Monday, February 28, 2011

" iPhone , my- phone ကိုင်ဦး"


ကျွန်တော် စင်္ကာပူ စရောက်တော့ ဟန်းဖုန်းမရှိ၍ သူငယ်ချင်း၏ ညီလေးက ဟန်းဆက် ငှားသည်။ သူငယ်ချင်းက သူ့အိမ်မှာ အလုပ်လာရှာသွားသူများ အဆက်ဆက်သုံးခဲ့သော SIM Card ကို ဆက်သုံးမလား မေး၏။ ဟန်းဆက်အသစ်နှင့်မှ ကဒ်အသစ်သုံးမည် စိတ်ကူးပြီး လောလောဆယ် အဟောင်းသာ သုံးခဲ့တော့သည်။

အလုပ်လုပ်ပြီး နည်းနည်းကြာတော့ ဖုန်းတစ်လုံးလောက်တော့ ၀ယ်မှဟု စိတ်ပိုင်းဖြတ်ရတော့သည်။ အမှန်မှာ ကျွန်တော့်စိတ်က မကိုင်လျှင်အရှင်း၊ ကိုင်လျှင်လည်း ကောင်းကောင်းလေး ကိုင်လိုက်ချင်၏။ သူငယ်ချင်း ညီလေးဖုန်းက ပြန်ပေးရတော့မှာ ဖြစ်သည်။ သူကိုင်ထားသော အလုပ်ကဖုန်းက အလုပ်ပြောင်းတော့မှာမို့ ပြန်ပေးရတော့မှာ ဖြစ်၏။ ထို့ကြောင့် သူ့ဖုန်းသူ ပြန်ကိုင်တော့မည်။ ထိုအကြောင်းကြားတော့ စင်္ကာပူမှ ငယ်သူငယ်ချင်းတစ်ယောက်က သူ့ဖုန်းတစ်လုံးငှားပြန်သည်။ သို့သော် သူ့ဖုန်းက Message ပို့မရ။ ကျွန်တော့် အလုပ်မှာ Message ပို့မရလျှင် ပြဿနာ။ နောက်ဆုံးတော့ ဖုန်းဝယ်မှ ဖြစ်မည်ဟု စိတ်ပိုင်းဖြတ်ပြီး Nokia တစ်လုံး ၀ယ်လိုက်တော့၏။

ထိုဖုန်းက ဓါတ်ပုံရိုက်၊ သီချင်းနားထောင် အကုန်ရ၍ ကျွန်တော့်အတွက် တော်တော်ကြီး ဟုတ်သွားပြီဟု ဆိုရမည်။ သို့သော် မြန်မာပြည် တစ်ခေါက်ပြန်၍ အိမ်ကဟန်းဆက် မကောင်းဘူးဟု ဆိုသည့်အခါ ထိုအဟောင်းကို ကျွန်တော်ယူ၍ အသစ်ကို ပေးခဲ့တော့၏။ စင်္ကာပူပြန်ရောက်တော့ ဓါတ်ပုံရိုက်မရ၊ သီချင်းနားထောင် မရသော Nokia အဟောင်းလေးကိုပင် အလုပ်ဖြစ်၍ ကိုင်ခဲ့ရသေးသည်။

ဖြစ်ချင်တော့ ကျွန်တော့် အမျိုးသမီးကို အလုပ်လာရှာဖို့ ခေါ်လိုက်စဉ် ဖုန်းလိုမှာပဲဆိုသော အတွေးနှင့် Sony Ericsson ပန်းရောင် Slide လေးတစ်လုံး ကြိုဝယ်ပြီး သူလာတော့ ပေးလိုက်၏။ နောက်တော့ အလုပ်ကမရ၊ တစ်ခေါက်ပြန်ပြီး ပြန်လာ၊ ကျောင်းတက်တော့ Touch Screen တွေ ခေတ်ထလာပြီဖြစ်၍ သူကိုင်ချင်ကြောင်း ပြောလာသောအခါ သူ့ Sony Ericsson ကို ကျွန်တော်ကယူကာ သူ့ကိုတော့ Samsung Touch Screen လေး ၀ယ်ပေးဖြစ်ခဲ့ပြန်၏။

ခေတ်၏ ရွေ့လျားမှုပင် ထင်၏။ iPhone ဆိုတာကြီးက နားနှင့်မဆံ့အောင် နောက်ပိုင်းမှာ ကြားလာရတော့ သည်။ မသိယောင် ဆောင်သည် မရ။ မကြားယောင် ဆောင်သည်။ နားထဲဝင်လာ၏။ မမြင်ယောင် ဆောင်သည်။ မျက်လုံးထဲ ရောက်လာ၏။ ခက်ချေပြီ။

ကျွန်တော့်လုပ်ကွက်ထဲက ကျွန်တော့လောက်လစာမရသော ကြီးကြပ်ရေးမှူးလေးတစ်ယောက်က iPhone 3G ကို လုပ်ကွက်ထဲမှာ ကိုင်ပြနေသည်။ ကျွန်တော့် Safety Coordinator လည်း 3G iPhone နှင့် ဖြစ်လာ၏။ ကျွန်တော့်ရှေ့မှာ အင်တာနက်ကို အားရပါးရ သုံးပြနေသည်။ ကျွန်တော် မျက်နှာလွှဲနေ၏။ လုပ်ကွက်ထဲက အလုပ်သမားလေး တစ်ယောက်ကတော့ 'သူတို့က iPhone ဆို ကျွန်တော်တို့က my-phone ပေါ့ဗျာ၊ ကျွန်တော်တို့ ဖုန်းလေ'တဲ့။ ဟုတ်သား။ ကိုယ့်ဘာသာ my-phone လေးကိုင်ရင်း ကျေနပ်နေမိ၏။

နောက်တော့ တခြားကျွန်းတစ်ကျွန်းမှာ ကျွန်တော် အလုပ်သွားလုပ်ရသည်။ ထိုကျွန်းမှာ ပိုက်လိုင်း ကုမ္ပဏီဘက်က ကြီးကြပ်ရေးမှူးများ စကားစုပြောနေစဉ် iPhone အကြောင်း ကြားရသည်။ စလုံးတရုတ်လေးတစ်ယောက်က ဘတ်စ်ကားပေါ်မှာ ဖုန်းမြည်၍ သူ့ဖုန်းကို ကိုင်မည်ပြုစဉ် ရဲရဲဝံ့ဝံ့ မကိုင်ရဲပါတဲ့။ ဘေးက ကောင်မလေးများက အကုန် iPhone နှင့်ချည်း ဖြစ်နေ၍ သူ့ဖုန်းအစုတ်လေးက မျက်နှာငယ်ရသည်တဲ့။ ကျွန်တော်တို့ ၀ိုင်းရယ်ကြသည်။ ချင်းလေးတစ်ယောက်က iPhone သုံးတာ ဒီမှာ ၈၅ ရာခိုင်နှုန်းလောက်ရှိမှာပဲဆိုတော့ ခုနက စလုံးလေးက ၉၀ ရာခိုင်နှုန်း ကျော်နေပြီဟု ဆိုသည်။ iPhone က သည်လောက်တောင် ခေတ်စားသလားဟု တွေးမိ၏။

မြန်မာဗွီဒီယို ကားတွေထဲမှာလည်း မင်းသား၊ မင်းသမီးများ၊ အဆိုတော်များ၊ iPhone ကိုင်နေလေပြီ။ 3G ဖုန်းများ ဖြစ်သည်။ စလုံးမှာတော့ internet က အချိန်ပြည့်ရ၍ တော်သေးသည်။ ဟိုမှာက wi-fi ရှိမှ လွယ်မှာဖြစ်သည်။ ဒါကလည်း East Point တို့၊ Capital Hyper Mart တို့လို နေရာမျိုးမှာသာ ရနိုင်သည်ဟု ကျွန်တော့်ဇနီးက ပြောပြသည်။ ကျွန်တော်သိသလောက် iPhone Game ပင် တချို့ Game များက Connection ရှိမှ ကစား၍ ဖြစ်သည်။ သည်တော့ မင်းသား၊ မင်းသမီးများ iPhone ကိုင်ခြင်းသည် ဂုဏ်အတွက် ဖြစ်နိုင်သည်ဟု သုံးသပ်မိ၏။ 3G က ကိုးသိန်းလောက် ရှိသည်မဟုတ်လား။

နောက်တော့ 4G ဆိုတာ iPhone မှာ ထပ်ပေါ်လာပြန်သည်။ ဘာတွေ အားသာသလဲတော့မသိ။ လူတိုင်းနီးပါး အဖြူရောင် နားကြပ်၊ ကာဗာ လှလှလေးများဖြင့် iPhone 4 ဆိုသည်ကို ကိုင်လာကြသည်။ ထို့နောက်တွင်တော့ အိမ်က ဇနီးသည်က သူ့ကျောင်းက လူများကိုင်တာတွေ့ပြီး စကားစလာပါတော့သည်။ ကျွန်တော် နည်းနည်းတော့ အင်တင်တင်ဖြစ်မိသည်။ အမှန်က ဇနီးကို ၀ယ်မပေးချင်၍မဟုတ်ပါ။ ကျွန်တော်လည်း ကိုင်ချင်၍ပါ။ သို့သော် နှစ်ဦးစလုံးအတွက်ဆိုတော့ မလွယ်ပြန်။ မြန်မာပြည်ပေါက်ဈေး ဆယ့်သုံးသိန်းလောက် ရှိသည်ဟု ကြားရ၏။ ဟုတ်မဟုတ်တော့ မသိ။

အိမ်မှာ အင်တာနက်သုံး၍ ရနေသောကြောင့်လည်း ကျွန်တော့်စိတ်က မပြတ်သား။ သို့သော် လမ်းသွားရင်း စာဖတ်ချင်စိတ်၊ ကိုယ်သိချင်တာလေး အမြန်ရှာကြည့်ချင်စိတ်၊ ကိုယ်လုပ်ချင်တာကို ကွန်ပျူတာရှေ့ ရောက်အောင်သွား၊ အချိန်လုပြီး အကြာကြီး စောင့်ဆိုင်းနေရသည်ကို မလိုလားစိတ် များကြောင့် iPhone ရောဂါက တိုးတိုးလာလေသည်။

တိုတိုပဲ ဆိုကြပါစို့။ သည်လိုနှင့် iPhone ၀ယ်လိုက်ပါသည်။ iPhone 4 ပါ။ အမျိုးသမီး၏ အဘိုးလေးက PR မို့ သူ့ကဒ်နှင့်တစ်လုံး S$ 210 ပေးကာ နှစ်လုံး ၀ယ်လိုက်သည်။ နှစ်ယောက်စလုံးအတွက်။ ပညာတော့ရသည်။ S Pass နှင့်ဆို S$ 390 တဲ့။ နှစ်လုံးဝယ်လျှင် နောက်တစ်လုံးက ဈေးပိုပေးရသည်။ PR ကဒ်နှင့် ၀ယ်တော့ ဈေးက နှစ်လုံးဝယ်လည်း S$ 210 ပင်။ သို့သော် micro - sim card ဖိုး S$ 28 သတ်သတ်ပေးရသေး၏။

iPhone 4 က လက်ထဲရောက်လာတော့ ကလိလို့ကောင်းသည်။ Bill ကလည်း ကောင်း၏။ 2 Years Plan နှင့် ၀ယ်ထား၍ တစ်လ S$ 56 ပေးရ၏။ Incoming Free ၊ Outgoing မိနစ် ၃၀၀ Free ၊ Internet Free၊ SMS ၅၀၀ Free။ M1 က ဈေးသက်သာ၏။ Touch Screen ကလည်း ခေတ်စကားနှင့် ဆိုရလျှင် ဖလန်းဖလန်း ထနေ၏။ ဇနီးသည်ကို ၀ယ်ပေးထားသော Samsung နှင့် ဘာမှမဆိုင်။ မျက်နှာပြင်ကို နည်းနည်းမှ မထိရဲ။ မတော်တဆ ဖျတ်ကနဲ ထိမိရုံနှင့်ပင် တန်းဝင်နေတော့သည်။ Samsung က လက်နှင့် ဖိထားတာပင် တုတ်တုတ်မျှ မလှုပ်။ ကိုယ့်လက်ပင် ဖုန်းထဲ ဖောက်ဝင်သွားမလား ထင်ရသည်။

သို့သော် iPhone 4G က Burmese Classic လို ဟာမျိုး ကြည့်၍မရ။ Flash Player မပါ။ ကျွန်တော် ကြည့်ချင်သော ဘောလုံးပွဲ Highlight လည်း တချို့ Website တွေဝင်၍ ကြည့်မရ။ iPhone 3G ထက်သာသည်က Face Time ဟု ခေါ်သော ဖုန်းပြောရင်း မျက်နှာမြင်ရသည့် စနစ်တစ်ခုပါသည်။ ဒါလည်း Wi-Fi ရှိမှရသည်။ Camera resolution ပိုကောင်းသည်။ Battery ပိုအသုံးခံသည်။ 3G ထက် တခြား သာတာတွေလည်း ရှိပါလိမ့်မည်။

သည်လိုနှင့် 4G ဖြင့် Game တွေ Download လုပ်ကြ၊ ကစားကြသည်။ တစ်လ 12G Download ရ၏။ Bill လာတော့ လိုင်းကြေးဆိုပြီး တစ်ဆယ် ထပ်ပေးရသည်။ ဖုန်းကာဗာတွေဝယ်တော့လည်း ၁၅ကျပ်စီနှင့်မို့ Sticker ဖိုးပါရောကာ ၅၀ လောက် ထွက်သွားပြီးပြီ။ တတိတိနှင့် ကုန်လာ၏။ iPhone ၀ယ်ချင်သူများ သတိထားစရာ။

ထို့ထက်ပိုဆိုးသည်က You Tube မှာ iPhone ကို Flash Player ထည့်နည်းကြည့်ရင်း iPhone 5 ဆိုတာကို သွားတွေ့ရသည်။ ပြီးရော။ 4G ကိုင်လို့ လက်ထဲမနွေးသေး။5G က ပေါ်လာသည်။ ဘာထူးလဲ ကြည့်လိုက်တော့ Flash Player ပါလာသည်။ Battery ကြာရှည်ခံသည်တဲ့။ 4G က အင်တာနက်သုံးလျှင် ဘက်ထရီကလည်း ဖလန်းဖလန်းထနေအောင် ကုန်၏။ နေ့တိုင်း အားသွင်းရသည်။ ကျန်သော အချက်အချို့လည်း 4G နှင့် 5G ကွာနေသေး၏။

တစ်ခုတော့ စဉ်းစားမိသည်။ 4G ထုတ်စဉ်က 5G မှာ ပါသော နည်းပညာကို မရသေး၍လား။ တမင် သက်သက် Model မြှင့်သည်ဟု စီးပွားရေးနည်းဗျူဟာအရ လုပ်ချင်သည်လား မပြောတတ်။ ရန်ကုန် စီးပွားရေးတက္ကသိုလ်မှာ DMA ဘွဲ့လွန်ဒီပလိုမာ နှစ်နှစ် တက်စဉ်က သင်ရသော စီးပွားရေးဆိုင်ရာ ဘာသာရပ်များထဲမှာ ထိုနည်းဗျူဟာကို မသင်ခဲ့ရ။ ရသလောက်အရင်ထုတ်၊ ပြီးမှ အဆင့်ထပ်မြှင့်သည်ဆိုပြီး နောက်ထပ် Model ကိုထပ်ထုတ်။ အရင်ကတည်းက နည်းပညာသိနေလျက်နှင့် တမင်ချန်ထားခဲ့လားတောင် မသိ။ ဒါမှ တစ်မျိုးတည်း ရောင်းရသည်ထက် ပိုရောင်းရမည် မဟုတ်လား။ ကျွန်တော့်အထင် ဟုတ်ချင်လည်း ဟုတ်မည်။ မဟုတ်ချင်လည်း မဟုတ်နိုင်။ လောလောဆယ်တော့ iPhone ကို ကိုင်ချင်ဦးပေါ့ဟုသာ နာနာလေး တေးထားလိုက်သည်။

iPhone ထုတ်သော ကုမ္ပဏီက ပန်းသီး(Apple) တဲ့။ ပန်းသီးမို့ တော်တော့သည်။ ချိုမြိန်စွာ ခံစားလိုက်ရသည်။ ဒူးရင်းသီးတို့၊ ဖန်ခါးသီးတို့လို နာမည်မျိုးပေးထားသည့် ကုမ္ပဏီမျိုးကသာ ထုတ်လျှင်တော့ မကိုင်ခင်ကတည်းက ကိုင်ရမှာလည်း စူးရှရှ၊ ကိုင်လျှင်လည်း ပို၍ ခါးသက်လှမှာ တွေးမိသေးတော့၏။ ။


ဆူးသစ်
၁၃း၀၂ နာရီ
၂၇.၀၂.၂၀၁၁

Tuesday, February 22, 2011

"ကျွန်တော်တို့သည်" (၁၃)


ကျောင်းမှာ ကဗျာစာအုပ်များ ရောင်းတုန်းက သူငယ်ချင်းတွေထဲမှာ တချို့က သူတို့ဖို့ အမှတ်တရ ကဗျာ ရေးခိုင်းသည်။ ကျွန်တော်ကလည်း ကဗျာသမားမို့ မနေနိုင် မထိုင်နိုင် အောက်ပါ ကဗျာကို ရေးပေးခဲ့၏။


"အမြဲတမ်းအတွက်အမှတ်တရ"

ခင်မင်မှုများ
နှလုံးသားမှာ၊ တွယ်ထားနှောင်ရစ်
ကာလသစ်စေ၊ အပြစ်မဝေကြေး
အညစ်တွေဆေးလို့
နှစ်တွေဝေးတိုင်း သတိရနေ။

အို-သူငယ်ချင်း
မင်းနှလုံးသား၊ ကဗျာများစွာ
နှောင်ဖွဲ့ကာထား၊ မေ့မသွားနှင့်
ထားခဲ့လက်ဆောင်၊ တစ်သက်နှောင်ယူ
အပူခဏမေ့၊ ခုနေ့ဆီမှ
ကာလများစွာရှိပါစေ။

တို့နှစ်ယောက်လှည့်
ကာလချဲ့သမျှ၊ အပူစရှိလည်း
တူတကွဖယ်ရှင်း၊ သူငယ်ချင်းရယ်
မင်းရယ်ငါရယ်၊ ဘယ်တော့မှမခွဲစတမ်း
အမြဲတမ်းအတွက် အမှတ်တရလေ။ ။


ထိုကဗျာလေးကို ME ကျူရှင်မှ လင်းလင်းကိုလည်း ပေးခဲ့ဖူး၏။ သူလည်း ကျွန်တော်တို့ ယောက်ျားလေးတွေ ကြားမှာ စနောက်နေလျှင် ပြုံးပြုံး ပြုံးပြုံးနှင့်။

ကျောင်းတက်ပြီး ကျွန်တော်နှင့်သိသူ မိန်းကလေးဟူ၍ ထိုအချိန်က သုံးယောက်သာရှိ၏။ ကျွန်တော်တို့ကို အင်္ဂလိပ်စာအက်ဆေး ရေးပေးနေကျ၊ သူက သူ့အဖေ သက်ကြီးပူဇော်ပွဲအတွက် ကန်တော့ခန်း ရေးခိုင်းသူ ယုယုကြည်။ အောင်မျိုးခိုင်ဆိုသော ကျွန်တော့် ငယ်သူငယ်ချင်း ဆေးကျောင်းကလာပြီး မိတ်ဆက်ပေးခဲ့၍ သိလာရသော သိင်္ဂီရွှေနှင့် ME ကျူရှင်မှာ သိရသည့် လင်းလင်း။ (သူငယ်ချင်းတို့ရေ - နင်တို့ နာမည်တွေ ထည့်ရေးလိုက်ပြီ။ ခွင့်လွှတ်ပါဟာ)

သူတို့ကတော့ တကယ်ခင်ဖို့ ကောင်းကြသည်။ တချို့မိန်းကလေးများက ပဲများသည်။ မိန်းကလေးတိုင်း ပဲများသည်တော့ မဟုတ်။ သူတို့လည်း အဲဒီလို မဟုတ်။ ကျွန်တော်တို့ ပထမနှစ်တွင် တွေ့ဖူးခဲ့သူများထဲမှာ ပဲများသူတွေ ပါသည်။ နည်းတော့နည်းပါသည်။ ဒုတိယနှစ်မှာလည်း ဆက်တွေ့နေရ သေး၏။ ထို့ကြောင့် မနေတတ်၊ မထိုင်တတ် ကျွန်တော့်လက်သည် ဒုတိယနှစ်မှာ အောက်ပါ ကဗျာကို ချရေးမိ၏။

"ပဲများသူ"

ခေါင်းကိုငုံ့ထားစဉ်
ဆံမျှင်များက၊ ၀ိုက်ထားသည့်ဘက်
တွဲလျက်ကျနေ၊ ပါးပြင်တွေဖုံး
မျက်လုံးတစ်ဖက်ကွယ်
(ပြီးတော့ကျန်တစ်ဖက်ကို)
နားရွက်စပ်မှဆွဲသပ်သည်။

ဟော-ခေါင်းအမော့
ဟန်ကိုကြော့အောင်၊ ပေါ့ပေါ့လေးခါ
လေမှာဆံစ၊ ဖွာကျလွင့်ပါး
ကြည့်သူများရင်၊ လှိုင်းခတ်ချင်အောင်
(ဒါလည်း)သူလုပ်ဆောင်တတ်သည်။

လမ်းလျှောက်လျှင်လည်း
ခါးအမြဲနွဲ့၊ ပဲရဲ့သဘော
စကားပြောကြည့်၊ သိတာမသိတာ
တစ်ခါတည်းမပြတ်၊ ဝေ့လည်ပတ်ကာ
မျက်လွှာလေးဝင့်၊ မျက်ခုံးပင့်လို့
ခေါင်းနှင့်မျက်နှာ၊ တစ်ဖက်ပါစောင်း
(သူ့ကိုကြည့်ရင်း)ကျွန်တော်တို့ဇက်ညောင်းသည်။

ကဲ-ရွှေပဲရေ
တို့တွေကယောက်ျားလေး
ဒါပေမဲ့ဝေးသေးတယ်၊ ဘယ်သူပဲဖြစ်ဖြစ်
(ပဲများသူဆို)ရင်မခုန်၊ မချစ်တတ်
အဲဒါမှတ်ထား
မင်းနားလည်ပါစေကွယ်။ ။


ထိုကဗျာကို ချသာရေးခဲ့ပြီး ဘယ်သူမျှ မပြခဲ့။ ကျွန်တော်က သူတို့ဘာသာဘာဝကို ကဗျာ ချရေးတာသာ ဖြစ်သည်။ သူတို့ကို လှောင်ဖို့မဟုတ်။ ထိုသို့ ပေါ်တင်ကြီး မလှောင်သော်လည်း ရံဖန်ရံခါတော့ ကျွန်တော်တို့ထက် တစ်တန်းငယ်သော Fresher လေးများထဲမှာ စချင်စရာများ သွားတွေ့ရသည်။

ကျွန်တော်တို့ နောက်နှစ် နှစ်နှစ်ကြာမှ ၀င်လာသော ပထမနှစ် ကျောင်းသူလေးများထဲမှာ အမြွှာညီအစ်မနှစ်ယောက် ပါလာသလို၊ ကျွန်တော်တို့ နောက်နှစ်မှ ကျောင်းသူတစ်ဦးမှာလည်း နာမည်နှင့်လူ လိုက်အောင် အင်မတန်လှပလွန်းသူ တစ်ဦးအဖြစ် သွားတွေ့ရလေသည်။ ထိုအခါ၌ အမြွှာညီအစ်မကို တွေ့တိုင်း ကျွန်တော်တို့ သူငယ်ချင်းများ တစ်ခုခု စတတ်ကြသလို၊ ထိုလှပ လွန်းသော ကျောင်းသူလေးကိုလည်း အနည်းငယ်တော့ စမိကြသည်။ တိုက်ဆိုင်သည်က သူတို့အားလုံး BE တန်း မတက်ဘဲ ဗိသုကာတန်းတွေသာ တက်သွားခြင်းပင်။ နောင်တော်ကြီးများ ရန်က ဝေးဝေးရှောင်ချင် သည် ထင်ပါ၏။

ကျွန်တော်တို့သည် တစ်ကျောင်းတည်းမှ မောင်နှမများ ဖြစ်ကြ၏။ တစ်ယောက်နှင့်တစ်ယောက် မထိခိုက်၊ မနာကျဉ်အောင် စခဲ့ကြ၏။ ထိုအခါ၌ ကျွန်တော်တို့နှင့် ပတ်သက်ခဲ့သူများသည် ပြုံးကြ၏။ မဲ့ကြ၏။ ရင်ထဲမှာ နာကျဉ်မှုများ မကျန်နိုင်ဟု ကျွန်တော်တို့ ယူဆခဲ့၏။ ထိုအဖြစ်အပျက်များသည် နောင်တစ်ချိန်မှာ အမှတ်တရများ ဖြစ်ချင်ဖြစ်နိုင်၏။ သည်သို့ဖြင့် ကျွန်တော်တို့သည်လည်း ထိုအပျော်လေးများကို အမှတ်ရခွင့် ရှိနေသေး၏။ ။


ဆူးသစ်
၂၁း၅၆ နာရီ

၂၂.၀၂.၂၀၁၁

Sunday, February 20, 2011

" ကျွန်တော်တို့သည် " (၁၂)


ကျွန်တော် ငှားနေသောအဆောင်သည် ရန်ကုန်စက်မှုတက္ကသိုလ်၏ နောက်ဘက်ထဲမှာ။ G-hall ကို ဖြတ်ပြီး အနောက်ဘက် ဆက်သွားလျှင် ကျောင်းနောက်ဘက် မလွယ်ပေါက်ကို ရောက်၏။ ထိုမှတစ်ဆင့် ကြို့ကုန်း ရပ်ကွက်ကို ရောက်သည်။

အဆောင်မှာ ရေချိုးရန် အုတ်ကန်အကြီးကြီး ရှိသည်။ အိမ်သာများလည်း အများကြီးရှိ၏။ မီးကိုတော့ ညမှောင်မှ ပေးသည်။ မီးသီးပဲ ရှိ၏။ မီးချောင်းမရှိ။ ထို့အပြင် ပလပ်ပေါက် မရှိ။ ပလပ်ပေါက်နေရာတွင် ငုတ်စများ ထုတ်ထားတာသာ ရှိ၏။ လျှပ်စစ်မီးဆို၍ ထိုအချိန်က ကျွန်တော်တို့ ဒဂုံမြောက်ပိုင်းမှာ မီးမရသေး။ ပထမနှစ်ကို ဘတ္ထရီမီး၊ ဖယောင်းတိုင်မီးများဖြင့် ကျွန်တော် ဖြတ်သန်းခဲ့ရသည်။ ထို့ကြောင့် ယခု မီးသီးနှင့် ကြည့်ရသည်က မီးချောင်းမရသော်ငြား တော်ပါသေးလားဟု တွေးမိချင်စရာ။

အဆောင်ဒုက္ခကတော့ ပိုင်ရှင်များက လစာပေးပြီးလည်း မပေးရသေးဘူး အထင်နှင့် ကျွန်တော်တို့ အခန်းမှာ စာ လာလာ ထားသွားခြင်းပင်။ ကျောင်းမှာ ခေါင်းရှုပ်ပြီး ပြန်လာချိန် ထိုစာမျိုး မြင်ရသည်က စိတ်ညစ်ညူးစေ၏။ ကျွန်တော်ရော၊ ကိုအောင်ကျော်သက်ပါ ခဏခဏ သွားတွေ့ရ၏။ ပိုင်ရှင်ကတော့ 'မောင်ဘယ်သူရေ၊ လစာကိစ္စ မေးစရာရှိလို့ လာခဲ့ပါဦး' ဟု ရေးထားတာ လွယ်လွန်းသည်။ ကျွန်တော်တို့ကတော့ ညစ်နေလေပြီ။ ပြီးတော့ ဘာမျှ မဟုတ်။

ညဘက်ဆို အဆောင်အပြင်ထွက်၊ ထမင်းဝယ်စား၊ ပြီးလျှင် စာကြည့်။ စာမေးပွဲနီးသောအခါ ကိုအောင်ကျော်သက်က အိမ်ပြန်နေ၏။ ကျွန်တော်နှင့် ခင်မောင်ရွှေသာ ကျန်သည်။ ခင်မောင်ရွှေလည်း နောက်ပိုင်း သူပိုင်သော လက်ဖက်ရည်ဆိုင် စိတ်မချ၍ ပြန်လိမ့်တော့သည်။

အဆောင်မှာ သန့်ရှင်းရေးလုပ်သော ကလေးလေးတွေလည်း ရှိ၏။ ကျွန်တော့်မှာရှိသော မုန့်တွေ သူတို့ကို ကျွေး၏။ သနားဖို့ကောင်းသလို ခင်ဖို့လည်းကောင်းသည်။ ကိုအောင်ကျော်သက်နှင့် ကျွန်တော် ထမင်း အပြင်ထွက်ဝယ်မစားချင်၍ ပလပ်ကြိုးကို ချိတ်ပြီး ရေနွေးအိုးမှာ ဆန်ထည့်၍ ရေခန်း ချက်သည်ကို ဘေးခန်းက အဆောင်နေ ၀န်ထမ်းတစ်ဦး သွားချွန်သောအခါ ထိုကလေးတွေ လာစောင့် ဖမ်းကြ၏။ မမိ။ နောက်တော့ ကိုအောင်ကျော်သက် ပြန်သွားပြီးချိန်မှာ ကျွန်တော့်ကို သူတို့ချက်သော ထမင်းများယူလာပြီး ကျွေးကြသည်။ တစ်သက်နှင့် တစ်ကိုယ် မျက်ရည်လည်အောင် ခံစားခဲ့ရ၏။ အဆောင်ပိုင်ရှင်၏ စိတ်ဓါတ်နှင့် ကလေးများ၏ စိတ်ဓါတ်၊ ဘေးခန်းက အတူနေ ယောက်ျား တစ်ဦး၏ စိတ်ဓါတ်များကား ဘ၀ထဲက သင်ခန်းစာ ယူစရာများအဖြစ် ကျန်ရစ်ခဲ့လေသည်။

ကျောင်းမှာတော့ ME က ခက်၍ အတန်းထဲက မျိုးခိုင်ဆိုသော သူငယ်ချင်းက ကျူရှင်တက်ရန် သူတို့ သင်နေသော တက္ကသိုလ်ရိပ်သာလမ်းက သူငယ်ချင်းတစ်ယောက်အိမ်မှာ လာသင်ဖို့ ခေါ်သည်။ သည်လိုနှင့် ထိုကျူရှင်တက်ရင်း သူငယ်ချင်းတွေလည်း တိုးကုန်၏။ မျိုးခိုင်၊ တင်အောင်မိုး၊ မိုးကြီး၊ ထွန်းမျိုးလွင်တို့ကို နာမည် မှတ်မိပြီး ကျန်သူတွေက ရေးတေးတေး။ လင်းလင်းဆိုသော ကောင်မလေး တစ်ယောက်လည်း ပါသေးသည်။

သည်လိုနှင့် အဆောင်လခ၊ ကျူရှင်လခတွေ ကြားမှာ ဒုတိယနှစ်၊ ရန်ကုန်စက်မှုတက္ကသိုလ်ကို ခါးသီးစွာ ဖြတ်သန်းရတော့သည်။ ကျွန်တော့်အတွက် ကဗျာတစ်ပုဒ်ပါ ရလာ၏။ အောက်က ကဗျာပါ။


"ယိုင်နဲ့နေသော ပန်းတိုင်တစ်ခု"

အင်ဂျင်နီယာ
တိုက်တာတွေဆောက်၊ တံတားဆောက်နဲ့
လမ်းဖောက်လမ်းသွယ်၊ ပညာကြွယ်ဘိ
တယ်ဂုဏ်ရှိဆိုပဲ။

ဖြတ်ခဲ့တဲ့လမ်း
ချိုင့်ဝှမ်းပေါများ၊ နေစားတာက
မှိန်ပြပြအိမ်၊ စည်းစိမ်မဲ့ကင်း
ချွေးနဲရရင်းတဲ့ခရီး၊ မငြီးမမော
လျှောက်သောကာလ၊ အိမ်မှစရိတ်
သူ့ရဲ့အိတ်ထဲ၊ ပြည့်သိပ်ဖောင်းကား
ကျူရှင်များ၊ စာသင်ခန်းများ
လမ်းသလားခဲ့တာတွေ
ဘယ်သူတွေသိကြသလဲ။

အရင်းအနှီးများစွာ
ကာလများစွာဖြတ်လို့
ဘီအီးနဲ့ ဘီအတ်ခ်ျ
တစ်ခုခုတပ်ဖို့အတွက်
အသက်တွေလည်းတို၊ လက်တွေလည်းညိုလို့
တူဆိုတူ၊ 'တီ' ဆို 'တီ'
ခပ်တည်တည်နဲ့ မာန်ပြ
နှိပ်ကြ၊ ထုကြ၊ ဆွဲကြရင်း
အဲဒီကာလတွေရဲ့ အစွန်းရောက်ခဲ့ကြမှာပေါ့။

စီမံကိန်းအရာရှိ၊ ဘာအရာရှိ၊ ညာအရာရှိ
ဂုဏ်ထူးဝိသေသကြီးကြီးနဲ့
အင်ဂျင်နီယာကြီး ကြွပါခင်ဗျာဆိုရင်
မျက်နှာကမော့မော့၊ ဟန်ကကြော့ကြော့၊ ခြေလှမ်းက ပေါ့ပေါ့နဲ့
မြူးဆော့တဲ့ စိတ်ကူးထဲကအတွေး
ကွယ်-ဝေးတတ်လိုက်တာ။

လောလောဆယ်မှာ
အင်ဂျင်နီယာ ကျူရှင်လခ၊ ကျောင်းလခ
အဆောင်လခ၊ ထမင်းလခ၊ ကားခစရိတ်
အိတ်ထဲကနေခုန်ထွက်
လူနေမှုစရိတ်အတွက် တွက်ချက်
(အင်ဂျင်နီယာရဲ့ပန်းတိုင်ကြီးလည်း......)
လှုပ်စိလှုပ်စိနဲ့ယိုင်နဲ့လျှက်............။

ကျွန်တော်တို့သည် အင်ဂျင်နီယာဘွဲ့ဟူသော ဘီအီး တစ်လုံးရဖို့ အရင်းအနှီးများစွာ ပေးဆပ်ခဲ့ရ သူများ ဖြစ်ကြ၏။ ငွေ၊ အချိန်တို့ကို မြှုပ်နှံကာ ဖြတ်သန်းရင်း အရင်းအနှီး မည်မျှကြီးသည်ကို ကျွန်တော်တို့ ဘာသာ သိသူများလည်း ဖြစ်ကြ၏။ ။

ဆူးသစ်
၂၂း၃၀ နာရီ

၂၀.၂.၂၀၁၁

Thursday, February 17, 2011

"အပေးအယူ"


ကျွန်တော်နှင့် ကျွန်တော့်ဇနီး အပြင်ထွက်လျှင် လူစုံသည့်နေရာများမှာ ကြုံရတာ တစ်ခုရှိသည်။ အထူးသဖြင့် MRT အဆင်းလို နေရာမျိုးမှာ။ တခြားတော့ မဟုတ်။ ကြော်ငြာစာရွက်များ ကမ်းခြင်းပါ။

IMM လို Market ကြီးမျိုးဆို တစ်ရှူးထုပ်ပင် ပါသေးသည်။ တစ်ရှူးအဖုံးမှာ သူတို့ကုန်ပစ္စည်း ကြော်ငြာများ ထည့်ထားသည်။ အခြားကြော်ငြာများကတော့ စာရွက်ပါးပါးက တစ်မျိုး၊ ကြွေစက္ကူက တစ်ဖုံ၊ စုံလှ၏။ ကြော်ငြာ ဝေသူများကရော။ ငယ်ငယ်ရွယ်ရွယ်မှသည် အသက်ကြီးကြီးအထိ။

ထိုသို့ ကြော်ငြာစာရွက် ဝေသူများကား လုပ်အားခ မည်ရွေ့၊ မည်မျှ ရသည်မသိသော်လည်း လုပ်အားခတော့ ရပါလိမ့်မည်။ သို့သော် တစ်နေကုန်အောင် ဝေနေရသည့် သူ့အလုပ်က မစားသာလှဟု ကျွန်တော် တွေးမိ၏။ သိုသော် စင်္ကာပူလူမျိုး ဆိုသည်ကလည်း တစ်မျိုးတော့၊ တစ်မျိုး။ ကျွန်တော် တွေ့ဖူးသမျှ ကြော်ငြာစာရွက် ထိုးပေးလျှင် အငြင်းပယ်ဆုံးက စင်္ကာပူလူမျိုး။

ကျွန်တော်ကတော့ ပေးလျှင် ယူလိုက်သည်။ မပေးတော့လည်း မယူ။ ဇနီးလည်း ထို့အတူ။ ထိုသို့ ပေးသမျှ ကြော်ငြာ ယူသည့်သဘောတွင် ကျွန်တော်တို့က ယူလိုက်၍ သူတို့အလုပ် မြန်မြန် ပြီးတော့ ပြန်ရတာပေါ့ ဟူသော စေတနာလည်း ပါ၏။ ထိုစကားသည် အမှန်။ ဖတ်ပြီး အမှိုက်ပုံးထဲ လွှင့်ပစ်ခဲ့သည်မှာလည်း အမှန်။

သို့သော် ထိုကြော်ငြာကမ်းသူများ၏ မူမမှန်သော သဘောကို ကျွန်တော် ဖြည်းဖြည်းချင်း တွေ့လာရသည်။ တချို့ လက်ကမ်းကြော်ငြာ ဝေသူများက ကျွန်တော်တို့ကို မပေး။ လူရွေးပေးသည်။ အမှန်မှာ အချို့နေအိမ် တိုက်ခန်းကြော်ငြာ၊ ဆေးကြော်ငြာများမှာ ကြော်ငြာစာရွက်က တန်ဖိုးကြီးမည် ထင်၏။ ကြွေစက္ကူ နှစ်ချိုး၊ သုံးချိုးဖြင့် ဒီဇိုင်းကလှလှ။ ဒါတော့လည်း သူတို့နိုင်ငံသား 'စ' လုံးကသာ ပိုသင့်တော်မည်။ ဒါကို ကျွန်တော် နားလည်၏။

သို့သော် စားသောက်ဆိုင်၊ သင်တန်း စသော ကြော်ငြာများကိုပင် ကျွန်တော်တို့ကို မပေးချင်သောအခါ လူ၏သဘော၊ ဘာမို့လို့လဲ ဆိုသော မခံချင်စိတ်နှင့် မာနကလေးက ကျွန်တော်နှင့် ဇနီးဆီ ၀င်လာ၏။ တကယ်တော့ ကျွန်တော်တို့က ကြော်ငြာစာရွက်မရ၍ ဒေါကန်တာမဟုတ်။ ကျွန်တော်တို့ကို ခွဲခြားဆက်ဆံသလို ခံစားရ၍ မခံချင်စိတ် ဖြစ်နေခြင်းပင်။

သိပ်မကြာသေးမီကပင် ကျွန်တော်တို့လင်မယား ဘူတာကအဆင်းမှာ တရုတ်မတစ်ယောက် ကြော်ငြာ ကမ်းနေစဉ် ကျွန်တော်တို့ကို တစ်ရွက် ကမ်းပေး၍ ယူရန်ဟန်ပြင်နေစဉ်၊ နောက်ကစလုံးကို ဖျတ်ဆို ပြောင်း ပေးလိုက်သောအခါ ကျွန်တော် တော်တော် ဒေါကန်သွားပါသည်။ ဇနီးသည်က သူလည်း အဲဒီလို ကြုံဖူးတယ်ဟု ဆိုသောအခါ နောက်ဆို ဘယ်သူပေးပေး မယူနဲ့ဟု ယတိပြတ် ဆုံးဖြတ်ချက်နှင့်သာ ပြောလိုက်ပါတော့သည်။ တကယ်လည်း မယူဖြစ်တော့ပါ။

ဘယ့်နှယ်ဗျာ။ သူ့နိုင်ငံသားချင်းတောင် စာနာစိတ်နှင့် ယူတောင် မယူသည့်ကိစ္စ။ ခွဲခြားဆက်ဆံ ခံရသည့် ကျွန်တော်တို့လို၊ သူတို့နိုင်ငံသား မဟုတ်သည့် တခြားနိုင်ငံက လူက ဘာများ အရေးစိုက်စရာ ရှိပါသနည်း။ အနေသာကြီး။ တစ်ခါတစ်ရံ တစ်ရွက်၊ နှစ်ရွက် ကျန်နေစဉ် ကျွန်တော်ယူလိုက်၍ thank you ဟု ပြောပြီး ပြုံးပြ ပြန်သွားသော သူများကို ငဲ့ညှာမိသော်ငြား တော်တော်များများ၏ မူမမှန်သော စိတ်ဓါတ်ကို မကြိုက်၍ မည်သည့် ကြော်ငြာမျှ လက်ခံရန် စိတ်ကူးပင် မရှိတော့။

အပေးအယူဆိုသည်က မျှမှကောင်းသည် မဟုတ်လား။ ။

ဆူးသစ်
၂၀း၄၅ နာရီ
၁၇.၀၂.၂၀၁၁

Monday, February 14, 2011

"သင့်ရဲ့ဗလင့်တိုင်း"


ခံစားမှုစကားလုံးတိုင်း
ချစ်ခြင်းနဲ့ နှိုင်းယှဉ်ပါကွယ်။

တွေ့ထိမှုအာရုံတိုင်း
နှလုံးသားနဲ့ ခံစားပါကွယ်။

ဟိုးအဝေးက မြူပါးပါးလို
သိပ်သည်းရှတ အေးစက်မှုများကို ဆောင်ကျဉ်း
လောကရဲ့ဘောင်အတွင်းက သမုဒယ
တယုတယနဲ့ မျှဝေပါကွယ်။

ကိုယ့်အိပ်မက်လေးရယ်
ကိုယ့်စက္ကူလေးရယ်
ကိုယ့်ပို့စကတ်လေးရယ်
ကိုယ့်ကဗျာလေးရယ်
ကိုယ့်စာအိတ်လေးရယ်
ကိုယ့်ရင်ခုန်ခြင်းများရယ်
နှလုံးသားနဲ့ သယ်ဆောင်ဖွေလှစ်ပြီး
ကမ္ဘာရဲ့ ပုန်းခိုရာ နေရာသစ်
သင့်ရဲ့ဗလင့်တိုင်းကို အမှတ်တရအဖြစ်ဖန်ဆင်း
ချစ်ခြင်းနဲ့နေ့များဆီ လမ်းညွှန်ပါကွယ်။ ။
သားလတ်
၁၇း၅၄နာရီ

၁၄.၀၂.၁၉၉၇

(Valentine's Day အမှတ်တရ)

Sunday, February 13, 2011

"ချစ်သောကလေးများသို့"


ငြိမ်းချမ်းသန့်စင်တဲ့ အပြုံးမျိုး
လွတ်လပ်ပေါ့ပါးတဲ့ ရယ်သံမျိုး
နွမ်းလျခြင်းကင်းတဲ့ မျက်နှာမျိုး
အနာဘယဝေးတဲ့ ခန္ဓာမျိုး
မင်းတို့ဘ၀ တောက်လျှောက်တိုးလို့
မိုးပေါ်ကလူသားများ ဖြစ်နိုင်ပါစေ။

ငိုကြွေးခြင်းနေ့ ဝေးပါစေ
ပူလောင်ခြင်းနေ့ ကင်းပါစေ
ဆင်းရဲခြင်းနေ့ ရှင်းပါစေ
ညစ်နွမ်းခြင်းနေ့ လွတ်မြောက်ပါစေ
ဘ၀ နွေနေလိုမဟုတ်
ဆောင်းမိုးတို့ သရုပ်လို
အေးမြခြင်းဂုဏ်လောင်း
ဘ၀လမ်းမှာ အကုန်ကောင်းလို့
ပုံပြောင်းတဲ့အခါ အမှန်သနစ်နဲ့
တစ်ရံတစ်ဆစ်မျှ မမိုက်မဲ
စရိုက်လည်း သန့်စင်ကြပါစေ။ ။
သားလတ်
၂၃း၁၃နာရီ

၁၆.၀၂.၁၉၉၇

(ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင်ကျရောက်သောကလေးများနေ့သို့)

Saturday, February 12, 2011

"တစ်ပြည်တည်းသား"


ကျွန်တော်တို့ လုပ်ကွက်ထဲမှာ တိုင်းရင်းသားတော်တော်စုံ၏။ စပြောရလျှင် ရခိုင်လူမျိုးပါသည်။ မြောက်ဦး၊ မောင်းတော ဘက်ကသူများ။ မြောက်ဦးဘက်က ကောင်လေးသည် စကားများ၏။ သူက တခြားလူ ဘေးမကင်းသည်များ လုပ်လျှင် ကျွန်တော့်ကို ချွန်တတ်သေး၏။ နောက်ရခိုင်လေး တစ်ယောက်က ပြန်သွားသည်။ ထားဝယ်တွေလည်း ကျွန်တော့်လုပ်ကွက်မှာ ရှိသည်။ အလုပ်ကြိုးစားသော ထားဝယ်လေး တစ်ယောက်ကတော့ ပြန်သွားပြီ။

နောက်ပြီး ချင်းလူမျိုးပါသည်။ စတို ကိုင်ရသည့် ချင်းလေးကား ပြုံးပြုံး ပြုံးပြုံးနှင့် သဘောကောင်းလှသည်။ သူက အင်္ဂလိပ်စာ ကောင်း၍ ပင်မစတိုမှာ ထားသည်။ အလုပ်ရှုပ်သလောက် ရှိသမျှ ကြီးကြပ်ရေးမှူးများ အနိုင်ကျင့်သမျှ ခံရသည်။ ကျွန်တော်ပင် ရံဖန်ရံခါ လုပ်ကွက်မှာ ပစ္စည်းမရလျှင် သူ့ဆီ တန်းမှာပြီး မြန်မြန် ပို့ခိုင်းရ၏။ ထိုအခါ လုပ်ပေးပါ့မယ် အစ်ကိုရာဟု ဆိုတတ်၏။ လုပ်ကွက်ထဲက ချင်းလေးကျတော့ မြန်မာစကားပင် ရေလည်အောင် နားမလည်။ သူ့အကြောင်း ပို့စ် သတ်သတ် တင်ရဦးမည်။

နောက်လူမျိုးတစ်မျိုးက မွန်။ မော်လမြိုင်၊ မုဒုံ စသဖြင့် စုံနေအောင် ပါသည်။ ရွှေဓူဝံနှင့် တူသော မွန်တစ်ယောက် ပါ၍ သူ့ကို ရောက်စကတည်းက ဓူဝံဟု ကျွန်တော်ခေါ်သည်။ တိုက်တိုက်ဆိုင်ဆိုင် သည်နေ့ ၁၂.၀၂.၁၁ မှာ မြန်မာပြည် ပြန်သွားသည်။ အလုပ်ထွက်၍ ပြန်ခြင်းပါ။ နောက်အလုပ်ရ၍ ပြန်သည်ဟု လျှို့ဝှက်စကား သိရသည်။ သူနှင့် ပြန်ဆုံဦးမည်ပေါ့။ မနေ့က ကျွန်တော့်ကို ဖုန်းဖြင့် နှုတ်ဆက်သွားသည်။ နောက် မွန်တစ်ယောက်က လုပ်ကွက်ထဲက စတိုမှာ။ သူတို့ စကားဝဲပုံတွေက ကျွန်တော် မနည်းနားထောင်ယူရသည်။

ကရင်လူမျိုးတွေလည်း ကျွန်တော်တို့ လုပ်ကွက်မှာ ရှိ၏။ ကရင်နှစ်သစ်ကူးတုန်းက ကျွန်တော်က ပြက္ခဒိန် ကြည့်ပြီး ပြောမှ သူတို့ သတိရသည်။ မင်းတို့ငါ့ကို မုန့်ကျွေးရမယ် ဟု စတော့ ညနေ Jurong East လာခဲ့၊ တစ်ဝိုင်းကျွေးမယ် အစ်ကိုတဲ့။ ကျွန်တော် ရယ်နေမိသည်။ တကယ်တော့ ကျွန်းပေါ်ကအဆောင်မှာ နေပြီး ပိတ်ရက်မှ အပြင်ထွက်ခွင့်ရသော သူတို့သည် ကြားရက်မှာ ဘယ်မှာ ထွက်နိုင်ပါမည်နည်း။ အလုပ်ကပိ၊ ပြက္ခဒိန်က မရှိ၍ သူတို့နှစ်ကူးကို သူတို့ဘာသာ မေ့နေလေပြီ။

နောက်လူမျိုး တစ်မျိုးက ရှမ်း။ ကောင်လေးတစ်ယောက်က စကားတော်တော်များသည်။ သူရောက်စက တစ်နေရာမှာ သွားငိုက်နေ၍ ကြီးကြပ်ရေးမှူး ဟောက်ဖူး၏။ ခုတော့ ထို ကြီးကြပ်ရေးမှူး၏ လက်ရုံး ဖြစ်နေ လေပြီ။ ဘုန်းကြီးကျောင်း နေခဲ့ဖူး၏။ တော်ရုံမဟုတ်။ အတန်းပညာကို ဘယ်မျှတတ်သည်ဟု ကျွန်တော် မသိရသော်လည်း အားလပ်ချိန်မှာ ကျွန်တော်တို့တစ်တွေ ဘာသာရေးအကြောင်း ဆွေးနွေးနေစဉ် သူသင်ဖူးသော ဗုဒ္ဓစာပေများအကြောင်းပြောတော့ ကျွန်တော်တို့ မျက်လုံးပြူးရသည်။ သူက ဗုဒ္ဓစာပေများကို အတန်းပညာထက်ပိုပြီး ကျွမ်းဝင်သူ ဖြစ်လို့နေ၏။ ပအို့ဝ်လေးတစ်ယောက်ကတော့ WP ကုန်ခါနီး၍ ပြန်ရမည်လား၊ သက်တမ်းတိုးမည်လား မသိသေး။ တလောက ရခိုင်လေးတစ်ယောက်က ပအို့ဝ်မလေး တစ်ယောက်ကို ကြိုက်၍ ထိုပအို့ဝ်လေးထံမှ ဘာသာစကား သင်နေသည်ကို အလုပ်ဆင်းချိန် စတို ကွန်တိန်နာထဲမှာ တွေ့ရသည်။ ကျွန်တော် သဘောကျမိ၏။ ထိုပအို့ဝ်လေး ပြန်လျှင် ဘယ်သူ့ဆီက ဆက်သင်မည် မသိ။

ကချင်နှင့်ကယားတော့ ကျွန်တော်တို့ လုပ်ကွက်မှာ မရှိသေး။ ဗမာတော့ များ၏။ နယ်လည်း စုံသည်။ မန္တလေး၊ ဧရာဝတီ၊ စစ်ကိုင်း၊ ရန်ကုန် စသဖြင့်။ သည်နေ့ ဓူဝံနှင့်အတူ မန်းကျော်ဟု ခေါ်သည့် မန္တလေးသားလည်း အပြီး ပြန်တော့မည်။ မြင်းခြံသား၊ ကျောက်ပန်းတောင်းသား စသဖြင့် အညာဘက်က လူများလည်း လုပ်ကွက်ထဲမှာ ရှိသေး၏။

သည်နေ့ ဖေဖေါ်ဝါရီ(၁၂)ရက်။ ပြည်ထောင်စုနေ့။ (၆၄)နှစ်ပင် ရှိချေပြီ။ ထိုအခါ ကျွန်တော့် လုပ်ကွက်ထဲမှ တိုင်းရင်းသားများအကြောင်း ပြန်တွေးမိသည်။ ရင်ထဲကိုလည်း သီချင်းတစ်ပုဒ်ရောက်လာ၏။ စောခူဆဲ ရေး၍ ဇော်ဝင်းထွဋ် ဆိုထားသည့် သီချင်း။

ကျွန်တော်သည် Safety Supervisor တစ်ယောက် ဖြစ်ပြီး၊ ဗမာတစ်ယောက် ဖြစ်၏။ ကျွန်တော်တို့ လုပ်ကွက်ထဲရှိ တိုင်းရင်းသားပေါင်းစုံ ဘေးကင်းရေးအတွက် စောင့်ရှောက်နေရသော ကျွန်တော့် အလုပ်အပေါ် ကျေနပ်မိ၏။ ဇော်ဝင်းထွဋ်သီချင်းကိုလည်း ဟိုစဉ်၊ မြန်မာပြည်မှာ ရှိစဉ်ကတည်းက ကြိုက်ခဲ့ဖူး၏။ ဂျပန်နိုင်ငံသို့ လေ့လာရေး သွားစဉ်က သီချင်းဆိုပြရန် သီချင်းရွေးစဉ် ထိုသီချင်းလေးပါခဲ့သည်။ ယခု အချိန်မျိုးမှာ နိုင်ငံတကာ၌ ရောက်ရှိနေသော တိုင်းရင်းသားများလည်း ခံစား၍ ရမည်ထင်သည်။ 'စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်' ဆိုသော သီချင်းပါ။ ။

ဆူးသစ်
၂၀း၂၀ နာရီ

၁၂.၂.၂၀၁၁(ပြည်ထောင်စုနေ့)




Tuesday, February 8, 2011

"လျှို့ဝှက်စွာစီးသော ဆန်ရေ"


နေတွဋ်ကို ကျွန်တော် အပါအ၀င် သူငယ်ချင်းများ တော်တော် ခင်ကြသည်။ တစ်ဖက်သား မနစ်နာအောင် စတတ်၊ နောက်တတ၊် ရယ်စရာ ပြောတတ်သောကြောင့် ဖြစ်၏။ သူ အစအနောက် သန်ပုံက လူကြီးမိဘတွေပင် အောချ ရသည်။ သူ့ပုံကို ကြည့်လျှင်လည်း သူ့မိသားစုနှင့် ပတ်သက်ပြီး ဘာမျှ ခံစားချက်ရှိသည့်ပုံ မပေါ်။

တစ်ခါသော် မထင်မှတ်ဘဲ သူ့အမေဆုံးသွား၏။ သူ့အမေ အသုဘချစဉ်မှာတော့ သူငိုသည်။ ကျွန်တော် အနားမှ နှစ်သိမ့်မိ၏။ သူငယ်ချင်းအတွက် စိတ်မကောင်း။ အသုဘ ရက်မလည်ခင် ညဘက်ဆိုလျှင် ကျွန်တော်တို့လို ရပ်ကွက်ထဲက သူငယ်ချင်းများနှင့် သူနှင့် ခင်သော တက္ကသိုလ်မှ သူငယ်ချင်းများ အသုဘကို ရောက်ကြ၍ သူနှင့် စကားပြောစဉ်မှာတော့ သူ့ပုံက အရင်အတိုင်း သိပ်မပြောင်းလဲသည့်ပုံ။ ကျွန်တော်တို့ ဟိုအကြောင်း၊ သည်အကြောင်း ပြောရင်း ရယ်စရာ၊ နောက်စရာ ရှိလျှင်လည်း စနောက်နေဆဲပင်။ ကျွန်တော်ကတော့ ဒီကောင့်နှယ် အမေဆုံးတာတောင် ပြုံးနိုင်သေးတယ်ဟု တွေးမိ၏။ ရက်လည်ပြီး နောက်ရက်များမှာတော့ နေတွဋ် ပုံစံက ပုံမှန် ပြန်ဖြစ်သွားသည်ဟု ကျွန်တော်တို့ အားလုံးက ထင်လိုက်သည်။

သူ့အမေဆုံးပြီး လအတော်ကြာချိန်မှာ ကျွန်တော်တို့ သူငယ်ချင်းများ ချောင်းသာကို သွားကြသည်။ နေတွဋ် ပါ၍ ပျော်ရ၏။ တစ်လမ်းလုံးလည်း စနောက်ကာ လိုက်လာသည်။ ချောင်းသာရောက်ပြီး တည်းဖို့ ဘန်ဂလိုတစ်လုံး ရ၍ ကျွန်တော်တို့ အဆင်ပြေ သွားသည်။ ရေထဲဆင်းဆော့ချိန် ဆော့၏။ နေတွဋ် က ကောင်မလေးတွေကို စနောက်ရင်း ပျော်နေသည်။ ကျွန်တော်တို့ စိတ်ထဲကတော့ ဒီကောင် အမေဆုံးတာ လပိုင်းပဲ ရှိသေးတယ်၊ မေ့သွားပြီ ထင်တယ်ဟု တွေးမိသေး၏။ ကျွန်တော့်အထင် မှားသွားတာ ညရောက်မှ သိလိုက်ရသည်။

ဘန်ဂလိုရှေ့မှာ ညဘက် ဂစ်တာတီးစဉ် ကျွန်တော်က ထူးအိမ်သင်၏ အမေ့အိမ်သီချင်းနှင့် ဖွင့်မည်ဆိုကာ စတီးစဉ် နေတွဋ်အပြင်းအထန် ကန့်ကွက်သည်။ ဘာဖြစ်လို့လဲ မေးတော့ အမေ့ကို သတိရမိမှာ စိုးလို့တဲ့။ သူတမင် မေ့ထားတာပါလားလို့ တွေးရင်း ကျွန်တော် သီချင်းပြောင်းတီးလိုက်သည်။ နေတွဋ် သီချင်းတွေ လိုက်ဆိုပြန်၏။ ထိုအချိန်မှာပင် ကောင်းကင်မှ ကြယ်တစ်ပွင့် ကြွေသွားသည်။ ကျွန်တော် ကြားဖူးတာ ပြောပြလိုက်၏။

"ကြယ်ကြွေတာတွေ့ရင် လိုချင်တာတစ်ခုကို အမြန်ဆုတောင်းကွ၊ ဆုတောင်းပြည့်တယ်တဲ့"

ကျွန်တော် ထိုသို့ ပြောလိုက်ပြီး စက္ကန့်ပင်မကြာ။ နေတွဋ် ဆုတောင်းသံကို ကြားလိုက်ရသည်။ ထိုဆုတောင်း ကြောင့်ပင် ကျွန်တော့်စိတ်ထဲကို အမည်မသိ ဝေဒနာတစ်မျိုး ဖြတ်စီးသွား၏။ နေတွဋ်က ဆုတောင်းသည်လေ။

"အမေ ကောင်းရာသုဂတိလားပါစေ" တဲ့။

မိဘများက သားသမီးအပေါ်မှာ ထားသော မေတ္တာကို 'စုန်ရေ' ဟု တင်စားကြသည်ကို ကျွန်တော်တို့ ခဏခဏ ကြားဖူးကြသည်။ ထို 'စုန်ရေ' တို့၏ အောက်မှ အပြန်အလှန် လျှို့ဝှက်စွာစီးသော 'ဆန်ရေ' များ ရှိနေသည်ကိုလည်း နေတွဋ်က သက်သေပြနေသလို ကျွန်တော်တို့ ခံစားလိုက်ရသည်။ ။

သားလတ်
အတွဲ(၁)၊ အမှတ်(၁၉)၊ ၁၉၉၉ခုနှစ်၊ သြဂုတ်လ(၁၂)ရက်

ထူးခြားဂျာနယ်

Sunday, February 6, 2011

"နို့တစ်ခွက်"


ညီလေးရေ.....

တစ်ခါတုန်းက 'ဟောင်းဝပ်ကယ်လီ' ဆိုတဲ့ ဆင်းရဲသားလေးတစ်ဦးဟာ သူ့ရဲ့ကျောင်းစရိတ်အတွက် အိမ် တစ်အိမ်ပြီး တစ်အိမ် ၀င်လိုက်ထွက်လိုက်နဲ့ အထည်တွေ လိုက်ရောင်းရပါသတဲ့။ တစ်နေ့မှာတော့ အဲဒီလို လိုက်ရောင်းရင်း သူ့အိတ်ထဲမှာ ပိုက်ဆံအကြွေ ဆယ်ပြား(ဆယ်ဆင့်) လောက်ပဲ ကျန်တော့တယ်။ သူ့ခမျာ ဆာလောင်လွန်းလို့ သူသွားမယ့် နောက်တစ်နေရာရောက်ရင် အစားအစာလေးဘာလေး ရလို ရငြား တောင်းကြည့်မယ်လို့ ဆုံးဖြတ်ထားခဲ့တယ်။

အဲဒီလိုနဲ့ နောက်တစ်အိမ်လည်းရောက်ရော လှပပြီးငယ်ရွယ်တဲ့ မိန်းကလေးတစ်ယောက် တံခါး လာဖွင့် ပေးတာ မြင်တော့ သူ့ရဲ့ ဆာလောင်မှုတွေပျောက်သွားတယ်တဲ့ကွာ။ ဒါနဲ့ သူက သူတောင်းချင်တဲ့ အစားအစာတွေအစား ရေတစ်ခွက်ကိုပဲ တောင်းဖြစ်တော့တယ်။

ဒါပေမဲ့ သူ့ရဲ့ ဆာလောင်မွတ်သိပ်မှုကို သတိထားမိတဲ့ ကောင်မလေးကတော့ သူတောင်းတဲ့ ရေတစ်ခွက် အစား နို့တစ်ခွက်ကို ခွက်ကြီးကြီးနဲ့ ယူလာပေးသတဲ့။ ဒါနဲ့ အဲဒီလူငယ်လေးဟာ နို့တွေကို ဖြည်းဖြည်း ချင်း သောက်တယ်။ ပြီးတော့ " ဒီနို့အတွက် ကျွန်တော် ဘယ်လောက်ပေးရမလဲ ခင်ဗျာ" လို့ မေးလိုက်တယ်။ ဒီတော့ ကောင်မလေးက "ဒါအတွက် ကျွန်မကို ဘာမှပေးစရာ မလိုပါဘူး" တဲ့။ "ကျွန်မ အမေက ကျွန်မတို့ကို သင်ထားပါတယ်။ လူတစ်ယောက်ကို စေတနာနဲ့ လုပ်ပေးပြီးတဲ့အခါ အဲဒီကနေ ဘာမှပြန်ပြီး လက်မခံပါနဲ့တဲ့"။  ဒီမှာပဲ ကောင်လေးက "ဒီလိုဆိုရင် ကျွန်တော့်နှလုံးသားထဲက လှိုက်လှိုက် လှဲလှဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ" လို့ ပြောခဲ့တာပေါ့ကွာ။

အဲဒီ အိမ်ကနေ ထွက်လာပြီးတဲ့အခါမှာတော့ ဒီလူငယ်လေးဟာ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာတွေပြန်ပြီး သန်မာ တောင့်တင်းလာတယ်လို့ ခံစားရသလို ဘုရားသခင်ထံကနေ သူစွန့်လွှတ်လုနီးပါးဖြစ်နေတဲ့ ယုံကြည်မှုတွေကိုပါ ပြန်ရလာသလို ခံစားလာရတယ်။

နှစ်တွေများစွာ ကြာလာပြီးတဲ့နောက်မှာတော့ အဲဒီငယ်ရွယ်ပြီး ချောမောလှပတဲ့ မိန်းကလေးဟာ အင်မတန်မှ ဆိုးရွားပြင်းထန်တဲ့ ဖျားနာမှုကို ခံရပါတော့တယ်။ အဲဒီမြို့ကလေးက ဆရာဝန်တွေ ဦးနှောက်ခြောက်ကုန်ပြီး ဒီလို ဖြစ်တောင့်ဖြစ်ခဲ နာမကျန်းမှုမျိုးကို ရောဂါရှာဖွေကုပေးနိုင်တဲ့ အထူးကုတွေရှိတဲ့ မြို့ကြီးဆီကို အဲဒီမိန်းကလေးကို ပို့လိုက်ပါလေရော။

အဲဒီမြို့လေးမှာတော့ ကျန်းမာရေး အတိုင်ပင်ခံအဖြစ် ဆောင်ရွက်နေတဲ့ ဆရာဝန်တစ်ယောက်ဟာ အဲဒီ မိန်းကလေး ရောက်လာတာကို သိသိချင်းမှာပဲ ဒီမိန်းကလေးရဲ့ အသက်ကို ကယ်ဖို့ ကြိုးစားပါတော့တယ်။ ဒီဆရာဝန်ကြီးဟာ အဲဒီမိန်းကလေးကို အထူးဂရုစိုက် ကုသပေးပြီး နောက်ဆုံးမှာတော့ သူဟာ အောင်မြင် သွားပါတယ်။

ဒါပေမဲ့ အဲဒီမိန်းကလေးအတွက် ဆေးကုသစရိတ် တောင်းခံလွှာလာရင် သူ့ဆီ ပို့ပေးဖို့ကိုတော့ မှာထား ခဲ့ပါသတဲ့။ ငွေတောင်းခံလွှာရောက်လာတော့ အဲဒီ ဆရာဝန်ဟာ ငွေတောင်းခံလွှာဘေးက မာဂျင်လိုင်းမှာ စာကောက်ရေးပြီးမှ လူနာမိန်းကလေးဆီကို ပို့ပေးလိုက်တယ်။ မိန်းကလေးကတော့ ငွေတောင်းခံလွှာ စာအိတ်ကို ကြည့်ရင်း လန့်နေမိတာပေါ့ကွာ။ သူထင်တာက အဲဒီအိတ်ကို သူဖွင့်လိုက်တာနဲ့ သူ့ရဲ့လက်ကျန်ဘ၀ တစ်ခုလုံးကိုတောင် ပေးရလောက်တဲ့ အထိ ငွေပမာဏမျိုး တောင်းခံ ထားတဲ့ ငွေတောင်းခံလွှာကို တွေ့ရမှာပဲပေါ့။ ဒီလိုနဲ့ အဲဒီစာအိတ်ကို သူဖွင့်ကြည့်လိုက်တယ်တဲ့။

ဒီမှာပဲ ငွေတောင်းခံလွှာရဲ့ဘေး မာဂျင်ပေါ်မှာ ပါတဲ့ တစ်စုံတစ်ခုက သူ့အာရုံကို ဖမ်းစားထားတော့တယ်။ အဲဒါကတော့ စာလုံးလေးတွေ အနည်းငယ်ပါ။ သူမ အဲဒီစာလုံးလေးတွေကို ဖတ်လိုက်တယ်။

"နို့တစ်ခွက် အပြည့်ပေးပါ။ ဒေါက်တာဟောင်းဝပ်ကယ်လီ" လို့ ရေးထားတဲ့ စာကိုပဲ တွေ့ရပါတယ် ညီလေးရေ။

ဒီအချိန်မှာတော့ သူမ သိလိုက်ပါပြီ။ သူမရဲ့နှလုံးသားမှာ၊ သူမရဲ့ မျက်လုံးမှာ ပျော်ရွှင်မှုကြောင့် ဖြစ်လာတဲ့ မျက်ရည်တွေ ပြည့်လျှံလို့။ သူမ ဆုတောင်းစကားဆိုတယ်။ "အို ဘုရားသခင်၊ သင်ရဲ့ ချစ်ခြင်းမေတ္တာဟာ အဲဒီလူရဲ့နှလုံးသားနဲ့ လက်တွေအထိ ဖြတ်သန်းသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်" လို့ပြောလိုက်သတဲ့။

ဒီမှာပဲ ပြောစရာ စကားတစ်ခွန်း ဖြစ်လာရပါသတဲ့။ "ရေထက်ကောင်းတဲ့ ပေါင်မုန့်ကိုပေးရင် အဲဒီပေါင်မုန့်ကို မင်းပြန်စားရပါလိမ့်မယ်" တဲ့။

မင်းဒီနေ့ ပြုလိုက်တဲ့ ကောင်းမှု တစ်ခုဟာ မင်းမျှော်လင့်မထားတဲ့ အချိန်မှာ မင်းဆီကို ပြန်လာနိုင်သလို၊ မင်းချစ်တဲ့ တစ်စုံတစ်ယောက်ဆီကို ပြန်ရောက်လာနိုင်ပါတယ်တဲ့။ ဒီလို ပြန်လာတာကို မမြင်ရဘူး ဆိုရင်တောင် အနည်းဆုံးတော့ ကောင်းတာ တစ်ခုဟာ အသွင်ပြောင်းပြီး မင်းဆီရောက်လာလို့ မင်းလက်ခံရရှိပါလိမ့်မယ်တဲ့။

အစ်ကိုတို့ရဲ့ ဘ၀မှာ လူပေါင်းများစွာ ဖြတ်သန်း ကြုံတွေ့ရပါလိမ့်မယ်။ ဒါပေမဲ့ စစ်မှန်တဲ့ သူငယ်ချင်း မိတ်ဆွေတွေကသာ နှလုံးသားမှာ ထင်ကျန်အောင် လုပ်နိုင်တာပါတဲ့။

ညီလေးရေ........

အင်တာနက်ကနေ ရလိုက်တဲ့ စာတစ်ပုဒ်ပါကွာ။ ဖတ်ကောင်းအောင် ဘာသာပြန်ကြည့်မိတာလေး မျှဝေ ပေးလိုက်ပါတယ်။ ဒီစာက ရတာတွေ ဆွေးနွေးကြည့်ချင်သေးတယ်ကွာ။

တကယ်တော့ အစာ ဆာလို့ ရေတောင်းသောက်တဲ့ ဟောင်းဝပ်ကယ်လီဆိုတဲ့ လူငယ်လေးဟာ အဲဒီနို့တစ်ခွက် မသောက်ခဲ့ရရင် သူ့ရဲ့ယုံကြည်မှု၊ သူ့ရဲ့ စိတ်ခွန်အားတွေ ပြန်ရဖို့ မလွယ်ခဲ့ပါဘူး။ သူ မမျှော်လင့်ထားတဲ့ တစ်နေရာကနေ ထွက်ပေါ်လာတဲ့ တုန့်ပြန်မှု၊ မျှော်လင့်ချက် ကင်းတဲ့၊ တန်ဖိုး သတ်မှတ်မထားတဲ့ နို့်တစ်ခွက်မှာ ပါတဲ့ လူတစ်ယောက်ရဲ့ အကြင်နာ၊ စေတနာတွေ ကြောင့်သာ သူ့ဘ၀အတွက် အားသစ်တွေ ဖြစ်ခဲ့ရတာပေါ့။

ဒီတန်ဖိုး မသတ်မှတ်ထားတဲ့ နို့တစ်ခွက်ဟာ တကယ်တော့ လူနှစ်ယောက်အတွက် အပြန်အလှန် တန်ဖိုးတွေ ကြီးမားခဲ့ကြတာ သူတို့အတွက် နှစ်ပေါင်းများစွာ ကြာပြီးတဲ့ အချိန် ပြန်သိခဲ့ရတာပါပဲ။

ဒီစာလေးက မိတ်ဆွေကောင်းဆိုတာကို ဦးတည်ပြီး ပြောချင်ခဲ့ပေမယ့် အစ်ကိုတို့ ရလိုက်တာတွေ အများကြီးပါပဲ။ လူတစ်ယောက် တကယ်ငတ်မွတ်နေတဲ့အခါ၊ သူလိုအပ်နေတဲ့အခါ၊ မျှော်လင့်ချက် ကင်းကင်းနဲ့ အစ်ကိုတို့ ပေးဆပ်ခဲ့ဖူး ပါသလား။ သူ့ဆီက ဘာပြန်ရမလဲ ဆိုတာကို ကြည့်ပြီးမှ ပေးတတ်ခဲ့တဲ့ လူတွေကလည်း အများကြီးပါပဲ။ ဒါတောင် ကိုယ်ပေးရတဲ့ ပမာဏက နည်းနည်းလေးကိုပဲ ဘာပြန်ရမလဲ ကြည့်နေတာနော်။

ဘာပြန်ရမလဲဆိုတဲ့ အတွေးနဲ့ ပေးလိုက်သူတွေ အဖို့ကတော့ ရတော့ရမယ်၊ စစ်မှန်တဲ့ လူ့ဘ၀ထဲက အနှစ်သာရ မျိုးတော့ ရမှာ မဟုတ်ဘူး။

လူငယ်လေးတစ်ယောက် ရလိုက်တဲ့ နို့တစ်ခွက်မှာ ဘာတောင်းဆိုမှုမှ မပါပါဘူး။ ဒါပေမဲ့ အဲဒီ နို့တစ်ခွက်ကြောင့် ပဲ လူနာမိန်းကလေး ရသွားတာက အများကြီးပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် ထားရှိတဲ့ လူသားချင်းစာနာမှု၊ ပြီးတော့ စေတနာ၊ ကရုဏာ၊ သန့်စင်တဲ့ မေတ္တာတွေက လူ့ဘ၀ရဲ့ ကောင်းလွန်းတဲ့ အရသာတွေကို ဖြစ်ပေါ်စေတာပါလားလို့ ဒီစာစုလေးက ဆင်ခြင်မိစေပါတယ်။

နောက်တစ်ခုက လူတစ်ယောက်ကို ကိုယ်တတ်နိုင်သလောက် ပေးဆပ်လိုက်ရခြင်းကြောင့် အဲဒီ လူတစ်ယောက်ရဲ့ ဘ၀တစ်ခုလုံး ပြောင်းလဲသွားအောင် ဖြစ်စေနိုင်ပါလားဆိုတဲ့ အသိလည်း ရလိုက်တယ်။ နို့တစ်ခွက်ဟာ ဘ၀တစ်ခုရဲ့ အားသစ်ဖြစ်တယ်။ အလှည့်အပြောင်း ဖြစ်စေတယ်ဆိုတာ အဲဒီ နို့တစ်ခွက် နောက်က ကပ်ပါလာတဲ့ စေတနာ၊ အကြင်နာတွေကြောင့် ဆိုတာ ညီလေးလည်း သတိပြုမိမှာပါ။

ကိုယ်ရဖို့သာ ကြိုးစားရင်း ရှင်သန်နေရင် အဲဒီလိုလူတွေအတွက် ပြန်လာနိုင်တဲ့ သက်ရောက်မှုမျိုးဟာ ဘာလဲဆိုတာလည်း တွေးဆလို့ ကောင်းပါရဲ့။ ဘာအရောင်မှ မပါတဲ့ နို့တစ်ခွက်၊ တန်ဖိုးသတ်မှတ် မပေးတဲ့ နို့တစ်ခွက်ကြောင့်သာ ပြန်ပေးဆပ်ဖို့ မလွယ်တဲ့ ဆေးဖိုးတွေ အကုန်ကျေခဲ့ရတာပေါ့။ ဒီနို့တစ်ခွက်မှာ နားလည်မှု၊ သိတတ်မှုတွေ၊ အပြန်အလှန် စေတနာတွေ၊ လူသားဆန်မှုတွေ အကုန်ပါသွားခဲ့တာပါပဲ ညီလေးရေ။ လူတစ်ယောက်ကို တိုက်ခဲ့တဲ့ နို့တစ်ခွက်ကြောင့် လူအများ တွေးစရာတွေ ရလာပြီပေါ့ကွာ။

ညီလေးရေ.....

အစ်ကိုတို့ ဖြတ်သန်းခဲ့တဲ့ ဘ၀ထဲမှာ လူဘယ်နှစ်ယောက်ကို နို့်တစ်ခွက်စီ တိုက်ခဲ့ပြီးပြီလဲ။ အစ်ကိုတို့ နို့တစ်ခွက်စီ တိုက်ခဲ့တယ် ဆိုရင်တောင် အဲဒီနို့တစ်ခွက်မှာ ဘာမျှော်လင့်ချက်တွေ ထည့်ခဲ့သေးလဲ။ အဲဒီနို့တစ်ခွက်ကြောင့် သောက်ခဲ့တဲ့လူတွေ ဘ၀တိုးတက်တာ၊ မတိုးတက်တာ၊ အားသစ်ဖြစ်တာ၊ မဖြစ်တာထက် ကိုယ်ထားခဲ့တဲ့ စိတ်ရဲ့ သန့်စင်မှုကိုသာ တိုင်းတာကြည့်ပါကွာ။ အဲဒီအခါ အစ်ကိုတို့ တိုက်ခဲ့တဲ့ နို့တစ်ခွက်တိုင်းရဲ့သန့်စင်မှုကို မြင်ရင် ကျေနပ်၊ ကြည်နူး နိုင်မှာပါ။

အဲဒီနို့တစ်ခွက်ကြောင့် ရှင်သန်ရင်း အားသစ်ဖြစ်သွားတဲ့သူတွေ ရှိခဲ့ပြီ ဆိုရင်တော့ ပိုလို့ ကြည်နူးနိုင်ပြီပေါ့။ ပြီးတော့ ကိုယ်တိုင်ကရော နို့ဘယ်နှစ်ခွက် သောက်ခဲ့ဖူးသလဲ။ အဲဒီနို့တစ်ခွက်တိုင်းမှာရော တန်ဖိုးတွေ သတ်မှတ်ထားလား။ တုန့်ပြန်မှုကို မျှော်လင့်ခြင်းမျိုး မရှိတဲ့ နို့တစ်ခွက်တွေရော သောက်ခဲ့ဖူးလား။

ကိုယ်တိုင်နို့တစ်ခွက် သောက်ခဲ့ဖူးတယ် ဆိုရင် အဲဒီ နို့တစ်ခွက် အပေါ်မှာ ထားတဲ့ ကိုယ့်ကို နို့တစ်ခွက် တိုက်သူတွေရဲ့ အနေအထားကိုသာ မှန်းဆကြည့်ပါကွာ။ ပြီးတော့ ကိုယ်တိုင်သာ နို့တစ်ခွက် တိုက်ရသူ ဖြစ်လာရင်ရော ဘယ်လိုခံစားမှုမျိုးနဲ့ တိုက်နိုင်မှာလဲ ဆိုတာ သုံးသပ်နိုင်ပါစေ။

အစ်ကိုတို့ရဲ့ လူ့ဘ၀ထဲမှာ နို့တစ်ခွက်သောက်ပြီး ရှင်သန်တဲ့သူတွေ ရှိနေကြသလို၊ နို့တစ်ခွက်တိုက်ဖို့ မေ့နေ သူတွေလည်း ရှိနေမှာပါပဲ။ နို့တစ်ခွက်တောင် သောက်ခွင့်မရကြတဲ့ သူတွေ ရှိသေးသလို၊ နို့တစ်ခွက်ပေါင်း များစွာ တိုက်နေသူတွေလည်း ရှိသေးတာပါပဲ။

ညီလေးက ဘယ်လို နို့တစ်ခွက်မျိုး သောက်ခဲ့ပြီး ဘယ်လိုနို့တစ်ခွက်မျိုး ပြန်တိုက်ချင်လဲ ဆိုတာ ဆုံးဖြတ်နိုင်ပါစေ ကွာ။ ။

ဆူးသစ်
၂၅.၁၂.၂၀၀၈
( မှုခင်းရှုထောင့်)

Friday, February 4, 2011

"ကျွန်တော်တို့သည်" (၁၁)


ဒုတိယနှစ်၊ ရန်ကုန်စက်မှုတက္ကသိုလ် တက်တော့ L-6 မှာ။ ဒုတိယနှစ်၏ Section - B မှာ။ ကျွန်တော့်မှာ သူငယ်ချင်းတွေလည်း ပိုတိုးလာ၏။ ရှေ့မှာပြောခဲ့သော သွင်ကြီးဟုခေါ်သည့် သွင်မောင်မောင်၊ ဂျယ်ကြီးဟု ခေါ်သည့် စိုးမင်းဆက်တို့ အပြင် ပြည်စိုးဟု ကျွန်တော်တို့ ခေါ်သော ပြည်စိုးထွန်းဆိုသည့် သူငယ်ချင်းပါ ထပ်တိုးလာ၏။ မင်းဘုန်းလှိုင်က Section - A ရောက်သွားပြီး၊ ကျွန်တော်က သွင်ကြီးတို့၊ ပြည်စိုးတို့နှင့် ပိုတွဲ ဖြစ်သည်။ ထို့ပြင် 'ဘဲဥ' ဆိုသည့် ကာတွန်းရုပ်ဖြင့် အောင်မြင်သော ကာတွန်းဆရာ ကိုမောင်မောင်၏သား ဆွေဆက်ကပါ ကျွန်တော်တို့နှင့် တစ်အုပ်စု တည်း။ နောက်တော့ ဆွေဆက်သည် ကျောင်းပြောင်းပြီး ရူပဗေဒ ဘာသာရပ်ကို ပြောင်းယူ ခဲ့တော့၏။ သူက သူ့ အစီအစဉ်နှင့် သူ။

ကျွန်တော်က ကျောင်းအဆောင် မရသောအခါ ကျောင်းတက်ပြီး နှစ်လလောက်နေတော့ ကျောင်းနောက် က အပြင်ဆောင် တစ်ဆောင်မှာ ငှားနေဖြစ်ခဲ့၏။ သည်တုန်းက ကျွန်တော်တို့ ဒဂုံ၊ မြောက်ဥက္ကလာ အုပ်စုထဲက ကိုအောင်ကျော်သက်နှင့် ခင်မောင်ရွှေက ကျွန်တော်နှင့် အတူတူ အပြင်ဆောင် ငှားနေသည်။ သူတို့ နှစ်ဦးစလုံးက ကျွန်တော့်ထက် အသက်ကြီး၏။ ခင်ဖို့လည်း ကောင်းသည်။ ရိုးလည်းရိုး၊ အေး လည်း အေးကြ၏။ ကျွန်တော်နှင့် စာအတူတူ လုပ်ဖြစ်ကြသည်။

မနက်မိုးလင်း အဆောင်ကထွက်လျှင် ကျွန်တော်တို့ စုရပ်က နွေးအေး (သို့မဟုတ်) ၀ါဝါဦး လက်ဖက် ရည်ဆိုင်။ နွေးအေးကိုတော့ နွမ်ဂျာသိုင်းတို့၊ မောင်စိန်ဝင်း (ပုတီးကုန်း)တို့ ၀တ္ထုတွေ ဖတ်ဖူးသူဆို သိကြမည်။ ရာဇ၀င်ထဲက နွေးအေးဖြစ်သည်။ ဘယ်တုန်းကတည်းက စခဲ့သည် မသိ။ ၀ါဝါဦးကတော့ ကျွန်တော်တို့ နှစ်များ၏ အမှတ်တရ၊ အထင်ကရ ဖြစ်စရာ တစ်ခုတည်းသော လက်ဖက်ရည်ဆိုင်။

နွေးအေးသည် ဂျီဟော(G Hall) ဘက်ကလာလျှင် ညာဘက်အစွန်နား၊ ၀ါဝါဦးက ဘယ်ဘက် အစွန်။ စာကြည့်တိုက်၊ ကားပတ်ကင်ဘက်ကလာလျှင် ၀ါဝါဦးက ညာဘက်အဆုံး၊ နွေးအေးက ဘယ်ဘက်အဆုံး။ ကျွန်တော်တို့ ကျောင်းတက်ချိန်က ပဲထမင်း၊ မြေပဲထမင်း၊ လက်ဖက်ထမင်း စသဖြင့် ၁၂ကျပ်လောက်နှင့် ပွဲဖြစ်သည်။ မနက်ဘက်ဆို တစ်ပွဲလောက်စားပြီး ကျောင်းတက်၊ နေပေတော့ နေ့လယ်အထိ။

အဲ - လက်ဖက်ရည် သောက်ချင်လျှင်တော့ ၀ါဝါဦးက ကျွန်တော်တို့ ရင်ဘတ်ထဲ အငြိဆုံး။ နွေးအေးက ကက်ဆက်သံ မကြားရ။ ဘာလို့လဲ မသိ။ ကျောင်းဘက်နီး၍ ဖြစ်နိုင်သည်။ ၀ါဝါဦးက ကားလမ်းဘေး၊ ဘောလုံးကွင်းဘက် ကျ၍လားမသိ။ Box ကြီး အကြီးကြီးနှင့်ကို ဆော်သည်။ စာသင်၍ ခေါင်းရှုပ်လျှင် ၀ါဝါဦးက ကျွန်တော်တို့နှင့် ကိုက်သည်။ လက်ဖက်ရည်လည်း ကောင်း၏။ သီချင်းနားထောင်ပြီး အစွန်ဘက် စားပွဲလေးမှာ ဟိုငေး၊ သည်ငေး လုပ်ရင်း (ကျောင်းသူတွေလည်း ငေးခဲ့ တာပေါ့ဗျာ) ပြောချင်ရာပြော၊ ရယ်ချင်ရာ ရယ်ခဲ့၏။ စာအကြောင်း၊ ဘ၀အကြောင်း၊ အနုပညာ အကြောင်းများလည်း ပါ၏။

ထိုစဉ်က လေးဖြူ၏ 'ပင်လယ်အော်သံ' အခွေထွက်သည်။ 'အသည်းကွဲ သီချင်းသစ်' နှင့် 'အလွမ်းများ' သီချင်းများက ကျွန်တော်တို့ ရင်ဘတ်ကို ၀ုန်းခနဲ ဆောင့်၏။ ၀ါဝါဦးမှာ ကျွန်တော်တို့က ကိုလေးဖြူနှင့် ငြိမ့်သည်။ ပြီးတော့ 'အသက်ထက်ဆုံး' အခွေနှင့် အောင်မြင်ခဲ့သော 'ဗလ' က 'ယဉ်တစ်ကိုယ်မိုး' အခွေထွက်လာသည်။ ထိုအခွေထဲက 'သိချင်တယ်' ဆိုသော သီချင်းက ကျွန်တော့် အကြိုက်။ ရွှေဂျော်ဂျော် ရေးသည် ထင်၏။

နောက်တော့ မြန်မာ တစ်ပြည်လုံး အုန်းအုန်းကျွက်ကျွက် ဖြစ်ကာ ကျွန်တော်တို့ ကျောင်းထဲက လက်ဖက်ရည် ဆိုင်များမှာပင် အားလုံးလိုလို မဖွင့် မနေနိုင်၊ များသောအားဖြင့် ဖွင့်ချိန်ချင်းပင် တူတတ်သော ကက်ဆက်ခွေ တစ်ခွေ ပေါ်လာပြန်၏။ ထိုအခွေကား အခွေနာမည်နှင့် လိုက်အောင် နေရာ ယူလွန်းသော 'ဗဒင်' ၏ 'နေရာ' ခွေ။ ကောင်းလည်း ကောင်းသည်။ ကျွန်တော်တို့မှာ စာသင်၍ ခေါင်း ရှုပ်လျှင် လေးဖြူ၊ ဗဒင်၊ ဗလ တို့နှင့် ရှင်းထုတ်လိုက်သည်။ ထိုအထဲကမှ မိန်းကလေးအခွေ တစ်ခွေက ထပ်ပေါ်လာသေးသည်။ ကျောင်းက ဆိုင်တချို့ စဖွင့်လာ၏။

ကျွန်တော့် သူငယ်ချင်း ပြည်စိုးက ပြောသည်။ 'အဲဒီအခွေပေါက်လိမ့်မယ်၊ သူ့နာမည်နဲ့ အခွေ နာမည်ကိုက ပေါက်မှာဗျ' လို့ ပြောတော့ ကျွန်တော် နားမထောင်ဖူး၍ 'ဘယ်သူလဲ' ဟုမေးတော့ 'အေးချမ်းမေ တဲ့ဗျ၊ အခွေ နာမည်က ပျော်ရွှင်ခြင်းနိုင်ငံတဲ့' ဟုဆိုသည်။ တကယ်လည်း ထပေါက်ခဲ့သည်။ ပြည်စိုးစကား သွေးထွက်အောင် မှန်၏။

ထိုစဉ်က သီချင်းတွေက အပြိုင်အဆိုင်။ ကျွန်တော်တို့ ကျောင်းမှာလည်း မြိုင်မြိုင်ဆိုင်ဆိုင်နှင့်။ သည်လို အရသာများ ရှိမှတော့ Library ဆိုတာကို ခြေဦးလှည့်ဖို့ ခက်တော့သည်။ ပြီးတော့ ကျွန်တော်တို့ ကျောင်းက စာကြည့်တိုက် ဆိုသည်ကလည်း ကျွန်တော် ကျောင်းစရောက်စက ထင်ထားသလို ကျွန်တော်တို့ ဖတ်ချင်သော ၀တ္ထုများ၊ သုတ၊ ရသများ ရတာမဟုတ်။ အားလုံး Technical Book များသာ။ ကျွန်တော့် အထင်လွဲသွားတာ ကျောင်းတက်ရင်း သိလာသည့်အခါ၌ သူငယ်ချင်းများ ရံဖန်ရံခါ စာလုပ်ရန်နှင့် သင်နေရသော ဘာသာရပ်မှ လိုအပ်လျှင် စာအုပ်ငှားရန် အချိန်လောက်သာ ရောက်တော့သည်။ မိမိဖတ်လိုသော စာအုပ်တစ်အုပ်ကို တရှိုက်မက်မက်နှင့် ထိုင်ဖတ်နေရလောက်အောင် သွားချင်သည့် စာကြည့်တိုက်မျိုးဟု ကျွန်တော် မခံစားတတ်ခဲ့။ ကျွန်တော်က ဂန္ထ၀င်စာအုပ်များ၊ သုတ၊ ရသများကို ထိုစဉ်က တော်တော် ဖတ်ချင်နေခဲ့ပြီ ဖြစ်လေသည်။

ကျွန်တော်တို့သည် သူငယ်ချင်းများနှင့် ၀ါဝါဦးမှာ၊ နွေးအေးမှာ လက်ဖက်ရည်ဆိုင် ထိုင်ခဲ့ကြ၏။ ကျွန်တော်တို့ ဦးနှောက်၏ မွန်းကျပ်မှုကို ထိုနေရာများမှာ ဖောက်ထုတ်ခဲ့ကြ၏။ ကျွန်တော်တို့၏ ရင်ဘတ်များသည် အနုပညာကို ခံစားရင်း ပို၍ နီးကပ်ခဲ့ကြ၏။ ပို၍ သံယောဇဉ်ကြီးခဲ့ကြ၏။ ကျွန်တော်တို့အတွက် ထားခဲ့သော စာကြည့်တိုက်သည် ကျွန်တော်တို့ ဦးနှောက်ကို သစ်လွင်တောက် ပစေခဲ့သည့် အရာ ဖြစ်သည်ဆိုလျှင် ထို လက်ဖက်ရည်ဆိုင်များကတော့ ကျွန်တော်တို့ နှလုံးသားများကို အစဉ်ထာဝရ နုပျိုလန်းဆန်းနေစေခဲ့သည့် အရာများ ဖြစ်ခဲ့သည်ဟု ကျွန်တော် ဆိုချင်သည်။ ထိုအချက်ကို ကျွန်တော့်သူငယ်ချင်းများ ငြင်းမည် မဟုတ်သည်ကို ကျွန်တော် ယုံကြည်ပြီးသား။ ပြန်တွေးသည့် အခါတိုင်း ကျွန်တော်တို့ နှလုံးသားမှာ ၀ါဝါဦးတို့၊ နွေးအေး တို့က နွေးထွေးနေဆဲ မဟုတ်လား။ ။


ဆူးသစ်၂၀း၅၂ နာရီ
၎.၂.၂၀၁၁

Wednesday, February 2, 2011

"တရုတ်မချစ်သူ"


ဟိုတုန်းက လမ်းဘေးဗေဒင်ဆရာ သွားမေးခဲ့ဖူးသည်။ လူမျိုးခြား ရည်းစား အကျိုးပေးမည်တဲ့။ လူမျိုးခြား ရည်းစား တောင် ပြည်ကြီးတရုတ်တဲ့ဗျာ။ သည်လိုနှင့် ဖြူဖြူဖွေးဖွေး ချစ်သူဆိုတာလေးကို မြင်ယောင်ရင်း စိတ်ကူးနှင့် ရူုးခဲ့ရသည်မှာ နှစ်၊လ ကြာခဲ့၏။

တစ်နေ့မှာတော့ တရုတ်မလေး တစ်ယောက်ကို တွေ့ခဲ့ရသည်။ သူ့အလှကို စာဖွဲ့ရလျှင် နှာခေါင်းလေးက နည်းနည်း ပြား၏။ ဒါကို ခွင့်လွှတ်၍ ရသည်။ ချစ်၍ အားလုံးခွင့်လွှတ်၏။ ပါးပြင်၌ သွေးကြောများက စိမ်းဖြာ ယှက်နွယ်နေသည်။ အသားအရေက နူးညံ့ကာ လှပနေ၏။ ထိုအခါ၌ ချစ်ခြင်းသည် ရင်သို့ ရောက်လာ၏။ တစ်ခါတည်း ကြုံးဝါး အော်ဟစ်ပစ်လိုက်သည်။ ၀မ်း - တူး - သရီး ကိုယ်ချစ်သွားပြီ ဟု။ ပြီးတော့ သူမ သိအောင် ရေရေလည်လည် ရှင်းရှင်းလင်းလင်းပင် ဝေါ်အိုက်နီ ဟု ပြောပစ်မည်ဟု စိတ်ကူး၏။

သည့်နောက်မှာတော့ သူမ၏ အနီးသို့ ချဉ်းကပ်ရန် စစ်သေနင်္ဂဗျူဟာ ကျွမ်းကျင်သူ စွန်ဇူး၏ နည်းပညာများကို လိုက်လံ ရှာဖွေရသည်။ ထို့နောက် သူမ၏ ရင်ကို မှန်စေမည့် စကားလုံးများကို ထည့်သွင်းရန် တရုတ် ပညာရှင်ကြီး ကွန်ဖြူးရှပ်၏ အဆိုအမိန့်များကို ကိုးကား၍ ရည်းစားစာ တစ်စောင်ကို ရေးလေသည်။

တကယ်တော့ သူမတို့ ပြက္ခဒိန်၏ နှစ်များလို ကိုယ့်ဘ၀က ကိုးရိုးကားယား။ မှတ်မှတ်ရရ နွားနှစ်တုန်းက သူမ ခိုင်းသမျှ လိုက်လုပ်ပေးခဲ့ဖူးသည်။ ထို့နောက် ဆိတ်နှစ်၊ မြင်းနှစ်၊ မျောက်နှစ်များမှာ စိတ်ညစ်ညစ်နှင့် ဘူနေခဲ့ဖူး၏။ သည်လိုနှင့်ပင် သူမကို ပြိုင်ပြီး လိုက်ချင်သူများနှင့် ရိုက်ပွဲများ ဖြစ်ကာ ခွေးနှစ်ကို ဖြတ်ခဲ့ဖူးသည်။ နောက်ဆုံးတော့ သူမတို့ ပြောသလို မိုးနတ်မင်းကြီး မစဖို့ ဆုတောင်းခဲ့ရ၏။ ဘုံကျောင်းထဲသို့လည်း အပြေးအလွှား သွားကာ စာချခဲ့ရသေး၏။ ပြန်ရမည် ဆိုပါက သူမဆီက ရေနွေးကြမ်းလေး တစ်ခွက်အနည်းဆုံး သောက်ရဖို့တော့ မျှော်လင့်ချင်ပါသေးသည်။

သို့သော် မျှော်လင့်ချက် ဆိုသည်က ဖြစ်ချင်မှ ဖြစ်တတ်သည်လား။ သူမနှင့် ရေစက် တော်တော် ပါသည်ထင်၏။ သူမ မေတ္တာကို ရသော်ငြား ရွှေယောက်ဖနှစ်ယောက်က ကြားမှာ ကန့်လန့် ခံနေ၏။ သူတို့နှစ်ယောက်က အတွင်းအားများ သုံး၍ လှပသော ကွန်ဖူးပညာများဖြင့် ဓါးစွမ်းကို ကိုယ့်ကို မြင်တိုင်း ပြနေလေပြီ။ မည်သို့ပင် ဖြစ်စေ အချစ်သူရဲကောင်း ဖြစ်ချင်သော ကိုယ့်ဘက်က လူတိုင်း လက်ခုပ်တီးပေးကြမည်ဟု ထင်မိ၏။ အန်းကုန်းကြီးကတော့ ကိုယ့်ကို ပြုံးစိစိနှင့် ခေါင်းညိတ်ပြနေသလိုပင်။ သူမကို ချစ်ခြင်းဖြင့် ကျွန်တော်မျိုးကြီး သည် ငြိမ်းချမ်းရေးကိုသာ လိုလားပါ၏ဟု လျှောက်ထားပြီးသောအခါ အရာရာသည် အဆင်ပြေလေတော့၏။

ရွှေယောက်ဖများကို China Town ခေါ်သွား၍ သောက်ချင်သလောက် သောက်၊ မြောက်ချင်သလောက် မြောက်ဟုဆိုကာ တိုက်လိုက်ပြီး အမ်ဘောင်းအိတ်ထဲတွင် ငြိမ်းချမ်းရေး ထည့်ပေးလိုက်သောအခါ ကိုယ့် နှလုံးသားမှာ တောင်းဆိုနေသော Miss Chinese လေးနှင့် နီးစပ်ဖို့ ရာနှုန်းပြည့် သေချာသွားလေတော့၏။

ထို့ကြောင့် အားရပါးရပင် ကြုံးဝါး အော်ဟစ်လိုက်သည်။ ၀မ်း - တူး - သရီး အဆင်ပြေသွားပြီ ဟု။ စချစ်ခဲ့ ကတည်းက တိုင်တည်ခဲ့သော ကွမ်ရင်မယ်တော်ကြီး ခင်ဗျား၊ ကျွန်တော်မျိုးကြီး၏ ချစ်သူနှင့် နေသာလေသာတဲ့ နေ့မှာ လက်ထပ်ချင်လို့ ရှေ့ခရီးတစ်လျှောက် အဆင်ပြေအောင် ကူညီပါဦး ခင်ဗျား။ ရှိ - ရှဲ - နိ ပါ..........

တေးရေး၊ တေးဆို အရိုး၏ 'နေသာလေသာတဲ့နေ့' သီချင်းထဲက အကြောင်းအရာများပါ။ ဟိုစဉ်က MP3 နားထောင်ဖူး၍ ထိုအထဲက စာသားတချို့ကို ပိုနားစွဲနေ၏။ ကျွန်တော် ဂစ်တာတီးရင်း ဆိုပြခဲ့တော့ ချာတိတ်တွေ တော်တော် ကြိုက်၍ ဂစ်တာတီးတိုင်း ဆိုပြရင်း သူတို့ပါ အလွတ်ရသွားသည်။ Story ဆန်ဆန် သီချင်းမျိုး ရေးရာ၌ ကျွမ်းကျင်သော ကိုအရိုး၏ ထိုသီချင်းသည် စလုံးမှာ ရောက်နေသော၊ တရုတ်မလေးများကို ကြိုက်ချင်သော သူများ ခံစားနိုင်မည် ထင်၏။ ကျွန်တော် ကိုယ်တိုင်လည်း ထိုသီချင်းကို တော်တော် ကြိုက်၏။ ထို့ပြင် ယခု တရုတ်နှစ်ကူး အတွက်လည်း အမှတ်တရဖြစ်စေရန် တင်လိုက်ရပါသည် ခင်ဗျား။ ။


ဆူးသစ်
၂၁း၃၀ နာရီ
၂.၂.၁၁



Related Posts Plugin for WordPress, Blogger...