Saturday, December 31, 2011

"ရာဇ၀င်ထဲက ၂၀၁၁ နှင့် သမိုင်းသစ်မည့် ၂၀၁၂"


၂၀၁၁ ခုနှစ် ကုန်ဆုံးတော့မည်။ မကြာခင် ၂၀၁၂ ခုနှစ် ကိုရောက်ပေတော့မည်။ ကျွန်တော်တို့ ဖြတ်သန်းခဲ့သော ခရစ်နှစ်ဟောင်းတစ်နှစ်ကို လည်ပြန်ကြည့်ချင်သေး၏။ ကျွန်တော်တို့ ဘာတွေဖြစ်ခဲ့သနည်း။ ကျွန်တော်မှတ်မိသလောက် ပြန်စဉ်းစားနေမိသည်။

ကျွန်တော်တို့ မြန်မာ့နိုင်ငံရေးလောက အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီ အရေးနှင့် လူမှုရေးဆောင်ရွက်ချက်များသည် ပြည်သူများ၏ ထောက်ခံမှုများကြားမှာ တစ်ဟုန်ထိုး အရှိန်ရလာခဲ့သည်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းများက မြန်မာကို လှည့်ကြည့်လာကြသည်။ အမေရိကန်၊ ဂျပန် နှင့် အရှေ့တောင်အာရှနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများလာတိုင်း ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံဆွေးနွေးသွားသည်။ ကျွန်တော်ဝမ်းသာမိသည်။ ကျွန်တော်တို့ နိုင်ငံတိုးတက်မည့် အရိပ်အယောင် မြင်လာရပြီဟု ယုံကြည်နေမိသည်။

ပိုပြီးထူးခြားနေသည်က ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်တွင်းက ရုပ်ရှင်၊ ဂီတ စသည့် အနုပညာ အသိုင်းအ၀ိုင်းက လူများ ရင်းနှီးစွာထိတွေ့ ဆက်ဆံနေကြသည်။ ကျွန်တော်တို့အားလုံးမှာ တူညီသော ခံစားချက်များ ရှိနေကြသည်။ တိုင်းပြည်တိုးတက်ရေး။ အားလုံးတတ်နိုင်သလောက် ကူဖို့အဆင်သင့်။ မခေါ်ဘဲကို လာချင်နေကြသည်။ သည်တစ်ကြိမ်မှာ အနုပညာသမားများ အစွမ်းကုန် ဖွင့်ထုတ်တော့မည်ဟု ကျွန်တော်မျှော်လင့်နေသည်။ ဗိုလ်ချုပ်အတ္ထုပ္ပတ္တိကိစ္စမှာလည်း သူတို့ အားထည့်နေသည်။ တကယ်တော့ ထိုကိစ္စသည် သူတို့၏ စွမ်းဆောင်မှု သာဓကတစ်ခုမျှသာ။ သူတို့မှာ နောက်ထပ်လုပ်ချင်တာတွေ ရှိဦးမည်။ ဂီတဘက်က လူများကလည်း သည်သဘောနှယ်။

စာပေဘက်ကတော့ နိုင်သလောက်ထမ်းနေကြသည်။ အင်တာနက်ပေါ်က မြင်နေရသော ဂျာနယ်များ၏ တွန်းအားများ၊ ဘလော့ဂါများ၏ တွန်းအားများ၊ စသည်ဖြင့် ကဏ္ဍအစုံမှ တွန်းအားများကြောင့်လည်း ကျွန်တော်တို့လိုချင်သော ပန်းတိုင်သည် နီးလာပြီဟု ထင်ပါသည်။

နောက်ထပ်ထူးခြားမှုတစ်ခုက မြစ်ဆုံ။ အားလုံးသော ပြည်သူများ၏ ဆန္ဒ၊ နယ်ပယ်အသီးသီးမှ ကန့်ကွက်မှုများအရ ဧရာဝတီသည် အရှည်တည်တော့မည်ဟု ကျွန်တော်ထင်နေမိသည်။ နိုင်ငံတော် သမ္မတကြီး၏ ဆုံးဖြတ်ချက်သည် သမိုင်းဝင်သွားပါလိမ့်မည်။ ကျွန်တော်လည်း ဧရာဝတီကို ချစ်ပါသည်။ မြစ်ဆုံကိစ္စ ရပ်တန့်မှုသည် ရာသက်ပန်ရပ်တန့်မှုသာ ဖြစ်ပါစေဟု ဆုတောင်းနေမိသည်။

နောက်ထပ် မှတ်မိနေသည်က ပခုက္ကူရေဘေး။ သည်လိုနေရာမှာ ရေကြီးစရာလားဟု တွေးနေမိသည်။ တစ်ခါမျှ ယောင်လို့ပင် မတွေးမိသည့်နေရာတွေမှာ မဖြစ်ဖူးတာတွေ ဖြစ်လာသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုသည့် ကိစ္စက ကျွန်တော့်အတွက် စကားလုံးကြီးကောင်းကြီးနိုင်သော်ငြား ထိုစကားလုံး ကိုပင် လေးစားစွာ စဉ်းစား လာရသည်။

နောက်တစ်ခုကတော့ ၂၀၁၁ခုနှစ်ကုန်ခါနီးမှ ဖြစ်ခဲ့သော မင်္ဂလာတောင်ညွန့်မီးဘေး။ လူများသေ၊ ဒဏ်ရာရ၊ အိုးမဲ့အိမ်မဲ့။ စိတ်မကောင်းစရာ။ ၀မ်းနည်းစရာ။ ကျွန်တော်နောက်ထပ် ထပ်ပေါင်းထည့်ချင်သည့် အရာက သင်ခန်းစာယူစရာ။ ဂိုဒေါင်ကစသည်ဟု ဆိုသည်။ စင်ကာပူမှာ ဘေးအန္တရာယ်ကင်းရှင်းရေးအလုပ် လုပ်နေရသည့် ကျွန်တော့်အတွက် သည်လိုကိစ္စမျိုးတွေက မဖြစ်သင့်ဘဲ ဖြစ်သည်ဟု ထင်သည်။ တကယ်တော့ ကျွန်တော်တို့ မြန်မာပြည်မှာ ဖြစ်နေကျ တာဝန်ယူမှု ပေါ့သည့်အပိုင်းဟုသာ တည့်တည့်ပြောချလိုက်ချင်သည်။ ပြီးတော့ နိမ့်ကျနေသေးသည့် ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာ။ ဂိုဒေါင်ကို ဂိုဒေါင် ဟုသာ မြင်နေသေးသရွေ့ သည်လိုကိစ္စများ ဆက်ဖြစ်နေဦးမည်ထင်သည်။

သည်ဂိုဒေါင်က ယခင်က ဘာတွေ သိုလှောင်ခဲ့သနည်း။ ဘယ်လိုအလုပ်မျိုး လုပ်ခဲ့သနည်း။ ကျွန်တော်လည်း တရားဝင်စုံစမ်း၍ ထွက်လာနိုင်သော အဖြေကို သိချင်ပါသည်။ ယခုအပြင်က သိနေရသည်များကိုတော့ ကြားစကားမို့ ကျွန်တော် အတည်ပြုမပြောချင်။ သူတို့ပြောသည်များကလည်း အတည်ဖြစ်နိုင် ပါသည်။ ပေါက်ကွဲမှု ဆိုကတည်းက အသားလွတ်တော့လည်း ထမပေါက်စကောင်း။ သို့သော် ရပ်ကွက်နားနီးပြီး ဘာတွေသိုလှောင်ထားမှန်းမသိသော ဂိုဒေါင်တစ်လုံးက ထပေါက်သည်ဆိုခြင်းကတော့ ကျွန်တော်ပြောခဲ့သလို တာဝန်ယူမှု၊ ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာ နိမ့်ကျမှု စသည်ဖြင့် အကြောင်းအချက်များစွာ ထည့်ပြောရပေတော့မည်။ ( ကျွန်တော့်အနေဖြင့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး အတွက် ကျွန်တော် မှတ်သားမိသမျှကို နောက်ထပ် ပို့စ်များစွာဖြင့် ရေးသားရန်လိုအပ်လာသည်ဟု ယခု မင်္ဂလာတောင်ညွန့်မီးဘေးကိစ္စက ခံစားမိစေပါသည်။)

မင်္ဂလာတောင်ညွန့်မီးလောင်ပြီး မနေ့က (၃၀.၁၂.၂၀၁၁) မှာလည်း ကမာရွတ် အ.ထ.က (၂) က မီးဆက်လောင်ပါသည်။ ၀ါယာရှော့ခ်ဟု ဆိုပြန်သည်။ မင်္ဂလာတောင်ညွန့်တုန်းကလည်း ၀ါယာရှော့ခ်ဟု ဆိုခဲ့ကြသည်။ ကျွန်တော်တို့ မြန်မာပြည်မှာ မီးလောင်လျှင် ၀ါယာရှော့ဟု တန်းပြော၍ ရအောင်ဖြစ်နေ ခဲ့သည်မှာ ကြာခဲ့ပြီဟု ကျွန်တော်ထင်သည်။ ထိုဝါယာရှော့ တကယ်ဖြစ်နိုင်သည် ဆိုလျှင်ရော မည်သည့်နည်းနှင့်မျှ မကာကွယ်ကြတော့ဘူးလားဟု ကျွန်တော်တွေးနေမိသည်။ ဒါလည်း ဘေးအန္တရာယ် ကင်းရှင်းရေး အသိပညာကင်းမဲ့မှု၊ တာဝန်ယူမှု ကင်းမဲ့ခြင်းဟုပင် ထပ်ခါတလဲလဲ ပြောချင်ပါသေးသည်။ ထိုအချက်ကို သက်သေပြုနေသည်က မင်္ဂလာတောင်ညွန့်မီးဘေးကိစ္စမှာ ၀ါယာရှော့ ဖြစ်သည်ဆို၍ ၀ါယာရှော့မဟုတ်ကြောင်း လျှပ်စစ်က တာဝန်ရှိသူက ပြန်ရှင်းပြခဲ့ဖူးခြင်းပင်။ မည်သို့ဆိုစေ မီးကလောင်ပြီး သွားချေပြီ။

ကောင်းသည့်ဘက်က လှည့်တွေးလျှင်တော့ ယခင်က လူတော်တော်များများ အပြစ်တင် ဝေဖန်ခဲ့သည့် မီးသတ်ရဲဘော်များ အသက်ပေး၍ ကာကွယ်သွားသည့်အတွက် လူတချို့၏ ယုံကြည်မှု ပြန်ရခဲ့ခြင်းပင်။ ဒါတောင် အပြော မလွတ်သည့် လူ့သဘာဝ၊ အမြင်ကျဉ်းသူ တချို့၏ ဖျတ်ခနဲ ကြည့်ရုံနှင့် မြင်ရမှုအပေါ် ကောက်ချက်ချမှု များကဖြင့် အော့နှလုံး နာချင်စရာ ကောင်းလှတော့သည်။

၂၀၁၁ ခုနှစ်အတွင်း စာပေဟောပြောပွဲများ ယခင်ကထက် အရှိန်ရလာခြင်းကလည်း ၀မ်းသာစရာကောင်းသလို နိုင်ငံခြားတိုင်းပြည်များကပါ စာရေးဆရာများကို ဖိတ်ကြား၍ ဟောပြောပွဲများ လုပ်လာခြင်းက ၂၀၁၁ ခုနှစ်အတွက် မှတ်မှတ်ရရ ဖြစ်စရာ တစ်ခုဟု ကျွန်တော်ထင်ပါသည်။

မြန်မာပြည် ၂၀၁၁ ခုနှစ်တွင် ကျွန်တော်မှတ်မိသမျှ ပြန်စဉ်းစားကြည့်ခြင်းပါ။ တစ်ဆက်တည်းမှာပင် စင်ကာပူ ၂၀၁၁ ခုနှစ်ကိုလည်း ကျွန်တော်ပြန်တွေး ကြည့်မိပါသည်။

မှတ်မိသည်များထဲမှ အထင်ရှားဆုံး ဆိုရလျှင် ကျွန်တော် အလုပ်လုပ်နေသော ဘူကုန်းကျွန်း မီးလောင်သည်။ ထိခိုက်ဒဏ်ရာရမှု၊ အသေအပျောက် လုံးဝမရှိ။ ပျက်စီးဆုံးရှုံးမှုများ ရှိသည်။ (၃၇) နာရီကြာ လောင်သောမီးဖြစ်သည်။

နောက်ထပ် မှတ်မှတ်ရရ ဖြစ်စရာက မြန်မာမိန်းကလေးတစ်ဦး တိုက်ပေါ်မှ ခုန်ချ၍ ကိုယ့်ကိုယ်ကို သေကြောင်းကြံသည်ဟု ယူဆရသော အဖြစ်တစ်ခု ဖြစ်ခဲ့သည်။ ဆုံးပါးသွားခဲ့ရ၏။ သိပ်မကြာမီမှာပင် အိမ်ဖော်အလုပ်လုပ်ရန် ရောက်နေသည်ဟု ယူဆရသော မြန်မာမိန်းကလေးတစ်ဦး လူကူးတံတားပေါ်မှ ထပ်ခုန်ချသည်။ မသေ။ သို့သော် ကျိုးပဲ့ကုန်သည်။

ကျွန်တော့်အထင် ပြောရလျှင် ၂၀၁၁ ခုနှစ်သည် နှစ်ကုန်ခါနီးမှာ စိတ်မကောင်းစရာ၊ ၀မ်းနည်းစရာများကို ထားရစ်ခဲ့သည်ဟု ထင်သည်။ မြန်မာပြည်မှာတော့ မီးလောင်မှုများနှင့် အဆုံးသတ်ခဲ့ရပြီး စင်ကာပူမှာတော့ ကိုယ့်ကိုယ်ကို သေကြောင်းကြံမှုများနှင့် အဆုံးသတ်ခဲ့ရသည်။

သည်တော့ ကျွန်တော့်အနေဖြင့် ၂၀၁၂ ခုနှစ်ကို ကျွန်တော်တို့ မြန်မာပြည်ကြီး ဘေးကင်း၍ တိုးတက်သော အသွင်အပြင်များနှင့် ကြိုချင်လှသည်။ ကျွန်တော်တို့ မြန်မာလူမျိုး အများစု အလုပ်လုပ်နေသော စင်ကာပူမှာလည်း အားလုံး အဆင်ပြေပြေဖြင့် ဘ၀များကို ဖြတ်သန်းရင်း ၂၀၁၂ ကို ကြိုချင်ပါသည်။ ထိုထက် ပိုကောင်းမည်ဆိုလျှင် ကျွန်တော်တို့အားလုံး ကိုယ့်တိုင်းပြည် အမြန်တိုးတက်၍ ကိုယ့်ပြည်ကိုယ့်ရွာမှာ အလုပ်အကိုင် ကောင်းကောင်းဖြင့် ပြန်လုပ်နိုင်ပြီဆိုသော သတင်းစကားများ ရောက်ရှိလာမည့် အချိန်ကို စောင့်ကြိုချင်လှပါသည်။

၂၀၁၁ ခုနှစ်သည် မကြာမီ အဝေးမှာ ကျန်ခဲ့တော့မည်။ ကျွန်တော်တို့၏ ရာဇ၀င်၊ ကျွန်တော်တို့၏ သမိုင်းမှာ ၂၀၁၁ ခုနှစ်သည် တစ်စုံတစ်ခုကို ပေးစွမ်းနိုင်ခဲ့သည်ဟု ကျွန်တော်ထင်ပါသည်။ ၂၀၁၂ ခုနှစ်သည်လည်း ကျွန်တော်တို့ မြန်မာနိုင်ငံ သမိုင်းကို တစ်စုံတစ်ရာ ပြောင်းလဲအောင် စွမ်းဆောင်နိုင်မည့် နှစ်သစ်တစ်နှစ် ဖြစ် လာလိမ့်မည်ဟု ကျွန်တော် ယုံကြည်နေမိပါတော့သည်။ ။

ဆူးသစ်
၁၄:၁၀ နာရီ
၃၁.၁၂.၂၀၁၁



Thursday, December 29, 2011

"ကျွန်တော့်မှတ်စု" ( ၉ )


"ရန်ကုန်စက်မှုတက္ကသိုလ် သီးသန့်မှတ်စုများ"

+ ၁၉၆၆ ခုနှစ်၊ စက်မှုတက္ကသိုလ် နွေကျောင်းပိတ်ရက်တွင် ကျွန်မ အိမ်မပြန်ရပါ။ ကြက်ခြေနီသင်တန်း တက်ရမည်ကြောင့် ဖြစ်ပါသည်။

+ G ဆောင် နောက်ဘက်တွင် သစ်ပင်များနှင့် တောထနေသည်။

+ ပထမနှစ် အင်္ဂလိပ်စာ အတန်းတွင် ကျောင်းသား၊ကျောင်းသူတိုင်း ကိုယ်ကြိုက်ရာ အကြောင်းတစ်ခုကို အတန်းရှေ့ထွက်၍ ဆယ်မိနစ်ခန့် ပြောရပါသည်။ ဆရာတွေ လက်ချာပေးသလိုပေါ့။ ကျောင်းသားတွေ လူရှေ့ သူရှေ့ အင်္ဂလိပ်စကား ပြောရဲ ဆိုရဲအောင် လေ့ကျင့်ပေးခြင်း ပါပဲ။

+ ကျွန်မတို့နေရသော G ဆောင်မှ အတော်လှမ်းသည့် ကြက်တောင်ရိုက် အဆောက်အအုံ ဘက်သို့ တစ်ယောက်တည်း သွားကြည့်သည်။ ရန်ကုန်တက္ကသိုလ် အင်းလျားဝန်းကျင်ကဲ့သို့ ကြောက် စရာ ကောင်းသော နေရာ မဟုတ်၍၊ လုံခြုံမှုလည်း ရှိ၍ တစ်ယောက်တည်း စိတ်ချလက်ချ သွားရဲခြင်း ဖြစ်ပါ၏။

သွားရကျိုးနပ်ပါသည်။ လူသူနှင့် လှမ်း၍ တိတ်ဆိတ်ငြိမ်သက်သော၊ လှပသော ခရမ်းပြာ ဗေဒါတောကြီးနှင့် စိမ်းမြအေးချမ်းလှသော ကန်ကြီးတစ်ကန်ကို ဘွားခနဲ တွေ့လိုက်ရပါ၏။ ခြောက်သွေ့ပူလောင်လှသော စက်မှု တက္ကသိုလ် ကန္တာရတွင် သည်လောက် စိမ်းလန်းအေးချမ်းသော နေရာတစ်ခုရှိနေခြင်းကို ကျွန်မ ယုံပင် မယုံနိုင်။ သည်ဗေဒါကန်ကြီးသည် အာအိုင်တီတွင် ကျွန်မအလွန်မြတ်နိုးသော အရာတစ်ခုဖြစ်လာခဲ့ပြီး အာအိုင်တီ အင်းလျားဟု ကိုယ့်ဘာသာကိုယ် အမည်ပေးခဲ့မိလေသည်။ အတန်းထဲမှ သူငယ်ချင်းယောကျာ်းလေးများကို သည်ကန်ကြီးအကြောင်း ပြောပြတော့ သူတို့လည်း မယုံနိုင်လောက်အောင် အံ့ဩနေကြသည်။ ကြက်တောင်ရိုက်သူများသည် ကစားပြီး အိမ်သာပြန်ကြသည်။ အဆောက်အအုံဆီမှ နောက်ဘက်သို့ ခြေ တစ်လှမ်းထပ်၍ မဆန့်ခဲ့ကြချေ။

[' ၀တ္ထုရေးသော မမြင့်ခိုင် ' ဆောင်းပါးမှ - မမြင့်ခိုင်၊ ရင်ခွင်သစ်မဂ္ဂဇင်း၊ နိုဝင်ဘာလ၊ ၁၉၉၄ခုနှစ်]

+ စက်မှုစာစောင်လေးကို တစ်ပတ်တစ်ခါ ထုတ်သည်။ တစ်စောင်လျှင် ဆယ်ပြားဖြစ်သည်။ လက်ရေးနှင့်ရေးကာ ပုံတူကူးစက်နှင့် လှည့်ထုတ်သော စာစောင်လေးများ ဖြစ်လေ သည်။ ကျောင်းသား၊ ကျောင်းသူ အများကလည်း အားပေးကြသည်။ ကျောင်း အတွင်း၌ ဖြစ်နေပျက်နေသော အဖြစ်အပျက် အစုံကို ဟာသလေး နှော၍ ပြန်လည် တင်ပြထားသော သတင်းစာဆန်ဆန်၊ သတင်းစဉ်လေး ဖြစ်သောကြောင့် သဘောကျ နှစ်ခြိုက်ကြသည်။

+ စက်မှုတွင်ပင် ဘာသာရပ်များ ထပ်၍ ခွဲခဲ့သည်။ [ စက်မှု ( စိုက်ပျိုးရေး)]

+ ခရမ်းနုရောင်၊ ပန်းနုရောင် စွယ်တော်ပွင့်။

[ 'မစပ်သောငရုတ်' လုံးချင်း ၀တ္ထု (ဒုတိယအကြိမ်မှ) - မစန္ဒာ]


Monday, December 26, 2011

" ကြည်လင်စွာခံစား နဒီမင်္ဂလာ ထံပါးမှာ "


ကောင်းကင်သည် အမှောင်မှအလင်းဘက်ဆီသို့ ဖြည်းဖြည်းချင်း ကူးပြောင်းလာသည်။ အလင်း မှုန်ပျပျအောက်မှာ ဆီးနှင်းတို့ကို ခပ်ပါးပါးတွေ့သည်။ မကြည်မလင်ဖြစ်နေသော အရာများအားလုံး အမှောင်အောက်မှာ ကျန်ခဲ့ပေတော့မည်။ အလင်းဆီသို့ ရွေ့နေဆဲ။ မကြာခင် မိုးလင်းပေတော့မည်။

ငှက်တို့၏ အသံကို နားမှာကြားရသည်။ လေပြည်သည် အေးမြခြင်းကို ဆောင်ကျဉ်းနေ၏။ ဆောင်းလေကို ခံစားရင်း ရင်ထဲသို့တိုင် အအေးဓာတ်သည် ရောက်လေသလားမသိ။ သည်လိုတော့ ခံစားမိသည်။ အရာရာသည် အေးမြလွန်းလှ၏။ သည်လိုအေးသည့်ကြားမှာ ငှက်တို့ မည်သည့်အရပ်သို့ သွားမည်နည်း။ မည်သည့်နေရာမှာ ဆင်းသက်ခိုနားမည်နည်း။

နံနက်ခင်း မှုန်ပျပျအလင်းအောက်မှာ သူတစ်ယောက်တည်း လမ်းလျှောက်ထွက်ခဲ့သည်။ ကမ်းခြေဘက်ဆီသို့။ ထိုကမ်းခြေဘေးမှာ ပန်းတွေဖွေးနေသည်။ ရနံ့တွေ မွှေးနေမည်။ ကျက်သရေရှိခြင်းသည် ထိုကမ်းခြေဘက်မှာ ရှိမည်။ သူလမ်းလျှောက်နေကျ ခြေသွားလမ်းကလေးကား ထိုသို့ သာယာသည်။ ဆောင်း၏ အေးမြခြင်းနှင့် အတူ မြစ်လေ၏ အေးမြခြင်း တို့လည်း ရောထွေးကောင်း ရောထွေးနေလိမ့်မည်။

ထိုစဉ်မှာပင် ကမ်း၏တစ်ဖက်မှ တရားသံကို ကြားလိုက်ရသည်။ အို-အေးမြလိုက်ပါဘိ။ အရုဏ်ဦးနှင့်အတူ ကျက်သရေရှိလှပါဘိ။ ဆောင်း၏ အေးမြခြင်း၊ ကမ်း၏ အေးမြခြင်း၊ တရားဓမ္မ၏ အေးမြခြင်း၊ အားလုံးပေါင်းဆုံသည့် အခိုက်အတန့်မှာ သူ့နှလုံးသား၏ ပူလောင်မှုတို့ ငြိမ်းအေးသွားသလို ခံစားရသည်။

သူသည် လူသားတစ်ဦးမို့ သူ့နှလုံးသားသည် အချစ်ကြောင့်သော်လည်းကောင်း၊ ဘ၀ထဲမှ အရှုပ်အထွေး လူ့အရေးတို့ကြောင့်သော်လည်းကောင်း ပူလောင်ကောင်း ပူလောင်နေမည် ဖြစ်သော်ငြား ယခုတော့ ကမ်း၏ဘေးမှာ အေးငြိမ်းခြင်းကို ရရှိနေလေသည်။

သူဖြတ်သန်းခဲ့ရသည့် ခရီးသည်ကား ပူလောင် လွန်းလှ၏။ နာကျင်ခြင်း၊ ကြေကွဲခြင်းတို့ ပြည့်နှက်နေ၏။ ဘ၀သည် ယခုလို မအေးမြ။ ချစ်သူသည် ရည်ရွယ်ရာသို့ မရောက်မီ သူ့ကို လက်တွဲဖြုတ်၊ ထားရစ်ခဲ့လေသည်။ သို့သော်သူ့မှာ ရှိသော ယုံကြည်မှုတို့သည် အနည်းငယ်မျှပင် မပြောင်းလဲခဲ့။ တစ်နေ့မှာ ချစ်သူနှင့်သူ ပြန်လည် ဆုံစည်းရမည်။ သည်လိုအတွေးနှင့်ပင် ချစ်သူကား သူ့ရင်မှာ အမြဲစိုးမိုးလို့ နေနေခဲ့တော့၏။

ယခုလို အချိန်မျိုးမှာတော့ သူသည် သူ့ချစ်သူနှင့် ကင်းကွာနေမှုများကို အေးမြခြင်းနှင့် ကုစားနေလေသည်။ ထိုအေးမြခြင်းသည် ဆောင်းကြောင့်လား၊ ကမ်းခြေကြောင့်လား၊ တရားဓမ္မကြောင့်လား ဆိုသည်ကို မသဲကွဲ။ သို့သော် သူကား ခေတ္တခဏတော့ အေးမြနေလေသည်။ ဘ၀ဆိုသည်က သည်လိုလား။

အရုဏ်ဦးသည် ဆက်လက်လှပနေဆဲ။ ဆီးနှင်းတို့နှင့် ဆောင်းသည် အေးမြနေဆဲ။ ပန်းရနံ့တို့သင်းသော ကမ်းခြေသည်လည်း ရနံ့တို့မွှေးနေသလို လေပြည်ကြောင့် အေးမြနေဆဲ။ တစ်ဖက်ကမ်းမှလာသော တရားဒေသနာသံသည်လည်း နှလုံးသားသို့တိုင် တိုးဝင်အေးမြနေဆဲ။ အမှောင်သည် တရွေ့ရွေ့ဆုတ်ခွာကာ အလင်းသည် နေရာယူလာလေသည်။ လူသားတစ်ဦးသည်ကာ သူ့နှလုံးသားမှ ပူလောင်မှုကို နှစ်သိမ့်နေဆဲ။ မြစ်တစ်စင်းသည် မင်္ဂလာအပေါင်းကို ဆောင်ယူလာပေးသည်။ ထိုမြစ်နားမှာ ကောင်းခြင်းများရှိသည်။ မြစ်၏ မင်္ဂလာများပေတည်း။ တစ်နည်းအားဖြင့် ဆိုရလျှင် နဒီ မင်္ဂလာ။

သီချင်းတစ်ပုဒ်ကို နားထောင်ပြီး ကျွန်တော်သည်လိုခံစားရသည်။ ကျွန်တော်မြန်မာပြည်မှာ ရှိစဉ်က ကျွန်တော့် ပတ်ဝန်းကျင်မှာ သည်လိုခံစား၍ ရသည်။ ကျွန်တော်တို့နားမှာ ချောင်းရှိသည်။ မြစ်တော့ မဟုတ်။ သို့သော် ဆောင်းတွင်း၌ နှင်းများကျနေလျှင်သော်လည်းကောင်း၊ တစ်ဖက်ကမ်းမှ လွင့်လာသော တရားသံသည် လည်းကောင်း၊ ကျွန်တော့်ရင်ကို ဆောင်း၏ အအေးနှင့်အတူ အေးမြနေစေတတ်သည်။

ထိုအခါမျိုး၌ ကျွန်တော်သီချင်းတစ်ပုဒ်ကို အမြဲ တိုးတိုးဖွဖွ ရွတ်တတ်သည်။ ကိုရဲလွင် ရေးသည်။ ဆိုသူက အများကြီး။ ကိုတိုးကြီးဟု ခေါ်သော ခင်မောင်တိုးလည်း ဆိုထားသည်။ သို့သော် ကျွန်တော်စ၍ နားယဉ်ခဲ့သည်က ခင်ဝမ်း ဆိုခဲ့သည့် သီချင်း။ သီချင်းနာမည်က ' နဒီမင်္ဂလာ'။ မူလနားယဉ်ခဲ့သူကိုသာ ဦးစားပေး၍ ရှာပြီးတင်လိုက်ပါသည်။ ခံစားကြည့်စေချင်ပါသည်။ ။

သားလတ်
၂၆.၁၂.၂၀၁၁
၉:၅၉ နာရီ



Sunday, December 25, 2011

" ခရစ်စမတ် ပြီးရင် "


ခရစ်စမတ်ပြီးရင်
အပစ်အခတ်တွေ ရပ်ပါစေ။

ခရစ်စမတ်ပြီးရင်
ချစ်တတ်သူတွေ ပိုပေါများပါစေ။

ခရစ်စမတ်ပြီးရင်
ညစ်ပတ်တတ်သူတွေ သန့်စင်ပါစေ။

ခရစ်စမတ်ပြီးရင်
ကျစ်တတ်တဲ့သူတွေ မျှဝေနိုင်ပါစေ။

ခရစ်စမတ်ပြီးရင်
ရစ်တတ်တဲ့သူတွေ စိတ်အေးငြိမ်းပါစေ။

ခရစ်စမတ်ပြီးရင်
(ငွေ) ညှစ်တတ်တဲ့သူတွေ ကူညီစိတ်မွေးနိုင်ပါစေ။

ခရစ်စမတ်ပြီးရင်
(ကောင်းတဲ့) နှစ်သစ်တစ်နှစ် ကပ်လိုက်လာနိုင်ပါစေ။

ဒီဇင်ဘာ ဆောင်းနဲ့ ခရစ်စမတ်အပြီးမှာ
ပီပြင်စွာကောင်းတဲ့ အသစ်တွေထပ်ဖြစ်လာနိုင်ပါစေ။ ။

သားလတ်
၂၅.၁၂.၂၀၁၁
၁၁:၂၀ နာရီ

Sunday, December 18, 2011

" ဘ၀ "


တစ်ခါတစ်ခါတော့ ကျွန်တော်စဉ်းစားကြည့်မိပါတယ်။ ဘ၀ဆိုတာ ဘာကြီးလဲပေါ့။ တွေးမိတာလေး ပြောပြ ပါရစေ။

အခု ကျွန်တော်တို့အရွယ်က လူ့ဘ၀ရဲ့ သုံးပုံနှစ်ပုံထဲကို ၀င်လာခဲ့ပြီ။ ဒီလိုပြောလိုက်တော့ ဘ၀ဆိုတာ လူ့ဘ၀ကြီးကို ပြောပါလားလို့ စဉ်းစားချင်စရာ။ ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမဲ့ လူ့ဘ၀လို့ ပြောလိုက်ရုံနဲ့ ကျွန်တော်တို့ ကြုံနေရတဲ့ ဘ၀ရဲ့ အဓိပ္ပါယ်က လုံးဝပြီးပြည့်စုံသွားပြီလား။ အဲဒီလူ့ဘ၀ဆိုတာကြီးထဲမှာပဲ ကျွန်တော်တို့ ကြုံနေရတဲ့ ဘ၀တွေက နည်းမှမနည်းပဲ။ အဲဒီမှာ ဘ၀တွေ ထပ်ခွဲထွက်လာပြန်ပါပြီ။

ကျောင်းသားဘ၀။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်။ စုံနေတာပဲ။ ဒါတောင် ဘွဲ့လွန်ကျောင်းသားဘ၀ ဆိုတာရှိသေးတယ်။ ဒီတော့ ဘ၀လို့ ပြောရင် အများကြီးပါလား။ ကျောင်းသား ဘ၀ပြီးတော့ရော။

အလုပ်ထဲရောက်ခဲ့တယ်။ ၀န်ထမ်းဘ၀၊ အရာရှိဘ၀ စုံလို့။ ကုမ္ပဏီ၊ ပြည်သူ့ဝန်ထမ်း စတဲ့ ဘ၀တွေ။ ဟော-အခု နိုင်ငံခြားဆိုတဲ့ အရပ်ရောက်နေပြန်ပြီ။ ဒီမှာလည်း ဘ၀က စုံလို့။ လူတွေရဲ့ ရပ်တည်မှု အပေါ် မူတည်ပြီး လိုက်ပြောင်းလဲနေတဲ့ ဘ၀တွေ။

ပြီးတော့ လူတွေရဲ့ ဥစ္စာပစ္စည်း ပိုင်ဆိုင်မှုကို လိုက်လို့ ပြောနေကြတဲ့ ချမ်းသာ၊ ဆင်းရဲဘ၀။ တချို့က ပြောကြတယ်။ ဘ၀ကလည်း ဆင်းရဲလိုက်တာ။ သူများတွေ ဘ၀ကျတော့ ချမ်းသာလိုက်တာတဲ့။

ဒီတော့ ကျွန်တော်တွေးမိပါတယ်။ ဘ၀ကို လိုက်ဖမ်းရင်း ဘ၀က ပြန်ပြန်ပျောက်နေတယ်။ ဒါဆို ကျွန်တော်တို့ ကျင်လည်ရာ အရာရာတိုင်း ဖြစ်နေတာတွေဟာ ဘ၀လား။ အဲဒီလိုဆို ကျွန်တော်တို့ကြုံနေရတဲ့ လူ့ဘ၀ကြီးထဲမှာကို နောက်ထပ်မရေရာ၊ မသေချာတဲ့ ထပ်ဖြစ်လာနိုင်သေးတဲ့ ဘ၀တွေက နည်းမှမနည်းဘဲ။ ဒါက လူ့ဘ၀ကြီးထဲနေလို့ လူ့ဘ၀ကြီးကို တည်ပြီးစဉ်းစား ကြည့်တာပါ။ နောက်ဘ၀ဆိုတာများ စဉ်းစားကြည့်လိုက်ရင် ပိုတောင် ရှည်လျားသွားသေးတယ်။

ကြည့်ပါဦး။ နတ်ဘ၀၊ ဗြဟ္မာ့ဘ၀။ ဒါက ကောင်းတာလုပ်ရင်ပါ။ မကောင်းတာလုပ်မိလို့များကတော့ သရဲတို့၊ တစ္ဆေတို့၊ ပြိတ္တာတို့ ဆိုတဲ့ဘ၀တွေ။ တွေးကြည့်ချင်စရာတောင် မရှိဘူး။ အခုပြောနေတာက ကျွန်တော်က ဗုဒ္ဓဘာသာမို့လို့ ကျွန်တော့်ဘာသာဘက်က အတွေးတွေနဲ့ ပြောနေမိတာပါ။ တခြားဘာသာ ၀င်တွေမှာလည်း နောက်ထပ်ဘာဖြစ်လာမယ်ဆိုပြီး ဘ၀တွေရှိနေဦးမလား မသိပါဘူး။

ဒီတော့ တစ်ခါတစ်ခါ ပြန်တွေးနေမိတာက ဒီလူ့ဘ၀ကြီးထဲမှာ ကျွန်တော်တို့ရဲ့ ရပ်တည်မှုက ဘာအတွက်လဲ ဆိုတာပါပဲ။ နောက်ထပ်ဘ၀တွေ ထပ်သွားဖို့လား။ စဉ်းစားနေမိတာပါ။ အခုတောင် လက်ရှိဘ၀က ဘာမှအဓိပ္ပါယ်မရှိတာမျိုးတွေ တစ်ခါတစ်ခါ ခံစားလာတတ်သေးပါရဲ့။ ကျောင်းတက်၊ အလုပ်လုပ်၊ ငွေရှာ။ ဒါဆိုပြီးသွားပြီလား-ဘ၀။

ငွေဆိုတာကလည်း သေတဲ့အထိ ရှာနေရတာမျိုး။ နိုင်ငံခြားမှာပဲ ရှာရှာ၊ မြန်မာပြည်မှာပဲ ရှာရှာ။ အားလုံးဟာ ငွေကိုရှာနေရတာပါပဲ။ ပညာတတ်တတ်၊ မတတ်တတ်၊ အဲဒီလို လူတွေလည်း ငွေရှာနေ ရတာပါပဲ။ ဆင်းရဲတဲ့ လူ၊ ချမ်းသာတဲ့လူ အားလုံးဟာ ငွေကိုပဲ ရှာနေရတော့တာပါပဲ။ ဒါဖြင့် ငွေတစ်ခုတည်းနဲ့ရော ဘ၀ကပြီးသွားသလားလို့ မေးရင် ဒီဘက်ခေတ်မှာတော့ တော်တော် များများကို ငွေကလွှမ်းမိုးထားတာတော့ အမှန်ပဲ။ ဒါပေမဲ့ ငွေနဲ့ဘ၀က မပြီးဘူးလို့ ကျွန်တော်ထင်တယ်။

တကယ်တော့ ဘ၀ဆိုတာထဲမှာ မေတ္တာတို့၊ သံယောဇဉ်တို့၊ အချစ်တို့ဆိုတာ ရှိနေသေးတာ ပဲလေ။ ငွေနဲ့နေချင်တဲ့ လူတွေအားလုံးဟာ အဲဒီအရာတွေနဲ့လည်း တွယ်ငြိနေတတ်ပြန်ရော။ ဒီတော့ ငွေ တစ်ခုတည်းနဲ့တော့ ဘ၀ဖြစ်လားမေးရင် လုံးဝမဖြစ်နိုင်ဘူးလို့ပဲ ဖြေရတော့မှာပါပဲ။

ကျွန်တော်တို့ စက်မှုတက္ကသိုလ်က သူငယ်ချင်းတွေ၊ နောင်တော်တွေ၊ ကျွန်တော့်ငယ်သူငယ်ချင်းတွေ၊ ကျွန်တော်ရော အားလုံးနီးပါး နိုင်ငံခြားထွက်၊ ငွေတွေရှာကြတယ်။ နောက်တော့ မိသားစုလေးတွေ တည်ဆောက်ရင်း မေတ္တာတို့၊ အချစ်တို့ စတာတွေပါရှာ။ နောက်တော့ မြန်မာနိုင်ငံရဲ့ အနီးဆုံးနိုင်ငံတွေကနေ တဖြည်းဖြည်းနဲ့ အဝေးဆုံး နိုင်ငံတွေကို ရောက်သွားကြတယ်။ သူတို့ရဲ့ မိသားစုတွေလည်း တစ်ပါတည်းခေါ်ရင်း ငွေကိုလည်း ဆက်ရှာကြရတယ်။ ကျွန်တော်တို့လို မြန်မာပြည် နီးနီးနေတဲ့ လူတောင် နိုင်ငံခြားဆိုတာကို ငြီးငွေ့ကြတယ်။ သူတို့တော့ ဘယ်လိုနေမယ် မသိဘူး။ ဒါပေမဲ့ သူတို့ရပ်တည်နိုင်ကြတယ် ။ တော်ပါတယ်။ တချို့လည်း မလွှဲသာ၊ မရှောင်သာ ဆက်ရပ်တည်တယ်။ တချို့လည်း သံယောဇဉ် ပြတ်တယ်။ နိုင်ငံသားတွေပါ ခံလိုက်ကြတယ်။ ဘ၀က ကိုယ်လိုချင်သလို ဖန်တီးလို့ မရတဲ့အခါ ဘ၀က ဖန်တီးလာတဲ့အပေါ် အလိုက်သင့် နေလိုက်တာလားလို့ ကျွန်တော်တွေးမိတယ်။ သူတို့အတွက်ကတော့ ဖြစ်နိုင်မယ်ဆို အင်္ဂါဂြိုဟ်အထိ အလုပ်ရှိရင်တောင် သွားလုပ်မယ့်သူတွေ လို့လည်း တွေးမိတယ်။ သူတို့လက်ခံထားတဲ့ ဘ၀ဆိုတာက ကျွန်တော်နဲ့တော့ နည်းနည်း ဆန့်ကျင်သွားတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်တို့အားလုံး မသေခင်အထိ အဲဒီငွေဆိုတဲ့ အနောက်ကို လိုက်ရင်း အချိန်တွေ၊ အရင်းအနှီးတွေ ပေးထားခဲ့ရတယ်။ အဲဒါထက်ဆိုးတာက ကျွန်တော်တို့လိုချင်တဲ့ မေတ္တာ၊ အချစ်၊ သံယောဇဉ်၊ အကြင်နာ ဆိုတာတွေကို အချိန်တိုင်းမရနိုင်တော့တာပါပဲ။ ကိုယ့်မိဘ၊ ကိုယ့်ညီ အစ်ကို မောင်နှမ၊ ကိုယ့် ဆွေမျိုးသားချင်း ဆိုတာတွေရဲ့အဝေးမှာ လင်မယားဆို လင်မယား၊ နှစ်ယောက် တစ်ဘ၀ ဖြစ်သွားပါရော။ ဒီနောက်မှာမှ သားသမီးတွေ ပွားစီးလာပြီး ဘ၀ဆိုတာက တဖြည်းဖြည်း ရုပ်လုံးပေါ်လာခဲ့ပြန်ရော။ အိမ်ထောင်သည်ဘ၀မှာတော့ မိဘကို ဆန်ရတဲ့သဘော၊ သားသမီးကို စုန်ရတဲ့သဘော ဒါတွေကို အပြန်အလှန် ခံစားရင်းနဲ့ပဲ ဘ၀ကို ကုန်လွန်စေခဲ့ပြန်တာပါပဲ။

ကျွန်တော်တွေးနေမိပါတယ်။ ဒီဘ၀ကို ဒီလိုပဲ ဖြတ်သန်းလိုက်မလား ဆိုတာကိုပါ။ ကျွန်တော်အခု အိမ်ထောင်သည် ဘ၀ရောက်နေပါပြီ။ အပေါ်မှာ ပြောခဲ့တာတွေက ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ ခံစားနေရတာတွေလေ။ တကယ်တော့ ကျွန်တော်အဲဒီလို မဖြတ်သန်းချင်ပါဘူး။ ဘ၀ဆိုတာ ဒါပဲလား ဆိုတာလောက်နဲ့ လူတစ်ယောက် ဘ၀ကို ဖြတ်သန်းရင်း ကုန်လွန်သွားတာမျိုးကတော့ သာမန်လို့ပဲ ဆိုရမှာပေါ့။

ဒီတော့ ပြန်ကောက်ချက်ချကြည့်ရင် ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ဘ၀ကို ဖြတ်နေရခြင်းမှာ အဓိပ္ပါယ်ရှိတာတွေတော့ ပြန်ရှာရမယ်ထင်ပါတယ်။ ဒါဆိုဘာလုပ်မလဲ။ ကျွန်တော်တို့ ဖြတ်သန်းနေရတဲ့ ဘ၀မှာ ကျွန်တော်တို့ထက် ချို့တဲ့သူတွေ တစ်ပုံကြီးပါလားဆိုတာ မြင်ခဲ့ရမှာပါ။ ချို့တဲ့တယ်ဆိုတာမှာလည်း အသိဥာဏ် ချို့တဲ့သူ၊ ဥစ္စာချို့တဲ့သူ၊ မေတ္တာချို့တဲ့သူ စတဲ့ ချို့တဲ့မှု ပေါင်းစုံရှိနေမှာပါ။ အဲဒီလို ချို့တဲ့သူတွေရဲ့ လိုအပ်ချက် တစ်စုံတစ်ရာကို တတ်နိုင်သလောက် ဖြည့်ပေးရင်း ကျွန်တော်တို့ ဘ၀တွေကို ဖြတ်သန်းရရင် အရင်လို အဓိပ္ပါယ်မရှိဘဲ ဖြတ်သန်းနေရတာထက်စာရင် ပိုပြီးအဓိပ္ပါယ် ရှိတဲ့ ဖြတ်သန်းမှုမျိုးလို ခံစားရနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။

ကျွန်တော့်သူငယ်ချင်း မိတ်ဆွေတွေထဲမှာ အဲဒီလို လုပ်နေသူတွေ တစ်ပုံကြီးပါပဲ။ သူတို့ကို ကြည့်ရင်း အားလည်းကျတယ်။ ကိုယ်လုပ်မိတဲ့ ကောင်းတဲ့အရာလေး သေးသေးလေးအတွက်တောင် တစ်ခါတစ်ခါ မချင့်မရဲ ဖြစ်ရတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ လုပ်လက်စ လူတွေက ကောင်းတဲ့ ပေးဆပ်ခြင်းမျိုးတွေ ဆက်လုပ်ကြပါ။ ကျွန်တော်လည်း ကောင်းတဲ့ ပေးဆပ်ခြင်းမျိုးတွေ ထပ်ပြီး အတတ်နိုင်ဆုံး လုပ်ပေးရဦးမယ်လို့ ကိုယ့်ကိုယ်ကို သတိပေးနေမိပါတယ်။

ကျေးဇူးတော်ရှင် အဂ္ဂမဟာ ပဏ္ဍိတ မိုးကုတ်ဆရာတော် ဘုရားကြီးက ပြောဖူးပါတယ်။ " မနက်ဖြန်ဆိုတာ အဝေးကြီး။ နောက်ဘ၀ဆိုတာ နီးနီးလေး " တဲ့။ လူ့ဘ၀ဆိုတာ ဒုက္ခတွေခံနေရရင် ရှည်ကြာလွန်းတယ်လို့ ထင်တတ်ကြပါတယ်။ သုခတွေ ခံစားနေရရင်တော့ မြန်တယ်လို့ ထင်ပြန်ရော။ ဒါပေမဲ့ ဆရာတော်ကြီး စကားနဲ့ ပြောရရင်တော့ ဘ၀ဆိုတာ ခဏလေးပါဗျာ။ ဒီတော့ ကျွန်တော်တို့ နေနေရတဲ့ ခဏ ကောင်းတာလေးတွေနဲ့ လိုတဲ့လူတွေကို ပေးဆပ်ရင်း လောကကြီးကို အလှဆင်လို့ ဘ၀ဆိုတာကို ဖြတ်သန်းကြည့်ကြရအောင်ပါ။ ။

ဆူးသစ်
၁၉း ၄၅ နာရီ
၁၇.၁၂.၂၀၁၁



Thursday, December 15, 2011

" အဲဒီလို မလုပ်ကြပါနဲ့ "


နှစ်ခါရှိပါပြီ။

ထိုနှစ်ခါစလုံး ကြားရတိုင်း ကျွန်တော်ရင်နင့်ခဲ့ရသည်။ ထိုသတင်းမျိုးကို ကျွန်တော်မကြားချင်ပါ။ ကြားလည်း မကြားဝံ့ပါ။ ကြားလည်း မကြားသင့်ပါ။ တခြားမဟုတ်။ မြန်မာမိန်းကလေး နှစ်ယောက် ကိုယ့်ကိုယ်ကို သတ်သေရန် ကြိုးစားခဲ့သည့် ကိစ္စပါ။ ပထမတစ်ကြိမ်မှာတော့ လေးထပ်က ခုန်ချသည်တဲ့။ ထိုမိန်းကလေးကတော့ အထမြောက်သွားခဲ့သည်။

ယခု လတ်တလော ပူပူနွေးနွေး ထပ်ကြားရသည်က လွန်ခဲ့သည့် တနင်္ဂနွေနေ့(၁၁.၁၂.၂၀၁၁)တွင် အိမ်ဖော်ရှာဖွေပေးရေး အေဂျင်စီ တစ်ခုကနေ ထွက်ပြေးလာပုံရသည့် မိန်းကလေးတစ်ယောက် လူသွား ကုန်းကျော် တံတားပေါ်ကနေ ခုန်ချခဲ့မှုပါ။ သူကတော့ လောလောဆယ် မသေသေးဘဲ ဆေးကုခံနေ သည်ဟု သိရပြီး ညာလက်နှင့် ဘယ်ခြေ ကျိုးသွားသည်ဟု သတင်းများက ဆိုခဲ့သည်။ သူ့ဓာတ်ပုံလေးပါ ဖော်ပြ ထားသောအခါ ကျွန်တော့်မှာ ကြည့်ရင်း စိတ်မကောင်း။

ထိုအကြောင်းများ၊ သတင်းများ ကြားပြီးသည့်နောက်မှာ ကျွန်တော့်အတွေးများထဲ၌ ရံဖန်ရံခါ ထိုကိစ္စများကို စဉ်းစားတွေးတော နေမိခဲ့သည်။ အဓိကကတော့ သူတို့ဘာလို့ သည်လို လုပ်သနည်းဆိုသော အကြောင်း။

ပထမတစ်ယောက်က ချစ်သူကြောင့်ဟု သတင်းများအရ သိရသည်။ Facebook မှာတော့ လူများစွာ၏ မှတ်ချက်များစွာကို ဖတ်လိုက်ရသည်။ ကျွန်တော် စဉ်းစားကြည့်သည်။ ကမ္ဘာပေါ်မှာ ချစ်သူနှင့် ကွဲဖူးသူ၊ ချစ်သူထား၍ ကျန်ခဲ့ဖူးသူ ဘယ်နှစ်ယောက် ရှိပါသနည်း။ အများကြီးပါ။ ထိုသူများက ဘာလို့ ကိုယ့်ကိုယ်ကို သေကြောင်း မကြံဘဲ ထိုမိန်းကလေးကျမှ သည်လိုလုပ်ရခြင်းက သူ့ကံကြမ္မာ သူဖန်တီးခြင်းလား။

သူမသည် ပတ်ဝန်းကျင်၊ အပေါင်းအသင်းနှင့် ကင်းကွာသူလားဟု စဉ်းစားကြည့်သည်။ သူမ အကြောင်းများကို ဖတ်ရစဉ်က ကွန်ပျူတာနှင့်သာ အမြဲထိတွေ့နေပြီး သူ့ဘာသာ နေလေ့ရှိသည်ဟု သိရသည်။ ထိုအချက်သည် သူမယခုလို ဖြစ်သွားခြင်းထဲမှာ အဓိက အကြောင်းတစ်ခုလည်း ဖြစ်နိုင်သည်။ အကယ်၍ သူမမှာ အနီးကပ် အပေါင်းအသင်းရှိပါက သူမမည်မျှခံစားရသည်ကို သိကာ အနည်းနှင့် အများ ဖျောင်းဖျ ပြောဆိုနှစ် သိမ့်နိုင်လိမ့်မည် ထင်သည်။ အခုတော့ သူမဘာဖြစ်နေသည်ကို ဘယ်သူမျှ မသိသည့် အခြေအနေမျိုးမှာ ရုတ်တရက်ဆိုသလို သူမလုပ်ချင်တာ လုပ်သွားသည်ဟု ကျွန်တော်ထင်သည်။ ကျွန်တော်တွေးမိတာပါ။ မှန်ချင်မှ မှန်ပါမည်။

နောက်တစ်ယောက်ကတော့ အိမ်ဖော်ရှာဖွေပေးရေး အေဂျင်စီတစ်ခုက ထွက်ပြေးလာသည်ဆို၍ အလုပ်ရှာနေဆဲ ကာလမှာ ဖြစ်သွားတာဟု ယူဆနိုင်သည်။ စင်ကာပူမှာ အလုပ်လာရှာသူများကြားမှာ အိမ်ဖော်လုပ်မည့် သူများ၏ ဒုက္ခသည် မသေး။ တကယ်တော့ မသိ၍လာသည်ဟု ကျွန်တော်ထင်မိပါသည်။ ကျွန်တော်တို့ လုပ်ကွက်ထဲက ကောင်လေးတစ်ယောက်က ယခုအိမ်ဖော်မလေး ခုန်ချသည့် ကိစ္စကို ဆွေးနွေးရင်း ပြောဖူး ပါသည်။

သူ့အသိ၊ သူတို့နယ်က ကောင်မလေးတစ်ယောက် စင်ကာပူမှာ အိမ်ဖော်လုပ်ဖို့ ရောက်နေ၍ သွားတွေ့ပါသည်တဲ့။ အေးဂျင့်က ကျွေးသည်ကို မဖြစ်ဖြစ်အောင် စားနေရသည်တဲ့။ လက်ထဲမှာလည်း ပိုက်ဆံကမရှိ။ ပေါင်မုန့်နှစ်ချပ်လောက် စားနေရသည်ကပင် အဟုတ်ကြီး ဟုတ်လို့နေသည်တဲ့။

ကျွန်တော့်အနေဖြင့် အိမ်ဖော်အေးဂျင့်များ အကြောင်းနှိုက်နှိုက်ချွတ်ချွတ် မသိပါ။ သို့သော် စင်ကာပူကို အိမ်ဖော် အလုပ်လုပ်မည်ဆိုပြီး လာသူများအကြောင်းတော့ စဉ်းစားဖြစ်ပါသည်။ သူတို့ တကယ် မသိလေရော့သလား။ စင်ကာပူမှာ အလုပ်လုပ်တိုင်း အထင်ကြီးစရာ ရှိနိုင်ပါသလား။ ငွေကရော မှန်းထားသလို ရပါသလား။ ကျွန်တော့်ပို့စ်အဟောင်းတစ်ပုဒ်ဖြစ်သော ကျွန်တော် Citizen ဆိုသည့် ပို့စ်မှာတုန်းကလည်း ကျွန်တော်ရေးခဲ့ဖူးပါသည်။ အိမ်ဖော်လေးကို အိမ်ရှင်က မတရားကျင့်ဖို့ ကြိုးစား၍ ခုခံပြီး ထွက်ပြေးခဲ့သည့် အကြောင်းပါ။

နောက်တစ်ခုက သတင်းစာထဲက သတင်းတစ်ပုဒ်။ မြန်မာအိမ်ဖော်မလေးတစ်ယောက်က အိမ်ရှင်များ မရှိချိန်မှာ အိမ်ရှင်၏သား၊ ကလေး၏ ကွန်ပျူတာကို သုံးကာ သူမ၏ ခန္ဓာကိုယ်ကို မလုံမလဲ ၀တ်ဆင်ပြ၍ အင်တာနက်တွင် တင်ထားကြောင်း၊ အိမ်ရှင်မှ သိသောအခါ အေးဂျင့်ကို ပြန်အပ် လိုက်ရကြောင်း စသည်ဖြင့် ဖတ်လိုက်ရသည်။

ကျွန်တော်ပြောချင်သည်က သူများနိုင်ငံမှာ အလုပ်လာလုပ်သည့်အခါ ကျွန်တော်တို့မှာ စောင့်ထိန်းရသည့် ကျင့်ဝတ်များက များလှသည်။ ကိုယ့်ပြည်ကိုယ့်ရွာ မဟုတ်သောအခါ လုပ်ချင်သည်ကို လုပ်ချင်တိုင်း လုပ်လို့မဖြစ်။ ထိုသို့မဖြစ်သည့်ကြား သူများတိုင်းပြည်က မလုပ်ရပါဆိုသည်ကိုပင် လုပ်ကြည့်ချင်သည့်အခါ မိမိသာ ခံရဖို့ပင်ရှိပါတော့သည်။ ထိုသို့ မလုပ်ရသည်များ များလာသောအခါ မွန်းကျပ်လာတတ် ပါသေးသည်။ ထိန်းချုပ်ခံရပါများသောအခါ လုပ်သင့်၊ မလုပ်သင့်သည်ကို မစဉ်းစားတော့ဘဲ လုပ်ချင် တာသာ လုပ်လာကြတော့သည်။ ယခုတော့ ကိုယ့်ကိုယ်ကိုပင် သေကြောင်းကြံသည့် အဆင့်သို့ ရောက်ခဲ့ ရတော့သည်။ ကျွန်တော့်အမြင်ပါ။

ကျွန်တော်သည် ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်၍ ကံ ကံ၏အကျိုးကို ယုံကြည်ပါသည်။ ယခင်ဘ၀က ပြုခဲ့သော ကံကိုဖြင့် ရှောင်လွှဲ၍ မရနိုင်ပါ။ သို့သော် မိမိကိုယ်ကို သေကြောင်းကြံချင်လောက်အောင်ဖြစ်လာခဲ့လျှင်ဖြင့် တရားဓမ္မဖြင့် ဖြေသိမ့်ခြင်း သို့မဟုတ် သူငယ်ချင်းအပေါင်းအသင်း၊ ဆွေမျိုး၊ မိဘ စသူတို့ထံမှ အကြံဥာဏ်များ တောင်းခံခြင်းတို့ လိုအပ်လှပါသည်။

ယခုတိုက်ပေါ်က ခုန်ချ၍ ဆုံးသွားသော မိန်းကလေးနှင့် တံတားပေါ်က ခုန်ချ၍ ဆေးရုံရောက်နေသော မိန်းကလေး နှစ်ဦးစလုံးမှာ သူတို့သာလျှင် ဆုံးရှုံးရကြောင်း နောက်ဆုံးမှသိရှိရသည့် သဘောဖြစ်သွားလေသည်။ သူတို့မိဘ၊ မောင်နှမ၊ ဆွေမျိုးသားချင်းများ ဆိုလျှင်လည်း ရင်ထုမနာ ဖြစ်ကြ ရတော့မည်။ သို့သော် ယခုအချိန်မှာ ဘာတတ်နိုင်ပါတော့မည်နည်း။ ၀မ်းနည်းခြင်း၊ ပူလောင်ခြင်း၊ ကြေကွဲခြင်းတို့သာ သူတို့ သမီးမိန်းကလေး အတွက် ခံစားနေကြရှာရော့မည်။

တကယ်တော့ နိုင်ငံခြားထွက် အလုပ်လုပ်သည် ဆိုခြင်းမှာ စဉ်းစားစရာများစွာ ရှိပါသည်။ ငွေကြေး တစ်ခုတည်း မျက်စိမှိတ်၍ ဇွတ်ဆုံးဖြတ်သည့် အတွေးမျိုး၊ ထွက်ရပြီးရော၊ စင်ကာပူရောက် ပြီးရောဆိုသည့် အတွေးမျိုးနှင့်တော့ မလာသင့်ပါ။ စင်ကာပူရောက်ပြီးလျှင်တောင်မှ လူမှုအသိုင်းအ၀ိုင်းက ကင်းကွာ၍ နေမရပါ ဆိုသည်ကိုလည်း နှလုံးသွင်း ထားသင့်ပါသည်။ စင်ကာပူမှာ မြန်မာများစွာ ရှိပါသည်။ လူမှုအသိုင်းအ၀ိုင်းက အလိုလိုလက်ခံထားသော စည်းများလည်း ရှိပါသည်။ ဆွေမျိုးမရှိလျှင်တောင် အပေါင်းအသင်းတော့ ရှိလာဦးမည် ဖြစ်ရာ အကြံဥာဏ်များလည်း တောင်းခံသင့်လှပါသည်။

စိတ်ညစ်သည် ဆိုပြီး ခဏခဏ ခုန်ချနေလျှင် ကြာလျှင် တစ်ယောက်မှသည် တစ်ရာ ဆိုသလိုဖြစ်လာနိုင်ပါသည်။ စလုံးမလေးများ ဘောင်းဘီတို ၀တ်၍ လိုက်ဝတ်ကြသော မြန်မာမလေး များကို တွေ့ရစဉ်က တစ်မျိုးဖြစ်မိသော ကျွန်တော့်အတွက် ယခုကိစ္စမျိုးထက် ဘောင်းဘီတို ကိစ္စက တော်ပါသေးလားဟု ပြန်တွေးရမလို ဖြစ်သွားလေသည်။ သို့သော် ဘောင်းဘီတိုကိစ္စ ဓာတ်ကူးသလိုတော့ဖြင့် မြန်မာမိန်းကလေးများကြား စလုံးက ကိုယ့်ကိုယ်ကိုသေကြောင်းကြံသည့် ကိစ္စမျိုး ဓာတ်မကူးစေချင်ပါ။

ကျွန်တော့်အနေဖြင့် ကိုယ့်လူမျိုး မြန်မာမိန်းကလေး ငယ်ငယ်ကလေးများ အရွယ်ကောင်းချိန်မှာ အသေဆိုးဖြင့် မသေစေလိုပါ။ အညွန့်လို တလူလူတက်ချိန်တွင် စင်ကာပူမှာ လိုချင်တာမရပါကလည်း ကိုယ့်ပြည်ကိုယ့်ရွာမှာ မိဘ၊ ဆွေမျိုးသားချင်းနှင့် အေးအေးချမ်းချမ်း ပြန်နေရင်း ဘ၀ပြန်စစေချင်ပါသည်။

ကျွန်တော်တို့လည်း စိတ်ညစ်စရာများစွာ ရှိနေပါသည်။ အလုပ်မှာအဆင်မပြေဖြစ်သည်က ခဏခဏ။ ထူးပင်မထူးဆန်းတော့။ မိုးလင်းမိုးချုပ် အလုပ်လုပ်၍ ဘ၀ပျောက်နေသော နိုင်ငံမှာ ကိုယ့်ပျော်ရွှင်မှုကို ကိုယ့်ဘာသာရှာယူနေရရာ နေတတ်မှသာ တော်မည်ဖြစ်သော စင်ကာပူဟုသာ ဆိုရပေမည်။ သည်လိုစိတ်ညစ်တိုင်းသာ အမြင့်တစ်နေရာရာက ခုန်ချရလျှင်ဖြင့် ကျွန်တော်တို့မြန်မာများ စင်ကာပူမှာ ဘယ်ကျန်ပါတော့မည်နည်း။ City Hall က Peninsula Plaza မှာ ကြုံနေရသော မြန်မာများထဲမှာ အလုပ်ကြောင့်စိတ်မညစ်ဖူးသူ ရှိပါသလားဟု လိုက်မေးကြည့်လျှင်ပင် ဟားတိုက်ခံရနိုင်ပေသည်။ အချစ်ရေးကြောင့် အသည်းကွဲနေသူများလည်း ရှိပါလိမ့်မည်။ သည်တော့ လောကကြီးမှာ ကိုယ်တစ်ယောက်တည်း စိတ်ညစ်စရာများ စုပြုံကျနေသည်ဟု မထင်မိပါစေနှင့်။

ကျွန်တော့်အနေနှင့်တော့ မြန်မာမိန်းကလေးများကို ထပ်မံတောင်းပန်ချင်ပါသည်။ အဲသည်လိုတော့ဖြင့် မလုပ်ကြပါနှင့်ဟု။ တိုက်ပေါ်၊ တံတားပေါ်က ခုန်ချမည်ကြံတိုင်းလည်း ကိုယ့်မိဘ၊ ကိုယ့်မောင်နှမ၊ ကိုယ့်ဆွေမျိုး မျက်နှာလေးများကို ပြန်မြင်ယောင်ကြည့်ကြပါဟု အနူးအညွှတ် မေတ္တာရပ်ခံ ချင်ပါတော့သည်။ ။

ဆူးသစ်
၂၂:၂၂ နာရီ
၁၅.၁၂.၂၀၁၁


Monday, December 12, 2011

" ကျွန်တော်တို့သည် "(၁၉)


ကျွန်တော်တို့ တတိယနှစ်၊ ရန်ကုန်စက်မှုတက္ကသိုလ်ရောက်သည့်အခါ ၁၉၉၅ခုနှစ်ထဲမှာရှိသေးသည်။ ကျွန်တော်က Mechanical ကိုရသည်။ သွင်မောင်မောင်၊မင်းဘုန်းလှိုင်၊ကိုအောင်ကျော်သက်၊ကျော်မင်းမင်း အစရှိသူတို့သည် ကျွန်တော်နှင့် မက်ခ်မှာလာဆုံသည်။ ကျွန်တော်တို့ကျောင်းမှာ Mechanical ကို မက်ခ်( Mech) ဟု အတိုခေါ်ကြ၏။ အတန်းများကိုလည်း တတိယနှစ်ဆိုလျှင် သုံးတန်း၊ စတုတ္ထနှစ်ဆိုလျှင် လေးတန်း စသည်ဖြင့်ခေါ်ကြ၏။ ကျောင်းကလူတွေ အချင်းချင်းကတော့ အလွယ်တကူ နားလည်ကြသည်။

ကျောင်း၏ထုံးစံအတိုင်း တတိယနှစ်မှာ သက်ဆိုင်ရာမေဂျာအလိုက် Fresher Welcome များလုပ်ကြသည်။ ပထမနှစ်တုန်းကလည်း တစ်ကျောင်းလုံးအတွက် Welcome အခမ်းအနားလုပ်ကြ၏။ ကျွန်တော်တို့ တက်နေစဉ်က ပါမောက္ခချုပ်သည် ဆရာကြီး ဦးကြင်စိုး။ Mechanical Department ၏ ဋ္ဌာနမှူးသည် ဆရာ ဒေါက်တာချမ်းငြိမ်း။ ထိုဆရာနှစ်ယောက်၏ ပညာရေး နောက်ခံ အကြောင်းများက မွှေးလှသည်။ ကျွန်တော်သိရသလောက်ဆိုလျှင် ဆရာချမ်း( ဆရာဒေါက်တာချမ်းငြိမ်းကို ကျွန်တော်တို့တပည့်များက ချစ်စနိုးဖြင့် ဆရာချမ်းဟု ခေါ်ပါသည်။) သည် ကျောင်းသားဘ၀က အတန်းတိုင်း၏ Roll-1 ဟုဆိုကြသည်။ ကျွန်တော်တို့ကျောင်းမှာ မေဂျာမှာပဲဖြစ်ဖြစ်၊ ပထမနှစ်နှင့် ဒုတိယနှစ်ပဲဖြစ်ဖြစ် ခုံနံပါတ် တစ်ဆိုလျှင် စာတော်သူဟု သိပြီးသား။ ထို့ကြောင့် နောက်ဆုံးနှစ်အထိ အတန်းတိုင်း၏ ခုံနံပါတ်တစ်ဆိုလျှင် စဉ်းစားသာကြည့်စေချင်ပါသည်။

ဆရာကြီး ဦးကြင်စိုးနှင့် ဆရာချမ်းသည် နှစ်ယောက်စလုံး အမေရိကားမှ ဘွဲ့ရသူများဟု ဆိုကြသည်။ ဒါကိုတော့ သိသူများရှိလျှင် ထပ်ဖြည့်စေချင်သည်။ ကျွန်တော်တို့က နားကြားသာရှိတာဖြစ်သည်။ လွဲချင်လည်း လွဲနိုင်သည်။ သို့သော် ကျွန်တော်တို့ကျောင်း၏ ပါ/ချုပ် နှင့် ကျွန်တော်တို့မေဂျာ၏ ဋ္ဌာနမှူးသည် မက်ခ်မှဖြစ်ပြီး အမေရိကားမှ ဘွဲ့ရခဲ့သည် ဆိုသောအချက်ကတော့ ကျွန်တော်တို့လို မက်ခ်ကျောင်းသားများ၏ ဂုဏ်ယူစရာ တစ်ခုဖြစ်ခဲ့ပါသည်။

ကျွန်တော်တို့မေဂျာ၏ Fresher Welcome မှာ ဆရာချမ်းပြောခဲ့သည်ကို ကျွန်တော်မှတ်မိတာ တစ်ခုရှိသည်။ ကျွန်တော်တို့ မက်ခ်သည် ကျောင်းဘောလုံးမှာ နှစ်စဉ် ဒို်င်းရသည်။ ဆရာချမ်းက ပြီးခဲ့သည့်နှစ်က မြို့ပြနှင့် တွဲယူခဲ့သည်မှာ နှစ်တိုင်းမက်ခ်ကချည်းရနေ၍ ထိုနှစ်မှာ ပူးတွဲယူခဲ့ပြီး ဒိုင်းကို Civil နှင့်ခြောက်လစီ သိမ်းထားချင်၍ ဖြစ်သည်တဲ့။ ကျွန်တော်တို့ ပျော်၍ ရယ်မောခဲ့ရသည်။ ဟုတ်လည်းဟုတ်သည်။ မက်ခ်သည် ယောက်ျားလေးများ၍ ဘောလုံးကန်လျှင် နိုင်ဖို့များတာ ဒုတိယနှစ်ကတည်းက ကျွန်တော်တို့သိခဲ့သည်ပဲ။ ကျွန်တော်တို့ပင် ဒုတိယနှစ် အတန်းသားများ အနေဖြင့် မက်ခ်ကို ကလော်တုတ်ခဲ့ကြသေးသည်။ ခုတော့ ကိုယ်တိုင် စက်မှုဘာသာရပ်၏ တတိယနှစ်ကျောင်းသား အဖြစ် ဂုဏ်ယူစွာ ရပ်တည်ခဲ့ပြန်လေသည်။

ကျွန်တော်တို့ Fresher Welcome မှာ အခြားသော ကျောင်းများ၏ ထုံးစံအတိုင်း King နှင့် Queen ကို ရွေးကြသည်။ မဲပေးပြီး ရွေးကြသောအခါ ကျွန်တော်တို့မှာ နာမည်များလည်း မသိသေး၍ အချင်းချင်း လက်တို့ မေးပြီး ကြိုက်လျှင် မဲပေးကြ၏။ ယောက်ျားလေးတို့ ထုံးစံ Queen ကို အားလုံး တစ်ပြေးညီ မဲပေးကြပြီးသောအခါ King ကိုတော့ ဘယ်သူ့ပေးရမှန်း မသိခင်မှာပင် တခြားယောကျာ်းလေးများက အတန်းထဲက သူငယ်ချင်းတစ်ယောက်ကို ၀ိုင်း၍ မဲပေးလိုက်ကြ၏။

အမှန်အတိုင်း ပြောရလျှင်လည်း ကျွန်တော်တို့နှစ်၏ King နှင့် Queen သည် သူတို့ရရှိသော ဂုဏ်ဒြပ်များနှင့် ညီပါပေသည်ဟု ဆိုရမည် ဖြစ်သည်။ အားလုံးသည် ချောချောလှလှနှင့် ခန့်ခန့်များ။ သူတို့နာမည် အရင်းများကိုတော့ ကျွန်တော်မမှတ်မိတော့ပါ။ အဘယ့်ကြောင့်ဆိုသော် သူတို့ထိုဘွဲ့များ ရပြီးကတည်းက သူတို့နာမည် အရင်းများလည်း တစ်ခါမျှ မခေါ်ခဲ့။ ယနေ့အထိ Facebook မှာ ကျွန်တော်တွေ့လျှင် Queen ကို Queen ဟုသာခေါ်ပြီး King ကိုတော့ ကျောင်းတုန်းကတည်းက King ဟုသာ ခေါ်ခဲ့၍ ယခုလည်း Facebook မှာ ရှာနေဆဲပင်။ ကျွန်တော်မမေ့သေးသည်က သူတို့ကို King နှင့် Queen အဖြစ် ကြေငြာအပြီး Crown များဆောင်းပေးခဲ့တာ ဖြစ်သည်။ ပြန်တွေးသည့် အခါတိုင်း ပြုံးနေဖြစ်ပါသေးသည်။ သည်ဘက်ခေတ် ကျောင်းသားဝတ်စုံနှင့် ထို အဆောင်အယောင်များမှာ ရယ်စရာကြီး ဖြစ်နေသည်မဟုတ်လား။

ကျွန်တော်တို့ တတိယနှစ်၊ ရန်ကုန်စက်မှုတက္ကသိုလ်၏ စာသင်နှစ်ကာလမှာ ထူးခြားတာ တစ်ခုရှိပါသည်။ ၁၉၂၀ ခုနှစ်တုန်းက စတင်တည်ထောင်ခဲ့သော ရန်ကုန်တက္ကသိုလ်သည် ၁၉၉၅ခုနှစ်သို့ ရောက်သောအခါ (၇၅) နှစ်ပြည့် စိန်ရတုသဘင် အခမ်းအနားသို့ ရောက်ရှိခဲ့လေသည်။ ထို့ကြောင့် ကျွန်တော်တို့ ကျောင်းတက်နေစဉ်ကာလမှာပင် တက္ကသိုလ် စိန်ရတုနှင့်ကြုံရလေရာ ပျော်ရွှင်ဝမ်းမြောက် စရာ ဖြစ်လို့နေပါတော့သည်။

ထိုအချိန်၌ ကျွန်တော်တို့ကျောင်းတွင် စိန်ရတုအထိမ်းအမှတ် ကဗျာ၊ ၀တ္ထုတို၊ ဆောင်းပါး ပြိုင်ပွဲများ ကျင်းပရာ နဂိုကတည်းက စာပေ၀ါသနာပိုးရှိသူ ကျွန်တော့်မှာ မနေနိုင်၊ မထိုင်နိုင် ၀င်ပြိုင်ခဲ့မိပါသည်။ သို့သော် မည်သည့်ဆုမျှ မရခဲ့။ ထိုစဉ်က Civil က၀င်ပြိုင်သော နာမည်လေးလုံးနှင့် အစ်မတစ်ယောက်မှာ သူချည်းသာ ပထမရခဲ့လေသည်။

ကျွန်တော်သည် ထိုစဉ်က ရန်ကုန်တက္ကသိုလ်၏ စိန်ရတုအတွက် ကဗျာများစွာကို ခံစားရေးသားထားရာ ထိုကဗျာများကို မဂ္ဂဇင်းသို့လည်း ပို့ဖြစ်ခဲ့ပါသေးသည်။ ထိုသို့ပို့ခဲ့သည့် ကဗျာများထဲမှ ရွှေသမင် မဂ္ဂဇင်းသို့ ပို့ခဲ့သော အောက်ပါကဗျာမှာ ထိုစဉ်က ရွှေသမင် မဂ္ဂဇင်းတွင် ကဗျာအယ်ဒီတာ အဖြစ်တာဝန်ယူနေသူ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)က ကြိုက်နှစ်သက်၍ သူထုတ်ဝေနေသော အရိန္ဒမာမဂ္ဂဇင်းတွင် လွှဲယူဖော်ပြခဲ့လေသည်။

"ချစ်ခြင်းများစွာဖြင့်"

ကြည့်စမ်းပါဦး
အပြုံးမပျက်၊ ခရီးဆက်ကာ
အသက်ရှည်သမျှ
အခက်ပွေကြလည်း
(သူမကတော့...........)
အရှက်တွေနဲ့လှဆဲပင်။

၇၅-နှစ်
ချစ်ချစ်စရာ၊ ကာလကျော်ဖြတ်
မားမားရပ်လို့၊ မပြတ်သမုဒယ
ခွဲခွာကြသူ၊ မျှယူခံစား
အဆွေးတွေကြားထဲ
ဝေးနေငြားလည်း ချစ်ဆဲပင်။

နွေထဲဆိုလျှင်
ရော်ကျင်ညှိုးခြောက်၊ သစ်ခေါက်သစ်ရွက်
ပင်ထက်မှကျ၊ ထိုခဏတောင်
သူမအလှ မကွယ်ဝှက်။

မိုးထဲဆိုလျှင်
ရေစင်ဆွတ်ဖျန်း၊ တက်ကြွလန်းလို့
ပန်းတို့လည်းလှ၊ သူလည်းလှလို့
သူမအလှ မဖုံးကွယ်။

ဆောင်းထဲမှာလည်း
အမြဲအေးချမ်း၊ မြူငွေ့လွှမ်းထား
ဘယ်ဘယ်နားကြည့်၊ ချမ်းမြေ့မိကာ
သူမသာပဲ လှနေဆဲ။

အိုတက္ကသိုလ်
အရှက်ပိုလှ၊ ကာလများစွာ
ထာဝရမပမ်း၊ ခရီးကြမ်းနှင်
လမ်းထွင်လျှောက်လှမ်း၊ ရာသီလမ်းမှာ
တမ်းတမ်းတတ၊ အဝေးမှလူ
ပျော်ကြပါးကြ၊ အနီးမှလူ
ဘယ်သူခွဲခွဲ၊ အမြဲတမ်းပြုံး
အမုန်းမဖက်၊ မေတ္တာယှက်ကာ
တစ်သက်တာကာလ
အစဉ်ထာဝရသာ
အကြင်နာအချစ်ဟောင်းများဖြင့်
နှစ်ပေါင်းများစွာနွှဲနိုင်စေ ။ ။


ကျွန်တော်တို့သည် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားများအဖြစ် ရန်ကုန်တက္ကသိုလ်၏ စိန်ရတုသဘင် အခမ်းအနားကို ကြုံခဲ့ရသူများ ဖြစ်ခဲ့ကြ၏။ ကျွန်တော်တို့သည် လေးစားစရာ ကောင်းသော ဆရာကြီးများ၏ အုပ်ချုပ်မှုနှင့် သွန်သင်ဆုံးမမှုများ အောက်မှာ ကျွန်တော်တို့၏ ပညာသင်နှစ်များကို ဖြတ်သန်းခဲ့ရ သူများ ဖြစ်ခဲ့ကြ၏။ ကျွန်တော်တို့သည် ကျွန်တော်တို့ကို နွေးထွေးစွာ ကြိုဆိုခဲ့ကြသော Fresher Welcome များကို ဖြတ်သန်းရင်း မောင်နှမရင်းချာများသဖွယ် စကြ၊ နောက်ကြရင်း၊ King နှင့် Queen များကိုလည်း ရွေးကာ ဘ၀တစ်လျှောက် ခင်စရာကောင်းသည့် သူငယ်ချင်းများကို ရခဲ့သူများလည်း ဖြစ်ခဲ့ကြ၏။ ။

ဆူးသစ်
၂၀:၅၇ နာရီ
၁၂.၁၂.၂၀၁၁



Wednesday, November 30, 2011

" မူသူးရဲ့အချစ် မူသူးရဲ့မေတ္တာ " (၂)


ကျွန်တော့်လုပ်ကွက်ထဲက အိန္ဒိယလူမျိုးတစ်ဦးဖြစ်သူ အီနာချီမူသူး ဆိုသော အလုပ်သမားလေးနှင့်ပတ်သက်၍ 'မူသူးရဲ့အချစ် မူသူးရဲ့မေတ္တာ' ဆိုသည့် စာတစ်ပုဒ်ကို ကျွန်တော်တင်ခဲ့ဖူးသည်။

ထိုစဉ်က မူသူးသည် သူ့မိန်းမကို အင်မတန်ချစ်တတ်သော အိမ်ထောင်သည်ယောကျာ်း တစ်ယောက်ဖြစ်သည် ဟု ကျွန်တော်ရေးခဲ့သည်။ သူ့မိန်းမကိုချစ်၍ ဖုန်းပြောရင်းမှာပင် ဟန်းဖုန်းကို နမ်းတတ်သူ။ မနက်၊ နေ့လယ်၊ ညနေ စသည်ဖြင့် တစ်ရက်ကို ဖုန်းသုံးကြိမ်ခေါ်ရမှ နေပျော်သူ။ အိမ်ကို ခွင့်နှင့်ပြန်ရ ခါနီး လေယာဉ်ပျံများကိုကြည့်၍ စိတ်ကူးယဉ်နေတတ်သူ။ သူ့အနာဂတ် ရည်မှန်းချက်များနှင့် အလုပ်ကို သိမ်းကြုံးလုပ်ပြီး ဘ၀ကို စင်ကာပူမှာ မြှုပ်နှံကာ ကျေနပ်နေသူ။ ကျောင်းဆရာမ ဇနီးသည်ကို ချစ်သလို သူ့ကလေးနှစ်ယောက် အတွက်လည်း ဖခင်ပီသလွန်းသူ။ သည်လိုအကြောင်းများကို မူသူးနှင့်အတူ အလုပ်လုပ်ရင်း ကျွန်တော်သိခွင့်ရခဲ့သည်။

ယခုလက်ရှိလုပ်နေသော လုပ်ငန်းခွင်မှာမူသူးနှင့် ကျွန်တော်ပြန်ဆုံရသည်။ တစ်ရက်မှာ မူသူးကျွန်တော့်ကို ရင်လာဖွင့်၏။

" Safety Sir, ငါ့မှာ စိတ်ညစ်စရာ ကိစ္စရှိတယ်။ မင်းကို ပြောပြလို့ရမလား "

" ရတယ်၊ ပြောလေ "

တကယ်တော့ ကျွန်တော် သူ့မျက်နှာကို ကြည့်ရင်း မူသူးဘာဖြစ်လာပါလိမ့် ဟုလည်း တစ်ပြိုင်တည်းမှာ တွေးနေ မိသည်။

" ငါ့မိန်းမတော်တော်ဆိုးနေတယ် "

" ဟာ-ဘာဖြစ်လို့လဲ "

မူသူးက သူတော်တော်ချစ်သော သူ့မိန်းမကို ဆိုးသည်ဟု ဆိုနေသောအခါ ကျွန်တော်အံ့အားသင့်မိသည်။

" ငါဒီကနေ ရှာလို့ရသလောက် ငွေတွေပြန်ပို့နေတယ်။ အဲဒါ အခုငါ့မိဘတွေက ငါ့ကို လှမ်းပြောတယ်။ သူတို့မှာ စားစရာမရှိတော့ဘူးတဲ့။ ငါ့မိန်းမက သူ့အိမ်ကိုပဲ ပေးတယ်။ ငါ့မိဘကို လုံးဝမပေးဘူးတဲ့။ အခု ငါ့မိဘတွေ စားစရာ မရှိတော့ဘူး။ ငါဘယ်လို လုပ်ရမလဲ။ ငါ့မိန်းမကို ငါ အရမ်းစိတ်ဆိုးနေပြီ "

" မင်းက မင်းမိဘကို တကယ်ငွေပေးချင်တာလား "

" ဟုတ်တယ်။ ငါ တော်တော် စိတ်မကောင်းဘူး "

" ကောင်းပြီ။ ဒါဆို မင်းမိန်းမကို မပြောနဲ့။ သူက မင်းမိဘတွေကို ပေးချင်တာမဟုတ်ဘူး။ အဲဒီတော့ မင်းမိဘကို မင်းတတ်နိုင်သလောက် နည်းနည်းချင်းပေး။ အိုကေလား။ မင်းမိန်းမကိုတော့ မင်းရတာ အကုန်မပေးတော့နဲ့ပေါ့။ မင်းမိဘကိုပါ မင်းမိန်းမကို သွားမပြောမိစေဖို့ ကြိုပြောထားလိုက်။ ဟုတ်ပြီလား "

မူတူးခေါင်းညိတ်ရင်း ဟာ-သူအဲဒီလို မတွေးမိပါလားဟု ကျွန်တော့်ကို ပြောသည်။ ထိုအတိုင်း လုပ်မည်တဲ့။ ကျွန်တော့်အနေနှင့်ကတော့ သူများလင်မယားကြား ၀င်ရောက်ပြောရသည်ကို သိပ်မကြိုက်သော်လည်း မူသူးမိန်းမက သူ့အိမ်ဘက်ကိုသာ ပေး၍ မူသူးမိဘများက စားစရာပင် မရှိတော့ဆိုသော စကားကို ကြားရသောအခါ မူသူးမိန်းမ၏ စိတ်ဓာတ်ကို ရှုတ်ချမိသလို မူသူးမိဘများအတွက်လည်း စိတ်မကောင်း ဖြစ်မိသည်။

နောက်တော့ မူသူး၏ တမှိုင်မှိုင် တတွေတွေနေပုံကို သိပြီး လုပ်ကွက်ထဲက အလုပ်သမားလေးများက ၀ိုင်း၍အကြံပေးကြသည်။ သူတို့လည်း ကျွန်တော့်အကြံလိုပဲ ပေးကြ၏။ အလုပ်သမားလေးများက ကျွန်တော့်ကို လာပြောကြသည်။

" အစ်ကိုလည်း အဲဒီလို အကြံပေးတယ်လို့ မူသူးက ပြောတယ် "

" အေးလေကွာ။ တရားမှ မတရားတာ။ သူ့ယောကျာ်းရှာတဲ့ ပိုက်ဆံမို့ သူရသင့်ပါတယ်။ ဒါပေမဲ့ မူသူးမိဘတွေ ငတ်နေကျတော့ ပစ်ထားပြီး သူ့မိဘတွေကိုချည်းပဲ ထောက်နေတာတော့ မမျှတဘူးလေ။ ဒါကြောင့် ငါလည်း အဲဒီလိုပဲ အကြံပေးလိုက်တာ။ မင်းတို့လည်း အတူတူပဲမဟုတ်လား။ မတရားတာတော့ ဘယ်သူက ခံပါမလဲ။ အားလုံးက ခံယူချက် အတူတူပဲဟာ "

သည့်နောက်ပိုင်း မူသူးဘာဖြစ်လဲ ကျွန်တော်မသိတော့။ ကျွန်တော်တို့ ပြောသလို သူလုပ်မလုပ်က လကုန်မှသိရမှာ ဖြစ်သည်။ သို့သော် လမကုန်ခင် မူသူးကျွန်တော့်ဆီ ရောက်လာသည်။

" Safety Sir, ငါ့ကိစ္စအခု အဆင်ပြေသွားပြီ "

"ဟုတ်လား။ ဘယ်လိုလဲ "

" ငါ ငါ့မိန်းမဆီကို ဖုန်းမဆက်ဘဲ ဆယ်ရက်လောက် နေပစ်လိုက်တယ်။ သူမနေနိုင်ဘူး။ ငါ့ဆီဖုန်းခေါ်တယ်။ ငါလုံးဝမကိုင်ဘူး "

အာဂ မူသူးပါလားဟု ကျွန်တော်တွေးဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် သူ့မိန်းမကို ဘယ်လောက် ချစ်သည်ကို ကျွန်တော်သိနေသည်ပဲ။ သူ့အကြောင်းရေးထားသည့် အပိုင်း တစ်ကို ပြန်ဖတ်ကြည့်လျှင်ပင် သူ့မိန်းမကို မည်မျှချစ်ကြောင်း ပေါ်လွင်လွန်းလှသည်။

" ဒါနဲ့ နောက်ဆုံး တစ်ကြိမ်မှာ ငါဖုန်းနားထောင်တယ်။ သူတောင်းပန်တယ်။ ငါရှင်းပြလိုက်တယ်။ သူလုပ်တာမှန်လား၊ မှားလား စဉ်းစားဖို့။ သူပြောတယ်။ သူမှားပါတယ်တဲ့။ နောက်ဆို ငါ့မိဘတွေကိုပါ ထောက်ပံ့ပါမယ်တဲ့ "

ကျွန်တော် မူသူးအတွက် ၀မ်းသာသွားမိပါသည်။ အားလုံးအဆင်ပြေသွားပြီကိုး။ နောက်မို့ဆို သူ့ကိုကြည့်ရတာလည်း တမှိုင်မှိုင် တတွေတွေနှင့်။ အခုတော့ မူသူးမိန်းမ ဆင်ခြင်သွားသည်က အားလုံးအတွက် အကောင်းဆုံး အခြေအနေကို ဖန်တီးပေးလိုက်သလို ဖြစ်သွားသည်။

ကျွန်တော်ကတော့ မူသူး၏ စိတ်ကို စဉ်းစားနေသည်။ သူတော်တော်ချစ်သော မိန်းမတစ်ယောက်။ ကလေးများပင် ရှိနေလေပြီ။ ဖုန်းပြောရင်းပင် တရွှတ်ရွှတ်နမ်းနေသော မိန်းမကို သူ့မိဘများ ငတ်နေသည်ကို ပစ်ထားသောအခါ သည်းမခံနိုင်ဖြစ်ကာ အဝေးက ဖုန်းခေါ်သည်ကိုပင် မသိကျိုးကျွန်ပြုခဲ့သည်တဲ့။ သည်နေရာမှာ မိန်းမထက် မိဘကို ပိုချစ်လို့ဟု ကျွန်တော်မယူဆပါ။

အဓိက စဉ်းစားမိသည်မှာ ဖြစ်သင့်ဖြစ်ထိုက်သော ကိစ္စတစ်ခုကို မူသူးဖြစ်အောင် လုပ်ချင်ခြင်းဖြစ်သည်ဟုသာ ကျွန်တော်နားလည်ပါသည်။ ယခုကိစ္စမှာ မူသူးမှန်ပါသည်ဟု ဆိုလျှင် အိမ်ထောင်သည် အမျိုးသမီးများပင် ငြင်းမှာမဟုတ်ဟု ကျွန်တော်ထင်သည်။

မည်သို့ပင်ဖြစ်စေ။ မူသူး၏ အချစ်၊ မူသူး၏ မေတ္တာကား သူ့မိန်းမအပေါ်မှာ မပျက်ယွင်းသလို သူ့မိဘအပေါ်မှာလည်း ဆက်လက်တည်ရှိနေသေးသည်ဟု ကျွန်တော်ယုံကြည်နေမိပါသည်။ ။

ဆူးသစ်
၃၀.၁၁.၂၀၁၁
၂၀:၂၄ နာရီ



Thursday, November 24, 2011

" လာမပြောနဲ့ Management "

ကျွန်တော်စင်ကာပူမှာ အလုပ်လုပ်ပြီး သိပ်မကြာခင်မှာ ပိုင်ရှင်သူဋ္ဌေးဆိုသောလူတန်းစား၏ အကြောင်းကို နည်းနည်း သဘောပေါက်လာသည်။ အတ္တကြီး၏။ ငါ့အတွက် ဆိုသည်က လွဲလျှင် ကျန်တာစိတ်မ၀င်စား။ တစ်ခါတစ်ခါများဆို တော်တော်ကို ရက်စက်လွန်းသည်။ ထားပါတော့။

တစ်ခါကျတော့ ကျွန်တော်တို့လုပ်ကွက်ထဲမှာ Management Inspection လုပ်သည်။ လူကြီးများအကုန် လုပ်ကွက်ထဲ လိုက်ကြည့်သည်။ Company အသီးသီးမှ Management ပိုင်းမှ လူများ အကုန်နီးပါး ပါသည်ဆိုပါတော့။

Inspection ပြီးသည့်အခါ ကျွန်တော်တို့ သူဋ္ဌေးက ကြီးကြပ်ရေးမှူးများကို အကုန်ခေါ်ပြီး ဆူပါတော့သည်။ သူစစ်ဆေးရေး လျှောက်ကြည့်စဉ်မှာ ကျွန်တော်တို့ကုမ္ပဏီပိုင် လှေကားတစ်စင်းကို အခြားကုမ္ပဏီမှ အလုပ်သမားများ ယူသုံးနေ၍ ဒေါကန်ခြင်းပါ။ မေးခွန်းများလည်း များလှ၏။ ဘယ်သူခွင့်ပြုတာလဲ၊ ဘာကြောင့် သူများက ယူသုံးတာလဲ၊ စသည်ဖြင့် စုံနေ၏။ မည်သူမျှ မဖြေနိုင်။

နောက်တော့ စုံစမ်းလိုက်တော့မှ အလုပ်သမားလေးတွေ ငှားလိုက်တာဖြစ်သည်။ သည်တော့ ကြီးကြပ်ရေးမှူးများလည်း ဘာမျှမပြောသာတော့။ သူဋ္ဌေးလည်း ဆူပြီးဖြစ်နေ၍ ထူးမှာမဟုတ်မှန်း သိနေလေသည်။ တကယ်တော့ ကြီးကြပ်ရေးမှူးတွေလည်း လုပ်ကွက်ထဲက အထာကို သိနေ၍ ဘာမျှမပြောတော့တာလည်း ပါသည်။

ကျွန်တော်တို့ အလုပ်ထဲမှာ အဆင်ပြေသလို လုပ်ကြရသည့် အခါများရှိသည်။ ဥပမာ-အသုံးလိုသော ပစ္စည်းတစ်ခု ချက်ချင်း ရှာမရချိန်၊ Main Contractor ကလည်း သည်နေ့ပြီးချင်သည် ဆိုသည့် အခါမျိုးမှာ လောကိုလောရတော့သည်။ တခြားကုမ္ပဏီက ပစ္စည်းရှိလျှင် ခဏငှား၊ ပြီးအောင် ဆက်လုပ်။ သည်လိုပဲ သူများကုမ္ပဏီက လိုလာလျှင် အချင်းချင်း ပြန်ငှားနှင့် အားလုံး အဆင်ပြေသည်။

ထိုသို့ အဆင်ပြေသည့်အထဲမှာ အလုပ်သမားချင်း အဆင်ပြေတာက တစ်မျိုးဖြစ်သည်။ မြန်မာ မြန်မာချင်း၊ အိန္ဒိယ အိန္ဒိယချင်း၊ တရုတ် တရုတ်ချင်း၊ မလေး မလေးချင်း၊ ဘင်္ဂလား ဘင်္ဂလားချင်း ပြောဟယ် ဆိုဟယ်ဖြင့် ပြီးသွားသည်။

သိပ်မကြာသေးခင်ကပင် ကျွန်တော်တို့ လုပ်ကွက်ထဲမှာ ထိုသို့ကြုံခဲ့ရသေးသည်။ ကျွန်တော်တို့က Earth Cable များကို ကတုတ်ကျင်းထဲ မြုပ်ချင်သည်။ မြေတူးရမည်။ သို့သော် ကုမ္ပဏီမှာ မြေတူးစက်မရှိ။ ထို့ကြောင့် ကျွန်တော်တို့ဆီက အလုပ်သမားလေးများသည် ပေါက်တူးကိုသုံးရသည်။ အချိန်ကြာသည်။ ပင်ပန်းသည်။ ကြီးကြပ်ရေးမှူးများက တခြားကုမ္ပဏီကို အကူအညီ မတောင်းချင်ကြ။

သူတို့ကလည်း သူတို့အကြောင်းနှင့် သူတို့။ တူးရမှာက အများကြီး။ ခဏခဏတော့ အကူအညီ မတောင်းချင်။ သို့သော် အလုပ်သမားများကလည်း မြေမာသည့်နေရာဆိုလျှင် လူသက်သာ၍ မြန်အောင် စက်နှင့်ထိုးလိုက်စေချင်သည်။ သည်တော့ သူတို့ဘာလုပ်ပါသနည်း။ ရှင်းပါသည်။

တခြားကုမ္ပဏီက မြေတူးစက် မောင်းသူသည် အိန္ဒိယလူမျိုး။ ထိုစက်ကို စောင့်၍ လမ်းပြသူ Banksman ကလည်း အိန္ဒိယလူမျိုး။ ကျွန်တော်တို့ ကုမ္ပဏီက မြေတူးနေသူ အလုပ်သမားလေးများထဲမှာ မြန်မာ၊ အိန္ဒိယ နှင့် ဘင်္ဂလားတို့ပါ၍ ကျန်သူများက အိန္ဒိယလူမျိုးတစ်ယောက်ကို သွားပြောခိုင်းသည်။ ထိုအခါ ကျွန်တော်တို့ အလုပ်သမား အိန္ဒိယလေးမှာ စက်မောင်းသူနှင့် လမ်းပြသူဆီသွားကာ သူတို့ဘာသာ စကားနှင့် လွှတ်ပါတော့သည်။

ခဏနေတော့ ခပ်လှမ်းလှမ်းကနေ သူက လက်မထောင်ပြသည်။ အိုကေ ပြီပေါ့။ ခဏလေး အတွင်းမှာ မြေတူးစက် ရောက်လာသည်။ သူတို့တူးချင်သည့် နေရာကို မေးသည်။ ပြလိုက်၏။ ငါးမိနစ်ပင် မကြာလိုက်။ ပြီးသွားသည်။

မြေတူးစက် ပြန်လှည့်မည်လုပ်တော့ လမ်းပြသူက ကျွန်တော်တို့ဆီက အလုပ်သမားလေးတွေဆီကို ကပ်ပြီး တစ်ခုခုပြောသည်။ ကျွန်တော်ဘာမျှမပြော။ စောင့်ကြည့်နေစဉ်မှာ မြန်မာအလုပ်သမားလေး တစ်ယောက်က ကွမ်းယာတစ်ယာ ထုတ်ပေးတာတွေ့သည်။ ကျေးဇူးတွေတင်ပြီး ပြုံးပြုံး ပြုံးပြုံးဖြင့် ထွက်သွားတော့၏။ လက်စသတ်တော့ သူက ကွမ်းယာစားချင်၍ လာတောင်းတာကိုး။

သဘောက ကျွန်တော်တို့ကို သူတို့ကူညီသည်။ သူတို့စားချင်သည်ကို ကျွန်တော်တို့ဆီက အလုပ်သမားလေးများက ပြန်ကျွေးသည်။ ပြီးပြီပေါ့။ ဘာ Management မျှ မပါ။ တချို့ကြီးကြပ်ရေးမှူးများဆို သူတို့ မပြီးနိုင်ဘူးထင်ထားသော အလုပ်များကို အလုပ်သမားများက သူတို့နည်း သူတို့ဟန်ဖြင့် ဖြေရှင်း လိုက်သည့်အခါ ခဏလေးနှင့် ပြီးသွားသည်ကိုပင် ကြုံရ၍ မယုံနိုင်ကြ။ သူတို့မသိလိုက်သော ပေါင်းသင်း ဆက်ဆံရေးမျိုးဖြင့် အလုပ်သမားများက အလုပ်ကို ပြီးအောင် လုပ်သွားခြင်းပင်။ ထိုအခါ အလုပ်သမားလေးများလည်း နားချိန်ပိုရသည်လေ။

ရံဖန်ရံခါတော့ တခြားကုမ္ပဏီက လာ၍ အကူအညီတောင်းသောကြောင့် ကူလိုက်ရတာလည်း ရှိသည်။ သူတို့ကလည်း ကျေးဇူးများ တင်လို့။ သည်တော့ သူတို့အလုပ်လည်း ပြီးသည်။ ကိုယ်လိုအပ်လျှင်လည်း သူတို့က ပြန်၍ကူညီကြသည်။ ဘာ Management မျှမပါ။

သည်လိုဆိုတော့ ကျွန်တော်တို့သူဋ္ဌေး ဒေါကန်နေသလို ကိုယ့်ပစ္စည်းငှား၍၊ သူ့ပစ္စည်းငှား၍ ဆိုတာမျိုး လုပ်ကွက်ထဲ သွားလုပ်နေလျှင် အလုပ်များက တော်တော်နှင့် ပြီးဖို့မမြင်။ ပြီးဦးတော့။ လူပင်ပန်း၊ အချိန်ကုန်၍ ပြီးခြင်းမျိုး ပြီးသွားနိုင်သည်။

ကျွန်တော်တို့ဆီက အလုပ်သမားများကတော့ သူတို့ချင်း အဆင်ပြေသလို လုပ်နေသည်က ပို၍ မြန်ဆန် သွက်လက်တတ်ရာ သူဋ္ဌေးကသော်လည်းကောင်း၊ Management ကသော်လည်းကောင်း ဆရာကြီး လာလုပ်လျှင် မလွှဲသာ၍ လုပ်ချင်ဆက်လုပ်ပေလိမ့်မည်။ အလုပ်နှောင့်နှေးသွားတတ်သည်ကို ကျွန်တော် သတိထားမိသည်။ လူပင်ပန်း၊ အချိန်ကုန်သည်ကို သူတို့လည်း သိနှင့်နေသည် မဟုတ်လား။

သည်တော့ လုပ်ကွက်များထဲမှာ အလုပ်သမားများ အဆင်ပြေသလို လုပ်နေလျှင် Management ၀င်လာကြည့်ပါက ကျန်သူများတော့ မသိ။ ကျွန်တော်တို့ဆီက အလုပ်သမားလေးများကတော့ ရှုံ့မဲ့ပြီး ဆောရီးဟုသာ ဆိုကြပေလိမ့်မည်။ သူတို့သာ ပြောခွင့်ရှိ၍ ပြောနိုင်မည်ဆိုလျှင် လာမပြောနဲ့ Management ဟု ဆိုလေမည်လားမသိ။ ။

ဆူးသစ်
၂၄.၁၁.၂၀၁၁
၂၀:၁၃ နာရီ

Sunday, November 20, 2011

"ကျွန်တော့်မှတ်စု" ( ၈ )


"ရန်ကုန်စက်မှုတက္ကသိုလ် သီးသန့်မှတ်စုများ"

+ ဘတ်စ်ကားဂိတ်တွင် ဆင်းလျှင်ရောက်သည့် လူတော်တော်များများ ၀င်နေကျအပေါက်ကို 'ပစ္စည်းမဲ့ဂိတ်' ဟုခေါ်သည်။

+ ဟိုစဉ်က မိန်းကလေးအဆောင် သုံးဆောင်ရှိသည်။ သမိုင်းဝင်းထဲမှ သဇင်ဆောင်။ ကျောင်းဝင်းထဲမှ ဂျီဟော ခေါ် ဥတ္တရဆောင်။ တချို့က ဂျီဟောဆိုသည်မှာ ဂျီကျတတ်သော ကျောင်းသူအပျိုကြီးများရှိသဖြင့် တမင်နောက်ခေါ်သော အမည်ဟု ထင်ကြသည်။ ဒက္ခိဏ ဆိုသည်မှာ တောင်အရပ်၊ ဥတ္တရ ဆိုသည်မှာ မြောက်အရပ်ဖြစ်၍ မြောက်ဆောင် ဖြစ်နေသည်။ ပါမောက္ခချုပ်အိမ်သည် ယခင်က မြသီရိဆောင်။

တန်ဆောင်မုန်းလပြည့်နေ့ည ဆိုလျှင် ထိုအဆောင်သုံးဆောင်၌ အကျွေးအမွေးဖြင့် တည်ခင်းဧည့်ခံပြီး တန်ဆောင်တိုင်ပွဲ ဆင်နွှဲလေ့ရှိသည်။ ပေါင်မုန့်အုန်းနို့ဆမ်း၊ မုန့်လက်ဆောင်း၊ မုန့်လုံးရေပေါ်။ ကျောင်းသား ကြီးများ ပြောစကားအရ ထိုနေ့တွင် အာရ်အိုင်တီ ကျောင်းသားများအတွက် အငတ်ကြီးနှစ်ငတ် ပြေသည်ဟု ကြားဖူးသည်။

တစ်မျိုးကတော့ ရိုးရိုးမုန့်ငတ် အငတ်ကြီးတစ်မျိုး ပြေရခြင်း ဖြစ်ပြီး နောက်တစ်မျိုးက ကိုယ့်ညီမ၊ ကိုယ့်အစ်မ စက်မှုကျောင်းသူများကို လှလှပပ မြင်ချင်လှသော အာသီသ ဆန္ဒအငတ်ကြီး တစ်ငတ် ပြေရသောကြောင့်ဟု ဆို၏။

စက်မှုကျောင်းသူဆိုသည်က ယောက်ျားများနှင့် ရင်ပေါင်တန်းပြီး ပန်းပဲထုရ၊ လွှတိုက်၊ ရွေဘော်ထိုးရ၊ တူထုရ၊ တံစဉ်းတိုက်ရ၊ စက်မောင်းရ၊ တွင်ခုံခုတ်ရ၊ မြေတိုင်းရ၊ အဆောင်တစ် သုံးထပ်ဆောင် အပေါ်ဆုံးထပ်မှနေ၍ ဆယ်မိနစ်အတွင်း အဆောင်ရှစ်လို မြေနိမ့်ပိုင်း အဝေးဆုံးအဆောင်အထိ အတန်းပြေးတက်ရနှင့် ခါတိုင်းအချိန်များတွင် သူတို့၏ တီစကွဲယားပုံ၊ အာရ်အိုင်တီ၏ အထင်ကရ ရေစင်ပုံ၊ ကျောင်းရှေ့က တိုင်လုံးကြီးများပုံ စသည်ဖြင့် ပုံစံအမျိုးမျိုးလှပနေသော သူတို့၏အလှများကို မြင်တွေ့ခွင့် မရကြ။

ထိုနေ့ကျမှ သပ်သပ်ရပ်ရပ်ဝတ်စားဆင်ပြင်ပြီး အမွှေးနံ့သာ အကျော်စမ္မာ၊ ကရမက်တို့ ခြယ်သုံးမှုန်းဆင် လိုက်သောအခါ စက်မှုတက္ကသိုလ်၏ စွယ်တော်ပွင့်လေးများလို လှပ၍ လာသည်ဟု ပြောကြသည်။

+ ကျူတိုရီယယ်မှာ အမှတ်ကောင်းလျှင် စာမေးပွဲမှာ အလကားနေရင်း ဂရိတ်ဒ်မှတ် တစ်မှတ်ရနိုင်သည်။

+ ရောမတိုင်လုံးကြီးများဟုခေါ်သော ကျောင်းရှေ့ရှိတိုင်လုံးကြီးများမှာ (၁၈)လုံးရှိသည်။

+ ဒီဇင်ဘာကျောင်းပြန်ဖွင့်ရက်မှ ဧပြီလတစ်လလုံး ကျောင်းပိတ်ရက်ထိ ကျောင်းတက်ရက်များကို လွတ်လပ်သော စာသင်ရက်များ၊ ဖရီးတမ်းဟု ခေါ်ကြသည်။ ထို 'တမ်း' တစ်ခုလုံးတွင် ဘာစာမေးပွဲမှမရှိ။ ဒုတိယနှစ်ဝက် စာမေးပွဲကြီးက ဇွန်လကျမှ စစ်သည်။

ဖရီးတမ်းအချိန်လောက် ကျောင်းတွင် စည်ကားပျော်ရွှင်ဖွယ်ကောင်းသော ကာလမရှိ။ အားကစားပွဲ၊ ကပွဲ၊ ဟောပြောပွဲ၊ လုပ်အားပေး အသင်းအဖွဲ့ကိစ္စ၊ ဖွံ့ဖြိုးရေးလှုပ်ရှားမှု အရမ်းလုပ်ကြသည်။

+ ဒုတိယနှစ် သင်တန်းသားများ အများစု သွားရာလမ်းကို ချစ်သူတို့လမ်းကလေး( Lover's Lane) ဟုခေါ်ကြသည်။ ခရေပင်၊ ကံ့ကော်ပင်တို့ အုပ်ဆိုင်းနေ၏။ မော်တော်ယာဉ်အလုပ်ရုံကို ပတ်နေသည့်လမ်း။

+ ပဲချယ်ရီပင်တန်း။ ( ယခင်က အထင်ကရ )

+ ရောမတိုင်လုံးကြီးများဟု ကျွန်တော်တို့ အမည်ပေးထားသည့် လေးထောင့်တိုင်လုံးကြီးများ။ တရုတ်စကားပင်ကြီးက ရှိမြဲ။ ကံ့ကော်ရိပ်၊ စွယ်တော်ရိပ်၊ စိန်ပန်းရိပ်၊ ကုက္ကိုရိပ် စသည်ဖြင့် တက္ကသိုလ်ချင်း မတူကြ။

[ 'အိပ်မက်ထဲက တက္ကသိုလ်' လုံးချင်းဝတ္ထုမှ ( နွမ်ဂျာသိုင်း) ]

Wednesday, November 16, 2011

" ချစ်သူနဲ့ နယ်မြေသစ်ဆီ "


ကျွန်တော် ကဗျာလေးတစ်ပုဒ် ရေးခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့ (၁၉) နှစ်၊ ၁၉၉၂ ခုနှစ်လောက်ကပါ။ ချစ်သူရှိခဲ့ရင် ဆိုတဲ့ အတွေးမျိုးရပြီး ရေးဖြစ်ခဲ့တာပါ။ အောက်က ကဗျာလေးပါ။

"ချစ်သူတွေရဲ့ အားမာန်"

အခုဘဝ
သမုဒယ ဆိုတဲ့ သည်ကြိုးမျှင်။

တိုးငင်ကာ ရစ်ပတ်ဆဲ
ချစ်တတ်မြဲပင်။

တစ်ယောက်နဲ့တစ်ယောက် နားလည်ကြလျှင်
ဘ၀တွင် လျှောက်လှမ်း။

အဖော်နဲ့ဆိုတော့လည်း
အပျော်မမဲ့ပါ ဘ၀ခရီးမှာလ
ဪ-သူနဲ့သာဆို လျှောက်မငြီးပါပေါ့
နှစ်ယောက်တစ်ခရီးတည်း သွားကြလို့
အားရအောင် ကြမ်းချင်ကြမ်းလည်း
မနွမ်းပါ ရှေ့ခရီးလမ်းအတွက်
ဖြည့်ဆည်းဖို့စွမ်း။ ။

ခုတော့ ဒီကဗျာလေး ဖတ်ရင်း ကိုယ်ရေးခဲ့တဲ့ကဗျာ ဒီတစ်ကြိမ် ကိုယ့်အတွက်ပါလားလို့ တွေးရင်း ကြည်နူးမိပါသေးတယ်။ အဲဒီကဗျာကို ရေးပြီး ကျွန်တော့်ငယ်သူငယ်ချင်း နှစ်ယောက်က ချစ်သူတွေ ရှိနေတယ်လို့ သိရလို့ ဒီကဗျာကို သူတို့အတွက် ကျွန်တော်ပေးခဲ့ဖူးပါတယ်။ ဒီတစ်ကြိမ်ကတော့ ကိုယ့်အတွက် ဖြစ်လာပြီလို့ပဲ ဆိုရမှာပါ။

အကြောင်းက ရှိပါတယ်။ ပြီးခဲ့တဲ့ ၁၄.၁၁.၂၀၁၁ ဟာ ကျွန်တော်နဲ့ ကျွန်တော့်ဇနီး ပါရမီဖြည့်ဖက်လေး ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ပါ။ အရင်နှစ်က လေးဖြူ ရဲ့ ခရီးအဆုံးအထိ တင်ခဲ့ပြီး ဒီနှစ်မှာတော့ ဘာတင်ရမလဲ စဉ်းစားရင်း နောက်တောင်ကျသွားခဲ့ရတယ်။ ကျွန်တော်အလုပ်ရှုပ်နေတာရယ်၊ ဘာတင်ရမလဲ စဉ်းစားရင်း အချိန်ကုန်နေတာရယ်ကြောင့်ပါ။

သူငယ်ချင်းတွေကတော့ Facebook မှာလာပြီး ဆုတွေပေးကြပါတယ်။ ရန်ကုန်က ကျွန်တော့်မိဘတွေကတော့ ကျွန်တော်တို့အတွက် ဘုန်းကြီးဆွမ်းကပ်ပေးပါတယ်။ ကျွန်တော့်အတွက် ပါရမီဖြည့်ဖက်လေးကို တစ်ခုခုပေးဖို့၊ ကျွန်တော်တို့ နှစ်ယောက်အတွက် နှစ်ပတ်လည် အမှတ်တရ ပို့စ်တစ်ခုခုတင်ဖို့ စဉ်းစားနေတာနဲ့ ဒီနေ့မှပဲ တင်ဖြစ်ပါတော့တယ်။

ပထမဆုံး ကျွန်တော်ရေးခဲ့တဲ့ ကဗျာတွေထဲက ကျွန်တော်မှတ်မိနေတဲ့ အပေါ်မှာ ဖော်ပြထားတဲ့ ကဗျာလေးကို လိုက်ရှာပြီး ကျွန်တော်တို့ နှစ်ယောက်အတွက် အမှတ်တရ တင်လိုက်ပါတယ်။

နောက်တစ်ခု အမှတ်တရ တင်ချင်တာက သီချင်းတစ်ပုဒ်ပါ။ LMN လို့ခေါ်တဲ့ အယ်လ်ဘမ်ထဲက အငဲ ဆိုတဲ့သီချင်းပါ။ မြင့်မိုးအောင် ရေးထားတာပါ ။ " နယ်မြေသစ်များစွာ " လို့ နာမည်ပေးထားပါတယ်။

"ဘ၀ဟာ ဂိမ်းတစ်ခုဆိုလည်း နောက်တစ်ခန်းသွားရမှာပဲ......... ရန်သူတွေအများကြီးနဲ့ တိုက်ခိုက်ရှေ့ဆက် သွားစို့ ................ငါ့လက်ကို တွဲထားလိုက်ဦး......အကြင်နာတွေနဲ့ အားပေးလိုက်ဦး.........အတူတူ တို့ရဲရင့်မယ်"

ပထမပိုဒ်က စာသားတချို့ပါ။ လှလိုက်တာဗျာ။ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးလည်း ဒီလိုပဲ ဖြတ်သန်းရဦး မှာပါလားလို့ အသိဝင်ဖြစ်တယ်။ ဘ၀ဆိုတာ ဂိမ်းပဲလို့ အိမ်ထောင်သက် အနည်းငယ်အတွင်းမှာ ကျွန်တော်တို့လည်း သိလာရပြီပဲ။ မြင်ရတဲ့ ရန်သူတွေ၊ မမြင်ရတဲ့ ရန်သူတွေ၊ နည်းမှမနည်းဘဲ။

Chorus ပိုဒ်ပြီးမှ ၀င်လာတဲ့ ဒုတိယပိုဒ်မှာလည်း စာသားတွေက လှလိုက်တာမှ မှုန်နေတာပဲ။

" ချွန်ထက်လွန်းတဲ့ မင်းဟာ မြားဆိုလည်း........ငါဟာလေ လေးတစ်စင်းပေါ့..........သွားမယ် ပစ်မှတ်များ အထိ......မင်းဟာ ဓားတစ်စင်း ဆိုလည်း.........ငါက ဒိုင်းတစ်လက်ပဲပေါ့.........ဒီမှာ အမှန်တရား အတွက်ဆို........တို့နှစ်ယောက် အသက်စွန့်ကြစို့........မင်းလဲတဲ့ အချိန် တွဲထားပေးဖို့.........ဒဏ်ရာတွေ ကြုံလည်း နှစ်သိမ့်ပေးဖို့..........အမြဲတမ်း မင်းအနားမှာ ငါအားပေးမယ် ရဲရင့်ကြပါစို့......."

စာသားတွေက ဘ၀ကြင်ဖော်နဲ့ တွဲသွားနေရတဲ့ ဘ၀ကြီးကို ရည်ညွှန်းနေလိုက်တာ။ ကြင်ဖော်က မြားဆို ကိုယ်က လေးပါတဲ့။ ပစ်မှတ်တွေအထိ သွားဖို့လေ။ ကြင်ဖော်က ဓားဆို ကိုယ်က ဒိုင်းတဲ့။ အမှန်တရားအတွက် တိုက်ခိုက်မယ်။ ပြီးတော့ ကာကွယ်မယ်။ လဲတဲ့အချိန်မှာတောင် တွဲထားပေးဖို့၊ ဒဏ်ရာတွေရှိရင် နှစ်သိမ့်ပေးဖို့၊ အမြဲတမ်း အနားမှာ အားပေးနေမယ်တဲ့။

" နယ်မြေသစ်များစွာ....ရှေ့မှာ......အတူစွန့်စားကြစို့ မင်းနဲ့ငါ..
နယ်မြေသစ်များစွာ.....ရှေ့က......အတူသိမ်းပိုက်မယ်ဟေ့ "

ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ ခရီးတစ်ဖြတ်ပြီးတော့ နောက်တစ်ဖြတ်ပေါင်းများစွာ လာဦးမယ်။ ရှေ့မှာ နယ်မြေသစ်တွေက အများကြီး။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ဇနီးနဲ့ ကျွန်တော် အတူစွန့်စားရဦးမယ်။ ပြီးတော့ သိမ်းပိုက်ရဦးမယ်။ ဒီနယ်မြေသစ်တွေထဲမှာပဲ ကျွန်တော်တို့ ဖြတ်လျှောက်ရဦးမယ်လေ။





ဒီသီချင်းထဲမှာ ကျွန်တော့်ဇနီးကို ကျွန်တော်ပြောချင်တဲ့ စကားတွေလေ။ ပြောလည်း ပြောဖြစ်ခဲ့ပြီးပါပြီ။ ထပ်လည်း ပြောနေ ဦးမှာပါ။ အကြိမ်ပေါင်းများစွာပေါ့။ ကျွန်တော်ယုံကြည်နေပါတယ်။

ကျွန်တော်ရေးထားတဲ့ ကဗျာထဲကလိုပါပဲ။ ဘေးမှာ အဖော်ပါတော့ လမ်းတွေက ဘယ်လိုကြမ်းကြမ်း ကျွန်တော်တို့နှစ်ယောက်စလုံး ပင်ပန်းတယ်လို့ မထင်တော့ပါဘူး။

တစ်ယောက်နဲ့ တစ်ယောက်မှာ ထားရှိတဲ့ ချစ်ခြင်း၊ တစ်ယောက်နဲ့တစ်ယောက်မှာ ထားရှိတဲ့ မေတ္တာ၊ ကရုဏာ၊ စေတနာ၊ အကြင်နာ။ အိုဗျာ-ရှိရှိသမျှ အရာအားလုံးနဲ့ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးတို့ ရှေ့ခရီးတွေကို ဖြတ်သန်းနိုင်မယ်လို့ ဒီလိုအမှတ်တရ နေ့ကလေးတွေကနေ တစ်ဆင့် ပိုလို့ ယုံကြည်နေမိပါတော့တယ်။ ။

သားလတ်
၁၆.၁၁.၂၀၁၁
၂၀:၅၃ နာရီ

[ ကျွန်တော်နဲ့ ကျွန်တော့်ဇနီး ပါရမီဖြည့်ဖက်လေးတို့ ရဲ့ မင်္ဂလာနှစ်ပတ်လည် (၁၄.၁၁.၂၀၁၁) နေ့လေး တစ်နေ့အတွက် အမှတ်တရပါ။ ]


Saturday, November 12, 2011

" တောင်သမန်စခန်းက အလွမ်းရာဇ၀င် "


မလွမ်းတတ်သူ ဘယ်မှာရှိပါလိမ့်
တကယ်သာသိလျှင် မဖြေသိမ့်နိုင်ဘု
အခြေနိမ့်သူ သေမိန့်ခံ အမှောင်စံကာ
ထောင်နံရံအခန်းကျဉ်းထဲ လွတ်လမ်းမမြင်ရှာတဲ့
တောင်သမန်စခန်းက အလွမ်းရာဇ၀င်။

ဒိုင်းခင်ခင်ငယ်စဉ်နေ့တွေကတည်းက
ရင်အသည်းပြည့်စွာ ချစ်လာခဲ့သူအတွက်
ကိုယ့်အရှင်သခင်လက်ဆက်ဖို့
တမင်သက်သက် ရင်ကိုခွဲကာ
အကြင်နာပိုတာ အဝေးကိုပစ်လို့
အဆွေးကိုချစ်ခဲ့ရတဲ့ စာဆိုရှင်။

ငယ်မွေးကျွန်ခြံပေါက်တစ်ပါးရယ်ကြောင့်
မြှောက်စားကာ ရှေ့တော်သွင်းပါလို့
ခြေရင်းမှာခစားခိုင်းကာ
အလှတစ်ပါးကို အနားခေါ် သဘောပျော်မွေ့တာက
(သီပေါဆိုတဲ့)ရေမြေ့သနင်း ရွှေနန်းဘုရင်
ခြေလှမ်းမြင်သူက စုဖုရားလတ်။

အမှုအသွားမတတ်ပါဘဲ
ပြုထားသမျှစေရာခံရသူ ဒိုင်းခင်ခင်မှာဖြင့်
အရိုင်းမှအယဉ်ဝင်မယောင် အပျိုတော်အစမှာ
ဘ၀သာအောင်တင်ပေးသူချစ်ရင်းစွဲ တစ်ယောက်ရယ်ကြောင့်
မြတ်နိုးစွာဘုန်းရှင်အရိပ်ခိုပါလည်း
စိတ်တိုကာဆတ်ဆတ်ကြဲသူ မိဖုရားခေါင်တစ်ပါးရဲ့
ချစ်ဇောမာန်စိတ်ဓာတ်ကြွားကာ
အရိပ်မြတ်က အဝေးကိုနှင်ခိုက်နှင့်ကြုံတာကြောင့်
တောင်သမန်လယ်စား စာဆိုရှင်မောင်ဖေငယ်လည်းမကယ်နိုင်
တူပြိုင်ပြိုင် အသက်ဆုံးစီရင်ခံရတာဖြင့်
ရင်နင့်စရာအလွမ်းဇာတ်ခရီးပါပဲ
သံသရာသည်ဝဲမှာပြန်ပြီးတွေ့ရင်တော့
မမေ့စရာသည်အဖြစ်မျိုးတွေလဲ
အသစ်တိုးကာ ရင်မဆိုင်ရပါစေနဲ့လို့
အပျော်ပိုင်ကာ အလွမ်းပြတ်စေကြောင်းကို
(ကျွန်တော်တော့လေ.................)
ဆုတောင်းနေတတ်။ ။

သားလတ်
၈.၁၁.၁၉၉၅


(ဆရာမကြီး ဒဂုန်ခင်ခင်လေး၏ စာဆိုတော် ၀တ္တုမှ '' သီပေါဘုရင် '' '' မိဖုရားကြီး စုဖရားလတ် '' သီပေါဘုရင်၏ လက်ရင်းကျွန် အပါးတော်မြဲ တောင်သမန်လယ်စား '' စာဆိုရှင်မောင်ဖေငယ် '' နှင့် '' ဒိုင်းမင်းသမီး ခင်ခင်ကြီး '' တို့၏ အဖြစ်ကို ၀င်စား၍ ရေးဖွဲ့ပါသည်။)


(၁၉၉၇ခုနှစ်၊ သန်မြန်သူမဂ္ဂဇင်း)

Thursday, November 10, 2011

" အိပ်မက်တွေနဲ့ တစ်ဆောင်းသစ်ပြန်ပြီလား "


ဒီအချိန်ဆို ရန်ကုန်မှာ နည်းနည်းတော့အေးစပြုနေလောက်ပြီ ထင်ပါတယ်။ မြူတွေ၊ နှင်းတွေလို့ မပြောခဲ့ရတာ ကြာခဲ့ပြီပဲ။ မမြင်ခဲ့ရတာလည်း ကြာလှပြီပေါ့။ စိတ်ထဲမှာ ရန်ကုန်ရဲ့ဆောင်းညတွေကို လွမ်းမိသေးတယ်။

သူငယ်ချင်းတွေနဲ့ ရံဖန်ရံခါ ဒေါင်လို့ခေါ်တဲ့ လက်ဖက်ရည်ဆိုင်သွား၊ Talking တွေပွားချင်တိုင်းပွားကြ၊ ပြီးမှအိမ်ပြန်ခဲ့ကြတာပေါ့။ ဒါပေမဲ့ ဒေါင်မှာ ကက်ဆက်ကြီးက ဆောင်းဘောက်စ်ကနေ အသံတွေ ကျယ်နေရင် အော်ပြောခဲ့ရသေးတယ်။ အဲဒီကြားထဲကပဲ ခင်မောင်တိုးတို့၊ စိုင်းထီးဆိုင်တို့၊ ထူးအိမ်သင်တို့ကို ညအေးအေးမှာ နားထောင်ရင်း ကြည်နူးခဲ့ရသေးတာ။

ဒီလို တန်ဆောင်မုန်းလပြည့်နီးရင် ပဒေသာပင်တွေမြင်ရ၊ ဆိုင်းသံတွေကြားရနဲ့။ ရန်ကုန်ဆောင်းမှာ ပေါင်း ထားတဲ့ ကုသိုလ် တွေလေ။ ဒါကရာသီနဲ့ တိုက်ဆိုင်လို့ သတိရသွားခဲ့တာပါ။ တကယ်တော့ ကျွန်တော်ပြောချင်တာ သီချင်းတစ်ပုဒ်ပါ။

တကယ်တော့ သီချင်းတစ်ပုဒ်လို့သာ ပြောရတာ။ ကျွန်တော်ထင်တာ မမှားဘူးဆိုရင် အဲဒါ ကဗျာတစ်ပုဒ်ပါ။ ကာရန်တွေက တော်တော်လှပါတယ်။ ပြောချင်တာလည်း ပေါ်လိုက်တာမှ ထင်းခနဲ၊ ရှင်းခနဲ။ တကယ်တော့ တေးရေးဆရာ၊ ကဗျာဆရာက လွမ်းနေတာပါ။ သူလွမ်းတာကို ကျွန်တော်တို့လည်း ခံစားလို့ရအောင် သူ့ခံစားမှုကို သီဖွဲ့ရာမှာ သူက ကျွမ်းကျင်တယ်။ ဒီတော့ သူတကယ်လွမ်းနေတယ်လို့ ကျွန်တော်တို့ ထပ်တူခံစားလို့ ရတယ်။

သူဖွဲ့တာ ဆောင်းပါ။ ဒါပေမဲ့ လွမ်းနေသူတစ်ယောက်ရဲ့ဆောင်း။ နှင်းတွေ ပြူတင်းပေါက်ကို လာရိုက်တဲ့အခါ ပန်းပွင့်တွေ ခြွေနေသလို ထင်မိတယ်တဲ့။ လရိပ်နဲ့ ညအိပ်ရာဝင်နေတုန်းမှာ သူသိလိုက်တာက တစ်ဆောင်းသစ်ပြန်ပြီ တဲ့။

သူ့အသည်းထဲမှာ စွဲစွဲမြဲမြဲနဲ့ လောင်ကျွမ်းနေတဲ့ အရာတစ်ခုရှိတယ်။ တခြားတော့ မဟုတ်။ ချစ်သူ့အနမ်း။ အဲဒီ အနမ်းတစ်ခုကပဲ သူ့အတွက် လွမ်းသူ့အိပ်မက်ဖြစ်လို့နေစေတာ တဲ့လေ။ နောက်ဆုံးခွဲခွာ ချိန်မှာတော့ နှုတ်မဆက်ဘဲနဲ့ကို ရုတ်တရက်နဲ့ ပျောက်သွားတာတဲ့။

အဲဒီအချိန် သူလွမ်းတာ ကြည့်ပါဦး။ လမ်းမထက်မှာ လွမ်းမျက်ရည်စက်တွေ။ အဝေးဆုံးကို ပြေးပုန်း သွားသူအတွက် သူ့နှလုံးသားက ဆုံးပါးစွာ ကြေကွဲနေတာတဲ့လေ။ လွမ်းသူ့အိပ်မက် ပါတဲ့။

ကဗျာတစ်ပုဒ်လို ရေးဖွဲ့ထားတဲ့ သီချင်းပါ။ ကိုငှက်လို့ခေါ်တဲ့ ထူးအိမ်သင် ရေးထားတာပါ။ ဆိုတာလည်း သူပါပဲ။ နောက်ပိုင်း ကိုလေးဖြူက ပြန်ဆိုပါတယ်။ ခေါင်းစဉ်က ' လွမ်းသူ့အိပ်မက်' ပါတဲ့။

ကျွန်တော်တို့က မြန်မာပြည်ကနေ အဝေးမှာ ရောက်နေတော့ ဆောင်းဆိုတာကို ခံစားချင်တယ်။ အထူးသဖြင့် ဆောင်း မရှိတဲ့ စင်ကာပူလို နိုင်ငံမှာ အဝေးကဆောင်းကို သိပ်တမ်းတမိတယ်။ အခုကျွန်တော်တို့ ကြုံနေတာ ဆောင်းမဟုတ်ဘူး။ တစ်နှစ်နဲ့တစ်နှစ် အပ်ကြောင်းတွေ အမြဲထပ်နေတဲ့ မိုးနဲ့နေပူပူပဲ။ အဲဒီလို အခါမျိုးမှာ ကျွန်တော်တို့ ချစ်တဲ့ဆောင်းက မြန်မာပြည်မှာ ပြောင်းလဲလို့ သစ်သစ်နေပြီလား။ ကျွန်တော်တို့ ချစ်တဲ့ဆောင်းကို ကိုငှက်လို ချစ်သူကို လွမ်းသလိုလွမ်းရင်း ကျွန်တော်ဒီသီချင်းလေးနဲ့ အိပ်မက် မက်ကြည့်ပါရစေ။

လွမ်းသူ့အိပ်မက်လို့ပဲ ဆိုရမှာပါပဲ။ နားဆင်ကြည့်ပါဦး။

သားလတ်
၂၁:၄၁ နာရီ
၁၀.၁၁.၁၁
တန်ဆောင်မုန်းလပြည့်နေ့



Thursday, November 3, 2011

" ကျွန်တော်နှင့် အင်တာနက်အလန်းများ " (၂)


" အားလုံးကို စွန့်လွှတ်ရရင်တောင်မှ သတိရခြင်းကို ငါပိုင်တယ်။ ( တာရာမင်းဝေ)"
" အိမ်သာတက်ရင်း ၀မ်းချုပ်တယ်ဆိုရင်တောင်မှ ဗိုက်နာခြင်းကို ငါပိုင်တယ်။ ( ကြယ်စင်သာဂိ)"

စာသားများကို ဖတ်ရင်း ဟ-ဘာလဲဟ ဟု ကျွန်တော့်ဘာသာ နှုတ်က လွှတ်ခနဲထွက်သွားသည်။ ရန်ကုန်ပြန်ရောက်နေသော သာဂိ၏ Facebook ပေါ်မှ စာသားပါ။ လက်စွမ်းကား ထက်လှ၏။

ကျွန်တော် ရန်ကုန်ကို ခဏပြန်သွားချိန်မှာ သာဂိက ကျွန်တော့်ကို လာတွေ့သည်။ သူနှင့်ကျွန်တော် အွန်လိုင်းမှာ မေးလ် အဆက်အသွယ်ရှိနေသေး၍ သူက ကျွန်တော် ရန်ကုန်လာမည်ကို သိနေသည်။ ထိုစဉ်က သူပြောခဲ့သည်ကို ကြည့်ပါ။

" အစ်ကို သူများတွေ ဘလော့ရေးနေတယ်။ ကျွန်တော်လည်း လုပ်ချင်တယ်။ အဲဒါ ဘယ်လိုလုပ်ရမလဲ။ အစ်ကိုလာတုန်း ရှင်းပြပါဦး "

သည်တော့ ကျွန်တော်တတ်သလောက်၊ မှတ်သလောက် ရှင်းပြခဲ့သည်။ ကလောင်ကိုလည်း သူ့စိတ်ကြိုက်ရွေးဖို့ အကြံပေးခဲ့၏။ 'မိမိရွေးချယ်သော ကလောင်သည် မိမိ၏ စာကို ညွှန်းနိုင်သည်' ဟူသော ရှေးဆရာကြီးများ၏ အယူအဆတစ်ခုကိုလည်း သူ့ကို ပြောပြခဲ့သေး၏။

သည်လိုနှင့် သကောင့်သားမှာ ဘလော့ဖြစ်မဖြစ်တော့ မသိ။ ကလောင်နာမည်ကိုတော့ ကျွန်တော် စင်ကာပူပြန်ရောက်ပြီး သိပ်မကြာခင်မှာ Facebook မှာ တွေ့ရလေတော့သည်။ ကြည့်လေ။ ' ကြယ်စင်သာဂိ' တဲ့။ ဘာကြီးမှန်းကို မသိ။ သည်လိုနှင့် သာဂိကို ဂျီတော့မှာတွေ့တော့ မေးရတော့သည်။

" ညီလေး။ မင်းရဲ့ ကလောင်နာမည်လေး ရှင်းပြပါဦးကွာ။ ငါတော့ သိပ်နားမလည်ဘူး "

" ကျွန်တော်က တာရာမင်းဝေ ကြိုက်တယ်လေ အစ်ကို။ ဒီတော့ သူ့လို ခပ်ဆင်ဆင်လေး ပေးထားတာ။ သူက တာရာ။ ကျွန်တော်က ကြယ်စင်။ မကောင်းဘူးလား။ ဟဲ...ဟဲ "

" မကောင်းဘူး။ ဟိုက တာရာနောက်မှာ မင်းဝေပါတော့ ခေါ်ရတာလည်း ကောင်းတယ်။ နာမည်လည်း လှတယ်။ မင်းကျတော့ ရှေ့က ကြယ်စင်က ဟုတ်သလိုလိုနဲ့ နောက်က မင်းနာမည် သာဂိထည့်လိုက်တော့ နာမည်က ပြရော "

"ကျွန်တော့်ကို စင်ကာပူမှာတုန်းက အမှတ်တရ ပေးထားတဲ့နာမည်မို့လို့ပါ အစ်ကိုရာ။ ဒါဖြင့် ကျွန်တော် နောက်တစ်ခု ရွေးထားတာ ရှိသေးတယ်။ ကျွန်တော်က မောင်စိန်ဝင်း(ပုတီးကုန်း) လည်း ကြိုက်တော့ သာဂိ( ရွှေပန်းတော) ဆို ကောင်းမလား အစ်ကို "

ရွှေပန်းတောသည် သာဂိ၏ ရွာဆိုသည်ကို Facebook မှာ သာဂိတင်ခဲ့သော ' ဇာတိမြေ ခရီးစဉ် ' ဆိုသည့် ခေါင်းစဉ်အောက်မှ ပုံတွေကို ကြည့်ပြီးသိခဲ့ဖူးသည်။

" မင်းက ဘာစာတွေ ရေးမှာလဲ။ သူများကို ကြိုက်တာနဲ့ သူများနာမည်တွေ ယူစရာ မလိုပါဘူး။ မင်းနာမည် မင်းရွေးပေါ့။ ဘာကောင်းလဲလို့ မမေးနဲ့။ သူများကို မတုရင် ပြီးရော။ ကြိုက်တာ အကုန်ပေးလို့ရတယ်။ "

" ကျွန်တော်က ရေးလို့ရတာ အကုန်ရေးမှာ အစ်ကို။ သူများတွေလည်း ဒီလိုပဲ ရေးနေကြတာ "

ကျွန်တော်ကတော့ သာဂိစိတ်ချမ်းသာလျှင် ပြီးရော သဘောထားကာ လွှတ်ပေးလိုက်တော့သည်။ စာရေးချင်သူတစ်ဦးအတွက် စာရေးစရာ နေရာတစ်နေရာ ရှိလျှင် လုံလောက်ပေလိမ့်မည်။ စာရေးဆရာ တစ်ယောက်သည် သည်လိုသာ အစပျိုးရင်း တဖြည်းဖြည်းနှင့် လှမ်းခဲ့ရသည် မဟုတ်လား။

****************

တကယ်တော့ သာဂိထံမှ ဘာဘလော့မှ ထွက်မလာ။ အဘယ့်ကြောင့်ဆိုသော် သာဂိကား Facebook ပေါ်တွင် Status များသာ လျှောက်ရေးနေသောကြောင့်ပင်။ ကြည့်ဦးလေ။ သာဂိ၏ Facebook ပေါ်မှ Status အလန်းများ။

" ရွှေဖိနပ်မှာ အစိမ်းရောင် ကြက်ခြေခတ်နဲ့ ကောင်မလေး " ( တာရာမင်းဝေ)
" ခုံဖိနပ်မှာ အ၀ါရောင် ခွေးချေးနဲ့ ကောင်မလေး " ( ကြယ်စင်သာဂိ)

မိုက်သည်။ ကျွန်တော်လည်း ဖတ်ပြီး ရယ်မိ၏။ ဘာတွေမှန်းကို မသိ။ သူ တာရာမင်းဝေ ကြိုက်ခြင်းသည် တာရာမင်းဝေ အတွက်တော့မလွယ်။ ကွယ်လွန်သွားရှာပြီမို့သာ တော်တော့၏။ နို့မို့ဆို သာဂိလက်ချက်နှင့်ပင် တာရာမင်းဝေ အခါခါ သေလောက်သည်။

" သာဂိ၊ မင်းဟာက Status မှ မဟုတ်တာ။ သူများစာတွေ အတုခိုးပြီး လိုက်တင်နေတာပဲကွ "

" မဟုတ်ဘူးအစ်ကို။ ကျွန်တော် လက်ရည်သွေးနေတာ။ ခေါင်းစဉ်လှလှလေးတွေကို တာရာ မင်းဝေရဲ့ မော်ဒန် သီအိုရီ သုံးပြီး ရှာနေတာလေ။ အစ်ကို အခု ဖတ်ရတာတွေက ကျွန်တော် ပွားပြီး တွေးယူထားတာ အစ်ကိုရ။ နောက်ထပ် ရှိသေးတယ်။ မောင်စိန်ဝင်း (ပုတီးကုန်း) သီအိုရီလေ။ ကျွန်တော်ရေးထားတာလေး အစ်ကို ဖတ်ကြည့် "

ပြောလည်းပြော၊ ဂျီတော့မှ တဗြုန်းဗြုန်းနှင့် မြန်မာလို တက်လာသော သာဂိ Message ကို ကြည့်ပါဦး။

" အနုသယလမ်းမှာ
သမုဒယ ပန်းကို ကြိုက်မိတော့
ဘုကျကျနဲ့ ကန်းမိုက်နေတုန်းမှာပဲ
( အချစ်ရယ်...ငါလေ )
ပုကွကွနဲ့ လွမ်းလိုက်တော့မယ်။ ။"

ပြီးရော။ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)နှင့် တွေ့လျှင် ကဗျာစာအုပ် ဆက်မထုတ်ဖို့ ပြောရဦးမည်။ သာဂိ (ရွှေပန်းတော) ၏ စာအုပ်များက အရောင်းပိုသွက်သွားနိုင်သည် မဟုတ်လား။ သူ့ကဗျာကို ဖတ်ရင်း အရပ်ပုကွကွနှင့် သာဂိကို မြင်ယောင်မိသေးသည်။

" သာဂိရေ-လန်းတယ်ကွာ"

ပြောရင်း သည်ဘက်မှာ ကျွန်တော်ပြုံးနေမိသေးသည်။ သာဂိကား ကျွန်တော်မမြင်နိုင်သော တစ်ဖက်မှာ သဘောကျနေလေမလား မသိ။

*****************

" ဆီဒိုးနားဟိုတယ်တွင် ညစာစားနေသည် "

ခုတလော သာဂိ၏ Status များကား အစားအသောက်ကိစ္စများ ပါလာသည်။ ယောက်ျားလေးတစ်ယောက်က ထိုသို့ အစားအသောက်များကို Status အဖြစ် တင်နေသည်ကို ကျွန်တော်အံ့ဩမိ၏။ သာဂိကို အွန်လိုင်းမှာတွေ့တော့ မေးကြည့်ရသည်။

" သာဂိ။ မင်းအဲဒါတွေ ဘာလို့တင်နေတာလဲ။ အရည်မရ၊ အဖတ်မရ။ အဲဒါမိန်းကလေးတွေမှ လုပ်တာ "

"အစ်ကို ပြောလို့ ကျွန်တော်က ပြောရဦးမယ်။ ကျွန်တော့်သူငယ်ချင်းတွေလေ။ အစ်ကို့ကို တစ်ခါ ပြောခဲ့ဖူးတယ်။ ရွာမှာနေတုန်းက အေးပုတို့၊ ထွေးငယ်တို့၊ ဘုတ်မတို့ဆိုတာလေ "

" ဪ-အေး။ မှတ်မိပြီ။ သူတို့က ဘာဖြစ်လို့လဲ "

"ဟာဗျာ-စလုံးရောက်ပြီး မလုပ်ဖူးတာတွေလုပ်၊ မစားဖူးတာတွေစား။ ပြီးတော့ စကား အကြီးကြီးတွေ ပြော။ တော်ကြာနေရင်း ဘယ်နားမှာ ဘယ်သူနဲ့ ဘာစားနေပြန်ပြီတို့။ ဘယ်သူနဲ့ ဘယ်နားမှာ ဘာလုပ်နေပြန်ပြီတို့။ အဲဒါတွေ မြင်ပြီး ကျွန်တော်လည်း မြင်ပြင်းကတ်တာနဲ့ ရွဲ့ပြီး အဲဒါတွေ တင်နေတာ "

"သူတို့က မိန်းကလေးပဲကွာ။ သူတို့မှာ တင်စရာမရှိတော့လည်း ဒီလိုပဲ စိတ်ထဲ ရှိတာလေးတွေ လျှောက် တင်တာ နေမှာပါ။ မင်းက နားလည်ပေးရမှာပေါ့။ သူတို့လည်း ကိုယ့်ပိုက်ဆံ ကိုယ်သုံးပြီး တင်နေတာပဲ။ မင်းပိုက်ဆံ ယူသုံးနေတာမှ မဟုတ်တာ "

" ဒါပေမဲ့ အစ်ကိုရာ၊ အစ်ကိုပဲ စဉ်းစားကြည့်။ သူတို့လိုသာ တင်မယ်ဆိုရင် တင်နိုင်တဲ့သူတွေ အများကြီး မဟုတ်ဘူးလား။ သူတို့ထက်ကောင်းတဲ့ နေရာတွေမှာ စားနေသူတွေ စလုံးမှာ တစ်ပုံကြီး။ အဲဒီလို သူတွေတောင်မှ မတင်တာ။ သူတို့သိဖို့ကောင်းတယ်။ သူတို့က မနေ့တစ်နေ့ ကမှ ရောက်ပြီး တောင် တင်၊ မြောက်တင်နဲ့။ ကျွန်တော့်အယူအဆကတော့ သူတို့ သက်သက်ကို ကြွားနေတယ် လို့ကို ယူဆတာ "

" မိန်းကလေးဆိုတော့လည်း ဒီလိုပဲပေါ့ကွာ။ မင်းကနားလည် ပေးရမှာပေါ့။ သူတို့ရဲ့ စရိုက်ကိုက အဲဒီလိုလေးတွေ ရှိပါလားလို့ မင်းနားလည်ပေးလိုက်ရင် အိုကေပါတယ်ကွ "

" ကျွန်တော်လည်း ရွဲ့ပြီး တင်နေတာပါ အစ်ကိုရာ။ စိတ်နဲ့ကိုယ် အခန့်မသင့်ရင် ဒီလိုပါပဲ "

" ဒါနဲ့ မင်းက တကယ်ရော အဲဒီနေရာတွေမှာ သွားစားနေတာလား။ မင်းတင်လိုက်တဲ့ နေရာတွေမှာလေ။ အခုဆိုငါတွေ့တာ ဆီဒိုးနားမှာတဲ့။ အဲဒါဟုတ်လား "

" သွားစားတာတော့ တကယ်ပါ။ ကျွန်တော့်သူငယ်ချင်းတစ်ယောက် ဒင်နာလေ။ ဖုန်းကတော့ တင်လို့မရဘူး။ အင်တာနက်ဆိုင်ရောက်မှ ကောက်တင်လိုက်တာ "

ကောင်းကွာ ဟု ဆိုကာ ကျွန်တော် သဘောကျစွာဖြင့် သူနှင့် စကားပြောခြင်းကို ရပ်တန့်လိုက်ပါသည်။ သာဂိသည် လူတစ်မျိုးဟု ကျွန်တော်နားလည်လိုက်ရပြန်ပါသည်။ သိပ်မကြာခင်မှာပင် သာဂိ၏ လန်းနေသော Status များကို ဆက်တွေ့ရပါတော့သည်။

" ဆာကူရာတာဝါ၏ ထိပ်တွင် ကော်ဖီသောက်နေသည်။ ( သူငယ်ချင်းများနှင့်။ နိုင်ငံခြားက ပြန်လာသော သူငယ်ချင်းတစ်ယောက် လိုက်တိုက်သောကြောင့်)"

" ထရိတ်ဒါးဟိုတယ်တွင် နေ့လယ်စာ စားနေသည်။ ( Myanmar Time မှ Sudoku ဖြေရာတွင် မှန်သွားသောကြောင့် )"

ဟုတ်တော့ ဟုတ်နေသည်။ သာဂိသူငယ်ချင်း ယောက်ျားလေးများက မှတ်ချက်ပေးရာတွင် ငကြွားဟု လာရေးသွားတာ တွေ့ရသည်။ ကျွန်တော် ပြုံးမိပြန်၏။ သာဂိသူငယ်ချင်း မိန်းကလေးများကလည်း စင်ကာပူကနေ ဘာတွေဆက်တင်နေလဲ မသိ။ သာဂိကလည်း Non stop လွှတ်နေသည်။

သူ့ကိုယ်သူ ငကြွားဟု အထင်ခံရသည့်တိုင် သာဂိ၏ Status များက ပြောင်းမသွားခဲ့။ သူတင်တာတွေ ဖတ်ကြည့်သည့်အခါတိုင်းလည်း ပြုံးရ၏။ တစ်ခုမျှ သူ့ဘာသာ လုပ်တာမပါ။ ဖရီးကစ်ချည်းသာ။ သူ့ဘာသာသူတော့ အဆင်ပြေနေ၏။

****************

" စိတ်တွေရှုပ်နေတယ်။ စကားလာမပြောကြပါနဲ့။ လူတွေကို စိတ်ကုန်တယ် "

"ငါ့မနက်ခင်းတွေကို ဘယ်သူယူထားလဲ "

" လဲလို့ရမယ်ဆို အားလုံးကို ငါလဲပစ်မယ်။ ပြီးတော့ တစ်ယောက်တည်း ငါနေမယ်"

" ဟိုးမှာ အစိမ်းရောင်တောင်တွေ။ ငါတို့ စိမ်းလန်းခဲ့တယ်။ အခုတော့ ခြောက်သွေ့နေခဲ့တာ ကြာပြီ"

လာပြန်ပြီ။ သာဂိ၏ မရိုးနိုင်သော အလန်းများ။ အသစ်များ။

" ဟေ့ကောင်။ ဘာဖြစ်ပြန်ပြီလဲ "

" ဘာရယ်မဟုတ်ဘူး အစ်ကို။ ပျင်းတာနဲ့ လက်ဆော့နေတာ "

" မင်းလက်ဆော့တာ ငါတို့လို Facebook က အသိတွေက တစ်မျိုးထင်မိတယ်ကွ။ မင်းများ ပြဿနာတွေ တက်နေလားလို့တောင် ထင်နေတာ"

"ဒါဆို ကျွန်တော် အောင်မြင်တာပေါ့။ မော်ဒန်လေ အစ်ကို။ သစ်ကြည့်တာ။ လူတော်တော်များများက Facebook ထဲမှာဆို ဘယ်သူ့ကိုမှ မပြောတဲ့ ခံစားမှု ထူးထူးဆန်းဆန်းတွေ တင်တတ်လို့ ကျွန်တော်လည်း လန်းကြည့်လိုက်တာ။ မိုက်လား အစ်ကို "

ကျွန်တော် မဖြေ။ သူ့ Status ၏ အောက်မှာ ကျွန်တော်ဖတ်လိုက်ရသော သူ့သူငယ်ချင်းတစ်ယောက်၏ မှတ်ချက်ကို ကျွန်တော်တွေ့တော့ ပြုံးမိသေးသည်။ သာဂိကို ' မင်းတော့ ရူးနေပြီ' တဲ့။ ကျွန်တော်ကတော့ သူ့ကို ရူးသည်ဟု မနောက်ပါ။ တချို့တွေကလည်း Like ဟု လာလုပ်သွားသေးသည်။ သာဂိကို ရူးနေပြီဟု ပေးထားသော မှတ်ချက်ကို ကြည့်လိုက် Like လုပ်ထားသူတွေ၏ နာမည်များကို ကြည့်လိုက်ဖြင့် ကျွန်တော်ပြုံးရသေးသည်။ မပြုံး ခံနိုင်ရိုးလား။ တချို့က ထို Status များကို ရူးနေပြီဟု မှတ်ချက်ပေးထားသည့်တိုင် တချို့က ကြိုက်သည်ဆိုသောအခါ ထိုသူများသည်လည်း နည်းနည်းတော့ ထူးနေလေပြီ။

ကျွန်တော်ကတော့ သာဂိကို သဘောတရားတစ်ခုသာ ပြောပြလိုက်ပါသည်။ လုပ်သည်၊ မလုပ်သည်။ နားလည်သည်၊ နားမလည်သည်က သာဂိ၏ လက်ခံနိုင်မှု အပိုင်းဟု ကျွန်တော်ထင်သည်။

"လူတိုင်းမှာ စိတ်ခံစားချက်ဆိုတာတော့ ရှိကြတာပေါ့ကွာ။ အစ်ကိုလည်း နားလည်ပါတယ်။ အစ်ကိုဆိုလည်း အာဆင်နယ် တော်တော်ကြိုက်တော့ အာကြီးအကြောင်းတွေ လျှောက်တင်လေ့ရှိတယ်။ တစ်ခါတစ်ခါတော့ စဉ်းစားတယ်။ ငါတို့က စိတ်ထဲရှိတာတွေ အကုန်လုံးကို ဒီအထဲမှာ လျှောက်ရေးနေမလားလို့။ ဘယ်သူ့မှ ရိုက်စစ်စရာမလိုတဲ့ ငါတို့ Life က ဒီထဲမှာ အကုန်ရောက်နေပါပေါ့လား လို့လည်း တွေးမိတယ်။ နောင် တစ်ချိန် ကျရင်သာ အဲဒီလို သူများသိထားတဲ့ ကိုယ့်ဘ၀ကို တကယ်လက်ခံနိုင်မှာလား ဆိုတာကို စဉ်းစားသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ Celebrity လို့ပြောကြတဲ့ နာမည်ကြီး အနုပညာရှင်တွေတောင် အင်တာနက်မှာ မဟုတ်တာတစ်ခါ ပါလာရင် ဖြေရှင်းဖို့ ခက်ကြတာလေ။ ဘာမှမဟုတ်တဲ့ ကိုယ်က အလကားနေရင်း ကိုယ့်ရဲ့ကိစ္စတွေ လျှောက်ပြောနေတာ နောင်တစ်ချိန်မှာတော့ နာမည်ကြီး တစ်ယောက်ရဲ့ ဒုက္ခမျိုး မခံရနိုင်ဘူးလို့ ဘယ်သူပြောနိုင်လဲ။ အဲဒါ မှန်လား၊ မမှန်လားဆိုတော့ မင်းလည်း စဉ်းစားတတ်တာပဲ သာဂိရာ။ စဉ်းစားကြည့်ပေါ့ "

" ပြီးတော့ ကိုယ်အောင်မြင်နေတုန်း Status တွေကို စုံနေအောင်တင်ပြီး ကိုယ် အဲဒီလို မလုပ်နိုင်တဲ့နေ့ကျရင်ရော။ အင်တာနက်ကနေ အသာလေး လျှိုထွက်သွားမှာလား။ ကိုယ့်အကြောင်း သိနေတဲ့ အပြင်ကလူတွေကြားမှာ ကိုယ်တစ်ချက်မှားတာနဲ့ ကွဲမှာပဲလေ။ အားလုံးဟာ ချင့်ချိန်ပြီး လုပ်သင့်တယ်လို့ အစ်ကိုတော့ ထင်မိတယ်။ မင်းလည်း သူများတွေ ဘာလုပ်လုပ် လိုက်ရိမနေပါနဲ့။ ပင်ပန်းတယ်။ အားလုံးက ကိုယ့်စရိတ် ကိုယ်စား၊ ကိုယ့်အလုပ်ကိုယ်လုပ်နေတာပဲကွာ။ ကိုယ့်သမိုင်း ကိုယ် ရေးကြပါလိမ့်မယ်"

ကျွန်တော့်စိတ်ထဲ ရှိသည်ကို သာဂိကို ချပြလိုက်သည်။ ဘာတုန့်ပြန်မှုမှ ပြန်မလာတော့။ သာဂိကျွန်တော့်ကို နှုတ်ဆက်၍ အွန်လိုင်းက ထွက်သွားသည်။

***************

အစ်ကို

ကျွန်တော် ဘလော့စရေးပါတော့မယ်။ အစ်ကို့စကားတွေ ပြန်စဉ်းစားပြီး ဘယ်ဟာက အမှန်လဲလို့ တွေးနေပါတယ်။ ကျွန်တော်လုပ်နိုင်တာတွေ ထဲက ကောင်းတာလေးတွေတော့ ပြန် လုပ်ကြည့်လိုက် ပါဦးမယ်။

တစ်ခါတစ်ခါ သူငယ်ချင်းတွေနဲ့ဆုံဖို့ရယ်၊ ကျွန်တော်ပေးချင်တဲ့ ကောင်းတဲ့ Message လေးတွေ ရှယ်ဖို့ရယ်၊ သူငယ်ချင်းတွေ ရှယ်ထားတဲ့ ကောင်းတဲ့ Message လေးတွေ ဖတ်ဖို့ရယ် အတွက်တော့ Facebook ကို ရံဖန်ရံခါ တက်ခဲ့ပါမယ်။

အမြင်ကတ်လို့ လျှောက်ရိနေတာတွေတော့ ရပ်ပစ်လိုက်ပါပြီ။ အစ်ကိုပြောသလို ကိုယ့်သမိုင်း ကိုယ်ရေးကြတာပေါ့ဗျာ။

အစ်ကို့ကို ကျေးဇူးတင်လျက်
သာဂိ

အီးမေးလ်ကို ဖတ်ပြီး ကျွန်တော် သဘောကျစွာ နောက်တစ်ခေါက်ပြန်ဖတ်သည်။ သာဂိထံမှ ပို့လိုက်သော မေးလ်ပါ။

နောက်ဆုံး အဆုံးသတ်ကိုတော့ အခေါက်ခေါက် ပြန်ဖတ်နေ၏။ ကြယ်စင်သာဂိလည်း မဟုတ်။ သာဂိ (ရွှေပန်းတော) လည်း မဟုတ်တော့။ သည်တစ်ခါတော့ သာဂိသည် သာဂိဖြစ်လို့နေတော့၏။ လူမှန်၊ နေရာမှန်ကို သာဂိတစ်ယောက် ရောက်သွားလေပြီဟု ကျွန်တော်နားလည်မိသလို နောက်ထပ်လည်း ဘယ်သူ့ကိုမျှ၊ ဘာစောင်းတရားတွေ ဟောနေတော့မှာ မဟုတ်တော့ဟု သာဂိကို ကျွန်တော် ယုံကြည်နေမိပါတော့သည်။ ။

သားလတ်
၁၀:၄၅နာရီ
၃.၁၁.၁၁

Monday, October 31, 2011

" နတ်များနှင့် အလုပ်ရှုပ်ခြင်း "


ကျွန်တော်သည် ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်ပါသည်။ ထို့ကြောင့် မနက်မိုးလင်း အလုပ်သွားတိုင်း လမ်းမှာ အားလုံးကို မေတ္တာပို့ပြီး သွားလေ့ရှိပါသည်။ မေတ္တာမပို့ခင် ဩကာသ ကန်တော့ခန်း၊ ငါးပါးသီလခံ၍ ပြီးမှ ပဋ္ဌာန်းအကျဉ်း၊ ဓာရဏပရိတ် တို့ ရွတ်ဖတ်ပြီး သံဗုဒ္ဓေမှစ၍ ကျွန်တော်ရသမျှ ဂါထာများကို ရွတ်လေ့ရှိပါသည်။

ထို့နောက်မှ ကျွန်တော်၏ မေတ္တာပို့သည့် အလုပ်ကို လုပ်ပါသည်။ မေတ္တာပို့ရာ၌ ကျွန်တော့်မိသားစုက စ၍ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်များ အဆုံး အကုန်ပို့ခြင်းပါ။ ဒါက မနက်ပိုင်းကိစ္စ။ သည်လိုနှင့် လုပ်ကွက်ထဲရောက်သည့်အခါ ပရိတ်ကြီး (၁၁) သုတ်နှင့် ပဋ္ဌာန်းအကျယ်ကို ရွတ်ပါတော့သည်။ တချို့နေ့များတွင် ကျွန်တော့် စိတ်က ပျံ့လွင့်နေလျှင် မနက်ပိုင်း မေတ္တာပို့သည့် ကိစ္စက လုပ်ကွက်ထဲရောက်မှ လုပ်ဖြစ်တာမျိုးလည်း ရှိပါသည်။

တစ်ခါတစ်ရံတွင် အာရုံစူးစိုက်မှု ကောင်းပါက မနက်ပိုင်း လုပ်ကွက်ထဲမရောက်မီကပင် မေတ္တာပို့ခြင်းကိစ္စ ပြီး၍ ပရိတ်ကြီး (၁၁) သုတ်ကို ဆက်ပါတော့သည်။ ပြီးမှ ပဋ္ဌာန်းကို ဆက်ရွတ်တတ်ပါသည်။ ဒါတင်မဟုတ်။ ကျွန်တော် အဓိဋ္ဌာန်ဖြင့် ရွတ်နေသော ဂါထာကိုလည်း အခေါက်ရေပြည့်အောင် ရွတ်ပါသေးသည်။ နောက်ဆုံး ကျမှ အမျှပေး၍ နတ်ပြန်ပို့ပါသည်။

ယခု ပြောချင်သည်က နတ်ပို့သည့် ကိစ္စပါ။ ကျွန်တော် ပြောခဲ့ပါသည်။ မနက်ပိုင်းမှာ ကျွန်တော်က မေတ္တာ ပို့ပါသည်ဟု။ သို့သော် စိတ်များ ပျံ့လွင့်နေသောအခါ ကောင်းကောင်းမပြီး။ မပြီးသည်ကို အလုပ်ထဲရောက်သည့် အခါ ပြန်၍ ထိန်းချုပ်၍ ရသည်။ မရသည်က မေတ္တာပို့ရင်း ဘယ်လိုက ဘယ်လိုဖြစ်၍ အမျှပေးပြီး နတ်များကို ပြန်ပါလေတော့ဟု ရောကာ ပြန်ပြန်ပို့နေမိမှန်း မသိ။ စိတ်ဆိုသည်က ခက်လွန်းသည်။ အာရုံဝင်စားသည့်နေ့ဆို ကျွန်တော့်ကို လာကြိုသောကားပေါ်တွင်ပင် ပရိတ်ကြီး ( ၁၁) သုတ် ပြီးသွားသည်။ အာရုံများမ၀င်စားလို့ကတော့ ညနေပြန်ခါနီးအထိပင် ပဋ္ဌာန်းအလှည့်ကို မရောက်နိုင်။ အပြန်ကားပေါ်မှာပင် ဆက်ရွတ်သွားရသည်။

ကျွန်တော်ပြောချင်သည်က မနက်ပိုင်း မေတ္တာပို့၍ ညနေမှသာ နတ်ပြန်ပို့ရမည့်ကိစ္စ။ စောစောက ဆိုခဲ့သလို ကျွန်တော့်အာရုံက မပြတ်သောအခါ မနက်ပိုင်း မေတ္တာပို့ပြီး ရံဖန်ရံခါ နတ်များကို ပြန်ပြန်ပို့မိနေသည်။ သဘောတရားအရ တွေးကြည့်ပါ။ ကျွန်တော်တို့ တရားစာ ရွတ်သောအခါ နတ်များလည်း နာကြသည်မဟုတ်လား။ သည်လို ပြန်ပို့မှတော့ ကျွန်တော်က ပရိတ်ကြီး (၁၁) သုတ်ရွတ်လျှင် နတ်များ တရားမနာနိုင်တော့။ ကျွန်တော့် အယူအဆပါ။

သို့သော် ပရိတ်ကြီး (၁၁) သုတ်၏ အစကို ဘာသာပြန် သိသူတိုင်း သိကြသည်။ သမန္တာ စက္က၀ါဠေသု ဆိုကတည်းက ထိုအပိုဒ်သည် နတ်ပင့်သည့်အပိုဒ်။ သည်တော့ မနက်ပိုင်း ကျွန်တော်က မေတ္တာပို့ပြီး ခပ်တည်တည်နှင့် ပြန်ပို့လိုက်သော နတ်များသည် မေတ္တာပို့ပြီး နောက်က ကပ်ပါလာသော ပရိတ်ကြီး (၁၁) သုတ်မှ နတ်ပင့်ကြောင့် မပြန်နိုင်ဘဲ အူလည်လည်နှင့် ပြန်လာကြရတော့သည်။

သည်တော့ တစ်ခါတစ်ခါ ထိုသို့မှားတိုင်း ကျွန်တော့်ဘာသာ ခေါင်းတခါခါ၊ လည်တရမ်းရမ်းဖြင့် ရှိနေလေတော့သည်။ ဘေးလူကြည့်လျှင် တစ်ခုခုမှားနေပြီဟုပင် ထင်ချင်စရာ။ ကျွန်တော်ကလည်း ကိုယ့်ဘာသာ အလုပ်ရှုပ်နေသည် မဟုတ်လား။ ပြန်စဉ်းစားလျှင် နတ်များသည်လည်း သနားဖို့ပင် ကောင်းလှသည်။

အာရုံစူးစိုက်မှု နည်းနေချိန်တွင် တရားစာ ရွတ်မိသော ကျွန်တော့်ကြောင့် ယခုပဲ ပြန်သွားဆိုပြီး ယခုပဲ ပြန်လာရလေသည်။ သူတို့တစ်တွေသာ ကျွန်တော့်ကို တည့်တည့်ပြောနိုင်မည် ဆိုလျှင်၊ သို့မဟုတ် ကျွန်တော်ကလည်း သူတို့ပြောတာ ကြားနိုင်မည်ဆိုလျှင် ပြန်ပို့ချင် ပို့လိုက်၊ ပြန်ခေါ်ချင် ခေါ်လိုက် လုပ်နေသော ကျွန်တော့်ကို ကောင်းကောင်း ကျိန်ဆဲ၍ တင်းပင်တင်းနေလောက်ပေပြီ။

ကျွန်တော်က စင်ကာပူမှာ။ သူတို့က ဘယ်ကလာမှန်းမသိ။ ရန်ကုန်က နတ်များဆို အပြန် ဘာနှင့်လိုက်မည်လဲ။ Silk Air ဆို အိုကေနိုင်သည်။ တခြားလိုင်းနှင့်ဆို မလွယ်။ လေယာဉ် နောက်ကျတာ၊ ဘာညာ ဖြစ်နိုင်သည်။ ပိုဆိုးလျှင် အထုပ်ပါ ပျောက်နိုင်သည်။ အခန့်မသင့်၍ ဟိုရောက်လျှင် နောက်ကျသောကြောင့် ကြားကားနှင့် မိချင်မိဦးမည်။ အမေရိကားဘက်ပြန်မည့် နတ်များကျတော့ ဈေးက တနင့်တပိုးပေးရမည်။ ဂျပန်ဘက်လည်း ဈေးကြီး၏။ အင်္ဂလန်ဘက်က နတ်များကျတော့ ပရီးမီးယားလိဂ် မီလျှင် အိုကေလေမလား မပြောတတ်။ ကချင်ပြည်နယ် မြစ်ဆုံက လာသော နတ်များကတော့ စင်ကာပူမှာပင် စတေး(Stay)လျှောက်၍ နေတော့မလား မပြောတတ်။ ပြန်သွားလိုက်၊ ပြန်လာလိုက် သူတို့က ဘယ်လုပ်ချင်ပါ့ မလဲလေ။

လျှောက်တွေးကြည့်မိခြင်းပါ။ တကယ်တော့ သူတို့က တန်ခိုးရှိသည်။ သူတို့ဘာသာ သွားနိုင်၊ ပြန်နိုင်သည်။ ကိုယ်က မြင်ရတာမဟုတ်။ သို့သော်လည်း သူတို့တစ်တွေသည် ကိုယ့်ကြောင့် ခဏခဏ အလုပ် ရှုပ်နေကြမည်ကို တွေးရင်း ကိုယ်လည်း နတ်များနှင့် အလုပ်ရှုပ်နေသူတစ်ဦးပါလားဟု တွေးမိပါသေးသည်။ ။

သားလတ်
၂၂:၂၇ နာရီ
၃၁.၁၀.၂၀၁၁



Thursday, October 27, 2011

" အိမ် "


လူတိုင်းမှာ နေစရာအိမ်ဆိုတာ ရှိကြတယ်လို့ ကျွန်တော်ယူဆပြီး ဒီအတွေးလေးကို ပြောကြည့်တာပါ။

ကျွန်တော်တို့ ငယ်ငယ်က အမေ့အိမ်မှာ နေခဲ့ကြတယ်။ ကျောင်းသွားတယ်။ ပြန်လာတယ်။ စားတယ်။ ကစားတယ်။ ညအိပ်မယ်။ ဒါတွေက သာမန်တွေပဲလား။ ကျွန်တော်တို့ အတွေးမှာ အိမ်ဆိုတာ ဘာမျှမဟုတ်ခဲ့ဘူး။ အိမ်မှာ လိုချင်တာရမယ်။ အဖေရှိတယ်။ အမေရှိတယ်လေ။ ကျွန်တော်တို့ အိမ်မှာ ကျွန်တော်တို့လိုအပ်တာတွေ အကုန်ရှိနေတယ်လို့ ခံစားခဲ့ရတယ်။ တကယ်တော့ အဲဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေတဲ့ မိဘတွေ ရှိနေတာ ကျွန်တော်တို့ မသိခဲ့တာပါ။

ကျောင်းမှာ စာသင်ရတဲ့အခါ အိမ်ပြန်ချိန်ဆို သိပ်ပျော်ကြတယ်။ အိမ်မှာ ဘာရှိလဲ မသိခဲ့ပါဘူး။ တစ်ခါတစ်ခါတော့လည်း အိမ်ကနေ အဝေးကိုသွားခဲ့တယ်။ အမျိုးတွေဆီ သွားလည်တယ်။ သူငယ်ချင်းတွေအိမ်မှာ နေတယ်။ ခင်မင်ရာအိမ်မှာ ခဏအိပ်တယ်။ အဲဒီအချိန်တွေမှာ အိမ်ကို ခွဲလို့ရခဲ့ဖူးတယ်။ ဒါပေမဲ့ ဒါဟာ ယာယီပါ။ ဘယ်လိုပဲ နေရ၊ ဘယ်မှာပဲ အိပ်ရ၊ ဘယ်ကိုပဲ သွားရ၊ ငယ်ငယ်က နေခဲ့ဖူးတဲ့ အိမ်၊ ဒီနေ့အထိ နွေးထွေးနေဆဲ အိမ်ဆိုတာ အဖေရယ်၊ အမေရယ် ရှိတဲ့အိမ်ပဲလို့ ခံစားနေရတယ်။

အဆောင်မှာလည်း နေခဲ့ဖူးတယ်။ လိုတာ အဆင်သင့်မရနိုင်ခဲ့ပါဘူး။ ငွေရှိမှပဲ နေလို့ကောင်းခဲ့တာလေ။ ဒီလိုပဲ ကျောင်းသားဘ၀ကျော်လို့ အလုပ်ထဲ ရောက်တော့ရော။ ရုံးမှာလည်း အိပ်ခဲ့တာပဲ။ နယ်ရုံးတွေမှာလည်း ခဏသွားအိပ်ခဲ့ဖူးတယ်။ အဆင်မပြေခဲ့ပါဘူး။ ခဏတော့ ပျော်ရတာပေါ့။ ကိုယ့်လိုလုပ်ဖော်ကိုင်ဖက်တွေလည်း ရုံးမှာရှိကြတယ်လေ။ ဒါပေမဲ့ သူတို့နဲ့ရော အမြဲနေလို့ ဖြစ်ခဲ့တာလား။ ကိုယ့်အိမ်မှာ နေသလိုတော့ ဘယ်ဖြစ်ပါ့မလဲလေ။

တစ်ခါတစ်ခါ နယ်တွေသွားရင်း မထင်မှတ်တဲ့ ခရီးလမ်းပန်း အခက်အခဲတွေကြောင့် အဲဒီ အရပ်မှာ သောင်တင် ခဲ့ရင် အိမ်ကို လွမ်းလိုက်တာလေ။ အဖေနဲ့ အမေက စိတ်ပူလို့ ပိုယူသွားခိုင်းတဲ့ ငွေလေးကို အလကားနေရင်း ကုန်သွားမှာစိုးလို့ နှမြောနေခဲ့မိသေးတာ။ ကိုယ်တိုင် ဒုက္ခရောက်မှာစိုးလို့သာ မဖြစ်ဖြစ်အောင် နေခဲ့၊ သုံးခဲ့ရတာပေါ့။ တကယ်တော့ သူစိမ်းတွေကြားမှာ ဘယ်လောက်ကြာကြာ နေနိုင်ပါ့မလဲ။

အခုကျတော့ရော။ စိမ်းတာမှ တော်တော်ကို စိမ်းသွားတဲ့ သူတွေချည်းပဲ။ ကိုယ့်ပြည်တွင်းမှာကမှ သူစိမ်းပေမယ့် စကားတော့ပြောလို့ ရသေးတယ်။ နိုင်ငံခြားဆိုတဲ့ အရပ်မှာက ဘယ်သူ့ကို ဘာပြောရမှန်းမသိလို့ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ငြိမ်နေခဲ့ရတဲ့ အချိန်တွေကလည်း များသား။ ခဏနေရတဲ့ အိမ်မှာ ပိတ်ရက် နားမယ်ကြံရုံရှိသေး အဲဒီနေ့ အလုပ်ဆင်းရမယ်တဲ့။ ဒီလိုနဲ့ အလုပ်က အိမ်ဖြစ်နေတာ ကြာပေါ့။

တစ်ခါတစ်ခါ အိမ်ကိုများ လွမ်းမိရင် ဘယ်လိုနေရမှန်း မသိအောင်ပါပဲ။ ဒါတောင် ဇနီးသည်က ပိုလွမ်းတတ်လို့ ကိုယ့်အလွမ်းကို သိုသိုဝှက်ဝှက်နဲ့ ညင်ညင်သာသာ ဖွဖွလေး လွမ်းရတာ။ သူသိရင် သူကလည်း နဂိုကတည်းက အိမ်လွမ်းတတ်သူမို့ ပိုဆိုးသွားမှာ စိုးလို့ပါ။ တကယ်တော့ လင်ရယ်၊ မယားရယ် အတူ ရှိနေတာ။ နေပျော်စရာပေါ့။ ဒါပေမဲ့ သူလည်း အိမ်ကိုလွမ်းသလို ကိုယ်လည်း အိမ်ကိုလွမ်းတတ်တာပါပဲ။

အိမ်မှာ ပိတ်ရက်ဆို အမေက အသုပ်တို့၊ မုန့်ဟင်းခါးတို့ လုပ်ကျွေးတတ်တယ်။ ညဘက်ဆို ညီအစ်ကိုတစ်တွေ ဘောပွဲမှာ။ ပြန်လာရင် သူ့အသင်း၊ ကိုယ့်အသင်း ဝေဖန်လို့ လေနဲ့ ဘောကန်ကြ။ အဖေနဲ့ဆို အိမ်မှာ ကျွန်တော်က စာအကြောင်း၊ ပေအကြောင်း ဆွေးနွေးလို့ပေါ့။ ပြီးတော့ သိပ်ချစ်စရာကောင်းပြီး ကျွန်တော်ကိုယ်တိုင် နာမည်တွေ ပေးထားခဲ့တဲ့ တူလေးနဲ့ တူမလေးကလည်း အိမ်မှာ ဆည်းလည်းလေးတွေလိုလေ။

ခုချိန်မှာ ကျွန်တော်က ချစ်ဇနီးနဲ့ ကိုယ့်လမ်းကိုယ်လျှောက်နေပါပြီ။ ဘာလို့ အိမ်ကို တွေးမိတာလဲ။ ကျွန်တော် အခုနေနေတာလည်း မိသားစုဆန်တဲ့ အိမ်လေးနဲ့ပါ။ တစ်ခုတော့ရှိတယ်။ ကျွန်တော့်အတွက် အိမ်ဆိုတာက လောလောဆယ်မှာတော့ အလုပ်ကြောင့် ကျောချစရာ တစ်နေရာလို ဖြစ်ဖြစ်နေပါတယ်။ ဇနီးသည်လည်း အတူတူပေါ့။

ဒါဆို ကျွန်တော်တွေးမိနေတဲ့ အိမ်ဆိုတာ အဖေနဲ့အမေရှိလို့လား။ ညီအစ်ကိုတစ်တွေ ရှိလို့လား။ ကျွန်တော့်တူ၊ တူမလေးတွေ ရှိလို့လား။ ကျွန်တော့်ဘေးမှာ ရှိတဲ့ ဇနီးသည်လည်း အဲဒီလို စဉ်းစားနေမလား။

ကျွန်တော်ထင်တာ ပြောကြည့်ပါဦးမယ်။ ကျွန်တော်တို့တစ်တွေ အိမ်ကို လွမ်းတာ အဲဒီမှာ ရှိနေတဲ့ အေးမြတဲ့ မေတ္တာကြောင့်လို့ ကျွန်တော်ထင်တယ်။ တခြားမဟုတ်ပါဘူးဗျာ။ မိသားစုရဲ့မေတ္တာလေ။ ကျွန်တော်လို အဝေးရောက်နေတဲ့ လူတစ်ယောက်အဖို့ ကန္တာရထဲက စမ်းရေအိုင်လို တောင့်တနေမိတာ အဲဒါပါ။ ငယ်ငယ်က အဝေးရောက်ရင်၊ ကျောင်းတက်ရင် အိမ်ပြန်ချင်တယ်ဆိုတာလည်း အဲဒီ မေတ္တာတွေကြောင့်ပါလို့ ခုတော့ သိလာခဲ့ရပြီလေ။

ဘယ်လိုပဲ ဖြစ်ဖြစ် လောလောဆယ်မှာ ကျွန်တော်နဲ့ဇနီးသည်က ကျွန်တော်တို့ရဲ့ ဘ၀တွေကို အဲဒီမေတ္တာတွေရဲ့ အဝေးမှာ ခဏ မြှုပ်ထားတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ အနာဂတ်အတွက် ဆက်လျှောက်နေရတယ်။ တစ်ချိန်မှာတော့ ကျွန်တော်ထင်တယ်။ နွေးထွေးတဲ့ မေတ္တာတွေရှိတဲ့ အိမ်လေးထဲမှာ ကျွန်တော်တို့တစ်တွေ တစ်ခါပြန်နေခွင့် ရမယ်လို့လေ။

ကျွန်တော့်လိုပဲ အိမ်နဲ့အဝေးကြီးမှာ ရောက်နေသူတွေကရော။ မိသားစုရယ်၊ မိဘတွေရယ်၊ သူတို့ဆီက ရတဲ့ မေတ္တာဆိုတာ တကယ်ကို အေးမြတယ်ဆိုတာကို သူတို့လည်း ကျွန်တော့်လို ခံစားနေမိလိမ့်မယ် ထင်ပါတယ်ဗျာ။ ။

ဆူးသစ်
၁၉:၅၈ နာရီ
၂၇.၁၀.၂၀၁၁

[ ကျွန်တော့်ဘလော့၏ တစ်နှစ်ပြည့်ပြီးချိန်တွင် စာအသစ်များ ပေးရန်ရည်ရွယ်ထားခဲ့ရာမှ ယခု ပထမဆုံး "ကျွန်တော့် အတွေးများ"ကို စတင်ရေးသားခဲ့မိရာ ဘလော့ချစ်သူများ ဖတ်ရန် တင်ပြလိုက်ပါသည်။ ]



Sunday, October 23, 2011

" ကျင်လည်ရာ "


ခြောက်နှစ်တာကာလ
ဟိုမှဒီမှ၊ လာကြသွားကြ
စားကြနားကြ၊ လှောင်ကြပြောင်ကြ
မှတ်ကြကျက်ကြ၊ ကာလများစွာ
မေ့စရာမရှိ၊ ထာဝရသတိရစရာ။

တစ်နှစ်တစ်နှစ်ရဲ့လူဦးရေ
ယောက်ျားလေးတွေက ခြောက်ရာကျော်
မိန်းကလေးတွေက တစ်ရာကျော်နဲ့
စိုပြည်ကာ ပျော်စရာကောင်းတဲ့ အနောက်အလောင်ဟာသများ
[ဪ-သူတို့တွေဟာ နောင်တစ်ချိန်မှာတော့ ]
တောက်ပြောင်သော ကာလများ ပိုင်ဆိုင်မယ့်သူတွေလေ။

ယောင်တောင်တောင် ပထမနှစ်
စာတွေကိုချစ်ရတဲ့ ဒုတိယနှစ်
ပြီးတော့ မေဂျာရဲ့လေးနှစ်ခရီး
'အီလက်ထရောနစ်'၊' လျှပ်စစ်'' စက်မှု'
'ဗိသုကာ''ချည်မျှင်'
စိတ်ပျက်ချင်စရာ စာသင်နှစ်တွေကို ဖြတ်ရင်း
'သတ္တုတူးဖော်ရေး'နဲ့' ရေနံ'၊' လေကြောင်းအင်ဂျင်နီယာ'နဲ့' မြို့ပြ'
'သတ္တုဗေဒ'နဲ့' ဓာတု'
အခက်တွေကို မမှုသလိုနဲ့
စက်မှုတက္ကသိုလ်ရဲ့ စာသင်နှစ်တွေထဲ
အားခဲကာ ဖြတ်သန်းခဲ့ကြဖူးမှာပေါ့။

'စာကြည့်တိုက်'' ဩဘာလမ်း'
ပြောကာလွမ်းရတဲ့ အချိန်ကာလ
'နွေးအေး' '၀ါဝါဦး' စတဲ့ စားသောက်တန်းတွေနဲ့
'လုံးဝခေသူမဟုတ်'ပါတဲ့
YIT ကျောင်းသား ပန်းချီရုပ်လေးကိုလည်း အမှတ်ရ
ချိုဆိမ့်ပေါ့ကျ အပူအအေးတွေလည်း တမ်းတလို့
ဟိုတစ်ခါက ကာလတွေ မှတ်မိနေကြမှာပါပဲ။

ကုက္ကိုပင်ကြီးတွေ အောက်က ခုံတန်းလျားတွေ
ပျောက်ကွယ်သွားပြီး ချောင်ထဲမှာရှင်နေတဲ့
တချို့သော စွယ်တော်ပင်တွေ
ငု၊ ပိတောက်၊ စိန်ပန်း၊ ယူကလစ်နဲ့
ပုဏ္ဍရိက်တန်းညီညီတွေ
ဟောလ်ခန်းမကြီးနဲ့ MCR, LCR
သီးသန့်စာသင်ဆောင်များနဲ့ သီရေတာတွေ
ဟိုးရှေးအတီအတေကနေ ခုထက်ထိ
တည်ရှိနေလို့ ဘယ်သူမေ့နိုင်မလဲ။

စဥ့်ကူ၊ အင်းလေး၊ ဇီဝက၊ ဒူးယား၊ ပုပ္ပါးနဲ့
အေကနေ အက်ဖ်အထိ ယောက်ျားလေးဆောင်တွေ
သဇင်နဲ့ ဂျီဟောလ်ဆိုတဲ့ မိန်းကလေးဆောင်တွေ
ကံ့ကော်ပင်တွေ အစီအရီနဲ့
တစ်နယ်စီကလာသူတွေလည်း
အမြဲတမ်းသတိရ အမှတ်ရစရာဖြစ်
ကျောင်းပြီးတဲ့ကာလတိုင်း အသစ်ဖြစ်နေမယ်ထင်ပါရဲ့။

ပါချုပ်၊ ဒုပါချုပ်၊ မော်ကွန်းထိန်း
ဋ္ဌာနမှူး၊ ကထိက၊ လက်ထောက်ကထိက
သရုပ်ပြ၊ ကျူတာ၊ လက်တွေ့ဆရာ ဆရာမနဲ့
ဋ္ဌာနတွေက ၀န်ထမ်းတွေ အသီးသီး ပြောင်းလဲ
ကျောင်းကြီးထဲ ဝေလိုက်ကြွေလိုက်နဲ့သစ်ရွက်လို
ကျောင်းသူကျောင်းသားတွေလည်း ပြောင်းလဲခိုက်
အဟောင်းတွေကစွန့်ပစ်၊ အသစ်တွေကချစ်ခင်
သည်လိုနဲ့ နှစ်စဉ် နှစ်စဉ်
အင်ဂျင်နီယာတို့ ကျင်လည်ရာ ကျောင်းတော်ကြီး
အပေါင်းအဖော်တွေနဲ့ မငြီးတမ်းခရီးနှင်မြဲပေါ့လေ။ ။

သားလတ်
၃၁.၇.၁၉၉၄

[ ကျောင်းတက်နေတုန်းက ရေးထားတဲ့ ကဗျာလေးပါ။ အခု Facebook မှာ Friends of YTU 2000 ဆိုတဲ့ Page တစ်ခုလုပ်လိုက်ပြီးတဲ့နောက် သူငယ်ချင်းတွေနဲ့ ကျောင်းကို သတိရစိတ်နဲ့ ပြန်ဖော်ပြီး ခံစားလိုက်တာပါ။]

Friday, October 21, 2011

" ဘာလဲကွ Communication "


ကျွန်တော် စင်ကာပူကို စရောက်တော့ ယခုလက်ရှိလုပ်နေသော ကုမ္ပဏီ၏ ရုံးချုပ်မှာ အလုပ်စလုပ်ရသည်။ လူမျိုးများက စုံလို့။ မြန်မာ၊ အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်။ စရောက်ရောက်ချင်းဆိုတော့ ကျွန်တော့် အင်္ဂလိပ်စာကလည်း နည်းနည်းထောက်ထောက်နေသည့် အချိန်။ ကိုယ့်ဘာသာ အားနည်းတာတော့သိ၏။

သို့သော် လုပ်ငန်းသဘောအရ ကျွန်တော်ကဦးဆောင်၍ မနက်ဘက် အလုပ်သမားများနှင့် အစည်းအဝေးမှာ၊ Project progress အစည်းအဝေးမှာ ဆွေးနွေးရသည်များ ရှိလာသည်။ တစ်ခါတစ်ခါ ပြောနေရင်းနှင့်ကို မဆီမဆိုင် ' ပြီးတော့' တို့၊ ' ဟုတ်တယ်' တို့ ဆိုပြီး ကိုယ့်မြန်မာစကားများ ယောင်သွားတတ်သည်။ တစ်ဖက်က နားမလည်၍ ကြောင်တောင်တောင် ကြည့်နေခါမှ ဪ-ငါမှားနေပါလား ဆိုပြီး သတိဝင်သည်။ ကိုယ့်ဘာသာကိုယ်တော့ သတိပိုထားရ၏။

နောက်တော့ အလုပ်သမားများကြားမှာ ကြာလာသောအခါ သူတို့တစ်တွေ တစ်ယောက်နှင့်တစ်ယောက် ဘယ်လိုများ ဆက်သွယ်ပြောဆိုနေပါလိမ့်ဟု တွေးပြီး စူးစမ်းကြည့်သည့်အခါ သူတို့လည်း သူတို့ဘာသာ သူတို့တော့ ဟုတ်နေလေသည်။

တစ်ခါများဆို ရုံးချုပ်က စတိုမှာ ဘကုန်းတစ်ယောက်နှင့် တရုတ်တစ်ယောက် စကားတွေ အကြီးအကျယ် များနေသည်။ ကျွန်တော်က Safety ဖြစ်၍ ရန်ဖြစ်လျှင် တားဆီးပေးရန် အနားသွားသောအခါ စတိုကိုင်သည့် ကုလားလေးက လက်ကာပြသည်။ ကျွန်တော်က ရန်ဖြစ်နေတာလား ဟု မေးတော့ ကုလားလေးက မဟုတ်ဘူးဟု ဆိုပြီး နားထောင်နေသည်။

သူကသာ နားထောင်နေသည်။ ဘကုန်းက ဘကုန်းလိုပြောပြီး တရုတ်က တရုတ်လိုတွေ ပြောနေသည်။ သူ့ဘာသာသူတော့ အဆင်ပြေနေ၏။ နောက်တော့ ကုလားလေးကပါ ကုလားလို ၀င်ပြောသည်။ လက်ဟန်ခြေဟန်များ ပါလာ၏။ ခဏနေတော့ ပြီးသွားသည်။ ဘာမှန်းလည်း မသိ။ ကျွန်တော်လည်း သဘောကျကာ အူလည်လည် ဖြစ်ပြီး လှည့်ထွက်ခဲ့တော့သည်။ ဘာမျှမဖြစ်သော ကိစ္စမို့ ဘာမျှလည်း မမေးချင်တော့။ သူတို့ဘာသာ သူတို့ အဆင်ပြေလျှင် ပြီးရော သဘောထားကာ လွှတ်ပေးလိုက်၏။ မေးလျှင်ရော။ သူတို့က အင်္ဂလိပ်စကား မပြောတတ်။ ကျွန်တော်က သူတို့စကားလည်း မတတ်။ သည်တော့ ကျွန်တော်သာ မူးသွားနိုင်၍ ရှောင်လိုက်သည်က အကောင်းဆုံး မဟုတ်လား။

သည်အဖြစ်အပျက်လေးက ရုံးချုပ်မှာတုန်းက တကယ့်ကို အမှတ်တရ။ သည်ကတည်းက Communication ဆိုသည်ကို တွေးနေမိခဲ့သည်။

နောက်တော့ Jurong Island ကိုရောက်ခဲ့၏။ ကျွန်တော့်မန်နေဂျာက 'အဲဒီမှာ မြန်မာအများကြီးပဲ။ မြန်မာ Safety လိုနေလို့ မင်းကိုပို့တာ' ဟု ဆို၏။ ကောင်းပါသည်။ ကိုယ့်လူများတော့ ကိုယ်နိုင်အောင်ထိန်းနိုင်မည်ပေါ့။ ဘာသာစကားလည်း ပြဿနာ မရှိနိုင်တော့။

သို့သော်လည်း အလုပ်လုပ်ပြီးမှ မြန်မာကို မြန်မာချင်းထိန်းရသည်က ပိုခက်သည်ကို ကျွန်တော့်ကိုယ်တွေ့ သိခဲ့ရလေသည်။ ထားပါတော့။ နောက်ကြုံမှသာ ထိုအကြောင်းများ သတ်သတ်ရေးပါဦးမည်။ ယခုက ဘာသာစကားကိစ္စ ပြောချင်၍ပါ။

ကျွန်တော်တို့ Project မှာ Big lorry နှင့် Small lorry ဆိုပြီး ရှိရာ အကြီးကို အဆောင်နေ အလုပ်သမားများ ကြိုဖို့ရန် ထားထား၏။ ထိုလော်ရီ အကြီးမှာ လုံခြုံရေးဂိတ်အပြင်တွင် အလုပ်သမားများကိုချ၊ ထို့နောက် ဂိတ်ကိုဖြတ်ပြီး အလုပ်သမားများကို အတွင်းမှ စောင့်၍တင်ရ၏။ တစ်ခါသော် မြန်မာ အလုပ်သမားလေး တစ်ယောက်က သူ့သူငယ်ချင်းတစ်ယောက် ကျန်နေသေး၍ ကားဒရိုင်ဘာကို လှမ်းအော်ပြောလိုက် သည်ကို ကြည့်ပါဦး။

" Please wait, ဟိုမှာ one man waiting "

ရုတ်တရက် နားထောင်လိုက်လျှင် ဟုတ်သလိုလိုတော့ ရှိ၏။ သို့သော် သေသေချာချာနားထောင်မှ သူ့စကားမှာ မြန်မာလိုပါ ညပ်နေ၏။ ကားဒရိုင်ဘာက နားတော့လည်သည်။ ဆိုလိုရင်းကို သိ၏။ သို့သော် မြန်မာအလုပ်သမားလေးတချို့က ရယ်နေလေသည်။ ပြီးတော့ ထိုတစ်ယောက် ကားပေါ် တက်လာမှ ၀ိုင်း၍ စကြတော့၏။

" ဟေ့ကောင်တွေ။ ကြားဖူးလား။ ဟိုမှာ one man waiting တဲ့။ ဟား...ဟား.....ဟား "

ခုန ပြောခဲ့သည့် အလုပ်သမားလေးကား ရှက်ကိုးရှက်ကန်းနှင့်။ သူ့စကားသူ သိသွားပြီကိုး။

နောက်တစ်ခါကျတော့လည်း ထိုတစ်ယောက်ပင်။ ဘကုန်းလေးတစ်ယောက်က သူ့ထက်အသက်ကြီးသော ရည်းစားရှိသည်ကို သူတို့သိသွား၍ စကြ၊ နောက်ကြ၏။ သူပြောသည်ကို ကြည့်။

" Same as your mother, ကန်တော့ ကန်တော့ "

ပြီးရော။ ကျွန်တော်တို့ မြန်မာများက သိပြီး ရယ်ကြသည်။ သို့သော် ကျွန်တော်တို့ကသာ ရယ်နေသည်။ ဘေးက နားထောင်နေသော ဘကုန်းများ၊ ကုလားများက ခေါင်းတွေ ညိတ်နေသည်။ သူတို့ချင်းကျတော့ အိုကေသား။ ကိုယ့်ထက် အသက်ကြီးသူကို ကြိုက်မိ၍ ညဘက်ဆို အမေလို သဘောထား၊ ကန်တော့ရမည် ဆိုခြင်းကို သူတို့၏ Communication နှင့် သူတို့နားလည် သွားကြလေသည်။

နောက်တစ်ယောက်ကျတော့ တစ်မျိုး။ သူက ကျွန်တော့်ထက် အသက်နည်းနည်း ကြီးသည်။ ဘောလုံးပွဲ လောင်းသည်ရော၊ ကြည့်သည်ရော ၀ါသနာပါ၏။ သည်သို့ဖြင့် သူ့ကို တခြားသူ တစ်ယောက်က ဘာရယ်မဟုတ်။ ဘောပွဲ မည်သည့်နေရာမှာ ကြည့်သလဲဟု မေးကြည့်သည်။ သူပြောသည်ကို ကြည့်ပါဦး။

" အမ် စီ ဒေါ်နယ် မှာ ကြည့်တယ်လေ " တဲ့။

ကျွန်တော်တို့အားလုံး နည်းနည်းတော့ ကြောင်သွားသည်။ ဘာလဲဟ ဆိုပြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။ သူက ဆက်ပြောသည်။

" ကော်ဖီသောက်ရင်း ဘောပွဲကြည့်ရတာပေါ့ဗျာ "

သူ သည်လိုပြောမှ ကျွန်တော်တို့ သဘောပေါက်တော့သည်။ သူပြောချင်သည်က မက်ခ်ဒေါ်နယ် ပါ။ စာလုံးပေါင်းကိုက အမ် စီ ဟု ဖော်ပြထားသောအခါ သူက ထိုအတိုင်း ထွက်လိုက်တာဖြစ်သည်။ ပြီးရော။ ကျွန်တော်တို့ ပညာရလိုက်သည်။

တစ်ခါ တစ်ခါတော့ ကျွန်တော်တွေးမိပါသည်။ လူတွေမှာ ကိုယ်ကျင်လည်ရာ၊ ကျင်လည်ရာ ဆိုသလို အသိုင်းအ၀ိုင်းများ ရှိကြသည်။ နိုင်ငံခြားမှာတော့ အင်္ဂလိပ်စကား တွင်တွင်သုံးရ၍ သူ့နေရာနှင့်သူ အဆင်ပြေသလို သုံးကြရသည်။ ထိုသို့သုံးကြရသူများကြား သူတို့ကတော့ သူတို့အနေအထားနှင့် သူတို့ အဆင်ပြေနေလေသည်။

တကယ့်သူတင်ကိုယ်တင် ဆွေးနွေးရသော အစည်းအဝေးများလို အင်္ဂလိပ်စကား အကြီးကြီးများ ပြောစရာ မလိုသည့် သူတို့ကြားက Communication ကား တစ်မျိုးတစ်ဖုံ ဆန်းသစ်နေသည်ကတော့ အမှန်ပင် ဖြစ်ပါတော့သည်။ Communication ဟု ဆိုကာ စကားလုံး အကြီးကြီးများကို သူတို့ကြားတော့ လာမပြောပါလေနှင့်။ ' ဘာလဲကွ Communication ' ဟု အပြောခံရ သွားနိုင်ပါသည်။ ။

ဆူးသစ်
၂၀:၃၁ နာရီ
၂၁.၁၀.၂၀၁၁



Friday, October 14, 2011

" ဂိမ်း (Game) "


ကျွန်တော့်မှာ တစ်ခါတစ်ရံ Pressure တို့၊ Stress တို့၊ Tension တို့ များလာသည့် အချိန်များ ရှိလျှင် ဂိမ်းလေးဘာလေး ကစားတတ်သည်။ iPhone ဂိမ်းများကို ကစားခြင်းပါ။

ထုံးစံအတိုင်း ယောကျာ်းလေးဆိုတော့ ပစ်တာခတ်တာ ၀ါသနာပါ၏။ မူလက Bakery Story၊ Farm Story၊ City Story၊ Tap Zoo စသော ဂိမ်းများကို ကစားခဲ့ဖူးသော်လည်း နောက်တော့ ထိုဂိမ်းများက ဆွဲဆောင်မှု မကောင်းတော့။ ထို့ပြင် ကျွန်တော်မကြိုက်သည့် တစ်ချက်က သူတို့က နေ့တိုင်းဝင်၍ ကစားရသည်။ ဥပမာ- Bakery Story မှာ မိမိက မုန့်တစ်ခုလုပ်ထားပြီး ထိုမုန့်ကျက်မည့် အချိန်မှာ ၀င်ကစား၍ ပြန်ရောင်းရသည်။ မရောင်းလျှင် ထိုမုန့်က အချိန်ကြာသည်နှင့်အမျှ ယင်နားကာ လွှင့်ပစ်ရတော့သည်။

Farm Story ဆိုလျှင်လည်း မိမိစိုက်ထားသော သီးနှံကို အချိန်မီ ရိတ်သိမ်းရသည်။ မရိတ်သိမ်းလျှင် အကုန် ပုပ်ပွ၍ ပျက်စီးသွားသည်။ သည်တော့ တစ်ခါစထားပြီးလျှင် မိမိဘာသာ သတိထားရတော့သည်။ ကိုယ့်ဘာသာကိုယ် ဂိမ်းနှင့် ချည်နှောင်ခံနေရသည့်သဘော။ စိတ်အပန်းဖြေချင်၍ ၀င်ရသည်နှင့် မတူတော့။ ကစားရသည်နှင့် မတူ။ တာဝန်တစ်ခုပေးထား၍ နေ့စဉ်ဝင်လုပ်နေရသလို ဖြစ်လာသည်။

သည်လိုနှင့် အဆိုပါဂိမ်းများကို ဖျက်ပစ်ကာ အပစ်အခတ်ဘက်လှည့်ကြည့်၏။ Contract Killer တဲ့။ ကျွန်တော်သဘောကျသော ဂိမ်းတစ်မျိုး။ လူတစ်ယောက်က နောက်ကွယ်ကနေ ကစားသူကို စာချုပ်ဖြင့်ခိုင်းနေသည်။ သည်လူကို သတ်ပေးပါ။ သည်လူသည် လူဆိုးဂိုဏ်းနှင့် အဆက်အသွယ်ရှိသည်။ မကောင်းတာလုပ်သည်။ စသဖြင့် ညွှန်ကြားချက် အပြည့်ပေး၏။

လူဆိုးဟု သိရသောအခါ သတ်ရသည်မှာ တော်တော် ပေါ့ပေါ့ပါးပါး ရှိသည်။ ကစားသူဘက်ကို အသံတိတ်ရိုင်ဖယ် ပေးထားသည်။ ကျည်ဆံကို မိမိဘာသာ ၀ယ်ရသည်။ လူဆိုးတစ်ယောက်ကို သတ်ပြီးလျှင် ငွေလည်းရသလို နောက်တစ်ဆင့်တက်ဖို့အတွက် အမှတ်တွေလည်း တက်သည်။

သည်လိုနှင့် ကျွန်တော်ကစားလာသည်မှာ လချီခဲ့၏။ နောက်တော့ Facebook သုံးပြီး သိပ်မကြာခင်မှာပင် Facebook ကို ထိုဂိမ်းက လင့်ချိတ်ထားသကဲ့သို့ Facebook ထဲမှ သူငယ်ချင်းများကို ဂိမ်းကစားဖို့ Invite လုပ်နိုင်၏။ သို့သော် iPhone ရှိသူမှသာ ပိုအဆင်ပြေမည်ဖြစ်ရာ ကျွန်တော်မည်သူ့ကိုမျှ Invite မလုပ်ခဲ့။

သည်လိုကစားလာရင်းမှ နောက်တော့ ကျွန်တော့်ဆီကို စိတ်အနှောင့်အယှက် ဖြစ်စရာတစ်ခုက စ၀င်လာသည်။ တခြားတော့ မဟုတ်။ ကစားသူကို သတ်ခိုင်းသော ညွှန်ကြားချက်တွင် သတ်ရမည့်သူများက Facebook ထဲက လူများ၏ နာမည်များ ဖြစ်လာသည်။ သိကြသည့်အတိုင်း မည်သူမဆို သူတို့၏ Facebook တွင် သူတို့နှင့် ရင်းနှီးသူများသာ ရှိကြသည်။ ( လာသမျှ ဖိတ်ခေါ်မှုတိုင်းကို လက်ခံနေသူများကတော့ တစ်မျိုး စဉ်းစားနိုင်ပါသည်။ ) ကျွန်တော့် Facebook မှာလည်း ရှင်းသည်။ ကျွန်တော်နှင့် ခင်သော သူငယ်ချင်းများ၊ ကျွန်တော့်ဇနီး၏ သူငယ်ချင်းများ သာရှိသည်။

သည်တော့ ကစားသူ ကျွန်တော့်ကို သတ်ခိုင်းသူက နာမည်တစ်ခါ ပေးတိုင်း ပေါ်လာသောနာမည်သည် Facebook ထဲမှ ကျွန်တော့်သူငယ်ချင်း မိတ်ဆွေများ၏ နာမည်များသာ ဖြစ်နေလေတော့သည်။ ခက်တော့ခက်ချေ၏။ ကျွန်တော်က ကျွန်တော့်သူငယ်ချင်းများကို သတ်ရက်လောက်အောင် ရက်စက်တတ်သူလား။ လုံးဝမဟုတ်။ သို့သော်တစ်ဖက်မှာက ကျွန်တော်ကစားရင်း ဖြတ်သန်းခဲ့သည့် Level များက နည်းတာမဟုတ်။

သည်လိုနှင့် ကျွန်တော့်ဘာသာ ငါတကယ်သတ်တာမှ မဟုတ်တာဟု စိတ်ဖြေရင်း ဆက်ကစားနေမိခဲ့သည်။ သည်လိုစိတ်ဖြေနိုင်စရာ အကြောင်းတစ်ခုလည်း ရှိသေးသည်။ ကစားသူကို လူသတ်ခိုင်းသူသည် Facebook က နာမည်ကိုသာ သိပြီး ချိတ်ဆက်ထားနိုင်တာသာ ရှိသည်။ ကျား၊ မ မခွဲခြားတတ်။ ထို့ကြောင့် သူသတ်ခိုင်းသည်က နာမည် မိန်းမဖြစ်နေသော်ငြား သူက He ဟု သုံးကာ ကစားသူ ကျွန်တော့်ကို သတ်ခိုင်းသည်။ သည်ကတည်းက ဂိမ်းသည်ဂိမ်းသာ ဖြစ်သည်ဟု ကျွန်တော့်ဘာသာ ဖြေသိမ့်ကာ ဆက်ကစား၍ ရနေတော့၏။

နောက်တော့ ထိုဂိမ်းမှာ ပိုဆိုးတာ တစ်ခု ကျွန်တော်ခံစားလာရသည်။ ထိုဂိမ်းက Facebook က သူငယ်ချင်း နာမည်ကို ယူ၍ လူဆိုးလုပ်ခိုင်းရုံသာမက ဓာတ်ပုံကိုပါ ယူ၍ပြခြင်းပါ။ ကျွန်တော့်ဂိမ်းထဲမှာ ဖြစ်၍ ကျွန်တော်သာ မြင်ရပြီး ထိုသူကို သတ်ပေးပါဟု ဆိုသောအခါ စိတ်က နည်းနည်း တုန်လှုပ်လာ၏။ မတုန်လှုပ်လျှင် ခံနိုင်ရိုးလား။ ကျွန်တော့်သူငယ်ချင်းများကလည်း သူတို့ပုံသာမက သူတို့မိသားစုပုံနှင့် သူတို့ကလေးများ၏ပုံကိုပါ တင်ထားတတ်ရာ ဘာမဆိုင်၊ ညာမဆိုင် သူတို့မျက်နှာလေးတွေပေါ်လာပြီးလျှင် ကျွန်တော့်မှာ ရှေ့ဆက်ကစားဖို့ တန့်နေတတ်တော့၏။ ဘယ်သူက လုပ်ရက်ပါ့မလဲဗျာ။

ကျွန်တော်တွေးမိပါသည်။ နိုင်ငံခြားမှာ ထိုကဲ့သို့ ဂိမ်းကစားသူ လူငယ်များ နောက်ပိုင်းမှာ စိတ်နှင့်ကိုယ် ကင်းကွာ၍ ဂိမ်းထဲကလို အတန်းထဲမှာ လူတွေသတ်၊ ဗုံးတွေခွဲလုပ်ကြသည်မှာ သည်လိုခံစားမှုများက စလာကြတာသာ ဖြစ်မည်ဟု။ ပြီးတော့ သူတို့ဆီက လက်နက်ကလည်း လွယ်လွယ်ရသည်ကိုး။

သည်လိုနှင့် ကျွန်တော့်မှာ ပျင်း၍ ဂိမ်းကစားခါမှ အကုသိုလ်တောထဲ ပြေးပြေးတိုးနေသည့်နှယ် ကြုံနေရရာ ထိုဂိမ်းကို ဖြတ်လည်းဖြတ်ချင်၊ Level ကိုလည်း နှမြောနှင့် ဆက်ကစားလာလိုက်ရာမှ တစ်နေ့တွင်တော့ ထိုဂိမ်းကို လုံးဝရပ်ပစ်ချင်စရာ အကြောင်းက ပေါ်လာလေတော့သည်။

တခြားတော့မဟုတ်။ ကျွန်တော့်လို ဂိမ်းကစားသူကို ညွှန်ကြားချက်များ ပေးပြီး သတ်ခိုင်းနေသော ညွှန်ကြားချက်ပေးသူ၏ နောက်တစ်ဆင့် ညွှန်ကြားချက်မှာ တခြားသူကို သတ်ရန်မဟုတ်။ တခြားသူ၏ နာမည်လည်းမဟုတ်။ သူသတ်ခိုင်းသူ၏ နာမည်ကား ကျွန်တော်၏ ချစ်လှစွာသော ဇနီး၏ နာမည်ဖြစ်နေခြင်းပင်။

သိပ်များများစားစား စဉ်းစားမနေတော့ပါ။ ထိုနေ့မှစ၍ ကျွန်တော့်ဂိမ်းကို Delete လုပ်၍ အပြီးအပိုင် ဖျက်ချပစ်လိုက်ပါတော့သည်။ ပြီးရောပေါ့။

စဉ်းစားသာကြည့်ကြစေချင်ပါသည်။ လောကကြီးမှာ အပျော်ဖြစ်ဖြစ်၊ ဂိမ်းကစားလျှင်ပဲ ဖြစ်ဖြစ် ကိုယ့်သူငယ်ချင်း၊ ကိုယ့်ဇနီးမယားကို သတ်ပြီးကစားရသည့် ကစားနည်းမျိုးကို ကျွန်တော့်လို မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာ တစ်ယောက်က ပျော်ပျော်ကြီးနှင့် အချိန်အကြာကြီး ကစားနိုင်ပါ့မလား ဆိုတာကိုပါ။ ဒါကတော့ ကျွန်တော်သာမဟုတ်။ ကျွန်တော့်သူငယ်ချင်း အပေါင်းအသင်းများလည်း ထိုသို့ကစားနိုင်မည်မထင်။

ဘ၀ဆိုသည်မှာ ကစားပွဲတစ်ခုဟု ဆိုလျှင် ထိုကစားပွဲအတွင်း၌ စာနာမှု၊ ကရုဏာထားမှု၊ မေတ္တာနှင့် လူသားဆန်သော ပြိုင်ဆိုင်မှုတို့ ပျောက်ဆုံးနေသော ကစားနည်းမျိုး ရှိနေပါက ကျွန်တော်ဘေးသာ ထွက်ထိုင်နေမိပါတော့မည်။ ။

ဆူးသစ်
၁၉:၁၉ နာရီ
၁၄.၁၀.၂၀၁၁
Related Posts Plugin for WordPress, Blogger...