခါးပိတ်ခံထားရတဲ့ စင်ဒရဲလား
သူမသာ ဖိနပ်ပိုင်ရှင်
သူမသာ မိဖုရား
သူမသာ အကြင်နာပိုင်ရှင် ဖြစ်ခဲ့တော့ တယ်။

စင်ဒရဲလားရေ....
အမှန်တရားတွေက
တစ်ခါတစ်ရံမှာ ခါးသက်တတ်ပါတယ်။
ဖိနှိပ်မှုတွေက
တစ်ခါတစ်ရံမှာ သည်းခံရတတ်ပါတယ်။
နာကျင်မှုတွေကျတော့
အောင်မြင်ဖို့အတွက် ခင်းပေးထားတဲ့လမ်းလိုပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ်ပါ
ဖိနှိပ်မှုတွေကြားက အမှန်တရားဆိုတာ
သူတံခါးခေါက်ချိန်ကျလာတဲ့အခါ
ယုတ်မာသူတွေလက်ကတောင် လွတ်ထွက်ပြေးလာနိုင်ပါရဲ့။

စင်ဒရဲလားရေ.....
ရဲရင့်ပါ....ပြီးတော့  ကြင်နာပါ။
ကမ္ဘာမြေပေါ်က ကလေးတွေပါးစပ်ဖျားမှာမင်း
လူကြီးတွေရင်တွင်းအထိထိုးဖောက်
ခမ်းနားသောနေ့သစ်တို့ရောက်ပါစေ
ရာဇ၀င်အသစ်တစ်ခုနဲ့လှပခမ်းနားနိုင်ပါစေလေ။ ။

                                                                                                        သားလတ်
                                                                                    ၂၂း၅၆ နာရီ ( စင်ကာပူစံတော်ချိန် )
                                                                                                        ၈.၄.၂၀၁၅

                              [ Cinderella ရုပ်ရှင်ကိုကြည့်ပြီး ရင်နှင့်ခံစားရေးဖွဲ့ပါသည်။]

Thursday, February 19, 2015

" လွတ်မြောက်ခြင်း "


စိတ်က လွတ်လပ်သွားတယ်
ချုပ်ထိန်းမှုတွေက ပွင့်ထွက်တယ်
ပြူ တင်းပေါက်အပြင်တောင်လွင့်ထွက်လို့
လွတ်လပ်ရေးနဲ့ ဒီမိုကရေစီကိုတွဲရသလိုမျိုး။

အခန်းငယ်တွေကနေ ထွက်ထားတယ်
ဝင်ချင်တဲ့အချိန်မှဝင်တဲ့အခါ
မေ့ရမှာတွေကိုမေ့လို့ရသွားတယ်
ကိုယ်ရှာတဲ့ဒုက္ခဆိုတာ ကိုယ်သာသိခဲ့တာပေါ့
ကြီးကြီးမားမားတွေ ဆုံးရှုံးရတယ်ဆိုတာ
တစ်ခါတစ်ခါတော့ ငြိမ်းချမ်းခြင်းရဲ့အနှစ်သာရတွေကိုရဖို့များလား။

ခပ်တုံးတုံးတွေကိုပဲ ဖက်တွယ်ထားသလိုမျိုး
ကိုယ့်မြှုံးနဲ့ကိုယ် ပိတ်မိနေတာ
မာနတွေမျို ချတာများတော့ ကိုယ်ကပဲမျိုးတုန်းတော့မယောင်
နဂါးတွေအမောက်ထောင်တတ်တယ်ဆိုတာ
ကျားတွေဟိန်းဟောက်နေတာနဲ့အတူတူပဲလေ။

ရွေးချယ်ခွင့်တွေကြားမှာ
ကိုယ့်ကိုယ်ကိုအသုံးချ ခံနေတာ ကြာသွားလားမသိ
စာမျက်နှာတွေလည်း ပြဲဆုတ်လို့
စကားလုံးတွေကလည်း မလှပလို့
လိုင်းတွေအတားခံရတာခဏခဏဆိုတော့လည်း
အမှောင်ထဲကနေပဲ ပြေးထွက်လိုက်တော့တယ်
သေချာတယ်...
ငါ့စိတ်တွေ လွတ်မြောက်ခြင်းနယ်မှာ နားတော့မယ်။          ။

သားလတ်
၂၃း၃၆ နာရီ ( စင်ကာပူစံတော်ချိန် )
၁၈.၂.၂၀၁၅
Photo Ref: http://www.pageresource.com

Saturday, February 14, 2015

" ဟောင်းနွမ်းမသွားတဲ့ အရာ "



ချစ်ခြင်းကတော့ လတ်ဆတ်နေတုန်းပဲ
ခုနှစ်လေးတွေပဲ ပြောင်းသွားတာ။

အရုပ်ဆိုင်ကလေးတွေရောက်တယ်
ပန်းစည်းကလေးတွေကိုလည်းမြင်တယ်
ချစ်သူလက်ကိုဆွဲပြီး အနာဂတ်ကိုလည်းကြည့်တယ်
ချောကလက်ကျွေးခဲ့တဲ့ကာလတွေကနေ ဒီနေ့အထိ
အရုပ်တွေပြောင်းချင်ပြောင်းမယ်
ပန်းစည်းတွေဟောင်းချင်ဟောင်းမယ်
ချောကလက်လေးတွေ မေ့ချင်မေ့မယ်
သေချာတာက
ချစ်ခြင်းတွေကတော့ မနက်မိုးလင်းတိုင်း
အလင်းနဲ့ပွင့်နေတုန်းပဲ။   ။

သားလတ်
၁၆း ၂၀ နာရီ ( စင်ကာပူစံတော်ချိန် )
၁၄.၂.၂၀၁၅
Photo Ref: ewallpaperhub.com
 

Thursday, February 12, 2015

" မသေလူ "



+ နှစ်တစ်ရာ ပြည့်ပေမယ့်
တစ်ခေတ်တစ်ခါမျှ မမေ့ပါလေ။

+ ပြည်သူဟာ သူ
သူဟာ ပြည်သူဆိုတဲ့
ကြည်ဖြူ ရာ ညီတူလမ်းတွေထဲ
ချွေးတွေနဲ့နေ။

+ တိုင်းပြည်အတွက်ဆိုတော့
နှိုင်းမမီတဲ့  စိတ်အဟုန်မြှင့်ကာ
အကုန်တင့်အောင် သူ့ခန္ဓာရင်းပါတော့
မှန်စွာသင်းပါတဲ့ ဂုဏ်သတင်းတွေ
စုန်ရင်းဝေတာ ယနေ့အထိ။

+ ဘယ်သူရှိလေမလဲ
တူရဲစရာ လူမရှိ
လွတ်လပ်ရေးအတွက် ပူဆဲမှာ သူမချိလေတော့
အင်္ဂလိပ်ကအစ ဂျပန်မကျန်
အတန်တန် သူတွန်းလှန်ပါလို့
မနက်ဖြန် မြန်မာပြည် အနာဂတ်လှစေဖို့အတွက်
သူ့ဘ၀ကို သူခြွေပေးလေသမျှ
နေမရပါ ပြည်သူအပေါင်းမှာဖြင့်
ကောင်းသတင်းတွေကို တသသဆို
ဆောင်းနှင်းတွေလို တစ်စတစ်စ ပြိုတဲ့အလွမ်းတွေနဲ့
အမှောင်ဆမ်းတဲ့ မြန်မာပြည်လမ်းပေါ်က
အရောင်ဖြန်းကာ အလင်းနဲ့ ထိစေတဲ့
အောင်ဆန်းလို့ သိ။      ။

သားလတ်
၂၁း၂၉  နာရီ ( စင်ကာပူစံတော်ချိန် )
၂.၂.၂၀၁၅
[ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲအထိမ်းအမှတ်အဖြစ်ခံစားရေးဖွဲ့ပါသည်။]

Thursday, July 18, 2013

" ဥဩသံ နဲ့ တိုင်ဝက်အလံ "


တကယ့် အဆိုးဆုံးတွေနဲ့
အဲဒီ ဆယ့်ကိုးဆိုတာကို ကျွန်တော်မုန်းတယ်။

အာဇာနည်တဲ့
စာတွေသာ စီခဲ့ကြတာ
ဘယ်တုန်းက ဆုံးခဲ့လို့လဲ။

တစ်ခါပဲ လုပ်ကြံတာ
သူတို့က သေပြီလို့သာ ထင်တာ
ကျွန်တော်တို့ရင်မှာ အခါခါ ပြန်မွေးဖွားခဲ့တာကြာပေါ့။

တချို့ကလည်း မေ့စေချင်လို့
မေ့စေဖို့ ကြိုးစားတယ်
ဒါပေမဲ့..........
အဲဒီဆယ့်ကိုးမှာမှ ကျွန်တော်တို့က နိုးကြားနေခဲ့တာ။

ဥဩမဆွဲဘူးတဲ့လား
အပြင်မှာ အသံမကြားလည်း
ရင်ထဲမှာ ၀မ်းနည်းကြေကွဲသံတွေ မစဲတာကြာပေါ့
နှစ်တွေလည်း မနည်းပါဘူး
ဒါပေမဲ့....
အချစ်တွေမစဲတဲ့ကြားက မျက်ရည်တွေ ၀ဲနေခဲ့ရတာ။

ကမ္ဘာ.....
အာဇာနည်တွေ ခွဲခွာသွားတာ
နောက်ထပ် အာဇာနည်တွေ ရောက်လာစေဖို့လား
ခါးသီးတဲ့ နေ့ရက်တွေကြား
ပြည်သူများရဲ့ ၀မ်းနည်းခြင်း ဥဩသံများစွာ
တစ်ကမ္ဘာလုံး ကြားသိစေချင်တယ်။

ကဗျာဆရာ မာနတွေ အလံတိုင်ထိပ် တက်ချင်တက်မယ်
ဒါပေမဲ့.....
အဲဒီ ဇူလိုင်ဆယ့်ကိုးနေ့မှာ
အပြင်ဘက်က အလံ၊ ရင်ထဲက အလံ
( အားလုံး......)
တိုင်ဝက်မှာပဲ ၀ဲပျံစေရမယ်။          ။

သားလတ်
၂၃း၁၀ နာရီ
၁၈.၇.၂၀၁၃


Sunday, June 30, 2013

" လူမိုက်တစ်ယောက်ရဲ့ ကောင်းကင် "



ဒီလိုပဲ......
တိမ်တွေလည်း ပြိုချင်ပြိုမယ်
ကောင်းကင်လည်း ညိုချင်ညိုမယ်
သေချာတာက......
ဇူလိုင်လ တစ်ရက်နေ့ရဲ့ နံနက်ခင်းအစမှာ
အမေဟာ အံကြိတ်ရင်း
လောကတွင်းကို သားတစ်ယောက် ပို့ပေးခဲ့တယ်။

အမေအသက်နဲ့ရင်းထားတဲ့သား
အဖေချွေးနဲ့ ကျွေးထားတဲ့အား
လူလားမြောက် မှတ်တိုင်တွေကျော်
ကြည့်ပါဦး........
လူငယ်ဘ၀ကို ကျော်သွားခဲ့ပြီနော်။

တစ်ရက်ပြီးတစ်ရက် တစ်သက်ပြီးတစ်သက်
တစ်လပြီးတစ်လ တစ်ပြပြီးတစ်ပြ
တစ်နှစ်ပြီးတစ်နှစ် တစ်ဖြစ်ပြီးတစ်ဖြစ်
အသစ်အသစ်တွေကိုကြုံလည်း
ဆုံတာတွေက မဟောင်းတာလား
ဟောင်းပြီးသားတွေက မပြောင်းတာလားမသိ
ငါစွဲနဲ့ကြည့်ကြည့်ပြီး
ဒုက္ခအတိနဲ့ပင်လယ်ထဲ
ပက်လက်၊ မှောက်ခုံ၊ ၀ဲချာလည်လှည့်
ပြီးမှ.....
မပျော်လည်းပျော်၊ ပျော်လည်းပျော်
သံသရာကို ကျွန်တော်မကြောက်သေးတာလေ။

မနေ့ကထက် ဒီနေ့ သာရမယ်
ဒီနေ့ထက် မနက်ဖြန် သာရမယ်
အရင်လထက် အခုလ သာရမယ်
အခုလထက် နောက်လ သာရမယ်
အရင်နှစ်ထက် အခုနှစ် သာရမယ်
အခုနှစ်ထက် နောက်နှစ် သာရမယ်
အဲဒီလို ခပ်တည်တည် ကြွေးကြော်ပစ်ခဲ့တာက
လူလားမြောက်ကတည်းကနေ ယနေ့အထိ
ဒါပေမဲ့......
အတွေ့အထိကိုလည်း မတင်းတိမ်
လောဘ၊ ဒေါသ၊ မောဟ အိမ်ထဲမှာ ပျော်မွေ့
တစ်နေ့တစ်နေ့ ကျော်နင်း
ဒီလိုနဲ့......
လောကတွင်းက နာမည်မရှိတဲ့ လူမိုက်ဖြစ်နေတာကြာပေါ့။

စာကလေးတွေ ရေးမယ်
ကဗျာကလေးတွေ ဆေးခြယ်
သီချင်းကလေးတွေ ဆိုမယ်
နံနက်ခင်းကလေးတွေ ကြိုမယ်
ဒီလိုပေါ့ပေါ့ပါးပါး ဖြတ်သန်းချင်တဲ့ လူ့ဘဝ
သမုဒယနဲ့ မိုးလင်း
ပြီးတော့ ၀ိပဿနာနဲ့ ထိုးခွင်းချင်တယ်လို့လည်း အော်ခဲ့
( ဒါပေမဲ့...)
အရှက်မရှိတဲ့ မျက်နှာနဲ့ပဲ ပျော်ခဲ့တာ
လေးဆယ်နားတောင် ကပ်လာပါရောလား။

သေချာတာက
ငွေရှာရမယ်
သေရွာကို မသိခင်မှာ
ဒုက္ခအထုပ်အပိုးတွေ ကျောမှာဆင်ရင်း
သမုဒယငုပ်ဆိုးနဲ့ ငြိနေခဲ့ရတာ
ကမ္ဘာလင်းလည်း ကျွန်တော်မှောင်တယ်
ကမ္ဘာမှောင်လည်း ကျွန်တော်မှောင်တယ်။

အ၀ိဇ္ဖာသမား
သစ္စာလေးပါးမသိ
ဒေါ်လာတွေတော့ ကျွန်တော်သိတယ်
ခွင့်လွှတ်နိုင်မယ်ဆို ခွင့်လွှတ်ကြပါဗျာ
မှားနေတာက အခါတစ်ရာမက
တည်ငြိမ်ရမယ့် အရွယ်မှာ တည်ငြိမ်မှုမရှိချင်သူ
အပူတွေနဲ့ မွေ့ပျော်ရင်း
သက်ပြင်းတွေကို ကိုယ့်ဘာသာလှည့်စား
အထီးကျန်ခြင်းကြားမှာ မာယာလည်း များတတ်သူပါ။

ဘာတွေ ဘယ်လိုဖြစ်ဖြစ်
ချစ်သူကို ချစ်တယ်
မိဘတွေကို ချစ်တယ်
ညီအစ်ကိုတွေကို ချစ်တယ်
သူငယ်ချင်းတွေကို ချစ်တယ်
မြန်မာပြည်ကို ချစ်တယ်
ကမ္ဘာမြေကို ချစ်တယ်
အားလုံးကို ချစ်တယ်
ဘယ်တော့မှ မပစ်ပယ်တတ်တဲ့ နှလုံးသား
အညစ်တွေကို ဖယ်ရပ်လို့ အမုန်းမပွားဘူး
သက္ကရာဇ်တွေဆုံးသွားတောင် နေပျော်ချင်သူတစ်ယောက်
ဖြူစင်တဲ့ မိုးကောင်းကင်အောက်မှာ လမ်းလျှောက်မယ်
ပန်းကလေးတွေ တစ်ထောက်ကြိုပါ
ငှက်ကလေးတွေ သီချင်းတစ်ခေါက် ဆိုပါ
လေပြည်ကလေးတွေ ခပ်ညင်းညင်း တစ်ခေါက်ပြိုပါ
( ဟောဒီမှာ....)
လူမိုက်တစ်ယောက် နှစ်ပေါင်းများစွာ အသက်ဆက်ချင်လို့ပါ။          ။

သားလတ်
၁၉း၅၆ နာရီ
၃၀.၆.၂၀၁၃

[ ဇူလိုင်လ တစ်ရက်နေ့တွင် ကျရောက်သော ကျွန်တော့်မွေးနေ့အတွက် အမှတ်တရ ခံစား ရေးပါသည်။]

Sunday, June 23, 2013

"ဧည့်သည်တစ်ယောက်ရဲ့မြို့"



ခြင်္သေ့ခေါင်းနဲ့ ငါးကိုယ်လုံးမြို့ကလေးရေ........
မျက်နှာသစ် သွားတိုက်
ရေမိုးချိုး အလှပြင်
ကမ္ဘာကိုရင်ဆိုင်လိုက်တော့။

East Coast မှာလေသန့်တွေခင်း
Sentosa မှာပျော်ရွှင်ခြင်းတွေကျင်းပ
West Coast မှာ ပသာဒတွေပြလို့
အသက်ဝင်စမြို့ကလေးလို
မျက်နှာဖုံးတွေကိုခွာချ
လွတ်လပ်ခြင်းရဲ့အနှစ်သာရကိုခံစားရအောင်။

ပြန်မမှောင်ပါနဲ့တော့
အလင်းကိုဆောင်
ပိတ်လှောင်ခြင်းတွေကိုကျော်ဖြတ်
မတ်မတ်ရပ်ရင်းလေပြည်တွေကိုတစ်ဝရှူမယ်
ညမနက်တွေရဲ့လှပခြင်းမှာ
မင်းခန္ဓာကိုယ်ကိုသယ်ထားပေါ့။

သဘာဝကိုပဲစားသုံးခဲ့ကြတာ
တစ်ခါတစ်ခါသဘာဝက မင်းအလှတွေကိုဖျက်စီး
ငါးအကျည်းတွေကွာမှာစိုးသလို
ခြင်္သေ့ကြီးခေါင်းကိုက်မှာလည်း စိုးမိပါရဲ့။

ငါကဧည့်သည်ပါ မြို့ကလေးရေ
ဒါပေမဲ့.....
မြို့ကလေးကိုတော့ သံယောဇဉ်ရှိပါရဲ့
သဘာဝနဲ့မြို့ကလေးကြားကတိုက်ပွဲ
မြို့ကလေးကိုပဲနိုင်စေချင်မိခဲ့ပါရဲ့
အဲဒီမြို့ကလေးမှာ
မိသားစုများစွာရှိနေတာမဟုတ်လား။

ရင်ကြပ်သွားသလားမြို့ကလေးရေ
နှလုံးခုန်သံတွေရောမှန်ရဲ့လား
ငှက်ကလေးတွေတော့အသက်မဲ့သွားသေးသတဲ့
မှိုင်းအုပ်နေတဲ့ကောင်းကင်ရဲ့တေးအသစ်မှာ
အဆွေးတွေဖြစ်ဖြစ်သွားသေးလား
သင်္ခါရတရားလို့ဖြေပေါ့
မနက်ဖြန်ဆိုနေရောင်တွေကြော့ကြော့မော့မော့ဝင်လာတော့မယ်
ပြီးမှ.......
မင်းရဲ့အိမ်ရှင်တွေရယ်၊ငါရယ်၊မင်းရယ်
ဖြူစင်တဲ့နေ့သစ်တွေမှာလမ်းလျှောက်ကြမယ်။ ။

သားလတ်
၁၄း၄၄ နာရီ
၂၃.၆.၂၀၁၃

Saturday, June 22, 2013

"ကောင်းကင်အသစ်"




အသစ်ပြောင်းသွားတဲ့ကောင်းကင်ကြောင့်
အချစ်အကြောင်းလေးတွေတောင်ပြန်ပြီးပြောချင်တယ်။
 
လောကကြီးရေ....
မိဘတွေကိုချစ်တယ်
ချစ်သူကိုချစ်တယ်
ညီအစ်ကိုတွေကိုချစ်တယ်
ဆွေမျိုးတွေကိုချစ်တယ်
သူငယ်ချင်းတွေကိုချစ်တယ်
လူသားတွေကိုချစ်တယ်
ကမ္ဘာမြေကိုလည်းချစ်တယ်
သူတို့ကိုမပစ်ပယ်ချင်ဘူး။ 

မှုန်ရီနေတဲ့နံနက်ခင်းတွေနေခဲ့
အသက်ရှူကျပ်တဲ့လောကအဟောင်းကိုစွန့်ခွာ
မင်္ဂလာပါနှုတ်ဆက်ပြီး
ကောင်းကင်အသစ်ကိုလက်ကမ်း
လောကရဲ့အနမ်းသစ်တစ်ခုလိုကြိုဆို
ဟိုမှာလေ....ငှက်တွေအတောင်ဖွင့်တဲ့စခန်း
မနက်ဖြန်မှာအားလုံးလန်းကြတော့မယ်။

မီးခိုးတွေနဲ့ပန်းနာကျ
ဖြူကာပြာကာမလှပခဲ့တဲ့ဘ၀နေ့တွေမှာ
လာကွာ...အတူတူသေမယ့်နေ့စောင့်မယ်
အဲဒီလိုကြွေးကြော်ပြီးမှရင်ဘတ်ချင်းဖလှယ်ခဲ့တဲ့ညများ
အိုဟောင်းသွားတောင်မေ့ပါ့မလား
သင်္ခါရကိုသိသိနဲ့ကစားကြည့်ချင်မိတာ
အဲဒါကမ္ဘာ.....အဲဒါငါ
ရုပ်တွေနာမ်တွေသရုပ်ခွဲ
ညထဲမှာစီးချင်းအလဲထိုးရင်း
မနက်မိုးအလင်းကိုမမြင်ရမှာကြောက်တဲ့စိတ်တွေနဲ့
နောက်ဘ၀ဆိုတဲ့အရိပ်တွေတောင်ထိုးခဲ့တာ
သတိသာထား
"မနက်ဖြန်ဆိုတာ အဝေးကြီး
နောက်ဘ၀ဆိုတာနီးနီးလေး" တဲ့
မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့တရား
မှုန်မည်းနေတဲ့ဝန်းကျင်ကြားမှာ
ပဲ့တင်သံအလား ခဏခဏကြားနေခဲ့တာလေ။

အခုတော့ပြီးသွားပြီ
နောက်တစ်ချီလာလည်းလာပေါ့
ကောင်းကင်သစ်ရေ
ရင်ခုန်ခြင်းအစစ်တွေနဲ့ ကမ်းလင့်နေမယ်
မနက်ဖြန်တိမ်ရောင်စုံအသစ်တွေရဲ့ လမ်းအဖွင့်မှာ။     ။

သားလတ်
၁၉း၂၂ နာရီ
၂၂.၆.၂၀၁၃ 

(စင်ကာပူနိုင်ငံ၏မွန်းကျပ်လွန်းလှသောမီးခိုးများ၏လွင့်ပျယ်ခြင်းနေ့တစ်နေ့သို့)


Saturday, May 18, 2013

" အညာသား "


အမေ.........
တစ်မြေတည်းကဖွား
တစ်ဆန်တည်းကိုပဲစားလို့
တစ်ရေကိုပဲ သောက်ခဲ့ကြသူတွေမို့
သွေးမရင်းပေမယ့်
မွေးချင်းတွေလိုသူတို့က
ကျွန်တော့်အတွက် ညီအစ်ကိုလိုပေါ့ အမေ။

လူဆိုးလေးတွေ အမေ
မြာပွေချင် ပွေတယ်
အရက်သောက် မှောက်ချင်မှောက်တယ်
ကွမ်းစား ထွေးချင်ရာထွေးတယ်
အလုပ် လာချင်တဲ့အခါ လာတယ်
ဒါပေမဲ့......
သူတို့ကို ကျွန်တော် ခင်ပါတယ်အမေ။

နေပူကြီးထဲမှာလေ
ချွေးတွေထွက် အားကုန်ဖျော
ပြီးရင် ရယ်ရယ်မောမောနဲ့
အတောမသတ်တဲ့ အပြုံးတွေလှစ်
ဖုန်းအသစ်တွေ ဟိုကလိ သည်ကလိ
(ဘယ်လိုပဲနေနေ)
သူတို့ရင်ထဲမှာတော့ မြန်မာပြည်ကိုပဲ သိတယ်အမေ။

လစာထွက်တဲ့အခါ
စုမိတာလေး အိမ်ပြန်ပို့
အမေ့ဖို့ အဖေ့ဖို့
ညီလေးဖို့ ညီမလေးဖို့
.......ဖို့........ဖို့.........ဖို့နဲ့
သူတို့ဖို့က စင်ကာပူမှာပဲရှိ
ဘာလဲသိလား အမေ
ပူနေတဲ့ နေရယ်
ကျနေတဲ့ ချွေးရယ်
မြန်မာပြည်ကို လွမ်းတဲ့စိတ်ရယ်
အဖေအမေနဲ့ မိသားစုကို သတိရမှုရယ်
အဲဒါတွေပဲ သူတို့ဖို့ပါ အမေ။

လူတွေကထင်တယ်
စင်ကာပူမှာ အလုပ်ရငွေဝင်
ကြည့်စမ်း....သူတို့ အဆင်ပြေနေလိုက်တာများ
အိမ်မှာ ပစ္စည်းတွေပွားတက်လို့
ရေစက်နဲ့ ဆိုင်ကယ်
ဒီထက်ပို အဆင်ပြေတယ်ဆို
အိမ်ကလေး  ကားကလေးတွေ ၀ယ်လို့။

အဆင်ပြေလားလို့ အမေက မေးတဲ့အခါ
သားအဆင်ပြေတယ် အမေ၊ စိတ်မပူနဲ့လို့ပြော
( ဒါပေမဲ့...)
သူတို့ ဘယ်လောက်မောတယ်ဆိုတာ
ကျွန်တော်ကိုယ်တိုင် ခံစားသိတယ် အမေ
ကျွန်တော်လည်း ဒီလိုပဲ ပြောခဲ့ဖူးတာပဲလေ။

နေပူထဲမှာ လုပ်ရလည်း
အဲကွန်းခန်းထဲမှာ လုပ်ရသလို သဘောထား
အမေစိတ်မကောင်း ဖြစ်သွားမှာ တွေးပူလို့
ဖေးကူသူမရှိတဲ့ ဘ၀တွေကြား
ချွေးအတူတူကျခဲ့ရတာ ကျွန်တော်နဲ့ သူတို့ပေါ့အမေ။

အဆင်ပြေလားဆိုတဲ့ မေးခွန်းတွေ အပ်ကြောင်းထပ်အောင်လာတော့
အဆင်မပြေတာလည်း အဆင်ပြေပါတယ် သဘောထား
အဆင်ပြေတာလည်း အဆင်ပြေသလို ခံစားရင်း
မြန်မာပြည်က မိသားစုတွေပျော်ရင်
မှန်မှန်မှားမှား ညာချင်ညာမယ်
( အမေရယ်.....နိုင်ငံခြားမှာ.......)
လူညာလေးတွေ အမြဲအဆင်ပြေနေကြပါတယ်။           ။

သားလတ်
၂၁း၀၄ နာရီ
၁၈.၅.၂၀၁၃

[ ကျွန်တော်နှင့် အလုပ်အတူ လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုများသို့]

Saturday, May 4, 2013

" လူသစ်ပင် "

 မျိုးစေ့
ရှင်သန်ကြီးထွားလာတဲ့ နေ့တစ်နေ့မှာ
ပျိုးထောင်သူတွေရင်ထဲ ၀မ်းသာရ
အဲဒီမှာ သစ်ပင်ရဲ့ဘ၀စတယ်။

အစို့အညှောင့်ကလေးပဲဆိုဆို
နုပျိုလို့ကောင်းဆဲအချိန်
အရောင်ကသစ်ထိန်စိမ်း
လေတိုက်ရာလိုက်ပါယိမ်းနွဲ့
(အဲဒီအချိန်) အမြစ်က လမ်းချဲ့တယ်။

ရေလောင်းချင်လောင်း
နေပေါင်းချင်ပေါင်း
မြေကောင်းချင်ကောင်း
ရသရွေ့တိုးထွက်
အပေါ်ဘက် အောက်ဘက်
စိမ်းလို့ရတဲ့ဘက် စိမ်း
ယိမ်းလို့ရတဲ့ဘက် ယိမ်း
တိမ်းမူးဖွယ်ရာသဘာဝ
သစ်ပင်ရဲ့အလှလို့ဆိုမလား။

နုထွားသန်မာ
ဝေဖြာခက်ပွင့်
ထုဆစ်ရင့်မှန်
ရာသီဒဏ်ကိုကျော်ဖြတ်
သစ်တစ်ပင်မားမားရပ်တဲ့အခါ..........။

' သစ်တစ်ပင်ကောင်း
ငှက်တစ်သောင်းနားရ' သတဲ့
ငှက်တွေ အတောင်ညောင်းရင်
သစ်ပင်ကရင်ဖွင့်ကြိုတယ်။
လူတွေ မောပန်းတဲ့အခါ
အရိပ်ဖြာလို့ကြိုတယ်။
ယုံကြည်မှုတွေလွန်ကဲလာရင်
နတ်စင်လည်း ပေးဆောက်တယ်။
သဒ္ဓါတရားတွေ ထက်သန်လာရင်
ရေအိုးစင်လည်း တည်နိုင်သေးတယ်။

နောက်ဆုံး.....
သုံးစရာထင်းမရှိရင်တောင်
သစ်ပင်က သူ့အသားကိုချိုင်ခွင့်ပေးတယ်။

တစ်ပင်လုံးခုတ်
အမြစ်ထုတ်ယူ
သစ်ပင်လိုလူသား
ကျွန်တော့်နှလုံးသားကရှင်သန်
မမြင်ရတဲ့မနက်ဖြန်မှာတောင်
အရိပ်ဖြာစိမ်းလန်းနေဦးမယ်
စိတ်မှာငြိမ်းချမ်းနေဦးမယ်။             ။

သားလတ်
၂၃း၂၈ နာရီ
၃.၄.၂၀၁၃

Monday, April 15, 2013

"ကမ္ဘာပျက် စာအုပ်"




Facebookကြီးကဆယ်နှစ်သားမဖြစ်သေးဘူး။
လူတွေကFacebookထဲမှာဆယ်ဆမကပိုကောက်ကျစ်လာတယ်။

Facebookကြီးကဆယ်နှစ်သားမဖြစ်သေးဘူး။
လူတွေကFacebookထဲမှာဆယ်ဆမကပိုယုတ်မာလာတယ်။

Facebookကြီးကဆယ်နှစ်သားမဖြစ်သေးဘူး။
လူတွေကFacebookထဲမှာဆယ်ဆမကပိုရူးနှမ်းလာကြတယ်။

Facebookကြီးကဆယ်နှစ်သားမဖြစ်သေးဘူး။
လူတွေကFacebookထဲမှာဆယ်ဆမကနှာထလာကြတယ်။

Facebookကြီးကဆယ်နှစ်သားမဖြစ်သေးဘူး။
လူတွေကFacebookထဲမှာဆယ်ဆမကလူလည်ကျလာကြတယ်။

Facebookကြီးကဆယ်နှစ်သားမဖြစ်သေးဘူး။
လူတွေကFacebookထဲမှာဆယ်ဆမကမိုက်လာကြတယ်။

Facebookကြီးကဆယ်နှစ်သားမဖြစ်သေးဘူး။
လူတွေကFacebookထဲမှာဆယ်ဆမကတရားစကားတွေပြောလာကြတယ်။

Facebookကြီးကဆယ်နှစ်သားမဖြစ်သေးဘူး။
လူတွေကFacebookထဲမှာဆယ်ဆမကဆုံးမစကားတွေပြောလာကြတယ်။

Facebookကြီးကဆယ်နှစ်သားမဖြစ်သေးဘူး။
လူတွေကFacebookထဲမှာဆယ်ဆမကအသည်းကွဲလာကြတယ်။

Facebookကြီးကဆယ်နှစ်သားမဖြစ်သေးဘူး။
လူတွေကFacebookထဲမှာဆယ်ဆမကကောလဟလတွေလွှင့်လာကြတယ်။

Facebookကြီးကဆယ်နှစ်သားမဖြစ်သေးဘူး။
လူတွေကFacebookထဲမှာဆယ်ဆမကစာရေးဆရာတွေလိုစာရေး လာကြတယ်။

Facebookကြီးကဆယ်နှစ်သားမဖြစ်သေးဘူး။
လူတွေကFacebookထဲမှာဆယ်ဆမကမော်ဒယ်တွေလိုဖြစ်လာကြတယ်။

ဒီလိုနဲ့.......
Facebookကြီးကဆယ်နှစ်သားမဖြစ်သေးဘူး။
အပြင်မှာကမ္ဘာမပျက်တောင်
Facebookအထဲမှာဆယ်ဆမကကမ္ဘာပျက်နေပါရောလား။ ။

                                                                                                                                                                သားလတ်
၂၀း၃၈နာရီ
 ၁၂.၀၃.၂၀၁၃

[ ကျွန်တော့်ရဲ့ Sue Thit/ Thar Latt's Page မှာတင်ထားပြီးသား ကဗျာပါ။]

Sunday, April 14, 2013

" ရင်ထဲက မိုး "


၁၉၅၇/ မန္တလေးသင်္ကြန်
အောင်ကျော်ချမ်းအေး မန္တလေးတဲ့
အလွမ်းတေးတွေ ဆိုဖို့အစလား
ကိုငြိမ်းမောင်နဲ့ထားက တူးပို့.......တူးပို့ သီချင်းသံတွေကြားမှာ စတွေ့တယ်။

အလွှာမတူပေမယ့် မေတ္တာတူတဲ့အခါ
ချစ်လာခဲ့သူတွေဖြစ်
အလိုမယူဘဲ အပြစ်မချသူတွေရဲ့သတင်း
' နှစ်ကိုယ်တူ ချစ်သမျှ ' သီချင်းက သက်သေ
ဒါပေမဲ့...
မျက်ရည်နဲ့ခွဲခဲ့ရဖူးတယ်။

အင်တာနက်နဲ့မိုဘိုင်းမရှိတဲ့ခေတ်မှာ
ရင်နာလျက်ပဲ အငိုမဆိုင်းခဲ့ရတာက
ထာဝရခရီးအတွက် ခိုးပြေးဖို့အပျက်
ကိုငြိမ်းမောင် လူရိုးကြီးသစ္စာဖျက်လေသလား
ထား........ထား...........ထား.......လေ
' အတုမရှိကျောင်း ' မှာ အတုမရှိမေတ္တာထားလို့စောင့်ပေမယ့်
လူရိုးကြီးစန္ဒယားဆရာ ခမျာလည်း
မြခက်အမေ အသက်ကိုတစ်ခါလုဖို့
' အတုမရှိကျောင်း ' ကိုလည်း မလာနိုင်
ရောက်ပြန်တော့ ထား ထိုင်ခဲ့တဲ့ နေရာကိုငေး
' နှစ်ကိုယ်တူ ချစ်သမျှ ' တေး အပိုင်းအစ  စာရွက်တွေနဲ့
ကံကြမ္မာရက်စက်ချက်ကို ခါးစည်းခံခဲ့ရတယ်။

' ဖိတ်တဲ့သူက ဖိတ်မှတော့ 
တီးတဲ့သူက တီးရတော့မှာပေါ့ကွာ ' တဲ့
စန္ဒယားဆရာ ကိုငြိမ်းမောင်ရဲ့ အနုပညာမာနစကား
ထားရဲ့မင်္ဂလာမှာ ထားရဲ့အကြင်နာ၊ ထားရဲ့စေတနာတွေ တုန့်ပြန်ဖို့
ရင်မှာမချိပေမယ့် အနုပညာသမား ဂုဏ်ပုဒ်ကိုဆင်
ထား နားထောင်ချင်တဲ့ ' နှစ်ကိုယ်တူ ချစ်သမျှ ' သီချင်း
မေတ္တာရင်းလို့ ဆိုပြရတဲ့အခါ
( ထားရယ်......)
ကိုငြိမ်းမောင် ရင်မှာ ဘယ်လိုရှိလေမလဲ
အနုပညာသမားမှာ မာနရှိပေမယ့်
အနုပညာသမားမှာ မျက်ရည်လည်း ရှိတာပေါ့ကွယ်။

ထား က ထားသွားတဲ့အခါ
ဘ၀က ဘာမျှမကျန်တော့
ဒါပေမဲ့.....သနားစရာ မြခက် ဘဝ
ကိုငြိမ်းမောင် ကရုဏာသက်တဲ့အခါ
' အနုပညာ ပန်းတိုင် ' ကို ချီတက်မှာပေါ့ အတွေး
စန္ဒယားခလုတ်လေးတွေမှာ ပြေးဆော့လို့ ရေးတဲ့အခါ
မေတ္တာ ကမ္ဘာက တစ်ခါ သစ်ပါလေရော။

ဘ၀က တစ်ဆစ်တင် မဟုတ်ဘူး
နှစ်ဆစ် သုံးဆစ်ချိုးတဲ့အခါ
ကိုငြိမ်းမောင်အတွက် သားတစ်ယောက်ကိုချန်ပြီး လက်ပြထွက်
မြခက်တစ်ယောက် လူ့လောကကြီးကို နှုတ်ဆက်တဲ့အခါ
' သူ့အမေက အသက်ပေးပြီး မွေးသွားတဲ့ ကလေးကို
ကျွန်တော့်ရင်မှာပဲ တစ်သက်လုံး ထွေးထားပါရစေ ' လို့ပြောပြီး
သက်ထွေး လို့နာမည်ပေးခဲ့တဲ့ ကလေးရဲ့ဘဝ
စန္ဒယားဆရာ တစ်ဖြစ်လဲ အရက်သမားကြီးရဲ့ လက်ထဲမှာ
ခက်ခဲစွာ ရှင်သန်ခဲ့ရပြန်ပါရော။

စန္ဒယားဆရာရဲ့သား စန္ဒယားတီးတတ်တဲ့အခါ
သံယောဇဉ်နွယ်တစ်စကလည်း ရင်မှာရောက်
( ဒါပေမဲ့......)
ကိုငြိမ်းမောင်ရဲ့ မေတ္တာဇာတ်လမ်းအောက်မှာ ဓားစာခံဖြစ်
နွယ့်ကိုချစ်တဲ့ သက်ထွေးရဲ့အချစ်
လှစ်ခနဲတောင် မပြဖြစ်ခဲ့
သင်္ကြန်ရဲ့အဝေး နွယ်ရဲ့အဝေးမှာ
သက်ထွေးခမျာ တိတ်တိတ်လေး ကြေကွဲရတာပေါ့။

သမီး စိတ်မကောင်းဖြစ်တဲ့အခါ
မနေသာတဲ့ ဒေါ်ခင်ခင်ထား
သွားမတွေ့သင့်ပေမယ့် ကိုငြိမ်းမောင်ဆီအလာ
' ဒီနေရာက စိန်ကောင်းကျောက်ကောင်း ရောင်းဝယ်တဲ့ နေရာ
မဟုတ်ဘူး ဆိုတာတော့ သိပါတယ်နော် ' ဆိုတဲ့
ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းတဲ့ စကား
အသည်းကြား စူးနစ်ပေမယ့်
မိဘမေတ္တာအစစ်နဲ့ ကလေးတွေပျော်ဖို့ တွေးရင်း
' ကလေးတွေကို ပျော်ခွင့်ပေးလိုက်ပါ ' လို့ မချိဘဲ သုံးခဲ့ရ
ကိုငြိမ်းမောင် ဟီလာတိုက်တာ ခံရတာထက်
' အသုံးချဖို့ တစ်ခုခုတော့ လိုပြန်ပြီနဲ့တူတယ် '
' ခင်ဗျားအားမနာတတ်တာ ကျွန်တော်သိပါတယ် ' ဆိုတဲ့စကားတွေသာ ရင်နာလို့
မျက်ရည်ကို အပြုံးနဲ့ဖုံးရင်း
နှလုံးသားတွင်းကိစ္စတွေကို သိုဝှက်
အတိတ်တွေ ရောယှက်နေတဲ့ အိမ်ဘက်က ပြန်ခဲ့တယ်။

ရိုးသားတဲ့ ဖခင်ရဲ့သား
ဖခင်စကားကို တစ်သဝေမတိမ်း နားထောင်တဲ့လူ
ဖခင်သဘောမတူရင် ခြေဦးမလှည့်
နွယ်တို့ သင်္ကြန်ပွဲဘက်ကို မျက်နှာချင်းမဆိုင်
ငိုင်လိုငိုင် ဆွေးလိုဆွေး
သင်္ကြန်တေးတွေကြားက အလွမ်းသမားဘဝ
နွမ်းလျလို့ အိမ်ပြန်တဲ့အခါ
ဖခင်ရဲ့အရက်ပုလင်းက ရင်နာပြေလောက်မလား
တစ်ခွက်လောက်တော့ သောက်မော့ကြည့်မိတယ်။

ဖခင်ရဲ့ အကြင်နာ စေတနာ
အရက်သမား သား၊ အရက်သမား မဖြစ်ရဘူး ဆိုတဲ့ အကြည့်မျိုး
ကိုငြိမ်းမောင် ဒေါနဲ့ပျိုးလေတော့
မျက်ရည်မိုးတွေကြားက အနုပညာသည်ပေါက်စ သက်ထွေးရဲ့စကား
' အရက်သမားရဲ့သား အရက်သောက်တာ မဆန်းပါဘူး အဖေ 
အနုပညာသမားရဲ့ သား အနုပညာ ပြခွင့်မရတာသာ ဆန်းတာပါ 'ဆိုတဲ့ အပြော
ကြည့်ပါဦး.........ကိုငြိမ်းမောင် အူလှိုက်သည်းလှိုက် မောရပြီပေါ့။

နောက်ဆုံးတော့.........
မိဘမေတ္တာလေ
ချစ်ခြင်းရဲ့ ပြယုဂ်လေ
အတိတ်တွေကို ချေဖျက်
သက်ထွေးရေ-မင်းဘ၀ အပျော်နဲ့ဆက်ဖို့
ကိုငြိမ်းမောင် အမှန်တရားတွေမြင်
အနုပညာသမားရဲ့ အနုပညာဂုဏ်ကို ပြချင်ပြ
သင်္ကြန်ရဲ့ ညကို လှပပါစေ
သွားလေတော့ ခွင့်ပြု
' နွေဦးကဗျာ ' မဏ္ဍာပ်နားမှာ မေတ္တာတွေ စုထားတဲ့ အကြည့်
ထားကတော့ မြင်မိအောင် မြင်တယ် ကိုငြိမ်းမောင်။

ဟိုမှာ နွယ်က ပိတောက်ဖူးလေးနဲ့ ကတယ်
ဒီမှာ သက်ထွေးက ကြည်နူးပြုံးနဲ့ တီးတယ်
' တန်ခူးမည်မွတ် ဖက်ဆွတ်ရေတိုး သင်္ကြန်မိုး ' ဆိုတဲ့ အလှပြကားပေါ်ကနေ
' သင်္ကြန်မိုး ' သီချင်းကို ကိုလတ်က ဆိုတယ်
ထားက ၀မ်းသာတဲ့ အပြုံးနဲ့ ခံစားတယ်
ကိုငြိမ်းမောင်က ပီတိနဲ့ ငေးတယ်
အဲဒီလိုနဲ့.........
အနုပညာ၊ ချစ်ခြင်း၊ မိဘမေတ္တာတွေ အမှန်တိုးတော့
' သင်္ကြန်မိုး ' တဲ့လေ
သင်္ကြန်ကျတိုင်း ကျွန်တော့်ရင်မှာ အငြိုးနဲ့ ခဏခဏ ရွာနေတော့တယ်။           ။

သားလတ်
၁၉း၄၃ နာရီ
၁၄.၀၄.၂၀၁၃
သင်္ကြန်အကျနေ့

[ မည်သည့်အချိန်၊ မည်သည့်နေရာ ရောက်ရောက် သင်္ကြန်ကျတိုင်း ပြန်ခံစားမိသည့် ' သင်္ကြန်မိုး ' ရုပ်ရှင်ဇာတ်ကားကြီးကို ခံစားပြီး ရေးပါသည်။ " ပရိသတ် အပေါ် အနုပညာတာဝန် ကျေပွန်ခဲ့ကြသော ဂီတ သုခုမ ပညာသည်များအား လေးစား ဂုဏ်ပြုလျက် " ဟု ဆရာမောင်တင်ဦး ဆိုခဲ့သည့် အတိုင်း ကျွန်တော်ကြိုက်သည့် ' သင်္ကြန်မိုး ' ရုပ်ရှင် ဇာတ်ကားအတွက် ပါဝင်ခဲ့ကြသော ဂီတသုခုမ ပညာသည်များ၊ အနုပညာရှင်များ အားလုံးအတွက် မြန်မာတစ်ယောက် အနေနှင့် ခံစားမိသော သင်္ကြန်ပွဲတော်နှင့် ပတ်သက်သည့် အနုပညာ အားထုတ်မှုများအတွက် ကျေးဇူးတင်သည့်အနေဖြင့် ကျွန်တော်တတ်ကျွမ်းသော စာပေအနုပညာဖြင့် ဂုဏ်ပြုပါသည်။ ]




Wednesday, February 13, 2013

" ရိုးရိုး အလွမ်းကဗျာ တစ်ပုဒ် "


စင်ကာပူမှာ မိုးတွေ ဆက်တိုက်ရွာတယ်
မိန်းမရေ.......လွမ်းလိုက်တာ။

တရုတ်နှစ်ကူး ရုံးလေးရက်ပိတ်တယ်
မိန်းမရေ.......လွမ်းလိုက်တာ။

အရှေ့ဘက်ကမ်းခြေမှာ သူငယ်ချင်းမိသားစုတွေ သွားတွေ့တယ်
မိန်းမရေ.......လွမ်းလိုက်တာ။

ဝက်သားချက်၊ ချဉ်ပေါင်ကြော်၊ ကြက်သားကြော်တယ်
မိန်းမရေ.......လွမ်းလိုက်တာ။

အိမ်နားက ကော်ဖီဆိုင်ပိတ်တယ်
မိန်းမရေ.......လွမ်းလိုက်တာ။

ထမင်းချက်တာများတော့ မကုန်တော့ဘူး
မိန်းမရေ.......လွမ်းလိုက်တာ။

နိုင်ငံခြားကား ကောင်းကောင်းတင်တယ်
မိန်းမရေ.......လွမ်းလိုက်တာ။

ပင်နီဆူလာက၀ယ်လာတဲ့ ချဉ်ပေါင်ရွက်ကရင့်တယ်
မိန်းမရေ.......လွမ်းလိုက်တာ။

အာဆင်နယ် ဒီတစ်ပတ်နိုင်တယ်
မိန်းမရေ.......လွမ်းလိုက်တာ။

ကောင်လေးတွေက ကောင်မလေးတွေကို ချောကလက် ကျွေးတော့မယ်တဲ့
မိန်းမရေ.......လွမ်းလိုက်တာ။          ။

သားလတ်
၂၁း၀၄ နာရီ
၁၃.၂.၂၀၁၃

[ ၁၄.၂.၂၀၁၃ တွင် ကျရောက်သော ဗလင့်တိုင်းနေ့အတွက် အမှတ်တရ ရေးပါသည်။ ]

Tuesday, February 12, 2013

" ရင်ထဲက ခေါင်းဆောင် "


' တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ဆောင်းအကုန် နွေအကူးဝယ်
လေရူးရယ် တသုန်သုန်ကြွယ်
လင်းအရုဏ်ကျင်းတဲ့ အချိန်အခါမယ်
စနေနေ့ဝယ် မွေးဖွားခဲ့ပါတယ် ' တဲ့
သီချင်းတွေနဲ့ သီဖွဲ့
မြင့်မြတ်တဲ့ သူတစ်ဦးရဲ့ အကြောင်း
ဖေဖော်ဝါရီ အဟောင်းများထဲမှာ။

စနေသား ဆယ့်သုံးဂဏန်း
သူ့လမ်းက ကြမ်းတယ်
သူ့ကံက နွမ်းတယ်
( ဒါပေမဲ့...)
သူ့နိုင်ငံအတွက် သူမပန်းခဲ့ဘူး။

အမြော်အမြင် ကြီးပုံများ
အထက်တန်း ကျောင်းသားတစ်ယောက်ရဲ့အတွေး
နိုင်ငံ လွတ်လပ်ရေးအတွက်ဆို
ခိုင်မာတဲ့ တပ်မတော် လိုသတဲ့။

ဖြောင့်မတ်လိုက်ပုံများ
မိဘပြောတာ မှားရင်မှားတဲ့အတိုင်း ဝေဖန်
အမှန်တရားကို ရင်မှာပိုက်
သူက ရိုးသားတဲ့ လူမိုက်တောင် လုပ်ခဲ့တာ။

တာဝန်ယူတတ်ပုံများ
တက္ကသိုလ်ကျောင်းသားဘ၀ အယ်ဒီတာ
' ငရဲခွေးကြီး လွတ်နေသည် ' ဆိုတာ ဘယ်သူရေးမှန်းမသိ
အဲဒီလို ရေငုံနှုတ်ပိတ် နေခဲ့မိတာ။

စွန့်စားလိုက်တာများ
ခန့်ညားတဲ့ ရုပ်ကို ပုံမှားရိုက်
တရုတ်ပုံ သွားတွေစိုက်လို့ အမွိုင်ကိုသွား
ဖမ်းချင်သူများတဲ့ ကြားကလေ။

အပင်ပန်းခံပုံများ
အနိုင်ကျင့်ခံရတဲ့ကြားက စစ်ပညာ
ရဲဘော်သုံးကျိပ်ဝင် အဖြစ်နဲ့ လေ့လာလို့
တစ်နေ့မှာ လွတ်လပ်စေဖို့ပေါ့။

ခေါင်းဆောင်ပီသလိုက်ပုံများ
လမ်းဘေးက ချမ်းအေးတဲ့ အကြော်သည်ကို သနားလို့
ကိုယ်ပေါ်ပါတဲ့ အ၀တ်ကို ချွတ်လို့ လွှမ်းခြုံ
ပြည်သူအတွက် ခေါင်းဆောင်ဆိုတဲ့ ဂုဏ်ကိုပြ
ပြည်သူဆင်းရဲတာ ခေါင်းဆောင် အသုံးမကျလို့ဆိုတာမျိုး ခံယူခဲ့တာလေ။

လက်ရုံးရည်တင်မက
နှလုံးရည်လည်း လှလို့
နိုင်ငံတကာ ခေါင်းဆောင်တွေကြား
စစ်ရေး၊ နိုင်ငံရေး ဖလှယ်ကစားခဲ့တဲ့ ခေါင်းဆောင်
( သူ့ကြောင့်ပဲ.......)
ကျွန်တော်တို့မြန်မာတွေ နိုင်ငံတကာအလယ်မှာ လက်မထောင်ခဲ့ရတာလေ။

ဖေဖော်ဝါရီ ဆယ့်သုံးဖွားတွေ ရှိနေနိုင်ပေမယ့်
သူလိုလူ နောက်ထပ်မရှိနိုင်တော့ပါဘူး။
စနေသားတွေ ထပ်ထပ်ဖွားပေမယ့်
သူလိုလူ ထပ်ထပ် မဖွားနိုင်တော့ပါဘူး။

ဪ-ဒီလိုနဲ့
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါးရဲ့
စနေသား၊ ဖေဖော်ဝါရီ ဆယ့်သုံးဖွား တစ်ယောက်
ကျွန်တော်တို့ရင်မှာ ဘယ်တော့မျှ မပျောက်ပျက်နိုင်တော့ပါဘူး။         ။

သားလတ်
၁၉း၃၀ နာရီ
၁၂.၂.၂၀၁၃

[ ဖေဖော်ဝါရီလ ( ၁၃ ) ရက်နေ့တွင် ကျရောက်သော ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အတွက် ခံစားရေးဖွဲ့ ပါသည်။ ]

Related Posts Plugin for WordPress, Blogger...