+ တစ်ခါတစ်ခါ လူတွေနှင့် စကားပြောရသည်က ပညာတွေ တစ်လှေကြီးရသည်ဟုထင်မိသည်။ သူတို့၏ မနာလိုမှု၊ သူတို့၏ ဖိနှိပ်ချင်မှု၊ သူတို့၏ ကိုယ်ချင်းမစာမှုမျိုးကို မိနစ်ပိုင်းအတွင်း သိခွင့်ရလိုက်သည်။ ဖုန်းပြောရင်းနှင့်ပင် လေ့လာမိလိုက်သည့်အခါမျိုးရှိသည်။ ကျွန်တော်ကတော့ ဇနီးသည်ကိုတောင် လူတချို့၏ စိတ်ဓာတ်ကို သင်ယူတတ်ဖို့ ပြောပြထားမိသည်။ လူဆိုသည်က ကိုယ်ကသာ အမြဲအသာစီးရချင်နေသူများဟု ထင်၏။ အတ္တဟုဆိုရလေမည်လား မသိ။ ကိုယ့်အတ္တနှင့်ကိုယ်ဆို အကြောင်းမဟုတ်။ သူများကို သွားသွား ထိနေသည်ကတော့ လူတောထဲမှာ မသင့်တော်လှ။ ထိုလိုလူတွေ များလာလျှင် တော်တော် စက်ဆုပ်ဖို့ကောင်းပေတော့မည်။ ကျွန်တော်ကတော့ သူတို့ကို လွှတ်ထားပေးရင်း ကိုယ့်ဘာသာ သင်ယူမိသည်။ ဘ၀က စင်ကာပူတစ်နေရာ တည်းနှင့် ပြီးတာမဟုတ်။ သည်လိုပြီးကြကြေးဆိုလည်း အကောင်းသား။ ဘာပဲဖြစ်ဖြစ် ထိုသို့သော သူများနှင့်တွေ့လျှင် ကျွန်တော့်စိတ်ထဲက ကျိတ်၍ပြုံးနေတတ်သည်။ သူတို့က စကားလုံး အကြီးကြီးများလည်း သုံးတတ်သည့်အခါ ပို၍ ရယ်ချင်စရာသာ ကောင်းတော့၏။ ကိုယ်အောင်မြင်နေသည့်အခါ ကမ္ဘာကြားအောင်အော်၍ ကိုယ်ကျရှုံးသည့်အခါ တုံးအောက်ကဖားလိုတော့ မလုပ်ကြေး။ ကျွန်တော် ဆုတောင်းပေးပါသည်။ အမြဲတမ်းကမ္ဘာကြားအောင် အော်နိုင်ပါစေဟု။ ထပ်ဆောင်းရလျှင် အတ္တ ကင်းစွာဖြင့်သာ အော်နိုင်ပါစေဟု။ အဘယ့်ကြောင့်ထိုသို့ဆိုရသနည်းဆိုလျှင် စင်ကာပူဆိုသည်က ပြိုင်ကွင်းသေးသေးလေးဟုသာ ကျွန်တော်ထင်သောကြောင့်ပင်။( ဧပြီလ ၁၀ ရက်၊ ၂၀၁၂ ခုနှစ် )
+ သူများတွေက ၂ ကျပ်ဖိုးပေးပြီး အသားကုန် Talk နေချိန်မှာ ကိုယ်ကတော့ ကြားရလား.....ကြားရလား အော်ရတာနဲ့ မျော့ နေပြီ။ ကိုယ့်ဆီက ဖုန်းလိုင်းတွေ ပြောပါတယ်။ ( ဧပြီလ ၁၃ ရက်၊ ၂၀၁၂ ခုနှစ် )
+ သည်အပတ်ထဲမှာ သင်္ကြန်မိုးကို ပြန်ကြည့်ဖြစ်ခဲ့သည်။ နောက်တစ်ရက်မှာ တခြားမြန်မာကား တစ်ကားကိုကြည့်သည်။ ခံစားမှုကမတူ။ သင်္ကြန်မိုးလို ကားမျိုးက ကြည့်နေရင်းမှာပင် ပြီးသွားမှာကို စိုးနေရသည်။ ဒါရိုက်တာက မောင်တင်ဦး။ နောက်ကြည့်သည့် မြန်မာကားက ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)။ သူ့ကိုလည်း သည်ဘက်ခေတ် ကားတွေမှာ တော်တော် သဘောကျခဲ့သည်။ သို့သော် ကြည့်နေသောမြန်မာကား၏ တစ်နေရာမှာ မင်းသားက စကားမေ့နေသည်ကို သူကဘေးက ချပေးနေသော အသံကြီး ပါလာသောအခါ ကြည့်ရသည်က နင်သွားသည်။ သည်တော့ ပြန်သုံးသပ်ကြည့်သည်။ စီနီယာနှင့် ဂျူနီယာ ကွာတာတွေတော့ ရှိသေးသည်ဟု။ မောင်တင်ဦးကောင်းသည်ကို လက်ခံသော်လည်း ဘဘဦးသုခ ကားတွေကို သည်နေ့အထိ မမေ့နိုင်ခြင်းကလည်း ဒါပဲဖြစ်မည်ဟု ကောက်ချက်ချမိတော့သည်။ (ဧပြီလ ၁၄ ရက်၊ ၂၀၁၂ ခုနှစ် )
+ ဘူကုန်းမှာ အလုပ်လုပ်ခဲ့သည်မှာ ယခုပရောဂျက်သည် ဒုတိယမြောက်ဖြစ်သည်။ ပထမပရောဂျက်မှာ ဘူကုန်းကျွန်း ဘယ်လောက်ပူသလဲ သိခဲ့ရ၏။ Jurong Island ထက်ကို ပိုပူသည်။Jurong Island က မိုးများသလောက် ဘူကုန်းက မိုးမရွာ။ ရွာခဲသည်ဟု ဆိုရမည်။ ဘူကုန်းမှာ မိုးခေါင်တာကြားဖူးပြီဟု မေမြို့မိုး သီချင်းကို ပြောင်းဆိုရလေမည်။ စင်ကာပူဘက် (သူတို့အခေါ် Main Land)ကတော့ မိုးအကောင်းဆုံး။ သစ်ရိပ်ပေါသည်ကိုး။ မနေ့က စနေမှာ အလုပ်နားပြီး သည်နေ့တနင်္ဂနွေမှာ အလုပ်သွားဆင်း ခဲ့ရတော့ အလုပ်သမားလေးတွေက မနေ့ကနေ့ခင်းမှာ မိုးက သည်းကြီးမည်းကြီး ရွာသည်တဲ့။ သူတို့ပျော်ကြလေမည် ဟုတွေးမိ၏။ မိုးရွာမှ နားရသည်ကိုး။ ကိုယ်တောင်အိမ်မှာနေရင်း မိုးသည်းတာ သဘောကျခဲ့သေးသည်။ သည်နေ့ ကိုယ်ဆင်းရသည့်အလှည့်မှာ မိုးရွာမလားမျှော်ခဲ့သေး၏။ ပူလွန်း၍ ကိုယ်လည်းနားချင်သည်။ သို့သော် ကိုယ့်အလှည့်ကျတော့ မိုးကမရွာ။ရှေးလူကြီးများက ကံဆိုးမသွားရာ မိုးလိုက်လို့ရွာလို့ဆိုကြသည်။ ကံဆိုးချင်ဆိုး မိုးရွာလျှင်ပြီးရောဟု ဆိုချင်ပါလျက် မိုးကမရွာ။ မိုးမရွာ၍ မနားရသောအခါ ကိုယ့်ကံမကောင်းဟု ထင်မိပြန်၏။ ရှေးလူကြီးများ စကားနှင့်ဆိုလျှင် တော်တော်ကန့်လန့်နိုင်လေသည်။ ကိုယ့်ကံကကောင်းလွန်း၍ပဲ မိုးကမရွာသလိုလို။ သို့သော် တကယ်တမ်းကျတော့ ကိုယ့်အတွက် မကောင်း။ နေပူထဲမှာ လုပ်နေသော အလုပ်သမားလေးတွေကို လွှတ်မထားတတ်၍ လိုက်ကြည့်မိပြန်၏။ တစ်နေကုန် ကိုယ်ပါပင်ပန်းတော့သည်။ ကံဆိုး၍ မိုးလိုက်ရွာသေးသည် ဆိုလျှင် မိုးမရွာလည်း ဘာလို့ ကံမကောင်းတာလဲ ဟုရှေးလူကြီးများကို စောဒကတက်ချင်သေးသည်။ ( ဧပြီ ၁၅ ရက်၊ ၂၀၁၂ ခုနှစ် )
+ ဒီလိုညမှာ Happy New Year လို့စောင့်ပြီးအော်တဲ့ မြန်မာဘယ်နှစ်ယောက်ရှိမှာပါလိမ့်......။ ( ဧပြီလ ၁၆ ရက်၊ ၂၀၁၂ ခုနှစ်၊ သင်္ကြန်အတက်နေ့)
+ သည်နေ့ အလုပ်ကအပြန် ကိုယ့်ရှေ့မှာ စလုံးကောင်လေးတစ်ယောက်က Civil Defence ၀တ်စုံကလေးနှင့် လမ်းလျှောက်နေတာတွေ့သည်။ သူ့ကြည့်တော့ ကိုယ့်ထက်တော်တော်ငယ်၍ ဪ-သူတို့နိုင်ငံသားများ မထမ်းမနေရ တာဝန်ကို ယူရ၍ ထမ်းရသော်လည်း ငယ်ပါသေးလားဟုတွေးသည်။ မနိုင်ဝန် ထမ်းနေရသည်ဟု ထင်မိသည်။ သည်လိုထင်နေရင်းမှာပင် သူ့နောက်က ကျောပိုးအိတ်နှင့် လျှောက်နေသော ကိုယ့်ကိုယ်ကိုလည်း ပြန်သတိထားမိလိုက်၏။ သူများသာ ပြောနေတာ။ ကိုယ့်အိတ်ထဲမှာလည်း အလုပ်က ယူနီဖောင်းနှင့်။ အိတ်က ခပ်လေးလေး။ ပြီးတော့ ထမ်းထားရသောတာဝန်များ။ ဘ၀အတွက်ကျန်နေသေးသော အလုပ်တာဝန်များ။ မိသားစု အတွက်၊ ဘာအတွက်၊ ညာအတွက်။ နောက်ဆုံးပြန်ချုံလိုက်သည့်အခါ စလုံးလေးထမ်းထားရသည့် တာဝန်က မဖြစ်မနေဟု ဆိုသောကြောင့်သာ ထမ်းနေရပြီး ကိုယ်ကျတော့ ဘယ်သူမှ မဖြစ်မနေဟု မပြောဘဲနှင့်ကို ကိုယ့်ဘာသာ မဖြစ်မနေ ထမ်းနေရသောအခါ အရွယ်၊ တာဝန်ဆိုသည်မှာ ယူသင့်ယူထိုက်သည့်အချိန်မှာ ယူကိုယူရမည်ဟု နားလည်ရင်း စလုံးလေးကို သနားနေရာမှ ကိုယ့်ကိုယ်ကိုသာ ပြန်သနားနေမိတော့သည်။ ( မေလ ၄ ရက်၊ ၂၀၁၂ ခုနှစ်)

ဆူးသစ်
၁၉း၃၆ နာရီ
၁၂.၈.၂၀၁၂
၁၉း၃၆ နာရီ
၁၂.၈.၂၀၁၂
6 comments:
ကိုယ့်ကို ကိုယ်သနားသင့်တယ်
လူသားတိုင်း အချိန်ကာလ နေရာဒေသအပေါ်မူတည်ပြီး ထိုက်သင့်တဲ့တာဝန် ကိုယ်စီတော့ယူသင့်တယ်ဆူးသစ်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဒီလိုနဲ့ တစ်ရက်ပြိး တစ်ရက် တစ်နေ့ပြီး တစ်နေ့ ..ဖြတ်ကျော်နေရတယ်အကို....
ကိုယ့်ဘာသာ မဖြစ်မနေ ထမ်းနေရသောအခါ အရွယ်၊ တာဝန်ဆိုသည်မှာ ယူသင့်ယူထိုက်သည့်အချိန်မှာ ယူကိုယူရမည်တဲ့မှတ်သားသွားပါတယ်နော်
ကိုယ့်ဘာသာ မဖြစ်မနေ ထမ်းနေရသောအခါ အရွယ်၊ တာဝန်ဆိုသည်မှာ ယူသင့်ယူထိုက်သည့်အချိန်မှာ ယူကိုယူရမည်တဲ့မှတ်သားသွားပါတယ်
အစ်ကို့ စတေးတပ်လေးတွေက စဉ်းစားစရာတွေ ပေးတယ်နော်....
ဟုတ်တယ် ကန်ဒီလည်း မြန်မာကားတခုမှာတွေ့ဖူးတယ်.. မင်းသားကို ပြောရမယ့် စကားရွတ်ပေးနေတာ... တော်တော်လေသွားတယ် >.<
Post a Comment