Saturday, April 27, 2013

" ပျင်းချက်က လန်ထွက်တယ် "



ကျွန်တော်တို့ ငယ်ငယ်က ကြားဖူးသည်။ အပျင်းပြိုင်သော ပုံပြင်အကြောင်း။ ပြိုင်ရမှာတောင် ပျင်းသည်ဆိုသော သူများ။

သည်ဘက်ခေတ်ကျတော့ နည်းနည်းပြောင်းလဲ လာသည်ထင်သည်။ ပျင်းတာကို နည်းပေါင်းစုံဖြင့် အဓိပ္ပါယ် ဖော်နေကြသည်။

တလောက ကျွန်တော်တို့ အလုပ်ထဲက မြန်မာလေးများနှင့် စကားစပ်မိပြီး ပြောကြတော့ သူတို့ အဆောင်က တချို့ပျင်းပုံကို သိရသည်။

မြန်မာတစ်ယောက်ဆိုလျှင် ပျင်းပုံကကြည့်။ အိပ်နေရင်းမှာပင် ဟိုဘက်သည်ဘက် လှည့်ရမှာ ပျင်း၍ အိပ်ပြီဆိုတာနှင့် လုံးဝ မလှည့်ပါ ဟုဆိုသည်။ ကျွန်တော်ဆို နားထောင်ရင်း ပြုံးမိသည်။ တော်တော်ပြောင် သည့်ကောင်ဟု ထင်မိ၏။

သည်တစ်ပတ်ထဲမှာ Working at Height Course for Supervisor သင်တန်းသွားတက်ရသည်။ သင်တန်းမှာ သင်တန်းဆရာက လာတက်သူတွေထဲက ဘင်္ဂလားလေး တစ်ယောက်ကို မေးခွန်း တစ်ခွန်း မေးသည်။ တကယ်တော့ သင်တန်းဆရာက ဥပမာ ထင်ရှားစေချင်၍ပါ။ သူမေးသည့် မေးခွန်းကိုကြည့်။

" မင်းက ကိုယ့်ဘာသာ သတ်သေချင်လောက်အောင် ဖြစ်နေတဲ့အချိန်မှာ မင်းကို မေးခွန်းနှစ်ခု မေးမယ်။ ကိုယ့်ဘာသာ အဆိပ် သောက်သေမလား။ ဒါမှမဟုတ် Marina Bay Sands ပေါ်က ခုန်ချပြီး သေမလား "

ကျွန်တော်တို့ ရယ်ကြသည်။ ကြည့်ဦးလေ။ သူ့ခမျာ သေတာတောင် အဆိပ်သောက်သေရန်နှင့် အထပ်ပေါင်း ၅၇ ထပ်ဖြင့် ၁၉၄ မီတာရှိသည့် တော်တော်မြင့်သည့် Marian Bay Sands လို အဆောက်အအုံပေါ်က ခုန်ချသေရန်တဲ့။

ထိုဘင်္ဂလားကြီးကြပ်ရေးမှူးကလေး စဉ်းစားရှာသည်။ ကျွန်တော်တို့က သင်တန်းဆရာ ဆိုလိုချင်သည့် အဓိပ္ပါယ်ကို နားလည်သည်။ သူပြောချင်သည်က အကယ်၍ အဆိပ်သောက်သေလျှင် ခန္ဓာကိုယ် အတွင်းပိုင်းသာ ပူလောင်၍ သေလိမ့်မည်။ အပြင်ဘက်ကို ထိခိုက်မှု မရှိနိုင်။

သို့သော် Marina Bay Sands ကိုတက်၍ ခုန်ချပြီး သေလျှင်တော့ တွေးဝံ့စရာ မရှိ။ ကျိုးပဲ့ ပြတ်ထွက် ကုန်မည်။ ထို့ကြောင့် အမြင့်မှ ပြုတ်ကျသည့်အခါ မည်သည့်အရာမျှ မကောင်း။ သေချင်သည့်တိုင် အမြင့်မှပြုတ်ကျ၍ သေခြင်းက ရစရာမရှိအောင် စုတ်ပြတ်သတ်သွားနိုင်၍ ရိုးရိုးအလုပ်လုပ်လျှင်ပင် အမြင့်မှာလုပ်တိုင်း သတိပြုသင့်သည် ဆိုသောအချက်ကို ပေါ်လွင်စေချင်သောကြောင့် ထိုမေးခွန်း မျိုး  မေးခြင်းဖြစ်သည်။

ထိုအခါ ဘင်္ဂလားလေးက စဉ်းစားပါသည်။ ပြီးတော့ ဆရာက ဖြေစေချင်သည့် အဖြေကိုပဲ သူဖြေပါသည်။

" အဆိပ်သောက် သေမယ် "

ဆရာရော ကျွန်တော်တို့ပါ သဘောကျသွားသည်။ ဘင်္ဂလားလေးသည် ဆရာရှင်းပြသည်ကို သဘောပေါက်သားပဲ ဟု တွေးမိ၏။ သည်တော့ ဆရာက သူ့ဆိုလိုရင်းကို သင်တန်းသားများ နားလည်စေရန် ဆွဲ၍ မေးသည်။

" ဒါဆို မင်းဆိုလိုတဲ့ သဘောက အဆိပ်သောက် သေတာဟာ အမြင့်က ပြုတ်ကျပြီး သေတာထက် ပိုပြီး ညင်ညင်သာသာ ရှိတယ်ဆိုတဲ့ သဘောပေါ့ "

ဆရာက ထိုသို့မေးစဉ်မှာပဲ ဘင်္ဂလားလေးက အားကြိုးမာန်တက် ဖြေရှာပါသည်။

" Marina Bay က အမြင့်ကြီး။ အပေါ်တစ်ခေါက်တက်ဖို့က လွယ်တာမဟုတ်ဘူး။ အချိန် တော်တော်ယူရတာ။ တက်ပြီးတော့လည်း ပြန်ခုန်ချ ဆိုတော့ တော်တော် ပင်ပန်းတာ "

ဘင်္ဂလားလေး အဖြေကို ကြားပြီး ကျွန်တော်တို့ အရယ်ကို ရပ်လို့မရတော့။ မရပ်ဘဲ နေပါ့မလား။ သူ့အဖြေက Working at Height သင်တန်းမှာ ရှိနေသော ကျွန်တော်တို့ ဆရာ၏ ဥပမာကို တေ့တေ့ဆိုင်ဆိုင် ဆန့်ကျင်သွားသလို သေရမှာတောင် တော်တော်မြင့်၍ မတက်ချင်ဘဲ လွယ်သည့် သေနည်းမျိုးဖြင့် သေချင်သည့် သဘာဝကို သဘောကျမိ၍ပါ။

ရှေ့က ကြားဖူးခဲ့သည့် အပျင်းသမားများကြားလျှင်တော့ လက်မြှောက် အရှုံးပေးရပေလိမ့်မည်။

ခေတ်စကားနှင့် ပြောရလျှင်တော့ ပျင်းချက်က လန်ထွက်နေသည် ဟု ဆိုရမည်။               ။

သားလတ်
၂၀း၂၂ နာရီ
၂၇.၄.၂၀၁၃

Tuesday, April 23, 2013

" သင်တာလည်း သင်ပါ "



" မင်္ဂလာပါ "

ကျွန်တော့်ကို မြင်သည့် စင်ကာပူနိုင်ငံသားစစ်စစ် တရုတ်ကြီးတစ်ယောက်က တွေ့တိုင်း ထိုသို့ နှုတ်ဆက် သည်။ ကျွန်တော်ကလည်း သူ့ကို ပြန်နှုတ်ဆက်သည်။ မင်္ဂလာပါ ဟု။

ဘယ်လောက်ကောင်းပါသနည်း။ ပြီးတော့ သူက ပြောသေးသည်။ " စားပြီးပြီလား " ဟု။ " စားပြီးပြီ " ဟုလည်း သူ့ဘာသာ ဆက်ဖြေသည်။ ကျွန်တော် မဖြေရ။ ကျွန်တော် ရယ်မိသည်။ ဟုတ်သည်လေ။ သူ့ဘာသာမေး၊ သူ့ဘာသာဖြေနှင့် ဟန်ကိုကျလို့။ သူမြန်မာစကား နည်းနည်းတတ်နေပြီပဲ ဟု ကျွန်တော် အသိအမှတ်ပြုဖြစ်သည်။

သူက သူတတ်တာလေးတွေကို ကျွန်တော့်ကို ပြောပြသေးသည်။ " နေကောင်းလား " " ကောင်းတယ် " ဟုဆိုသည်။ ကျွန်တော် ရယ်မိပြန်သည်။ သူ့ဘာသာ ပြော၊ သူ့ဘာသာ ဖြေချည်းသာ လုပ်နေ၍ သဘောကျမိသည်။ နိုင်ငံခြားသား ဆိုသည်က ထိုသို့ပင်။ တခြားနိုင်ငံသား၏ စကားကို နည်းနည်းတတ်လျှင် ပြောကြည့်ချင်သည်။

ကျွန်တော်က ဘေးအန္တရာယ်ကင်းရှင်းရေး ၀န်ထမ်းတစ်ဦးမို့ ကျွန်တော်နှင့်ခင်သော ဘေးကင်းရေး ၀န်ထမ်းများက မြန်မာစကားကို သိချင်ကြသည်။ အထူးသဖြင့် စင်ကာပူနိုင်ငံသားများ။ ကျွန်တော်တို့အခေါ် စလုံးများ။

ကျွန်တော့်ကို Friend ကို ဘယ်လိုခေါ်သလဲ လာမေးသည်။ သူငယ်ချင်း ဟု ဆိုတော့ တွေ့တိုင်း သူငယ်ချင်း ဟုသာ ဆိုကြသည်။ နေကောင်းလားကိုလည်း သူတို့တတ်လွယ်သည်။ သူတို့ဘာသာ ဥာဏ်ကူ တတ်လျှင်တော့ သိပ်မပြောရဘဲ နားလည်သွားသည်။ ကျွန်တော့်ကို သူငယ်ချင်းဟု ခေါ်သော စလုံးဆိုလျှင် နောက်တစ်ခါတွေ့တိုင်း သူငယ်ချင်း နေကောင်းလား ဟု မေးတတ်သည်။ အဆင်ပြေလှ၏။

နောက် စလုံး တစ်ယောက်ကတော့ မင်္ဂလာပါ ကိုထပ်ခါတလဲလဲ ပြော၍ ကျွန်တော့်ကို နောက်တတ်သည်။ သူက စနှုတ်ဆက်၍ မင်္ဂလာပါ ဟု ဆိုသောအခါ ကျွန်တော်က မင်္ဂလာပါဟု ပြန်ဖြေလျှင် သူက မင်္ဂလာပါ ဟု နောက်တစ်ခေါက် ထပ်ပြောလေသည်။ ကျွန်တော် ရယ်ရတော့၏။ သူက စားပြီးပြီလား ကို တတ်ချင်၍ မေးသောအခါ ကျွန်တော်က သင်ပေးခဲ့၏။ ထမင်းကို ထပ်ပေါင်းထည့်ရန် သင်ပေးသောအခါ သူခေါင်းရှုပ်သွားပြီး ခေါင်းတရမ်းရမ်း ဖြစ်နေသည်ကို တွေ့ခဲ့ရကာ ကျွန်တော် ရယ်ခဲ့မိတော့သည်။

ကျွန်တော် ဂျပန်နိုင်ငံကို ခဏရောက်စဉ်က ဂျပန်လေးတစ်ယောက်က ကျွန်တော်တို့ မြန်မာစကားကို သင်ချင်သည်။ သူချစ်သော ဂျပန်မလေးကို မြန်မာလို ရည်းစားစကား ပြောချင်၍ပါတဲ့။ ငါ တို့၊ မင်း တို့ကို သင်ပေးပြီး ချစ်တယ် ဆိုသောစကားကို ပြောတတ်သောအခါ သူ့ကောင်မလေးက သူ့ထက်ငယ်၍ ညီမလေး ဆိုသော အခေါ်နှင့် ကိုကိုဆိုသော အခေါ်ကိုပါ တစ်ခါတည်း သင်ပေးခဲ့ရ၏။ သူကတော့ ဥာဏ်ပြေးသည်မို့ ကိုကို ညီမလေးကို ချစ်တယ် ဆိုသော စကားကို ကျွန်တော်တို့ မစီပေးရဘဲ တစ်ခါတည်း ရသွားလေတော့သည်။

သူ့လိုမဟုတ်ဘဲ မြန်မာပြည်က နိုင်ငံခြား ဘာသာတက္ကသိုလ်မှာ မြန်မာစာ အဓိကနှင့် ကျောင်းပြီးခဲ့သော၊ ကိုထင်ကျော် ဆိုသည့်နာမည်နှင့် ဂျပန်တစ်ယောက်ကတော့ ဂျပန်မှာ ကျွန်တော်တို့ကို ဘာသာပြန်ပြရင်း နွားမကို အခေါ်မေ့နေလေရာ သူဘာသာပြန်လိုက်ပုံကား တော်တော်လှ၏။ ကျွန်တော်တို့က မ သတ္တ၀ါဟု သတ်မှတ်သည်ကို သူက အမျိုးသမီးကိုသာ မှတ်မိပြီး မ ကို မေ့နေလေရာ နွားမကို သူခေါ်လိုက်ပုံကား နွားအမျိုးသမီး ဟူသတည်း။ ကျွန်တော်တို့ ရယ်ရသည်မှာ ရပ်လို့ကို မရတော့။

စင်ကာပူမှာ ကျွန်တော်တို့ အလုပ်ထဲက အနားဒူရေး ဆိုသော အိန္ဒိယနိုင်ငံသား အလုပ်သမားလေး တစ်ဦး မြန်မာစကား တတ်သည်ကတော့ ထူးခြား၏။ သင်ပေးရ လွယ်သည်။ မြန်မာများနှင့် အလုပ်လုပ်တာကြာ၍ သူကလည်း သင်ခိုင်းရာ သူ့နာမည်ကိုပင် မြန်မာလို ရေးနိုင်၏။ သူ့အကြောင်းကို အနားဒူရေး ဆိုသော ခေါင်းစဉ်ဖြင့် ကျွန်တော်ပို့စ်တင်ခဲ့ဖူးသည်။

သူကျတော့ မြန်မာစကား တတ်၍ ပိုခင်ဖို့ကောင်းသော်ငြား သူ့ကို သင်ပေးသူများက ဘယ်လို သင်ပေးလိုက်သည်မသိ။ ယောက်ဖ တို့၊ ငါ-မသား တို့၊ သောက်ခွက် ဖြတ်ရိုက်ပစ်လိုက်မယ် တို့ပါ တတ်သွားလေရာ ကျွန်တော်ကတော့ မကြိုက်ချင်လှပေ။ သို့သော် သူ့အမှား မဟုတ်။ ကျွန်တော်တို့ မြန်မာများ ဘက်က သင်ပေးခဲ့သူများက မသင်သင့်တာကို သင်ပေးခဲ့၍သာ ဖြစ်သည်ဟု ကျွန်တော်ထင်ပါသည်။

တချို့စလုံးများ ကျွန်တော့်ကို ညစ်တီးညစ်ပတ် မြန်မာစကားများ သင်ခိုင်းပါသည်။ သူတို့ ကြိုက်သော မြန်မာမလေးများနှင့် ဆုံလျှင် ပြောဖို့ပါတဲ့။ ကျွန်တော် သင်မပေးပါ။ ဆဲသော စကားများ သင်ခိုင်းပါသည်။ ကျွန်တော် သင်မပေးပါ။ ငါတို့ လူရှေ့သူရှေ့မှာ အဲဒီလို စကား သုံးခဲတယ်ဟု ပြောခဲ့၏။

ကျွန်တော်နှင့် ခင်သော ဖိလစ်ပိုင်တစ်ယောက်ကတော့ ဘယ်သူသင်ပေးလိုက်သည် မသိ။ ယောကျာ်းလေး အင်္ဂါကို ချစ်စနိုးခေါ်သော အမည်ကို အလွတ်ရနေတော့သည်။ သူကသူ့ဘာသာ ရနေလျှင် ပြဿနာ မရှိသော်လည်း တစ်ယောက်ယောက်ကို နာမည်ခေါ်ပြီးတိုင်း နောက်က ထိုအမည်ကြီး ကိုပါ ခေါ်ပြီး နောက်တတ်ရာ ကျွန်တော်တို့မှာ စိတ်ဆိုးရ အခက်၊ ရယ်ရအခက်သာ ဖြစ်လို့နေတော့သည်။
ကျွန်တော့်ကိုလည်း နာမည်ခေါ်ပြီး ထိုသို့ နောက်တတ်၏။ ကျွန်တော်ကတော့ ထိုသို့ခေါ်တိုင်း တွန့်သွားတတ်၏။ ဒါမျိုးသာ ပင်နီဆူလာမှာ လာခေါ်လျှင် ခက်ရချည်ရဲ့။ အလုပ်ထဲမှာတော့ ပျင်းနေလျှင် ရံဖန်ရံခါ ရယ်ကြသည်ပေါ့။

သည်တော့ ကျွန်တော် စဉ်းစားကြည့်သည်။ လူမျိုးခြား တချို့က ကျွန်တော်တို့ ဘာသာစကားကို စိတ်ဝင်စားစွာဖြင့် မေးလာခဲ့လျှင် ကျွန်တော်တို့ မည်သို့သော စကားများကို သင်ပေးမည်နည်း။ မင်္ဂလာပါ၊ နေကောင်းလား၊ စားပြီးပြီလား စသော စကားများက ကျက်သရေ ရှိသလောက် ငါ-မသားဟု ဆဲသောစကားမျိုး၊ ယောကျာ်းလေး အင်္ဂါကို ခေါ်သော စကားမျိုးကို သင်ပေးမိလျှင်တော့ သူတို့ ဘုမသိ၊ ဘမသိပဲ ပြောပြော၊ သိသိနှင့် ပြောပြော ကျွန်တော်တို့ မြန်မာများအတွက် အကျိုးရှိစရာ မမြင်မိပါ။

ထို့ကြောင့် နိုင်ငံခြားသားများ မြန်မာစကား တတ်ချင်လျှင် သင်ချင်လျှင် သင်ပေးပါ။ သို့သော် ကိုယ့်လူမျိုး၏ ယဉ်ကျေးမှုနှင့် ဂုဏ်သိက္ခာကို ထိန်းသောအားဖြင့် ကောင်းသော စကားများသာ သင်ပေးသင့်သည်ဟု အကြံပြုချင်ပါတော့သည်။             ။

ဆူးသစ်
၂၀း၅၃ နာရီ
၂၃.၄.၂၀၁၃


Tuesday, April 16, 2013

" Facebook ပေါ်က ကျွန်တော့် Status များ " ( ၉ )


 +                  ထပ်တော့ပြောရပေဦးတော့မည်။ ကျွန်တော်လည်း ဘာကောင်မျှမဟုတ်ပါ။ သို့သော် ကျွန်တော့်ကို ယခု Facebook ကြီးထဲတွင် လာ၍ဖိတ်သူများကို လူမသိ၍ ဓာတ်ပုံလေးပါလျှင် လက်ခံနိုင်သော်လည်း  ဓာတ်ပုံမပါပါက ၀တ်မှုန်ရွှေရည်၊ သက်မွန်မြင့်နှင့် မိုးယုစံဆိုလည်း Sorry ပါဟုသာ ပြန်ကြားလိုပါသည်။ ကျွန်တော့်အတွက် သည်နေရာမှာ သူငယ်ချင်းအများကြီး ရှိနေဖို့ မလိုအပ်ပါ။ သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းများသာ ရှိနေဖို့ မျှော်လင့်ပါသည်။ ကိုယ့်ရုပ်ကိုယ်တောင် သူများ မပြချင်ဘဲနှင့်တော့ မိတ်ဆွေလာ၍ ဖွဲ့မနေပါနှင့်။ ကိုယ့်ဘာသာ ဘလော့တစ်ခုဖွင့်၍ ပို့စ်သာရေးနေခြင်းက ပိုကောင်းမည် ထင်ပါသည်။ ကိုယ့်ရုပ်ကိုယ်တောင် မပြချင်သောသူသည် သူများ အတွက် မိတ်ဆွေကောင်း ဖြစ်လာနိုင်မည်ဟုလည်း ကျွန်တော် မထင်မိပါ။ ( ဇူလိုင်လ ၂၀ ရက်၊ ၂၀၁၂ ခုနှစ်)

+                      " အဲဒါနဲ့ဟယ်........ငါ့အဒေါ်က ဟိုမှာ တစ်ခါတည်းနေတော့မယ် ဆိုပြီး ငါ့ဦးလေးက
အသည်းတွေကွဲပြီး ဗိုက်တစ်လုံးနဲ့ကျန်ခဲ့တယ်။"
"ဘာ......နင့်ဦးလေးက ယောကျာ်းအရင့်အမာကြီးဖြစ်ပြီး ဘာကိစ္စဗိုက်တစ်လုံးနဲ့ကျန်ခဲ့ရတာလဲ။"
"ဟာ....ငါ့အဒေါ်ကိုလွမ်းပြီး ဘီယာတွေသောက်ပြီး ဗိုက်တစ်လုံးနဲ့ကျန်ခဲ့တာကို ပြောတာဟဲ့။"

"လွမ်းစိမ့်" ဇာတ်ကားမှ - GTC ကျောင်းသူလေးများ စကားပြော ဇာတ်ဝင်ခန်းမှ
( ဇူလိုင်လ ၂၃ ရက်၊ ၂၀၁၂ ခုနှစ် )

+                     အဖေက ကျွန်တော့်တစ်သက် နီးပါး ရှာဖွေကျွေးမွေးခဲ့သည်။ အမေက ကျွန်တော့်တစ်သက် နီးပါး ရှာဖွေကျွေးမွေးရုံမက ချက်ပြုတ်ကျွေးမွေးခဲ့ပြန်သည်။ အဖေနှင့်အမေက ကျွန်တော့်တစ်သက်မှာ သူတို့ပင်ပန်းမှုကို သားသမီးများအတွက်ဖြစ်၍ ကျေကျေနပ်နပ်ကြီး ခံစားတတ်ခဲ့ကြဟန်တူသည်။ မနေ့တစ်နေ့ကမှ စင်ကာပူရောက်ပြီး မနက်ငါးနာရီလောက်ထ၊ ညမိုးချုပ်ပြန်ရောက်တတ် သည်ကိုပင် တော်တော် ပင်ပန်းသည်ဟု ထင်မိသော ကျွန်တော်သည်ကိုယ့်ကိုယ်ကိုတော့ ရှက်မိပါသည်။ အဖေနှင့်အမေ ဖြတ်သန်းခဲ့သော ခရီးနှင့် နှိုင်းယှဉ်ပါက ကိုယ့်ခရီးက ဘာမျှမဟုတ်တာ ကိုယ့်ဘာသာ သိနေသည်ပဲ။ ( ဇူလိုင်လ ၃၁ ရက်၊ ၂၀၁၂ ခုနှစ် )

+                       ကျွန်တော်စားနေကျ ထမင်းဆိုင်မှာ စလုံး တရုတ်လေးတစ်ယောက်က ထမင်း လာဝယ်စားသည်ကို ကြည့်ပြီး ကျွန်တော် သဘောကျမိသည်။ သူက ငါတို့အစားအစာကို ကြိုက်တာပဲဟု တွေးမိ၏။ ၀က်သားချက်ကိုစားပြီး ငါးချဉ်သုပ်ပင်ပါလိုက်သေးသည်။ စလုံးပေမယ့် မဆိုးဘူးဟု သူ့ကို မှတ်ချက်ချ လိုက်၏။ ထိုနေ့က ထမင်းဆိုင်ကအပြန်မှာ ဘတ်စ်ကားကအဆင်း ရှေ့က စလုံးတရုတ်ကြီးကို ကားဘရိတ်အအုပ်မှာ လက်နှင့် မတော်တဆ သူ့အိတ်ကိုသွားထိမိ၏။ ကားပေါ်ကဆင်းတော့ မကျေ မချမ်းနှင့် လှည့်ကြည့်ပြီး ပွစိပွစိတွေ ပြောသွားသေးသည်။ တော်တော်ဆိုးသည့်စလုံးဟု မှတ်ချက်ချမိပြန် ၏။ နောက်ဆုံးတော့ စလုံးဘာလဲဟု ပြောချင်လျှင် လူအပေါ်မှာသာ မူတည်သည်ဟုကိုယ့်ဘာသာ ခံစားလိုက်ရသည်။ စလုံးတိုင်း ကောင်းချင်မှကောင်းမည်။ ကောင်းသူနှင့်ဆိုးသူ ဆိုသည်မှာ နေရာတိုင်း မှာတော့ ရှိစမြဲဟု ကျွန်တော်နားလည်မိပြန်ပါသည်။ ( ဇူလိုင်လ ၃၁ ရက်၊ ၂၀၁၂ ခုနှစ် )

+                    သည်နေ့အလုပ်ကအပြန် ဘူကုန်းမှ သည်ဘက်ကမ်းကိုအရောက် မိုးက သည်းကြီးမည်းကြီး ရွာသည်။ ဖိနပ်ထဲပင် ရေက၀င်၏။ ဘောင်းဘီအောက်ခြေ အားလုံး စိုရွှဲကုန်သည်။ လွယ်ထားသောအိတ်ပင် တစ်ပိုင်း စိုကုန်၏။ ထမင်းစားတော့ ဆိုင်မှာ လူကအပြည့်။ မိုးက သည်းကောင်းတုန်း။ ကားစီးပြီး အိမ်အပြန်လျှောက်လမ်းမှာ မိုးစက်တို့ ဝေ့ခနဲ လာလာစင်သည်ကို မြင်ရင်း စိတ်က မြန်မာပြည်သို့ ပြန်ရောက်သည်။ ဇနီးသည်သည် လည်းကောင်း၊ မိဘညီအစ်ကိုများသည် လည်းကောင်း အားလုံးသည် မြန်မာပြည်မိုးနှင့်အတူ စီးဝင် နစ်မျောနေလိမ့်မည်ဟု ထင်သည်။ ကိုယ်ကတော့ သူတို့နှင့် အဝေးမှာနေ၍ လာချင်သည့်အခါမှ လာသည့် မိုးနှင့်အတူ မြန်မာပြည်ကို လွမ်းရသည့် အလွမ်းရေစီးမှာ ဆက်မျောနေမိသည်။ ( ဩဂုတ်လ ၃ ရက်၊ ၂၀၁၂ ခုနှစ် )

+    ဒီနေ့ဟာ စင်ကာပူနိုင်ငံရဲ့ National Day ပါခင်ဗျား။ ဂုဏ်ပြုပါကြောင်းနဲ့ စင်ကာပူနိုင်ငံ အဓွန့်ရှည် တည်တံ့ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်းနဲ့ အလုပ်ပိတ်ရက်ဖြစ်လို့ အနားယူခွင့်တစ်ရက်ကို ၀မ်းမြောက်စွာနဲ့ ခံစားလျက်ရှိပါကြောင်း။ ( ဩဂုတ်လ ၉ ရက်၊ ၂၀၁၂ ခုနှစ် )

+ ကိုယ့်ကိုယ်ကို သည်းခံခြင်းတရားတွေ တော်တော်ရင့်ကျက်လာပြီဟု ထင်မိသည်။ တလွဲတွေ လျှောက်မတွေးပါနှင့်ဦး။ တရားထိုင်လို့၊ အသက်ကြီးလာလို့၊ စတာတွေ တစ်ခုမျှ မဟုတ်ပါ။ မြန်မာပြည်ကို ခဏခဏ ဖုန်းခေါ်၊ မိဘတွေနှင့်ပြော၊ ဇနီးသည်နှင့် Skypeကပြော။ သည်လိုနေရင်းမှ ခဏခဏပြုတ်ကျသော ဖုန်းလိုင်း၊ ကြားရလားသာ ကြားရသော ဖုန်းလိုင်းများကို စိတ်ရှည်ရခြင်း၊ ရုပ်ပေါ်အသံပျောက်၊ အသံကြား ရုပ်ပျောက် စသည့် အင်တာနက်လိုင်းများကို စိတ်မရှည်ရှည်အောင် ထိန်းရခြင်း စသည့် သဘောတရားများကနေ တစ်ဆင့် သည်းခံခြင်းတရားကို နားလည်ထိတွေ့ရင်း ရင့်ကျက်လာတာကို ပြောခြင်းပါ။ ( ဩဂုတ်လ ၁၀ ရက်၊ ၂၀၁၂ ခုနှစ် )

ဆူးသစ်
၂၀း၅၅ နာရီ
၁၆.၄.၂၀၁၃
သင်္ကြန်အတက်နေ့ 

Monday, April 15, 2013

"ကမ္ဘာပျက် စာအုပ်"




Facebookကြီးကဆယ်နှစ်သားမဖြစ်သေးဘူး။
လူတွေကFacebookထဲမှာဆယ်ဆမကပိုကောက်ကျစ်လာတယ်။

Facebookကြီးကဆယ်နှစ်သားမဖြစ်သေးဘူး။
လူတွေကFacebookထဲမှာဆယ်ဆမကပိုယုတ်မာလာတယ်။

Facebookကြီးကဆယ်နှစ်သားမဖြစ်သေးဘူး။
လူတွေကFacebookထဲမှာဆယ်ဆမကပိုရူးနှမ်းလာကြတယ်။

Facebookကြီးကဆယ်နှစ်သားမဖြစ်သေးဘူး။
လူတွေကFacebookထဲမှာဆယ်ဆမကနှာထလာကြတယ်။

Facebookကြီးကဆယ်နှစ်သားမဖြစ်သေးဘူး။
လူတွေကFacebookထဲမှာဆယ်ဆမကလူလည်ကျလာကြတယ်။

Facebookကြီးကဆယ်နှစ်သားမဖြစ်သေးဘူး။
လူတွေကFacebookထဲမှာဆယ်ဆမကမိုက်လာကြတယ်။

Facebookကြီးကဆယ်နှစ်သားမဖြစ်သေးဘူး။
လူတွေကFacebookထဲမှာဆယ်ဆမကတရားစကားတွေပြောလာကြတယ်။

Facebookကြီးကဆယ်နှစ်သားမဖြစ်သေးဘူး။
လူတွေကFacebookထဲမှာဆယ်ဆမကဆုံးမစကားတွေပြောလာကြတယ်။

Facebookကြီးကဆယ်နှစ်သားမဖြစ်သေးဘူး။
လူတွေကFacebookထဲမှာဆယ်ဆမကအသည်းကွဲလာကြတယ်။

Facebookကြီးကဆယ်နှစ်သားမဖြစ်သေးဘူး။
လူတွေကFacebookထဲမှာဆယ်ဆမကကောလဟလတွေလွှင့်လာကြတယ်။

Facebookကြီးကဆယ်နှစ်သားမဖြစ်သေးဘူး။
လူတွေကFacebookထဲမှာဆယ်ဆမကစာရေးဆရာတွေလိုစာရေး လာကြတယ်။

Facebookကြီးကဆယ်နှစ်သားမဖြစ်သေးဘူး။
လူတွေကFacebookထဲမှာဆယ်ဆမကမော်ဒယ်တွေလိုဖြစ်လာကြတယ်။

ဒီလိုနဲ့.......
Facebookကြီးကဆယ်နှစ်သားမဖြစ်သေးဘူး။
အပြင်မှာကမ္ဘာမပျက်တောင်
Facebookအထဲမှာဆယ်ဆမကကမ္ဘာပျက်နေပါရောလား။ ။

                                                                                                                                                                သားလတ်
၂၀း၃၈နာရီ
 ၁၂.၀၃.၂၀၁၃

[ ကျွန်တော့်ရဲ့ Sue Thit/ Thar Latt's Page မှာတင်ထားပြီးသား ကဗျာပါ။]

Sunday, April 14, 2013

" ရင်ထဲက မိုး "


၁၉၅၇/ မန္တလေးသင်္ကြန်
အောင်ကျော်ချမ်းအေး မန္တလေးတဲ့
အလွမ်းတေးတွေ ဆိုဖို့အစလား
ကိုငြိမ်းမောင်နဲ့ထားက တူးပို့.......တူးပို့ သီချင်းသံတွေကြားမှာ စတွေ့တယ်။

အလွှာမတူပေမယ့် မေတ္တာတူတဲ့အခါ
ချစ်လာခဲ့သူတွေဖြစ်
အလိုမယူဘဲ အပြစ်မချသူတွေရဲ့သတင်း
' နှစ်ကိုယ်တူ ချစ်သမျှ ' သီချင်းက သက်သေ
ဒါပေမဲ့...
မျက်ရည်နဲ့ခွဲခဲ့ရဖူးတယ်။

အင်တာနက်နဲ့မိုဘိုင်းမရှိတဲ့ခေတ်မှာ
ရင်နာလျက်ပဲ အငိုမဆိုင်းခဲ့ရတာက
ထာဝရခရီးအတွက် ခိုးပြေးဖို့အပျက်
ကိုငြိမ်းမောင် လူရိုးကြီးသစ္စာဖျက်လေသလား
ထား........ထား...........ထား.......လေ
' အတုမရှိကျောင်း ' မှာ အတုမရှိမေတ္တာထားလို့စောင့်ပေမယ့်
လူရိုးကြီးစန္ဒယားဆရာ ခမျာလည်း
မြခက်အမေ အသက်ကိုတစ်ခါလုဖို့
' အတုမရှိကျောင်း ' ကိုလည်း မလာနိုင်
ရောက်ပြန်တော့ ထား ထိုင်ခဲ့တဲ့ နေရာကိုငေး
' နှစ်ကိုယ်တူ ချစ်သမျှ ' တေး အပိုင်းအစ  စာရွက်တွေနဲ့
ကံကြမ္မာရက်စက်ချက်ကို ခါးစည်းခံခဲ့ရတယ်။

' ဖိတ်တဲ့သူက ဖိတ်မှတော့ 
တီးတဲ့သူက တီးရတော့မှာပေါ့ကွာ ' တဲ့
စန္ဒယားဆရာ ကိုငြိမ်းမောင်ရဲ့ အနုပညာမာနစကား
ထားရဲ့မင်္ဂလာမှာ ထားရဲ့အကြင်နာ၊ ထားရဲ့စေတနာတွေ တုန့်ပြန်ဖို့
ရင်မှာမချိပေမယ့် အနုပညာသမား ဂုဏ်ပုဒ်ကိုဆင်
ထား နားထောင်ချင်တဲ့ ' နှစ်ကိုယ်တူ ချစ်သမျှ ' သီချင်း
မေတ္တာရင်းလို့ ဆိုပြရတဲ့အခါ
( ထားရယ်......)
ကိုငြိမ်းမောင် ရင်မှာ ဘယ်လိုရှိလေမလဲ
အနုပညာသမားမှာ မာနရှိပေမယ့်
အနုပညာသမားမှာ မျက်ရည်လည်း ရှိတာပေါ့ကွယ်။

ထား က ထားသွားတဲ့အခါ
ဘ၀က ဘာမျှမကျန်တော့
ဒါပေမဲ့.....သနားစရာ မြခက် ဘဝ
ကိုငြိမ်းမောင် ကရုဏာသက်တဲ့အခါ
' အနုပညာ ပန်းတိုင် ' ကို ချီတက်မှာပေါ့ အတွေး
စန္ဒယားခလုတ်လေးတွေမှာ ပြေးဆော့လို့ ရေးတဲ့အခါ
မေတ္တာ ကမ္ဘာက တစ်ခါ သစ်ပါလေရော။

ဘ၀က တစ်ဆစ်တင် မဟုတ်ဘူး
နှစ်ဆစ် သုံးဆစ်ချိုးတဲ့အခါ
ကိုငြိမ်းမောင်အတွက် သားတစ်ယောက်ကိုချန်ပြီး လက်ပြထွက်
မြခက်တစ်ယောက် လူ့လောကကြီးကို နှုတ်ဆက်တဲ့အခါ
' သူ့အမေက အသက်ပေးပြီး မွေးသွားတဲ့ ကလေးကို
ကျွန်တော့်ရင်မှာပဲ တစ်သက်လုံး ထွေးထားပါရစေ ' လို့ပြောပြီး
သက်ထွေး လို့နာမည်ပေးခဲ့တဲ့ ကလေးရဲ့ဘဝ
စန္ဒယားဆရာ တစ်ဖြစ်လဲ အရက်သမားကြီးရဲ့ လက်ထဲမှာ
ခက်ခဲစွာ ရှင်သန်ခဲ့ရပြန်ပါရော။

စန္ဒယားဆရာရဲ့သား စန္ဒယားတီးတတ်တဲ့အခါ
သံယောဇဉ်နွယ်တစ်စကလည်း ရင်မှာရောက်
( ဒါပေမဲ့......)
ကိုငြိမ်းမောင်ရဲ့ မေတ္တာဇာတ်လမ်းအောက်မှာ ဓားစာခံဖြစ်
နွယ့်ကိုချစ်တဲ့ သက်ထွေးရဲ့အချစ်
လှစ်ခနဲတောင် မပြဖြစ်ခဲ့
သင်္ကြန်ရဲ့အဝေး နွယ်ရဲ့အဝေးမှာ
သက်ထွေးခမျာ တိတ်တိတ်လေး ကြေကွဲရတာပေါ့။

သမီး စိတ်မကောင်းဖြစ်တဲ့အခါ
မနေသာတဲ့ ဒေါ်ခင်ခင်ထား
သွားမတွေ့သင့်ပေမယ့် ကိုငြိမ်းမောင်ဆီအလာ
' ဒီနေရာက စိန်ကောင်းကျောက်ကောင်း ရောင်းဝယ်တဲ့ နေရာ
မဟုတ်ဘူး ဆိုတာတော့ သိပါတယ်နော် ' ဆိုတဲ့
ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းတဲ့ စကား
အသည်းကြား စူးနစ်ပေမယ့်
မိဘမေတ္တာအစစ်နဲ့ ကလေးတွေပျော်ဖို့ တွေးရင်း
' ကလေးတွေကို ပျော်ခွင့်ပေးလိုက်ပါ ' လို့ မချိဘဲ သုံးခဲ့ရ
ကိုငြိမ်းမောင် ဟီလာတိုက်တာ ခံရတာထက်
' အသုံးချဖို့ တစ်ခုခုတော့ လိုပြန်ပြီနဲ့တူတယ် '
' ခင်ဗျားအားမနာတတ်တာ ကျွန်တော်သိပါတယ် ' ဆိုတဲ့စကားတွေသာ ရင်နာလို့
မျက်ရည်ကို အပြုံးနဲ့ဖုံးရင်း
နှလုံးသားတွင်းကိစ္စတွေကို သိုဝှက်
အတိတ်တွေ ရောယှက်နေတဲ့ အိမ်ဘက်က ပြန်ခဲ့တယ်။

ရိုးသားတဲ့ ဖခင်ရဲ့သား
ဖခင်စကားကို တစ်သဝေမတိမ်း နားထောင်တဲ့လူ
ဖခင်သဘောမတူရင် ခြေဦးမလှည့်
နွယ်တို့ သင်္ကြန်ပွဲဘက်ကို မျက်နှာချင်းမဆိုင်
ငိုင်လိုငိုင် ဆွေးလိုဆွေး
သင်္ကြန်တေးတွေကြားက အလွမ်းသမားဘဝ
နွမ်းလျလို့ အိမ်ပြန်တဲ့အခါ
ဖခင်ရဲ့အရက်ပုလင်းက ရင်နာပြေလောက်မလား
တစ်ခွက်လောက်တော့ သောက်မော့ကြည့်မိတယ်။

ဖခင်ရဲ့ အကြင်နာ စေတနာ
အရက်သမား သား၊ အရက်သမား မဖြစ်ရဘူး ဆိုတဲ့ အကြည့်မျိုး
ကိုငြိမ်းမောင် ဒေါနဲ့ပျိုးလေတော့
မျက်ရည်မိုးတွေကြားက အနုပညာသည်ပေါက်စ သက်ထွေးရဲ့စကား
' အရက်သမားရဲ့သား အရက်သောက်တာ မဆန်းပါဘူး အဖေ 
အနုပညာသမားရဲ့ သား အနုပညာ ပြခွင့်မရတာသာ ဆန်းတာပါ 'ဆိုတဲ့ အပြော
ကြည့်ပါဦး.........ကိုငြိမ်းမောင် အူလှိုက်သည်းလှိုက် မောရပြီပေါ့။

နောက်ဆုံးတော့.........
မိဘမေတ္တာလေ
ချစ်ခြင်းရဲ့ ပြယုဂ်လေ
အတိတ်တွေကို ချေဖျက်
သက်ထွေးရေ-မင်းဘ၀ အပျော်နဲ့ဆက်ဖို့
ကိုငြိမ်းမောင် အမှန်တရားတွေမြင်
အနုပညာသမားရဲ့ အနုပညာဂုဏ်ကို ပြချင်ပြ
သင်္ကြန်ရဲ့ ညကို လှပပါစေ
သွားလေတော့ ခွင့်ပြု
' နွေဦးကဗျာ ' မဏ္ဍာပ်နားမှာ မေတ္တာတွေ စုထားတဲ့ အကြည့်
ထားကတော့ မြင်မိအောင် မြင်တယ် ကိုငြိမ်းမောင်။

ဟိုမှာ နွယ်က ပိတောက်ဖူးလေးနဲ့ ကတယ်
ဒီမှာ သက်ထွေးက ကြည်နူးပြုံးနဲ့ တီးတယ်
' တန်ခူးမည်မွတ် ဖက်ဆွတ်ရေတိုး သင်္ကြန်မိုး ' ဆိုတဲ့ အလှပြကားပေါ်ကနေ
' သင်္ကြန်မိုး ' သီချင်းကို ကိုလတ်က ဆိုတယ်
ထားက ၀မ်းသာတဲ့ အပြုံးနဲ့ ခံစားတယ်
ကိုငြိမ်းမောင်က ပီတိနဲ့ ငေးတယ်
အဲဒီလိုနဲ့.........
အနုပညာ၊ ချစ်ခြင်း၊ မိဘမေတ္တာတွေ အမှန်တိုးတော့
' သင်္ကြန်မိုး ' တဲ့လေ
သင်္ကြန်ကျတိုင်း ကျွန်တော့်ရင်မှာ အငြိုးနဲ့ ခဏခဏ ရွာနေတော့တယ်။           ။

သားလတ်
၁၉း၄၃ နာရီ
၁၄.၀၄.၂၀၁၃
သင်္ကြန်အကျနေ့

[ မည်သည့်အချိန်၊ မည်သည့်နေရာ ရောက်ရောက် သင်္ကြန်ကျတိုင်း ပြန်ခံစားမိသည့် ' သင်္ကြန်မိုး ' ရုပ်ရှင်ဇာတ်ကားကြီးကို ခံစားပြီး ရေးပါသည်။ " ပရိသတ် အပေါ် အနုပညာတာဝန် ကျေပွန်ခဲ့ကြသော ဂီတ သုခုမ ပညာသည်များအား လေးစား ဂုဏ်ပြုလျက် " ဟု ဆရာမောင်တင်ဦး ဆိုခဲ့သည့် အတိုင်း ကျွန်တော်ကြိုက်သည့် ' သင်္ကြန်မိုး ' ရုပ်ရှင် ဇာတ်ကားအတွက် ပါဝင်ခဲ့ကြသော ဂီတသုခုမ ပညာသည်များ၊ အနုပညာရှင်များ အားလုံးအတွက် မြန်မာတစ်ယောက် အနေနှင့် ခံစားမိသော သင်္ကြန်ပွဲတော်နှင့် ပတ်သက်သည့် အနုပညာ အားထုတ်မှုများအတွက် ကျေးဇူးတင်သည့်အနေဖြင့် ကျွန်တော်တတ်ကျွမ်းသော စာပေအနုပညာဖြင့် ဂုဏ်ပြုပါသည်။ ]




Saturday, April 13, 2013

" ရန်ကုန်ကို ပြန်ဆုံရတဲ့အခါ " ( ၇ )


 ရန်ကုန်ပြန်ရောက်နေသည့်ခဏမှာ သတိထားမိသည်က မီးပုံမှန်လာနေခြင်းပင်။ မြို့ထဲဘက်မို့လာနေတာ မဟုတ်။ ဒဂုံဘက်လည်း ပုံမှန်လာသည်။ ဆောင်းကတော့ ထူးထူးခြားခြား ဖြစ်လောက်အောင် အေးမြခြင်း မရှိ။ ရန်ကုန်မြို့ကြီးသည်ကား အပူ၏ ဒဏ်ကို ရုပ်ပျက်ဆင်းပျက်ခံနေရတာ သိသာသည်။ လူနေတိုက်ခန်းများ များလာပြီး အဲကွန်းများ အသုံးများလာခြင်းနှင့် နာဂစ်မှာ သစ်ပင်များစွာ ပါသွားခြင်းတို့သည် ရန်ကုန်၏ အပူကို ထပ်ဆင့်ပေးနေသလို ရှိသည်ဟု ကျွန်တော်ထင်သည်။

ကျွန်တော်နေသော အိမ်ခန်းမှာ ညဘက်သည်အတိုင်းနေလိုက်လျှင် တော်တော်အိုက်သည်။ ထို့ကြောင့် ကျွန်တော် အဲကွန်းလေးတစ်လုံး ကြိုးစား၍  တပ်ကြည့်သည်။ အဲကွန်းတပ်ရသည်က ဘာမျှမဖြစ်။ ဖြစ် သည်က လာဆင်သော ကောင်လေးများကြောင့် စင်ကာပူမှာ ဘေးအန္တရာယ်ကင်းရှင်းရေး ၀န်ထမ်း လုပ်နေသော ကျွန်တော့်အတွက် တော်တော် အသည်းယားစရာ ကောင်းလှသည်။

ကျွန်တော့်အခန်းကို အဲကွန်းတပ်ဖို့အတွက် လိုအပ်သော Outdoor Unit သည် အိမ်ခန်းအပြင်မှာ ဆင်မှရမည်။ ထို့ကြောင့် Outdoor Unit ထိုင်ရန် အောက်ခံထောက်ထည့်ဖို့ နံရံကို အပြင်ကနေ ဖောက်ရသည်။ ၀န်ထမ်း နှစ်ယောက်မှာ တစ်ယောက်က အထဲမှာ လေအေးပေးစက် ဆင်နေတုန်း နောက်တစ်ယောက်က ပြူတင်းပေါက်ကနေကုန်း၍ အောက်ကိုငုံ့ကာ အပေါက်ဖောက်သည်။ မတော်တဆ အောက်ပြုတ်ကျလျှင် မလွယ်၍ ကျွန်တော်က သူ့ခါးကို ဆွဲပေးထားသည်။

စင်ကာပူမှာဆို သည်လိုမဟုတ်။ သိုင်းကြိုးပါမည်။ ထိုသိုင်းကြိုးကို ငုတ်တစ်ငုတ်မှာ ချိတ်၍ အလုပ်လုပ်ရသည်။ ယခုတော့ ကျွန်တော့်အိမ်က အဲကွန်းတစ်လုံးကို ဆင်ဖို့ သူတို့အသက်နှင့် ရင်းနေတာ ကြည့်၍ ကျွန်တော် စိတ်မကောင်း။ သို့သော် ကျွန်တော်လည်း ခါးကို ဆွဲထားရုံက လွဲ၍ ဘာမျှလုပ်မပေးနိုင်။

သည်လိုနှင့် အောက်ခံထောက် ပြီးသွားတော့ ထို Outdoor Unit ကို ထောက်ပေါ်တင်ပြီး အထဲကလာသော Gas Line နှင့်ဆက်ရန် နံရံကို အပေါက်ဖောက်၍ ဆက်ရသောအခါ သူတို့တစ်တွေ ထိုထောက်တပ်ထားသော Outdoor Unit ပေါ်မှာ ကျကျနန ထိုင်ပြီးလုပ်သောအခါ ကျွန်တော် ရင်မနေရပြန်သည်။

သူတို့ကတော့ ပြောသည်။ ကျွန်တော်တို့ ဒီလိုပဲ လုပ်နေကျတဲ့။ ပြီးတော့ ဘေးဘက်အိမ်က အိမ်ခေါင်မိုးက ကျွန်တော်တို့ အောက်မှာ ရှိသားပဲတဲ့။

သူတို့ ဆိုလိုသည်ကို ကျွန်တော်နားလည်သည်။ ပြုတ်ကျတောင် မြေကြီးပေါ် မရောက်ဘဲ သူများအိမ်ခေါင် မိုးပေါ် ကျမှာဟု ဆိုလိုသည့် သဘော။ အိမ်ခေါင်မိုးပေါ်လည်း မနာဘဲ နေမလားဟု ကျွန်တော်တွေးသည်။ သူတို့ဘ၀မှာ ခေါင်မိုးပေါ် ပြုတ်ကျတာထက် နာတာတွေများ ရှိနေလားမသိ။

ရန်ကုန်မှာရှိနေတုန်း အားသည့်တစ်ရက်မှာ ကျွန်တော့်သူငယ်ချင်းနှင့် ချိန်း၍ ပြန်ဖွင့်နေသည် ဆိုသည့် ကျွန်တော်တို့၏ ရန်ကုန်စက်မှုတက္ကသိုလ်( ရန်ကုန်နည်းပညာ တက္ကသိုလ် ) သို့ သွားခဲ့ကြသည်။ သူငယ်ချင်းက ကားရှိသောကြောင့် ကျွန်တော့်ကို ရှစ်မိုင်လမ်းဆုံက လာစောင့်သည်။ သူ့မိသားစုလည်း ပါ၏။

ကျောင်းရောက်တော့ လှည့်ပတ်ကြည့်ရင်း ကျောင်းသားဘ၀ကို ပြန်သတိရသည်။ သို့သော် အရွယ်၏ပိုင်းခြားမှုကြောင့်လား၊ အချိန်ကာလ ဝေးကွာခဲ့၍လား မဆိုနိုင်။ စိတ်က သိပ်ထူးထူးခြားခြား မဖြစ်တော့။ သူငယ်ချင်းက ကျွန်တော့်ကို မေးသည်။ ဘယ်လိုခံစားရလဲတဲ့။ သူငယ်ချင်းများ အုပ်စုလိုက်လာပြီး ဟေးလား၊ ဟားလား လုပ်ရလျှင်တော့ ယခင်က ပျော်ရွှင်မှုမျိုး ပြန်ရလိမ့်မည် ထင်သည်ဟု ဖြေခဲ့သည်။ ခွဲခွာခြင်း နှင့် အချိန်ကာလ၏ သဘောကို ကျွန်တော်တို့ နားလည်ခဲ့ပြီ မဟုတ်လား။

ချုံပုတ်များနှင့် ပိတ်အုပ်နေသော အချို့နေရာများ၊ ဟောင်းနွမ်း၍ မသုံးတော့သော အဆောက်အအုံများ၊ ပြန်လည်မွမ်းမံနေသော အချို့နေရာများ၊ ဆရာကန်တော့ပွဲ လုပ်မှာမို့ ပြင်ဆင်နေ မှုများ အားလုံးကို ငေးကြည့် ဓာတ်ပုံ မှတ်တမ်းလည်း တင်ကာ ပြန်ခဲ့ကြသည်။ အဖြူအပြာ ယူနီဖောင်းဝတ် ကျောင်းသူကျောင်းသား ကလေးများကို မြင်တော့ ကျွန်တော့်စိတ်ထဲမှာ ကလေးတွေကို မြင်နေရသလိုပင်။ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရသော အရွယ်၏ အနေအထားကို သတိတော့ ပြုမိလာ၏။ တစ်ချိန်က ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားဟောင်းများက ယခု ရန်ကုန်နည်းပညာ တက္ကသိုလ် ကျောင်းသားလေးများကို ကလေးဟု မြင်မိသော အရွယ်ကို ကျွန်တော်တို့ ရောက်ခဲ့ပြီပဲ။

ရန်ကုန်မှာ ရှိတုန်း ကျွန်တော်လုပ်မိတာ တစ်ခုက ကျွန်တော်၏ ကိုယ်ပိုင်စာမျက်နှာ ဆူးသစ်/ သားလတ် ကို Facebook တွင် ကျွန်တော်ဖွင့်ခဲ့ခြင်းပင်။ ကျွန်တော်ဘလော့တည်ပြီးကတည်းက ကျွန်တော့်ဘလော့ကို လာဖတ်ကြသူများကို သတိထားမိသည်။ တချို့ကလည်း အလည်လာသည်။ တချို့ကလည်း တကယ်ကို လာဖတ်သည်။ သည်အတွက် ကျွန်တော့်စာများကို လာဖတ်သော ပရိသတ်အတွက် ကျွန်တော့်စာများကို သီးခြားဖတ်နိုင်ရန်နှင့် သူတို့နှင့်လည်း သီးခြားထိတွေ့နိုင်ရန် ရည်ရွယ်ပြီး စာမျက်နှာ တစ်မျက်နှာ ဖွင့်လိုက်ခြင်းပင်။

ရန်ကုန်မှာ ရှိနေစဉ်အတွင်း နောက်တစ်ခု ကြုံလိုက်ရသည်က ကမ္ဘာပျက်မည် ဆိုခြင်းပင်။ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ပျက်မှာဟု ဆိုသည်။ ကျွန်တော်လည်း ဇနီးသည်ရုံးကို လိုက်ကာ အင်တာနက်သုံး၍ စိတ်ပေါက်ပေါက်နှင့် ကမ္ဘာမပျက်သေးသည်ကို ရွဲ့ပြီး Status တင်မိသေးသည်။ ကမ္ဘာက Facebook ပေါ်မှာသာ ပျက်နေပြီး အပြင်မှာ ပျက်မှမပျက်သည်ပဲ။

သည်ကြားထဲ မြန်မာပြည် အင်တာနက်က ကျွန်တော်နှင့် တစ်ပြဿနာ။ မြန်မာပြည်မှာ ရှိစဉ်ကတည်းက ကျွန်တော်လည်း ထိုအခက်အခဲတွေ ကြုံခဲ့ဖူးသည်။ သို့သော် ထိုမျှ မဆိုးဟု ထင်သည်။ ယခုတော့ ကြည့်ပါဦး။ ကျွန်တော် Facebook ကြီးသုံးနေရင်း သူ့ဘာသာတက်မလာသည်ကိုပင် Facebook ကိုစာလုံးပေါင်းမှားသလား ပြန်စစ်ပါ ဟုဆိုနေသည်။ ရှိစေတော့။

ကျွန်တော် ရွှေတိဂုံဘုရားကို ဒုတိယတစ်ခေါက် အဖြစ် မပြန်ခင် ထပ်တက်ပါသည်။ ဘယ်အချိန်၊ ဘယ်နေရာ ရောက်ရောက် ဘုရားစေတီကို ရောက်ရခြင်းမှာ ကျွန်တော်တို့အတွက် အေးမြမှုကို ရစေသည်ကတော့ အမှန်ပင်။

ထို့ပြင် ရန်ကုန်ရောက်ခိုက် ကျွန်တော်အိမ်တက် လုပ်ပါသည်။ မိသားစု ဆွေမျိုးနှင့် သူငယ်ချင်းတချို့ကို ဖိတ်ဖြစ်ပါသည်။ သူတို့ထဲက တချို့က အိမ်သစ်ဖြစ်၍ လက်ဆောင်လေးတွေ ယူလာပေးကြသည်။ ရန်ကုန်မှာ ထိုဓလေ့တစ်ခုက နည်းနည်း ပြောင်းလဲလာသည်ဟု ကျွန်တော်ထင်မိသည်။ ကျွန်တော်ပင် အံ့အားသင့်ကာ မေးမိသေးသည်။ ဟုတ်သည်တဲ့။ ရန်ကုန်မှာ ယခုနောက်ပိုင်း အိမ်တက်လုပ်လျှင် ထိုသို့ အိမ်မှာ သုံးနိုင်၊ ချိတ်နိုင်၊ ပြနိုင်သော လက်ဆောင်လေးများ ပေးတတ်ကြသည်တဲ့။ မှတ်သားရ ပြန်သည်။ ကျွန်တော်ကိုက ခေတ်နောက်ကျ၊ ခေတ်နှင့် အဆက်အသွယ်ပြတ် နေတာပဲ ဖြစ်မည်ထင်ပါသည်။

ပြန်ခါနီးမှာ ဇနီးသည်နှင့် လှည်းတန်းမှာ ငါးကင်ဆိုင်သွားထိုင်ဖြစ်သေးသည်။ ယခုတော့ ထိုဆိုင်များ တော်တော်ပေါနေသည်။ စာရေးဆရာတို့၏ စွဲလမ်းသည့်လှည်းတန်း။ ဘယ်သော အခါမျှ ပြောင်းလဲမည် မဟုတ်။ လူစည်ကား မပျက်။

ငါးကင်က ဇနီးသည် အကြိုက်မို့ ကျွန်တော်က မငြင်း။ တကယ်လည်း ကောင်းသည်။ ပြီးတော့ ကျွန်တော်နှင့် သူစားနေကျ သင်္ဘောသီးထောင်းနှင့် ကြက်ဥကင်ဆိုင်။ ဇနီးသည်က သူ့သူငယ်ချင်း အိမ်နားမှာမို့ သူ့သူငယ်ချင်းနှင့်သူလည်း စကားပြောဖြစ်ကြသည်။ ဆိုင်ကလေးက လမ်းဘေးဆိုင်လေး ဖြစ်သော် လည်း ရောင်းအားက ကောင်း၏။ တိုက်လှေကားရင်းမှာ ရောင်းတာကြောင့် နေရာလွတ်ရှိမှ ၀င်ထိုင်ရသည်။ ထိုင်ပြီး တော်တော်ကြာမှ ကျွန်တော် သိတော့သည်။ ကျွန်တော့်နားက သံတိုင်စည်းရိုးသည် အထဲက Transformer ကို ရံထားသော ခြံစည်းရိုးပင်။ ဘေးအန္တရာယ်ကင်းရှင်းရေး ၀န်ထမ်း တစ်ယောက်က Transformer ခြံစည်းရိုးနားမှာ ထိုင်ပြီး အစားသောင်းကျန်းနေသည်ကို စင်ကာပူက ကျွန်တော့် လုပ်ဖော်ကိုင်ဖက်များ မြင်လျှင် ဘာများပြောလိမ့်မလဲဟု စဉ်းစားကြည့်မိသေးသည်။ ကျွန်တော် ချစ်သော မြန်မာပြည်မှာကိုး။

ကျွန်တော် စည်းရိုးတိုင်ကို မမှီဖြစ်သော်လည်း ဆိုင်က စားသုံးသူများအတွက် မသင့်တော်သည်ကို သတိပြုမိကာ ဇနီးသည်နှင့် အစားအသောက်ကို လက်စသတ်ကာ ပြန်ခဲ့တော့သည်။ ကျွန်တော် တို့ပြန်တော့ ညဘက်မို့ ထင်ပါသည်။ လှည်းတန်းလမ်းဆုံသည် ကား သည်လောက် မကျပ်တော့။ နာမည်ကျော် ခုံးကျော် တံတားကြီးကို ဆောက်လက်စမို့ သေသေချာချာ မမြင်ရသော်လည်း ကျွန်တော် ကြည့်တော့ ကြည့်ဖြစ်ခဲ့ပါသေးသည်။

သည်လိုနှင့် နောက်ဆုံးတော့ ကျွန်တော် အလုပ်လုပ်ရာ စင်ကာပူကို ပြန်ခဲ့ရတော့သည်။ သည်တစ်ခေါက် ရန်ကုန်ကို ပြန်ဆုံရခြင်းမှာ ကျွန်တော့်အတွက် ကဗျာရေးစရာ ခံစားချက်နှင့် အကြောင်းအရာ စုံသွားသောကြောင့် အောက်ပါ ကဗျာကို ချရေးဖြစ်ခဲ့ပါသည်-


ဆောင်းတဲ့........
ငွေ့ငွေ့လေး အသက်ကျန်သလို
တစ်ကိုယ်စာ ချမ်းဖို့တောင် အအေးမရှိတဲ့ ညနဲ့
ရန်ကုန်ကို ပြန်ဆုံခဲ့ရတယ်။

ကားတွေများ၊ လမ်းတွေကျပ်
တံတားတွေ အထပ်ထပ်ထိုးတော့မယ့် ရန်ကုန်
ဘတ်စ်ကားကျပ်ပုံက မပြောင်းလဲ
ဟောင်းနွမ်းဆဲ အကျင့်တွေလည်း မပစ်ပယ်
( ဒါပေမဲ့......)
ရန်ကုန်ကိုတော့ ကျွန်တော်ချစ်တယ်။

လမ်းပေါ်မှာ ကားပေါ်က အမှိုက်ပစ်ချ
မြင်သမျှနေရာ ကွမ်းတံတွေးထွေး
လရောင်ဝေးနေတဲ့ မြို့ပြမှာ 
လျှပ်စစ်မီး ပုံမှန်လာတဲ့အခါ အိပ်မက်တွေဖြစ်
ခရစ်နှစ်သစ်ကို ဆန္ဒတွေပြရင်း ဖွင့်လှစ်တာ
ကျွန်တော်ချစ်တဲ့ ရန်ကုန်မှာပေါ့။

ဂျေဆင်မရပ်ဇ်တဲ့
သိသူ မသိသူတွေ တရစပ် အော်ဟစ်
ပြည်သူ့ရင်ပြင်မှာ ပါးစပ်သေနတ်တွေ ပစ်လို့
ရန်ကုန်မှာ အသစ်အသစ်တွေ ဖြစ်လာတယ်။

ရုံးခန်းရှေ့ထားတဲ့ ဖိနပ်
အနော်ရထာလမ်း ဈေးကွက်မှာ မြတ်ချင်မြတ်မှာပေါ့
All Star တစ်ရံ ပျောက်ပြီးတဲ့နောက်မှာ
သဘောထားအမှန်တချို့ကို ကျွန်တော် မှတ်ခဲ့ရ
လုံခြုံရေး၊ သန့်ရှင်းရေး တာဝန်ချထားတဲ့ အဆောက်အအုံကြီး
ဟည်းထနေပေမယ့် အတွင်းစိတ်တွေ မသန့်ရှင်းလေတော့
Converse ဖြစ်နေတဲ့ လူတွေအကြောင်း Converse ရင်းပြီး သိရတဲ့အခါ
ရန်ကုန်ဟာ ကဗျာမဆန်တော့ပြန်ပါဘူး။

ဆိုက်ကားပေါ်က ကင်မရာကိုင် သတင်းထောက်
Banner ကိုင်ထားတဲ့ ဆန္ဒပြသမား
ခပ်လှမ်းလှမ်းက ပါလာတဲ့ ကားတစ်စီး
အဲဒါတွေက ရန်ကုန်ရဲ့ ရှုမငြီးစရာလား
သွားရင်းလာရင်း ခပ်ပါးပါးလေးတော့ တွေ့တယ်။

သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ည
ဂီတသံက မကျယ်တော့ဘူး
ဘောပွဲ၊ ရုပ်ရှင်တွေကို မူးလောက်အောင်ပြလည်း
ညလုံးပေါက်ဆိုင်တောင် လူကကျဲလို့
ရန်ကုန်ဟာ မနက်ခင်း ရပ်တည်မှုရဲ့ သားကောင် ဖြစ်လာခဲ့ပြီ။

သန်းခေါင်ညမှာ ပန်းရောင်းနေတဲ့ အသက်မပြည့် ကလေးမ
တိုက်ခန်းတွေပေါ်က သားသားနားနား ညဥ့်ငှက်မတချို့နဲ့
စားသောက်ဆိုင် စင်တင်ဂီတရပ်ဝန်းက စပွန်ဆာရှာတဲ့ ကောင်မလေး တချို့ကလည်း
ရန်ကုန်ညရဲ့ ပသာဒလိုဖြစ်
ဒီလိုနဲ့...ရန်ကုန်ဟာ တဆစ်ဆစ် ကိုက်ခဲနေတုန်းပါပဲ။

လူမပြည့်ဘဲ ပြနေတဲ့ 3D ရုပ်ရှင်ရုံ
နိုင်ငံတော်အလံကို အလေးပြုဖို့ သတိပေးရတဲ့ ကျွန်တော်တို့ ဓလေ့
ကမ္ဘာမကြေ.......မြန်မာပြည် ဟေ့ လို့ သီချင်းထဲမှာပဲ ကြွေးကြော်
နိုင်ငံခြားနဲ့ နိုင်ငံခြားသား ညှော်နံ့တွေလည်း နံစော်လို့
နိုင်ငံတော် သီချင်းဆုံးအောင်တောင် မတ်တတ်မရပ်နိုင်တဲ့ လူတွေနဲ့
နိုင်ငံခြားပုံစံ မောလ် ( Mall )  တွေကြား
ကျွန်တော်ချစ်တဲ့ ရန်ကုန်က အမောတွေနဲ့ ဖျားနေခဲ့သေးတယ်။

ပြောင်းလဲခြင်း တရားတွေကြားက
ပြောင်းလဲသင့်သလောက် မပြောင်းလဲသေးတဲ့ ရန်ကုန်
နောက်တစ်ကြိမ် ပြန်ဆုံရင် အသစ်ဖြစ်
စနစ်သစ်၊ ခေတ်သစ်၊ လူသစ်၊ စိတ်သစ်နဲ့ ရှင်သန်
မနက်ဖြန်တိုင်းရဲ့ အလှတရားကို မွေးဖွားဖို့ တွေးမိတဲ့အခါ
( ကျွန်တော်ဟာ...)
ရွှေတိဂုံပေါ်မှာ အပြေးကလေး ဆုတောင်းခဲ့မိပါတယ်။

အို-ရန်ကုန်.......
ပြန်ဆုံတဲ့အခါ လှပနေပါစေကွယ်။
အို-ရန်ကုန်
ပြန်ဆုံတဲ့အခါ လှပနေစေချင်တယ်။         ။

ကျွန်တော့်စိတ်ထဲမှာ ရန်ကုန်ကို နောက်တစ်ခါ ပြန်ဆုံရသည့်အခါ တကယ်ကို လှပနေစေချင်ပါသည်။        ။

ဆူးသစ်
၂၀း၀၁ နာရီ
၁၂.၀၄.၂၀၁၃
သင်္ကြန်အကြိုနေ့


Wednesday, April 3, 2013

" ရန်ကုန်ကို ပြန်ဆုံရတဲ့အခါ " ( ၆ )


 ရန်ကုန်မှာ ကျွန်တော်နှင့် ကျွန်တော့်ငယ်သူငယ်ချင်းများ ပြန်ဆုံခဲ့ကြသည့် အခါ မအူပင်က သူငယ်ချင်း ကလည်း ရန်ကုန်သို့ ဆင်းလာခဲ့သေးသည်။ ရန်ကုန်မှာက စင်ကာပူကလာသော ကျွန်တော်အပါအ၀င် သုံးယောက်။ သင်္ဘောသားအရာရှိနှင့် ဆရာဝန်တစ်ယောက်။ ပေါင်းငါးယောက် ရှိသည်။ စင်ကာပူက လာသော သူငယ်ချင်းတစ်ယောက်ကတော့ အလုပ်ကိစ္စများသည်မို့ ကျွန်တော်တို့နှင့် သိပ်မတွေ့နိုင်။ မအူပင်က ဆရာဝန် သူငယ်ချင်းကတော့ ဆေးခန်းပိတ်ပြီးကို ဆင်းလာသည်။ ဒါတောင် အမေရိကားနှင့် မလေးရှားမှာ ရောက်နေသော သူငယ်ချင်းများ မပါသေး။ အားလုံးသာ စုံလိုက်လျှင် တော်တော်ပျော် ဖို့ကောင်းမည်ဟု ကျွန်တော်တို့ တွေးမိသေးသည်။ ငယ်သူငယ်ချင်းများ မဆုံရသည်မှာ ကြာပြီမဟုတ်လား။

ကျွန်တော်တို့၏ စုရပ်သည် စမ်းချောင်း ဗဟိုလမ်း၊ အာရှတော်ဝင် အထူးကု ဆေးခန်းနားမှာ ရှိသည့် သူဋ္ဌေးမင်း လက်ဖက်ရည်ဆိုင် ဖြစ်သည်။ စမ်းချောင်းက ကျွန်တော့် ဇာတိ။ ထို့ကြောင့် ငယ်သူငယ်ချင်းများက စမ်းချောင်းသားချည်းသာ။ သူဋ္ဌေးမင်းသည် ကျွန်တော်တို့ ဆယ်တန်းအောင်ပြီး ကတည်းက ထိုင်ခဲ့သော ဆိုင်။

သို့သော် ယခုတော့ သူဋ္ဌေးမင်းလည်း သီချင်းသံ မကြားရတော့။ ည ကိုးနာရီကျော်မှာပင် လက်ဖက်ရည်ဆိုင်သည် ခြောက်ကပ်ကပ်။ ကျွန်တော်က ကျောက်မြောင်းဘက်မှာ ရောက်နေပြီမို့ လက်ဖက်ရည်ဆိုင် တစ်ခါထိုင်ဖို့ ကားငှားပြေးရသည်။ သူငယ်ချင်းများ သံယောဇဉ် မဟုတ်လား။ 

ကျွန်တော်က ထားပါတော့။ မအူပင်က သူငယ်ချင်းက ပိုဆိုးသည်။ ကျွန်တော်တို့က သူ့ကို လှမ်းခေါ်တိုင်း မညည်းမညူ ကားနှင့် ဆင်းလာရှာသည်။ တစ်ခါများဆို သင်္ဘောသား သူငယ်ချင်းက သူ့အိမ်မှာ ကျွန်တော်တို့ ဆုံဖို့ ထမင်းခေါ်ကျွေးသည်။ ဇနီးများပါ ပါသည်။ မအူပင်က သူငယ်ချင်းလည်း သူ့မဟေသီနှင့် ဆင်းလာသည်။ ကျွန်တော်တို့က တောင်ဥက္ကလာဘက်မှာ ဆုံကြသည်မို့ သူ့ကို လမ်းမသိမှာ စိုး၍ ဖုန်းဆက်ရင်း မျှော်ကြသည်။ 

သူရောက်လာတော့ သူပြောတာ နားထောင်ပြီး ရယ်ရသေးသည်။ မအူပင်ကနေ ရန်ကုန်ကို ကားမောင်းလာသည်မှာ တစ်နာရီသာ ကြာသည်။ လှိုင်သာယာ ဘုရင့်နောင် တံတားကို ရောက်သည်တဲ့။ ထိုတံတားကနေ တောင်ဥက္ကလာကို တစ်နာရီခွဲကြာသည်တဲ့။ ဘုရင့်နောင်တံတားသည် ထိုသို့ရှိလေသည်။

ကျွန်တော်တို့ သူငယ်ချင်းများ တောင်ဥက္ကလာမှာလည်း လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်ကြသေးသည်။ ညလုံးပေါက် ဖွင့်သည်ဆိုသော ဆိုင်။ သူဋ္ဌေးမင်းမှာတုန်းက ခဏသာ ထိုင်ပြီး ပြန်ခဲ့ကြတာ ဖြစ်သည်။ လူခြေတိတ်သွား၍ ဆိုင်ကလည်း ပိတ်ရန်ပြင်နေသောကြောင့်ပါ။ ကျွန်တော်တို့ သုံးသပ်မိသည်မှာ မနက်ခင်း အလုပ်စောစောဆင်းရသူ များလာ၍ ဖြစ်နိုင်သည်။ ရန်ကုန်၏ လူနေမှုစနစ်က အရင်လို ထိုင်စားသူ များနေလျှင် ခံသွားရနိုင်သော လူနေမှုဘ၀ပုံစံ ဖြစ်လာသည်ဟု ကျွန်တော်တို့ ထင်သည်။ ညလုံးပေါက် ဆိုင်မှာပင် ဆိုက်ကားသမားနှင့် အခြား လက်လုပ်လက်စား သမားများသာ ညလုံးပေါက် ရှိနေတော့သည့် သဘော။ အလုပ်လုပ်သူများက ခဏသာထိုင်နိုင်တော့သည်။

ဒါတောင် မြေနီကုန်းက ညလုံးပေါက်ဆိုင်မှာ ဘောလုံးပွဲ၊ ရုပ်ရှင် စုံနေအောင် ပြထားတာဖြစ်သည်။ တောင် ဥက္ကလာကဆိုင်မှာလည်း ရုပ်ရှင်များပြထားတာ တွေ့ခဲ့သည်။ ကျွန်တော်တို့ သူငယ်ချင်းများကတော့ ညလုံးပေါက်ဆိုင်မှာ မအိပ်ချင်သေးခင်အထိ ထိုင်ဖြစ်ခဲ့ကြသည်။ ဆိုင်ထိုင်ပြီးသည့်အခါ ကားရှိသော သူငယ်ချင်းများက ကားနှင့် လိုက်ပို့သည်။ မီးပွိုင့်တစ်ခုမှာ မီးနီမိခိုက် ပလက်ဖောင်းပေါ်မှာ ပန်းရောင်းနေသော အသက်မပြည့်သေးသည့် ကလေးငယ်ကို ကျွန်တော်တို့ မြင်ခဲ့ရသည်။ မိန်းကလေး တစ်ယောက်ပါ။

စီးပွားရေး အဆင်မပြေသောကြောင့် လုပ်စားကိုင်စားရသူချင်း အတူတူ အဘယ့်ကြောင့် အသက်မပြည့်၊ အရွယ်မရောက်သေးသော မိန်းကလေးက ညဥ့်နက်သန်းခေါင် ပန်းရောင်းနေပါသနည်း။ ထိုအနားက ဖြတ် သွားတိုင်း ကျွန်တော်နှင့် သူငယ်ချင်းများ မြင်နေရသည်မို့ စဉ်းစားစရာ များစွာရခဲ့ပါသည်။

ပြီးတော့ တိုက်ခန်းများပေါ်က ညဘက်မှ ဆင်းလာသော ညဥ့်ငှက်များအကြောင်းကိုလည်း အသိ တစ်ယောက်ဆီမှ ကြားရသေးသည်။ ည လူခြေတိတ်မှ ကားများလာခေါ်သည့်အခါ တိတ်တိတ်ကလေး လိုက်သွားပြီး နေ့ဘက်ဆို ရပ်ကွက်ထဲမှာ ပုံမှန်နေသူများလို အိမ်ငှားနေကြသော မိန်းကလေးများကား တိုက်ခန်းများပေါ်မှ ညဥ့်ငှက်များဟု ဆိုရတော့မည်။

ဒါကိုတော့ ရန်ကုန်ကနေ စင်ကာပူကို အလုပ်လာမလုပ်ခင်ကတည်းက ကျွန်တော်ကြားဖူးနေသည်။ လမ်းပေါ်မှာ လူစောင့်၍ အလုပ်လုပ်သောခေတ်က သူတို့လောကမှာ ရှားပါးသွားကြပြီထင်သည်။ တိုက်ခန်းပေါ်ကနေ ကျကျနန ထိုင်စောင့်ပြီး ကားလာခေါ်မှ လိုက်သော ခေတ်ကို ချင်းနင်းဝင်ရောက် သွားပြီလားမသိ။ တစ်ခုတော့ ရှိသည်။ နည်းနည်းဈေးမြင့်တာ၊ နိမ့်တာက လမ်းပေါ်နှင့်တိုက်ပေါ်၏ ကွာခြားချက် ဖြစ်ပေလိမ့်မည်။

စားသောက်ဆိုင်လောကကတော့ သိပ်အပြောင်းအလဲမရှိဟု ကျွန်တော်သိရသည်။ ကျွန်တော် မထိုင်ဖြစ်ခဲ့။  ကောင်မလေးတွေက လမ်းလျှောက်မြဲ၊ သီချင်းဆိုမြဲ။ တချို့လည်း စပွန်ဆာများ ရသွားသည်ဟု သိရသည်။ တချို့ဆို နာမည်များပင် ကြီးသွားသေးသည်တဲ့။

သည်တစ်ခေါက် ရန်ကုန်ကို ပြန်ဆုံရခြင်းမှာ လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုတစ်ခု ပြောင်းလဲလာသည်ကို မျက်မြင်တွေ့ရသည်က ထူးခြားမှုတစ်ခု ဖြစ်လို့နေပြီး တိုက်ခန်းပေါ်က ညဥ့်ငှက်မများကိစ္စကတော့ ပို၍ ကျယ်ပြန့်လာသယောင် ရှိသည်ဟု ထင်သည်။ စင်တင်ဂီတနှင့် စားသောက်ဆိုင်များကတော့ ထူးမခြားနားသော်လည်း ကျွန်တော် သတိမမူမိခဲ့သည်လား၊ ယခုမှ စတွေ့မိသည်လား မသိသည့် အသက်မပြည့်သေးသော ကလေးမလေး ပန်းရောင်းနေသည့် ကိစ္စကတော့ ကျွန်တော့်အတွက် ရန်ကုန်ကို ပြန်ဆုံရခြင်းမှာ စဉ်းစားစရာ များစွာရှိနေလေတော့သည်။

ဆူးသစ်
၂၃း၀၁ နာရီ
၃.၄.၂၀၁၃

Related Posts Plugin for WordPress, Blogger...