နှစ်သစ်ကူးရက် (၁.၁.၁၁) မှာ ကျွန်တော်နှင့် ဇနီးသည် Sentosa သို့ သွားခဲ့သည်။ ဇနီးသည်က ကြာဇံကြော်နှင့် ၀က်သားတုတ်ထိုး ထည့်လာ၏။ ထမင်းစားချိန်မှာ ဇရပ်လို အဆောင်တစ်ခု၌ ၀င်စားသည်။ ထုံးစံအတိုင်း ကုလား၊ တရုတ်များက နားသူနား၊ စားသူစားဖြင့် ထိုနေရာဝန်းကျင်မှာ ရှိ၏။
ကျွန်တော်တို့ စားနေစဉ် ကုလားတစ်အုပ် ထပ်ဝင်လာ၏။ ကုလားတစ်ယောက်သည် ကျွန်တော်တို့၏ ၀က်သား တုတ်ထိုး ပွဲကို စူးစူးစိုက်စိုက် ကြည့်သွားလေသည်။ ဘာကြောင့်မှန်းမသိ။
ကျွန်တော့ ဇနီး 'ပါရမီဖြည့်ဖက်လေး' ၏ 'ရသာချို' ဘလော့မှာ ၀က်သား ချက်သည့်အကြောင်း တင်လျှင် ၀က်သား မစားသူများက ၀က်သားမစားသည့် အကြောင်း မှတ်ချက်လေးများ ရေးသွားသည်။ ကျွန်တော့် အထင် တချို့က ဘာသာရေးကြောင့်၊ တချို့က သူ့အကြောင်းနှင့် သူ။
သို့သော် ထို အဖြစ်အပျက်များ တွေ့ပြီးနောက်ပိုင်း ကျွန်တော့်ခေါင်းတွင် ၀က်သားနှင့် ပတ်သက်ပြီး ဖြစ်စဉ် တချို့ ပြန်ဝင်လာတာလေး ရှိသည်။ တစ်ခုက Shell (Seraya) မှာ Project Shut Down လုပ်စဉ်က ဖြစ်သည်။ ကျွန်တော်တို့ နေ့လယ် ထမင်းဝယ်လျှင် ကင်တင်းန်မှာ တန်းစီရသည်။ ထိုနေ့က ကျွန်တော့်ရှေ့မှာ ကုလား တစ်ယောက် တန်းစီနေသည်။ သူ့ရှေ့က လူများ အလှည့်မှာကတည်းက သူက ဟင်းတွေကို လိုက်ကြည့်နေတာ ကျွန်တော် သတိထားမိသည်။ ကျွန်တော်တို့လည်း သည်လိုပါပဲ။ သည်နေ့ ဘာဟင်းတွေ ရှိလဲပေါ့။
သည်လိုနှင့် ကျွန်တော့်ရှေ့က ကုလားအလှည့် ရောက်လာသည်။ ထမင်းရောင်းသည့် တရုတ်မက ထမင်းထည့် ပြီး ကုလားကို 'ဘာဟင်းနဲ့ စားမလဲ' ဟု မေးသည်။ ကုလားက ၀က်သားကို လက်ညှိုးထိုးပြီး 'ဒါဘာလဲ' ဟု မေး၏။ တရုတ်မက '၀က်သား' တဲ့။ ကုလား တွေဝေသွားသည်။ ကျွန်တော်က ကုလားကို ၀က်သားဟု ပြန်ဖြေသည့် တရုတ်မကို ကြည့်ရင်း သူမို့လို့ ၀က်သားကို ကုလားသွားပြတယ်ဟု စဉ်းစားသည်။ တခြားဟင်းတွေ ပြောသင့် တာပေါ့ဟု တွေး၏။ ထိုအချိန်မှာပင် ကုလားသည် ပြတ်သားစွာဖြင့် တရုတ်မကို ပြောလိုက်၏။ '၀က်သားထည့်' တဲ့။ ပြီးရော။ ကျွန်တော် တွေးမိပါသည်။ သူ့အကြောင်းနှင့် သူ ရှိမည်ပေါ့။
နောက်တစ်ခုက ကျွန်တော်ဖတ်ဖူးသော ၀က်သားနှင့် ပတ်သက်သည့် စာတစ်ပုဒ်။ မည်သူ ရေးသလဲဟု ကျွန်တော် မမှတ်မိတော့။ မဂ္ဂဇင်းတစ်အုပ်ထဲမှာ တွေ့တာဖြစ်သည်။
တစ်ခါက သူငယ်ချင်းနှစ်ဦး ထမင်းဆိုင်မှာ အတူစားကြသည်။ တစ်ယောက်က ၀က်သားစား၍ တစ်ယောက်က မစား။ ဖြစ်ချင်တော့ ၀က်သားစားသူက လူနောက်၊ လူပြောင်။ သူက သူ့သူငယ်ချင်း ၀က်သား မစားသည်ကို စချင်သည်။ သည်သို့ဖြင့် ၀က်သားတုံးကို နည်းနည်းဖဲ့ပြီး လက်ထဲမှာ ကိုင်ထား၏။ ပြီးတော့ 'ဟာ - ဟေ့ကောင်၊ ဟိုမှာကြည့်စမ်း၊ လေယာဉ်ပျံကြီး လာနေပြီ' ဟု ပြောလိုက်သည်။ ထိုအခါ သူ့ သူငယ်ချင်းက လေယာဉ်ပျံလာရာ ဘက် လှည့်ကြည့်စဉ် သူဖဲ့ထားသော ၀က်သားကို သူ့ သူငယ်ချင်း ပန်းကန်ထဲက ထမင်းလုတ်ထဲ ထိုးသွင်းထား လိုက်၏။ သူ့ သူငယ်ချင်းက လေယာဉ်ပျံ မတွေ့၍ 'မမြင်ရဘူး' ဟု ဆိုကာ ထမင်းပြန်စားတော့ ၀က်သားတုံးသည် ထို ထမင်းလုတ်ထဲ ပါသွား၏။ လူနောက်က သူ့ကို ဘာပြောမလဲ စောင့်ကြည့်နေစဉ် ထိုသူငယ်ချင်းသည် ဘာမျှ မပြောဘဲ ဆက်စားနေ၏။
ခဏနေတော့ လူနောက်သည် သူ့ သူငယ်ချင်းကို စောစောကလို စမ်းပြန်သည်။ 'ဟာ လေယာဉ်ပျံကြီး လာပြန်ပြီ ဟေ'့ ဟု ဆိုကာ သူငယ်ချင်း လှည့်ကြည့်စဉ် ၀က်သားတုံးကို ထမင်းထဲ မြှုပ်ပေးလိုက်ပြန်၏။ သူငယ်ချင်းက လည်း လေယာဉ်ပျံ မတွေ့၍ ထမင်းဆက်စားပြန်၏။ ဘာမျှ မပြော။
သည်လိုနှင့် သုံးလေးခါလောက် လေယာဉ်ပျံကြီး လာပြီဆိုပြီး စမ်းကြည့်၍ သူ့သူငယ်ချင်းက ဘာမျှ မပြောသော အခါ ထပ်မစမ်းတော့။ ထမင်း ဆက်စားနေတော့၏။ ထိုအခါမှပင် ၀က်သားနှင့် ပတ်သက်၍ ဘာမျှ မပြောသော သူ့သူငယ်ချင်းက လူနောက်ကို တစ်ခွန်းတော့ ပြောပါလေသည်။ 'သူငယ်ချင်း - မင်းလေယာဉ်ပျံကြီး မလာတော့ ဘူးလား' တဲ့။
ကျွန်တော် ရယ်မိပါသည်။ လူနောက်၏ သူငယ်ချင်း လေယာဉ်ပျံကြီး လာမလာ ဘာကြောင့် မေးသလဲ ဆိုသည် ကို သဘောကျ၍ပါ။ သူလည်း သူ့အကြောင်းနှင့် သူပဲကိုး။
သည်တော့ Sentosa မှာ ကျွန်တော်တို့ ၀က်သားတုတ်ထိုး ပန်းကန်ကို ငေးသွားသော ကုလားသည် လေယာဉ်ပျံကြီး လာမလာ မေးမည့် သူငယ်ချင်းလို လူလား၊ ၀က်သားထည့်ဟု ဆိုမည့် ကုလားလို လူလား ဆိုသည်ကို ကျွန်တော့်ဘာသာ အတွေးနယ်ချဲ့မိသည်။ ထိုကုလားသည်လည်း သူ့အကြောင်းနှင့်သူ ရှိပါလိမ့်မည်။ ။
ဆူးသစ်
၂၂း၄၂ နာရီ
၀၆.၀၁.၂၀၁၁

4 comments:
နောက်ဆုံးစား စရာမရှိတော့ရင် စားခွင့်ပြုထားတယ်တော့ ကြားတာပဲ။။
ဒါပေမယ့်လည်း ဘာအလုပ်မှ ခိုင်းလို့လဲမရ.. အဆီတစ်ထပ် အသားတစ်ထပ်နဲ့ သိပ်စားလို့ ကောင်းတဲ့ ကောင်ကြီးကို လူတစ်ကာ စားနေပါလျှက် စာအုပ်ထဲက မစားခိုင်းရုံနဲ့မစားကြဘူးဆိုတော့ လဲ
အင်း သူ့အကြောင်းနဲ့ သူ ရှိမှာပါလေ... အဲဒီလိုလူတွေများ စားမယ်ဆိုရင် ၀က်သားဈေးတွေ ခေါင်ခိုက်ကုန်မယ်..သို့ပါ၍ ၀က်သားကောင်းကြောင်းနောက်ထပ်မရေးပါနဲ့ဗျာ.. သူတို့ သဘောကျပြီးလိုက်စားရင် အနော်တို့ ရေးကြီးပေးပြီး ဒွတ်ခရောက်မယ်.
ကုလားတိုင်း ဝက်သားမစားတာ မဟုတ်ပါဘူး .. ဟိန္ဒူဘာသာ ကိုးကွယ်ရင် ဝက်သားစားလို့ရပါတယ်.. မူဆလင်ကုလားပဲ ဝက်သားမစားတာပါ
http://www.webziner.com/islam/whypork.htm
အထက်ပါ လင့် မှာ ကြည့်နိုင်ပါတယ်..အသေးစိတ် ရှင်းပြထားပါတယ်။လူမျိုးနှင့်မဆိုင်ပါ။ အစ်စလာမ် ဘာသာ ကိုးကွယ် သူများ သာ ၀က် သား မ စား တာပါ။ ကျေးဇူး တင်ပါတယ်..ညီအကိုတို့ ။
ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အတွက် ဗဟုသုတရပါတယ်။ မသိသေးတာတွေသိရလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Post a Comment