Thursday, February 28, 2013

" ရန်ကုန်ကို ပြန်ဆုံရတဲ့အခါ " (၂)


ကျွန်တော် မြန်မာပြည်ကို ခဏပြန်တိုင်း ဆောင်းပါးများ ရေးလေ့ရှိသည်။ ကျွန်တော်ရေးသည်များကို ဖတ်ပြီး အကောင်းမြင်မှု နည်းသည်ဟု မထင်စေချင်။ ကျွန်တော့်စိတ်က ကျွန်တော်တို့ မြန်မာပြည်ကို အကောင်းချည်း ဖြစ်စေချင်သည်။ မဖြစ်သေးလျှင်လည်း ဒါလေးတွေတော့ဖြင့် ကျွန်တော် သည်လိုမြင်မိသည် ဆိုပြီး ချပြခြင်းပင်။ ပြီးတော့ မြန်မာပြည်အပြင်မှာ နေပြီး မြင်မိသောအမြင်များက ဘ၀င်မြင့်၍ မြင်သောအမြင် မဟုတ်။ တကယ်အရိုးခံနှင့် သူများနိုင်ငံမှာ ကောင်းနေသည်များကို ကျွန်တော်ချစ်သော မြန်မာပြည်ထဲမှာ ပြောင်းသွားစေချင်၍ပင်။

ကျွန်တော် မြန်မာပြည်ရောက်ခိုက် ပထမဆုံး အပတ်မှာ ကျွန်တော့်အိမ်အတွက် လိုအပ်သော ပရိဘောဂ ပစ္စည်းများ လိုက်ဝယ်ဖြစ်သည်။ ကျွန်တော့်ဇနီးသည်က ခွင့်ယူထား၍ အိမ်အတွက် လိုအပ်သော ပစ္စည်းများကို လိုက်ဝယ်ကြသည်။ ပထမဆုံး ယုဇနပလာဇာမှာ ဆက်တီ၊ တီဗွီစင် စသည်ဖြင့် လိုက်ရှာကြ၏။ ထိုနေ့က တနင်္လာနေ့ဖြစ်သောအခါ မြေညီထပ်က ပိတ်၏။ ကျွန်တော်ပင် အလုပ်သမား ဥပဒေကို သွားသတိရမိသေးသည်။ တစ်ပတ်တစ်ရက်ပိတ်လျှင်ပိတ်၊ မပိတ်လျှင် အလှည့်ကျနားသည့် စနစ်ဆိုတာမျိုး ဥပဒေမှာ ပြဋ္ဌာန်းထားသည်။ ( ယခု ကျွန်တော်ပြန်လာပြီးမှ ထိုမြေညီထပ်များ တစ်ပတ်တစ်ရက် မပိတ်တော့သောကြောင့် ဆန္ဒပြကြသည်ဟု သတင်းထဲမှာ ဖတ်ရသည်။ )

ကျွန်တော်နှင့် ကျွန်တော့်ဇနီးက အပေါ်ထပ်ကို တက်ပြီး ပရိဘောဂဆိုင်များကို ပတ်ရှာသည်။ ပထမဆုံးဆိုင်ကို ကြည့်တော့ ဆက်တီစားပွဲ၊ ဆိုဖာထိုင်ခုံများကို သဘောကျမိသည်။ ကျွန်တော် တို့ နှစ်ယောက်စလုံး အကြိုက်တူသည်။ သို့သော် အခန်းနှင့် သင့်တော်မတော်၊ အရွယ်ကို တိုင်းမလာ၍ နောက်နေ့မှ ပြန်လာရန် ရည်ရွယ်ရသည်။ ထိုဆိုင်က ကလေးမလေးများ၊ အရောင်း ၀န်ထမ်းများ အားလုံးက တက်ညီလက်ညီ ၀ိုင်းရှင်းပြသည်။ ပြီးတော့ အခန်းနှင့် စားပွဲ၊ ဆိုဖာအရွယ် မကိုက်မိမှာ စိုး၍ အတိုင်းများကို သေသေချာချာ တိုင်းပြပြီး အိမ်က အခန်းကို ပြန်တိုင်း၍ ခန့်မှန်းနိုင်အောင် အကြံပေးသည်။ အခန်းအကျယ်ကို သေသေ ချာချာ သိမှ ၀ယ်ပါဟုလည်း အကြံပြုပြန်သည်။

ကျွန်တော် သဘောကျသွားသည်။ ဇနီးသည်လည်း အတူတူပင်။ သဘောမကျလျှင် ခံနိုင်ရိုးလား။ ဆိုင်ဝန်ထမ်းလေးများ ဈေးဝယ်သူကို ဂရုစိုက်ပုံက သဘောကျစရာ။ ရန်ကုန်မှာ ဈေးဝယ်လျှင် တချို့ဆိုင်က ၀ယ်သူကို မသိချင်ယောင်ဆောင်သည်။ တချို့ကျတော့ ရွှန်းရွှန်းဝေအောင်ပြော၍ ထက်ကြပ်မကွာ လိုက်ပြီး ဆိုင်က ပစ္စည်းကို ၀ယ်သူက အလစ်သုတ်မှာမို့ စိတ်မချဟန် လိုက်ကြည့်သည်လည်း ရှိသည်။ ကျွန်တော်တို့က ထိုနှစ်ခုကြားမှာ နေသူကို သဘောကျသည်။ လုံးဝ ဥပေက္ခာလည်း မပြု။ ၀ယ်သူကို အလွန်အကျွံလည်း ဂရုစိုက်ဟန် မပြ။ ဈေးရောင်းသူ တစ်ဦးက ဈေးဝယ်သူ တစ်ဦးကို ထားအပ်သော အပြုအမူကိုသာ သဘောကျသည်။ ယခု ဆိုင်က ထိုအချက်နှင့် ကိုက်ညီသည်။ စိတ်ရှည်လက်ရှည်လည်း ရှင်းပြသည်။ မယုံသင်္ကာ အပြုအမူလည်း မရှိ။ ဥပေက္ခာလည်း မပြု။ အ၀ယ်မှားမှာ စိုး၍ သတိပင်ပေးလိုက်သေးသည်။

နောက်နေ့မှာ အိမ်က ဧည့်ခန်းကို တိုင်းပြီးမှ ပြန်လာမည် ပြောပြီး ဆိုင်ကထွက်တော့ ကျွန်တော်တို့နှစ်ယောက် ဆိုင်ဝန်ထမ်းလေးများ၏ စေတနာနှင့် သွက်လက်ချက်ချာပုံကို ပြောဖြစ်သည်။ သည်လိုနှင့် ရှိသမျှ အထပ်များကို ပတ်ပြီးနောက်မှာတော့ ကျွန်တော်တို့ သဘောကျခဲ့သည့် ပထမဆုံး ဆိုင်မှာသာ ၀ယ်ရန် သဘောတူခဲ့ကြသည်။ အကြောင်းကလည်း ရှိသည်။

တစ်ဆိုင်လောက်သာ ကျွန်တော်တို့လင်မယား ဆိုင်ရှေ့ကဖြတ်စဉ် လေးလေးစားစား မေးရှာသည်။ ထိုဆိုင်ကိုပါ သဘောကျ၍ ၀င်ကြည့် ဖြစ်ခဲ့သေးသည်။ တခြားဆိုင်များကတော့ တချို့ဆို အရောင်းဝန်ထမ်း ကောင်မလေးများက ထိုင်ရာကပင် မထ။ သူတို့ ကိစ္စနှင့် သူတို့ ရှုပ်နေလေသည်။ ရှုပ်သည် ဆိုခြင်းမှာ အလုပ်ကြောင့် မဟုတ်။ တခြား ကိစ္စများပင်။

တချို့ဆိုင်ကျတော့လည်း ၀ယ်မှာလည်း မဟုတ်ဘူး ဆိုသော မျက်နှာပေးဖြင့် ကြည့်သည်။ ဒါတောင် ကျွန်တော်တို့ လင်မယားက လူမြင်သင့်တော်သည့် အ၀တ်များ၊ လူလေးစားမှုရှိပြီး တင့်တယ်သည့် အ၀တ် ၀တ်သွားပေလို့သာ တော်တော့သည်။ ကလေကချေလို တွေ့သည့် အ၀တ် ကောက်ဝတ်ကာ ထွက်သွားပြီး ဆိုင်ရှေ့လျှောက်လျှင် မျက်နှာ အရှုံ့တောင် ခံရနိုင်သည်။ အရောင်းဝန်ထမ်း တို့၏ သဘောသဘာဝကို မကျေညက်သည်လား။ ဆိုင်ရှင်နှင့် မန်နေဂျာတို့ကပဲ မသင်ပြလေသလား။ သူတို့ကိုယ်တိုင်ကပဲ လေ့လာမှု အားနည်းလေသလား။ ၀ယ်ချင်ဝယ်၊ မ၀ယ်ချင်နေ ဆိုသည့် သဘောပဲလား။ တစ်ယောက်မဟုတ်၊ တစ်ယောက်တော့ ရောင်းရမှာပဲ ဆိုသည့် သဘောလား စသည်ဖြင့် ကျွန်တော် အတွေးဝင်မိသေးသည်။

ထူးခြားချက် တစ်ချက်က ဆိုင်တိုင်းလိုလို ဆယ်ရာခိုင်နှုန်း အထူးလျှော့ဈေးဟု ဆိုကြသည်။ ဒါကတော့ ကျွန်တော်တို့လည်း ရိုးခဲ့လေပြီ။ အားလုံးက တစ်ညီတည်း ညှိထားပြီးသား။ တင်ပြီးသား ဈေးကို ဆယ်ရာခိုင်နှုန်း ပြန်လျှော့ပြီး သူတို့အမြတ်ကို ပုံမှန်ရအောင် ပြန်လုပ်သော နည်းများ။ ဆိုင်ကွာသည်။ လူကွာသည်။ သို့သော် အားလုံး မူကတော့ အတူတူဟု ကျွန်တော်တွေးမိသည်။

မည်သို့ဆိုစေ နောက်နေ့မှာလည်း ကျွန်တော်တို့ လင်မယား ပထမနေ့က ကြည့်ထားသော ဆိုင်သာ ၀င်မေးရင်း ဈေးဖြတ်ခဲ့တော့သည်။ ကျွန်တော်တို့ လင်မယားသည် ထိုသို့ ဈေးဝယ်ပြီးသော အခါ လျှောက်သွားခဲ့ကြ၏။ Junction Maw Tin နှင့် ရွှေပုဇွန် သို့ရောက်သည်။ ဇနီးသည်နှင့် ရုပ်ရှင်ကြည့်သည့်အခါ စင်ကာပူက Jurong Point တို့၊ ဘာတို့မှာ ရှိသည့် Golden Village ပုံစံမျိုး၊ ကိုယ်ကြိုက်သည့်ကား ၀င်ကြည့်ပုံစံမျိုး တွေ့ရသည်။ တရုတ်ကား တစ်ကား ၀င်ကြည့်ဖြစ်၏။

ကျွန်တော် တော်တော်စိတ်ပျက်မိပါသည်။ ရုပ်ရှင်က 3D တရုတ်ကား။ ရုံကလည်း ကောင်းပါသည်။ အသံလည်း ကောင်းသည်။ မကောင်းသည်က ကျွန်တော်တို့ မြန်မာများ။ စာတမ်းတစ်ခု တက်လာသည်။ နိုင်ငံတော် အလံကို အလေးပြုဖို့။

စဉ်းစားသာ ကြည့်ကြပါတော့။ ကိုယ့်နိုင်ငံတော် အလံကို အလေးပြုဖို့ ပြန်နှိုးဆော်နေရသည့် ကျွန်တော်တို့ မြန်မာများ။ ပြီးတော့ နိုင်ငံတော် သီချင်းဆုံးအောင်ပင် မစောင့်နိုင်ကြ။ ပြန်ထိုင်ကြသည်။ ဘာဖြစ်လို့လဲ စဉ်းစားကြည့်သည်။

ရုပ်ရှင် တစ်ကားလုံးတောင် ဖင်ပူအောင်ကြည့်နိုင်ပြီး နိုင်ငံတော် သီချင်းဆုံးအောင်တောင် မတ်တတ်ရပ်၊ အလေးပြုဖို့ ခက်နေကြသည့် မြန်မာများကို ကျွန်တော် ရုပ်ရှင်ရုံထဲမှာ တွေ့ခဲ့ရသည်။ ကျွန်တော်နှင့် ဇနီးသည်ကတော့ နိုင်ငံတော်သီချင်း ဆုံးသည်အထိ မတ်တတ်ရပ်သည်။ ကျွန်တော်တို့လို တချို့လူငယ်များလည်း ရှိသည်။ လူငယ်တော်တော်များများကတော့ ထိုသို့ သီချင်းဆုံးအောင် မတ်တတ်ရပ်ရသည်ကို ရှက်သည်ထင်သည်။ ကျွန်တော်တို့ ဘေးက မိသားစုကလည်း ထိုင်တာ မြန်သည်။ ကျွန်တော်တို့ကတော့ ကိုယ့်နိုင်ငံတော် အလံကို ကိုယ်အလေးပြုသည့် အနေဖြင့် မတ်တတ်ရပ်တာ ဘာမျှ မရှက်နိုင်။ ဘာကို ရှက်ရမည်နည်း။ သီချင်း ဆုံးမှထိုင်သည်။

ရုပ်ရှင်ပြတော့ နိုင်ငံတော် အလံကို သီချင်းအဆုံးထိ စောင့်ပြီး အလေးမပြုချင်သည့် မိသားစု ဘက်က နိုင်ငံခြား ဆိုသော အသံများကို မိုးမွှန်အောင် ကြားရသည်။ ကျွန်တော် တော်တော် အော့နှလုံး နာမိသည်။ ကိုယ့်နိုင်ငံတော် အလံကို အလေးမပြုချင်ကြဘဲ နိုင်ငံခြားဟု အော်နေသော မြန်မာများ ကျွန်တော်တို့ နိုင်ငံမှာ မည်မျှ ရှိနေသည် မသိ။

ကျွန်တော် ရောက်နေသော ထိုစူပါမတ်ကက်ကြီးထဲက ဆိုင်များကလည်း နိုင်ငံခြား တံဆိပ်ပေါင်းစုံဖြင့် တင့်တယ်နေသည်။ ထိုနိုင်ငံခြား တံဆိပ်၊ နိုင်ငံခြားကို အထင်ကြီးသော မြန်မာများကြားမှာ ကိုယ့်နိုင်ငံတော်အလံကို အလေးပြုဖို့ ရှက်တတ်လာကြသည်လား။ နိုင်ငံတော် အလံကို အလေးပြု ရန်ပင်' နိုင်ငံကြီးသား ပီသစွာ နိုင်ငံတော်အလံကို အလေးပြုကြပါရန် ' ဟု ကြေငြာရသည်တဲ့လား။

ရုပ်ရှင်ရုံက အထွက်မှာတော့ ကျွန်တော့်စိတ်ထဲ စက်ဆုပ်စွာဖြင့် နိုင်ငံတော် အလံကို အလေးပြုရန် ၀န်လေးရှက်ရွံ့တတ်သော မြန်မာများ၊ နိုင်ငံခြားကိုမှ အထင်ကြီးသော မြန်မာများ အကြောင်း ကျွန်တော့် ဇနီးကို ရင်ဖွင့်မိခဲ့ပါသေးသည်။

ဆူးသစ်
၂၃း၂၀ နာရီ
၂၈.၂.၂၀၁၃

( ဆက်ပါဦးမည် )


Saturday, February 23, 2013

" ရန်ကုန်ကို ပြန်ဆုံရတဲ့အခါ " ( ၁ )


ကျွန်တော် လွန်ခဲ့သည့် ၂၀၁၁ခုနှစ်ကတည်းက စလုပ်ခဲ့သော ပရောဂျက်ပြီးခါနီး၍ ၂၀၁၂ ကုန်ခါနီးမှာ ကျွန်တော့် သူဋ္ဌေးကို ခွင့်တောင်းကြည့်သည်။ လက်ထောက်ပရောဂျက်မန်နေဂျာက မလွှတ်ချင်သော်ငြား သူဋ္ဌေးကတော့ ကျွန်တော်တစ်ယောက်တည်း တောက်လျှောက် လုပ်လာသော ပရောဂျက်ကာလကို သိ၍ထင်ပါသည်။ ခွင့်လေးပတ်ကို ကြည်ကြည်ဖြူဖြူပင် ခွင့်ပြုလိုက်၏။

တကယ်တော့ ပရောဂျက်က မပြီးသေး။ သူတို့ကိုလည်း ကျွန်တော်နားလည်ပါသည်။ သို့သော် သူဋ္ဌေးကို ကျွန်တော်က ကြိုပြီးရှင်းပြခဲ့ပြီးသား။ ဒီဇင်ဘာမှာ ကျွန်တော့်မိဘများ မွေးနေ့ရှိသည်။ ကျွန်တော့်ဇနီး ပြန်သွားသည်မှာလည်း ကြာလှပြီ ဖြစ်သည်။ ဇနီးကိုလည်း တွေ့ချင်သည်။ သည်တော့ သူဋ္ဌေးက သူ လူရှာဦးမည်ဟုဆိုကာ လူရှာသည်။ ရတော့ ကျွန်တော့်ကိုခွင့်ပြုသည်။

သည်သို့နှင့် Singapore Airline က လေယာဉ်လက်မှတ်ကို ၀ယ်ကာ ကျွန်တော်ချစ်သော အမိမြန်မာပြည်ကို တစ်ခေါက် ပြန်ခွင့်ရခဲ့ပါတော့၏။

Singapore Airline  နှင့် ပြန်သည့်အခါ ကျွန်တော်သတိထားမိသည်က နိုင်ငံခြားသား ခရီးသည်များ။ လေ ယာဉ်က ကောင်း လည်းကောင်း၊ ကြီးလည်း ကြီးသလို ခရီးသည်ကလည်း များလှ သည်။ လေ ယာဉ်မှာ လျှောက်လမ်းက နှစ်လမ်း၊  သီချင်းနားထောင်စရာ Channel များရွေးချယ်ရန်နှင့် တီဗွီ ကြည့်ချင်လျှင် ရှေ့ခုံနောက်ကျောမှာ ကပ်ထားသော Screen အသေးနှင့် ကြည့်ရန် Remote control ခလုတ်သည် ထိုင်ခုံလက်တန်းမှာ မြှုပ်ထား၏။ နားကျပ်ကို လေယာဉ်ထွက်ချိန် လိုက်ဝေငှသည်။ ကျွန်တော်ကတော့ ၂၉ကီလိုသယ်မိသည်ကို ကီလိုကြေးမပေးရဘဲ ပိုမတွက်ကတည်းက မောင်မင်းကြီးသား များနှင့် မယ်မင်းကြီးမများကို ကျေးဇူးတင်မိပါသည်။ လေယာဉ်ကောင်းသည်ကိုလည်း ကျေနပ်နေမိသည်။

ကျွန်တော်သတိထားမိသလောက် အဖြူကောင်များ၊ စလုံးများ တော်တော်များများ ကျွန်တော်နှင့် လေယာဉ် တစ်စီးတည်းမှာ ပါလာသည်။ ကျွန်တော့်ဘေးမှာပင် စလုံးသားအမိ။ သမီးလေးက လွန်ရောကျွံရော ရှိလှမှ လေးငါးနှစ်။ သူတို့ ကျွန်တော်တို့ နိုင်ငံကို သွားလည်ကြမှာပါလားဟု တွေးမိသည်။ ထိုနိုင်ငံခြားသားများ သူတို့ဖြတ်သန်းခဲ့ရသော မြန်မာသံရုံးများ၊ ဗီဇာကိစ္စနှင့် သူတို့ကြုံရမည့် လေဆိပ် ကိစ္စတို့ အဆင်ပြေချောမွေ့ပါ့မလားဟု မဆီမဆိုင် တွေးနေမိသေးသည်။

ကျွန်တော့်ဘေးက ကလေးကတော့ စထွက်ကတည်းက အိပ်နေ၏။ လေယာဉ်စီးရတာ ကလေးတွေက ပိုတန်သည်ဟု ဘာမဆိုင်၊ ညာမဆိုင် တွေးမိသေးသည်။ ထိုကလေးအိပ်နေတုန်းမှာပင် သူ့အတွက် ကစားစရာ လာပေးသွား၏။ ခဏနေတော့ သူ့အတွက်စားစရာ လာချပေးပြန်သည်။

တိမ်တွေပေါ်ရောက်တော့ သူကလေးက စကားတွေများနေတော့သည်။ ထိုအထဲကမှ သူပြောသောစကား တစ်ခွန်းကိုတော့ ကျွန်တော် သဘောကျ၍ ရယ်မိသေးသည်။ သူက တိမ်တွေ အဆုပ်လိုက်ကို မြင်စဉ် " The clouds are fat " ဟု ဆိုသည်။ ကျွန်တော် သဘောကျစွာ ရယ်မိ၏။ သူ့အမေက Cloudy ဟု ပြန်ပြင်ပေးသည်။ သူမကလေးသည် ကျွန်တော်ရယ်သည်ကို ကြည့်၍ သဘောကျနေပြန်သေး၏။ သူ့အမှားကိုလည်း သူ့ဘာသာရှက်နေသည့်ပုံ။

သူက ကျွန်တော်ထိုင်နေသော ပြူတင်းပေါက်ဘက်က မှန်ကို ကျော်၍ကြည့်ပြီး အောက်က ကုန်းမြေများကို ပင်လယ်ထင်ကာ မေးသည်။ ကျွန်တော်က ရန်ကုန်ဘက် ရောက်ခါနီးပြီ ဖြစ်၍ ပင်လယ်ကိုမမြင်ရကြောင်း၊ ပင်လယ်နှင့် ဝေးကြောင်းပြောပြတော့ သူငြိမ်ပြီးကြည့်နေသည်။

ရန်ကုန်ဘက်ရောက်ခါနီးတော့ တိမ်များကား ကောင်းကင်ထက်မှာ အဆုပ်လိုက်၊ အဆုပ်လိုက် ပြန့်ကျဲနေ သည်ကိုသတိထားမိသည်။ ကောက်စိုက်ခါနီး လယ်ထဲတွင် ချထားသော ကောက်လှိုင်းများကဲ့သို့ ကျွန်တော်ခံစားမိသည်။

သည်သို့ဖြင့် ရန်ကုန်မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ကျွန်တော်ရောက်ခဲ့တော့၏။ လေဆိပ်မှာ ကျွန်တော့်အဖေ၊ အမေ၊ ကျွန်တော့်ဇနီး၊ ကျွန်တော့်မရီးနှင့် တူ၊တူမများ၊ ကျွန်တော့်ဇနီးဘက်မှ အဒေါ်များ လာကြိုကြ၏။ အမေ့ကိုမြင်တော့ အမေနည်းနည်းပိန်သွားတာ၊ အိုဇာလာတာကို ကျွန်တော် သတိထားမိသည်။ အဖေကား သိပ်မပြောင်းလဲ။ ကျွန်တော့်ဇနီးသည်ကား အပြုံးနှင့် လှမ်းကြည့်နေသည်။ ကျွန်တော်ချစ်သော တူနှင့်တူမကား သနပ်ခါး အဖွေးသားနှင့်။

သည်တစ်ခေါက်ကတော့ ကျွန်တော်နေရမည့် အိမ်ရှိရာကို တန်းသာပြန်ခဲ့တော့သည်။ ညနေကျတော့ ဇနီးသည်နှင့် ကျွန်တော် ရွှေတိဂုံဘုရားသွားဖူး၏။ မရောက်သည်မှာ တစ်နှစ်ခွဲလောက်ပင် ဖြစ်ခဲ့ချေပြီ။ ညနေမှောင်ရီပျိုးပျလည်း ဖြစ်ပြန်၊ ဘုရားမှာ မီးရောင်တို့ဝင်းလက်ချိန်လည်း ဖြစ်နေ၍ ကြည့်ရ၊ မြင်ရ သည်မှာ အေးချမ်းလှတော့၏။ ကျွန်တော့်အတွက် သည်လိုခံစားမှုမျိုးကို မခံစားနိုင်ခဲ့သည်မှာ ကြာခဲ့လေပြီ။ ကျွန်တော်တို့ဇနီးမောင်နှံ ရွှေသင်္ကန်းကပ်ခဲ့၏။ ကုသိုလ်ဆိုသည်က ရတုန်းယူရသည် မဟုတ်လား။

တစ်ခုသတိထားမိသည်က ဘုရားပေါ်မှာ နိုင်ငံခြားသားများ တော်တော်များလှ၏။ Tour Guide များသည်ကား အားကြိုးမာန်တက် ရှင်းပြနေကြသည်။ သည်မြေသည်ရေမှာ နိုင်ငံခြားသားများအတွက် သူတို့ တစ်တပ်တစ်အား ပါဝင်နေကြသည်ကို ကျွန်တော်အားရမိပါသည်။ သူတို့ပြောသမျှကို နိုင်ငံခြား သားများ မှတ်သားသွားကြမှာ အမှန်ပင်။ သူတို့မှာ အရည်အသွေး ပြည့်ဝဖို့လိုသည်ဟုတော့ ကျွန်တော်တို့ ဇနီးမောင်နှံ သုံးသပ်မိသည်။

မရောက်တာကြာတာရော၊ စိတ်ထဲမှာအပူအပင်မရှိ ငြိမ်းငြိမ်းချမ်းချမ်း ရှိနေတာရော အားလုံးပေါင်းဆုံနေ ၍လား မဆိုနိုင်။ သည်တစ်ခေါက် ဓာတ်ပုံများပါ လျှောက်ရိုက်ရင်း မမြင်မိသေးသည်များကို ဘုရားမှာ မြင်နေရပြန်သည်။ ဂဠုန်ဦးစောတည်ခဲ့သော ဘုရား၊ စေတနာသမ္ဘာရ ၀တ်အသင်း၏ တန်ဆောင်း စသည်ဖြင့် ကျွန်တော်သတိထားမိသမျှ မှတ်တမ်းတင်မိပြန်သည်။ ဦးစောဘုရားကို မြင်တော့ လူတစ်ယောက်၏ ကောင်းမွေဆိုးမွေကို သူ့မိသားစု၊ သူ့မျိုးဆက်မည်မျှ ခံစားရကြောင်း ကျွန်တော်တို့ဖတ်ဖူးသမျှ စာတွေထဲက သိသမျှကို ဇနီးသည်နှင့် ဆွေးနွေးမိသည်။ စေတနာသမ္ဘာရ ၀တ်အသင်းတန်ဆောင်းကို မြင်တော့ ကျွန်တော်ငယ်ငယ်က ကြည့်မြင်တိုင်မြို့နယ်နှင့် ကပ်လျက် စမ်းချောင်းမြို့နယ်ထဲက လမ်းတစ်လမ်းမှာ နေခဲ့ဖူးပြီး စေတနာသမ္ဘာရ ၀တ်အသင်း၏ အလှူခံ စည်တော်အကနှင့် ရွှေပြားများသယ်ဆောင်ပြီး မြို့နယ်များသို့ လှည့်လည်ပြသသည်ကို အမှတ်ရမိကာ ဇနီးသည်ကို ပြောမိသေး၏။

ထိုအချိန်တုန်းက " ကျွန်တော်များကြည့်မြင်တိုင် စေတနာသမ္ဘာရ ၀တ်အသင်းကြီးမှ ကြီးမှူး၍ လေးဆူ ဓာတ်ပုံ ရွှေတိဂုံစေတီတော် မြတ်ကြီးအား ရွှေပြား၊ ရွှေသင်္ကန်း ကပ်လှူပူဇော်ရန်အတွက် သဒ္ဓါတတ်အား အနည်းအများမဆို ကုသိုလ်ပါဝင်တော် မူကြပါခင်ဗျား " ဆိုသော အထက်အောက်ပိတ်ဖြူ ၀တ်၍ ခမောက်အ၀ိုင်း ဆောင်းထားကြသော လူငယ်လေးများ၏ အော်သံကို ယခုတိုင် အမှတ်ရနေမိသေးသည်။

ဘုရားမှာ ရခဲ့သော ခံစားမှုများကား ပြောမကုန်။ ကျွန်တော့်အတွက် တော်တော်ကြီးကြာမှ ခံစားရသော ခံစားမှုမျိုးဖြစ်၍လည်း ပါမည်။ သို့သော် ရန်ကုန်ကို အမှတ်မထင် မြင်ရသော မြင်ကွင်းများကတော့ ကျွန်တော့်အတွက် သိပ်မကောင်းလှ။

လေဆိပ်ကနေ အိမ်ကိုအသွား ကားကလမ်းမှာ လူကူးမျဉ်းကျားကို ခွရပ်မိသော်ငြား ပြဿနာမရှိတဲ့။ ကားများက ကွေ့ချင်သည့်နေရာမှာ လှည့်ကွေ့သည်။ ကားသမားက လက်ပြ၍ ခဏစောင့်ရန်ပြသည်။ သည်တော့ တစ်ဖက်က ကားက ရပ်စောင့်ပေး၏။ ရန်ကုန်မှာ ကားသမားများကြား လက်ပြသော နားလည်မှုက တော်တော်တာသွားသည်ဟု ဆိုရမည်။ မြန်မာ့ဓလေ့အရ ကိုက်သော်ငြား ယာဉ်စည်းကမ်း အရတော့ မကိုက်။ အန္တရာယ်များလှသည်။

ပြီးတော့ ယခုရန်ကုန်သည် ယခင်ရန်ကုန်မဟုတ်တော့။ ကျွန်တော်လွန်ခဲ့သည့် နောက်ဆုံး တစ်ခေါက်ပြန်စဉ်က ယာဉ်များယခုလောက် မကျပ်။ ယခုတော့ လမ်းများပါ ကျပ်စပြုလာသည်။ ကားတွေ များလာသည်ဟု ဆိုကြ၏။

ထပ်ပြီး သတိထားမိသည်က ဒီဇင်ဘာရောက်နေသည့်တိုင် ရန်ကုန်သည် မအေးမြ။ နေ့ဘက်မှာ အပူကကောင်းပြီး ညဘက်မှာ ထူးထူးခြားခြား မအေး။ ဒီဇင်ဘာအစမို့ဆိုလျှင် ကျွန်တော်စောင့်ကြည့် ဦးမည်ဟု တေးထားလိုက်၏။

သည်တစ်ခါ ရန်ကုန်ကို ပြန်ဆုံရခြင်းမှာ ထူးခြားမှုတွေ ရှိနေသည်ကိုက ကျွန်တော့်အတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်လို့နေပါတော့သည်။

ဆူးသစ်
၁၆း၃၄ နာရီ
၇.၁၂.၁၂

( ဆက်ပါဦးမည် )

Sunday, February 17, 2013

" အဖေပေးလိုက်တဲ့ အံသွားတစ်ချောင်း "


ညီလေးရေ........

အစ်ကို စင်ကာပူရောက်ပြီး တစ်နှစ်ခွဲလောက် အကြာမှာ အဖေ့ဆီက ထူးခြားတဲ့ ပစ္စည်းလေးတစ်ခု အစ်ကို့ဆီ ရောက်လာခဲ့ပါတယ်။ အစ်ကို့ဇနီးသည် ယူလာတာပါ။ အိတ်နဲ့ပိတ်ထားပြီး ဂွမ်းနဲ့ ကျကျနန ထုတ်ထားပါတယ်။ စာထဲမှာတော့ " အဖေ့ရဲ့ အံသွား " လို့ပါတယ်။

ရရချင်းတော့ အံ့ဩမိပါတယ်။ ပြီးတော့ ၀မ်းသာရပါတယ်။ အံ့ဩရတာက အစ်ကို မှတ်သားဖူးတဲ့အထဲမှာ မိဘရဲ့ အံသွားကို အမှတ်တရ သိမ်းထားတာမျိုး မရှိသေးလို့ပါ။ အမေ့ခြေရာတို့ ဘာတို့လိုပေါ့။ ဒါပေမဲ့ ပြန်တွေးကြည့်တော့ အဖေ ငါ့ကို အလကား ပေးတာတော့ မဟုတ်တန်ရာဘူးလို့ ကောက်ချက် ချမိတယ်။ အဖေနဲ့ ဖုန်းပြောရမှ " မင်းကို ငါ့အမွေ အနေနဲ့ ပေးတာ " ဆိုတာ သိရတယ်။ ဒီတော့မှ ၀မ်းသာရတော့တာ။

ညီအစ်ကို သုံးယောက်မှာ အစ်ကိုက အဖေ မသေခင် အဖေ့ခန္ဓာကိုယ်က အမွေတစ်ခုရခဲ့လို့ ၀မ်းသာမိတာပါ။ ဒီအတွက် ကိုကြီးနဲ့ ညီလေးတို့ စိတ်မကောင်း မဖြစ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ အစ်ကိုက မိဘတွေနဲ့ အဝေးကြီးမှာ နေရတာပါ။ ဒါကြောင့် အဖေက တမင်ပေးခဲ့တာပါ။ အနေနီးတဲ့ ညီလေးတို့က မိဘတွေကို အနီးကပ် ပြုစုစောင့်ရှောက်ခွင့် ရနေတာ အစ်ကို့ထက် ထူးခြားပြီး ကံကောင်းတာပါ။ ရခဲတဲ့ အခွင့်အရေးကို ရထားတာပါ။

အစ်ကိုကတော့ အဖေပေးလိုက်တဲ့ အံသွားတစ်ချောင်းကို ရပြီးတဲ့နောက် အတွေးတွေ၊ စဉ်းစားစရာတွေ အများကြီး ရလာခဲ့ပါတယ်။

ညီလေးရေ........

အဖေ့အကြောင်း ညီလေးကို ပြန်ပြောပြပါဦးမယ်။ အဖေ့ကို ဟိုး ပဲခူးရိုးမ တောင်ခြေက ရွာတစ်ရွာမှာ မွေးတယ်။ နောက်မှ အဖေနဲ့ အမေတို့နေတဲ့ နေရာကို ရောက်လာတယ်။ တကယ်တမ်းတော့ အဖေပညာသင်စဉ်က အဘိုးတို့ အခက်အခဲရှိတာနဲ့ အဖေဟာ ကိုယ့်ဒူးကိုယ်ချွန်ရင်း အလုပ်လုပ်ရင်း ကျောင်းတက်လို့ ကြိုးစားခဲ့ရတာ။ စိတ်ပညာ အဓိကနဲ့ ကျောင်းပြီးခဲ့တယ်။

အမေနဲ့ အိမ်ထောင်ကျပြီး မင်္ဂလာဒုံမှာ ကိုကြီးကို မွေးတယ်။ ပြီးတော့ စမ်းချောင်းမှာ အစ်ကိုနဲ့ ညီလေးကို မွေးတယ်။ အဲဒီအချိန်မှာ အဖေ့အလုပ်က ရာထူးတွေ တစ်ဆင့်ပြီးတစ်ဆင့် တက်လာတယ်။ ဒါပေမဲ့ လောကကြီးရဲ့ လှည့်ကွက်ပဲ ထင်ပါရဲ့ ညီလေးရေ။ အချိန်ကာလ တစ်ခုမှာ အဖေ အလုပ်ကနေ မလွှဲ မရှောင်သာ နားလိုက်ရတယ်။ မနားလို့ မဖြစ်အောင် အခြေအနေတွေက ဖန်တီးခဲ့တာကိုး။ အဖေ့အပြစ် တစ်ခုမျှ မပါဘဲ ဆက်မလုပ်ချင်စရာ ပတ်ဝန်းကျင်ကြောင့် အဖေ့မှာ အလုပ်ကို သံယောဇဉ်ရှိပေမယ့် ထွက်လိုက်တယ်။

အဲဒီနောက်ပိုင်းမှာ အရင်က အဖေ့ကို လေးစားအားထားသူတွေ၊ မှီခို အားထားသူတွေ အဖေ့ဆီကို မလာတော့ပါဘူး။ အဖေပြောရင် နားထောင်မယ့်သူတွေလည်း မရှိတော့ပါဘူး။ အဖေ အူအတက် ခွဲတုန်းက နေစရာ မရှိအောင် ပြည့်ကျပ်ခဲ့တဲ့ အိမ်လေးမှာ အဖေဖျားရင် လာတွေ့မယ့် လူတောင် မရှိတော့ပါဘူး။

အရင်က အဖေ့အကူအညီနဲ့ ပွဲလယ်တင့်ခဲ့သူတွေတောင် သူတို့လုပ်ပိုင်ခွင့်အောက်မှာ အဖေ့ကို ပမာမခန့် ပြောတန်ပြော၊ မလေးမစား လုပ်ချင်သလိုလို အမူအရာတွေပြနဲ့။ အဲဒီလို လူတွေအတွက် လူပျိုပေါက်အရွယ် အစ်ကိုက ဘယ်ကျေနပ်နိုင်ပါ့မလဲ ညီလေးရေ။

အဲဒီနောက်တော့ ငွေစံပယ်၊ နှင်းဆီ၊ ဂျိုးသိန်း၊ ဒူးယားဆိုတဲ့ ဆေးပေါ့လိပ်၊ စီးကရက်တွေက အဖေ့ စိတ်ဖြေရာတွေ ဖြစ်လာခဲ့တယ်လေ။ အမေ့နာမည်နဲ့ မြေကွက်ရတော့ အိမ်ထောင်ဦးစီးဆိုတဲ့ နေရာမှာ အမေ့နာမည်ထွက်တော့ အဖေ စိတ်မကောင်းဖြစ်ပြီး မျက်ရည်ဝဲတက်လာတာ အစ်ကို မှတ်မိသေးတယ်။

အဲဒီကာလတွေမှာ အဖေဟာ အရင်က သူ့လက်အောက်က ၀န်ထမ်းတွေ ဖြစ်ခဲ့ဖူးတဲ့ လူတွေဆီမှာ အလုပ်ဝင်လုပ်ပေမယ့် တရစပ်၊ မရပ်မနား ပညာပြတာကြောင့် အစ်ကိုတို့က မခံနိုင်လို့ နားခိုင်း ရတော့တယ်။ ဒါပေမဲ့ နောက်ထပ် သူငယ်ချင်း တစ်ယောက်ရဲ့အလုပ်မှာ ၀င်လုပ်ခဲ့ပြန်တော့ အနေအစား ဟန်မကျလို့ အားလုံးက တားခဲ့ရပြန်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ အဖေဟာ အမေရတဲ့ မြေကွက်ကို စပြီး အကောင်အထည် ဖော်ပါတော့တယ်။ အဖေဟာ သူ့ရဲ့အဖေ၊ အစ်ကိုတို့ အဘိုးနဲ့ ကြာပေါက်နေတဲ့ မြေကွက်ကို မြေတွေသယ်ဖို့ခဲ့တာ အနားမှာနေရင်း မြေလိုက်ဖို့ခဲ့တဲ့ အစ်ကို့မျက်မြင်ပါပဲ။ မြေကွက်ကို ညှိကြတဲ့နေရာမှာ ကြာပေါက်နေတဲ့ ရေအိုင်ခွက်ကြီး ပြည့်အောင် ကန်သင်းတွေကို ပေါက်တူးနဲ့ ဖြိုခဲ့ကြရတယ်။ မိုးရွာ၊ နေပူကြားထဲမှာ အဖေရယ်၊ အဘိုးရယ်၊ အစ်ကိုရယ်ဟာ စမ်းချောင်းနေအိမ်ကနေ ဒဂုံမြောက်ကို ကားအဆင့်ဆင့် စီးပြီးသွား၊ မနားမနေ ပင်ပင်ပန်းပန်း လုပ်ခဲ့ကြရတာပါ။ အစ်ကိုကြီးက စားသောက်ဆိုင်မှာ လက်ထောက်မန်နေဂျာ အဖြစ် ၀င်လုပ်နေတဲ့ အချိန်ပါ။ ညီလေးက ငယ်သေးတယ်လေ။ အဲဒီ မြေကွက်သစ်ကို ပြောင်းပြီးချိန်မှာလည်း ခြံထဲမှာ သီးပင်စားပင်တွေစိုက်၊ တစ်ဖက်က အားလုံးစားဖို့ ထမင်းဟင်းချက်နဲ့ ဒီကြားထဲ ၀ါသနာပါတဲ့ စာတွေလည်း ရေးသေးရဲ့။ အဖေဟာ ခြံထဲကို ရေ မ၀င်အောင် နောက်ဖေးက မြေတွေကို တစ်ယောက်တည်း တူးဖော်၊ ထမ်းဖို့နဲ့ အအားမနေခဲ့ပါဘူး။ ဒါကြောင့် အဖေ့သူငယ်ချင်းတွေက အဖေ့ကို တွေ့မြင်ကြတဲ့ အချိန်မှာ အံ့အားသင့်ကုန်ကြတယ်။ အသားတွေ မည်းပြီး ပိန်ချုံးကျသွားတာ အဘိုးအိုလေးနဲ့တောင် တူသွားလို့ ဘာဖြစ်တာလဲလို့ မေးရတဲ့ အထိ ဖြစ်ခဲ့ရတယ်။ ဒီကြားထဲ အဖေဟာ နိုင်ငံတော်အဆင့် စာပေဆုတစ်ဆု ရခဲ့သေးတယ်။

နောက်ဆုံးမှာတော့ အဖေ့ရဲ့ ကျောင်းနေဖက်သူငယ်ချင်း စာရေးဆရာရဲ့ ဆက်သွယ်ကူညီမှုနဲ့ အဖေဟာ ၀ါသနာပါရာ အလုပ်ကို လုပ်ခွင့်ရသွားပြီး ဒီနေ့အထိ ပျော်ရွှင်ကျေနပ်စွာ အသက်မွေး ၀မ်းကျောင်းနေလေရဲ့ ညီလေးရေ။ ညီလေး သိပြီးသားပေမယ့် အဖေ့အကြောင်း ပြန်ပြောရတာ အကြောင်း ရှိပါတယ် ညီလေးရေ။ အဖေ့ဘ၀ လမ်းကြောင်း ခက်ခဲတာ သိစေချင်လို့ပါ။

ညီလေးရေ........

အစ်ကို့ အကြောင်း ထပ်ပြောပြပါမယ်။

အစ်ကို စင်ကာပူ ရောက်တာ နှစ်နှစ်ကျော်ပါပြီ။ ဘွဲ့ရပြီးချိန်က စတွက်ရင် ဆယ်နှစ်ကျော် ပါပြီ။ ကျောင်းပြီးလို့ ဘွဲ့တောင် မယူရသေးဘူး၊ အလုပ်တန်းရတာနဲ့ ကုမ္ပဏီတစ်ခုမှာ ၀င်လုပ်ခဲ့တယ်။ မနက် မိုးမလင်းခင် ကတည်းက ဖယ်ရီပေါ်ရောက်၊ ညမှောင်မှ အိမ်ပြန်ရောက်နဲ့ ဘ၀က စက်ရုံတစ်ရုံထဲမှာ စုပ်စုပ်မြုပ်ခဲ့တာ။ ဒါတောင် အမေလုပ်ပေးလို့ ထမင်းချိုင့် အမြဲ အဆင်သင့် ဖြစ်ခဲ့တာနော်။

နောက်တော့ ပြည်သူ့ဝန်ထမ်း အရာရှိ ၀င်လုပ်ခဲ့သေးတယ်။ ခြောက်နှစ်နဲ့ လေးလဆိုတဲ့ ကာလမှာ အစ်ကို့ဘ၀ရဲ့ အချိန်တွေကို အဲဒီရုံးလုပ်ငန်းမှာ မြှုပ်ထားခဲ့တယ်။ နယ်ပေါင်းစုံသွား၊ အတတ်နိုင်ဆုံး ကြိုးစားလုပ်ခဲ့တာ ပင်ပန်းချိန်တွေ အများကြီးပဲ။ ရန်ကုန်မှာ နေတော့လည်း ကိုယ့်အလုပ်ကိုယ် လုပ်တာတောင် ကိုယ့်နောက်ကျောကို ဓားနဲ့ထိုးတဲ့ သူတွေ ရှိသေးတယ်။ နောက်ဆုံးတော့ ကိုယ့်ဘ၀ရဲ့ အနာဂတ်အတွက် သေသေချာချာ စဉ်းစားပြီး ကိုယ်နဲ့ အံဝင်ခွင်ကျ မရှိတဲ့ အဲဒီအလုပ်ကနေ ထွက်ခဲ့တယ်။ အဲဒီ အလုပ်တုန်းကလည်း အိမ်က အမေက လိုအပ်တာတွေ အကုန်ဖြည့်ဆည်းပေးခဲ့တယ်။ ငွေကြေးပါ အပါအ၀င်ပေါ့။

နောက်ဆုံးတော့ စင်ကာပူ ရောက်ခဲ့ပါတယ်။ နှစ်နှစ်ဆိုတဲ့ ကာလအတွင်းမှာ ပထမနှစ်ဝက်က သက်သာသလို ရှိပေမယ့် နောက်တစ်နှစ်ခွဲကတော့ အိမ်ဆိုတာ ကျောချစရာ နေရာတစ်နေရာ သာသာပဲလို့ ပြောရလောက်မတတ် အလုပ်ထဲမှာပဲ ဘ၀က နစ်မြုပ်ခဲ့တာ။ ရတဲ့ငွေနဲ့ မိဘတွေကိုလည်း ထောက်ပံ့နိုင်၊ ကိုယ့်ဘာသာ အိမ်ထောင်နဲ့လည်း ရပ်တည်နိုင်ဆိုတော့ ပင်ပန်းရကျိုးနပ်ပါတယ်။

ဒါပေမဲ့ စင်ကာပူမှာတော့ ကိုယ့်ဘာသာပဲ ချက်စားရတော့ ကောင်းကောင်းဆိုးဆိုး လှိမ့်ပိမ့်ခံရတော့တာပါပဲ။ အခု ဇနီးရောက်လာမှ နည်းနည်း သက်သာလာတာ။ အလုပ်ပင်ပန်းချိန်ဆို ဘယ်သူက ထမင်းဟင်း ချက်ပေးချင်ပါ့မလဲလေ။

ဒီလိုနဲ့ နေလာခဲ့တာ တစ်ခါတစ်ခါ ငွေရှာရတာကိုပဲ ငြီးငွေ့လာပြန်ရော။ ဒါတောင် ကလေးမရသေးဘူးနော်။ ဘ၀ဆိုတာ ဘာလဲဆိုတာရဲ့ အစလောက်ရှိသေးတာ။ အစ်ကို ဖြတ်သန်းခဲ့သမျှ ပင်ပန်းတယ်လို့ ထင်ခဲ့တာချည်းပဲ။

သေသေချာချာ ပြန်စဉ်းစားတော့ ရှက်ဖို့ ကောင်းလိုက်တာ ညီလေးရေ။ မသိမသာလေး ပြန်တွေး ကြည့်လိုက်ပါဦး။ အစ်ကို ဖြတ်သန်းခဲ့ရတဲ့ ခရီးက အဖေ့ခရီးလောက် ပင်ပန်းပါရဲ့လား ဆိုတာလေ။

ညီလေးရေ.....

အဖေက မပြည့်မစုံနဲ့ ကိုယ့်ဒူးကိုယ်ချွန် ကျောင်းတက်ရင်း အလုပ်လုပ်ခဲ့တာနော်။ အစ်ကိုက ပြည့်ပြည့်စုံစုံ နဲ့ ကျောင်းတက်ခဲ့တာ။ ပြီးမှ အလုပ်ထဲရောက်တာ။ အခုအချိန်အထိတောင် မိဘကို လုပ်ကျွေးခဲ့တဲ့ ကာလနဲ့ ဇနီးသည်နဲ့ လှုပ်ရှားရုန်းကန်နေတဲ့ ကာလပဲ ရှိသေးတယ်။ အဖေက မိဘလည်း လုပ်ကျွေး၊ ကိုယ့်ဘ၀လည်း ထူထောင်၊ နောက်မှ မိသားစုရပ်တည်ဖို့ လောကဓံရဲ့ အနိမ့်အမြင့်မှာ အလူးအလဲခံရင်း ဖြတ်သန်းခဲ့ရတာ။

အစ်ကိုက အဖေ့အံသွားကို နောက်တစ်ခါပြန်ပြီး ရေနဲ့ဆေးတော့ တွေးမိသေးတယ်။ ဒီအံသွားပေါ်မှာ အဖေ လောကဓံအတွက် ဘယ်နှစ်ကြိမ် တင်းတင်းမာမာ ကြိတ်ခဲ့ရပြီးပြီလဲလို့။ မရေမတွက်နိုင်နေမှာပါ ညီလေးရေ။ ညိုမည်းနေတဲ့ အံသွား၊ အခေါင်းဖြစ်နေတဲ့ အံသွား၊ ပါးစောင်မှာ မရပ်တည်နိုင်တော့လို့ ကျွတ်ထွက်လာတဲ့ အံသွား၊ ဒီအံသွားရဲ့ နောက်ကွယ်မှာ အဖေ့ဘ၀ ရှိတယ်လို့ အစ်ကိုယုံတယ်။

ဒီအတွက် အဖေ့ အံသွားကို ရေ သေသေချာချာဆေးပြီး ဂွမ်းနဲ့ ကျကျနနထုပ်၊ ပလတ်စတစ်အိတ်နဲ့ထည့်၊ အစ်ကို့ရဲ့ ပိုက်ဆံအိတ်ထဲ ထည့်ထားပြီး သွားလေရာ ဆောင်ခဲ့တယ်။ တစ်ခုခု အခက်အခဲ တွေ့ကြုံတိုင်း၊ စိတ်ဖိစီးမှုတွေ ရှိနေရင် ငါ့ဒုက္ခက အဖေ့ ဒုက္ခလောက်မှ မရှိသေးတာ။ ဘာအရေးလဲလို့ ပိုက်ဆံအိတ်ကို စမ်းရင်း တွေးမိတယ်။

အံသွားပါတဲ့ ပလတ်စတစ်အိတ်ကိုကြည့်တိုင်း " မင်းတို့ အဖျားရှူးသွားတဲ့ ထင်းရှူးပင်တွေ မဖြစ်စေနဲ့ " ဆိုတဲ့ အဖေ့စကားကို ပြန်ကြားယောင်တယ်။ ငယ်ငယ်တုန်းက တော်ပြီး ကြီးမှ အဖျားရှူးသလို မဖြစ်အောင် အဖေပြောခဲ့တဲ့  စကားပါ။ အစ်ကိုကတော့ ဆောင်းပါး ရေးခဲ့ဖူးသလိုပဲ။ အများကြားက ချွန်တက်လာတဲ့ ထင်းရှူးပင်သဘောမျိုး စဉ်းစားလို့ အများကြားမှာ တော်အောင် လုပ်ပြချင်တယ်။

ညီလေးရေ.....

မြန်မာပြည် ခဏပြန်လာတုန်းက အစ်ကို့ အံသွားရှေ့က သွားနှစ်ချောင်း အခေါင်းဖြစ်လို့ နုတ်ခဲ့ ရတယ်။ တော်သေးတာပေါ့လို့ တွေးမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ လောကဓံ အတွက် ကြိတ်ဖို့ အံသွားကျန်နေလို့လေ။ အဖေက အသက်ခြောက်ဆယ်ကျော်မှ အံသွားကျွတ်ကျတာ။ အစ်ကိုကတော့ သုံးဆယ့်ငါးကျော်ကျော်မှာ အံသွားရှေ့က သွားတွေတောင် နုတ်နေရပါရောလား။ ပြုပြင်ဖန်တီး ထားတာတွေပဲ စားရတာများတဲ့ ခေတ်ထဲမှာ ၀ါးရတဲ့သွားတွေဟာ သဘာဝအတိုင်း စားရတာများတဲ့ အစ်ကိုတို့ရဲ့ အဖေတွေ ခေတ်တုန်းက ၀ါးရတဲ့ သွားတွေလောက် ဘယ်ကောင်းတော့မလဲလေ။

အဲဒီလိုပဲ အစ်ကိုတို့ခေတ်မှာ ကြုံရတဲ့ ဘ၀ရဲ့ အနိမ့်အမြင့်တွေကို တုန့်ပြန်ဖို့၊ ကြံ့ကြံ့ခံဖို့အတွက် လိုအပ်တဲ့ အားတွေကလည်း အဖေတို့လို ပြည့်ဝပါ့မလားလို့ ရံဖန်ရံခါ တွေးပူမိသေးတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ အဖေ့ အံသွားတစ်ချောင်းက အစ်ကို့ရဲ့ စိတ်ဓာတ်တွေကို မြှင့်တင်ပေးနိုင်ခဲ့တာတော့ အသေအချာပါ။

အဖေနဲ့ အဝေးမှာ နေရတဲ့အချိန် ဒီအံသွားကပဲ အစ်ကို့ကို စကားတွေ အများကြီး ပြောခဲ့ပြီလေ။ အဝေးကနေ အဖေ့အံသွားတစ်ချောင်းနဲ့ ဘ၀ကို ထိန်းကျောင်းနေတဲ့ အစ်ကို့ကိုကြည့်ပြီး အဖေ့အနားမှာ ရှိတဲ့ ညီလေးတစ်ယောက်၊ အဖေ့စကား အဖေ့အပြုအမူတွေပေါ်မှာ နားလည်ခံယူနိုင်ပါစေကွာ။ ပြီးတော့ ပြုပြင် ထိန်းကျောင်းနိုင်ပါစေ။

အသက်ကြီးလာလို့ ကျွတ်ထွက်လာတဲ့ အဖေ့ရဲ့ အံသွားတစ်ချောင်းကို ရလို့ အဖေ့ရဲ့ အမွေပါ ဆိုပြီး ပျော်နိုင်ပေမယ့် တစ်ဖက်မှာတော့ အဖေ့ရဲ့ ဇရာဆိုတာကိုလည်း အစ်ကို မမေ့ပါဘူး ညီလေးရေ။ အနားမှာ နေတဲ့ ညီလေးတို့လည်း အမေနဲ့ အဖေ့ကို ပိုဂရုစိုက်ပါလို့ မှာချင်မိတယ်။

ညီလေးရေ..........

လူဆိုတာ တာဝန်ကျေရပါတယ်။ ကိုယ်ရပ်တည်နေရတဲ့ နေရာတိုင်းမှာ တတ်နိုင်သလောက် တာဝန်ကျေမှ နေရတာ မြတ်ပါတယ်။ အစ်ကိုတို့ရဲ့ မိဘတွေ တာဝန်ကျေခဲ့ပါပြီ။ အဖေလည်း အဖေ့နေရာ၊ အမေလည်း အမေ့နေရာပေါ့။ ဒါဆို အစ်ကိုတို့ သားသမီးတွေကရော။ သားသမီးတာဝန် ကျေခဲ့ပြီလား။

မေ့နေမှာ စိုးလို့ရယ်၊ တန်ဖိုးထားတတ်အောင်ရယ် " အဖေပေးလိုက်တဲ့ အံသွားတစ်ချောင်း " နဲ့ လှုပ်နှိုးရင်း ညီလေးအတွက် ကဗျာ လက်ဆောင်လေး ပေးလိုက်ပါတယ်။

" အောင်စိတ်ဓာတ် "

"နေကားထွက်ဝင်၊ ပေါ်ချုပ်ထင်၏၊ လလျှင်ပြည့်ကွယ်၊ ကြီး၍ငယ်၏၊ ထိုနှယ်မလွဲ၊ အမြဲချမ်းသာ၊ မရှိစွာ" ဟု၊ စာဆိုမဃဒေ၀၊ လမ်းညွှန်ပြခဲ့၊ လောကဓံတရား၊ တွေ့ဆုံငြားက၊ အားမာန်တင်းစိတ်၊ အံကိုကြိတ်၍၊ စိုးထိတ်နတ္ထိ၊ ဇွဲသတ္တိနှင့်၊ ၀ီရိယထား၊ စဉ်ကြိုးစားက၊ လိုလားဘ၀၊ ပြည့်စုံရလိမ့်၊ ဒုက္ခဘေးသန်း ရှောင်လွှဲလမ်း၊ သုခအေးချမ်း အောင်ပွဲပန်း။             ။

ဆူးသစ်

[ မှုခင်းရှုထောင့် ရသစုံ မဂ္ဂဇင်း၊ ဇန်န၀ါရီလ၊ ၂၀၁၁ ခုနှစ်]
( " အဝေးရောက် ထွန်းတောက်မြန်မာ နှင့် ညီလေးဖတ်ဖို့ ရေးတဲစာ " စာစုများမှ )

[ အိပ်ရာထဲမှာ ခဏလဲနေသော အဖေ့ကျေးဇူးများကို အမှတ်တရဖြစ်လျက် ဤဆောင်းပါးကို တင်ပါသည်။ ]

Friday, February 15, 2013

" Facebook ပေါ်က ကျွန်တော့် Status များ " ( ၈ )


+            ဘူကုန်းမှာ မနေ့က Client က လုပ်သည့် အစည်းအဝေး တက်ရသည်။ အမှန်က ကျွန်တော့် Officer မအား၍ သွားတက်ရခြင်းဖြစ်သည်။ Client ဘက်က Global အဆင့် Safety နှင့်ပတ်သက်သည့် ရာထူးမြင့် ပုဂ္ဂိုလ်ကြီး လာတက်သည်။ Safety နှင့် ပတ်သက်သည့် အစည်းအဝေးမှာ သူက အဓိကဦးဆောင်၍ ကျွန်တော်တို့ ပရောဂျက်အတွက် ဆွေးနွေးကြသည်။ Safety ရာထူး အကြီးဆုံး ယူထားသူမို့ လေးစားစွာ နားထောင်နေစဉ် သူက White Board မှာ ရေးပြချင်၍ Marker Pen တောင်း၏။ ဖြစ်ချင်တော့ ကျွန်တော့်နောက်မှာ ထိုင်နေသူက Pen ရှိရာနှင့် နီး၍ ယူပြီး သူ့ဆီ ပစ်ပေးသည်။ ထိုအဆင့်မြင့် ပုဂ္ဂိုလ်က ဖမ်း၍ယူ၏။ သူရှင်းစရာရှိသည်ကို ရှင်းပြပြီး Pen ကို ပြန်ပေးသည်။ ရိုးရိုးမပေး။ ပစ်ပေးသည်။ ကျွန်တော့်နောက်က လူက စပြီး ပစ်ပေးကတည်းက သဘောမကျသည့် ကျွန်တော့်အတွက် ထိုအဆင့်မြင့်ပုဂ္ဂိုလ် ပြန်ပစ်ပေးမည် ဆိုသောအခါ စိတ်ထဲ နည်းနည်း ထင့်ခနဲတော့ ဖြစ်သည်။ အစည်းအဝေး လာတက်သူများ အားလုံးက Safety နှင့် ပတ်သက်သူချည်း ဖြစ်၍ ကြည့်နေသည်။ ထင်သည့်အတိုင်းပင်။ Penသည် ကျွန်တော့်နောက်က လူဆီမရောက်။ ကျွန်တော့်ကိုယ်ပေါ် တည့်တည့်သာ လာကျတော့သည်။ အားလုံးပြုံးကြ၏။ လုပ်ကွက်ထဲမှာ ဆိုလျှင်တော့ တစ်ခုခုပြုတ်ကျတိုင်း Report ပေးရသည်။ ထို့ကြောင့် ကျွန်တော်လည်း တွေးပါသည်။ ဪ-Global အဆင့်က Safety ပုဂ္ဂိုလ်ကြီးလည်း မှားမှတော့ ငါ့လုပ်ကွက်ထဲက အလုပ်သမားလေးတွေ မှားတာ မပြောပလောက်ပါဘူးလေဟု..........။ ( ဇူလိုင်လ ၃ ရက်၊ ၂၀၁၂ ခုနှစ် )

+          လွန်ခဲ့သည့်နှစ်က ပရောဂျက်မန်နေဂျာက ပြောဖူးသည်။ နောင်နှစ် ဧပြီလဆိုလျှင် အလုပ်က အရမ်းကျပ်ပြီတဲ့။ ယခု ဧပြီကိုကျော်၍ ဇူလိုင်ကို ရောက်လာသည်။ အချိန်ဆိုသည်က မြန်လွန်းလှ၏။ အလုပ်ကျပ်သည်ကတော့ မပြောနှင့်တော့။ ဘာပဲဖြစ်ဖြစ် ထိုအရမ်းကျပ်ပါသည် ဆိုသော ကာလကိုကျွန်တော်တို့ ဖြတ်သန်းရင်း ဒုက္ခများကို တောင့်ခံထားနိုင်ခြင်းကပင် ကျေနပ်စရာ ကောင်းပါသည်။ နောင်နှစ် သည်လိုအချိန်ဆိုလျှင် အရင်နှစ်က ပရောဂျက် အရမ်းပင်ပန်းတဲ့အချိန်လေဟု ပြောကြရင်း အနားယူချင် ယူနေလိမ့်မည်ဟု မျှော်လင့်မိသည်။    ( ဇူလိုင်လ ၄ ရက်၊ ၂၀၁၂ ခုနှစ် )

+                  ကိုယ်က သင်တန်းတွေ များစွာ ပေးခဲ့ဖူးသူမို့ သင်တန်းတက်ရလျှင် အနည်းနှင့်အများ နည်းနည်းတော့ ညစ်မိသည်။ အိပ်ငိုက်မိလျှင် တော်တော်ခံရခက်သည်။ သင်တန်းဆရာ တစ်ယောက် လို ဖြတ်သန်းခဲ့ဖူး၍ သင်တန်းဆရာ တစ်ယောက်အနေဖြင့် ကိုယ်ပြောချင်တာ ပြောနေရလျှင် ကျေနပ် ဖို့ ကောင်းသည်။ သင်တန်းသားဆိုသည်က စာလည်း ဖတ်ရသေးသည်။ အိပ်ငိုက်ချင်လည်း မနည်း ထိန်းထားရ၏။ ထို့ပြင် စာမေးပွဲဆိုတာကြီးကပါ ပါလာသေး၍ သင်တန်းဆို ပင်ပန်းသည် ချည်းသာ ပြေးမြင်နေတော့သည်။ တစ်ခုပဲ ကိုယ့်ကိုယ်ကိုဖြေသိမ့်ရ၏။ သင်တန်းတစ်တန်းတက်တိုင်း ပညာ များစွာရသည်က အမြတ်မဟုတ်လား။ ထိုအမြတ်နှင့်ပင် သင်တန်းမှာ ပင်ပန်းရကျိုးတော့ နပ်သည် ထင်သည်။ ( ဇူလိုင်လ ၁၃ ရက်၊ ၂၀၁၂ ခုနှစ် )

+                 တစ်ခါတစ်ခါ၌ လောကကြီးမှာ အံဝင်ခွင်ကျ မဖြစ်မှုများက ရှိတတ်သည်ဟု ကျွန်တော် သိပါသည်။ သို့သော် တည့်တည့်ကြီးလွဲပါက တစ်မျိုးတော့ ခံစားရ၏။ ကျွန်တော်တို့ ကိုးကွယ်သော ဘုန်းဘုန်းက ပြောဖူးပါသည်။ ၀က်သားဟင်းမြင်တာနှင့် စားချင်စိတ်တန်းပေါက်အောင် ခံစားရလျှင် ကျန်းမာရေး တော်တော်ကောင်းပါသည်တဲ့။ ကျွန်တော် ထမင်းဆိုင်မှာ ထမင်းသွားစားတိုင်း ၀က်သားဟင်း ကိုမြင်လျှင် တော်တော် စားချင်စိတ် ပေါက်ပါသည်။ ယခုတလော ကျန်းမာရေး တော်တော် ကောင်းသည် ဟု ကိုယ့်ဘာသာ မှတ်ချက်ချမိပါသည်။ တစ်နေ့က ကျွန်တော်တို့ အလုပ်သူဋ္ဌေးက ကျွန်တော်တို့ ကုမ္ပဏီ ညစာစားပွဲနှင့် ပတ်သက်၍ Adminက မလေးမနှင့် အစီအစဉ်များကို ညှိနေသည်။ ညနေရောက်တော့ အပြန်လမ်းမှာ မလေးမက ကျွန်တော့်ကို မည်သို့စီစဉ်ထားကြောင်း ရှင်းပြသည်။ နေရာက တော်တော် အဆင်ပြေ၏။ ဘူဖေးဟု ဆိုသည်။ ပိုအဆင်ပြေ၏။ သို့သော် နောက်ဆုံးကျမှ သူကပြောသည်။ စိတ်ချ၊ ၀က်သား လုံးဝ မပါဘူးတဲ့။ သူက သူ့ဘာသာ အဆင်ပြေမည်ဖြစ်သော်လည်း ထိုတစ်ခုကတော့ ယခုတလော ကျန်းမာရေး တော်တော်ကောင်းနေသည့် ကျွန်တော့်အတွက် တေ့တေ့ဆိုင်ဆိုင် လွဲမှားသော အံဝင်ခွင်ကျ မဖြစ်မှုပင်။ ( ဇူလိုင်လ ၁၅ ရက်၊ ၂၀၁၂ ခုနှစ် )

+                   အခုမှ အလုပ်က ပြန်ရောက်လို့ အခုမှပဲ Facebook ကနေတက်ပြီး အလေးပြု ရတော့တယ်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများကို ဒီနေရာ ကနေ လေးလေးနက်နက် အလေးပြုပါတယ်ခင်ဗျား။ ( ဇူလိုင်လ ၁၉ ရက်၊ ၂၀၁၂ ခုနှစ် )

+                     ကျွန်တော်တို့ လုပ်ကွက်ထဲမှာ ကျွန်တော်နှင့် ခင်သော မလေးတရုတ် ဦးလေးကြီး တစ်ယောက်ရှိသည်။ သူကလည်း ကျွန်တော့်လို ဘေးကင်းရေးဝန်ထမ်းပင်။ အလုပ်အတူ တွဲလုပ်တာ ကြာသည့်အခါ သူကကိုယ့်ကို ကူညီ၊ ကိုယ်က သူ့ကိုကူညီနှင့် တော်တော် ရင်းနှီးခဲ့လေသည်။ သို့သော် တစ်ရက်ကျတော့ သူဆေးခန်းပြနေကြောင်းနှင့် လည်ချောင်းက အသားစကို စစ်နေကြောင်း၊ ကင်ဆာဖြစ်လျှင် သူ့အတွက် နေရဖို့ သိပ်မကျန်တော့ကြောင်း ပြော၍ ကျွန်တော် စိတ်မကောင်း ဖြစ် သွားသည်။ သို့သော် သူ့ဆေးစစ်ချက် ထွက်လာသောအခါ ကင်ဆာမဟုတ်၍ သူတော်တော် ပျော်သွားတာ သတိထားမိသည်။  သည်လိုနှင့် အလုပ်အတူ ဆက်လုပ်ကြရင်း တစ်ရက်မှာတော့ သူကပြောလေသည်။ ယခုလက်ရှိ ကုမ္ပဏီက အလုပ်ထွက်လေပြီတဲ့။ နောက်တစ်ပတ်ဆိုလျှင် နောက်ဆုံးအပတ်ပင်။ တခြား လုပ်ကွက်သို့ သူပြောင်းရပေတော့မည်။ သည်တစ်ခါတော့ သူနှင့်ကျွန်တော် တကယ် မတွေ့နိုင်တော့။ ပြန်စဉ်းစားမိပါသည်။ ပထမ တစ်ကြိမ်တုန်းက သူ့ကို ကျွန်တော် သေခွဲခွဲရပြီဟု ထင်မိချိန်။ ယခုကျတော့ မထင်မှတ်ဘဲ ရှင်ခွဲခွဲရပြန်သည်။ လူတွေမှာ ခွဲခွာရခြင်းကား ပုံစံသာပြောင်းပြီး တစ်နေ့မှာ ခွဲခွာရမည် ဆိုသည်ကတော့ ပုံသေကားချပ်လို ဘယ်တော့မှမပြောင်းလဲဟု ကျွန်တော် ဆင်ခြင်မိပါသည်။    ( ဇူလိုင်လ ၂၀ ရက်၊ ၂၀၁၂ ခုနှစ် )

ဆူးသစ်
၂၁း၀၆ နာရီ
၁၄.၂.၂၀၁၃

[ အထက်ဖော်ပြပါပုံမှာ ကျွန်တော့်ဇနီး ပါရမီဖြည့်ဖက်လေး၏ ရသာချို ဘလော့တွင် တင်ထားသော ပုံကို ပြန်လည်ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ]

Wednesday, February 13, 2013

" ရိုးရိုး အလွမ်းကဗျာ တစ်ပုဒ် "


စင်ကာပူမှာ မိုးတွေ ဆက်တိုက်ရွာတယ်
မိန်းမရေ.......လွမ်းလိုက်တာ။

တရုတ်နှစ်ကူး ရုံးလေးရက်ပိတ်တယ်
မိန်းမရေ.......လွမ်းလိုက်တာ။

အရှေ့ဘက်ကမ်းခြေမှာ သူငယ်ချင်းမိသားစုတွေ သွားတွေ့တယ်
မိန်းမရေ.......လွမ်းလိုက်တာ။

ဝက်သားချက်၊ ချဉ်ပေါင်ကြော်၊ ကြက်သားကြော်တယ်
မိန်းမရေ.......လွမ်းလိုက်တာ။

အိမ်နားက ကော်ဖီဆိုင်ပိတ်တယ်
မိန်းမရေ.......လွမ်းလိုက်တာ။

ထမင်းချက်တာများတော့ မကုန်တော့ဘူး
မိန်းမရေ.......လွမ်းလိုက်တာ။

နိုင်ငံခြားကား ကောင်းကောင်းတင်တယ်
မိန်းမရေ.......လွမ်းလိုက်တာ။

ပင်နီဆူလာက၀ယ်လာတဲ့ ချဉ်ပေါင်ရွက်ကရင့်တယ်
မိန်းမရေ.......လွမ်းလိုက်တာ။

အာဆင်နယ် ဒီတစ်ပတ်နိုင်တယ်
မိန်းမရေ.......လွမ်းလိုက်တာ။

ကောင်လေးတွေက ကောင်မလေးတွေကို ချောကလက် ကျွေးတော့မယ်တဲ့
မိန်းမရေ.......လွမ်းလိုက်တာ။          ။

သားလတ်
၂၁း၀၄ နာရီ
၁၃.၂.၂၀၁၃

[ ၁၄.၂.၂၀၁၃ တွင် ကျရောက်သော ဗလင့်တိုင်းနေ့အတွက် အမှတ်တရ ရေးပါသည်။ ]

Tuesday, February 12, 2013

" ရင်ထဲက ခေါင်းဆောင် "


' တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ဆောင်းအကုန် နွေအကူးဝယ်
လေရူးရယ် တသုန်သုန်ကြွယ်
လင်းအရုဏ်ကျင်းတဲ့ အချိန်အခါမယ်
စနေနေ့ဝယ် မွေးဖွားခဲ့ပါတယ် ' တဲ့
သီချင်းတွေနဲ့ သီဖွဲ့
မြင့်မြတ်တဲ့ သူတစ်ဦးရဲ့ အကြောင်း
ဖေဖော်ဝါရီ အဟောင်းများထဲမှာ။

စနေသား ဆယ့်သုံးဂဏန်း
သူ့လမ်းက ကြမ်းတယ်
သူ့ကံက နွမ်းတယ်
( ဒါပေမဲ့...)
သူ့နိုင်ငံအတွက် သူမပန်းခဲ့ဘူး။

အမြော်အမြင် ကြီးပုံများ
အထက်တန်း ကျောင်းသားတစ်ယောက်ရဲ့အတွေး
နိုင်ငံ လွတ်လပ်ရေးအတွက်ဆို
ခိုင်မာတဲ့ တပ်မတော် လိုသတဲ့။

ဖြောင့်မတ်လိုက်ပုံများ
မိဘပြောတာ မှားရင်မှားတဲ့အတိုင်း ဝေဖန်
အမှန်တရားကို ရင်မှာပိုက်
သူက ရိုးသားတဲ့ လူမိုက်တောင် လုပ်ခဲ့တာ။

တာဝန်ယူတတ်ပုံများ
တက္ကသိုလ်ကျောင်းသားဘ၀ အယ်ဒီတာ
' ငရဲခွေးကြီး လွတ်နေသည် ' ဆိုတာ ဘယ်သူရေးမှန်းမသိ
အဲဒီလို ရေငုံနှုတ်ပိတ် နေခဲ့မိတာ။

စွန့်စားလိုက်တာများ
ခန့်ညားတဲ့ ရုပ်ကို ပုံမှားရိုက်
တရုတ်ပုံ သွားတွေစိုက်လို့ အမွိုင်ကိုသွား
ဖမ်းချင်သူများတဲ့ ကြားကလေ။

အပင်ပန်းခံပုံများ
အနိုင်ကျင့်ခံရတဲ့ကြားက စစ်ပညာ
ရဲဘော်သုံးကျိပ်ဝင် အဖြစ်နဲ့ လေ့လာလို့
တစ်နေ့မှာ လွတ်လပ်စေဖို့ပေါ့။

ခေါင်းဆောင်ပီသလိုက်ပုံများ
လမ်းဘေးက ချမ်းအေးတဲ့ အကြော်သည်ကို သနားလို့
ကိုယ်ပေါ်ပါတဲ့ အ၀တ်ကို ချွတ်လို့ လွှမ်းခြုံ
ပြည်သူအတွက် ခေါင်းဆောင်ဆိုတဲ့ ဂုဏ်ကိုပြ
ပြည်သူဆင်းရဲတာ ခေါင်းဆောင် အသုံးမကျလို့ဆိုတာမျိုး ခံယူခဲ့တာလေ။

လက်ရုံးရည်တင်မက
နှလုံးရည်လည်း လှလို့
နိုင်ငံတကာ ခေါင်းဆောင်တွေကြား
စစ်ရေး၊ နိုင်ငံရေး ဖလှယ်ကစားခဲ့တဲ့ ခေါင်းဆောင်
( သူ့ကြောင့်ပဲ.......)
ကျွန်တော်တို့မြန်မာတွေ နိုင်ငံတကာအလယ်မှာ လက်မထောင်ခဲ့ရတာလေ။

ဖေဖော်ဝါရီ ဆယ့်သုံးဖွားတွေ ရှိနေနိုင်ပေမယ့်
သူလိုလူ နောက်ထပ်မရှိနိုင်တော့ပါဘူး။
စနေသားတွေ ထပ်ထပ်ဖွားပေမယ့်
သူလိုလူ ထပ်ထပ် မဖွားနိုင်တော့ပါဘူး။

ဪ-ဒီလိုနဲ့
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါးရဲ့
စနေသား၊ ဖေဖော်ဝါရီ ဆယ့်သုံးဖွား တစ်ယောက်
ကျွန်တော်တို့ရင်မှာ ဘယ်တော့မျှ မပျောက်ပျက်နိုင်တော့ပါဘူး။         ။

သားလတ်
၁၉း၃၀ နာရီ
၁၂.၂.၂၀၁၃

[ ဖေဖော်ဝါရီလ ( ၁၃ ) ရက်နေ့တွင် ကျရောက်သော ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အတွက် ခံစားရေးဖွဲ့ ပါသည်။ ]

" သွေးစည်းလက် အဓိဋ္ဌာန် "


" ကမ္ဘာမကြေ.........မြန်မာပြည်
တို့အဘိုးအဘွား အမွေအနှစ်မို့......ချစ်မြတ်နိုးပေ
ပြည်ထောင်စုကို အသက်ပေးလို့
တို့ကာကွယ်မလေ........." တဲ့
ငယ်စဉ်ကနေ ဒီနေ့အထိ ကြားတဲ့သီချင်း
နားထဲကို ထိုးခွင်းဝင်ရောက်တယ်။

အဖေ ကြိုးစားတည်ဆောက်ခဲ့တဲ့ နိုင်ငံမှာ
ပင်လုံဟာ လွတ်လပ်ရေးရဲ့ အုတ်မြစ်
တိုင်းရင်းသား ချစ်ကြည်စည်းလုံးရေးရဲ့ တံခါးမ
အနာဂတ် မြန်မာနိုင်ငံရဲ့ ရေသောက်မြစ်
ဟိုတစ်ချိန် သူတို့ သိပ်ချစ်ခဲ့ရတဲ့ ပြည်ထောင်စု
( လူတိုင်းကပြောတယ်........)
ညီနောင်တစ်စုရဲ့ တည်ထောင်မှုပါတဲ့။

ခေတ်တွေရွေ့လျား
အဖေထားခဲ့တဲ့ လွတ်လပ်ရေးရ နိုင်ငံတော်
အဖေ့ အမြော်အမြင်နဲ့တည်ဆောက်
( ဒါပေမဲ့....)
နှစ်ပေါင်း ခြောက်ဆယ့်ခြောက် ရောက်ခဲ့တဲ့အခါ
မြန်မာပြည် မြေပုံထိပ်နားမှာ ယမ်းခိုးဝေ
အနောက်ဘက်ကမ်းခြေမှာ သွေးတွေလွှမ်း
အသစ်တွေ တည်ခါစကျမှ ကန္တာရလမ်းလိုဖြစ်
ဟိုလူက ဒီလိုဖြစ်ချင်
ဒီလူက ဒီလိုသစ်ချင်
ခေတ်အမြင် ခေတ်အတွေးတွေလည်း မတူမျှ
ဘယ်သူက ဘယ်နားဟာ ကျွန်တော်တို့ မြေပါ
အဲဒီလိုတွေသာ ထပ်ကာကြား
နိုင်ငံတော်သီချင်းကို မလေးစားတော့သလိုမျိုး
နယ်မြေသစ်တွေ ကြိုချင်နေလိုက်ကြတာများလေ။

လှပတဲ့ နတ်သမီးလို
ကျွန်တော်တို့ မြန်မာနိုင်ငံ မြေပုံကိုကြည့်
တစ်စစီ တအိအိနဲ့ ဆွဲမစိကြပါနဲ့
မြန်မာနိုင်ငံဆိုတာရဲ့ အထဲမှာ
ကချင်၊ ကယား၊ ကရင်၊ ချင်းလည်း ပါ
ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းလည်းပါလို့
မျိုးနွယ်စု တစ်ရာသုံးဆယ့်ငါးနဲ့ နေလာခဲ့တာ
အဲဒါ မြန်မာ........မြန်မာ ပါဗျာ
" ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ " ဆိုတာကို
သီချင်းထဲမှာ မထား
တကယ့်စိတ်ရင်းနဲ့ နှစ်ခံစားလို့
သက္ကရာဇ်တွေ ဘယ်လောက်ရွေ့ရွေ့
ကမ္ဘာ့အလယ်မှာ မြန်မာဟေ့လို့ အဝေးခရီးအတွက် ဖိတ်လျှံစေမယ်
( ကဲ......ညီနောင်တို့ရေ........)
ပြည်ထောင်စုနေ့မှာ သွေးစည်းလက်နဲ့ အဓိဋ္ဌာန်မယ်။            ။

သားလတ်
၁၁း၂၈ နာရီ
၁၂.၂.၂၀၁၃

[ ( ၆၆ ) နှစ်မြောက် ပြည်ထောင်စုနေ့အတွက် ဂုဏ်ပြု ခံစားရေးဖွဲ့ပါသည်။ ]


Monday, February 11, 2013

" အရှေ့ဘက် ကမ်းခြေမှာ "


ညိုမှောင်ပိတ်ဖုံး
အလင်းတွေ တဖြည်းဖြည်း ဆုံးသွားတဲ့အခါ
လေပြည်သယ်လာတဲ့မိုးက ပါးပါးလေးရွာတယ်။

တစ်လှည့်ပြန်အတိတ်
ဆိတ်ငြိမ် ပျောက်ကွယ်လုနီးပါး
ကမ်းနားမှာ အပြုံးချင်းထပ်တုန်း
နောက်တစ်ကြိမ် ၀ုန်းဒိုင်းကျဲ ရွာပြန်ရော။

ဒီလိုနဲ့ပဲ မိုးလေ
အပျော်တွေ ဖလှယ်နေတဲ့ ရင်ဘတ်တွေထဲ
ခပ်ရဲရဲတိုးဝင်
ပြီးတော့ လွမ်းဖို့ကောင်းအောင် ခွင်ဆင်လို့
မမြင်ရတဲ့ ကျွန်တော့်ရင်ထဲက အလွမ်းကိုနှိုး
ဟိုးအဝေးကို သတိရစေခဲ့ပြီ။

ရာသီတဲ့လား
နာရီရဲ့ အဝေးသွားချင်တဲ့ လူသားတွေရဲ့ နေ့တစ်နေ့မှာ
မေ့ရက်စရာမရှိအောင် အလွမ်းတွေ ပျိုးသလိုမျိုး
( ကြည့်ပါဦးလေ.......)
အရှေ့ဘက်ကမ်းခြေမှာ မိုးတွေရွာခဲ့တယ်။             ။

သားလတ်
၂၀း၄၇ နာရီ
၁၁.၂.၂၀၁၃

[ East Coast မှာ သူငယ်ချင်းများနှင့် ဆုံခဲ့ရချိန် အတွက် ခံစားမှုပါ ]

Saturday, February 9, 2013

" ကျွန်တော်နှင့် မိန်းမခိုးခြင်း "


တကယ်တော့ ယောကျာ်းလေး တစ်ယောက်ရဲ့ ဘ၀မှာ မိန်းမခိုးဖူးသလားလို့ မေးရင် တော်တော်များများ ကတော့ ခိုးဖူးချင်မှ ခိုးဖူးပါလိမ့်မယ်။ တချို့လည်း မိဘက သဘောတူလို့ ယူတာ၊ တချို့ကလည်း ချစ်သူတွေ ဖြစ်ပြီးမှ ယူကြတာ၊ စသဖြင့် စုံနေအောင် ရှိမှာပါပဲ။ အဲဒီအထဲကမှ မလွှဲသာလို့ မိန်းမခိုးတယ်ဆိုတာ လူနည်းစုဖြစ်ပါလိမ့်မယ်။ တစ်ခါ အဲဒီအထဲကမှ ကိုယ်တိုင်အတွက် မဟုတ်ဘဲ ကိုယ့်သူငယ်ချင်းအတွက် ခိုးပေးတယ်ဆိုတာ ဖြစ်တောင့်ဖြစ်ခဲ နေပါလိမ့်မယ်။ အခု ကျွန်တော်ပြောမယ့် အဖြစ်အပျက်ကလေးက ကျွန်တော့် သူငယ်ချင်းတစ်ယောက် အတွက် ကျွန်တော်ပါလိုက်ပြီး မိန်းမခိုးပေး ခဲ့တဲ့ အဖြစ်အပျက် ကလေးပါ။

ကျွန်တော့်မှာ အင်မတန် ခင်ရတဲ့ ငယ်သူငယ်ချင်းတွေ ရှိပါတယ်။ သူတို့အထဲက တစ်ယောက်က နယ်မှာ တာဝန်ထမ်းဆောင်ရင်း သူနဲ့ကုမ္ပဏီတစ်ခုတည်းမှာ တာဝန်အတူ ထမ်းဆောင်နေတဲ့ ကောင်မလေး တစ်ယောက်ကို ချစ်မိပါတယ်။ ချစ်မိတော့ လောကရဲ့ သဘာဝ ဘယ်သူက ငြိမ်နေပါ့မလဲ။ ကောင်မလေး ဆီက အချစ်တွေ ရအောင် နည်းပေါင်းစုံနဲ့ ကြိုးစားတော့တာပါပဲ။ နောက်ဆုံးတော့ ကောင်မလေးဆီက အချစ်တွေ ရခဲ့တယ် ဆိုပါတော့။

ကောင်မလေးက မော်လမြိုင်နဲ့နီးတဲ့ မြို့တစ်မြို့ဘက်ကပါ။ ကျွန်တော့် သူငယ်ချင်းက ရန်ကုန်က။ ဒီတော့ ကျွန်တော့် သူငယ်ချင်းက ကောင်မလေးကို တွေ့ချင်ရင် အဲဒီဘက်ကို သွားတွေ့ရတယ်။ ဒီလိုနဲ့ နေလာ လိုက်တာ တဖြည်းဖြည်းနဲ့ ကျွန်တော့်သူငယ်ချင်း အိမ်ဘက်က ရိပ်မိကုန်တယ်။ သူငယ်ချင်းက ဆရာဝန်လည်း ဆရာဝန်။ ပြီးတော့ သူ့မိဘ၊ မိသားစု အသိုင်းအ၀ိုင်းက ချမ်းသာပါတယ်။ ကောင်မလေး ဘက်ကလည်း ချမ်းသာတာပါပဲ။ ဒါပေမဲ့ ကောင်မလေးက ငယ်ပြီး အဲဒီအချိန်မှာ ဘွဲ့မရသေးတာရယ်၊ သူငယ်ချင်းရဲ့ မိဘတွေက စိတ်ပူတတ်တာရယ်ကြောင့် သူငယ်ချင်းမှာ နယ်မှာ ရည်းစားရှိနေပြီ ဆိုတာ သိတော့ သဘောမကျကြပါဘူး။ ဒါပေမဲ့ သူငယ်ချင်းဟာ သူ့အိမ်မှာ အငယ်ဆုံး ဖြစ်နေလေတော့ တားမရလည်း ခဏ စောင့်ကြည့်မယ် ဆိုတဲ့ သဘောပဲ ထင်ပါရဲ့။ သိသိနဲ့ ခဏတော့ လွှတ်ပေးထားခဲ့တယ်။

အဲဒီမှာ သူငယ်ချင်းရဲ့ ရောဂါကလည်း တော်တော်တက်နေပါပြီ။ သူ့အိမ်ကလည်း မိန်းမပေးစားမယ်တွေ၊ ဘာတွေ လုပ်လာလေတော့ နောက်ဆုံးမှာ ကျွန်တော့်ကို တိုင်ပင်ပါတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်ကလည်း လူပျိုပါ။ ကျွန်တော့်ဇနီး ဖြစ်လာမယ့် ပါရမီဖြည့်ဖက်ကလေးကို မသိမသာ ကြောင်နေတဲ့ အချိန်ပါ။ ( ပြောသာပြောတာ။ သူကလည်း ကျွန်တော်သူ့ကို စိတ်ဝင်စားနေတာ သိပုံတောင် မရပါဘူး။ အဲဒီလောက်အထိ ကျွန်တော်ကလည်း တော်တာ။ အဲဒီလိုသာ အဖြစ်မရှိတာ။ သူများကိုတော့ ကူညီပေးချင် မိပါတယ်။ ) ပြောရရင် ကျွန်တော်ကလည်း အလုပ်လုပ်နေပေမယ့် အားနေတဲ့ အချိန်ပေါ့။

ရန်ကုန်မှာ အဲဒီအချိန်တုန်းက ကျွန်တော်တို့ ငယ်သူငယ်ချင်းတွေ သိပ်မရှိကြတော့ပါဘူး။ စင်ကာပူနဲ့ အမေရိကားမှာ ရောက်ကုန်ကြပြီ။ ဒါပေမဲ့ နောက်ထပ် ဆရာဝန် သူငယ်ချင်းတစ်ယောက်တော့ ကျန်နေသေးတယ်။ သူကလည်း များသောအားဖြင့် သူ့ရဲ့အလုပ်တွေနဲ့ ရှုပ်နေလေတော့ ကျွန်တော့်ကိုပဲ ကျွန်တော့်သူငယ်ချင်းက တိုင်ပင်ပါတော့တယ်။

ဖြစ်ချင်တော့ ကျွန်တော်ကလည်း ပြည်သူ့ဝန်ထမ်း အရာရှိ ဖြစ်နေချိန်ဆိုတော့ မော်လမြိုင်ရုံးခွဲက ကျွန်တော့် ဂျူနီယာ အရာရှိတစ်ယောက်နဲ့ ချိတ်ဆက်ရတာ အဆင်ပြေနေတဲ့ အချိန်ပါ။

သူငယ်ချင်းက သူ့ချစ်သူကို ရန်ကုန်ကို " မ " မယ့် အကြောင်း ကျွန်တော့်ကို စပြောပါတယ်။ ကျွန်တော် နည်းနည်းတော့ အံ့ဩမိတယ်။ သေချာလားပေါ့။ သေချာအောင် ထပ်မေးရသေးတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီကိစ္စမျိုးဆိုတာ တကယ်သေချာမှ ကောင်းတာမျိုး မဟုတ်လား။ ကျွန်တော်က သူ့အိမ်ဘက်က တင်းမာနေတဲ့ အခြေအနေကိုလည်း သိနေတယ်။

သူငယ်ချင်းက သူ့ကိုယ်သူ ထိန်းမရတော့ဘူး တဲ့။ ဒီတစ်ယောက်ပဲ ယူမယ်တဲ့။ အဲဒါ ကျွန်တော်ပါ လိုက်ခိုးပေးဖို့ ပြောတယ်။ သူ့ချစ်သူ သူယူမယ်ဆိုတဲ့ အထိက ပြဿနာ မရှိသေးပေမယ့် ကျွန်တော်ပါ လိုက်ခိုးရမယ် ဆိုတာကျတော့ ကျွန်တော်လည်း နည်းနည်းတော့ ရင်ခုန်မိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီကိစ္စမှာ ကျွန်တော်တို့ နှစ်ယောက်ပဲ လှုပ်ရှားရမှာကိုး။ ကျန်တဲ့သူတွေက တစ်ယောက်မှ ကူဖို့ အနားမှာ မရှိကြလေတော့ တွေးရင်း စိတ်ပူတာလည်း ပါပါတယ်။ ပြီးတော့ မိန်းမ တစ်ခါမျှ မခိုးခဲ့ဖူးဘူးလေ။

ကျွန်တော်က သူငယ်ချင်းကို ထပ်ပြီး သေချာအောင် နောက်တစ်ခေါက် မေးပါတယ်။ မေးရတာ အကြောင်းရှိပါတယ်။ သူငယ်ချင်းဟာ ဘ၀တစ်ခုလုံးအတွက် ရည်ရွယ်တာလား၊ အပျော်လား သိရအောင်ပါ။ နောက်မို့ဆို ခိုးပေးပြီးမှ သူက အိမ်ကပေးစားတာ ယူမယ်ဆို ကျွန်တော်လက်ခံမှာ မဟုတ်ပါဘူး။ ဒါနဲ့ သူငယ်ချင်းကို ထပ်မေးတော့ သူကလည်း အမှန်အတိုင်းပဲ ပြောပါတယ်။ အဲဒီကောင်မလေးကိုမှ မရရင် သူမဖြစ်တော့ပါဘူးတဲ့။ ဒီလိုဆိုရင်တော့ ကျွန်တော် လိုက်ခိုးပေးရမှာ တန်သွားပြီပေါ့။ တကယ်ချစ်တဲ့သူ နှစ်ဦး ပေါင်းဆုံသင့်တာပေါ့။ ဒီလိုတွေးပြီး ကူညီမယ်လို့ ပြောလိုက် ပါတော့တယ်။ အဲဒီမှာပဲ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်း မိန်းမခိုးဖို့ စီမံကိန်း စပါတယ်။

ပထမဆုံးက သူငယ်ချင်းရဲ့ ချစ်သူ ကောင်မလေးက ဘယ်ကို လာမှာလဲ။ ကျွန်တော်တို့က ဘယ်က စောင့်မလဲ။ သူငယ်ချင်းက ပြောပါတယ်။ ကောင်မလေးက သူနေတဲ့ မြို့ကနေ မော်လမြိုင် ကို အောင်စာရင်း လာကြည့်သလိုနဲ့ ထွက်လာမယ်တဲ့။ ကျွန်တော်တို့က မော်လမြိုင် က စောင့်ပြီး ခေါ် ထုတ်သွားဖို့ပါပဲ။ တကယ်တော့ အဲဒီလိုသာဆို မိန်းမခိုးရတာ လွယ်တာပေါ့။ တကယ်တမ်းက အဲဒီလို မဟုတ်ပါဘူး။

ကျွန်တော်တို့ ညဘက်ကြီး ရန်ကုန်ကနေ မော်လမြိုင်ကို တက်သွားပါတယ်။ မော်လမြိုင်မှာ တည်းခိုခန်းက နှစ်ယောက်ခန်းပဲ ယူထားလိုက်ပြီး ခဏနားပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်က မော်လမြိုင် က ကျွန်တော့် ဂျူနီယာအရာရှိကို ဆက်သွယ်ပါတယ်။ သူကလည်း သူ့ရုံး ၀န်ထမ်းတွေနဲ့ ရောက်လာပြီး အားတက်သရော ကူညီမယ်လို့ ပြောပါတယ်။ ကြည့်လိုက်တော့ အားလုံးက လူငယ်တွေကိုး။ ပြီးတော့ သူတို့က ရန်ကုန်ရုံးချုပ်ကို လာရင် ကျွန်တော့်ကို သိနေတာကိုး။ ကိုယ့်ရုံးက အရာရှိရဲ့ သူငယ်ချင်း မိန်းမခိုးတာရယ်၊ ဘယ်သူခိုးခိုး မိန်းမခိုးတာဆို အားတက်သရော ကူညီချင်တဲ့ လူငယ်လေးတွေရဲ့ စိတ်ရယ် ပေါင်းဆုံမိတဲ့အခါ ကျွန်တော်တို့အတွက် အဖွဲ့က တောင့် သွားပါပြီ။

ကျွန်တော်တို့ လက်ဖက်ရည်ဆိုင်ထိုင်ပြီး ကျွန်တော်က အစီအစဉ်ကို ပြောပြပါတယ်။ သူငယ်ချင်းရဲ့ ချစ်သူ ကောင်မလေး လာရင် ကျွန်တော်တို့ ဘာနဲ့ ရန်ကုန်ကို ပြန်ရမလဲလို့ မေးတော့ နယ်မြေခံ အရာရှိက သူ့ရုံးက ကောင်လေးတွေကို လူခွဲလွှတ်ပြီး ကားကိစ္စ စုံစမ်းခိုင်းပါတယ်။ အဲဒီအချိန် မှာ ကောင်မလေးက သူနေတဲ့အရပ်ကနေ မော်လမြိုင်ကို ထွက်လာနေပါပြီ။

ဒီနေရာမှာ ကျွန်တော်တို့ တစ်ချက်မှ မှားလို့ မရတဲ့ အချက်က မော်လမြိုင်မှာ ကောင်မလေးတို့ နယ်ဘက်က နယ်ခံတွေ အများကြီးပါတဲ့။ သူငယ်ချင်းက ကျွန်တော့်ကို ကြိုပြောပြထားတာ။ ဒီတော့ ကောင်မလေးလာရင် တည်းခိုခန်းမှာ အရင်နား။ လုံးဝ အပြင်မထွက်နဲ့။ ပြီးရင်တော့ သုတ်တော့ပေါ့။ ဒါပေမဲ့ ထင်သလို ဖြစ်မလာပြန်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်တိုက်ရိုက်ကားက မရှိတော့ပါဘူး။ ရှိတဲ့ကားတွေက ဘားအံကိုတက်မယ်။ အဲဒီကနေရန်ကုန်။ နောက်တစ်မျိုးကကျတော့ ပဲခူးအထိတဲ့။ အဲဒီကမှ ရန်ကုန်။ အဲဒါကို အလယ်ခုံတွေကနေ လိုက်ရမယ်တဲ့။ ၃ ယောက်စလုံး မစားသာပါဘူး။ ဟိုင်းလပ်လို ကားမျိုးတွေကို အလယ်က လိုက်ရမယ်ဆိုတာ နေ့ချင်းပြန်သဘောမျိုး လာတဲ့ ကျွန်တော်တို့တစ်တွေ အတွက် ခရီးက ပင်ပန်းလွန်းပါတယ်။

ဒါနဲ့ ကျွန်တော်ပါလိုက်ပြီး ကားတွေစုံစမ်းလည်း မထူးပါဘူး။ ကားတွေက ထွက်သွားပါပြီ။ ရန်ကုန်ကား တိုက်ရိုက်ကို မရှိတော့တာပါ။ နှစ်ဆင့်စီးဖို့ဆိုတာ မတတ်သာမှ စီးမယ်လို့ ကျွန်တော်ကလည်း တွေး ပါတယ်။ တစ်ဖက်မှာလည်း ကျွန်တော်တို့ မော်လမြိုင်မှာ သိပ်အကြာကြီး နေလို့မရတာ သိထားပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ နှစ်ယောက်ကံကောင်းနေတာက သူငယ်ချင်းရော၊ ကျွန်တော့်မှာပါ ဟန်းဖုန်းကိုယ်စီ ရှိနေတာပါ။

ကံမကောင်းတာကတော့ လိုင်းမမိတာပါ။ ဒီတော့ ကျွန်တော်က သူ့ကို ဆက်သွယ်ချင်ရင် နည်းနည်း ခက်ပါတယ်။ သူက ဟိုတယ်မှာ ကျန်ခဲ့တာပါ။ လိုင်းမိတော့ သူက သူ့ကောင်မလေး ရောက်ပြီတဲ့။ ဟိုတယ်မှာ နားနေတယ်တဲ့။ ကျွန်တော်က ကားအခြေအနေကို ပြောပြီး ဘယ်လိုလုပ်မလဲ မေးတော့ သူတို့လည်း နှစ်ဆင့် မစီးချင်ပါဘူး။ မကျိန်းသေတာကိုး။ မော်လမြိုင်-ရန်ကုန်ဆိုတာ ကောင်မလေး မိဘတွေဘက်က တိုက်ရိုက်ကားငှားပြီး လိုက်လာရင် နှစ်ဆင့်သမားကတောင် နောက်ကျမှာပါ။

ဒီတော့ ကျွန်တော်တို့ရုံးက ကောင်လေးတွေလည်း မော်တော် ဆိုင်ကယ်နဲ့ ပတ်ကြပါတယ်။ အဲဒီအချိန်မှာ ရန်ကုန်က ကျွန်တော်တို့ သူငယ်ချင်းကလည်း စိတ်ပူပြီး ကျွန်တော်တို့ဆီကို ဖုန်းတွေ တဂွမ်ဂွမ်နဲ့ ဆက်ပါတော့တယ်။ ကျွန်တော်ကလည်း တစ်နေရာရောက်တိုင်း ဖုန်းလိုင်းမိတဲ့ဆီကို ပြေးသွားခဲ့ ရပါတယ်။ နေရာတိုင်းမှာ လိုင်းက မကောင်းမှ မကောင်းဘဲကိုး။

တစ်နေရာမှာတော့ တော်တော် အဆင်ပြေပါတယ်။ ဘယ်လို အဆင်ပြေလဲ ဆိုတော့ ကျွန်တော် ဖုန်းဆက်ရင်း ဖုန်းလိုင်းမမိတာ သိတဲ့ နယ်ခံ ဆိုက်ကားသမားတွေက ကျွန်တော့်ကို လက်ညှိုးထိုးပြပြီး အဲဒီကို သွားဆက်ဖို့ ညွှန်ပါတယ်။ သူတို့ ညွှန်တာ ဘာလဲလို့ ကြည့်ဦးလေ။ ဆက်သွယ်ရေး ဧရိယာတိုင်ရှိတဲ့ တောင်ကုန်းကြီး။ အဲဒီတော့ ကျွန်တော်လည်း ဖုန်းလိုင်း မိချင်ရင် အဲဒီတောင်ကုန်းပေါ် ပြေးတက်၊ ပြောပြီး ပြန်ဆင်း၊ နောက်တစ်ခါ ပြောစရာရှိရင် ပြေးတက်နဲ့။ ဟုတ်တော့ ဟုတ်နေတာပါပဲ။

အဲဒီလို သူငယ်ချင်းတွေကို ဆက်သွယ်နေတုန်း ကျွန်တော့် ရုံးအဖွဲ့တွေကနေတစ်ဆင့် သိရတာက နေ့ခင်း တစ်နာရီ ရထား ရှိတယ်ဆိုတာပါပဲ။ အဲဒီမှာ ၀ယ်ရင် ရနိုင်တယ်ဆိုလို့ ကျွန်တော်တို့ ရထားနဲ့ ပြန်ဖို့ တိုင်ပင် ရပါတော့တယ်။ မိန်းမခိုးတဲ့ သူငယ်ချင်းရယ်၊ ရန်ကုန်က သူငယ်ချင်းရယ်က ကားနဲ့ အဆင်မပြေရင်တော့ ရထားပဲ ကောင်းပါတယ် ဆိုပြီး ဆုံးဖြတ်ကြတော့ ကျွန်တော်နဲ့ ရုံးအဖွဲ့တွေက လက်မှတ်သွားဝယ်ဖို့ ဟိုတယ်က သူငယ်ချင်းနဲ့ သူ့ကောင်မလေးဆီကို တစ်ခေါက် ပြန်ရပါတော့တယ်။ မှတ်ပုံတင် ယူဖို့ပါ။

အဲဒီမှာ သူငယ်ချင်းက တစ်နာရီ အထိ စောင့်ရမှာဆိုတော့ အားလုံး စားလို့ရအောင် တစ်ခုခု ၀ယ်ဖို့ ကျွန်တော့်ကို မှာပါတယ်။ ကျွန်တော်လည်း ရုံးအဖွဲ့တွေနဲ့ တစ်ခေါက် အပြင်ထွက်၊ စနည်းနာပြီး လက်မှတ်ရအောင် ၀ယ်၊ ပြီးတော့ စားစရာတွေ ၀ယ်ပြီး ဟိုတယ်ကို တစ်ခေါက် ပြန်ပါတယ်။ ဆယ့်နှစ်နာရီ ကျော်မှ ဘူတာဆင်းဖို့ စီစဉ်ပြီး ဘူတာကို ရထားတွဲထိုးမယ့် အချိန်ကို စောင့်ပြီး ရထားပေါ်တက်ခဲ့ကြပါတော့တယ်။ ဒါတောင် ကျွန်တော့် ရုံးကလူတွေက မြန်လို့ပါ။ တွဲက ရှေ့နောက် နံပါတ်တွေ လွဲနေတော့ မနည်းကို ရှာယူခဲ့ရတယ်။

ရထားပေါ်ရောက်၊ ရထားထွက်ပြီဆိုမှ ကျွန်တော်လည်း သက်ပြင်းချနိုင်ပါတော့တယ်။ ဒါတောင် နောက် တစ်ဘူတာမှာ လူတွေတက်လာတိုင်း ကောင်မလေးဘက်က အမျိုးတွေလား ဆိုပြီး ရင်ခုန်ခဲ့ ရသေးတယ်။ နောက်ဆုံးတော့ ညကိုးနာရီခွဲလောက်မှာ ရန်ကုန်ရောက်ခဲ့ပါတော့တယ်။ ရန်ကုန်မှာ ကျွန်တော်တို့ ငယ်သူငယ်ချင်း ဆရာဝန်က သူ့မိန်းမခေါ်လာပြီး ကားနဲ့ လာကြိုပါတယ်။ ဒါနဲ့ သူတို့နေရမယ့် အိမ်ကို သွား၊ သူငယ်ချင်းက သူ့ကောင်မလေးကို ထားပြီး သူ့အမေအိမ်မှာ စင်ကာပူက ငယ်သူငယ်ချင်း  တစ်ယောက်ရဲ့ အဖေနဲ့ သွားပြီး တောင်းပန်ရင်း အကျိုးအကြောင်း ရှင်းပြကြတော့ ပွဲက မလှပြန်ပါဘူး။ ဘာတွေဖြစ်ကုန်တယ် မသိပေမယ့် ကျွန်တော့်သူငယ်ချင်းက ကျွန်တော်တို့ကို အပြင်ကို ခဏထွက်သွားဖို့ ပြောနေတော့ သူငယ်ချင်းခိုးလာတဲ့ ကောင်မလေးကို ခေါ်၊ ဘူတာ လာကြိုတဲ့ ဆရာဝန် သူငယ်ချင်း လင်မယားနဲ့ စားသောက်ဆိုင်မှာ စကားပြောနေကြပါတော့တယ်။ သူငယ်ချင်း ခိုး လာတဲ့ ကောင်မလေးကို လည်း သူ့အိမ်က စိတ်မပူအောင် ဖုန်းဆက်ခိုင်းရပါသေးတယ်။

အဲဒီအချိန် သိရတာက စင်ကာပူက ငယ်သူငယ်ချင်းရဲ့ အဖေ ၀င်ပြောတာတွေကိုပါ မိန်းမခိုးလာတဲ့ သူငယ်ချင်းရဲ့ အမေနဲ့ အစ်ကိုတွေ၊ အစ်မတွေက နားမ၀င်တော့ပါဘူး။ သူတို့သားကို မိန်းမခိုးရအောင် ၀ိုင်းကူညီတယ် ဆိုတဲ့ အမြင်မျိုးနဲ့ မြင်ပြီး စကားများသလိုတွေပါ ဖြစ်ကုန်ကြပါတော့တယ်။

အဲဒီမှာ နောက်ထပ် ထပ်ပြီး မြင်တာက ကိုယ်တိုင်လိုက်ခိုးပေးတဲ့ ကျွန်တော့်ကိုပါ။ အဲဒီကောင် လိုက်ခိုးပေးလို့ ဒီလိုဖြစ်ပါတယ်ပေါ့။ သူငယ်ချင်းရဲ့ အစ်ကိုကဆို ကျွန်တော့်ကို တွေ့ရင် မလွယ်ဘူးဆိုလို့ ကျွန်တော် ဒီနေ့အထိ သူငယ်ချင်းရဲ့ မိဘတွေ အိမ်ရှေ့ကိုတောင် ခြေဦးမတည်တော့ပါဘူး။

ဖြစ်ချင်တော့ အဲဒီညက သူငယ်ချင်းတို့ စုံတွဲ တည်းခိုခန်းမှာ အိပ်လိုက်ရပြီး နောက်ဆုံး သူငယ်ချင်း ကိုယ်တိုင်က လက်ထပ်မယ်လို့ ဆုံးဖြတ်ပြီးနောက်မှာတော့ သူ့အမေက အိမ်ကိုပဲ ပြန်လာနေစေ ပါတော့တယ်။ အဲဒီရဲ့ နောက်မှာတော့ ပြန်အပ်ဖို့ လိုလာပြန်လို့ သူငယ်ချင်းက ကျွန်တော့်ကို နောက် တစ်ကြိမ် ထပ်လိုက်ခဲ့ဖို့ ပြောတော့ ကျွန်တော်လည်း မနေသာတာနဲ့ သူငယ်ချင်း ရဲ့ ကောင်မလေးတို့ မြို့ကို လိုက်သွားပြီး သူငယ်ချင်းရဲ့ အဒေါ်နဲ့အတူ သူငယ်ချင်းရဲ့ ကောင်မလေးကို မိသားဘသား ပီပီ ပြန်အပ်ခဲ့ပါတော့တယ်။

ရန်ကုန်မှာ လက်မှတ်ထိုးဖို့ ကိစ္စတွေကိုလည်း ကျွန်တော့်ရုံးက အစ်မကြီးတစ်ယောက် အဆက်အသွယ်နဲ့ ပြီးပြတ်အောင် လုပ်ပေးခဲ့ပြီး အားလုံး အဆင်ပြေသွားတဲ့နောက်မှာတော့ သူတို့နှစ်ဦး စိတ်ချ လက်ချ ပေါင်းသင်းလို့ ရသွားခဲ့ပါတော့တယ်။ ကောင်မလေး မိဘတွေလည်း ခိုးသွားသွားချင်း စိတ်ပူခဲ့ပေမယ့် နောက်တော့ မိသားဘသားပီပီ အပ်ခဲ့တာ၊ သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းသင်း တာတွေကြောင့် စိတ်အေးသွားခဲ့ကြပါပြီ။

အဲဒီလိုပဲ ကျွန်တော့်သူငယ်ချင်းဘက်ကလည်း တဖြည်းဖြည်းနဲ့ စိတ်ပြေပြီး သူတို့အိမ်ပါ ၀င်ထွက်လို့ အခုဆို တော်တော်လေး အဆင်ပြေသွားခဲ့ကြပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ ငယ်သူငယ်ချင်းရဲ့ အဖေရယ်၊ ကျွန်တော်ရယ် နှစ်ယောက်ကတော့ သူငယ်ချင်းရဲ့ အိမ်ကိုသာ သွားပြီး သူငယ်ချင်းမိဘ၊ မောင်နှမအိမ်ကို မသွားတော့ပါဘူး။ ဒါပေမဲ့ ကျွန်တော့် သူငယ်ချင်း သူ့ချစ်သူကို စွန့်စွန့်စားစားနဲ့ ခိုးယူပေါင်းသင်းနိုင်တာ၊ သစ္စာရှိရှိနဲ့ သူ့ချစ်သူကိုပဲ သူမရရအောင် လက်ထပ်ခဲ့တာ၊ အဲဒါတွေက ကျွန်တော့်ကို သူ့မိဘ၊ ညီအစ်ကို မောင်နှမတွေ မုန်းတာနဲ့စာရင် မပြောပလောက်ပါဘူး။

ဘာပဲဖြစ်ဖြစ်ပါ။ ကျွန်တော့်သူငယ်ချင်းက သူချစ်တဲ့သူကို တကယ်ချစ်လို့ မိဘ၊ အသိုင်းအ၀ိုင်းနဲ့တောင် ဆန့်ကျင်ပြီး လက်ထပ်ရဲသေးတာ။ ကျွန်တော်က အဲဒီလို ငယ်သူငယ်ချင်း တစ်ယောက်ကို ကူညီရတာ ပျော်လည်း ပျော်သလို ကျေလည်း ကျေနပ်မိပါတယ်။ ပြီးတော့ ကျွန်တော်တို့ မိန်းမခိုးခဲ့တာ အဆင်ပြေပြေနဲ့ ပြီးသွားခဲ့လို့လည်း ပိုပြီး ကျေနပ်နေမိတယ်။ မော်လမြိုင်က ကူညီခဲ့တဲ့ နယ်မြေခံ အရာရှိနဲ့ သူ့ရုံးက ၀န်ထမ်းတွေကိုလည်း အခုအချိန်အထိ ကျေးဇူးတင်နေမိသေးတယ်။

ကျွန်တော့်အတွက်တော့ ငယ်သူငယ်ချင်းတို့ လင်မယားကို တွေ့တိုင်း၊ သူတို့ ချစ်ချစ်ခင်ခင်၊ ကြင်ကြင် နာနာနဲ့ နေတာ မြင်ရတိုင်း ကျွန်တော်ခိုးပေးခဲ့ရကျိုး နပ်ပါလားလို့ အမြဲတွေးရင်း ကြည်နူုးနေမိ ပါတော့တယ်။            ။

သားလတ်
၁၈း၃၁ နာရီ
၉.၂.၂၀၁၃



Tuesday, February 5, 2013

" Container....Water နှင့် Two minutes wait "


ကျွန်တော်တို့ အလုပ်ထဲမှာ အလုပ်သမားလေးများနှင့် ပတ်သက်၍တွေ့ကြုံရသည်များကို ကျွန်တော် အလျဉ်း သင့်သလို ပြောပြခဲ့ဖူးသည်။ ယခုလည်း အလုပ်သမားလေးတချို့ ကြုံရသည်များကို ဖောက်သည် ချချင်ပါသည်။

တခြားတော့မဟုတ်။ ကျွန်တော်တို့ လုပ်ကွက်ထဲက တချို့ အလုပ်သမားလေးများသည် အင်္ဂလိပ် စကားကို ရေရေ လည်လည် မပြောတတ်။ နားလည်ဖို့တောင် မနည်းကြိုးစားကြရသည်။

တစ်ခါက အလုပ်သမားလေး တစ်ယောက် ဖြစ်ပုံကို ကြည့်ပါ။ ကျွန်တော်တို့ ကုမ္ပဏီ သူဋ္ဌေးက အားလပ်ချိန် နားနေပြီး အချိန်ကျော်နားသည်ကို မကြိုက်။ ထို့ကြောင့် ကော်ဖီချိန် ဆိုပြီး ပေးထားသည့် အားလပ်ချိန် ကျော်သောအခါ လုပ်ကွက်ထဲကို သူ့ကားနှင့် ရှောင်တခင်ဝင်စစ်လေ့ရှိသည်။

တစ်ရက်တော့ အလုပ်သမားလေးတွေ အချိန်ကျော် နားတာတွေ့၍ သူလိုက်ဖမ်းတော့သည်။ ဖြစ်ချင်တော့ ထိုအချိန်မှာ အလုပ်သမား ကောင်လေးတစ်ယောက်က လုပ်ကွက် ကွန်တိန်နာမှာ ကော်ဖီ သွားသောက်ပြီး သောက်ရေကို ဘူးနှင့်ထည့်ကာ ပြန်လာသည်နှင့် သွားတိုးသည်။ သူဋ္ဌေးက အလုပ် သမားလေးကို ဖမ်းတားပြီး မင်းအခုမှ နားတာက ထွက်လာသလားဟု မေးသည်။ အလုပ်သမားလေးက သူမဟုတ်တာကို ပြောပြချင်သည်။ သို့သော် သူဋ္ဌေးကို သူကြောက်သည်မှာ တုန်နေလေပြီ။ ထို့ကြောင့် သူ ကြိုးစား၍ ရှင်းပြပါသည်။

" Container.....အာ...Water........အာ..Container....အာ...Water .........အာ "

စင်ကာပူမှာ အင်္ဂလိပ်စကားပြောလျှင် တရုတ်လူမျိုးများ ပြောသည့် အသံနောက်က အာသံစွဲသည့် အကျင့်ကို တချို့ ကူးစက်ခံနေရသည်။ အလုပ်သမားလေးများမှာ အင်္ဂလိပ်စာကို ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်သည့်အခါ နောက်က အာသံများက ဆက်တိုက်ပါတတ်ကြသည်။ ယခုလည်း ထိုအလုပ် သမားလေး၏ စကားပြောမှာ အာသံတွေ ညပ်ပါနေခြင်း ဖြစ်သည်။

တကယ်တော့ သူ့ဆိုလိုရင်းက သူ ကွန်တိန်နာက ရေယူ၍ ပြန်လာခြင်းဖြစ်သည်။ သို့သော် သူဋ္ဌေးက သူ့ကို ဘာမပြော၊ ညာမပြော ဖမ်းထား၍ ကြောက်လန့်ကာ အင်္ဂလိပ်စာကလည်း ကောင်းကောင်း မပြောနိုင်သောအခါ ထိုကဲ့သို့ " Container...အာ...Water......အာ.Container.........အာ..Water .......အာ " နှင့် လုံးလည်ချာလည် လိုက်ကာ နောက်ဆုံးမှာ သူဋ္ဌေးလည်း သူ့ဘာသာ မည်သို့ နားလည်သည်မသိ။ လွှတ်ပေးလိုက်တော့သည်။

သို့သော် ထိုအလုပ်သမားလေး၏ သူငယ်ချင်းများကို သူကပင် ပြန်ပြောပြလေသောအခါ အားလုံးမှာ ငိုအားထက် ရယ်အားသန်ကြရတော့သည်။ သူ့ကိုတွေ့တိုင်းလည်း " Container...အာ...Water......အာ .Container.........အာ..Water .......အာ " နှင့် စလိုက်ကြသည်မှာ ကျွန်တော်ပင် ရယ်ရပါတော့သည်။

ထိုအဖြစ်အပျက်ကလေးက သူဋ္ဌေးနှင့် တွေ့ချိန် အရှင်းကောင်း၍ လွတ်သွားသော အဖြစ် အပျက်လေးပင်။ နောက်တစ်ခုကတော့ ဆောက်လုပ်ရေး မန်နေဂျာ( Construction Manager ) နှင့် ဆုံရသော အလုပ်သမားလေးတစ်ယောက် အကြောင်းပါ။

သူကတော့ ပုံစံတစ်မျိုး။ ထိုအလုပ်သမားလေး လုပ်ကွက်ထဲ ရောက်သည်မှာ သိပ်မကြာသေး။ ထို့ကြောင့် အတူတွဲလုပ်သည့် အလုပ်သမားတချို့က သူ့ကို မန်နေဂျာနှင့် သူဋ္ဌေး ဘယ်သူလာလာ ကြည့်နေ၊ ကြည့်နားဖို့ မှာထား၏။ 

ဖြစ်ချင်တော့ တစ်ရက်မှာ ထိုအလုပ်သမားလေးက မန်နေဂျာလစ်သည်ဆိုပြီး လုပ်ကွက်ထဲက မြင်ကွင်း အကွယ်မှာ ထိုင်နေစဉ် ဆောက်လုပ်ရေး မန်နေဂျာ ရောက်လာပြီး မြင်သွားတော့သည်။ ထိုအခါ မန်နေဂျာက မင်း ဘာလို့ ထိုင်နေတာလဲဟု မေးသည်ကို ဘေးမှာ အလုပ်လုပ်နေသော တခြားအလုပ်သမားများက ကြားမိသည်။

သို့သော် ထိုအလုပ်သမားလေးက သူလည်း အင်္ဂလိပ်စာ ပြောတတ်သည် ဆိုသည့် သဘောမျိုးနှင့် မန်နေဂျာကို ပြန်ပြောချလိုက်၏။ 

" Two minutes wait "

ကြည့်ပါဦး။ အလုပ်သမားလေး ပြောသည့်စကား။ သူ့ကို အလုပ်မလုပ်ဘဲ ထိုင်နေသည်ကို တွေ့၍ မေးခွန်း ထုတ်သော မန်နေဂျာကို နှစ်မိနစ်စောင့် တဲ့။ မန်နေဂျာကား ဒေါကန်ကာ မင်းကို Warning Letter ပေးမယ် ဟု ဆိုကာ ရှူးရှူးရှားရှား ဖြစ်ကာ ထွက်သွားလေတော့သည်။

သည်တော့မှ ကျန်အလုပ်သမားများက မင်း ဘာလို့ အဲဒီလို ပြောလိုက်တာလဲ။ အဲဒါ မန်နေဂျာလေ၊ မင်း မသိဘူးလား ဆိုတော့ ထိုအလုပ်သမားလေး ဘာဖြေသည် ထင်ပါသနည်း။ သူ့အဖြေကြားမှ အားလုံး ရယ်မိကြလေသည်။ 

တကယ်တော့ သူပြောသော Two minutes wait ဆိုသည်မှာ သူ အခုမှ ထိုင်နေတာ နှစ်မိနစ်ပဲ ရှိသေးတယ် ဟု ဆိုလိုခြင်း ဖြစ်ပါသည်တဲ့။ သူပြောမှ သဘောကျကာ နားလည်မိသော အခြားမြန်မာ အလုပ် သမားလေးများက မန်နေဂျာကို လိုက်ရှင်းပြမှ မန်နေဂျာလည်း သဘောပေါက်သွားတော့သည်။

မည်သို့ပင်ဖြစ်စေ ကျွန်တော်ကား သူတို့ပြောသော၊ သူတို့ နားလည်သည့် အင်္ဂလိပ်စာနှင့် ပတ်သက်၍ ရယ်ရယ်မောမောနှင့်ပင် ဗဟုသုတ ရခဲ့ပါတော့သည်။            ။

သားလတ်
၂၂း ၂၇နာရီ
၎.၂.၂၀၁၃


Sunday, February 3, 2013

" သူတို့ပြောတဲ့ ကျွန်တော့်ပို့စ်များ " ( ၁ )


ကျွန်တော့် ဘလော့ " အဖြူရောင် လမ်းကလေး " ပေါ်မှာ ဟိုးရှေ့ဆုံးကနေ စလို့ ယနေ့အထိ မှတ်ချက် (Comments) လာပေးသူများနှင့် သူတို့၏ မှတ်ချက်များကို တစ်စုတစ်စည်းတည်း သိမ်းဆည်းထားချင်၍ ယခု " သူတို့ပြောတဲ့ ကျွန်တော့်ပို့စ်များ " ကို တင်ပြလိုက်ပါသည်။

+          ကျွန်တော့်အကြောင်း ဖတ်မိမှ သိတယ်။ လေးစားပါတယ်။ ဂုဏ်ယူ ၀မ်းသာ ဖြစ်မိပါတယ်။ ထိုထက်ပို ရင်းနှီးခွင့် ရချင်မိပါသည်။ စာဖတ်ခြင်းကို ကုမရသော ရောဂါ တစ်ခုလို ခံစားနေရပြီး။ စာရေးရန် ငယ်စဉ် (14 နှစ်သားလောက်) ကတည်းက စိတ်ကူးထားသော်လည်း လက်တွေ့မှာ အတွေးဗလာ အရေး နထ္ထိဖြင့် ဘလော့ဂ် စာအုပ် ဂျာနယ်။ ပုံနှိပ် စာလုံးမြင်သမျှ ရန်သူလို လိုက် တိုက်ခိုက် နေသော ကျွန်တော် မိုးယံ မှ ရင်ဘတ်ကြီးဖြင့် ဖောက်လုပ်ထားသော အဖြူရောင် လမ်းပေါ်တွင် မ၀ံ့မရဲ လျှောက်ခဲ့သေးတယ်။ ငြိမ်းချမ်းပါစေ on "ကျွန်တော့်အကြောင်း"

မိုးယံ

+           တစ်နေ့ နေ့ ပေါ့....ချစ်သူရယ် နှလုံးသားက လာတဲ့ကဗျာစကား နှလုံးသားက နားနဲ့ ကြားနိုင်ခွင့် တစ်နေ့ တော့ဖြင့် ရောက်နိုင်ခွင့် ရှိချင်ပါသည် ဟု ကဗျာဖတ်သူမှ ကိုယ့်ဘာသာ ဆုတောင်းမိရင်း ..ကဗျာရေးသူ ဆန္ဒများလည်း ပြည့်နိုင်ပါစေ ရယ်လို့ ။။ ခင်မင်လျှက်....ခင်မာလာအောင်....:) on "တစ်နေ့နေ့ပေါ့" 

Khinmarlaraung

+                ရောရောင် ကြည်နူးရင်း ဆင်းတာလာ .....Series ဆိုတော့... စောင့်ယုံသာ ရှိတော့သပေါ့လေ။။။ ...ခင်မင်လျှက်..ခင်မာလာအောင်....:) on " ကျွန်တော်တို့သည် "(၁) 

Khinmarlaraung

+  ကောင်းပါ့ဗျာ။ ဒါမျိုးလေးတွေဖတ်ပြီး ကြည်နူးရတာပေါ့၊ လူ့သက်တမ်းရဲ့ ထက်ဝက်ကို ကျော်လာပြီ ဆိုတော့ အတိတ်ကပျော်စရာတွေစဉ်းစားရတာ အရသာ ရှိနေပြီလေ။ အခုတောင်နားထောင်နေတာက ဗဒင် သီချင်းလေ၊ သိတယ်မလား 'နေရာ' အယ်ဘမ်လေ။ ဆက်လုပ်ပါဦး ပျိုပျိုမေရဲ့။ on " ကျွန်တော်တို့သည် "(၁) 

tmm1973  

+       တစ်ကယ့်ကို နှစ်ခြိုက်စရာကောင်းတဲ့ နေရာလေးပါ။ ဒါပေမယ့် ငှက်တွေ အရမ်းများရင် နားငြီးမလားလို့ on "နှစ်ခြိုက်နေရာ" 

မိုးယံ

+                 အဲဒီဟင်းလင်းပြင်သူမကိုပဲ ဟိုလူကဆွဲ၊ ဒီလူကဆွဲနဲ့ လဲနေရင်လဲထူ တွဲလို့ကူသူကကူရဲ့ ဒီလိုနဲ့ပဲသူမဟာ ဘာမှမရှိတဲ့ပလာကြီးဖြစ်သွားတော့တယ်လေ ။ ။ တစ်ညိုးကြီးနော် (ကိုယ့်အတွေးကိုပြောပါတယ်) on "အဇ္ဈတ္တ" 

မိုးယံ

+                    လေးစားမိပါတယ်ရှင့်၊ ပျော်ရွှင်ချမ်းမြေ့ပါစေ၊ စာတွေနိုင်သလောက် ဖတ်လိုက်ပါဦးမယ်။ on "ကျွန်တော့်အကြောင်း" 

PhyoPhyo

+                    စကားချီးရယ် ကျွန်တော့်အကြောင်းရယ်ကို လာတိုင်း ဖတ်မိတယ်..။ ဖတ်မိတိုင်းလဲ အတွေးတစ်ခု ရစေတယ်..။ ကျေးဇူးတင်ပါ၏။။ on "ကျွန်တော့်အကြောင်း" 

မေပယ်လ်

+                စာရေးဆရာ ပီသပါစနော်။ ဖတ်တဲ့ကျွန်ုပ်တောင် ဘုရားကျောင်းလေးထဲ လိုက်ပါသွားရင်း သိုးမဲလေးတစ်ကောင် ခဏလေးဖြစ်ခဲ့သေးရဲ့။ ခံစားတတ်လွန်းပါဘိ။ :) သီချင်းလေးနားထောင်ပြီး ပြန်သွား တယ်ဝေ့။ ကဗျာက ကဗျာပါဘဲ၊ သီချင်းကသီချင်းပေါ့။ အမှန်တရားသည် လည်းအမှန်တရားအတိုင်းဘဲ.. ဘယ်သူဘာပြောပြော..ပျော်ရွှင်ပါစေ။။ ခင်မင်လျှက်....ခင်မာလာအောင်..:) on ကျွန်တော်ခဏခဏရောက်ဖြစ်သောဘုရားကျောင်း 

Khinmarlaraung

+              မြင်တတ်တဲ့သူများကျတော့လည်း အားကျဖို့ကောင်းလောက်အောင် အမြင်စူးရှ သကိုး on "ရန်ကုန်စက်မှုတက္ကသိုလ်ရဲ့တရားပွဲ" 

မိုးယံ

ဆူးသစ်
၁၄း၄၆ နာရီ
၃.၂.၂၀၁၃

Saturday, February 2, 2013

" ရခိုင်ပြည် အလွမ်းပြေ " ( ၅ )


စစ်တွေကို ကျွန်တော်နှင့် ကျွန်တော့်ဆရာ ဒုညွှန်မှူးရောက်စဉ်က ညနေခင်း အလုပ်အားလျှင် စစ်တွေ View Point ဘက်သို့ လမ်းလျှောက်ထွက်ကြသည်။ ကျွန်တော် တော်တော်သဘောကျမိသည်က View Point သွားရာ လမ်းတစ်လျှောက်၊ လမ်းဘေးက ဆိုင်ငယ်လေးများ။ ခုံလေးများချပြီး လွတ်လပ်စွာဖြင့် ညနေခင်းကို ခံစားနေကြသည်။

ကျွန်တော်တို့ View Point ကိုရောက်ချိန်မှာ လှိုင်း၊ နေမင်း၊ ရေပြင်၊ ကျောက်ဆောင် စသည်ဖြင့် လိုက်ဖက်ညီနေသော ရှုခင်းအလှကို ခံစားခွင့်ရသည်။ တကယ်တော့ သဘာဝအလှကို ရခိုင်ပြည်နယ်ကြီး ကောင်းစွာ ပိုင်ဆိုင်ထားတာပါလား ဟု ကျွန်တော်တွေးမိသည်။ ငပလီသည် လည်းကောင်း၊ စစ်တွေ View Point နှင့် ကမ်းနားလမ်းတစ်လျှောက်သည် လည်းကောင်း ရခိုင်ပြည်နယ်၏ အလှ တစ်စိတ်တစ်ဒေသကို ဖော်ပြနေသည်မှာ အမှန်ပင်။

ထို့ပြင် ကျွန်တော် စစ်တွေကို လေယာဉ်ဆင်းခါနီးတိုင်းနှင့် လေယာဉ်ပြန်တက်ခါနီးတိုင်း ပတ်ဝန်းကျင်ကို သေသေချာချာ ကြည့်မိသည်။ တောင်ရိပ်၊ ပင်လယ်၊ View Point သွားရာ လမ်းမကြီး၊ စသည်ဖြင့် စစ်တွေသည် ကျွန်တော့်မျက်စိထဲက မထွက်အောင် နှစ်ခြိုက်စရာ ကောင်းလှသည်။ ထိုခံစားမှုက ကျွန်တော့် ရင်မှာ ကဗျာရေးဖို့ တွန်းအားများ စဖြစ်ပေါ်လာစေသည်။

ဖြစ်ချင်တော့ စစ်တွေကို ၂၀၀၅ ခုနှစ် ရောက်ချိန်က ကျွန်တော့်အတွက် ဆိုးရွားသော ရာသီဥတုကို ကြုံရသည်။ မိုးလေပြင်းထန်စွာ ကျလာသည်။ ကမ်းနားဘက်မှာ ကမ်းပါးတို့ပြိုသည်။ ကောလဟလလား၊ တကယ်လား မသိအောင် ဆူနာမီလာမည်ဟု စကားက ထွက်လာသည်။ ကျွန်တော်ပြန်ရမည့် ရက် လေယာဉ်ခရီးစဉ် ပျက်သည်။ နောက်ထပ် လေးရက်လောက် သောင်တင်တော့သည်။ ကျွန်တော်က မြ တည်းခိုခန်းမှာ တည်းနေချိန်ဖြစ်၍ လေဒဏ်၊ မိုးဒဏ်ကြားမှာ တစ်ယောက်တည်း ခရီးကလည်း ဖြစ်ပြန်၊ စာရေးချင်စိတ်၊ ကဗျာရေးချင်စိတ်များ ဖြစ်နေ၍ နေရာ၊ အချိန်၊ ရာသီဥတုတို့ ပေါင်းစုံလေသောအခါ ကျွန်တော် စာများ၊ ကဗျာများ များစွာ ရခဲ့သည်။

မြ တည်းခိုခန်းသည် စစ်တွေ တက္ကသိုလ်နှင့် နီးသည်။ တစ်ဖက်မှာက စစ်တွေ ဆေးရုံရှိသည်။ ဆေးရုံ၏ ဟိုမှာဘက်ကို လျှောက်လိုက်လျှင် ကမ်းနားဘက်ကို ရောက်သည်။ ထိုကမ်းနားဘက်၌ ပင်လယ်သည် ကျယ်ပြန့်စွာ ရှိသည်။ လေရော၊ မိုးပါ အရှိန်နှင့် ဆင်းသက်နေသည်။ ထမင်းစားချိန်ကျလျှင် ကျွန်တော်သည် ထီးကလေးဆွဲကာ တစ်ယောက်တည်း မိုးနှင့်လေကြား ရအောင်သွားရသည်။ ကျွန်တော် စစ်တွေမှာ သောင်တင်နေမည် ဆိုသည်ကို အမေ့ကို အရင် အသိပေးရသည်။ ကျွန်တော့်ကို အမေ စိတ်ပူနေရော့မည်။ ပြီးတော့ ရုံးကို သတင်းပို့ရသည်။ ရုံးကတော့ စိတ်ပူမှာစိုး၍ မဟုတ်။ အလုပ် ပြီးလည်း ပြန်မလာသေးပါလားဟု တွေးမှာစိုး၍ ဖြစ်သည်။

သည်လိုနှင့်ပင် အားသည့်အချိန်မှာ ကဗျာများ၊ ဆောင်းပါးများ ကျွန်တော် ချရေးဖြစ်ခဲ့သည်။

ထိုအချိန်က ချရေးဖြစ်ခဲ့သည့် ကဗျာများထဲမှာ တစ်ပုဒ်က ယခုလို...........။

"တစ်ရေးနိုး ဆူနာမီ"

ဆူနာမီရေ....
ကမ္ဘာမြေက မင်းကို လက်မခံ
မင်းပြန်သင့်ပါပြီကွယ်။

မင်းတိုးလို့ ကျိုးတဲ့ကမ္ဘာ
မင်းမှာလို့ လာတဲ့ဒုက္ခ
မင်းဖွလို့ ပွတဲ့အမှိုက်
မင်းရိုက်လို့ ရှိုက်တဲ့ကမ်းခြေ
မင်းခြွေလို့ ကြွေတဲ့အသက်
မင်းဖျက်လို့ ပျက်တဲ့အိမ်
မင်းကျိန်လို့ မှိန်တဲ့ကံ
မင်းပြန်မှ အားလုံးငြိမ်း
ကမ္ဘာမြေလည်း စိမ်းလန်းလိမ့်မယ်။

တစ်ရေးနိုး ထထွက်မလာနဲ့
အတွေးရိုးရိုးနဲ့ ပင်လယ်မြေမှာအိပ်စက်ပြီး
မင်းစိတ်အပျက်က ငါတို့ကိုသနား
မင်းအဖျက်အားနဲ့ ငါတို့ကို မကစားရင်
(ဆူနာမီရေ...)
မနက်ဖြန်ရဲ့ ညလွင်ပြင်တိုင်းမှာ
ငါတို့ဟာ မင်းလိုတစ်ရေးမနိုး
ငြိမ်းချမ်းတဲ့ နေ့သစ်တွေ တိုးရင်းရှိနေမယ်။ ။

သားလတ်

ဆူနာမီ လာမည်ဆိုသည့် ကောလဟလကြောင့် ချရေးဖြစ်ခဲ့သော ကဗျာပါ။ တကယ်တော့ မြ တည်းခိုခန်း၏ တစ်ယောက်ခန်း ကလေးထဲမှာ ခုတင်ပေါ်မှာသာ နားနေရာ ဖြစ်နေသော ကျွန်တော့်အတွက် နောက်ထပ် ခံစားမိသော ကဗျာတစ်ပုဒ်ကို ချရေးဖြစ်ခဲ့သေးသည်။ စစ်တွေကို ခံစားမိသော ကဗျာပါ။ ကျွန်တော် ယခုလို ရေးခဲ့ မိပါသည်။

" ပင်လယ်ကို မေးထိုးထားတဲ့ မြို့ "

တောင်ရိပ်နဲ့ပင်လယ်
မြင်တယ်ဆိုကတည်းက ကြည်နူးစရာ။

နှလုံးသားမှာ ချစ်စရာတွေ ပြည့်တဲ့မြို့
မေတ္တာနဲ့ဖြည့်လို့ ကြိုတဲ့အခါ
ဟိုမှာ တောင်ရိပ်ညိုညို
ဒီမှာ ပင်လယ်ကမ်းစိုစို
အို-အပြန်လမ်းဆို လွမ်းသလို ဖြစ်တော့မယ်။

ပင်လယ်ကို မေးထိုးထားတဲ့ မြို့လေ
ညို့နေတဲ့ တောင်ရိပ်ကို မှန်းဆပြီး
ပင်လယ်ကမ်းဘေးက လမ်းမကြီးထက်
တမ်းတပြီး မက်ချင်စရာ
နွမ်းလျခရီးအတွက် အလှတွေလို့ဆိုမလား
ညနေခင်း နေရီရီဈေးတန်းနားမှာ
ချွေးလေးတွေတောင် ခန်းသွားခဲ့ဖူးတယ်။

ပြန်လာဦးမှာပါ
ကံကြမ္မာ မဖုံးသာတဲ့နေ့
မမေ့စရာ မြို့တစ်မြို့ဆီ
ကာရန်သီ ရင်ခုန်လှုပ်ရှား
တောင်ရိပ်ကိုစားရင်း ကျေနပ်
ပင်လယ်ဘေးက မြေမှာ မတ်တတ်ရပ်မယ်
အသက်နဲ့ခန္ဓာပြတ်ကွယ်မသွားခင် တစ်ချိန်မှာ။         ။

သားလတ်

ကမ်းနားလမ်းမကြီးနှင့် View Point ၊ လှပသော တောင်ရိပ်နှင့် ကမ်းခြေ တို့သည် လေယာဉ်ပေါ်မှ ကြည့်လျှင် ပင်လယ်ဘက်ကို မေးထိုးထားသယောင် ကျွန်တော် ထင်မိသည်။ ထို့ကြောင့် စစ်တွေကို ကျွန်တော်က 'ပင်လယ်ကို မေးထိုးထားတဲ့ မြို့'ဟု တင်စားချင်သည်။ ထိုအတွက် ကဗျာ ချရေးဖြစ်ခဲ့ခြင်းပင်။

ထိုသို့ ကဗျာများ၊ စာများ ရေးနေသည့်ကြားမှ မြ တည်းခိုခန်းနားက စာအုပ်ဆိုင်လေးကို ကျွန်တော်ရောက်သွားပြီး မွှေခဲ့သေးသည်။ ထိုအချိန်က ဧည့်သည် ကျွန်တော့်ကို သူတို့မယုံ၍ မှတ်ပုံတင်တောင်းသည်။ မှတ်ပုံတင်က တည်းခိုခန်းမှာ ပေးထား၍ ကျွန်တော်က ကျွန်တော့် ၀န်ထမ်းကတ်ဖြင့် စာအုပ်ငှားသည်။  တစ်ဆိုင်လုံး မွှေနှောက်ပြီးချိန်မှာ ကျွန်တော် အဖတ်ချင်ဆုံးက မင်းသိင်္ခ စာအုပ်များ ဖြစ်နေ၍ တစ်ရက်ကို သုံးလေးအုပ်နှုန်းဖြင့် ကျွန်တော် ကုန်အောင် ဖတ်လေတော့သည်။

ဖြစ်ချင်တော့ တကယ်ပြန်ရမည့် ရက်မှာလည်း မိုးကဆက်သည်းနေပြန်၍ တည်းခိုခန်း အပ်ပြီးမှ ပြန်လာ ငှားသောအခါ မြ မှာ လူက ပြည့်သွားလေပြီ။ ထို့ကြောင့် ကမ်းနားဘက်မှာ ရှိသည့် View Point တည်းခိုခန်းသို့ သွားရောက် တည်းခိုရပြန်သည်။ ထို တည်းခိုခန်းမှာလည်း ကဗျာများစွာ၊ စာများစွာ ထပ်ရေးရင်း အချိန်ကုန်စေပြန်ရသည်။

နောက်ဆုံးမှာတော့ ကျွန်တော် ရန်ကုန်ကို ပြန်ရောက်ခဲ့ပါသည်။

ကျွန်တော် အပိုင်း ( ၅ ) အထိ ရေးခဲ့သော " ရခိုင်ပြည် အလွမ်းပြေ " ကို ကျွန်တော် နိဂုံးချုပ်ပါတော့မည်။ နိဂုံး မချုပ်ခင် ကျွန်တော် ယခု ဆောင်းပါးများကို ဘာကြောင့် ရေးရသနည်းဆိုသည်ကို ရှင်းပြချင်ပါသည်။

တကယ်တော့ တိုင်းနှင့်ပြည်နယ်ထဲမှာ ရန်ကုန်ပြီးလျှင် ကျွန်တော် ထဲထဲဝင်ဝင် သွားလာခဲ့သည်မှာ ရခိုင်ပြည်နယ် တစ်ခုသာရှိပါသည်။ ကျွန်တော် မန္တလေး၊ ပြင်ဦးလွင်၊ စစ်ကိုင်း၊ ရွှေဘို၊ မုံရွာ၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း စသည်ဖြင့် အချို့သော နယ်မြေများကို မြန်မာပြည်အတွင်းမှာ သွားလာခဲ့ဖူးပါသည်။ ရခိုင်ပြည်နယ်လောက် ထဲထဲဝင်ဝင် မရှိခဲ့ပါ။

ရခိုင်ပြည်နယ်မှာ ရခိုင်သွေးချင်းများ ရှိပါသည်။ မြန်မာပြည် မြေပုံ၏ အနောက်ဘက် ကမ်းခြေမှာ သူတို့နေထိုင်ပါသည်။ သူတို့ဒေသကို သူတို့ ချစ်သလို ကျွန်တော်လို မြန်မာ တစ်ယောက် သွားလည်ရင်းမှာပင် သံယောဇဉ် ဖြစ်မိပါသည်။ သူတို့ဆိုလျှင် ဆိုဖွယ်ရာ ရှိမှာမဟုတ်။ သူတို့သည် သူတို့ မြေကို ကာကွယ်နေသလို ကျွန်တော်တို့နှင့် သွေးချင်းများ ဖြစ်သော သူတို့ဒေသကို ကျွန်တော်တို့ ကာကွယ်ရန် လိုပါသည်။ သူတို့ယဉ်ကျေးမှု၊ သူတို့ဘာသာသည် ကျွန်တော်တို့ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု၊ မြန်မာနိုင်ငံ၏ ဘာသာတရား ဖြစ်ပါသည်။

ငပလီ၏ အလှ၊ စစ်တွေ ကမ်းခြေ၏ ပသာဒ၊ မြောက်ဦး နှင့် ကျောက်တော်ရှိ ဗုဒ္ဓ အမွေအနှစ်များ၊ စသည်ဖြင့် သူတို့ဒေသမှာ ကျွန်တော်တို့ တိုင်းပြည်အတွက် တန်ဖိုး မဖြတ်နိုင်သည့် အရာများ များစွာ ရှိနေပါသည်။ 

ထိုအတွက် ကျွန်တော် ရောက်ခဲ့ဖူးသော ဒေသန္တရခရီးမှ ရသည့် ဗဟုသုတတို့ကို မျှဝေရင်း ရခိုင်ဒေသကို ချစ်ခင်စိတ် ပိုမို မြင့်မားလာစေရန် ရည်ရွယ်၍ ကျွန်တော် ဤဆောင်းပါးစုကို ရေးပါသည်။ ရခိုင်ဒေသ နည်းတူ အခြားသော ပြည်နယ်၊ တိုင်းများကို ထဲထဲဝင်ဝင် ရောက်ခဲ့လျှင်လည်း ကျွန်တော် ရေးပါဦးမည်။ 

ကျွန်တော့် ဆောင်းပါးများကို ဖတ်၍ တိုင်းနှင့် ပြည်နယ်များကို ချစ်ခင်စိတ်ပွားများလာလျှင် ကျွန်တော်တို့ နိုင်ငံတော်ကြီးကို ချစ်ခင်လာသည်နှင့် တူသည်ဟု ခံယူမိသောကြောင့် နောက်ထပ် ကြုံကြိုက်လာလျှင် ဆောင်းပါးပေါင်းများစွာကို ကျွန်တော် ရေးသားချင်မိပါသေးသည်။

ယခုလောလောဆယ်မှာတော့ ရခိုင်ပြည်နယ် အကြောင်း ကြားရသည့်အခါ ထိုဒေသကို လွမ်းစိတ်နှင့် အတူ ထိုဒေသက လူများ အဆင်ပြေပြေဖြင့် လုပ်ငန်းဆောင်တာများ လုပ်ကိုင် ဆောင်ရွက်နိုင်ပြီး စိတ်ရော၊ ကိုယ်ပါ အေးချမ်းပါစေကြောင်း ဆုတောင်း နေမိပါတော့သည်။          ။

ဆူးသစ်
၂၀း၃၆ နာရီ
၂.၂.၂၀၁၃

" ရခိုင်ပြည် အလွမ်းပြေ "( ၄ )


ကျွန်တော်တို့ ဆရာတပည့် နှစ်ယောက် မြောက်ဦးမှာ တစ်ရက်တိတိ ဘုရားဖူးပြီး စစ်တွေကို ပြန်သည်။ ကျွန်တော်တို့ အဓိက အလုပ်သည် စစ်တွေမှာသာ ရှိသည်မို့ စစ်တွေကိုသာ ပြန်ခဲ့သည်။ နယ်မြေခံ အရာရှိ အမျိုးသမီးကြီး ခမျာလည်း ကျွန်တော်တို့ကို တွေး၍ ပူနေရှာသည်။ ဆရာက ပင်စင်ယူခါနီး၊ ကျွန်တော်က ထိုနယ်မြေကို တစ်ခါမျှ မရောက်ဖူးသူ၊ သူတို့က အဆင်ပြေပါ့မလား ဟု စိတ်ပူတာဖြစ်သည်။

ကျွန်တော့်အထင် ဘာမျှ ပူစရာမရှိ။ ပါးစပ်ပါ ရွာရောက်ပင်။ ပြီးတော့ ဗုဒ္ဓဘာသာ ထွန်းကားသော ပြည်နယ်၊ မြို့တစ်မြို့။ ဘုရားပုထိုးများနှင့် တင့်တယ်နေသော မြို့ကလေးမှာ ကျွန်တော်တို့ အေးဆေးချမ်းသာစွာ ဘုရားဖူးရသည်က မည်မျှ အေးချမ်းပါသနည်း။ မည်မျှ ကြည်နူးစရာ ကောင်းပါသနည်း။

စစ်တွေကနေ လေယာဉ်ဖြင့် ဆရာနှင့် အတူ ပြန်ခဲ့သည့်နောက်မှာ ကျွန်တော်တို့ ဋ္ဌာန၏ ဒု ၀န်ကြီးက ကျောက်ဖြူသို့ သွားစစ်သင့်ကြောင်း ကျွန်တော့်ကို ညွှန်ကြားလာပါသည်။ သည်သို့ဖြင့် ကျွန်တော်၏ စစ်တွေ နောက်တစ်ခေါက်မှာ ကျောက်ဖြူသို့ ကျွန်တော်မဖြစ်မနေ သွားခဲ့ပါတော့သည်။ 

ကျောက်ဖြူကို စစ်တွေမှသည် ' မလိခ 'ဟု ခေါ်သော ရှပ်ပြေးယာဉ်ဖြင့် သွားပါသည်။ ရှပ်ပြေးယာဉ်ဆို၍ ဘာကြီးလဲဟု တွေးမနေပါနှင့်။ ရေပေါ်မှာ ရှပ်ပြေးသော သင်္ဘောငယ်သာ ဖြစ်ပါသည်။ အရှိန်ကတော့ မြန်၏။ အထဲမှာ အဲကွန်းနှင့် တီဗွီပါသည်။ ဗွီဒီယိုပြသည်။ ကျွန်တော်ကတော့ အလုပ်တာဝန်နှင့် သွားရသည့် ခရီးမှာ မည်သို့မျှ ဇိမ်မခံနိုင်။

ကျွန်တော့်ကို နယ်မြေခံ အမျိုးသမီးကြီးကသာ လိုက်ပို့ပေးခဲ့၍ ကျောက်ဖြူကို ရောက်ခဲ့ပါတော့သည်။ တည်းခိုခန်းတစ်ခန်းရှာ၊ သူတစ်ခန်း၊ ကိုယ်တစ်ခန်းနားပြီး ထမင်းစားထွက်ခဲ့ပြီး ညရောက်မှ တည်းခို ခန်းမှာ ပြဿနာက တက်ပါတော့သည်။ တခြားမဟုတ်။ ကြမ်းပိုးကိုက်ခြင်းပင်။ ညဘက်မှာ မီးကမရှိ။ ကျွန်တော်က နယ်တွေသွားနေကျ ဖြစ်၍ ဖယောင်းတိုင်နှင့် မီးခြစ်ကို ဆောင်ထား တတ်ရာ တော် ပါသေးသည်။ မှေးခနဲ ဖြစ်လိုက်၊ ခေါင်းအုံးအောက်ကနေ ကျွန်တော့် ကုပ်ပိုးကို ကိုက်လိုက်နှင့် ထကြည့် လိုက်သောအခါ လား......လား၊ တစ်ကောင်မက။ အပြုံလိုက်ကြီး။ ကျွန်တော်လည်း ဘယ်လိုမျှ နေမရ။ ရှင်းရတော့သည်။

ရှင်းပြီး တစ်ခါပြန်အိပ်သည့်အခါ ခဏ မှေးခနဲ ဖြစ်လိုက်၊ ပြန်ကိုက်လိုက်နှင့် မနက် ငါးနာရီလောက်မှ ခေါင်း အုံးပေါ်ကို ကျွန်တော်ပါလာသော ပုဆိုးလေး ဖြန့်ခင်းပြီး အိပ်မှ မိုးအလင်း အိပ်ပျော်သွားပါတော့သည်။ ပြီးတော့ တစ်နေကုန် စစ်ဆေးရေး ဆင်းရ၏။ နိုင်ငံပိုင် စက်ရုံလည်း ပါသည်။ ထုံးစံအတိုင်း ငါး၊ ပုစွန်လုပ်ငန်းများ ပေါ၍ အအေးခန်းစက်ရုံ များလည်း ရှိသည်။

ထူးခြားတာ တစ်ခု မှတ်မိသည်ကို ပြောရလျှင် ကျောက်ဖြူမှာ ကွမ်းယာဆိုင်တစ်ဆိုင် မည်မျှ ရောင်းရ သနည်း ဆိုလျှင် ကွမ်းယာယာဖို့ရန် အတွက် ဆေးလိပ်ခုံလို ကွမ်းယာယာသူများကို ခန့်ထားပြီး ရောင်းရ ပါသည်တဲ့။ ဒါလေးတော့ ကျွန်တော် မှတ်မိသည်။ နောက်တစ်ခုက စက်ရုံတစ်ရုံက အင်ဂျင်နီယာ တစ်ယောက် ကျွန်တော့်ကို ပြောပြတာလေးပါ။ ကျောက်ဖြူမှာ လေယာဉ်က တစ်ပတ်ကို တစ်ရက်၊ နှစ်ရက် သာ လာသည်တဲ့။ မလိခကိုသာ အားကိုးရသည်တဲ့။ မလိခက သံတွဲဘက်ပါ ပတ်သည်။ ဥပမာ - စစ်တွေက လာသော မလိခသည် ကျောက်ဖြူကို ၀င်သည်။ ပြီးမှ သံတွဲကို သွားသည်။ သံတွဲက ပြန်လာသော အခါ ကျောက်ဖြူကို အရင်ဝင်သည်။ ပြီးမှ စစ်တွေကို သွားသည်။ ဒါတောင် မလိခလည်း သူ့ရက်နှင့် သူပါတဲ့။ ကျွန်တော်ကတော့ ကျောက်ဖြူကို ပင်လယ်ထဲက မြို့ဟုသာ တင်စားချင်တော့သည်။

တစ်ဆက်တည်းမှာပင် ကျွန်တော့်မှာ ကျောက်ဖြူနှင့် ပတ်သက်၍ တွေးစရာတွေ အများကြီး ရပါသည်။ သည်ဒေသကလူများ ဘယ်လို ရှင်သန်နေပါသနည်း။ သည်ဒေသကလူများ တစ်နေရာနှင့် တစ်နေရာ ကူးလူးဆက်ဆံမှု လွယ်ကူပါသလား။ သည်ဒေသက လူများ၏  ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးများကရော မည်သို့ ရှိပါသနည်း။ ကျောက်ဖြူက ကျွန်တော့်ကို အတွေးများစွာ ပေးခဲ့ပါသည်။

ကျောက်ဖြူက ပြန်မည့် မနက်မှာတော့ စက်ရုံများကို ကြုံသလို ၀င်စစ်ရင်း သင်္ဘောဆိပ်သို့ ဆင်းရပါတော့သည်။ မဆင်း၍ မရ။ အင်ဂျင်နီယာ ပြောသလို မလိခနှင့် ကြုံတုန်း ပြန်ရမှာ ဖြစ်သည်။ မကြုံလျှင် နောက်ထပ် ဘယ်နှစ်ရက် နေရမည်မသိ။ သည်လိုနှင့် မလိခ နှင့် စစ်တွေကို ပြန်ရောက်ခဲ့သည် ဆိုရမည်။ ကျွန်တော့်ကို လိုက်ပို့သော နယ်မြေခံ အဒေါ်ကြီးမှာလည်း မလိခ ဒဏ်မခံနိုင်သည်လား၊ ပင်ပန်းလွန်း၍လား မဆိုနိုင်။ အပြန်ခရီးမှာတော့ ခေါင်းများမူးကာ မဟန်နိုင်တော့သည်ကို သတိပြုမိ ပါတော့သည်။ ကျွန်တော် အားနာမိပါသည်။

သူမသည် ရခိုင်လူမျိုး ဖြစ်သည်။ ကျွန်တော်နှင့် ကျွန်တော့်ဆရာ ဒု-ညွှန်မှူး စစ်တွေ လာစဉ်ကလည်း တော်တော် ဂရုစိုက်ရှာသည်။ ယခုလည်း ကျွန်တော် ကျောက်ဖြူကို မရောက်ဖူး၍ တစ်ကြောင်း၊ ဒုဝန်ကြီး၏ ညွှန်ကြားချက် ပါ၍ တစ်ကြောင်း ကျွန်တော့်ကို သူမ လိုက်ပို့ခြင်းပင်။ တကယ်တော့ အသက်အရွယ်အရ ခရီးများများ မသွားသင့်သည်ကို ကျွန်တော် သိနေ၍ သူ့ကို အားနာမိခြင်းပါ။ 

စစ်တွေပြန်ရောက်တော့ ကျွန်တော်က မြတည်းခိုခန်းမှာ ပြန်တည်းသည်။ နယ်မြေခံကိုတော့ နားစေတော့ သည်။ ကျွန်တော့်အတွက်က စစ်တွေဘက်ရောက်လျှင် စစ်တွေသည် ကျွန်တော့် အိမ်ရှိရာ ဒေသလို ပြန်ဖြစ် သွားသည်။ သံတွဲဘက်သို့ သွားလျှင်တော့ သံတွဲသည် နေအိမ် ရှိရာ ဒေသဖြစ်သည်။ စစ်တွေနှင့် သံတွဲကို အခြေပြုကာ လျှောက်သွားခဲ့ရသည်ကိုး။

ထိုသို့သွားရင်းလာရင်း သတိထားမိ သည်က ကျွန်တော်ရောက်ဖူးခဲ့သော ရခိုင်ပြည်နယ်ရှိ ဒေသများ ထဲမှာ ကျောက်တော်ရှိ ပြည်သူများသည် စကားအ၀ဲဆုံး ဖြစ်မည်ဟု ကျွန်တော် ထင်မိသည်။ ဘူးသီးတောင်၊ မောင်တော နှင့် အခြား ရခိုင်ပြည်နယ် ဒေသများကိုတော့ မရောက်ခဲ့လိုက်၍ မသိလိုက်ပါ။ ကျွန်တော်ရောက်ခဲ့ဖူးသော စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်၊ ကျောက်တော်နှင့် မြောက်ဦးမြို့ များတွင်တော့ ကျွန်တော်နှင့် ကျွန်တော့်ဆရာ ကြုံခဲ့ရသော ကျောက်တော်ဒေသရှိ ရခိုင်လူမျိုးများက ပို၍ စကားဝဲသည်ဟု ထင်မိခြင်းပင်။ ကိုယ့်စကား၊ သူနားမလည်။ သူ့စကား ကိုယ်နားမလည်တောင် ဖြစ်ခဲ့သေး သည်ကိုး။

မည်သို့ပင်ဖြစ်စေ ကျွန်တော့်အနေဖြင့် တာဝန်ဖြင့် ခရီးသွားရသော ဒေသများထဲတွင်ရော၊ ကျွန်တော့်ဘာသာ အလည်အပတ်သွားရင်း ရောက်ခဲ့သော ဒေသများထဲတွင်ရော ရခိုင်ပြည်နယ်ကို သံယောဇဉ် ဖြစ်မိသည်ကတော့ အမှန်ပင်။ ထိုအထဲကမှ ကျွန်တော်ရောက်ဖူးသော ရခိုင်ပြည်နယ်ရှိ မြို့များထဲမှာ စစ်တွေကို ပို၍ သံယောဇဉ်ဖြစ်မိသည်။

ကျွန်တော့်ဘာသာလည်း သိပါသည်။ ငပလီသည် လှပသည်။ အေးချမ်းသည်။ မြောက်ဦးသည် ဘုရားပုထိုးများဖြင့် ငြိမ်းအေးသော ဒေသဖြစ်သည်။ သို့သော် ကျွန်တော့်ရင်ထဲမှာ စစ်တွေက စွဲထင်ကျန်ရစ်သည်။ ဘာကြောင့်မှန်းတော့ ကျွန်တော်မသိ။ ကျွန်တော် ခံစားရသည်ကို ကျန်တာနှင့် မဆုံးဖြတ်တတ်။ ကဗျာရေးသူမို့ ကဗျာနှင့်သာ ဆုံးဖြတ်မိသည်။

ဟုတ်ပါသည်။ ကျွန်တော် ငပလီအတွက် ကဗျာ မရခဲ့ပါ။ ငပလီကို ရည်ရွယ်ရေးသော တိုက်ရိုက်ကဗျာမျိုး မရခဲ့ခြင်းပါ။ သို့သော် သွယ်ဝိုက်၍ ရခဲ့သော ကဗျာမျိုးတော့ ရှိခဲ့ပါသည်။ မြောက်ဦး၊ ကျောက်တော်၊ တောင် ကုတ် စသည်ဖြင့် ရောက်ခဲ့သော်ငြား ကဗျာမဖြစ်။ သို့သော် စစ်တွေမှာ ကျွန်တော်ရေးစရာ ကဗျာတွေ ရလာခဲ့သည်။ စစ်တွေ ကိုယ်၌ကိုက ကဗျာရေးချင်စရာ ဖြစ်လာခဲ့သည်။ သည်တော့ စစ်တွေကို သံယောဇဉ် ဖြစ်မိသည်ဟု ကျွန်တော် ဆိုပါလျှင် လွန်ပါမည်လား။

ဆူးသစ်
၂၃း၂၄ နာရီ
၁.၂.၂၀၁၃

( ဆက်ပါဦးမည် )


Related Posts Plugin for WordPress, Blogger...