Monday, October 31, 2011

" နတ်များနှင့် အလုပ်ရှုပ်ခြင်း "


ကျွန်တော်သည် ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်ပါသည်။ ထို့ကြောင့် မနက်မိုးလင်း အလုပ်သွားတိုင်း လမ်းမှာ အားလုံးကို မေတ္တာပို့ပြီး သွားလေ့ရှိပါသည်။ မေတ္တာမပို့ခင် ဩကာသ ကန်တော့ခန်း၊ ငါးပါးသီလခံ၍ ပြီးမှ ပဋ္ဌာန်းအကျဉ်း၊ ဓာရဏပရိတ် တို့ ရွတ်ဖတ်ပြီး သံဗုဒ္ဓေမှစ၍ ကျွန်တော်ရသမျှ ဂါထာများကို ရွတ်လေ့ရှိပါသည်။

ထို့နောက်မှ ကျွန်တော်၏ မေတ္တာပို့သည့် အလုပ်ကို လုပ်ပါသည်။ မေတ္တာပို့ရာ၌ ကျွန်တော့်မိသားစုက စ၍ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်များ အဆုံး အကုန်ပို့ခြင်းပါ။ ဒါက မနက်ပိုင်းကိစ္စ။ သည်လိုနှင့် လုပ်ကွက်ထဲရောက်သည့်အခါ ပရိတ်ကြီး (၁၁) သုတ်နှင့် ပဋ္ဌာန်းအကျယ်ကို ရွတ်ပါတော့သည်။ တချို့နေ့များတွင် ကျွန်တော့် စိတ်က ပျံ့လွင့်နေလျှင် မနက်ပိုင်း မေတ္တာပို့သည့် ကိစ္စက လုပ်ကွက်ထဲရောက်မှ လုပ်ဖြစ်တာမျိုးလည်း ရှိပါသည်။

တစ်ခါတစ်ရံတွင် အာရုံစူးစိုက်မှု ကောင်းပါက မနက်ပိုင်း လုပ်ကွက်ထဲမရောက်မီကပင် မေတ္တာပို့ခြင်းကိစ္စ ပြီး၍ ပရိတ်ကြီး (၁၁) သုတ်ကို ဆက်ပါတော့သည်။ ပြီးမှ ပဋ္ဌာန်းကို ဆက်ရွတ်တတ်ပါသည်။ ဒါတင်မဟုတ်။ ကျွန်တော် အဓိဋ္ဌာန်ဖြင့် ရွတ်နေသော ဂါထာကိုလည်း အခေါက်ရေပြည့်အောင် ရွတ်ပါသေးသည်။ နောက်ဆုံး ကျမှ အမျှပေး၍ နတ်ပြန်ပို့ပါသည်။

ယခု ပြောချင်သည်က နတ်ပို့သည့် ကိစ္စပါ။ ကျွန်တော် ပြောခဲ့ပါသည်။ မနက်ပိုင်းမှာ ကျွန်တော်က မေတ္တာ ပို့ပါသည်ဟု။ သို့သော် စိတ်များ ပျံ့လွင့်နေသောအခါ ကောင်းကောင်းမပြီး။ မပြီးသည်ကို အလုပ်ထဲရောက်သည့် အခါ ပြန်၍ ထိန်းချုပ်၍ ရသည်။ မရသည်က မေတ္တာပို့ရင်း ဘယ်လိုက ဘယ်လိုဖြစ်၍ အမျှပေးပြီး နတ်များကို ပြန်ပါလေတော့ဟု ရောကာ ပြန်ပြန်ပို့နေမိမှန်း မသိ။ စိတ်ဆိုသည်က ခက်လွန်းသည်။ အာရုံဝင်စားသည့်နေ့ဆို ကျွန်တော့်ကို လာကြိုသောကားပေါ်တွင်ပင် ပရိတ်ကြီး ( ၁၁) သုတ် ပြီးသွားသည်။ အာရုံများမ၀င်စားလို့ကတော့ ညနေပြန်ခါနီးအထိပင် ပဋ္ဌာန်းအလှည့်ကို မရောက်နိုင်။ အပြန်ကားပေါ်မှာပင် ဆက်ရွတ်သွားရသည်။

ကျွန်တော်ပြောချင်သည်က မနက်ပိုင်း မေတ္တာပို့၍ ညနေမှသာ နတ်ပြန်ပို့ရမည့်ကိစ္စ။ စောစောက ဆိုခဲ့သလို ကျွန်တော့်အာရုံက မပြတ်သောအခါ မနက်ပိုင်း မေတ္တာပို့ပြီး ရံဖန်ရံခါ နတ်များကို ပြန်ပြန်ပို့မိနေသည်။ သဘောတရားအရ တွေးကြည့်ပါ။ ကျွန်တော်တို့ တရားစာ ရွတ်သောအခါ နတ်များလည်း နာကြသည်မဟုတ်လား။ သည်လို ပြန်ပို့မှတော့ ကျွန်တော်က ပရိတ်ကြီး (၁၁) သုတ်ရွတ်လျှင် နတ်များ တရားမနာနိုင်တော့။ ကျွန်တော့် အယူအဆပါ။

သို့သော် ပရိတ်ကြီး (၁၁) သုတ်၏ အစကို ဘာသာပြန် သိသူတိုင်း သိကြသည်။ သမန္တာ စက္က၀ါဠေသု ဆိုကတည်းက ထိုအပိုဒ်သည် နတ်ပင့်သည့်အပိုဒ်။ သည်တော့ မနက်ပိုင်း ကျွန်တော်က မေတ္တာပို့ပြီး ခပ်တည်တည်နှင့် ပြန်ပို့လိုက်သော နတ်များသည် မေတ္တာပို့ပြီး နောက်က ကပ်ပါလာသော ပရိတ်ကြီး (၁၁) သုတ်မှ နတ်ပင့်ကြောင့် မပြန်နိုင်ဘဲ အူလည်လည်နှင့် ပြန်လာကြရတော့သည်။

သည်တော့ တစ်ခါတစ်ခါ ထိုသို့မှားတိုင်း ကျွန်တော့်ဘာသာ ခေါင်းတခါခါ၊ လည်တရမ်းရမ်းဖြင့် ရှိနေလေတော့သည်။ ဘေးလူကြည့်လျှင် တစ်ခုခုမှားနေပြီဟုပင် ထင်ချင်စရာ။ ကျွန်တော်ကလည်း ကိုယ့်ဘာသာ အလုပ်ရှုပ်နေသည် မဟုတ်လား။ ပြန်စဉ်းစားလျှင် နတ်များသည်လည်း သနားဖို့ပင် ကောင်းလှသည်။

အာရုံစူးစိုက်မှု နည်းနေချိန်တွင် တရားစာ ရွတ်မိသော ကျွန်တော့်ကြောင့် ယခုပဲ ပြန်သွားဆိုပြီး ယခုပဲ ပြန်လာရလေသည်။ သူတို့တစ်တွေသာ ကျွန်တော့်ကို တည့်တည့်ပြောနိုင်မည် ဆိုလျှင်၊ သို့မဟုတ် ကျွန်တော်ကလည်း သူတို့ပြောတာ ကြားနိုင်မည်ဆိုလျှင် ပြန်ပို့ချင် ပို့လိုက်၊ ပြန်ခေါ်ချင် ခေါ်လိုက် လုပ်နေသော ကျွန်တော့်ကို ကောင်းကောင်း ကျိန်ဆဲ၍ တင်းပင်တင်းနေလောက်ပေပြီ။

ကျွန်တော်က စင်ကာပူမှာ။ သူတို့က ဘယ်ကလာမှန်းမသိ။ ရန်ကုန်က နတ်များဆို အပြန် ဘာနှင့်လိုက်မည်လဲ။ Silk Air ဆို အိုကေနိုင်သည်။ တခြားလိုင်းနှင့်ဆို မလွယ်။ လေယာဉ် နောက်ကျတာ၊ ဘာညာ ဖြစ်နိုင်သည်။ ပိုဆိုးလျှင် အထုပ်ပါ ပျောက်နိုင်သည်။ အခန့်မသင့်၍ ဟိုရောက်လျှင် နောက်ကျသောကြောင့် ကြားကားနှင့် မိချင်မိဦးမည်။ အမေရိကားဘက်ပြန်မည့် နတ်များကျတော့ ဈေးက တနင့်တပိုးပေးရမည်။ ဂျပန်ဘက်လည်း ဈေးကြီး၏။ အင်္ဂလန်ဘက်က နတ်များကျတော့ ပရီးမီးယားလိဂ် မီလျှင် အိုကေလေမလား မပြောတတ်။ ကချင်ပြည်နယ် မြစ်ဆုံက လာသော နတ်များကတော့ စင်ကာပူမှာပင် စတေး(Stay)လျှောက်၍ နေတော့မလား မပြောတတ်။ ပြန်သွားလိုက်၊ ပြန်လာလိုက် သူတို့က ဘယ်လုပ်ချင်ပါ့ မလဲလေ။

လျှောက်တွေးကြည့်မိခြင်းပါ။ တကယ်တော့ သူတို့က တန်ခိုးရှိသည်။ သူတို့ဘာသာ သွားနိုင်၊ ပြန်နိုင်သည်။ ကိုယ်က မြင်ရတာမဟုတ်။ သို့သော်လည်း သူတို့တစ်တွေသည် ကိုယ့်ကြောင့် ခဏခဏ အလုပ် ရှုပ်နေကြမည်ကို တွေးရင်း ကိုယ်လည်း နတ်များနှင့် အလုပ်ရှုပ်နေသူတစ်ဦးပါလားဟု တွေးမိပါသေးသည်။ ။

သားလတ်
၂၂:၂၇ နာရီ
၃၁.၁၀.၂၀၁၁



Thursday, October 27, 2011

" အိမ် "


လူတိုင်းမှာ နေစရာအိမ်ဆိုတာ ရှိကြတယ်လို့ ကျွန်တော်ယူဆပြီး ဒီအတွေးလေးကို ပြောကြည့်တာပါ။

ကျွန်တော်တို့ ငယ်ငယ်က အမေ့အိမ်မှာ နေခဲ့ကြတယ်။ ကျောင်းသွားတယ်။ ပြန်လာတယ်။ စားတယ်။ ကစားတယ်။ ညအိပ်မယ်။ ဒါတွေက သာမန်တွေပဲလား။ ကျွန်တော်တို့ အတွေးမှာ အိမ်ဆိုတာ ဘာမျှမဟုတ်ခဲ့ဘူး။ အိမ်မှာ လိုချင်တာရမယ်။ အဖေရှိတယ်။ အမေရှိတယ်လေ။ ကျွန်တော်တို့ အိမ်မှာ ကျွန်တော်တို့လိုအပ်တာတွေ အကုန်ရှိနေတယ်လို့ ခံစားခဲ့ရတယ်။ တကယ်တော့ အဲဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေတဲ့ မိဘတွေ ရှိနေတာ ကျွန်တော်တို့ မသိခဲ့တာပါ။

ကျောင်းမှာ စာသင်ရတဲ့အခါ အိမ်ပြန်ချိန်ဆို သိပ်ပျော်ကြတယ်။ အိမ်မှာ ဘာရှိလဲ မသိခဲ့ပါဘူး။ တစ်ခါတစ်ခါတော့လည်း အိမ်ကနေ အဝေးကိုသွားခဲ့တယ်။ အမျိုးတွေဆီ သွားလည်တယ်။ သူငယ်ချင်းတွေအိမ်မှာ နေတယ်။ ခင်မင်ရာအိမ်မှာ ခဏအိပ်တယ်။ အဲဒီအချိန်တွေမှာ အိမ်ကို ခွဲလို့ရခဲ့ဖူးတယ်။ ဒါပေမဲ့ ဒါဟာ ယာယီပါ။ ဘယ်လိုပဲ နေရ၊ ဘယ်မှာပဲ အိပ်ရ၊ ဘယ်ကိုပဲ သွားရ၊ ငယ်ငယ်က နေခဲ့ဖူးတဲ့ အိမ်၊ ဒီနေ့အထိ နွေးထွေးနေဆဲ အိမ်ဆိုတာ အဖေရယ်၊ အမေရယ် ရှိတဲ့အိမ်ပဲလို့ ခံစားနေရတယ်။

အဆောင်မှာလည်း နေခဲ့ဖူးတယ်။ လိုတာ အဆင်သင့်မရနိုင်ခဲ့ပါဘူး။ ငွေရှိမှပဲ နေလို့ကောင်းခဲ့တာလေ။ ဒီလိုပဲ ကျောင်းသားဘ၀ကျော်လို့ အလုပ်ထဲ ရောက်တော့ရော။ ရုံးမှာလည်း အိပ်ခဲ့တာပဲ။ နယ်ရုံးတွေမှာလည်း ခဏသွားအိပ်ခဲ့ဖူးတယ်။ အဆင်မပြေခဲ့ပါဘူး။ ခဏတော့ ပျော်ရတာပေါ့။ ကိုယ့်လိုလုပ်ဖော်ကိုင်ဖက်တွေလည်း ရုံးမှာရှိကြတယ်လေ။ ဒါပေမဲ့ သူတို့နဲ့ရော အမြဲနေလို့ ဖြစ်ခဲ့တာလား။ ကိုယ့်အိမ်မှာ နေသလိုတော့ ဘယ်ဖြစ်ပါ့မလဲလေ။

တစ်ခါတစ်ခါ နယ်တွေသွားရင်း မထင်မှတ်တဲ့ ခရီးလမ်းပန်း အခက်အခဲတွေကြောင့် အဲဒီ အရပ်မှာ သောင်တင် ခဲ့ရင် အိမ်ကို လွမ်းလိုက်တာလေ။ အဖေနဲ့ အမေက စိတ်ပူလို့ ပိုယူသွားခိုင်းတဲ့ ငွေလေးကို အလကားနေရင်း ကုန်သွားမှာစိုးလို့ နှမြောနေခဲ့မိသေးတာ။ ကိုယ်တိုင် ဒုက္ခရောက်မှာစိုးလို့သာ မဖြစ်ဖြစ်အောင် နေခဲ့၊ သုံးခဲ့ရတာပေါ့။ တကယ်တော့ သူစိမ်းတွေကြားမှာ ဘယ်လောက်ကြာကြာ နေနိုင်ပါ့မလဲ။

အခုကျတော့ရော။ စိမ်းတာမှ တော်တော်ကို စိမ်းသွားတဲ့ သူတွေချည်းပဲ။ ကိုယ့်ပြည်တွင်းမှာကမှ သူစိမ်းပေမယ့် စကားတော့ပြောလို့ ရသေးတယ်။ နိုင်ငံခြားဆိုတဲ့ အရပ်မှာက ဘယ်သူ့ကို ဘာပြောရမှန်းမသိလို့ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ငြိမ်နေခဲ့ရတဲ့ အချိန်တွေကလည်း များသား။ ခဏနေရတဲ့ အိမ်မှာ ပိတ်ရက် နားမယ်ကြံရုံရှိသေး အဲဒီနေ့ အလုပ်ဆင်းရမယ်တဲ့။ ဒီလိုနဲ့ အလုပ်က အိမ်ဖြစ်နေတာ ကြာပေါ့။

တစ်ခါတစ်ခါ အိမ်ကိုများ လွမ်းမိရင် ဘယ်လိုနေရမှန်း မသိအောင်ပါပဲ။ ဒါတောင် ဇနီးသည်က ပိုလွမ်းတတ်လို့ ကိုယ့်အလွမ်းကို သိုသိုဝှက်ဝှက်နဲ့ ညင်ညင်သာသာ ဖွဖွလေး လွမ်းရတာ။ သူသိရင် သူကလည်း နဂိုကတည်းက အိမ်လွမ်းတတ်သူမို့ ပိုဆိုးသွားမှာ စိုးလို့ပါ။ တကယ်တော့ လင်ရယ်၊ မယားရယ် အတူ ရှိနေတာ။ နေပျော်စရာပေါ့။ ဒါပေမဲ့ သူလည်း အိမ်ကိုလွမ်းသလို ကိုယ်လည်း အိမ်ကိုလွမ်းတတ်တာပါပဲ။

အိမ်မှာ ပိတ်ရက်ဆို အမေက အသုပ်တို့၊ မုန့်ဟင်းခါးတို့ လုပ်ကျွေးတတ်တယ်။ ညဘက်ဆို ညီအစ်ကိုတစ်တွေ ဘောပွဲမှာ။ ပြန်လာရင် သူ့အသင်း၊ ကိုယ့်အသင်း ဝေဖန်လို့ လေနဲ့ ဘောကန်ကြ။ အဖေနဲ့ဆို အိမ်မှာ ကျွန်တော်က စာအကြောင်း၊ ပေအကြောင်း ဆွေးနွေးလို့ပေါ့။ ပြီးတော့ သိပ်ချစ်စရာကောင်းပြီး ကျွန်တော်ကိုယ်တိုင် နာမည်တွေ ပေးထားခဲ့တဲ့ တူလေးနဲ့ တူမလေးကလည်း အိမ်မှာ ဆည်းလည်းလေးတွေလိုလေ။

ခုချိန်မှာ ကျွန်တော်က ချစ်ဇနီးနဲ့ ကိုယ့်လမ်းကိုယ်လျှောက်နေပါပြီ။ ဘာလို့ အိမ်ကို တွေးမိတာလဲ။ ကျွန်တော် အခုနေနေတာလည်း မိသားစုဆန်တဲ့ အိမ်လေးနဲ့ပါ။ တစ်ခုတော့ရှိတယ်။ ကျွန်တော့်အတွက် အိမ်ဆိုတာက လောလောဆယ်မှာတော့ အလုပ်ကြောင့် ကျောချစရာ တစ်နေရာလို ဖြစ်ဖြစ်နေပါတယ်။ ဇနီးသည်လည်း အတူတူပေါ့။

ဒါဆို ကျွန်တော်တွေးမိနေတဲ့ အိမ်ဆိုတာ အဖေနဲ့အမေရှိလို့လား။ ညီအစ်ကိုတစ်တွေ ရှိလို့လား။ ကျွန်တော့်တူ၊ တူမလေးတွေ ရှိလို့လား။ ကျွန်တော့်ဘေးမှာ ရှိတဲ့ ဇနီးသည်လည်း အဲဒီလို စဉ်းစားနေမလား။

ကျွန်တော်ထင်တာ ပြောကြည့်ပါဦးမယ်။ ကျွန်တော်တို့တစ်တွေ အိမ်ကို လွမ်းတာ အဲဒီမှာ ရှိနေတဲ့ အေးမြတဲ့ မေတ္တာကြောင့်လို့ ကျွန်တော်ထင်တယ်။ တခြားမဟုတ်ပါဘူးဗျာ။ မိသားစုရဲ့မေတ္တာလေ။ ကျွန်တော်လို အဝေးရောက်နေတဲ့ လူတစ်ယောက်အဖို့ ကန္တာရထဲက စမ်းရေအိုင်လို တောင့်တနေမိတာ အဲဒါပါ။ ငယ်ငယ်က အဝေးရောက်ရင်၊ ကျောင်းတက်ရင် အိမ်ပြန်ချင်တယ်ဆိုတာလည်း အဲဒီ မေတ္တာတွေကြောင့်ပါလို့ ခုတော့ သိလာခဲ့ရပြီလေ။

ဘယ်လိုပဲ ဖြစ်ဖြစ် လောလောဆယ်မှာ ကျွန်တော်နဲ့ဇနီးသည်က ကျွန်တော်တို့ရဲ့ ဘ၀တွေကို အဲဒီမေတ္တာတွေရဲ့ အဝေးမှာ ခဏ မြှုပ်ထားတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ အနာဂတ်အတွက် ဆက်လျှောက်နေရတယ်။ တစ်ချိန်မှာတော့ ကျွန်တော်ထင်တယ်။ နွေးထွေးတဲ့ မေတ္တာတွေရှိတဲ့ အိမ်လေးထဲမှာ ကျွန်တော်တို့တစ်တွေ တစ်ခါပြန်နေခွင့် ရမယ်လို့လေ။

ကျွန်တော့်လိုပဲ အိမ်နဲ့အဝေးကြီးမှာ ရောက်နေသူတွေကရော။ မိသားစုရယ်၊ မိဘတွေရယ်၊ သူတို့ဆီက ရတဲ့ မေတ္တာဆိုတာ တကယ်ကို အေးမြတယ်ဆိုတာကို သူတို့လည်း ကျွန်တော့်လို ခံစားနေမိလိမ့်မယ် ထင်ပါတယ်ဗျာ။ ။

ဆူးသစ်
၁၉:၅၈ နာရီ
၂၇.၁၀.၂၀၁၁

[ ကျွန်တော့်ဘလော့၏ တစ်နှစ်ပြည့်ပြီးချိန်တွင် စာအသစ်များ ပေးရန်ရည်ရွယ်ထားခဲ့ရာမှ ယခု ပထမဆုံး "ကျွန်တော့် အတွေးများ"ကို စတင်ရေးသားခဲ့မိရာ ဘလော့ချစ်သူများ ဖတ်ရန် တင်ပြလိုက်ပါသည်။ ]



Sunday, October 23, 2011

" ကျင်လည်ရာ "


ခြောက်နှစ်တာကာလ
ဟိုမှဒီမှ၊ လာကြသွားကြ
စားကြနားကြ၊ လှောင်ကြပြောင်ကြ
မှတ်ကြကျက်ကြ၊ ကာလများစွာ
မေ့စရာမရှိ၊ ထာဝရသတိရစရာ။

တစ်နှစ်တစ်နှစ်ရဲ့လူဦးရေ
ယောက်ျားလေးတွေက ခြောက်ရာကျော်
မိန်းကလေးတွေက တစ်ရာကျော်နဲ့
စိုပြည်ကာ ပျော်စရာကောင်းတဲ့ အနောက်အလောင်ဟာသများ
[ဪ-သူတို့တွေဟာ နောင်တစ်ချိန်မှာတော့ ]
တောက်ပြောင်သော ကာလများ ပိုင်ဆိုင်မယ့်သူတွေလေ။

ယောင်တောင်တောင် ပထမနှစ်
စာတွေကိုချစ်ရတဲ့ ဒုတိယနှစ်
ပြီးတော့ မေဂျာရဲ့လေးနှစ်ခရီး
'အီလက်ထရောနစ်'၊' လျှပ်စစ်'' စက်မှု'
'ဗိသုကာ''ချည်မျှင်'
စိတ်ပျက်ချင်စရာ စာသင်နှစ်တွေကို ဖြတ်ရင်း
'သတ္တုတူးဖော်ရေး'နဲ့' ရေနံ'၊' လေကြောင်းအင်ဂျင်နီယာ'နဲ့' မြို့ပြ'
'သတ္တုဗေဒ'နဲ့' ဓာတု'
အခက်တွေကို မမှုသလိုနဲ့
စက်မှုတက္ကသိုလ်ရဲ့ စာသင်နှစ်တွေထဲ
အားခဲကာ ဖြတ်သန်းခဲ့ကြဖူးမှာပေါ့။

'စာကြည့်တိုက်'' ဩဘာလမ်း'
ပြောကာလွမ်းရတဲ့ အချိန်ကာလ
'နွေးအေး' '၀ါဝါဦး' စတဲ့ စားသောက်တန်းတွေနဲ့
'လုံးဝခေသူမဟုတ်'ပါတဲ့
YIT ကျောင်းသား ပန်းချီရုပ်လေးကိုလည်း အမှတ်ရ
ချိုဆိမ့်ပေါ့ကျ အပူအအေးတွေလည်း တမ်းတလို့
ဟိုတစ်ခါက ကာလတွေ မှတ်မိနေကြမှာပါပဲ။

ကုက္ကိုပင်ကြီးတွေ အောက်က ခုံတန်းလျားတွေ
ပျောက်ကွယ်သွားပြီး ချောင်ထဲမှာရှင်နေတဲ့
တချို့သော စွယ်တော်ပင်တွေ
ငု၊ ပိတောက်၊ စိန်ပန်း၊ ယူကလစ်နဲ့
ပုဏ္ဍရိက်တန်းညီညီတွေ
ဟောလ်ခန်းမကြီးနဲ့ MCR, LCR
သီးသန့်စာသင်ဆောင်များနဲ့ သီရေတာတွေ
ဟိုးရှေးအတီအတေကနေ ခုထက်ထိ
တည်ရှိနေလို့ ဘယ်သူမေ့နိုင်မလဲ။

စဥ့်ကူ၊ အင်းလေး၊ ဇီဝက၊ ဒူးယား၊ ပုပ္ပါးနဲ့
အေကနေ အက်ဖ်အထိ ယောက်ျားလေးဆောင်တွေ
သဇင်နဲ့ ဂျီဟောလ်ဆိုတဲ့ မိန်းကလေးဆောင်တွေ
ကံ့ကော်ပင်တွေ အစီအရီနဲ့
တစ်နယ်စီကလာသူတွေလည်း
အမြဲတမ်းသတိရ အမှတ်ရစရာဖြစ်
ကျောင်းပြီးတဲ့ကာလတိုင်း အသစ်ဖြစ်နေမယ်ထင်ပါရဲ့။

ပါချုပ်၊ ဒုပါချုပ်၊ မော်ကွန်းထိန်း
ဋ္ဌာနမှူး၊ ကထိက၊ လက်ထောက်ကထိက
သရုပ်ပြ၊ ကျူတာ၊ လက်တွေ့ဆရာ ဆရာမနဲ့
ဋ္ဌာနတွေက ၀န်ထမ်းတွေ အသီးသီး ပြောင်းလဲ
ကျောင်းကြီးထဲ ဝေလိုက်ကြွေလိုက်နဲ့သစ်ရွက်လို
ကျောင်းသူကျောင်းသားတွေလည်း ပြောင်းလဲခိုက်
အဟောင်းတွေကစွန့်ပစ်၊ အသစ်တွေကချစ်ခင်
သည်လိုနဲ့ နှစ်စဉ် နှစ်စဉ်
အင်ဂျင်နီယာတို့ ကျင်လည်ရာ ကျောင်းတော်ကြီး
အပေါင်းအဖော်တွေနဲ့ မငြီးတမ်းခရီးနှင်မြဲပေါ့လေ။ ။

သားလတ်
၃၁.၇.၁၉၉၄

[ ကျောင်းတက်နေတုန်းက ရေးထားတဲ့ ကဗျာလေးပါ။ အခု Facebook မှာ Friends of YTU 2000 ဆိုတဲ့ Page တစ်ခုလုပ်လိုက်ပြီးတဲ့နောက် သူငယ်ချင်းတွေနဲ့ ကျောင်းကို သတိရစိတ်နဲ့ ပြန်ဖော်ပြီး ခံစားလိုက်တာပါ။]

Friday, October 21, 2011

" ဘာလဲကွ Communication "


ကျွန်တော် စင်ကာပူကို စရောက်တော့ ယခုလက်ရှိလုပ်နေသော ကုမ္ပဏီ၏ ရုံးချုပ်မှာ အလုပ်စလုပ်ရသည်။ လူမျိုးများက စုံလို့။ မြန်မာ၊ အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်။ စရောက်ရောက်ချင်းဆိုတော့ ကျွန်တော့် အင်္ဂလိပ်စာကလည်း နည်းနည်းထောက်ထောက်နေသည့် အချိန်။ ကိုယ့်ဘာသာ အားနည်းတာတော့သိ၏။

သို့သော် လုပ်ငန်းသဘောအရ ကျွန်တော်ကဦးဆောင်၍ မနက်ဘက် အလုပ်သမားများနှင့် အစည်းအဝေးမှာ၊ Project progress အစည်းအဝေးမှာ ဆွေးနွေးရသည်များ ရှိလာသည်။ တစ်ခါတစ်ခါ ပြောနေရင်းနှင့်ကို မဆီမဆိုင် ' ပြီးတော့' တို့၊ ' ဟုတ်တယ်' တို့ ဆိုပြီး ကိုယ့်မြန်မာစကားများ ယောင်သွားတတ်သည်။ တစ်ဖက်က နားမလည်၍ ကြောင်တောင်တောင် ကြည့်နေခါမှ ဪ-ငါမှားနေပါလား ဆိုပြီး သတိဝင်သည်။ ကိုယ့်ဘာသာကိုယ်တော့ သတိပိုထားရ၏။

နောက်တော့ အလုပ်သမားများကြားမှာ ကြာလာသောအခါ သူတို့တစ်တွေ တစ်ယောက်နှင့်တစ်ယောက် ဘယ်လိုများ ဆက်သွယ်ပြောဆိုနေပါလိမ့်ဟု တွေးပြီး စူးစမ်းကြည့်သည့်အခါ သူတို့လည်း သူတို့ဘာသာ သူတို့တော့ ဟုတ်နေလေသည်။

တစ်ခါများဆို ရုံးချုပ်က စတိုမှာ ဘကုန်းတစ်ယောက်နှင့် တရုတ်တစ်ယောက် စကားတွေ အကြီးအကျယ် များနေသည်။ ကျွန်တော်က Safety ဖြစ်၍ ရန်ဖြစ်လျှင် တားဆီးပေးရန် အနားသွားသောအခါ စတိုကိုင်သည့် ကုလားလေးက လက်ကာပြသည်။ ကျွန်တော်က ရန်ဖြစ်နေတာလား ဟု မေးတော့ ကုလားလေးက မဟုတ်ဘူးဟု ဆိုပြီး နားထောင်နေသည်။

သူကသာ နားထောင်နေသည်။ ဘကုန်းက ဘကုန်းလိုပြောပြီး တရုတ်က တရုတ်လိုတွေ ပြောနေသည်။ သူ့ဘာသာသူတော့ အဆင်ပြေနေ၏။ နောက်တော့ ကုလားလေးကပါ ကုလားလို ၀င်ပြောသည်။ လက်ဟန်ခြေဟန်များ ပါလာ၏။ ခဏနေတော့ ပြီးသွားသည်။ ဘာမှန်းလည်း မသိ။ ကျွန်တော်လည်း သဘောကျကာ အူလည်လည် ဖြစ်ပြီး လှည့်ထွက်ခဲ့တော့သည်။ ဘာမျှမဖြစ်သော ကိစ္စမို့ ဘာမျှလည်း မမေးချင်တော့။ သူတို့ဘာသာ သူတို့ အဆင်ပြေလျှင် ပြီးရော သဘောထားကာ လွှတ်ပေးလိုက်၏။ မေးလျှင်ရော။ သူတို့က အင်္ဂလိပ်စကား မပြောတတ်။ ကျွန်တော်က သူတို့စကားလည်း မတတ်။ သည်တော့ ကျွန်တော်သာ မူးသွားနိုင်၍ ရှောင်လိုက်သည်က အကောင်းဆုံး မဟုတ်လား။

သည်အဖြစ်အပျက်လေးက ရုံးချုပ်မှာတုန်းက တကယ့်ကို အမှတ်တရ။ သည်ကတည်းက Communication ဆိုသည်ကို တွေးနေမိခဲ့သည်။

နောက်တော့ Jurong Island ကိုရောက်ခဲ့၏။ ကျွန်တော့်မန်နေဂျာက 'အဲဒီမှာ မြန်မာအများကြီးပဲ။ မြန်မာ Safety လိုနေလို့ မင်းကိုပို့တာ' ဟု ဆို၏။ ကောင်းပါသည်။ ကိုယ့်လူများတော့ ကိုယ်နိုင်အောင်ထိန်းနိုင်မည်ပေါ့။ ဘာသာစကားလည်း ပြဿနာ မရှိနိုင်တော့။

သို့သော်လည်း အလုပ်လုပ်ပြီးမှ မြန်မာကို မြန်မာချင်းထိန်းရသည်က ပိုခက်သည်ကို ကျွန်တော့်ကိုယ်တွေ့ သိခဲ့ရလေသည်။ ထားပါတော့။ နောက်ကြုံမှသာ ထိုအကြောင်းများ သတ်သတ်ရေးပါဦးမည်။ ယခုက ဘာသာစကားကိစ္စ ပြောချင်၍ပါ။

ကျွန်တော်တို့ Project မှာ Big lorry နှင့် Small lorry ဆိုပြီး ရှိရာ အကြီးကို အဆောင်နေ အလုပ်သမားများ ကြိုဖို့ရန် ထားထား၏။ ထိုလော်ရီ အကြီးမှာ လုံခြုံရေးဂိတ်အပြင်တွင် အလုပ်သမားများကိုချ၊ ထို့နောက် ဂိတ်ကိုဖြတ်ပြီး အလုပ်သမားများကို အတွင်းမှ စောင့်၍တင်ရ၏။ တစ်ခါသော် မြန်မာ အလုပ်သမားလေး တစ်ယောက်က သူ့သူငယ်ချင်းတစ်ယောက် ကျန်နေသေး၍ ကားဒရိုင်ဘာကို လှမ်းအော်ပြောလိုက် သည်ကို ကြည့်ပါဦး။

" Please wait, ဟိုမှာ one man waiting "

ရုတ်တရက် နားထောင်လိုက်လျှင် ဟုတ်သလိုလိုတော့ ရှိ၏။ သို့သော် သေသေချာချာနားထောင်မှ သူ့စကားမှာ မြန်မာလိုပါ ညပ်နေ၏။ ကားဒရိုင်ဘာက နားတော့လည်သည်။ ဆိုလိုရင်းကို သိ၏။ သို့သော် မြန်မာအလုပ်သမားလေးတချို့က ရယ်နေလေသည်။ ပြီးတော့ ထိုတစ်ယောက် ကားပေါ် တက်လာမှ ၀ိုင်း၍ စကြတော့၏။

" ဟေ့ကောင်တွေ။ ကြားဖူးလား။ ဟိုမှာ one man waiting တဲ့။ ဟား...ဟား.....ဟား "

ခုန ပြောခဲ့သည့် အလုပ်သမားလေးကား ရှက်ကိုးရှက်ကန်းနှင့်။ သူ့စကားသူ သိသွားပြီကိုး။

နောက်တစ်ခါကျတော့လည်း ထိုတစ်ယောက်ပင်။ ဘကုန်းလေးတစ်ယောက်က သူ့ထက်အသက်ကြီးသော ရည်းစားရှိသည်ကို သူတို့သိသွား၍ စကြ၊ နောက်ကြ၏။ သူပြောသည်ကို ကြည့်။

" Same as your mother, ကန်တော့ ကန်တော့ "

ပြီးရော။ ကျွန်တော်တို့ မြန်မာများက သိပြီး ရယ်ကြသည်။ သို့သော် ကျွန်တော်တို့ကသာ ရယ်နေသည်။ ဘေးက နားထောင်နေသော ဘကုန်းများ၊ ကုလားများက ခေါင်းတွေ ညိတ်နေသည်။ သူတို့ချင်းကျတော့ အိုကေသား။ ကိုယ့်ထက် အသက်ကြီးသူကို ကြိုက်မိ၍ ညဘက်ဆို အမေလို သဘောထား၊ ကန်တော့ရမည် ဆိုခြင်းကို သူတို့၏ Communication နှင့် သူတို့နားလည် သွားကြလေသည်။

နောက်တစ်ယောက်ကျတော့ တစ်မျိုး။ သူက ကျွန်တော့်ထက် အသက်နည်းနည်း ကြီးသည်။ ဘောလုံးပွဲ လောင်းသည်ရော၊ ကြည့်သည်ရော ၀ါသနာပါ၏။ သည်သို့ဖြင့် သူ့ကို တခြားသူ တစ်ယောက်က ဘာရယ်မဟုတ်။ ဘောပွဲ မည်သည့်နေရာမှာ ကြည့်သလဲဟု မေးကြည့်သည်။ သူပြောသည်ကို ကြည့်ပါဦး။

" အမ် စီ ဒေါ်နယ် မှာ ကြည့်တယ်လေ " တဲ့။

ကျွန်တော်တို့အားလုံး နည်းနည်းတော့ ကြောင်သွားသည်။ ဘာလဲဟ ဆိုပြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။ သူက ဆက်ပြောသည်။

" ကော်ဖီသောက်ရင်း ဘောပွဲကြည့်ရတာပေါ့ဗျာ "

သူ သည်လိုပြောမှ ကျွန်တော်တို့ သဘောပေါက်တော့သည်။ သူပြောချင်သည်က မက်ခ်ဒေါ်နယ် ပါ။ စာလုံးပေါင်းကိုက အမ် စီ ဟု ဖော်ပြထားသောအခါ သူက ထိုအတိုင်း ထွက်လိုက်တာဖြစ်သည်။ ပြီးရော။ ကျွန်တော်တို့ ပညာရလိုက်သည်။

တစ်ခါ တစ်ခါတော့ ကျွန်တော်တွေးမိပါသည်။ လူတွေမှာ ကိုယ်ကျင်လည်ရာ၊ ကျင်လည်ရာ ဆိုသလို အသိုင်းအ၀ိုင်းများ ရှိကြသည်။ နိုင်ငံခြားမှာတော့ အင်္ဂလိပ်စကား တွင်တွင်သုံးရ၍ သူ့နေရာနှင့်သူ အဆင်ပြေသလို သုံးကြရသည်။ ထိုသို့သုံးကြရသူများကြား သူတို့ကတော့ သူတို့အနေအထားနှင့် သူတို့ အဆင်ပြေနေလေသည်။

တကယ့်သူတင်ကိုယ်တင် ဆွေးနွေးရသော အစည်းအဝေးများလို အင်္ဂလိပ်စကား အကြီးကြီးများ ပြောစရာ မလိုသည့် သူတို့ကြားက Communication ကား တစ်မျိုးတစ်ဖုံ ဆန်းသစ်နေသည်ကတော့ အမှန်ပင် ဖြစ်ပါတော့သည်။ Communication ဟု ဆိုကာ စကားလုံး အကြီးကြီးများကို သူတို့ကြားတော့ လာမပြောပါလေနှင့်။ ' ဘာလဲကွ Communication ' ဟု အပြောခံရ သွားနိုင်ပါသည်။ ။

ဆူးသစ်
၂၀:၃၁ နာရီ
၂၁.၁၀.၂၀၁၁



Friday, October 14, 2011

" ဂိမ်း (Game) "


ကျွန်တော့်မှာ တစ်ခါတစ်ရံ Pressure တို့၊ Stress တို့၊ Tension တို့ များလာသည့် အချိန်များ ရှိလျှင် ဂိမ်းလေးဘာလေး ကစားတတ်သည်။ iPhone ဂိမ်းများကို ကစားခြင်းပါ။

ထုံးစံအတိုင်း ယောကျာ်းလေးဆိုတော့ ပစ်တာခတ်တာ ၀ါသနာပါ၏။ မူလက Bakery Story၊ Farm Story၊ City Story၊ Tap Zoo စသော ဂိမ်းများကို ကစားခဲ့ဖူးသော်လည်း နောက်တော့ ထိုဂိမ်းများက ဆွဲဆောင်မှု မကောင်းတော့။ ထို့ပြင် ကျွန်တော်မကြိုက်သည့် တစ်ချက်က သူတို့က နေ့တိုင်းဝင်၍ ကစားရသည်။ ဥပမာ- Bakery Story မှာ မိမိက မုန့်တစ်ခုလုပ်ထားပြီး ထိုမုန့်ကျက်မည့် အချိန်မှာ ၀င်ကစား၍ ပြန်ရောင်းရသည်။ မရောင်းလျှင် ထိုမုန့်က အချိန်ကြာသည်နှင့်အမျှ ယင်နားကာ လွှင့်ပစ်ရတော့သည်။

Farm Story ဆိုလျှင်လည်း မိမိစိုက်ထားသော သီးနှံကို အချိန်မီ ရိတ်သိမ်းရသည်။ မရိတ်သိမ်းလျှင် အကုန် ပုပ်ပွ၍ ပျက်စီးသွားသည်။ သည်တော့ တစ်ခါစထားပြီးလျှင် မိမိဘာသာ သတိထားရတော့သည်။ ကိုယ့်ဘာသာကိုယ် ဂိမ်းနှင့် ချည်နှောင်ခံနေရသည့်သဘော။ စိတ်အပန်းဖြေချင်၍ ၀င်ရသည်နှင့် မတူတော့။ ကစားရသည်နှင့် မတူ။ တာဝန်တစ်ခုပေးထား၍ နေ့စဉ်ဝင်လုပ်နေရသလို ဖြစ်လာသည်။

သည်လိုနှင့် အဆိုပါဂိမ်းများကို ဖျက်ပစ်ကာ အပစ်အခတ်ဘက်လှည့်ကြည့်၏။ Contract Killer တဲ့။ ကျွန်တော်သဘောကျသော ဂိမ်းတစ်မျိုး။ လူတစ်ယောက်က နောက်ကွယ်ကနေ ကစားသူကို စာချုပ်ဖြင့်ခိုင်းနေသည်။ သည်လူကို သတ်ပေးပါ။ သည်လူသည် လူဆိုးဂိုဏ်းနှင့် အဆက်အသွယ်ရှိသည်။ မကောင်းတာလုပ်သည်။ စသဖြင့် ညွှန်ကြားချက် အပြည့်ပေး၏။

လူဆိုးဟု သိရသောအခါ သတ်ရသည်မှာ တော်တော် ပေါ့ပေါ့ပါးပါး ရှိသည်။ ကစားသူဘက်ကို အသံတိတ်ရိုင်ဖယ် ပေးထားသည်။ ကျည်ဆံကို မိမိဘာသာ ၀ယ်ရသည်။ လူဆိုးတစ်ယောက်ကို သတ်ပြီးလျှင် ငွေလည်းရသလို နောက်တစ်ဆင့်တက်ဖို့အတွက် အမှတ်တွေလည်း တက်သည်။

သည်လိုနှင့် ကျွန်တော်ကစားလာသည်မှာ လချီခဲ့၏။ နောက်တော့ Facebook သုံးပြီး သိပ်မကြာခင်မှာပင် Facebook ကို ထိုဂိမ်းက လင့်ချိတ်ထားသကဲ့သို့ Facebook ထဲမှ သူငယ်ချင်းများကို ဂိမ်းကစားဖို့ Invite လုပ်နိုင်၏။ သို့သော် iPhone ရှိသူမှသာ ပိုအဆင်ပြေမည်ဖြစ်ရာ ကျွန်တော်မည်သူ့ကိုမျှ Invite မလုပ်ခဲ့။

သည်လိုကစားလာရင်းမှ နောက်တော့ ကျွန်တော့်ဆီကို စိတ်အနှောင့်အယှက် ဖြစ်စရာတစ်ခုက စ၀င်လာသည်။ တခြားတော့ မဟုတ်။ ကစားသူကို သတ်ခိုင်းသော ညွှန်ကြားချက်တွင် သတ်ရမည့်သူများက Facebook ထဲက လူများ၏ နာမည်များ ဖြစ်လာသည်။ သိကြသည့်အတိုင်း မည်သူမဆို သူတို့၏ Facebook တွင် သူတို့နှင့် ရင်းနှီးသူများသာ ရှိကြသည်။ ( လာသမျှ ဖိတ်ခေါ်မှုတိုင်းကို လက်ခံနေသူများကတော့ တစ်မျိုး စဉ်းစားနိုင်ပါသည်။ ) ကျွန်တော့် Facebook မှာလည်း ရှင်းသည်။ ကျွန်တော်နှင့် ခင်သော သူငယ်ချင်းများ၊ ကျွန်တော့်ဇနီး၏ သူငယ်ချင်းများ သာရှိသည်။

သည်တော့ ကစားသူ ကျွန်တော့်ကို သတ်ခိုင်းသူက နာမည်တစ်ခါ ပေးတိုင်း ပေါ်လာသောနာမည်သည် Facebook ထဲမှ ကျွန်တော့်သူငယ်ချင်း မိတ်ဆွေများ၏ နာမည်များသာ ဖြစ်နေလေတော့သည်။ ခက်တော့ခက်ချေ၏။ ကျွန်တော်က ကျွန်တော့်သူငယ်ချင်းများကို သတ်ရက်လောက်အောင် ရက်စက်တတ်သူလား။ လုံးဝမဟုတ်။ သို့သော်တစ်ဖက်မှာက ကျွန်တော်ကစားရင်း ဖြတ်သန်းခဲ့သည့် Level များက နည်းတာမဟုတ်။

သည်လိုနှင့် ကျွန်တော့်ဘာသာ ငါတကယ်သတ်တာမှ မဟုတ်တာဟု စိတ်ဖြေရင်း ဆက်ကစားနေမိခဲ့သည်။ သည်လိုစိတ်ဖြေနိုင်စရာ အကြောင်းတစ်ခုလည်း ရှိသေးသည်။ ကစားသူကို လူသတ်ခိုင်းသူသည် Facebook က နာမည်ကိုသာ သိပြီး ချိတ်ဆက်ထားနိုင်တာသာ ရှိသည်။ ကျား၊ မ မခွဲခြားတတ်။ ထို့ကြောင့် သူသတ်ခိုင်းသည်က နာမည် မိန်းမဖြစ်နေသော်ငြား သူက He ဟု သုံးကာ ကစားသူ ကျွန်တော့်ကို သတ်ခိုင်းသည်။ သည်ကတည်းက ဂိမ်းသည်ဂိမ်းသာ ဖြစ်သည်ဟု ကျွန်တော့်ဘာသာ ဖြေသိမ့်ကာ ဆက်ကစား၍ ရနေတော့၏။

နောက်တော့ ထိုဂိမ်းမှာ ပိုဆိုးတာ တစ်ခု ကျွန်တော်ခံစားလာရသည်။ ထိုဂိမ်းက Facebook က သူငယ်ချင်း နာမည်ကို ယူ၍ လူဆိုးလုပ်ခိုင်းရုံသာမက ဓာတ်ပုံကိုပါ ယူ၍ပြခြင်းပါ။ ကျွန်တော့်ဂိမ်းထဲမှာ ဖြစ်၍ ကျွန်တော်သာ မြင်ရပြီး ထိုသူကို သတ်ပေးပါဟု ဆိုသောအခါ စိတ်က နည်းနည်း တုန်လှုပ်လာ၏။ မတုန်လှုပ်လျှင် ခံနိုင်ရိုးလား။ ကျွန်တော့်သူငယ်ချင်းများကလည်း သူတို့ပုံသာမက သူတို့မိသားစုပုံနှင့် သူတို့ကလေးများ၏ပုံကိုပါ တင်ထားတတ်ရာ ဘာမဆိုင်၊ ညာမဆိုင် သူတို့မျက်နှာလေးတွေပေါ်လာပြီးလျှင် ကျွန်တော့်မှာ ရှေ့ဆက်ကစားဖို့ တန့်နေတတ်တော့၏။ ဘယ်သူက လုပ်ရက်ပါ့မလဲဗျာ။

ကျွန်တော်တွေးမိပါသည်။ နိုင်ငံခြားမှာ ထိုကဲ့သို့ ဂိမ်းကစားသူ လူငယ်များ နောက်ပိုင်းမှာ စိတ်နှင့်ကိုယ် ကင်းကွာ၍ ဂိမ်းထဲကလို အတန်းထဲမှာ လူတွေသတ်၊ ဗုံးတွေခွဲလုပ်ကြသည်မှာ သည်လိုခံစားမှုများက စလာကြတာသာ ဖြစ်မည်ဟု။ ပြီးတော့ သူတို့ဆီက လက်နက်ကလည်း လွယ်လွယ်ရသည်ကိုး။

သည်လိုနှင့် ကျွန်တော့်မှာ ပျင်း၍ ဂိမ်းကစားခါမှ အကုသိုလ်တောထဲ ပြေးပြေးတိုးနေသည့်နှယ် ကြုံနေရရာ ထိုဂိမ်းကို ဖြတ်လည်းဖြတ်ချင်၊ Level ကိုလည်း နှမြောနှင့် ဆက်ကစားလာလိုက်ရာမှ တစ်နေ့တွင်တော့ ထိုဂိမ်းကို လုံးဝရပ်ပစ်ချင်စရာ အကြောင်းက ပေါ်လာလေတော့သည်။

တခြားတော့မဟုတ်။ ကျွန်တော့်လို ဂိမ်းကစားသူကို ညွှန်ကြားချက်များ ပေးပြီး သတ်ခိုင်းနေသော ညွှန်ကြားချက်ပေးသူ၏ နောက်တစ်ဆင့် ညွှန်ကြားချက်မှာ တခြားသူကို သတ်ရန်မဟုတ်။ တခြားသူ၏ နာမည်လည်းမဟုတ်။ သူသတ်ခိုင်းသူ၏ နာမည်ကား ကျွန်တော်၏ ချစ်လှစွာသော ဇနီး၏ နာမည်ဖြစ်နေခြင်းပင်။

သိပ်များများစားစား စဉ်းစားမနေတော့ပါ။ ထိုနေ့မှစ၍ ကျွန်တော့်ဂိမ်းကို Delete လုပ်၍ အပြီးအပိုင် ဖျက်ချပစ်လိုက်ပါတော့သည်။ ပြီးရောပေါ့။

စဉ်းစားသာကြည့်ကြစေချင်ပါသည်။ လောကကြီးမှာ အပျော်ဖြစ်ဖြစ်၊ ဂိမ်းကစားလျှင်ပဲ ဖြစ်ဖြစ် ကိုယ့်သူငယ်ချင်း၊ ကိုယ့်ဇနီးမယားကို သတ်ပြီးကစားရသည့် ကစားနည်းမျိုးကို ကျွန်တော့်လို မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာ တစ်ယောက်က ပျော်ပျော်ကြီးနှင့် အချိန်အကြာကြီး ကစားနိုင်ပါ့မလား ဆိုတာကိုပါ။ ဒါကတော့ ကျွန်တော်သာမဟုတ်။ ကျွန်တော့်သူငယ်ချင်း အပေါင်းအသင်းများလည်း ထိုသို့ကစားနိုင်မည်မထင်။

ဘ၀ဆိုသည်မှာ ကစားပွဲတစ်ခုဟု ဆိုလျှင် ထိုကစားပွဲအတွင်း၌ စာနာမှု၊ ကရုဏာထားမှု၊ မေတ္တာနှင့် လူသားဆန်သော ပြိုင်ဆိုင်မှုတို့ ပျောက်ဆုံးနေသော ကစားနည်းမျိုး ရှိနေပါက ကျွန်တော်ဘေးသာ ထွက်ထိုင်နေမိပါတော့မည်။ ။

ဆူးသစ်
၁၉:၁၉ နာရီ
၁၄.၁၀.၂၀၁၁

Thursday, October 13, 2011

" မွေးနေ့ "


တစ်ရက်တည်းပဲနော်
ဒါပေမဲ့.........
တစ်နှစ်ကြီးသွားတာ။

နောက်ကြောင်းတွေလှည့်ကြည့်တော့ အများကြီး
ရှေ့ကိုကြည့်တော့ရော....
အင်း...ကျန်တော့ကျန်နေသေးပါလား။

နေ့တွေကုန်သွားတယ်
ဒါပေမဲ့.......နေ့တွေကျန်သေးတယ်

ဘ၀တွေလွန်မြောက်သွားတယ်
ဒါပေမဲ့.......ဘ၀တွေကျန်သေးတယ်။

တွဲလက်တွေကပိုများလာခဲ့လည်း
လက်နှစ်ဖက်နဲ့ မြဲမြဲဆွဲရင်း
ချစ်ခြင်းကို သက်တမ်းချဲ့ထားတယ်
နှလုံးသားကို အစွမ်းကုန်ဖွင့်ထားတယ်
မျက်လုံးကို အဝေးဆုံးကြည့်ထားတယ်
ဒီလိုနဲ့....ခရစ်နှစ်တစ်နှစ်ကိုတစ်ခါ
ငါ့ကိုယ်ငါ ပြန်ပြန်မွေးထားတယ်။ ။

သားလတ်
ည ၉:၄၃ နာရီ
၁၂.၁၀.၂၀၁၁

( ကျွန်တော့်အခင်ဆုံးသူငယ်ချင်းများထဲမှ တစ်ယောက်၏ ၁၂.၁၀.၂၀၁၁တွင် ကျရောက်သောမွေးနေ့အတွက် အမှတ်တရ ရေးပေးခဲ့သော ကဗျာဖြစ်ပါသည်။ )

Tuesday, October 11, 2011

" ကျွန်တော်သိသော နိုင်ငံခြား "


၂၈.၉.၂၀၁၁ နေ့က ကျွန်တော်သည် စင်ကာပူနိုင်ငံရှိ၊ Pulau Bukom ( ဘူကုန်းကျွန်း ) ဆိုသောကျွန်းမှာ အလုပ်လုပ်ရန် ရောက်ရှိနေခဲ့သည်။ ထိုနေ့သည် ဗုဒ္ဓဟူးနေ့။ တကယ်တော့ ကျွန်တော်ရောက်နေသည်မှာ တနင်္လာနေ့ ကတည်းက။ ထိုကျွန်းမှာ အလုပ်လုပ်ရန် သင်တန်းအရင်တက်ရမှာမို့ သင်တန်းနှစ်ရက် တက်ပြီး နောက်ရက်မှာ လုပ်ကွက်ထဲ ၀င်သည့်ကတ်ပြား မရသေး၍ စောင့်နေခဲ့ရ၏။

မနက်ပိုင်း ကျွန်တော့်ရုံးက ရုံးဝန်ထမ်း ဖိလစ်ပိုင်က နေ့ခင်းလောက်ဆို Main Con က ကျွန်တော့်အတွက် ကတ်ပြားပေးနိုင်သည်ဟု ဆို၍ တစ်မနက်လုံး ဘယ်ကိုမျှ မသွားရဘဲ ငုတ်တုတ်သာ မေ့နေလေတော့သည်။

သည်လိုဖြင့် နေ့လယ် ထမင်းစားပြီး တစ်ရေးအိပ်၊ အိပ်ရာက တစ်နာရီထိုးခါနီး နိုးအပြီး ကတ်ပြားရရန် စောင့်နေစဉ် ကျန်သူများက လုပ်ကွက်ထဲသွားရန် ဘတ်စ်ကို အမီလိုက်ကြ၏။ ထိုအချိန်မှာပင် မီးအချက်ပေး ဥဩသံကို ကြားရသည်။ အချိန်ကား မွန်းလွဲ တစ်နာရီ ဆယ့်ငါးလောက်ရှိမည်။ ဗုဒ္ဓဟူးနေ့။

ဘူကုန်းမှာ အလုပ်လုပ်ဖူးသူတိုင်း သိကြသည်။ ဘူကုန်းမှာ Fire Alarm( မီးအချက်ပေး ဥဩ) ကို စမ်းသပ်သည်က ဗုဒ္ဓဟူးနေ့ တစ်နာရီခွဲ။ ယခုမြည်သော ဥဩသံက စောလွန်းသည်။ ကျွန်တော်သည် ဘူကုန်းမှာ ယခင်နှစ်ကလည်း အလုပ်လုပ်ခဲ့ဖူးရာ ရိုးရိုးစမ်းသပ်သည့် ဥဩသံဟုသာ ထင်ပြီး စာဖတ်နေခဲ့သည်။ သို့သော် ခဏနေတော့ မီးသတ်ကား ဥဩသံကိုပါ ဆက်၍ကြားရသောအခါမှ ဟာ-ဒါမီးလောင်တာပဲ ဟု အတွေးရောက်ပြီး ရုံးထဲက ထွက်ကြည့်တော့သည်။

ထိုအချိန်၌ မီးခိုးများစ၍ ထွက်နေသည်ကို မြင်ရသည်။ ကျွန်တော်တို့ ရုံးများရှိရာ နေရာမှကြည့်လျှင် မည်းခနဲတက်လာသည်ကို တွေ့ရသည်။ နေရာကို အတိအကျ မသိရသေး။ နောက်တော့ ကျွန်တော့်ရုံးက အဖွဲ့ကို လုပ်ကွက်ထဲသွားသူများထံ ဆက်သွယ်ကြည့်ဖို့ ပြောရသည်။ ကျွန်တော့်ထက် ရာထူးတစ်ဆင့်မြင့်သော Safety တစ်ယောက်က လုပ်ကွက်ထဲက အလုပ်သမားများနှင့် အတူရှိနေမည်။ ကျွန်တော်တို့ သူ့ဆီကို ဆက်သွယ်ကြ၏။ အားလုံး ဘေးလွတ်ရာမှာ ရောက်နေပြီဟု ဆိုသည်။ လောင်သည်က သူတို့အနားမှာပင်။

သည်လိုနှင့် ကျွန်တော်တို့ ဘာဆက်လုပ်ရမည်ကို နားစွင့်ရ၏။ ဘူကုန်းမှသည် Pasir Panjang ဘက်ရှိဆိပ်ကမ်းကို ကူးရန် သင်္ဘောအသေးလေးများ ရှိ၏။ လောလောဆယ် ပေးမထွက်ပါတဲ့။ မီးက ညနေအထိ လုံးဝမသေ။

သည်လိုနှင့် ညနေငါးနာရီကျော်လောက်မှာ လုပ်ကွက်ထဲမှာ ပိတ်မိနေသော အဖွဲ့များကို ဘတ်စ်ကားများက သွားကြိုကြသည်။ ကျွန်တော်တို့ ကုမ္ပဏီကားများ မိမိဘာသာ သွားကြို၍ မရ။ ကျွန်တော်တို့က ရုံးချိန်မတိုင်ခင် ပြန်လွှတ်မည်ထင်ထားသော်လည်း လူများ၍ ထိန်းထားချင်သည်လား၊ ဘာလားမသိ။ ရုံးဆင်းချိန်မှသာ ပြန်ရလေတော့သည်။ Pasir Panjang ဘက်ရောက်တော့ လှည့်ကြည့်မိစဉ် မီးက မငြိမ်းဘဲ ပိုလို့ပင် တောက်လာခဲ့တာတွေ့ရသည်။ မီးခိုးတန်းကြီးကား ရှည်လျားလှ၏။ ထိုအချိန်အထိ ဘာကြောင့်လောင်ရသည်ကို မသိ။

သည်လိုနှင့် နောက်တစ်နေ့မနက်မှာ ကျွန်တော်တို့ ဘူကုန်းကို ပြန်သွားရသည်။ ကျွန်တော်တို့ Main Con က ပြန်လာပါဟု မှာသည်တဲ့။ Client ကတော့ ဘာမျှမပြော။ သူတို့လည်း သူ့အပူနှင့်သူကိုး။ သို့သော် ကျွန်တော်တို့ အလုပ်စရန် လုပ်ခွင့် Permit ကို Main Con က မချပေးသေး။ ဘယ်လိုလုပ် ချပေးနိုင်ပါမည်နည်း။ မနေ့က မီးလောင်။ သည်နေ့အလုပ်လုပ်ဆိုသည်မှာ စင်ကာပူလို နိုင်ငံမျိုးမှာ ပိုဆိုးသေးသည်။ SCDF (Singapore Civil Defence Force ) ဟု ခေါ်ကြသည့် မီးသတ်တပ်ဖွဲ့တို့၊ MOM ( Ministry of Manpower ) က စစ်လားဆေးလား လုပ်ကြဦးမည်။ ယခုတောင် SCDF က မနေ့က ညနေ ကတည်းက သည်မနက်အထိ ၀င်လိုက်ထွက်လိုက်။

သည်လိုနှင့် မနက် ၁၁ နာရီလောက်မှာ ကျွန်တော်တို့ဆီက အလုပ်သမားလေးနှစ်ယောက်ကို ထမင်းထုပ်များ သွားယူခိုင်းစဉ် ရုံးအပြင်မှာ လူများ ရုတ်ရုတ် ရုတ်ရုတ်ဖြစ်နေ၍ ထွက်ကြည့်လိုက်ရာ မီးပြန်လောင်နေ သည်ကို တွေ့ရလေ၏။ မနေ့က ညနေ ခြောက်နာရီလောက်အထိ လောင်ထားသော မီး။ အကင်းမသေသည်လား။ သို့မဟုတ် လောင်စရာများ ပေါလှသော သည်လိုကျွန်းပေါ်မှာ တစ်စတစ်စဖြင့် လောင်နေသည်လား။ မနေ့ညက အခြေအနေကို ကျွန်တော်တို့ မသိ။

သို့သော် ကြည့်နေရင်းမှာပင် ကျွန်တော်တို့မြင်လိုက်ရသည်က မီးတောက် အကြီးကြီးများ။ မနေ့က နေရာနှင့်ဆို ခပ်လှမ်းလှမ်း။ မကြာခင်မှာပင် Client ဆီက သတင်းဝင်လာသည်။ ကျွန်တော်တို့အားလုံး ဘူကုန်းကနေ အမြန်ခွာရမည်။ ဘုတ် ( Boat ) များနှင့် ထွက်ရန်။

သည်တော့မှ ကျွန်တော့် Safety Coordinator စလုံးက ပြောသည်။

" အဲဒါကြောင့် Oil, Petrol Chemical တွေကို မြို့နဲ့ဝေးတဲ့ဘက်မှာ ထားတာလေ။ တစ်ခုခုဆို မြို့ကလူတွေ မထိတော့ဘူးပေါ့။ ဒါပေမဲ့ ငါတို့တစ်တွေ အတွက်ကတော့ အရမ်း အန္တရာယ်များတယ်။ တစ်ခုခုဖြစ်ရင် မလွယ်ဘူး။ လမ်းသိပ်မရှိဘူး "

သူပြောတာ နားထောင်ပြီး ကျွန်တော့်မှာ တွေးစရာများ များစွာရလာသည်။ သို့သော် လတ်တလောမှာ ကျွန်တော်တို့ ကျွန်းက အမြန်ခွာဖို့ ပြင်ရန်ရှိသေး၏။ ဖြစ်ချင်တော့ လူစုနေစဉ်မှာ ကျွန်တော်တို့ ထမင်းထုပ်သွားယူခိုင်းသော အလုပ်သမားလေး နှစ်ယောက်မှာ ပြန်မလာသေး၍ ကျွန်တော်တို့မှာ စိတ်ပူရတော့သည်။ ရုံးက Admin က ဖိလစ်ပိုင်ကို သွားရှာခိုင်းရ၏။ သူထွက်သွားပြီး ရုံးဂိတ်က ထွက်မရဟုဆိုကာ ပြန်ဝင်လာသည်။ ကျွန်တော်က ထမင်းထုပ်သွားယူသော အလုပ်သမားလေး များမှာ မြန်မာမှန်း သိနေ၍ ဖုန်းခေါ်ကြည့်သည်။ မရ။ လူတွေက ပြေးဟယ်လွှားဟယ် ဖြစ်နေချိန်မှာ သူတို့ပြန်လာရန် လွယ်ပါ့မလားဟု စိတ်လည်းပူမိသည်။ သို့သော် မီးလောင်သည့်ဘက်နှင့်တော့ လမ်းက တစ်လမ်းစီမို့ စိတ်သက်သာရ၏။

ခဏနေတော့ သူတို့ပြန်ရောက်လာသည်။ သူတို့ပြောမှ ကျွန်တော်တို့မှာ ငိုအားထက် ရယ်အားသန်ရသေးသည်။

" ဟာဗျာ-ရှက်လိုက်တာ မပြောပါနဲ့တော့။ သူတို့က ကျွန်တော်တို့ ထမင်းထုပ်သယ်လာတာ တွေ့ပြီး မင်းတို့က ဒီလောက် သူများတွေတောင် ပြေးဖို့ပြင်နေရတာ။ ဒီထမင်းထုပ်တွေက ဘာလုပ်ဖို့လဲတဲ့။ ခပ်တည်တည်နဲ့ ခေါင်းငုံ့ပြီး ပြန်လာခဲ့တာ။ ဆိုင်က ကုလားမတစ်ယောက်က ထမင်းထုပ်လာယူတဲ့သူတွေ ထွက်ပြေးကုန်လို့ ပိုနေတဲ့ အထုပ်တွေပါ ယူသွားဆိုလို့ ယူခဲ့သေးတယ်။ ဒီမှာ"

ကျွန်တော်တို့အားလုံး ရယ်မိကြသည်။ သူတို့မှာ သူများတွေ ဒုက္ခဖြစ်နေသည့်ကြား ထမင်းထုပ်ကို မရရအောင် ယူလာရုံသာမက ပိုပင်ပါလာသေး၏။ သူတို့ မျက်နှာများကိုလည်း မြင်ယောင်ကြည့် မိသေးသည်။

သည်လိုနှင့် ထမင်းစားရင်း ကျွန်းကခွာဖို့ အချိန်ကို စောင့်ရ၏။ ဘုတ်က နည်းပြီး လူကများသည်မို့ ကျွန်တော်တို့ တော်တော်စောင့်ရဦးမည်။ သည်ကြားထဲ ယူနီဖောင်းတွေလဲနေစဉ်မှာ အလုပ်သမားလေး တစ်ယောက်က လဲမနေပါနှင့်တော့။ မီးကလောင်နေ၍ မမီတော့ပါဟု နောက်သည်။ ကျွန်တော်က ရိုးရိုးအ၀တ်အစားလေးနဲ့ ဆိုတော့ တစ်ခုခုဖြစ်ရင် နည်းနည်းများ ပိုလှမလားလို့ပါကွာဟု ဆိုသောအခါ မြန်မာတွေက ရယ်ကြသည်။

အလုပ်သမားလေးက မေး၏။ ထပေါက်ကွဲကုန်ရင် ကျွန်တော်တို့ ဘယ်လိုမှ မလွတ်နိုင်ဘူးနော် တဲ့။ ကျွန်တော်က ရေထဲခုန်ချဖို့ပဲ ရှိတာပေါ့ ဟုပြန်ပြောသောအခါ လွတ်ပါ့မလားတဲ့။ ကျွန်တော်က အဲဒီတော့လည်း နောက်ကို လှည့်ကြည့်ပြီး ပြန်ပြောလိုက်ပေါ့ကွာ။ လူဆိုး-ထွက်ပြေးဖို့တောင် အချိန်မပေးဘူးလို့ ဟု ပြန်နောက်လိုက်သောအခါ တချို့က ရယ်ကြသည်။ ထိုရယ်သံများသည် ကျွန်တော်တို့ ရင်ထဲက မသိမသာထိတ်လန့်စိတ်များကို ကြိုးစားဖယ်ရှားနေမိသလို ရှိလိမ့်မည်လားမသိ။

တကယ်တော့ ပင်လယ်ထဲရောက်နေသော ကျွန်းမှာ ရှိသည့် ရေနံ၊ ဓာတ်ငွေ့၊ ဆီများကြောင့် ပေါက်ကွဲစရာ များကို အမြန် မထိန်းချုပ်နိုင်ပါက ကျွန်တော်တို့လည်း အားလုံးထဲပါသွားမှာ အမှန်ပင်။ သည်အချိန်မှာ အားလုံးက ထိတ်လန့်နေကြသည်။ ကျွန်တော်ကိုယ်တိုင်လည်း ကျွန်တော့်အထက်က အရာရှိ ပြောသည်ကို ကြားပြီးကတည်းက ကျွန်းပေါ်က အန္တရာယ်၏ အတိမ်အနက်ကို နားလည်ပြီးသား။ အန္တရာယ်ကို မထိန်းချုပ်နိုင်သည့်နေ့ အားလုံးကို စွန့်လွှတ်ခဲ့ရပေမည်။

သည်လိုနှင့် မွန်းလွဲ တစ်နာရီလောက်မှာ ကျွန်တော်တို့ ဘူကုန်းက ခွာခဲ့နိုင်ပါတော့သည်။ တစ်ဖက်ကမ်းက Pasir Panjang ရောက်တော့ SCDF ကား အင်အားအလုံးအရင်းနှင့် အလုပ်လုပ်နေကြလေပြီ။ သူတို့လည်း မီး၏ အတိုင်းအဆကို ခန့်မှန်း၍ ရနိုင်သွားပြီပဲ။ ကျွန်တော်တို့ချစ်သော ဘူကုန်းကား မီးခိုးများ ကြားမှာ ဝေေ၀၀ါးဝါးဖြင့် ကျန်ရစ်ခဲ့လေ၏။

ကျွန်တော်တွေးမိပါသည်။ လူတွေက နိုင်ငံခြားမှာ အလုပ်လုပ်နေသည်ဟု ဆိုလျှင် စက်ရုံက အဲကွန်းခန်းထဲမှာ ဆားကစ်လေးတွေဆက်၊ ဟိုအပိုင်း သည်အပိုင်းလေးများဆက်ဟု ထင်ကြပေလိမ့်မည်။ မရှိဘူး မဟုတ်။ ရှိပါလိမ့်မည်။ Auto Cad လေးဆွဲပြီး ရုံးထဲက မထွက်ရသော သူများလည်း ရှိ၏။

သို့သော်လူတိုင်း ထိုသို့မဟုတ်။ ကျွန်တော်တို့လို တစ်ချိန်လုံး လုပ်ကွက်ထဲမှာ နားပန်းလုံးနေရသူများလည်း ရှိ၏။ အဆိပ်သင့်စေနိုင်သော ဓာတ်ငွေ့များ၊ မီးလောင်ပေါက်ကွဲနိုင်သော ဓာတုပစ္စည်းများနှင့် ထိတွေ့လုပ်ကိုင် ရသူများလည်း ရှိ၏။ အချိန်မရွေး အန္တရာယ် ကျရောက်ကာ အခန့်မသင့်လျှင် အသက်ပင် ပျောက်နိုင်သည်။ သို့သော် မိဘများ၊ ညီအစ်ကိုမောင်နှမများကတော့ သိမည်မထင်။

ကိုယ့်ကံဟုသာ တွေးရင်း ဘုရားတရား ဖိလုပ်ဖို့သာ ရှိတော့သည်မဟုတ်လား။ ငွေရတာခြင်းအတူတူ ကိုယ်ရောက်နေသော နိုင်ငံခြားက အလုပ်က ကိုယ့်အတွက် သည်လိုသာ အကြောင်းဖန်ထား၍ ရည်မှန်းချက်များ မပြီးမချင်းကတော့ လုပ်ရပေဦးမည်။

မည်သို့ဆိုစေ သူများတွေသိသော နိုင်ငံခြားနှင့် ကျွန်တော်သိသော နိုင်ငံခြားက မည်သို့ကွာခြားသည် ဆိုသည်ကို ကျွန်တော်ကိုယ်တိုင်သာလျှင် အသိဆုံးဖြစ်ပါတော့သည်။ ။

ဆူးသစ်
၂၂:၂၄ နာရီ
၁၁.၁၀.၂၀၁၁

Sunday, October 9, 2011

"ကျွန်တော်တို့သည် " ( ၁၈ )


ရန်ကုန် စက်မှုတက္ကသိုလ် တက်နေစဉ်မှာ ကျွန်တော့်ကဗျာပိုးကို သိနေသောသူငယ်ချင်းများက ကျွန်တော့်ကို ရောဂါ တိုးပွားအောင် ဆွနေကြသည်။ ကျွန်တော် ရေးထားသော ကဗျာများကို သူတို့ ကောင်မလေးများကို ကြောင်ချင်၍ သုံးပါရစေဟု လာပြီးပူဆာသူက တစ်မျိုး၊ သူတို့အတွက် သီးခြားရေးပေးပါ ဆိုသူက တစ်မျိုးနှင့်။ ကျွန်တော်ကလည်း မနေနိုင်၍ ရေးပေးလေသည်။ ရေးချင်သည်ကိုး။

သည်အထဲမှာ စိုးမင်းဆက်ဟု နာမည်ရင်းခေါ်သော်လည်း ဂျယ်ကြီးဟုသာ နာမည်တွင်သည့် သူငယ်ချင်းမှာ မဆီမဆိုင် သူများဆွဲထားသော ပန်းချီပုံကို ကျွန်တော့်ဆီယူလာပြီး ကဗျာစပ်ခိုင်းလေ၏။ ကျွန်တော်မှတ်မိသလောက် ဖြူဖြူစံ ဆိုသော သူငယ်ချင်းကောင်မလေး ဆွဲထားသော ပုံဟု ကျွန်တော်ထင်၏။ ပုံက ကောင်မလေးတစ်ယောက် လယ်ကွင်းထဲတွင် ပြေးနေသည့်ပုံ။ သူ့နောက်မှာ ငှက်ကလေးတစ်ကောင်က လေထဲမှာ ပျံသန်းဟန်ဖြင့် လိုက်နေ၏။ ပုံကိုပြပြီး သူပြောပုံကို ကြည့်ဦး။

" ဟေ့ကောင် သားလတ်။ ဒီပုံကြည့်ပြီး မင်း ကဗျာ တစ်ပုဒ်စပ်ပေး "

ကျွန်တော်က ဘယ်တော့လဲဟု မေးတော့ အခုရရင် အခုစပ်တဲ့။ ကျွန်တော်က လေးလုံး စပ်တို့၊ လေးချိုး၊ ဒွေးချိုး တို့ဆို သိပ်ပြီး လက်တွေ့ လှသည်။ ပုံကို ကြည့်တော့လည်း စပ်ချင် စိတ်က ဖြစ်နေ၏။ သည်လိုနှင့် အောက်ပါ ကဗျာတစ်ပုဒ်ကို ဂျယ်ကြီးပြသည့်ပုံကို ကြည့်ပြီး ကျွန်တော် ချက်ချင်း ရေးစပ်ခဲ့မိပါသည်။

" ရွှေအနာဂတ် "

လိုက်ခဲ့ပါကွယ့်
လိုက်ခဲ့ပါ။

ရွှေကျေးရှင် ကောက်နှံကွင်း
မင်းလိုက်ခဲ့ပါ။

စပါးတို့က ၀င်းဝင်းဝါ
သည်မှာကွယ့် ကြည့်စမ်း။

ရွှေရောင်လွှမ်းကာဖြင့်
နေလမ်းမှာ အရောင်တွေတောက်တာမို့
မင်းဝမ်းစာ သည်တစ်သက်အတွက်
မခက်ပါ နှမငယ်လှမ်းသရွေ့
( အို-ငှက်ငယ်ရယ် )
ချမ်းမြေ့ပျံသန်း။ ။

ကျွန်တော်ကဗျာရူးနှင့် သူငယ်ချင်း အနုပညာပိုးထသူများကြား ထိုသို့ယှက်နွယ်မှုက ကြီးလှသည်။ ထိုအချိန်တွင် ကာတွန်းကိုမောင်မောင်သား ဆွေဆက်ကား ကျောင်းပြောင်းလေပြီ။ Physics ကိုပြောင်းယူလိုက်သည်တဲ့။ စက်မှုတက္ကသိုလ်တက်ပြီး သည်လိုဘာကြောင့်ပြောင်းတာလဲဟု မမေးပါနှင့်။ သူကလည်း သူ့အကြံနှင့် သူကိုး။

သည်လိုနှင့် မေဂျာများလျှောက်ဖို့ အချိန်ရောက်လာ၏။ ကျွန်တော်ကတော့ Mechanical ကို ပထမ ဦးစားပေး လျှောက်ဖြစ်ခဲ့ပြီး Civil ကို ဒုတိယနှင့် EP ကို တတိယထား၍ လျှောက်ခဲ့ပါသည်။ ဒါဆို EC ကရောဟု မေးလာလျှင် ဟိုးခပ်ဝေးဝေးမှာ ထား၍ လျှောက်ပါသည်ဟု ဆိုရပါမည်။ ဒုတိယနှစ်မှာ ကျွန်တော်မြင်တွေ့ကြုံခဲ့ရသော သူငယ်ချင်းတချို့၏ အတ္တများကို ကြည့်ရင်း ထိုမေဂျာကို စိတ်ပျက်ခဲ့တာလည်း ပါပါသည်။ အီးစီ ယူသွားသော သူငယ်ချင်းများ ဘယ်လိုမျှ မအောက်မေ့စေချင်ပါ။ ကျွန်တော့်ခံယူချက်က တစ်မျိုးဖြစ်ကောင်း ဖြစ်နေနိုင်ပါသည်။ မှားလျှင်လည်း ကျွန်တော့်ခံယူချက်ဖြစ်၍ သူများနှင့် မတူသည်ကို နားလည်ပေးစေချင်ပါသည်။

ထို့နောက် စာမေးပွဲဖြေကြပြီဟုသာ ကျွန်တော်ကျော်ပါတော့မည်။ ( တချို့ပုံရိပ်များကို ကျွန်တော် မမှတ်မိတော့ပါ။ ) ပထမဆုံးရက် က သင်္ချာဟု ကျွန်တော့်ကဗျာမှာ ပြန်ဖတ်ရသည်။ STROKE'S THEOREM ကို ကျွန်တော်မရခဲ့။ ME မှာ အမှတ် (၂၀) ဖိုး နှိပ်စက်ထားစဉ်က သင်္ချာသည် လွယ်ခဲ့ပြီး ခုကျတော့ ခက်နေသည်။

ထို့နောက် နှစ်ရက်ပိတ်၏။ ပြန်စတော့ Chemistry။ သူကလည်း Unseen ချည်းသာ။ ထို့နောက် တစ်ရက်ပိတ်သည်။ ပြန်စတော့ ကျွန်တော်ချစ်သော မြန်မာစာ။ အချိန်လုဖြေခဲ့ရတော့သည်။ ကျွန်တော်က စကားပြေတို့၊ ကဗျာ၏ စကားပြေတို့ကို စိတ်ထဲရှိသမျှ ချရေးချင်သူ။ အမှတ်ရမရ မသိ။ ကျွန်တော်ထင်သည်ကိုတော့ လွှတ်ရေးခဲ့သည်။ သည်လိုနှင့် ၃ ဘာသာ ပြီးသွား၏။

နောက်ပြန်စတော့ ME ဟု ခေါ်ကြသည့် Engineering Mechanics။ (၂၀) ဖိုးတုန်းက မေးခွန်းမှာ ဂဏန်းတစ်လုံး ကျန်ခဲ့၍ စာတော်သူများ တွက်မရခဲ့သော သည်ဘာသာရပ်။ မိန်းကလေးတချို့ ငိုခဲ့ရသော ဘာသာရပ်။ ကျွန်တော်လည်း လန့်ပါသည်။ စာမေးပွဲခန်းထဲ ၀င်သွားသောအခါ ထင်တာထက် လွယ်နေ၏။

နောက်တစ်ဘာသာက လွယ်မလို ထင်ရသော အင်္ဂလိပ်စာ။ သိပ်တော့ အားမရလှ။ ပြီးတော့ Physics။ ဆရာ ဦးသာလှိုင်၏ နောက်ဆုံးနှုတ်ဆက်ပွဲနှစ်။ မဖြေခင်က ဆရာ ငါတို့ကို ညှာမှာပါလေ ဟု တွေးထားခဲ့ကြ၏။ တကယ်လည်း သိပ်မဆိုးလှ။ Unseen များကတော့ ထုံးစံအတိုင်း။ ရသူရ၊ မရသူမရ။ ကျွန်တော်က အပြင်ဆောင်ကနေ ဖြေ၍ Physics မဖြေခင်နေ့မှာ ဒုက္ခရောက်တာ တစ်ခု ရှိခဲ့သည်။

ဆင်ပြောင်ကြီး နောက်ဆုံးကျမှ အတစ်ခံရမလို ဖြစ်ခဲ့ပုံပါ။ ကျွန်တော်တို့ အဆောင်ပိုင်ရှင်က ထိုနေ့မတိုင်ခင်ကတည်းက အိမ်မှာ ဘိုးဘိုးအောင်လား၊ ဘိုးမင်းခေါင်လား မသိ။ ပလာစတာလောင်းဖို့ စနေလေသည်။ ကျွန်တော်က အခန်းထဲက ညောင်းညာ၍ အပြင်ခဏ ထွက်စဉ်မှာ ထိုရုပ်တုကြီး စပြီး ရုပ်လုံးဖော်နေသည်ကို မြင်ရရာ မကြည့်ဘဲကို မနေနိုင်တော့။

နောက်ဆုံး ထိုရုပ်လုံးပညာရှင်၏ ပညာကို မြင်ချင်တာနှင့်ပင် ကျွန်တော့်စာကြည့်ချိန်များကို လွှင့်ပစ်ကာ သည်အတိုင်းသာ ကြည့်နေခဲ့မိတော့သည်။ ကိုယ့်စိတ်ကို ကိုယ်တိုင်နားမလည်ခဲ့။ စာရသည် မရသည်ထက် ထိုသို့လုပ်နေသည်ကို ကြည့်နေရခြင်းကို ပို၍ နှစ်သက်ခဲ့မိသည်ကတော့ အမှန်ပင်။ တော်ပါသေးသည်။ Physics ကို ကျွန်တော် ဖြေနိုင်ခဲ့ပါသည်။

သည်လိုနှင့် ကျွန်တော်တို့သည် ဒုတိယနှစ်ကို ဖြတ်ကျော်ခဲ့ကြပါတော့သည်။

ကျွန်တော်တို့သည် ဆယ်တန်းဖြေစဉ်က နောက်ထပ် ဆယ်တန်းလို အတန်းမျိုး မရှိနိုင်ဟု ထင်ခဲ့သူများ ဖြစ်ခဲ့ကြ၏။ သည်လိုနှင့် စက်မှုတက္ကသိုလ် ၀င်ခွင့်ရပြီးသောအခါမှ ဒုတိယနှစ်မှာ ဆယ်တန်းလို အတန်းမျိုးဖြစ်ပြီး ကျွန်တော်တို့ကို နောက်တစ်ကြိမ် အမှတ်နှင့် ခွဲခြားဦးမည်ကို သိရသော အခါ တော်တော်ကို ကြိုးစားခဲ့ရသူများ ဖြစ်ခဲ့ကြ၏။ ကျွန်တော်တို့သည် ကိုယ်လိုချင်သော မေဂျာ တစ်ခုကို ရဖို့ရန် အဆင်ပြေသလို တိုက်ပွဲဝင်ခဲ့ကြသူများလည်း ဖြစ်ခဲ့ကြ၏။ ကျွန်တော်တို့သည် ရမည်၊ မရမည်ကို မသိ။ ညှစ်နိုင်သမျှ ညှစ်ထုတ်ရင်း ကိုယ့်လိုချင်မှုတစ်ခုအတွက် အားစိုက်ထုတ်ခဲ့ကြသူများလည်း ဖြစ်ခဲ့ကြ၏။ ထို့နောက်တွင်တော့ ကျွန်တော်တို့သည် တတိယနှစ် မေဂျာ လောင်းလျာ ကျောင်းသားများအဖြစ် ဒုတိယနှစ် စာမေးပွဲကို ရင်မောစွာ ဖြတ်သန်းခဲ့ကြသူများလည်း ဖြစ်ခဲ့ကြတော့၏။ ။

ဆူးသစ်
၁၇:၂၃ နာရီ

၉.၁၀.၂၀၁၁



Saturday, October 8, 2011

" မျှော်လင့်စရာ မရှိတော့သော မျှော်လင့်ခြင်း "


ငိုကြွေးခြင်းရေများစွာဟာ
လိုချင်တပ်မက်မှုကုလားအုပ်ရဲ့ဘို့ထဲမှာပါလာတာမေ့လို့
ဒုက္ခသဲမုန်တိုင်းတွေကြားမှာလျှောက်မိနေတယ်။

ပျော်ရွင်ဝမ်းသာခြင်းစမ်းရေဟာ
ကန္တာရတစ်ဘက်မှာ အိပ်ပျော်နေဆဲ
ကုလားအုပ်တစ်ကောင်တည်း ခရီးနှင်မြဲလေ။

လမ်းတစ်လျှောက် ပင်ပန်းခြင်းကိုမျိုချလို့
စိတ်ဓါတ်အစာအိမ်ကို အားဖြည့်ခဲ့ရ
ခရီးဆုံးရဲ့အစ မြင်လိုက်ရခိုက်
ကုလားအုပ်အသည်းနှလုံးတွေ သံချေးလိုက်လို့
ချွတ်တိုက်မရတော့ဘူးထင်ပါရဲ့။

ကြည့်စမ်းပါဦးလေ
မျှော်လင့်ခြင်းကန္တာရဟာ
ဆန္ဒမီးတောင်အရှင်ရဲ့ခြေရင်းမှာအဆုံးသတ်ဆဲ
ဝမ်းနည်းခြင်းလေပြင်းတွေ
သူ့အပါးမှာတိုက်ခတ်နေတယ်လေ။ ။

သားလတ်

(၁၉၉၄ ခုနှစ်၊ ဩဂုတ်လ၊ ရွှေသမင်မဂ္ဂဇင်း)
[ပြန်လည်ခံစားခြင်းဖြစ်ပါသည်။]


Monday, October 3, 2011

" ကြားရလား.....ကြားရလား "


တကယ်တော့ သည်အဖြစ်အပျက်သည် နိုင်ငံခြားမှာ နေရသောလူများ ကြုံဖူးနေကျ အကြောင်းဖြစ်သည်။ အထူးသဖြင့် စင်ကာပူမှာ နေရသည့်သူများ ကြုံတွေ့နေရသည့် အရာဖြစ်သည်။ တခြားတော့ မဟုတ်။ နိုင်ငံခြားမှနေ၍ မြန်မာပြည်ကို ဖုန်းခေါ်ခြင်းပါ။

ကျွန်တော်တို့ မြန်မာပြည်ကို ဖုန်းခေါ်ဖို့အတွက် ဖုန်းကတ်တစ်ကတ်ကို စင်ကာပူဒေါ်လာ အနည်းဆုံး ရှစ်ကျပ်မှသည် တစ်ဆယ်အထိ ကုန်၏။ ဖုန်းကတ်များကလည်း စုံလို့။ Speed ၊ 1818 ၊ Magic ၊ Hi Minute စသည်ဖြင့် နာမည်ပေါင်းစုံ။ ကျွန်တော်မသိသေးသော ကတ်များလည်း အများကြီး။

တချို့က တစ်ဆယ်။ တချို့က ရှစ်ကျပ်။ တချို့က ကိုးကျပ်။ မည်သည့်ဈေးဖြစ်ဖြစ် ဆက်ချင်လျှင် ကျွန်တော်တို့ကတော့ ၀ယ်ရသည်သာ။ သို့သော် ကျွန်တော်တို့ ၀ယ်ရသည့်ဈေးနှင့် ကျွန်တော်တို့ ဆက်ရသော မိနစ် ကာမိပါသလားဆိုလျှင်တော့ လုံးဝမကာမိပါဟု ဆိုရပေမည်။

သိကြသည့်အတိုင်း ကျွန်တော်တို့နိုင်ငံမှာက ဖုန်းများကို နည်းပေါင်းစုံဖြင့် ချပေးနေသော်ငြား ဖုန်းလိုင်း ဆက်သွယ်မှုက ခုထက်ထိတိုင် မကောင်းသေး။ ဥပမာပြောပြပါမည်။ ကျွန်တော်တို့အိမ်၌ ယခုလောလောဆယ်တွင် ဟမ်းဖုန်းလေးလုံး ကိုင်နေ၍ တစ်ရက်မှာ ကျွန်တော်ခေါ်ကြည့်ပါသည်။ တစ်လုံးမှ မရပါ။ ကျွန်တော်နာရီဝက်နီးနီး ကြိုးစားကြည့်ပါသည်။ မရပါ။ နောက်ဆုံး ခေတ္တစောင့်ပြီး ပြန်ခေါ်မှ တစ်လုံးကိုဝင်သွားပါသည်။ သည်သို့ဖြင့် ဖုန်းတွေကို ဘယ်မှာထားသလဲ မေးကြည့်ပါသည်။ ဘယ်မှာမှ မထားပါ။ အားလုံးမြင်သာ သည့်နေရာ၊ လေ၀င်လေထွက် ကောင်းသည့်နေရာများတွင်သာ ရှိနေပါသည်တဲ့။ ဘာသံမျှ မကြားရပါတဲ့။ ပြီးရော။ ဖုန်းမ၀င်ဘူးပေါ့။ သူတို့ကသာ မကြားရှိမည်။ ကျွန်တော်ကတော့ သည်ဘက်ကနေ၍ ကြားချင်တာတွေ ကြားနေရသည်။ ဆက်သွယ်မှု ဧရိယာပြင်ပတို့၊ ဘာတို့။ ဟုတ်လည်း မဟုတ်။

သူတို့ဘက်က မဟုတ်တာ အကြောင်းမဟုတ်။ ကျွန်တော်တို့ဘက်က ဟုတ်နေတာရှိသည်။ သိကြသည့်အတိုင်း။ တချို့ကတ်များက ဘာမှမပြောရဘဲ ဖုန်းခေါ်နေရုံနှင့် မိနစ်တွေ စားသွားသည်။ တချို့ကတ်ကျတော့ တစ်ခါခေါ်ရပြီး တစ်ကြိမ်ကျသွား၍ ပြန်ခေါ်ကြည့်။ အမှန်တကယ်ကျန်ရမည့် မိနစ်လောက်ကို မရှိတော့။ တကယ်သုံးရမည့် မိနစ်ထဲမှ ခပ်တည်တည်နှင့် စားသွားတော့သည်။

စားမည့်သာ စားသွားသည်။ ကျွန်တော်တို့မှာ ထိုအချိန်အထိ စကားဟုတ်တိပတ်တိ မပြောရသေး။ သာကြောင်းမာကြောင်း စနေရုံသာ ရှိသေးသည်။ သည်ကြားထဲ ပြောနေရင်း မကြားရတော့ပြန်၍ ဒေါက ကန်လာတတ်ရာ မိဘများကို ခဏခဏတောင်းပန်ရသည်ကလည်း အကြိမ်ရေ မနည်းတော့။ ဖုန်းပြန်ကျသွားပြီး သည်ဘက်မှာ တစ်ယောက်တည်း ဒေါတွေကန်၊ မောပန်း၍ ကျန်ခဲ့ရသည်က ကျွန်တော်တို့ မြန်မာပြည်ကို ဖုန်းခေါ်တိုင်း ကြုံနေကျ။

လိုင်းမကြည်၊ ခေါ်မရ။ ဒါတွေကို ထပ်ခါတလဲလဲ ပြောနေကြသည်။ ကာတွန်းတွေထဲမှာလည်း ပါ၏။ တလောကပင် Facebook မှာ အသိတစ်ယောက် တင်ထားသော ကာတွန်းလေးတွေ့လိုက်ရသည်။ လူတစ်ယောက်က ညာလက်မှာ ဖုန်းတစ်လုံး၊ ဘယ်လက်မှာ ဖုန်းတစ်လုံး။ ပြီးတော့ သူက ပြောနေသည်။ မညာနဲ့နော်။ ညာလက်ကဖုန်းနဲ့ ဘယ်လက်ကို ခေါ်တာ ဆက်သွယ်မှု ဧရိယာပြင်ပလားတဲ့။

ထိုသို့ခေါ်မရသည့်ကြား အင်တာနက်ပါ သုံး၍ရအောင် လုပ်ပေးလိုက်သည်တဲ့။ ကျွန်တော့်ဇနီး၏ ဦးလေးက သူ့ဖုန်းကို အလောတကြီးနှင့် အမြန်သွားချိတ်ပါသည်။ အင်တာနက်သုံး၍ ရမည်ဆို၍ပါ။ စဉ်းစားသာကြည့်ပါတော့။ ဖုန်းပင် မနည်းခေါ်နေရသည့်ကိစ္စ။ အင်တာနက်မှာ မနက်မိုးလင်းကတည်းက ဖွင့်လိုက်သည်မှာ ညနေအထိ အ၀ိုင်းလေးက လည်၍နေသည်မှာ ဘက်ထရီကုန်မှာမို့ ရပ်ပစ်ခဲ့ရသည်တဲ့။ ဒါတောင် သူ့ဖုန်းက အင်တာနက်သုံး၍ ရသည်ဟု သိပြီး အင်တာနက်ဖိုးကို အပြင်က ပုဂ္ဂလိကဆိုင်မှာ သွားသွင်းခဲ့တာဖြစ်သည်။ တချို့ဆို ကိုယ့်ဖုန်းက အင်တာနက်သုံး၍ ရမရမသိဘဲ အင်တာနက်ဖိုးများ သွားသွင်းသည်ဟုပင် ကြားလိုက်ရသေးသည်။ ဘယ်လိုလုပ်၍ အင်တာနက်က ရပါမည်နည်း။

ကျွန်တော်တို့မှာ ကိုယ့်နိုင်ငံကို ဖုန်းခများများသုံးပြီး ခေါ်ရသော်လည်း တကယ်ပြောရသည့်မိနစ်က နည်းနည်းလေးသာ ရချိန်တွင် သူများနိုင်ငံများ၏ ခေါ်ဆိုမှုကတော့ ဩချရလောက်သည်။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စသည့် နိုင်ငံသားများကား အသားကုန်ပြောသလား မမေးနှင့်ဟု ဆိုရလောက်အောင် ပြောနိုင်ပါပေသည်။ ကျွန်တော်မေးကြည့်တော့ စင်ကာပူ နှစ်ဒေါ်လာဖိုးဆိုလျှင်ပင် တစ်နာရီကျော်ကြာ ပြော၍ရသည်တဲ့။ ပြီးရော။ ကျွန်တော်တို့နှင့်တော့ ကွာပါ့။

သို့သော်ထိုသို့ အကြာကြီး ပြောရ၍ထင်ပါသည်။ ကျွန်တော့်အလုပ်သမားလေးများ နေသောအဆောင်က ကုလားများ ညဘက် အပြင်ထွက်၍ ဖုန်းပြောနေတုန်း ကားတစ်စီးလမ်းချော်၍ ၀င်လာသည်ကို မသိလိုက်သောကြောင့် အုတ်နံရံနှင့်အတူ ၀င်အတိုက်ခံရကာ ပွဲချင်းပြီးသေသွားသော ဖြစ်စဉ်မျိုး ပြီးခဲ့သည့်နှစ်က ဖြစ်ခဲ့သည်။ နောက်တစ်ယောက်ကျတော့ အဆောင်ဝရန်တာမှာ ဖုန်းပြောရင်း လက်တန်းပေါ်တက်ထိုင်လိုက်ရာ ပြုတ်ကျ၍ ဆေးရုံပို့ခဲ့ရသည်။ ကျွန်တော်တို့ကတော့ ထိုသို့ပြောနိုင်သည့် အခွင့်အရေး မရှိ၍ အန္တရာယ်ကင်းလှပါသည်။ သည်လိုသာ အကောင်းဘက်က တွေးရမည်ထင်သည်။

ကျွန်တော် ရန်ကုန်ကို နောက်ဆုံးတစ်ခေါက် ပြန်စဉ်က အသိတစ်ယောက်က ပြောပါသည်။ သူ့တူမလေးက သူတို့အိမ်ကို ဖုန်းလာလျှင် မည်သည့်ဖုန်းကို ထူးထူး ' ကြားရလား......ကြားရလား ' ဟု ထူးသည်တဲ့။ သူ့စိတ်ထဲမှာ လူကြီးများ ဖုန်းပြောလျှင် ပြောနေကျ စကားကို ဖုန်းထူးသည့် အသံဟု ထင်ကာ ဟဲလိုဟုပင် မထူးဘဲ ' ကြားရလား......ကြားရလား ' ဟုသာ ထူးနေ၍ သူတို့မှာ ရယ်နေရတော့သည်တဲ့။ ကောင်းရောပေါ့ ခင်ဗျာ။

ယခု ဤဆောင်းပါးရေးနေစဉ်ကာလမှာ စင်ကာပူမှာ ရောင်းနေသော၊ ကျွန်တော်တို့မြန်မာပြည် ကို ခေါ်နိုင်သည့် ဖုန်းကတ် တစ်ကတ်မှာ ၀ယ်ပြီးသူများ လုံးဝ သုံးမရတော့သည်ကို ကြုံနေရပြန်လေသည်။ ကတ်ဖိုးကတော့ ပလုံပေါ့။ ကျွန်တော်တို့၏ အားနည်းချက်ကို ခုတုံးလုပ်ပြီး ၀ယ်သူများလာချိန်မှာ နည်းပညာကြောင့်လား၊ ဘာကြောင့်လား ကွဲကွဲပြားပြား မသိရဘဲ ကျွန်တော်တို့၏ ငွေများကို ညာ၍ယူသွားသည်ဟု ဆိုရပေမည်။ မည်သည့်ဖြေရှင်းချက်ကိုမျှ ခုချိန်အထိ တိတိပပ မရကြပါ။ မြန်မာ ဆိုသည်ကလည်း သဘောကောင်း၍ မည်သူ့ကိုမျှ စောဒကမတက်။

ကျွန်တော်တို့ ဘာတွေဆက်လုပ်ကြမည်နည်း။ တလောက ကြားလိုက်ရပါသေးသည်။ ဂြိုဟ်တုလွှတ်ဖို့ ဆိုသော အသံ။ လွှတ်ဖြစ်လျှင်တော့ ကျွန်တော်တို့လို အဝေးကလူများ ပျော်ကြမည်။ ကိုယ့်နိုင်ငံက မလွှတ်နိုင်ခင်မှာ ငွေကုန်ခံ၍ ဂြိုဟ်တုကို သူများဆီက ၀ယ်မည်ဆိုသည့်သဘော။ ကိုယ်ပိုင်သုံးလို့ ရမည့်အဆင့်။ ကောင်းပါသည်။ ထောက်ခံပါသည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာပြည်ကို ဖုန်းခေါ်သည့်အခါတိုင်း ' ကြားရလား......ကြားရလား ' ဟု မေးရသည့် ဒုက္ခ၊ မကြားရ၍ ဒေါကန်ရသော ဒုက္ခနှင့် ဘာမျှမပြောရဘဲ ပိုက်ဆံကုန်နေသည့် ဒုက္ခတို့မှ အမြန် ကျွတ်လွတ်ချင်သောကြောင့်ပါ။

ကျွန်တော်တို့ ယခုလိုပြောနေသည်ကိုလည်း သက်ဆိုင်ရာက ဆရာများ မကြားရမှာစိုး၍ ကလေးများ အတုခိုး မှားနေသကဲ့သို့ပင် ' ကြားရလား......ကြားရလား ' ဟု ထပ်ခါတလဲလဲသာ အော်ဟစ်၍ ပြောချင်နေ ပါတော့သည် ဆရာတို့ခင်ဗျား။ ။

သားလတ်
၂၂:၂၁ နာရီ
၃.၁၀.၂၀၁၁

Saturday, October 1, 2011

"ကျွန်တော့်မှတ်စု" ( ၇ )


+ ပညာရှာမှီး၍ ရလွယ်သော ပျိုရွယ်စဉ်အချိန်၌ အပျော်ကိုလိုက်၍ တစ်စုံတစ်ရာ မရှာဖွေဘဲနေမိသူ တို့၏ ပျော်ရွှင်ခြင်းသည် တစ်နှစ်ပြီးတစ်နှစ် ဆုတ်ယုတ်၍ အပျော်ထဲမှ ဆင်းရဲအပူ ထွက်ပေါ်၍လာလိမ့်မည်။
[ ပီမိုးနင်း- ' ကမ္ဘာ့အလင်းနှင့် လောကမျက်မှန် ' စာအုပ်မှ ]

+ အောင်မြင်မှုဟူသမျှ၏ သော့ချက်ကား စိတ်အလိုကို မလိုက်မှားမှုပေတည်း။ သင့်ကိုယ်သင်သာ ထိန်းသိမ်းနိုင်စွမ်း ရှိပါစေ။ သင်သည် ပညာတတ်တစ်ယောက်ပေတည်း။ ထိုအချက် ကင်းမဲ့နေလျှင် အခြားဘာတွေကို တတ်နေနေ အချည်းနှီးသာတည်း။
[ အမေရိကန် ခရစ်ယာန် ဘုန်းတော်ကြီး အာရ်ဒီဟစ်ခ်ျကော့][ အောင်သင်း-'မျိုးဆက်သစ်တိုးတက်ရစ်ဖို'့ စာအုပ်မှ ]

+ လောက၌ သိကြားမင်းဖြစ်စေနိုင်သော အကြောင်းခုနစ်ပါး ရှိ၏။ ယင်းတို့မှာ -
၁။ မိဘကို လုပ်ကျွေးခြင်း
၂။ ကြီးသောသူတို့ကို ရိုသေခြင်း
၃။ မှန်သောစကားကို ပြောခြင်း
၎။ ကြမ်းတမ်းသော စကား မပြောခြင်း
၅။ ကုန်းတိုက်သော စကား မပြောခြင်း
၆။ ၀န်တိုမှု မရှိခြင်း
၇။ အမျက်ဒေါသ မထွက်ခြင်း တို့ဖြစ်၏။
[ ချစ်စံဝင်း - 'အမေ့ခြေရာ' စာအုပ်မှ]

+ ဒါန ( ၃ ) မျိုး
၁။ က္ကုဏဒါန - ကြွေးသစ်ချခြင်း ( သားသမီးကို ကျွေးမွေးခြင်း )
၂။ မောက္ခဒါန - ကြွေးဟောင်းဆပ်ခြင်း ( မိဘကို လုပ်ကျွေးခြင်း )
၃။ နိဓိဒါန - ရွှေအိုးမြှုပ်ခြင်း ( ကုသိုလ်ကောင်းမှုပြုခြင်း )

+ ဂန္ထ၀င်မြောက်သော စာပေသည်-
၁။ ရှေးကျသော အရေးအသား ဖြစ်သည်။
၂။ ခိုင်မာအသားကျ စံထားလောက်သော အရေးအသား လက်ရာဖြစ်သည်။
၃။ စကားပြေ၊ လင်္ကာ နှစ်မျိုး အကျုံးဝင်သည်။
၎။ စာပေရသ ပေါ်လွင်သော အရေးအသားဖြစ်သည်။
၅။ လူရေးလူမှုနှင့် အသိအလိမ္မာဥာဏ်ပညာကို စေ့ဆော်ပွားများစေသော သဘောရှိသည်။
၆။ လူ့စရိုက် သဘာဝကို ပေါ်လွင်အောင် ဖွဲ့ဆိုထားသော လက်ရာဖြစ်သည်။
၇။ အချိန်ကာလ တစ်ခုခုနှင့် ယှဉ်၍ တည်တံ့ခိုင်ခံ့သော စာပေလက်ရာဖြစ်သည်။
၈။ အတွေ့အကြုံ၊ အတွေးအခေါ်တို့ဖြင့် ရင်းနှီးဆည်းပူး၍ ရေးသားထားသော စာပေဖြစ်သည်။
၉။ လောကတွင် အခါခပ်သိမ်း မှန်ကန်တတ်သော အချက်များ ပါဝင်နေတတ်သည်။
၁၀။ ဂန္ထ၀င်စာပေ၌ ကျဉ်းမြောင်းသော နယ်နိမိတ်ဘောင်မရှိ။ တစ်စုံတစ်ရာသော အခွင့်အာဏာဖြင့် ဆုံးဖြတ် သတ်မှတ်ရခြင်းမရှိ။ အချိန်ကာလ ရင့်ညောင်းသည့်တိုင် အလိုအလျောက် ဖတ်ရှု လက်ခံ လေ့လာကြရသော စာပေမျိုးတွင် အကျုံးဝင်သည်။
၁၁။ တစ်ခါတစ်ရံ တစ်ခုကောင်း အရည်အသွေးကို အစွဲပြု၍ ပြောစမှတ်ပြုရသော လက်ရာဖြစ်သည်။
[ မောင်ဆုရှင်- 'ဂန္ထ၀င်စာပေဟူသည်' စာတမ်းမှ။ ( ဂန္ထ၀င်စာပေစာတမ်းများ(ပထမတွဲ) - မောင်ဆုရှင်၊ ထီလာစစ်သူ၊ တင်ထွေး)]


Related Posts Plugin for WordPress, Blogger...