Saturday, October 19, 2013

"ငယ်ဖော်စိတ်ဖြင့်စွယ်တော်ရိပ်တွင်တကယ်ပျော်၍ အိပ်မိသည်" အပိုင်း ( ၂ )


 ကျွန်တော်ယခု စွယ်တော်ရိပ်သင်္ကြန်အကြောင်း၊ တစ်နည်းအားဖြင့် စွယ်တော်ရိပ် အနုပညာပြပွဲများ အကြောင်း ဆောင်းပါးရေးနေစဉ်မှာပင် ၀မ်းသာစရာ သတင်းတစ်ခုကို ကြားသိရသည်။ ကျွန်တော်တို့ အမိ ရန်ကုန်စက်မှုတက္ကသိုလ်မှ စက်မှုအင်ဂျင်နီယာ ကျောင်းဆင်းတစ်ဦးဖြစ်သူ ဆရာ မောင်စိန်ဝင်း( ပုတီးကုန်း) သည် အရှေ့တောင်အာရှအဆင့် ကဗျာဆရာဆုကို ရရှိသည်ဆိုသော သတင်းပင်။ စက်မှုတက္ကသိုလ် က ပေါက်ဖွားလာသော အနုပညာရှင် တစ်ဦး၏ အောင်မြင်မှုကို ကျွန်တော် ၀မ်းသာကြည်နူးမိပါသည်။

ထို့အတူ ရန်ကုန်စက်မှုတက္ကသိုလ်မှ မွေးထုတ်ပေးလိုက်သော အနုပညာရှင်များ များစွာရှိနေပါသေးသည်။ ယခုနှစ်စဉ်လို ကျင်းပနေသော စွယ်တော်ရိပ်သင်္ကြန်နှင့် စွယ်တော်ရိပ် အငြိမ့်တို့မှလည်း အောင်မြင်သော အနုပညာရှင်များစွာ ပေါ်ထွက်မလာနိုင်ဘူးဟု မည်သူဆိုနိုင်ပါမည်နည်း။ ကျွန်တော်ကတော့ ကြည်နူး ၀မ်းသာစိတ်တို့နှင့်အတူ စွယ်တော်ရိပ်သင်္ကြန် ၂၀၀၉ ကို ခံစားမိပါတော့သည်။

စွယ်တော်ရိပ်  သင်္ကြန် ( ၂၀၀၉ ) ခုနှစ် .............

စွယ်တော်ရိပ် သင်္ကြန် ၂၀၀၉ ကို အစီအစဉ်တင်ဆက်သူ နှစ်ဦးဖြင့် စတင်ခင်းကျင်းသည်။ အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦး။ အမျိုးသားသည် နောက်မှသိရသည်မှာ ကိုဘကျော်( မြို့ပြ ) ဖြစ်သည်။ သူသည် သီချင်းရေးသည်။ လူရွှင်တော်ဟောင်း ဖြစ်သည်ဟုဆိုသည်။ စွယ်တော်ရိပ်၂၀၀၆ က သာ စကြည့်ခဲ့ရသော ကျွန်တော့်အတွက်တော့ ရှေ့ပိုင်းစွယ်တော်ရိပ်ပွဲများမှာ ကိုဘကျော် လူရွှင်တော် လုပ်ခဲ့သည်ကို မကြည့်ရသေး။ သို့သော် အနုပညာ အရည်အသွေးကတော့ သေးမည်မထင်။ ၀ါသနာ ပိုးလည်း ကြီးသည်ဟု မြင်မိသည်။ အစီအစဉ် တင်ဆက်သူ အမျိုးသမီးကတော့ ကျွန်တော်တို့နှင့် တစ် Batch ထဲက သူငယ်ချင်းဟု ထင်သည်။ သူက လေသံတော်တော်အေးသည်။

ပထမဆုံးက အဖွင့်သီချင်း။ သင်္ကြန်သံချပ်ထိုးပုံမျိုးဖြင့် တင်ဆက်သွားသည်။ ရေးသူက ကိုဘကျော်။ ဇာတ်တိုက်သည်မှာ မနာသောအခါ သီချင်းအ၀င်များ Timing လွဲသည်။ သံချပ်ပုံစံဖြစ်၍ မြိုင်တော့မြိုင်သည်။ ကျားနှင့်မတို့ အားပြိုင်ပုံမျိုးကို အကလေးများနှင့် တွဲထားသည်။ ထူးခြားချက်က စင်အပြင်အဆင်။ ရှေ့နှစ်များထက် ပိုထူးခြားလာသည်။ ရောင်စုံမီးများကလည်း ပို၍စုံလာသလိုပင်။ စာတန်းက "စွယ်တော်ရိပ် သင်္ကြန် ၂၀၀၉ Organized by Ex-RIT" ဟု စင်နောက်ခံမှာ ထိုးထားသည်။ ကျွန်တော် ရင်အခုန်ဆုံးက Ex-RIT ဆိုသော စာသား။ RIT ဟု မြင်လျှင်၊ ကြားလျှင်ကို ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ပီသစွာ ရင်ကထထခုန်သည်။ ကျွန်တော်ကတော့ YIT ဆိုသော စကားလုံးအောက်မှာ ကြီးပြင်းခဲ့ရသော ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား။ နောက်ဆုံးနှစ်ကျမှ YTU ဆိုပြီး ထဖြစ်သော်ငြား ကျွန်တော်တို့နှလုံးသားက RIT ဆိုသော စာလုံးကိုကြားလျှင် ရင်ခုန်မြဲ။ ထားတော့။

နောက်အစီအစဉ်က ဘုရားရှင်ကို ပုဂံခေတ်က ဆီမီးဖြင့် ပူဇော်သောအကပုံစံဖြင့် ဖျော်ဖြေသည်ဟု ဆိုသော " မဟာဝီရ အို-ဗုဒ္ဓ " သီချင်း။ အကလေးများကို မိန်းကလေးသုံးယောက်က ကြိုးစားကသွားသည်။ မီးအလင်းအမှောင် ကောင်းသည်။ လက်ထဲက ဆီမီးခွက်များသည် တကယ့်ဆီမီးခွက်များအလား။ သို့သော် ဇာတ်ဆရာတို့ မျက်စိလျှမ်းသည် ထင်၏။ တကယ်တော့ ထိုသီချင်းသည် ပုဂံခေတ်ကို ကိုယ်စားမပြု။ မြတ်စွာဘုရား ပွင့်တော်မူရာ အိန္ဒိယကို အခြေခံ၍ သီချင်းကို အိန္ဒိယပုံစံ သံစဉ်တည်ဆောက်ထားတာ ဖြစ်သည်။ ဒါလည်း ကျွန်တော် နားလည်ပေးနိုင်သေးသည်။ ပရိသတ်လည်း ဘာမျှမဖြစ်။ အဓိကက ဘုရားကို ဆီမီးပူဇော်တာသာ အဓိက ဖြစ်သည်။

သို့သော် တည့်တည့်ဝေဖန်ရလျှင် ကျွန်တော့်အတွက် အင်မတန် စိတ်မကျေနပ်စရာ ကောင်းသော အချက်တစ်ချက်ကို ထိုသီချင်းမှာ တွေ့ရသည်။ တခြားတော့ မဟုတ်။ ဇာတ်ဆရာတို့က မသိလေသလား။ အရေးမထားလေသလား။ အစီအစဉ် ကြေငြာသူတို့ကပဲ မေ့လျော့ခဲ့လေသလား မသိ။ သီချင်းရေးသူ နှင့် သီဆိုသူကို လုံးဝ( လုံးဝ ) မကြေငြာဘဲ သီချင်းတစ်ပုဒ်လုံး ပြီးသွားခြင်းပင်။ ရှေ့ကကိုဘကျော် သီချင်းမှာတော့ ရေးသူက မည်သူမည်ဝါဟု လုပ်သွားပြီး တေးရေး မောင်မောင်ဇော်လတ်က သံစဉ်ရှာကာ အဆိုတော် ထူးအိမ်သင် ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆိုထားသော ထိုသီချင်းကို ဘုရားကန်တော့ရုံသက်သက် လုပ်သွားခြင်းကတော့ စွယ်တော်ရိပ် ဇာတ်ဆရာတို့အတွက် နောက်နောင် သတိပြုစရာ ဖြစ်သည်ဟု ဆိုချင်သည်။

နောက်အစီအစဉ်တစ်ခုက " သူတို့ခေတ်နဲ့ သူတို့အချစ် " ဆိုသော အချစ်အကြောင်းကို ခေတ်အမျိုးမျိုး တင်ဆက်သည့် တေးသရုပ်ဖော် ပုံစံမျိုး။ ဒေါ်မာမာရီ စီစဉ်သည်ဟု သိရသည်။ အောင်ပြည့်နှင့် ဟာသမယ် မွန်ရီအောင်တို့က သားအဖအဖြစ် သရုပ်ဆောင်ကာ တေးသရုပ်ဖော်ကို ဖွင့်သည်။ သူတို့နှစ်ဦးကား ဟာသသရုပ်ဆောင်ရသည်ကို ယဉ်ပါးနေလေရာ ပွဲကိုထိန်းတတ်လေသည်။ သူတို့က အစပြု၍ ခေတ် အဆက်ဆက် အချစ်များကို သီချင်းနောက်ခံထားကာ ဖျော်ဖြေသွား၏။

ပထမဦးစွာ ဘုရင်ခေတ်၊ ထို့နောက် အဘိုးအဘွားခေတ်၊ ထို့နောက် အဖေအမေခေတ်၊ နောက်ဆုံးကျမှ ယခုလက်ရှိ သားသမီးများခေတ်။ အဖေအမေခေတ်ကိုတော့ စွယ်တော်ရိပ်၏ ကျောင်းကပွဲမှာတွေ့ သည်ဟု ပြောသွားသောအခါ အမိစက်မှုတက္ကသိုလ်ကို လွမ်းချင်မိတော့သည်။ အခန်းတိုင်းမှာ အ၀တ်အစားကို သတိထားသွားတာတော့ ကျွန်တော်သတိပြုမိသည်။

ထိုတေးသရုပ်ဖော်ပြီးတော့ " မူယာကြော့ "  သီချင်းကို အဆို၊ အကနှင့် ဖျော်ဖြေသည်။ ထို သီချင်းပြီးတော့  "  ဘီလူးပန်းစိုက် " အက။ ဒဿဂီရိမှ သီတာဒေ၀ီ၏ ဦးခေါင်းတွင် ပန်းစိုက်ရန် ကြိုးစားသည့် အကဖြစ်သည်။ အစီအစဉ်တင်ဆက်သူများက ခက်ခဲနက်နဲသည်ဟု ဆိုသည်။ တကယ်လည်း ခက်ခဲနက်နဲသည်။ ဟိုးတုန်းက ယဉ်ကျေးမှုဝန်ကြီးဋ္ဌာနက ကပြလျှင် ကျွန်တော် ကြည့်ခဲ့ရသည်။ ငယ်ငယ်က ပြည်ထောင်စုနေ့ကပွဲများမှာ ယဉ်ကျေးမှုက ဇာတ်ရှိသည်။ ယခုတော့ စွယ်တော်ရိပ်၏ စင်ကာပူကပွဲမှာ ကြည့်ရလေပြီ။ ကျွန်တော်ကြားဖူးနားဝ ရှိသည်မှာ ရာမယဏကလျှင် ဦးခေါင်းခေါင်းစွပ် စွပ်ဖို့ကိုပင် သက်သတ်လွတ်စားရ သည်ဟု ဆိုသည်။ စွယ်တော်ရိပ် ဇာတ်ဆရာတို့ မည်သို့ ကသည်မသိ။

ထိုအကမှာ ဒဿဂီရိနေရာကနေ လူရွှင်တော် ဩဘာက တင်ဆက်သည်။ ပြောရလျှင် ဩဘာ၏ ခန္ဓာကိုယ်က ဒဿဂီရိအဖြစ် ကဖို့အခွင့်အရေး ပေးထားပုံရသည်။ ထို့ပြင်ကျွန်တော် သတိထားမိသည်က ဩဘာသည် ကိုကြီးကျော်လည်း ကခဲ့သည်။ သည်တော့ သူ့အနုပညာအရည်အသွေးကို လျှော့တွက်၍ မရ။ ဗီဇကြီးသည်ဟု ဆိုရမည်။ ပိုးလည်း ထ၏။ သူ့ကို အပြင်မှာ ကျွန်တော် မသိပါ။ သို့သော် သူ့ကို ဇာတ်မျိုးရိုးများ ရှိလေသလားဟုပင် တွေးမိ၏။ သူ့အနုပညာ အရည်အသွေး ကောင်းသည်ကိုတော့ ၀န်ခံရပေမည်။ ရန်ကုန်နည်းပညာ တက္ကသိုလ်ကျောင်းသား တစ်ယောက်၏ အနုပညာစွမ်းအားကို ကျွန်တော် ဘယ်တော့မျှ လျှော့မတွက်ခဲ့။ ကျွန်တော်တို့ ကျောင်းထွက်များသည် နယ်ပယ်စုံမှာ အနုပညာသမားများအဖြစ် များစွာရှိနေလေသည်။

" ဒဿဂီရိ ပန်းစိုက်အက " ပြီးတော့ သင်္ကြန်ယိမ်းအက။ ဒါလည်း စွယ်တော်ရိပ် ဇာတ်ဆရာတို့ အကွက်ချထားပုံ ရသည်။ သင်္ကြန်အကလည်း မကျန်အောင် ထည့်ရင်း အဓိကအစီအစဉ်များ ကြားမှာ ခင်းကျင်းထားသည်။

ထို့နောက်မှာတော့ " ခင့်ဆုတောင်း "  ဆိုသည့် မင်းသားအက။ မည်သူ့သီချင်းမှန်း ကျွန်တော်မသိ။ ဇာတ်မင်းသား အသံဖြစ်သည်။ ချမ်းသာ ( သို့မဟုတ် ) တင်မိုးဝင်းဟု ကျွန်တော် ထင်မိသေးသည်။ သီချင်းကကောင်းသလို အကကလည်း ကောင်းသည်။ တစ်ယောက်တည်းကသည် ဆိုသော်ငြား ထိုမင်းသား အစ်ကိုကြီးသည် ခွင်ကျအောင် ကနိုင်သည်။ အချိုးအချနှင့် ဆိုင်းကို သူအလွတ်မပေး။ ခွင်ကျအောင် လိုက်ကသည်။ ဒါကို ကျွန်တော် သတိထားမိသည်။ တကယ်ဆို စွယ်တော်ရိပ်ပွဲမို့ သူခိုလိုက်လျှင် ရသည်။ သို့သော် သူသည် တကယ့်အနုပညာသမားလို သူ့အကကိုသူ တန်ဖိုးထားသည်။ ကျွန်တော် လေးစား မိသည်။

ထိုအကပြီးတော့ စွယ်တော်ရိပ်ဇာတ်ဆရာတို့ ပရိသတ်ကို ထပ်လှုပ်နှိုးဖို့ ကြိုးစားသည်။ သင်္ကြန်သံချပ်ကို ခင်းသည်။ သံချပ်ဆိုသည်က Timing ကိုက်မှ ပိုလှသည်။ သူတို့ကြိုးစားသည်။ သို့သော် ရသည့်အချိန်ကို လုပြီး ဇာတ်တိုက်ထားရသောအခါ ဇာတ်မနာ၍ Timing တချို့လွဲသည်။ ပိုဆိုးသည်က စာရွက်များကိုင်၍ လွဲနေကြခြင်းပင်။ သို့သော် ပရိသတ်များအနေနှင့်ကတော့ သံချပ်အာသာပြေမည်ဟု ကျွန်တော်ထင်သည်။

သံချပ်ထဲတွင် အေးဂျင့်နှင့် အိမ်ဖော်၊ ပင်နယ်ဆူလာက မြန်မာများ အရက်သောက် ၀ိုင်းဖွဲ့သည့် ကိစ္စ၊ ကုန်ဈေးနှုန်း၊ လမ်း၊ မီးမလာသည့်ကိစ္စ စသည့် မြန်မာပြည်က ကိစ္စများကို စွယ်တော်ရိပ်လူရွှင်တော်များဖြင့် ၀ိုင်းဝန်းကာ သီချင်းများဖြင့် တင်ဆက်သွားသောအခါ Timing လွဲလွဲသွားသော်ငြား သံချပ်သည် မြူးကြွ သွားလေသည်။

ထို့နောက်မှာတော့ " နန်းဆန်တဲ့ မန်းသင်္ကြန် " သီချင်းဖြင့် ယိမ်းအကကို ဖျော်ဖြေသည်။ ကိုဘကျော် အဆိုကောင်းသည်။ သီချင်းကလည်း ကောင်းသည်။ အကကတော့ ကျွန်တော်တို့နှင့် တစ်Batchတည်း ရွှေစင်မက ဦးဆောင်၍ ကသည်။ ကြည့်လို့တော့ လှ၏။ သူလည်း ၀ါသနာက သေးမှမသေးတာ။

နောက်တော့ တီးဝိုင်းနှင့် သီချင်းများဖြင့် ဖျော်ဖြေသည်။ တီးဝိုင်းနာမည်ကို ကြေညာတော့ ကျွန်တော် နားမလည်။ နောက်မှ သိရသည်က Alternate Crunch ဟုဆိုသည်။ တီးသူများကို မကြေညာခင်ကတည်းက တီးသူတချို့က ကျွန်တော်နှင့် တစ်တန်းတည်း သူငယ်ချင်းများ ဖြစ်နေသည်ကို သိရသည်။ တစ်ယောက်က မင်းမင်းထွန်း။ သူကတော့ ကျောင်းတုန်းကတည်းက အဆောင်မှာ လက်စွမ်းပြနေသူဟု ကျွန်တော် ကြားဖူးသည်။ လိဒ်ဂစ်တာသမား။ ယခုမှ ထတီးသူမဟုတ်။ ကြာခဲ့ပြီ ဖြစ်သည်။ သူတို့ကို ကျွန်တော် ယုံသည်။ တကယ်တီးတော့လည်း ၀ိုင်းကောင်းတစ်ဝိုင်းကို သူကထိန်းကျောင်းသွားသည်။

နောက်တစ်ယောက်က ငါငူး။ တကယ်တော့ သူ့နာမည်က စောကပြူးထူးငါငူး။ သူက ယခုဝိုင်းမှာ ကီးဘုတ်တီးနေသည်။ တကယ်တော့ သူက အဆိုတော် ရတနာဦးတို့နှင့် Kenosis မှာ ဟာမိုနီလိုက်သူ။ သူတို့အဖွဲ့ နာမည်ကြီးသော သီချင်းကို ပြောဆိုလျှင် " ဒါဆိုချစ်လို့ရပြီ " ဆိုသောသီချင်း။ ဒါဆို ချစ်လို့ရပြီ ကလေးလေးရယ် ဆိုသော အသံကို နေရာတော်တော်များများမှာ ကျွန်တော်တို့ကြားခဲ့ဖူးသည်။ ဂီတဆိုသည်က နဂိုကတည်းက သူ့အတွက် အဖော်။ သူတို့အဖွဲ့ပင် The Bees ဆိုပြီး အခွေထွက်ခဲ့သေးသည်။ Westlife အဖွဲ့၏ သီချင်းများကို ဆိုသူများထဲမှာ သူတို့က တော်တော်စောသည်။ ကျွန်တော့်အိမ်မှာ ငါငူးတို့ အခွေရှိသေးသည်။ ကျွန်တော်ကတော့ ကြိုက်၏။ မင်းမင်းထွန်းရော၊ ငါငူးပါ ကျွန်တော်နှင့် တစ်တန်းတည်း။ Mechanical ကျောင်းသားများ။

သူတို့ဝိုင်းမှာ အစီအစဉ်ကြေညာနေသူကလည်း ကျွန်တော်တို့နှင့် တစ်တန်းတည်းဟု ကျွန်တော် သိနေသည်။ နာမည်ကို မမှတ်မိတော့။ သူတို့ဝိုင်းကတော့ ပရိသတ်ကို မြိုင်မြိုင် ဆိုင်ဆိုင်နှင့် ဖျော်ဖြေသွားသည်။ သင်္ကြန်သီချင်းများကို ဆိုသလို တခြားသီချင်းများကိုပါ ရွေး၍ဆိုသွားသည်။ မိန်းကလေးအဆိုရှင်ထဲမှာ ပိုးရည်ကတော့ သမ္ဘာသမားမို့ ဆိုဟန်ဆိုပေါက် ကောင်းသည်။

သူတို့တီးဝိုင်းပြီးမှ ပရိသတ်မျှော်လင့် တောင့်တနေသော စွယ်တော်ရိပ် အငြိမ့် စကသည်။ ရှေ့ထွက် မင်းသမီး နန်းဝေယံမြင့်၊ ခေါင်းဆောင် မင်းသမီး နှင်းဝေေ၀၊ လူရွှင်တော်များက ဩဘာ၊ ချိန်သီး၊ ပူလီနှင့် ဓာတ်ကြိုးတို့ ဖြစ်သည်။ ဇာတ်ဆရာက ဩဘာဖြစ်၏။

ထုံးစံအတိုင်း လူရွှင်တော်များက ပိတ်ကားအဖွင့်မှာ မထွက်။ ဇာတ်စင်ဘေးက ထွက်လာသည်။ ဩဘာ၏ အစီအစဉ်ဖြစ်မည်။ ပရိသတ်ကို မျက်စိဆွဲခေါ်၏။ သို့သော်ခွန်းထောက်ဆိုမည် ဆိုသောအခါ မိုက်ကစဒုက္ခ ပေးလေသည်။ အသံမထွက်။ ခွန်းထောက်ဆိုဖို့ အချိန်ပြန်စောင့်ရ၏။ ၂၀၀၉ စွယ်တော်ရိပ်၏ လူရွှင်တော် အသစ်က ဓာတ်ကြိုးဟု ဆိုသည်။ လူရွှင်တော်အဖြစ်သာ သူကသစ်သည်။ အရင်နှစ်မှာ ကိုကြီးကျော်ကတော့ သူကအရန်နတ်။ ဆရာမ စာသင်ခန်းမှာ သူကကျောင်းသား။ ကျန်သုံးယောက်က ယခင်နှစ်ကတည်းက။

ခွန်းထောက်အပြီးမှာ သူတို့တစ်တွေ အတိုင်အဖောက်ညီသည်။ ထုံးစံအတိုင်း ဩဘာကို အထိုင်ချကာ ကျန်သူတွေနှင့် ၀ိုင်းသည်။ ၀ိုင်းသည် ဆိုသော်ငြား သူတို့၏ အခန်းကဏ္ဍက မသေး။ ကိုယ့်တာဝန် ကိုယ်ကျေသည်ဟု ဆိုရမည်။ ဩဘာကတော့ စွယ်တော်ရိပ် အငြိမ့်၏ ဇာတ်ဆရာဖြစ်၍ သူ့ပြက်လုံးများက ဆိုဖွယ်ရာ မရှိတော့။ မြန်မာလူမျိုးများ သိပ်မသေချာလျှင် ဓာတ်ဆိုသော စကားလုံးကို သုံးသည်ဆိုကာ သူပြက်သွားသည်မှာ အများကြီး။ သူက ပရိသတ်ကို မည်သို့ပြောပြလျှင် ရယ်မည်ဆိုသော အချက်ကို ကောင်းကောင်းသိနေပေပြီ။ ဥပမာ-ဓာတ်ဆိုသော စကားလုံးကို သူရှင်းပြနေပြီး အဆုံးသတ်မှာ စကားတစ်ခွန်းနှင့် ပိတ်သတ်လိုက်သည်။ "အဲဒါဘာလုပ်မှန်းမသိရင် ဓာတ်နဲ့ချလိုက်တာပဲ" တဲ့။ ထိုအခါ ပရိသတ်ရယ်သည်။ မှန်သည်။ ထိုစကားသည် ဓာတ်နှင့်ပတ်သက်၍ သူပြောခဲ့သမျှကို သူ့ဘာသာပြန်ပိတ်လိုက်ခြင်းဖြစ်ပြီး ပရိသတ်ရယ်အောင် တစ်ချက်တည်း ရိုက်လိုက်သော ရိုက်ချက်ဖြစ်သည်။

နောက်တော့ သူတို့ပြက်လုံးက သင်္ကြန်ကိုကူးသည်။ ချိန်သီးက မုန့်လုံးရေပေါ်၊ ထန်းလျက်၊ အုန်းသီး၊ ငရုတ်သီးနှင့် မြန်မာဘီယာတို့ တွဲစား၊သောက်မိ၍ အိမ်ရောက်မှ ဒုက္ခဖြစ်ပုံကို ပြက်သည်။ တကယ်တော့ ထိုပြက်လုံးကို ကျွန်တော်ကြားဖူးသည်။ သို့သော် ချိန်သီးသည် သရုပ်ပါ၏။ ထိုပြက်လုံးမျိုးက စကားထက် သရုပ်ကလည်း အရေးပါသည်ဟု ကျွန်တော်ထင်သည်။ ချိန်သီး၏ သရုပ်ဆောင်မှုကြောင့် ပြက်လုံး ပိုအသက်ဝင်သည်။ ပရိသတ်ကား တ၀ါးဝါး။

ချိန်သီးပြီးတော့ ဓာတ်ကြိုး။ သူကား လူရွှင်တော်အသစ်ဟု ဆိုသော်ငြား ဇာတ်ပါးဝချက်က မသေး။ စင်ကာပူရောက် မြန်မာများ၏ City Hall ဆိုင်ခန်းများကို ကာရန်များနှင့် ရန်ဖြစ်ပြသွားသည်မှာ ပရိသတ်လက်ခုပ်သံ ညံတော့၏။ သူလည်း အပိတ်ကလေးကလှသည်။ ရန်ဖြစ်နေသည့် ဆိုင်ခန်းနာမည်များကို တောက်လျှောက်ပြောနေရင်းမှ မော်လမြိုင်မမကြီး၏ " မောင်လေးရေ .....လျှော်မလား၊ ညှပ်မလား " ဆိုကာ တကယ့် မမကြီးပုံစံ ပြောလိုက်ပုံမှာ ပရိသတ်ရင်ကို ထိတော့၏။

ပူလီအလှည့်ရောက်တော့ သူကထိုဆိုင်ခန်းများကို ဒိုးပတ်သံနှင့် ကြော်ငြာသီချင်းဆိုသည်။ ပူလီကလည်း သူ့အဆင်နှင့် သူ ကောင်း၏။ နောက်ဆုံးကျမှ က မလိုလုပ်နေစဉ် သီချင်းက ပြီးသွား၍ တစ်ဝက်တစ်ပျက်ကြီး ကျန်စဉ်မှာ ပူလီက ဩဘာကို သီချင်းမြန်ကြောင်း ပြောခိုက် ဩဘာက ပြောသည်။   " ရွာစား ဆရာတွေက အသက်ကြီးပြီ၊ မြန်တယ် " တဲ့။ ပရိသတ်ကား ညှိမထားရ။ ရယ်ကြပြန်သည်။

ထိုပြက်လုံးများ၏ နောက်မှာ ဩဘာပြောသွားတာကို ကျွန်တော် သေသေချာချာ နားထောင်လိုက်ပါသည်။  " ကဲ- တော်ကြပါတော့။ ပွဲလိပ်ပြာ သွင်းတဲ့သဘောတွေပါ " ဟုသူကပြောသည်။ ထိုအချက်တွေကြောင့်ပင် ဩဘာသည် ဇာတ်အထာကို နပ်သူ( သို့မဟုတ် ) ဇာတ်နှင့် ရင်းနှီးကျွမ်းဝင်သူဟု ကျွန်တော် ကောက်ချက် ချချင်သည်။ အင်ဂျင်နီယာတစ်ဦး၏ ဇာတ်အထာနပ်မှုကို ကျွန်တော် ချီးကျူးမိသည်။

နောက်တော့ ရှေ့ထွက်မင်းသမီး နန်းဝေယံမြင့် ကသည်။ သီချင်းက မြူးသည်။ အကတွေလည်း ကောင်း လာသည်။ အကအပြီး လူရွှင်တော်ထွက်ခါနီးမှာ Timing ကလွဲသည်။ ဆိုင်းဆရာတို့ ဒိုးဝင်ရမည်ကို မေ့နေ၍ လူရွှင်တော်များက သတိပေးရသည်။ သည်တော့ ပြက်လုံးအစ ၀င်ရမည့် ပူလီ ဒုက္ခရောက်တော့သည်။ ၀င်ရမည့်နေရာမှာ မ၀င်ဖြစ်သေးဘဲ မ၀င်ရမည့်နေရာမှာ ၀င်ချလိုက်သည်။ ဩဘာသည် သူ့ခွင် ပျက်မည်ကို လိုက်ထိန်းနေသည်။

ပြက်လုံးကတော့ World Crisis နှင့်တိုး၍ အဆင်မပြေသည့်အခါ ပြန်ပေတော့ဟု ဆိုသည့်သဘော။ ကျွန်တော့်သဘောဆိုလျှင် ပြက်လုံးအစသည် ပျင်းဖို့ကောင်း၏။ သို့သော် နောက်ဆုံးအပိတ်မှာ ရွာ(မြန်မာပြည်)ပြန်လျှင် အလုပ်တွေရှိသည်။ သတင်းစာ မဖတ်ဘူးလား ဆိုသော ပြက်လုံးကျမှ တက်ဆောင့်တော့သည်။ ပြီးတော့ သူတို့ကလုပ်သေးသည်။ မေခလာသီချင်း ပြန်ပေတော့ ကို " ရွာပြန်စပါး စိုက်မယ်၊ ရာဘာ အစေးကြိတ်မယ် " ဟုဆိုကာ ပြန်ပေတော့လုပ်သွားသည့်အခါ ပရိသတ်လည်း ထိုပြက်လုံး အစက မှေးနေသမျှ နောက်ဆုံးကျမှ လိပ်ပြာနိုးတော့သည်။ ဒါတောင် ဆိုင်းဆရာတို့ အ၀င်တစ်ချက်လွဲ၍ ဩဘာ မျက်မှောင်ကြီး ကျုံ့သွားသေးသည်။ ဇာတ်ဆရာ သူပြင်ထားသမျှ အလွဲမခံချင်သည်ကို နားလည်ပါသည်။ ပြက်လုံးက အရှိန်နှင့် တင်နေသည့် အချိန်ဖြစ်နေသည်ကိုး။

ရှေ့ထွက်မင်းသမီးလေး နန်းဝေယံမြင့်ကတော့ အာသွက်လျှာသွက် ရှိသည်။ မင်းသမီးက လူရွှင်တော်ကို နာမည်ခေါ် နှုတ်ဆက်သည့်အခန်းကတော့ အားလုံးသဘောကျကြသည်။ ထိုအထဲကမှ ဩဘာပြက်သွားသည့် ရှဲရှဲ.....ရှဲရှဲဆို ငရဲကြီးသည်ဆိုသော ပြက်လုံးကတော့ လူရွှင်တော်ကြီး များဖြစ်ကြသည့် ဦးမိုးဒီနှင့် ဦးမော့စ်တို့၏ ပြက်လုံးများ ဖြစ်သည်။ ဇာတ်၊ အငြိမ့်တို့ သဘောသဘာဝအရ ပြက်လုံးများ ကူးသန်းသည် ဆိုလျှင် ထိုအချက်ကို အတတ်နိုင်ဆုံး ရှောင်စေ ချင်ကြောင်း ဩဘာတို့ အုပ်စုကို ကျွန်တော်ပြောချင်သည်။ အဘယ့်ကြောင့်ဆိုသော် သူတို့အားလုံး ကိုယ့်မူကိုယ့်ဟန်နှင့် ပြက်နိုင်သူများ ဖြစ်သည်ဟု ကျွန်တော် ယုံကြည်၍ပင်။

နန်းဝေယံမြင့်အလှည့်အပြီး ပြက်သော ပြက်လုံးကတော့ ခေတ်ကိုထင်ဟပ်စေသည်။ ရုပ်မြင်သံကြားမှာ အမျိုးသမီးငယ်လေးများနှင့် တွေ့ဆုံခန်းဖြစ်သည်။ ထိုပြက်လုံးကြည့်တော့မှ ချိန်သီးသည် မိုးဒီကဲ့သို့ လူရွှင်တော်မျိုးဟု ကျွန်တော် မှတ်ချက်ပေးချင်သည်။ လိုက်တုတာမျိုးမဟုတ်။ သူ့ဟန်ပန်၊ သူ့သရုပ်ဆောင်မှုများပေါ်မှာ ကောက်ချက်ချခြင်းပင်။ ဦးမိုးဒီသည် သူ့ပြက်လုံးတော်တော်များများမှာ ခပ်တည်တည်နှင့် ရယ်စရာကောင်းအောင် လုပ်နိုင်သလို ချိန်သီးသည်လည်း ထိုသဘောတရားမျိုးကို ပိုင်ဆိုင်နေသည်။ ထပ်ပြောပါဦးမည်။ တုခြင်းမဟုတ်သော အရည်အချင်းကို ဆိုလိုခြင်းပါ။

ထို့အတူ ပူလီသည်လည်း တကယ့်လူရွှင်တော် အစစ်ဟု ဆိုရလောက်အောင် မျက်နှာနှင့် သူ့အသံတို့က ရယ်ရအောင် လုပ်နိုင်သူပင်။ သည်လိုနှင့် သူတို့ပြက်လုံးများက လှပနေတော့သည်။

ကျွန်တော့်ဆောင်းပါးရှည်မည်စိုး၍ ပြက်လုံးများကို အတိုချုံးပါမည်။ ထိုတွေ့ဆုံခန်းကတော့ အင်မတန် ရယ်ရသော ပြက်လုံးများဖြစ်သည်။ စင်ကာပူက အိမ်ဖော်အခန်းဆိုလျှင် ဘယ်လိုမျှ ထိန်း၍မရ။ မရယ်ရလျှင် ငွေပေးမည်ဆိုသည့် ပြက်လုံးမျိုး။ နောက်တစ်ခုကလည်း ထိုသို့အတူတူ။ စင်ကာပူမှာ အလုပ်လုပ်၍ ပြန်လာသူကို ဗျုးခြင်း။ ပြည်တွင်းမှာ အောင်မြင်နေသူကို ဗျုးခြင်းများကလည်း ပွဲကျစေသည်။

ထို့နောက် ခေါင်းဆောင်မင်းသမီးအလှည့်။ နှင်းဝေေ၀ ဟုဆိုသည်။ သူကလေးက မိုက်ကိုပုခုံးမှာ ချိတ်၍ ကသည်။ သူဆိုသည့်သဘော။ သို့သော် ကျွန်တော့်အထင် နောက်က ဆိုပေးနေသည်ဟု ထင်သည်။  တစ်ခုဖြစ်နိုင်တာက သူကိုယ်တိုင်ဆို၊ အသံသွင်းထားပြီးမှ ပြန်ဖွင့်တာလည်း ဖြစ်နိုင်သည်။ ထိုသို့ သူကိုယ်တိုင်ဆိုသည်ဆိုလျှင် ကျွန်တော်ကတော့ မင်းသမီးကလေးကို ချီးကျူးလိုက်ချင်သည်။ အဆိုကောင်း၊ အကကောင်းသူ ဖြစ်၍ပင်။ ပရိသတ်ကို နှုတ်ခွန်းဆက်တော့လည်း သူက သီချင်းလေးပင်ဆိုလိုက်သေးသည် မဟုတ်လား။

နောက်ဆုံး ပြက်လုံးခွင်ကလည်း ခေတ်ကိုထင်ဟပ်စေသည်။ ကယ်ဆယ်ရေးစခန်းမှ လာဘ်စားပုံများကို သရော်ထားတာဖြစ်သည်။ ခွင်အရ လူရွှင်တော်များ ပြက်ခဲ့ဖူးသော်လည်း သူတို့က သူတို့နည်း သူတို့ဟန်ဖြင့် ပရိသတ်ကို ဟာဒယရွှင်စေသည်။

သည်မျှနှင့်ဆိုလျှင် စွယ်တော်ရိပ် ၂၀၀၉ ပြီးပြီဟု ဆို၍ရနေပေပြီ။ သို့သော် မထင်မှတ်ဘဲ အခွေထဲ မပါ လာသော ပြဇာတ်တစ်ပုဒ်ကို YouTube မှာ ကျွန်တော် အမှတ်မထင် သွားတွေ့သည်။ " ထူးဆန်းထွေ လာ ခွေးတို့ရွာ " ဟု နာမည်ပေးထားသည်။ ဇာတ်ဆရာက ဓာတ်ကြိုး။ ထိုပြဇာတ်ကို ကြည့်ခြင်းဖြင့် ဓာတ်ကြိုးသည် လျှော့တွက်မရသော အနုပညာ ဖန်တီးမှု အားကောင်းသူဆိုသည်ကို ကျွန်တော် ကောက်ချက်ချမိတော့သည်။ ထိုပြဇာတ်ကိုတော့ YouTube ကအတိုင်း ကျွန်တော် ပြန်ရှယ် လိုက်ပါသည်။ မကြည့်ရသေးသူများ ကြည့်နိုင်ရန်နှင့် စွယ်တော်ရိပ်၏ အနုပညာခွန်အားကို မှန်းဆနိုင်ရန် အတွက်ပါ။




သည်တော့ ပြန်၍ အနှစ်ချုပ်ရလျှင် စွယ်တော်ရိပ်ကို ကြည့်လျှင် အငြိမ့်သည် ပထမဦးစားပေး ဖြစ်ပါသည်။ ယခုတော့ ပြဇာတ်သည်လည်း ဦးစားပေးထဲ ကျွန်တော် ထည့်လိုက်ပါသည်။ စွယ်တော်ရိပ်သည် လူရွှင်တော်များကြောင့် လှပ၍ မြိုင်ဆိုင်သွားသည်ဆိုလျှင် ကျန်သူများ၏ အနုပညာ စုစည်းအား နှင့် စွမ်းအားများကိုပါ မေ့ဖျောက်၍ မရပါ။                   

ကျွန်တော့်အမြင် ပြောရလျှင် ကျွန်တော်ကြည့်ရသော စွယ်တော်ရိပ်သည် ၂၀၀၆ မှသည် ၂၀၀၈တွင် တိုးတက်ခဲ့ပြီး ယခု ၂၀၀၉တွင်တော့ အဆမတန် ပို၍တိုးတက်သော၊ အောင်မြင်သော ပွဲတစ်ပွဲဖြစ်ခဲ့ သည်ကတော့ အမှန်ပင်။ အကယ်၍ စင်ကာပူသည် မြန်မာ အင်ဂျင်နီယာများ ခြေချရာ တိုင်းပြည်တစ်ပြည်ဆိုလျှင် စွယ်တော်ရိပ်သည် မြန်မာ အင်ဂျင်နီယာတို့ အနုပညာစွမ်းအားဖြင့် စင်ကာပူရောက် မြန်မာများကို ဖျော်ဖြေမှုပေးရာ၊ အနုပညာရသ တင်ဆက်ရာ မဟာပွဲတော်ကြီးတစ်ခု အသွင် ဖြစ်လာခဲ့ပြီဟု ဆိုချင်သည်။

စွယ်တော်ရိပ်ကို ကြည့်၍ စိတ်ချမ်းမြေ့မိသည်။ စွယ်တော်ရိပ်ကို ခံစား၍ ငယ်ဖော်များကို လွမ်းမိသည်။ စွယ်တော်ရိပ်တွင် နစ်မျော၍ အလုပ်ပင်ပန်းမှု မှန်သမျှ လျှော့ချနိုင်ခဲ့သည်။ ဆိုရလျှင် စွယ်တော်ရိပ်တွင် ကျွန်တော် တကယ်ပျော်၍ အိပ်မိပြန်လေသည်။          ။

ဆူးသစ်
၁၆း၂၁ နာရီ
၁၉.၁၀.၂၀၁၃

[ ဆက်ပါဦးမည်။ ]

[ တကယ်တော့ ယခုဆောင်းပါးများကို ရေးနေစဉ် ကျွန်တော် အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်ဖြစ်နေ၍ အပိုင်းပိုင်း ကြိုးစားရေးခဲ့ရပါသည်။ ထိုအတွက် အချိန်အတော်ကြာခဲ့ရပြီး ကျွန်တော့်ဘလော့ကိုပင် ပစ်ထားခဲ့ရသည့် အနေအထားမျိုး ဖြစ်ခဲ့ပါသည်။ ယခုလည်း မအားသည့်ကြားမှ ကြိုးစားရေးခဲ့ပါသည်။ ဤဆောင်းပါးများကို ရေးသားရန် တိုက်တွန်းခဲ့သော သူငယ်ချင်း နိုင်ဝင်းလှိုင်အား ကျွန်တော့်ကို အချိန်ပေး၍ စောင့်ပေးခဲ့သည့်အတွက် ကျေးဇူးမှတ်တမ်းတင်ချင်ပါသည်။ ]



Sunday, August 18, 2013

"ငယ်ဖော်စိတ်ဖြင့်စွယ်တော်ရိပ်တွင်တကယ်ပျော်၍ အိပ်မိသည်" အပိုင်း ( ၁ )


စွယ်တော်ရိပ်................။

သည်နာမည်ကို ကျွန်တော်ကြားဖူးနေသည်။ ရန်ကုန်မှာရှိစဉ်က စွယ်တော်ရိပ်ဆိုသော Web Site တစ်ခုကို ရန်ကုန်စက်မှုတက္ကသိုလ်က ကျွန်တော့်စီနီယာ အင်ဂျင်နီယာတစ်ယောက်က ပြော၍ ကျွန်တော်သိခဲ့ ရသည်။ စင်ကာပူက သူ့သူငယ်ချင်းများ ဖန်တီးတာဖြစ်ကြောင်းနှင့် စာရေးချင်လျှင် လှမ်းပို့၍ရသည် ဆို၍ ကျွန်တော်ပင် ရန်ကုန်စက်မှုတက္ကသိုလ်အတွက် ပထမဆုံးရေးဖြစ်ခဲ့သော ကဗျာအကြောင်းကို ပို့ဖြစ်ခဲ့ပြီး သူတို့ ဖော်ပြခဲ့သည်။

တလောကတော့ ရန်ကုန်စက်မှုတက္ကသိုလ်မှ ကျွန်တော့်သူငယ်ချင်းများ၏ Status များတက်လာသောအခါ စွယ်တော်ရိပ်ဆိုသော နာမည်တစ်ခုကို ထပ်တွေ့ရသည်။ ကျွန်တော့်အထင် စွယ်တော်ရိပ် Web Site ကိုဖန်တီးသူတို့ပဲ ဆက်လက်ဖန်တီးလေသလား မသိ။ သို့သော် သည်တစ်ခါ စွယ်တော်ရိပ်ကတော့ဖြင့် Web Site မဟုတ်တော့ပြီ။ အနုပညာအားကောင်းကောင်းဖြင့် ဖန်တီးနေသော ကပွဲတစ်ခုဖြစ်နေလေသည်။

သည်လိုနှင့် တစ်နေ့မှာ မထင်မှတ်ဘဲ ကျောင်း ( ရန်ကုန်စက်မှုတက္ကသိုလ် ) တုန်းက ကျွန်တော်တို့ သူငယ်ချင်း နိုင်ဝင်းလှိုင် ကျွန်တော့်ဆီ ရောက်လာပြီး စွယ်တော်ရိပ်သင်္ကြန် အခွေများလာပေးသည်။ ကျွန်တော်နှင့်သူ Facebook မှာ အမြဲတွေ့နေပြီး ကျွန်တော်စိတ်ဝင်စား၍ စာရေးချင်မှန်းသိနေသောကြောင့် စွယ်တော်ရိပ်ကို သိစေရန်လာပေးခြင်းဖြစ်ပါသည်။

သည်လိုနှင့် ကျွန်တော်အချိန်အား ရလျှင်ရသလို စွယ်တော်ရိပ်ကို စတင်ခံစားခဲ့တော့သည်။ ပထမဦးဆုံး ခံစားမိသည်က စွယ်တော်ရိပ်အငြိမ့် ( ၂၀၀၆ ) ခုနှစ် ဖြစ်သည်။

စွယ်တော်ရိပ် အငြိမ့် ( ၂၀၀၆ ) ခုနှစ်...........

ဘကျော်( မြို့ပြ ) စီစဉ်၍ ရှေ့ထွက် မင်းသမီး ခင်ဖြူကြည်၊ ခေါင်းဆောင် မင်းသမီး ရွှေစင်မတို့နှင့် အတူ လူရွှင်တော်များ အဖြစ် တက်လူ၊ အောင်ပြည့်၊ သာလှနှင့် အာဘွားတို့ ပါဝင်သည့် အငြိမ့် ဖြစ်သည်။

ထိုစဉ်က သူတို့သည် Informatics Myanmar Water Festival ဆိုသော ခေါင်းစဉ်အောက်တွင် ကျင်းပသွားခဲ့ပြီး စင်မှာ သေးသေးပင်ဖြစ်သည်။ ဆိုင်းဝိုင်းကိုပင် စင်ပေါ်တင်ပြီး ကသွားခြင်းဖြစ်သည်။ လူရွှင်တော်ထဲတွင် တက်လူနှင့် အောင်ပြည့်မှာ လူရွှင်တော်သမ္ဘာရှိနေပုံရသည်။ သူတို့နှစ်ဦးက ထိန်းခေါ်သွား၏။

သူတို့မှာ အခက်အခဲများ များစွာရှိသည်ဟု ကြည့်နေရင်း ကျွန်တော်ခံစားနေရသည်။ အဘယ့်ကြောင့် ဆိုသော် မိုက်ကရိုဖုန်းက မကောင်း။ အသံကမထွက်။ မင်းသမီးအဆိုမှာ တချို့နေရာမှာ နောက်ခံအဆိုက ကီးမ၀င်။ ထို့ပြင် လူရွှင်တော် တက်လူသည် လူရွှင်တော် တာဝန်ကို ထမ်းပြီး ပတ္တလား သွားတီးနေရသည်။ လူမရှိ၍ တာဝန်မျှထမ်းနေရခြင်း ဖြစ်သည်။ သို့သော် ရှိသည့်လူနှင့် သူတို့နိုင်သလောက် ထမ်းနေခြင်းဖြစ်သည်။ ဗွီဒီယိုမှတ်တမ်းကိုပင် ရသည့်ထောင့်ကနေ အဆင်ပြေသလို မှတ်တမ်းတင် ထားခြင်း ဖြစ်သည်။

အားနည်းချက်ကတော့ ရှိနေသည်။ သူတို့ကလည်း ကြိုတင်တောင်းပန်ရှာပါသည်။ ပညာသည်များ မဟုတ်ကြ၍ နားလည်ပေးကြပါရန်။ လူရွှင်တော်ပညာဆိုသည်ကလည်း မသေး။ တချို့လူရွှင်တော်များက အသစ်များ ဖြစ်နေ၍ လူရွှင်တော် အထာကို မသိ။ လူရွှင်တော်က လေသံကအစ အေးနေသည်။ ရှိသည့်လူကို ရွေးထားရတာလည်း ဖြစ်နိုင်သည်။ 

အမှန်က ကျွန်တော့်အမြင်အရဆို လူရွှင်တော်ဆိုသည်မှာ ပွဲကို တစ်ချိန်လုံး လှုပ်အောင် လုပ်နေရသည်။ လူရွှင်တော်ချင်း အထောင်၊ အပို့၊ အပင့်၊ အမြှောက်၊ အထောက် အားလုံးချက်ကျနေရသည်။ ကျွန်တော် ကြည့်ဖူးသော အငြိမ့်၊ ဇာတ်များကို အခြေခံ၍ ပြောခြင်းဖြစ်ပါသည်။ သို့သော် သူတို့သည် ပညာရှင်များ မဟုတ်၍ သူတို့အထာနှင့် သူတို့ကနေသည်ကိုပင် ကျွန်တော် အားရမိသည်။ သူတို့က မည်သည့်လူရွှင်တော်၏ စတိုင်ကိုမျှ မခိုး။ သူတို့လမ်းကို သူတို့ဖောက်၍ သူတို့ဘာသာ သွားနေသည်။ 

လူရွှင်တော်သဘာဝအရ သံချပ်ထိုးသည်ကိုလည်း သူတို့နိုင်သည်။ ကျန်သည့် မင်းသမီးနှင့် အပေးအယူကိုလည်း သူတို့ထိန်းသွားနိုင်သည်။ အဓိကက တက်လူနှင့် အောင်ပြည့်ဖြစ်သည်။ လူကြီးနှစ်ယောက်ကြားမှာ သာလှနှင့် အာဘွားက မျှောလိုက်သွား၍ အငြိမ့်က လှသွားသည်။ 

မိုက်ကရိုဖုန်းကတော့ သူတို့ဝန်ခံသွားသည်ကို နားထောင်ရသည်မှာ စင်ပေါ်မှာ သုံးခုသာရှိသည်တဲ့။ ပြီးတော့ သူတို့ဇာတ်တိုက်ချိန် လေးပတ်သာရသည်ဟု သိရသည်။ သည်တော့ ထိုမျှ ဖြစ်လာသည်ကိုပင် ကျွန်တော် အံ့ဩမိသေးသည်။ သူတို့သည်ထက် ပစ္စည်းစုံလျှင်၊ သည်ထက် အချိန်ရလျှင် သည်ထက် ပိုလုပ်နိုင်သည်ဟု ကျွန်တော်ယုံသည်။ သူတို့မှာ အနုပညာ အစွမ်းက မသေး။ လျှော့တွက်လို့မရ။

တစ်ခုတော့ ကျွန်တော် သိချင်သေးသည်။ မေးချင်သည်ဟု ဆိုကလည်း မမှား။ စင်ပေါ်မှာ ဆိုင်းဘုတ်လေး အသေးလေးတင်ထားတာ တွေ့သည်။ စွယ်တော်ရိပ် အငြိမ့်ဆိုတာကို ရေးထားသည်။ ပြီးတော့ ဒါရိုက်တာ ဆိုသည့် စကားလုံးကို ရေးထားတာ ဒါရိုတ်တာ ဟု ရေးထားသည်။ တ၀မ်းပူနှင့် သတ်ထားသည်။ ကျွန်တော် တစ်ခါမျှ မဖတ်ဖူးခဲ့။ လက်ရေးပန်းချီသမားက မှားတာပဲလား မသိ။

သူတို့ဟာသများမှာ ခေတ်ကိုတော့ ထင်ဟပ်သည်ဟု ကျွန်တော်ထင်သည်။ အခွန်ဆောင်ရသည့် အကြောင်းလည်း ပါသည်။ နှစ်လုံးရောဂါအကြောင်း၊ လာဘ်ပေးရသည့်အကြောင်း စသည်ဖြင့်ပါသည်။ ပြီးတော့ မပါမဖြစ် စင်ကာပူ၏ ပင်နီဆူလာပလာဇာကဆိုင်များအကြောင်း၊ ကာရန်တွေချိတ်သွားသည်။ အဓိကက တင်ပြပုံသာ ဖြစ်သည်။ လူရွှင်တော်ဆိုသည်မှာ အာသွက်ရသည်။ နည်းနည်းလေး လေးသွား လျှင်ပင် တကယ်ရယ်ရသော ပြက်လုံးသည် ရယ်ဖို့သိပ်မကောင်းတော့။

ကျွန်တော်က အားနည်းချက်များကို ထုတ်ပြနေသည် မဟုတ်။ စွယ်တော်ရိပ်၏ အစက ၂၀၀၁ ဟု ကျွန်တော် ကြားဖူးသည်။ အရင်က ကတာကို မကြည့်ဖူးခဲ့။ ယခု ၂၀၀၆ နောက်ပိုင်းကို ကြည့်ဖူးတာဖြစ်သည်။ ၂၀၀၆ က စပြီးလျှင် နောက်ကနှစ်တွေမှာ တိုးတက်မှု ရှိမရှိကို ချိန်ဆစေချင်၍ ဖြစ်သည်။ ၂၀၀၆ ခုနှစ်ကိုတော့ ကျွန်တော် သည်မျှနှင့် ရပ်ထားချင်သည်။

တကယ်တော့ ကျွန်တော်ရသည့်အခွေထဲမှာ ၂၀၀၇ ခုနှစ်ပါသည်။ ကျွန်တော့်ကွန်ပျူတာက ၂၀၀၇ ခုနှစ်အခွေကို လုံးဝ မဖတ်။ ထို့ကြောင့် ၂၀၀၈ ကို ကျွန်တော် ကျော်၍ကြည့်မိသည်။ ထိုသို့ကြည့်မိခြင်းကပင် ကျွန်တော့်အဖို့ တော်တော်ကောင်းသွားသည်ဟု ဆိုရမည်ဖြစ်သည်။ အကြောင်းမှာ ၂၀၀၈ သည် ၂၀၀၆ စွယ်တော်ရိပ်နှင့် ဘာမျှ မဆိုင်အောင် ကွာခြားသွားကြောင်း ပြနိုင် ခဲ့သည့် ပွဲဖြစ်နေ၍ပင်။

စွယ်တော်ရိပ် သင်္ကြန် ( ၂၀၀၈ ) ခုနှစ်.............

စင်က ကြီးလာသည်။ ၂၀၀၆ ကစင်မျိုးမဟုတ်တော့။ တကယ့်စင်ကြီးဖြစ်သည်။ ပြီးတော့ RIT ဆိုသော စကားလုံးကို သုံးလာသည်။ ကျွန်တော်သိသလောက် စွယ်တော်ရိပ်သည် RIT ကျောင်းသူ၊ ကျောင်း သား ဟောင်းများကပင် စခဲ့တာဖြစ်သည်။ ထို့ကြောင့် ထိုစကားလုံးက ပိုအသက်ဝင်သည်ဟု ကျွန်တော် ခံစားရသည်။

အဖွင့်ကိုကြည့်။ ဘုရားကန်တော့ခန်းနှင့် စသည်။ ပြီးတော့အဖွင့်သီချင်းကို လူငယ်အတွဲ သုံးတွဲက ဆိုသည်။ ထို့နောက် အစီအစဉ်တင်ဆက်သူများက စင်ရှေ့မှာ သူတို့တင်ဆက်သော အစီအစဉ်၏ အဓိက အကြောင်းကို ပြောသွားသည်။ " နှစ်စဉ် နှစ်တိုင်း RIT မျိုးဆက်ဟောင်းများက စီစဉ်ခဲ့ပြီးတော့ ဒီနှစ်မှာတော့ YTU မျိုးဆက်သစ် လူငယ်များကို လက်တွဲခေါ်ယူ ခဲ့ခြင်းလည်း ဖြစ်ပါတယ် " ဟုဆိုသည်။ တခြားတစ်ယောက်က ပြောပါသေးသည်။ " ဟုတ်ပါတယ်။ မျိုးဆက်ဟောင်းများက ကြည်ကြည်ဖြူဖြူ လက်ဆင့်ကမ်းပေးခဲ့တဲ့ အနုပညာအမွေကို မျိုးဆက်သစ်များကလည်း အားကြိုးမာန်တက် လက်ခံရယူခဲ့ကြပါတယ်။ ဒါကြောင့် ဒီနေ့ပွဲလေးဟာ သင်္ကြန်ဆိုတဲ့ အထိမ်းအမှတ်တစ်ခုတည်း မဟုတ်ဘဲ RIT, YIT, YTU, MTU, PTU ကျောင်းတော်ကြီးများရဲ့ မျိုးဆက်ဟောင်း၊ မျိုးဆက်သစ် မောင်နှမအားလုံး လက်တွဲစည်းလုံးမှု ပြယုဂ်တစ်ခုလို့ ဆိုချင်ပါတယ်ရှင် " ဟု ပြောကြားသွားသည်။

ထိုစကားလုံးများကိုတော့ ကျွန်တော် သဘောကျမိသည်။ ကျွန်တော်ကိုယ်တိုင် YIT ဟုဆိုကြသည့် ပထမနှစ်မှသည် ပဉ္စမနှစ်အထိ နှင့် YTU ဖြစ်ခဲ့သော နောက်ဆုံးနှစ် ကြားမှာ ကျင်လည်ခဲ့ရတာဖြစ်သည်။ နာမည်ပြောင်းလိုက်၍ ကျွန်တော်တို့ ပြောင်းလဲမသွား။ ကျွန်တော်တို့သည် အင်ဂျင်နီယာ ကျောင်းသား များသာ ဖြစ်ကြသည်။ ကျွန်တော်တို့၏ နောင်တော်ကြီးများ ဖြစ်ကြသည့် RIT ကျောင်းသူ၊ ကျောင်းသား များက လက်ဆင့်ကမ်းလျှင် ကောင်းမွေသော်လည်းကောင်း၊ ဆိုးမွေသော်လည်းကောင်း ကျွန်တော်တို့ ယူမည်ဖြစ်သည်။ ကျွန်တော်တို့၏ နောင်တော်ကြီးများ ကလည်း ကောင်းမွေများကိုသာ လက်ဆင့် ကမ်းနေသည်မှာ မလွဲ။

ထို့အတူ ကျွန်တော်တို့ နောက်က လိုက်တက်လာမည့် ညီငယ်၊ ညီမငယ်များကလည်း ကျွန်တော်တို့ ထားခဲ့ဦးမည့် ကောင်းမွေ၊ ဆိုးမွေကို လက်ခံမှာမလွဲ။ ကျွန်တော်တို့သည်လည်း ကောင်းမွေကိုသာ ပေးဖို့ ကြိုးစားနေမှာ အမှန်ဖြစ်လေသည်။ သည်သို့ခံစားမိရင်း RIT သင်္ကြန်တွေ့ဆုံပွဲလေးကို ခံစားမိပြန်သည်။

အစီအစဉ် တင်ဆက်သူများပြီးတော့ ပုဂံအက၊ သင်္ကြန်အက၊ သင်္ကြန်သီချင်းများနှင့် ဖျော်ဖြေမှု။ ခေတ်ပေါ် သင်္ကြန်သီချင်းနှင့် အကများလည်းပါသည်။ ထို့နောက် တီစကွဲယိမ်း။ YIT ကျောင်းသားများက ကပြဖျော်ဖြေသည်။ သီချင်းကောင်းသလို အကလည်း ကောင်း၏။ သေသေချာချာ၊ သေသေသပ်သပ် လုပ်ထားတာ သိသာသည်။ ကျွန်တော်တို့လို စက်မှုတက္ကသိုလ် ကျောင်းသားများ ကျောင်းကို လွမ်းသည့် ရေငတ်ကလေး ပြေသွားသည်။ ထိုကဲ့သို့ သီချင်းမျိုး၊ ကျောင်းနှင့် ဆိုင်သော ဇာတ်လမ်းမျိုးကို များများလုပ်စေချင်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုတွေ့ဆုံပွဲ၊ ကပွဲသည် စွယ်တော်ရိပ် ဆိုသည့်ခေါင်းစဉ်အောက်မှာ ရှိနေသည် မဟုတ်လား။

တီစကွဲယိမ်းပြီးတော့ ကိုကြီးကျော် ပျော်တဲ့ ဒိုး။ လူရွှင်တော် ဩဘာနှင့် အဖွဲ့ဟု ဆိုသည်။ သူတို့လည်း ကြိုးကြိုးစားစားလေး တင်ဆက်ထားသည်။ ကိုကြီးကျော်ကို အပျိုတော်များ ထိန်းလျက်ထွက်သည်။ ဩဘာသည် လူရွှင်တော်ဟု ဆိုသော်ငြား ကိုကြီးကျော်ကိုလည်း သူကနိုင်သည်။

ကိုကြီးကျော်ပြီးတော့ ဒါရိုက်တာ ဒေါ်မာမာရီနှင့် ဇာတ်ညွှန်း ရေးဖွဲ့မှု ရွှေဇင်မတို့၏ မင်းကုသနှင့် ပပ၀တီ တေးသရုပ်ဖော် ဇာတ်လမ်းတိုဖြစ်သည်။ Ex-RIT, YIT ကျောင်းသား၊ ကျောင်းသူများနှင့် ၀ါသနာရှင် မောင်မယ်များ ပူးပေါင်းတင်ဆက်သည် ဟု ဆိုသည်။ ပပ၀တီ၏ နန်းတွင်း အပျိုတော်နှစ်ယောက် အဖြစ် သရုပ်ဆောင်သော ဟာသ သရုပ်ဆောင် အောင်ပြည့်နှင့် ဟာသမယ် မွန်ရီအောင် တို့နှစ်ယောက်မှာ ပရိသတ်ပွဲကျအောင်ကို ပြောနိုင်၊ ဆိုနိုင်၊ သရုပ်ဆောင်နိုင်ကြသည်။

" ပပ၀တီ မင်းသမီးကလေးကို မြန်မာပြည် ပို့လိုက်ရရင် မကောင်းဘူးလား " ဆိုသော စကားလုံးမှာ ပရိသတ် လက်ခုပ်သံက လျှံတက်သည်။ မြန်မာပြည်မှာ မီးက ခဏခဏ ပျက်နေသည်ကိုး။ ဟာသမယ်မှာ မျက်နှာသစ်ဖြစ်သော်ငြား သူမ၏ ပျက်လုံးလေးများကို သရုပ်ဆောင်မှုမှာ မရှက်မကြောက် သရုပ်ဆောင်နိုင်သည်။ ပပ၀တီကို မပို့ဘဲ သူ့ကိုပို့ရန် ပြောပြီး သူလည်း မီးလင်းကြောင်း၊ ဘာမီးလဲဟု ဆိုသောအခါ နောက်မီး ဟု ပြောလိုက်ပုံမှာ ပရိသတ်က ပွဲကျသွားလေ၏။

မင်းကုသနှင့် ပပ၀တီပြီးသောအခါ သင်္ကြန်သီချင်းအုပ်စုလိုက် ကကြသည်။ ထို့နောက် " မင်္ဂလာရှိသော မင်္ဂလာ " ဆိုသောပြဇာတ်ကို ကသည်။ ခေတ်ကိုထင်ဟပ်စေသော ဟာသလေးများပါသည်။ ဆရာမနှင့် ကျောင်းသူ၊ ကျောင်းသားလေးများ စာသင်ခန်းကား အင်မတန် ရယ်စရာကောင်း၏။ နောက်မှ ကျွန်တော်သိရသည်မှာ ထိုအထဲက နှစ်ယောက်ကား နောက်ပိုင်းတွင် စွယ်တော်ရိပ်အငြိမ့်၏ ထင်ရှားမည့် လူရွှင်တော်နှစ်ယောက် ဖြစ်လာလေသည်။

ကျောင်းသားတစ်ယောက်က ကျောင်းသူတစ်ယောက်ကို ပြောသည်။  ၀တ်လာတာလည်း ကြည့်ဦး။ နိုက် ကလပ် တက်မှာလား၊ ကျောင်းတက်မှာလား ဆိုတော့ ထိုကျောင်းသူက ပြောပါသည်။ ဟယ်-နင်ကလည်း ခေတ်ရဲ့ သမီးပျိုဟဲ့။ မဟုတ်ဘူးဟဲ့။ ငါ့မာမီက နေ့တိုင်းကြက်သား ချက်တယ်ဟဲ့။ နေ့တိုင်း ကြက်သားချက်တော့ ငါကနေ့တိုင်း ကြက်သား စားတာပေါ့ဟယ်။ ငါဘယ်လို ၀တ်ဝတ် နိုက်ကလပ်ပုံ ပေါက်နေတော့တာပေါ့ဟယ် ဟုဆိုသည်။ ပရိသတ်ကား တ၀ါးဝါး။

ဆရာမက လူမိုက်အကြောင်း သင်သည်။ ဆရာမက မေး၏။ လူမိုက်ဆိုသည်မှာ မည်သို့ လူမျိုးဖြစ်ကြောင်း မေး၏။  ကျောင်းသူပုံစံ သရုပ်ဆောင်သည့် လူရွှင်တော်က ဖြေသည်။ လူမိုက်ဆိုသည်မှာ အာဖရိကကလာသူကို ပြောတာတဲ့။ နောက်ကျောင်းသား တစ်ယောက်က ဖြေသည်။ သူသည်လည်း နောင်တစ်ချိန် စွယ်တော်ရိပ်၏ အဓိက လူရွှင်တော်ဖြစ်လာမည့်သူပင်။ သူက ဖြေပါသည်။ လူမိုက်ဆိုသည်မှာ ရပ်ကွက်ထဲမှာ တုတ်ကိုင်ပြီး လိုက်ရိုက်တဲ့သူကို ပြောတာတဲ့။ ပရိသတ်ကား လက်ခုပ်သံ တဖြောင်းဖြောင်း။

နောက်ကျောင်းသား တစ်ယောက်က ထပ်ဖြေသည်။ သေနတ်တွေကိုင်ထားတဲ့သူကို လူမိုက်လို့ ခေါ်ပါတယ် ဆရာမတဲ့။ သူ့စကားနှင့်သူ ပြန်တော့ဖြည်ပါသည်။ ရုပ်ရှင်ထဲမှာ သေနတ်ကိုင်ပြီး လူသတ်နေတဲ့ သူတွေကို ပြောပါသည်တဲ့။ ပရိသတ်ကား သဘောများ ကျကြ၏။ ဟာသတို့၏ သဘော၊ သရော်ခြင်းတို့၏ သဘောမှာ အဖြည်ဆိုသည့်  ကိုယ့်စကားကို ပြန်ပြီး ဖြည်ရသော စကားမျိုး ရှိရ၏။ သူတို့ကား ထိုသဘောတရားကို ကျေညက်နေသည်။

ထိုပြဇာတ်အပြီးမှာတော့ စွယ်တော်ရိပ် အငြိမ့်ကို တင်ဆက်သည်။ ဒါရိုက်တာက ရဲမြင့် ဟုဆိုသည်။ ထိုမှာလည်း စာတမ်းထိုးသည့်အခါ ဒါရိုတ်တာဟု ဆိုကာ တ၀မ်းပူဖြင့်ပင် သတ်နေပြန်သည်။ ရဲမြင့်မှာပင် အောက်ကမြင့်ပါနေပြီး ညွှန်ကြားသည်မှာလည်း ညွန့်ကြားသည်ဟု ဆိုကာ အောက်ကမြင့်တွေ ပါနေပြန်သည်။ ဒါကတော့ အခွေကြည့်မှ မြင်ရမည့် အမှားဖြစ်၍ နားလည်ပေးနိုင်သော်ငြား ကျွန်တော် သိသလောက် စွယ်တော်ရိပ်သည် ယနေ့အထိ ပွဲပြီးတိုင်း အခွေထွက်နေဆဲပင်။ နောက်ဆုံး သတင်းများအရ ယခုနှစ်မှာ Sky Net က စပွန်ဆာပေး၍ မြန်မာပြည်မှာပင် ပြန်လွှင့်မည်ဟု ဆိုနေရာ အခွေကြည့်သူတို့ အမြင်မှာ တင့်စေရန်လည်း စဉ်းစားသင့်လှပေသည်။

အငြိမ့်မှာ လူရွှင်တော်က လေးယောက်။ ဩဘာ၊ ချိန်သီး၊ ပူလီ နှင့် ဒိုင်အုပ်ဟု ဆိုသည်။ ကျွန်တော့်အတွက် ကတော့ ၂၀၀၇ ကို မကြည့်လိုက်ရ၍ စွယ်တော်ရိပ်အငြိမ့်ကို ၂၀၀၆ ခုနှစ်နှင့်သာ အာသာဖြေထား ရသူ ဖြစ်သည်။ လူရွှင်တော်လေးယောက်သည် YTU ကဟု သိရသည်။ ၂၀၀၈ ကို ပိုမျှော်လင့်မိသည်။ မျှော်လင့်သည့်အတိုင်း သူတို့ကား အတိုင်အဖောက် ညီလှပါပေသည်။

ဩဘာသည် ခွန်းထောက်ကို နိုင်နင်းစွာဆိုသည်။ ထိုမျှဆိုလျှင်ပင် ကျွန်တော်က အမှတ်ကောင်းကောင်း ပေးချင်နေသည်။ အဘယ့်ကြောင့်ဆိုသော် သည်ဘက်ခေတ် လူရွှင်တော်များမှာ ခွန်းထောက်ကို ကောင်းကောင်း ဆိုသူ နည်းသွားလေပြီ။ ပြီးပြီးရော ရောချလာသူတွေ များလာသည်။ ယခုက အနုပညာရှင် စစ်စစ်များ မဟုတ်ကြ။ အင်ဂျင်နီယာများ ဖြစ်သည်။ သူတို့ကလေးတွေ ကိုယ်စွမ်း၊ ဥာဏ်စွမ်း ရှိသမျှ ၀ိုင်းကြ၊ ၀န်းကြသည်။

ခွန်းထောက်မှာ ပညာများစွာ ရှိသည်။ တချို့က လေးချိုးကြီးများကို ဆိုကြသည်။ တချို့က သံချိုလေးချိုးဒွေးချိုး များကို ဆိုကြသည်။ ခွန်းထောက်ကို နားထောင်ရုံနှင့်ပင် လူရွှင်တော်ပါး ၀မ၀ မှန်း၍ ရပြီး လူရွှင်တော်အဆင့်ကို မှန်း၍ ရနေသည်။ ထိုအတွက် ကြည့်နေရင်းမှာပင် ကျွန်တော်က ဩဘာကို အမှတ်ပေးလိုက်မိသည်။ သူ့မှာ လူရွှင်တော် သမ္ဘာမျိုး ရှိနေသည်ဟု ခံစားရသည်။ ရှေ့ပိုင်း ပြဇာတ် မှာလည်း သူကမိန်းကလေးလို လုပ်၍ ဟာသအရွှန်းဖောက်သွားသည် မဟုတ်လား။

သည်လိုနှင့် သူတို့ အငြိမ့်မှာ ကျွန်တော် မျောတော့သည်။ တစ်ခုတော့ ပြောချင်သည်။ အပြော၊ အဆိုကောင်းလာပြီဆို မိုက်က သံရှည်ကြီး ထထမြည်သည်။ အာရုံတော့ ထွေပြားလှ၏။ ပရိသတ်ကား စွယ်တော်ရိပ်အဖွဲ့သားများကို နားလည်ပေးလေသည်။ စိတ်ရှည်လှ၏။

လူရွှင်တော်များ ပြောစကားအရ သူတို့သည် ရှေ့ကလူရွှင်တော်များ နေရာကို ထိုအငြိမ့်ကမှစ၍ တာဝန်ယူ ရသည့်ပုံ ပေါ်သည်။ ရှေ့ကအငြိမ့်ထဲမှာ ၂၀၀၆ ကိုသာ ကြည့်ခဲ့ရသည့် ကျွန်တော့်အတွက်တော့ တည့်တည့် ပြောရလျှင် ၂၀၀၆ ထက် အပြတ်သာ နေသည်။ ထိုအချက်မှာ ကောင်းသော အချက်ဖြစ်သည်။ ကျွန်တော်တို့နောက်လူများက ရှေ့လူထက် မသာလျှင် ကြာလျှင် ဆုတ်ယုတ်သွားပေလိမ့်မည်။ ထို့အတူ စွယ်တော်ရိပ်ကို လူများ စိတ်ဝင်စားမှု လျော့သွားနိုင်သည်။ သည်တော့ လူငယ်များ လွှဲပြောင်း ယူချိန်မှာ ပိုကောင်းမှသာ စွယ်တော်ရိပ်ဝိုင်းတော်သားများ ကြည်နူးနိုင်ပေလိမ့်မည်ဟု ကျွန်တော် ယူဆပါသည်။

လူရွှင်တော်များ အကြောင်းပြန်ဆက်ရလျှင် သူတို့မှာ ဟန်ချက်ကို ထိန်းတတ်သော သဘောကို သွားတွေ့ရသည်။ ပရိသတ်နားရော၊ အမြင်ရောမှာ လုံးဝ အာရုံမပျက်အောင် ဖမ်းစားထားနိုင်သည်။ ထိုအတွက် လေးယောက်စလုံးကို ချီးကျူးမိသည်။

သူတို့ပျက်လုံး တစ်လုံးကို ကြည့်ပါ။ တစ်ယောက်က ပြောသည်။ နိုင်ငံရေးနှင့် နွယ်သော ဟာသတစ်ခုကို ပျက်ပြီး၍ ပူလီကို ဒိုင်အုပ်က ပြောသည်။ ဟေ့ကောင် ပူလီ။ မင်းပြက်လုံး ထုတ်တာကြည့်ထုတ်နော်။  ငါပတ်စ်ပို့ သက်တမ်းကုန်ခါနီးပြီဟ။ တော်ကြာ ငါ့ကို အခွန်မဆောင်ဘဲ သက်တမ်းတိုးပေးရင် ဘယ်လိုလုပ်မလဲဟတဲ့။ ထိုအခါ ဩဘာက ကြားဝင်သည်။ အမလေး။ မဖြစ်နိုင်တဲ့ ကိစ္စတွေ လျှောက်ပြောနေတယ်။ မြန်မာ့ အားကစားသာ ကမ္ဘာကို လွှမ်းချင်လွှမ်းသွားမယ်။ ဒီကိစ္စ မဖြစ်နိုင်ဘူး ဟု မျက်နှာပေးနှင့် ဆိုသည်။ ပရိသတ်ကား တ၀ါးဝါး။

အကြောင်းကလည်း ရှိသည်။ စင်ကာပူမှာ အလုပ်လုပ်သူတို့မှာ အခွန်ကို နှစ်ခါပေးရသည်။ မြန်မာ သံရုံးသို့တစ်ခါ၊ စင်ကာပူ အစိုးရသို့တစ်ခါ။ ထို့ကြောင့်လည်း ပရိသတ်ကား လူရွှင်တော်များ၏ ပြက်လုံးကြားမှာ တ၀ါးဝါး ဖြစ်ရလေတော့သည်။

နောက်ဟာသတစ်လုံးကတော့ ကျွန်တော်တို့လို ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားဟောင်းတွေပါ ဟတ်ထိသည်။ ဩဘာက ပြက်သည်။ သူအ၀တ်အစားလဲနေတုန်း အဒေါ်ကြီး တစ်ယောက်က မေးသည်တဲ့။ မင်းတို့ပွဲကတာ ဘာပွဲတုန်းဆိုတော့ သူက ပြန်ရှင်းပါသည်တဲ့။ RIT သင်္ကြန်ပွဲတဲ့။ သို့သော် အားလုံးပါသည့်အကြောင်း၊ ဆိုလိုသည်မှာ YTU, MTU, MIT, PTU စသည်ဖြင့် ကျောင်းအားလုံး ပါသည့်အကြောင်း ရှင်းပြသည့်အခါ ထိုအဒေါ်ကြီးမှ တစ်ခွန်းသာ ပြောပါသည်တဲ့။

" မင်းနှယ့်ကွယ်။ လျှာရှည်လိုက်တာ။ ပြောလိုက်စမ်းပါတဲ့။ ပြောလိုက်စမ်းပါတဲ့။ ( ဩဘာကား မျက်နှာပေးပါ ချီထား၏။ ကျွန်တော်အပါအ၀င် ပရိသတ်ကား ကြားချင်လှနေပြီ။ )ကျောင်းတွေ ပိတ်ရင် ရှေ့ဆုံးက၊ မြို့ပြင်ထွက်ရင် ရှေ့ဆုံးကပါလို့ ပြောလိုက်။ မင်းတို့ကျောင်းမှန်းသိတယ်တဲ့ "။ ပရိသတ်သည်ကား တ၀ါးဝါး၊ လက်ခုပ် တဖြောင်းဖြောင်းနှင့်။ ကျွန်တော်သည်လည်း အခွေကြည့်ရင်း သဘောကျ၍ အားရစွာ ရယ်မောခဲ့ရသေးသည်။

ရှေ့ထွက် မင်းသမီးကတော့ မာမာအေးသီချင်း နောက်ခံ ထားကာ ကပြ ဖျော်ဖြေသည်။ ကျွန်တော်က လေဘာတီ မမြရင် သီချင်းဟု ထင်နေတုန်း နောက်မှ မှားမှန်းသိရသည်။ အမှန်က ဥဩမယ်တင်၏ သီချင်း။ ကျွန်တော်တို့ အိမ်မှာ ကက်ဆက်ခွေခေတ်က ရှိခဲ့သည့် သီချင်းများ။ စင်ကာပူ ပရိသတ် အတွက် ကျေနပ်ဖို့ကောင်းသည်။ ကျွန်တော်ကတော့ အလိုက်ကလေးတွေ ရသူဖြစ်၍ လိုက်ပင် ညည်းကြည့်မိသေးသည်။ အာယားမ တဲ့။ သီချင်းက။

နောက်တော့ လူရွှင်တော်တို့ ထုံးစံ သံချပ်က စသည်။ သင်္ကြန်လည်း ဖြစ်နေ၍ သံချပ်သည် အငြိမ့်နှင့် လိုက်၏။ သည်ဘက်ခေတ် လူရွှင်တော်များ၏ ပုံစံထဲမှာ သူတို့ မျက်ခြည်မပြတ်လိုက်နေသည်ဟု ကျွန်တော် အကဲခတ်မိသည်။ သံချပ်ကလေး ကောင်းနေစဉ်မှာ မိုက်ကြီးကတော့ ထထအော်နေသေးသည်။ ထိုအချက်ကို နောက်ပိုင်းမှာ တော်တော်ပြုပြင် ပြောင်းလဲရလိမ့်မည်ဟု ထိုစဉ်က ကျွန်တော် တွေးနေ မိသေးသည်။ သံချပ်မှာလည်း စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှာ ကျွန်တော်တို့ ပတ်စ်ပို့သက်တမ်းတိုးဖို့ အခွန်ဆောင်ရသည့် အကြောင်းက မပါမဖြစ်။ သူတို့သည် ခေတ်ကို လုံးဝ မပြတ်စေရ။ မီသလောက် ပြက်နေသည်ဟု ဆိုရမည်။ ဒါကပင် လူငယ်တို့၏ အသစ်ဟု ဆိုရမည်။

ပြီးတော့ ဩဘာ ကလေး ပြောသွားတာရှိသေးသည်။ သူတို့သည် အလုပ်မအားသည့်ကြားမှ ကျောင်းက လူများ စုစုစည်းစည်း ဖြစ်ချင်၍ ကပြခြင်းဖြစ်ကြောင်းနှင့် RIT ပွဲမှလွဲ၍ မည်သည့် နိုင်ငံရေး အသင်းအဖွဲ့၊ စီးပွားရေး အသင်းအဖွဲ့တို့အတွက် ကပြမည် မဟုတ်ကြောင်း ကြေငြာသွားတာလေးပါ။ သူတို့၏ အနုပညာဖြင့် RIT အတွက် ကပြမည်ဖြစ်ပြီး ကျန်မည်သည့်ပွဲအတွက်မျှ မကဖူး၊ ကရန်အစီအစဉ်လည်း မရှိကြောင်း ပြောသွားရာ ပရိသတ်ကား လက်ခုပ်တဖြောင်းဖြောင်း။

ဒါကတော့ မှန်သည်။ စွယ်တော်ရိပ်က မွေးဖွားလိုက်သူသည် စွယ်တော်ရိပ်အတွက်ဆို အမြဲတမ်း အဆင်သင့် ဖြစ်ရပေမည်။ စွယ်တော်ရိပ်က လွဲလျှင် ဖွဲနှင့်ဆန်ကွဲ။ ကျွန်တော်တို့သည်လည်း ထိုစိတ်က အမြဲ ရှိသည်။ ကျွန်တော်တို့ အင်ဂျင်နီယာများကို မွေးဖွားပေးရာ စွယ်တော်ရိပ် မဟုတ်လား။

ရှေ့ထွက် မင်းသမီးကလေး နှုတ်ခွန်းဆက်တော့ အသံကနည်းနည်းတော့ ကီးကြောင်နေသည်။ သူက အသစ်ကလေးဖြစ်ပြီး သီချင်းလေးနှင့် နှုတ်ဆက်သည်ကိုး။ ကီးကြောင်လို့ အဆင်မပြေတုန်း မိုက်က အသံမထွက်။ မင်းသမီးလေးက အသစ်မို့ ထိုသို့ဖြစ်သောအခါ ပို၍ ခက်တော့သည်။ သို့သော် ဩဘာသည် တင်္ခဏုပ္ပတိဥာဏ်ရွှင်သူ ဖြစ်သည်။ သူတို့မှာပါသော ကြိုးမဲ့မိုက်က ရင်ဘတ်နားမှာ ဖြစ်၍ မင်းသမီးကို သူ့ရင်ဘတ်နား ကပ်ကာ ပြောခိုင်းပြီး မိုက်ကအသံမထွက်ဘူး။ ဒီကိစ္စ နင်နဲ့ငါနီးဖို့ ဖြစ်လာတာပဲ ဟုဆိုရာ ပရိသတ်မှာ မိုက်ပျက်သွားသည်ကို နားလည်မှု ပေးနေတုန်း ဩဘာ ပြက်လုံးကြောင့် ပြုံးရတော့သည်။ လူရွှင်တော်ပီသပါပေသည်။

မင်းသမီးလေးများ၏ အကကိုတော့ ကျွန်တော် မဆန်းစစ်လို။ သင်ပြသည့်အတိုင်း ကကြရသည်ဖြစ်ပြီး အကလေးတွေလည်း မဆိုး။ သူတို့ကလေးတွေ ကြိုးစားကြသည်။ ခေါင်းဆောင်မင်းသမီးကျတော့ ၂၀၀၆ မှာ ရှေ့ထွက်လုပ်ခဲ့သည့် ခင်ဖြူကြည်။ သူကကျတော့ လေဘာတီမမြရင် သီချင်းနှင့် ကသည်။ သူကတော့ ပထမပွဲတွေ အတွေ့အကြုံ ရှိနေပေပြီ။ သို့သော် သူ့အလှည့်မှာလည်း မိုက်က ပျက်နေသေးသည်။

ကျွန်တော်က တချို့အချက်များကို မကောင်းမြင်သည်ဟု မထင်ပါရန် ကြိုတောင်းပန်ချင်သည်။ ကျွန်တော်တို့ ကျောင်းက ညီအစ်ကိုများ လုပ်သည့်ပွဲဖြစ်၍ အကောင်းချည်းသာ ဖြစ်စေချင်သည်။ အနုပညာရှင်များ မဟုတ်၍ အပြစ်မမြင်စေချင်ဘဲ အချစ်ဝင်စေချင်သည်ဟု သူတို့ဆိုသည့်အတိုင်း ကျွန်တော့် အမြင်က အပြစ်မြင်၍ မဟုတ် အချစ်ဝင်၍သာ တစ်နှစ်ပြီး တစ်နှစ် ပိုကောင်းစေချင်သည့် ဆန္ဒကြောင့်သာ ဖြစ်သည်။ ထို့ပြင် စာဖတ်သူများ တစ်နှစ်ပြီး တစ်နှစ် နှိုင်းယှဉ်၍ ရကောင်းနိုင်ပါသည်။ နှိုင်းယှဉ်ပြီးလျှင်ဖြင့် စွယ်တော်ရိပ်အပေါ် ပို၍ အချစ်ဝင်မှာ အသေအချာပင်။ ထိုသို့ ကျွန်တော် ရည်ရွယ်ပါသည်။

ပြက်လုံးများကိုတော့ ဆောင်းပါးရှည်မှာ စိုး၍ ချန်ခဲ့ပါမည်။ ၂၀၀၈ ကို သုံးသပ်ရလျှင် ၂၀၀၆ ထက် စွယ်တော်ရိပ်အငြိမ့်သည် သိသာစွာ တိုးတက်သည့်ဘက်ကို ရောက်သည်နှင့်အညီ များစွာ ကွာသွားခဲ့သလို ကျန်အက၊ ပြဇာတ်များသည်လည်း RIT သင်္ကြန်ကို ပိုလှ၊ ပိုအသက်ဝင်စေပါတော့သည်။

ကျွန်တော်ကတော့ သူတို့၏ အနုပညာ ပြပွဲကို ကြည့်ရင်း ရန်ကုန်စက်မှုတက္ကသိုလ်က သူငယ်ချင်းများကို သတိရမိသလို ငယ်ငယ်တုန်းက သူငယ်ချင်း အဖော်များနှင့် ကျောင်းသားဘ၀ ငယ်ဖော်စိတ် ကလေးများဖြင့် နေခဲ့ရသည်ကို သတိရပြီး စွယ်တော်ရိပ်တွင် တစ်ရေးအိပ်ခဲ့ရသည်ကို ကြည်နူးနေမိပါတော့သည်။                 ။

ဆူးသစ်
၂၁း၁၉ နာရီ
၁၈.၈.၂၀၁၃


 [ ဆက်ပါဦးမည်။ ]


Saturday, August 10, 2013

" ကျွန်တော်သိသော တက္ကစီဒရိုင်ဘာ "

ကျွန်တော်ရန်ကုန်ကို ခေတ္တပြန်စဉ်က တက္ကစီကို တော်တော်စီးခဲ့ရသည်။ သည်သို့နှင့် တက္ကစီဒရိုင်ဘာ တချို့ကို သိခွင့်ရခဲ့သည်။ တချို့သဘောကောင်း၏။ တချို့ကား စိတ်ဓာတ်မကောင်း။ လူအမျိုးမျိုး စိတ်အထွေထွေဟု ဆိုခဲ့ကြသည့်တိုင် အများနှင့်ဆက်ဆံရသော လုပ်ငန်းများမှာ ဆက်ဆံရေးမကောင်း၊ စာရိတ္တမကောင်းသူများ ရှိနေလျှင် လူအများဒုက္ခရောက်ကြရပေမည်။

တစ်ရက်မှာ ကျွန်တော်နှင့်ဇနီးသည် ကားငှားစီးသည်။ ညနေဘက်ဖြစ်၍ ဇနီးသည် ရုံးက အပြန်မို့ ဈေးဝယ်ပြီး ပစ္စည်းများလည်း မနိုင်သောကြောင့် ကားငှားရခြင်းပါ။ ဦးလေးကြီးတစ်ယောက် ကျွန်တော်တို့နား ကားလာရပ်ပြီး လမ်းကိုမေးသည်။ ဈေးညှိသည်။ အဆင်ပြေသွားသည်။

ကျွန်တော်တို့တက်ပြီး လမ်းပေါ်ရောက်တော့ သူကသူ့မှာလူကြုံ ပစ္စည်းဝင်ပေးစရာရှိ၍ ခဏ သည်းခံပေးပါရန် ပြောသည်။ သူပေးရမည့်နေရာက ကျွန်တော်တို့ သွားမည့်လမ်းပေါ်မှာပဲဖြစ်၍ ကိစ္စမရှိ။ သူကလည်း ကျေးဇူးများတင်လို့။ သူသည် ၀န်ထမ်းဖြစ်ပြီး ညနေဘက် ကားမောင်းထွက်ကြောင်း၊ ညဘက်အတွက် စပေါ်မည်မျှ ပေးရကြောင်း၊ ယခုပေးရမည့် ပစ္စည်းသည်လည်း ရုံးကိစ္စဖြစ်၍ ယခုမှမပေးလျှင် မမီနိုင်ကြောင်းပြောသည်။ ကျွန်တော်တို့ မမေးဘဲ ပြောသောကိစ္စမျိုးမို့ ကျွန်တော် ကတော့ သိပ်စိတ်ဝင်စားလေ့မရှိ။ သို့သော် ဟုတ်ကဲ့သာ လိုက်နေလိုက်သည်။

သည်သို့ဖြင့် သူ့ပစ္စည်းဝင်ပေးပြီး ကျွန်တော်တို့ အိမ်ဘက်မောင်းသည်။ အိမ်နားရောက်တော့ ကားမှတ်တိုင်မှာ ချပေးရန်ပြင်သည်။ ကျွန်တော်က လမ်းထဲဝင်ပေးရန်ပြောတော့ လမ်းထဲဝင်ပေးရ မှာလား မေးသည်။ ပြီးတော့ လမ်းညွှန်သည့်အခါ စိတ်မရှည်ချင်။ ကျွန်တော်တို့လမ်းကို ၀င်ဖို့ သူစရပ်လိုက်သော ကားမှတ်တိုင်ဘက်ကိုက အမှား။ သို့သော် မတတ်နိုင်။ သူကလည်း သူ့ဘာသာအမှန်ထင်ပြီး ကျွန်တော်တို့ကို ကားမှတ်တိုင်ပဲ ချပေးရမည်ထင်ပြီး လမ်းကြောင်း ယူခဲ့တာ ဖြစ်သည်။

လမ်းထဲဝင်ဖို့ တစ်ကွေ့နှစ်ကွေ့ ကွေ့ပြီးသည့်နောက်မှာ သူပါးစပ်က စကားထွက်လာသည်။ လမ်းထဲဝင်ရတာကတင် နောက်ထပ်ခရီးတစ်ခုလောက် ဖြစ်နေပြီ။ တက္ကစီခတောင် ပိုပေးသင့်နေပြီ ဟုဆိုသည်။ ကျွန်တော် ဘာမျှမပြောသေး။ အိမ်ရှေ့ရောက်၊ ကားပေါ်ကဆင်းခါနီးမှာတော့ တက္ကစီစီးတာ အိမ်ရှေ့အရောက်စီးချင်လို့ ငှားတာပေါ့ဦးလေးရယ် ဟုသာ ပြောခဲ့တော့သည်။

ဟုတ်သည်လေ။ ကျွန်တော်တို့ ခရီးသည်ဆိုသည်က လမ်းနာမည်အတိအကျ ပြောလျှင်ရော သူတို့ကသိမှာလား။ သည်တော့ အနီးဆုံး ဘတ်စ်ကားမှတ်တိုင်ကို ပြောပြတော့ မှတ်တိုင်မှာသာ ချပေးရန် ကြိုးစားသည်။ မှတ်တိုင်မှာဆင်းပြီး အိမ်အထိလမ်းလျှောက်မည် ဆိုပါက ကျွန်တော်တို့က ဘာအတွက် တက္ကစီငှားစီးနေတော့မည်နည်း။ ဘတ်စ်ကားစီးလိုက်ရုံသာ။ ယခုတော့ သူ့လူကြုံပစ္စည်းချတော့အကောင်း၊ ကိုယ့်အိမ်ရှေ့ပို့ဖို့ကျတော့ ပါးစပ်က ဆီမန်းမန်းနေသည်။ မတတ်နိုင်။ ကျွန်တော်တို့လည်း သည်းခံနိုင် သလောက် သည်းခံပေမည်။ တန်ရာတန်ကြေးကို ဈေးညှိငှားထားတာဖြစ်သည်။

တချို့တက္ကစီဒရိုင်ဘာများဆို လူမိုက်များလား ထင်ရသည်။ ကားငှားဖို့ လက်တားသည်။ လာရပ်သည်။ ဈေးညှိသည်။ မကိုက်။ မကိုက်လျှင် သွားတော့ပေါ့။ ထိုသို့မဟုတ်။ ဘယ်ကားမှ မလိုက်ဘူးဟု ဆိုတာမျိုး ရှိသေးသည်။ လူတိုင်း ထိုစကားမျိုး ခဏခဏ ကြားရပေလိမ့်မည်။ သူ့တစ်စီးတည်း မလိုက်တာနှင့် ကျန်သောကားများ မလိုက်ဟု ထင်ပုံရသည်။ မသိလျှင် ခရီးသည်က သည်လိုမေး၍ ဆင်းတောင်ရိုက်ချင်သည့်ပုံ။ သူထွက်သွားသောအခါ နောက်တစ်စီးမှာ ထိုဈေးနှင့်လိုက်တာ သူမသိ။ သူက ရမလားဟု စမ်းတာဖြစ်သည်။ သူ့ကားမလိုက်ချင်နေ။ ဘယ်ကားမှ မလိုက်ဟု ဆိုရအောင် သူက ဘာမို့လို့ပါလိမ့်ဟု ကျွန်တော်ကတော့ တွေးသည်။

နောက်တစ်ခါကျတော့ ကျွန်တော်တို့ လင်မယား ဒဂုံ(မြောက်)ပိုင်းက အမေတို့ အိမ်ကို သွားချင်၍ ကားငှားတာမှာ ဖြစ်သည်။ မှတ်မှတ်ရရ သျှင်ပါကူ ရှေ့ကငှားတာဖြစ်သည်။ ဈေးညှိသည်။ အဆင်ပြေသည်။ ကားသမားက လူငယ်။ သူလည်း ဒဂုံဘက်ကမို့ အိမ်ပြန်ထမင်းစားရင်း တင်သွားချင်၍ အဆင်ပြေကြောင်း သူ့ဂိတ်ကလူတွေကိုပင် ပြောနေသံကြားသည်။

လမ်းရောက်တော့ သူကနေရာကို မေးသည်။ ကျွန်တော် ကားစငှားကတည်းက နေရာ၊ ရပ်ကွက်၊ လမ်း အကုန်ပြောပြီးသား။ ထပ်ပြောပြသည်။ သို့သော် သူက အဲဒီဘက်ဆို ကျွန်တော့်ကို နောက်ထပ်ပိုက်ဆံ ထပ်ပေးရမည်ဟု ဆိုသည်။ ကားပေါ်ရောက်မှ အခက်တွေ့အောင် ဆိုသည်။ ကျွန်တော်က ဘာဖြစ်လို့ ပေးရမှာလဲဟု မေးတော့ ပထမသူထင်သော နေရာမဟုတ်၍တဲ့။ ကျွန်တော်က ဒါဖြင့် ခုနကားစငှားကတည်းက မသိရင် မသိဘူး မပြောဘဲ တင်လာပြီး လမ်းခုလတ်ရောက်မှ ထိုသို့ပြောသည့် အတွက် ပိုက်ဆံထပ်မပေးနိုင်ကြောင်း၊ ခင်ဗျား ဘာလုပ်မလဲ ဟုမေးတော့ ကားပြောင်းပေးမယ်ဟု ဆိုသည်။ သဘောကတော့ မပေးနိုင်လျှင် ကားပေါ်က ဆင်းဆိုသည့် သဘော။

ကျွန်တော်မငြင်း။ ကျွန်တော်လည်း ဇနီးသည်ပါလာ၍ စကားက သိပ်မများချင်တော့။ သို့သော် သူ့ကို သေချာအောင်တော့ မေးသည်။ မသိဘဲ ဘာလို့ကားငှားလိုက်သနည်းဟု။ သူက သူသိသောနေရာဟု ထင်၍ပါတဲ့။ ကျွန်တော့်ကို သူစပြောတော့ သူဘယ်မှာနေသည် ဆိုတာပါ၍ ခင်ဗျားအိမ်ကို သွားချင်ရင် အဲဒီရပ်ကွက်ကို ဖြတ်ရတယ်၊ အဲဒါကို ခင်ဗျားမသိဘူး ဘာလို့ပြောတာလဲ ဆိုတော့ အင်း....အဲနှင့် စကားကို ပေါက်ကရတွေ လျှောက်ပြောတော့သည်။ 

အမှန်က ဒဂုံပြန်မှာဖြစ်၍ ကားပေါ်ရောက်ပြီးမှ အပိုင်ရိုက်ခြင်းဖြစ်သည်။ နောက်တစ်စီး အဆင် မပြေလျှင် တောင်းသည့်ဈေးပေးမည်ဟု ထင်ပုံရသည်။ ကျွန်တော် တစ်ပြားမှမပေး။ နောက်တစ်စီး ငှားတော့ ကျွန်တော်မဆစ်တော့။ လမ်းခုလတ် ဖြစ်နေ၍ တောင်းသည့်ဈေးသာ ပေးစီးခဲ့သည်။

ပထမကားသမား မရိုးသားပုံများကတော့ သူထမင်းစားပြန်သည်ကိုပင် ကျွန်တော်တို့က အမြတ်ပေးရ ဦးမည့်ပုံ။ ကျွန်တော့်သူငယ်ချင်း တချို့ကတော့ ထိုသို့ပြောသည်ကို ပြန်သိပြီး ဆင်းမပေးရန်ပင် ပြောခဲ့ သည်။ သေချာသည်က သူတို့ပါလျှင် ပွဲကပိုရှုပ်ကုန်မည်။

ကျွန်တော့်အစ်ကိုတစ်တွေတုန်းကလည်း တက္ကစီဒရိုင်ဘာနှင့် ရိုက်မလို ဖြစ်ခဲ့သေးသည်။ သူနှင့် သူ့တပည့်မိသားစု ရပ်ကွက်ထိပ်ကနေ ရပ်ကွက်ထဲဝင်ဖို့ လမ်းက တော်တော်လှမ်းသေးသည်မို့ ဟိုနားသည်နား ငှားတာဖြစ်သည်။ စငှားတော့ ဈေးကလည်း အဆင်ပြေသည်။ သို့သော် ရပ်ကွက်ထဲ စ၀င်တော့ နည်းနည်းလောက် ကွေ့လာရလျှင် မရောက်သေးဘူးလား၊ ဘာလား၊ ညာလား စလာသည်။ အစ်ကိုက နားထောင်နေသေးသည်။ သူ့တပည့်က ခင်ဗျားကို စငှားကတည်းက လမ်းထဲဝင်မယ်ဆိုပြီး ရပ်ကွက်ထဲ ငှားလာတာ၊ အခု စထွက်တာမှ မကြာသေးဘူး၊ စကားကများလာပြီ ဟု ထဘုတောတော့သည်။

သည်တော့ တက္ကစီဒရိုင်ဘာကလည်း ခွန်းတုန့်ပြန်သည်။ ကျွန်တော့်အစ်ကိုက ကားရပ်ခိုင်းသည်။ မရပ်။ ရပါတယ်၊ ဆက်မောင်းပို့ပေးပါမယ် လုပ်သည်။ အစ်ကိုက တစ်ခွန်းတည်းပြောရတော့သည်။ ခင်ဗျားကား၊ ခင်ဗျားနဲ့အတူ ဒီရပ်ကွက်ထဲက ပြန်ထွက်သွားချင်လား ဆိုသည်။ သည်တော့မှ ရပ်တော့သည်။ အကြောင်းက ရှိသည်။ အစ်ကိုနှင့်သိသူများက ကားလာမည့်နေရာမှာ စောင့်နေသည်။ ကားပေါ်မှာ ခွန်းတုန့်ပြန်လာတာသိလျှင် ရပ်ကွက်ကလူများသည်။ ကားသမား အဆင်မပြေနိုင်။ သည်တော့ စောလွှတ် လိုက်မှ ကောင်းမည်ဆိုပြီး လွှတ်လိုက်တော့သည်။

နောက်ကားသမား တစ်ယောက်ကျတော့ လူမှုရေးနှင့် ဆိုင်သည်။ ကျွန်တော်တို့ အသိတစ်ယောက်၏ ညီမလေး ကားငှားစီးသည်။ အိမ်က အိမ်ဖော်ကောင်မလေးပါပါသည်။ လမ်းမှာ သူသွားမည့်အိမ်အတွက် စားစရာဆင်းဝယ်သည်။ သူကားပေါ်ပြန်ရောက်တော့ ကားသမားက အမျိုးသားက ဘယ်မှာလဲ။ တခြားနေရာမှာ အလုပ်လုပ်နေလား ဘာလား စမေးသည်။ အခုသွားမယ့်အိမ်က ဘာတော်လဲ၊ ဘာညာမေးပြီး ကျွန်တော့်မှာ ကတ်ရှိတယ်၊ ယူထားပါလား ဘာညာပြောသည်။ ထိုညီမလေးက အရောမ၀င်တတ်သူမို့ ငြိမ်နေလိုက်သည်။ ပိုဆိုးသည်က သူ့ယောကျာ်းရှိသည်ဆိုသော နေရာကို အတိအကျသိပြီး မေးလာခြင်းဖြစ်သည်။ ထိုညီမလေးက ဘယ်လိုသိတာလဲဟု အံ့ဩရင်း ငြိမ်နေလိုက်၏။ သူ့မှာ အိမ်ဖော်မလေးပါလာသော်ငြား ကလေးမို့ အရေးအကြောင်းဆို အားမကိုးရမှာစိုး၍ သူ့အိမ်ကို ဟမ်းဖုန်းနှင့် လှမ်းဆက်ရင်း လူကြီးများနှင့် အဆက်အသွယ် မပြတ်ကြောင်းပြလိုက်၏။

တက္ကစီဒရိုင်ဘာကလည်း ဘယ်ကမှ ဖုန်းမမြည်ပါဘဲ သူသည် တစ်ဦးတည်းသောသားဖြစ်ကြောင်း၊ သူ့ကားကို သူ့အမေက ၀ယ်ပေးထားတာ ဖြစ်ကြောင်း စသည်ဖြင့် မိန်းကလေးကို မြှူဆွယ်မှုဆန်သည့် စကားများကို ကြားအောင် ကားပေါ်မှာ ဖုန်းဖြေသလိုနှင့် ပြောနေလေတော့သည်။ 

သည်လိုနှင့် ထိုညီမလေးဆင်းသည့်နေရာရောက်ပြီး ထိုကပြန်၊ သူ့အိမ်ပြန်ရောက်တော့မှ သေသေချာချာ စဉ်းစားပြီး အိမ်နားက ကားသမားမဟုတ်ဘဲ သူ့ယောကျာ်း တခြားနေရာမှာ အလုပ်လုပ်နေတာ ဘယ်လိုသိသလဲဟု သံသယပွားပြီး နောက်ဆုံး အိမ်ဖော်ကောင်မလေးကို မေးတော့မှ ထိုညီမလေး စားစရာဆင်းဝယ်နေစဉ် တက္ကစီဒရိုင်ဘာက ထိုညီမလေးနှင့် ဘာတော်သလဲ၊ ဘာလုပ်လဲ၊ အိမ်ထောင်ရှိလား စသည်ဖြင့် စုံအောင်မေးသည်ကို အိမ်ဖော်မလေးက နားမလည်ဘဲ ဖြေလိုက်ရာမှ သိသွားခြင်းဖြစ်ကြောင်း ပေါ်တော့သည်။ ထိုမှစ၍ သူ့အိမ်ဖော်မလေးကို ဆူပူပြီး သတိထားခိုင်းသကဲ့သို့ တက္ကစီကို မလွှဲသာမှသာ စီးတော့လေသည်။ စီးလျှင်လည်း အဖော်ပါမှ စီးတော့သည်။ သွားလေရာ ဟမ်းဖုန်းကိုလည်း သတိထားပြီး အမြဲကိုင်ထားခဲ့တော့၏။

ကျွန်တော်ဆိုလိုသည်မှာ တက္ကစီဒရိုင်ဘာတိုင်း မကောင်းပါဟု ပြောနေခြင်းမဟုတ်သည်ကို နားလည်စေ လိုပါသည်။ သို့သော် တချို့သောတက္ကစီဒရိုင်ဘာများမှာ ထိုသို့ရှိနေပါသည်ဟု မီးမောင်း ထိုးပြချင်မိပါသည်။ အထက်က ကျွန်တော့်အသိ၏ ညီမလေး ကိစ္စမျိုးဆိုလျှင် လူမှုရေး ဖောက်ပြန်အောင် စည်းရုံးသည့်သဘော၊ ထိုတက္ကစီဒရိုင်ဘာ ကိုယ်တိုင်က လူမှုရေး ဖောက်ပြန်မည့် သဘောမျိုး ဖြစ်နေ ပါသည်။ အိမ်ထောင်ရှိသည်ဟု သိပါလျက် ထိုသို့ ကြိုးစားခြင်းမှာ စိတ်ဓာတ်အောက်တန်းကျခြင်း တစ်မျိုးဟု ကျွန်တော်မြင်ပါသည်။

ကျွန်တော့်အသိက ကားသမားနာမည်ကို လိုက်ဖို့ ကြိုးစားသော်လည်း သူ့ကား ဒက်ရှ်ဘုတ်ပေါ်မှာ တက္ကစီဒရိုင်ဘာ နာမည်ဘုတ် မရှိပါတဲ့။ ထို့ကြောင့် တက္ကစီများကို မည်သို့မှတ်ပုံတင်၍ မည်သူက မောင်းသနည်းဆိုသည်ကို မည်သို့သိအောင် လုပ်မည်နည်း။ မှတ်ပုံတင်ထားသော ဓာတ်ပုံထဲက တက္ကစီဒရိုင်ဘာက တစ်ယောက်။ မောင်းနေသူက တခြားတစ်ယောက် ဖြစ်နေတာလည်း ကြုံရပေါင်းများလှချေပြီ။ သိသူများရှိက ကျယ်ကျယ်ပြန့်ပြန့် ဆောင်းပါးရေးစေလိုပါသည်။ မီးမောင်း ထိုးပြစေလိုပါသည်။

ကျွန်တော် Facebook ထဲမှာ၊ ဂျာနယ်ထဲမှာ တက္ကစီဒရိုင်ဘာတို့၏ အပြုအမူကောင်းများ၊ စေတနာကောင်း များကို ခဏခဏ ဖတ်ဖူးပါသည်။ သို့သော် ဆွမ်းဆန်ထဲ ကြွက်ချေးရော ဆိုသလို အပေါ်က ကျွန်တော် ပြောပြခဲ့သည့် တက္ကစီဒရိုင်ဘာများလည်း ရှိနေပါသေးသည်။ 

စင်ကာပူမှာ၊ မလေးရှားမှာ၊ အိန္ဒိယမှာ ကျွန်တော် တက္ကစီများစီးဖူးပါသည်။ မည်သူမျှ မူလခရီးသည် တင်ပြီးလျှင် နောက်ထပ် လမ်းကြောသင့်၍ ခရီးသည်ထပ်တင်ခြင်းများ မရှိပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံ မှာပဲ ရှိပါသည်။ မြန်မာချင်းဖြစ်၍ တချို့ခရီးသည်က ခွင့်ပြုလျှင်တောင် ထိုခွင့်ပြုသည့် ခရီးသည်၏ ခရီးက အရင်မရောက်ဘဲ နောက်မှတက်လိုက်လာသည့် ခရီးသည်၏ ခရီးကို အရင်လိုက်ပို့ခြင်းများ ကြုံရသောကြောင့် စကားများ၊ ရန်ဖြစ်တတ်တာမျိုးလည်း ခဏခဏ ကြားရပါသည်။

ပြီးတော့ မြန်မာချင်းမို့ ကားပေါ်မှာ အလ္လာပ၊ သလ္လာပ ပြောခြင်းကိုလည်း မရှိမဟုတ်။ ရှိပါသည်။ ကျွန်တော် မလေး သွားတုန်းက တက္ကစီသမား မလေးတစ်ယောက်က ကျွန်တော့်ကို စင်ကာပူက လာသူမို့ မေးခွန်း တချို့ မေးပါသည်။ ကျွန်တော်လည်း ဖြေချင်မှ ဖြေပါသည်။ တမင်မှားဖြေတာလည်း ရှိပါသည်။ ယခုမှ စသိသော လူတစ်ယောက်က ကိုယ့်ကို မဆိုင်သော မေးခွန်းမျိုး မေးလာခြင်းကို ကျွန်တော် သိပ်မကြိုက်ပါ။ စပ်စုသည်ဟု ထင်သည့် အပြင် ကိုယ့်ကိုယ်ရေးကိုယ်တာများကို ပေးမသိချင်ခြင်းပါ။ မိန်းကလေးများလည်း တက္ကစီငှားစီးလျှင် အထူးသတိထားစေချင်ပါသည်။

ခရီးနှင့် ဆိုင်သော လမ်းကြောင်းကို ပြောပြီးလျှင် ပြီးသော်ငြား အထက်က ဥပမာလို မဆီမဆိုင် ယောကျာ်း က နယ်မှာ အလုပ်လုပ်နေသလား၊ ဘာညာ ပြောပြီး လိပ်စာ၊ ဖုန်းကတ်များ ယူရန် ပေးလာပါက ငြင်းပစ် လိုက်ပါ။ ငှားစီးစရာ တက္ကစီများ များစွာရှိ၍ ရန်ကုန်လိုနေရာမျိုးမှာ ဖုန်းခေါ်ပြီး ကားငှားစီးရလောက်အောင် မလိုအပ်သေးပါ။ သူစိမ်းဖြစ်၍ အလွယ်တကူ မယုံပါနှင့်။ 

စင်ကာပူက ယာဉ်မောင်းများကျတော့ ရှင်းပါသည်။ မီတာနှင့်ဖြစ်၍ သွားချင်သည့်နေရာပြော၊ ကျသင့်ငွေပေး၊ သူတို့ဘာသာ သီချင်းဖွင့် နားထောင်ပြီး အားလုံး အဆင်ပြေပါသည်။ ခရီးသည်ကို ထိကပါး၊ ရိကပါး မလုပ်ရဲ။ သူတို့ကတော့ ရဲကို ကြောက်ကြသည်ကိုး။ မကြောက်လို့လည်း မရ။ တစ်ခုခုဖြစ်တာနှင့် ထောင်နှင့် ဒဏ်ငွေ။ အခန့်မသင့်လျှင် ကြိမ်ဒဏ်။ ကျွန်တော်တို့ဆီမှာက လုံခြုံစိတ်ချရသော ၀န်းကျင်ဆိုသည်ကို ရောက်ဖို့ လိုသေးသည်။ ထိုသို့ ယုံကြည်နိုင်ဖို့က မည်မျှ ကြာမည်မသိ။

တစ်ခုရှိသေးသည်။ ကျွန်တော့်သူငယ်ချင်း တစ်ယောက် တက္ကစီငှားစီးသည်။ ဈေးလည်း အဆင်ပြေသည်။ လမ်းရောက်မှ လမ်းကြောပိတ်နေ၍ တက္ကစီဒရိုင်ဘာက ထိုသို့ လမ်းများကျပ်သောကြောင့် ထိုလမ်းကြောင်း ကို သူမလိုက်ချင်ကြောင်း၊ လမ်းကပိတ်နေကြောင်း တဖျစ်တောက်တောက် ပြောသည်။ ကျွန်တော့် သူငယ်ချင်းကလည်း တော်တော်သည်းခံပြီး လိုက်လာခဲ့ရသည်။ ကျွန်တော်တို့ကိုတော့ ပြန်ပြောပါသည်။ အစကတည်းက လမ်းကျပ်၍ မလိုက်ချင်လျှင် ဘာလို့လိုက်လာရသနည်း။ သေနတ်ထောက်၍ ခေါ်ခြင်း မျိုးလည်း မဟုတ်။ ကြိုက်ဈေးရ၍ လိုက်လာတာဖြစ်သည်။ ကျွန်တော်လည်း သည်သို့သာ မြင်သည်။

စင်ကာပူ၊ အိန္ဒိယ၊ မလေးရှားမှာ ကြုံခဲ့သော ယာဉ်မောင်းများဆို လမ်းကျပ်၍ ချောင်သည့်ဘက်တောင် လှည့်မောင်းပေးသေးသည်။ ကျပ်လျှင်လည်း ရပ်စောင့်နေခဲ့သည်သာ။ ဘယ်သူမျှ လမ်းကျပ်၍ ညည်းညူမပြ။ ကျွန်တော်တို့ မြန်မာတက္ကစီဒရိုင်ဘာများကတော့ ခရီးသည် သဘောကောင်းလျှင် ဘုတောနေတော့သည်။

ကျွန်တော်က မကောင်းသော တက္ကစီဒရိုင်ဘာများ အကြောင်းပြော၍ အားလုံး ထိုသို့ဖြစ်နေသည်ဟု မဆိုလိုကြောင်း နားလည်မှု မလွဲစေရန် ကြိုပြောထားချင်သည်။ လူတိုင်းမှာ အကောင်းနှင့်အဆိုး ဒွန်တွဲနေစမြဲဟု ကျွန်တော် နားလည်ပါသည်။ တက္ကစီဒရိုင်ဘာများထဲမှာ ပစ္စည်းကျန်၊ ဖုန်းကျန်ကို ပြန်လိုက်ပေးသော ယာဉ်မောင်း၊ သံဃာတော်များကို အခမဲ့စီးခွင့်ပေးသော ယာဉ်မောင်း၊ လေဆိပ်မှာ မလေးကပြန်လာသော လူငယ်လေးကို လမ်းစရိတ်မရှိ၍ အဝေးပြေးဂိတ်ကို ပို့ကာ လမ်းစရိတ်ပါထောက်ပေးလိုက်သော ယာဉ်မောင်းများ စသည်ဖြင့် အင်မတန်မှ စိတ်ထား မွန်မြတ်သော ယာဉ်မောင်းများလည်း ရှိနေပါသေးသည်။

ကျွန်တော်နှင့်ခင်သော စင်ကာပူနိုင်ငံသား တရုတ်ကြီး မြန်မာပြည်သွားလည်စဉ်က သူငှားစီးသော တက္ကစီဒရိုင်ဘာအကြောင်း ပြောပြခဲ့ပါသည်။ သူက အမေရိကန်ဒေါ်လာများ ပါလာ၍ သုံးဖို့ ငွေလိုသော အခါ ငွေရောင်းသည့်နေရာကို တက္ကစီဒရိုင်ဘာက ခေါ်သွားပြီး ထိုတရုတ်ကြီး၏ငွေကို လဲပေးခဲ့ပါသည်။ တရုတ်ကြီးကို ကားပေါ်ထိုင်စောင့်ထားခဲ့သည်ဟု ကျွန်တော့်ကို ပြောနေစဉ် ကျွန်တော် ရင်ထိတ်မိ ပါသေးသည်။ လိမ်သွားသည်ဟုများ ပြောလေမလားဟု နားစွင့်နေတုန်း တရုတ်ကြီးက သူပြန်လာတော့ ငွေတွေအများကြီးပါလာလို့ ငါဘာနဲ့ ကိုင်ရမလဲ မေးခဲ့သေးသည်ဟု ရယ်ရယ်မောမောနှင့် ဆိုမှ ကျွန်တော် သက်ပြင်းချရပါသည်။ ရိုးသားသော ထိုတက္ကစီဒရိုင်ဘာကိုလည်း ကျေးဇူးတင်မိရ ပါသေးသည်။

ကျွန်တော် နားလည်ပါသည်။ လူတိုင်း အမှားနှင့်တော့ မကင်းကြပါ။ တက္ကစီဒရိုင်ဘာသည်လည်း လူထဲကလူ ဖြစ်ပါသည်။ ထို့အတူ ခရီးသည်ဆိုသည်မှာလည်း လူသားများပင် ဖြစ်ပါသည်။ တက္ကစီဒရိုင်ဘာမှားသလို ခရီးသည်ဆိုးသည့် ဥပမာများလည်း များစွာ ရှိပါသည်။ လူသားချင်း ရိုးသားသော မေတ္တာစိတ်ရင်းကို အခြေခံလျှက် ရိုင်းပင်းခြင်းဖြင့် ခရီးတိုကလေးတစ်ခုအတွင်း ဘေးကင်း စိတ်ချမ်းသာစွာ သွားနိုင်ကြပါသည်။

 မိမိဘာသာ ရှိနေသော၊ သို့မဟုတ် အိမ်ကပါလာသော ဒေါသ၊ မိမိ၏ပင်ကိုယ် ကိလေသာ၊ တဏှာတို့ဖြင့် တက္ကစီဒရိုင်ဘာက ခရီးသည်ကို ဆက်ဆံခြင်းမှာ မလုပ်ကောင်းသော အရာဟု သိစေချင်ပါသည်။ မိမိစီးပွားကို မိမိဖျက်သည်နှင့် အတူဟု နားလည်စေချင်ပါသည်။ ယခုတော့ ကျွန်တော့်လို ခရီးသည် တချို့လည်း အဆိုပါ စိတ်ဓာတ်ညံ့ဖျင်းသော တက္ကစီဒရိုင်ဘာမျိုးနှင့် မဆုံရပါစေကြောင်း ဆုတောင်းနေရပါတော့သည်။           ။

ဆူးသစ်
၁၇း၁၀ နာရီ
၁၀.၈.၂၀၁၃


Thursday, August 1, 2013

" ဆက်၍ ကြည်နူးရပါသည် "


ပြီးခဲ့သည့် တနင်္ဂနွေတစ်ရက်က ကျွန်တော်တို့ ကုမ္ပဏီမှ မြန်မာ ၀န်ထမ်းလေးများနှင့် ဘင်္ဂလားဒေ့ရှ် ( နောက်ပိုင်းမှာ ကျွန်တော်က ဘကုန်း ဟုသာ သုံးပါမည်။ ရိုက်ရသည်မှာ ရှည်လွန်းသောကြောင့်ဖြစ်ပါသည်။) အလုပ်သမားလေးများ ဘောလုံးကန်ကြသည်။ မကန်ခင်ကတည်းက တစ်ပတ်နှစ်ပတ်လောက်မှာ ကြိုတင်ပြင်ဆင်မှုများက စိတ်ဝင်စားဖို့ ကောင်းသည်။

ဘကုန်းလေးများက သူတို့နိုင်ငံက လာမည့် သူငယ်ချင်းတစ်ယောက်ကို ဘောလုံးကန်လျှင် ၀တ်မည့် အင်္ကျီ လှမ်းမှာသည်။ ထိုသူငယ်ချင်းပြန်လာတော့ ပါလာသည်။ အင်္ကျီ က အစိမ်းရောင်။ သူတို့က သေသေ ချာချာ ပြင်ဆင်နေသည်။ ဘောပွဲကို ကန်ကန်မကန်ကန် တစ်ယောက်ကို ဒေါ်လာ နှစ်ဆယ် ထည့်ရသည်။ ပြီးတော့ လာအားပေးခိုင်းသည်။

ထိုအချိန်မှာ ကျွန်တော်တို့ မြန်မာများက အင်္ကျီရွေးတုန်း။ သူတို့က အရောင်ကို ရွေးသည်။ အသင်းကို ရွေးသည်။ ပထမ ဘာစီလိုနာ အသင်း၏ အရောင်တဲ့။ ကျွန်တော်က သူတို့ပြောကတည်းက သူတို့ ၀တ်မည့် ဘာစီလိုနာအသင်း၏ အရောင်နှင့် သူတို့ကစားမည့် ကစားကွက်ကို ပုံဖော်ကြည့်နေသည်။ တော်တော်တော့ တူဦးမည်။ တစ်ပတ်အလို အထိပင် မည်သူက မည်သည့်နေရာက ကစားမည်ကိုပင် နေရာမချရသေး။ အိပ်မက်ထဲမှာပင် ဘာစီလိုနာ ကစားကွက်နှင့် သူတို့ကို ပုံဖော်လို့တောင် မရ။

သို့သော် ကျွန်တော်က မြန်မာဖြစ်နေသောအခါ သူတို့ကို တတ်နိုင်သမျှ နည်းပေးလမ်းပြတော့ လုပ်မိသည်။ ဘောလုံးအသင်းများမှာ အနိုင်အရများသော အသင်းသည် အင်္ကျီအနီဝတ်သော အသင်းဖြစ်ကြောင်း စာထဲမှာ ဖတ်ဖူးတာကို ရှင်းပြခဲ့သည်။ ဥပမာ-အာဆင်နယ်၊ မန်ယူ အစရှိသော အသင်းများ၏ အောင်ပွဲဆင်မှုများမှာ အင်္ကျီအရောင်သည် တစ်ဖက်မှ အထောက်အကူ ဖြစ်သည်ကို သုတေသနပြုသူများ၏ ဆောင်းပါးများမှာ ပါကြောင်း ထောက်ပြခဲ့သည်။

သူတို့လည်း ဘာဝယ်လို့ ၀ယ်ရမှန်းမသိ။ ဖြစ်ချင်တော့ ဘာစီလိုနာ အင်္ကျီကို မှာသောအခါ ထိုကဲ့သို့ အများကြီးဝယ်လိုလျှင် ကြိုမှာရကြောင်း ဈေးသည်က ပြောမှ သူတို့လည်း တခြားအရောင်ပြောင်းဖို့ စဉ်းစားကြတော့သည်။ ဖြစ်ချင်တော့ ယူရိုပြိုင်ပွဲကလည်း နီးလာပြီဖြစ်၍ ယူရိုဘောလုံးပွဲမှာ ကန်မည့် အသင်းများ၏ အရောင်များကို ရွေးပြန်သည်။ ထိုအင်္ကျီများကို မှာလျှင်တော့ စနေမှာ ရမည်။ တနင်္ဂနွေကန်မှာ ဖြစ်၍ အချိန်တော့မီသည်။ သည်တော့ အရောင်ရွေးကြသည်။ မည်သည့်နိုင်ငံ အရောင်ရွေးမည်လဲ။

အရောင်သာရွေးမည် ပြောသည်။ အင်္ကျီဝယ်ဖို့နှင့် ဘောလုံးပွဲမှာ လောင်းကြေးက ဒေါ်လာငါးရာကြေးဖြစ်၍ အားလုံး တစ်ယောက်ကို အနည်းဆုံး လေးဆယ်ထည့်ရန် ညှိနေသည်ကိုပင် မြန်မာတို့၏ ထုံးစံအရ ညှိ၍မရသေး။ တချို့ကလည်း နိုင်လျှင် ဘီယာသောက်မည်၊ ရှုံးလျှင် ငွေဆုံးမည်ဖြစ်၍ ဘယ်မှာလဲ အမြတ်ဟု ဆိုသည်။ နိုင်လျှင် အင်္ကျီဖိုးက မိမိဘာသာပေးရမှာ ဖြစ်၍ တစ်ဆယ်၊ ဆယ့်နှစ်ကျပ်ကတော့ အလကားနေရင်း ပေးရပေမည်။ သည်တော့ သိပ်ပြီး အဆင်မပြေချင်။

နောက်ဆုံးတော့ ကန်ချင်သူများ လက်တွန့်မနေရဲကြတော့။ လောလောဆယ်မှာ ငွေအရင်ထည့်ကာ အနိုင်ကန်မည်ဟု ဆိုကြသည်။ သည်တော့ အသင်းအရောင်ကို ရွေးကြသည်။ အားလုံးတူညီစွာ ဆုံးဖြတ်လိုက်ကြ၏။ ဘရာဇီး......။ ကောင်းပါသည်။ ကျွန်တော်လည်း ထိုအရောင်ကို ကြိုက်၏။ အနီမဟုတ်သော်ငြား ဘရာဇီးသည် ကမ္ဘာ့ချန်ပီယံဆုကို အကြိမ်ကြိမ်ရဖူးသော အသင်း။ ဘာပဲဖြစ်ဖြစ် စိတ်ဓာတ်အရတော့ အသာစီးရနေပါသည်။ ကစားကွက်ကတော့ လာချင်သလိုသာ လာ။ ပြဿနာမရှိ။

မကန်ခင် အပတ်မှာ အလုပ်ထဲမှာ ဘကုန်းလေးများက စိတ်ဓာတ်စစ်ဆင်ရေးလား၊ ဘာလားမသိ။ ဘင်္ဂလားဒေ့ရှ်က ၁၀၀ ရာခိုင်နှုန်းအနိုင် ဟု မြန်မာများကြားအောင် အော်နေသည်။ မြန်မာများက ပြုံးရုံပြုံး၏။ နောက်တော့ မြန်မာဘက်က ကြီးကြပ်ရေးမှူးလေး တစ်ယောက်နှင့် ဘကုန်း တစ်ယောက် လောင်းကြေးထပ်သည်။ ပထမပိုင်း မိနစ် နှစ်ဆယ်အတွင်း မြန်မာကြီးကြပ်ရေးမှူးလေးမှ ဂိုးသွင်းနိုင်လျှင် ဘကုန်းလေးက စလုံး ၂၀၀ ပေးရမည်။ မသွင်းနိုင်လျှင် သူ့ကို ၂၀၀ ပြန်ပေးရမည်။

နောက်ထပ် လောင်းကြေးတစ်ခုကလည်း ရှိသေး၏။ ထိုလောင်းကြေးကျတော့ နည်းနည်းထူးဆန်းသည်။ ဘကုန်းလေးတစ်ယောက်က မြန်မာများဘက်က နိုင်ရမည်ဆိုပြီး သူတို့ဘကုန်းထဲက ကောင်လေး တစ်ယောက်နှင့် ငါးဆယ်ကြေးလောင်းသည်။ လောင်းပြီးတော့ သူက ကျွန်တော်တို့ မြန်မာ စတိုမှူးကို လာပြောသည်။ မင်းတို့ မြန်မာတွေ နိုင်အောင်ကန်နော်။ ငါလောင်းထားတယ် တဲ့။ ကျွန်တော်ပြန်သိတော့ ဪ-ဒါကြောင့်မို့ အင်္ဂလိပ်လက်ထက် ကတည်းက သစ္စာဖောက်တို့၊ အလိုတော်ရိတို့ ဆိုတာ ရှိတာဟု တွေးလိုက်မိသေးသည်။ ဘကုန်းက သူ့လူတွေဘက်က မပါ။ သူက မြန်မာတွေဘက်က လာလောင်းနေသည်ကိုး။ ပြန်စဉ်းစားတော့ အနိုင်သေချာ၍ မြန်မာတွေဘက်က လာလောင်းတာဖြစ်မည်ဟု ကျွန်တော်တို့တွေးမိပြီး ထိုအကြောင်းပြောကာ ရယ်မိကြသေးသည်။

ထိုအချိန်မှာ ဘကုန်းလေးများဘက်က စကားတွေ ထွက်လာသည်ကို သူတို့အဆောင်များဘက်ဆီမှ ကျွန်တော်တို့ လုပ်ကွက်ထဲအထိ ကြားလာရသည်။ သူတို့က မြန်မာများသည် အရက်သောက်၊ ဆေးလိပ်သောက်နှင့် အမောခံနိုင်မှာ မဟုတ်။ ထို့ကြောင့် ဘောလုံးပွဲမှာ နိုင်ငံတကာ စည်းမျဉ်းများအတိုင်း လူလဲချင်လျှင် ၃ ယောက်သာ လဲခွင့်ရှိမည်။ ထိုထက်ပိုမလဲရ။

ထိုအချက်ကို မြန်မာအလုပ်သမားလေးများ သိသောအခါ မြန်မာများ နည်းနည်းတော့ စိုးရိမ်စိတ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘကုန်းလေးများ ထင်သလို မြန်မာများဘက်က မှန်နေ၍ပင်။ ယခင်က အဆောင်နှစ်ဆောင် ချိန်းကန်ကြစဉ်ကလည်း ဤအတိုင်း မှန်ခဲ့သည်။ အဆောင်တစ်ဆောင်က မြန်မာများက စင်ကာပူစောရောက်သော စီနီယာများ။ အရက်သမား၊ ဖွန်ကြောင် စသည်ဖြင့် လူစုံသည်။ နောက်တစ်ဆောင်က ကျတော့ လူငယ်၊ လူသစ်များ။ စင်ကာပူပါး မ၀သေးသူများ။ သည်တော့ လူငယ်များသော အသင်းက နိုင်သွားဖူးသည်။ နိုင်ပေလိမ့်မည်။ အသက်ကြီး အသင်းကား အားလုံး အိုနာကျိုးကန်းများကဲ့သို့ပင်။ အမော မခံနိုင်ကြ။ ဒူးချောင်နေသူများ များ၏။

သို့သော် ထိုအချိန်က မြန်မာ၊ မြန်မာချင်း။ ယခုကန်မှာက မြန်မာနှင့် ဘကုန်း။ ပြီးတော့ ငွေပါပါသည်။ သည်တော့ အမောခံနိုင်သူ၊ အမောမခံနိုင်သူ မျှမှရမည်။ သည်မှာပဲ ကန်ဖို့ ပထမ ၁၁ ယောက်ကို အရင်လျာထားကြ၏။ တချို့က ပွဲစကတည်းက ပါချင်သည်။ သို့သော် ကြာရှည်လည်း မကန်နိုင်။ ဒါကို အားလုံးသိသည်။ သည်တော့ ကျွန်တော်က နည်းနည်းတော့ ဆရာဝင်လုပ်ရသည်။

အမောမခံနိုင်သူများ အစကတည်းက ပါလျှင် ရှုံးဖို့များသည်။ ထို့ကြောင့် အမောခံနိုင်သူများ အရင်ဝင်၊ ရသလောက် ဂိုးသွင်း၊ ပြီးလျှင် လူစားလဲ ဆိုတော့ သူတို့လည်း လက်ခံသည်။ မြန်မာများ၏ တွေးဆချက်အရ ဘကုန်းများသည် အမြန်ကစားလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ခရစ်ကက်ကို အမြဲ ကစားနေကျသူများ ဖြစ်သည်။ ထို့ကြောင့် ပထမပိုင်း ဘောလုံးနောက်ကို လိုက်လိမ့်မည်။ စုပြုံ ပိတ်ဆို့ကစားလိမ့်မည်။ သည်လိုတွက်သည်။

ကျွန်တော်က သိသလောက် ပြောပြပေးသည်။ ဘောလုံး ချဲကစားဖို့လိုသည်ဟု ထောက်ပြသည်။ ကိုယ့်နေရာကိုယ်နေ၊ စုလိုက်လာလျှင် ဘောလုံးကို ကိုယ့်လူဆီ အမြန်ပေး၍ မောင်းကစားဖို့ လိုကြောင်း ပြောပြသည်။ သူတို့လက်ခံ၏။ ထို့ပြင် အာဂျင်တီးနားက မာရာဒိုနာ ပြောခဲ့သည်ကိုလည်း ဥပမာပေးခဲ့သေးသည်။

မာရာဒိုနာက သူတို့ကင်မရွန်းနှင့် ကန်သည့်အခါ ကင်မရွန်းက အမြန်ကစားသော အသင်းဖြစ်၍ ကစားရခက်ခဲ့ကြောင်း၊ ပြေးအားကောင်းသော အသင်းဖြစ်၍ ပထမ ကစားရသည်မှာ အခက်တွေ့ကြောင်း၊ နောက်တော့ သူဘယ်လောက်ပြေးပြေး ကိုယ်က ဘောလုံးကို ကိုင်ထားလိုက်သောအခါ ကင်မရွန်းကစားသမားများမှာ ဘယ်ပြေးလို့ပြေးရမှန်းမသိ ရပ်တန့်ပြီး ကစားကွက်ပျက်ခဲ့ကြောင်း စသည်ဖြင့် ကျွန်တော်လည်း တတ်သလောက်၊ မှတ်သလောက် ပြောပြခဲ့၏။

ထိုအချိန် အတောအတွင်းမှာပင် သတင်းများက ကြားရသည်မှာ တက်ကြွဖွယ်ကောင်းလှသေး၏။ တချို့မြန်မာများကား ဘောပွဲအတွက် တော်တော်ပင် တက်ကြွနေပြီ ဖြစ်ရကား ဘောလုံး မကစားတာကြာပြီ ဖြစ်၍ အမောခံနိုင်ရန် ညနေအလုပ်ဆင်းလျှင် အဆောင်ကို ပတ်ပြေးကာ သက်လုံအတွက် လေ့ကျင့်နေပြီဟု ဆို၏။ လုပ်ကွက်ထဲက မြန်မာများကား အပျော်နှင့်ပင် ကြားရသည်မှာ အားတက်လှ၏။ သို့သော် ထိုသို့အပြေးကျင့်နေသူကြား အလယ်တန်းနှင့် နောက်တန်းကစားမည့်သူ သုံးဦးမှာ အပြေးတော့ကျင့်၏။ အဆောင်က ထွက်သွားစဉ်က အားကစားဝတ်စုံ အပြည့်၊ အင်ပြည့်အားပြည့်နှင့် ပြေးဟယ်၊ လွှားဟယ် ထွက်သွားပြီး ပြန်လာသောအခါ တော်တော်နောက်ကျ၍ အဝေးကြီးများ ပြေးသလား ဟု အဆောင်က သူများက ထင်နေစဉ်မှာ အနှီ ကျေးဇူးရှင်များမှာ အဆောင်အခန်းထဲသို့ပင် ခြေလှမ်းကို ထိန်းကာ မနည်းပြန်ခဲ့ရသည်ဟု သိရရာ မောလို့လားဟု ကျွန်တော်က မေးခိုက်၊ ထိုသို့မဟုတ်၊ ဘီယာဆိုင်က လှည့်ပြန်ခဲ့သောကြောင့်ဟုဆိုမှ အားလုံးက ရယ်ကြတော့၏။ ကျွန်တော်ကတော့ အင်း-မြန်မာ ကတော့ မြန်မာပဲဟုသာ တွေးထင်နေမိသေး၏။ နိုင်တော့မှာပဲ ဟု သူတို့ကိုတော့ ကျွန်တော်ရယ်လျက် ပြောမိသေးသည်။

သည်လိုနှင့် ကျွန်တော်တို့အလုပ်က တရုတ်အင်ဂျင်နီယာလေးက သူဒိုင်လုပ်မည်ဆိုပြီး ကြိုတင်အာမခံ၏။ ကျွန်တော်နှင့် လုပ်ဖော်ကိုင်ဖက် ဘေးကင်းရေးဝန်ထမ်းများက ကျွန်တော့်ကို စိတ်ဝင်တစား မေး၏။ ဘယ်သူနိုင်မည်နည်း။ ဒါကို ကျွန်တော်လည်း သိချင်လှသည်။ ဘကုန်းများကား ဘောလုံးကို သည်လောက်ကစားတတ်သည်မဟုတ်။ သို့သော် ကိုယ့်လူများကလည်း အမောခံနိုင်လား မသိ။ ယခုပင် သက်လုံကောင်းအောင် ကျင့်ပါသည်ဆိုပြီး ဘီယာဆိုင်ရောက်ကုန်၏။ မလေး Safety ကတော့ ကျွန်တော့်ကို ပြောသည်။ သည်အတိုင်းဆို မင်းတို့မလွယ်ဘူးနော်။ ဘကုန်းတွေက အပြေးသန်တယ် ဟုဆိုသည်။

ကျွန်တော်က အနေအထားကို ပြန်သုံးသပ်ပြီး ချင့်ချင့်ချိန်ချိန် ပြောပြ၏။ နောက်တန်း ကစားမည့် သူများထဲမှာ Lifting Supervisor ကောင်လေးက ခြင်းခတ်တတ်သည်။ ပြီးတော့ အဆဲသန်သည်။ သည်တော့ နောက်တန်းလုံသည်။ အကောင်းတော့ မဟုတ်။ သူဆဲမှာ လန့်၍ ရှေ့တန်းနှင့် အလယ်တန်းသည် ဘောလုံးနောက်မရောက်အောင် အတတ်နိုင်ဆုံး ကြိုးစားကစားရသည်။ နောက်များ ခဏခဏ ရောက်လို့ကတော့ အဆဲခံရဖို့သာ များ၏။ သည်တော့ သောက်ရမည့် ဘီယာ ဘယ်နားနေမည်မှန်း မသိခင်မှာပင် ကွင်းထဲမှာ အဆဲခံရတာနှင့်ပင် မူးနေတော့မှာမို့ အနိုင်ရရေး ကြိုးစားပေလိမ့်မည်။

အလယ်တန်းကလည်း ဘောလုံးနှင့် လူလုံးနေမည့် လူများ များ၏။ ဘယ်လောက်လုံးသနည်းဟူမူကား ဘယ်ကိုမျှ မကြည့်ဘဲ ဘောလုံးကို ဆွဲပြေးနိုင်သော သူများပါသည်။ တစ်ခုပဲ လန့်ရ၏။ ကိုယ့်ဘက်လား၊ သူ့ဘက်လား ဘယ်ဘက်ဆွဲပြေးမလဲ ဆိုသည်ကိုပင်။

ရှေ့တန်းကျတော့ ကစားနေကျ လူတစ်ယောက်၊ နှစ်ယောက်ကို လဲသုံးမည့်သဘောမို့ ဂိုးကတော့ ရပေမည်။ သည်တော့ ကျွန်တော်က မလေး Safety ကို နိုင်တော့နိုင်လိမ့်မယ်၊ ဂိုးကတော့ ငါလည်း မပြောတတ်ဘူး ဟုသာ ပြောလိုက်တော့၏။

သည်လိုနှင့် သူတို့တကယ်ကန်ကြလေပြီ။ ထိုနေ့က ကျွန်တော် သွားမကြည့်။ အကြောင်းမှာ တစ်ပတ်တစ်ရက် နားရသော ကျွန်တော့်အတွက် လုပ်စရာ အလုပ်များကို ထိုတစ်ရက်မှာ စုပြုံ ရှင်းချင်ခြင်းက တစ်ချက်ဖြစ်သည်။ နောက်တစ်ချက်က ကျွန်တော့်အလုပ်က ၀န်ထမ်းများ ကန်မှာ ဖြစ်၍ မြန်မာဖြစ်သော ကျွန်တော်က မြန်မာဘက်က လိုက်အားပေးသော် မသင့်တော်ဟု ကျွန်တော်ထင်သည်။ ဘကုန်းလေးများ စိတ်ထဲ ငါတို့ Safety က သူ့မြန်မာဘက်က လိုက်အားပေးနေတယ်ဟု ထင်သွားသော် ကျွန်တော့်အတွက် မကောင်းဟု ထင်သည်။ ထို့ကြောင့်လည်း အရင် ရေးခဲ့သောပို့စ် တစ်ပုဒ် ဖြစ်သည့် ကြည်နူးရပါသည် မှာကတည်းက ဘကုန်းလေးများ ဒိုင်လုပ်ဖို့ခေါ်သည်ကိုပင် ကျွန်တော်မလိုက်ခဲ့။

ထိုနေ့က ကျွန်တော်အိပ်ရာနိုးသည့်အခါ မက်ဆေ့ခ်ျက ၀င်လာသည်။ ပထမပိုင်းမှာ ၇ ဂိုး- ဂိုးမရှိဖြင့် မြန်မာများက နိုင်နေသည်တဲ့။ ကျွန်တော် ကောင်းပါတယ်ဟု ပြန်လိုက်၏။ သဘောတော့ ကျမိသေးသည်။ နောက်တော့ ပွဲပြီးသွားချိန်မှာ ကျွန်တော့်ကို သူတို့ ဖုန်းဖြင့် လှမ်းခေါ်သည်။ ၁၂-၁ နှင့် မြန်မာက နိုင်ကာ ပွဲပြီးသွားသည်တဲ့။ ကျွန်တော့်ကို ဖုန်းခေါ်တော့ အားလုံး ဘီယာဆိုင်မှာ ရောက်နေကြပြီ။ ကျွန်တော့်ကို လာခဲ့ဖို့ ခေါ်၏။ ကျွန်တော် မသွားဖြစ်။

သည်အထိ ဆိုလျှင် ကျွန်တော်က မြန်မာအလုပ်သမားလေးများ နိုင်သည်ကို ပျော်၍ ကြည်နူးနေရုံသာ ရှိမည်။ သို့သော်ကျွန်တော့်အတွက် နောက်ဆက်တွဲ ထပ်၍ ကြည်နူးရသည်က မြန်မာအလုပ်သမားလေးများ ဖုန်းထဲက ထပ်ပြောသော စကား။

" အစ်ကို။ ကျွန်တော်တို့ ငါးရာနိုင်တယ်။ သူတို့နဲ့ အတူစားသောက်မလို့ပဲ။ ဒါပေမဲ့ သူတို့က မသောက်တတ်ကြဘူး။ အဲဒါနဲ့ သူတို့ကို ၂၀၀ ပြန်ပေးပြီး မင်းတို့ဘာသာ သွားစားချင်တာစား ဆိုပြီး ပေးလိုက်တယ်။ အမှန်က ၂၅၀ လောက် ပြန်ပေးမလို့ပါ။ ဒါပေမဲ့ ကျွန်တော်တို့ကို လာအားပေးတဲ့ တခြား မြန်မာတွေလည်း ရှိသေးတော့ ၃၀၀ မှလောက်မယ်ထင်လို့ သူတို့ငွေကို ၃၀၀ ပဲ ယူပြီး ၂၀၀ ပြန်ပေးလိုက်တယ် အစ်ကို "

ကျွန်တော့် အတွက် ထိုစကားက အင်မတန် ကြည်နူးစရာ ကောင်းသည်။ ကျွန်တော်တို့ လူမျိုးမတူပါ။ ဘာသာမတူပါ။ သို့သော် အချင်းချင်း မေတ္တာထားကြသည်။ ပြီးတော့ သူတို့ သည်လို ပြန်ပေးလိုက်ခြင်းအားဖြင့် ကျွန်တော်တို့ မြန်မာများအတွက် နိုင်နေလျက်လည်း အနိုင်မယူလို ဆိုသော သဘောကို သက်သေပြရာရောက်သည်ဟု ကျွန်တော်ထင်သည်။

ပြီးတော့ မြန်မာကြီးကြပ်ရေးမှူးလေး လောင်းထားသောကိစ္စ။ ပထမဆုံးနှစ်ဂိုးကို ထိုမြန်မာကြီးကြပ်ရေးမှူးလေး သွင်းသောအခါ သူနှင့်လောင်းထားသော ဘကုန်းလေးမှာ ဘယ်အချိန်ကမှန်း မသိအောင် ကွင်းထဲက ထွက်ပြေးသွားလေပြီ။ နောက်တော့ အလုပ်ထဲမှာ ပြန်တွေ့စဉ် မြန်မာကြီးကြပ်ရေးမှူးလေးက ငွေ ၂၀၀ မယူလိုတော့၊ မင်းဘာသာ မုန့်ပုံးနဲ့ ကော်ဖီမစ်ထုပ်ဝယ်လာပြီး လုပ်ကွက်ထဲမှာ အားလုံးသောက်ရအောင် ထားပေး ဟု ဆိုလိုက်တော့သည်။ ဒါကလည်း ကျွန်တော်တို့ မြန်မာများဘက်က နောက်ထပ် သဘောထား ကြီးမှု တစ်ခုဟု ကျွန်တော်ထင်သည်။

ပြီးတော့ မကန်ခင်က ထားခဲ့သော ဘောလုံးစည်းမျဉ်း။ ၃ ယောက်သာ လဲရမည်ကို နောက်ဆုံးမှာ ဘကုန်းလေးများက မနိုင်တော့မှန်းသိ၍ တစ်သင်းလုံးနီးပါး လူလဲကြသောအခါ မြန်မာများက ခွင့်ပြုပြီး မြန်မာများပါ လူစားလိုက်လဲကြခဲ့တော့သည်။

သည်ဖြစ်စဉ်လေးမှာ ပြောစရာ အများကြီးရှိသည်။ ကျွန်တော်တို့ အားလုံးက နယ်မြေတစ်နယ်မြေမှာ ခေတ္တ လာရောက် ပေါင်းစည်းသူများ ဖြစ်သည်။ သူ့ကို ကိုယ်ကနိုင်၍ ကိုယ်က ပျော်နေလည်း သူများကို မထိခိုက်သော အပျော်မျိုးနှင့် ပျော်ကြသည်။ ဒါကို မြန်မာလေးများ ပြခဲ့ကြသည်။ အဓိကက စာနာမှုပင်။ သူတို့ကို နိုင်၍လည်း ကျွန်တော်တို့ အတွက် ဘာမျှမဖြစ်။

မလေး Safety က နိုင်သည့်ငွေကို ပြန်ပေးသည်ဟု ဆိုတော့ အံ့ဩနေသည်။ ဘာလို့ပြန်ပေးတာလဲ ဟု ဆိုသည်။ သူတို့ရာဇ၀င်မှာ လောင်းကြေးနှင့် ချိန်းကန်ပြီး ငွေပြန်ပေးသည်ကို ကြားပင်ကြားဖူးပုံ မပေါ်။ ကျွန်တော် သူ့ကို ရှင်းပြခဲ့ပါသည်။ အတူတူကန်ပြီး သူတို့လည်း တစ်ခုခု သွားစား ရတာပေါ့ကွာ။ မြန်မာတွေ နိုင်တာကို သူတို့ကို မျှဝေပေးတာပေါ့ ဟုဆိုလိုက်တော့ ဘာမျှ မပြောတော့။

ဒါတောင် စလုံးတရုတ် Safety က နောက်တစ်ခါ မြန်မာတွေနဲ့ ခရစ်ကက် ကစားဖို့ ဘကုန်းတွေကို ပြောရဦးမယ်ဟု ကျွန်တော့်ကို စကားနာထိုးသေးသည်။ ကျွန်တော်ပြုံးလိုက်ပါသည်။ ငါတို့နိုင်ငံမှာ အဲဒီအားကစားက ခေတ်မစားဘူး။ ငါတို့လည်း နားမလည်ဘူး။ ဒါကြောင့် ငါ့လူတွေ ကစားမှာ မဟုတ်ဘူး ဟု ပြန်ပြောလိုက်သောအခါ ဘကုန်းတွေလည်း ဘောလုံးကို နားမှမလည်တာကို ဟု ဆိုသည်။

ကျွန်တော်က ဘောလုံးက ရှင်းပါတယ်ကွာ။ တစ်ဖက်ဂိုးထဲ ဂိုးသွင်းဖို့ပါပဲ ဆိုမှ ငြိမ်သွားလေတော့၏။ နောက်တော့ ဘကုန်းလေးများက မြန်မာများနှင့် နောက်ထပ် မနိုင်မချင်း ဘောလုံး ကန်ချင်သည်ဟု ဆိုတော့ ထိုအဆိုကိုတော့ ကျွန်တော်နှစ်ခြိုက်မိသည်။ သူတို့မှာ မလျှော့သော စိတ်များ ရှိနေသေးသည် မဟုတ်လား။ သို့သော် ကျွန်တော်တို့ မြန်မာဝန်ထမ်းလေးများ ကတော့ တော်ပါပြီဟု ဆိုသည်။ သူတို့ ဘောလုံးကို ကောင်းကောင်း မကန်တတ်သေးသည်ကို သိ၍ မကန်တော့ဟု ငြင်းဆန်ကြခြင်းပင်။

တကယ်တော့ ထိုနေ့က ပထမပိုင်း ဆယ့်ငါးမိနစ်လောက် ဘကုန်းလေးများက ဖိကစားသော်လည်း မြန်မာ များက ထိန်းကစားရင်း ပထမပိုင်း ဆယ်မိနစ်အတွင်းမှာပင် ဂိုးက နှစ်ဂိုးလောက် သွင်းထည့်လိုက်ရာ ထိုကတည်းက သဘောပေါက်နှင့် ပြီးသား ဖြစ်နေတော့သည်။ ဒုတိယပိုင်းမှာပင် ၂ ဂိုးသွင်းသည်ကို မြန်မာ စည်းကြပ်ဒိုင်က လူကျွံဘောသာ လုပ်ချပြီး ၂ ဂိုးကို လျှော့ချပစ်ခဲ့သည်။ ဘကုန်းလေးများ သွင်းသည့်ဂိုးကိုတော့ တမင် ဟ ပေးကာ သွင်းစေခဲ့ခြင်း ဖြစ်သည်ဟု သူတို့ပြောပြ၍ ကျွန်တော် ပြန်သိရသည်။

ကျွန်တော်တို့မြန်မာများစိတ်က နိုင်နေ၍လည်း အနိုင်မလိုချင်။ နှိပ်စက်သလို ဖြစ်မှာကို မလိုလား။ သူများရှုံးနေသည်ကိုလည်း ပျော်မှာမဟုတ်။ သည်တော့ ဆက်မကန်ခြင်းက အကောင်းဆုံးမို့ နောက်ဆို မကစားဖို့ ဆုံးဖြတ်လိုက်တော့၏။

သည်ဘောလုံးပွဲလေးက ကျွန်တော့်အတွက် ကြည်နူးစရာများ များစွာပေးပါသည်။ ယခင်က ကျွန်တော့်ကို ဒိုင်လုပ်ဖို့ပြောခဲ့သော ဘကုန်းလေးက ကျွန်တော်ဒိုင်မလုပ်ချင်ကြောင်း ငြင်းခဲ့၍ မင်းကို ငါယုံတယ်ဟု ဆိုခဲ့ဖူးသောအခါ ကြည်နူးရသည်က တစ်မျိုး။ ယခု ကျွန်တော်တို့ မြန်မာ ၀န်ထမ်းလေးများ ဘောပွဲကို နိုင်သော အခါ နိုင်သောငွေကို အကုန်မယူဘဲ ပြန်မျှပေးခဲ့သလို နိုင်သောသူကို နောက်ထပ် မနိုင် လိုခြင်းမျိုး တွေ့ရသည့်အခါ ကြည်နူးရသည်က တစ်ဖုံ။ စသည်ဖြင့် ကျွန်တော့်မှာ ၀န်ထမ်းလေးများအတွက် ဆက်၍၊ ဆက်၍ ကြည်နူးနေရပါတော့သည်။ ။

ဆူးသစ်
၁၄း၂၇ နာရီ
၁၇.၆.၂၀၁၂

[ ကျွန်တော် ဤ ပို့စ်ကို ရိုက်နေစဉ်မှာ ကျွန်တော့ဘလော့အတွက် အခက်အခဲ တစ်ခု ဖြစ်ခဲ့ပါသည်။ Sign in လုပ်ပြီးမှ ရေးလက်စ ပို့စ်ကို ပြန်ဖွင့်မရ၊ တက်လာသော Comment အသစ်များကို Publish လုပ်မရဖြင့် တော်တော်ကြာသွားပါသည်။ ထိုအတွက် ဘလော့ဂါ ညီမတစ်ဦးဖြစ်သူ အဖြူရောင်နတ်သမီး သည် အသိအကျွမ်းများသည်ဟု ယူဆကာ အကူအညီလှမ်းတောင်းစဉ် သူနှင့် သိကျွမ်းသူများကိုပါ ထပ်ဆင့် အကူအညီတောင်းခဲ့ရာမှ ယခု ဤပို့စ်ကို အောင်မြင်စွာ တင်နိုင်ခဲ့ပါသည်။ ထိုအတွက် ညီမ အဖြူရောင်နတ်သမီး၊ ကျွန်တော့် ပြဿနာကို ကူညီခေါင်းစားပေးခဲ့ကြသော လွမ်းနေခွင့်နှင့် ကိုဇောင်းတို့အား ကျေးဇူးအထူးတင်ရှိပါကြောင်း ဤနေရာမှနေ၍ ထပ်မံ မှတ်တမ်းတင် ပြောကြားအပ်ပါသည်။]



Friday, July 26, 2013

" ကျွန်တော်တို့သည် " ( ၂၀ )



ရန်ကုန်စက်မှုတက္ကသိုလ် တက်နေစဉ်ကာလမှာ ကျွန်တော်မှတ်မိသမျှ အကြောင်းအရာများကို " ကျွန်တော် တို့သည် " ဆိုသော ခေါင်းစဉ်အောက်တွင် အတွဲလိုက် ရေးလာသည်မှာ အမှတ်စဉ် ( ၁၉ ) သို့ တိုင်ခဲ့ပြီး ဆက်၍မရေးသည်မှာ နှစ်ပေါက်ခဲ့လေသည်။ ကျွန်တော်ကိုယ်တိုင် အာရုံမရသည်က တစ်ကြောင်း၊ တချို့ အကြောင်းအရာများမှာ လုံးဝမမှတ်မိတော့သည်က တစ်ကြောင်းတို့ကြောင့် ဆက်မရေးဖြစ်ခဲ့ခြင်းပင်။

ကျွန်တော် ယခုစာစုများကို ရေးစဉ်မှာ ဦးနှောက်က မှတ်မိသမျှ ရေးခြင်းဖြစ်သော်ငြား ကဗျာများကိုတော့ ကျွန်တော့်ကဗျာ စာအုပ်မှ ပြန်ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ထိုကဗျာများမှနေ၍ ကျွန်တော်တို့ ဖြတ် သန်းခဲ့ရသော ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားဘ၀ကို တချို့တစ်ဝက် ပြန် အမှတ်ရ မိစေပါသည်။

သို့သော် ကျွန်တော် ကဗျာမရေးဖြစ်ခဲ့ဘဲ မှတ်မိနေသော အဖြစ်အပျက်တစ်ခု ရှိနေပါသည်။ ယခုစာစုတွင် ထိုအကြောင်းကို ကျွန်တော် ပြောချင်ပါသည်။

ကျွန်တော်တို့ စတုတ္ထနှစ်ကထင်ပါသည်။ နောက်ဆုံးအတန်းတင် စာမေးပွဲပြီးသောနေ့က ရှစ်မိုင်မှာ ခင်ရာမင်ရာ သူငယ်ချင်းများ စားသောက်ဆိုင်သွားထိုင်ပါသည်။ အားလုံး ခြောက်ယောက်၊ ခုနစ်ယောက်လောက် ရှိမည်ထင်ပါသည်။ သောက်သူက သောက်၊ စားသူက စားပါသည်။ ကျွန်တော်က အစားသာ စားပါသည်။ အသောက်သမား မဟုတ်ပါ။ သို့သော် သူငယ်ချင်းများသောက်လျှင်လည်း ထိုဝိုင်းမှာ ကျွန်တော် ထိုင်ပါသည်။

သည်လိုနှင့် ရှစ်မိုင်မှာ စားသောက်ပြီး မည်သည့်နေရာသွားမည်နည်း ဆိုသည်ကို ဆုံးဖြတ်ကြသည့်အခါ  အားလုံး အင်းလျားကန်သွားရန် သဘောတူကြပါသည်။ သွားမည်ဆိုသောအခါ လိုင်းကားစီးရပေမည်။ ထိုစဉ်က ရှစ်မိုင်မှ အင်းလျားကန်သို့ ဟိုင်းလပ်ကားများလည်း ဆွဲပါသည်။ နံပါတ်တော့ ကျွန်တော် မမှတ်မိတော့ပါ။ သည်လိုနှင့် ကားပေါ်ကို ကျွန်တော်တို့ ရောက်ခဲ့ပါသည်။

သို့သော် ကျောင်းသားဘ၀ထုံးစံ ကားခဘယ်သူပေးမလဲ ဆိုသည်ကို Random နှိပ်ပါသည်။ ကျွန်တော်ရှုံး၍ ကျွန်တော်ပေးခဲ့ရပါသည်။ သည်သို့ဖြင့် မှောင်ရီပျိုးစမှာ အင်းလျားကန်ဘောင်ကို ရောက်ပါသည်။ ကျွန်တော့်သူငယ်ချင်းတချို့ နည်းနည်း အရှိန်ရစပြုလာပါသည်။ ကျွန်တော်တို့ ကန်ဘောင်ပေါ်မှာ ထိုင်သည်။ ပြောချင်ရာပြော၊ အော်ချင်ရာအော်သည်။ ပြီးတော့ တချို့သူငယ်ချင်းများ ကန်ဘောင်ပေါ် ကျောက်တုံးများပေါ်မှာ လှဲချ၍ ကောင်းကင်ကိုကြည့်ကာ သီချင်းဆိုကြသည်။

အချိန်နည်းနည်းကြာတော့ နေရာက ထရန်ပြင်သည်။ ဖြစ်ချင်တော့ ကန်ဘောင်က အထမှာ ကျောင်းက သူငယ်ချင်း အချို့နှင့် ထပ်တွေ့ပြီး သူတို့ကလည်း သူတို့မှာပါလာသော လက်ကျန်အရက် ပုလင်းများကို ပေးလေသည်။ ကျွန်တော်နှင့်အတူ ပါလာသော သူငယ်ချင်းများ မသယ်နိုင်တော့။ သည်တော့ ကျွန်တော်က ကျွန်တော့်လွယ်အိတ်ထဲမှာ ထည့်၍ သူတို့သောက်ရန် သယ်ပေးလေသည်။

ထို့နောက် ဘယ်ဆက်သွားမှာလဲဟု တိုင်ပင်ကြရင်း ကျွန်တော်တို့ ရန်ကုန်စက်မှုတက္ကသိုလ်၏ ပထမနှစ်မှသည် စတုတ္ထနှစ်အထိ အဆောင်များရှိရာ သမိုင်းဝင်းထဲသို့သွားရန် ပြင်လေသည်။ ထိုအစီ အစဉ်ကို ကျွန်တော်သဘောကျသည်။ သူငယ်ချင်းများ စာမေးပွဲပြီး၍ ညဘက် အဆောင်မှာ လူစုံနေလောက်ပြီ။ သူတို့ကိုလည်း တွေ့ချင်သည်။ တချို့နယ်ပြန်ရမှာ မဟုတ်လား။

သည်လိုနှင့် ကန်ဘောင်မှသည် လှည်းတန်းသို့ လမ်းလျှောက်၍ ခြောက်မိုင်ခွဲဘက် ကားစီးရန် လိုင်းကားစောင့်တော့ လိုင်းကားကမလာ။ ကြားကားတစ်စီး ရောက်လာသည်။ ကြားကားသာဆိုသည်။ ဘတ်စ်ကားပုံစံ မဟုတ်။ တီအီကားကြီး ဖြစ်သည်။ ကျွန်တော့်ဦးလေး အေဂျီတီအိုင် မိုင်းနင်း သမား၏ ရွှေစီမံကိန်း လုပ်ကွက်ထဲက ၀န်ထမ်းကြိုပို့ကားမျိုးကြီး။ တကယ့် အကြီးကြီးမှ အကြီးကြီး။ ကျွန်တော်တို့ကလည်း အပျော်နှင့် အရှိန်ကရနေ၊ ရန်ကုန်မြို့လယ်ခေါင်မှာ တီအီးကားကြီး စီးပြီး ညဘက်မှာ သွားချင်ရာ သွားရမှာဖြစ်၍ ဟေးဟုအော်ကာ ကားပေါ်သို့ ဖက်တက်ကြလေသည်။

ထို့နောက် သမိုင်းဝင်းသို့ သွားရန် ကားမှတ်တိုင်ရောက်သည့်အခါ ဆင်း၍ လမ်းလျှောက်ကြသည်။ မှတ်မှတ်ရရ ထိုနေ့က ကျွန်တော်တို့ သမိုင်းဝင်းများရှိရာဘက်ကို သွားသည့်လမ်းမှာ စာတိုက်ပုံးတစ်ပုံးက ပွင့်နေသည်။ စာများက ထွက်ကျနေ၏။ ကျွန်တော်တို့ စာအိတ်များကို လိပ်စာများဖတ်ပြီး ဒါက ဘယ်ကိုပို့တာ၊ ဘယ်သူ့စာ စသည်ဖြင့် လျှောက်နောက်ကြရင်း စာတိုက်ပုံးထဲ ပြန်ထည့်ပေးခဲ့လေသည်။

သမိုင်းဝင်းသို့ သွားရာလမ်းမှာတော့ ကျောင်းသားများ၏ လှုပ်လှုပ်ရှားရှား သွားလာဟန်များကို မြင်ရသလို ကားတစ်စီးကို ပျက်နေသည်ဟု ဆိုကာ ရှေ့ဖုံး၊ နောက်ဖုံးဖွင့်လျက် ရှေ့နောက် ယောကျာ်းလေး အစောင့်များနှင့် လူကြည့်ပေးနေသော ကားမျိုးကိုလည်း တွေ့ရသေးသည်။ ထိုကားကို စောင့်နေသူတို့က "စက်ပြင်ဆရာ သွားခေါ်တဲ့ကောင်ကလည်း ကြာလိုက်တာ " ဟု ရေရွတ်နေသောအခါ ကျွန်တော့် သူငယ်ချင်း တစ်ယောက်က " လုပ်မနေပါနဲ့ကွာ၊ ဒါမျိုးတွေ ရိုးနေပြီ။ ငါတို့လည်း ကျောင်းသားပါပဲ " ဟု ပြောသံကြားတော့ ကျွန်တော်က နားမလည်။ နောက်မှ သူငယ်ချင်းများ ရှင်းပြသည်ကို သိရသည်မှာ ထိုအချိန်က အနှီ အင်းလျားလေးဟု ဆိုကြသည့် အာရ်စီတူးနားမှာ ညဘက်ဆို ညဥ့်ငှက်မလေးတချို့ ၀ဲပျံနေကြ၍ အလွယ်ရသည်ဟု ဆိုသည်။ မရလည်း တခြားနေရာက သွားခေါ်လာပြီး ကားပါလျှင် အာရ်စီတူးနားက မှောင်ရိပ်များသည် အဆင်ပြေသည်ဟု သိရ၏။ မှတ်သားရလေသည်။

သည်လိုနှင့် သမိုင်းဝင်းထဲသို့ရောက်ပြီး ထိုအချိန်က နာမည်ကြီးအဆိုတော် တစ်ယောက်၏ညီ ကျွန်တော်တို့ သူငယ်ချင်းတစ်ယောက်ကို ရှာ၏။ ဖြစ်ချင်တော့ ထိုသူငယ်ချင်းက မရှိ။ သို့သော် သူ့အခန်းဝင်ပြီး ကျွန်တော်တို့ နားကြ၏။ မနားလို့ မရ။ ပြည်လမ်းမှသည် သမိုင်းဝင်းသို့ လမ်းလျှောက်ရသည်မှာ တော်တော်ကြာ၏။ ကန်ဘောင်မှသည် လှည်းတန်းသို့လည်း လမ်းလျှောက်ခဲ့ ပြီးလေပြီ။ ကျွန်တော့်မှာ အရက်ပုလင်းများလည်း ပါလာသေးရာ လေးလည်းလေး၊ ညောင်း လည်းညောင်း၏။

သမိုင်းဝင်းရောက်တုန်း ကျွန်တော်ကတော့ သူငယ်ချင်းများကို မြင်ပြီး သဘောကျနေသည်။ ကျွန်တော်က နေ့ကျောင်းသား ( ရန်ကုန်က ကျောင်းတက်သူ ) ဖြစ်၍ နယ်က သူငယ်ချင်းများလို ကျောင်းဆောင် နေခွင့်မရ။ ထို့ကြောင့် သူတို့၏ အဆောင်ကျောင်းသားဘ၀ကို သိပ်သိချင်၍ ရံဖန်ရံခါ သွားလည်ရသည်။ ထီးကိုးလက် စားသောက်ဆိုင်များ၊ စဥ့်ကူ၊ အင်းလေး၊ ပုပ္ပါး၊ ဇီဝက၊ ဒူးယား စသော အဆောင်များသည်ကား ကျွန်တော်နှင့် ခင်သော နယ်မှ သူငယ်ချင်းများ၏ ကျင်လည်ကျက်စားရာ။

သူတို့ကိုမှီ၍ ကျွန်တော်က အဆောင်များကို ရောက်သည်။ ရံဖန်ရံခါ စာသွားကျက်သည်။ အာရ်စီတူးဘက်က ကင်တင်းန်မှာ လက်ဖက်ရည်ဆိုင်ထိုင်သည်။ တည့်တည့်ပြောရလျှင် ကျွန်တော်တို့ ကျောင်းနှင့် မတူသည့် အလှအပများကို သွားကြည့်သည်။ ( ကိုယ့်ကျောင်းမှာလည်း အလှအပများ မရှိဘူးဆိုလျှင် သူငယ်ချင်းများ စိတ်ဆိုးမည်စိုး၍ ကျောင်းနှင့် မတူသည့် အလှအပများဟု ကျွန်တော်သုံးပါသည်။ သူငယ်ချင်း မိန်းကလေးများ နားလည်မည်ထင်ပါသည်။ )

သည်တော့ စာမေးပွဲပြီးချိန် ညဘက်မှာ အဆောင်ကိုရောက်တုန်း ဘယ်သူဘာလုပ်နေလဲ မေးရ၊ လိုက်ကြည့်ရနှင့် ပျော်ဖို့ကောင်းနေတော့သည်။ သို့သော် တချို့ သူငယ်ချင်းများကလည်း အတန်းထဲတွင် ရိုးရိုးအေးအေး နေသလောက် ယခုအဆောင်ညဘက်မှာ အရက်ကို တိုးတိုးတိတ်တိတ် သွားဝယ်သူနှင့်၊ အခန်းသော့ခတ်ထားသူနှင့်၊ ဖဲရိုက်သူနှင့် စုံနေအောင်တွေ့ရ၍ ကျွန်တော့်မှာ ရန်ကုန်စက်မှု တက္ကသိုလ်ကျောင်းသားဘ၀၏ တကယ့်ကျောင်းသားဘ၀ အစစ်ကို မြင်ရလေတော့သည်။ ကျွန်တော်တို့မှာ စာသင်ခန်းများ၊ စာကြည့်တိုက်၊ လက်တွေ့ခန်းများကြား ပြေးဟယ်လွှားဟယ် ဖြစ်ခဲ့ပြီးမှ ယခုလို စာမေးပွဲ နောက်ဆုံးနေ့၏ လွတ်လပ်သောညရင်ခွင်မှာ စိတ်လွတ်ကိုယ်လွတ် ပျော်ရသည်ကို ထူးကဲသော အရသာတစ်မျိုးသဖွယ် ခံစားရလေသည်။

ခဏနေတော့ ကျွန်တော်နှင့် သူငယ်ချင်းများလည်း အခန်းပိုင်ရှင် သူငယ်ချင်း ပြန်မလာ၍ သဇင်ဆောင်ဘက် သွားရန်ပြင်လေသည်။ ထိုအချိန်မှာ ကျွန်တော့်သူငယ်ချင်း တချို့မှာ လက်ကျန်အရက်များကို အပြတ်ရှင်း၍ ရေချိန်လည်း နည်းနည်းတော့ကိုက်နေပေပြီ။ တချို့ဆိုလျှင် ကျွန်တော်က ဖိနပ်ချွတ်ထားပြီး ခုတင်ပေါ်လှဲနေစဉ်မှာ ခုတင်အောက်က ကျွန်တော့်ဖိနပ်ကို ပိတ်ကန်လိုက်သည်မှာ မနည်းပြန်ရှာယူရသည်အထိ ဖြစ်နေပေပြီ။ သို့သော် သူတို့သွားမည်ဆိုလျှင် ကျွန်တော်ကလည်း လိုက်မည်ဖြစ်၍  ကျွန်တော်တို့ရန်ကုန်စက်မှုတက္ကသိုလ်၏ ပထမနှစ်မှ စတုတ္ထနှစ်အထိ မိန်းကလေးများထားရာ သဇင်ဆောင်ဆိုသည့် အဆောင်ကို ခြေဦးတည်နေလေရာ ကျွန်တော် လည်း ပျော်ပျော်ကြီး ထလိုက်လေတော့သည်။

ဖြစ်ချင်တော့ သဇင်ဆောင်မှာ ခြံစည်းရိုးပြင်နေသည်လား၊ အဆောင်မွမ်းမံနေသည်လား မပြောတတ်။ အဆောင်ဝမှာ သဲပုံကြီးက ပိတ်နေလေသည်။ သို့သော် တခြား သီချင်းဆိုနေသော သူငယ်ချင်းများနှင့် ရောကာ ကျွန်တော်တို့လည်း သီချင်းများ ၀င်ဆို၍ ကျွန်တော်တို့ကျောင်း၏ အလှပဂေးများ အဆောင်ပေါ်မှ ပြူတစ်၊ ပြူတစ်ဖြင့် ကိုယ်ရောင်ပြနေသည်ကို ငေးကာ ပျော်ခဲ့ ရလေတော့သည်။ ဖြစ်ချင်တော့ ကျွန်တော်တို့ အဖွဲ့ထဲမှ လျှပ်စစ်စွမ်းအားက သူငယ်ချင်းတစ်ယောက်မှာ သဲပုံပေါ်လှိမ့်ကာ၊ ပတ်ကာ ပျော်မြူးနေ၍ သူ့ကိုကြည့်ရင်း ကျွန်တော်တို့ ရယ်မောခဲ့ရလေတော့သည်။

ထို့နောက် သဇင်ဆောင်က ထွက်ကာ ရှစ်မိုင်သို့ ခြေကျင်လျှောက်ကြပြန်သည်။ ထိုအချိန်အထိ ကျွန်တော်တို့မှာ ရည်ရွယ်ချက်မရှိ လျှောက်သွားနေသည်သာ ဖြစ်လေသည်။ စာမေးပွဲပြီး၍ ပျော်နေသည့် စိတ်ကို လွှတ်ပေးထားခြင်းပင်။ ရှစ်မိုင်ရောက်သည့်အခါ ညနေက စားထားသည့် စားစရာများမှာ ဗိုက်ထဲမှာ မကျန်တော့ချေ။ အားလုံးက ဗိုက်ဆာလာလေသည်။ ထို့ကြောင့်နီးစပ်ရာ ဆိုင်တစ်ဆိုင်ကို ၀င်လိုက်စဉ် ထိုဆိုင်မှာ ထမင်းဆိုင်ဖြစ်သော်ငြား ကုလားဆိုင်ဖြစ်နေကာ ပဲဟင်းသာ ကျန်တော့သည်ကို တွေ့ ရလေသည်။

ကျွန်တော်တို့မှာ ဗိုက်ကလည်းဆာ၊ တခြားဆိုင်များကလည်း သိမ်းနေပြီဖြစ်ရာ ရရာနှင့်သာ ဆွဲကြလေတော့သည်။ ထမင်းစားပြီးတော့ အိပ်ရန်နေရာကို စဉ်းစားရတော့၏။ အားလုံး ခြောက်ယောက်၊ ခုနစ်ယောက်လောက် ဖြစ်လေရာ အဆောင်လည်း မပြန်ချင်တော့။ ကျွန်တော်တို့နှင့် ရင်းနှီးသည့် သူငယ်ချင်းများထဲက ရှစ်မိုင်နှင့် အနီးဆုံး သူငယ်ချင်းကို ချက်ချင်းပြေးမြင်မိလေရာ ဖုန်းဆိုင်ကို သွား၍ ဖုန်းခေါ်ရလေ၏။ သူငယ်ချင်းကလည်း တော်ရှာပါပေသည်။ ကျွန်တော်တို့ကို ခဏစောင့်ရန်ပြောပြီး သူ့ကားနှင့် အိမ်ကိုလာခေါ်၏။

သူ့အိမ်မှာ ခြံကျယ်၊ အိမ်ကျယ်နှင့် အလုပ်သမားတန်းလျားကပင် မိသားစု လေး၊ ငါးစု အသာကလေး နေလို့ရနေရာ ကျွန်တော်တို့ သူငယ်ချင်းတစ်သိုက်အတွက် အခန်းတစ်ခန်း ကပင် ချောင်ချောင်ချိချိ ဖြစ်လို့နေတော့သည်။ ကျွန်တော်တို့မှာ ရှိရင်းအုပ်စုထဲကို နောက်ထပ် အိမ်ရှင် သူငယ်ချင်းတစ်ယောက်တိုးလာ၍ စကားဝိုင်းက ရပ်မရတော့။ အိမ်ရှင်သူငယ်ချင်းကလည်း ညသန်းခေါင်ကျော်မှာ ကျွန်တော်တို့ ဆာနေမှန်းသိ၍ ပေါင်မုန့်ထုပ်များ ယူလာချပေးသည်။ ပိုဆိုးသွားသည်က ဂစ်တာတစ်လက် သူကယူလာပေး၍ ထိုညက ကျွန်တော်တို့ ဘယ်အချိန်မှာ ဘယ်လိုအိပ်ပျော် သွားမှန်းပင် မသိ။

နောက်တစ်နေ့ အိပ်ရာနိုးတော့ ကျွန်တော်က တချို့သူငယ်ချင်းများနှင့် ပြန်ရန်ကြိုးစားစဉ် အိမ်ခြံဝင်းထဲမှာ လွှတ်ထားသော ခွေးအကြီးကြီးများကိုတွေ့၍ နေရာကပင် မလှုပ်ရဲ။ အိမ်ရှင် သူငယ်ချင်းနိုး လာမှ နှုတ်ဆက်ပြီး ထပြန်လေတော့သည်။

ထိုညကလေးက သည်နေ့အထိ ကျွန်တော့်ဦးနှောက်ထဲမှာ စွဲထင်နေတုန်း။ အိမ်ရှင်သူငယ်ချင်းက ယခု ဓာတ်ပုံ အနုပညာကို လိုက်စားနေသော အင်ဂျင်နီယာ တစ်ဦး။ ထိုညက ကျွန်တော်နှင့်ပါသော သူငယ်ချင်းများထဲမှာ တချို့က သင်္ဘောလိုက်၊ တချို့က စင်ကာပူမှာ၊ တချို့က စင်ကာပူမှာ လုပ်နေရာက မြန်မာပြည်ပြန်၊ သည်လိုနှင့် ဘ၀တွေ ဆက်နေကြသည်။

ကျွန်တော်တို့သည် ရန်ကုန်စက်မှုတက္ကသိုလ်ဆိုသော ကျောင်းတော်ကြီးအောက်မှာ လည်ပင်း ဖက်ပေါင်းရင်း ရှင်သန်ပျော်ပါးခဲ့သူများ ဖြစ်၏။ ကျွန်တော်တို့သည် စာသင်ခန်းထဲမှာ ဦးနှောက်ရှုပ်နေသမျှကို စာမေးပွဲပြီးတိုင်း လွှတ်ချနိုင်သမျှ လွှတ်ချခဲ့သူများလည်း ဖြစ်သည်။ ထို့ပြင် ကျွန်တော်တို့သည် ပတ်ဝန်းကျင်ကို မထိခိုက်ဘဲ ကျွန်တော်တို့၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ဖြင့် ကျွန်တော်တို့၏ အပျော်များကို စားသုံးသူများလည်း ဖြစ်သည်။ ကျွန်တော်တို့ကို ပြင်ပက မည်သူမဆို လွတ်လပ်စွာ ထင်မြင်နိုင်ခွင့်ရှိသလို ကျွန်တော်တို့ကလည်း ကျွန်တော်တို့ကျောင်းနှင့် ပတ်သက်၍ အစွဲကြီးသူများဖြစ်ကာ သူငယ်ချင်းချစ်စိတ် ပြင်းထန်သူများလည်း ဖြစ်ကြလေသည်။         ။

ဆူးသစ်
၂၃း၂၅ နာရီ
၂၆.၇.၂၀၁၃

Saturday, July 20, 2013

" ပြာတာတာ အနုပညာ "


ကျွန်တော် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားဘ၀က အိမ်မှာစာအုပ်တွေ အများကြီးရှိတော့ အိမ်နီးချင်းတွေက ငှားဖတ်ကြတယ်။ အမှန်က အဖေလက်ဆောင်ရထားတဲ့ စာအုပ်တွေရယ်၊ ၀ယ်ထားတဲ့ စာအုပ်တွေရယ်ကြောင့် အိမ်က စာအုပ်စင်က သူများမြင်ရင် အကြီးကြီးမို့ ငှားချင်စရာ ဖြစ်နေတာပါ။ ကျွန်တော်တို့ တော်တော် တန်ဖိုးထားတဲ့ စာအုပ်တွေက လွဲရင် ကျန်တာကို ပေးဖတ်ပါတယ်။ ရှားပါးစာအုပ်တွေကတော့ လုံးဝမငှားပါဘူး။ စာအုပ်ငှားသူတွေ အကြောင်းသိနေလို့ပါ။ တချို့က စာအုပ်ကို ရိုသေရကောင်းမှန်း မသိဘူး။ တချို့က ကြိုက်လွန်းလို့ ပြန်ကို မပေးတော့တာပါ။ ထားပါတော့။

အဲဒီလို စာအုပ်ငှားတော့ သန်ရာသန်ရာ ငှားဖတ်ကြပါတယ်။ အချစ်ဝတ္ထုကို သန့်သန့်လေးဖတ်သူ ရှိသလို ကလေးအမေ အဒေါ်ကြီးတစ်ယောက်ကလည်း ချစ်ခန်းကြိုက်ခန်း ခပ်ကြမ်းကြမ်း ပါတာမျိုးကိုမှ တမင်ရွေးဖတ်လေ့ရှိတာကို သတိထားမိပါတယ်။ အဲဒီလိုအခန်းတွေ များများရေးတဲ့ စာရေးဆရာ၊ စာရေးဆရာမရဲ့ ၀တ္ထုကိုမှ ရွေးဖတ်တယ်ပေါ့ဗျာ။

ဒီကတည်းက ဘာသွားသတိထားမိသလဲဆိုတော့ လူတွေမှာ ရွေးချယ်စရာတွေရှိလို့ ရွေးချယ်ခဲ့ရင်တောင်မှ သူတို့စိတ်အခံအတိုင်း ရွေးသွားလေ့ရှိတယ်လို့ ကျွန်တော်သတိပြုမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့လူငယ်ကလေးတွေ အညှီအဟောက်ရေးတဲ့ စာရေးဆရာ၊ စာရေးဆရာမတွေကို သိနေပေမယ့် သူတို့ အချိန်ကုန်လို့ တကယ်ကောင်းတဲ့စာတွေ ရွေးဖတ်တာ သိနေတာပါပဲ။ တစ်ခါတစ်ရံ မသိလို့ ငှားဖတ်မိရင်တောင်မှ နောက်မဖတ်တော့တာ ကျွန်တော် သတိထားမိတယ်။ ဒါကပဲ တကယ် စာဖတ်သူမှာ ရွေးစရာရှိရင် ရွေးသွားတယ်ဆိုတာကို သက်သေပြနေတာပါ။ ဒါပေမဲ့ တစ်ဖက်ကကြည့်ရင် စာမရွေးတတ်သူတွေ အဲဒီ အညှီအဟောက်တွေတွေ့ပြီး သဘောကျလို့ ဆက်တိုက်ဆက်ဖတ်သွားရင် သူရွေးတဲ့လမ်းတော့ သွားပြီပေါ့။ အဲဒီကတည်းက အနုပညာလို့ ပြောပြောပြီး စာဖတ်သူကို ပြာတာတာ အညှီအဟောက်နဲ့ ဆွယ်တဲ့သူတွေကို ကျွန်တော် သိပ်ခံစားလို့မရခဲ့ပါဘူး။

ကျွန်တော် ရန်ကုန်စက်မှု တက္ကသိုလ်မတက်ခင်မှာ အဖေ့မိတ်ဆွေတစ်ယောက်ရဲ့ ဗွီဒီယိုဆိုင်မှာ ခဏ၀င်လုပ်ဖူးပါတယ်။ အဲဒီတုန်းကလည်း အဲဒီလိုပါပဲ။ အမျိုးသမီးကြီးတစ်ယောက် ကလေးလက်ဆွဲပြီး အပြာကား လာငှားပါတယ်။ ကျွန်တော်ကတော့ သူမှားပြောတာပါလေဆိုပြီး တကယ့်အက်ရှင်ကား ထည့်ပေးလိုက်ပါတယ်။ သူပြန်လာလဲပါတယ်။ ကျွန်တော် သူကြည့်ချင်တဲ့ကား ပေးလိုက်တော့ လာမလဲတော့ပါဘူး။

တချို့လည်း လင်မယားကြည့်ဖို့ ဆိုပြီး အဲဒီလိုကားတွေ လာငှားပါတယ်။ လင်မယားကတော့ မထူးဆန်းတာမို့ ငှားလိုက်ပါတယ်။ ကျွန်တော်ဆိုလိုတာက လူတွေမှာ သူတို့ရဲ့ ဆန္ဒမီးပြင်းလာရင် ဘာမှမသိတော့တာပါ။ နောက်တစ်ခုက သူတို့လိုချင်တဲ့ အခွေ၊ ဒါမှမဟုတ် ပစ္စည်းဆိုတာကလည်း အလွယ်ရနေလေတော့ ဘာမှထိန်းချုပ်နေစရာ မလိုဘူးလို့ တွေးပုံရပါတယ်။ တကယ် ဆို ယောကျာ်းလေးတွေသာ အခွေ ငှားနေတဲ့ဆိုင်မှာ အဲဒီကားပေးပါလို့ ပေါ်တင်ပြောငှားရဲဖို့ ဆိုတာ တော်ရုံ အမျိုးသမီး မလုပ်ရဲတဲ့ ကိစ္စမျိုးပါ။ ဒါပေမဲ့ သူ့ဆန္ဒပြင်းပြနေတဲ့အချိန်ရယ်၊ သူ့အိမ်မှာ လူမရှိတာရယ်၊ ငှားချင်တဲ့အခွေကလည်း အလွယ်ရနေတာရယ်ကြောင့် ယောကျာ်းလေးတွေ များတဲ့ အခွေငှားဆိုင်မှာ ပါးစပ်က ထုတ်ပြောပြီး အပြာကားတစ်ကားကို ငှားရဲသွားတာပါ။

ဒီနေရာမှာ အညှီအဟောက် စာအုပ်ငှားသူကတော့ ပုန်းလျှိုးကွယ်လျှိုးနဲ့ ငှားသွားလို့ ရတာကိုး။ အပြင်လူက အဲဒီစာအုပ်မျိုး ဖတ်ဖူးမှသိမှာ ဆိုတော့ သူကတော့ မျက်နှာမပူရတော့ဘူးပေါ့။ မသိလို့ ငှားသလိုလို၊ စာအရေးကောင်းလို့ ငှားသလိုလိုပေါ့။ ဗွီဒီယိုအခွေကျတော့ လက်ကကိုင်ပြလို့ကို မရတော့တာ။ ပုန်းလျှိုးကွယ်လျှိုးကို သယ်ရတော့တာ။

အဲဒါတွေက လွန်ခဲ့တဲ့  ၁၉၉၀ အစွန်းကာလတွေနဲ့ ၂၀၀၀ ခုနှစ် အစွန်းကာလတွေမှာ ကျွန်တော်ကြုံခဲ့ရတာပါ။ ကဲ-အခု ၂၀၁၃ ခုနှစ် ရောက်နေပါပြီ။ ကျွန်တော်တို့ မြန်မာပြည်သူတွေလက်ထဲမှာ ဟန်းဖုန်းတွေ၊ အင်တာနက်တွေ ထဲထဲဝင်ဝင် နေရာယူနေပါပြီ။ အဲဒီအချိန်မှာ တစ်သက်လုံး အပြမှာ ယဉ်ကျေးလာတဲ့ မြန်မာ့ရုပ်ရှင်က တစ်စခန်းထဖောက်လာပါတယ်။

Facebook မှာ ရှယ်ထားတဲ့ အပိုင်းအစလေးနှစ်ပိုင်းကို ကျွန်တော်ကြည့်လိုက်ရပါတယ်။ ဗွီဒီယိုဇာတ်ကားနှစ်ကားရဲ့ မင်းသားမင်းသမီး ချစ်ခန်းကြိုက်ခန်းပဲ ဆိုပါတော့။ ပထမကြည့်ရတဲ့ကားက ချစ်သူရည်းစားနဲ့ နမ်းတယ်ဆိုပြီးပြတဲ့အခန်းနဲ့ မင်းသားကမှောက်မှားတဲ့အခန်း နှစ်ခန်းကို ဒါရိုက်တာက ကြိုးစားရိုက်ပြထားပါတယ်။ ချစ်သူရည်းစားနဲ့ နမ်းမလို လုပ်တဲ့အခန်းမှာဆို ကြယ်သီးစဖြုတ်တာပါ ပါပါသေးတယ်။ နမ်းတာကတော့ တကယ်မနမ်းပါဘူး။ နမ်းမလိုပြတော့ မင်းသမီးကလေး ခမျာ တွန့်သွားတာတောင် တွေ့လိုက်ရပါသေးတယ်။

အဲ-မင်းသားက အထင်မှားပြီး မင်းသမီးကလေးနဲ့ အတူအိပ်လိုက်တဲ့ အခန်းကတော့ နည်းနည်းလေး အပြကြမ်းတယ်လို့ ကျွန်တော်မြင်တယ်။ ဖယောင်းတိုင်မီးလေးပျော်သွားတာ ပြရင်း မင်းသားနဲ့ မင်းသမီး ဆက်ဆံတာကို ရိုက်ပြတာက အဲဒီလောက်အထိ လိုလားလို့ ကျွန်တော်တွေးမိပါတယ်။ ဘာဖြစ်လို့ တွေးသလဲဆိုတော့ ရှေ့ကဒါရိုက်တာတွေလည်း ရုပ်ရှင်ပေါင်းများစွာမှာ ဒီလိုအခန်းမျိုးကို တခြားနည်းနဲ့ ကျော်ဖြတ်ပြသွားပြီး သူတို့လိုချင်တဲ့ နေရာရောက်အောင် ဆွဲခေါ်သွားခဲ့တာပဲ မဟုတ်လား။ ဒီလိုအခန်းမျိုးတွေကိုပြချင်ရင်တောင် မြန်မာဆန်ဆန်လေး ပန်းပွင့်လေးကြေသွားတာ၊ ပွင့်ဖတ်လေးပြုတ် ကျတာ စသဖြင့် လူနားလည်ပြီး အနုပညာ အဆင့်ရှိတဲ့ မြန်မာဆန်ဆန် ပြကွက်နဲ့ ပြသွားကြတာပဲ မဟုတ်လား။ အဲဒီအခန်းတွေ ရိုးတယ်ဆိုတောင် ဒီထက် အနုပညာဆန်တာကို ယဉ်ယဉ်ကျေးကျေး ပြသင့် တာပဲလေ။

အဲဒီဇာတ်ကား အဲဒီအခန်းတွေနဲ့ ပတ်သက်ပြီး အသံတွေထွက်လာပြီးတော့ မင်းသမီးလေးနဲ့ ဒါရိုက်တာကို အင်တာဗျူးတော့ မင်းသမီးလေးက "ဘာဖြစ်ချင်လို့ ဒါတွေကို အပြစ်တင်နေကြမှန်း မသိလို့ပါ " လို့ ဆိုထားသလို ဒါရိုက်တာကလည်း “ကျနော်က ပုံစံတူဖြစ်နေတဲ့ လမ်းကြောင်းက ခွဲထွက်ချင်တဲ့စိတ်နဲ့ ဖန်တီးခဲ့တာပါ။ ပရိတ်သတ် အမြင်တစ်မျိုးဖြစ်မယ် ဆိုရင်လည်း ကျွန်တော် စိတ် တကယ်ကို မကောင်းပါဘူး။ စေတနာ အမှားပါ” လို့ဆိုထားပါတယ်။ 

မင်းသမီးလေးက " ဒီကားက ပေါက်တယ်။ -- ကတော့ ဘာမှဖြေရှင်းမနေဘူး။ လိပ်ပြာသန့်တယ်။ ဒါရိုက်တာရယ်၊ မင်းသမီးရယ်၊ မင်းသားရယ် ၃ ယောက်တည်း ရိုက်ထားတဲ့ဇာတ်ကား မဟုတ်ဘူး။ လူအယောက်ပေါင်း ၃၀ ကျော်ရှိတဲ့ ရိုက်ကွင်းမှာ ရိုက်တာလေ " လို့လည်း ဆိုထားသေးတယ်။

သူကတော့ သူရိုက်တဲ့ ရုပ်ရှင်ပေါက်တော့ ပျော်နေတဲ့သဘောပါ။ ဒါပေမဲ့ ဘယ်ရုပ်ရှင်မှလည်း ဒါရိုက်တာနဲ့ မင်းသမီးနှစ်ယောက်တည်း မရိုက်တာ ကျွန်တော်တို့ သိနေတာပါပဲ။ အပြင်ဘက်က ဝေဖန်သူတွေရဲ့ ဆိုလိုရင်းက အဲဒါတွေ မဟုတ်တာ အသက်ငယ်ပြီး အတွေ့အကြုံနုတဲ့ မင်းသမီးလေး ဘယ်သိပါ့မလဲ။ တကယ်တော့ ပရိသတ်က အပြစ်တင်နေတာ မဟုတ်ပါဘူး။ မလိုအပ်ဘဲနဲ့ ပရိသတ်ကို မပြသင့်တဲ့ အပြမျိုးတွေ မပြအောင် ပြောနေတာပါ။ မင်းသမီးလေး ပြောသလို တစ်စုံတစ်ယောက်က မနာလိုလို့ ပြောတယ်ဆိုရင်တောင် သေချာတာက အခု ကျွန်တော်ပြောနေတာတွေဟာ ရုပ်ရှင်လောကနဲ့ လားလားမျှ မဆိုင်တဲ့ အနုပညာကို ချစ်တဲ့ စာရေးသူတစ်ဦးက ပြောတာဖြစ်လို့ ဒီစာကိုဖတ်မိရင် သဘောပေါက်စေချင်တာက ဘာ မနာလိုမှုမှ မရှိဘူး ဆိုတာပါပဲ။

ဒါရိုက်တာကတော့ စိတ်မကောင်းဖြစ်တယ်လို့ ဆိုပါတယ်။ ပုံစံတူ လမ်းကြောင်းက ခွဲထွက်ချင်တယ်ဆိုရင် တခြားနည်းမရှိဘူးလားလို့ ကျွန်တော်မေးချင်ပါတယ်။ ထိုင်းက Ong Bak တို့၊ Pee Mak တို့ ဘာလို့ အောင်မြင်တာလဲ။ ရုပ်ရှင်နယ်ကလူတွေ ပိုသိပါတယ်။ ဆရာကြီး ဦးသုခတို့၊ မောင်တင်ဦးတို့ ဘာလို့ အကယ်ဒမီတွေရခဲ့တာလဲ။ " ဘယ်သူပြိုင်လို့ လှပါတော့နိုင် " တို့၊ " သင်္ကြန်မိုး " တို့ ဘာဖြစ်လို့ ဘယ်အချိန် ပြန်ကြည့်ကြည့် မျက်ရည်ကျရတာ၊ မရိုးနိုင်တာ စတဲ့ ခံစားမှုတွေ ရနေတာ ဘာကြောင့်ပါလဲ။ ခွဲထွက်ချင်လို့ ဒါမျိုးပြတယ်ဆိုတာကတော့ လက်မခံနိုင်စရာပါ။

ကျွန်တော်ဆိုလိုချင်တာက မသိနားမလည်တဲ့ မင်းသမီးကလေးလည်း ကိုယ်ပြချင်တဲ့ စစ်မှန်တဲ့ အနုပညာဆိုတာ အဲဒါမဟုတ်ဘူး ဆိုတာသိစေချင်ပါတယ်။ ကိုယ်က စိတ်သန့်တာ၊ မသန့်တာနဲ့ အနုပညာကို ဖန်တီးတာ ပြည်သူ လက်ခံ၊မခံနဲ့က ဘာမျှ မဆိုင်ပါဘူး။ သတ်သတ်စီပါ။ ကိုယ်ကစိတ်သန့် ပါတယ်ဆိုပြီး ပေါက်ကရတွေ လာပြနေလို့ကတော့ ကျွန်တော်တို့လည်း အချိန်ကုန်လို့ ကြည့်မှာ မဟုတ်ပါဘူး။ အချိန်က စကားပြောပါလိမ့်မယ်။ 

ဒါရိုက်တာကလည်း အနုပညာကို ဖော်ပြချင်ရင်၊ ခွဲထွက်ချင်တယ်ဆိုရင် ဒီထက်ကောင်းတဲ့ နည်းလေးရှာပါလို့ ပြောပါရစေ။ နမ်းပြမှ၊ ချစ်ခန်းကြိုက်ခန်းကို ကြမ်းပြမှ ဆိုတာတွေက အမှန်အတိုင်းပြောရရင် အနောက်နိုင်ငံတွေမှာ ဟိုအပြာကားရိုက်တဲ့ လူတွေသာ လုပ်တဲ့ လုပ်ရပ်လောက်သာ ရှိတာပါ။ ဟောလီးဝုဒ်က ရုပ်ရှင်တွေမှာ ပါတာကို ထောက်ပြချင်တယ် ဆိုရင်တော့ မြန်မာပြည်ဟာ အမေရိကား မဟုတ်လို့ ဥာဏ်ကလေးနဲ့ စဉ်းစားစေချင်တာပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့အတွက်က လူရှေ့သူရှေ့ နမ်းတယ်ဆိုတာ ထမင်းစား၊ ရေသောက် ကိစ္စထက်တောင် ပေါ့ပါးလွန်းပါတယ်။ လူရှေ့သူရှေ့ ဖော်ရချွတ်ရတယ်ဆိုတာကို အိမ်မှာ ရေချိုး တာလောက် ထင်ကြတာပါ။ 

ကျွန်တော်တို့ မြန်မာလူမျိုးဆိုတာက ယဉ်ကျေးမှုကို တော်တော်လေး တန်ဖိုးထားတဲ့လူမျိုး၊ ဘာသာကို ကိုင်းရှိုင်းတဲ့ လူမျိုး ဆိုတာကို ခေါင်းထဲမှာ ထည့်ထားစေချင်ပါတယ်။ ငါရိုက်သမျှ ကြည့်မှာပဲဆိုတဲ့ အတွေးမျိုးနဲ့တော့ မရိုက်စေချင်ပါဘူး။

နောက်တစ်ကားကတော့ ပထမကားထက် ပိုဆိုးတဲ့ကားလို့ ပြောပါရစေ။ မင်းသားနဲ့ မင်းသမီးက အပြန်အလှန် စောင်အောက်တိုးလိုက်၊ (တိုးတာမှ အောက်ပိုင်းကို ခေါင်းနဲ့ တိုးနေတာ)၊ အပေါ် ဗလာကျင်းဖြစ်နေတဲ့ မင်းသားရဲ့ ရင်ခွင်ပေါ်မှာ ပွတ်သီးပွတ်သတ်လုပ်လိုက်၊ မျက်နှာတွေကျတော့ ပြီတီတီနဲ့ အဲဒီအခန်းကို စဉ်းစားကြည့်စေချင်ပါတယ်။

သိပ်မကြာပါဘူး။ အဲဒီတခြား မင်းသမီးကလေး တစ်ယောက်က ဆိုတယ် ထင်ပါရဲ့။ " အဲဒီလို အခန်းမျိုးတွေကို မကြည့်ချင်ရင် နိုင်ငံခြား ကားတွေလည်း မကြည့်နဲ့လေ " ဆိုပြီး ပရိသတ်ကို စော်ကားတဲ့ စကားမျိုး မီဒီယာရှေ့မှာ ထွက်ကျလာပါတယ်။ ကျွန်တော် ပြုံးမိပါတယ်။ အောင်မြင်မှုကို လိုချင်တဲ့ ငယ်ရွယ်သူတွေမှာ အမှန်နဲ့ အမှားကို မကွဲပြားပါလားလို့လည်း တွေးမိပါသေးတယ်။ 

သူ့ဘာသာ လင်ခန်း၊မယားခန်း ( ခြေချောင်းတွေ ကွေးတက်တာတွေအထိ အသေးစိတ်ရိုက်ပြထားတဲ့ အခန်း) မျိုး သရုပ်ဆောင်ရင် ပရိသတ်ထဲ ပေါက်ပြီလို့ ထင်နေတဲ့ ကလေးအတွေးမျိုး ရှိတဲ့သူက ရှိနေရုံမက ဒါမျိုး မပြသင့်ဘူး ပြောတဲ့ ပရိသတ်ကိုတောင် ဒါမျိုး မကြည့်ချင်ရင် နိုင်ငံခြားကားလည်း မကြည့်နဲ့ ဆိုပြီး စော်ကားသူတွေ ရှိလာတာကတော့  သရုပ်ဆောင်တစ်ယောက် သူ့အောင်မြင်မှု ဘယ်လောက် တာရှည်မလဲဆိုတဲ့ သူ့ရဲ့ ကံကြမ္မာ ကို စောင့်ကြည့်ခိုင်းနေသလိုပါပဲ။ 

ခက်တာက ဒီဘက်ခေတ်ကလည်း Lotion လူးပြီး အွန်လိုင်းပေါ်ရောက်တာ ပိုအောင်မြင်သွားတယ် ဆိုတာမျိုး ဖြစ်နေလေတော့ လူတွေရဲ့ စိတ်ကို ခန့်မှန်းရခက်နေတော့တာပါပဲ။ ဒါပေမဲ့ ဘယ်ဟာအမှန်၊ ဘယ်ဟာ အမှားဆိုတာကို လူ့ယဉ်ကျေးမှုပေတံက တိုင်းပြပြီးသားဖြစ်လို့ အခုလည်း လူတွေကြားမှာ အဲဒီရုပ်ရှင်တွေနဲ့ ပတ်သက်လို့ ဆူဆူညံညံ ကျန်နေခဲ့တာပါပဲ။

စာရေးနေတဲ့ကျွန်တော်က ကိုယ်နဲ့မဆိုင်တဲ့ ရုပ်ရှင်လောကက အကြောင်းကို ဘာဖြစ်လို့ ဒီလောက် အထိ ပြောနေရသလဲဆိုတော့ အခုလတ်တလော ပေါ်ပြူလာ ဖြစ်နေတဲ့ နည်းပညာကောလိပ် တစ်ခုက ကျောင်းသူ၊ကျောင်းသား အတွဲတစ်တွဲ စာသင်ခန်းအလွတ်ထဲမှာ နိုင်ငံခြား ရုပ်ရှင်တွေထဲက အတိုင်း စည်းမရှိ၊ ကမ်းမရှိ ချစ်ရည်လူးတဲ့ သတင်းကို ကြားရ၊ မြင်ရလို့ပါပဲ။

ကျွန်တော်တို့ စက်မှုတက္ကသိုလ်တက်တုန်းက တချို့ကျောင်းသားတွေ အဆောင်မှာ ဖဲတွေရိုက်ကြ၊ အရက်သောက်ကြ၊ အတန်းထဲမှာ Random လို့ခေါ်တဲ့ ဂဏန်းသုံးလုံးပေါင်းရလဒ်နဲ့ အနိုင်အရှုံးဆုံးဖြတ်တာ မျိုးကို လောင်းကစားလုပ်ကြနဲ့ နေလာလိုက်ကြတာ။ ကိုယ့်မျိုးဆက်လို့ ပြောရမယ့် သူတို့ကလေးတွေ လက်ထက်ကျမှ ရှေ့က နောင်တော်တွေ၊ အစ်မတော်တွေထက် ပိုဆိုးလို့ လွတ်နေတဲ့ စာသင်ခန်းကို တည်းခိုခန်းနဲ့ မှားပြီး ချစ်ရည်လူးကြတယ်ဆိုတာ သိရတော့ နောက်တက်လာမယ့် အင်ဂျင်နီယာ မျိုးဆက်သစ် ဆိုတာတွေအတွက် စိတ်မကောင်းဖြစ်မိသလို အဲဒီလို ဖြစ်အောင် ဘယ်လို အရာတွေက ပံ့ပိုးပေးနေသလဲလို့လည်း အတွေး ၀င်နေမိပါတယ်။

အခုတော့လည်း နှစ်ယောက်စလုံးကို ကျောင်းထုတ်ပစ်လိုက်ပြီ ဆိုတာမျိုးနဲ့ နိဂုံးချုပ်ခဲ့ရသလို သက်ဆိုင်ရာ ကျောင်းမှာ တက်နေတဲ့ လူငယ်တွေဘက်ကလည်း သူတို့ကျောင်းကို မကောင်းပြောချင် သူတွေကို သည်းမခံနိုင်သူတွေ ရှိလာခဲ့ကြပါပြီ။

ကျွန်တော်ကတော့ ဘယ်သူ့ကိုမှ အပြစ်မမြင်ဘဲ ခေတ်ကိုသာ အပြစ်တင်ချင်တော့တာပါပဲ။ ကျွန်တော်တို့ ဒီဘက်ခေတ်မှာ နည်းပညာတွေ၊ အသုံးအဆောင်တွေ များလာသလို တန်ဖိုးနည်းတာ၊ များတာပဲ ကွာပြီး အားလုံးနည်းပါး သုံးနိုင်လာတဲ့အခါ ဘယ်သူဘာလုပ်လုပ် အားလုံးမြင်နေရလေတော့ ကောင်း တာမြင်ရင် ပြဿနာမရှိပေမယ့် မကောင်းတာမြင်ရင်တော့ လိုက်လုပ်ဖို့လည်း လွယ်နေကြပါပြီ။ အဲဒီရဲ့ အကျိုးဆက်ကတော့ နောက်တက်လာမယ့် လူငယ်တွေမှာ ယူရင်ယူတတ်သလို အကျိုးအပြစ်ရဲ့ သက်ရောက်မှုအားက ပိုကြီးလာတယ် ဆိုတာပါပဲ။

တကယ်တော့ ကျောင်းသူ၊ ကျောင်းသားလေးနှစ်ယောက်ကို ကျောင်းထုတ်ပစ်လိုက်ပြီဆိုရုံနဲ့ သူတို့လို နောက်ဖြစ်လာနိုင်သေးတဲ့ ကလေးတွေရဲ့ အတွေးတွေကို သန့်စင်ပစ်လိုက်နိုင်ပြီလို့ ကျွန်တော်တို့ ယူဆလို့ မရတာတော့ အားလုံးသိမှာပါ။ ခေတ်ကိုက အားလုံးကို အမှားဘက်ပိုရောက်အောင် တွန်းပို့ပေးနိုင်တာတွေ အများကြီးပါ။ 

ဒါကြောင့်လည်း အဲဒါတွေ အားလုံးရဲ့ လမ်းစလို့ ပြောလို့ရတဲ့ လူငယ်တွေ အတုယူမှားနိုင်တဲ့ စာပေ၊ ရုပ်ရှင်၊ ဂီတ စတဲ့ အနုပညာ လုပ်ငန်းတွေ အားလုံးဟာ အနုပညာကို တကယ်ချစ်ရင်၊ မြန်မာပြည်နဲ့ မြန်မာလူမျိုးကို တကယ်ချစ်ရင်၊ ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ နောင်မျိုးဆက်ဆိုတာကို တိုးတက်စေချင်ရင် အပြကောင်း၊ နမူနာကောင်းတွေသာ ပြစေချင်ပါတယ်။ အနုပညာဖန်တီးမှုကောင်းတွေသာ ဖန်တီးစေချင်ပါတယ်။ ဒါကြောင့်လည်း အခု ပြနေတဲ့ မြန်မာဗွီဒီယို တစ်ကား၊ နှစ်ကားထဲက ညစ်ညမ်းအခန်းတွေကို ကျွန်တော် ထောက်ပြနေတာပါ။ တဖြည်းဖြည်းနဲ့ တစ်ကားကနေ တစ်ရာဖြစ်မလာနိုင်ဘူးလို့များ ပြောနိုင်ပါသလား။ ဘယ်သူမျှ အာမမခံပါ။

ကြုံတုန်းပြောရရင် တကယ်ဖြစ်ခဲ့တဲ့ နယ်မြို့ကလေး တစ်မြို့က အဖြစ်အပျက်လေးကို သိစေချင်ပါတယ်။ ကျွန်တော့်ဦးလေး ကျောင်းအုပ်ဆရာကြီး တစ်ယောက်ပြောခဲ့တာကလေးပါ။ ကျွန်တော်ရေးခဲ့တဲ့ ဆောင်းပါး တစ်ပုဒ်မှာ ဖော်ပြပြီးပါပြီ။

မူလတန်းကျောင်းက လေးတန်းကျောင်းသားလေးနဲ့ ကျောင်းသူလေးနှစ်ယောက် ရည်းစားစာ အပြန်အလှန် ပေးနေတာကို အတန်းပိုင်ဆရာမက မိတော့ ကျောင်းအုပ်ဆရာမကြီးဆီ ခေါ်သွားတယ်။ ဆရာမကြီးက သူ့ရှေ့မှာ ထိုင်ခိုင်းပြီး ကဲ-ဘယ်လိုဖြစ်တာလဲ၊ ဘာညာဆိုပြီး စမေးတော့ ဘယ်သူမှ မဖြေဘူးတဲ့။ နှစ်ယောက်စလုံးက မဖြေတော့ ဆရာမကြီးက ဟဲ့-ပြောကြလေ ဆိုပြီး ထပ်မေးတယ်။ ကျောင်းသားလေးက ကြောက်ပြီး မပြောရဲသေးဘူး။ ကျောင်းသူလေးကတော့ ဆရာမကြီးကိုတော့ ကြောက်တယ်။ ဒါနဲ့ သူက ကျောင်းသားလေးကို တံတောင်နဲ့ တို့ပြီး တစ်ခွန်းတော့ ပြောတယ်။ ဘာပြောတယ်ထင်ပါသလဲ။ " မောင် ပြောလိုက်လေ " တဲ့။

အဲဒါကို ကြည့်ရင် အရွယ်မရောက်သေးတဲ့ ကလေးတွေမှာပါ အတုမြင် အတတ်သင် ဘယ်လောက်များနေပြီလဲ ဆိုတာ သိနိုင်ပါတယ်။ ဒီတော့ ကလေးတွေရှေ့မှာ မဟုတ်တာတွေ မပြဖြစ်ဖို့ ကျွန်တော်တို့ ကြိုးစားမှ တော်ရာကျမယ်လို့ မြင်မိတာပါပဲ။

ကျွန်တော် ရှေ့မှာ ဆိုခဲ့ပါတယ်။ စာရေးဆရာ အညှီအဟောက်ရေးတော့ ဖတ်ချင်သူတွေ ဖတ်တာပါပဲ။ အိမ်ထောင်ကျပြီးသား မိန်းမကြီး ဖတ်တာ ဘာမှမသိတဲ့ လူငယ်လေးတွေ ဖတ်တာနဲ့ မတူပါဘူး။ ညစ်ညမ်းအပြာကားလို ဗွီဒီယိုတွေ အိမ်ထောင်သည်တွေ ကြည့်တယ်။ လူငယ်လေးတွေ ငှားကြည့်တာနဲ့ မတူပါဘူး။ ဒါဟိုတုန်းကပါ။

အခုတော့ အချစ်ဝတ္ထုတွေ သိပ်မဖတ်လို့ ကျွန်တော် မသိတော့ပေမယ့် မြန်မာဗွီဒီယို ဇာတ်လမ်းတွေထဲမှာ နိုင်ငံခြားကားတွေကလို ချစ်ခန်းကြိုက်ခန်းရိုက်လာကြလေတော့ နောင်ဆို ကလေးတွေပါ လိုက်လုပ်ကြမှာကို စိုးရိမ်နေမိပါတယ်။ လေးတန်းကျောင်းသူ၊ ကျောင်းသားလေးရဲ့ အဖြစ်နဲ့ တက္ကသိုလ်စာသင်ခန်းထဲက အဖြစ်မျိုးတွေက သာဓကပါ။ ကျွန်တော်ပြောနေတဲ့ ဗွီဒီယိုတွေကြောင့် မဟုတ်ပေမယ့် အလားတူ ရုပ်ရှင်တွေ၊ ဗွီဒီယိုတွေ၊ နိုင်ငံခြားကားတွေကနေ စခဲ့တာကတော့ အသေအချာပါ။ အိမ်နားက မူလတန်း ကျောင်းသားကလေး အိမ်မှာ ဗွီဒီယိုလာကြည့်တာ မင်းသမီးက အန်နေတော့ သူကရယ်တယ်။ ကျွန်တော်က ဘာဖြစ်လို့ ရယ်တာလဲ ဆိုတော့ မင်းသမီးမှာ ဒါဖြစ်နေပြီတဲ့။ သူ့ဗိုက်ကလေးရှေ့ကို လက်ကလေး ကာပြတယ်။ စဉ်းစားသာ ကြည့်ပါတော့။

အနုပညာဆိုပြီး ကိုယ်လုပ်ချင်တာ လုပ်ခွင့်ရှိတယ်လို့ ခံယူရင်တော့ ပြောရရင် စာရေးဆရာချင်းတောင် အညှီအဟောက်ရေးရင် ရှေ့တည့်တည့်မှာ ကန့်ကွက်တာမျိုး တကယ့်သာဓကတစ်ခု ရှိခဲ့ဖူးပါတယ်။ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားဘ၀က စာရေးဆရာမတစ်ယောက်က အဆောင်မှာ ကျောင်း တက်နေတဲ့ ကျောင်းသူတစ်ယောက် အကြောင်း ရေးခဲ့ဖူးတယ်။ အဆောင်မှာ တနင်္လာကနေ သောကြာ အထိနေပြီး စနေနဲ့ တနင်္ဂနွေကိုတော့ သူ့ဦးလေးလို့ ပြောတဲ့ သူနဲ့ပါပါသွားတဲ့အကြောင်း။ သူငယ်ချင်းတွေကတော့ ဦးလေးလို့ထင်တာ။ နောက်မှ ဒီဘက်ခေတ် အခေါ်ဆို စပွန်ဆာလိုဟာမျိုးနဲ့ သွားအိပ်တာကို ရေးထားတာ။ စာပေလောက တစ်လောကလုံး ကန့်ကွက်တာ စုံလို့။ 

ဒါနဲ့ ဖြစ်ချင်တော့ စာပေဟောပြောပွဲ တစ်ပွဲမှာ အဲဒီဝတ္ထုတိုကို ရေးတဲ့ စာရေးဆရာမနဲ့ ဆရာသုမောင်လို့ ကျွန်တော်ထင်တယ်။ အတူတွဲ ဟောရပါလေရော။ ဆရာမက ရှေ့က ဟောပြီးလည်း ပြီးရော ဆရာသုမောင်က အဲဒီစာရေးဆရာမကို ဆရာမက သူကိုယ်တိုင် အတွေ့အကြုံရှိလို့ အဲဒီလို ရေးတယ်ဆိုတဲ့ သဘောမျိုးနဲ့ တည့်ပြောတာ အဲဒီဆရာမ စာပေဟောပြောပွဲ ဆက်နားမထောင်နိုင်ဘဲ ပြန်သွားတယ်လို့ ကြားခဲ့ဖူးတယ်။

ဒါတွေ ဆန်းစစ်ကြည့်ရင် ကျွန်တော်တို့ လူ့လောကကြီးမှာ အပြင်မှာ ဖြစ်နေတာတွေ အများကြီးပေမယ့် ပရိသတ်ကို ပေးမယ့်အချိန်ကျရင် နည်းနည်းတော့ ကိုယ့်ဘာသာ စိစစ်သင့်တယ်ဆိုတာလေး သွားတွေးမိတယ်။ ပေးတဲ့ အချက်က အကောင်းထက် အဆိုးဘက်ကို ပိုများနေပြီဆိုရင် အဲဒီ အနုပညာကို ဖန်တီးသူက ချင့်ချိန်မှု ရှိသင့်တယ်။ 

စာရေးဆရာက ကလောင်ရှိတိုင်း လျှောက်မရေးသင့်ဘူးလို့ ရှေးဆရာကြီးတွေ ရေးတာ ကျွန်တော်ဖတ်ဖူးတယ်။ အဲဒီလိုပဲ ရုပ်ရှင်ဖန်တီးသူတိုင်း၊ ဂီတဖန်တီးသူတိုင်းကလည်း ကိုယ်လုပ်ချင်တာ လုပ်လို့ရတဲ့ခေတ်ကို ရောက်နေပြီဆိုပြီး ကိုယ်ပြချင်တာ လျှောက်ပြနေလို့ မရဘူးဆိုတာ နားလည်စေ ချင်ပါတယ်။

အဲဒီလိုပဲ အနုပညာခံစားသူတွေကလည်း ခံစားမိသလို လျှောက်လုပ်လို့ မရပါဘူး။ စာအုပ်တွေ၊ ရုပ်ရှင်တွေထဲကလို လျှောက်လုပ်လို့ ဖြစ်လာတဲ့ မှုခင်းတွေလည်း နိုင်ငံတကာမှာ မနည်းတာ အားလုံးသိပြီးသားပါ။ လူဆိုတာကတော့ ဆန္ဒရှိကြတာပါပဲ။ ဒါပေမဲ့ ဆန္ဒရှိတိုင်း လျှောက်လုပ်လို့ မရတာ၊ ထိန်းသင့်တဲ့အရာကို ထိန်းရတာ ကျွန်တော်တို့ လူတွေရဲ့ အဓိပ္ပါယ် သတ်မှတ်ချက် တစ်မျိုးပဲ မဟုတ်လား။ လူတွေမှာ စည်းတို့၊ ဘောင်တို့ဆိုတာ ရှိနေလေတော့ အနုပညာကို ခံစားတာနဲ့ စည်းကျော်ဘောင်ဖျက်တယ် ဆိုတာမျိုးက မအပ်စပ်ပါဘူး။

တကယ်တော့ အနုပညာဆိုတာ အင်မတန်မှ တန်ဖိုးထားကောင်းတဲ့ အရာပါဗျာ။ လူတိုင်း မရနိုင်ပါဘူး။ အနုပညာ ဖန်တီးရတာ မလွယ်ဘူးဆိုတာ ပြည်သူလက်ခံတဲ့ အနုပညာမျိုးကို ဖန်တီးရတဲ့ သူတွေ ပိုသိပါတယ်။ အဲဒီလို ဖန်တီးလိုက်တဲ့ အနုပညာဟာ ပြည်သူအတွက် အဆိပ်အတောက် မဖြစ်ဘူးဆိုရင် ကျွန်တော်တို့လို အနုပညာဖန်တီးသူတွေအတွက် သေသွားတောင် စားနိုင်မယ့် ပီတိမျိုးကို ရနိုင်မှာ မဟုတ်လား။

ပြည်သူတွေကို အနာဂတ်တွေ စုတ်ပြတ်သွားစေမယ့်၊ အပြာရောင်သမ်းနေတဲ့ ပြာတာတာ အနုပညာမျိုးတော့ မဖန်တီးကြပါနဲ့လို့ သတိပေးရင်း ကိုယ့်ဘာသာလည်း ရင်ထဲမှာ အမြဲသတိပေးနေလျက်ပါပဲလို့သာ ဆိုချင်ပါတော့တယ်။         ။

ဆူးသစ်
၁၅း၄၅ နာရီ
၂၀.၇.၂၀၁၃




Related Posts Plugin for WordPress, Blogger...