Showing posts with label အတိုဆုံးဝတ္ထု. Show all posts
Showing posts with label အတိုဆုံးဝတ္ထု. Show all posts

Tuesday, February 8, 2011

"လျှို့ဝှက်စွာစီးသော ဆန်ရေ"


နေတွဋ်ကို ကျွန်တော် အပါအ၀င် သူငယ်ချင်းများ တော်တော် ခင်ကြသည်။ တစ်ဖက်သား မနစ်နာအောင် စတတ်၊ နောက်တတ၊် ရယ်စရာ ပြောတတ်သောကြောင့် ဖြစ်၏။ သူ အစအနောက် သန်ပုံက လူကြီးမိဘတွေပင် အောချ ရသည်။ သူ့ပုံကို ကြည့်လျှင်လည်း သူ့မိသားစုနှင့် ပတ်သက်ပြီး ဘာမျှ ခံစားချက်ရှိသည့်ပုံ မပေါ်။

တစ်ခါသော် မထင်မှတ်ဘဲ သူ့အမေဆုံးသွား၏။ သူ့အမေ အသုဘချစဉ်မှာတော့ သူငိုသည်။ ကျွန်တော် အနားမှ နှစ်သိမ့်မိ၏။ သူငယ်ချင်းအတွက် စိတ်မကောင်း။ အသုဘ ရက်မလည်ခင် ညဘက်ဆိုလျှင် ကျွန်တော်တို့လို ရပ်ကွက်ထဲက သူငယ်ချင်းများနှင့် သူနှင့် ခင်သော တက္ကသိုလ်မှ သူငယ်ချင်းများ အသုဘကို ရောက်ကြ၍ သူနှင့် စကားပြောစဉ်မှာတော့ သူ့ပုံက အရင်အတိုင်း သိပ်မပြောင်းလဲသည့်ပုံ။ ကျွန်တော်တို့ ဟိုအကြောင်း၊ သည်အကြောင်း ပြောရင်း ရယ်စရာ၊ နောက်စရာ ရှိလျှင်လည်း စနောက်နေဆဲပင်။ ကျွန်တော်ကတော့ ဒီကောင့်နှယ် အမေဆုံးတာတောင် ပြုံးနိုင်သေးတယ်ဟု တွေးမိ၏။ ရက်လည်ပြီး နောက်ရက်များမှာတော့ နေတွဋ် ပုံစံက ပုံမှန် ပြန်ဖြစ်သွားသည်ဟု ကျွန်တော်တို့ အားလုံးက ထင်လိုက်သည်။

သူ့အမေဆုံးပြီး လအတော်ကြာချိန်မှာ ကျွန်တော်တို့ သူငယ်ချင်းများ ချောင်းသာကို သွားကြသည်။ နေတွဋ် ပါ၍ ပျော်ရ၏။ တစ်လမ်းလုံးလည်း စနောက်ကာ လိုက်လာသည်။ ချောင်းသာရောက်ပြီး တည်းဖို့ ဘန်ဂလိုတစ်လုံး ရ၍ ကျွန်တော်တို့ အဆင်ပြေ သွားသည်။ ရေထဲဆင်းဆော့ချိန် ဆော့၏။ နေတွဋ် က ကောင်မလေးတွေကို စနောက်ရင်း ပျော်နေသည်။ ကျွန်တော်တို့ စိတ်ထဲကတော့ ဒီကောင် အမေဆုံးတာ လပိုင်းပဲ ရှိသေးတယ်၊ မေ့သွားပြီ ထင်တယ်ဟု တွေးမိသေး၏။ ကျွန်တော့်အထင် မှားသွားတာ ညရောက်မှ သိလိုက်ရသည်။

ဘန်ဂလိုရှေ့မှာ ညဘက် ဂစ်တာတီးစဉ် ကျွန်တော်က ထူးအိမ်သင်၏ အမေ့အိမ်သီချင်းနှင့် ဖွင့်မည်ဆိုကာ စတီးစဉ် နေတွဋ်အပြင်းအထန် ကန့်ကွက်သည်။ ဘာဖြစ်လို့လဲ မေးတော့ အမေ့ကို သတိရမိမှာ စိုးလို့တဲ့။ သူတမင် မေ့ထားတာပါလားလို့ တွေးရင်း ကျွန်တော် သီချင်းပြောင်းတီးလိုက်သည်။ နေတွဋ် သီချင်းတွေ လိုက်ဆိုပြန်၏။ ထိုအချိန်မှာပင် ကောင်းကင်မှ ကြယ်တစ်ပွင့် ကြွေသွားသည်။ ကျွန်တော် ကြားဖူးတာ ပြောပြလိုက်၏။

"ကြယ်ကြွေတာတွေ့ရင် လိုချင်တာတစ်ခုကို အမြန်ဆုတောင်းကွ၊ ဆုတောင်းပြည့်တယ်တဲ့"

ကျွန်တော် ထိုသို့ ပြောလိုက်ပြီး စက္ကန့်ပင်မကြာ။ နေတွဋ် ဆုတောင်းသံကို ကြားလိုက်ရသည်။ ထိုဆုတောင်း ကြောင့်ပင် ကျွန်တော့်စိတ်ထဲကို အမည်မသိ ဝေဒနာတစ်မျိုး ဖြတ်စီးသွား၏။ နေတွဋ်က ဆုတောင်းသည်လေ။

"အမေ ကောင်းရာသုဂတိလားပါစေ" တဲ့။

မိဘများက သားသမီးအပေါ်မှာ ထားသော မေတ္တာကို 'စုန်ရေ' ဟု တင်စားကြသည်ကို ကျွန်တော်တို့ ခဏခဏ ကြားဖူးကြသည်။ ထို 'စုန်ရေ' တို့၏ အောက်မှ အပြန်အလှန် လျှို့ဝှက်စွာစီးသော 'ဆန်ရေ' များ ရှိနေသည်ကိုလည်း နေတွဋ်က သက်သေပြနေသလို ကျွန်တော်တို့ ခံစားလိုက်ရသည်။ ။

သားလတ်
အတွဲ(၁)၊ အမှတ်(၁၉)၊ ၁၉၉၉ခုနှစ်၊ သြဂုတ်လ(၁၂)ရက်

ထူးခြားဂျာနယ်

Tuesday, January 18, 2011

"ဤအပြစ်မှလွဲ၍"


မခင်ငြိမ်းက ဈေးထဲမှာ ကုန်စိမ်းရောင်းသည်။ သူ့ယောက်ျား ကိုဘသောင်းက ဆိုက်ကားနင်းသည်။ ကိုယ်ပိုင် မဟုတ်။ အုံနာ ရှိ၏။ ကလေးက လေးယောက်ရှိသည်။ အကြီးဆုံးသမီးက ကိုးတန်းကျောင်းသူ၊ ဒုတိယ သမီးက ရှစ်တန်းကျောင်းသူ၊ တတိယသားက လေးတန်း၊ အငယ်ဆုံးက နှစ်တန်း ဖြစ်၏။ သည်သမီးတွေ သားတွေ ကျောင်းထားနိုင်ဖို့ မခင်ငြိမ်းတို့ လင်မယားနှစ်ယောက် အပြင်းအထန် ရုန်းကန်ရသည်။ ဒါတောင် အ၀တ်အစားက အစ ကျောင်းစာအုပ်များ အဆုံး အကြီးမှ အငယ် ရိုရိုသေသေ ပြောင်းသုံး ခဲ့၍သာ တော်တော့သည်။ သည်ပုံစံ နှင့်ပင် သူတို့ မိသားစုလေး လည်ပတ်နေ၏။

တစ်နေ့မှာတော့ သူ့သားသမီးများ သူ့နားကပ်လာ၏။ ပြီးတော့ သူတို့မှာ ပါလာသော ပညာရည် တိုးတက်မှု မှတ်တမ်းများကို ထုတ်ပြ၏။ လပတ်စာမေးပွဲအတွက်ဟု မခင်ငြိမ်း နားလည်၏။ တစ်ယောက်ချင်းစီ ယူကြည့် လိုက်သည်။ တစ်ယောက်ကို နှစ်ဘာသာ၊ သုံးဘာသာ စီလောက် ကျနေ၏။ သူ စိတ်မကောင်း၊ ထိုစဉ်မှာပင် သမီးကြီးက စပြော၏။

" အမေ - သမီးတို့ ဆရာမတွေက တစ်ဘာသာ ကျရင် နှစ်ဆယ် ပေးရမယ်တဲ့"

မခင်ငြိမ်း မျက်လုံးပြူးသွားသည်။ ကျန်သားသမီးတွေကပါ သားတို့သမီးတို့လည်း အတူတူပဲဟု ၀ိုင်းပြော၏။ သူ အံ့သြသွားသည်။

"နေပါဦး၊ သားတို့သမီးတို့ ဆရာမတွေက အဲဒီငွေတွေရရင် ဘာလုပ်မှာလဲ"

"နှစ်ဆုံးရင် အတန်းထဲမှာ လိုတာဝယ်မယ်၊ ဒါမှမဟုတ် တစ်ခုခု လုပ်မယ်တဲ့"

မခင်ငြိမ်း သက်ပြင်းချလိုက်သည်။ သူ့ကလေးများ ကျသည့် ဘာသာတိုင်းအတွက် ပေးရမည့် စရိတ်က သူတို့ လင်မယား တစ်နေ့ဝင်ငွေလောက် ရှိသည်။ ကလေးများ စာမေးပွဲကျသည်ဟု သိစဉ်က စိတ်မကောင်းသည် ထက် ကလေးတွေကို စာမေးပွဲကျ၍ ပြစ်ဒဏ်ချလိုက်သော ဆရာ၊ ဆရာမများ၏ ပြစ်ဒဏ်ကို ကြားရသော အခါ ဖြစ်ရသော စိတ်မကောင်းခြင်းက ပိုဆိုး၏။ စိတ်ထဲကတော့ ကလေးတွေ မကြားအောင် ပြောနေ မိသည်။

"ကလေးတွေကို စာမေးပွဲကျရင် ဒီအပြစ်ကလွဲလို့ ကြိုက်တဲ့အပြစ် ပေးပါလား ဆရာ၊ ဆရာမတို့ရယ်" ဟု။ ။

သားလတ်

(ထူးခြားဂျာနယ်၊ အတွဲ ၁ - အမှတ် ၁၂၊ ၁၉၉၉ ခုနှစ်၊ ဇွန်လ ၂၄ ရက်)

Monday, January 17, 2011

"အချိုရည်ဘူးလေးတစ်ဘူး"


ကျွန်တော့်ဦးလေး အပြင်က ပြန်လာစဉ်မှာ လမ်းမှာတွေ့သည့် အမေ့ မိတ်ဆွေ တစ်ယောက်က အမေသောက်ဖို့ မန်ကျည်းနှင့် လုပ်ထားသော ဖျော်ရည် ဘူးသေးလေး တစ်ဘူး လက်ဆောင် ပေးလိုက် သည်ဟု ဆိုကာ ကျွန်တော်တို့ ထမင်းစားပွဲပေါ်မှာ တင်ထား၏။ ထိုဘူးလေးကို အမေသောက်မှာပဲ ဆိုသည့် အတွေးနှင့် ကျွန်တော်တို့ မသောက်ခဲ့။ နောက်လေးငါးရက် အကြာ ထိုဘူးလေးက သည်အတိုင်း။ တကယ်ဆို အိမ်မှာ အဖေ၊ အမေ၊ ကျွန်တော့် အစ်ကိုနှင့် သူ့မိန်းမ၊ ကျွန်တော့်ညီနှင့် အဖေ့ညီ ကျွန်တော်တို့ ဦးလေး စသည်ဖြင့် အားလုံးက သည်ဘူးလေးကို နေ့တိုင်း မိုးလင်း၊ မိုးချုပ် တွေ့နေရ၏။ ထူးခြားတာက ဘယ်သူမျှ သောက်ပါမည်ဟု စကား မဟကြခြင်းပင်။ အားလုံးက အမေ့အတွက်ဟု ရည်ရွယ်ထား၍ မသောက်ကြခြင်းပါ။ သို့သော် အမေကလည်း ဘာကြောင့် မသောက်သေးလဲ ကျွန်တော်တို့ မသိ။

တစ်ပတ်လောက်ကြာပြီး တစ်ညနေမှာ အမေက "ဒီလောက်ကြာနေတာ သောက်လိုက်ကြတော့လေ" ဟု ဆိုတော့ ကျွန်တော်တို့က "အမေသောက်ဖို့ ထား ထားတာလေ" ဟု ပြန်ပြောကြသည်။ ထိုအခါ အမေက   "အမေတစ်ယောက်တည်း မကုန်ပါဘူး၊ လာ - တစ်ယောက် တစ်ငုံ သောက်မယ်" ဟု ဆိုမှ အမေက သူ တစ်ယောက်တည်း မသောက်ချင်ဘဲ အားလုံးကို မျှတ၍ သောက်စေချင်တာ ကျွန်တော်တို့ နားလည် လိုက်သည်။ ကျန်သူတွေက မသောက်ကြသော်လည်း အမေကျေနပ်အောင် ကျွန်တော်နှင့် ကျွန်တော့် ညီက ရောပြီး သောက်ပေးလိုက်ပါသည်။

တကယ်တော့ ကျွန်တော်တို့ အခြေအနေက သည်လို ဖျော်ရည်ဘူးလေး တစ်ဘူးကို မျှတပြီး သောက် ရလောက်သည့် အခြေအနေ မဟုတ်။ ကျွန်တော်တို့ မိသားစု၏ တစ်ယောက် အပေါ် တစ်ယောက်က နားလည်စွာ ထားသော သို့မဟုတ် လျှို့ဝှက်စွာ ရှိနေသော မေတ္တာ၊ စေတနာကြောင့်သာ ဖျော်ရည်ဘူးလေး တစ်ဘူးကို သူသောက်၊ ငါသောက် လုပ်နေကြခြင်းပင်။ သည်လို သောက်လိုက်တော့မှ တီဗွီထဲမှာ ခဏ ခဏ လာနေသော ကြော်ငြာတွေ ထဲက အချိုရည်ပုလင်း ကြော်ငြာတစ်ခုမှာ ထမင်းစားပွဲပေါ် တင်ထားသော အချိုရည်ပုလင်း တစ်လုံးကို မိသားစုထဲက တွေ့သမျှလူ သောက်ချသွားတာ သတိရသည်။ ကြော်ငြာ ကတော့ အချိုရည် ပုလင်း၏ ဆွဲဆောင်မှုကို ပြခြင်းပါ။

ကျွန်တော်တွေးမိသည်က ကျွန်တော်တို့ မိသားစု ပုံစံသာ ဆိုလျှင် သည်လို ကြော်ငြာပုံစံမျိုး ရိုက်လို့ရမှာ မဟုတ်။ ဟုတ်သည်လေ။ ထမင်းစားပွဲပေါ်က အချိုရည်ဘူးလေး တစ်ဘူးကိုပင် ကျွန်တော်တို့မှာ မတို့ရက်၊ မထိရက် ဖြစ်နေရသည် မဟုတ်လား။

ဘာပဲဖြစ်ဖြစ် ထိုညနေက ဖျော်ရည်ဘူးထဲမှာ ပါသော မန်ကျည်းဖျော်ရည်၏ အရသာသည် ကျွန်တော်တို့ လျှာဖျားမှာ အလွန် အရသာရှိခဲ့သည်က အမှန်ပင်။ ပြီးတော့ သည်ဖျော်ရည်ဘူးလေးမှာ ထူးခြားမှုတွေ ရှိနေသည်ကို ကျွန်တော် သိလိုက်ရ၏။ မန်ကျည်းဖျော်ရည် ဖြစ်လျက် မချဉ်ဘဲနှင့် ရင်ထဲကို ချိုဆင်းသွားတာက ထူးခြားမှု တစ်ခု၊ မသောက်ရသူတွေ၏ ရင်ထဲမှာလည်း သောက်ရသလို ပြည့်ဝ သွားတာက ထူးခြားမှု တစ်ခု။ ။


သားလတ်
၂၁.၁၂.၁၉၉၉

(ထူးခြားဂျာနယ်၊ အတွဲ ၁ - အမှတ် ၄၂၊ ၂၀၀၀ပြည့်နှစ်၊ ဇန်န၀ါရီလ ၂၀ ရက်)
Related Posts Plugin for WordPress, Blogger...