Sunday, July 31, 2011

"သည်တစ်ခေါက် ရန်ကုန်" (၃)


တကယ်တော့ ကျွန်တော်တို့ ရန်ကုန်ပြန်သည်မှာ မိမိခွင့်ရတုန်း ကိုယ့်ရပ်ကိုယ့်ရွာက မိသားစုနှင့် ပြန်လည် ဆုံစည်းချင်သည်က အဓိကဖြစ်သည်။ ပြီးတော့ ဆွေမျိုးသားချင်းများ၊ သူငယ်ချင်းမိတ်ဆွေများ တွေ့ခွင့် ရနိုင်လျှင် တွေ့ချင်သည်။ ကျန်းမာရေးကိစ္စဆိုသည်က သိကြသည့်အတိုင်း စင်ကာပူမှာက ဈေးကကြီးသည်။ ကျွန်တော်တို့ဆီမှာက ဈေးသက်သာသည်။ ရှေ့မှာပြောခဲ့သလို ဆရာဝန်က စိတ်မရှည်ခြင်း၊ အချိန်မမှန်ခြင်းများ ကတော့ ကျွန်တော်တို့ဆီမှာ ရိုးပင်ရိုးနေလေပြီလား မသိ။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ ကျွန်တော့် မိဘများနှင့် ညီအစ်ကိုများ၊ ကျွန်တော့် တူနှင့် တူမလေး၊ နာမကျန်းဖြစ်နေသော နယ်က ကျွန်တော့် အဘ နှင့် ကျွန်တော် မတွေ့တာ ကြာပြီဖြစ်သည့် ကျွန်တော့် ဆွေမျိုးများကို မြင်ရခြင်း ကတော့ စိတ်ညစ်စရာ၊ ငွေကုန်ကြေးကျ များစရာ မည်မျှပင် ရှိရှိ ကျေနပ်နေမိ ပါသေးသည်။

ဇနီးသည်လည်း ထို့အတူ။ သူ့အဘိုး၊ အဘွား နှင့် သူ့မိဘများ၊ မောင်နှမများ၊ သူ့အဒေါ်များ နှင့် သူ့သူငယ်ချင်းများကို တွေ့ရ၍ ရန်ကုန်ကို လွမ်းတိုင်းမျက်ရည်လေးစို့ချင်သော သူ့အတွက် ဆေးခန်းနှင့် ဆရာဝန် အခက်အခဲများ ကြားမှ စိတ်ဖြေသိမ့်စရာ၊ ပျော်စရာများ ရနေပါသေးသည်။

ကျွန်တော်ကတော့ သူငယ်ချင်းများနှင့် တွေ့နိုင်အောင် မနည်းကြိုးစားခဲ့ရ၏။ စက်မှုတက္ကသိုလ်တုန်းက သူငယ်ချင်းတွေက Face Book မှာ ရှာရလွယ်သလောက် ရန်ကုန်မှာ မရှိသလောက် ရှားကုန်သည်။ ရေကြည်ရာ မြက်နုရာ ဆိုသကဲ့သို့ပင်။ စလုံးမှာပင် တော်တော်များ၏။ သည်တစ်ခေါက် ခွင့်က နှစ်ပတ်သာယူပြီး ပြန်သည်မို့ ယခင် ၀န်ထမ်းဘ၀တုန်းက ခင်ခဲ့သူတွေကိုတော့ မတွေ့နိုင်တော့။ ဗဟိုဝန်ထမ်းတက္ကသိုလ် တက်စဉ်က သူငယ်ချင်းတွေကလည်း သက်ဆိုင်ရာ နယ်တွေမှာ။

စက်မှုတက္ကသိုလ်ဆင်းလည်းဖြစ်၊ ဖောင်ကြီးဆင်းလည်းဖြစ်သူ ကျွန်တော့် အရင်းနှီးဆုံး သူငယ်ချင်းတွေထဲက တစ်ယောက်ဖြစ်သည့် သူငယ်ချင်းကိုတော့ အိမ်ကိုအတင်းခေါ်၍ တွေ့ရသည်။ ဖုန်းနှင့် ဘယ်နှစ်ကြိမ်မှန်း မသိအောင် ချိန်းပြီးမှ ကျွန်တော့်အိမ်ကို ပြန်နေသည့် တစ်ရက်မှာ နေ့ခင်းဘက် အိမ်လာတွေ့၍ တွေ့လိုက် ရတာဖြစ်သည်။ နောက်မို့ဆို တွေ့ပင်တွေ့လိုက်ရမှာ မဟုတ်။ သူလည်း မအား။ ကျွန်တော် ကလည်း လျှောက်သွားနေသည် ချည်းသာ။

ဒါတောင် သူနှင့် တွေ့မည်ဆိုသည့်နေ့ကျမှ မအူပင်က ကျွန်တော့်ငယ်သူငယ်ချင်း ဆရာဝန်က ရန်ကုန်ကို ကျွန်တော်နှင့်တွေ့ရန် ဆင်းလာ၍ အချိန်ကို နေ့ခင်းပိုင်းမှာ ခွဲတွေ့ရသည်။ စက်မှုတက္ကသိုလ်က သူငယ်ချင်းကို သုံးနာရီအထိ ကျွန်တော့်အိမ်မှာ တွေ့ပြီးမှ သုံးနာရီခွဲမှာ ကျွန်တော့်ငယ်သူငယ်ချင်း ဆရာဝန်နှစ်ယောက်ကို ရှစ်မိုင် Junction 8 က Moon မှာ သွားတွေ့သည်။

တစ်ယောက်က ရန်ကုန်က NGO တစ်ခုမှာ ဆရာဝန်။ နောက်တစ်ယောက်က မအူပင်မှာ ကိုယ်ပိုင်ဆေးခန်းထိုင်သည့် ဆရာဝန်။ ကျွန်တော့် အချစ်ဆုံး ငယ်သူငယ်ချင်းများ။ သူတို့နှင့်က အထက်တန်းကျောင်းမှာကတည်းက ခြောက်တန်းကစပြီး အေခန်းမှာချည်း အတူတွဲခဲ့ကြသည်။ ဆယ်တန်းအထိ။ ကျွန်တော်မြန်မာပြည်ကို တစ်ခေါက်ပြန်တိုင်း သူတို့ကို မရ ရအောင်တွေ့လေ့ရှိသည်။ ယခုတစ်ခေါက်လည်း သူတို့နှင့် ဆုံဖို့ ကျွန်တော်က မအားတာ တစ်မျိုး။ မအူပင်က သူငယ်ချင်းက ဆင်းမလာနိုင်သေးတာက တစ်မျိုးနှင့်။

သူငယ်ချင်းသုံးယောက်သား ရောက်ရာပေါက်ရာတွေ ပြောပြီး ခုနစ်နာရီကျော်သည်အထိ မထဖြစ်တော့ ဆိုင်က စားပွဲထိုးကောင်လေးက လာလာပြီး မျက်စောင်းထိုးသေးသည်။ သည်တော့မှ လမ်းခွဲခဲ့၏။ ထို Junction 8 နားမှာ ကျွန်တော်ရှေ့က ပြောခဲ့သော အင်္ဂလိပ်စာလုံးလေးလုံးနှင့် နာမည်ကြီး ကြေးအိုးဆိုင်ကြီးက ဆိုင်ခွဲထပ်ဖွင့်ထားတာ တွေ့လိုက်ရသေးသည်။ ဪ- ကျွန်တော်တို့ ဆီက ယူထားသော အမြတ် ငွေများဖြင့် သူတို့ တစ်တွေ ဆိုင်ခွဲ အကြီးကြီးတွေ ဖွင့်နိုင်နေပါလားဟု တွေးမိသေး၏။ ဒန်ပေါက်ဆိုင်မှာလည်း ဘာ Tax ကိုမျှ ပြပြီး တင်မထား။ ကော်ဖီဆိုင်မှာလည်း Menu က ဈေးအတိုင်းရောင်းသည်။ သည်တော့ ကြေးအိုး ဆိုင်ကြီး ငွေမယူတတ်သေးတာလားဟု အတွေးရောက်သည်။ ငွေသာဘယ်လိုယူရမှန်း မသိတာ။ ဆိုင်ခွဲများက တစ်ဆိုင်ပြီး တစ်ဆိုင်ထွက်လာလေပြီ။

သူငယ်ချင်းများနှင့် တွေ့ပြီး နောက်နေ့မနက်မှာ မအူပင်က သူငယ်ချင်းက ဖုန်းလှမ်းဆက်၏။ သူ မအူပင်ကို ပြန်ရောက်သည့် အကြောင်း။ သူပြောမှ ကျွန်တော် တော်တော်အားနာသွားသည်။ သူက မနက်သုံးနာရီ ကားဖြင့် မအူပင်သို့ ပြန်လိုက်သွားသည်တဲ့။ ဒါတောင် Taxi က နှေးနေ၍ အဝေးပြေးဂိတ်မှာ ပထမကားကို လွတ်သွားပြီး မအူပင်ကို နောက်ကျရောက်၍ ဆေးခန်းကို တစ်နာရီ နောက်ကျဖွင့်လိုက် ရသည်တဲ့။

ကျွန်တော်အားနာရသည်က အကြောင်းရှိသည်။ သူနှင့် ကျွန်တော်က ငယ်သူငယ်ချင်းတွေမို့ အားနာစရာ မရှိသော်ငြား ကျွန်တော့်ကို တစ်ခါတွေ့ဖို့အရေး သူသည် ဆေးခန်းကို ပိတ်ခဲ့ရသည်။ သူ့အတွက် ငွေက အဓိက မဟုတ်သည်ကို ကျွန်တော်သိသည်။ ဆရာဝန်မဖြစ်ခင် ကတည်းက သူ့အိမ်က ဘာမျှပူစရာ မရှိအောင် ချမ်းသာသည်။ ဆရာဝန်ဖြစ်ပြီး မအူပင်မှာ တာဝန်ကျပြီး တော်တော်ကြာမှ အလုပ်မှထွက်ကာ မအူပင်မှာပင် ဆေးခန်းပြန်ထိုင်ဖြစ်ခဲ့ခြင်း ဖြစ်သည်။ လူနာများ သံယောဇဉ်ကြောင့်ပါ။

သူ တစ်ခါက ပြောဖူးသည်။ ရွာတစ်ရွာကို သူ အပတ်စဉ် စနေ၊ တနင်္ဂနွေ သွားကုစဉ်က ထိုရွာမှ လူကြီးတစ်ယောက်၏ အိမ်မှာ တည်းရသည်တဲ့။ ဂရုစိုက်လိုက်တာ လိုလေသေးမရှိ။ ရေထွက်သားငါး အစုံ သူ့ထမင်းစားပွဲမှာ။ ထူးဆန်းတာ တစ်ခုက သူ့ရှေ့မှာ မည်သူမဆို ဖြတ်သွားဖို့ကိုပင် ဒူးထောက်၍ ကြမ်းပြင်မှာ တရွတ်ဆွဲသွားသည်တဲ့။ သည်တုန်းက ကျွန်တော်တို့ သူငယ်ချင်းတွေ တော်တော် အံ့အားသင့်ခဲ့ရသည်။ ဆရာဝန် ရှားသည်မို့ မလာမှာစိုး၍ ဂရုစိုက်ကြသလို လေးလည်းလေးစားကြ၏။

ယခုတော့ ကျွန်တော့်ကို တွေ့ရန် ရန်ကုန်ကို ဆင်းလာခဲ့ရသော သူငယ်ချင်းသည် သူ့ဆေးခန်းကို ပိတ်ခဲ့ရ၍ လူနာမည်မျှ သူ့ကို မျှော်နေမည်နည်း။ သူ့ဝင်ငွေလည်း လျော့သလို သူ့ကို မျှော်နေသည့် လူနာများလည်း ဆေးခန်းမှာ ပုံနေရှာလျော့မည်။ ပြီးတော့ ကျွန်တော့်သူငယ်ချင်းသည် ကုသိုလ်ဖြစ်ဆေးခန်း မှာလည်း ဒါနဖြင့် ကုပေးနေသူဖြစ်ရာ အဝေးကလာသော ကျွန်တော့်ကို တွေ့ဖို့ သူ ဖျက်လာခဲ့ရသော ကိစ္စများအတွက် အားနာရသည်သာမက ရန်ကုန်မှာ ဆရာဝန်ဒုက္ခနှင့် လက်တွေ့ကြုံနေရသော ကျွန်တော့်လို လူနာများ အတွက်လည်း စိတ်မကောင်းဖြစ်ရလေသည်။ ထို့ကြောင့် နောက်အခေါက်များတွင် ကျွန်တော့်သူငယ်ချင်းကို ခေါ်တွေ့ရန် ချင့်ချိန်ရဦးမည်ဟု စဉ်းစားမိလေသည်။ ကျွန်တော်တစ်ဦးတည်း အတွက်နှင့် လူအများ ဒုက္ခရောက်ရမည် မဟုတ်လား။

ရန်ကုန်မှာ နေနေတုန်း အားသည့်အချိန်မှာ အင်တာနက်က မဖတ်ရသော ဂျာနယ်များကို လက်လှမ်းမီသမျှ ဖတ်ကြည့်တော့ ရင်မောရ၊ စိတ်ရှုပ်ရသည်။

နာမည်လေးလုံးနှင့် ရုပ်ရှင်မင်းသမီးက ယခင် နာမည်သုံးလုံးနှင့် တစ်ကျော့ပြန်အောင်မြင်နေသော မင်းသားနှင့် မတွဲတော့ဘဲ လုပ်ငန်းရှင် အဘိုးကြီးတစ်ယောက်နှင့် တွဲနေသည်တဲ့။ ထိုလူကြီးက အသင်းအဖွဲ့ တစ်ဖွဲ့၏ ဥက္ကဋ္ဌ။ သူ့မိန်းမဆုံးသွားတော့ သားသမီးများ ကျန်နေစဉ်မှာပင် အဘိုးကြီးနှင့် တွဲခုတ်သည်တဲ့။ တွေ့သည့် ဆိုင်များက တွေ့။ စီးပွားရေးကများ၍ အဘိုးကြီး၏ သားသမီးများက သဘောမတူ။ အမွေခွဲခိုင်းသည်တဲ့။ ဒါကို ဂျာနယ်က အင်တာဗျူးတော့ မဟုတ်ပါတဲ့။ သူတို့သွားခဲ့သည့်ဆိုင်က လူတွေကလည်း သည်လိုတွေ့ကြောင်း ဆိုထားသည့် အခါ ဖတ်ပြီး အူလည်လည်တွေ ဖြစ်ကုန်သည်။ ဒါတောင် ဆီဒိုးနားမှာ သူနှင့် တွဲခဲ့သည့် နာမည်သုံးလုံးနှင့် မင်းသားကို စိတ်ကောက်သည့်အခါ ကြမ်းပြင်မှာထိုင်၍ ဖိနပ်ချွတ်ပြီး ကလေးလို ခြေဆောင့် သည်ဟု ပါးစပ်သတင်းနှင့် ကြားရသည်ကို ဂျာနယ်များသိလျှင် ထိုမင်းသမီး အကြောင်းရေးစရာ ရပေဦးမည်။

သည်ထက်ဆိုးသည့် သတင်းက ကျတော့ ဂျာနယ်ထဲ မပါ။ ပါးစပ်သတင်း အတိအကျထွက်လာခြင်းမျိုး။ နာမည်သုံးလုံးနှင့် မော်ဒယ်မင်းသမီးလေး၊ ခုတော့ ရုပ်ရှင်တွေ နည်းနည်းပါးပါးရိုက်နေသူ( Lotion မင်းသမီး မဟုတ်) က သိန်းအစိတ်နှင့် MNL ကဘောလုံးသမား(နိုင်ငံခြားသား) နှင့် တစ်ည လိုက်သွားသည်တဲ့။ မနက်ကျတော့ ဆေးခန်းမှာ တိုးတိုးတိတ်တိတ် သွားကုလိုက်ရသည်တဲ့။ ထိုဆေးခန်းက ထွက်လာသော သတင်း။ (စလုံးရောက်တော့ ကျွန်တော်က Site ထဲမှာ ပြောပြစဉ် ကောင်လေး တစ်ယောက်၏ ကောင်မလေး က ပြန်ပြောသည်တဲ့။ ကန်တော့ပါရဲ့။ လေးချက်တောင် ချုပ်လိုက်ရသည်တဲ့။ သတင်းက တော်တော်မြန် သွားလေပြီ။)

ငွေကြေးက လူတချို့၏ စိတ်ဓာတ်ကို တော်တော်ဖျက်ဆီးသွားနိုင်သည်လား။ ဘာတွေဖြစ်ကုန်ပြီလဲ ဆိုသည်ကို တွေး၍ မရနိုင်တော့။ မဟုတ်တာကို အမှန်ထင်သည့် ခေတ်ကို ရောက်နေလေပြီ။ ထိုအရာ များ၏ နောက်ဆက်တွဲတွေကရော ဘာတွေ လာမည်နည်း။

လောလောဆယ်မှာပင် ရန်ကုန်မိုး၏ကြားမှာ ဘောင်းဘီတိုနှင့် ကောင်မလေးတချို့ကို ကျွန်တော်တွေ့ခဲ့ရသည်။ ပူလျှင်တောင် ထဘီပဲ အမြဲဝတ်တတ်သည့် ခေတ်က ရွေ့သွားလေပြီ။ စလုံးကို တု၍ တိုကုန်သည်လား မဆိုနိုင်။ စလုံးကို သည်ဘက်ခေတ်မှာ သွားလာ သူများ တော်တော်များ၍ ရောဂါကူးစက် ခံရနိုင်သည်။ သို့သော် စင်ကာပူက စင်ကာပူ။ ရန်ကုန်က ရန်ကုန် မဟုတ်လား။

သည်တစ်ခေါက် ရန်ကုန် က ကျွန်တော့်အတွက် ရင်မောစရာတွေ ရှိခဲ့သည်ကတော့ အမှန်ပင်။

(ဆက်ပါဦးမည်။)

ဆူးသစ်
၁၀:၅၃နာရီ

၃၁.၇.၂၀၁၁

Sunday, July 24, 2011

"သည်တစ်ခေါက် ရန်ကုန်" (၂)


ကြေးအိုးဆီချက်နှင့် ထောပတ်သီးဖျော်ရည်ဖိုးကို မအူမလည်နှင့် ရှင်းပြီး ကျွန်တော်တို့ ဇနီးမောင်နှံ ဆေးခန်းသို့ ခရီးဆက်ခဲ့၏။ ဖုန်းဆက်ပြီးမှ သွားခြင်းဖြစ်၍ ဆရာဝန်မကြီးကား လူနာများကိုပင် စကြည့်နေလေပြီ။ ကံကောင်းလေစွ။

ကျွန်တော်တို့ စားခဲ့သော နာမည်ကြီးကြေးအိုးဆိုင်ကား စမ်းချောင်း ပဒုမ္မာကွင်းနားမှာ ဖြစ်ရာ မြေနီကုန်းမှသည် လှည်းတန်းဘက်သို့ နောက်တစ်မှတ်တိုင် လမ်းလျှောက်ရုံဖြင့် ထိုဆေးခန်းသို့ ရောက်သွားလေ၏။ ထိုဆေးခန်းမှ ၀န်ထမ်းမလေးများကား မဆိုးလှ။ သို့သော် ဆရာဝန်မကြီးကို ကျွန်တော့်ဇနီးနှင့် သူ့အဒေါ်ငယ် ပထမအကြိမ် သွားတွေ့စဉ်က မော်တင်က ဆေးခန်းကြီးမှ ၀န်ထမ်းမလေးများကျတော့ တစ်မျိုး။ ထိုအကြောင်း ကြုံခဲ့ရတာလေးလည်း ဖောက်သည်ချချင်၏။

သည်လိုပါ။ ကျွန်တော့်ဇနီးနှင့် သူ့အဒေါ်တို့ မော်တင်က ဆေးခန်းမှာ ဆရာဝန်မကြီးကို စောင့်နေချိန် လူနာများ များလာ၍ ဆေးခန်းမှဝန်ထမ်းများ ထိုင်သည့် ထိုင်ခုံတချို့ကို ဆေးခန်းက သန့်ရှင်းရေးလုပ်သည့် အလုပ်သမားကောင်လေးက ယူပေးခဲ့သည်။ သည်သို့ဖြင့် သက်သောင့်သက်သာဖြင့် ထိုင်စောင့်မည် ကြံကာရှိသေး ဆေးခန်းမှ ၀န်ထမ်းကောင်မလေးတချို့၏ အော်ကြီးဟစ်ကျယ် အသံများကို ကြားရလေတော့သည်။ သူတို့ ထိုင်ခုံများကို ယူသွားသော သန့်ရှင်းရေးကောင်လေးကို အော်ကြီးဟစ်ကျယ် ဆူပြီး သူတို့ ထိုင်ခုံများကို ပြန်ယူခိုင်းခြင်းပါ။ ထိုအခါ ထိုင်ပြီးနှင့်နေသော လူနာတချို့နှင့် လူနာရှင် တချို့မှာ ပြန်ထပေးရလေတော့သည်။ တကယ့်ကို လေးစားထိုက်ပါပေ၏။ သန့်ရှင်းရေးလုပ်သော ၀န်ထမ်းတစ်ယောက်၏ စေတနာမျိုးပင် မထားနိုင်သော ဆေးခန်းဝန်ထမ်းများရှိနေသည့် ဆေးခန်းမျိုးကို ကျွန်တော်တို့ ပြည်သူတွေ အားထားနေရသည်တဲ့လား။ ကျွန်တော်ကတော့ တွေးကြည့်ပါသည်။ သူတို့ ဆေးခန်း၏ တံဆိပ်ကိုက အစိမ်းရောင် ကြက်ခြေခတ်နှင့်မို့ လာသမျှလူအားလုံးကို စိမ်းလေသလားဟု။

တစ်ဆက်တည်း တွေးမိသည်က Customer Service အကြောင်း။ ဘာဝန်ဆောင်မှုမှ မရှိသည့် ကြေးအိုးဆိုင်က မဆီမဆိုင် Service Charges ဆိုပြီး ယူလိုယူ။ တကယ် ၀န်ဆောင်မှုလိုပါသည် ဆိုသော ဆေးခန်းကြီးများက တလွဲ ၀န်ဆောင်မှုမျိုးတွေနှင့်။ ၀န်ထမ်းတွေက Customer Service ဆိုသည်ကို ဘာမျှမသိ။ ခိုင်းတာလုပ်ဖို့ပဲ သိသည့်ပုံ။ ထိုဆေးခန်းမျိုးတွေ ကျွန်တော်တို့ချစ်သော မြန်မာပြည်မှာ မည်မျှများနေပြီနည်း။

မြေနီကုန်း နောက်တစ်မှတ်တိုင်က ဆေးခန်းကြီးရောက်တော့ အံ့ဖွယ် ကိစ္စတစ်ခုကို ဆက်ကြုံရလေသည်။ ကျွန်တော်တို့ ဇနီးမောင်နှံတွေ့ရမည့် ဆရာဝန်မကြီး ထိုင်သည့် ပြင်ပလူနာတွေ့သည့် အခန်းကား အောက်ဆုံးထပ် မျက်နှာစာဘက်ဖြစ်၏။ ထိုနေရာနှင့် မလှမ်းမကမ်းတွင် ဆေးခန်း၏ ပစ္စည်းတချို့ကို ဆေးမှုတ်နေလေရာ ဆရာဝန်တွေ့ရန် စောင့်နေသော လူနာများနှင့် အဖော်များမှာ ခပ်လှမ်းလှမ်းသို့ ထပြေးကုန်ပြီး နှာခေါင်းကို လက်ကိုင်ပုဝါ၊ တစ်ရှူးများဖြင့် အုပ်ထားရလေ၏။ မည်သူမျှ အရေးတယူဖြင့် လူနာများအတွက် စဉ်းစားမှုမရှိ။ ပုဂ္ဂလိကဆေးခန်းကြီး တစ်ခု၏ ရှေ့တွင် ကျန်းမာရေးနှင့် မညီသော လုပ်ရပ်များလုပ်နေခြင်းကို သည်တိုင်း ကြည့်နေရရုံသာမက ခံလည်းခံရလေ၏။ ကောင်းလေစွ။

ကဲ-ဆရာဝန်မကြီးနှင့် တွေ့ပါပြီ။ ပထမဆုံးအကြိမ် တွေ့စဉ်က ကျွန်တော့်ဇနီးကို သူ့ဆီမလာတာ တစ်နှစ်ကျော်ရှိသည်ကိုပင် ကောင်းကောင်းမှတ်မိသော ဆရာဝန်မကြီးကား သည်တစ်ကြိမ်မှာ မမှတ်မိတော့။ လူနာများက တော်တော်များနေသည်ကိုး။ ပထမအကြိမ်တုန်းက စစ်ဆေးချက်များကို ပြန်ကြည့်ပြီး နောက်ထပ် စစ်ဆေးစရာ ရှိ၍ အပေါ်ထပ်မှာ စမ်းသပ်ရန် ထပ်စောင့်ခိုင်း၏။ အိုကေ ပေါ့။ သည်ကိုလာကတည်းက ထိုသို့ စက်နှင့် စမ်းမှာ အဓိကဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့နှစ်ယောက် အပေါ်သို့တက်ရန် ပြင်သည်။ သို့သော် ဆေးခန်းက ငွေချေရန်ခေါ်သွားရာ လိုက်သွားရ၏။ ထို့နောက် ယခင်အစိမ်းရောင် ကြက်ခြေခတ်နှင့် ဆေးခန်းမှာ စစ်ခဲ့သော စစ်ဆေးချက်များးကို ယခု ဆေးခန်းမှာ ကြည့်ပေးခ ခြောက်ထောင်ပေးလိုက်ရ၏။ ကောင်းလေစွ။ ဘာမျှမလုပ်ရသေးဘဲနှင့်ကို ယခင်ဆေးခန်းက ဆေးစစ်ချက်ကို သည်ဘက်ဆေးခန်းမှာ ပြန်ကြည့်တာနှင့်ပင် ကျွန်တော်တို့ငွေများ ခုန်ပေါက်၍ ထွက်သွားလေပြီ။

သည်သို့ဖြင့် အပေါ်ထပ်မှာ ကျွန်တော်တို့ ဇနီးမောင်နှံ နှစ်နာရီခွဲ ကျော်ကျော်မှသည် လေးနာရီ ခွဲသည့်တိုင် စောင့်နေလေရာ ဆရာဝန်မကြီးကား အရိပ်မျှပင် မတွေ့ရ။ ထိုကြားထဲ ခြင်က လာလာကိုက်သေး၏။ ကံကောင်းစွာ ရထားသော ထိုင်စရာနေရာလေးနှင့် မလှမ်းမကမ်းမှ ပန်ကာလေး တစ်လုံးကြောင့်သာ ပူအိုက်သည့်ဒဏ်မှ အနည်းငယ် သက်သာခွင့်ရ၏။ ကျွန်တော်က ဇနီးသည်ကို အခန်းထဲက ၀န်ထမ်းကောင်မလေးများကို နည်းနည်းတီးခေါက်ကြည့်ရန် ပြောသည့်အခါ သူလည်း အခန်းထဲက ကောင်မလေးများကို ထမေးလေ၏။ လာပါတော့မည် တဲ့။ အပေါ် တက်သွား သည်တဲ့။ တော်တော်လေးတော့ နီးစပ်နေလေပြီ။ ကောင်မလေးတွေ ဆရာဝန်မကြီး စားရန် ကြာဆံပြုတ်ထလုပ်နေတာလည်းတွေ့ရာ ဆရာဝန်မကြီး တကယ်လာတော့မည်ဟု တွေးရလေ၏။

သည်သို့ဖြင့် ငါးနာရီ ထိုးခါနီးမှာ ဆရာဝန်မကြီးကား နေကာမျက်မှန်ကဲ့သို့ မျက်မှန်ကြီးနှင့် လှုပ်လှုပ် လှုပ်လှုပ်ဖြင့် ရောက်လာလေသည်။ ကျွန်တော်တို့ ဇနီးမောင်နှံ၏ တိုကင်နံပါတ်မှာ (၃) ဖြစ်ရာ သိပ်စောင့်စရာ မလိုတော့ချေ။ ပထမဆုံးလူ အလှည့်ပြီးသွားရာ ဒုတိယလူမရှိ၍ ကျွန်တော်တို့ အလှည့်ပင်။ သို့သော် ဗြုန်းဆို ဆရာဝန်မကြီးမှာ အရေးပေါ်လူနာ သွားကြည့်စရာ ရှိ၍ဟု ဆိုကာ ပြန်ထွက်သွားပါလေတော့သည်။ ကျွန်တော်တို့လည်း ဘယ်အချိန်ပြန်လာမလဲ သိချင်၍ ကောင်မလေးတွေ မေးကြည့်ရာ နာရီဝက်လောက်ကြာမည်ဟု ဆိုကြ၏။ သွားလေပြီ။

ပထမလူနာကြည့်ပြီးစဉ်ကပင် ငါးနာရီခွဲမျှ ဖြစ်နေလေရာ ဆရာဝန်မကြီး ပြန်လာမည့်အချိန်ကို မှန်းကြည့်ပါက ခြောက်နာရီကို ကောင်းကောင်းကျော်သွားပေမည်။ ကျွန်တော်တို့မှာ ဇနီးသည်၏ ယခင်အလုပ်က လုပ်ဖော်ကိုင်ဖက်များနှင့် ညစာစားပွဲ ချိန်းထားပြီးဖြစ်ရာ ဆရာဝန်မကြီးကို မစောင့်နိုင်တော့။ သည်သို့ဖြင့် သူထိုင်မည့် နောက်တစ်ရက်ကို လက်ထောက်ဆရာဝန်မလေးအား မေးကြည့်ပြီး ပြန်လာ ခဲ့ရတော့၏။

ဇနီးသည်၏ အိမ်ကလူများကတော့ ပြပြီးပြီထင်၍ မေးကြသေးသည်။ မပြရသေးကြောင်း ရှင်းပြတော့ ယုံပင်မယုံကြ။ တစ်နေကုန်နီးပါး ဆေးခန်းမှာချည်းပဲကိုး။

ကျွန်တော်လည်း ထိုဆရာဝန်မကြီး၏ ဆေးခန်းထိုင်သည့် အချိန်ဇယားကို ဇနီးသည်ဆီက တောင်းကြည့်၏။ အားပါးပါး။ တကယ်တမ်းကျတော့ နေ့ခင်းပိုင်း ပြင်ပလူနာအခန်းမှာ လူနာကြည့်နေချိန်ကတည်းက သူ့အချိန်က သည်ဘက်ဆေးခန်းအတွက် ပြီးနေလေပြီ။ တကယ်ဆို နောက်ဆေးခန်းတစ်ခုမှာ သူ့အချိန်က စနေလေပြီ။ သို့သော် သူသည် သည်ဘက်ဆေးခန်းမှာ လူနာမဖြတ်သေး။ ထိုမျှမက စက်နှင့် စမ်းရန်ကိုပင် ဆက်၍ ယူထားလေသည်။ ထိုသို့ယူထားသည့်ကြားမှ အရေးပေါ်ဟုဆိုကာ ချိန်းထားလက်စ လူနာများကို ထပ်စောင့်ခိုင်းထားသေး၏။ သေချာသည်ကို လက်မလွှတ်ချင်သည့် သဘောလားဟု တွေးမိသေးသည်။

ကျွန်တော့်ငယ်သူငယ်ချင်း ဆရာဝန်နှင့်တွေ့တော့မှ ဆရာဝန်မကြီး၏ လောဘကို ကျွန်တော်မြင်ရတော့သည်။ စက်နှင့်စမ်းသည့်ကိစ္စကို သူကိုယ်တိုင်လုပ်သည်လား တဲ့။ ငယ်သူငယ်ချင်း ဆရာဝန်က အံ့အားသင့်စွာ မေးမှ သည်ကိစ္စက တခြားဆရာဝန်နှင့် လွှဲပေး၍ ရသည်ကို သိရတော့သည်။ ထိုသို့ လွှဲပေးလိုက်လျှင် သူ့ဝင်ငွေတွေ လျော့တော့မည်မဟုတ်လား။ သည်တော့ ကြားထဲက လူနာများနှင့် လူနာရှင်များက အချိန်ပေး၍ စောင့်ပေတော့ပေါ့။ တချို့ဆို နယ်ကတောင်ပါသည်။ ပြီးတော့ ကျွန်တော်တို့လို ရံဖန်ရံခါ ကိုယ့်ရပ်ကိုယ့်ရွာ ပြန်၍ ဆေးစစ်ချင်သူတွေပါသည်။ လူတစ်ယောက်၏ လောဘအတွက် လူတချို့၏ အချိန်များ ရင်းလိုက်ရသည့်သဘောပါ။

ဒါကို ပို၍ မှန်သွားစေသည့် အချက်က နောက်ဆေးခန်းတစ်ခန်းမှ အခြားဆရာဝန်မကြီး တစ်ဦး၏ ကြော်ငြာစာသားပါ။ လူနာ (၂၅) ဦးသာ လက်ခံပါမည်တဲ့။ ထိုဆရာဝန်မကြီးကား သူနိုင်သောလူနာ အရေအတွက်ကိုသာ လက်ခံမည်ဟု ကြိုပြောထားခြင်းပင်။ သည်အတွက် တိုကင်နံပါတ်ကိုကြည့်၍ သည်နေ့ သည်ဆေးခန်းတွင် မရနိုင်လျှင် သက်ဆိုင်ရာ ဆေးခန်းမှ နောက်ဆေးခန်းသို့ ထပ်ညွှန်းပေလိမ့်မည်။ သည်သို့ဖြင့် လူနာသည်လည်း အချိန်မကုန်ဘဲ သူတိုကင်ရသည့် ဘောင်အတွင်းမှနေ၍ မည်သည့်ဆေးခန်းတွင်ပြနိုင်မည်ကို သိသွားပေလိမ့်မည်။ ထိုဆရာဝန်မကြီးလို စိတ်ဓာတ်မျိုး ဆရာဝန်တိုင်းထားနိုင်လျှင် ကောင်းလေစွ။

ယခုတော့ ကျွန်တော်တို့ ကြုံရသော ဆရာဝန်မကြီးမှာ နောက်ဆေးခန်းကိုလည်း အချိန်တွေ ပေးထား၊ ရှေ့ဆေးခန်းက လူနာ များကိုလည်း အလွတ်မခံ၊ သည်သို့ဖြင့် ရှေ့ဆေးခန်းက လူနာများကလည်းစောင့်၊ နောက်ဆေးခန်းက လူနာများကလည်း ကျွန်တော်တို့လို ဖုန်းဖြင့် ဆက်၍ သည်နေ့ဆရာဝန်မကြီး လာမလာမေးရင်း တစ်နေကုန်၊ ဆေးခန်းသွားစောင့်ရသည့် လူနာများဆိုလျှင်တော့ ဆိုဖွယ်ရာမရှိတော့။ နောက်ဆုံးတော့ ထိုဆရာဝန်မကြီးသည် ရှေ့ဆေးခန်းက လူနာများလည်း မပြီး၊ နောက်ဆေးခန်းလည်း မထိုင်နိုင်ဖြစ်ကာ လူနာများမှာလည်း မိမိရောဂါ ကိုလည်း ပြခွင့်မရ၊ ငွေကုန်ရမည့် အရေးကိုပင် အချိန်ကုန်၊ လူပန်း၊ စိတ်ပန်းဖြစ်ကာ ရင်နာရတော့သည်။

ကျန်းမာရေးကိစ္စများနှင့်သာ အချိန်ကုန်နေသည့် ကျွန်တော်တို့ ဇနီးမောင်နှံမှာ သည်တစ်ခေါက် ရန်ကုန် အတွေ့အကြုံကတော့ ခါးသီးလွန်းလှ၏။

(ဆက်ပါဦးမည်)

ဆူးသစ်
၁၃:၁၇ နာရီ

၂၄.၇.၂၀၁၁

Sunday, July 17, 2011

"သည်တစ်ခေါက် ရန်ကုန်" (၁)


ပြီးခဲ့သည့် ဇွန်လလယ်လောက်မှာ ကျွန်တော့်အမျိုးသမီး မြန်မာပြည်ပြန်ရန် အကြောင်းတစ်ခု ဖန်လာ၏။ ခွင့်လည်းရမည် ဆို၍ ကျွန်တော်ပါ ခွင့်တောင်းကြည့်ရာ အဆင်ပြေသွားပြီး ရန်ကုန်ကို နှစ်ပတ်မျှ ပြန်ဖြစ် ခဲ့လေသည်။

တကယ်တော့ ကျွန်တော့်အဘိုးလည်း နယ်မှာ မကျန်းမမာ ဖြစ်နေ၍ ပြန်ရန်ချောင်းနေခဲ့ရာ ယခုတော့ အဘိုးကိုလည်း သွားကြည့်ခွင့် ရခဲ့ပြီး အဘိုးရှိရာသို့ ကျွန်တော်တို့ သွားကြည့်ဖြစ်ခဲ့သည်။ နယ်ရောက်တော့ အဘိုးက ကျန်းမာလျက်ရှိသေးပြီး ဆန်ပြုတ်ကို ကောင်းကောင်းစားနိုင်နေသေး၏။ ကင်ဆာကြောင့် နေရလှ သိပ်မကြာတော့သော်လည်း ထူထူထောင်ထောင်ဖြင့် အဘိုးကို မြင်ရသည့်အခါ စိတ်တော့ ချမ်းသာရသေးသည်။ အဘိုးအတွက် အလှူလုပ်ပေးပြီး သူကိုယ်တိုင် ရေစက်ချနိုင်အောင် စီစဉ်ပေးခဲ့ပြီးနောက်မှာတော့ အဘိုးမဆုံးခင် ကျွန်တော်တတ်နိုင်တာ လုပ်ပေးနိုင်ခဲ့သည့် အတွက် ကျေနပ်ခဲ့ရတော့သည်။

အဘိုးကကျန်းမာနေသော်ငြား မကျန်းမာသည်က နယ်မှာရှိသော ၀က်များ။ "၀က်နားရွက်ပြာ ရောဂါ" တဲ့။ ကျွန်တော့် အဒေါ်တစ်ယောက် သူမွေးထားသည့် ၀က်များမှ နှစ်ကောင်တောင် သေ၍ ကျွန်တော်တို့ ရောက်နေချိန်မှာ စကားပင် မပြောနိုင်။ ငယ်ငယ်က မွေးလာပြီး ကြီးမှ စားရသော ၀က်က ကြီးမှ ရောဂါနှင့် သေသည့်အခါ ခုနစ်သိန်း၊ ရှစ်သိန်းဖိုးခန့် ရှုံးပြီဟုဆိုကာ စိတ်ဓာတ်တွေ ကျနေလေပြီ။ နောက်တစ်ကောင်ကလည်း စ၍ နာနေလေပြီ။ ရောဂါ၏ သဘောကိုက သိပ်မကြာဟု သိရသည်။ ညနေနာပြီး မနက်ဆိုသေပြီ တဲ့။ စား၍ မရ။ သေပြီးဝက်က အသားများ လှီးကြည့်လျှင် ရိရွဲနေသည်ဟု သူတို့ ဆီက သိရသည်။ သည်တော့ မြေမြုပ်၍ ပစ်ရရုံအပြင် မရှိ။

သည်ကြားထဲ မိုးကစော၍ ပဲတွေရေစိုကုန်ပြီး ပဲတွေပျက်၊ ဈေးတွေကျ၊ စပါးဈေးကလည်းကျနှင့် သူတို့ ကြည့်ရသည်က စိတ်မကောင်းစရာ။ တောင်သူတွေ သည်နှစ် အခက်အခဲရှိမည်ဟု တွေးမိ၏။ ကျွန်တော်တို့ ရောက်နေချိန်မှာပင် နယ်နှင့် ရန်ကုန်မှာ မိုးက နေ့တိုင်းရွာသည်။ တိတ်ပြန်တော့ ပူပြီး ချွေးကထွက်လာ၏။ ရန်ကုန်နှင့် ကျွန်တော် နည်းနည်းတော့ စိမ်းလာသလိုပင်။

ရောက်တုန်းဆိုတော့ ကျွန်တော်တို့ ဇနီးမောင်နှံ၏ ကျန်းမာရေးကိစ္စများကို လိုက်လုပ်သည်။ မျက်စိအတွက် မျက်မှန်စစမ်းရ၏။ အရင်တစ်ခေါက်က သွားပြခဲ့သော မျက်မှန်ဆိုင်မှာပင် သွားစစ်တော့ ဆရာဝန်က စိတ်မရှည်။ သူကကြည်လားဟု မေးတိုင်း ကျွန်တော်တို့၏ အမြင်များက သေသေချာချာ ဆုံးဖြတ်မရ၍ စဉ်းစားသည့်အခါ သိပ်မကြိုက်လှ။ ကြည်တာတော့ ကြည်သည်။ သို့သော် ဘယ်ဟာက အမြင်ပိုကောင်းလဲ ဆိုသည်ကို ကျွန်တော်တို့ သေသေချာချာ ပြောပြနိုင်ဖို့ကတော့ ဆရာဝန်က စိတ်ရှည်မှ ရမည့်ကိစ္စဟု ကျွန်တော်ထင်သည်။ ပါဝါအားလုံးကို တစ်ပြိုင်တည်းတပ်ပြီး စမ်းရတာမဟုတ်။ တစ်ခုတပ်ကြည့်လိုက်။ ပြန်ချလိုက်။ နောက်တစ်ခု တပ်ကြည့်လိုက်၊ ပြန်ချလိုက်။ ဟိုဟာထက် သည်ဟာက ပိုကြည်သည်။ သည်လို ထင်ရသည်မို့ ပြန်ပြန်စမ်းရသည်။

ဒါကိုပဲ ကျေးဇူးရှင်က ကျွန်တော့်ဇနီးကို စစမ်းကတည်းက သိပ်စိတ်မရှည်ချင်။ ဒါလည်းကောင်းတယ် ဟု ပြောလျှင် သူက မကြိုက်။ မြင်လား၊ မမြင်ဘူးလား ဆိုတာသာ ပြောခိုင်းပြီး တိတိကျကျ သိချင်နေ၏။ ကျွန်တော်တို့က လတ်တလောမို့ တိတိကျကျ မပြောနိုင်ခြင်းသာ။ ပြီးတော့ မျက်စိက ထူးထူးခြားခြား ခံစားနေရ၍ မဟုတ်။ ရန်ကုန်ပြန်တုန်းမို့ ပါဝါစမ်းသည့် သဘောသာ။ ဇနီးသည်၏ မျက်မှန် လဲချင်တာလည်းပါ၏။ ကျေးဇူးရှင် ဆရာဝန်က စမ်းပြီးသိပ်မထူးသည့်အခါ ကျွန်တော်တို့ကို ဘာလို့လာစမ်းတာလဲ ဟု မေးတော့မှ ကျွန်တော့်ခွင်တည့်တော့သည်။

"ကျွန်တော်တို့က ဒီမှာနေတာ မဟုတ်ပါဘူး။ စင်ကာပူမှာ နေတာပါ။ အခု ခဏပြန်လာတုန်း မျက်စိ လာစစ်ကြည့်တာပါ" ဟု ဆိုမှ ကျေးဇူးရှင် ခေါင်းညိတ်ကာ သဘောပေါက်တော့သည်။ သူ့မှာ ကျွန်တော်တို့ကို လောရလောက်အောင် လူနာလည်းရှိတာမဟုတ်ဘဲ စိတ်မရှည်ခြင်း သက်သက်သာ ရှိနေသည်ဟု ကျွန်တော်နားလည်မိသည်။ ဒါတောင် ကိုယ်က ငွေပေး၍ ပြရ၍သာ။ အလကားသာဆို မလွယ်။

သည်လိုကြုံရသည့်ကြား ကျွန်တော့်ဇနီးအတွက် ဆရာဝန်နောက်တစ်ယောက်နှင့် ဆေးစစ်စရာရှိ၍ တိုကင်ကြိုယူပြီး ရက်ချိန်းနှင့်စောင့်တာတောင် တော်တော်အဆင်မပြေဖြစ်ခဲ့တာလည်းရှိသေး၏။ စင်ကာပူမှာ ရှိစဉ်ကတည်းက ဇနီးသည်က သူ့ အိမ်ကို လှမ်းပြောပြီး ရက်ချိန်းကြိုယူထားတာဖြစ်၏။ ဆိုပါတော့။ အင်္ဂါနေ့ ဆယ်နာရီလာပါဟု ဆေးခန်းက ချိန်းသည်။ သို့သော် ဖုန်းဆက်ပြီးမှ လာပါဟု ဆိုသည်။ ထို့ကြောင့် ဖုန်းဆက်ကြည့်သည်။ နေ့ခင်းနှစ်နာရီလောက် ထပ်ဆက်ပါတဲ့။ ဆက်သည်။ ညနေလေးနာရီမှ လာမည်ဟု ဆရာဝန်မကြီးက ပြောပါသည်တဲ့။ သေချာအောင် ဖုန်းဆက်ပါတဲ့။

ဆက်ပါသည်။ ငါးနာရီတဲ့။ ထပ်ဆက်သည်။ သည်နေ့ မလာနိုင်တော့ပါတဲ့။ ပြီးရော။ ကျွန်တော်တို့ ဆေးပေးခန်းကို နားလည်ပါသည်။ ဆရာဝန်မကြီးမှာသာ ပြဿနာရှိနိုင်ပါသည်။ သည်လိုနှင့် နောက်တစ်ရက် ထပ်စောင့်ပါသည်။ သည်တိုင်းပင်။ ပျက်သွားပြန်သည်။ တော်သေးသည်က ဖုန်းဆက်ပြီး သေချာမှ လာခိုင်းခြင်းပင်။ သည်အတိုင်း ဆေးခန်းမှာ ငုတ်တုတ်လာထိုင်စောင့်ခိုင်းလျှင်တော့ ဒုက္ခပင်။

သို့သော် ဆေးခန်းက ချိန်းတာ စောင့်ရတာနှင့်ပင် ကျွန်တော်တို့မှာ ဘယ်မျှမသွားရပါဘဲ အိမ်မှာ ငုတ်တုတ်မေ့ခဲ့ရသည့် ရက်တွေများလာခြင်းကတော့ ခွင့်နှစ်ပတ်နှင့် ပြန်ခဲ့ရသည့် ကျွန်တော်တို့အတွက် မစားသာလှ။ သည်လိုနှင့် ကျိန်းသေလာမည်ဆိုသည့် တစ်ရက်မှာတော့ ကျွန်တော်တို့ ရောက်အောင် သွားဖြစ်ခဲ့ကြပါသည်။

ကြုံတာလေး ဖောက်သည်ချရလျှင် ဆေးခန်းသွားခါနီး ဗိုက်ဆာ၍ ရန်ကုန်မှာ နာမည်ကြီးနေသည့် အင်္ဂလိပ်စာလုံးလေးလုံးနှင့် နာမည်ကြီး ကြေးအိုးဆိုင်ကို ၀င်စားခဲ့သည့်အခါ ကျွန်တော့်အတွက် အသစ်တစ်ခု ကြုံရလေတော့သည်။ ကျွန်တော်တို့ ဇနီးမောင်နှံ နှစ်ဦး မှာစားသည်က ကြေးအိုး ဆီချက် နှစ်ပွဲနှင့် ထောပတ်သီး နှစ်ခွက်။ ကျသင့်ငွေက တစ်သောင်းကျော်။

ကြေးအိုးဆီချက် တစ်ပွဲကို နှစ်ထောင့်ကိုးရာတဲ့။ အိုကေပေါ့။ ထောပတ်သီးတစ်ခွက်ကို တစ်ထောင့် ရှစ်ရာတဲ့။ ဒါကတော့ နည်းနည်းများသွားချေပြီ။ အားလုံး ကိုးထောင့်လေးရာ ကျရမှာ ဖြစ်သည်။ သို့သော် ပညာခန်းတွေက နောက်မှာပါလာသည်။ Discount က သုညပါတဲ့။ ၀မ်းမနည်းပါ။ ပြီးမှ Special Discount Amount က ဆယ်ရာခိုင်နှုန်း ဖြစ်သည့် ကိုးရာ့လေးဆယ် တဲ့။ လေးစားရသည်။ ဘယ်လို အထူးနှုန်းနှင့် လျှော့လိုက်သည်မသိ။

သို့သော် နောက်က ကပ်လိုက်လာသည်က Service Amount တဲ့။ ကိုးရာ့လေးဆယ် ပြန်တောင်းထားသည်။ ဆယ်ရာခိုင်နှုန်း ဆိုသည့်သဘော။ ကျွန်တော် နည်းနည်းတော့ မျက်စိလည်လာ၏။ ခုန လျှော့ထားသည့် Special Discount Amount ဆိုတာကြီးက အခု နောက်က ကပ်လိုက်လာသည့် Service Amount ဆိုတာနှင့် ဘဲစားဘဲချေ ဖြစ်၍ နေချေပြီ။ သည်တော့ ကျွန်တော်တို့ မြင်လိုက်ရသော Discount သည် ညာခြေနှင့်ကန်ခါနီး ပြလိုက်သော ဘယ်ခြေကဲ့သို့ ယောင်ပြမျှသာ။ နောက်က ပြန်တင်နေပြီကိုး။

ထိုမျှမက။ နောက်ဆုံးကနေ၍ Tax Amount ဆိုတာက ဆက်ပါလာသေးသည်။ ဒါကတော့ စလုံးမှာဆို GST ဆိုသည့် အရာ။ သူကလည်း ဆယ်ရာခိုင်နှုန်း။ စလုံးမှာတော့ ခုနစ်ရာခိုင်နှုန်းသာ ယူ၏။ ဒါကတော့ ကျွန်တော်လက်ခံ၍ ရပါသေးသည်။ သည်တော့ နောက်ဆုံးစာရင်းချုပ်ချိန်မှာ တစ်သောင်းနှင့် သုံးရာ့လေးဆယ်ကျသွားပါလေတော့သည်။

တကယ်တော့ ကျွန်တော်တို့ စားခဲ့သည်က ကြေးအိုးဆီချက် နှစ်ပွဲနှင့် ထောပတ် သီးဖျော်ရည် နှစ်ခွက် သာရှိသည်။ ငွေအရ တစ်သောင်းကျော် ကျခဲ့သည်က ခေတ်အရဟု ဆိုနိုင်သော်လည်း ထိုတစ်သောင်းကျော် ကျမည့်အရေးကို ဝေ့ကာ ၀ိုက်ကာ ပေါက်ကရတွေ လျှောက်လုပ်နေခြင်း ကတော့ ခေတ်သစ် စီးပွားရေး နည်းဗျူဟာဟု ဆို၍ မရ။ လူလည် ကျခြင်း သက်သက်မျှသာ။

ကျွန်တော်ကတော့ ဆိုင်က ၀န်ထမ်းကောင်မလေးကို Service Amount ဆိုတာကို အစာမကြေ၍ ခေါ်မေးသေးသည်။ ခက်တာက သူက သနပ်ခါး ပါးကွက်ကျားလေးနှင့် ဘာမျှနားမလည် သလို ကျွန်တော်တို့ ဇနီးမောင်နှံကို ကြည့်နေလေသောအခါ ဆက်မေး၍ မရတော့။ ဆိုင်ထဲရောက်သည်နှင့် ဘာစားမလဲ လာမေးပြီး မှာထားတာ ရသည့်အခါ လာချ၊ စားပြီး ငွေရှင်းချိန် လာသိမ်းတာကပင် ဆိုင်၏ ၀န်ဆောင်ခတဲ့လား။ ကျွန်တော်တို့က ကိုယ့်ငွေနှင့်ကိုယ် လာစားပြီး သူတို့ဆိုင်က ၀န်ထမ်းတွေအတွက် လစာပေးရသည့် သဘောလားဟု ကန့်လန့်တွေးကြည့်မိသေးသည်။

ဇနီးသည်တို့အိမ် ရောက်ပြီးမှ သူ့အဒေါ်ကလည်း နေပြည်တော်ကဆိုင်ခွဲမှာ ထိုသို့ခံခဲ့ရသည်ဟု ဆို၍ နောက်မစားတော့ရန်သာ ဆုံးဖြတ်ခဲ့တော့သည်။ ရန်ကုန်အလည်ပြန်မည့်သူများ သတိထားချင်စရာပါ။

ဘာပဲဖြစ်ဖြစ် သည်တစ်ခေါက် ရန်ကုန်ကတော့ ကျွန်တော့်အတွက် နည်းနည်းတော့ ကိုးရိုးကားယား နိုင်နေလေပြီ။

(ဆက်ပါဦးမည်။)

ဆူးသစ်
၁၉:၃၃ နာရီ
၁၇.၇.၂၀၁၁





Friday, July 15, 2011

"ကြည်ညိုခြင်း သီချင်းတစ်ပုဒ်"


ကျွန်တော် ကိုးတန်းနှစ်မှာ အဖေတို့၊ အမေတို့ နယ်က ရွာဘုန်းကြီးကျောင်းမှာ ကိုရင်စည်းရသည်။ ရှင်ပြုပြီးသော်လည်း အမေ့အမေ ကျွန်တော့်အဘွားက ရက်ရှည်လာနေသော ကျွန်တော့်ကို ၀ါတွင်းနှင့်လည်း ကြုံ၍ ကိုရင်စည်းခိုင်းလေသည်။ သည်မှာပဲ ကျွန်တော့်ဘ၀၏ အပြောင်းအလဲ တစ်ခုကို စရလေသည်။

ရွာဦးကျောင်းမှာ ကျောင်းထိုင်ဆရာတော်က မိုးကုတ်ဝိပဿနာတရားပေးသည်။ တိုက်ဆိုင်စွာပင် ထိုဆရာတော်၏ ဘွဲ့က ဦးဝိမလ။ မိုးကုတ်ဆရာတော် ဘုရားကြီး၏ ဘွဲ့ကလည်း ဦးဝိမလပင်။ သည်ကတည်းက ကျွန်တော့်အတွက် တော်တော်ထူးခြားသည်ဟု ခံစားရသည်။ နောက်တော့ ထိုထူးခြားမှုက တကယ်ဟု ဆိုရတော့မည်။

ကျွန်တော့်အသက် ဆယ့်လေး၊ငါးနှစ် အထိ နေလာခဲ့သမျှ တစ်ခါမျှ မသိခဲ့သော တရား။ ဒါနတို့၊ သီလတို့ ဆိုသည်ကို ထပ်ခါတလဲလဲ ကြားခဲ့ဖူးသည်။ ခု သည်လိုမဟုတ်။ လူဖြစ်ရခြင်း၏ ဒုက္ခ။ ဘယ်လိုဖြစ်လာသနည်း။ ဘာတွေလုပ်၍ ဘာတွေဖြစ်ဦးမည်။ ကိုယ့်သံသရာကို ကိုယ်မြင်လာ၏။ "သစ္စာ" တဲ့။ အမှန် ဟု ဆိုသည်။ မည်မျှ မှန်သနည်း။ သွေးထွက်အောင် မှန်သည်။

ဩော် - ပဋိစ္စသမုပ္ပါဒ် တဲ့။ အကြောင်းကို စွဲ၍ ကောင်းစွာ ဖြစ်ပေါ်ခြင်း ဟု ဆိုသည်။ အ၀ိဇ္ဖာ က စလိုက်သည်မှာ မဆုံးတော့။ ကိုယ့်ဘာသာ ဘာဖြစ်နေမှန်းပင် မသိတော့။ မိုးကုတ်ဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းက ရှင်းလှသည်။ ကျေးဇူးကြီးလှပါဘိ။ ဒါကြောင့်ပင် ကျေးဇူးတော်ရှင် ဟု ဆရာတော်ကြီးကို အမည်တပ်ခေါ်ကြသည် ထင်မိ၏။ ချဲ့တွေးလိုက်တော့ သုံးလောက ထွတ်ထား မြတ်စွာဘုရား။ ကျေးဇူးများစွာ အနန္တပင်။ သစ္စာကို ဘုရားရှင် ရှာတွေ့ခဲ့သည်ပဲ။

သည်သို့ဖြင့် နယ်မှာ ကိုရင်ဝတ်ရင်းမှ ကျွန်တော့်အတွက် ၀ိပဿနာကို စထိတွေ့ခွင့် ရခဲ့ပြီး တရား အားထုတ်ဖြစ်ခဲ့ပါသည်။ စာသိမှသည် ခန္ဓာသိ ဆီသို့ ပြောင်းရမည် မဟုတ်လား။

နောက်ပိုင်း အရွယ်တဖြည်းဖြည်း ရလာသည့်အခါတွင်တော့ ကျွန်တော်သိလိုက်ရသော တရားသည် လူဖြစ်နေစဉ်မှာပင် နာဖို့၊ သိဖို့ မလွယ်လှကြောင်း သဘောပေါက်လာသည်။ အင်မတန်ကံကောင်း၍ ၀ိပဿနာတရားကို စောစီးစွာ နာခွင့်ရခဲ့ပါလားဟု ကြည်နူးရပြန်သည်။

ထို့နောက် တော်တော်ကြာသည့် ကာလတစ်ခုမှာတော့ သီချင်းတစ်ပုဒ်ကို နားထောင်ရသည်။ နားဝင်ချိုလှ၏။ သေသေချာချာ နားထောင်တော့ သစ္စာလေးပါး ကို ရေးထားပါလားဟု အတွေးရသည်။ ပင်ကိုယ်က ၀ိပဿနာလိုက်စားမှ ရေး၍ရမည့် သီချင်းမျိုး။ ထို့ပြင် သံစဉ်၊ စာသား အားလုံးညီမှ ရမည့်သီချင်းမျိုး။

ဘုရားသီချင်း၊ တရားသီချင်း ဟု ဆိုလျှင် ကျွန်တော်တို့ ကြားနေကျ မြန်မာသံစဉ်မျိုးချည်းသာ။ ယခု သီချင်းက ထိုသို့မဟုတ်။ ကျွန်တော်တို့ အကြိုက် ခေတ်သံစဉ်။ ပြီးတော့ ဘုရားရှင်နှင့် ပတ်သက်၍ ရေးဖွဲ့ထားသောကြောင့် လွယ်လွယ်မလုပ်ထား။ အိန္ဒိယမှာ ဘုရားပွင့်သောကြောင့် သံစဉ်က အစ ဂရုပြုထားသည်။

ရေးသူက ကိုငှက် ဟု ချစ်စနိုးခေါ်ကြသည့် ထူးအိမ်သင်။ မယ်လိုဒီကိုတော့ မောင်မောင်ဇော်လတ် ကဖန်တီးထားတာ ဖြစ်သည်။ ထိုသီချင်းကို စ ဖန်တီးစဉ်က ကိုငှက် ရေးထားသည်မှာ တခြားအကြောင်းအရာ ဖြစ်သည်။ နောက်တော့ မောင်မောင်ဇော်လတ်က ကိုငှက် ကို ဗုဒ္ဓ အကြောင်းရေးဖို့ အကြံပေးသောအခါတွင် ကိုငှက်က မူလရေးပြီးသား အကြောင်းအရာကို ပြန်ဖျက်၍ ဗုဒ္ဓ အကြောင်းပြောင်းရေးခဲ့သည်ဟု မောင်မောင်ဇော်လတ်၏ အင်တာဗျူးတစ်ခုမှာ ကျွန်တော်ဖတ်ရသည်။

ထွန်းအိန္ဒြာဗို၏ အင်တာဗျူးတစ်ခုမှာတော့ ဗျူးသူက ဘုရားသီချင်း ဆိုဖို့ အစီအစဉ် ရှိမရှိ မေးရာ မရှိကြောင်း၊ သို့သော် ကိုငှက်က သူ့ကို နောင်ထွက်မည့်ခွေထဲက သီချင်းတစ်ပုဒ် နားထောင်ကြည့်ဖို့ ပြော၍ စတူဒီယိုတွင် နားထောင်ကြည့်ရာ ဘုရားရှင်ကို သီချင်းနားထောင်ရင်း ကြည်ညိုရ၍ ထိုကဲ့သို့ ဘုရားသီချင်းမျိုး ဆိုရလျှင် ဆိုမည် ဖြစ်ကြောင်း ကိုငှက်၏ "အစိမ်းရောင်ရက်စွဲများ" အခွေ မထွက်ခင် ထိုသီချင်းကို နားထောင်ပြီး ခံစားရသည့် ခံစားမှုကို ပြောသွားလေသည်။

သည်နေ့ ၀ါဆိုလပြည့်နေ့ ဖြစ်သည်။ သန္ဓေ တောထွက် ဓမ္မစက် ဟုဆိုလေရာ ဘုရားရှင်ဖြစ်ရန် လူ့ပြည်၌ ပဋိသန္ဓေယူသောနေ့၊ ဘုရားဖြစ်ရန် တောထွက်သောနေ့ နှင့် ဘုရားဖြစ်ပြီး ပဉ္စ၀ဂ္ဂီငါးပါးကို ဓမ္မစကြာ တရားဟောတော်မူသောနေ့ဟု မှတ်သားဖူးပါသည်။ ထူးကဲပြီး မြတ်သောနေ့တစ်နေ့မှာ ဘုရားဟောခဲ့သော သစ္စာလေးပါးတရားကို မြင်သာအောင်ရေးဖွဲ့ထားသည့် ကိုငှက် သီချင်းကား ကျွန်တော့်ကို ခံစားမှုများစွာ ပေးစွမ်းနိုင်ပါသည်။ ၀ိပဿနာကို လိုက်စားဖူးသော ကျွန်တော့်အတွက် ကိုငှက် သီချင်းကား နောက်ထပ်အလင်းတစ်ခုသဖွယ်။

ကမ္ဘာကြီးမှာ ဘုရားမပေါ်ခင်က လူအားလုံးသည် မမြင်နိုင်သော အမှောင်ထု အ၀ိဇ္ဖာ(သစ္စာလေးပါး မသိခြင်း)ထဲမှာ ကျင်လည်နေရာမှ ဘုရားရှင် ပေါ်လာပြီးနောက်တွင် သစ္စာ တည်းဟူသော အမှန်တရားကို ရှာဖွေတွေ့ရှိသွားလေတော့သည်။ ကျွန်တော်သည်လည်း တရားဆိုသည်ကို လှူဖို့ နှင့် ကိုယ်ကျင့်သီလ ကောင်းဖို့ လောက်သာ သိထားရာ ၀ိပဿနာသာလျှင် နိဗ္ဗာန် သို့သွားရာ လမ်းအစစ် ဖြစ်ကြောင်း သိလိုက်ရသည့် အချိန်တွင် သစ္စာ တည်းဟူသော အမှန်ကို သဘောပေါက်သွားလေတော့သည်။ ခန္ဓာတွင် မြင်အောင် ရှုတတ်ဖို့သာ ကျန်ပါတော့သည်။

ကိုငှက်၏ သီချင်းကား ကျွန်တော်စာသိ သိထားသော သစ္စာလေးပါးကို ဖွဲ့နွဲ့၍ ရေးထားရုံသာမက ပါဠိစာများကိုပါ အချိုးကျကျ ထည့်ထားလေရာ ကျွန်တော်ခံစားမိသော သီချင်းအဖြစ် ၀ါဆိုလပြည့်နေ့တွင် တင်ပြလိုက်ရပါသည်။

သီချင်းအမည်ကား "မဟာဝီရ အို-ဗုဒ္ဓ"။ ကိုငှက်ကို တော်တော်ကျေးဇူးတင်ရသလို မောင်မောင်ဇော်လတ် ကိုလည်း ကျေးဇူးတင်ရပါသည်။ ဘုရားရှင်ကိုလည်း ပို၍ ပို၍ ကြည်ညိုရပါသည်။ ။

ဆူးသစ်
၁၁:၂၅ နာရီ
၁၅.၇.၂၀၁၁
ဝါဆိုလပြည့်နေ့



Tuesday, July 12, 2011

"ကျွန်တော့်မှတ်စု" (၄)


+ ငယ်ရွယ်သူများမှာ အဘယ်လောက်ပင် စာပေကျမ်းဂန်တွေကိုဖတ်သော်လည်း အသက်အရွယ်ကြီး၍ အတွေ့အကြုံများသော မိဘများသိသော အသိကို ရဖို့ရန် လွန်စွာ ခဲယဉ်းသည်။
ပီမိုးနင်း[ "ကြီးပွားရေးလမ်းညွှန်" စာအုပ်မှ]

+ သဘာဝ လောကကြီးနှင့် တစ်သားတည်းဖြစ်အောင် နေတတ်ခြင်းအားဖြင့် ဘာမျှ မဟုတ်သည့် လောကီ အောင်မြင်မှု၊ ဆုံးရှုံးမှု စသည်တို့ကို သာမန် အသေးအဖွဲများ အဖြစ် သဘောထားနိုင်လောက်အောင် ဤစကြ၀ဠာကြီးက သွန်သင်ပေးနိုင်ပေလိမ့်မည်။
ချုပ်တည်းသည်းခံနိုင်ခြင်းနှင့် သတ္တိတို့သည်လည်း တင့်တယ်သော ဘ၀ရှင်သန်မှုအတွက် မရှိမဖြစ်သော အရည်အသွေးများဖြစ်သည်။
[ Something to live by Dorothea Kopplin][ ဆရာ အောင်သင်း-" အမွေ" စာအုပ်မှ]

+ အများအကျိုး၊ ရွက်သည်ပိုးက
ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း
မဖဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို
စိတ်ကောင်းနှင့်ယှဉ်၊ ရှေ့ရှုနှင်လော့။
[ မန္တလေးမြို့ မလွန်ဈေး ဆန်လှူ အသင်းကြီး၏ ဩ၀ါဒစရိယ ဆရာတော်၊ စစ်ကိုင်း ရွှေဟင်္သာတိုက်သစ်၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တ ပဏ္ဍိတ သီရိ ဆရာတော်ဘုရားကြီးမှ ၁၃၄၇ခုနှစ်၊ တပို့တွဲ လပြည့်ကျော် ၁ ရက်(၂၅.၂.၈၆) နေ့၊ မလွန်ဈေး ဆန်လှူအသင်းကြီးသို့ ပေးသနားသော ဩ၀ါဒကထာ]

+ အင်္ဂလိပ် ဟူသော ဝေါဟာရမှာ အင်္ဂလန်ကျွန်းသို့ ရှေးဦးစွာ ၀င်ရောက်နေထိုင်ကြသော ကဲလတစ်(Celtic) လူမျိုးစု၏ နောက်တွင် အသစ်ထပ်မံ ၀င်ရောက်လာသော အင်္ဂယ်(Angles) လူမျိုးစုကို အစွဲပြု၍ ခေါ်သော ဝေါဟာရ ဖြစ်သည်။
[ဂန္ထ၀င်စာပေ စာတမ်းများ - ပထမတွဲ (မောင်ဆုရှင်၊ ထီလာစစ်သူ၊ တင်ထွေး)]

+ လောကမှာ ရှိရှိသမျှထဲက အဖိုးအနဂ္ဃ ထိုက်တန်တာမှန်ပါစေ။ ကိုယ်ကျင့်သီလနဲ့ လဲလိုက်ရရင် ဘ၀ဟာ သုညထက် နိမ့်သွားပြီ ဆိုတာ အသိနောက်မကျဖို့တော့ အရေးကြီးလှပါတယ်။
[ ချစ်နိုင်(စိတ်ပညာ) - "တန်ဖိုး" ဆောင်းပါး မှ]


Thursday, July 7, 2011

"ပူပြီးရင်းပူ"


မပြောတော့ဘူးဟု နေမည်စိတ်ကူးထားသော်လည်း ရေးရတော့မည်ဟု စဉ်းစားရင်း မနေနိုင်သည့်အခါ ချရေးမိပြန်သည်။ သည်တစ်ခါလည်း ကျွန်တော်တို့ လုပ်ကွက်ထဲက သိရတာလေးပါ။

ကျွန်တော်အရင်ကလည်း ထိုကိစ္စပြောခဲ့ဖူးသည်။ သည်တုန်းက ညှာညှာတာတာ၊ ဝေ့ကာဝိုက်ကာ။ သည်တစ်ခါတော့ တည့်တည့်သာ ကိုယ်နားလည်သလိုသာ ပြောရတော့မည်။

ကျွန်တော်တို့ မြန်မာမိန်းကလေးများ စင်ကာပူမှာ ရည်းစားရ၊ ချစ်သူရ လွယ်ကြသည်။ အတွဲရသည် ဆိုပါတော့။ အတွဲလေးတွေရကြသည်က ပြဿနာမရှိသော်လည်း ကိုယ့်လူမျိုးကိုယ် မတွဲဘဲ တခြားနိုင်ငံသားတွေကို တွဲနေခြင်းက ပြဿနာရှိသည်။

သည်လိုပါ။ ကျွန်တော်တို့ လုပ်ကွက်ထဲမှာ ဘင်္ဂလားတစ်ယောက်က သူနှင့် ရွှေမတစ်ယောက်ကြိုက်နေကြောင်း၊ သူတို့ ဘယ်လိုတွေ့ကြောင်း၊ ဘာတွေလုပ်ကြောင်း ကျွန်တော့် အလုပ်သမားလေးများကို ခဏခဏပြောလာသည်တဲ့။ အမှန်အတိုင်းပြောရလျှင် ထိုအချိန်အထိ ကျွန်တော်လည်း မသိသေး။ သို့သော် သည်နေ့တော့ ကျွန်တော့် ကောင်လေးတွေ ပေါက်ကွဲထွက်ပြီး ကျွန်တော့်ကို ပြောပါတော့သည်။

"ကျွန်တော်တို့က အဲဒီ ရွှေမရဲ့ နံပါတ်ရှိတော့ ဖုန်းခေါ်တာပေါ့ အစ်ကိုရာ။ အဲဒါ သူက ဘာပြောလဲဆိုတော့ မြန်မာနဲ့ဆို စကားမပြောဘူးတဲ့။ ကျွန်တော်တို့က အေးအေးဆေးဆေးပြောပြပါတယ်။ ခင်ဗျား မြန်မာဆိုရင် ရှက်ပါလို့။ ကျွန်တော်တို့ ဆိုဒ်ထဲမှာ ခင်ဗျားဖုန်းနံပါတ်က ကုလားတွေ၊ ဘကုန်းတွေ လက်ထဲမှာ ပွနေပြီလို့။ သူတို့က ခဏခဏပြောလွန်းလို့ ကျွန်တော်တို့ မြန်မာတွေ ရှက်လွန်းလို့ သည်းမခံနိုင်တော့လို့ကို ဆက်ရတာလို့"

"ဒီတော့ သူက ဘာပြောလဲ"

"နင်တို့နဲ့ ဘာဆိုင်လဲတဲ့။ ကျွန်တော်တို့က ခင်ဗျားမရှက်ပေမယ့် ကျွန်တော်တို့ ရှက်တယ်လို့။ သူက မြန်မာဆို မပြောဘူးဆိုပြီး ရပ်သွားတယ် အစ်ကို။ ဒါနဲ့ နောက်တစ်ယောက်က ဖုန်းနောက်တစ်လုံးနဲ့ ခေါ်ပြီး နင်က မြန်မာဆို မပြောဘူးဆိုရအောင် ဘာ ကောင်မလဲ၊ ဘာလဲနဲ့ ဆဲပြီး ပြန်ချပစ်လိုက်တယ်"

သူတို့ ပြောတာနားထောင်ပြီး ဘာတွေဖြစ်ကုန်ပြီလဲဟု ကိုယ့်ဘာသာ အတွေးဝင်မိတော့သည်။ ကုန်ကုန်ပြောရလျှင် ဘကုန်း ဆိုသည်ကို စလုံးက ဂေလန်းဟု လူသိများသည့် Sex ကိစ္စ ပျော်ပါးသည့်နေရာမှာ တချို့ လက်မခံဟုပင် ပါးစပ်စကားကြားဖူးသည်။ သည်တော့ မြန်မာဆို စကားမပြောချင်ဘဲ ဘကုန်းကိုလူထင်လောက်အောင် မြန်မာမလေးတစ်ယောက်က စိတ်ဓာတ်ပြောင်းလဲနေသည်လား။

ကျွန်တော်တို့ စဉ်းစားစရာ ကိစ္စတွေ များစွာရှိလာချေပြီ။ Site ထဲမှာ ကျွန်တော့်အလုပ်သမားလေးတွေ ဖားမတွေ အကြောင်းပြောလျှင် ဆင်ခြင်ဖို့ ကျွန်တော် သတိပေးဖူးသည်။ ရုံးမှာ ဖားယောက်ျားလေးတွေ ရှိနေသောကြောင့်ပါ။ ဖားတွေနှင့် မပျော်ပါနှင့်ဟု ကျွန်တော့်အလုပ်သမားလေးတွေကို သွားပြောလျှင်တော့ ရိုက်တောင် လွှတ်ပေဦးမည်။ ကိုယ့်ဘက်သူ့ဘက် တွေးကြည့်ချင်စရာ။ သူတို့ကတော့ ပြောဖူးသည်။ ဖားတွေကိုက ပျော်တာပါတဲ့။

ခုတော့ ရှက်စရာ ကောင်းသည့် အဖြစ်အပျက်များက မြန်မာများကြားမှာ တစ်ခုပြီးတစ်ခုရောက်လာချေပြီ။ ရင်နာလှပါသည်။ တွဲတာလည်း ကြည့်တွဲကြစေချင်သည်။ စလုံးမှာ မြန်မာတွေ အများကြီးဆိုသည်ကို မမေ့ကြပါနှင့်ဦး။ ငွေရှာသည် ဆိုပြီး သည်လို နည်းနှင့် လုပ်နေလျှင် ဒုက္ခတွေ တစ်ပုံကြီးတော့ ရသွားနိုင်စရာ ရှိသည်။ ၀ိုင်းဝန်း အဖြေရှာဖို့တော့ လိုနေပြီ ထင်၏။ ခင်မင်ရင်းနှီးသူ အချင်းချင်းလည်း လက်တို့၍ ပညာပေးသင့်နေပြီ ထင်ပါသည်။ ဖားမတွေနှင့် ပျော်သူများက ဖုန်းကတ်ဝယ်ပေး၊ မုန့်လိုက်ကျွေးဆို အိုကေသည်တဲ့။ ရွှေမလေးတချို့ကရော ဖုန်းကတ်တစ်ကတ်၊ ထမင်းတစ်ပန်းကန်နှင့် ဘ၀ကို ထိုးကျွေးမည်လား။ ရင်မောရပါသည်။

လောလောဆယ်တော့ မြန်မာပြည်မှာ မိုးနှင့် ဆက်တိုက်ကြုံ၍ ပြန်လာသော ကျွန်တော်၊ စင်ကာပူကို ပြန်ရောက်ကတည်းက မိုးမရွာဘဲ အိုက်စပ်ပူလောင်နေသည့်ကြား ရင်ထဲကို အပူလှိုင်းအကြီးကြီးများ ဖြတ်နေသလို ခံစားနေရလေသည်။ ။

ဆူးသစ်
၇.၇.၂၀၁၁
၂၃:၀၆ နာရီ


Related Posts Plugin for WordPress, Blogger...