Thursday, November 25, 2010

"ရာဇ၀င်ထဲက စလယ်ဝင်အိုး"


ကျွန်တော့် အဖေကို ပဲခူးရိုးမ တောင်ခြေက ရွာလေးတစ်ရွာမှာ မွေးပါသည်။ အမေ့ကိုတော့ တောင်ခြေနှင့် မလှမ်းမကမ်း၊ ရန်ကုန်ပြည်လမ်း ဘေးက နယ်မြို့လေး တစ်မြို့၏ ဆင်ခြေဖုန်း ရပ်ကွက်မှာ မွေးသည်။ ရပ်ကွက်ဟု ဆိုသော်လည်း ရွာသာ ဖြစ်သည်။ အဖေက အမေတို့ရွာကို ပြောင်းလာပြီး နောက်မှာ အကြောင်းပါ ၍ လက်ထပ် ခဲ့ကြတော့သည်။

ထို့နောက် မန္တလေးမှာ အလုပ်တာဝန်ကျ၍ အဖေရော အမေပါ ပြောင်းရွှေ့နေရသည်။ ရန်ကုန်ရောက်မှ ကျွန်တော့် အစ်ကို ကို မွေး၏။ ပြီးတော့ ကျွန်တော်။ ထို့နောက် ညီလေး။ အခုတော့ ကိုကြီးလည်း အိမ်ထောင် ကျပြီး ကလေး နှစ်ယောက်ပင် ရနေလေပြီ။ ကျွန်တော်လည်း အိမ်ထောင်ကျပြီး လေပြီ။ ညီလေးကား ခုထိ လူပျို။

ကျွန်တော်သာ စင်္ကာပူမှာ အလုပ် လုပ်နေ၍ မိဘများနှင့် မနေနိုင်သော်ငြား ကိုကြီးမိသားစုနှင့် ညီလေး တို့သည် အဖေ၊အမေတို့နှင့် အတူတူ နေကြသည်။ ပျော်စရာ ကောင်းလိုက်သည့် ဘ၀။

ကျွန်တော့် အဖေ၏ အဖေနှင့် အမေ၊ ကျွန်တော့် အဘိုးအဘွားများသည် ပဲခူးရိုးမ တောင်ခြေက အဖေ့ကို မွေးသော ရွာမှာ အိမ်ထောင်ကျသည်။ အဖေသည် သားအကြီးဆုံး။ အဖေ့မှာ ညီသုံးယောက် ရှိသည်။ ကျွန်တော့် အဘွားသည် ထိုမိသားစုအတွက် ထမင်းချက်။

ကျွန်တော့် အမေ၏ အဖေနှင့် အမေ ကျတော့ အမေ့ကိုမွေးသော အရပ်မှာပင် အိမ်ထောင် ကျသည်။ အမေက သမီး အကြီးဆုံး။ မောင်နှမချည်း ခုနှစ်ယောက်။ အမေကြီး (ကျွန်တော့်အဘွား) သည်လည်း အဖေ ဘက်က အဘွားလို မိသားစုအတွက် ထမင်းချက်။

ကျွန်တော်တို့ မိသားစုမှာကျတော့ အမေက ထမင်းချက်။

သည်လိုပြောရသည်က အမေတို့၊ အဘွားတို့ ချက်နေသော ထမင်းအိုးများကို ညွှန်းလို၍ ဖြစ်သည်။ အဘွားတို့ နယ်မှာတော့ တချို့ ဟင်းလျာများကို မြေအိုးလေးများနှင့် ချက်ကြသည်ကို တွေ့ဖူးသည်။ ကျွန်တော့် အဘွားများ လည်း ချက်ကြ၏။ အမေတို့၊ ကျွန်တော်တို့ လက်ထက်မှာတော့ လျှပ်စစ်ပေါင်းအိုးကို ထမင်းအိုးသဖွယ် မြင်လာ ရလေသည်။

အဘိုးအဘွားတို့သည် သူတို့မှာ ရှိသော မြေအိုး၊ စလယ်ဝင်အိုးလေးများဖြင့် ချက်စားခဲ့ပြီး အဖေနှင့် အမေ တို့ကို မွေးသောအခါမှ ဒန်အိုးကြီးကြီး ပြောင်းချက်ခဲ့ကြ ပေလိမ့်မည်။ အဖေနှင့် အမေ အိမ်ထောင်ကျသွားပြီး ကျန်သား သမီးများ အိမ်ထောင် ကျသွားသည့် အခါတွင်တော့ သူတို့၏ မြေအိုးလေးများကို ပြန်သုံးစွဲကြ ပါလိမ့်မည်။

ကျွန်တော့် အဖေနှင့် အမေ လက်ထက်မှာ မြေအိုး မသုံးတော့သော်ငြား ကိုကြီးနှင့် ကျွန်တော် အိမ်ထောင် ခွဲချိန် တွင် အဖေနှင့် အမေသည် ပေါင်းအိုး သေးသေးလေးကို ပြန်သုံးနေပါလိမ့်မည်။ သည်လိုနှင့်ပင် အဘိုးအဘွားတို့ သည် လည်းကောင်း၊ အဖေနှင့် အမေတို့သည် လည်းကောင်း သူတို့ ချက်ခဲ့ကြသော မြေအိုး၊ ပေါင်းအိုးများဖြင့် မိဘတို့၏ မေတ္တာကို လျှို့ဝှက်စွာ ပြခဲ့ကြသည်ဟု ကျွန်တော်ထင်သည်။

သူတို့အနားမှာ သားသမီး၊ မြေးများ မရှိသည့်အခါ သူတို့နှစ်ကိုယ်စာ စလယ်ဝင်အိုး၊ ပေါင်းအိုးတို့ဖြင့် ခြောက်ခြောက် ကပ်ကပ် ဖြတ်သန်းနေကြမည်လား မသိ။ မည်သူမျှ မရှိသော်ငြား ဇာတ်လမ်း အစမှ အဆုံးတိုင် ပါခဲ့သည့် ထို စလယ်ဝင်အိုး၊ ပေါင်းအိုးတို့သည် မိဘမေတ္တာကို ဖော်ညွှန်းနေမည်မှာ မလွဲ။ သားသမီးတိုင်း၏ ရာဇ၀င်ထဲမှာ စလယ်ဝင်အိုးလို ထမင်းအိုးများ ရှိနေမှာ မလွဲ။

ထိုစလယ်ဝင်အိုးလေးနှင့် ပတ်သက်၍ တေးရေး 'နေထွဏ်းဦး' ရေးပြီး အဆိုတော် 'အနိုင်' သီဆိုထားသည့် 'စလယ်ဝင်အိုး' သီချင်းကို ကျွန်တော် ခံစားခဲ့ရသည်မှာ ကြာလေပြီ။

ထိုသီချင်းထဲက စလယ်ဝင်အိုးသည် မိဘမေတ္တာ၏ ပြယုဂ်ဖြစ်၏။ ကျွန်တော်တို့ အဝေးရောက်နေချိန်မှာ ကျွန်တော်တို့ အဘိုးအဘွား မိဘများသည် စလယ်ဝင်အိုးလို အိုးလေးမျိုးနှင့် ဘ၀ကို ဖြတ်သန်းနေမည်လား။ တစ်ချိန်က စည်စည်ကားကား စားသောက်ခဲ့ကြသော ပျော်စရာ မိသားစု ထမင်းဝိုင်းလေးကို ပြန်မြင်ယောင် နေမည်လား။ ထိုစလယ်ဝင်အိုးလေးဖြင့် ချက်သော ထမင်းကို ဟင်းလျာများနှင့် ပြည့်ပြည့်စုံစုံ စားနိုင်ပါရဲ့လား။

ထိုသီချင်းလေး နားထောင်ပြီးတိုင်း ကျွန်တော် ခံစားအတွေးပွားရင်း မိဘ၊ ဘိုးဘွားတို့၏ ကျေးဇူးတရားကို ပြန်အောက့်မေ့၍ ပေးဆပ်ချင်နေမိပါတော့သည်။ ။


ဆူးသစ်
၂၀း၂၅ နာရီ
၂၅.၁၁.၂၀၁၀


Monday, November 22, 2010

"ချစ်သူတွေ မျက်ရည်ကျတဲ့ မြို့"


ဂျပန်နိုင်ငံ၊ အိုဆာကာမြို့၊ ကန်ဆိုင်း လေဆိပ်သို့ လေယာဉ်ရောက်ချိန်မှာ နံနက်(၇း၃၀) ရှိပြီ ဖြစ်သည်။ လူငယ် ဖိတ်ခေါ်ရေး အစီအစဉ်အရ လေ့လာရေးခရီး အဖြစ် လာခဲ့သော သူရတို့ မြန်မာအဖွဲ့မှ အဖွဲ့ဝင် (၂၀) ယောက် စလုံး၊ တစ်ညလုံး လေယာဉ် စီးလာခဲ့ရ၍ မလန်းသော်လည်း ဂျပန်နိုင်ငံကို ရောက်ပြီဆိုသော အသိကြောင့် ၀မ်းတော့ သာမိသည်။

လေဆိပ်မှာ ကိစ္စ၀ိစ္စတွေ ပြီးဆုံးချိန် လာကြိုသူများနှင့် အိုဆာကာမြို့ကို လိုက်ရ၏။ ကားမောင်းချိန် တစ်နာရီ ကျော် ကြာ၍ သူရကတော့ အိပ်ပျော်သွားသည်။

တည်းခိုရာ Centre ကိုရောက်မှ အတူပါသူများ၏ ဆူဆူညံညံ အသံများကြောင့် လန့်နိုး၏။ Centre မှာ အစီ အစဉ်များကို ရှင်းလင်းပြီး Single room တွေမှာ နားရမှ သူရ အားရပါးရ တစ်ရေးအိပ် လိုက်သည်။


***************************

"ကလင် - ကလင်"

ဖုန်းမှ ဘဲလ်မြည်သံ ကြားစဉ် အမြန်ထပြီး ကောက်ကိုင်လိုက်၏။

"သူရ Welcome Party စတော့မယ်၊ ရေချိုးပြီး အသင့်ပြင်ထား"

အတူပါ သူငယ်ချင်းတစ်ယောက်က လှမ်းသတိပေးမှ ညနေ(၆)နာရီ စမည့် ပါတီပွဲကို သတိ ရတော့သည်။ ရေချိုး၊ အ၀တ်အစားလဲ၊ အသင့်ဖြစ်တော့ အချိန်က စောနေ၍ ၀ရန်တာမှာ ခဏထွက်ငေး၏။

ကြည့်စမ်းပါဦး၊ လှလိုက်တဲ့မြို့။ တောင်တွေက ၀ိုင်းလို့။ မိုးစက်တွေက နှင်းမှုန်တွေလို ဖွဲဖွဲကျနေသည်။ ဒါပဲ အိုဆာကာမြို့ဆိုတာ။ သူရ အိပ်မက်ထဲမှာပင် မမက်ခဲ့သော နိုင်ငံ။ သည်နိုင်ငံကို လေ့လာရေးလာဖို့ အင်ဂျင် နီယာ ဖြစ်သော သူရက သူ့ဌာနမှာ အရွေးခံရသည်။ သူရလို တခြားဌာနတွေကလည်း ပါသည်။ ထိုသူတွေကို စု၍ လေ့လာဖို့ လွှတ်လိုက်တာ ဖြစ်သည်။ သေချာတာက မြန်မာနိုင်ငံအတွက် ရသမျှ လေ့လာ သင်ယူဖို့ပင်။

နာရီကို ကြည့်တော့ ပါတီစခါနီးပြီမို့ အခန်းကို သော့ခတ်ပြီး ဓာတ်လှေကားဖြင့် အောက်ထပ်ကို ဆင်းခဲ့၏။ ပါတီ လုပ်မည့် အခန်းဝကို ရောက်တော့ နေရာချထားသူ တစ်ဦးက ခေါ်ပြီး နေရာချပေးသည်။ သူရလို တခြားသူတွေ ရောက်နေပြီပဲ။ သူထိုင်သည့် စားပွဲမှာ သူရတို့နှင့် တစ်ဖွဲ့တည်း သူငယ်ချင်းတွေ ရောက်နေ၍ ပြုံးပြ နှုတ်ဆက်ရင်း ဘေးကို အကဲခတ်လိုက်၏။ သူရ ဘယ်ဘက်ဘေးက နေရာလွတ်နေပြီး၊ ညာဘက်ဘေးကတော့ ဂျပန် အမျိုးသမီး ငယ်လေး တစ်ယောက်ကို တွေ့ရ၏။

"ဟာဂျီမ မာရှီတက်၊ သူရ(စ်)ဒဲလ်စ်၊ မြန်မာကာရာကီမာရှီတာ၊ ရှီဂိုတိုဝါ အင်ဂျင်နီယာဒဲလ်စ်၊ ဒိုးဇိုးရောရော ရှိခု"

မြန်မာပြည်မှာ သင်ခဲ့သမျှ၊ တတ်သမျှ၊ မှတ်သမျှ ဂျပန်စကားနှင့် နှုတ်ဆက်လိုက်သည်။ ပဋိသ္ဓာရ စကား ဖြစ်၍ ကိုယ့်ကိုယ်ကို မိတ်ဆက်လိုက်ခြင်းလည်း ဖြစ်၏။

"ဒီလိုတွေ့ရတာ ၀မ်းသာပါတယ်။ ကျွန်တော့်နာမည် သူရပါ။ မြန်မာနိုင်ငံကပါ။ အလုပ်အကိုင်က အင်ဂျင် နီယာ ပါ။ တွေ့ရတာ ၀မ်းသာပါတယ်"

ဟုပြောလိုက်ခြင်း ဖြစ်သည်။
ဂျပန်မလေးက အပြုံးနှင့်လှည့်ကြည့်ပြီး သဘောကျသွားသည်။

"မင်္ဂလာပါရှင်"

"ဟိုက်"

သူရက ဂျပန်လို နှုတ်ဆက်လိုက်သော ဂျပန်မလေးသည် သူရကို မြန်မာလို ပြန်နှုတ်ဆက်၏။ သည်တော့ သူရ အလန့်တကြား အော်၏။ ဂျပန်မလေးရယ်သည်။ ဖြူဖြူနုနု၊ ပန်းရောင်အသားအရေ၊ ဆံပင်အနီရောင် ကုတ်ဝဲနှင့် ဂျပန်မလေးသည် အပြစ်ကင်း၍ ချစ်စရာ ကောင်းကြောင်း သူရ ခဏတာအတွင်း ရိပ်မိလိုက်၏။

"မြန်မာစကားတတ်လား"

"ဟုတ်ကဲ့ရှင့်"

သေစမ်းသူရ၊ ယဉ်ကျေးစွာ ဖြေနေသော ဂျပန်မလေးကို ကြည့်ရင်း သူရ သူ့နဖူး သူရိုက်လိုက်တော့၏။

"ကျွန်မအဘိုးက မြန်မာပြည်မှာ နေဖူးတယ်။ ကျွန်မက နိုင်ငံခြားဘာသာတက္ကသိုလ်(ရန်ကုန်)မှာ မြန်မာစာ သုံးနှစ် သင်ဖူးတယ်"

ပြီးရောပေါ့။ တကယ့် စာဖတ်မယ့်သူနဲ့မှ လာတွေ့နေပါလားဟု တွေးရင်း သူရက ရယ်သည်။

"၀မ်းသာလိုက်တာဗျာ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်အတွက် တော်တော်လေး အဆင်ပြေတာပေါ့။ ကျွန်တော်နဲ့ တစ်ဝိုင်းတည်းကျတဲ့သူက မြန်မာစကားတတ်နေတော့ စကားပြောလို့ ပိုကောင်းတာပေါ့နော်"

"ကျွန်မက နောက်နေ့တွေမှာလည်း သူရတို့ကို လိုက်ကူညီရမှာလေ"

"သြော် ဟုတ်လား။ ဒါနဲ့ နာမည် ဘယ်လိုခေါ်လဲ"

"ဂျပန်လို ယူကာရီစံ၊ မြန်မာလို မိုးပွင့်ဖြူလို့ ကျွန်မတို့ ဆရာမက ပေးထားတယ်"

မိုးပွင့်ဖြုတဲ့လားဟု သူရက ရေရွတ်ရင်း တော်တော် လိုက်ဖက်တဲ့နာမည်ဟု အသိအမှတ်ပြုလိုက်၏။ ပြီးတော့ ပါတီပွဲစစဉ် စကားစတို့ ခေတ္တ ပြတ်သွား၏။

မှတ်မှတ်ရရပါပဲ။ သူရအတွက် အိုဆာကာ၏ မိုးစက်များနှင့်အတူ မိုးပွင့်ဖြူဆိုသော ဂျပန်မလေး တစ်ယောက် ကို စတင် သိခွင့်ရခဲ့သော ညနေလေးတစ်ခု ပိုင်ဆိုင်ခဲ့ရလေပြီ။


***************************

"သူရ၊ မင်းဂျပန်မလေး ငါတို့နဲ့ လိုက်မယ်တဲ့"

သည်နေ့ လေ့လာရေး အစီအစဉ် စပြီမို့ နံနက်ခင်းစောစောစာ စားပြီး ကားစောင့်နေစဉ် သူငယ်ချင်း တစ်ယောက်က စ၍ သူရပြုံးသည်။

"နေရင်း ထိုင်ရင်း၊ ဘယ့်နှယ့် ငါ့ ဂျပန်မလေး ဖြစ်ရတာလဲကွ"

"မနေ့က မင်းနဲ့တော်တော် အဆင်ပြေလို့လေ။ တူကိုင်တာတွေ ဘာတွေ သင်ပေးနေတာပဲ"

ပါတီမှာ စားသောက်သည့်အခါ တူတွေချပေးထား၍ သူရက တူကိုင်တတ်သော်လည်း မကိုင်တတ်ဟန်နှင့် စကားမရှိ စကားရှာ သင်ပြခိုင်းခဲ့ခြင်းဖြစ်သည်။ လူမျိုးခြားတစ်ဦးနှင့် စတင်သိကျွမ်းမှုမှာ နည်းနည်းတော့ ကွာ၏။ မြန်မာပြည် မှာတုန်းက စကားသွက်သော သူရပင် ဘာပြောရမှန်းမသိ။

သည်တော့ တူကိုင်နည်းက စကာ စကားဆက်ပြော ဖြစ်သည်။ နောက်တော့ မိုးပွင့်ဖြူသည် စီးပွားရေး ဆိုင် ရာ အတက်တန်းကျောင်း တစ်ခုမှ ဆရာမတစ်ဦး ဖြစ်သည်ဟု သိလိုက်ရ၏။

"မင်္ဂလာပါ သူရ"

"ဟာ မိုးပွင့်ဖြူ၊ မင်္ဂလာပါ၊ ဒီနေ့ ကျွန်တော်တို့နဲ့ လိုက်မယ်ကြားတယ် ဟုတ်လား"

မနေ့က အကြောင်းတွေကို ပြန်စဉ်းစားနေစဉ်မှာပင် မိုးပွင့်ဖြူ ရောက်လာ၍ အံ့သြ ၀မ်းသာမိသည်။ သည်နေ့ သူမသည် အပေါ်အောက် နို့နှစ်ရောင် အင်္ကျီ၊ ဘောင်းဘီ ၀တ်ထားသည်။ ဆံပင်ကို ကလစ်နှင့် ညှပ်ထား၏။ ရှင်းသန့်ပြီး တောက်ပသော သူမပုံစံကြောင့် သူရ ငေးမိသွားသည်။

"ကျွန်မ တာဝန်ယူထားတယ်။ နောက်နေ့တွေလည်း လိုက်ဦးမှာ"

ပြောပြီး သူမက အစီအစဉ် စီစဉ်သူနှင့် တွေ့ဆုံနှုတ်ဆက်ကာ ညှိနှိုင်းနေ၏။ သူရက ကားရောက်လာ၍ ကားပေါ် တက်လိုက်တော့သည်။


***************************

"ဟား ဟား ဟား"

လေ့လာရေးသွားနေစဉ် ကာလလေးကြာတော့ ဂျပန်လူမျိုးတချို့နှင့် ရင်းနှီးကုန်သည်။ သူရတို့နှင့် ရွယ်တူ နှစ်ဆယ့်ငါး၊ သုံးဆယ် ၀န်းကျင် လူငယ်တွေများ၍ ပျော်လည်းပျော် ရယ်လည်းရယ်ရသည်။ တချို့ဂျပန် လူငယ် များက မြန်မာစကားကို သိချင်တာ လိုက်မေး၏။ မေးသည် က အင်္ဂလိပ်လို မေး၍ သူရတို့က အင်္ဂလိပ်လို ဖြေရတာ ဖြစ်သည်။ မြန်မာစကားကိုတော့ မြန်မာလို သင်ပေး၏။ ထိုအထဲမှာ မာကိုတိုစံ ဆိုသော ဂျပန်လေးက ပျော်လည်းပျော် နောက်လည်း အနောက်ဆုံး။

"I Love You ဆိုတဲ့ စကားကို မြန်မာလို ဘယ်လိုပြောရမလဲ"

"နင့်ကိုငါချစ်တယ်လို့ ပြောရတယ်"

မာကိုတိုစံ မေးသမျှ သူရတို့အဖွဲ့ ပြန်ဖြေရသည်။ ရယ်လည်း ရယ်ရ၏။ မာကိုတိုစံမှာ သူကချစ်နေသော သူ့ထက်ငယ်သည့် ကောင်မလေး တစ်ယောက်ရှိသည်ဟု သိရ၍လည်း သူရတို့ကို မေးနေသော မေးခွန်းကို သဘောကျ နေခြင်း ဖြစ်သည်။ ပြီးတော့ မာကိုတိုစံ ချစ်နေသော ကောင်မလေးသည် သူရ တို့ကို နောက် နေ့တွေမှာ လိုက်ပါ ကူညီမည်ဟု သိရ၍ နောက်နေ့အတွက် ကြိုတင် ပြင်ဆင်နေသော သူ့ကို ကြည့်ကာ သူရတို့ ရယ်နေရသည်။

"ငယ်တဲ့သူကို ဘယ်လိုခေါ်လဲ"

"ညီမလေး"

"ငါကသူ့ထက်ကြီးတော့ ငါ့ကိုယ်ငါ ဘယ်လိုပြောမလဲ"

"အစ်ကို ဒါမှမဟုတ် ကိုကို လို့ပြော"

"ကိုကို ညီမလေးကိုချစ်တယ်"

"ဟား ဟား ဟား"

တစ်လုံးလောက် သင်ပြီး ငါးလုံးလောက် တတ်နေသည့် မာကိုတိုစံကို သူရတို့ သဘောကျ၍ ရယ်ရတော့ သည်။ ရည်းစားစကားကို အင်္ဂလိပ်လို မေးသည်။ ပြီးတော့ အခေါ်အဝေါ်တွေ အင်္ဂလိပ်လို မေးပြီး အားလုံး ပေါင်းကာ သူ့ကောင်မလေးကို ပြောဖို့ စကားစရှာ၍ ရသွားသည်။

"ကိုကို ညီမလေးကိုချစ်တယ်"

တဲ့လေ။ ဒါကို မြန်မာလို ပြောတာဖြစ်သည်။

"သူရ ဘာတွေသဘောကျနေတာလဲ"

မိုးပွင့်ဖြူက မာကိုတိုစံကို ကြည့်ကာ သဘောကျနေသည့် သူရနားကိုကပ်ကာ မေးသည်။ သူရက သူငယ်ချင်း တွေနှင့် ခပ်ဝေးဝေးမှာ ရပ်ကာ မာကိုတိုစံနှင့် အမေးအဖြေ လုပ်နေပုံကို ကြည့်ကာ ရယ်နေတာ ဖြစ်၏။ နောက် တစ်နေရာကို ခရီးမဆက်ခင်မှာ သူရတို့ ခေတ္တနားလေ့ ရှိသည်။

"မိုးပွင့်ဖြူထက် မာကိုတိုစံက မြန်မာစကားကို စိတ်ဝင်စားနေပြီ၊ ဟိုမှာ ကျွန်တော့် သူငယ်ချင်းတွေကို မေးပြီး ပြန်ဖြေ နေတာ သဘောကျလို့ပါ"

"သူက ဘာတွေ မေးလို့လဲ"

"အစုံပဲ၊ သူချစ်နေတဲ့ မိန်းကလေးကို ဘယ်လိုပြောရမလဲ ဆိုတာပါ ပါတယ်"

"သြော်"

မိုးပွင့်ဖြူမျက်နှာမှာ ရှက်ရိပ်နှင့် နီရဲသွားပြီး ခေါင်းငုံ့သွားတာ တွေ့သည်။ အချစ်ရေးကိစ္စမှာ မိုးပွင့်ဖြူ အစိမ်း သက်သက် ဖြစ်နေသလားဟု သူရ တွေး၏၊ တကယ်ဆို အသက် အစိတ်ကျော်၊ သုံးဆယ်ဝန်းကျင် သူရတို့ အရွယ် တွေမှာ အချစ်ရေးက အစိမ်းသက်သက် မဖြစ်နိုင်။ မိုးပွင့်ဖြူသည် အချစ်ရေးကို တကယ် မပတ်သက်ခဲ့သည်လား၊ သို့မဟုတ် လူမျိုးခြား မြန်မာယောက်ျားလေး တစ်ယောက်ရှေ့မှာမို့ အချစ်ဆိုသော စကားလုံးက ရှက်စရာ ဖြစ်နေသည်လား မဆိုနိုင်။

"သူရတို့ ဒီမှာပျော်လား"

"ပျော်ပါတယ်၊ ဒါပေမဲ့ ခရီးစဉ် တစ်ဝက်ကျိုးပြီ။ ရှေ့တစ်ပတ်ကျော်ဆို ပြန်ရတော့မယ်"

"ကျွန်မတို့မှာ Program ရထားတယ်၊ ဇူလိုင် ၁၇ ပြန်ရမယ်လို့ ပါတယ်၊ လေ့လာရေးအတွက် ဆွေးနွေးပွဲ ရှိသေး တယ်၊ ငါးယောက်စီခွဲပြီး ဆွေးနွေးရမှာ၊ သူရတို့ဘက်က ငါးယောက်၊ ကျွန်မတို့ဘက်က ငါးယောက်၊ အုပ်စု လေးစု ခွဲမှာ၊ အဲဒါတွေပြီးမှ ပြန်ရမှာ"

"မိုးပွင့်ဖြူ မြန်မာပြည် လာလည်ဦးမလား"

ခပ်တွေတွေလေး ဖြစ်သွားသည်။ မျက်ဝန်းမှာ မျက်ရည်တို့ ရစ်ဝိုင်းတာ တွေ့သည်။

"ကျွန်မတို့ သုံးနှစ်လောက် နေခဲ့တဲ့နေရာ၊ ကျွန်မအခွင့်အရေးရရင် လာလည်ချင်ပါတယ်၊ ဒီအချိန်ဆို မြန်မာ ပြည်မှာလည်း မိုးတွေကြီးနေပြီနော်"

ခေါင်းညိတ်ပြလိုက်စဉ်မှာ မိုးပွင့်ဖြူအဝေးကို ငေး၏။

"မြန်မာပြည်နဲ့ မြန်မာလူမျိုးတွေဟာ ချစ်ဖို့ကောင်းပါတယ်၊ ဟိုးတုန်းက အဘိုးကို ကူညီ ခဲ့တဲ့ မြန်မာတွေရဲ့ ကျေးဇူးတွေ ကျွန်မမမေ့ဘူး၊ ဒါကြောင့်လည်း မြန်မာတွေနဲ့ ပတ်သက်ရင် ကျွန်မ ကူညီနေခဲ့တာ၊ ကျွန်မ မြန်မာပြည်ကို သိပ်ချစ်တယ် သူရ၊ မြန်မာပြည်မှာ နေခွင့်ရရင် နေချင်ပါတယ်"

ရင်ထဲက လာသောစကားဟု ယုံ၏။ လေးလံသော သက်ပြင်းကို သူရချမိသည်။ ကိုယ့်နိုင်ငံနှင့် ကိုယ့်လူမျိုး အတွက်လည်း ဂုဏ်ယူမိ၏။ သူမဆန္ဒကို ဖြည့်ဆည်းနိုင်စွမ်းတော့ သူရမှာ ရှိမှ မရှိတာပဲလေ။


***************************

"မင်းသဘောမကျဘူးလား သူရ၊ မြန်မာမလေး ကျနေတာပဲ"

ကျွန်တော်တို့အဖွဲ့က လက်ဆောင်ပေးထားသော ထဘီကိုဝတ်ကာ မိုးပွင့်ဖြူ မြန်မာဆန်ဆန် လှနေသည်။ ဒါကို ရည်ရွယ်၍ သူငယ်ချင်း တစ်ယောက်က ပြော၏။ သူရပြုံးပြီး ခေါင်းခါပြလိုက်သည်။

"မြန်မာလိုဝတ်တာ၊ မြန်မာစကားပြောတတ်တာနဲ့ သူက မြန်မာဖြစ်လာမှာမှ မဟုတ်တာ၊ ဟိုတုန်းက စိတ်ဝင်စား တာ မြန်မာပြည်မှာ ရှိပါတယ်၊ ငါ့အသက် သုံးဆယ်နား ကပ်လာတော့ တော်ရုံ တန်ရုံ မြန်မာမလေး တွေကိုတောင် ရင်မခုန်တတ်တော့ဘူး၊ တခြားတိုင်းပြည်က မိန်းကလေး တစ်ယောက်ကို ချစ်ဖို့ဆိုတာ ဝေးရောပေါ့"

"မင်းမှာ နှလုံးသားရှိရဲ့လား၊ ပြန်ကြည့်ဦး"

သူငယ်ချင်း၏ စကားကြောင့် သူရ ရယ်မိသည်။

"သူရ၊ ကျွန်မ၀တ်ထားတာ လှလား"

ရုတ်တရက် အနားရောက်လာသော မိုးပွင့်ဖြူက သူမ ထဘီဝတ်ထားတာ ပြရင်း မေး၍ သူရ လှည့်ကြည့် မိ၏။

"လှပါတယ်၊ မြန်မာမလေးနဲ့ တူတယ်"

သဘောကျကာ ငုံ့ကြည့်နေခိုက် တခြားသူငယ်ချင်းတွေ အဝေးကို ထွက်သွားသည်။

"ဒါနဲ့ ကျွန်တော့်နာမည်ကတ်ပြား မိုးပွင့်ဖြူကို မပေးရသေးဘူးနော်"

သူမ ခေါင်းညိတ်ပြ၍ အိတ်ထဲက ထုတ်ပြီး ကတ်ပြားတစ်ခု ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

"ကျွန်တော့်ကို အဲဒီ့လို ပြောမယ်လို့တော့ ထင်တယ်၊ တခြားသူတွေကို ပေးတော့လည်း အဲဒီ့လိုပဲ ပြောတယ်၊ ကျွန်တော်တို့ ဆီမှာတော့ အဲဒီ့လို မဟုတ်ဘူး၊ ပေးရင် ယူလိုက်တာပဲ ရှိတယ်၊ ဒီနာမည် ကတ်ပြားပေးတာ ကျေးဇူးတင်စရာ မလိုဘူးထင်တယ်"

"ဒီလို သူရရဲ့၊ အဲဒီနာမည် ကတ်ပြားတွေမှာ လိပ်စာတို့၊ ဖုန်းနံပါတ်တို့ ပါတယ်လေ၊ ဒါဟာ လူတစ်ယောက်ကို ဆက်သွယ်နိုင်တဲ့ လျှို့ဝှက်ချက်ပဲ၊ ဒီလို လျှို့ဝှက်ချက်မျိုးကို ပေးတယ်ဆိုတာ ယုံကြည်လို့ ပေးတာပေါ့၊ ကိုယ့် လျှို့ဝှက်ချက်နဲ့ သူက အလွဲသုံးစား မလုပ်နိုင်ဘူးလို့ ယုံကြည်လို့ ပေးတာ၊ ဒီလို ယုံကြည်တာကို ကျွန်မတို့ အလေးထားတယ်လေ၊ ကိုယ့်ကို သူတစ်ပါးက ယုံကြည်မှု အပ်နှံတယ်ဆိုတာ ကိစ္စသေးသေး လေး မဟုတ်ဘူး လို့ ထင်ပါတယ်၊ ဒါကြောင့် ကျေးဇူးတင်တာပါ"

သူမဆိုလိုသည်ကို သူရ သဘောပေါက်လိုက်သည်။

"သူရကို ကျွန်မနာမည်ကတ် ပေးထားမယ်နော်"

ပြောပြီး သူမ အင်္ကျီအိတ်ထဲက ထုတ်ပြီးပေးတော့ သူရက အပြုံးနှင့် လက်ခံသည်။

"ကျေးဇူးတင်ပါတယ်၊ မိုးပွင့်ဖြူက ကျွန်တော့်ကို တကယ်ခင်လို့ ပေးတာပေါ့၊ ဟုတ်လား"

ခေါင်းညိတ်ပြစဉ် သူမမျက်ဝန်းမှာ ရှက်ပြုံးတွေ တွေ့သည်။ သူရ မမြင်ယောင် ဆောင်လိုက်၏။


***************************

ဆွေးနွေးပွဲ သုံးရက်အပြီး နောက်ဆုံးညမှာ ပါတီပွဲတစ်ခု လုပ်သည်။ ဓါတ်ပုံတွေ တွဲရိုက်ကြ၏။ သူရက မိုးပွင့်ဖြူ နှင့် တစ်ပုံ တွဲရိုက်သည်။ ပြီးတော့ အားလုံး ကိုယ့်အစုနှင့်ကိုယ် စကားပြောနေစဉ်မှာ သူရက ဧည့်ခံဖျော်ဖြေ နေသော အကအဖွဲ့ကို ငေးကြည့်နေ၏။ ပါတီ၏ သဘာဝ ထိုင်ခုံမထားဘဲ မတ်တတ် ကြည့်ရ၍ စင်ရှေ့မှာ သူရက မတ်တတ်။

"သူရ၊ သူတို့ကတာ စိတ်ဝင်စားနေလား"

မိုးပွင့်ဖြူက ဘေးမှာလာရပ်ရင်း မေးသည်။ သူရက ပြုံးပြီး ခေါင်းညိတ်လိုက်၏။

"မိုးပွင့်ဖြူ၊ နောက်ရက်တွေ ကျွန်တော်တို့နဲ့ ရှိဦးမလား"

"ကျွန်မ ကျောင်းပျက်တာ ကြာပြီ၊ ကျောင်းသွားရဦးမယ်"

သူမမှာလည်း သူမနိုင်ငံအတွက် အလုပ်တွေ ရှိပါသေးလား တွေးရင်း ကြည်နူးစိတ် ဖြစ်၏။ သူရတို့ကို လိုက်ကူညီ တာလည်း သူမတို့ နိုင်ငံအတွက် အလုပ် လုပ်နေတာပဲလေ။ ထို့ကြောင့် သူရ တို့ကို လေ့လာရေး ခေါ်တာ ဖြစ်၏။

"ကျွန်တော်တို့ နောက်လေးငါးရက်ဆို ပြန်ရပြီ၊ မိုးပွင့်ဖြူ နဲ့ ကျွန်တော် ခွဲရတော့မယ်"

လွှတ်ခနဲ ထွက်သွားသော သူရစကား၊ မိုးပွင့်ဖြူ သည် အသက်မဲ့စွာ သူရကို ငေးကြည့်၏။

"'ဒါ ဆွေးနွေးပွဲ အတွက် ကျွန်တော့်ရဲ့ အမှတ်တရ လက်ဆောင်ပါ"

မိုးပွင့်ဖြူ ပါသော ဂျပန်ငါးယောက်နှင့် သူရပါသော မြန်မာငါးယောက်တို့ ဆွေးနွေးစဉ်က မပေးဖြစ်သော ကျောက်စိမ်း လက်စွပ်လေး တစ်ကွင်းကို မိုးပွင့်ဖြူ အတွက် သူရက ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် သူရ"

သူမလက်မှာ ကောက်စွပ်ပြီး လက်ကလေး ထောင်ပြကာ ကလေးလို သဘောကျနေသော မိုးပွင့်ဖြူ ကို ကြည့် ကာ သူရစိတ်ထဲ အပြစ်ကင်းသည့် ကလေးတစ်ယောက်လို မြင်မိသည်။

"ယူကာရီစံ"

ဂျပန်လူမျိုးတစ်ဦး၏ ခေါ်သံကြားတော့ သူမ သူရအပါးမှ ထွက်သွားသည်။ သူရ ရင်ထဲမှာ လပ်ဟာ သွား သလို ခံစား ရ၏။


***************************

သူရတို့ မပြန်ခင်ညမှာ နှုတ်ဆက်ပွဲ လုပ်သည်။ သူရတို့ကို လိုက်ပါကူညီသော ဂျပန်လူငယ်တွေ အကုန် တက်ကြ သည်။ သူရက မိုးပွင့်ဖြူကို ရှာသည်။ မတွေ့။ လွန်ခဲ့သည့် ဆွေးနွေးပွဲ နောက်ဆုံးညမှာ တွေ့ပြီး ကတည်းက ထပ်မတွေ့ခဲ့ရ။ ကျောင်းသွားဦးမယ် ဆိုသော စကားကို ပြန်ကြားယောင်သည်။ ဘာပဲဖြစ်ဖြစ် နှုတ်ဆက်ပွဲည မှာတော့ မိုးပွင့်ဖြူ ကို တွေ့ချင် မြင်ချင်သည်။

နှုတ်ဆက်ပွဲစပြီး ခဏကြာမှ မိုးပွင့်ဖြူ ရောက်လာသည်။ သူရက သွားနှုတ်ဆက်၏။

"မိုးပွင့်ဖြူ နောက်ကျတယ်နော်"

"ကျွန်မ အလုပ်တွေ မပြီးလို့ သူရရယ်၊ တောင်းပန်ပါတယ်"

"ဟိုရက်တွေက မိုးပွင့်ဖြူ မလာဘူးနော်"

"ဟုတ်တယ်၊ ကျွန်မကျောင်းပြန်ဝင်နေတာလေ"

"ကျွန်တော် အခု တစ်ခါတည်း နှုတ်ဆက်လိုက်တယ်နော်၊ မနက်ဖြန်မနက် စောစောထပြီး လေဆိပ် ဆင်းရမယ်၊ ခုတော့ ကျွန်တော့်ရဲ့ အမှတ်တရ လက်ဆောင်တစ်ခု မိုးပွင့်ဖြူ ကို ပေးခဲ့မယ်နော်"

ပြောပြီး တိုက်ပုံ အင်္ကျီထဲက အသည်းပုံ ကမာခွံ ဘူးလေး ထုတ်လိုက်သည်။ သူရ အမေက ဂျပန်ရောက်လျှင် ပေးချင်သည့်လူ ပေး၍ရအောင် ထည့်ပေးလိုက်သော အသည်းပုံ ကမာခွံ ဘူးလေးသည် ခုမှ သူရအတွက် အသုံးဝင်ပြီ ထင်၏။

"ဒါ တိရိစ္ဆာန်ရဲ့ အခွံနဲ့ လုပ်ထားတာ မဟုတ်လား"

"ဟုတ်တယ်၊ ကမာကောင်ရဲ့ အခွံလေးလေ၊ အဲဒါ မိုးပွင့်ဖြူ ကို ကျွန်တော်ပေးတာ၊ ဒါနဲ့ ကျွန်တော် မိုးပွင့်ဖြူ တစ်ယောက်တည်း ရိုက်ထားတဲ့ ဓါတ်ပုံ အမှတ်တရ လိုချင်တယ်"

"လောလောဆယ် ကျွန်မမှာ မပါဘူး၊ ကားထဲမှာ ကတ်လုပ်ထားတဲ့ ပုံရှိတယ်၊ ခဏလေး စောင့်နော်၊ ကျွန်မ သွားယူပေးမယ်၊ ကျွန်မလည်း သူရပုံ လိုချင်တယ်၊ သူရ ဓါတ်ပုံ ကျွန်မကို ပေးဦးလေ"

"ရှိတယ်၊ ခဏလေး"

ပတ်စ်ပို့ ပုံ ပိုနေတာရှိ၍ ပိုက်ဆံအိတ်ထဲက ထုတ်ပေးလိုက်သည်။ အံ့သြစရာ ကောင်းသည်က အသည်းပုံ ကမာခွံဘူး ထဲကို သူရပုံထည့်၍ အသေအချာ ပိတ်လိုက်ခြင်း ဖြစ်သည်။

"ကျောက်စိမ်း လက်စွပ်လေးရော"

"သိမ်းထားတယ်"

"ဒီဘူးထဲမှာပဲ ထည့်သိမ်းထားပေါ့"

ခေါင်းညိတ်ပြပြီး သူမထွက်သွားသည်။ ခဏနေတော့ သူမပြန်လာ၏။ ဓါတ်ပုံတစ်ပုံ ပါလာသည်။ အံ့သြစရာ ကောင်းသည်က ယခု သူမ၀တ်ထားသော အ၀တ်နှင့်ပင် ဖြစ်၏။

"ဒါ သူရ အတွက်လေ၊ ပိုလာရိုက်စ် နဲ့ ရိုက်ထားတာ"

လက်ရေးနှင့် ရေးထားသည့် 'ယူကာရီ' ဆိုသော စာနှင့်ရက်စွဲလေးပါသော ခုရိုက်ခုထွက်ဓါတ်ပုံကို ကြည့်ရင်း သူရ ကြည်နူးနေမိသည်။

"ကျွန်တော် မြန်မာပြည် ပြန်ရောက်ရင် မိုးပွင့်ဖြူ ကို သတိရနေတော့မှာပဲ"

"ကျွန်မလည်း အတူတူပါပဲ"

နှစ်ဦးသား စကားစ ပြတ်သွားသည်။ သူမကို ကြည့်တော့ ရီဝေသော အကြည့်နှင့် ကြည့်တာ တွေ့သည်။

"ကျွန်တော် မြန်မာပြည်ရောက်ရင် မိုးပွင့်ဖြူ ဆီ စာရေးမယ်နော်၊ မိုးပွင့်ဖြူ ပြန်ရေးမလားဟင်"

"ရေးပါ့မယ်"

အခမ်းအနား ပြီးဆုံးပြီဟု ကြေညာသံကို ကြားလိုက်ရချိန်မှာ သူရနှင့် မိုးပွင့်ဖြူ တစ်ယောက်ကို တစ်ယောက် တိတ်ဆိတ်စွာ ကြည့်ရင်း ငေးနေမိသည်။

"သူရရေ၊ ပစ္စည်းသိမ်းမယ်ဟေ့"

နှုတ်ဆက်စကား မပြောဘဲ သူရ လှည့်ထွက်လိုက်သည်။ ဓါတ်လှေကားထဲ အ၀င်မှာ ခန်းမထဲက ထွက်ကာ ငေး နေသော မိုးပွင့်ဖြူ ကို တွေ့လိုက်ရ၍ သူရ ရင်မှာ စိတ်မကောင်း ဖြစ်သည်။


***************************

တကယ်တော့ မိုးပွင့်ဖြူ ရယ်

ကျွန်တော်နဲ့ခင်ဗျားဟာ တစ်နိုင်ငံစီက လူတွေပါ။ မိုင်ပေါင်းများစွာ ဝေးတဲ့ နေရာ နှစ်နေရာက ဘာသာစကား မတူတဲ့ လူနှစ်ယောက် နောက်တစ်ခေါက်တွေ့ဖို့ဆိုတာ အိပ်မက်လိုပါပဲ။

ပြီးတော့ ကျွန်တော်တို့မှာ ကိုယ့်နိုင်ငံအတွက် လုပ်ရမယ့် တာဝန်တွေ တစ်ပုံကြီးပါပဲ။ ကျွန်တော်တို့ ရင်ထဲမှာ ဘယ်လို ခံစားချက်တွေပဲ ရှိရှိ၊ လတ်တလော တွေ့ဆုံမှုမှာ ဒါတွေ ကျွန်တော်တို့ ဖယ်ထားခဲ့ရမှာပါ။ ဒီအတွက် ကျွန်တော်တို့ ရင်းရမယ့် အရင်းအနှီးကတော့ များပါတယ်။ ကျွန်တော်နဲ့ မိုးပွင့်ဖြူ ဟာ ရင်ထဲက ချစ်ခဲ့ကြတဲ့ ချစ်သူတွေလား၊ ဖွင့် မပြောနိုင်ခဲ့လို့ မျိုသိပ်ထားခဲ့ ကြတာလား ဆိုတာတော့ ကျွန်တော်တို့ နှစ်ယောက်ပဲ သိနိုင်ပါလိမ့်မယ် မိုးပွင့်ဖြူ။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်ရင်ထဲမှာ ဘာတွေရှိရှိ၊ ခင်ဗျားရင်ထဲမှာ ဘာတွေရှိရှိ၊ အားလုံးရဲ့အမြင်မှာ ကျွန်တော်တို့ ရိုးသားခဲ့ကြတယ် မဟုတ်လား။ ဘယ်လောက်ပဲ ပြင်းထန်တဲ့ စိတ်ခံစားချက် ရှိပါစေ၊ ဝေးသွားတဲ့ တစ်နေ့မှာတော့ အေးစက်သွားလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။

ပြီးတော့ တစ်ချိန်မှာ ကျွန်တော်တို့ဟာ ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံသူ၊ နိုင်ငံသားနဲ့ ပဲ အိမ်ထောင်ပြု ကြမှာလေ။ အဲဒီ့အချိန်မှာ ကျွန်တော်တို့ နိုင်ငံအတွက် ကျွန်တော်တို့ နိုင်သလောက် တာဝန်တွေကို ထမ်းနေ လောက်ပြီပေါ့။ အဲဒီ့လို တာဝန်ထမ်းတဲ့အခါမှာ မိုးပွင့်ဖြူ တို့ တိုင်းပြည်မှာ လေ့လာခဲ့ရတာတွေဟာ ကျွန်တော်တို့ နိုင်ငံအတွက် အထောက်အကူ ဖြစ်မှာပါ။ ဒီအတွက် အမြဲတမ်း ကျေးဇူးတင်နေမှာပါ။

အဲဒီ့ ကျေးဇူးတင်မှုတွေနဲ့အတူ သတိရနေမိမှာက ကျွန်တော်တို့ ရောက်ခဲ့တဲ့ မြို့ကလေးကိုပါ မိုးပွင့်ဖြူ။ ဒီမြို့ ကလေးမှာ ကိုယ့်နိုင်ငံကို သိပ်ချစ်ကြတဲ့ လူတွေ ဆုံခဲ့ကြတယ်။ ပြီးတော့ ဒီမြို့လေးကို နှုတ်ဆက် ခဲ့ကြတယ်။ ကျွန်တော် တို့ ဦးတည်ခဲ့ကြတဲ့ ရည်ရွယ်ချက်တွေ အတွက် လမ်းခွဲခဲ့ချိန်မှာ ဒီမြို့လေးဟာ လွမ်းစရာအဖြစ် ကျွန်တော်တို့ မျက်ရည်ကျခဲ့ရတဲ့ မြို့လေး ဖြစ်ခဲ့တယ်။

ဒါဟာ ကိုယ့်နိုင်ငံအပေါ် သန့်စင်စွာ ချင်ခင်ကြတဲ့ လူငယ်တွေက 'ချစ်သူတွေမျက်ရည်ကျတဲ့မြို့'လို့ တင်စား စရာ ပါပဲ။

နောက်ပြီး အဲဒီ့မြို့ကလေးမှာ ကျွန်တော်တို့လို တစ်နိုင်ငံဆီက လာတဲ့ ကောင်လေး တစ်ယောက်နဲ့ ကောင်မ လေး တစ်ယောက်တို့ရဲ့ ဇာတ်လမ်းတွေ ရှိချင် ရှိခဲ့ဦးမှာပါပဲ။ အဲဒီ့လို ဇာတ်လမ်းတွေ ကနေ ချစ်သူ မဖြစ်ရ ပေမယ့် တိုးတိတ်စွာ ငြိမ်သက်နေခဲ့ရတဲ့ ချစ်သူတွေလည်း ရှိခဲ့ဦးမှာ ပါပဲ။

အဲဒီ့ချစ်သူတွေအတွက်လည်း ဒီမြို့လေးဟာ 'ချစ်သူတွေ မျက်ရည်ကျတဲ့မြို့' ပါပဲ မိုးပွင့်ဖြူ။

ခုတော့ ကျွန်တော် အဲဒီ့မြို့လေးကို ခွဲခဲ့ရပါပြီ။ ဘယ်အချိန်မှာ ပြန်ရောက်မယ်ဆိုတာ မသေချာ မရေရာ ပေမယ့် ကျွန်တော့် နှလုံးသား ထဲမှာတော့ 'ချစ်သူတွေမျက်ရည်ကျတဲ့မြို့' လေးနဲ့အတူ မိုးပွင့်ဖြူ ဆိုတဲ့ နာမည်နဲ့ ဖြူစင်တဲ့ စိတ်ထားရှိပြီး မြန်မာလူမျိုးကို ကူညီတတ်တဲ့ မြန်မာပြည်ကို တကယ်ချစ်တဲ့ မိန်းကလေးတစ်ယောက်ကို အမြဲ အမှတ်ရနေမှာကတော့ သေချာပါတယ် မိုးပွင့်ဖြူ ရယ်။ ။

သားလတ်


(၂၀၀၄ခုနှစ်-ဇန်န၀ါရီလ၊ ဂန္ထ၀င်မဂ္ဂင်း)

Friday, November 19, 2010

"သူအရင် ငါအရင် ဟိုအရင်"


City Hall မှာ ဇနီးသည်နှင့် ထမင်းစားနေတုန်း ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်က လာ နှုတ်ဆက်သည်။ ခုံဆွဲထိုင်ရင်း သူက အားပါးတရ ပြောနေသောအခါ ပြန်ပြောရင်း ကျွန်တော်တို့နှစ်ယောက် လွတ်လွတ်လပ်လပ် ပြောဖြစ်ကြသည်။ သူငယ်ချင်းသည် ကျွန်တော့် ထက် တော်တော်ကြီးစော၍ စင်္ကာပူကို ရောက်နေသူ ဖြစ်သည်။ PR ဖြစ်သည်။ သူက ရိုးသားစွာဖြင့် ကျောင်းတုန်းက ကျွန်တော်တို့၏ ပတ်သက်မှုများ၊ ကျွန်တော်တို့ သူငယ်ချင်းများ ၏ နာမည်များကို မှတ်မိသမျှ မေးမြန်းပြောဆို နေသည်။ သူ့ကို ပြန်မေးကြည့်တော့ သူက စင်္ကာပူမှာ ကျောင်းဆက် တက်ခဲ့သည်။ ကျွန်တော့်ကိုလည်း အင်ဂျင်နီယာ လိုင်းဘက် ရွှေ့ ချင်လျှင် ပြန်ပြောင်း၍ ရနိုင်ကြောင်း အားပေးသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို ကျွန်တော် ကျေးဇူး တင်ပါသည်။

အဘယ်ကြောင့်ဆိုသော် ကျွန်တော့်ထက် စင်္ကာပူကို စောရောက်သူ ဖြစ်ပြီး ကျွန်တော့်ထက် တော်တော် အခြေအနေ ကောင်းသူ PR တစ်ဦးက ကျွန်တော့်အပေါ် တင်စီးသည့်စကား တစ်ခွန်းမျှမပြော၊ အင်္ဂလိပ်စကား တစ်လုံးမျှ ညှပ်မပြောခဲ့၍ ဖြစ်သည်။ တစ်နည်းပြောရလျှင် သူအရင် စင်္ကာပူကို ရောက်နေသူ ဆိုပြီး ကျွန်တော့်ကို ပညာ မပြသွားခြင်းပင်။ ထို့အပြင် ရိုးသားစွာ နှိမ့်ချခြင်းဖြင့် သူငယ်ချင်းသည် ပညာတတ် အစစ်အမှန်ဖြစ်ကြောင်း ပြသွား၍ ကျွန်တော် ၀မ်းလည်း သာမိပါသည်။

သူနှင့်မတွေ့ခင်က Jurong East MRT မှာ သည်လိုပဲ ကျောင်းက သူငယ်ချင်း တစ်ယောက်နှင့် တွေ့သည်။ သူလည်း ထိုသို့ပင်။ အားရ၀မ်းသာဖြင့် ဖုန်းနံပါတ်တွေ တောင်းကြ၊ မေးကြနှင့်။ YIT က သူငယ်ချင်းများနှင့် တွေ့လျှင် သည်သို့သာ။

ကျွန်တော် စင်္ကာပူရောက်တာ ဘာမျှ မရှိသေး။ ၀င်ငွေလည်း ကောင်းသူမဟုတ်။ ရောက်စက YIT က ကျွန်တော့် သူငယ်ချင်းများ ကူ၍သာ တော်တော့သည်။ သည်လိုနှင့်ပင် စင်္ကာပူမှာ လူကြားသူကြား ရှင်သန် ဖြစ်ခဲ့တော့၏။

တစ်ခါတစ်ရံ လူတချို့နှင့် ဆက်ဆံရသည်ကို ကျွန်တော့် စိတ်ထဲ တစ်မျိုးဖြစ်ခဲ့သည်များ ရှိ၏။ သူတို့က ကျွန်တော့် ထက် တော်တော် စော၍ စင်္ကာပူကို ရောက်ပါသည်။ ထိုသို့ ရောက်သည်ကပင် သူတို့အတွက် တော်တော် မာန်တက်ရသည် ထင်ပါသည်။ တက်သင့်ပါသည်။ လက်ခံပါသည်။ စင်္ကာပူမှာ သူတို့က ကျွန်တော့်ထက် ငွေများ ပိုရှာ နိုင်ခဲ့သည်ကိုး။

သို့သော် ကျွန်တော့်ကို ဘုမသိ၊ ဘမသိ ကောင်ဟု ထင်ကာ နှိမ့်ချလိုသည့် သဘောများ ပါလာခြင်း ကိုတော့ တော်တော် စိတ်ပျက်မိပါသည်။ ပွင့်ပွင့်လင်းလင်း ဆိုရလျှင် တော်တော် ရွံဖို့ ကောင်းပါသည်။ ပြီးတော့ ရယ်လည်း ရယ်ချင်လာသည်။ တချို့ဆို သူတို့သိသော အင်္ဂလိပ်စာလေး တစ်လုံး နှစ်လုံးကိုပင် စကားပြောတိုင်း ထပ်ခါ တစ်လဲလဲချည်းသာ ပြောနေပါတော့သည်။ ထိုအခါ ပြုံးပြုံးလေး ကြည့်ရင်း ကျွန်တော် နားထောင်နေလိုက် ပါသည်။ သြော် - သူက စင်္ကာပူစောရောက်လို့ ဒီလို စကားလုံးကြီးတွေ ပြောတတ်တာ ထင်ပါရဲ့ဟုလည်း ဖြေတွေးပါသည်။ ဒါတောင် ကျွန်တော်သည် S Pass နှင့် အလုပ်လုပ် နေတာမို့။

ကျွန်တော့်ဇနီးသည်လည်း ထိုသို့ ကြုံဖူးပါသည်။ ကျွန်တော်ကတော့ ထုသားပေသား ကျနေ၍ ကိစ္စမရှိ။ ဇနီးသည် အတွက်ကျတော့ ကျွန်တော် စိတ်ပူလာသည်။ ဇနီးသည်က ခုမှ အလုပ် ရှာတုန်း၊ ကျောင်းတစ်ဖက် နှင့်မို့ အလုပ်မရ၍ တက်တက်ကြွကြွ မရှိသည့်ကြား ထိုသို့ ဆရာကြီးပေါက် လုပ်ပြီး ပညာပြချင်သူမျိုးနှင့် တွေ့လျှင် ခံပြင်း မာနလေး ထွက်မှာစိုးသည်။ သူ့ကို သည်းခံ ဖို့တော့ ပြောထားရ၏။

တွေးမိတာလေး ပြောပြပါမည်။ စင်္ကာပူကို လာသူများမှာ သူ့နေရာနှင့်သူ အရည်အချင်း ရှိသူများ ဖြစ်သည်ဟု ထင်သည်။ နေထိုင်ခွင့်အရ အတန်းခွဲထားသော်လည်း WP ဟုဆိုပြီး အထင်သေး၍ မရပါ။ ကျွန်တော့် သူငယ်ချင်း YIT ကပြီးသည်။ WP ပဲရသည်။ ကဲ - ဘယ်လိုလုပ်မည်လဲ။ တချို့ကတော့ ဘာမှမသိ၊ ဘာမှ မတတ်။ ဒါမျိုးလည်း ရှိသည်။ သို့သော် ကျွန်တော်တို့ အမြင်က လူတိုင်းကို ကိုယ်ရောက်နေသော အဆင့် မဟုတ်၍ အသားလွတ် အထင်သေး အမြင်သေး ဆက်ဆံမည်လား။ ကိုယ်က စောရောက်၍ နောက်ကျ ရောက်သူများက ကိုယ့်လောက် မတတ်တော့ပြီလား။ WP ထဲမှာ အင်္ဂလိပ်စကား ကောင်းကောင်း ပြောတတ် သူများ၊ မိဘအသိုင်းအ၀ိုင်း ကျိကျိတက်ချမ်းသာသူများ တစ်ပုံကြီး။

သူကအရင် ငါကအရင် ရောက်သည်ဆိုပြီး မာန်တက်နေ၍ရော ထူးမည်လား။ လူဆိုသည်ကလည်း အမျိုးမျိုးမို့ ကိုယ့်ဘာသာ မာန်တက်သည်ကို အပြစ် မမြင်ပါ။ သို့သော် မဆီမဆိုင် သူများကို နှိမ်ချင် သလို ပြောဆို ဆက်ဆံ သည် ကတော့ ခံရ ခက်လှသည်။ ကုန်ကုန်ပြောရလျှင် စင်္ကာပူနိုင်ငံသားပင် ခံထားပါစေ။ သူတို့သည် ဟိုအရင် ကလို မြန်မာသာ ဖြစ်နေဦးမည် ဖြစ်သည်။

ထို့ကြောင့် သူအရင် ငါအရင်တွေ လုပ်မနေပါနှင့်။ ဟိုအရင်ကလို မြန်မာ အချင်းချင်းမို့ စာနာစိတ်လေးနှင့် သူများနိုင်ငံမှာ ပညာတတ်များပီပီ ပညာပြစေချင်ပါသည်။ စုတ်တီးစုတ်ချာ အကျင့်ဆိုးများကို ထားခဲ့စေချင် ပါသည်။ ပြီးတော့ ငြိမ်ပြီး ပြုံးပြုံးလေး နားထောင်နေတိုင်းလည်း ငါပြောသမျှ ဟုတ်လှ၍ဟု မထင်စေချင်။ သူအရင် ငါအရင်ဆိုသော လူမျိုးကို ဘာတွေများ ရယ်စရာ လုပ်ဦးမည်လဲဟု ဟိုအရင် လို စောင့်ကြည့် နေခြင်းလည်း ဖြစ်နိုင်ကြောင်း သိစေချင်ပါသည်။ ။


ဆူးသစ်
၂၂း၁၇ နာရီ
၁၉.၁၁.၂၀၁၀

Tuesday, November 16, 2010

"ကံကြမ္မာအလှည့်အပြောင်း"


၂၇.၁၀.၂၀၁၀ နေ့က ရုံးကို E-mail ၀င်သည်။ နောက်ထပ် ကျွန်းတစ်ကျွန်းမှာ အလုပ်သွားလုပ်ဖို့ SIC (Safety Induction Course) တက်ရမည်တဲ့။ စင်္ကာပူရောက်ပြီးကတည်းက နေရာပြောင်း၊ အလုပ်ပြောင်း ကျွန်းပေါ်မှာ အလုပ်လုပ်၊ သင်တန်းတက် ဆိုသည်များက သိပ်မထူးဆန်းတော့။ သည်လိုနှင့် ၂၉.၁၀.၂၀၁၀ မှာ SIC သွားတက် ရသည်။ မြန်မာလို ရေးထားသည့် Booklet လေးပင် ရလာခဲ့သေး၏။

၂.၁၁.၂၀၁၀ မှာ ထိုကျွန်းမှာ အလုပ်စ၀င် ရသည်။ ဘေးအန္တရာယ် ကင်းရှင်းရေး ကြီးကြပ်ရေးမှူး (Safety Supervisor) ဖြစ်၍ တစ်နေကုန် Site ထဲမှာ။ နံနက်ပိုင်း သည်ဘက်ကမ်းမှသည် ကျွန်းကိုသွားဖို့ Boat စီးသည့် အခါ ဖြတ်သန်းခွင့်ကတ် (Pass) လို၏။ ကျွန်တော်သည် ထိုကျွန်းမှာ ယခင်က တာဝန်ယူထားသော ကုလား Safety အိမ်သို့ပြန်သွား၍ တစ်လတာခဏအစားထိုး လုပ်ပေးရမှာမို့ လောလောဆယ် ယာယီကတ် (Temporary Card) နှင့် ၀င်နေရ၏။

သို့သော် Construction Manager က ကျွန်တော့်ကို 'Interview ၀င်ရမယ်' ဟု ဆိုသောအခါ ကျွန်တော် အံ့သြမိ၏။ ထိုကျွန်းမှာ Safety လုပ်လျှင် Client (မူလလုပ်ငန်းရှင်ကုမ္ပဏီ) မှ Safety Officer က ဗျူးပြီး အောင်မှ Permanent Pass ရမည်တဲ့။ သည်တော့မှ တရားဝင် အလုပ်လုပ်ခွင့် ရှိမည်တဲ့။

သည်သို့ဖြင့် အင်တာဗျူးဖို့ ရက်ချိန်း ကြိုယူရ၏။ ကျွန်တော်တို့ ကုမ္ပဏီမှာ နာမည်နှစ်မျိုးဖြင့် အလုပ်လုပ်နေရာ၊ ပိုက်လိုင်း ကုမ္ပဏီနှင့် လျှပ်စစ် ကုမ္ပဏီဟူ၍ ခွဲထား၏။ ထိုကျွန်းတွင် ပိုက်လိုင်းအဖွဲ့မှ အလုပ်လုပ်သည်မှာ ကြာပြီ ဖြစ်ရာ သူတို့ဘက်က Safety များက ကျွန်တော် အင်တာဗျူးဝင်ဖို့ စီစဉ်ပေးမည် ပြောသည်။ ကျွန်တော်က နှစ်ဖက်စလုံးအတွက် အလုပ်လုပ်ပေးနေသူ ဖြစ်ပြီး၊ ယခု လျှပ်စစ်ပိုင်း ကုမ္ပဏီအတွက် လုပ်ရမှာဖြစ်သည်။

၁၀.၁၁.၂၀၁၀နေ့ ညနေမှာ နောက်တစ်နေ့ နံနက် ၉နာရီခွဲမှာ အင်တာဗျူးဟု ကျွန်တော့်ကို ဆိုသည်။ ဗျူးသည့် ပုံစံ ယူသွားပါဟု Safety Coordinator တစ်ဦးက ဆိုသည်။ ဘယ်မှာလဲ မေးတော့ လျှပ်စစ်ကုမ္ပဏီဘက်မှာ မရှိ။ သည်သို့ဖြင့် ပိုက်လိုင်း ကုမ္ပဏီဘက် ပြေးရသည်။ သူတို့ဆီမှာလည်း မရှိ။ သို့သော် ကျွန်တော်သည် ထိုကုမ္ပဏီကို ၀င်စကတည်းက ပိုက်လိုင်းဘက်မှာ တောက်လျှောက်လုပ်လာသူမို့ တချို့ Safety များက ကျွန်တော်နှင့် ရင်းနှီး နေလေပြီ။ သည်မှာပဲ ကုလား Safety တစ်ယောက်က သူ့ Thumb Drive ထဲမှာ ရှိလောက်သည်။ နံနက် ယူလာ ပေးမည်ဟု ဆိုသည်။ အင်တာဗျူးက ၉နာရီခွဲမို့ မီပါသည်ဟု တွေးကာ ok ဟုဆိုမိသည်။

သူတို့က အတွေ့အကြုံရှိပြီးသားမို့ ကျွန်တော်က ဘာတွေမေးတတ်လဲဟု မေးရာ ပိုက်လိုင်းဘက်က လူများမို့ လျှပ်စစ်ပိုင်း ဘာမေးမည်လဲဆိုသည်ကို သူတို့ မပြောနိုင်ကြောင်း ဆိုကြသည်။ ဟုတ်တော့ ဟုတ်သည်။ ဒါကို ကျွန်တော် နားလည်သည်။ သူတို့သည် ကျွန်တော့်လိုပင် Mechanical Engineer များ ဖြစ်ကြသည်။

သို့သော် ဟိုတုန်းကတည်းက ကျွန်တော်နှင့်သိသော ကုလား Safety တစ်ယောက်က CP88( Code of Practice 88) ဖတ်ပါတဲ့။ သူသိသမျှလည်း ပြောပြသေးသည်။ ကျွန်တော့် e-mail ကို ယူထားပြီး ညကျ CP88 ကို mail ပို့ လိုက်မည်တဲ့။ အိုကေပေါ့။

ကျွန်တော့် CM ကစိတ်ပူပြီး 'ဘယ်လိုလဲ' ဟုမေးသည်။ ဘာမှမသိရသေးကြောင်း ဖြေတော့ ပိုက်လိုင်းဘက်က Safety များကို သွားမေးသည်။ သိပ်မထူးလာ။ ကျွန်တော့်ကို Google မှာ ရှာဟု ပြောသည်။ ရှင်းရော။ သည်တော့ ကျွန်တော့် Safety Manager နှင့် မူလ Site က Coordinator ကို SMS ပို့ပြီး အကူအညီ တောင်းရ သည်။' မနက်ဖြန် Interview ရှိ၍ ဖတ်စရာများ ရှိပါက သည်ည mail ပို့ပေးပါရန်' တောင်းကြည့်သည်။ မန်နေဂျာ ထံက ဘာမှပြန်မလာ။ Coordinator ကတော့ 'လုပ်ပေးမယ်' ဟု ပြန်လာသည်။

သို့နှင့် အိမ်က အမျိုးသမီးကို လှမ်းပြီး Google မှာ ရှာရမည့် ခေါင်းစဉ်တွေ ပြောထားလိုက်သည်။ Project Manager က ကျွန်တော် စိတ်ပူနေမှန်းသိ၍ 'ကုလား Safety တောင် အောင်တာ၊ မင်းလည်း အောင်မှာ၊ စိတ်မပူနဲ့' ဟု ဆိုသည်။ ကျွန်တော်က Site ထဲက Safety အကြောင်း မေးမှာကို စိတ်မပူ။ ခုဟာက လျှပ်စစ်ကုမ္ပဏီက Safety မို့ လျှပ်စစ်ပိုင်းမေးလိမ့်မည် ဆိုသော အင်တာဗျူး ၀င်ဖူးသူများ စကားကြောင့် စိတ်ပူနေတာ ဖြစ်သည်။

သည်လိုနှင့် အိမ်ရောက်ပြီး ရေချိုး၊ ထမင်းစားပြီး စာဖတ်ရသည်။ Google ကလည်း ရှာရ၏။ တွေ့တာတွေ့၊ မတွေ့တာ မတွေ့။ e-mail ကို စစ်တော့ ကျေးဇူးရှင်တွေက ဘာမှပို့မထား။ သည်တော့ ရန်ကုန်မှာတုန်းက လျှပ်စစ်သင်တန်းပေးစဉ် မိတ္တူကူးထားသော မှတ်စုများကို ပြန်လှန်ပြီး ဖတ်ရတော့သည်။ သို့သော် လူ၏သဘာဝ စာဖတ်လျှင် အိပ်ချင်လာ၏။ ထို့ကြောင့် ခဏ၀င်အိပ်ပြီး ညတစ်နာရီမှာ ပြန်ထ၍ စာဆက်ဖတ်သည်။ သင်တန်းက ပေးထားသော Booklet လေးကိုပါ ကျက်ရ မှတ်ရ၏။

နောက်တစ်နေ့ အလုပ်ရောက်ချိန် အင်တာဗျူးပုံစံ သွားမေးစဉ် Thumb Drive ပါမလာ။ ထိုကုလားက မေ့ခဲ့ သည်တဲ့။ ပွဲတော့ စလေပြီ။ ကျွန်တော့် ကိစ္စကို သူတို့ အလေးမထားလေရော့ သလား။ မတတ်နိုင်။ ကျွန်တော့်ကို အင်တာဗျူးဖို့ ခေါ်သွားပေးမည့် Coordinator အလာကို စောင့်နေ ရတော့၏။ စောင့်သာနေသည်။ ကျေးဇူးရှင်က ၉နာရီအထိ ပေါ်မလာ။ ၉နာရီထိုးမှ သူနှင့်တွေ့တော့ ကျွန်တော်တို့ လျှပ်စစ်ကုမ္ပဏီဘက်က Admin ကုလားလေးကို Interview Form မရှိ၍ ဟောက်တော့သည်။ ကျွန်တော့်ကိုလည်း မရှာထားဘူးလားဟု မေး၏။ သူ့လက်အောက်က အိန္ဒိယလူမျိုး Safety မေ့ကျန်ခဲ့သည့် အကြောင်း ကျွန်တော်ရှင်းပြခဲ့သည်။

သည်တော့ သူက ကျွန်တော့် Admin ကုလားလေးကို Client ရုံးမှာ သွားယူခိုင်းသည်။ အချိန်က မိနစ်၂၀ သာ ကျန်တော့သည်။ အင်တာဗျူးခံရမည့် ကျွန်တော့် အချက်အလက်များ ဖြည့်ရန် ပုံစံကား လက်ထဲ ရောက်မလာ သေး။ ကုလားလေးလည်း မိုးရေထဲမှာ ထီးဆွဲ၍ ပြေးလေပြီ။ Coordinator က ကျွန်တော့်ကို အင်တာဗျူး ခေါ်သွားမည် ပြောသည်။ ရုံးက ကားကို ထုတ်နေ၏။ ရုံးက ချင်းလေးတစ်ယောက်က အားပေးသည်။ 'အစ်ကို အင်တာဗျူးလား' တဲ့။ 'ဟုတ်တယ်' ဟု ဆိုသောအခါ မလေးတစ်ယောက် နာမည်ကိုပြော၍ 'အဲဒီလူမေးရင် မချောင်ဘူးဗျ' ဟု ဆိုသည်။

ကားပေါ်ရောက်တော့ ကျွန်တော့် Coordinator ကို 'ငါ့ကိုဘယ်သူဗျူးမှာလဲ' ဟု မေးခိုက် ချင်းလေးပြောသော မလေး၏နာမည်ကို သေသေချာချာ ရွတ်ပြသည်။ ချွေးတော့ ပျံစပြုလေပြီ။ ဘုရားစာများ ရွတ်ရတော့၏။ အင်တာဗျူးကျ၍ ကျွန်းပေါ်မှာ မလုပ်ရဘဲ ပြန်သွားရသော Safety ဘယ်နှစ်ယောက် ရှိပြီလဲ၊ မရှိနိုင်ဟု တွေးကာ ကိုယ့်ဘာသာ ဖြေသိမ့်ရ၏။

တွေ့ပါပြီ။ 'ဘယ်မှာလဲပုံစံ' ဟု ကျွန်တော့ကို မေးသည်။ ကျွန်တော့် Coordinator က ယခုသွားယူနေ၍ လာနေပြီ ဖြစ်ကြောင်း ရှင်းပြသည်။ 'ဒါဆို Certificates တွေပြ' တဲ့။ ပါသမျှ အကုန်ပြလိုက်သည်။ တစ်ရွက်ချင်း လှန်ဖတ်၏။ 'အရင်က ဘယ်မှာ လုပ်ဖူးလဲ' ဟုမေးသည်။ စင်္ကာပူမှာ လုပ်ဖူးသမျှ Site များ၊ ကျွန်းများကို ပြောပြ သည်။ ကျွန်တော့် Coordinator က 'စင်္ကာပူမလာခင်ကရော' ဟု စကား လမ်းကြောင်းပေးသည်။ 'မြန်မာပြည်မှာ လည်း Safety ပဲလုပ်ခဲ့ပါတယ်' ဆိုမှ အင်တာဗျူးသူက ကျွန်တော့် Certificate များ ပြန်ပေးသည်။ 'ရပြီ' ဟု ပြော၏။

ပထမတော့ ကြောင်သွားသည်။ Coordinator က Interview ပြီးပြီဟု ဆိုမှ ပျော်လိုက်သည့် ဖြစ်ခြင်း။ ပုံစံလာမှ ဖြည့်ပြီး လက်မှတ်လာထိုးခိုင်းဟု တစ်ဆက်တည်း ဆိုသည်။ ထိုလက်မှတ်ဖြင့် ကျွန်းမှာ အလုပ်လုပ်ခွင့် ရှိသည့် Permanent Pass ကို ရမှာ ဖြစ်သည်။ ကျွန်တော့် Project Manager က စိတ်ပူစွာ စောင့်ရင်း 'ဘယ်လိုလဲ' ဟု ရုံးပြန်အရောက်မှာ မေးသည်။ ok ဟု ဆိုတော့ ထခုန်မတတ် သူဝမ်းသာသွားတာ ကျွန်တော်သိသည်။

ကျွန်တော် တွေးမိသည်မှာ 'ကံကြမ္မာ' ကို ဖြစ်သည်။ ဘာမှမပြင်ဆင်ရ၊ ကူညီမည့်သူမရှိ၊ အိပ်ရေးလည်း အပျက်ခံရသေး၊ အင်တာဗျူးမည့်သူကလည်း နွှာမည့်သူ၊ ထိုအချိန်မှာ တကယ်မေးတော့ ကျွန်တော့် Certificate များ၊ လုပ်ငန်းအတွေ့အကြုံများနှင့်ပင် ပြီးသွားသည်။ လောက၏ ကံကြမ္မာ အလှည့်အပြောင်းဆိုသည်က ဒါမျိုးလား။ ကံဆိုးပြီ ထင်ကာမှ ကံကောင်းလာတတ် သေးသည်ပဲ။ ဒါကပင် လောကကြီးဟု ခေါ်ရသော အကြောင်းများထဲက တစ်ခုဖြစ်မည် ထင်သည်။ ။

ဆူးသစ်
၂၁း၀၅ နာရီ

၁၆.၁၁.၂၀၁၀

Sunday, November 14, 2010

"ချစ်ခြင်းဖြင့် ခရီးအဆုံးထိ"

လွန်ခဲ့သော အချိန်ကာလတစ်ခုမှာ ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ)၏ စီမံအုပ်ချုပ်မှုပညာ ဒီပလိုမာ (Diploma in Management & Administration) သင်တန်း၊ ဘွဲ့လွန်ဒီပလိုမာ အချိန်ပိုင်း (၂)နှစ် သင်တန်း တက်ရင်း သူမကို ကျွန်တော် စတွေ့ခဲ့သည်။ သင်တန်း မနက်ပိုင်း အတန်းများမှာ သူမကို ကျွန်တော် ငေးမောရင်း ကိုယ့်ရင်ခုန်ခြင်းကို ကိုယ်ဘာသာ ပြန်သိခဲ့ရသည်။

ထိုသို့ ခံစားခဲ့ရသည့်တိုင် သူမ အနားကို ကပ်ရန် အခွင့်မသာခဲ့။ ပထမနှစ် တစ်နှစ်လုံး သူမကို ငေးမောရုံ အပြင် ဘာမှ မစွမ်းနိုင်။ သူမကလည်း ကျွန်တော့်ကို အတန်းထဲက ကိစ္စမှန်သမျှ ဒိုင်ခံရှင်းပေးနေသူ တစ်ဦးအဖြစ်သာ မြင်ခဲ့ပုံ ရသည်။ သို့သော် အချိန်ကာလတစ်ခု အရောက်မှာတော့ သူမနှင့် အကျွမ်းတ၀င် ဖြစ်ခဲ့တော့သည်။ အတန်းထဲက သူများကို စာရှင်းပြပေးနေကျမို့ ကျွန်တော် စာရှင်းပြရမည့် သူထဲမှာ သူမလည်း ပါလာခဲ့သည်။ ယောက်ျားတို့ တတ်အပ်သော ပညာရပ်များစွာကို သိပ်မသိသော်ငြား သူမဆီက ဖုန်းနံပါတ်နှင့် အီးမေးကိုတော့ ကျွန်တော် ရအောင်ယူနိုင်ခဲ့လေသည်။

ထို့နောက် သူမကို ရိုးသားစွာ ချစ်ခွင့်ပန်ပြီး စောင့်စားခဲ့ရသည်။ ကိုယ့်ကိုယ်ကို တော်ကြောင်းပြောရလျှင် သူမ အဖြေပေးလို့ ပေးမှန်းပင် မသိခဲ့။ ကျွန်တော် ၀မ်းသာရမည့် အဖြေကို သူမပေးခဲ့ချိန်မှာတော့ ကျွန်တော် ပျော်ခဲ့ရသည်။ သူမနှင့် ချစ်သူဖြစ်ပြီးနောက်မှာတော့ လက်ထပ်ဖို့အတွက် ကျွန်တော့်ဆန္ဒများက ပြင်းပြလာခဲ့ ပြန်သည်။ တကယ်တမ်းကျတော့ ကျွန်တော့် ဆန္ဒများသည် ထိုအချိန်က ကျွန်တော် ရောက်နေသော အနေအထား နှင့် ဖြစ်နိုင်ဖို့ရန် ခဲယဉ်းလှသည်။ ဖြစ်တော့ ဖြစ်နိုင်သည်။ သို့သော် သူမ ပင်ပန်းလိမ့်မည်။ ဒါကို ကျွန်တော် သိသည်။

သူမနှင့် စမတွေ့ခင်ကတည်းက ကျွန်တော့်မှာ ခိုင်မာသော ဆုံးဖြတ်ချက် တစ်ချက်ရှိသည်။ လက်ရှိ လုပ်နေသော ၀န်ထမ်းဘ၀မှ ထွက်မည်ဆိုသော အချက်။ သူမဆီက အဖြေရပြီး ချစ်သူဖြစ်ချိန်မှာတော့ ထိုဆုံးဖြတ်ချက်က ပိုခိုင်မာ လာခဲ့တော့သည်။ ထိုသို့ ခိုင်မာခဲ့သည့်အတိုင်း မရ ရအောင် ကြိုးစားကာ အလုပ်မှ ထွက်ခဲ့တော့သည်။

သူမနှင့် ကျွန်တော်တို့၏ ချစ်သူဘ၀ကား အရာရာသည် အေးမြလှ၏။ ကြည်နူးဖွယ် အတိ။ နှစ်ဖက် လူကြီး မိဘများကို အသိပေးခဲ့သည့်တိုင် ဘာမှ အခက်အခဲ မရှိ။ ကျွန်တော် စင်္ကာပူ ထွက်ဖို့ ကြိုးစားသည်။ သင်တန်းတွေ တက်သည်။ ထိုကာလမှာ ချစ်သူက ကျွန်တော့်အတွက် လိုလေသေးမရှိအောင် ဖြည့်ဆည်း ပေးသည်။ ၀င်ငွေမရှိသော ကျွန်တော့်အတွက် သူ့လစာထဲက ဖဲ့ပေးရသည်က ခဏခဏ။ ကျွန်တော် ခံစားရ သည်။

နောက်တော့ ကျွန်တော် စင်္ကာပူရောက်သည်။ online မှာသာ ချစ်သူနှင့် ဆုံသည်။ ဝေးကွာနေရသော ရက်များက ကျွန်တော်တို့အတွက် ခံရခက်လှသည်။ ထိုရက်များကို ခါးသီးစွာ ဖြတ်ရသည်။ ချစ်သူနှင့် ပျော်ခဲ့သည့် ရက်များကို တွေးကာ ပြန်လွမ်းရသည်။ သည်လိုနှင့်ပင် ချစ်သူနှင့် လက်ထပ်ချိန် ရောက်ခဲ့သည်။

မြန်မာပြည်မှာ ပြန်လက်ထပ်ပြီး ကျွန်တော် စင်္ကာပူပြန်လာသောအခါ ဇနီးက ကျန်ခဲ့ရပြန်သည်။ သို့သော် သိပ်မကြာလိုက်။ ဇနီးကို ကျွန်တော် လှမ်းခေါ်လိုက်သည်။ သူမအလုပ်ရှာသည်။ မရ။ အင်တာဗျူးများစွာ ဖြတ်သန်းခဲ့သည်။ မရ။ သူမလာချိန်မှာ စင်္ကာပူ အခြေအနေက ယခင်လို မဟုတ်တော့။ သူ့ခမျာ ကျွန်တော့်ကို တစ်ဖက်တစ်လမ်းက ကူချင်ရှာသည်။ ကျွန်တော် ထမ်းနေရသော တာဝန်တွေကို နိုင်သလောက် ယူချင်သည်။ ဒါကို ကျွန်တော် နားလည်သည်။

ကျွန်တော့် အနေနှင့်ကတော့ စင်္ကာပူမှာ တစ်ယောက်တည်း နေလာခဲ့ပြီးဖြစ်၍ တော်ရုံဒုက္ခကို ဒုက္ခဟုပင် မထင်တော့။ ဇနီးသည် ချက်ကျွေးသော ထမင်းကိုစား၊ သူအိပ်ရေးပျက်ခံ ထည့်ပေးသော ထမင်းဘူးကို ယူရတာပင် ကျွန်တော့် အတွက် ဇနီးသည် ဆိုသော အဓိပ္ပါယ်က ပြည့်ဝနေတော့သည်။ သို့သော် သူမ မတင်းတိမ်နိုင်။

အလုပ်မရခင် စပ်ကြား ကျောင်းတက်ခွင့်ရအောင် လုပ်ပေးထားသည်ကိုပင် သူမအတွက် ငွေတွေကုန်လှပြီ ဟု တွေးကာ မျက်ရည်ဝဲခဲ့ချိန်ပေါင်း မနည်းတော့။ ထို ကျောင်းစရိတ်နှင့် သူမအတွက် နေစရိတ်၊ စားစရိတ်များကို စုပြီးထားလျှင် ရန်ကုန်မှာ အိမ်ဝယ်၍ ရနေပြီဟု သူမဆိုသည်။ ဒါကို ကျွန်တော်သိသည်။ မသိ၍ မဟုတ်။ သို့သော် ကျွန်တော့် ရည်မှန်းချက်သည် ထိုသို့မဟုတ်။ သူမတစ်နေ့မှာ အလုပ်ရလိမ့်မည်ဟု ကျွန်တော် ယုံကြည်သည်။ ထိုအခါ ယခု ကုန်ထားသော ငွေများက ဘာမျှ မဟုတ်တော့။ ထို့ပြင် လောလောဆယ် အလုပ်မရသော်လည်း သူနှင့် ကျွန်တော် အတူတူ နေနိုင်သည်။ သည်အတွက် ကျွန်တော်တို့ ရထားသော စိတ်ချမ်းသာမှုသည် မည်သည့် ငွေကြေးနှင့်မျှ လဲ၍မရ။

ဇနီးသည်၏ အလုပ် ကံကြမ္မာ နိမ့်နေချိန်ထင်သည်။ S Pass တင်ပေးသည့် အလုပ်မှာ ကျတော့ ထိုကုမ္ပဏီ၏ ပြစ်ချက်ကြောင့် MOM က Reject လုပ်တာ ခံရသည်။ သူမ စိတ်မကောင်း ဖြစ်သည်။ ကျွန်တော်ပါ ခံစားရ ပြန်၏။ မည်သို့ပင်ဖြစ်စေ သူမကို ကျွန်တော် အားပေးမိသည်။ ကျွန်တော့်မှာ ရှိသမျှငွေများ သူမ ရပ်တည်ဖို့ အတွက် သုံးရမည်။ ကျွန်တော်တို့ ချစ်သူဘ၀က ဟာနေသော ကျွန်တော့် ပိုက်ဆံအိတ်ကို ကြည့်ကာ သူမ ဖြည့်ပေးဖူးသည်။ လင်မယား တော်စပ်ချိန်မှာ ငွေကြေးကြောင့် သူမ ၀မ်းမနည်းစေချင်။ စိတ်မညစ်စေချင်။

ကျွန်တော်က သူမကို လိုအပ်သည်။ သူမက ကျွန်တော့်ကို လိုအပ်သည်။ ထိုလိုအပ်ချက် နှစ်ခုကြားမှာ ငွေကြေး ဆိုသည်က အသေးအမွှား ကိစ္စတစ်ခုဖြစ်သည်။ ကျွန်တော်နှင့် သူမ နှစ်ယောက်စလုံး မြန်မာပြည်မှာ အလုပ် လုပ်၍ ရသည်။ သို့သော် ထိုထက်မြင့်မားသော ရည်မှန်းချက်များ ကျွန်တော်တို့မှာ ရှိသည်။ သည်အတွက် စင်္ကာပူမှာ ကျွန်တော်တို့ ဆက်လက် ရပ်တည်ရမည်။ မည်မျှ ခက်ခဲသည် ဖြစ်စေ သူမ ဆက်လက်ရပ်တည်နိုင်ဖို့ ကျွန်တော် အားပေးမည်။ ကျွန်တော်တို့ မှန်းထားသော ခရီးတစ်ခု၏ အဆုံးကို သူရော၊ ကျွန်တော်ရော၊ ရောက်အောင် သွားမည်။ ကျွန်တော်တို့ ခရီးသည် ခမ်းနားချင်မှ ခမ်းနားမည်။ သို့သော် ရိုးသားစွာ ဖြတ်ကျော် ဦးမည်။

ချစ်သူဘ၀ကို ချစ်ခြင်းဖြင့် ဖြတ်ခဲ့သည်။ အိမ်ထောင်သည် ဘ၀ကိုလည်း ချစ်ခြင်းနှင့်အတူ အရာရာ ကျော်ဖြတ် မည်။ ကျွန်တော်တို့ တွေ့ကြုံနေရသော အခက်အခဲ ဆူးလမ်းများက မည်မျှ ကြမ်းတမ်းမည်နည်း။ ကျွန်တော်တို့ကို မည်မျှ တောင့်ခံနိုင်မည်နည်း။ ချစ်ခြင်းဖြင့် အရာရာကို ကျော်ဖြတ်နိုင်သည်ဟု ကျွန်တော် ယုံသည်။ ကျွန်တော်တို့ ရင်ထဲမှာ ခိုင်မာသော ချစ်ခြင်းရှိသည်။ ကျွန်တော်တို့ မျှော်လင့်သော ခရီးဆုံးကို ခဏနှင့် ရောက်မည်ဟု ခံစားမိသည်။

သည်နေ့ ကျွန်တော်နှင့် ဇနီးသည်၏ လက်ထပ်မင်္ဂလာ နှစ်ပတ်လည်နေ့ တစ်နေ့ဖြစ်သည်။ ထိုအတွက် 'လင်းလင်း' ရေးပြီး (ကို)'လေးဖြူ' ဆိုထားသော 'ခရီးအဆုံးထိ' သီချင်းကို ကျွန်တော် ခံစားမိသည်။ ကျွန်တော့် အကြိုက်ဆုံး သီချင်းတွေထဲမှာ တစ်ပုဒ် အပါအ၀င် ဖြစ်သည်။ ဆရာချစ် (ချစ်စမ်းမောင်) ၏ လက်ခတ်ကလည်း ညက်လှသည်။ ကျွန်တော်နှင့် ဇနီးသည် အတွက် ထိုသီချင်းသည် အားဆေးတစ်ခွက် ဖြစ်သည်။


မင်းရဲ့အနမ်းတစ်ရှိုက်နဲ့ ငါ့ရဲ့အနမ်းတစ်ရှိုက်နဲ့
ခံစားချက်တူညီ ရှိခဲ့တဲ့နောက်
မင်းရဲ့အတွေးများနဲ့ ငါ့ရဲ့အတွေးများနဲ့
အနာဂတ်သစ်တူညီ ထားခဲ့တဲ့နောက်တော့
ခမ်းနားခြင်းကင်းမဲ့ အရိုးသားဆုံးခရီးတစ်ခု
ငါတို့နှစ်ယောက်ကိုယ်တိုင် ရွေးထားခဲ့ပြီး
သဘောထားများအပြည့်နဲ့ ဆူးလမ်းများနင်းဖြတ်
ဘာဖြစ်ဖြစ်ပါကွယ် ခရီးများအဆုံးထိလျှောက်
အဆိုးများ ကြုံကြိုက်တုန်းမှာ ဒုက္ခတွေဟာခဏပါ
အနမ်းများကို အသက်သွင်းကာ ခရီးများအဆုံးထိလျှောက်
လက်တွေ့ဟာရင်ဘတ်မှာ လမ်းဆုံးဟာခဏလေးပါ
အနမ်းများကို အသက်သွင်းကာ ခရီးများအဆုံးထိလျှောက်
ဟင်း.......ဟင်း....ခရီးများအဆုံးထိလျှောက်


(ကျွန်တော်နှင့် ချစ်ဇနီး၏ လက်ထပ်မင်္ဂလာ အခမ်းအနား နှစ်ပတ်လည် အတွက် အမှတ်တရ)

ဆူးသစ်

၂၁း၃၅ နာရီ
၁၄.၁၁.၂၀၁၀


Friday, November 12, 2010

" ကျွန်တော်တို့သည် " (၆)



L-2 အကြောင်းပြောလျှင် 'စိန်မျောက်မျောက်' အကြောင်း ချန်ခဲ့၍ မရ။ ၁၉၉၃ ခုနှစ် နိုဝင်ဘာလ၌ ရန်ကုန်စက်မှု တက္ကသိုလ် ပထမနှစ် Section B တွင် တက်ခဲ့ဖူးသူတိုင်း သူ့နာမည်ကို မေ့နေ လျှင်သာ မေ့ရမည်။ အစဖော် လိုက်လျှင် မသိသူ မရှိ။

သူ့နာမည်အရင်းတော့ ရှိသည်။ သူငယ်ချင်းကို အားနာ၍ နာမည်အရင်းကို ကျွန်တော် မပြောပြလို။ သူက မျက်နှာ ချိုသည်။ အလွန် ပျော်တတ်သည်ဟု ကျွန်တော်ထင်သည်။ တချို့က မျက်နှာ အလွန်ပြောင်သည်ဟု ဆိုသည်။ သူ့ကို စသိတော့ အချိန်စာရင်းနှင့် ပတ်သက်၍ အတန်း မရှိသေးသည်ကို ကြည့်ပြီး L-2 ကမှန်း သိကာ ပြုံးပြ နှုတ်ဆက်ရုံသာ။

နောက်တော့ အတန်းထဲမှာ ကျွန်တော်က ကဗျာရေးသူ၊ သူက ပေါက်ကရလုပ်သူ ဖြစ်၍ တစ်ယောက်နှင့် တစ်ယောက် သိလာသည်။ သူသည် ထိုစဉ်က တီရှပ်နှင့် ဘောင်းဘီကို ၀တ်သည်။ ရံဖန်ရံခါ ရှပ်လက်ရှည်နှင့် ဘောင်းဘီနှင့်။ ဘောင်းဘီဝတ်လျှင် သူက အကျပ်ဝတ်သည်။ သူနှင့် အတူတွဲသော မျက်နှာပြောင်သည့် သူငယ်ချင်းတစ်ယောက် ရှိသေးသည်။ ထိုတစ်ယောက် နာမည်ကို ကျွန်တော် မမှတ်မိ။ သူတို့နှစ်ယောက် တွဲနေလျှင် အတန်းထဲမှာ စနောက်သံတွေ လျှံနေတော့သည်။

မြန်မာစာ ဆရာမက 'ဂုဏ်ဆိုတာဘာလဲ' ဟု မေးလျှင် သူတို့က 'ဂုဏ်ဆိုတာငွေကိုခေါ်ပါတယ် တီချယ်' ဟု ဆိုသည်။ ဆရာမသည် သဘောကောင်း၍သာ တော်တော့သည်။ ရံဖန်ရံခါ အတန်းမစခင် သူတို့ အုပ်စု ပြောင်းဖူးရိုးနှင့် တစ်ယောက်ကို တစ်ယောက်ထုကာ အတန်းထဲ ပတ်ပြေးနေ တတ်သည်။

အတန်းထဲမှာ စက္ကူမြားဒဏ် ခံနေရသော မိန်းကလေးများသည် 'စိန်မျောက်မျောက်' ကို လန့်ကြ၏။ မိန်းကလေး များကို ခပ် လှမ်းလှမ်းမှ စက္ကူမြားပစ်ပြီး အားမရလျှင် သူတို့ခုံနား သွားထိုင်ကာ ခေါင်းမှာ စက္ကူမြားကို အသာအယာ စိုက်ပေး တတ်သူသည်လည်း သူပင်ဖြစ်သည်။ ထို့ပြင် ကောင်မလေးများ အနားကပ်ကာ မထိခလုတ် ထိခလုတ်၊ ပွစိ ပွစိနှင့် တတွတ်တွတ် ဘာတွေပြောမှန်း မသိ။ စနောက်တတ် သေးသည်။

Chemistry Lab ၀င်လျှင် သူနောက်ကျပါက သူနှင့် ခုံနံပါတ် ကပ်နေသော ကျွန်တော်တို့ကို ဒုက္ခ ပေးတော့ သည်။ အားလုံး သိကြသည့်အတိုင်း Chemistry က ဘာနှင့် ဘာစပ်လျှင် ဘာရပါသည်ဟု ဆိုသည်။ ထိုကဲ့သို့ ဘာရကြောင်းကို ဆရာမကို အရောင်နှင့်တကွ သက်သေ ပြရသည်။ များများ သင်သည့်နေ့ များများ လုပ်ပြ ရသည်။ သို့သော် ကျောင်းသား သဘာဝ စောစောလည်း ဆင်းချင်သည်။ Lab ၀င်ပြီးလျှင် ကန်တင်းန် ဆင်း ချင်သည်။ ထမင်းစားချိန်ပြီးမှ အတန်းရှိ၍ နံနက်(၈)နာရီ Lab စ၀င်လျှင် (၉)နာရီလောက် ပြီးပါက နေ့ခင်း (၁)နာရီအထိ ကျွန်တော်တို့ လွတ်လပ်ရေး ရလေပြီ။

သို့သော် သကောင့်သားက ကျောင်းလည်း နောက်ကျသည်။ စောလည်း ထွက်ချင်သည်။ ထို့ကြောင့် ကျွန်တော်တို့ လုပ်ပြီးသား Tube လေးများကို မသွန်ခင်မှာ သူက ယူထားပြီး ဆရာမကို သွားပြသည်။ ခုံနံပါတ်နှင့် မှတ်ထားသည်မို့ ဆရာမက တစ်မျိုးပြီးတိုင်း ကျောင်းသားခုံနံပါတ်ဘေးက အကွက်မှာ အမှတ်တစ်ခါ ခြစ်သည်။ သုံးမျိုးပြီးလျှင် သုံးကွက်မှာ သုံးမှတ်။ သူသည် ကျွန်တော်တို့ လုပ်ပြီးသမျှ ဒြပ်ပေါင်းများယူ၍ ပြချင်သော်ငြား ဆရာမကို ဆက်တိုက်သွားပြ၍ မရ။ တစ်မျိုးနှင့် တစ်မျိုးကြားမှာ ရောစပ်သည့် အချိန်ရှိသေးသည်။ ထိုအချိန်ကို သူမစောင့်နိုင်။ ကျွန်တော်တို့ လေးခုလောက် ပြီးချိန်မှာ သူ တစ်ခုသာ ပြရသေးသည်။ သို့သော် သူ့လက်ထဲမှာ ကျွန်တော်တို့ လုပ်ပြီးသား ကျန်သုံးခုက အဆင်သင့်။ ထိုသုံးခုကို တစ်ပြိုင်တည်း သွားပြလျှင်လည်း ဆရာမက ယုံမှာမဟုတ်။ ထို့ကြောင့် သူစောင့်ရုံသာ။ ခက်သည်က ကျွန်တော်တို့ ထွက်လျှင် သူလိုက်ထွက်ချင်သည်။ ရှေ့က ရှင်းပြထားသည်များကိုလည်း သူမမီခဲ့၍ ကျွန်တော်တို့ လုပ်သမျှ ထိုင်ငေးရုံသာ။

သည်မှာပဲ သူကံကောင်းသွားသည်။ ဆရာမသည် အခန်းစောင့်ရင်း ကိစ္စရှိ၍ အပြင်ခဏ သွားသည်။ ဥာဏ်ပြေး လိုက်ပုံများ သကောင့်သားသည် သူ့ခုံနံပါတ်ဘေးရှိ အကွက်မှာ အမှတ်များကို သူ့ဘာသာ သွားခြစ်ပစ်သည်။ ထို့ကြောင့် ကျွန်တော်တို့နှင့် သိပ်မကွာတော့။ ဆရာမသည် ပြန်ဝင်လာသောအခါ မှတ်မိပုံမရ။ သည်သို့ဖြင့် ကျွန်တော်တို့နှင့် သိပ်မကွာဘဲ သူလည်း လိုက်ထွက်ခွင့် ရလေသည်။ ထိုသို့သော ကျွန်တော့် သူငယ်ချင်းပင်။

နောက်တော့ သင်္ချာဆရာမက သူအမြဲတမ်း မျက်နှာပြောင်၊ အော်ဟစ်နေသည်ကို တွေ့၍ 'စိန်မျောက်မျောက်' ဟု နာမည်ပေးကြောင်း အတန်းထဲမှာ ကြေညာလိုက်သည်။ ထိုကတည်းက သူငယ်ချင်းသည် 'စိန်မျောက် မျောက်' ဟု နာမည် တွင်လေ၏။ ဘာသာရပ်ဆိုင်ရာ ဆရာ၊ဆရာမများကြား 'စိန်မျောက်မျောက်' ကို မသိသူ မရှိတော့။ ပထမနှစ် ကျောင်းသားများ ကြားမှာလည်း 'စိန်မျောက်မျောက်' သည် နာမည်ကြီး ဖြစ်၏။

တစ်ခါမှာတော့ ကျွန်တော်တို့ သူငယ်ချင်းအုပ်စု အတန်းအား၍ RC-2 ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ) သို့ သွားကြသည်။ 'စိန်မျောက်မျောက်'ပါ ပါ၏။ ထိုစဉ်က ကျွန်တော်တို့ ကျောင်း၏ ပထမနှစ်မှ စတုတ္ထနှစ်အထိ နယ်မှ ကျောင်းသူ၊ ကျောင်းသားများကို RC-2 နားရှိ အဆောင်များတွင် ထားသည်။ ထိုအဆောင်များမှ သူငယ်ချင်းများက ကျောင်းသို့ ဘတ်စ်ကားများဖြင့် လာတက်ကြ သလို အပြန်တွင်လည်း ထိုအဆောင် များသို့ ရောက်သည့် ဘတ်စ်ကားများက ကျွန်တော်တို့ ကျောင်းရှေ့ရှိ ဘီပီအိုင်မှတ်တိုင်တွင် စောင့်ပြီး ဆွဲပေးကြ လေသည်။

ကျွန်တော်တို့ စက်မှုတက္ကသိုလ် ကျောင်းသားများမှာ အတန်းအားလျှင် Main (ရန်ကုန်တက္ကသိုလ်) တို့ ၊ RC-2 တို့သို့ သွားတတ်သည်ဟူသော နောင်တော်ကြီးများ၏ အစဉ်အလာကို မပျက်မကွက် ဆက်လက် ထိန်းသိမ်းကြ လေရာ ပထမနှစ် ကျောင်းသားဘ၀မှာပင် အဆောင်က သူငယ်ချင်းများနှင့် RC-2 သို့ ခြေဆန့်ကြလေ၏။

ထိုနေ့က ဘတ်စ်ကားမှာ အတော်ပင် ကျပ်လေရာ ကျွန်တော်၊ 'စိန်မျောက်မျောက်'နှင့် သူငယ်ချင်းများသည် မနည်း မတ်တတ်ရပ်၍ လိုက်ရလေ၏။ ဖြစ်ချင်တော့ RC-2 ရှိ ကျွန်တော်တို့ ဆင်းမည့် မှတ်တိုင်ရောက်သော အခါ ကားသည် ရုတ်တရက် ဘရိတ်ဆောင့် အုပ်လိုက်ရာ အကုန်လုံး အပြိုပြို အလဲလဲနှင့် ယိုင်ထွက် ကုန်ကြ၏။ ထိုစဉ်မှာပင် 'စိန်မျောက်မျောက်' ရှိရာဘက်မှ အသံထွက်လာ၏။

"သူများသားသမီးကို နှမချင်း မစာမနာ"

ကျွန်တော်တို့ သူငယ်ချင်းတစ်စု မျက်လုံးပြူးသွား၏။ 'စိန်မျောက်မျောက်' ဘာပြဿနာရှာပြီလဲ မသိဘူးဟု တွေးကာ လန့်သွား၏။ RC-2 က ကျောင်းသူ တစ်ယောက်ယောက်ကို သွားစပြီလားဟု ထင်ကာ ၀ိုင်းကြည့် ကြ၏။ ထိုသို့ ကြည့်မိသောအခါမှ ကျွန်တော်တို့အားလုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ရယ်မိ ကြတော့ သည်။ အသံရှင်သည် မိန်းကလေးမဟုတ်။ မိန်းမလျာ ၊ အခြောက်ကြီး ဖြစ်လေသည်။ ကျွန်တော်တို့ တဟားဟား ရယ်တော့ ကားပေါ်က လူတွေပါ လိုက်ရယ်တော့သည်။

'စိန်မျောက်မျောက်' သည် မျက်နှာကြီးနီလျက် ကားပေါ်က ဆင်းပြေးပြီး သုတ်ခြေတင်သည်။ ကျွန်တော်တို့ အုပ်စု ရယ်လျက် နောက်ကလိုက်၏။ ကားပေါ်မှာလည်း ရယ်သံတွေ လျှံ၍ ကျန်ခဲ့၏။ 'မင်းဘာသွားလုပ်လိုက်တာလဲ' ဟု သူငယ်ချင်းတစ်ယောက်က 'စိန်မျောက်မျောက်' ကိုမေးသည်။ 'ဘာမှမလုပ်ပါဘူးကွာ၊ ကားဘရိတ်အုတ်လို့ သူ့ပေါ်သွားပိတာ' ဟု ရှက်မျက်နှာနှင့် ဖြေသည်။ 'မင်းကသာ ဘာမှမလုပ်ဘူးပြောတာ၊ ဟိုက မင်းကို နှမချင်း မစာမနာတဲ့' ဟု သူငယ်ချင်းတစ်ယောက်က ပြောတော့ ကျွန်တော်တို့ ရယ်မိကြပြန်သည်။ 'စိန်မျောက်မျောက်' သည် မျက်နှာကြီးနီကာ ထိုအခြောက်ကို ပွစိပွစိနှင့် မေတ္တာပို့နေသည်ကို တွေ့၍ ကျွန်တော်တို့၏ ရယ်သံများ RC-2 ဘေးမှာ လျှံတက်ကုန်ပြန်၏။

ကျွန်တော်တို့သည် ဟိုစဉ်က ကျောင်းသားများဖြစ်ကြ၏။ လွဲချော်မှုများလည်း ရှိခဲ့ကြ၏။ အစအနောက် သန်သူ များလည်း ဖြစ်ခဲ့ကြ၏။ ပျော်ရွှင်လွတ်လပ်စွာ ရယ်မောနိုင်သူများလည်း ဖြစ်ခဲ့ကြ၏။ မမေ့နိုင်စရာ ကောင်းသော သူငယ်ချင်းများကို ပိုင်ဆိုင်ခဲ့သူများလည်း ဖြစ်ခဲ့ကြ၏။


ဆူးသစ်
၂၀း၀၀ နာရီ
၁၂.၁၁.၂၀၁၀


Thursday, November 11, 2010

"အိပ်မက်မြို့"



'ဟာ...မြွေတွေအများကြီးပဲ"

သူ့ရှေ့က မြင်ကွင်းထဲမှာ မြွေတွေ အများကြီးမြင်၍ သီဟ တီးတိုး ရေရွတ်လိုက်သည်။ စိတ်ထဲမှာ ထိတ်လန့်စ ပြု၏။ စပါးကြီးမြွေ၊ မြွေပွေး၊ မြွေဟောက်၊ မြေစိမ်းမြီးခြောက် စုံနေအောင် တွေ့ရသည်။ သူ ဘယ်ရောက်နေသလဲ ဆိုသည်ကို ပြန်ဆန်းစစ်၏။ မသိ။ သေချာသည်က တောလိုလို နေရာတစ်ခု။ သစ်ပင်တွေက စိမ်းစိုလျက်။ ချုံတွေလည်း ရှုပ်ထွေးလျက်။

ရှေ့ကိုဆက်သွားရမှာလား။ နောက်ပြန်ဆုတ်ရမှာလား။ ဒါကို သီဟ မသိ။ မထူးဇာတ်ခင်းကာ ရှေ့ဆက် တိုးကြည့်သည်။ သူလှုပ်သည်နှင့် မြွေတွေက လွန့်ခနဲ လှုပ်ရှားသွားသည်။ ချွေးတို့ ရွှဲစပြုလာ၏။

နောက်တစ်လှမ်း ဆက်တိုးကြည့်သည်။ သီဟနှင့်အတူ မြွေတွေလိုက်လှုပ်ရှား၏။ သီဟက ထိုနေရာက လွတ်မြောက်ချင်လာသည်။ သည်တော့ ပြေးဖို့ ကြံ၏။

"ကဲ....ပြေးစမ်း သီဟ"

အတွေးနှင့်ပြင်ရုံသာ ရှိသေးသည်။ မြွေကြီးတစ်ကောင်က သီဟ မျက်နှာဆီသို့ တန်းတန်း မတ်မတ် ၀င်လာ၏။ သီဟ လန့်သွားသည်။

"အား........"

ကြောက်လန့်တကြားအော်၍ သီဟ မျက်လုံးကို စုံမှိတ်လိုက်သည်။ သို့သော် မျက်လုံး ပွင့်သွား၏။ သေသေ ချာချာ ကြည့်လိုက်မှ မှောင်မည်းနေသော ပတ်ဝန်းကျင်နှင့် သူ ခြင်ထောင်ထဲမှာ ရောက်နေတာ သတိထား ဖြစ်သည်။

သက်ပြင်းတစ်ချက်ချ၏။ အိပ်မက်မို့သာ တော်ပါသေးလားဟု တွေးလိုက်၏။


**************

"ဒါမျိုးက မက်တတ်တာပဲကွ။ မင်းက လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းတွေ ဖတ်လို့နေမှာပေါ့။ စိတ်စွဲပြီး မက်တာဖြစ်မယ် သီဟ"

နံနက်ခင်းအချိန် လက်ဖက်ရည်ဆိုင်မှာ ဗလ၊ အောင်သိန်းတို့နှင့် ဆုံစဉ် သီဟက သူ့အိပ်မက် အကြောင်း ပြန် ပြောပြခဲ့စဉ် ဗလက မှတ်ချက်ချသည်။

"ဟုတ်တယ်။ ဒါပေမဲ့ ငွေကံကောင်းမယ့် သဘောပဲ သီဟ။ မြွေမြင်ရင် ငွေရမယ်တဲ့။ မင်းက မြွေအများကြီး မြင်ရတော့ ငွေအများကြီးရမယ့် သဘောပေါ့၊ မဟုတ်ဘူးလား"

အောင်သိန်းစကားကို ကြားတော့ သီဟက ရေနွေးကြမ်းခွက်ကို ကျင်းရင်း ရယ်သည်။

" ဟုတ်ရင်တော့ ကောင်းတာပေါ့ကွာ။ မဟုတ်ဘဲ မြွေကိုက်နေမှ"

"မင်းကလည်း မက် မက်နိုင်လွန်းတယ်။ ပြီးတော့ မက်လိုက်ရင်လည်း အထူးအဆန်းချည်းပဲ"

ဗလပြောလည်း ပြောချင်စရာ။ သီဟက အိပ်မက်တွေမက်တိုင်း သူငယ်ချင်းများနှင့် ဆုံလျှင် ပြန်ပြောပြလေ့ ရှိရာ သီဟ၏ အိပ်မက်များသည် ဗလနှင့် အောင်သိန်းတို့ကြား စိတ်ဝင်စားစရာ ဖြစ်ခဲ့သည် ကတော့ အသေအချာပင်။

တစ်ခါတုန်းကဆိုလျှင် သီဟက သူ့အိပ်မက်ထဲမှာ မဟာတံတိုင်းလို မြို့ရိုးကြီးပေါ်မှာ လေထဲကပျံရင်း လမ်းပေါ်က လူတွေကို လိုက်ကြည့်နေသည်ဟု မက်သည်။ သူလိုရာကို ပျံသန်းရင်း ရင်ထဲမှာ လှပ်ခနဲ လှပ်ခနဲ ခံစားရ၏။ လူတွေက သူ့ကိုငေးနေကြသော်လည်း သီဟက အရှိန်မြှင့်ပျံသန်းရင်း အဝေးကို ထွက်ခဲ့သည်တဲ့။

ဘယ်တုန်းကမျှ စိတ်ကူးထဲမှာ မရှိသော ခံစားမှုများက အိပ်မက်တွေမှာ ဖြစ်လာတတ်သည်လားဟု သီဟ တွေးကြည့်၏။ အိပ်မက်ထဲမှာ ဖြစ်နေသော အဖြစ်အပျက်များကိုလည်း ပြင်ပမှာ သီဟအနေနှင့်တော့ တစ်ခါမျှ ပြန်မကြုံဖူးခဲ့။ အပြင်မှာ မရှိတာတွေက အိပ်မက်ထဲမှာ ဖြစ်ပြီး အိပ်မက်ထဲမှာ ရှိနေတာတွေက အပြင်မှာ ဖြစ်မလာခြင်းပင်။ ဒါတွေ ဘာကြောင့် ရှိနေတာလဲဆိုတာတော့ သီဟ နားမလည်။

"ငါစဉ်းစားနေတာ တစ်ခုရှိတယ် သီဟ။ မင်းက စာရေးတာ ၀ါသနာပါလို့များလား"

"ဘာလဲ အောင်သိန်း။ မင်းက သီဟအိပ်မက်တွေဟာ စာရေးချင်တဲ့ သီဟက ထွင်တာလို့ ပြောချင်တာလား"

ဗလနှင့်အောင်သိန်း အငြင်းအခုံ ဖြစ်နေသည့်ကြား သီဟ မ၀င်။ ရေနွေးကြမ်း ငှဲ့သောက်ရင်းသာ နားစွင့်နေ၏။

"မဟုတ်ဘူး။ ဒီကောင် တကယ်မက်တာ ငါယုံတယ်။ စာရေးချင်တဲ့လူဆိုတာ စိတ်ကူးတွေက ဆန်းသစ်နေမှာ ပေါ့ ကွာ။ ခံစားတယ်။ တွေးတောတယ်။ ကြံစည်တယ်။ ဒီကောင့်မှာ အဲဒီ့စိတ်တွေ များနေလို့ ညဆို အိပ်မက်အနေနဲ့ တက်တက်ဆောင့်တာပဲလို့ ငါထင်တယ်"

"ဖြစ်နိုင်တယ်ကွ" ဟု သီဟ မှတ်ချက်ပေးလိုက်သည်။

"ဘာပဲဖြစ်ဖြစ် မင်းအိပ်မက်တွေကို ငါတို့စိတ်ဝင်စားတယ်။ နောက်တစ်ခါ မက်ရင်လည်း ပြောစမ်းပါဦး။ ဒါပေမဲ့ ထူးခြားတာတစ်ခုက မင်းအိပ်မက်တွေထဲမှာ အချစ်နဲ့ပတ်သက်လို့ မပါသေးတာဘဲ။ ဥပမာ ကောင်မလေးတွေ ဘာတွေပေါ့ကွာ"

ဗလစကားအဆုံး သီဟနှင့်အောင်သိန်း ပြုံးသည်။ အင်ဂျင်နီယာ သီဟနှင့် ဆရာဝန်နှစ်ယောက်ဖြစ်သော ဗလနှင့် အောင်သိန်းတို့သည် တာဝန်ကျရာ အလုပ်တွေထဲမှာ နှစ်လျက် နိုင်ငံ့ဝန်ထမ်းတွေအဖြစ် တာဝန် ထမ်းဆောင် နေကြသူများဖြစ်ပြီး သုံးဆယ်ဝန်းကျင် လူငယ်တွေဖြစ်သည့်တိုင် ချစ်သူရည်းစား မရှိကြချေ။

"အေးပါကွာ။ လှပတဲ့ အိပ်မက်လေးဆို မင်းတို့ကိုပြောပါ့မယ်။ မမက်တာတော့ မတတ်နိုင်ဘူးပေါ့ကွာ"

သီဟ ရေနွေးတစ်ကျိုက်သောက်ရင်း ပြောတော့ ဗလနှင့် အောင်သိန်း ပြုံးစိစိနှင့် ကြည့်သည်။ မိန်းမ မယူချင်သေး၍ သည်အရွယ် ရောက်နေတာတောင် ပေတေပြီး နေနေတာ သူတို့ချင်း အကြောင်းသိနေ၍ပင်။


**************

"ဟား.........ဟား.........ဟား"

ဖုန်းထဲက ဗလ၏ ရယ်သံကို ကြားပြီး သီဟ တွန့်သွားသည်။

"ဘာဖြစ်တာလဲကွ"

"မင်းကို ငါစလိုက်တာနဲ့ စိတ်စွဲပြီး မက်ပြီထင်တယ်။ ဒီအတိုင်းဆို ငါတော့ စိတ်ပညာ လိုက်စားရတော့မယ်။ အနီးဆုံး လေ့လာလို့ရတဲ့ မင်းရှိနေပြီဆိုတော့ အိုကေပဲ"

"ဟေ့ကောင် မင်းပြောတာ တစ်လလောက် ရှိနေပြီ။ ငါ့ဘာသာ မက်ချင်လို့မက်တာ။ ပြီးတော့ ဘယ်လောက် ဆွဲဆောင်မှုရှိလဲ။ ဒါကိုပဲ မင်းက ရယ်ရသေး"

"ဟုတ်တယ်လေကွာ။ မင်းအိပ်မက်ထဲက ကောင်မလေးက ရုပ်ရှင်မင်းသမီး နန္ဒာလှိုင်ထက် ပိုလှတယ် ဆိုတော့ တော်တော်လှ လို့ပဲပေါ့။ ဘာတဲ့ နာမည်တောင် ပြောသွားသေးတယ်။ ရွှေပန်းချီ ဟုတ်လား"

သည်ကောင်နှင့် ဆက်ပြောနေလျှင် ကြာလာသည်နှင့်အမျှ သူ့ကို ဟားနေတော့မည်ဟု သိ၍ ဖုန်းကို ခွပ်ခနဲ ပြန်ချလိုက်သည်။ ခဏအကြာ ဖုန်းပြန်လာသည့်တိုင် ဖုန်းခွက်ကို ဘေးချထားပြီး မကိုင်ဖြစ်တော့။

ညက ထူးဆန်းပြီး လှပသည့်အိပ်မက်လေး မက်သည်။ သီဟ တစ်ယောက် ရုပ်ရှင်ရုံလိုလို၊ ဗီဒီယိုရုံလိုလို နေရာ တစ်ခုမှာ ထိုင်နေစဉ် ဘေးကို မိန်းကလေးတချို့ ရောက်လာသည်။ လှည့်ကြည့်တော့ ရုပ်ရှင်မင်းသမီး နန္ဒာလှိုင် ကို မြင်၏။ နန္ဒာလှိုင်က သီဟကို စမိတ်ဆက်သည်။

"ကျွန်မ နန္ဒာလှိုင်ပါ"

"သြော်.....ဟုတ်ကဲ့ တွေ့ရတာ ၀မ်းသာပါတယ်။ ကျွန်တော် သီဟပါ။ စာရေးဆရာပါ"

အပြုံးနှင့် နှုတ်ဆက်ပြီး နေရာမှာ ၀င်ထိုင်သော နန္ဒလှိုင်ကိုကြည့်ရင်း သူမနောက်က ကပ်လိုက်လာသော မိန်းကလေးကို သီဟတွေ့လိုက်ရသည်။

"ဟာ.......လှလိုက်တာ"

"သြော်.....နန္ဒာ့သူငယ်ချင်းလေ"

သီဟက နေရာကထပြီး ပြုံး၍ကြည့်စဉ် နန္ဒာလှိုင်က မိတ်ဆက်ပေးသည်။ အံ့သြစရာကောင်းသည်က သီဟ လက်မကမ်းခင် တစ်ဖက်က လက်ကမ်းပေးလာခြင်းပင်။ သည်မှာပဲ သီဟ သတိထားလိုက်မိသည်က ပန်းရောင်လွှမ်းနေသောလက်၊ အကြောစိမ်းမြမြများ။ တော်တော် ကြည့်ကောင်းတာပဲဟု စိတ်ထဲက မှတ်ချက် ချလိုက်သည်။

ကြည်လဲ့သော မျက်ဝန်း၊ ညီညာသော မျက်ခုံးပြေပြေ၊ နီရဲသော နှုတ်ခမ်းနှစ်လွှာ၊ ပါးပြင်ပေါ်က အကြောစိမ်းများ၊ တစ်ခဏအတွင်း မျက်နှာကအလှတွေကိုပါ သီဟ ကျက်မိသွားသည်။ နန္ဒာလှိုင်ထက် လှသည်ဟု စိတ်ထဲမှာ ထင်မိသည်။

"ကျွန်မ ရွှေပန်းချီပါ"

ဟာ....ကြွေတယ်ဗျာဟု စိတ်ထဲက ပြောလိုက်မိသည်။ ပြီးမှ လက်ကမ်းပေးရင်း "ကျွန်တော်သီဟပါ"ဟု မိတ်ဆက် လိုက်သည်။ ပြီးမှ ကိုယ့်ခုံမှာ ကိုယ်ထိုင်၏။ သည်တော့မှ သီဟ ပတ်ဝန်းကျင်ကို ကြည့်စဉ် သူ့အမျိုးတွေကိုပါ တွေ့ရ၏။ သူ့နှမ၀မ်းကွဲ၊ အဒေါ်များကို တွေ့ရစဉ် ဘေးက ရွှေပန်းချီပျောက်သွား၏။ နာမည်နှင့်လူ လိုက်ဖက်သော မိန်းကလေးကို လိုက်ရှာသော သီဟတစ်ယောက် အိပ်မက်မှ လန့်နိုးခဲ့ရ၏။ ထိုအိပ်မက်ကို မိုးလင်းလင်းချင်း ဗလကို ပြောပြတော့ ဗလဟားတာ ခံရသည်။ အောင်သိန်း ကြားရင်ရောဟု တွေးတော့ လောလောဆယ် သည်ကောင်တွေကို တွေ့ဖို့ မဖြစ်သေးဟု တွေးရင်း အလုပ်သွားဖို့ ပြင်၏။


**************


"သီဟ မင်းကလည်း နေနိုင်လိုက်တာကွာ"

ရုံးပိတ်ရက်တစ်ရက်မှာ ဖုန်းဖြင့်ချိန်းပြီး ဗလနှင့်အောင်သိန်း ရောက်လာသည်။ ပြီးတော့ ဗလက မြင်မြင်ချင်း သီဟကို အပြစ်တင်၏။

"ငါနယ်ကို ခရီးထွက်နေရလို့ကွ။ တစ်နေ့ကမှ ပြန်ရောက်တယ်"

"လုပ်စမ်းပါဦး။ မင်းအိပ်မက်တွေ နားမထောင်ရတာ ကြာပြီ"

အောင်သိန်းစကားကြောင့် သီဟ ပြုံးသည်။

"မင်းတို့ကလည်း ငါကအမြဲတမ်း အိပ်မက် မက်ရမလို ဖြစ်နေပြီ။ မက်လို့ပြောပြတော့လည်း မင်းတို့က ရယ်သေးတယ်"

"မရယ်တော့ပါဘူးကွာ။ ငါ့ထင်တာ မမှားဘူးဆိုရင် မင်းမှာ အိပ်မက်တစ်ခုလောက် ပြောပြဖို့ ရှိဦးမယ် ထင်တယ်။ ဒီလိုလုပ်ကွာ။ Junction 8 သွားရအောင်။ J Donuts သွားထိုင်ရင်း ပြောကြရအောင်"

ဗလ ကားပါလာ၍ ဆိုင်ထိုင်ရန်ပြောသည်။ သီဟ နေရာကထ၏။


**************

"ငါနယ်ရောက်နေတုန်းက ထူးဆန်းတဲ့ အိပ်မက်တစ်ခု မက်တယ်"

"ဘာလဲ ငွေပန်းချီတို့၊ ရွှေဂီတတို့ ပါတဲ့အိပ်မက်လား"

"အေး.....မင်းတို့က ရယ်စရာအိပ်မက်ကိုကြားရတော့ နောက်စရာဖြစ်နေတာကိုး။ ဒီတစ်ခါ အိပ်မက်က စိတ်ဝင်စားဖို့ကောင်းတယ်"

သီဟစကားကိုကြားတော့ ဗလနှင့်အောင်သိန်း မျက်နှာတည်သွားသည်။ သီဟမျက်နှာကို အာရုံဝင်စားစွာ စိုက်ကြည့်တာတွေ့၏။

"ငါ အိပ်မက်ထဲမှာ မြို့တစ်မြို့ကို ရောက်တယ်ကွ"

"ဘာမြို့လဲ"

"နာမည်ကို ငါမသိဘူးကွ"

"ဒါဖြင့် အိပ်မက်ထဲကမြို့ဆိုတော့ အိပ်မက်မြို့ပဲ ထားပါတော့ကွာ။ ဆက်စမ်းပါဦး"

"ငါလမ်းတွေ လျှောက်သွား ကြည့်တယ်။ မြန်မာနာမည် တစ်ခုမှ မတွေ့ရဘူးကွာ။ အင်္ဂလိပ် နာမည်တွေ ချည်းပဲ။ ဒါနဲ့ ငါစိတ်ညစ်သွားတယ်။ ငါသွားနေတာ ငါတို့နိုင်ငံထဲမှာပဲလို့ ငါသိနေတယ်ကွ။ ဘာလို့ မြန်မာနာမည် မတွေ့ရတာလဲပေါ့။ အဆောက်အအုံတွေ ကြည့်တော့လည်း အားလုံးက အင်္ဂလိပ်လို ရေးထားတာချည်းပဲ"

"ဘာလဲ အခု Junction 8 လို ပေါ့။ အားလုံး အင်္ဂလိပ် နာမည်တွေ ချည်းပဲ။ တခြား အဆောက်အအုံတွေ ကလည်း အကုန် အင်္ဂလိပ်နာမည်၊ ဆိုင်တွေ၊ ဟိုတယ်တွေ၊ အလုပ်ဌာနတွေကလည်း အင်္ဂလိပ်နာမည်တွေ ချည်းပဲလား"

"အေး....အဲဒါနဲ့ ငါက လျှောက်သွားရင်း စားသောက်ဆိုင်တစ်ဆိုင်ထဲ ၀င်လိုက်တယ်။ အဲဒီမှာ ဆိုင်က သီချင်းနဲ့ ဖျော်ဖြေနေတဲ့ ကောင်မလေးက အင်္ဂလိပ်သီချင်း ဆိုနေတယ်။ ထားတော့။ ဒါနဲ့ ငါက တစ်ခုခုမှာဖို့ စားပွဲထိုးကို လှမ်းခေါ်လိုက်တယ်။ သူ့ရင်ဘတ်က နာမည်ကို ဖတ်တော့ အင်္ဂလိပ်နာမည် ဖြစ်နေတယ်။ ငါတော်တော် စိတ်ညစ်သွားတယ်"


"ဟိုတယ်ကြီးတွေမှာလို ဖြစ်နေတာပေါ့နော်"

အောင်သိန်း ၀င်ထောက်သည်။ သီဟ ခေါင်းညိတ်လိုက်၏။

"အဲဒီအချိန်မှာ ငါ့သူငယ်ချင်းတစ်ယောက်က ဆိုင်ကိုရောက်လာပြီး ငါ့ကို အင်္ဂလိပ်လို နှုတ်ဆက်တယ်။ ငါ့ကိုတောင် သီဟလို့ခေါ်တာ မဟုတ်ဘူး။ Lion (လိုင်းယွန်း)တဲ့။ ခက်တာက ငါက သူ့နာမည်ကို မေ့နေတယ်။ ဒါကို ဒီကောင် ရိပ်မိတယ်။သူ့ကိုယ်သူ မိတ်ဆက်တယ်။ ဂျိမ်းစ်တင်လှတဲ့။ အဲဒီတော့မှ ဒီကောင့်နာမည် တင်လှဆိုတာ ငါမှတ်မိသွားတယ်။ ဂျိမ်းစ်ကတော့ ဘယ်က ဘယ်လိုပါလာလဲတော့ မသိဘူး"

"စိတ်ဝင်စားဖို့တော့ကောင်းနေပြီ။ ဆက်စမ်းပါဦး"

"ဒါနဲ့ ငါက အဲဒီဆိုင်ထဲကထွက်ခဲ့တယ်။ တစ်နေရာရောက်တော့ ဘုန်းကြီးကျောင်း တစ်ကျောင်းကို မြန်မာ လို ရေးထားတာတွေ့တယ်။ ငါလည်း ကိုယ့်မြန်မာစာကို ရေးထားတာတွေ့လို့ ၀မ်းသာပြီး အထဲဝင်သွားတယ်။ ဗုဒ္ဓ ရုပ်ပွားတော် တစ်ဆူတွေ့တယ်။ ငါဝတ်ပြုပြီး ထိုင်နေတုန်း သတင်းစာ တစ်စောင်တွေ့တော့ ကောက် ကိုင်ပြီး ခုနှစ်ကို ဖတ်ကြည့်တယ်။ ခရစ်နှစ် နှစ်ထောင့်ခြောက်ရာတဲ့ကွ။ အဲဒီမှာ ငါ့အိပ်မက်မြို့ထဲက လန့်နိုးတယ်"

သီဟက သူ့အိပ်မက်ကို အဆုံးသတ်စဉ် ဗလနှင့်အောင်သိန်းထံမှ သက်ပြင်းချသံ ကြား၏။ ပြီးတော့ လက်ကျန် ဖျော်ရည်များကို မော့သောက်ပြီး အဝေးကဆိုင်များ၏ အင်္ဂလိပ် နာမည်များကို လှမ်းဖတ် ကြည့်နေသည်။

"မင်းအိပ်မက်တွေထဲက တချို့အိပ်မက်တွေက ကြောက်စရာ ကောင်းတယ်၊ တချို့အိပ်မက်တွေက ရယ်စရာ ကောင်းတယ်၊ တချို့အိပ်မက်တွေက ထိတ်လန့်စရာ ကောင်းတယ်၊ အခုအိပ်မက်မြို့ကတော့ စိုးရိမ်စရာ၊ ထိတ်လန့်စရာ၊ ကြောက်စရာ ကောင်းတဲ့ အိပ်မက်ပဲကွ။ ပေါ့ပေါ့လေးတွေး ရင်တော့ ဖြစ်တတ်တဲ့ သဘောလို့ ယူဆစရာပဲ။ သေသေချာချာ တွေးရင်တော့ ဆင်ခြင်စရာတွေ ချည်းပဲ"

ဗလက တွေးတွေးဆဆပြောသည်။

"ဒါနဲ့ သီဟ၊ မင်းရွှေပန်းချီ တွေ့ပြီလား"

"အိပ်မက်ပဲကွာ၊ တစ်သက်လုံး တွေ့ချင်မှတွေ့မယ်၊ ရွှေပန်းချီဆိုတဲ့ နာမည်မျိုး မှည့်ဖို့ကလည်း ခပ်ရှားရှားပဲ။ အိပ်မက်ထဲက ရွှေပန်းချီနဲ့ တူတဲ့လူမျိုးတော့ တွေ့နိုင်တယ် ထင်တာပဲ"

အောင်သိန်းကို ပြန်ဖြေရင်း သီဟစိတ်ထဲက ရွှေပန်းချီဆိုသော ချစ်စရာကောင်းသည့် လှပချောမောသော ကောင်မလေးဆီကို စိတ်မရောက်ဘဲ အိပ်မက်မြို့ဆီကို စိတ်ရောက်နေတာ အံ့သြစရာ။


**************

"ဗလ လား၊ ငါအောင်သိန်းပါ။ ဟိုကောင်ကြီးနဲ့ မတွေ့တာ ကြာပြီ၊ ဖုန်းဆက်ကြည့်လား"

အောင်သိန်းက ဗလဆီ ဖုန်းဆက်သည်။ ဗလလည်း သူ့အလုပ်နှင့် သူမို့ ဘယ်မှ မသွားဖြစ်။ သည်ကြားထဲ သူငယ်ချင်းတွေကလည်း မဆက်သွယ်၍ အဆက်အသွယ် ပြတ်နေသည်။ သည်နေ့မှ သူ့ဆေးခန်းကို အောင်သိန်း ဖုန်းဆက်တာ ဖြစ်သည်။

"မဆက်ဖြစ်ဘူး၊ ဒီကောင်က တစ်ခါတစ်ခါ နယ်ထွက်ရတော့ ရှိချင်မှ ရှိမှာပေါ့၊ မင်းလာခဲ့၊ ဒီကောင့်ဆီ သွားမယ်၊ ငါဖုန်းဆက်လိုက်မယ်"

ပြောပြီး ဗလဖုန်းချသည်။ ပြီးတော့ သီဟအိမ်ကို ဖုန်းဆက်သည်။ သီဟမရှိဘဲ သူ့အမေ လာကိုင်၏။ တစ်ဆက်တည်းမှာ ထူးဆန်းသော စကားကို ကြားရသည်။

"သားတို့လာခဲ့ပါလား၊ သားတို့ သူငယ်ချင်းက စာတစ်စောင်ပေးထားတယ်"

"သူဘယ်သွားလို့လဲအန်တီ"

"သူခရီးထွက်သွားတယ်ကွယ့်"

"ဒါဆို ကျွန်တော်တို့ လာခဲ့မယ် အန်တီ"

အောင်သိန်းရောက်လာသည့်တိုင် ဗလက စောင့်ပြီး သီဟတို့အိမ်ကို ထွက်ခဲ့တော့၏။ အိမ်ရောက်တော့ သီဟ စာကို တောင်းပြီး ဖောက်ဖတ်လိုက်သည်။

ဗလနဲ့အောင်သိန်း

ငါအလုပ်မှာ ကံကောင်းပြီး နိုင်ငံခြားအင်တာဗျူး ၀င်ဖြေတာ ပါသွားလို့ ဂျပန်ကို သွားရတယ်။ ရက်ကပ်နေတာ ရယ်၊ တစ်ယောက်တည်း လျှောက်လုပ်နေရတာရယ်၊ မင်းတို့ အံ့သြ၀မ်းသာအောင်ရယ် တမင်မပြောဘဲ ထွက်သွားတာ။ ဟိုမှာ နှစ်နှစ်ခွဲလောက်ကြာမယ်။ မြန်မာပြည်ပြန်မယ့် လူကြုံကို အိုဆာကာမှာတွေ့လို့ စာထည့်ပေးလိုက်တာ။

ပြောရရင်တော့ အံ့သြစရာချည်းပဲ။ ဂျပန်ဆိုတာ ငါ့ဘ၀မှာ ထူးထူးခြားခြား၊ ကြံကြံဖန်ဖန် မက်ခဲ့တဲ့ အိပ်မက်တွေ ထဲမှာတောင် တစ်ခါမှ မပါခဲ့ဘူး။ ဒါပေမဲ့ ခုတော့ ငါရောက်နေရပြီ။ ဘ၀ဆိုတာ ဒါပဲလား မသိဘူး။ ရည်ရွယ်တာတွေ မဖြစ်ဘဲ၊ မရည်ရွယ်တာလည်း ဖြစ်ချင်ဖြစ်လာတတ်တယ်နော်။ တိုက်ဆိုင်တာပြောရရင် ဂျပန်မလေးတစ်ယောက်က မြန်မာစာအဓိကနဲ့ သူတို့ဆီက တက္ကသိုလ်မှာ တက်နေတာ။ သူတို့ဆရာမက သူ့ကို ရွှေပန်းချီလို့ နာမည်ပေးထားတယ်တဲ့။ ဘယ်လောက် အံ့သြဖို့ကောင်းလဲ။ ဒါပေမဲ့ အိပ်မက်ထဲက ငါ့ ရွှေပန်းချီနဲ့တော့ မတူဘူးကွ။ သူလည်းလှပါတယ်။ ဒါပေမဲ့ ငါက မြန်မာဆိုတော့ မြန်မာမလေးတွေက ပိုလှတယ် လို့ ထင်တယ်။အိပ်မက်ထဲက ငါ့ရွှေပန်းချီက ပိုလှတယ်လို့ ယုံတယ်။ မြန်မာပြည် ပြန်လာမှ ရှာတော့မယ်ကွာ။

ရယ်စရာပြောရရင် ငါမင်းတို့ကို တစ်ခါကပြောဖူးတဲ့ အိပ်မက်ထဲကမြွေတွေလိုမျိုး၊ ဂျပန်မှာ အူဒုံးလို့ ခေါ်တဲ့ ခေါက်ဆွဲအလုံးကြီးတွေ ငါစားနေရတယ်။ မြွေလုံးပတ်ထက် ခေါက်ဆွဲက သေးတာပေါ့။ ဒါပေမဲ့ ငါတို့ဆီက ခေါက်ဆွဲထက် တော်တော်ကြီးတယ်။ မြွေတွေကို ကြောက်လို့ ပြေးရပေမယ့် အူဒုံးကိုတော့ ငါချစ်နေရတယ်။ ငါတို့ မြန်မာနဲ့ နီးစပ်လို့ စားစရာ အများကြီးထဲက ရွေးစားနေ ရတယ်။ ကြေးအိုးနဲ့ တူတယ်ကွ။ အောင်သိန်း ပြောတဲ့ မြွေတွေ အများကြီးမြင်ရင် ငွေတွေအများကြီးရမယ် ဆိုတာတော့ နိုင်ငံခြားသွားရလို့ မှန်သွားပြီကွ။

လေယာဉ်စီးနေတုန်းက လူတွေပေါ်က ပျံသန်းခဲ့ဖူးတဲ့ ငါ့အိပ်မက်ထဲကလို တကယ်ဖြစ်နေပြီ လားလို့ တွေးမိ သေးတယ်။ ရွှေပန်းချီလည်း တွေ့ပြီ။ လူတွေပေါ်ကလည်း ပျံသန်းဖူးပြီ ဆိုတော့ တချို့ အိပ်မက်တွေ တကယ် ဖြစ်လာပြီလို့ ထင်တယ်။ တစ်ခုပဲကွာ။ ငါမက်ခဲ့တဲ့ အိပ်မက်မြို့ထဲကို တကယ်ရောက်သွားမှာကိုပဲ ငါစိုးရိမ် နေတယ်။ ဗလပြောဖူးတယ်လေ။ ဆင်ခြင်ဖို့ကောင်းတယ် ဆိုတာပါ။ ရေခြားမြေခြားရောက်မှ ငါမြန်မာဖြစ်ရတာ တကယ် ဂုဏ်ယူနေမိတယ်။ ကိုယ့်မြန်မာစာကို လိုက်စားနေတဲ့ ဂျပန်ကျောင်းသူလေး ရွှေပန်းချီနဲ့ တွေ့ရတော့ ကိုယ့်ပြည်ထဲမှာ အင်္ဂလိပ်နာမည်တွေနဲ့ ရှင်သန်နေတဲ့ မြန်မာတွေအတွက် ရင်လေးမိတယ်။ ငါ့အိပ်မက်မြို့ထဲ ရောက်သွား သလိုမျိုး နောင်အနာဂတ်မှာ မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောနိုင်သလဲ။ ဗလပြောသလို ဆင်ခြင်ဖို့ လိုတယ် ထင်တယ်ကွာ။

လောလောဆယ်တော့ ငါ့အိပ်မက်မြို့အတွက် ပူပန်ရင်း ငါအိပ်မက် မမက်ဘဲ ရောက်ခဲ့ရတဲ့မြို့ထဲမှာ ငါချစ်တဲ့ မြန်မာပြည်အတွက် ပညာတွေ ဆည်းပူးလိုက်ဦးမယ်။ အိပ်မက်အသစ်တွေမက်ရင် မင်းတို့ဆီ စာရေးပြီး ပို့လိုက် မယ်။ အခုတော့ ပို့စကတ်တွေ ထည့်ပေးလိုက်တယ်။ အားရင်စာရေးကွာ။ မင်းတို့လိုတာ လှမ်းမှာ။ လူကြုံရှိရင် ထည့်ပေးလိုက်မယ်။ လက်ဆောင်တွေတော့ ကြုံသလို ပို့ပေးမယ်။ ဒါပဲကွာ။

အိပ်မက်မမက်ခဲ့တဲ့မြို့ထဲက
မင်းတို့ရဲ့သူငယ်ချင်း
သီဟ

စာကိုဖတ်ပြီး ဗလနှင့် အောင်သိန်း တွေဝေသွားသည်။ လောကကြီး၏ ထူးဆန်းအံ့သြဖွယ် အဖြစ်များကို တွေးတောရင်း အိပ်မက်မြို့တစ်မြို့ အကြောင်းကို စဉ်းစားနေ၏။ ပြီးတော့ အိပ်မက်မမက်ခဲ့သော မြို့ထဲက သူငယ်ချင်းတစ်ယောက် အကြောင်းကိုလည်း တွေးမိနေ၏။ ။

သားလတ်


(၂၀၀၄ခုနှစ်-ဇူလိုင်လ၊ အပျိုမ မဂ္ဂင်း)

Saturday, November 6, 2010

"အတိတ်ကို လွမ်းဆွတ်ခြင်း"




မိုးစက်မိုးပေါက်များ တဖွဲဖွဲကျနေသည်။ လေက တစ်ချက်တစ်ချက် ဝေ့ခနဲတိုက်လိုက်စဉ် တံစက်မြိတ်က ကျနေသော မိုးရေစက်တို့ ယိမ်းနွဲ့သွား၏။ သစ်ရွက်သစ်ခက်တို့သည် မိုးရေကြားတွင် ရွှဲရွှဲနစ် လျက်ရှိ၏။ ကျေးငှက်များ ခေါင်မိုးအစွန်းက သစ်သားတန်းမှာ မိုးဝင်ခိုသည်ကို တွေ့သည်။

သည်အချိန်ဆို ကျွန်တော့်အမျိုးတွေရှိရာ ရွာမှာလည်း သည်လိုပဲ မိုးကောင်းနေတော့မည်။ ဟိုးတုန်း ကတည်းက ရပ်ကွက်ဟုခေါ်သည့်တိုင် ကျွန်တော်တို့ကတော့ ရွာဟုခေါ်ရသည်ကို အားရ၍ ယခုတိုင် ရွာဟုသာ စွဲနေမိသည်။

ရွာမှာ တာလမ်းမကြီးတစ်ခုရှိသည်။ ဟိုစဉ်က လမ်းများက မညီမညာ၊ ကျောက်ခဲများက ဖုထစ်ကြွရွ၊ ထွက်ချင် ထွက်လျက်။ လှည်းများ သွားလိုက်တိုင်း ဘီးကျသံ၊ ဘီးကြိတ်သံ ဆူဆူညံညံကို ကြားရမြဲ။ သည် တာလမ်းမကြီး ဘေးမှာ ကုက္ကိုပင်တွေ အစီအရီရှိသည်။ နွေဆို အရိပ်တော်တော်လေး ရ၏။ ဖုန်မှုန့်များ ထသည့်အခါ အပင်ကြီးများက စိမ်းစိုခွင့် မရှိအောင်၊ သစ်ရွက်များ ဖုန်မှုန့်လိမ်းကာ နီညိုရောင်တွေ ပေါက်ကုန်သည်။

ရွာမှာ 'ရွာထဲလမ်း' ဟုခေါ်သည့် ရွာအတွင်းက ဖြတ်သွားရသော လမ်းလည်းရှိသေးသည်။ တာလမ်းကျယ်၍ ရွာထဲလမ်းသည် လှည်းတစ်စီး မောင်းရုံသာ။ တိုက်ဆိုင်၍ အရှေ့ဘက်ထိပ်မှ လာသောလှည်းနှင့် အနောက်ဘက်ထိပ်မှ လာသောလှည်းတို့ ရွာထဲလမ်းမှာ ဆုံသည့်အခါ ရွာထဲက အိမ်တစ်အိမ်ထဲကို ခဏ ၀င်မောင်းကာ ရှောင်ပေးရတတ်သည်။ တာလမ်းမှာတော့ ကျောက်ခင်းထားသော အပေါ်လမ်းကလည်း ကျယ်၊ ကျောက်မခင်းထားသော အောက်မြေကလည်း ကျယ်မို့ လှည်းများ ဥဒဟို သွားနိုင်သည်။ လမ်းမကောင်း သော်လည်း အရှေ့ဘက် ပဲခူးရိုးမမှ ဆင်းလာသော သစ်ကားများ သွားလာနိုင်သည်။

ငယ်စဉ်က နွေကျောင်းပိတ်လျှင် ကျွန်တော်တို့ ရွာသို့ သွားလည်လေ့ရှိသည်။ အဖေနှင့် အမေ နှစ်ယောက်စလုံး ထိုနယ်သားများ ဖြစ်ရာ ရွာကို အလည်သွားရလျှင် ကျွန်တော် အလွန်ပျော် ပါသည်။ နေလျှင် အမေ့ဘက် အမျိုးများ အိမ်မှာ နေ၏။ အဖေ့အိမ်က အမေ့အိမ် ခြေရင်းမှာဖြစ်ရာ အဖေနှင့် အမေ့အိမ် ၀န်းကျင်မှာ အမျိုးများ ၀ိုင်းနေ၏။ ထို့ကြောင့် ထမင်းစားလျှင် ကျွန်တော်တို့က စားချင်သည့်အိမ် ၀င်စားလိုက်သည်။

အဖေနှင့် အမေသည် နှစ်ဖက်မိသားစုမှာ သားအကြီးဆုံးနှင့် သမီးအကြီးဆုံးများ ဖြစ်၏။ ရွာမှာရှိသော ကျွန်တော့် ဦးလေး၊ အဒေါ်များသည် အဖေနှင့် အမေ့ အောက်များဖြစ်သည်။ ထို့ပြင် ညီအစ်ကိုမောင်နှမ တစ်တွေထဲမှာ အဖေနှင့် အမေသာ ရန်ကုန်မှာ စအခြေချပြီး၊ ကျန်သူတွေက နယ်တွေမှာသာ ကျင်လည်ခဲ့ရရာ ကျွန်တော်တို့ကို အားလုံးက ၀ိုင်းဂရုစိုက်ကြလေသည်။

ရန်ကုန်သားများ ဖြစ်၍ တစ်ကြောင်း၊ အဖေနှင့် အမေ့ မျက်နှာကြောင့် တစ်ကြောင်း၊ တစ်နှစ်မှ တစ်ခါသာ လာလည်ကြသူတွေ ဖြစ်၍တစ်ကြောင်း၊ အဘိုးအဘွားများ၊ ဦးလေးအဒေါ်များ၊ ညီအစ်ကို မောင်နှစ်မ ၀မ်းကွဲများနှင့် ရှိသမျှ ဆွေမျိုးအားလုံးက ဂရုစိုက်ကြသည်။ ထို့ကြောင့် ကျွန်တော်တို့ အလွန်ပျော်ခဲ့ရသည်။

ကျွန်တော်တို့က ညီအစ်ကို သုံးယောက်ဖြစ်သည်။ အဖေ့ဘက်က ညီတွေက မွေးသမျှ ကလည်း ယောက်ျားလေး များ၏။ တိုက်ဆိုင်စွာ ဆွေမျိုးများက မွေးသော သူများသည် လည်း ယောက်ျားလေး များ၏။ သည်အခါ ကျွန်တော်တို့ အဖို့ ပိုပြီး ပျော်စရာကောင်းသည်။

တာလမ်းမှာ လှည်းနှင့် ကားရှုပ်၍ ကျွန်တော်တို့ တာလမ်းကို မထွက်။ ကျွန်တော်တို့တည်းရာ အမေ့အိမ် သည် ရွာထဲလမ်းမှာ ဖြစ်ပြီး၊ လှည်းနှင့် ကားရှင်း၍ များသောအားဖြင့် ကျွန်တော်တို့ ညီအစ်ကိုတစ်စု ရွာထဲလမ်းမှာ ကစားကြသည်။

ဘောလုံးကန်သည်။ ဂယ်ပုံဖြိုသည်။ 'ဂယ်ပုံ' ဆိုသည်မှာ လောက်စာလုံး သုံးလုံးကို အခြေချ၊ နောက် တစ်လုံးကို အပေါ်မှာ ဖိုခုံလျှောက်ဆိုင် တင်ပြီး ထားခြင်းကို ခေါ်သည်။ ထိုအပုံတွေကို အရုပ်ထောင်ပစ်သလို တန်းစီပြီး ပစ်ရတာ ဖြစ်သည်။ ထိုအချိန်တုန်းက ရှုံး၍ လောက်စလုံး ကုန်သွားလျှင် တစ်ရာတစ်ကျပ် စသဖြင့် ၀ယ်ရသည်။

ကစား၍ အားရလျှင် ငှက်ပစ်ထွက်သည်။ ခြံများက အကျယ်ကြီးမို့ ငှက်ပစ်ထွက်ရသည်က စိတ်ဝင် စားစရာ ကောင်းသည်။ ခြံတော်တော်များများက အမျိုးများ၏ ခြံချည်းမို့ ခြံစည်းရိုးကို ကျော်ကာ ကူးချင်သလို ကူးကြသည်။ ရံဖန်ရံခါ၌ ငှက်ပစ်ရင်း အဘိုးလေး၊ အဘွားလေး၊ ဦးလေး၊ ဒေါ်လေးများ မသိအောင် သူတို့ သရက်ပင်က သရက်သီးကို ပစ်ချသည်။ ထို့နောက် ပါလာသည့် ဓားမြှောင်တိုလေးနှင့် ခွဲ ၊ ဆားထုပ်၊ ငရုတ်သီးမှုန့်ထုပ်များဖွင့်၊ အားရပါးရ တို့စားကြသည်။ ချွေးက ရွှဲရွှဲ၊ လူက မောမောနှင့် တွေ့ သမျှ မြေပြောင်မှာ စားရင်း အားရလျှင် ကျောလှဲချ တစ်ရေးမှေးလိုက်ကြသည်။ ရံဖန်ရံခါ မှာတော့ နွားကျောင်းလိုက်သည်။ ရိုးပြတ်များ၊ မြေကျစ်စာခဲများကို ဖြတ်ရင်း ဟုတ်ဟုတ် မဟုတ်ဟုတ် ရန်ကုန်သား နွားကျောင်းရခြင်းကို တကယ်ကျေနပ်သည်။ 'ဟဲ့နွား၊ ဟဲ့နွား၊ တယ် ဒီနွား ငါတီးလိုက်ရ' ဟု အော်သည့်အခါ ဦးလေးများက ရယ်သည်။ နွားကျောင်းရင်း ရေဆာလျှင် ဖရဲခင်းတွေက ဖရဲသီးခူးပြီး ရေဆာပြေ စားရသည်။ နေစောင်းမှ ရွာကို ပြန်၏။ နွားချင်း ဝှေ့၍ ကြည့်ရသည့် အခါမျိုး၊ အားရပါးရ သီးချင်းအော်ဆိုရသည့် အခါမျိုးသည် လယ်ထဲမှာ နွားကျောင်းရသည့်အထဲက ပျော်စရာ။

ခရီးကျော်ပြီး တခြားရွာဘက်ရောက်လျှင် ရေတောင်းသောက်သည်။ နားတန်နားသည်။ နွားများ အစာ ၀တန် ကောင်းမှ ပြန်ရသည်။ လယ်ကွင်းထဲ ရောက်နေချိန် အဝေးရွာများဆီက ဟွန်းကြီးနှင့် တွံတေး သိန်းတန်၊ ဟင်္သာတထွန်းရင် သီချင်းမျိုး ဖွင့်လိုက်လျှင် ကျွန်တော် ရန်ကုန်သား လွမ်းချင်သည်။ အဖေနှင့် အမေက နယ်မှာမွေး၍ ကျွန်တော့်ကို ရန်ကုန်မှာ မွေးသော်လည်း ကျွန်တော်က နယ်ကို ပိုချစ်မိသလိုပင်။

'ပန်းနွယ်ကစိမ်း' ဟု တွံတေးသိန်းတန် သီချင်းကြားလျှင် သည်ရွာထဲမှာပဲ ဆက်နေရတော့ မလိုလို၊ 'ကန်ပတ်လည် ခရေရိပ် ရွာထိပ်က ကျောင်းတော်သာနံဘေးဝယ်' ဆိုသော 'ကိုယ်ရယ်၊ မင်းရယ်၊ ပန်းပိတောက်ရယ်' ကို ကြားလျှင် ရွာဦးကျောင်းကိုပဲ သွားချင်နေသလိုလို သည်လိုစိတ်မျိုးက ဖြစ်ဖြစ် လာသည်။

အလှူရှိသောနေ့၊ နတ်ကနားပွဲပေးမည့်ည ၀ိုင်းကူလုပ်ရင်း အမျိုးများနှင့် နေရသည်ကလည်း ကျေနပ်စရာ။ ရံဖန်ရံခါတော့ အိမ်ရှေ့က ကွပ်ပျစ်လေးမှာ ထိုင်ပြီး အဘွား၊ အဒေါ်၊ ဦးလေး၊ အဘိုး များပြောသမျှ စုန်း၊ သရဲ များ အကြောင်း စိတ်ဝင်စားစွာ နားထောင်ရင်း အိပ်ခဲ့ရသည့် ညမျိုးရှိသည်။

အမေ၏ အမေ ကျွန်တော်၏ အဘွားသည် အတန်းပညာ သိပ်မတတ်သော်လည်း စကားပြောကောင်း၏။ အမေ့ အဖေ ကျွန်တော့် အဘိုးကတော့ ကျွန်တော်တို့ ခပ်ငယ်ငယ်လောက်က ဆုံလိုက်သည်။ မှတ်မှတ်ရရ အဘိုးက သူ့ခြံထဲက ခြဲစောင့်တဲလေးမှာ သူ့သမီးနှင့် မြေးတွေပျော်ဖို့၊ အပျော်ထမင်း တစ်ခါချက်စား ကြသည်။ သည်တုန်းက အဘိုးဘက်က အဘွားလေးတစ်ယောက် ဒန့်သလွန်သီးနှင့် မြွေစိမ်းမြီးခြောက် မှားခူး၍ ကျွန်တော်တို့ ထိတ်လန့်ခဲ့ရသည်။ ကျွန်တော်တို့ အရွယ် သိပ်မရောက်ခင်မှာပဲ အဘိုးဆုံးသွားသည်။ သည့်နောက်ပိုင်း အဘွားနှင့် အဒေါ်တွေသာ ကျွန်တော်တို့ကို အချစ်ပိုခဲ့ကြ၏။ အဖေ့ဘက်က အဘိုးနှင့် အဘွား ကျတော့ ကျွန်တော်တို့ကို ဂရုစိုက်ချင်သော်လည်း အမေဘက်က အိမ်မှာ ကျွန်တော်တို့၏ အဒေါ်များရှိ၍ ထို အိမ်မှာပဲ တည်းနေကြသောအခါ ဂရုစိုက်ချင်တိုင်း စိုက်ခွင့်မရရှာ။ ထမင်းနှင့် မုန့်များ ခေါ်ကျွေးသည့်တိုင် ကျွန်တော်တို့က စားပြီး ခဏသာနေ၏။ ပြီးလျှင် ရွာထဲ လမ်းကို ရောက်နေပြီဖြစ်သည်။ များသောအားဖြင့် အဘိုးနှင့် အဘွားသည် ကျွန်တော်တို့ကို လာရှာရ သည်က များသည်။ ညဘက် စကားပြောလျှင်လည်း အမေတို့ အိမ်ဘက်ကို ကူးလာပြီး ပြော၏။

အမေနှင့် အဖေ နှစ်ဖက်စလုံးမှာ ခြံအကျယ်ကြီးများ ရှိသည်။ ကျွန်တော်တို့က ခြံထဲက သီးပင် စားပင်များကို ချောင်းကာ စားဖို့သာ ကြံခဲ့ကြသည်။ ထိုခြံကြီးများ၏ နောက်မှာ ရေကန် အကြီးကြီး တစ်ကန်ရှိ၏။ ထိုကန်ထဲမှာ ရေဆင်းကူးမှာ စိုး၍ အဘွားနှင့် အဒေါ်များ တုတ်နှင့် လိုက်ခဲ့ဖုးသည်။ ကျွန်တော်တို့ကလည်း ဦးလေးများ၊ ညီအစ်ကို ၀မ်းကွဲများနှင့် မရရအောင် ကူး၏။ ငှက်ပျောတုံးကို ဖက်ကာ ဟိုဘက်ကမ်း၊ သည်ဘက်ကမ်းပင် ကူးလိုက်သေး၏။ ရေကူးတတ်တော့ အဘွားကို ကြွားရာမှ အကုန်ပေါ်ကာ ရန်ကုန်က လှမ်းခေါ်၍ ပြန်ခဲ့ရဖူးသည်။

မိုးတွင်းဆိုလျှင် ထိုကန်ကြီးက ရေများပြည့်လျှံနေ၏။ ရေကုးရသည်က အမျိုးတွေချည်းမို့ ပျော်စရာ၊ ရေထဲကို ထိုးကျနေသော သစ်ပင်၏ ကိုင်းသည် ဒိုင်ဗင်ဘုတ် ဖြစ်၏။ ရေကုးကျွမ်းသူ ဦးလေးများက ဂရုစိုက်ပေးသည်။ တစ်ခါမှာတော့ ကလေးတွေဖြစ်သော ကျွန်တော်တို့ အင်္ကျီ၊ ဘောင်းဘီချွတ်ပြီး ကူးကောင်းနေတုန်း၊ အမျိုးတစ်ယောက်က နောက်ချင်၍ ရှိသမျှအ၀တ်တွေ အကုန်ယူပြီး အဘွားကို သွားပေးထားရာ အ၀တ်တချို့ကို လုံလုံခြုံခြုံ သိမ်းထားသော ဦးလေးများ၏ ပုဆိုးများကို တစ်ထည်လျှင် နှစ်ယောက်၊ သုံးယောက်စီ ပတ်လျက် အိမ်သို့ ပြန်ရလေတော့သည်။ ဖြစ်ချင်တော့ ထိုနေ့က ကူးမိသောနေရာသည် အဘွားလေးတစ်ယောက်၏ ခြံနောက်ဖေးဘက်၊ ဒိုင်ဗင်ဘုတ် သစ်ကိုင်းရှိရာမှာ ဖြစ်၍၊ ကျွန်တော်တို့ တည်းရာ အဘွား၏အိမ်ကို ပြန်ဖို့ ထိုခြံထဲက ထွက်၊ ရွာထဲလမ်းကသာ သွားရရာ၊ ရွာထဲက အမျိုးတွေက ကျွန်တော်တို့ကို ကြည့်ကာ ရယ်ပါလေတော့သည်။

မိုးတွင်းကို ကျွန်တော်တို့ ရောက်ခဲပြီး နွေဘက်သာ အရောက်များရာ တစ်မျိုးစီ ပျော်ရသည်ကတော့ အမှန်ပင်။ နွေဘက်ဆို ပဲခြွေပဲလှေ့ရင်း တလင်းထဲမှာ အဘိုးတွေ၊ အမျိုးတွေကို ကူ၊ မိုးတွင်းကျတော့ သူတို့ ငါးရှဉ့်တွေ၊ ငါးတွေ၊ ဖားတွေ ရလာလျှင် ၀မ်းသာစွာ ကြည့်ရနှင့် ငယ်ဘ၀ကို ဖြတ်ခဲ့ရသည်။

အချိန်များကို များစွာ ကျော်လွန်ပြီးသည့် နောက်မှာတော့ အရာရာသည် ပြောင်းလဲသွား၏။ တာလမ်းသည် ကျောက်စရစ် သိပ်ထားသော ထုနှင့် ထည်နှင့် လမ်းဖြစ်သွား၏။ ရွာထဲလမ်း သည်လည်း ကျောက်အမာ သားများ နှင့် ဖြစ်ရ၏။ တာလမ်းပေါ်မှာ လှည်းတွေသာမက ဆိုင်ကယ်တွေ၊ ကားတွေ တ၀ုန်းဝုန်း ဖြစ်နေသည်။ ယခင်က ကူးချင်သလို ကူးနေသော လမ်းတွေက ခုတော့ ဘေး ဘယ်ညာ သေချာ ကြည့်နေရလေပြီ။

အမေဘက်က အဘွားဆုံးသွား၏။ အဖေဘက်က အဘွားလည်း ထပ်မံဆုံး၏။ အဘိုးတစ်ယောက်တည်း ကျန်၍ ရန်ကုန်ကို ခေါ်ထားရသည်။ အဒေါ်တွေ၊ ဦးလေးတွေလည်း အိမ်ထောင်ကျသူကျ၍ အိုးခွဲ၊ အိမ်ခွဲ ဖြစ်ကုန် ကြသည်။ အတူကစားနေကျ ညီအစ်ကို ၀မ်းကွဲများလည်း တခြားမြို့ရွာများမှာ အလုပ်သွားလုပ် နေကြသည်။ ကျန်နေသော အမျိုးများကျတော့လည်း တစ်ယောက်နှင့်တစ်ယောက် မခေါ်မပြော သူတွေပင် ရှိကြသည်။

ယခင်တုန်းက ရွာဦးကျောင်းမှာ ဥပုသ်စောင့်၊ သီလယူ၊ စေတီထီးတင်ပွဲ ၀ိုင်းကူသူများလည်း မရှိကြတော့။ ယုတ်စွ အဆုံး ၀ိပဿနာမျိုးစေ့ကို သည်ရွာမှာ စချခဲ့သော ဆရာတော်ပင် တခြားမြို့ကိုရောက်သွား၍ ယခင်လို ဆိုဆုံးမမှုတွေ ဝေးနေကြပြီထင်၏။ ဆရာသစ်၊ ဒကာသစ်တွေကြား၊ ဒကာဟောင်း များ၏ ပြဿနာကို မည်သူမျှ မသိနိုင်တော့။

ကျွန်တော်လည်း ကျောင်းပြီး အလုပ်ထဲရောက်ကတည်းက ရွာကို မသွားဖြစ်။ အဘွားတွေ ဆုံးစဉ်က ရောက်သွား တော့လည်း ခြောက်တိခြောက်ကပ်။ ဓာတ်စက်က လာသောအသံက တွံတေးတို့၊ ဟင်္သာတတို့ မဟုတ်တော့။ ဂီတ လက်သစ်တွေ ဖြစ်ကုန်၏။ ရွာက လက်ကျန်ညီငယ်လေးတွေပင် ဂီတာလေး ဒေါင်ဒင်ဒေါင်ဒင် ဖြစ်နေ၏။ နေ့ဘက်ဆို ဘယ်နားနေရမှန်း မသိ။ ဟိုနားထိုင်ပျင်း၊ သည်နားထိုင်ပျင်း လာ၏။ အားလုံးက စားဝတ်နေရေး ဆိုသော စကားလုံးအောက်မှာ ပိကာ လှုပ်ရှားနေကြပြီ။

အဖေ့ဘက်က အဘွားဆုံးပြီးချိန်၊ ကျွန်တော် ကျောင်းပြီးချိန်၊ ရှေ့ဆင့်နောက်ဆင့်များ ဖြစ်၍ ဘ၀အတွက် ရှေ့ဆက်ရန် အလုပ်ရှာရမည့် ကျွန်တော်လည်း ရွာကိုမရောက်တာ အဆန်း မဟုတ်နိုင်တော့။

ဘာပဲဖြစ်ဖြစ် မိုးရေဖျန်းထားသော မြေလမ်းလေးများကို ဖြတ်ရလျှင်၊ မြေသင်းနံ့လေးပျံ့ခနဲရလျှင်၊ အစိမ်းရောင် လယ်ကွင်းများကို မြင်ရလျှင၊် တောသီချင်းများကြားရလျှင်၊ စိမ်းစိုစို ကုက္ကိုရိပ်များ တွေ့ရလျှင် ကျွန်တော့် စိတ်ထဲမှာ ရွာကို သတိရမိပါသည်။ အတိတ်တုန်းက ကျွန်တော်တို့ ကြုံခဲ့သော ဘယ်တော့မှ ပြန်မရနိုင် တော့သည့် နွေးထွေးသော ဘ၀များသည် နောက်မှာ ကျန်ခဲ့ပြီမို့ တိုက်ဆိုင်လျှင်တော့ ကျွန်တော် လွမ်းမိ ပါသေးသည်။ ။

သားလတ်



(၂၀၀၃ခုနှစ်-နိုဝင်ဘာလ၊ ဂန္ထ၀င်မဂ္ဂင်း)

Wednesday, November 3, 2010

"အပူပိုင်းရွက်ပြတ်တော"



လေဒဏ် နေဒဏ်နဲ့ဘဝ
မလှမပ အတောင်ကျိုးရင်း
ကန္တာရမှာ ကြီးပြင်းခဲ့တယ်။

တစ်တောထဲမှာ ဖွားတာပဲ
မှားစရာတစ်ခုက 'ရာသီ'ရှိခဲ့
ဒီလိုနဲ့ အမြဲစိမ်းတောမှာ အသက်ရှင်ခဲ့တာကြာပြီ။

ပွဲသိမ်းချိန်ရောက်တော့
ပတ်မကြီး ဖောက်ခွဲခဲ့တဲ့သူလို့စွပ်စွဲခံခဲ့ရ
နေဒဏ်ကြောင့်ဆွံ့အသွားတဲ့ရွက်ကြွေတွေမြင်လား
အမှားတွေနဲ့ခါးဖြတ်ထားမှတော့
အပူပိုင်းရွက်ပြတ်တောရဲ့သဘော
အမြဲစိမ်းလန်းရမှာတောင် မောတယ်ထင်ရဲ့ ။ ။

သားလတ်


( 'သင်းကွဲငှက်တစ်ကောင်ရဲ့ဒိုင်ယာရီ ' ကဗျာစာအုပ်မှ )

Tuesday, November 2, 2010

"မရိုးနိုင်သော ကျောင်းပုံပြင်"




တစ်ခါတုန်းက တက္ကသိုလ်ကျောင်း တစ်ကျောင်းမှာ ကောင်လေးတစ်ယောက်နှင့် ကောင်မလေး တစ်ယောက်တို့ ဆုံခဲ့ကြသည်။ ကောင်မလေးကို ချစ်လွန်း၍ ကောင်လေးက ရင်ဖွင့် လိုက်သည်။ ကောင်မလေးက "စာမေးပွဲအောင် လို့ ကျောင်းအတူတူပြီးရင် နင်လိုချင်တဲ့ အဖြေ ပေးပါမယ်ဟာ" ဟု ပြန်ဖြေ ခဲ့သည်။ ကောင်လေး တော်တော် ပျော်သွား၏။

ကောင်လေးအတွေးမှာ ကောင်မလေး၏ ကတိစကားက အားဖြစ်၏။ ထို့ကြောင့် လူအများက အပေ အတေဟု သတ်မှတ်ထားသော ကျောင်းပြေး ကောင်လေး တစ်ယောက်သည် တစ်မုဟုတ်ချင်း ပုံစံ ပြောင်းသွား၏။ စာလည်း ကြိုးစားလာ၏။ သို့သော် ဒုတိယနှစ် ဖြေပြီးသော အခါတွင် ကောင်လေးချစ်သော ကောင်မလေးသည် ကျောင်းမှာ မရှိတော့။ ကျောင်းက ထွက်သွားလေပြီ။

ကောင်လေးရင်ထဲ ဟာတာတာ ဖြစ်၍ ကျန်ခဲ့သည်။ မြင်နေကျ ပုံရိပ်တို့ မရှိတော့။ ကောင် မလေးကို ကျောင်းပြန်တက်ဖို့ ရင်ထဲက အော်ဟစ် တောင်းဆိုနေသည်။ ကောင်လေး၏ အနာဂတ်သည် ကောင်မလေးကြောင့် ပြန်လည်မှားယွင်း လာနိုင်သည်ကို ကောင်မလေး သိစေချင်၏။

သည်သို့ဖြင့် ကောင်လေးတစ်ယောက် ကောင်မလေး ပြန်လာချိန်ကို ငါးနှစ်တိတိ စောင့်နေ ခဲ့၏။ ကျောင်းဝင်းထဲသို့ ကောင်မလေး ပေါ်မလာခဲ့။ ပေါ်လာသော အခါ ကောင်မလေးမှာ ကလေးပင် ရနေလေပြီ။ သြော် - ကောင်မလေး အိမ်ထောင် ကျသွားပြီကိုး။

ကောင်လေးတစ်ယောက် ကျောင်းဝင်းရှေ့မှာ ကဗျာများကို နေ့ပေါင်းများစွာ ရေးသည်။ လွယ်အိတ် တစ်လုံးကို လွယ်ပြီး ကျောင်းသို့လာသော ကောင်လေး၏ ဘ၀သည် ကျောင်းမှာလည်း ဘာမျှ ဖြစ်မလာ။ ချစ်သူလည်း မရ။

သို့သော်ကောင်လေးသည် သူမသေခင်၌ ကောင်မလေးကို တွေ့ချင်နေသေး၏။ တွေ့လည်းတွေ့နိုင် ပါသေးရဲ့ဟု တွေးကာ စိတ်ဖြေ၏။ မည်သို့ပင်ဖြစ်စေ သူ ချစ်သော ကောင်မလေး ကို မြင်ရုံ၊ ငေးရုံ အပြင် ကောင်လေး ဘာများ တတ်နိုင်ပါ မည်နည်း။ ကောင်မလေး အိမ်ထောင်ကျသွားသည်ကို ကောင်လေး အသိပင်။ ထိုသို့ သိသိနှင့်ပင် မသိစိတ် ကလည်း ကောင်မလေး ကျောင်းပြန် အတက်ကို စောင့်နေလေ သလားမသိ။

ဤသို့ ကောင်လေး နှင့် ကောင်မလေး တို့၏ မရိုးနိုင်သော ဇာတ်လမ်းများ၊ တစ်နည်း ပြောရလျှင် "ကျောင်းပုံပြင်" များ မည်မျှ ရှိနေပါသနည်း။ ရန်ကုန်တက္ကသိုလ်မှာ၊ ဆေးတက္ကသိုလ်မှာ၊ ကွန်ပျူတာ တက္ကသိုလ်မှာ၊ ပြီးတော့ ကျွန်တော်တို့၏ ရန်ကုန်စက်မှုတက္ကသိုလ်မှာ။ လွမ်းဆွတ် ကြေကွဲ ဖွယ် ကျောင်းပုံပြင်များ များစွာ ရှိနေပါလိမ့်မည်။

ထိုအကြောင်းကို 'အရိုး' က လှပစွာ ရေးဖွဲ့သည်။ 'အဝေးကဧည့်ခန်း' က ဆိုထားသည်။ 'ကျောင်းပုံပြင်' ဟု သီချင်းနာမည်ကို မှည့်ခေါ်သည်။ တက္ကသိုလ်ကျောင်းသား ဖြစ်ခဲ့ဖူးသော ကျွန်တော်က ထိုသီချင်းကို ကျွန်တော် ခံစားမိသော သီချင်းများထဲမှ တစ်ပုဒ် အဖြစ် သတ်မှတ်ပါသည်။


ကောင်မလေးတစ်ယောက်အတွက် တစ်နေ့မှာ ဖွင့်ပြောလိုက်တယ်
ရင်ခုန်သံများ အားလုံးအတွက်
အတူတူအောင်ပြီးတော့ ကျောင်းပြီးခဲ့ရင် စိတ်တိုင်းကျမယ်တဲ့
သူမက ကတိပေးခဲ့

အပေအတေလေး ကျောင်းပြေးဘ၀ကို မေ့ထားလိုက်ပြီဟေ့
ကျွန်တော်ဟာ စာအရမ်းကြိုးစားခဲ့
ဒါပေမဲ့ ဒုတိယနှစ်ကို ဖြေပြီးခဲ့ချိန်မှာတော့
သူကျောင်းကထွက်သွားပြီ

ရင်ခုန်သံများ အေးခဲသွားမှာ စိုးလို့ပါ
သူကျောင်းလေး တက်ပါဦးကွာ
ဒီပုံစံအတိုင်းကြီးပဲထားလိုက်ရင် မှားလိမ့်မယ်
ကျွန်တော့်ရဲ့ အနာဂတ်တွေ

ဒီလိုနဲ့ ငါးနှစ်ပြည့်အောင် စောင့်ထားခဲ့ချိန်အထိ
ကျွန်တော်လေ ကျောင်းထဲ ရှာမတွေ့ခဲ့
ချာတိတ်လေးတစ်ယောက်နဲ့ သူ့ကို ပြန်ပြီး တွေ့ချိန်လေး
သူအိမ်ထောင်ကျသွားပြီ

ကျွန်တော်ဟာ ဒီပုံနဲ့ ကျောင်းတံခါးရှေ့မှာ နေ့ပေါင်းများစွာ
အချိန်တွေဖြုန်းရင်း ကဗျာတွေရေးရင်း
လွယ်အိတ်ကြီးတစ်လုံးနဲ့ ငါ့မှာ နေ့တိုင်းကျောင်းလာပြီး
ဘာမှမဖြစ်ခဲ့ဘူး

မသေခင်လေးထပ်တွေ့ရရင်ကျေနပ်ရမယ်လို့
အသေအချာ စဉ်းစား ငါဖြေသိမ့်ခဲ့
ဒါပေမဲ့ အခုထိငါ့မှာ စိတ်တိုင်းမကျတာက
သူအိမ်ထောင်ကျသွားပြီ

ရင်ခုန်သံများ အေးခဲသွားမှာသိရက်နဲ့
သူကျောင်းတက်စောင့်နေတုန်း
ဒီပုံစံအတိုင်းကြီးပဲထားလိုက်ရင် မှားလိမ့်မယ်
ကျွန်တော့်ရဲ့ အနာဂတ်တွေ


ဆူးသစ်
၂၁း ၀၇ နာရီ
၂.၁၁.၂၀၁၀



Monday, November 1, 2010

"ကမ္ဘာသစ်တစ်ခု၏ စာမျက်နှာ"



အလုံးတစ်လုံး။
သူသေသေချာချာ မြင်လိုက် ရသည်။ သူ့အပေါ်က ၀ှီးခနဲ ဖြတ်သွားသည်။ ကလေးတစ်ယောက် ဆော့နေ ပါလား တွေးရင်း ဖတ်လက်စ အင်တာနက် သတင်းကို ဆက်ဖတ်သည်။

"ဘရာဇီးနိုင်ငံအား စစ်ရေးအရ ခြိမ်းခြောက်မှုများကို စတင်ရန် ဥရောပနိုင်ငံများက ကုလသမဂ္ဂသို့ အစီရင်ခံစာ တင်သွင်း လာကြခြင်း "

တော်တော် ထူးဆန်းသည့် သတင်း။ ဘယ်လို အကြံအစည်များရှိနေ၍ ဘရာဇီးအား ခြိမ်းခြောက်ပါသနည်း။ ဆက်ဖတ်မည် ကြံသည်။


"ဟေ့ကောင် ကြယ်ဖြူ၊ မင်းဘာလာလုပ်တာလဲ"

အသံကြား၍ လှည့်ကြည့်တော့ သူငယ်ချင်း အက်တမ်ကို တွေ့သည်။

"ကျောင်းအားလို့ အင်တာနက်လာဖတ်တာ၊ မင်းကရော"

"Game လာကစားတာ"

ကြယ်ဖြူ မဲ့ပြလိုက်၏။ အက်တမ်က ပြုံး၍ ထွက်သွားသည်။ သတင်းဆက်ဖတ်မည် ကြံတော့ တစ်နာရီပြည့်ပြီ ဖြစ်ကြောင်း အချက်ပေးသည်။ ဆက်ဖတ်ချင်စိတ် မရှိတော့။

နေရာကထကာ ငွေရှင်းပြီး အင်တာနက် ကဖေးထဲက ထွက်သည်။

"ဘုတ်"

ကျောကုန်းကို အလုံးတစ်လုံး လာမှန်သည်။ အင်္ကျီအဖြူတော့ ပေပြီဟု တွေးကာ စိတ်ဆိုး၍ လှည့်ကြည့်သည်။ အားကစားဝတ်စုံ တူညီနှင့် မိုက်ကြည့်ကြည့် နေသူများကို တွေ့၏။

စိတ်ကိုလျှော့ပြီး နေရာက မြန်မြန်ခွာလိုက်သည်။


* * * * * * * * *

"လွန်ခဲ့တဲ့နှစ် နှစ်ရာလောက်ကတော့ အင်္ဂလန်မှာ အာဆင်နယ်ဆိုတဲ့ ကလပ်ရယ်၊ မန်ချက်စတာ ယူနိုက်တက် ဆိုတဲ့ ကလပ်ရယ်၊ အဲဒီ့နှစ်သင်းက ပရီးမီးယားလိဂ်ရဲ့ မဟာအင်အားကြီးတွေ ပေါ့ကွာ"

လက်ဖက်ရည်ဆိုင်မှာ ထိုင်ထိုင်ချင်း ကြားရသော အသံကြောင့် ကြယ်ဖြူ တွန့်သွားသည်။ လာပြန်ပြီ၊ သည်အလုံး တစ်လုံးအကြောင်း။

"အာဆင်နယ်က နည်းပြက အာဆင်ဝင်းဂါး၊ မန်ချက်စတာက ဖာဂူဆန်တဲ့။ မတည့်ကြဘူး။ ဒီနှစ်သင်းပြိုင်ရင် ရန်ဖြစ်တယ်။ နည်းပြချင်း စကား စစ်ထိုးတယ်။ သူတို့ရဲ့ ပရိသတ်တွေဟာလည်း အပြိုင်အဆိုင် အားပေးတယ်။ ရန်တွေလည်း ဖြစ်ကြတယ်"

လက်ဖက်ရည်သောက်ရင်း သည်းခံနားထောင်ရသည်။ ထိုလူတွေ အားရပါးရ ဆွေးနွေးနေ၏။

"နောက်တော့ ချဲလ်ဆီးဆိုတဲ့ ကလပ်ကို သူဌေးတစ်ယောက်က ၀ယ်ပြီး အဲဒီမှာ ၀င်ပြိုင်တော့ သုံးသင်းအပြိုင် ဖြစ်လာကြတယ်။ ပရိသတ်တွေလည်း ရိုက်ပွဲတွေ ဖြစ်တာပေါ့ကွာ"

"သေတဲ့လူ သေတယ် ပြောတယ်"

ဆက်နားထောင်နိုင်စွမ်း မရှိတော့။ ပိုက်ဆံရှင်း၍ ဆိုင်ထဲမှ ထွက်သည်။ ကြယ်ဖြူ ဘယ်ကို သွားရမှန်း မသိတော့။ နောက်ဆုံးတော့ သူချစ်သော မိန်းကလေးဆီ ဦးတည်သည်။ သည်အချိန်ဆို 'မွန်း' တစ်ယောက် စာဖတ် နေလိမ့်မည် ဆိုတာ ကြယ်ဖြူ သိသည်ပဲ။

* * * * * * * * *

"လက်ရှိ ပြိုင်ပွဲတွေဟာ လွန်ခဲ့တဲ့ နှစ် နှစ်ရာလောက်ကထက် ပိုပြင်းထန်တယ်။ ကစားကွက်၊ နည်းစနစ်တွေဟာ ကွန်ပျူတာနဲ့ ရှာထားတော့ ကြည့်ရတာ အံ့မခန်းပဲ။ အခု ပရီးမီးယားလိဂ်ရဲ့ ခြောက်နှစ် ဆက်တိုက် ချန်ပီယံ 'Star Force' ဆိုတာ ကမ္ဘာ့ အကျော်အမော်တွေနဲ့ ဖွဲ့စည်းထားတာ"

သွားပြီ။ အိမ်ထဲမှ မရောက်သေးခင် ဆွေးနွေးသံတွေ ကြားကတည်းက 'မွန်း' တို့ သူငယ်ချင်းတွေ စုံနေတာ သိရပြီ။

"ဟယ်........ကြယ်ဖြူ လာ၊ ဘယ်က လှည့်လာတာလဲ"

"မွန်း....ဆီလာတာ။ အင်တာနက် သွားဖတ်ပြီး ပျင်းလို့ လှည့်လာတာ"

"ဘာတွေ ဖတ်ခဲ့လဲ"

"ဖတ်ခဲ့တာတော့ အများကြီးပဲ၊ အထူးဆန်းဆုံးကတော့ ဘရာဇီးကို စစ်ရေး ပြင်နေကြတာပဲ။ ကိုယ်စဉ်းစားလို့ မရဘူး။ ဘာဖြစ်လို့လဲ မသိဘူး"

"ဟာ... အရှင်းကြီးပဲ။ World Cup ကို ကမ္ဘာပေါ်မှာ အကြိမ်(၃၀) ဗိုလ်စွဲနိုင်တာ သူပဲရှိတော့ နှိပ်ကွပ် ထားမှ နောက်မရတော့မှာပေါ့။ ငါတို့နိုင်ငံတောင် ခုမှ (၂) ကြိမ်ပဲ ဗိုလ်စွဲသေးတာ"

"စစ်ရေး၊ နင်တို့ပြောနေတဲ့ အလုံးနဲ့ ဆိုင်လို့လား"

"ဟားဟားဟား........ဘာ အလုံးလဲဟ၊ အဲဒါ ဘောလုံးလို့ခေါ်တယ်"

မွန်းသူငယ်ချင်း ကောင်မလေးတွေ ရယ်၍ ပြောတော့ ကြယ်ဖြူ ရှက်သွားသည်။

"ကြယ်ဖြူ့ကို မွန်းပြီးမှ ရှင်းပြမယ်။ လောလောဆယ် သူငယ်ချင်းတွေနဲ့ ဆွေးနွေးလိုက်ဦးမယ်။ ဒီတစ်ပတ် ကန်မယ့်ပွဲတွေမှာ Star Force နိုင်မှာက ကျိန်းသေတယ်၊ အောက်တန်းက တက်လာတာတွေထဲမှာ ချဲလ်ဆီး၊ အာဆင်နယ်၊ မန်ချက်စတာတို့လောက်ပဲ ဂရုစိုက်ရမှာ၊ သူတို့က တစ်ချိန်က ကမ္ဘာကျော်တွေလေ"

"ဟာ ...... အတိတ်တွေ လာမလွမ်းနဲ့၊ ခုဟာက နှစ်ထောင့် နှစ်ရာ့ ရှစ်ခုနှစ်၊ Star Force မှာ ကမ္ဘာ့ အချောဆုံးနဲ့ အတော်ဆုံး မြည်မာပြည်က ဘောလုံးသမား 'အကြည်ရောင်' ပါတာ သိတယ် မဟုတ်လား။ သူ့ရဲ့ ဖရီးကစ်ဟာ ဟိုတစ်ချိန်က ဂန္တ၀င်ဘောလုံးသမား ဖရီးကစ်ဆရာကြီးတွေ ဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းနဲ့ ကားလို့စ် တို့ထက် သာသလို၊ သူ့ရဲ့ Speed နဲ့ Skill ဟာလည်း ဂန္ထ၀င် ဘောလုံးသမားတွေ ဖြစ်တဲ့ ရိုနာလ်ဒိုတို့၊ နစ္စတယ်ရွိုင်းတို့၊ အွန်နရီ တို့ထက် ကောင်းလို့ သူ့ကို လေးစားနေရတာ မွန်းလည်း အသိပဲ"

သူ့ဟာနှင့်သူ ဟုတ်နေ၍ ကြယ်ဖြူ ဆိုဖာကို မှီကာ မျက်လုံးမှိတ်လိုက်သည်။ မှေးခနဲ အိပ်ပျော်သွားလေ၏။


* * * * * * * * *

"ကြယ်ဖြူ၊ ကြယ်ဖြူ"

လှုပ်နှိုးသံကြောင့် သူ နိုးလာ၏။ မွန်း၏ လှပသော မျက်နှာလေးကို အပြုံးနှင့် တွေ့သည်။

"ထတော့လေ၊ မွန်းသူငယ်ချင်းတွေတောင် ပြန်သွားပြီ၊ ဒီမှာ ဂျာနယ်တွေဖတ်ဦး၊ မွန်း စားစရာ သွားလုပ်လိုက် ဦးမယ်"

ပြောပြီး မွန်း ထွက်သွားတော့ ကြယ်ဖြူ ဂျာနယ်တွေ လျှောက်လှန်သည်။ ဘာသတင်းတွေမှန်း မသိ။ လူတွေကို အရောင်း အ၀ယ်လုပ်နေသည်။ ကလပ်တစ်ခုမှတစ်ခု ပြောင်းလျှင် အာဆီယံငွေကြေး သန်းပေါင်းများစွာ တန်သည်တဲ့။ မြန်မာနိုင်ငံ၏ အဆင့်မြင့်တန်း ကလပ်မှ ဘောလုံးသမားများ၏ ဈေးက ထိုသို့ ရောင်းဝယ်မှုတွင် အမြင့်ဆုံးချည်းပင်။

ဘာလုပ်တာလဲ။ သည်လူ တစ်ယောက်ကို ၀ယ်ပြီး သည်အလုံးတစ်လုံးကို ခြေထောက်နှင့် ထိခိုင်းတာ သည်လို သန်းပေါင်းများစွာ ပေးရသလား။ သူနားမလည်နိုင်တော့။

"ကြယ်ဖြူ စိတ်ဝင်စားလို့လား၊ အဲဒီသတင်းတွေကို"

ခေါင်းခါပြလိုက်တော့ မွန်း မျက်နှာပျက်သွားသည်။

"ကြယ်ဖြူ စိတ်ဝင်စားတာ ကျောင်းစာနဲ့ မွန်း ကိုပဲ"

"ကြယ်ဖြူက ဘာလို့ တစ်ကမ္ဘာလုံး စိတ်ဝင်စားနေတာကို စိတ်မ၀င်စားတာလဲ"

"တစ်ကမ္ဘာလုံးက"

"ဟုတ်တယ်လေ၊ တစ်ကမ္ဘာလုံးပဲ။ အခု ဘရာဇီးကို စစ်ရေးအရ အရေးယူတာ အဲဒါပဲလေ။ ဘောလုံး ချိန်ခွင် လျှာကို ဆွဲညှိဖို့ ကြိုးစားကြမှာ"

"ကိုယ့်ဘ၀မှာ ကိုယ့်မိဘတွေဟာ မွန်းတို့ပြောတဲ့ ဘောလုံးဆိုတာကို လောင်းကြေးတွေ ထည့်လို့ ဘ၀ ပျက်ခဲ့ရတယ်။ အသင်းနှစ်သင်းရဲ့ ပရိသတ်တွေ ရိုက်ပွဲဖြစ်တဲ့အချိန်မှာ ဆုံးပါးခဲ့ရတယ်။ ဒါဟာ ကိုယ်ငယ်ငယ် ကတည်းက သိခဲ့တာပါ။ ကိုယ် ဘုန်းကြီးကျောင်းမှာ နေတယ်။ ဆရာတော် ဘုရားရဲ့ ကျောင်းဟာ စည်းကမ်း ကြီးလို့ ဘောလုံးဆိုတာ ဘာမှန်း မသိခဲ့ဘူး၊ အလုံးတစ်လုံး လို့တော့ ကိုယ်သိတယ်။ ဒါပေမယ့် ဆရာတော်ဟာ ကိုယ့်ကို ခေတ်နဲ့ မျက်ခြည်မပြတ် စေချင်လို့ အင်တာနက်တော့ ဖတ်ခွင့်ပေးခဲ့တယ်။ ကိုယ့်ဘ၀ရဲ့ ရှေ့လာမယ့် လမ်းတွေထဲမှာ အဲဒီ့အလုံး တစ်လုံးဟာ အဲဒီလောက် အရေးမပါဘူး ထင်တယ်။ ဒီအလုံးတစ်လုံးကြောင့် လူတွေဟာ အိပ်ရေးပျက်၊ စီးပွားပျက်၊ ခန္ဓာပျက် ရတာတွေ ဘယ်လောက်များ ခဲ့ပြီလဲ။ ခုပဲ ဒီအလုံးတစ်လုံးဟာ စစ်ပွဲအသွင်ကို ဆောင်ယူလာခဲ့ပြီ။ လူတွေ လုပ်တဲ့ ဗုံးတစ်လုံးဟာ သူပေါက်ကွဲတဲ့ နေရာက လူတွေကိုပဲ ထိရှစေတယ်။ သေစေတယ်။ မွန်းတို့သိတဲ့ အလုံးဆိုတာကျတော့ မပေါက်ကွဲဘဲနဲ့ လူများစွာကို ထိရှစေတယ်လို့ ကိုယ်ထင်တယ်"

"ဒါပေမယ့် မွန်းကို ချစ်တယ် ဆိုရင် မွန်းလို ၀ါသနာပါဖို့ ကြိုးစားရမှာပေါ့"

"ကိုယ် ဒီဟာကို ၀ါသနာမပါရင် မွန်းက ကိုယ့်ကို အဖြေမပေး တော့ဘူးလား"

ခဏတော့ စဉ်းစားနေသည်။

"ဟုတ်တယ်၊ မွန်း ၀ါသနာပါတဲ့ဟာကို စိတ်မ၀င်စားရင် မွန်း ဆီက အဖြေကို မမျှော်လင့်နဲ့တော့။ ဘောလုံး ဆိုတာ မွန်း ရဲ့ ဘ၀ပဲ"

နားမလည်နိုင်စွာဖြင့် မွန်းကို သူကြည့်သည်။ မွန်းသည် သူ့ကို ဂရုမစိုက်စွာ တီဗွီခလုတ်ကို ထဖွင့်၏။

"အင်္ဂါဂြိုလ်ပေါ်၌ ဘောလုံးကွင်း ဆောက်လုပ်ရေး" သတင်းတစ်ခု ပေါ်လာသည်။ ခက်တော့ ခက်ချေပြီ။


* * * * * * * * *

"အဲဒါပဲ အက်တမ်၊ ငါ စဉ်းစားရ ကျပ်နေတယ်"

"ဟာ ..... လွယ်ပါတယ်ကွ၊ ငါနဲ့ လိုက်ပြီး ဂိမ်းကစားလိုက်ရင် မင်းနားလည်သွားမယ်။ ဘောလုံးဆိုတာ နည်းပညာ တစ်ခုကို အားပြိုင်တာပါကွ။ အဲဒီအပေါ်မှာ လုပ်စားလို့ရတာ အများကြီးပဲ။ နောက်ပြီး တစ်ကမ္ဘာလုံး စိတ်ဝင်စားတဲ့ ဟာကို မင်းကျန်ခဲ့ရင် မင်းကို အရူးလို့ ပြောမှာပေါ့။ အဲဒီလို ဖြစ်နေတာကိုကပဲ ခေတ်သစ်ရဲ့ တောင်းဆိုမှုပဲကွ"

ဘာတွေမှန်းတော့ မသိ။ ဟုတ်သလိုလို ထင်ရသည်။

"ငါ မွန်းကို ချစ်လို့ နည်းနည်းတော့ လေ့လာကြည့်မယ်ကွာ"

"အိုကေ .... သူငယ်ချင်း ထူးထူးထွေထွေ ဘာမှ မလုပ်နဲ့၊ ငါပြောတာတွေလုပ်၊ မင်းကောင်မလေးဆီက အဖြေ ရစေရမယ်"

သည်လိုနှင့် ကြယ်ဖြူ တစ်ယောက် အက်တမ်နောက် ပါသွားသည်။ ပထမတော့ ဂိမ်းစင်တာ။

ကမ္ဘာပေါ်ရှိ ဘောလုံးသမားများ ဂိမ်းထဲမှာပါသည်။ သို့သော် လူတွေလို လိုသလို ကစား၍ မရ။ အက်တမ် ကတော့ ကျေနပ်သလို ရှိသော်လည်း ကြယ်ဖြူ က နဂိုကတည်းက စိတ်မ၀င်စား၍ ဘယ်လိုမျှ ခံစား၍ မရ။

အက်တမ်က တစ်မျိုးကြံ ပြန်သည်။ အင်တာနက်၏ ၀က်ဘ်ဆိုဒ်များ ဖွင့်ပြသည်။ ငွေကြေး သုံးစွဲမှုကို ချိန်ပြသည်။ ပိုးဆိုး၏။ သည်ငွေများကို နိုင်ငံတည်ဆောက်ရေးမှာ၊ လူသားအကျိုးပြု လုပ်ငန်းများမှာ သုံးလျှင် ဘယ့်နှယ့် နေမလဲ။

အက်တမ်က ဂျာနယ်တွေ ယူလာပြန်သည်။ ကြယ်ဖြူ မကိုင်ချင်။ အဖုံးမှာပင် ဘောလုံးသမားပုံကို ရုပ်ရှင် မင်းသားပုံတွေလို ဖော်ပြထားသည်။ စိတ်မ၀င်စား၍ အိပ်နေလိုက်၏။

သည်တော့ အက်တမ် စိတ်ပျက်သွား၏။ မိမိနှစ်သက်ရာ ကလပ်ကို အားပေးသည့် ပရိသတ်များဖြင့် ဖွဲ့စည်း ထားသော ကလပ်များဆီ ခေါ်သွားပြန်သည်။ ကြည့်လိုက်တော့ ဘယ်ကလပ်နှင့် ဘယ်ကလပ် ကန်သည့်နေ့မှာ အပြန်တွင် ချိန်း၍ရိုက်ရန် တိုင်ပင်နေကြသည်။ ကွင်းထဲမှာအရှုံးပေါ်နေလျှင် ယမ်းဖောက်၍ ပွဲဖျက်ရန် ကြံစည် နေသည်။ စိတ်ပျက်စွာဖြင့် အက်တမ်ကိုခေါ်ကာ မြို့ထဲလျှောက်သွားသည်။

တည်းခိုခန်း၊ ဟိုတယ်၊ စားသောက်ဆိုင်တို့မှာ ဘောလုံးသူရဲကောင်းပုံတွေ မြင်ရသည်။ ကလပ် အလံများ၊ တံဆိပ်များ၊ ယုတ်စွအဆုံး ဆိုင်နာမည်များမှာ ဘောလုံးသမားများနှင့် နည်းပြနာမည်များ ဖြစ်နေသည်။ ကြယ်ဖြူ စိတ်ပျက်စွာဖြင့် အက်တမ်ကို နှုတ်ဆက်ကာ ဆရာတော်ကျောင်းသို့ ပြန်ခဲ့၏။


* * * * * * * * *

"ကိုယ်ကြိုးစားကြည့်ပါသေးတယ် မွန်း။ ဒါပေမဲ့ ကိုယ်ဘယ်လိုမှ စိတ်မ၀င်စားနိုင်ခဲ့ဘူး"

"ဘောလုံးပွဲ တစ်ပွဲလောက် ကြည့် ကြည့်ပါလား"

မွန်းက စည်းရုံးသည်။ စိတ်မပါသော်လည်း မွန်းကို ချစ်၍ ကြယ်ဖြူ ဘာမျှ မပြော။ မွန်းက စက်ထဖွင့်သည်။

ဘောလုံးကို လူတွေ လိုက်လုနေသည်။ ဂိုးပေါက်မှာ တစ်ယောက် စောင့်နေ၏။ ကြည့်နေရင်းမှာပင် ထိုးပွဲ ကြိတ်ပွဲ ဖြစ်၏။ နည်းပြတွေပါ ချကုန်ကြသည်။ မွန်းက ခလုတ်ကို ထပိတ်၏။

"တစ်ခါတစ်ခါတော့ ဒါမျိုးဖြစ်တတ်တယ်"

"ကိုယ်တောင်းထားတဲ့ အဖြေကို မွန်း မပေးတော့ဘူးလား"

သူလိုချင်တာကို ကြယ်ဖြူ တောင်းသည်။ မွန်း စဉ်းစားနေ၏။

"ဒီလိုလုပ်လေ၊ ကြယ်ဖြူ ဘောလုံးကို တကယ် စိတ်ဝင်စားလာပြီ ဆိုတဲ့နေ့မှာ မွန်း အဖြေပေးပါ့မယ်။ ကြယ်ဖြူ မညာတတ်တာ မွန်းသိတယ်"

ပြန်ပြောစရာ စကားမရှိတော့။ ဘောလုံးသည် လူသားများစွာ၏ ဘ၀ ဖြစ်သွားပြီလား။ လောလောဆယ် မှာတော့ ကြယ်ဖြူ အတွက် ဘောလုံးဆိုသည်မှာ နှလုံးသားပုစ္ဆာ အဖြေ ဖြစ်လို့နေသည်။


* * * * * * * * *

ထိုရက်များ၏ နောက်ပိုင်းမှစ၍ ကြယ်ဖြူ ဆိုသော တက္ကသိုလ်ကျောင်းသား လူငယ်လေးတစ်ဦးကို သူ့ သူငယ်ချင်းများ မတွေ့ရတော့။ ကြယ်ဖြူသည် သူနေထိုင်ရာ ဘုန်းကြီးကျောင်းထဲမှ ဘယ်ကိုမျှ မသွားတော့။ သူချစ်သော မိန်ကလေးဆီကလည်း အဖြေကို မမျှော်လင့်တော့။

အဘယ်ကြောင့်ဆိုသော် ဘောလုံးဆိုသော အလုံးတစ်လုံးအတွက် လူပေါင်းများစွာတွင် ဖြစ်ပေါ် လာသော လောဘ၊ ဒေါသ၊ မောဟများကို သူမခံစားနိုင်၍ ဆရာတော်၏ ဆုံးမမှုအောက်မှာ အစမရှိ၊ အဆုံးမရှိသော သံသရာဆိုသည့် အလုံးတစ်လုံး အကြောင်းကိုသာ သုံးသပ်ရင်း လူများစွာ၏ ဘ၀များစွာ အပြင်ဘက်တွင် မိုးကုတ် ဆရာတော်ကြီး ဦးဝိမလ၏ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်း ဆိုသည့် အလုံးတစ်လုံးကို စိတ်ဝင်စားကာ ၀ိပဿနာ တရား အားထုတ် ကျင့်ကြံနေသောကြောင့်ပင် ။ ။

သားလတ်


(၂၀၀၄ခုနှစ်-ဒီဇင်ဘာလ၊ မှုခင်းရှုထောင့်)
Related Posts Plugin for WordPress, Blogger...