Showing posts with label ကျွန်တော်တို့သည်. Show all posts
Showing posts with label ကျွန်တော်တို့သည်. Show all posts

Friday, July 26, 2013

" ကျွန်တော်တို့သည် " ( ၂၀ )



ရန်ကုန်စက်မှုတက္ကသိုလ် တက်နေစဉ်ကာလမှာ ကျွန်တော်မှတ်မိသမျှ အကြောင်းအရာများကို " ကျွန်တော် တို့သည် " ဆိုသော ခေါင်းစဉ်အောက်တွင် အတွဲလိုက် ရေးလာသည်မှာ အမှတ်စဉ် ( ၁၉ ) သို့ တိုင်ခဲ့ပြီး ဆက်၍မရေးသည်မှာ နှစ်ပေါက်ခဲ့လေသည်။ ကျွန်တော်ကိုယ်တိုင် အာရုံမရသည်က တစ်ကြောင်း၊ တချို့ အကြောင်းအရာများမှာ လုံးဝမမှတ်မိတော့သည်က တစ်ကြောင်းတို့ကြောင့် ဆက်မရေးဖြစ်ခဲ့ခြင်းပင်။

ကျွန်တော် ယခုစာစုများကို ရေးစဉ်မှာ ဦးနှောက်က မှတ်မိသမျှ ရေးခြင်းဖြစ်သော်ငြား ကဗျာများကိုတော့ ကျွန်တော့်ကဗျာ စာအုပ်မှ ပြန်ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ထိုကဗျာများမှနေ၍ ကျွန်တော်တို့ ဖြတ် သန်းခဲ့ရသော ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားဘ၀ကို တချို့တစ်ဝက် ပြန် အမှတ်ရ မိစေပါသည်။

သို့သော် ကျွန်တော် ကဗျာမရေးဖြစ်ခဲ့ဘဲ မှတ်မိနေသော အဖြစ်အပျက်တစ်ခု ရှိနေပါသည်။ ယခုစာစုတွင် ထိုအကြောင်းကို ကျွန်တော် ပြောချင်ပါသည်။

ကျွန်တော်တို့ စတုတ္ထနှစ်ကထင်ပါသည်။ နောက်ဆုံးအတန်းတင် စာမေးပွဲပြီးသောနေ့က ရှစ်မိုင်မှာ ခင်ရာမင်ရာ သူငယ်ချင်းများ စားသောက်ဆိုင်သွားထိုင်ပါသည်။ အားလုံး ခြောက်ယောက်၊ ခုနစ်ယောက်လောက် ရှိမည်ထင်ပါသည်။ သောက်သူက သောက်၊ စားသူက စားပါသည်။ ကျွန်တော်က အစားသာ စားပါသည်။ အသောက်သမား မဟုတ်ပါ။ သို့သော် သူငယ်ချင်းများသောက်လျှင်လည်း ထိုဝိုင်းမှာ ကျွန်တော် ထိုင်ပါသည်။

သည်လိုနှင့် ရှစ်မိုင်မှာ စားသောက်ပြီး မည်သည့်နေရာသွားမည်နည်း ဆိုသည်ကို ဆုံးဖြတ်ကြသည့်အခါ  အားလုံး အင်းလျားကန်သွားရန် သဘောတူကြပါသည်။ သွားမည်ဆိုသောအခါ လိုင်းကားစီးရပေမည်။ ထိုစဉ်က ရှစ်မိုင်မှ အင်းလျားကန်သို့ ဟိုင်းလပ်ကားများလည်း ဆွဲပါသည်။ နံပါတ်တော့ ကျွန်တော် မမှတ်မိတော့ပါ။ သည်လိုနှင့် ကားပေါ်ကို ကျွန်တော်တို့ ရောက်ခဲ့ပါသည်။

သို့သော် ကျောင်းသားဘ၀ထုံးစံ ကားခဘယ်သူပေးမလဲ ဆိုသည်ကို Random နှိပ်ပါသည်။ ကျွန်တော်ရှုံး၍ ကျွန်တော်ပေးခဲ့ရပါသည်။ သည်သို့ဖြင့် မှောင်ရီပျိုးစမှာ အင်းလျားကန်ဘောင်ကို ရောက်ပါသည်။ ကျွန်တော့်သူငယ်ချင်းတချို့ နည်းနည်း အရှိန်ရစပြုလာပါသည်။ ကျွန်တော်တို့ ကန်ဘောင်ပေါ်မှာ ထိုင်သည်။ ပြောချင်ရာပြော၊ အော်ချင်ရာအော်သည်။ ပြီးတော့ တချို့သူငယ်ချင်းများ ကန်ဘောင်ပေါ် ကျောက်တုံးများပေါ်မှာ လှဲချ၍ ကောင်းကင်ကိုကြည့်ကာ သီချင်းဆိုကြသည်။

အချိန်နည်းနည်းကြာတော့ နေရာက ထရန်ပြင်သည်။ ဖြစ်ချင်တော့ ကန်ဘောင်က အထမှာ ကျောင်းက သူငယ်ချင်း အချို့နှင့် ထပ်တွေ့ပြီး သူတို့ကလည်း သူတို့မှာပါလာသော လက်ကျန်အရက် ပုလင်းများကို ပေးလေသည်။ ကျွန်တော်နှင့်အတူ ပါလာသော သူငယ်ချင်းများ မသယ်နိုင်တော့။ သည်တော့ ကျွန်တော်က ကျွန်တော့်လွယ်အိတ်ထဲမှာ ထည့်၍ သူတို့သောက်ရန် သယ်ပေးလေသည်။

ထို့နောက် ဘယ်ဆက်သွားမှာလဲဟု တိုင်ပင်ကြရင်း ကျွန်တော်တို့ ရန်ကုန်စက်မှုတက္ကသိုလ်၏ ပထမနှစ်မှသည် စတုတ္ထနှစ်အထိ အဆောင်များရှိရာ သမိုင်းဝင်းထဲသို့သွားရန် ပြင်လေသည်။ ထိုအစီ အစဉ်ကို ကျွန်တော်သဘောကျသည်။ သူငယ်ချင်းများ စာမေးပွဲပြီး၍ ညဘက် အဆောင်မှာ လူစုံနေလောက်ပြီ။ သူတို့ကိုလည်း တွေ့ချင်သည်။ တချို့နယ်ပြန်ရမှာ မဟုတ်လား။

သည်လိုနှင့် ကန်ဘောင်မှသည် လှည်းတန်းသို့ လမ်းလျှောက်၍ ခြောက်မိုင်ခွဲဘက် ကားစီးရန် လိုင်းကားစောင့်တော့ လိုင်းကားကမလာ။ ကြားကားတစ်စီး ရောက်လာသည်။ ကြားကားသာဆိုသည်။ ဘတ်စ်ကားပုံစံ မဟုတ်။ တီအီကားကြီး ဖြစ်သည်။ ကျွန်တော့်ဦးလေး အေဂျီတီအိုင် မိုင်းနင်း သမား၏ ရွှေစီမံကိန်း လုပ်ကွက်ထဲက ၀န်ထမ်းကြိုပို့ကားမျိုးကြီး။ တကယ့် အကြီးကြီးမှ အကြီးကြီး။ ကျွန်တော်တို့ကလည်း အပျော်နှင့် အရှိန်ကရနေ၊ ရန်ကုန်မြို့လယ်ခေါင်မှာ တီအီးကားကြီး စီးပြီး ညဘက်မှာ သွားချင်ရာ သွားရမှာဖြစ်၍ ဟေးဟုအော်ကာ ကားပေါ်သို့ ဖက်တက်ကြလေသည်။

ထို့နောက် သမိုင်းဝင်းသို့ သွားရန် ကားမှတ်တိုင်ရောက်သည့်အခါ ဆင်း၍ လမ်းလျှောက်ကြသည်။ မှတ်မှတ်ရရ ထိုနေ့က ကျွန်တော်တို့ သမိုင်းဝင်းများရှိရာဘက်ကို သွားသည့်လမ်းမှာ စာတိုက်ပုံးတစ်ပုံးက ပွင့်နေသည်။ စာများက ထွက်ကျနေ၏။ ကျွန်တော်တို့ စာအိတ်များကို လိပ်စာများဖတ်ပြီး ဒါက ဘယ်ကိုပို့တာ၊ ဘယ်သူ့စာ စသည်ဖြင့် လျှောက်နောက်ကြရင်း စာတိုက်ပုံးထဲ ပြန်ထည့်ပေးခဲ့လေသည်။

သမိုင်းဝင်းသို့ သွားရာလမ်းမှာတော့ ကျောင်းသားများ၏ လှုပ်လှုပ်ရှားရှား သွားလာဟန်များကို မြင်ရသလို ကားတစ်စီးကို ပျက်နေသည်ဟု ဆိုကာ ရှေ့ဖုံး၊ နောက်ဖုံးဖွင့်လျက် ရှေ့နောက် ယောကျာ်းလေး အစောင့်များနှင့် လူကြည့်ပေးနေသော ကားမျိုးကိုလည်း တွေ့ရသေးသည်။ ထိုကားကို စောင့်နေသူတို့က "စက်ပြင်ဆရာ သွားခေါ်တဲ့ကောင်ကလည်း ကြာလိုက်တာ " ဟု ရေရွတ်နေသောအခါ ကျွန်တော့် သူငယ်ချင်း တစ်ယောက်က " လုပ်မနေပါနဲ့ကွာ၊ ဒါမျိုးတွေ ရိုးနေပြီ။ ငါတို့လည်း ကျောင်းသားပါပဲ " ဟု ပြောသံကြားတော့ ကျွန်တော်က နားမလည်။ နောက်မှ သူငယ်ချင်းများ ရှင်းပြသည်ကို သိရသည်မှာ ထိုအချိန်က အနှီ အင်းလျားလေးဟု ဆိုကြသည့် အာရ်စီတူးနားမှာ ညဘက်ဆို ညဥ့်ငှက်မလေးတချို့ ၀ဲပျံနေကြ၍ အလွယ်ရသည်ဟု ဆိုသည်။ မရလည်း တခြားနေရာက သွားခေါ်လာပြီး ကားပါလျှင် အာရ်စီတူးနားက မှောင်ရိပ်များသည် အဆင်ပြေသည်ဟု သိရ၏။ မှတ်သားရလေသည်။

သည်လိုနှင့် သမိုင်းဝင်းထဲသို့ရောက်ပြီး ထိုအချိန်က နာမည်ကြီးအဆိုတော် တစ်ယောက်၏ညီ ကျွန်တော်တို့ သူငယ်ချင်းတစ်ယောက်ကို ရှာ၏။ ဖြစ်ချင်တော့ ထိုသူငယ်ချင်းက မရှိ။ သို့သော် သူ့အခန်းဝင်ပြီး ကျွန်တော်တို့ နားကြ၏။ မနားလို့ မရ။ ပြည်လမ်းမှသည် သမိုင်းဝင်းသို့ လမ်းလျှောက်ရသည်မှာ တော်တော်ကြာ၏။ ကန်ဘောင်မှသည် လှည်းတန်းသို့လည်း လမ်းလျှောက်ခဲ့ ပြီးလေပြီ။ ကျွန်တော့်မှာ အရက်ပုလင်းများလည်း ပါလာသေးရာ လေးလည်းလေး၊ ညောင်း လည်းညောင်း၏။

သမိုင်းဝင်းရောက်တုန်း ကျွန်တော်ကတော့ သူငယ်ချင်းများကို မြင်ပြီး သဘောကျနေသည်။ ကျွန်တော်က နေ့ကျောင်းသား ( ရန်ကုန်က ကျောင်းတက်သူ ) ဖြစ်၍ နယ်က သူငယ်ချင်းများလို ကျောင်းဆောင် နေခွင့်မရ။ ထို့ကြောင့် သူတို့၏ အဆောင်ကျောင်းသားဘ၀ကို သိပ်သိချင်၍ ရံဖန်ရံခါ သွားလည်ရသည်။ ထီးကိုးလက် စားသောက်ဆိုင်များ၊ စဥ့်ကူ၊ အင်းလေး၊ ပုပ္ပါး၊ ဇီဝက၊ ဒူးယား စသော အဆောင်များသည်ကား ကျွန်တော်နှင့် ခင်သော နယ်မှ သူငယ်ချင်းများ၏ ကျင်လည်ကျက်စားရာ။

သူတို့ကိုမှီ၍ ကျွန်တော်က အဆောင်များကို ရောက်သည်။ ရံဖန်ရံခါ စာသွားကျက်သည်။ အာရ်စီတူးဘက်က ကင်တင်းန်မှာ လက်ဖက်ရည်ဆိုင်ထိုင်သည်။ တည့်တည့်ပြောရလျှင် ကျွန်တော်တို့ ကျောင်းနှင့် မတူသည့် အလှအပများကို သွားကြည့်သည်။ ( ကိုယ့်ကျောင်းမှာလည်း အလှအပများ မရှိဘူးဆိုလျှင် သူငယ်ချင်းများ စိတ်ဆိုးမည်စိုး၍ ကျောင်းနှင့် မတူသည့် အလှအပများဟု ကျွန်တော်သုံးပါသည်။ သူငယ်ချင်း မိန်းကလေးများ နားလည်မည်ထင်ပါသည်။ )

သည်တော့ စာမေးပွဲပြီးချိန် ညဘက်မှာ အဆောင်ကိုရောက်တုန်း ဘယ်သူဘာလုပ်နေလဲ မေးရ၊ လိုက်ကြည့်ရနှင့် ပျော်ဖို့ကောင်းနေတော့သည်။ သို့သော် တချို့ သူငယ်ချင်းများကလည်း အတန်းထဲတွင် ရိုးရိုးအေးအေး နေသလောက် ယခုအဆောင်ညဘက်မှာ အရက်ကို တိုးတိုးတိတ်တိတ် သွားဝယ်သူနှင့်၊ အခန်းသော့ခတ်ထားသူနှင့်၊ ဖဲရိုက်သူနှင့် စုံနေအောင်တွေ့ရ၍ ကျွန်တော့်မှာ ရန်ကုန်စက်မှု တက္ကသိုလ်ကျောင်းသားဘ၀၏ တကယ့်ကျောင်းသားဘ၀ အစစ်ကို မြင်ရလေတော့သည်။ ကျွန်တော်တို့မှာ စာသင်ခန်းများ၊ စာကြည့်တိုက်၊ လက်တွေ့ခန်းများကြား ပြေးဟယ်လွှားဟယ် ဖြစ်ခဲ့ပြီးမှ ယခုလို စာမေးပွဲ နောက်ဆုံးနေ့၏ လွတ်လပ်သောညရင်ခွင်မှာ စိတ်လွတ်ကိုယ်လွတ် ပျော်ရသည်ကို ထူးကဲသော အရသာတစ်မျိုးသဖွယ် ခံစားရလေသည်။

ခဏနေတော့ ကျွန်တော်နှင့် သူငယ်ချင်းများလည်း အခန်းပိုင်ရှင် သူငယ်ချင်း ပြန်မလာ၍ သဇင်ဆောင်ဘက် သွားရန်ပြင်လေသည်။ ထိုအချိန်မှာ ကျွန်တော့်သူငယ်ချင်း တချို့မှာ လက်ကျန်အရက်များကို အပြတ်ရှင်း၍ ရေချိန်လည်း နည်းနည်းတော့ကိုက်နေပေပြီ။ တချို့ဆိုလျှင် ကျွန်တော်က ဖိနပ်ချွတ်ထားပြီး ခုတင်ပေါ်လှဲနေစဉ်မှာ ခုတင်အောက်က ကျွန်တော့်ဖိနပ်ကို ပိတ်ကန်လိုက်သည်မှာ မနည်းပြန်ရှာယူရသည်အထိ ဖြစ်နေပေပြီ။ သို့သော် သူတို့သွားမည်ဆိုလျှင် ကျွန်တော်ကလည်း လိုက်မည်ဖြစ်၍  ကျွန်တော်တို့ရန်ကုန်စက်မှုတက္ကသိုလ်၏ ပထမနှစ်မှ စတုတ္ထနှစ်အထိ မိန်းကလေးများထားရာ သဇင်ဆောင်ဆိုသည့် အဆောင်ကို ခြေဦးတည်နေလေရာ ကျွန်တော် လည်း ပျော်ပျော်ကြီး ထလိုက်လေတော့သည်။

ဖြစ်ချင်တော့ သဇင်ဆောင်မှာ ခြံစည်းရိုးပြင်နေသည်လား၊ အဆောင်မွမ်းမံနေသည်လား မပြောတတ်။ အဆောင်ဝမှာ သဲပုံကြီးက ပိတ်နေလေသည်။ သို့သော် တခြား သီချင်းဆိုနေသော သူငယ်ချင်းများနှင့် ရောကာ ကျွန်တော်တို့လည်း သီချင်းများ ၀င်ဆို၍ ကျွန်တော်တို့ကျောင်း၏ အလှပဂေးများ အဆောင်ပေါ်မှ ပြူတစ်၊ ပြူတစ်ဖြင့် ကိုယ်ရောင်ပြနေသည်ကို ငေးကာ ပျော်ခဲ့ ရလေတော့သည်။ ဖြစ်ချင်တော့ ကျွန်တော်တို့ အဖွဲ့ထဲမှ လျှပ်စစ်စွမ်းအားက သူငယ်ချင်းတစ်ယောက်မှာ သဲပုံပေါ်လှိမ့်ကာ၊ ပတ်ကာ ပျော်မြူးနေ၍ သူ့ကိုကြည့်ရင်း ကျွန်တော်တို့ ရယ်မောခဲ့ရလေတော့သည်။

ထို့နောက် သဇင်ဆောင်က ထွက်ကာ ရှစ်မိုင်သို့ ခြေကျင်လျှောက်ကြပြန်သည်။ ထိုအချိန်အထိ ကျွန်တော်တို့မှာ ရည်ရွယ်ချက်မရှိ လျှောက်သွားနေသည်သာ ဖြစ်လေသည်။ စာမေးပွဲပြီး၍ ပျော်နေသည့် စိတ်ကို လွှတ်ပေးထားခြင်းပင်။ ရှစ်မိုင်ရောက်သည့်အခါ ညနေက စားထားသည့် စားစရာများမှာ ဗိုက်ထဲမှာ မကျန်တော့ချေ။ အားလုံးက ဗိုက်ဆာလာလေသည်။ ထို့ကြောင့်နီးစပ်ရာ ဆိုင်တစ်ဆိုင်ကို ၀င်လိုက်စဉ် ထိုဆိုင်မှာ ထမင်းဆိုင်ဖြစ်သော်ငြား ကုလားဆိုင်ဖြစ်နေကာ ပဲဟင်းသာ ကျန်တော့သည်ကို တွေ့ ရလေသည်။

ကျွန်တော်တို့မှာ ဗိုက်ကလည်းဆာ၊ တခြားဆိုင်များကလည်း သိမ်းနေပြီဖြစ်ရာ ရရာနှင့်သာ ဆွဲကြလေတော့သည်။ ထမင်းစားပြီးတော့ အိပ်ရန်နေရာကို စဉ်းစားရတော့၏။ အားလုံး ခြောက်ယောက်၊ ခုနစ်ယောက်လောက် ဖြစ်လေရာ အဆောင်လည်း မပြန်ချင်တော့။ ကျွန်တော်တို့နှင့် ရင်းနှီးသည့် သူငယ်ချင်းများထဲက ရှစ်မိုင်နှင့် အနီးဆုံး သူငယ်ချင်းကို ချက်ချင်းပြေးမြင်မိလေရာ ဖုန်းဆိုင်ကို သွား၍ ဖုန်းခေါ်ရလေ၏။ သူငယ်ချင်းကလည်း တော်ရှာပါပေသည်။ ကျွန်တော်တို့ကို ခဏစောင့်ရန်ပြောပြီး သူ့ကားနှင့် အိမ်ကိုလာခေါ်၏။

သူ့အိမ်မှာ ခြံကျယ်၊ အိမ်ကျယ်နှင့် အလုပ်သမားတန်းလျားကပင် မိသားစု လေး၊ ငါးစု အသာကလေး နေလို့ရနေရာ ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက်အတွက် အခန်းတစ်ခန်း ကပင် ချောင်ချောင်ချိချိ ဖြစ်လို့နေတော့သည်။ ကျွန်တော်တို့မှာ ရှိရင်းအုပ်စုထဲကို နောက်ထပ် အိမ်ရှင် သူငယ်ချင်းတစ်ယောက်တိုးလာ၍ စကားဝိုင်းက ရပ်မရတော့။ အိမ်ရှင်သူငယ်ချင်းကလည်း ညသန်းခေါင်ကျော်မှာ ကျွန်တော်တို့ ဆာနေမှန်းသိ၍ ပေါင်မုန့်ထုပ်များ ယူလာချပေးသည်။ ပိုဆိုးသွားသည်က ဂစ်တာတစ်လက် သူကယူလာပေး၍ ထိုညက ကျွန်တော်တို့ ဘယ်အချိန်မှာ ဘယ်လိုအိပ်ပျော် သွားမှန်းပင် မသိ။

နောက်တစ်နေ့ အိပ်ရာနိုးတော့ ကျွန်တော်က တချို့သူငယ်ချင်းများနှင့် ပြန်ရန်ကြိုးစားစဉ် အိမ်ခြံဝင်းထဲမှာ လွှတ်ထားသော ခွေးအကြီးကြီးများကိုတွေ့၍ နေရာကပင် မလှုပ်ရဲ။ အိမ်ရှင် သူငယ်ချင်းနိုး လာမှ နှုတ်ဆက်ပြီး ထပြန်လေတော့သည်။

ထိုညကလေးက သည်နေ့အထိ ကျွန်တော့်ဦးနှောက်ထဲမှာ စွဲထင်နေတုန်း။ အိမ်ရှင်သူငယ်ချင်းက ယခု ဓာတ်ပုံ အနုပညာကို လိုက်စားနေသော အင်ဂျင်နီယာ တစ်ဦး။ ထိုညက ကျွန်တော်နှင့်ပါသော သူငယ်ချင်းများထဲမှာ တချို့က သင်္ဘောလိုက်၊ တချို့က စင်ကာပူမှာ၊ တချို့က စင်ကာပူမှာ လုပ်နေရာက မြန်မာပြည်ပြန်၊ သည်လိုနှင့် ဘ၀တွေ ဆက်နေကြသည်။

ကျွန်တော်တို့သည် ရန်ကုန်စက်မှုတက္ကသိုလ်ဆိုသော ကျောင်းတော်ကြီးအောက်မှာ လည်ပင်း ဖက်ပေါင်းရင်း ရှင်သန်ပျော်ပါးခဲ့သူများ ဖြစ်၏။ ကျွန်တော်တို့သည် စာသင်ခန်းထဲမှာ ဦးနှောက်ရှုပ်နေသမျှကို စာမေးပွဲပြီးတိုင်း လွှတ်ချနိုင်သမျှ လွှတ်ချခဲ့သူများလည်း ဖြစ်သည်။ ထို့ပြင် ကျွန်တော်တို့သည် ပတ်ဝန်းကျင်ကို မထိခိုက်ဘဲ ကျွန်တော်တို့၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ဖြင့် ကျွန်တော်တို့၏ အပျော်များကို စားသုံးသူများလည်း ဖြစ်သည်။ ကျွန်တော်တို့ကို ပြင်ပက မည်သူမဆို လွတ်လပ်စွာ ထင်မြင်နိုင်ခွင့်ရှိသလို ကျွန်တော်တို့ကလည်း ကျွန်တော်တို့ကျောင်းနှင့် ပတ်သက်၍ အစွဲကြီးသူများဖြစ်ကာ သူငယ်ချင်းချစ်စိတ် ပြင်းထန်သူများလည်း ဖြစ်ကြလေသည်။         ။

ဆူးသစ်
၂၃း၂၅ နာရီ
၂၆.၇.၂၀၁၃

Monday, December 12, 2011

" ကျွန်တော်တို့သည် "(၁၉)


ကျွန်တော်တို့ တတိယနှစ်၊ ရန်ကုန်စက်မှုတက္ကသိုလ်ရောက်သည့်အခါ ၁၉၉၅ခုနှစ်ထဲမှာရှိသေးသည်။ ကျွန်တော်က Mechanical ကိုရသည်။ သွင်မောင်မောင်၊မင်းဘုန်းလှိုင်၊ကိုအောင်ကျော်သက်၊ကျော်မင်းမင်း အစရှိသူတို့သည် ကျွန်တော်နှင့် မက်ခ်မှာလာဆုံသည်။ ကျွန်တော်တို့ကျောင်းမှာ Mechanical ကို မက်ခ်( Mech) ဟု အတိုခေါ်ကြ၏။ အတန်းများကိုလည်း တတိယနှစ်ဆိုလျှင် သုံးတန်း၊ စတုတ္ထနှစ်ဆိုလျှင် လေးတန်း စသည်ဖြင့်ခေါ်ကြ၏။ ကျောင်းကလူတွေ အချင်းချင်းကတော့ အလွယ်တကူ နားလည်ကြသည်။

ကျောင်း၏ထုံးစံအတိုင်း တတိယနှစ်မှာ သက်ဆိုင်ရာမေဂျာအလိုက် Fresher Welcome များလုပ်ကြသည်။ ပထမနှစ်တုန်းကလည်း တစ်ကျောင်းလုံးအတွက် Welcome အခမ်းအနားလုပ်ကြ၏။ ကျွန်တော်တို့ တက်နေစဉ်က ပါမောက္ခချုပ်သည် ဆရာကြီး ဦးကြင်စိုး။ Mechanical Department ၏ ဋ္ဌာနမှူးသည် ဆရာ ဒေါက်တာချမ်းငြိမ်း။ ထိုဆရာနှစ်ယောက်၏ ပညာရေး နောက်ခံ အကြောင်းများက မွှေးလှသည်။ ကျွန်တော်သိရသလောက်ဆိုလျှင် ဆရာချမ်း( ဆရာဒေါက်တာချမ်းငြိမ်းကို ကျွန်တော်တို့တပည့်များက ချစ်စနိုးဖြင့် ဆရာချမ်းဟု ခေါ်ပါသည်။) သည် ကျောင်းသားဘ၀က အတန်းတိုင်း၏ Roll-1 ဟုဆိုကြသည်။ ကျွန်တော်တို့ကျောင်းမှာ မေဂျာမှာပဲဖြစ်ဖြစ်၊ ပထမနှစ်နှင့် ဒုတိယနှစ်ပဲဖြစ်ဖြစ် ခုံနံပါတ် တစ်ဆိုလျှင် စာတော်သူဟု သိပြီးသား။ ထို့ကြောင့် နောက်ဆုံးနှစ်အထိ အတန်းတိုင်း၏ ခုံနံပါတ်တစ်ဆိုလျှင် စဉ်းစားသာကြည့်စေချင်ပါသည်။

ဆရာကြီး ဦးကြင်စိုးနှင့် ဆရာချမ်းသည် နှစ်ယောက်စလုံး အမေရိကားမှ ဘွဲ့ရသူများဟု ဆိုကြသည်။ ဒါကိုတော့ သိသူများရှိလျှင် ထပ်ဖြည့်စေချင်သည်။ ကျွန်တော်တို့က နားကြားသာရှိတာဖြစ်သည်။ လွဲချင်လည်း လွဲနိုင်သည်။ သို့သော် ကျွန်တော်တို့ကျောင်း၏ ပါ/ချုပ် နှင့် ကျွန်တော်တို့မေဂျာ၏ ဋ္ဌာနမှူးသည် မက်ခ်မှဖြစ်ပြီး အမေရိကားမှ ဘွဲ့ရခဲ့သည် ဆိုသောအချက်ကတော့ ကျွန်တော်တို့လို မက်ခ်ကျောင်းသားများ၏ ဂုဏ်ယူစရာ တစ်ခုဖြစ်ခဲ့ပါသည်။

ကျွန်တော်တို့မေဂျာ၏ Fresher Welcome မှာ ဆရာချမ်းပြောခဲ့သည်ကို ကျွန်တော်မှတ်မိတာ တစ်ခုရှိသည်။ ကျွန်တော်တို့ မက်ခ်သည် ကျောင်းဘောလုံးမှာ နှစ်စဉ် ဒို်င်းရသည်။ ဆရာချမ်းက ပြီးခဲ့သည့်နှစ်က မြို့ပြနှင့် တွဲယူခဲ့သည်မှာ နှစ်တိုင်းမက်ခ်ကချည်းရနေ၍ ထိုနှစ်မှာ ပူးတွဲယူခဲ့ပြီး ဒိုင်းကို Civil နှင့်ခြောက်လစီ သိမ်းထားချင်၍ ဖြစ်သည်တဲ့။ ကျွန်တော်တို့ ပျော်၍ ရယ်မောခဲ့ရသည်။ ဟုတ်လည်းဟုတ်သည်။ မက်ခ်သည် ယောက်ျားလေးများ၍ ဘောလုံးကန်လျှင် နိုင်ဖို့များတာ ဒုတိယနှစ်ကတည်းက ကျွန်တော်တို့သိခဲ့သည်ပဲ။ ကျွန်တော်တို့ပင် ဒုတိယနှစ် အတန်းသားများ အနေဖြင့် မက်ခ်ကို ကလော်တုတ်ခဲ့ကြသေးသည်။ ခုတော့ ကိုယ်တိုင် စက်မှုဘာသာရပ်၏ တတိယနှစ်ကျောင်းသား အဖြစ် ဂုဏ်ယူစွာ ရပ်တည်ခဲ့ပြန်လေသည်။

ကျွန်တော်တို့ Fresher Welcome မှာ အခြားသော ကျောင်းများ၏ ထုံးစံအတိုင်း King နှင့် Queen ကို ရွေးကြသည်။ မဲပေးပြီး ရွေးကြသောအခါ ကျွန်တော်တို့မှာ နာမည်များလည်း မသိသေး၍ အချင်းချင်း လက်တို့ မေးပြီး ကြိုက်လျှင် မဲပေးကြ၏။ ယောက်ျားလေးတို့ ထုံးစံ Queen ကို အားလုံး တစ်ပြေးညီ မဲပေးကြပြီးသောအခါ King ကိုတော့ ဘယ်သူ့ပေးရမှန်း မသိခင်မှာပင် တခြားယောကျာ်းလေးများက အတန်းထဲက သူငယ်ချင်းတစ်ယောက်ကို ၀ိုင်း၍ မဲပေးလိုက်ကြ၏။

အမှန်အတိုင်း ပြောရလျှင်လည်း ကျွန်တော်တို့နှစ်၏ King နှင့် Queen သည် သူတို့ရရှိသော ဂုဏ်ဒြပ်များနှင့် ညီပါပေသည်ဟု ဆိုရမည် ဖြစ်သည်။ အားလုံးသည် ချောချောလှလှနှင့် ခန့်ခန့်များ။ သူတို့နာမည် အရင်းများကိုတော့ ကျွန်တော်မမှတ်မိတော့ပါ။ အဘယ့်ကြောင့်ဆိုသော် သူတို့ထိုဘွဲ့များ ရပြီးကတည်းက သူတို့နာမည် အရင်းများလည်း တစ်ခါမျှ မခေါ်ခဲ့။ ယနေ့အထိ Facebook မှာ ကျွန်တော်တွေ့လျှင် Queen ကို Queen ဟုသာခေါ်ပြီး King ကိုတော့ ကျောင်းတုန်းကတည်းက King ဟုသာ ခေါ်ခဲ့၍ ယခုလည်း Facebook မှာ ရှာနေဆဲပင်။ ကျွန်တော်မမေ့သေးသည်က သူတို့ကို King နှင့် Queen အဖြစ် ကြေငြာအပြီး Crown များဆောင်းပေးခဲ့တာ ဖြစ်သည်။ ပြန်တွေးသည့် အခါတိုင်း ပြုံးနေဖြစ်ပါသေးသည်။ သည်ဘက်ခေတ် ကျောင်းသားဝတ်စုံနှင့် ထို အဆောင်အယောင်များမှာ ရယ်စရာကြီး ဖြစ်နေသည်မဟုတ်လား။

ကျွန်တော်တို့ တတိယနှစ်၊ ရန်ကုန်စက်မှုတက္ကသိုလ်၏ စာသင်နှစ်ကာလမှာ ထူးခြားတာ တစ်ခုရှိပါသည်။ ၁၉၂၀ ခုနှစ်တုန်းက စတင်တည်ထောင်ခဲ့သော ရန်ကုန်တက္ကသိုလ်သည် ၁၉၉၅ခုနှစ်သို့ ရောက်သောအခါ (၇၅) နှစ်ပြည့် စိန်ရတုသဘင် အခမ်းအနားသို့ ရောက်ရှိခဲ့လေသည်။ ထို့ကြောင့် ကျွန်တော်တို့ ကျောင်းတက်နေစဉ်ကာလမှာပင် တက္ကသိုလ် စိန်ရတုနှင့်ကြုံရလေရာ ပျော်ရွှင်ဝမ်းမြောက် စရာ ဖြစ်လို့နေပါတော့သည်။

ထိုအချိန်၌ ကျွန်တော်တို့ကျောင်းတွင် စိန်ရတုအထိမ်းအမှတ် ကဗျာ၊ ၀တ္ထုတို၊ ဆောင်းပါး ပြိုင်ပွဲများ ကျင်းပရာ နဂိုကတည်းက စာပေ၀ါသနာပိုးရှိသူ ကျွန်တော့်မှာ မနေနိုင်၊ မထိုင်နိုင် ၀င်ပြိုင်ခဲ့မိပါသည်။ သို့သော် မည်သည့်ဆုမျှ မရခဲ့။ ထိုစဉ်က Civil က၀င်ပြိုင်သော နာမည်လေးလုံးနှင့် အစ်မတစ်ယောက်မှာ သူချည်းသာ ပထမရခဲ့လေသည်။

ကျွန်တော်သည် ထိုစဉ်က ရန်ကုန်တက္ကသိုလ်၏ စိန်ရတုအတွက် ကဗျာများစွာကို ခံစားရေးသားထားရာ ထိုကဗျာများကို မဂ္ဂဇင်းသို့လည်း ပို့ဖြစ်ခဲ့ပါသေးသည်။ ထိုသို့ပို့ခဲ့သည့် ကဗျာများထဲမှ ရွှေသမင် မဂ္ဂဇင်းသို့ ပို့ခဲ့သော အောက်ပါကဗျာမှာ ထိုစဉ်က ရွှေသမင် မဂ္ဂဇင်းတွင် ကဗျာအယ်ဒီတာ အဖြစ်တာဝန်ယူနေသူ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)က ကြိုက်နှစ်သက်၍ သူထုတ်ဝေနေသော အရိန္ဒမာမဂ္ဂဇင်းတွင် လွှဲယူဖော်ပြခဲ့လေသည်။

"ချစ်ခြင်းများစွာဖြင့်"

ကြည့်စမ်းပါဦး
အပြုံးမပျက်၊ ခရီးဆက်ကာ
အသက်ရှည်သမျှ
အခက်ပွေကြလည်း
(သူမကတော့...........)
အရှက်တွေနဲ့လှဆဲပင်။

၇၅-နှစ်
ချစ်ချစ်စရာ၊ ကာလကျော်ဖြတ်
မားမားရပ်လို့၊ မပြတ်သမုဒယ
ခွဲခွာကြသူ၊ မျှယူခံစား
အဆွေးတွေကြားထဲ
ဝေးနေငြားလည်း ချစ်ဆဲပင်။

နွေထဲဆိုလျှင်
ရော်ကျင်ညှိုးခြောက်၊ သစ်ခေါက်သစ်ရွက်
ပင်ထက်မှကျ၊ ထိုခဏတောင်
သူမအလှ မကွယ်ဝှက်။

မိုးထဲဆိုလျှင်
ရေစင်ဆွတ်ဖျန်း၊ တက်ကြွလန်းလို့
ပန်းတို့လည်းလှ၊ သူလည်းလှလို့
သူမအလှ မဖုံးကွယ်။

ဆောင်းထဲမှာလည်း
အမြဲအေးချမ်း၊ မြူငွေ့လွှမ်းထား
ဘယ်ဘယ်နားကြည့်၊ ချမ်းမြေ့မိကာ
သူမသာပဲ လှနေဆဲ။

အိုတက္ကသိုလ်
အရှက်ပိုလှ၊ ကာလများစွာ
ထာဝရမပမ်း၊ ခရီးကြမ်းနှင်
လမ်းထွင်လျှောက်လှမ်း၊ ရာသီလမ်းမှာ
တမ်းတမ်းတတ၊ အဝေးမှလူ
ပျော်ကြပါးကြ၊ အနီးမှလူ
ဘယ်သူခွဲခွဲ၊ အမြဲတမ်းပြုံး
အမုန်းမဖက်၊ မေတ္တာယှက်ကာ
တစ်သက်တာကာလ
အစဉ်ထာဝရသာ
အကြင်နာအချစ်ဟောင်းများဖြင့်
နှစ်ပေါင်းများစွာနွှဲနိုင်စေ ။ ။


ကျွန်တော်တို့သည် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားများအဖြစ် ရန်ကုန်တက္ကသိုလ်၏ စိန်ရတုသဘင် အခမ်းအနားကို ကြုံခဲ့ရသူများ ဖြစ်ခဲ့ကြ၏။ ကျွန်တော်တို့သည် လေးစားစရာ ကောင်းသော ဆရာကြီးများ၏ အုပ်ချုပ်မှုနှင့် သွန်သင်ဆုံးမမှုများ အောက်မှာ ကျွန်တော်တို့၏ ပညာသင်နှစ်များကို ဖြတ်သန်းခဲ့ရ သူများ ဖြစ်ခဲ့ကြ၏။ ကျွန်တော်တို့သည် ကျွန်တော်တို့ကို နွေးထွေးစွာ ကြိုဆိုခဲ့ကြသော Fresher Welcome များကို ဖြတ်သန်းရင်း မောင်နှမရင်းချာများသဖွယ် စကြ၊ နောက်ကြရင်း၊ King နှင့် Queen များကိုလည်း ရွေးကာ ဘ၀တစ်လျှောက် ခင်စရာကောင်းသည့် သူငယ်ချင်းများကို ရခဲ့သူများလည်း ဖြစ်ခဲ့ကြ၏။ ။

ဆူးသစ်
၂၀:၅၇ နာရီ
၁၂.၁၂.၂၀၁၁



Sunday, October 9, 2011

"ကျွန်တော်တို့သည် " ( ၁၈ )


ရန်ကုန် စက်မှုတက္ကသိုလ် တက်နေစဉ်မှာ ကျွန်တော့်ကဗျာပိုးကို သိနေသောသူငယ်ချင်းများက ကျွန်တော့်ကို ရောဂါ တိုးပွားအောင် ဆွနေကြသည်။ ကျွန်တော် ရေးထားသော ကဗျာများကို သူတို့ ကောင်မလေးများကို ကြောင်ချင်၍ သုံးပါရစေဟု လာပြီးပူဆာသူက တစ်မျိုး၊ သူတို့အတွက် သီးခြားရေးပေးပါ ဆိုသူက တစ်မျိုးနှင့်။ ကျွန်တော်ကလည်း မနေနိုင်၍ ရေးပေးလေသည်။ ရေးချင်သည်ကိုး။

သည်အထဲမှာ စိုးမင်းဆက်ဟု နာမည်ရင်းခေါ်သော်လည်း ဂျယ်ကြီးဟုသာ နာမည်တွင်သည့် သူငယ်ချင်းမှာ မဆီမဆိုင် သူများဆွဲထားသော ပန်းချီပုံကို ကျွန်တော့်ဆီယူလာပြီး ကဗျာစပ်ခိုင်းလေ၏။ ကျွန်တော်မှတ်မိသလောက် ဖြူဖြူစံ ဆိုသော သူငယ်ချင်းကောင်မလေး ဆွဲထားသော ပုံဟု ကျွန်တော်ထင်၏။ ပုံက ကောင်မလေးတစ်ယောက် လယ်ကွင်းထဲတွင် ပြေးနေသည့်ပုံ။ သူ့နောက်မှာ ငှက်ကလေးတစ်ကောင်က လေထဲမှာ ပျံသန်းဟန်ဖြင့် လိုက်နေ၏။ ပုံကိုပြပြီး သူပြောပုံကို ကြည့်ဦး။

" ဟေ့ကောင် သားလတ်။ ဒီပုံကြည့်ပြီး မင်း ကဗျာ တစ်ပုဒ်စပ်ပေး "

ကျွန်တော်က ဘယ်တော့လဲဟု မေးတော့ အခုရရင် အခုစပ်တဲ့။ ကျွန်တော်က လေးလုံး စပ်တို့၊ လေးချိုး၊ ဒွေးချိုး တို့ဆို သိပ်ပြီး လက်တွေ့ လှသည်။ ပုံကို ကြည့်တော့လည်း စပ်ချင် စိတ်က ဖြစ်နေ၏။ သည်လိုနှင့် အောက်ပါ ကဗျာတစ်ပုဒ်ကို ဂျယ်ကြီးပြသည့်ပုံကို ကြည့်ပြီး ကျွန်တော် ချက်ချင်း ရေးစပ်ခဲ့မိပါသည်။

" ရွှေအနာဂတ် "

လိုက်ခဲ့ပါကွယ့်
လိုက်ခဲ့ပါ။

ရွှေကျေးရှင် ကောက်နှံကွင်း
မင်းလိုက်ခဲ့ပါ။

စပါးတို့က ၀င်းဝင်းဝါ
သည်မှာကွယ့် ကြည့်စမ်း။

ရွှေရောင်လွှမ်းကာဖြင့်
နေလမ်းမှာ အရောင်တွေတောက်တာမို့
မင်းဝမ်းစာ သည်တစ်သက်အတွက်
မခက်ပါ နှမငယ်လှမ်းသရွေ့
( အို-ငှက်ငယ်ရယ် )
ချမ်းမြေ့ပျံသန်း။ ။

ကျွန်တော်ကဗျာရူးနှင့် သူငယ်ချင်း အနုပညာပိုးထသူများကြား ထိုသို့ယှက်နွယ်မှုက ကြီးလှသည်။ ထိုအချိန်တွင် ကာတွန်းကိုမောင်မောင်သား ဆွေဆက်ကား ကျောင်းပြောင်းလေပြီ။ Physics ကိုပြောင်းယူလိုက်သည်တဲ့။ စက်မှုတက္ကသိုလ်တက်ပြီး သည်လိုဘာကြောင့်ပြောင်းတာလဲဟု မမေးပါနှင့်။ သူကလည်း သူ့အကြံနှင့် သူကိုး။

သည်လိုနှင့် မေဂျာများလျှောက်ဖို့ အချိန်ရောက်လာ၏။ ကျွန်တော်ကတော့ Mechanical ကို ပထမ ဦးစားပေး လျှောက်ဖြစ်ခဲ့ပြီး Civil ကို ဒုတိယနှင့် EP ကို တတိယထား၍ လျှောက်ခဲ့ပါသည်။ ဒါဆို EC ကရောဟု မေးလာလျှင် ဟိုးခပ်ဝေးဝေးမှာ ထား၍ လျှောက်ပါသည်ဟု ဆိုရပါမည်။ ဒုတိယနှစ်မှာ ကျွန်တော်မြင်တွေ့ကြုံခဲ့ရသော သူငယ်ချင်းတချို့၏ အတ္တများကို ကြည့်ရင်း ထိုမေဂျာကို စိတ်ပျက်ခဲ့တာလည်း ပါပါသည်။ အီးစီ ယူသွားသော သူငယ်ချင်းများ ဘယ်လိုမျှ မအောက်မေ့စေချင်ပါ။ ကျွန်တော့်ခံယူချက်က တစ်မျိုးဖြစ်ကောင်း ဖြစ်နေနိုင်ပါသည်။ မှားလျှင်လည်း ကျွန်တော့်ခံယူချက်ဖြစ်၍ သူများနှင့် မတူသည်ကို နားလည်ပေးစေချင်ပါသည်။

ထို့နောက် စာမေးပွဲဖြေကြပြီဟုသာ ကျွန်တော်ကျော်ပါတော့မည်။ ( တချို့ပုံရိပ်များကို ကျွန်တော် မမှတ်မိတော့ပါ။ ) ပထမဆုံးရက် က သင်္ချာဟု ကျွန်တော့်ကဗျာမှာ ပြန်ဖတ်ရသည်။ STROKE'S THEOREM ကို ကျွန်တော်မရခဲ့။ ME မှာ အမှတ် (၂၀) ဖိုး နှိပ်စက်ထားစဉ်က သင်္ချာသည် လွယ်ခဲ့ပြီး ခုကျတော့ ခက်နေသည်။

ထို့နောက် နှစ်ရက်ပိတ်၏။ ပြန်စတော့ Chemistry။ သူကလည်း Unseen ချည်းသာ။ ထို့နောက် တစ်ရက်ပိတ်သည်။ ပြန်စတော့ ကျွန်တော်ချစ်သော မြန်မာစာ။ အချိန်လုဖြေခဲ့ရတော့သည်။ ကျွန်တော်က စကားပြေတို့၊ ကဗျာ၏ စကားပြေတို့ကို စိတ်ထဲရှိသမျှ ချရေးချင်သူ။ အမှတ်ရမရ မသိ။ ကျွန်တော်ထင်သည်ကိုတော့ လွှတ်ရေးခဲ့သည်။ သည်လိုနှင့် ၃ ဘာသာ ပြီးသွား၏။

နောက်ပြန်စတော့ ME ဟု ခေါ်ကြသည့် Engineering Mechanics။ (၂၀) ဖိုးတုန်းက မေးခွန်းမှာ ဂဏန်းတစ်လုံး ကျန်ခဲ့၍ စာတော်သူများ တွက်မရခဲ့သော သည်ဘာသာရပ်။ မိန်းကလေးတချို့ ငိုခဲ့ရသော ဘာသာရပ်။ ကျွန်တော်လည်း လန့်ပါသည်။ စာမေးပွဲခန်းထဲ ၀င်သွားသောအခါ ထင်တာထက် လွယ်နေ၏။

နောက်တစ်ဘာသာက လွယ်မလို ထင်ရသော အင်္ဂလိပ်စာ။ သိပ်တော့ အားမရလှ။ ပြီးတော့ Physics။ ဆရာ ဦးသာလှိုင်၏ နောက်ဆုံးနှုတ်ဆက်ပွဲနှစ်။ မဖြေခင်က ဆရာ ငါတို့ကို ညှာမှာပါလေ ဟု တွေးထားခဲ့ကြ၏။ တကယ်လည်း သိပ်မဆိုးလှ။ Unseen များကတော့ ထုံးစံအတိုင်း။ ရသူရ၊ မရသူမရ။ ကျွန်တော်က အပြင်ဆောင်ကနေ ဖြေ၍ Physics မဖြေခင်နေ့မှာ ဒုက္ခရောက်တာ တစ်ခု ရှိခဲ့သည်။

ဆင်ပြောင်ကြီး နောက်ဆုံးကျမှ အတစ်ခံရမလို ဖြစ်ခဲ့ပုံပါ။ ကျွန်တော်တို့ အဆောင်ပိုင်ရှင်က ထိုနေ့မတိုင်ခင်ကတည်းက အိမ်မှာ ဘိုးဘိုးအောင်လား၊ ဘိုးမင်းခေါင်လား မသိ။ ပလာစတာလောင်းဖို့ စနေလေသည်။ ကျွန်တော်က အခန်းထဲက ညောင်းညာ၍ အပြင်ခဏ ထွက်စဉ်မှာ ထိုရုပ်တုကြီး စပြီး ရုပ်လုံးဖော်နေသည်ကို မြင်ရရာ မကြည့်ဘဲကို မနေနိုင်တော့။

နောက်ဆုံး ထိုရုပ်လုံးပညာရှင်၏ ပညာကို မြင်ချင်တာနှင့်ပင် ကျွန်တော့်စာကြည့်ချိန်များကို လွှင့်ပစ်ကာ သည်အတိုင်းသာ ကြည့်နေခဲ့မိတော့သည်။ ကိုယ့်စိတ်ကို ကိုယ်တိုင်နားမလည်ခဲ့။ စာရသည် မရသည်ထက် ထိုသို့လုပ်နေသည်ကို ကြည့်နေရခြင်းကို ပို၍ နှစ်သက်ခဲ့မိသည်ကတော့ အမှန်ပင်။ တော်ပါသေးသည်။ Physics ကို ကျွန်တော် ဖြေနိုင်ခဲ့ပါသည်။

သည်လိုနှင့် ကျွန်တော်တို့သည် ဒုတိယနှစ်ကို ဖြတ်ကျော်ခဲ့ကြပါတော့သည်။

ကျွန်တော်တို့သည် ဆယ်တန်းဖြေစဉ်က နောက်ထပ် ဆယ်တန်းလို အတန်းမျိုး မရှိနိုင်ဟု ထင်ခဲ့သူများ ဖြစ်ခဲ့ကြ၏။ သည်လိုနှင့် စက်မှုတက္ကသိုလ် ၀င်ခွင့်ရပြီးသောအခါမှ ဒုတိယနှစ်မှာ ဆယ်တန်းလို အတန်းမျိုးဖြစ်ပြီး ကျွန်တော်တို့ကို နောက်တစ်ကြိမ် အမှတ်နှင့် ခွဲခြားဦးမည်ကို သိရသော အခါ တော်တော်ကို ကြိုးစားခဲ့ရသူများ ဖြစ်ခဲ့ကြ၏။ ကျွန်တော်တို့သည် ကိုယ်လိုချင်သော မေဂျာ တစ်ခုကို ရဖို့ရန် အဆင်ပြေသလို တိုက်ပွဲဝင်ခဲ့ကြသူများလည်း ဖြစ်ခဲ့ကြ၏။ ကျွန်တော်တို့သည် ရမည်၊ မရမည်ကို မသိ။ ညှစ်နိုင်သမျှ ညှစ်ထုတ်ရင်း ကိုယ့်လိုချင်မှုတစ်ခုအတွက် အားစိုက်ထုတ်ခဲ့ကြသူများလည်း ဖြစ်ခဲ့ကြ၏။ ထို့နောက်တွင်တော့ ကျွန်တော်တို့သည် တတိယနှစ် မေဂျာ လောင်းလျာ ကျောင်းသားများအဖြစ် ဒုတိယနှစ် စာမေးပွဲကို ရင်မောစွာ ဖြတ်သန်းခဲ့ကြသူများလည်း ဖြစ်ခဲ့ကြတော့၏။ ။

ဆူးသစ်
၁၇:၂၃ နာရီ

၉.၁၀.၂၀၁၁



Tuesday, September 13, 2011

" ကျွန်တော်တို့သည် " ( ၁၇ )


ကျွန်တော်တို့ ဒုတိယနှစ်၊ ရန်ကုန်စက်မှုတက္ကသိုလ် တက်နေစဉ်မှာ ကျောင်းမှာ ဘောလုံးပွဲတွေရှိသည်။ တခြားမဟုတ်။ မေဂျာများကန်သည့် ဘောလုံးပွဲ။ သို့သော် တချို့မေဂျာများက လူနည်း၍ ကျွန်တော်တို့ ဒုတိယနှစ်နှင့် ပေါင်းရသည်။

ကန်ပြီဆိုတော့လည်း မည်သူမဆိုနိုင်စေချင်ကြသည်။ ကျွန်တော်တို့က ဒုတိယနှစ်များပါသော အသင်းကို လိုက်အားပေးသည်။ သို့သော် ဆီမီးပင်မရောက်လိုက်။ ပြုတ်သွား၏။ သည်သို့ဖြင့် ဗိုလ်လုပွဲမှာ Mechanical နှင့် Civil တွေ့ကြသည်။ သည်တုန်းက ကျွန်တော်တို့ ဒုတိယနှစ်ကို မက်ခ်က ဖြုတ်သွား၍ ကျွန်တော်တို့က ဗိုလ်လုပွဲမှာ မြို့ပြကိုလိုက်အားပေးသည်။ ထိုအချိန်က ကျွန်တော်တို့မှာ ဘယ်မေဂျာယူရမှန်းမသိ။ ထို့ကြောင့် ကိုယ်ရောက်နေသော ဒုတိယနှစ် ( ကျောင်းအခေါ် နှစ်တန်း ) တွင် ကိုယ်ရောက်နေသော အတန်းကိုသာ အားပေးကြ၏။ ထို့ပြင် စက်မှုမှာ ကျွန်တော်တို့မတိုင်ခင် နှစ်များ ကတည်းက အမြဲဗိုလ်စွဲသည်ဟု ကြားရရာ ထိုနှစ်က မြို့ပြကိုသာ ဗိုလ်စွဲစေချင်မိ၏။

သည်သို့ဖြင့် ကျွန်တော်နှင့်သူငယ်ချင်းများမှာ Mechanical ကန်သည့်ပွဲများတွင် တစ်ဖက်အသင်းကို လိုက်အားပေး၏။ ဘောပွဲတို့၏ထုံးစံအတိုင်း ဆဲသူများကလည်း ဆဲကြရာ မက်ခ်မှ နောင်တော်ကြီးများမှာ ကျွန်တော်တို့ နှစ်တန်းများကို တော်တော်တင်းကြလေသည်။ ထိုအခါ သူတို့က ပြန်ပြောသည်ကို ကြည့်ပါဦး။

" အေး-မင်းတို့တစ်တွေ Mechanical မယူကြနဲ့။ ယူမှသိမယ်။ "

ကျွန်တော်တို့က သူတို့စကားကြားပြီး ကျိတ်ရယ်ကြသည်။ ဟုတ်တော့ဟုတ်သည်။ ထိုအချိန်မှာ ကျွန်တော်တို့သည် စက်မှုဘာသာရပ်ကိုလည်း ကြိုက်သလို မြို့ပြကိုလည်း ကြိုက်၏။ သို့သော် ဘယ်လိုပဲဖြစ်ဖြစ် နောက်ကိစ္စသည် နောက်မှ။ ခုကိစ္စသည် ခု။ ထို့ကြောင့် ဗိုလ်လုပွဲမှာ မြို့ပြကိုသာ လိုက်အားပေး၏။

ဖြစ်ချင်တော့ ပွဲက သရေကျသည်။ ပင်နယ်တီကန်၏။ နှစ်ဖက်ဂိုးသမားများက ကောင်းလွန်းသည်။ ၀င်သည့်ဂိုးများ ၀င်သော်ငြား နောက်ဆုံးအလုံးများမှာ အသေအလဲ ပုတ်ထုတ်သည်။ နောက်ဆုံး ဒိုင်ကပွဲကြာလာ၍ သရေပေးကာ အဆုံးသတ် လိုက်သည်။ နှစ်ဖက်မေဂျာမှ ကျောင်းသားများလည်း ကျေနပ် သွားလေသည်။ မှတ်မှတ်ရရ သည်တုန်းက ကျောင်းက ဘောလုံးကွင်းမှာ။ ကျွန်တော်တို့ သည်လိုဖြတ်သန်းခဲ့ဖူးသည်။

ထိုအချိန်များမှာ ကျောင်းစာကိုလည်း လိုက်ရသေး၏။ ကျွန်တော်နှင့် အပြင်ဆောင်အတူနေသူများထဲမှာ ခင်မောင်ရွှေ က လက်ဖက်ရည်ဆိုင်ပိုင်ရှင်။ သူက ဆိုင်မှာ စာဘယ်လိုမှ ကြည့်မရ၍ အဆောင် လာငှားနေသူ ဖြစ်သည်။ ကိုအောင်ကျော်သက်ကလည်း စာကြည့်ချင်ရုံသက်သက်သာ။ သူတို့က မြောက် ဥက္ကလာပမှာနေ၍ သူတို့အိမ်များမှ ကျောင်းကိုလာလျှင် အဆင်ပြေသော်ငြား စာကြည့်သည့်အခါ အနှောင့်အယှက်များ၍ အိမ်မှာမနေကြဘဲ အဆောင်ငှားနေကြခြင်းဖြစ်သည်။

သို့သော် ရှေ့မှာ ဆိုခဲ့သလို ခင်မောင်ရွှေက သူ့ဆိုင်စိတ်မချ၍ ဟုဆိုကာ စာမေးပွဲနီးမှ ပြန်သွားပြီး ကိုအောင်ကျော်သက်ကပါ အိမ်မှာ ပြန်နေဖို့ ဖြစ်လာသည့်အခါ အဆောင်မှာ ကျွန်တော် တစ်ယောက် တည်းသာ ကျန်ခဲ့တော့သည်။ တစ်ယောက်တည်းကျန်ခဲ့သည့်အခါ စိတ်က နည်းနည်းလေ ချင်၏။ ညဘက်ဆို စာကြည့်၍ ငိုက်လာသည်နှင့် လက်ဖက်ရည်ဆိုင် သွားထိုင်ခဲ့သည်။ သည်တုန်းက အဆောင်လမ်းထိပ်က ကုလားလက်ဖက်ရည်ဆိုင်မှာ ကျွန်တော်ပုံမှန်လို ထိုင်ဖြစ်ခဲ့သည်။ မှတ်မှတ်ရရ ထိုဆိုင်ကလေးက အဖွင့်ဆုံး သီချင်းခွေမှာ ' စိုးလွင်လွင် ' ၏ " အိပ်မက်အခါးတွေ စားတဲ့ည " ဖြစ်သည်။ သီချင်းတွေက ကိုယ်ပိုင်သံစဉ်များ ဖြစ်၍ နားထောင်ပါများလာသည့်အခါ ကြိုက်သွားတော့၏။

ညဘက်စာကြည့်ရင်း ထိုဆိုင်ကလေးကို မသွားရလျှင်ပင် စိတ်က တစ်ခုခုလိုနေသလို။ အမှန်ကတော့ ကျွန်တော် စိတ်နည်းနည်း လေနေလေသည်။ စာတွေ တိုင်ပင်ဖို့ကလည်း အတန်းဖော်မရှိ။ ကျန်အခန်းများကလည်း ညဘက်မှ ပြန်ရောက်သူများ။ မီးကလည်း မီးသီးမှိန်မှိန် ဖြစ်နေသောအခါ ကျွန်တော်နေရသည်က စိတ်ဓာတ် ညှိုးငယ်သလိုလို၊ တစ်ခုခုလိုနေသလို ခံစားလာရသည်။

ထို့ကြောင့် အားသည့်အခါ အဆောင်ကနေ အလုပ်ဆင်းနေသည့် ကျွန်တော်တို့၏ စီနီယာ နောင်တော်ကြီးများနှင့် စကားစမြည် ပြောဖြစ်၏။ အတိတ်တစ်ခုကို သေသေချာချာ သိသည့် အစ်ကိုကြီး တစ်ယောက်ကတော့ သူ့အတွေ့အကြုံများကို ရေချိုးကန်ဘေးမှာ ပြန်ပြောပြဖူးသည်။ ဟိုစဉ်က သည်လို အတိတ်တွေ ရှိခဲ့ပါလားဟု ကျွန်တော်သိခွင့်ရခဲ့သည်။

အဆောင်နေသူများထဲမှာ ကျွန်တော်တို့ စက်မှုတက္ကသိုလ် ကျောင်းဆင်း နောက်အစ်ကိုကြီး တစ်ယောက်ကတော့ ညဆိုမူးမူးလာ၍ အဆောင်ပေါ်ကို တွဲခေါ်ခဲ့ရတာ မှတ်မိသည်။ သူသည် ၀န်ထမ်းလည်း လုပ်နေရာ အင်ဂျင်နီယာဖြစ်၍ ၀င်ငွေကောင်းသလား မဆိုနိုင်။ ညတိုင်းနီးပါးကို မူးလေသည်။ နောက်ဆုံး အဆောင်ပိုင်ရှင် အဘွားကြီးနှင့် သူမ၏ ကလေးများမှာ ညတိုင်းနီးပါး ထို ပုဆိုးမနိုင်၊ ပုဝါမနိုင် နောင်တော်ကြီးကို အမြဲလို တွဲခေါ် ချီတင်ခဲ့ရလေတော့သည်။

ကျွန်တော့်မှာ စာကြည့်နေရင်း ထိုသို့ ဆူဆူညံညံအသံများ ကြားပါက ထိုနောင်တော်ကြီး ပြန်လာပြီကို သိရလေသည်။ ထို့ပြင် ရန်ကုန်စက်မှုတက္ကသိုလ်ဆင်း တစ်ယောက်၏ ကျောင်းအပြီး ဘ၀ကိုလည်း ဆင်ခြင်သုံးသပ်မိလေသည်။ သည်လို ကျောင်းဆင်းတွေ မည်မျှရှိလေမည်နည်း။

ကျွန်တော်တို့သည် ကျောင်းသားဘ၀က ကျောင်းဘောလုံးပွဲများတွင် အားရတက်ကြွစွာ အော်ဟစ် အားပေးခဲ့ကြ၏။ သို့သော်ကျွန်တော်တို့ အားမပေးဘဲ ကြိမ်းဝါးခဲ့ကြသော မေဂျာများမှ ကျွန်တော်တို့၏ နောင်တော်ကြီးများကား ကျွန်တော်တို့ကို အတန်းငယ်များ အဖြစ်နှင့် နားလည်ပေးခဲ့ကြ၏။ ကျွန်တော်တို့သည် ကျွန်တော်တို့ ရောက်သွားနိုင်သော မေဂျာများကို အော်ဟစ်ဆဲဆိုရင်းမှ ဒုတိယနှစ်ကို ခပ်တည်တည်နှင့် ဖြတ်ခဲ့ကြ၏။ ကျွန်တော်တို့သည် နောင်တော်ကြီးများ ကျောင်းပြီး၍ မည်သို့ပြောင်းလဲသွားသည်ကို မသိနိုင်သေးသော သူများလည်း ဖြစ်ခဲ့ကြသေး၏။ ကျွန်တော် တို့၏ နောင်တော်များထံမှ ကျွန်တော်တို့ မသိနိုင်သေးသော ကျွန်တော်တို့ ကျောင်း၏ အတိတ်များကို ရင်မောစွာ သိခွင့်ရခဲ့သူများလည်း ဖြစ်ခဲ့ကြသေး၏။ ။

ဆူးသစ်
၂၂:၁၄ နာရီ
၁၃.၉.၂၀၁၁


Wednesday, May 11, 2011

"ကျွန်တော်တို့သည်" (၁၆)

ဒုတိယနှစ်၊ ရန်ကုန်စက်မှုတက္ကသိုလ် အကြောင်းပြောလျှင် ဆရာ ဦးအောင်မြင့် ကို ချန်ထား၍ မရ။ ဆရာသည် Chemistry သင်သည်။ Section-C ၏ ပင်တိုင်ဆရာ။ သို့သော် ဒုတိယနှစ် အတန်းအားလုံးမှာ အသင်အပြ ကောင်း၍ နာမည်ကြီး၏။ ထို့ကြောင့် Section-B မှာ တက်သော ကျွန်တော်သည်လည်း ရံဖန်ရံခါ အတန်းအားလျှင် သွားတက်၏။

ဆရာက သင်ရင်းရယ်စရာတွေလည်း ပြောတတ်သည်။ ထို့ကြောင့်လည်း သူ့အတန်းမှာ လူများ တာဖြစ်နိုင်၏။ တစ်ခါတော့ ကျွန်တော် သွားတက် နေစဉ် လူများ၍ အတန်း နောက်က ကျောင်းသားများက "ဆရာ-မကြား ရဘူး " ဟု အော်ကြ၏။ ဆရာက "ဟုတ်လား၊ မကြားရဘူးလား "ဟု ပုံမှန် အသံဖြင့် ပြန်မေး၏။ ကျောင်းသား များကလည်း "ဟုတ်တယ်၊ မကြားရဘူး" ဟု ပြန်ဖြေပြန်၏။ ထိုအခါ ဆရာက "အဲဒါ ကြားရလို့ ဖြေတာ မဟုတ်ဘူးလား "ဆိုမှ ကျွန်တော်တို့အားလုံး ရယ်ရတော့သည်။ သူမေးသည်က စမ်း၍မေးခြင်းဖြစ်သည်။ ကြားမကြားဖြေတာကို နားထောင်ချင်၍ မဟုတ်။ ဆရာသည် တင်္ခဏုပ္ပတိဥာဏ်ရွှင်သည်ဟု ဆို၍ ရသည်။ ထို့ကြောင့်လည်း သူ့အတန်းမှာ လူများ၍ မပျင်းကြခြင်းဖြစ်သည်။

ဆရာကပြောသေးသည်။ "မင်းတို့ Chemistry ကိုသင်ရင် သတိထား။ လျှော့မတွက်နဲ့။ Chemistry မှာ မိုင်းတွေ အများကြီးပဲကွ" တဲ့။ "ဘာမိုင်းလဲ ဆရာ" ဆိုတော့ "အီးမိုင်းတွေကွ "တဲ့။ ကျွန်တော်တို့ရယ်ကြသည်။ ဆရာက "မရယ်နဲ့" တဲ့။ "အကောင်းပြောတာ။ Chemistry မှာ Electron ဆိုတဲ့ အီးမိုင်းတွေကို ရှင်းနိုင်မှ အောင်မယ်" ဟု ဆိုသည်။ ဟုတ်သည်။ ထိုအချိန်က Electron၊ Proton၊ Neutron ဆိုတာတွေ Chemistry မှာ သင်နေရ သေးသည်။ ထိုအရာကို ဆရာက သတိပေးစကားဆို၏။

ပြီးတော့ ဆရာ ပြောသည့်အထဲက မှတ်မိတာ နောက်တစ်ခုရှိသေးသည်။ " မင်းတို့ သတိထားနော်။ စာမေးပွဲ နီးပြီ။ တက္ကသိုလ်တွေအားလုံးထဲမှာ ၄၄ ရောက်တာ မင်းတို့ ကျောင်းတစ်ကျောင်းပဲ ရှိတယ်" တဲ့။ ဒါကိုတော့ ကျွန်တော်တို့ ကျောင်းမှာ တက်ဖူးသူတွေသာ သိကြမည်။ ဟိုစဉ်က စိတ္တဇဆေးရုံ(ယခု စိတ်ကျန်းမာရေးဆေးရုံ)သည်န၀ဒေးလမ်းဆုံမှာရှိ၏။ ထိုနေရာကို ကျွန်တော်တို့ ကျောင်းရှေ့(BPI မှတ်တိုင်)ကိုဖြတ်သော(၄၄)ဒိုင်နာများဖြတ်၏။ကျွန်တော်တို့ ကျောင်းသည် ကျောင်းတက်ရင်း ဂေါက်သည့်
(ရူးသည့်) နေရာတွင် တော်တော် နာမည်ကြီး၏။ စာမေးပွဲနီးလျှင် ထိုသို့ဖြစ်တတ်သည့် အသံတွေ ကြားရစမြဲ။ ထိုအရာကို ဆရာက ရည်ရွယ်၍ ပြောခြင်းဖြစ်သည်။ ထို့ကြောင့် ဆရာပြောပြီးပြီးချင်း ကျွန်တော်တို့ ရယ်ဖြစ်ခဲ့သည်။ (ကျွန်တော်ပို့စ်အဖြစ် တင်ထားသော "ဆေးမမီတဲ့အင်ဂျင်နီယာ" ၀တ္ထုတိုသည် ကျွန်တော်တို့၏ ကျောင်းသားဘ၀ တကယ့် အဖြစ်အပျက်များကို အခြေခံ၍ ရေးထားခြင်းဖြစ်ပါသည်။)

မှတ်မှတ်ရရရှိတာတစ်ခု ထပ်ပြောရလျှင် ပထမနှစ်စာမေးပွဲ ဖြေခါနီး၌ ကျောင်းဝင်းထဲက အဆောင် တစ်ဆောင်မှာ ကျွန်တော်သွားအိပ်ခဲ့ဖူးပါသည်။ ကျွန်တော်နှင့် အတန်းထဲမှာခင်သော ကိုမြင့်ကျော် ဆိုသည့် သူငယ်ချင်းက အဆောင်၏ ကျောင်းသားခန်းမဟုတ်သော အခန်းတစ်ခန်းကို ရခဲ့၍ ထိုအခန်းမှာပင် စာစုကျက်ခဲ့၏။ သည်မှာပဲ ညနေ ထမင်းဆင်းစားစဉ်မှာ တချို့ အစ်ကိုကြီးများ အုတ်ကန်ထဲ ခေါင်းထိုး စိမ်သည်ကိုမြင်ရရာ ဘာလုပ်တာပါလိမ့်ဟု အတွေးပွားခဲ့ဖူး၏။ ကိုမြင့်ကျော်က ဦးနှောက်ဆေးတာလေဆိုမှ စာမေးပွဲနီးရင် သည်လိုလားဟု စဉ်းစားဖြစ်ခဲ့သေးသည်။

တကယ်တော့ ကျောင်းထဲက အဆောင်ဆိုသည်က ပဉ္စမနှစ် နှင့် နောက်ဆုံးနှစ်နှစ်တန်းသာ ထားခြင်းဖြစ်ရာ အတန်းထဲမှာခင်သော ကိုမြင့်ကျော်ကြောင့်သာ သည်လို အတွေ့အကြုံကို ပထမနှစ်မှာပင် သိခဲ့ ရခြင်း ဖြစ်သည်။ ပြီးတော့ စာကြည့်နေရင်း မီးပျက်သွားသောအခါ "မီးဗျို့ ....မီး.......မီး" ဆိုပြီး ထအော်ကာ အခန်းရှေ့က သံတိုင်ကို တဒေါင်ဒေါင်နှင့် ခေါက်ကြသည်ကို ကျွန်တော် မှတ်မိသေး၏။ ကျွန်တော်တို့၏ နောင်တော်များကား ဤသို့ဤနှယ်ပါတကားဟု သိရပေ၏။

ထိုစဉ်က ကျောင်းသားသက်နုသည့် ကျွန်တော်တို့မှာ လန့်လည်းလန့်၊ နောက်မှ အပျော်အော်မှန်းသိ၍ ရယ်ခဲ့ရသေး၏။ ထိုမျှမက သူတို့ရေးထားသော ပေါက်ကရ စာများမှာလည်း ပြုံးချင်စရာ။ မနက်အိပ်ရာထချိန် အခန်းပေါက်မှာ တစ်ယောက်နှင့်တစ်ယောက်မှာခဲ့ပုံများကား သင်းလှ၏။ "ယောက်ဖရေ-ညနေကျ ဂိတ်ပေါက်မှာစောင့်နေနော် " တဲ့။ သည်လိုဖတ်ရလျှင်တော့ အကောင်းသား။ သို့သော် ထိုမျှနှင့် မပြီး။ နောက်က ဆက်ထားတာကြည့်။ "ငုတ်နဲ့ မင်း...နဲ့" တဲ့။

ဆရာ ဦးအောင်မြင့်ပြောသည့် (၄၄) လိုင်းကား အကြောင်းပြန်ပြောရလျှင် ထိုအချိန်က (၄၄) မှာ ဒိုင်နာ ကားများသာ ဖြစ်သည်။ ယခု ကျွန်တော်တို့ တွေ့ရသော အဲကွန်းဘတ်စ်များ မဟုတ်။ န၀ဒေး လမ်းဆုံ မှ တက်လျှင် လူ မနည်းရအောင် တွယ်တက်၍ လိုက်ရ၏။ များသောအားဖြင့် နောက်မြီးမှာ အတွယ်တွေချည်းသာ။ ပထမနှစ်မှာ ဒဂုံက လာသော ကျွန်တော်သည် ကားမရ၍ ရံဖန်ရံခါ အတန်းနောက်ကျရတော့၏။ ထို့ကြောင့် (၄၄) လာလျှင် ထမင်းဘူးကို အရင်ထိုးထည့်၊ ထိုင်နေသူကို လှမ်းပေးပြီး၊ ကားထွက်သည်နှင့် ငါ့ထမင်းဘူးတော့ ပါသွားပြီ၊ လိုက်မှရတော့မည် ဟု တွေးကာ ရရာလူကို ဖက်လိုက်ရတော့သည်။ သည်လိုကျောင်းတက်ခဲ့ရ၏။

ဆရာဦးအောင်မြင့်က ကားမှာ အတွယ်တွေ နောက်မြီးမှာ ပါလာတာများသည်ကို နောက်ဖူးတာလည်း ရှိသေး၏။ "ရန်ကင်း (၁၂) လုံးတန်းဘက်မှာကွ။ စပယ်ယာက အော်တယ်။ ဆရာရေ၊ (၁၂)လုံးတန်း၊ အတွယ် (၆) ယောက်ပါတယ်တဲ့။ ကားပေါ်ကလူတွေက ရယ်တယ်။ ဆရာ သဘောမပေါက်ဘူး။ နောက်မှ ကားနောက်က တွယ်နေတဲ့ ယောကျာ်းလေးတွေ တွေ့ပြီး ရယ်မိတော့တယ်" တဲ့။ စာသင်ရင်း ကျွန်တော်တို့ စိတ်ရွှင်လန်းအောင် အရွှန်းဖောက်ခြင်းပင်။

ကျွန်တော်တို့သည် ဆရာ၊ ဆရာမ တို့၏ စေတနာများဖြင့် ခက်ခဲသော စာများကို ရွှင်လန်းစွာ သင်ယူနိုင်ခဲ့၏။ ကျွန်တော်တို့သည် ထိုခက်ခဲသော စာများကို သင်ယူရင်းမှာပင် တစ်နှစ်ကို တစ်ယောက် ဂေါက်သည်ဟူသော ဘယ်က စထွက်လာမှန်းမသိသည့် အဆို မမှန်စေရေးကိုလည်း အလေးထားခဲ့သူများ ဖြစ်ကြ၏။ ထိုသို့ အလေးထားရာမှ ကျွန်တော်တို့သည် လူနောက်၊ လူပြောင်များ ဖြစ်လာသလား( သို့မဟုတ်) နဂိုကပင် အစအနောက် သန်သူများလား ဆိုသည်ကိုတော့ ကျွန်တော်တို့၏ နောင်တော်ကြီးများက သက်သေထူနိုင်သလို ကျွန်တော်တို့ကိုယ်တိုင်လည်း ကျွန်တော်တို့၏ မှတ်တမ်းများဖြင့် သက်သေထူပြဦးမည် ဖြစ်ပါ၏။ ။

ဆူးသစ်
၂၂:၀၈နာရီ

၁၁.၀၅.၂၀၁၁



Saturday, April 23, 2011

"ကျွန်တော်တို့သည်" (၁၅)


သည်တစ်ခါတော့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရဦးမည်။ တခြားတော့မဟုတ်။ ဒုတိယနှစ် စက်မှု တက္ကသိုလ်မှာ စာမေးပွဲအောင်ပြီးလျှင် အမှတ်နှင့် မေဂျာခွဲမှာမို့ ဆယ်တန်းလို အပြိုင်အဆိုင် ကြိုးစားရင်း၊ တစ်ယောက်နှင့် တစ်ယောက် စာတွေ လျှိုကြ၊ ၀န်တိုစိတ်များ များကြနှင့် ဖြစ်ကြရသည့်ကိစ္စပါ။

ထိုစဉ်က အားလုံးရင်ထဲမှာ ကိုယ်စီကိုယ်စီ၊ ကိုယ်ယူမည့် ဘာသာရပ်အတွက် ရှိနေကြပါလိမ့်မည်။ ကျွန်တော်တို့နှစ် (၁၉၉၄) မှာတော့ အီးစီဟုခေါ်သည့် Electronics ကတော့ အဟော့ဆုံး။ ကျောင်းသား တစ်ရာမှာ ရှစ်ဆယ်လောက် မေးကြည့်၊ အီးစီ အီးစီဟု အော်နေသည်။ ထိုအချိန်မှာ ဘုမသိ၊ ဘမသိ ကျွန်တော်က Civil (မြို့ပြ)နှင့် Mechanical (စက်မှု)ကို ယူဖို့ စဉ်းစားပြီး အိမ်နှင့်တိုင်ပင်နေရသည်။ အလုပ်အကိုင် အခွင့်အလမ်း၊ တည့်တည့်ပြောရလျှင် ငွေရှာဖို့ ပိုလွယ်သော ဘာသာရပ်များဖြစ်၍ ယူရန်စဉ်းစားခြင်းပင်။

ထိုအချိန်မှာ ကျောင်းသူ၊ ကျောင်းသားများ အားလုံးရင်ထဲမှာ မည်မျှ ပူလောင်ဆူပွက်နေသနည်း ဆိုလျှင် မိမိတက်နေသော ကျူရှင်ဘယ်သူသင်၍၊ ဘယ်မှာ သင်နေသည်ဆိုသည်ကိုပင် မပြောချင်လောက်အောင် တစ်ယောက်နှင့် တစ်ယောက် အမှတ်သာသွားမည်ကို စိုးရိမ်နေကြ၏။ ကျောင်းစာအုပ် ငှားရန် ကိုလည်း ပြန်မရတော့မည့် အလား စိုးရိမ်ကြ၏။

ကျွန်တော်ဆိုလျှင် ရှေ့မှာဆိုခဲ့သလို ကဗျာ၏ စကားပြေ၊ စကားပြေ၏ စကားပြေများ ရေးနေသည့်ကြားမှပင် စာများ၍ မရေးနိုင်သည့်အခါ သူငယ်ချင်းများက လျှိုသည်ဟု အထင်ခံခဲ့ရ၏။ တစ်ယောက်တည်း ကျိတ်၍ စာတွေလုပ်သည်တဲ့။ မြန်မာစာကို လျှိုသည်ဟု ဆိုချင်သည့်သဘော။ အမှန်က ခြောက်ဘာသာ စလုံး နိုင်အောင်လုပ်ဖို့ မလွယ်တော့၍ပင်။ ဒါတောင် အပြင်ဆောင်မှာ နေခဲ့၍သာ။

သည်ကြားထဲမှာ မျိုးခိုင်ဆိုသော သူငယ်ချင်းကြောင့် Engineering Mechanics (ME) ကျူရှင်ကို တက်ခွင့်ရပြီး အောင်ကျော်သက်ဆိုသော သူငယ်ချင်းကြောင့် သင်္ချာကို ကျူရှင်တက်ခွင့်ရလေသည်။ တက်ခွင့်ရသည်ဟု သုံးရခြင်းမှာ သူတို့က ပွင့်လင်းစွာဖြင့်မေးလာပြီး ကျွန်တော်မလိုက်နိုင်မှန်းသိ၍ သူငယ်ချင်းပီသစွာ ကျွန်တော့်ကို လာတက်ရန် ခေါ်သောကြောင့်ပင်။

အမှတ်(၂၀)ဖိုး ဖြေရသည့်အခါနှင့် စာမေးပွဲကြီး ဖြေသည့်အခါတွင်လည်း ကျောင်းသားတချို့၏ ဘာမှန်း မသိသော အပြုအမူများကို ဒုတိယနှစ်တွင် တွေ့ရသေးသည်။ စာဖြေချိန်မှ မစေ့သေး၊ စာရွက်ကို အပ်ပြီး "တောက်" ခေါက်၊ မေးခွန်းစာရွက်ကို လုံးချေချင်ချေ။ ဆွဲဖြဲချင်ဖြဲ လုပ်ချင်လုပ်၏။ အမှန်ကတော့ မဖြေနိုင်ဘူးဟု အထင်ခံရစေရန်ဖြစ်သည်။ ပြီးတော့ အောင်စာရင်း ထွက်သည့်အခါ Roll လည်း အောက်မှာ မရောက်၊ ထိပ်လည်း မရောက်၊ အလယ်လောက်သာ တန်းနေ၏။ သည်တော့ သူတို့ထိုသို့ လုပ်ခြင်းကို ဘာကြောင့် လုပ်သလဲ စဉ်းစား၍ မရ။

ဒါလည်း စာလျှိုသည့် နည်းထဲက တစ်ခု ဖြစ်ပုံရသည်။ အခြားသူများက သူမဖြေနိုင်ဘူးထင်၍ ၀မ်းသာရမည်လား။ လူတိုင်း ကိုယ့်အပူနှင့် ကိုယ်ချည်းသာ။ သူ့ကိုကြည့်ကာ ၀မ်းသာ၍ မိမိဖြေလက်စ ကို လျှော့ဖြေရမည်လား။ လုံးဝ အဓိပ္ပါယ်မရှိ။ ထိုသူများကား Roll ထိပ်ဆုံးက လူများလည်း မဟုတ်။ ထို့ကြောင့် နောက်ဆုံး ကောက်ချက် ချရလျှင် ထိုသူများ၏ အပြုအမူများကား ခပ်ကြောင်ကြောင် အပြုအမူများဟုသာ ဆိုရပေတော့မည်။ ကျွန်တော်တို့ကို အာရုံထွေပြားအောင်လုပ်၍ ဖြေလက်စ ကျွန်တော်တို့မှာ တော်တော် အနှောင့်အယှက် ဖြစ်ရသည်မဟုတ်လား။

ထိုသို့ကြုံတွေ့ရသည့်ကြားမှ ME အမှတ်(၂၀)ဖိုးမှာ ပုစ္ဆာတစ်ပုဒ်၌ ဂဏန်းတစ်လုံးကျန်ခဲ့၍ စာမေးပွဲခန်းထဲမှ အထွက် ပွက်လောရိုက်ကုန်သည်။ ME ကား နှစ်တိုင်း ကျောင်းသားများ ကြေကွဲရ စမြဲဖြစ်၍ ကြောက်ကြသည်။ တချို့ မိန်းကလေးများဆို ME (၂၀)ဖိုး ဖြေသည့်နေ့ ငိုပြီး ထွက်လာတာတောင် တွေ့ရသည်။ ကျွန်တော်ကတော့ ဘယ်ဂဏန်းကျန်ခဲ့သည်ပင် မသိ။ တွေ့သမျှ ဂဏန်းနှင့် ရသမျှကို ချတွက်ခဲ့သည်သာ။ တော်တော် တော်လှ၏။ နောက်မှ Roll ကောင်းသော သူငယ်ချင်းများက ပုစ္ဆာကို ထောက်ပြပြီး ပြောမှ သဘောပေါက်တော့သည်။ ငိုသည့်သူများက ကျန်သောပုစ္ဆာများပါ မရ၍ ငိုခြင်းဖြစ်သည်။ တစ်မှတ်နှင့်ပင် မေဂျာတစ်ခု လွဲသွားနိုင်သည်ဟု ကျွန်တော်တို့သာ သိသည်လေ။

ထိုအချိန်တွင် ထောက်ပြချင်စရာ ကောင်းသည်က ပုစ္ဆာ၏ မပြည့်စုံမှုကြောင့် တွက်မရမှန်း သိနေလျှက် ဘာမျှ တောက်မခေါက်၊ မေးခွန်းစာရွက်မဖြဲသော Roll ကောင်းသည့် သူငယ်ချင်းများ၏ စိတ်ဓါတ်နှင့် အထက်က ကျွန်တော် ပြောခဲ့သော ဘာမျှမဟုတ်ဘဲ အော်ကြက် ထထလုပ်သူများ၏ စိတ်ဓါတ် ကွာခြားမှုပင်။ ပြည့်ခြင်းနှင့် မပြည့်ခြင်းက သိသာစွာကွဲလွဲသွား၏။ ခုတော့လည်း သူတို့တစ်တွေ ရင့်ကျက်လောက်ကြပြီဟု ထင်မိပါသည်။ ရှိစေတော့။

ME ပြဿနာကား ဆရာဦးသန်းဌေးက စာမေးပွဲအပြီး ဒုတိယနှစ်၏ အခန်းတိုင်းမှာ လိုက်ရှင်းမှ အဆင်ပြေတော့ သည်။ အမှတ်ဖြည့်ပေးပါမည်တဲ့။ ဘာကျန်ခဲ့မှန်းပင် မသိသော ကျွန်တော့်အတွက်လည်း ok ပါသည်ပေါ့ ခင်ဗျာ။

ကျွန်တော်တို့သည် ရန်ကုန်စက်မှုတက္ကသိုလ်၏ စာမေးပွဲများစွာကို ဖြတ်သန်းခဲ့ရ၏။ ဒုတိယနှစ် စက်မှု တက္ကသိုလ်သည်ကား ကျွန်တော်တို့ အချင်းချင်းကြားမှာ ပူလောင်လွန်းလှ၏။ ကျွန်တော်တို့သည် ကျွန်တော်တို့ ရလိုမှုများအတွက် ၀န်တိုစိတ်၊ ဒိုင်လျှိုစိတ်များ ပိတ်လှောင်ခဲ့သူများ ဖြစ်ကြ၏။ ကျွန်တော်တို့သည် အမှတ် တစ်မှတ်ကြောင့် ဘ၀ တစ်ခုလုံး ပွန်းပဲ့ သွားမည်ကို ကြောက်ရွံ့ သူများလည်း ဖြစ်ခဲ့ကြ၏။ ဆယ်တန်းသည် ဘ၀အတွက် ပထမစစ်ပွဲဟု ဆိုလျှင် ဒုတိယနှစ် ရန်ကုန်စက်မှု တက္ကသိုလ်သည်လည်း ဘ၀အတွက် ဒုတိယစစ်ပွဲဟု ဆို၍ ရနိုင်၏။ ကျွန်တော် တို့သည် လောဘ၊ ဒေါသ၊ မောဟကြားမှ ထိုဒုတိယစစ်ပွဲကို ကြိုးစား ဖြတ်သန်းခဲ့ရ၏။ ။


ဆူးသစ်
၂၂း၂၀နာရီ
၂၂.၀၄.၂၀၁၁

Saturday, March 12, 2011

"ကျွန်တော်တို့သည်" (၁၄)


ရန်ကုန်စက်မှုတက္ကသိုလ်မတက်ခင် ကျောင်းအပ်ဖို့သွားတုန်းက စီနီယာအစ်ကိုက စက်မှုတက္ကသိုလ်၏ အထင်ကရ လမ်းတစ်ခုကို ပြခဲ့ဖူးသည်။ "သြဘာလမ်း"တဲ့။ ထို့အပြင် သူက ကျွန်တော့်ကို ရှင်းပြခဲ့ဖူး၏။

"ဒီလမ်းထဲက ယောင်လို့တောင်မဖြတ်နဲ့နော်ညီလေး၊ ဖြတ်မိတာနဲ့ လက်ခုပ်အတီးခံရလိမ့်မယ်"တဲ့။ ကျွန်တော် လည်း ယောင်တောင် ပေါင်တောင် ခေါင်းညိတ်ပြလိုက်၏။ ဘာမှန်းမျှ မသိတာ။

နောက်ပိုင်း ကျောင်းရောက်တော့မှ ထိုလမ်းအကြောင်း တဖြည်းဖြည်းချင်း သိလာခဲ့ရတော့သည်။ ထိုလမ်းသည် ကျောင်း၏ ပင်မဆောင်မှ စ၍ ကျောင်းနောက်ဘက်ထဲ ၀င်မည့်နေရာမှာ ဆုံးသွားသည်။ မြက်ခင်းပြင်များ ဘေးမှာ ရှိ၏။ ထိုလမ်းကို ဘေးပတ်ပတ်လည်မှာ စာသင်ဆောင်များ ၀န်းရံထား၏။ ကျွန်တော်တို့ ကျောင်းတက်စဉ်က ကျူတိုရီယယ် တန်းများကို ထိုစာသင်ဆောင်များမှာ တက်ရ၏။ EC , Civil တို့အတွက် စာသင်ခန်းများ၊ သီရေတာများသည် ထိုစာသင်ဆောင်များမှာ ရှိ၏။

ထိုလမ်းကလေး၏ ထူးခြားချက်ကား တစ်စုံတစ်ယောက်သည် ထိုလမ်းကို မည်သည့်နေရာက ဖြတ်ဖြတ် စာသင်နေသူ၊ စာမသင်ဘဲ အပြင်ရောက်နေသူများ မြင်ပါက ၀ိုင်းပြီး လက်ခုပ်သြဘာတီး ချီးမြှင့်ကြခြင်းပင်။ စာသင်နေသော ဆရာမပင် ကျွန်တော်တို့ကို ရပ်ပေးရသည် အထိ အတန်းထဲက ထွက်ကာ ၀ိုင်းပြီး အားပေးကြ၏။ "အရူး၊ ဘာကြောင်တာလဲ" ဟု အော်လည်း အော်ကြ၏။ မြန်မာ့လက်ရွေးစင် ဘောလုံးသမား ကိုသန်းတိုးအောင်တို့ တုန်းက လက်ဖက်ရည်တိုက်ကြေး အပျော်သဘောမျိုး တမင်ဖြတ်ခဲ့ကြသည်ဟု အင်တာဗျူးတစ်ခုမှာ ဖတ်ခဲ့ဖူးသည်။

ကျွန်တော်တို့ ကျောင်းမှာ တက်နေသူများက သြဘာလမ်းကို သိသော်လည်း တစ်ခါမျှမရောက်ဖူးဘဲ ကျွန်တော်တို့ကျောင်းမှာ သူငယ်ချင်း လာရှာသူများ၊ ပထမနှစ်မို့ အကြောင်းမသိသူများ ခမျာ သြဘာလမ်းကို ဘုမသိ၊ ဘမသိ ဖြတ်မိသောအခါ လက်ခုပ်သြဘာ ချီးမြှင့်ခံရတော့၏။ "ဖြတ်သန်းသွားလာခြင်းမပြုရန် တားမြစ်ပါသည်" ဆိုသည့် ဆိုင်းဘုတ်ကို တစ်ခါတွင် မြင်ဖူးခဲ့သော်လည်း လမ်းအလယ်မှာမဟုတ်။ ဘေးရောက်၍ တစ်ဖက်သို့ လှည့်ထားသောအခါ အကြောင်းမသိသူများမှာ ခပ်တည်တည်ပင် ဖြတ်ကြတော့၏။ တချို့ကလည်း မျက်နှာပြောင်တိုက်ကာ အပေါ်ကိုမော့၊ လက်တွေပင်ပြကာ ပြုံးဖြဲဖြဲနှင့် လမ်းဆုံးအောင် လျှောက်၏။ တချို့ကျတော့ စလျှောက်ရုံရှိသေး၊ လက်ခုပ်သံ မခံနိုင်၍ လှည့်ပင် ပြေးရလေတော့သည်။

ထိုအကြောင်းအရာများကို ထိတွေ့ခံစားနေရသည့် ကျွန်တော့်အဖို့ကား "သြဘာလမ်း" နှင့်ပတ်သက်သည့် ကဗျာတစ်ပုဒ် ရင်ထဲသို့ ရောက်လာခဲ့လေတော့သည်။


"သြဘာလမ်း"

ပြောကာလွမ်းချင်ရဲ့
သြဘာလမ်းရဲ့အကြောင်းပါ။

စိမ်းစိုစိုမြက်ခင်းပြင်နဲ့
ဘေးဘက်တစ်ခွင်အလှဆင်ထားပါလို့
မြင်ကြသူများရှုမငြီးစရာ။

စာသင်ဆောင်လေးခုကြားက
အလှစုရာထီးတည်းလမ်းပေမို့
' ဖြတ်သန်းသွားလာခြင်းမပြုရ ' ဆိုင်းဘုတ်နဲ့
(စက်မှုတက္ကသိုလ်ရဲ့)တစ်ခုတည်းသောအလှကြော်ငြာ
ပျော်စရာတွေကပြည့်ကာလွှမ်း။

ပထမနှစ်ပေမို့
အစဖြစ်ကာမလည်ပတ်သူများ
အကြောင်းမသိသူမို့
ကျောင်းရှိရာအလည်လာသူများခမျာလည်း
ဆိုင်းဘုတ်ကစာမမြင်သာအောင်တစ်ဖက်လှည့်ထားတာကြောင့်
ယောင်တောင်တောင်ဖြတ်အကူးမှာဖြင့်
ပြည့်ကျပ်ကာပူးနေတဲ့စာသင်ဆောင်လေးခုဆီက
တေးစုတွေသံပြိုင်ထုတ်ပါတော့
လက်ခုပ်သံကတဖြောင်းဖြောင်းနဲ့ညီညီညာ
လက်ခေါက်မှုတ်သံကတသောင်းသောင်းနဲ့တရွှီရွှီမြည်ကာညံလှပါလို့
ဖြတ်မိသူခေါင်းနားပန်းကြီးကာ
ဘယ်လမ်းတာဘယ်လိုလေဆက်ရပါ့မလဲရယ်လို့
ပင်ပန်းကာတစ်ကိုယ်လုံးချွေးတွေလွှမ်းပါတော့
အရှက်အမှုအခက်ပိုလို့မောကာနွမ်းကြပါသတဲ့
(ကဲ - အဲဒါ ကျွန်တော်တို့ရဲ့)
စက်မှုတက္ကသိုလ်က သြဘာလမ်း ။ ။

ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)တို့၊ ဆရာနွမ်ဂျာသိုင်းတို့ ခေတ်မှာ "နွေးအေး"တို့၊ "ချစ်သူတို့လမ်းကလေး"တို့ ဆိုတာကို ကြားခဲ့ရဖူး၏။ ဆရာမ မစန္ဒာကတော့ ဂျီဟောကို အမှတ်တရရေးဖွဲ့ခဲ့၏။ ကျွန်တော်တို့ခေတ်၊ ကျွန်တော်တို့ လက်ထက်မှာ သြဘာလမ်းသည် အမှတ်တရဖြစ်နေမှာ မလွဲ။

ကျွန်တော်တို့သည် သြဘာလမ်းမှာ ဖြတ်ခဲ့သူများကို အားရပါးရ လက်ခုပ်သြဘာတီး၊ အားပေးခဲ့ကြ၏။ ကျောင်းသူ၊ ကျောင်းသား အချို့ကား သြဘာလမ်းကို မသိဘဲနှင့် ဖြတ်သလို၊ သိလျက်လည်း ဖြတ်ခဲ့ကြ၏။ ကျွန်တော်တို့သည် သြဘာလက်ခုပ်တီးရင်း ပျော်ရွှင်ခဲ့ကြရာမှ ထို သြဘာလမ်းသည် ကျွန်တော်တို့၏ နှလုံးသား၌ အစဉ်ထာဝရ တည်တော့၏။ ဆရာ၊ ဆရာမများသည် သြဘာလမ်းကြောင့် လက်ခုပ်ထွက်တီးရန်ပင် စာသင်ခြင်းကို ကျွန်တော်တို့အတွက် ရပ်ပေးခဲ့ရ၏။

ရန်ကုန်တက္ကသိုလ်ပင်မ ကျောင်းသူ၊ ကျောင်းသားများက သစ်ပုပ်ပင်သည် သူတို့အတွက် အမှတ်တရဟု ဆိုလျှင် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသူ၊ ကျောင်းသား ဖြစ်ခဲ့ဖူးသော ကျွန်တော်တို့အတွက်တော့ သြဘာလမ်းသည် ကျွန်တော်တို့ခေတ်၊ ကျွန်တော်တို့နှစ်၏ အမှတ်တရပင် ဖြစ်တော့၏။

ကျွန်တော်တို့သည် "သြဘာလမ်း"ကို ပိုင်ဆိုင်ကြသူများ ဖြစ်ခဲ့ကြ၏။ ။

ဆူးသစ်
၂၁း၃၁နာရီ
၁၁.၃.၂၀၁၁

Tuesday, February 22, 2011

"ကျွန်တော်တို့သည်" (၁၃)


ကျောင်းမှာ ကဗျာစာအုပ်များ ရောင်းတုန်းက သူငယ်ချင်းတွေထဲမှာ တချို့က သူတို့ဖို့ အမှတ်တရ ကဗျာ ရေးခိုင်းသည်။ ကျွန်တော်ကလည်း ကဗျာသမားမို့ မနေနိုင် မထိုင်နိုင် အောက်ပါ ကဗျာကို ရေးပေးခဲ့၏။


"အမြဲတမ်းအတွက်အမှတ်တရ"

ခင်မင်မှုများ
နှလုံးသားမှာ၊ တွယ်ထားနှောင်ရစ်
ကာလသစ်စေ၊ အပြစ်မဝေကြေး
အညစ်တွေဆေးလို့
နှစ်တွေဝေးတိုင်း သတိရနေ။

အို-သူငယ်ချင်း
မင်းနှလုံးသား၊ ကဗျာများစွာ
နှောင်ဖွဲ့ကာထား၊ မေ့မသွားနှင့်
ထားခဲ့လက်ဆောင်၊ တစ်သက်နှောင်ယူ
အပူခဏမေ့၊ ခုနေ့ဆီမှ
ကာလများစွာရှိပါစေ။

တို့နှစ်ယောက်လှည့်
ကာလချဲ့သမျှ၊ အပူစရှိလည်း
တူတကွဖယ်ရှင်း၊ သူငယ်ချင်းရယ်
မင်းရယ်ငါရယ်၊ ဘယ်တော့မှမခွဲစတမ်း
အမြဲတမ်းအတွက် အမှတ်တရလေ။ ။


ထိုကဗျာလေးကို ME ကျူရှင်မှ လင်းလင်းကိုလည်း ပေးခဲ့ဖူး၏။ သူလည်း ကျွန်တော်တို့ ယောက်ျားလေးတွေ ကြားမှာ စနောက်နေလျှင် ပြုံးပြုံး ပြုံးပြုံးနှင့်။

ကျောင်းတက်ပြီး ကျွန်တော်နှင့်သိသူ မိန်းကလေးဟူ၍ ထိုအချိန်က သုံးယောက်သာရှိ၏။ ကျွန်တော်တို့ကို အင်္ဂလိပ်စာအက်ဆေး ရေးပေးနေကျ၊ သူက သူ့အဖေ သက်ကြီးပူဇော်ပွဲအတွက် ကန်တော့ခန်း ရေးခိုင်းသူ ယုယုကြည်။ အောင်မျိုးခိုင်ဆိုသော ကျွန်တော့် ငယ်သူငယ်ချင်း ဆေးကျောင်းကလာပြီး မိတ်ဆက်ပေးခဲ့၍ သိလာရသော သိင်္ဂီရွှေနှင့် ME ကျူရှင်မှာ သိရသည့် လင်းလင်း။ (သူငယ်ချင်းတို့ရေ - နင်တို့ နာမည်တွေ ထည့်ရေးလိုက်ပြီ။ ခွင့်လွှတ်ပါဟာ)

သူတို့ကတော့ တကယ်ခင်ဖို့ ကောင်းကြသည်။ တချို့မိန်းကလေးများက ပဲများသည်။ မိန်းကလေးတိုင်း ပဲများသည်တော့ မဟုတ်။ သူတို့လည်း အဲဒီလို မဟုတ်။ ကျွန်တော်တို့ ပထမနှစ်တွင် တွေ့ဖူးခဲ့သူများထဲမှာ ပဲများသူတွေ ပါသည်။ နည်းတော့နည်းပါသည်။ ဒုတိယနှစ်မှာလည်း ဆက်တွေ့နေရ သေး၏။ ထို့ကြောင့် မနေတတ်၊ မထိုင်တတ် ကျွန်တော့်လက်သည် ဒုတိယနှစ်မှာ အောက်ပါ ကဗျာကို ချရေးမိ၏။

"ပဲများသူ"

ခေါင်းကိုငုံ့ထားစဉ်
ဆံမျှင်များက၊ ၀ိုက်ထားသည့်ဘက်
တွဲလျက်ကျနေ၊ ပါးပြင်တွေဖုံး
မျက်လုံးတစ်ဖက်ကွယ်
(ပြီးတော့ကျန်တစ်ဖက်ကို)
နားရွက်စပ်မှဆွဲသပ်သည်။

ဟော-ခေါင်းအမော့
ဟန်ကိုကြော့အောင်၊ ပေါ့ပေါ့လေးခါ
လေမှာဆံစ၊ ဖွာကျလွင့်ပါး
ကြည့်သူများရင်၊ လှိုင်းခတ်ချင်အောင်
(ဒါလည်း)သူလုပ်ဆောင်တတ်သည်။

လမ်းလျှောက်လျှင်လည်း
ခါးအမြဲနွဲ့၊ ပဲရဲ့သဘော
စကားပြောကြည့်၊ သိတာမသိတာ
တစ်ခါတည်းမပြတ်၊ ဝေ့လည်ပတ်ကာ
မျက်လွှာလေးဝင့်၊ မျက်ခုံးပင့်လို့
ခေါင်းနှင့်မျက်နှာ၊ တစ်ဖက်ပါစောင်း
(သူ့ကိုကြည့်ရင်း)ကျွန်တော်တို့ဇက်ညောင်းသည်။

ကဲ-ရွှေပဲရေ
တို့တွေကယောက်ျားလေး
ဒါပေမဲ့ဝေးသေးတယ်၊ ဘယ်သူပဲဖြစ်ဖြစ်
(ပဲများသူဆို)ရင်မခုန်၊ မချစ်တတ်
အဲဒါမှတ်ထား
မင်းနားလည်ပါစေကွယ်။ ။


ထိုကဗျာကို ချသာရေးခဲ့ပြီး ဘယ်သူမျှ မပြခဲ့။ ကျွန်တော်က သူတို့ဘာသာဘာဝကို ကဗျာ ချရေးတာသာ ဖြစ်သည်။ သူတို့ကို လှောင်ဖို့မဟုတ်။ ထိုသို့ ပေါ်တင်ကြီး မလှောင်သော်လည်း ရံဖန်ရံခါတော့ ကျွန်တော်တို့ထက် တစ်တန်းငယ်သော Fresher လေးများထဲမှာ စချင်စရာများ သွားတွေ့ရသည်။

ကျွန်တော်တို့ နောက်နှစ် နှစ်နှစ်ကြာမှ ၀င်လာသော ပထမနှစ် ကျောင်းသူလေးများထဲမှာ အမြွှာညီအစ်မနှစ်ယောက် ပါလာသလို၊ ကျွန်တော်တို့ နောက်နှစ်မှ ကျောင်းသူတစ်ဦးမှာလည်း နာမည်နှင့်လူ လိုက်အောင် အင်မတန်လှပလွန်းသူ တစ်ဦးအဖြစ် သွားတွေ့ရလေသည်။ ထိုအခါ၌ အမြွှာညီအစ်မကို တွေ့တိုင်း ကျွန်တော်တို့ သူငယ်ချင်းများ တစ်ခုခု စတတ်ကြသလို၊ ထိုလှပ လွန်းသော ကျောင်းသူလေးကိုလည်း အနည်းငယ်တော့ စမိကြသည်။ တိုက်ဆိုင်သည်က သူတို့အားလုံး BE တန်း မတက်ဘဲ ဗိသုကာတန်းတွေသာ တက်သွားခြင်းပင်။ နောင်တော်ကြီးများ ရန်က ဝေးဝေးရှောင်ချင် သည် ထင်ပါ၏။

ကျွန်တော်တို့သည် တစ်ကျောင်းတည်းမှ မောင်နှမများ ဖြစ်ကြ၏။ တစ်ယောက်နှင့်တစ်ယောက် မထိခိုက်၊ မနာကျဉ်အောင် စခဲ့ကြ၏။ ထိုအခါ၌ ကျွန်တော်တို့နှင့် ပတ်သက်ခဲ့သူများသည် ပြုံးကြ၏။ မဲ့ကြ၏။ ရင်ထဲမှာ နာကျဉ်မှုများ မကျန်နိုင်ဟု ကျွန်တော်တို့ ယူဆခဲ့၏။ ထိုအဖြစ်အပျက်များသည် နောင်တစ်ချိန်မှာ အမှတ်တရများ ဖြစ်ချင်ဖြစ်နိုင်၏။ သည်သို့ဖြင့် ကျွန်တော်တို့သည်လည်း ထိုအပျော်လေးများကို အမှတ်ရခွင့် ရှိနေသေး၏။ ။


ဆူးသစ်
၂၁း၅၆ နာရီ

၂၂.၀၂.၂၀၁၁

Sunday, February 20, 2011

" ကျွန်တော်တို့သည် " (၁၂)


ကျွန်တော် ငှားနေသောအဆောင်သည် ရန်ကုန်စက်မှုတက္ကသိုလ်၏ နောက်ဘက်ထဲမှာ။ G-hall ကို ဖြတ်ပြီး အနောက်ဘက် ဆက်သွားလျှင် ကျောင်းနောက်ဘက် မလွယ်ပေါက်ကို ရောက်၏။ ထိုမှတစ်ဆင့် ကြို့ကုန်း ရပ်ကွက်ကို ရောက်သည်။

အဆောင်မှာ ရေချိုးရန် အုတ်ကန်အကြီးကြီး ရှိသည်။ အိမ်သာများလည်း အများကြီးရှိ၏။ မီးကိုတော့ ညမှောင်မှ ပေးသည်။ မီးသီးပဲ ရှိ၏။ မီးချောင်းမရှိ။ ထို့အပြင် ပလပ်ပေါက် မရှိ။ ပလပ်ပေါက်နေရာတွင် ငုတ်စများ ထုတ်ထားတာသာ ရှိ၏။ လျှပ်စစ်မီးဆို၍ ထိုအချိန်က ကျွန်တော်တို့ ဒဂုံမြောက်ပိုင်းမှာ မီးမရသေး။ ပထမနှစ်ကို ဘတ္ထရီမီး၊ ဖယောင်းတိုင်မီးများဖြင့် ကျွန်တော် ဖြတ်သန်းခဲ့ရသည်။ ထို့ကြောင့် ယခု မီးသီးနှင့် ကြည့်ရသည်က မီးချောင်းမရသော်ငြား တော်ပါသေးလားဟု တွေးမိချင်စရာ။

အဆောင်ဒုက္ခကတော့ ပိုင်ရှင်များက လစာပေးပြီးလည်း မပေးရသေးဘူး အထင်နှင့် ကျွန်တော်တို့ အခန်းမှာ စာ လာလာ ထားသွားခြင်းပင်။ ကျောင်းမှာ ခေါင်းရှုပ်ပြီး ပြန်လာချိန် ထိုစာမျိုး မြင်ရသည်က စိတ်ညစ်ညူးစေ၏။ ကျွန်တော်ရော၊ ကိုအောင်ကျော်သက်ပါ ခဏခဏ သွားတွေ့ရ၏။ ပိုင်ရှင်ကတော့ 'မောင်ဘယ်သူရေ၊ လစာကိစ္စ မေးစရာရှိလို့ လာခဲ့ပါဦး' ဟု ရေးထားတာ လွယ်လွန်းသည်။ ကျွန်တော်တို့ကတော့ ညစ်နေလေပြီ။ ပြီးတော့ ဘာမျှ မဟုတ်။

ညဘက်ဆို အဆောင်အပြင်ထွက်၊ ထမင်းဝယ်စား၊ ပြီးလျှင် စာကြည့်။ စာမေးပွဲနီးသောအခါ ကိုအောင်ကျော်သက်က အိမ်ပြန်နေ၏။ ကျွန်တော်နှင့် ခင်မောင်ရွှေသာ ကျန်သည်။ ခင်မောင်ရွှေလည်း နောက်ပိုင်း သူပိုင်သော လက်ဖက်ရည်ဆိုင် စိတ်မချ၍ ပြန်လိမ့်တော့သည်။

အဆောင်မှာ သန့်ရှင်းရေးလုပ်သော ကလေးလေးတွေလည်း ရှိ၏။ ကျွန်တော့်မှာရှိသော မုန့်တွေ သူတို့ကို ကျွေး၏။ သနားဖို့ကောင်းသလို ခင်ဖို့လည်းကောင်းသည်။ ကိုအောင်ကျော်သက်နှင့် ကျွန်တော် ထမင်း အပြင်ထွက်ဝယ်မစားချင်၍ ပလပ်ကြိုးကို ချိတ်ပြီး ရေနွေးအိုးမှာ ဆန်ထည့်၍ ရေခန်း ချက်သည်ကို ဘေးခန်းက အဆောင်နေ ၀န်ထမ်းတစ်ဦး သွားချွန်သောအခါ ထိုကလေးတွေ လာစောင့် ဖမ်းကြ၏။ မမိ။ နောက်တော့ ကိုအောင်ကျော်သက် ပြန်သွားပြီးချိန်မှာ ကျွန်တော့်ကို သူတို့ချက်သော ထမင်းများယူလာပြီး ကျွေးကြသည်။ တစ်သက်နှင့် တစ်ကိုယ် မျက်ရည်လည်အောင် ခံစားခဲ့ရ၏။ အဆောင်ပိုင်ရှင်၏ စိတ်ဓါတ်နှင့် ကလေးများ၏ စိတ်ဓါတ်၊ ဘေးခန်းက အတူနေ ယောက်ျား တစ်ဦး၏ စိတ်ဓါတ်များကား ဘ၀ထဲက သင်ခန်းစာ ယူစရာများအဖြစ် ကျန်ရစ်ခဲ့လေသည်။

ကျောင်းမှာတော့ ME က ခက်၍ အတန်းထဲက မျိုးခိုင်ဆိုသော သူငယ်ချင်းက ကျူရှင်တက်ရန် သူတို့ သင်နေသော တက္ကသိုလ်ရိပ်သာလမ်းက သူငယ်ချင်းတစ်ယောက်အိမ်မှာ လာသင်ဖို့ ခေါ်သည်။ သည်လိုနှင့် ထိုကျူရှင်တက်ရင်း သူငယ်ချင်းတွေလည်း တိုးကုန်၏။ မျိုးခိုင်၊ တင်အောင်မိုး၊ မိုးကြီး၊ ထွန်းမျိုးလွင်တို့ကို နာမည် မှတ်မိပြီး ကျန်သူတွေက ရေးတေးတေး။ လင်းလင်းဆိုသော ကောင်မလေး တစ်ယောက်လည်း ပါသေးသည်။

သည်လိုနှင့် အဆောင်လခ၊ ကျူရှင်လခတွေ ကြားမှာ ဒုတိယနှစ်၊ ရန်ကုန်စက်မှုတက္ကသိုလ်ကို ခါးသီးစွာ ဖြတ်သန်းရတော့သည်။ ကျွန်တော့်အတွက် ကဗျာတစ်ပုဒ်ပါ ရလာ၏။ အောက်က ကဗျာပါ။


"ယိုင်နဲ့နေသော ပန်းတိုင်တစ်ခု"

အင်ဂျင်နီယာ
တိုက်တာတွေဆောက်၊ တံတားဆောက်နဲ့
လမ်းဖောက်လမ်းသွယ်၊ ပညာကြွယ်ဘိ
တယ်ဂုဏ်ရှိဆိုပဲ။

ဖြတ်ခဲ့တဲ့လမ်း
ချိုင့်ဝှမ်းပေါများ၊ နေစားတာက
မှိန်ပြပြအိမ်၊ စည်းစိမ်မဲ့ကင်း
ချွေးနဲရရင်းတဲ့ခရီး၊ မငြီးမမော
လျှောက်သောကာလ၊ အိမ်မှစရိတ်
သူ့ရဲ့အိတ်ထဲ၊ ပြည့်သိပ်ဖောင်းကား
ကျူရှင်များ၊ စာသင်ခန်းများ
လမ်းသလားခဲ့တာတွေ
ဘယ်သူတွေသိကြသလဲ။

အရင်းအနှီးများစွာ
ကာလများစွာဖြတ်လို့
ဘီအီးနဲ့ ဘီအတ်ခ်ျ
တစ်ခုခုတပ်ဖို့အတွက်
အသက်တွေလည်းတို၊ လက်တွေလည်းညိုလို့
တူဆိုတူ၊ 'တီ' ဆို 'တီ'
ခပ်တည်တည်နဲ့ မာန်ပြ
နှိပ်ကြ၊ ထုကြ၊ ဆွဲကြရင်း
အဲဒီကာလတွေရဲ့ အစွန်းရောက်ခဲ့ကြမှာပေါ့။

စီမံကိန်းအရာရှိ၊ ဘာအရာရှိ၊ ညာအရာရှိ
ဂုဏ်ထူးဝိသေသကြီးကြီးနဲ့
အင်ဂျင်နီယာကြီး ကြွပါခင်ဗျာဆိုရင်
မျက်နှာကမော့မော့၊ ဟန်ကကြော့ကြော့၊ ခြေလှမ်းက ပေါ့ပေါ့နဲ့
မြူးဆော့တဲ့ စိတ်ကူးထဲကအတွေး
ကွယ်-ဝေးတတ်လိုက်တာ။

လောလောဆယ်မှာ
အင်ဂျင်နီယာ ကျူရှင်လခ၊ ကျောင်းလခ
အဆောင်လခ၊ ထမင်းလခ၊ ကားခစရိတ်
အိတ်ထဲကနေခုန်ထွက်
လူနေမှုစရိတ်အတွက် တွက်ချက်
(အင်ဂျင်နီယာရဲ့ပန်းတိုင်ကြီးလည်း......)
လှုပ်စိလှုပ်စိနဲ့ယိုင်နဲ့လျှက်............။

ကျွန်တော်တို့သည် အင်ဂျင်နီယာဘွဲ့ဟူသော ဘီအီး တစ်လုံးရဖို့ အရင်းအနှီးများစွာ ပေးဆပ်ခဲ့ရ သူများ ဖြစ်ကြ၏။ ငွေ၊ အချိန်တို့ကို မြှုပ်နှံကာ ဖြတ်သန်းရင်း အရင်းအနှီး မည်မျှကြီးသည်ကို ကျွန်တော်တို့ ဘာသာ သိသူများလည်း ဖြစ်ကြ၏။ ။

ဆူးသစ်
၂၂း၃၀ နာရီ

၂၀.၂.၂၀၁၁

Friday, February 4, 2011

"ကျွန်တော်တို့သည်" (၁၁)


ဒုတိယနှစ်၊ ရန်ကုန်စက်မှုတက္ကသိုလ် တက်တော့ L-6 မှာ။ ဒုတိယနှစ်၏ Section - B မှာ။ ကျွန်တော့်မှာ သူငယ်ချင်းတွေလည်း ပိုတိုးလာ၏။ ရှေ့မှာပြောခဲ့သော သွင်ကြီးဟုခေါ်သည့် သွင်မောင်မောင်၊ ဂျယ်ကြီးဟု ခေါ်သည့် စိုးမင်းဆက်တို့ အပြင် ပြည်စိုးဟု ကျွန်တော်တို့ ခေါ်သော ပြည်စိုးထွန်းဆိုသည့် သူငယ်ချင်းပါ ထပ်တိုးလာ၏။ မင်းဘုန်းလှိုင်က Section - A ရောက်သွားပြီး၊ ကျွန်တော်က သွင်ကြီးတို့၊ ပြည်စိုးတို့နှင့် ပိုတွဲ ဖြစ်သည်။ ထို့ပြင် 'ဘဲဥ' ဆိုသည့် ကာတွန်းရုပ်ဖြင့် အောင်မြင်သော ကာတွန်းဆရာ ကိုမောင်မောင်၏သား ဆွေဆက်ကပါ ကျွန်တော်တို့နှင့် တစ်အုပ်စု တည်း။ နောက်တော့ ဆွေဆက်သည် ကျောင်းပြောင်းပြီး ရူပဗေဒ ဘာသာရပ်ကို ပြောင်းယူ ခဲ့တော့၏။ သူက သူ့ အစီအစဉ်နှင့် သူ။

ကျွန်တော်က ကျောင်းအဆောင် မရသောအခါ ကျောင်းတက်ပြီး နှစ်လလောက်နေတော့ ကျောင်းနောက် က အပြင်ဆောင် တစ်ဆောင်မှာ ငှားနေဖြစ်ခဲ့၏။ သည်တုန်းက ကျွန်တော်တို့ ဒဂုံ၊ မြောက်ဥက္ကလာ အုပ်စုထဲက ကိုအောင်ကျော်သက်နှင့် ခင်မောင်ရွှေက ကျွန်တော်နှင့် အတူတူ အပြင်ဆောင် ငှားနေသည်။ သူတို့ နှစ်ဦးစလုံးက ကျွန်တော့်ထက် အသက်ကြီး၏။ ခင်ဖို့လည်း ကောင်းသည်။ ရိုးလည်းရိုး၊ အေး လည်း အေးကြ၏။ ကျွန်တော်နှင့် စာအတူတူ လုပ်ဖြစ်ကြသည်။

မနက်မိုးလင်း အဆောင်ကထွက်လျှင် ကျွန်တော်တို့ စုရပ်က နွေးအေး (သို့မဟုတ်) ၀ါဝါဦး လက်ဖက် ရည်ဆိုင်။ နွေးအေးကိုတော့ နွမ်ဂျာသိုင်းတို့၊ မောင်စိန်ဝင်း (ပုတီးကုန်း)တို့ ၀တ္ထုတွေ ဖတ်ဖူးသူဆို သိကြမည်။ ရာဇ၀င်ထဲက နွေးအေးဖြစ်သည်။ ဘယ်တုန်းကတည်းက စခဲ့သည် မသိ။ ၀ါဝါဦးကတော့ ကျွန်တော်တို့ နှစ်များ၏ အမှတ်တရ၊ အထင်ကရ ဖြစ်စရာ တစ်ခုတည်းသော လက်ဖက်ရည်ဆိုင်။

နွေးအေးသည် ဂျီဟော(G Hall) ဘက်ကလာလျှင် ညာဘက်အစွန်နား၊ ၀ါဝါဦးက ဘယ်ဘက် အစွန်။ စာကြည့်တိုက်၊ ကားပတ်ကင်ဘက်ကလာလျှင် ၀ါဝါဦးက ညာဘက်အဆုံး၊ နွေးအေးက ဘယ်ဘက်အဆုံး။ ကျွန်တော်တို့ ကျောင်းတက်ချိန်က ပဲထမင်း၊ မြေပဲထမင်း၊ လက်ဖက်ထမင်း စသဖြင့် ၁၂ကျပ်လောက်နှင့် ပွဲဖြစ်သည်။ မနက်ဘက်ဆို တစ်ပွဲလောက်စားပြီး ကျောင်းတက်၊ နေပေတော့ နေ့လယ်အထိ။

အဲ - လက်ဖက်ရည် သောက်ချင်လျှင်တော့ ၀ါဝါဦးက ကျွန်တော်တို့ ရင်ဘတ်ထဲ အငြိဆုံး။ နွေးအေးက ကက်ဆက်သံ မကြားရ။ ဘာလို့လဲ မသိ။ ကျောင်းဘက်နီး၍ ဖြစ်နိုင်သည်။ ၀ါဝါဦးက ကားလမ်းဘေး၊ ဘောလုံးကွင်းဘက် ကျ၍လားမသိ။ Box ကြီး အကြီးကြီးနှင့်ကို ဆော်သည်။ စာသင်၍ ခေါင်းရှုပ်လျှင် ၀ါဝါဦးက ကျွန်တော်တို့နှင့် ကိုက်သည်။ လက်ဖက်ရည်လည်း ကောင်း၏။ သီချင်းနားထောင်ပြီး အစွန်ဘက် စားပွဲလေးမှာ ဟိုငေး၊ သည်ငေး လုပ်ရင်း (ကျောင်းသူတွေလည်း ငေးခဲ့ တာပေါ့ဗျာ) ပြောချင်ရာပြော၊ ရယ်ချင်ရာ ရယ်ခဲ့၏။ စာအကြောင်း၊ ဘ၀အကြောင်း၊ အနုပညာ အကြောင်းများလည်း ပါ၏။

ထိုစဉ်က လေးဖြူ၏ 'ပင်လယ်အော်သံ' အခွေထွက်သည်။ 'အသည်းကွဲ သီချင်းသစ်' နှင့် 'အလွမ်းများ' သီချင်းများက ကျွန်တော်တို့ ရင်ဘတ်ကို ၀ုန်းခနဲ ဆောင့်၏။ ၀ါဝါဦးမှာ ကျွန်တော်တို့က ကိုလေးဖြူနှင့် ငြိမ့်သည်။ ပြီးတော့ 'အသက်ထက်ဆုံး' အခွေနှင့် အောင်မြင်ခဲ့သော 'ဗလ' က 'ယဉ်တစ်ကိုယ်မိုး' အခွေထွက်လာသည်။ ထိုအခွေထဲက 'သိချင်တယ်' ဆိုသော သီချင်းက ကျွန်တော့် အကြိုက်။ ရွှေဂျော်ဂျော် ရေးသည် ထင်၏။

နောက်တော့ မြန်မာ တစ်ပြည်လုံး အုန်းအုန်းကျွက်ကျွက် ဖြစ်ကာ ကျွန်တော်တို့ ကျောင်းထဲက လက်ဖက်ရည် ဆိုင်များမှာပင် အားလုံးလိုလို မဖွင့် မနေနိုင်၊ များသောအားဖြင့် ဖွင့်ချိန်ချင်းပင် တူတတ်သော ကက်ဆက်ခွေ တစ်ခွေ ပေါ်လာပြန်၏။ ထိုအခွေကား အခွေနာမည်နှင့် လိုက်အောင် နေရာ ယူလွန်းသော 'ဗဒင်' ၏ 'နေရာ' ခွေ။ ကောင်းလည်း ကောင်းသည်။ ကျွန်တော်တို့မှာ စာသင်၍ ခေါင်း ရှုပ်လျှင် လေးဖြူ၊ ဗဒင်၊ ဗလ တို့နှင့် ရှင်းထုတ်လိုက်သည်။ ထိုအထဲကမှ မိန်းကလေးအခွေ တစ်ခွေက ထပ်ပေါ်လာသေးသည်။ ကျောင်းက ဆိုင်တချို့ စဖွင့်လာ၏။

ကျွန်တော့် သူငယ်ချင်း ပြည်စိုးက ပြောသည်။ 'အဲဒီအခွေပေါက်လိမ့်မယ်၊ သူ့နာမည်နဲ့ အခွေ နာမည်ကိုက ပေါက်မှာဗျ' လို့ ပြောတော့ ကျွန်တော် နားမထောင်ဖူး၍ 'ဘယ်သူလဲ' ဟုမေးတော့ 'အေးချမ်းမေ တဲ့ဗျ၊ အခွေ နာမည်က ပျော်ရွှင်ခြင်းနိုင်ငံတဲ့' ဟုဆိုသည်။ တကယ်လည်း ထပေါက်ခဲ့သည်။ ပြည်စိုးစကား သွေးထွက်အောင် မှန်၏။

ထိုစဉ်က သီချင်းတွေက အပြိုင်အဆိုင်။ ကျွန်တော်တို့ ကျောင်းမှာလည်း မြိုင်မြိုင်ဆိုင်ဆိုင်နှင့်။ သည်လို အရသာများ ရှိမှတော့ Library ဆိုတာကို ခြေဦးလှည့်ဖို့ ခက်တော့သည်။ ပြီးတော့ ကျွန်တော်တို့ ကျောင်းက စာကြည့်တိုက် ဆိုသည်ကလည်း ကျွန်တော် ကျောင်းစရောက်စက ထင်ထားသလို ကျွန်တော်တို့ ဖတ်ချင်သော ၀တ္ထုများ၊ သုတ၊ ရသများ ရတာမဟုတ်။ အားလုံး Technical Book များသာ။ ကျွန်တော့် အထင်လွဲသွားတာ ကျောင်းတက်ရင်း သိလာသည့်အခါ၌ သူငယ်ချင်းများ ရံဖန်ရံခါ စာလုပ်ရန်နှင့် သင်နေရသော ဘာသာရပ်မှ လိုအပ်လျှင် စာအုပ်ငှားရန် အချိန်လောက်သာ ရောက်တော့သည်။ မိမိဖတ်လိုသော စာအုပ်တစ်အုပ်ကို တရှိုက်မက်မက်နှင့် ထိုင်ဖတ်နေရလောက်အောင် သွားချင်သည့် စာကြည့်တိုက်မျိုးဟု ကျွန်တော် မခံစားတတ်ခဲ့။ ကျွန်တော်က ဂန္ထ၀င်စာအုပ်များ၊ သုတ၊ ရသများကို ထိုစဉ်က တော်တော် ဖတ်ချင်နေခဲ့ပြီ ဖြစ်လေသည်။

ကျွန်တော်တို့သည် သူငယ်ချင်းများနှင့် ၀ါဝါဦးမှာ၊ နွေးအေးမှာ လက်ဖက်ရည်ဆိုင် ထိုင်ခဲ့ကြ၏။ ကျွန်တော်တို့ ဦးနှောက်၏ မွန်းကျပ်မှုကို ထိုနေရာများမှာ ဖောက်ထုတ်ခဲ့ကြ၏။ ကျွန်တော်တို့၏ ရင်ဘတ်များသည် အနုပညာကို ခံစားရင်း ပို၍ နီးကပ်ခဲ့ကြ၏။ ပို၍ သံယောဇဉ်ကြီးခဲ့ကြ၏။ ကျွန်တော်တို့အတွက် ထားခဲ့သော စာကြည့်တိုက်သည် ကျွန်တော်တို့ ဦးနှောက်ကို သစ်လွင်တောက် ပစေခဲ့သည့် အရာ ဖြစ်သည်ဆိုလျှင် ထို လက်ဖက်ရည်ဆိုင်များကတော့ ကျွန်တော်တို့ နှလုံးသားများကို အစဉ်ထာဝရ နုပျိုလန်းဆန်းနေစေခဲ့သည့် အရာများ ဖြစ်ခဲ့သည်ဟု ကျွန်တော် ဆိုချင်သည်။ ထိုအချက်ကို ကျွန်တော့်သူငယ်ချင်းများ ငြင်းမည် မဟုတ်သည်ကို ကျွန်တော် ယုံကြည်ပြီးသား။ ပြန်တွေးသည့် အခါတိုင်း ကျွန်တော်တို့ နှလုံးသားမှာ ၀ါဝါဦးတို့၊ နွေးအေး တို့က နွေးထွေးနေဆဲ မဟုတ်လား။ ။


ဆူးသစ်၂၀း၅၂ နာရီ
၎.၂.၂၀၁၁

Sunday, January 23, 2011

" ကျွန်တော်တို့သည် " (၁၀)


ကျွန်တော်တို့ ရန်ကုန်စက်မှုတက္ကသိုလ်တွင် Board ပေါ်မှာ ခုံနံပါတ်များ ကပ်လျှင် ခုံနံပါတ်နောက်က နာမည် နောက်မှာ နာမည်ပြောင်များ ရေးသည့် အကျင့်တစ်ခုလည်း ရှိသည်။ မသိလည်း ရေးသလို သိလည်း ရေးကြ၏။

ဥပမာ - သန့်စင်အောင် ဆိုသည့် နာမည်နောက်မှာ 'တစ်နေ့တစ်ခါ ရေမှန်မှန်ချိုးပါ'၊ ဖြူဖြူစံ ဆိုသည့် နာမည် နောက်မှာ 'ပေါ်ဆန်းမွှေး' စသည်ဖြင့် ရေးကြ၏။ စိန်မျောက်မျောက်လို နာမည်ပြောင် ရှိပြီးသားဆိုလျှင် 'စိန်မျောက်မျောက်' ဟု တန်းရေး၏။ ဒါဝတ်ကိုလည်း 'ဒါဝတ်' ဟုလည်းကောင်း ရေးကြ၏။ ထို့ကြောင့် ပထမနှစ် အပြီး ဒုတိယနှစ်အတွက် ခုံနံပါတ်များ ထွက်လာသောအခါ ထိုခုံနံပါတ် စာရွက်များပေါ်မှာ နာမည်ပြောင် များဖြင့် ပြည့်နှက်နေတော့၏။

ထိုသို့ အစအနောက် အပြောင်များ ကြားမှာပင် ဒုတိယနှစ်သို့ ရောက်ခဲ့၏။ တကယ်တော့ ဒုတိယနှစ်သို့ ရောက်ခဲ့ခြင်းသည် ကျွန်တော်တို့ အတွက် ဆယ်တန်းကို ဒုတိယအကြိမ် ရောက်ခဲ့သလိုပင်။ အဘယ်ကြောင့် ဆိုသော် စက်မှုတက္ကသိုလ် ဒုတိယနှစ်သည် အောင်မှတ်ဖြင့် မေဂျာခွဲမှာ ဖြစ်၍ပင်။ ဆယ်တန်းမှာ ရမှတ်ဖြင့် ဆေးတို့၊ စက်မှုတို့ ခွဲပြီးသောအခါ ကျွန်တော်တို့အဖို့ ဒုတိယအကြိမ် ထပ်မံပြီး အမှတ်ဖြင့် ကိုယ့်ကို မေဂျာခွဲမှာ ထပ်ကြုံရခြင်းပင်။ မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့ အတွက် Pressure နှင့် Stress ဆိုတာကြီးက မသိမသာရော၊ သိသိသာသာပါ ၀င်ချလာသည်။

ပထမနှစ်မှာ အင်္ဂလိပ်စာ(Eng 101) ၊ မြန်မာစာ (Bur 101) ၊ သင်္ချာ (Introductory Mathematics) (Math 101) ၊ သင်္ချာ (Calculus and Plane Analytic Geometry) (Math 102) ၊ ဓာတုဗေဒ (Chem 101) နှင့် ရူပဗေဒ (Phy 101) ဆိုပြီး ခြောက်ဘာသာ သင်ရ၏။

ဒုတိယနှစ်မှာတော့ အင်္ဂလိပ်စာ(Eng 201) ၊ မြန်မာစာ (Bur 201) ၊သင်္ချာ (Calculus and Three Dimensional Analytic Geometry) (Math 201) ၊ ဓာတုဗေဒ (Chem 201) ၊ ရူပဗေဒ (Phy 201) နှင့် Engineering Mechanics (ME 204) ဆိုပြီး ခြောက်ဘာသာ သင်ရ၏။ သင်္ချာ တစ်ဘာသာ အစား ME ၀င်လာခြင်း ဖြစ်၏။

ကျွန်တော်တို့ ကျောင်းမှာ B.E နှင့် B.Arch ဆိုပြီး ဘွဲ့နှစ်ဘွဲ့ ရှိ၏။ အင်ဂျင်နီယာနှင့် ဗိသုကာဘွဲ့။ B.Arch ဆိုသည့် Architecture ယူမည့်သူသည် ပထမနှစ် အပြီးမှာပင် ခွဲထွက်သွားလေသည်။ သို့သော် သူတို့သည် ကျွန်တော်တို့လို အင်ဂျင်နီယာ အတန်းများနှင့် ဒုတိယနှစ်မှာ လိုက်တက်ရ၏။ လူနည်းစုသာ ယူကြသည်။ အင်ဂျင်နီယာဘွဲ့ကတော့ ဆယ်မျိုးရှိ၏။ မေဂျာဆယ်ခု ဆိုပါစို့။ Mechanical , Electronics, Electrical Power, Civil, Textile, Mining, Chemical, Metallurgy, Petrol နှင့် Aeronautical ဆိုပြီး ရှိသည်။

ကျွန်တော်တို့ တက်နေချိန်က EC ဟုခေါ်သော Electronics သည် အဟော့ဆုံး။ ကျွန်တော်တို့ ရှေ့နှစ်တွေ ကတည်းက နံပါတ်တစ် မေဂျာ။ ပြီးလျှင်Mech 'မက်ခ်' ဟု ကျွန်တော်တို့ခေါ်သော Mechanical နှင့် Civil သည် နှစ်တိုင်း မတိမ်းမယိမ်း။ ကျွန်တော်တို့ အမြင်အရ ပြောရလျှင် ဆယ်တန်းမှာ ဆေးအမှတ်၊ စက်မှုတက္ကသိုလ် အမှတ် စသဖြင့် ခွဲစဉ်က အမှတ်အမြင့်ဆုံး၊ အနိမ့်ဆုံး ဆိုတာတွေသည် လျှောက်သည့် လူပေါ်သာ မူတည်သည် ထင်ပါသည်။ တစ်ပြည်လုံး ပထမဆိုသူက ဆရာဝန်လိုင်း မယူဘဲ၊ စက်မှုတို့ ၊ကွန်ပျူတာတို့ ယူလျှင် ထိုလိုင်းများမှာ သူ့အမှတ်က အမြင့်ဆုံးပေကိုး။ သူ့နောက်မှာမှ လူ ဘယ်နှစ်ယောက် ခေါ်မည်ဆိုပြီး ဦးစားပေးလျှောက်ထားသူ အရေအတွက်ကို ခွဲထုတ်လိုက်သောအခါ သတ်မှတ်ဦးရေ ပြည့်ချိန်တွင် ရှိမည့် နောက်ဆုံးလူ၏ အမှတ်သည် အနိမ့်ဆုံး ဖြစ်၍၊ ထိုနှစ်က ဆေးအမှတ်မြင့်သည်၊ နိမ့်သည်၊ စက်မှုတက္ကသိုလ် အမှတ်မြင့်သည်၊ နိမ့်သည် ဆိုပြီး ဖြစ်လာရခြင်း ဖြစ်သည်။ သို့သော် ဆေးကိုတော့ လူတိုင်းက ပိုလျှောက်ချင်၍ ဆေးအမှတ်သည် နှစ် တိုင်း မြင့်နေလေ၏။

ကျွန်တော်တို့ ကျောင်းမှာလည်း ထိုသဘောအတိုင်းပင်။ EC သည် ထိုအချိန်က ခေတ်အစားဆုံး ဖြစ်၍ နှစ် တိုင်း ထိပ်ဆုံးကပင်။ ဒုတိယနှစ် အောင်မှတ်အမြင့်ဆုံးများသည် EC ယူကြသည်။ ထို့နောက်မှာ Mech နှင့် Civil။

ထိုကဲ့သို့ လိုင်းခွဲမည်ဆိုသောအခါ နှစ်စကတည်းက မပေါ့ရဲကြ။ ပိုဆိုးသည်က မသင်ရခင်ကတည်းက အကြားနှင့် လန့်ခဲ့ရသော ME ဆိုသော ဘာသာရပ်။ Engineering Subject စစ်စစ် တစ်ခုဝင်လာ၍ လန့်သည့်သဘော။ ထိုဘာသာကို ဆရာဦးသန်းဌေးဆိုသည့် ဆရာက သင်သည်။ ဆရာသည် အသင်အပြ ကောင်း၏။ စကားပြောရိုး၏။ စက်မှုတက္ကသိုလ်တွင် (၆)နှစ် တက်ခဲ့ရသည့် ကာလအတွင်း Board ကို ကိုင်တွယ်သည့် နေရာ၌ အကျွမ်းကျင်ဆုံး ဆရာဟု ကျွန်တော်ဆိုချင်သည်။ သူလာလျှင် Board ပေါ်က ရှိသမျှစာ အကုန်ဖျက်လိုက်သည်။ ပြီးမှ Board ကို နှစ်ပိုင်း ပိုင်းရန် အလယ်မှာ မျဉ်းတစ်ကြောင်းဆွဲသည်။ ပြီးလျှင် သူ သင်မည့်စာကို တစ်ပိုင်းစီ ရေးတော့သည်။ ဆရာ၏ မြေဖြူကိုင်ပုံက စီးစီး ပိုင်ပိုင် ရှိလှသည်။ သူရေးသော စာများ ကြည့်ရသည်ကိုက အားလုံး သပ်ရပ်လှပပြီး ရှင်းရှင်းလင်းလင်း။ စာသင်လျှင် မရှင်းတာ မရှိ။

ထိုဆရာနှင့် သင်ရသည့်ကြား လိုင်းခွဲမည်ဆိုသော Pressure ၊ Stress တွေကြောင့် ကျွန်တော်တို့မှာ အပြင်၌ ME ကို ကျူရှင်ယူခဲ့ရသေးသည်။ ထိုမျှ မကသေး။ ဒဂုံမှာ နေသော ကျွန်တော့်အတွက် စာကြည့်ချိန်ပိုရရန် ကျောင်းအဆောင်တောင်းဖို့ပင် ကြိုးစားကြည့်ခဲ့ဖူးသေး၏။ ထိုစဉ်က မော်ကွန်းထိန်း ဆရာဦးသန်းစိန်က ဒဂုံမြို့သစ်သည် ရန်ကုန်စည်ပင်နယ်နိမိတ် အတွင်းပါ၍ ကျောင်းဆောင်မရနိုင်ကြောင်း ကျွန်တော့်ကို ရှင်းပြခဲ့၏။ အဆောင်မရခဲ့။ သည်မှာပဲ မိဘတွေကို ကျွန်တော့်အတွက် အပြင်ဆောင် ငှားပေးရန် ပူဆာမိတော့၏။

ကျွန်တော်တို့သည် ကျောင်းတက်ရင်း ပျော်ချင်သူများဖြစ်၏။ သို့သော် ကျောင်းတက်ရင်းမှပင် စိတ်ရှုပ်စရာ၊ ပူပင်စရာ များစွာကို ရရှိခဲ့သူများ ဖြစ်ခဲ့၏။ ကျွန်တော်တို့ လိုချင်သော ဘွဲ့တစ်ဘွဲ့အတွက် ချွေးစက် များစွာကို ရင်းနှီးခဲ့ရသူများလည်း ဖြစ်ခဲ့ကြ၏။ ။


ဆူးသစ်
၂၀း၃၀နာရီ ၂၃.၁.၂၀၁၁


Wednesday, December 29, 2010

“ ကျွန်တော်တို့သည် " (၉)

ကျွန်တော့်အနုပညာ ၀ါသနာပိုးကို အသိအမှတ်ပြုသူ သူငယ်ချင်းတစ်ယောက်၊ ရန်ကုန်စက်မှုတက္ကသိုလ် ပထမနှစ် မှာပင် ရှိလာခဲ့၏။ ကျွန်တော်တို့ကို အင်္ဂလိပ်စာ အက်ဆေးများ ရေးပေးနေကျ ဒဂုံက မိန်းကလေး သူငယ်ချင်းပင်။ သူ့အဖေက သူတို့ မြို့နယ်အသင်း သက်ကြီး ပူဇော်ပွဲ ရှိ၍ ထိုပွဲ၌ ရွတ်ဆိုရန် စာကို ယခင်နှစ်က စာများ မသုံးချင် တော့၍ သည်နှစ် အသုံးပြုရန် စာအသစ် ရေးပေးနိုင်သူရှိက ရှာပေးစေချင် ကြောင်း သူ့သမီးကို ပြောပြသောအခါ ကျွန်တော့် သူငယ်ချင်းကလည်း အတန်းထဲမှာ မြန်မာစာ စကားပြေ ရေးပေးနေကျ ကဗျာရူး၊ စာရူး ကျွန်တော့်ကို ပြေးမြင်သည် ထင်ပါသည်။ ကျွန်တော့်ဆီ တန်းတန်း မတ်မတ်ကို ရောက်လာပါ၏။

'ဟဲ့-သားလတ်၊ ငါ့အဖေမြို့နယ်အသင်းက သက်ကြီးပူဇော်ပွဲ ရှိတယ်။ အဲဒါ လူကြီးတွေ ကန်တော့တဲ့စာ နင် ရေးပေး စမ်းပါ' တဲ့။ ကျွန်တော့်ဘ၀မှာ တစ်ခါမျှ မရေးဖူးသော စာဖြစ်၏။ ထို့ကြောင့် 'ငါ့ကို ပုံစံပြ' ဟု ပြောပြီး ပုံစံ ရသည့်အခါ ကျွန်တော့်ဘာသာ သဘောပေါက်ပြီး ပြောင်းရေးခဲ့တော့၏။ ထိုစာမှာ အောက်ပါအတိုင်းပင်။

သက်ကြီးပူဇော်ပွဲ

"ကန်တော့ခန်း"

'အပစာယန' - သီလ သမာဓိ၊ ပညာ၏ဂုဏ်၊ ကြီးဘိစုံလျက်၊ ၀ါသက်ကြီးမား၊ ပိုလ်များကို၊ ရိုသေသမှု၊ လုပ်ပြုသမျှ၊ 'အပစာယန'၊ ပုညကြိယာဆယ်ပါး၊ တစ်ပါးပါ၏ဟု၊ မှတ်သားမိပါသည် အဘိုးအဘွားများ ခင်ဗျား။

ထို့ပြင်တစ်ဝ - 'ပူဇာစပူဇနေယျာနံ' 'ပူဇော်ထိုက်သူကို ပူဇော်ရခြင်း' သည်လည်း၊ အမြဲစွဲမှတ်၊ လွန်စွာမြတ်ဟု၊ မပြတ်ဟောကြား၊ တရားများစွာ၊ နားမှာစွဲမိ၊ မင်္ဂလာရှိ၍၊ အသိဖြင့်ရိုကျိုး၊ ကျွန်တော်/ကျွန်မတို့ ရှိခိုးပူဇော်ရခြင်း ဖြစ်ပါသည် ခင်ဗျား။

ဤသို့အသိ၊ စွဲငြိသဖြင့်၊ သက်ဝါရင့်လျက်၊ ဂုဏ်သိမ်ထက်ကာ၊ ပညာပြည့်ဝ၊ လေးစားရသော၊ အဘ အဘိုးတို့အား လည်းကောင်း၊ ဂုဏ်ရည်ညီမျှ၊ တည်ငြိမ်ကြလျက်၊ ရင့်ကျက်အသိ၊ မြဲထင်ရှိနေ၊ အမေအဘွားတို့အား လည်းကောင်း၊ ကောင်းဆိုးအပေါ်၊ ကြောင်းကျိုးမျှော်၍၊ စေ့ဆော်ဆန္ဒ၊ တိုက်တွန်းလှချိန်၊ ဦးနှိမ်ရိုကျိုး၊ လက်စုံမိုး၍၊ ရှိခိုးကော်ရော်၊ ပူဇော်သမှု၊ ကျွန်တော်/ ကျွန်မတို့ ပြုပါ၏ ခင်ဗျား။

"ဆုတောင်းခန်း"

ဤသို့ ပူဇော်၊ ကော်ရော်ရှိခိုး၊ လက်စုံမိုးခြင်း၊ အကျိုးထင်းစွာ၊ ကျွန်တော်/ ကျွန်မတို့မှာ မှန်စွာရလိုပါ၏။

ဗုဒ္ဓ
တရား၊ လိုက်စားယုံကြည်၊ နားလည်သည်နှင့်အမျှ၊ ဗုဒ္ဓတရားမှန်၊ မြတ်နိဗ္ဗာန်ကို၊ ထိုကုသိုလ်မှု၊ အကြောင်းပြုလျက်၊ ကောင်းမှုသီးပွင့်၊ အစဉ်သဖြင့်၊ ခံစားရပါလို၏။

ထိုမြတ်နိဗ္ဗာန်၊ ရည်သန်စိတ်ထား၊ ရောက်မသွားခင်၊ ၀န်းကျင်နွယ်ယှက်၊ ထက်ဝန်းသံသရာ၊ လျှောက်ရ ပါလည်း၊ အမြဲချမ်းသာ၊ နှစ်ဖြာစိတ်ကိုယ်၊ ပြည့်ဝလိုလျက်၊ သက်ရှည်ဆင်းလှ၊ နာရကင်းဝေး၊ ချမ်းမြေ့အေးစွာ၊ ခံစားပါ၍၊ နတ်တွေ့နတ်ချစ်၊ လူတွေ့လူချစ်၊ ဆိုးပြစ်မရှိ၊ လိမ္မာမိသား၊ သားကောင်း သမီးကောင်းများ ဖြစ်ရပါလို၏။

ထိုပြုသမျှ၊ ကုသလတန်ဖိုး၊ အမျိုးမျိုးသည်၊ မိဆီဘဆီ၊ ဆရာဆီနှင့်၊ မမီမကြွင်း၊ ခပင်းများစွာ၊ သတ္တ၀ါ အားလုံးထံ၊ အမှန်ရောက်ရှိ၊ ခံစားမိစေ၊ အမျှဝေသည်၊ ကျွန်တော်ကျွန်မတို့နှင့်အတူ အမျှရ၍ ချမ်းသာသုခ၊ ရကြသည် ဖြစ်စေသောဝ်။ ။

(အမျှ) ဆို
(သာဓု)၃ ဆို

သည်သို့ဖြင့် သူငယ်ချင်းလည်း သဘောကျကာ သူ့အဖေဆီ ယူသွားပြီး ပြတော့၏။ သူငယ်ချင်း၏ ဖခင်က ကောင်းသည်၊ သုံးပါမည်ဆိုမှ ကျွန်တော်လည်း ပျော်ရတော့သည်။ လူကြီးမိဘများက သက်ကြီး သူများ ကန်တော့သည်ကို ကျွန်တော့် အနုပညာဖြင့် ကူညီခွင့် ရလိုက်သည် မဟုတ်လား။

ထိုကူညီမှု၏ အကျိုးဆက်ပင် ထင်ပါသည်။ ကုသိုလ်ပြု၍ ကောင်းကျိုးရသည် ထင်ပါ၏။ ဆေးကျောင်းက ကျွန်တော့် ငယ်သူငယ်ချင်းတစ်ယောက်က ကျွန်တော်ရေးပေးသော သက်ကြီးပူဇော်ပွဲ စာကိုတွေ့ပြီး 'မင်းတော် တော် ဟုတ်နေပြီပဲ' ဟုဆိုကာ ကဗျာစာအုပ် ထုတ်ဖို့ စ တိုင်ပင်ပါတော့သည်။ သူလည်း ထိုစဉ်က ကဗျာနည်းနည်း ရေး၍ သူ့ကဗျာများ နည်းနည်းထည့်ပြီး၊ ကျွန်တော်နှင့် စာအုပ်ထုတ်မည်တဲ့။ သူကငွေစိုက်မည် ပေါ့။ ကျွန်တော်က ကဗျာစာအုပ် ထုတ်ဖို့ မတတ်နိုင်၍ ကဗျာသာ ရေးပေးခဲ့သည်။ သူတို့ ကျောင်းအကြောင်း လည်း ပါ၏။ သည်သို့ဖြင့် 'သားလတ်(YIT) နှင့် ထူးငယ်(IM1)' တို့၏ 'အနမ်းတစ်ရှိုက် ဖြစ်တည်ရာ ရင်ခွင်ဦး' ဆိုသည့် လက်ကမ်းစာစောင်အရွယ် ကဗျာစာအုပ် တစ်အုပ်ကို ကျွန်တော် ပထမနှစ်မှာပင် ထုတ်ဝေခဲ့တော့သည်။ (ထိုစာအုပ်ထဲမှ ကဗျာများကို 'ကဗျာ' ကဏ္ဍတွင် ရှာဖွေဖတ်ရှု နိုင်ပါကြောင်း)

ကဗျာစာအုပ် ထုတ်ပြီး ကျွန်တော်တို့ ကျောင်းမှာတော့ ခင်ရာမင်ရာများကို ရောင်းဖို့ အားကိုးရ၏။ အတန်း အလိုက် ဖြန့်ရောင်းကြသည်။ မိန်းကလေးများကိုတော့ သက်ကြီးပူဇော်ပွဲနှင့် ပတ်သက်၍ ရေးခိုင်းသော ကျွန်တော့် သူငယ်ချင်း မိန်းကလေးကို ရောင်းခိုင်း၏။ ၀ယ်သူဝယ်၊ မ၀ယ်သူ မ၀ယ်။

ဆေးကျောင်းမှာတော့ ကျွန်တော့်သူငယ်ချင်းက သူ့အတန်းထဲမှာပင် ကုန်အောင်ရောင်း၏။ အားလုံးနီးပါး ၀ယ်ကြသည်။ တချို့ဆို ကျွန်တော့်ကို လက်မှတ်ပင် လာထိုးခိုင်းသေး၏။ ကျွန်တော့် သူငယ်ချင်းကတော့ 'မင်း အောင်မြင်တယ်ကွ' ဟု ဆိုသည်။ အမှန်မှာ သူက ကျွန်တော့် 'စက္ကူမြား' ကဗျာကို သူတို့ ဆေးကျောင်းမှာ အတန်းထဲက ဘုတ်ပေါ်တွင် ချရေးပြီးခဲ့သောကြောင့် ကျွန်တော့် ကလောင်နာမည် 'သားလတ်' ကို လူသိနေကြခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ပျော်ရပါသည်။ ကျွန်တော်တို့ ကျောင်းမှာ ကျွန်တော့်လို စာရူး၊ ပေရူး၊ အနုပညာရူးများ များစွာရှိနေ၍ သူတို့ အတွက်လည်း မဆီမဆိုင် ဂုဏ်ယူမိ၏။ ကျောင်းမှာက စာပေသမားမှ မဟုတ်၊ နယ်ပယ်စုံမှာ အောင်မြင်သူများ ရှိနေသည်ကို ကျွန်တော် သိနေသည်ပဲ။

တစ်ခါတော့ အင်္ကျီအနက် လက်ရှည်ကို လက်ဖျံအထိ ခေါက်တင်ထားပြီး ဂျင်းဘောင်းဘီ အနက်နှင့် ဆံပင် အတိုကို သပ်သပ်ရပ်ရပ် လှန်ဖြီးထားသော၊ စတိုင်ကျကျ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား တစ်ဦးကို စာအုပ်တချို့ လက်မှာကိုင်လျက် ကားပတ်ကင်ဘက်မှ ငွေစာရင်းဌာနသို့ ဖြတ်သွားသည်ကို တွေ့လိုက်ရ သည်။ သူ့ကို မြင်တော့ ပုံစံက ထင်းခနဲ၊ ရှင်းခနဲ။ ငါသိတယ်ဟု စဉ်းစားလိုက်တော့ 'သြော် - ဒါ ကျော်ဟိန်းရဲ့တူ၊ ထင်လင်း ပါလား' ဟု မှတ်မိသွားသည်။ ထိုသူသည်ကား နောင်တစ်ချိန်၌ နိုင်ငံကျော် အနုပညာရှင် ဖြစ်လာမည့် ရုပ်ရှင်မင်းသား 'ဒွေး' ပင်။ နောင်မှ သိရသည်က ဒွေးသည် Electrical Power ဘာသာရပ် ကျောင်းသား တစ်ယောက် ဖြစ်၏။ ထို့ကြောင့် ကျွန်တော်တို့ အတွက်လည်း ဂုဏ်ယူစရာ တစ်ခု တိုးခဲ့ရဖူးပါသည်။

ကျွန်တော်တို့သည် အနုပညာကို ၀ါသနာပါရင်း၊ တတ်နိုင်သမျှ ကူညီချင်သူများ ဖြစ်ခဲ့ကြသည်။ ကျွန်တော်တို့ သည် စာသင်ရင်းမှာလည်း အနုပညာအလုပ်ကို လုပ်ခဲ့ကြသူများလည်း ဖြစ်ခဲ့ကြ၏။ ကျွန်တော်တို့သည် ထိုအချိန်က စက်မှုတက္ကသိုလ် ကျောင်းသားများ ဖြစ်ခဲ့ကြသော်လည်း၊ နောင် တစ်ချိန်တွင် ကျွန်တော်တို့ အထဲမှ အနုပညာ လောကတွင် အောင်မြင်ထင်ရှားလာမည့် သူများ ဖြစ်လာ မည်ဟု မသိခဲ့သူများလည်း ဖြစ်ခဲ့ကြ၏။ ။




ဆူးသစ်
၁၅း၅၂ နာရီ
၂၉.၁၂.၂၀၁၀

Tuesday, December 21, 2010

“ကျွန်တော်တို့သည် " (၈)


ကျွန်တော်တို့ကျောင်းမှာ ခံစားရသော ဒုက္ခတစ်ခုရှိသည်။ 'ဒုက္ခ' ဟုပဲ ဆိုရမည်။ အဘယ်ကြောင့် ဆိုသော် စာသင် နေတုန်း ဆရာ၊ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများ ခဏခဏ ခံစားရသော စိတ်ပျက် စရာ ဖြစ်၍ပင်။ တခြားတော့ မဟုတ်။ လေယာဉ်ပျံ သုံးစီး အမြဲလို ကောင်းကင်မှာ ပျံသန်းနေခြင်းပင်။

ဆရာ၊ ဆရာမများက စာသင်နေပြီ၊ ကျွန်တော်တို့က အာရုံစိုက်နေပြီဆို၊ ထိုသုံးစင်းတည်းသော အသံထက် မြန်သည် ဆိုသည့် လေယာဉ်များက လေ့ကျင့်ပါလေပြီ။ အသံက ဆူလွန်း၍ ဆရာ၊ ဆရာမများ စာဆက်သင်၍ မရ။ ခဏ ရပ်ရတော့သည်။ ကျွန်တော်တို့လည်း အာရုံစိုက်မှု ပျက်တော့သည်။ ကျွန်တော်တို့ ကျောင်း၏ တည်နေရာက လေယာဉ်ကွင်းနှင့် နီးနေ၍ပဲ ထင်ပါသည်။

ပထမနှစ်မှာ အမှတ်မထင် မှတ်မိနေတာလေး တစ်ခုလည်း ရှိပါသေးသည်။ မြန်မာစာ ဆရာမ စာသင်နေချိန်၊ ခဏအနားပေးခိုက် ကျောင်းသားတစ်ယောက်က အတန်းနောက်မှာ '၀ီး..ဝေါ်၊ ၀ီး...ဝေါ်' နှင့် မီးသတ်ကားသံ၊ လူနာတင်ယာဉ်သံတွေ လုပ်ပြီး အော်နေသည်။ သူ့ဘာသာ ပျင်းရင်း လျှောက်လုပ်သည် ထင်ပါ၏။ ဆရာမက ကြားပြီး 'ဟဲ့ကောင်လေး - မလုပ်ကောင်းဘူး၊ ဇမ္ဗူဒိပ်၊ နိမိတ်' ဟု ဟန့်သည်။ ထို့နောက် စာပြန်သင်သည်။ သိပ်မကြာလိုက်။ ကျောင်းရှေ့ အင်းစိန်လမ်းမကြီးပေါ်မှာ မီးသတ် ကားများ ဖြတ်သွားသည်။ ဆရာမက ခုနက ကျောင်းသားကို ငါမပြောဘူးလား ဆိုသော ပုံစံနှင့် လှမ်းကြည့်ပါတော့သည်။ ကျွန်တော်တို့လည်း အံ့သြခဲ့ရ သေး၏။

မှတ်မိသလောက် ဆက်ပြောရလျှင် ကျွန်တော်တို့ ပထမနှစ်မှာ ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများ ထဲက ထူးထူးခြားခြား၊ ကျောင်းသားများ အတန်း လိုက်တက်ရသူ ဟူ၍ Physics သင်သော ဆရာ ဦးသာလှိုင် တစ်ယောက်သာ ရှိသည်။ တကယ်တော့ ဆရာက Section (A), L-1 ကို သင်သူ။ ကျွန်တော်တို့ ဆရာမ မလာသော အခါ ဆရာ လာသင်ပေး၏။ ဌာနမှူးလည်းဖြစ်၊ စာသင်လျှင် သီအိုရီ နားလည်အောင် အခြေခံ သဘောတရားများကို ပြည့်စုံစွာ ရှင်းပြတတ်သူလည်း ဖြစ်၍ ကျောင်းသားများ သဘောကျ ကြ၏။ သူငယ်ချင်း တစ်ယောက်က ဆိုလျှင် 'ဆရာက စာသင်နေရင်းနဲ့ ကမ္ဘာကြီးကို အပြင်ဘက်ကနေ ကုတ်နဲ့ ကော်တင်ချင် တင်နေတာကွ' ဟု ဆိုဖူးသည်။ ရူပဗေဒ၏ သဘောတရားများကို ဆရာဦးသာလှိုင်သည် ထုံးလို ချေ၊ ရေလို နှောက် ကျေညက်နေသည့် ပုံ။

တစ်ခါတော့ ဆရာ့ အချိန်ပြီးလျှင် မြန်မာစာ ဆရာမလေး အချိန်။ ဆရာက ကျွန်တော်တို့ အတန်းမှာ အစားထိုး လာသင်ချိန်ဖြစ်၍ ခဏ လာသင်သော်လည်း ထုံးစံအတိုင်း သီအိုရီကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းနေသောအခါ အချိန်ကုန်သွားသည်ကို မသိလိုက်။ နောက်မှ ကျောင်းသားများက မြန်မာစာ ဆရာမ စောင့်နေကြောင်း ဆရာ့ကို အားနာစွာ အသိပေးမှ ဆရာသည် မြန်မာစာ ဆရာမလေးကို ပြန်တောင်းပန်ရင်း အတန်းကို ရပ်လေသည်။

နောက်တစ်ခုက Roll Sheet ။ ကျွန်တော်တို့ ရန်ကုန်စက်မှု တက္ကသိုလ်မှာ စ၀င်ကတည်းက ဆယ်တန်း အောင်သည့် အမှတ်နှင့် ခုံနံပါတ် စီလိုက်ရာ အတန်းတက်မတက်ကို သိစေရန် ခုံနံပါတ်များအလိုက် လက်မှတ်ထိုးရသည့် စာရွက် (
Roll Sheet) ကို သက်ဆိုင်ရာ ဘာသာရပ် ဆရာ၊ ဆရာမများက ယူလာပေးရ၏။ စာသင်ပြီးလျှင် ပြန်သိမ်းသွား၏။ တစ်ခါတစ်ရံ တစ်ယောက်ယောက်က လက်မှတ်မထိုးဘဲ သူ့ဆီမှာ ယူထားရင်း စာဆက်နားထောင်နေသောအခါ အတန်းပြီးသည့်အခါ၌ ၀ိုင်း၍ လုထိုးရ၏။ နောက်ဆုံးထိုးသူက ဆရာမကို အပ်ရ၏။ ဆရာမ မစောင့်နိုင်လျှင် ဌာနကို သွားပေးရ၏။ ထို့ကြောင့် တစ်ယောက်ယောက်စီ သောင်တင် နေလျှင် သတိပေးရ၏။ Roll Sheet ထိုးပြီး အခြားသူကို ဆက်ပေးဖို့။

သောင်တင်နေရသည့် နောက်ထပ် အကြောင်းအရာ တစ်ု ရှိသေးသည်။ တချို့က တစ်ယောက်တည်း ထိုးတာ မဟုတ်။ အပြင်သွားသည့် သူငယ်ချင်း၊ ကင်တင်း
န် ဆင်းသည့် သူငယ်ချင်း၊ ကျောင်းလစ်သည့် သူငယ်ချင်း စသည်ဖြင့် ပတ်သက်ရာ ပတ်သက်ကြောင်းများအတွက် ထိုးနေလေရာ Roll Sheet စာရွက်မှာ နေရာ မရွေ့တော့။ ရံဖန်ရံခါ သူထိုးပေးနေသည့် လူတွေထဲမှာ တချို့က အတန်းထဲမှာ ရှိသည်။ သို့သော် ကိုယ်တိုင် မထိုး။ အဘယ်ကြောင့် ဆိုသော် ဆရာ စာသင်ပြီး လက်မှတ်ထိုးမည့်သူများ များနေပါက ထိုသူများက လုထိုး ရမည် စိုး၍ Roll Sheet စာရွက် အရင်ရနိုင်သူကို ထိုးခိုင်းသည့် သဘော။ သူတို့ ရလျှင်လည်း သူတို့ ကိုယ်စား အမြဲ ထိုးပေးနေသူများကို ပြန်ထိုးပေး၏။ များသော အားဖြင့် ယောက်ျားလေးများသာ ဖြစ်သည်။

တစ်ခါတော့ သင်္ချာ ဆရာမ အချိန်မှာ
Roll Sheet ကို လေယာဉ်ပျံ လုပ်ပြီး ပစ်လွှတ်လိုက်၍ တစ်တန်းလုံး အဆူ ခံရတော့သည်။ ပစ်လွှတ်သူက ဆရာ ဦးသာလှိုင်နှင့် ပတ်သက်၍ 'ဆရာက စာသင်နေရင်းနဲ့ ကမ္ဘာကြီးကို အပြင်ဘက်ကနေ ကုတ်နဲ့ ကော်တင်ချင် တင်နေတာကွ' ဟု ဆိုခဲ့သော သူငယ်ချင်း။ သို့သော် မည်သူမျှ မဖော်။ နောက်မလုပ်လျှင် ပြီးတာပဲဟုသာ နားလည်ပေးလိုက်ရသည်။

ဒါတောင် လက်ဆော့သူများက အတန်းထဲက ကောင်မလေးများ၏ ခုံနံပါတ်ဘေးမှာ ပေါက် ကရ ရေးချင် ရေးကြ သေးသည်။ ကောင်မလေးများတင်ပဲလား ဆိုတော့ မဟုတ်။ ယောက်ျားလေးချင်း လည်း ပါ၏။ တကယ်တော့ ထို အဖြစ်အပျက်များကား မမေ့ချင်စရာ။

ကျွန်တော်တို့သည် တစ်ချိန်က လေယာဉ်ပျံသံ ဆူညံနေသော ကျောင်းဝင်းထဲတွင် သည်းခံရင်း စာသင်ခဲ့ဖူး၏။
ကျွန်တော်တို့သည်အတွေ့အကြုံ ရင့်ကျက်သော ဆရာများနှင့်လည်း သင်ကြားခွင့် ရခဲ့ကြ၏။ ကျွန်တော်တို့သည် မိမိကျောင်းတက်ကြောင်း ရာခုန်နှုန်းရမည့် စာရွက်တစ်ရွက်ပေါ်တွင် လက်မှတ်များ ထိုးရင်း စနောက်ခဲ့ကြ၏။ ထိုစာရွက် များစွာပေါ်တွင်လည်း လက်မှတ်ပေါင်းများစွာ ထိုးခဲ့၏။ ရံဖန်ရံခါ မိမိလက်မှတ် မထိုးပါဘဲလျက် သူများထိုးပေးသော လက်မှတ်များဖြင့်လည်း ကျောင်းတက် ရာခိုင်နှုန်းများ ပြည့်ခဲ့ရ၏။ ကျွန်တော်တို့သည် ဆရာ၊ ဆရာမများ၏ အဆူအပူကို ရံဖန်ရံခါ ခံရ၏။ သို့သော် ကျွန်တော်တို့သည် ဆရာ၊ ဆရာမများကို လေးစားချစ်ခင်သော သူများလည်း ဖြစ်ကြ၏။ ။
ဆူးသစ်
၂၁း၀၅ နာရီ
၂၁.၁၂.၂၀၁၀

Tuesday, December 7, 2010

“ကျွန်တော်တို့သည် (၇)”


တကယ်တမ်းတော့ ကျွန်တော်က ပထမနှစ်ကို မှတ်မှတ်ရရ ပိုဖြစ်၍ L-2 အကြောင်း ပြောဖြစ်နေတာ ဖြစ်သည်။ တက္ကသိုလ်ကျောင်းသားဘ၀ အစပေကိုး။ တကယ်လည်း L-2 က ပြောမကုန်။ မှတ်မှတ်ရရ မိန်းကလေး သူငယ်ချင်းများ အကြောင်းလည်း ပြောရန်ရှိသေးသည်။

ရှေ့ကစာများမှာ ကျွန်တော် ဆိုခဲ့သလို အတန်းထဲမှာ မိန်းကလေးနည်း၏။ Section(B) ဖြစ်၍ L-2 မှာ နည်းခြင်း လည်း ဖြစ်နိုင်သည်။ Section (A) L-1 မှာတော့ တော်တော်များ၏။ အတန်းထဲက သူငယ်ချင်း မိန်းကလေးများကို ပထမနှစ်မှာ နာမည်များ မသိခဲ့။ ကျွန်တော်သည် ကဗျားရူး၊ စာရူး ဖြစ်၍ အတန်းထဲမှာ အနုပညာ ၀ါသနာပါသူ သူငယ်ချင်းများနှင့် တွဲသည်။ 'မင်းဘုန်းလှိုင်' တို့နှင့်တွဲသည်။ ပျော်တတ်သော သူငယ်ချင်းများ ရယ်စရာ လုပ်လျှင်၊ စနောက်လျှင် ရယ်သည်။ စိန်မျောက်မျောက် ကဲလျှင် ထိုင်ပြီး ပွဲကျသည်။

မိန်းကလေးများ ကျတော့ ပုံသဏ္ဍာန်တွေသာ သိ၏။ ပထမနှစ်မှာ ကျွန်တော်တို့ အတန်းထဲတွင်ရှိသော မိန်းကလေးများမှာ ရိုးရိုးအေးအေးများ များ၏။ ဆံပင်တိုတို၊ ပုပုလုံးလုံး လေးများက လေးငါးယောက်။ ဆံပင် ရှည်ရှည်၊ အရပ်မနိမ့်မမြင့်က သုံးလေးယောက်။ စသဖြင့် ကျွန်တော့် အာရုံထဲ ပေါ်၏။ ကျန်သူများကိုတော့ သိပ် ပုံဖော်၍ မရတော့။

ထိုသူများထဲမှာ နှစ်ယောက်က ကျွန်တော်နှင့် ရင်းနှီးဖြစ်လာသည်။ ပထမ တစ်ယောက်က ဆေးတက္ကသိုလ် က ကျွန်တာ့် ငယ်သူငယ်ချင်း ကျောင်းကိုလာလည်ရင်း သူနှင့် သူငယ်ချင်းဖြစ်၍ မိတ်ဆက်ပေးခဲ့ခြင်း ဖြစ် သည်။ သို့သော် ပထမနှစ်မို့ မေးထူး ခေါ်ပြောသာ။

ဒုတိယတစ်ယောက်ကတော့ ဒဂုံမြို့သစ်က ကျောင်းတက်သူဖြစ်၍ ကားစီးရင်း၊ တိုးရင်းဝှေ့ ရင်း ယောက်ျားလေး သူငယ်ချင်းများနှင့် ရောပါလာ၍ မေးထူးခေါ်ပြောမှ တစ်ဆင့် ခင်လာ တာဖြစ်သည်။ သူကျတော့ ကျွန်တော်တို့ နှင့် အခြေခံအချက်များတူ၍ ပိုခင်သွား၏။ ၀န်ထမ်းသားသမီးများကိုး။ ထို့ပြင် သူက စာလည်းလုပ်၏။ အင်္ဂလိပ်စာ အက်ဆေးများကို သူရေးပြီးလျှင် ကျွန်တော်တို့ မိတ္တူရသည်။ ဆရာများက ရေးမပေး၍ သူ့သာ အားကိုးရ၏။ မြန်မာစာကျတော့ ကျွန်တော်က စကားပြေရေးသည်။ ကျန်သူများက မိတ္တူကူး၏။ အားလုံး အဆင်ပြေကြသည်။

ကျွန်တော်တို့ အတန်းထဲမှာ သိပ်ပြီး ဟိတ်ကြီး ဟန်ကြီး လုပ်တတ်သော မိန်းကလေးများ မရှိဟု ထင်သည်။ ပဲများတတ်သူ တော့ ရှိ၏။ဒါလည်း 'မ' သဘာဝပေကိုး။ အပြစ်မဆိုသာ။ ထို့ပြင် ကျွန်တော်တို့ 'ကျား' များ အင်အားကြီးသော ကျောင်းဖြစ်၍ သူတို့မှာလည်း ပဲ သာများရသည်။ သိပ်ပြီး ထောင်ထောင်လွှားလွှား မရှိကြ။

သို့သော် တစ်ချိန်လုံး အရောင်တူ၊ ဒီဇိုင်းတူ အ၀တ်ကိုသာ ၀တ်သည့် မိန်းကလေးတစ်ယောက်ကို ပထမနှစ်မှာ ကြုံသေးသည်။ တတ်လည်း တတ်နိုင်သည်။ ဘယ်နှစ်စုံ ချုပ်လာသည် မသိ။ သည်အရောင်၊ သည်ဒီဇိုင်းနှင့်ပင် မရိုးနိုင်အောင် ထပ်ခါ တလဲလဲ ၀တ်သည်။ နယ်ကလာသူဟု သိရသည်။ သဇင်ဆောင်မှာ နေ၏။ တစ်နှစ်လုံး ထိုအဆင်၊ ထိုဒီဇိုင်းနှင့် နေသည်။ ကျွန်တော်တို့ ယေက်ျားလေးများကတော့ နားမလည်သလို ကြည့်ကြသည်။ သူမသည် ကျွန်တော်တို့ အတန်းက မဟုတ်၍ သူငယ်ချင်းလိုလည်း မပတ်သက်ခဲ့ရ။ ကျွန်တော် ကတော့ တက္ကသိုလ်ကျောင်းသူတစ်ဦး၏ အတွေးအခေါ်ကို အံ့သြမိသေးသည်။ တချို့ကတော့ ပေါ်ပြူလာ ဖြစ်ချင်၍ တမင်ထွင်ခြင်း ဖြစ်သည်ဟု ဆိုသည်။ နောက်ဆုံးတော့ ထိုကျောင်းသူသည် 'ဒါဝတ်' ဆိုသော နာမည်တစ်လုံး ရသွားတာသာ အဖတ်တင် ကျန်ခဲ့တော့သည်။

မိန်းကလေးတချို့နှင့် ပတ်သက်၍ ကျွန်တော်သိသလောက် ပြောပြီးသောအခါ၊ ကျောင်းစာများ အကြောင်း မှတ်မိသလောက် ပြောပြချင်သည်။ ပထမနှစ်မှာ (၆)ဘာသာ သင်ရသည်။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ Physics, Chemistry, နှင့် သင်္ချာ နှစ်ဘာသာ။ ထိုကတည်းက ကျွန်တော်တို့သည် သင်္ချာကို အမုန်းစသင်ရသည်ဟု ဆိုရမည်။ ဆရာတစ်ယောက်၊ ဆရာမတစ်ယောက် သင်၏။ ဆရာကတော့ ဦးမြင့်သိန်း။ ဆရာမကိုတော့ နာမည် မမှတ်မိတော့။ ဆရာမသည် စိန်မျောက်မျောက်ကို နာမည်ပေးခဲ့သူ ဖြစ်သည်။ နောက်တော့ ကျွန်တော်တို့ ဒုတိယနှစ်မှာ ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာတက္ကသိုလ်သို့ ပြောင်းသွားခဲ့သည်။

ဘာသာရပ်များထဲမှာ Physics သည် လွယ်မလိုနှင့် ခက်သည်ဟု ကျွန်တော်ထင်သည်။ အင်ဂျင်နီယာလုပ်မည့် သူများဖြစ်၍ Physics နှင့် Maths က ကျွန်တော်တို့ဆီသို့ တခမ်းတနားနှင့်ကို ၀င်ချလာ၏။ ထို့ကြောင့်လည်း ရန်ကုန်စက်မှုတက္ကသိုလ် ပထမနှစ်မှာပင် 'ကျူရှင်' ဆိုသော စကားလုံးက ကျွန်တော်တို့ကြား စိမ့်ဝင် ပျံ့နှံ့လာ၏။

ကျွန်တော်သည် ဆယ်တန်းကတည်းက သင်္ချာဂုဏ်ထူးပါ၍ သင်္ချာကို မကြောက်။ Physics ကိုတော့ (၇၆) မှတ် နှင့် ဒီပြုတ်လာ၍ မပေါ့ရဲ။ ဖြစ်ချင်တော့ ဆယ်တန်းတုန်းက ဆေးမ၀င်အောင် ဒုက္ခပေးခဲ့သော Chemistry က ပထမနှစ်မှာ လွယ်နေသည်။ ဆရာမကလည်း အသင်အပြကောင်း၏။ အတန်းမှန်သော ကျွန်တော့်အတွက် Chemistry, Maths, English နှင့် မြန်မာစာသည် ကြောက်စရာ မဟုတ်။ မြန်မာစာဆိုလျှင် စာပင်ကြည့်စရာ မလို။ ဆရာမများက ဘာမှတ်စုမှ မပေး၍ ဘာမှကြည့်စရာ မလိုခြင်းပါ။ ကျွန်တော်သည် ကဗျာရူး၊ စာရူး ဖြစ်၍ ကိုယ့်ဝါသနာနှင့် ကိုယ်မို့ 'ရခိုင်မင်းသမီးလေး၏ရွှေရုပ်သွင်' တို့ ဘာတို့ကို သေသေချာချာ ဖတ်၏။

အင်္ဂလိပ်စာကျတော့ ဆရာ ဦးမောင်မောင်တာ ဆိုသည့်ဆရာ (ကျွန်တော် ဘုတ်ပေါ်မှာ ကဗျာချရေးခဲ့သော ဆရာ) ပြောင်းပြီး နောက်ရောက်လာသည့် ဆရာမလေးကလည်း ကောင်း၍ အဆင်ပြေသွားသည်။ Chemistry ဆရာမက အာလည်းကောင်းပြီး၊ သင်သည့် အကြောင်းအရာများက အီလက်ထရွန်၊ နယူထရွန်၊ ပရိုတွန်နှင့် Energy Level တို့ အကြောင်းများ ဖြစ်၍ ညီမျှခြင်းများလို မခက်။ ညီမျှခြင်းများက Lab အခန်းမှာသာ လုပ်ရ၏။ စိန်မျောက်မျောက်တို့ လူလည်ကျ၍ ကောင်းသည့် ဘာသာဖြစ်၏။

ထို့ကြောင့် အားလုံးထဲမှာ Physics သည် ကျွန်တော်တို့အတွက် လာထောက်နေသည်။ တော်တော်များများက ထို Lecture ဆရာမသင်သည့် ကျူရှင်ကို ပြေးကြသည်။ ကျွန်တော်နှင့် အနုပညာ ၀ါသနာပါသူများက ပေပြီး မတက်။ အတန်းတော့ မှန်သည်။ သို့သော် ကျူရှင် တက်နေသူများကိုလည်း ကိုယ်ချင်းစာ၍ ကဗျာတစ်ပုဒ်တော့ အပျင်းပြေ ရေးထည့်လိုက်သည်။

“သောကမေ့ဆေး”


Physics ဟာ
ငါတို့တွေကို ဖျစ်ညှစ်ဆုပ်ကိုင်
ငုတ်တုတ်ထိုင်နေလို့တော့မဖြစ်
ဘယ်စနစ်ကိုသုံးမလဲ။

သူငယ်ချင်းများ
အငြင်းပွား
စဉ်းစား
အချင်းများမနေနဲ့
သတင်းကြားရာကောင်းတဲ့ဆီကို
အမှီသာအမြန်ပြေး
အပူအပင်မတွေ့ဝေးမယ့်
'ကျူရှင်' မေ့ဆေးဆီကိုပေါ့။ ။

ကျောင်းမှာက နှစ်ဝက် စာမေးပွဲ ဖြေရသည်။ Lab မရှိသော ဘာသာများက အမှတ်(၂၀)ဖိုး ဖြေရသည်။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ စသော ဘာသာများ။ Physics နှင့် Chemistry က Lab ရှိ၍ Lab မှာ (၂၀)ဖိုး ပေးသည်။ မည်သူမျှ အပြည့်မရ။ တိတိကျကျနှင့် တော်တော်ကြီး မှန်သူပင် (၁၈)မှတ်ခွဲ။ ကျန်(၈၀)ဖိုးက စာမေးပွဲကြီးမှာ ဖြေရသည်။ သည်လိုနှင့်ပင် ပထမနှစ်ကို ကျွန်တော်တို့ ကျော်ဖြတ် ခဲ့ကြတော့၏။

ကျွန်တော်တို့သည် အတွက်အချက်ကို ပထမနှစ်မှာပင် များစွာ စလုပ်ခဲ့ရသူများ ဖြစ်ကြ၏။ ထိုသို့ တွက်ချက်ခြင်း ကပင် ကျွန်တော်တို့၏ အတွေးအခေါ်ကို မြင့်မားစေခဲ့၏။ ကျွန်တော်တို့သည် နည်းပါးလွန်းသော မိန်းကလေး အရေအတွက်နှင့် အတူ ကျောင်းတက်ရင်း၊ ထိုမိန်းကလေးများကိုလည်း စနောက် ဝေဖန်ပိုင်းခြားရင်း ခင်မင်သူ များ ဖြစ်လာခဲ့ကြ၏။      ။


ဆူးသစ်
၂၁း၁၂ နာရီ

၆.၁၂.၂၀၁၀

Friday, November 12, 2010

" ကျွန်တော်တို့သည် " (၆)



L-2 အကြောင်းပြောလျှင် 'စိန်မျောက်မျောက်' အကြောင်း ချန်ခဲ့၍ မရ။ ၁၉၉၃ ခုနှစ် နိုဝင်ဘာလ၌ ရန်ကုန်စက်မှု တက္ကသိုလ် ပထမနှစ် Section B တွင် တက်ခဲ့ဖူးသူတိုင်း သူ့နာမည်ကို မေ့နေ လျှင်သာ မေ့ရမည်။ အစဖော် လိုက်လျှင် မသိသူ မရှိ။

သူ့နာမည်အရင်းတော့ ရှိသည်။ သူငယ်ချင်းကို အားနာ၍ နာမည်အရင်းကို ကျွန်တော် မပြောပြလို။ သူက မျက်နှာ ချိုသည်။ အလွန် ပျော်တတ်သည်ဟု ကျွန်တော်ထင်သည်။ တချို့က မျက်နှာ အလွန်ပြောင်သည်ဟု ဆိုသည်။ သူ့ကို စသိတော့ အချိန်စာရင်းနှင့် ပတ်သက်၍ အတန်း မရှိသေးသည်ကို ကြည့်ပြီး L-2 ကမှန်း သိကာ ပြုံးပြ နှုတ်ဆက်ရုံသာ။

နောက်တော့ အတန်းထဲမှာ ကျွန်တော်က ကဗျာရေးသူ၊ သူက ပေါက်ကရလုပ်သူ ဖြစ်၍ တစ်ယောက်နှင့် တစ်ယောက် သိလာသည်။ သူသည် ထိုစဉ်က တီရှပ်နှင့် ဘောင်းဘီကို ၀တ်သည်။ ရံဖန်ရံခါ ရှပ်လက်ရှည်နှင့် ဘောင်းဘီနှင့်။ ဘောင်းဘီဝတ်လျှင် သူက အကျပ်ဝတ်သည်။ သူနှင့် အတူတွဲသော မျက်နှာပြောင်သည့် သူငယ်ချင်းတစ်ယောက် ရှိသေးသည်။ ထိုတစ်ယောက် နာမည်ကို ကျွန်တော် မမှတ်မိ။ သူတို့နှစ်ယောက် တွဲနေလျှင် အတန်းထဲမှာ စနောက်သံတွေ လျှံနေတော့သည်။

မြန်မာစာ ဆရာမက 'ဂုဏ်ဆိုတာဘာလဲ' ဟု မေးလျှင် သူတို့က 'ဂုဏ်ဆိုတာငွေကိုခေါ်ပါတယ် တီချယ်' ဟု ဆိုသည်။ ဆရာမသည် သဘောကောင်း၍သာ တော်တော့သည်။ ရံဖန်ရံခါ အတန်းမစခင် သူတို့ အုပ်စု ပြောင်းဖူးရိုးနှင့် တစ်ယောက်ကို တစ်ယောက်ထုကာ အတန်းထဲ ပတ်ပြေးနေ တတ်သည်။

အတန်းထဲမှာ စက္ကူမြားဒဏ် ခံနေရသော မိန်းကလေးများသည် 'စိန်မျောက်မျောက်' ကို လန့်ကြ၏။ မိန်းကလေး များကို ခပ် လှမ်းလှမ်းမှ စက္ကူမြားပစ်ပြီး အားမရလျှင် သူတို့ခုံနား သွားထိုင်ကာ ခေါင်းမှာ စက္ကူမြားကို အသာအယာ စိုက်ပေး တတ်သူသည်လည်း သူပင်ဖြစ်သည်။ ထို့ပြင် ကောင်မလေးများ အနားကပ်ကာ မထိခလုတ် ထိခလုတ်၊ ပွစိ ပွစိနှင့် တတွတ်တွတ် ဘာတွေပြောမှန်း မသိ။ စနောက်တတ် သေးသည်။

Chemistry Lab ၀င်လျှင် သူနောက်ကျပါက သူနှင့် ခုံနံပါတ် ကပ်နေသော ကျွန်တော်တို့ကို ဒုက္ခ ပေးတော့ သည်။ အားလုံး သိကြသည့်အတိုင်း Chemistry က ဘာနှင့် ဘာစပ်လျှင် ဘာရပါသည်ဟု ဆိုသည်။ ထိုကဲ့သို့ ဘာရကြောင်းကို ဆရာမကို အရောင်နှင့်တကွ သက်သေ ပြရသည်။ များများ သင်သည့်နေ့ များများ လုပ်ပြ ရသည်။ သို့သော် ကျောင်းသား သဘာဝ စောစောလည်း ဆင်းချင်သည်။ Lab ၀င်ပြီးလျှင် ကန်တင်းန် ဆင်း ချင်သည်။ ထမင်းစားချိန်ပြီးမှ အတန်းရှိ၍ နံနက်(၈)နာရီ Lab စ၀င်လျှင် (၉)နာရီလောက် ပြီးပါက နေ့ခင်း (၁)နာရီအထိ ကျွန်တော်တို့ လွတ်လပ်ရေး ရလေပြီ။

သို့သော် သကောင့်သားက ကျောင်းလည်း နောက်ကျသည်။ စောလည်း ထွက်ချင်သည်။ ထို့ကြောင့် ကျွန်တော်တို့ လုပ်ပြီးသား Tube လေးများကို မသွန်ခင်မှာ သူက ယူထားပြီး ဆရာမကို သွားပြသည်။ ခုံနံပါတ်နှင့် မှတ်ထားသည်မို့ ဆရာမက တစ်မျိုးပြီးတိုင်း ကျောင်းသားခုံနံပါတ်ဘေးက အကွက်မှာ အမှတ်တစ်ခါ ခြစ်သည်။ သုံးမျိုးပြီးလျှင် သုံးကွက်မှာ သုံးမှတ်။ သူသည် ကျွန်တော်တို့ လုပ်ပြီးသမျှ ဒြပ်ပေါင်းများယူ၍ ပြချင်သော်ငြား ဆရာမကို ဆက်တိုက်သွားပြ၍ မရ။ တစ်မျိုးနှင့် တစ်မျိုးကြားမှာ ရောစပ်သည့် အချိန်ရှိသေးသည်။ ထိုအချိန်ကို သူမစောင့်နိုင်။ ကျွန်တော်တို့ လေးခုလောက် ပြီးချိန်မှာ သူ တစ်ခုသာ ပြရသေးသည်။ သို့သော် သူ့လက်ထဲမှာ ကျွန်တော်တို့ လုပ်ပြီးသား ကျန်သုံးခုက အဆင်သင့်။ ထိုသုံးခုကို တစ်ပြိုင်တည်း သွားပြလျှင်လည်း ဆရာမက ယုံမှာမဟုတ်။ ထို့ကြောင့် သူစောင့်ရုံသာ။ ခက်သည်က ကျွန်တော်တို့ ထွက်လျှင် သူလိုက်ထွက်ချင်သည်။ ရှေ့က ရှင်းပြထားသည်များကိုလည်း သူမမီခဲ့၍ ကျွန်တော်တို့ လုပ်သမျှ ထိုင်ငေးရုံသာ။

သည်မှာပဲ သူကံကောင်းသွားသည်။ ဆရာမသည် အခန်းစောင့်ရင်း ကိစ္စရှိ၍ အပြင်ခဏ သွားသည်။ ဥာဏ်ပြေး လိုက်ပုံများ သကောင့်သားသည် သူ့ခုံနံပါတ်ဘေးရှိ အကွက်မှာ အမှတ်များကို သူ့ဘာသာ သွားခြစ်ပစ်သည်။ ထို့ကြောင့် ကျွန်တော်တို့နှင့် သိပ်မကွာတော့။ ဆရာမသည် ပြန်ဝင်လာသောအခါ မှတ်မိပုံမရ။ သည်သို့ဖြင့် ကျွန်တော်တို့နှင့် သိပ်မကွာဘဲ သူလည်း လိုက်ထွက်ခွင့် ရလေသည်။ ထိုသို့သော ကျွန်တော့် သူငယ်ချင်းပင်။

နောက်တော့ သင်္ချာဆရာမက သူအမြဲတမ်း မျက်နှာပြောင်၊ အော်ဟစ်နေသည်ကို တွေ့၍ 'စိန်မျောက်မျောက်' ဟု နာမည်ပေးကြောင်း အတန်းထဲမှာ ကြေညာလိုက်သည်။ ထိုကတည်းက သူငယ်ချင်းသည် 'စိန်မျောက် မျောက်' ဟု နာမည် တွင်လေ၏။ ဘာသာရပ်ဆိုင်ရာ ဆရာ၊ဆရာမများကြား 'စိန်မျောက်မျောက်' ကို မသိသူ မရှိတော့။ ပထမနှစ် ကျောင်းသားများ ကြားမှာလည်း 'စိန်မျောက်မျောက်' သည် နာမည်ကြီး ဖြစ်၏။

တစ်ခါမှာတော့ ကျွန်တော်တို့ သူငယ်ချင်းအုပ်စု အတန်းအား၍ RC-2 ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ) သို့ သွားကြသည်။ 'စိန်မျောက်မျောက်'ပါ ပါ၏။ ထိုစဉ်က ကျွန်တော်တို့ ကျောင်း၏ ပထမနှစ်မှ စတုတ္ထနှစ်အထိ နယ်မှ ကျောင်းသူ၊ ကျောင်းသားများကို RC-2 နားရှိ အဆောင်များတွင် ထားသည်။ ထိုအဆောင်များမှ သူငယ်ချင်းများက ကျောင်းသို့ ဘတ်စ်ကားများဖြင့် လာတက်ကြ သလို အပြန်တွင်လည်း ထိုအဆောင် များသို့ ရောက်သည့် ဘတ်စ်ကားများက ကျွန်တော်တို့ ကျောင်းရှေ့ရှိ ဘီပီအိုင်မှတ်တိုင်တွင် စောင့်ပြီး ဆွဲပေးကြ လေသည်။

ကျွန်တော်တို့ စက်မှုတက္ကသိုလ် ကျောင်းသားများမှာ အတန်းအားလျှင် Main (ရန်ကုန်တက္ကသိုလ်) တို့ ၊ RC-2 တို့သို့ သွားတတ်သည်ဟူသော နောင်တော်ကြီးများ၏ အစဉ်အလာကို မပျက်မကွက် ဆက်လက် ထိန်းသိမ်းကြ လေရာ ပထမနှစ် ကျောင်းသားဘ၀မှာပင် အဆောင်က သူငယ်ချင်းများနှင့် RC-2 သို့ ခြေဆန့်ကြလေ၏။

ထိုနေ့က ဘတ်စ်ကားမှာ အတော်ပင် ကျပ်လေရာ ကျွန်တော်၊ 'စိန်မျောက်မျောက်'နှင့် သူငယ်ချင်းများသည် မနည်း မတ်တတ်ရပ်၍ လိုက်ရလေ၏။ ဖြစ်ချင်တော့ RC-2 ရှိ ကျွန်တော်တို့ ဆင်းမည့် မှတ်တိုင်ရောက်သော အခါ ကားသည် ရုတ်တရက် ဘရိတ်ဆောင့် အုပ်လိုက်ရာ အကုန်လုံး အပြိုပြို အလဲလဲနှင့် ယိုင်ထွက် ကုန်ကြ၏။ ထိုစဉ်မှာပင် 'စိန်မျောက်မျောက်' ရှိရာဘက်မှ အသံထွက်လာ၏။

"သူများသားသမီးကို နှမချင်း မစာမနာ"

ကျွန်တော်တို့ သူငယ်ချင်းတစ်စု မျက်လုံးပြူးသွား၏။ 'စိန်မျောက်မျောက်' ဘာပြဿနာရှာပြီလဲ မသိဘူးဟု တွေးကာ လန့်သွား၏။ RC-2 က ကျောင်းသူ တစ်ယောက်ယောက်ကို သွားစပြီလားဟု ထင်ကာ ၀ိုင်းကြည့် ကြ၏။ ထိုသို့ ကြည့်မိသောအခါမှ ကျွန်တော်တို့အားလုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ရယ်မိ ကြတော့ သည်။ အသံရှင်သည် မိန်းကလေးမဟုတ်။ မိန်းမလျာ ၊ အခြောက်ကြီး ဖြစ်လေသည်။ ကျွန်တော်တို့ တဟားဟား ရယ်တော့ ကားပေါ်က လူတွေပါ လိုက်ရယ်တော့သည်။

'စိန်မျောက်မျောက်' သည် မျက်နှာကြီးနီလျက် ကားပေါ်က ဆင်းပြေးပြီး သုတ်ခြေတင်သည်။ ကျွန်တော်တို့ အုပ်စု ရယ်လျက် နောက်ကလိုက်၏။ ကားပေါ်မှာလည်း ရယ်သံတွေ လျှံ၍ ကျန်ခဲ့၏။ 'မင်းဘာသွားလုပ်လိုက်တာလဲ' ဟု သူငယ်ချင်းတစ်ယောက်က 'စိန်မျောက်မျောက်' ကိုမေးသည်။ 'ဘာမှမလုပ်ပါဘူးကွာ၊ ကားဘရိတ်အုတ်လို့ သူ့ပေါ်သွားပိတာ' ဟု ရှက်မျက်နှာနှင့် ဖြေသည်။ 'မင်းကသာ ဘာမှမလုပ်ဘူးပြောတာ၊ ဟိုက မင်းကို နှမချင်း မစာမနာတဲ့' ဟု သူငယ်ချင်းတစ်ယောက်က ပြောတော့ ကျွန်တော်တို့ ရယ်မိကြပြန်သည်။ 'စိန်မျောက်မျောက်' သည် မျက်နှာကြီးနီကာ ထိုအခြောက်ကို ပွစိပွစိနှင့် မေတ္တာပို့နေသည်ကို တွေ့၍ ကျွန်တော်တို့၏ ရယ်သံများ RC-2 ဘေးမှာ လျှံတက်ကုန်ပြန်၏။

ကျွန်တော်တို့သည် ဟိုစဉ်က ကျောင်းသားများဖြစ်ကြ၏။ လွဲချော်မှုများလည်း ရှိခဲ့ကြ၏။ အစအနောက် သန်သူ များလည်း ဖြစ်ခဲ့ကြ၏။ ပျော်ရွှင်လွတ်လပ်စွာ ရယ်မောနိုင်သူများလည်း ဖြစ်ခဲ့ကြ၏။ မမေ့နိုင်စရာ ကောင်းသော သူငယ်ချင်းများကို ပိုင်ဆိုင်ခဲ့သူများလည်း ဖြစ်ခဲ့ကြ၏။


ဆူးသစ်
၂၀း၀၀ နာရီ
၁၂.၁၁.၂၀၁၀


Friday, October 29, 2010

" ကျွန်တော်တို့သည် "(၅)


ကျွန်တော့် သူငယ်ချင်းများကို ခင်မင်ရသော အကြောင်းတရား တစ်ခုရှိသည်။ တခြားတော့မဟုတ်၊ အလွန် ပျော်တတ်၍ ဖြစ်သည်။ ပျော်စရာ မကြိုက်သူ မည်သူရှိပါသနည်း။ ကျွန်တော်လည်း ပျော်တတ် ပါသည်။ တက္ကသိုလ် ကျောင်းသားဘ၀ ထုံးစံ ပျော်စရာဆိုသည်ကလည်း ခပ်များများ။ ထို့ကြောင့် ကျွန်တော်တို့ အားလုံး ပျော်မိကြသည်။ ခင်မိကြသည်။

L-2 မှာ စက္ကူမြားပစ်သော အကျင့်အပြင် နောက်အကျင့် တစ်ခု ရှိပါသေးသည်။ အခန်းရှေ့လာပြီး ရစ်သီ ရစ်သီနှင့် တောင်ကြည့်မြောက်ကြည့် ကြည့်ကာ၊ ကျွန်တော်တို့ အခန်းထဲက မိန်းကလေးများကို လာငမ်းကြသည့် ယောက်ျားလေးများကို အတန်းထဲမှ နှုတ်ရဲသူများက 'နှာဘူး' ဟု တစ်ညီ တည်း အော်ကြခြင်း ပင်။ 'နှာဘူး' တောင် ရိုးရိုးအော်ခြင်း မဟုတ်။ 'နှာ' မှာ ဆွဲ၍ 'ဘူး' မှာ တုန့်ခနဲ ရပ်သည့် သဘောမျိုး အော်ခြင်း ဖြစ်သည်။ 'နှာ...........ဘူး' ဟု ဆိုပါတော့။

L-2 သည် ရှေ့မှာ ဆိုခဲ့သလို Theatre ဖြစ်၍ နောက်ဘက်မှ ရှေ့ဘက်သို့ နိမ့်ဆင်းသွားရာ သင်ပုန်းရှိရာ ဘက်သည် အနိမ့်မှာ ဖြစ်၏။ သင်ပုန်း၏ ဘယ်ညာနှစ်ဖက်တွင် အပေါက် နှစ်ပေါက်ရှိ၏။ အတန်း နောက်မှာလည်း နှစ်ပေါက်ရှိ၏။ သင်ပုန်းဘက်ခြမ်းမှ နှစ်ပေါက်ကို မိန်းကလေးများသာ အသုံးများ၏။ အတန်းနှင့် မျက်နှာချင်းဆိုင် ဖြစ်၍ ရှေ့ပေါက်ဟုပင် ဆိုရမည်။ ကျောင်းအတွင်းဘက်မှ လာသူများသည် ထိုရှေ့ပေါက်မှ ၀င်ကြ၏။ ယောက်ျားလေး တော်တော်များများက နောက်ပေါက်မှ ၀င်ကြ၏။

အကြောင်းကလည်း ရှိသည်။ မိန်းကလေးများသည် နောက်ပေါက်မှလာလျှင် နောက်ဘက်မှာ ထိုင်သော ယောက်ျားလေးများကြားမှ ဖြတ်၍ အတန်းရှေ့သို့ လာရမည်ဖြစ်သည်။ သူတို့က ရှေ့မှာပဲ ထိုင်ကြသည်ကိုး။ ထို့ကြောင့် ယောက်ျားလေး များကြား မဖြတ်ချင်ကြ။ စမှာ နောက်မှာ ကြောက်ကြသည်ဟု ထင်သည်။ ပထမနှစ်မို့ ပဲများသည်လည်း ဖြစ်နိုင်၏။ အတန်းမတက်ခင် ခပ်စောစော အချိန် များမှာသာ နောက်ပေါက်မှ ၀င်ကြ၏။

ကျွန်တော်တို့ ယောက်ျားလေးများကား အစပိုင်းမှာ ကြုံရာအပေါက်မှ ၀င်ကြ၏။ သို့သော် အတန်းထဲမှ မိန်းကလေးများကို ငမ်းချင်၍ ရှေ့ပေါက်နှစ်ပေါက်အပြင်မှ လာငမ်းကြသော ကျောင်းသားများကို အတန်း ထဲမှ ကျွန်တော့်သူငယ်ချင်းများက အားရပါးရ 'နှာ...........ဘူး' 'နှာ...........ဘူး' ဟု ဆိုကြလေရာ၊ နောက် ပိုင်းမှာ အခန့်မသင့်၍ မေ့ပြီး ရှေ့ပေါက်မှ ၀င်သွားသော အတန်းထဲက သူငယ်ချင်း အချင်းချင်းကိုပင် စနောက်ချင်၍ ရောယောင်ကာ 'နှာ...........ဘူး' ဟု လွှတ်လေတော့သည်။ သည်သို့ဖြင့် ကျွန်တော်တို့ ယောက်ျားလေးများမှာ ကိုယ့်အချင်းချင်း စနောက်ရင်း ကျောင်းအတွင်းဘက် နှင့် ကင်တင်န်းမှ လာသူ များပင် နောက်ဘက်မှ ပတ်ဝင်ရသည် အထိ L-2 ၏ရှေ့ပေါက်ကို လန့်ကြလေသည်။

ဤနေရာတွင် မေးစရာရှိ၏။ 'နှာ...........ဘူး' ဟု အအော်ခံရသူများ မည်သို့ နေပါသနည်း။ တွေးကြည့်ပါ။ ရှက်မှာ ပါပဲ။ မျက်နှာကြီးများ နီလို့။ တချို့ဆို ဒေါသများထွက်လို့။ တချို့လည်း ဘုမသိဘမသိ လူလာရှာပုံ ရပါသည်။ ကြောင်တောင်တောင်နှင့် ဟိုကြည့်သည်ကြည့်၊ အခန်းပေါက်မှာ ပြူတစ်ပြူတစ် လုပ်နေတုန်း ဗြုန်း ဆို 'နှာ...........ဘူး' ဟု အော်သံကြီး ကြားရသည့်အခါ လန့်ပြီး ရှက်ကိုးရှက်ကန်း နှင့် တစ်ချိုးတည်း ပြေးပါ တော့သည်။ ခဏနေမှ နောက်ပေါက်ကနေ 'ကိုဘယ်သူနဲ့တွေ့ချင်လို့ပါဗျာ' ဟု ဆိုကာ ၀င်မေးရ၏။

တချို့ကတော့ မျက်နှာပြောင်တိုက်ကာ ဗြောင်ပင် လာကြောင်၍ အတန်းထဲက သူငယ်ချင်းများကလည်း မရပ်မနား 'နှာ...........ဘူး' ကို သံပြိုင်လိုက်ရာ တံခါးပေါက်မှာ မျက်နှာပင် ပေါ်မလာတော့ချေ။ တစ်ယောက်စ နှစ်ယောက်စသာ ပေတေပြီး မိုက်ကြည့် ကြည့်သော်ငြား လူအုပ်နှင့် အော်သောအခါ မရချေတော့။ လစ်ရပါတော့သည်။

လူ၏ သဘာဝကလည်း ခက်သားလား။ အတန်းထဲက သူငယ်ချင်း မိန်းကလေးများကို မည်သူမျှမပိုင်သေး။ သို့သော် ကိုယ့်အတန်းထဲက လူများဖြစ်၍ သူများလာကြည့်သည်ကို မခံချင်သောအခါ စနောက် တုန့်ပြန် ကြသည်။ ထိုအခါတွင် အတန်းထဲက မိန်းကလေးများကရော မည်သို့ နေပါသနည်း။ အမယ်...... စက္ကူမြားများ 'တိန်' ခနဲ မြည်အောင် မှန်စဉ်က ဒေါကန်နေသူအချို့ပင် ကျွန်တော်တို့ ယောက်ျားလေးများ 'နှာ...........ဘူး' ဟု အော်ပြီး အပြင်က ငနဲများ ထွက်ပြေးပါက ပြုံးကြ၊ ရယ်ကြ၊ သဘောကျကြ၊ ဟားကြနှင့်။ သည်လိုနှင့် ဆရာ၊ ဆရာမ မလာခင်နှင့် လာပြီးအချိန်များမှာ L-2 သည် 'နှာ...........ဘူး' ပွဲတော်နှင့် စည်ကားနေခဲ့ တော့၏။

ကျွန်တော်တို့သည် ရံဖန်ရံခါ စိတ်ဆိုးတတ်ကြ၏။ ရံဖန်ရံခါ စနောက်တတ်ကြ၏။ များသော အားဖြင့် ပျော်တတ် ကြ၏။ ထိုသို့ စရင်း နောက်ရင်း၊ စိတ်ဆိုးရင်း၊ ပျော်ရွှင်ကြရင်းဖြင့် သူငယ်ချင်းများလည်း ဖြစ်လာခဲ့ကြ၏။ ။


ဆူးသစ်
၂၀း၁၅ နာရီ
၂၉.၁၀.၂၀၁၀

Related Posts Plugin for WordPress, Blogger...