Showing posts with label ၀တ္ထုရှည်. Show all posts
Showing posts with label ၀တ္ထုရှည်. Show all posts

Sunday, January 20, 2013

" စွယ်တော်ရွက်တို့ ဒဏ္ဍာရီ " ( ၄ )


အိပ်မက်မဟုတ်
လှုပ်ခနဲဖြစ်၊ ကွယ်-ချစ်သလား
စကားနွဲ့ခြွေ၊ ခွန်းဖွဲ့နေပေါ့
မျှော်တော့သနား၊ စကားတစ်ခု
သမုဒယစစ်စစ်ကြားပါရစေ.......

ဆိုသော သူ့ကဗျာတစ်ပုဒ်လို သီရိကိုချစ်ခြင်းသည် အိပ်မက်လားဟု ဆန်းစစ်ရင်း အိပ်မက်မဟုတ်ပါဟု သူ့ဘာသာ သတိပြန်ပေးနေရသည်။ တစ်ခါတစ်ရံ၌ သီရိကိုချစ်ရခြင်းဖြင့် ဝေေ၀၀ါးဝါးဖြစ်ကာ သူ့ဘ၀ကို သူပင် မေ့လျော့နေတတ်ခဲ့သည်။ ထို့ကြောင့်ပင် အိပ်မက်ဟု တွေးထင်သလား မပြောတတ်။ သီရိကို ဖွင့်ပြောပြီးလျှင်တော့ သီရိထံမှ သမုဒယ စစ်စစ်ပါသော ချစ်ပါတယ်ဆိုသည့် စကားကို ကြားချင်နေမိ၏။ ကြားလည်း ကြားရမည်ဟု ထင်ရင်း သီရိနှင့် ဝေးခဲ့သော ဒုတိယနှစ် ကျောင်းပိတ်ရက်မှာ စိတ်ထဲကနေ သီရိကို ချစ်ပါတယ်ဟု တမ်းတ ရေရွတ်နေမိပြန်၏။

စာမေးပွဲ အောင်စာရင်းတွေ ထွက်ပြီး မကြာမီ လိုင်းခွဲတွေ ထွက်တော့ သူငယ်ချင်းတွေ ပြန်ဆုံ ရသည်။ နွေးအေးမှာ စကားလက်ဆုံကျရင်း သူလိုချင်သော စက်မှုဘာသာရပ်ကို ရ၍ သီရိလည်း အီလက်ထရွန်းနစ် ဘာသာရပ်ကိုရတာ သူငယ်ချင်းတွေကို ပြောပြဖြစ်သည်။ သူတို့ဘာမျှ ပြန်မပြောကြ။ သူငယ်ချင်းများ၏ မျက်နှာကို အကဲခတ်တော့ တစ်ခုခုကို သိုသိပ်ထားပုံရသည်။ ဘာမှန်း မသိ၍ မေးကြည့်တော့ တစ်ယောက်နှင့်တစ်ယောက် ခေါင်းဆတ်ပြတာ တွေ့သည်။ သူ နားမလည်။ နောက်မှ ပြောပြကြ၏။

" စာမေးပွဲ အောင်စာရင်း မထွက်ခင် တစ်ပတ်က သတင်းစာမှာ သီရိနဲ့ သူနဲ့တွဲနေတဲ့ လူ စေ့စပ်သွားတဲ့ စေ့စပ်ကြောင်းလမ်း ပြီးစီးခြင်းသတင်း ပါလာတယ် "

" ဘာ "

" ဟုတ်တယ်။ မင်းတွေ့မှာပဲ ဆိုပြီး ငါတို့ မပြောတာ။ ပထမတော့ မင်းမသိသေးရင် တို့တစ်တွေ အားလုံးလျှို့ဝှက်ထားမလို့ စဉ်းစားပြီးသား။ ဒါပေမဲ့ မင်းက ဘာမှ မသိဘဲ ဆက်ပြီး အရမ်း ခံစားနေရမှာစိုးလို့။ ဒီနေ့တွေ့တော့လည်း ဘာမှ မသိသလိုဘဲမို့ ငါတို့ထုတ်ပြောတာ။ မင်းတို့အိမ်က ဘာသတင်းစာယူလဲ "

" ကြေးမုံ "

" သူတို့သတင်းက မြန်မာ့အလင်းမှာ ပါတာ "

ဪ-ဟုဆိုကာ ငြိမ်သက် ကြေကွဲရုံမှတစ်ပါး မတတ်နိုင်ခဲ့။ ၀မ်းနည်းရုံ၊ တုန်လှုပ်ရုံကလွဲ၍ ဘာမျှ မလုပ်နိုင်။ နားလည်တတ်ဖို့ ကောင်းပါလျက် ရှေ့ကို တိုးချင်သည့် အဖြစ်မို့ တိတ်တိတ်လေး ငိုရှိုက်နေရုံမှတစ်ပါး ဘယ်တတ်နိုင်ပါ့မလဲလေ။

မေးမြန်းရန် မလိုတော့သော သတင်းတစ်ခုအတွက် သီရိကို ဖွင့်ဟစကားဖြင့် မေးမြန်းရန်လည်း မလိုတော့။ သီရိ ကောင်းမည်ထင်သည့်လမ်းကို ရွေးခဲ့ပြီပဲလေ။ သီရိစိတ်ချမ်းသာဖို့ အဓိကပဲ မဟုတ်လား။ မိဘစကားကို နားထောင်သည် ဆိုလျှင်တောင်မှ သီရိအတွက် ၀မ်းမြောက်ကျေနပ် ပေးနိုင်ပါသေးသည်။ မိဘကို တတ်နိုင်သည့် ကျေးဇူးဖြင့် ပြန်ဆပ်ပေးခဲ့သော ' စံသီရိ ' ဆိုသည့် မိန်းကလေး တစ်ယောက်ကို နှလုံး သားတွင် ကမ္ပည်းထိုး မှတ်တမ်းတင်ထားချင်သည်။

နှလုံးသားတွင်ရှိနေသော ကဗျာတို့ကို သီရိ မဖတ်နိုင်၊ မကြားနိုင်တော့တာကို စိတ်မကောင်း။ ထိုအခါ-

ရှိပါလေတော့
ဖြေလျှော့မာန်ကျ၊ သည်ဘ၀တာ
ကြာလျှင်သူမေ့၊ တစ်နေ့နေ့နှင်
ရွေ့ရွေ့စဉ်ပေါ့၊ အမြင်မရှိ
အသိမပါ၊ ကဗျာတွေမေ့
နေသရွေ့တွင်
( သူမ...) ချမ်းမြေ့စေချင်သည်.............

ဆိုသော ကဗျာ တစ်ပိုင်းတစ်စမျိုးကို ပို၍ ဖတ်စေချင်မိသည်။ သီရိ နားလည်ခံစား စေချင်သည်။ သူရေးခဲ့၊ ပေးခဲ့သော ကဗျာများကို မေ့၍ သီရိဘ၀ ချမ်းမြေ့ပါစေ ဆိုသော သဘောနှင့် သူရေးခဲ့ခြင်းပင်။ သို့သော် ထင်သည့်အတိုင်း ဖြစ်မလာခဲ့။

တတိယနှစ် ကျောင်းပြန်ဖွင့်စနေ့မှာ သီရိ သူ့ဆီ ရောက်လာသည်။

" အထွန်း၊ သီရိကို ဘာမှ မမေးတော့ဘူးလား "

" ကျွန်တော်ဘာကို မေးရမှာလဲ သီရိ။ သီရိဘာကို မေးစေချင်တာလဲ "

" သီရိဘာလို့ စေ့စပ်တာကို လက်ခံတာလဲ ဆိုတာ "

" အားလုံး ပြီးသွားပြီပဲ သီရိရယ်။ ကျွန်တော်တို့ ဘာဆက်လုပ်လို့ ရမှာလဲ။ ကျွန်တော် ပြောချင်တဲ့ စကားတွေကို ပြောလို့ရော ဘာထူးမှာမို့လို့လဲ။ ပြီးတော့ သီရိကရော ကျွန်တော်ပြောတဲ့ စကားတွေကို နာခံနိုင်မှာ မို့လို့လား။ ဒါပေမဲ့ သီရိရယ်။ ဒီအချိန်မှာ မမေးသင့်တော့ဘူးလို့ ကျွန်တော်ထင်တယ်လေ။ ကျွန်တော့်ကို ပြောပါ၊ မေးပါ ဆိုရင်တောင် ကျွန်တော် မေးမှာ၊ ပြောမှာ မဟုတ်ဘူး "

သီရိက တုန်ယင်သော နှုတ်ခမ်း၊ ရီဝေသော အကြည့်တို့နှင့် သူ့ကို ကြည့်သည်။ ရင်မဆိုင်ရဲစွာ စက်မှု စာသင်ဆောင် ၇ နှင့် ၈ ကြားရှိ စွယ်တော်ပင်ကြီးကို ငေး၏။

" သီရိ အထွန်းကို တစ်ခုမေးမယ်။ မှန်မှန်ဖြေ "

သူတစ်ချက် လှည့်ကြည့်သည်။ ဘာမျှ မပြောဖြစ်ခင် သီရိထံမှ စကားသံကို ဆက်ကြားရ၏။

" အထွန်း သီရိကို ချစ်ခဲ့တယ် မဟုတ်လား။ အထွန်း ရင်ထဲမှာ ရှိတဲ့ စကားတွေဆိုတာ အဲဒီစကားတွေပဲ မဟုတ်လား "

ဟုတ်ပါတယ်ဟု ပြောမလိုဖြစ်သွားသည်။ ရင်ထဲမှာ ဗြောင်းဆန်အောင် လှုပ်ရှားသွား၏။ ဘယ်တုန်းကမှ မထင်ခဲ့သော စကားမို့ ဆွံ့အသွားပြန်သည်။ သို့သော် ရှိသမျှ အားအင်တွေကို စုစည်းပြီး နှုတ်ခမ်းနှစ်ခုကို ဖွင့်ဟချလိုက်သည်။

" ဆောရီး သီရိ။ ကျွန်တော် သီရိကို ခင်ခဲ့တာပါ။ မချစ်ခဲ့ဘူး။ အနေနီးရင်း ဖြစ်ခဲ့တဲ့ စိတ်ကစားမှုလောက်တော့ ရှိခဲ့တာ ၀န်ခံပါတယ်။ ဒီအချိန်မှာ ကျွန်တော့်ဘာသာ သိနေပြီလေ။ သီရိကို ကျွန်တော်ချစ်ခဲ့တာ မဟုတ်ဘူးဆိုတာ "

အံ့ဩဟန် အကြည့်၊ ရှက်ရွံ့ဟန် အနေအထား၊ တုန်လှုပ်သွားသော ကိုယ်ခန္ဓာ၊ ဆတ်ခနဲ လှုပ်ရှားသွားသည်ကို တွေ့လိုက်ရသည်။ ' ဖျန်း ' ဆိုသော အသံနှင့်အတူ ပါးတစ်ဖက် ပူခနဲ ဖြစ်သွား၏။

" သီရိကို အထွန်းညာတယ်။ မိန်းကလေးတန်မဲ့ ဖွင့်မေးရတာကိုတောင် မငဲ့ညှာဘူး။ နားမလည်ဘူး။ သီရိကို အရှက်ခွဲတယ်။ အထွန်းညာတယ်။ ဒီမှာကြည့်စမ်း "

လူရှင်းနေသည့် အချိန်မို့ တော်ပါသေးသည်။ ပိုက်ဆံအိတ်ကို ထုတ်ပြီး အထဲမှ စွယ်တော်ရွက်လေးကို ထုတ်တာတွေ့သည်။ ပြီးတော့ အပိုင်းပိုင်း အစိတ်စိတ် ဖြစ်အောင် ဆွဲဆုတ်ပစ်ပြီး လွှင့်ပစ်သည်။ ထို့နောက် အဆောင် ၈ အနောက်ဘက်ကို ကွေ့ပြီး ထွက်ပြေးသွား၏။ သူ မတားလိုက်မိ။

လေအတိုက် လွင့်ပါသွားသော စွယ်တော်ရွက် အပိုင်းအစတို့ကို ပြန်ရနိုင်သလောက် စု၍ ကောက်ရင်း စာအုပ်တစ်အုပ်ကြားမှာ ညှပ်သည်။ စက်မှုအဆောင် ၇ နှင့် ၈ ကြား ချောင်ထဲမှာ ကြံကြံဖန်ဖန် ကျန်နေသော စွယ်တော်ပင်ကြီးကို ငေးမော ကြည့်နေမိ၏။ မြေပေါ်မှာ မွစာကျဲနေသော စွယ်တော်ပင်ပေါက်လေးများ၊ ခြောက်သွေ့သော စွယ်တော်ရွက်တို့ကို တွေ့ရသည်။

မျက်ဝန်းမှာ ဝေေ၀၀ါးဝါး ဖြစ်လာတာ သတိထားဖြစ်ပြန်၏။

*************************

တတိယနှစ်၊ စတုတ္ထနှစ် နှစ်နှစ်စလုံး မတော်တဆ တွေ့လျှင်ပင် ဆတ်ခနဲ ရှောင်လွှဲသွားသော သီရိကို သူ အပြစ်မယူရက်။ ချစ်သူဆိုတာ အပြစ်ဟူသမျှကင်းသူ မို့ ချစ်သူလို့ခေါ်တာ ဆိုသော သူရေးဖူးသည့် ၀တ္ထုထဲက စာသားလေးလို သီရိကို ချစ်သူလို့ပဲတွေးရင်း ခွင့်လွှတ်ခဲ့သည်။ သူက မမြင်မတွေ့အောင် နေချင်၍ ကိုယ်က တမင်ကွေ့ကာ ရှောင်ရမည်ဟု နားလည်ရင်း သီရိတို့ စာသင်ခန်းတွေဘက်ကို ခြေဦးမျှပင် မလှည့်တော့။ မေဂျာကွဲသွားပြီး စာထဲနစ်ကုန်သော သူငယ်ချင်းများကိုလည်း ဖွင့်ဟပြီး ဝေဒနာ မဖြေချင်တော့။ အကြောင်းသိ ခင်မင်ရင်းနှီးသော စိုးမင်းဆက်တို့က BHA ( Broken Heart Association ) အသည်းကွဲ အသင်း၏ နာယက ခန့်မည် ဆိုခြင်းကိုလည်း ကြေကွဲစွာနှင့် မတားမိပြန်။

သည်လိုနှင့်ပင် ပဉ္စမနှစ်၏ ကျောင်းပိတ်ရက်မှာ သီရိတို့ လက်ထပ်ခြင်း သတင်းကို ဖတ်လိုက်ရသည်။ တိုက်ဆိုင်စွာပဲ ညနေဘက် အိမ်မှာ ထမင်းချက်ရန် တာဝန်ယူထားရသော သူ၊ ဆန်အိုးထဲက ဆန်ကို ခတ်နေစဉ် ရေဒီယိုမှ တေးလက်ဆောင်တောင်းသည့် အခန်းမှာ သီရိအမျိုးသားအတွက် သီရိက သီချင်းတောင်းထားတာ ကြား၍ ၀မ်းသာဝမ်းနည်း ဖြစ်ရပြန်သည်။ သီရိ သူ့အမျိုးသားကို တကယ် ချစ်သွားပြီဟု နားလည်ယုံကြည်မိသောကြောင့် ၀မ်းသာသလို သူ့အတွက် သံယောဇဉ် အနည်းအကျဉ်းမျှ သီရိမှာ ကျန်ပါဦးမလားဟု တွေးရင်း ၀မ်းနည်းခြင်းပင်။

စတွေ့စဉ်က တွေ့ရတာ ၀မ်းသာပါတယ်ဟု နှုတ်ဆက်ခဲ့သော သီရိသည် ကွဲကွာ၍ မတွေ့ရသည့်အခါတွင် သူနှင့် ပတ်သက်ပြီး ၀မ်းနည်းစရာ ကျန်ပါဦးမလားဟု မဆီမဆိုင် တွေးခဲ့မိပြန်သေး၏။

ဘယ်လိုပဲတွေးတွေး၊ သီရိသူ့ကို ပြတ်ပြတ်သားသား လမ်းခွဲလိုက်၍ ယခုလောက်ဆို သူ့ချစ်သူ ရင်ခွင်မှာ ပျော်နေလောက်ပြီဟု ယုံကြည်လိုက်မိသည်ကတော့ အမှန်ပင်။ အေးမြသော မေတ္တာတရားကို သူခံစားလိုက်နိုင်၏။

အချစ်စစ်ဆိုတာလားဟု တွေးမိနေဆဲ အနာဂတ်သည် ငြိမ်းချမ်းနေတော့မည်ဟု ယုံသည်။

*****************************

စွဲစွဲလမ်းလမ်း၊ တမ်းတမ်းတတဖြင့် ရွတ်ဆိုမြည်တမ်း အောက်မေ့မှန်းဆရင်း အစဉ်ထာဝရ သတိတရ ရှိနေနိုင်မည့် လွန်ခဲ့သော အတိတ်ကာလက ဖြစ်ပျက်ခဲ့သော ပြန်မရနိုင်သည့် အဖြစ်အပျက် တစ်ခုကို ဒဏ္ဍာရီဟု ဆိုရလျှင် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်း ပရိဝုဏ်အတွင်း မည်သို့သော စာသားနှင့်မျှ ပြန်ကာစီ၍ မရတော့သော ဒဏ္ဍာရီလေး တစ်ပုဒ် ရှိခဲ့ဖူးသည်ဟု ဆိုရမည်ဖြစ်သည်။

ဟိုစဉ်ကာလ ကျောင်းဝင်းကြီးထဲမှာ စွယ်တော်ပင်တို့ ဝေစည်ခဲ့ဖူး၍ ယခုအချိန် စွယ်တော်ပင် တို့ ချောင်ထဲမှာ ရှင်သန်နေကြသကဲ့သို့ အရိပ်တို့ဝေစည်ခဲ့ပြီးမှ စွန့်ပယ်ခံခဲ့ရသော စွယ်တော်ပင်များနှင့် ပတ်သက် ငြိတွယ်ခဲ့သော ကောင်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက်တို့၏ ဇာတ်လမ်းသည်လည်း ထိုစွယ်တော်ရွက်များနှင့် ထပ်တူ မွေးဖွားပြီး ကွယ်ပျောက်ခဲ့ရာ၊ ကြည်နူး စရာ၊ ကြေကွဲစရာ၊ လွမ်းဆွတ်စရာတို့နှင့် ပြည့်နှက်နေသော ထိုအဖြစ်အပျက်ကလေးကို " စွယ်တော် ရွက်တို့ ဒဏ္ဍာရီ " ဟု ဆိုပါလျှင်..........။               ။

သားလတ်


( ရန်ကုန်စက်မှုတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၊ ၁၉၉၆ ခုနှစ် )

Wednesday, January 16, 2013

" စွယ်တော်ရွက်တို့ ဒဏ္ဍာရီ " ( ၃ )


တရွေ့ရွေ့နှင့် ကုန်ဆုံးသွားသော စာများကိုချစ်ရသည့် ဒုတိယနှစ်မှာ ချစ်သူကိုပါ ချစ်ရင်း သူ့အချိန်တွေ ပြီးမြောက်သွားပြန်၏။ ပထမနှစ်မှ ဒုတိယနှစ်ကြား စွယ်တော်ရွက်တစ်ရွက် ပေးခဲ့ခြင်းကသာ သူနှင့် သီရိတို့၏ တိုးတက်မှုတစ်ခု ဖြစ်ခဲ့သည်ဟု ထင်ခဲ့သည်။ တကယ်တမ်းကျ ထိုတိုးတက်မှု တစ်ခုတည်း မဟုတ်။ နောက်တစ်ခု ရှိခဲ့သည်။ သီရိဘက်က တိုးတက်လာခြင်းဟု ဆိုရမည်။

မထင်မှတ်သော နေ့တစ်နေ့၏ မနက်ခင်းမှာ ' ချစ်သူတို့ လမ်းကလေး ' ဟု သူတို့ခေါ်သော ခရေပင်တန်းတွေ စီနေသည့် လမ်းလေးကို ကားပတ်ခ်ဘက်မှ ဖြတ်၍ စာသင်ဆောင်တွေ ရှိရာအသွား သီရိနှင့် ယှဉ်တွဲ၍ ပြုံးရွှင်စွာ လျှောက်လာသော ကျောင်းမှမဟုတ်သည့် လူငယ်တစ်ယောက်ကို တွေ့ရ သည်။ သီရိဘက်က တိုးတက်မှုဟု သူတွေး၏။ သီရိကို ပြုံးပြနှုတ်ဆက်မည် ကြံပြီးမှ မသင့်ဟုထင်ပြီး သူ့ဘာသာသူ ခေါင်းငုံ့လျှောက်ခဲ့မိသည်။

ထိုလူပြန်သွားသော် စိတ်ဆိုးပြီး သီရိသူ့ကို ရန်တွေ့သည်။ မျက်နှာနီရဲရဲဖြင့် မျက်ရည်တို့ဝဲကာ အသံတွေ တုန်အောင်ပြောသည်။ သူဘာမျှ မပြောဖြစ်။ သီရိကိုပြောရန် စကားစတို့မှ မရှိတာဘဲလေ။ သီရိပြောသမျှ ခေါင်းငုံ့ခံရန်သာ ရှိ၏။ သီရိနှင့် သူ့ကြားမှာ ထပ်မံရရှိသော တိုးတက်မှုပင် ဖြစ်သည်ဟု သတ်မှတ်၏။

သည့်နောက်မှာ သီရိသူ့ကို အခေါ်အပြော မလုပ်တော့။ တွေ့လျှင်၊ မြင်လျှင်တောင်မှ မတွေ့ချင်ယောင်၊ မမြင်ချင်ယောင် ဆောင်သည်။ စိတ်မကောင်းရုံ၊ ၀မ်းနည်းရုံက လွဲ၍ ဘာတတ်နိုင်ပါမည်နည်း။ စိုးမင်းဆက်က မေးသည်။ စိတ်ဆိုးသွားတာဟု ပြောခဲ့၏။

သည့်နောက်ပိုင်းမှာ သီရိနှင့်အတူ တွဲလျက် ' ချစ်သူတို့လမ်းကလေး ' မှာ လျှောက်ခဲ့သော လူနှင့် တပူးပူး တတွဲတွဲ ရှိနေတာ သတိထား ဖြစ်ပြန်သည်။ စိုးမင်းဆက်က ဒီဘဲကို ငါသိပ်သဘောမတွေ့ဘူး။ ဒါပေမဲ့ ငါတားတာ မရဘူး ဟုဆို၏။ သူ့ကို တားခိုင်းသည်။

သီရိ ဆန္ဒနှင့် သီရိဘာသာ တွဲခြင်းကို သူဘာတတ်နိုင်ပါမည်နည်း။ ဟိုစဉ်က သီရိသဘောမတွေ့သော သူများအတွက် သူက သီရိ၏ ကိုယ်ရံတော်ကဲ့သို့ လုပ်ပေးခဲ့ရသေးသည်ပဲ။ ခုလိုချိန်မှာ သီရိက လက်ခံ၍သာ တွဲတာနေမှာပေါ့ ဟု စိုးမင်းဆက်ကို ပြန်ပြောခဲ့သည်။ မင်းတို့နှစ်ယောက်က သောကပဲကွာဟု စိုးမင်းဆက် ညည်းသည်။

သူနားလည်သည်ပဲလေ။ သီရိကသာ သူ့လောက် နက်နက်နဲနဲ မတွေးကြည့်၍သာ သိချင်မှ သိပေလိမ့်မည်။ ပထမနှစ်တုန်းက သင်ခဲ့ရသော ဓာတုဗေဒ သင်ခန်းစာထဲတွင် Energy Level တို့အကြောင်းကို သီရိသိပြီးသား။ Ground State သည် Energy Level အနိမ့်ဆုံးဖြစ်၍ အမြင့်ဆုံးသည် အလွန်ဝေးကွာသော Infinity ဖြစ်သည်ဟု မှတ်သားခဲ့ရသည်ပဲ။ Energy ဆိုသည်မှာ စွမ်းအင်ဟုသိရာ စွမ်းအင်တို့သည် Ground State မှာ အမြဲနိမ့်နေပါသလားဟု တွေးမိသည်။

နိမ့်လွန်းသော မိမိဘ၀သည် Ground State မှာရှိလျှင် သီရိသည် အလွန်ဝေးကွာသော Infinity မှာ ရှိနေလိမ့်မည်ဟု ထင်မှတ်ခဲ့၏။ သီရိနှင့် သူ့ကြားမှာ စွမ်းအင်အဆပေါင်းများစွာ ကွာဟနေပါလားဟု သတိထား ဖြစ်ခဲ့သည်လေ။ သည်တော့ သူနှင့် အဆင့်အတန်းချင်းတူသောသူကို သီရိရွေးချယ် ခဲ့လျှင်တောင်မှ မှားမည်မဟုတ်။ သူနားလည် ခွင့်လွှတ်ပေးနိုင်သည်။

သူ့အပေါ် သက်သက်ငြိုငြင်၍ အမျက်ထား အငြိုးသိုခြင်းကိုလည်း သူနားလည်ပေးနိုင်ခဲ့သည်လေ။ သီရိနှင့် ပတ်သက်ပြီး သူ့ဘက်က အရာရာကို နားလည်ပေးနိုင်တာတော့ ကြာခဲ့ပြီပဲ။

********************

" အဲဒါ မင်းအချစ်ကို ဖွင့်မပြောလို့။ သူနဲ့ သူစိမ်း ယောကျာ်းလေးတစ်ယောက် တွဲတာ၊ မြင်တာကို မင်းက ဘာလို့ နှုတ်မဆက်တာလဲ ဆိုပြီး မင်းကို စိတ်ထဲက မကျေမနပ် ဖြစ်နေတာ။ မင်းဖွင့်ပြောဖို့ သင့်တာပေါ့ ခိုင်ထွန်း "

ရင်းနှီးသော သူငယ်ချင်းတွေကို တိုင်ပင်တော့ ထိုသို့ပြောသည်။

" သူနဲ့ အတူတွေ့တယ်ဆိုတော့ သူလက်ခံထားတဲ့ လူပဲလို့ ငါထင်တယ်လေ။ ငါနဲ့သူနဲ့က ဘာမှမှ မဟုတ်တာ။ တကယ် ဟုတ်ချင်နေတဲ့ သူ နှစ်ဦးအတွက် အနှောင့်အယှက် ဖြစ်မှာစိုးလို့ ပြုံးမပြလိုက်တာပါ။ ၀ိုင်အိုင်တီကို ရောက်လာကတည်းက ငါနဲ့လွဲရင် ဘယ်သူနဲ့မှ သွားတာမှ မဟုတ်တာ "

" အဲဒါ မင်းသူ့ကို နားမလည်တာ။ သူက မင်းကို ဖွင့်ပြောအောင်လုပ်တာရော မဖြစ်နိုင်ဘူးလား။ တခြားတစ်ယောက်နဲ့ တွဲမှ မင်းဖွင့်ပြောအောင် လုပ်တာမျိုးလေ။ ပြီးတော့ မင်းစိတ်က အတ္တဆန်တာ။ မင်းနဲ့တွဲတဲ့ လူတစ်ယောက်က အခြားသူတစ်ယောက်နဲ့ ခဏဖြစ်ဖြစ် တွဲသွားတွဲလာ မလုပ်ရတော့ ဘူးလား "

" အခုတော့ ခဏဖြစ်ဖြစ်လို့ ပြောလို့မရတော့ဘူး မင်းဘုန်းလှိုင်။ သူတွဲနေတာ ကျူတိုရီယယ်တက်စ် ပြီးကတည်းက။ ခုပဲ စာမေးပွဲကြီး နီးနေပြီ "

" မင်းက မက်ခ်( Mech ) ယူမှာနော်။ သူက ဘာယူမှာလဲ "

" ငါတစ်ခါမှ မမေးမိဘူး။ ဒါပေမဲ့ သူလည်း E.C ပဲယူမယ်ထင်တယ် "

" ဒီနှစ် ဖွင့်ပြောဖို့ သင့်တယ်။ မေဂျာကွဲရင် မင်း ကြွေပြီ "

ကြွေပြီလို့ ကိုအောင်ကျော်သက်ပြောတော့ ရောယောင်၍ သူလိုက်ရွတ်သည်။ သီရိနှင့် ပတ်သက်၍ သူ့နှလုံးသားတွေ တစ်စစီ ဖြစ်ပြီး ပဲ့ကြွေနေခဲ့တာ ခုမှ မဟုတ်ဘဲလေ။

" စာမေးပွဲနီးပြီဗျ။ သူစိတ်ဆင်းရဲမှာမျိုးနဲ့ ထပ်ပြီး မနှိပ်စက်ချင်တော့ပါဘူး။ နောက်နှစ်ဆို သူလည်း စိတ်ပြေလောက်ပြီလို့ ငါထင်တယ်။ အဲဒီကျမှ ဖွင့်ပြောတော့မယ် "

" အချစ်မှာ တစ်ရက်နောက်ကျရင် တစ်သက်စာ လွမ်းရတတ်တာ မင်းမသိဘူးထင်တယ် ခိုင်ထွန်း။ အေးလေ-မင်းကံကောင်းနိုင်မှာပါ "

အောင်လှိုင်ထွန်းစကားက ရင်ထဲကို မြားအစင်းပေါင်း များစွာနှယ် ၀င်စိုက်သည်။ ' ကံကောင်းနိုင်မှာပါ ' ဆိုသော စကားသည် ကံဆိုးခြင်းထဲမှာ ရှိနေသော သူတစ်ဦးအတွက် ဖြစ်ပေလိမ့်မည်ဟု သူထင်သည်။

သူသည် ကံဆိုးသော သူတစ်ဦးဖြစ်နေခဲ့တာ သူငယ်ချင်းတွေက သိနေပြီတဲ့လား။ သူ့ဘာသာသူတော့ သီရိနှင့်ပတ်သက်သမျှ အမြဲကံကောင်းနေသူဟု ထင်မိသည်။

**************************

သားလတ်

( ဆက်ပါဦးမည်။)

Sunday, January 13, 2013

" စွယ်တော်ရွက်တို့ ဒဏ္ဍာရီ " ( ၂ )


ရစ်ပတ်လွယ်လျှင် ချစ်တတ်တယ်ဟု ဆိုရမည်ထင်၏။ သံယောဇဉ်ဖြင့် ငြိတွယ်နစ်မွန်းခဲ့ရသော ပထမ စာသင်နှစ်တွင် လက်တွေ့ခန်းများ၊ ကျူတိုရီယယ်၊ လက်ချာ စာသင်ခန်းများ၊ သူမနှင့် စကားပြောရင်း သွားလာခဲ့ရသော စာကြည့်တိုက်၊ န၀ရတ်၊ နွေးအေး၊ ၀ါဝါဦး၊ အောင်သိပ္ပံ၊ မေတ္တာပေါင်းကူး စသောနေရာများသည်ကား တစ်သက်တာ မေ့နိုင်ဖွယ်ရာမရှိ။

ဘယ်နေရာကြည့်ကြည့် သူမကြောင့် ရသောပီတိ၊ နှလုံးသားမှာ ပြည့်လျှံနေတော့သည်။ ကဗျာများကို ရေးပြီး ပြရသောအခါ ခံစား၍ဖတ်သော သူမ၏ မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ရင်း သူမဘယ်ဘက် ပါးအလယ်မှ မှဲ့နက်ကလေးကို ငေးစိုက်ကြည့်ရခြင်းကပင် ရင်ခုန်ကြည်နူးစရာ။

ကျောင်းနှင့် ပတ်သက်သမျှ သိသလောက်ရှင်းပြသည့်အခါ နားထင်ကို လက်ညှိုးနှင့်ထောက်ပြီး နားထောင်တတ်၍ ညာဘက်နားရွက်နားမှာ မှဲ့နက်နက်ကလေးကို တွေ့ရသည့်အခါတွင်လည်း ဘာမှန်းမသိသော ဝေဒနာကို ခံစားရတာ ပျော်ရွှင်ကျေနပ်စရာ။

ကဗျာဆိုတာက
စာကိုအလှဆင်ထားတာပါခင်။

မမြင်ရရင် မနေနိုင်
မရေးရရင် တမှိုင်မှိုင်နဲ့
အဲဒီလောက်အထိ ကိုယ်ခုံမင်..........

ဆိုသော ကဗျာ တစ်ပိုင်းတစ်စကို ရေးချပြခဲ့ရင်း သူမကို စနောက်ခဲ့ဖူးသည်။ ထိုအခါ မျက်စောင်း တစ်ချက်ကို ၀င့်၍ ဆရာမတစ်ယောက်၏ ဟန်ပန်မျိုး ရှင်းပြနေသည့်အခါ ဟုတ်ကဲ့ပါ ခင်ဗျာ ဟုဆိုကာ အလိုလိုခေါင်းညိတ်ခဲ့ရ ဖူးတာတွေလည်း တကယ်တမ်း စွဲလမ်းတမ်းတနေချင်စရာ ကောင်းသည်။

သူမကို ရင်ထဲက နှစ်နှစ်ကာကာ ချစ်မိပြီဟု သိရသည့်အခါကာလ အရင်လို ကဗျာပေးဖတ်ရခြင်းနှင့် မတူတော့။ ရင်ထဲက ရိုးတိုးရိပ်တိတ် စကားတွေ သိစေဟု ရည်ရွယ်လျက် ထိုအကြောင်းများ ဖွဲ့ဆိုထားသော ကဗျာတို့သာ ပေးဖတ်ခဲ့ပြန်သည်။

အကယ်၍များ
ဖွင့်ပြောထားပြီး၊ သူကားငြိုငြင်
ကိုယ့်မခင်လျှင်၊ ရင်မှာကြေကွဲ
အတွေးဝဲတော့၊ အမြဲမပြော
ရင်ထဲသောက၊ ပြည့်မောရစေ
ကိုယ်လေခံစား
ကြိတ်မှိတ်သွားမည်
အနားသူရှိ၊ သူ့ကိုကြည့်နေ
မသိလေလည်း၊ စိတ်ထဲမြတ်နိုး
တိတ်တခိုး ချစ်မည်........

ဆိုသော သူရေးထားသည့် ကဗျာတစ်ပုဒ်၏ နောက်ဆုံးပိုဒ်ကို သူမဘယ်လို ခံစားပြီးဖတ်သည် မသိသော်လည်း ဖတ်နေသည့်ကာလမှာ သူမမျက်နှာမှာ ဖြတ်ပြေးသွားသည့် အရိပ်တို့ကို ရှာရသော သူကတော့ အတွေးနှင့်ပင် ရင်မောရသည်။

ကဗျာအဆုံးမှာ ကောင်းပါတယ်ဟု မှတ်ချက်ချသော သူမစကားသံကို ဘယ်လိုမျှ မကျေနပ်နိုင်ခဲ့။ ကဗျာကို ဘာသာပြန်တတ်၊ အဓိပ္ပါယ်ဖွင့်တတ်ခဲ့သော သူမသည် ထိုကဗျာမျိုးမှာ ဘာမျှ အဓိပ္ပါယ်မဖွင့်တော့။ သည်မှာပဲ ကဗျာထဲကအတိုင်း ခင်မင်မှု ပျက်မှာစိုး၍ ငြိမ်နေတာက ပိုကောင်းမည်တွေးပြီး သူ့ဘာသာသူ ငြိမ်နေခဲ့ရပြန်တော့သည်။ သည်သို့နှင့် ပထမစာသင်နှစ် ပြီးဆုံးသွားခဲ့၏။ ခင်မင်မှုဆိုသော စည်းတစ်စည်းကို သူမကျော်ရဲခဲ့။

**************************

မည်သူ့ကိုမျှ ဖွင့်မပြောပြခဲ့ရ၍ သူငယ်ချင်းတွေပင် မသိခဲ့သော ပထမနှစ်ကျောင်းပိတ်ရက်မှာ သူ့ဘာသာတွေးကြည့်၏။ သူကသီရိကို ဖွင့်ဟပြောသည့်တိုင်အောင် သီရိနှင့်သူ နီးစပ်နိုင်ပါမည်လား။

ဦးလူပေါ ခေါင်းနှင့်တူ၍ ' ဦးလူပေါပေါင်းမိုး ' ဟု သူတို့ခေတ် ခေါ်သော ကားများစွာ ၀င်ထွက်သည့် အပေါက်မှ အရာရှိများစီးသည့်ကားနှင့် ကျောင်းအသွားအပြန်လုပ်သော သီရိနှင့် ကားဂိတ်ကို မိနစ်နှစ်ဆယ်လောက် လမ်းလျှောက်၊ ဘတ်စ်ကား ကျပ်ကျပ်သိပ်သိပ်ကို အဆင့်ဆင့် ပြောင်းစီးပြီး ' ပစ္စည်းမဲ့ဂိတ် ' မှ ၀င်ရသောသူ။ သည်အတိုင်းအတာကိုပင် သူနားလည် ခံစားနေမိ၏။

တစ်ချိန်မှာ သူက သီရိကို စွန့်လွှတ်ရမည်တဲ့လား။ ထိုသို့စွန့်လွှတ်ရန်လည်း မသေချာပါ။ သီရိကို သူက ချစ်တယ်ဟု ပြောပိုင်ခွင့် မရှိတော့ပြီလား။  စဉ်းစားရင်း သက်ပြင်းချခဲ့ရသည်က အကြိမ်ကြိမ်။ နောက်ဆုံး မှာတော့ ကိုယ့်ဘာသာကိုယ် စိတ်ကိုတင်း၏။ ထိန်းချုပ်၍ မရနိုင်သည့်အဆုံးမှာ ဖွင့်တော့ပြောရမည်ဟု စိတ်ပိုင်းဖြတ်သည်။

သည်သို့နှင့် ဒုတိယစာသင်နှစ်မှာ သီရိနှင့် သူတစ်ခန်းထဲ ပြန်ရောက်ခဲ့ရသည်။ လက်တွေ့လုပ်ချိန်တော့ မတူ။ ကိစ္စမရှိ။ တစ်ခန်းထဲ သူငယ်ချင်းအဖြစ် စကားပြောခွင့်၊ ထမင်းအတူတူစားခွင့်၊ သွားလာခွင့်များကို သူရခဲ့ပါသေးသည်။ သီရိတို့ မိသားစု၏ ကြွယ်ဝမှုတို့ကို တစ်စတစ်စပိုသိလာရလေ၊ သီရိကို ချစ်တယ် ဖွင့်ပြောဖို့ နောက်တွန့်လေဖြစ်ရင်း ထိုခံစားမှုတို့ကို သူ့ဘာသာ ကဗျာချရေး ဖြစ်ခဲ့ပြန်၏။

မခေါ်စွန့်ခွာ
ပျော်ဝံ့မှာလား၊ လျှောက်လာသည့်လမ်း
နွေထက်ကြမ်းလေ၊ ပင်ပန်းလေမည်
တွေးမိသည်ထိ၊ သူ့ဆီမျှော်ဆွေး
ဝေးဝေးမှာချန်၊ ရင်ကိုဒဏ်ခတ်
ချစ်တတ်သည့်စိတ်၊ ကိုယ့်ကိုနှိပ်စက်
ခုသိပ်ခက်ပြီ
လက်ကမ်းပြီးတော့ မခေါ်လိုပါ..............

ဆိုသော သူရေးခဲ့ဖူးသည့် ကဗျာတစ်ပုဒ်ကို ရွတ်ရင်း အလိုလို ကြေကွဲနေပြန်တာ သီရိမသိခဲ့။ မေဂျာခွဲမှာမို့ စာကြိုးစားဖို့၊ ကဗျာတွေ ရေးတာ ခဏရပ်ထားဖို့၊ သည်လောက်တော့ အမိန့်ပေးရမှန်း သူသိခဲ့သည်။

အမှန်တော့ သီရိရိပ်မိတန်သလောက် ရိပ်မိမည် ဖြစ်သော်လည်း ဘာမျှ မသိဟန်ဆောင်နေခြင်းကို သူနားလည်သည်။ သီရိကို လိုက်ချင်သောသူ တချို့အတွက် သူသည် အဟန့်အတား တစ်ခုသဖွယ် နေပြခဲ့ရသော်လည်း သီရိနှင့်သူ ဘာမျှမဖြစ်ခဲ့တာ စိုးမင်းဆက်တို့ပင် မယုံ။ ထိုမျှ တွဲသွားတွဲလာ လုပ်ပြီးမှ မငြိရကောင်းလားဟု စိုးမင်းဆက်က ကျိန်ဆဲသည်။ ကာတွန်းဆွဲသော ပန်းချီဆရာ ကိုမောင်မောင်၏သား ဆွေဆက်က သူ့ကို အပြစ်တင်သည်။ ထူးအိမ်သင်နှင့်တူ၍ ' ငှက်ကြီး ' ဟု သူတို့ခေါ်သော သွင်မောင်မောင်က ရှုတ်ချ၏။

ဟုတ်လည်း ဟုတ်သည်။ တစ်ကျောင်းလုံးမှာ သူနှင့်သီရိသည် လူမြင်သူမြင် နေရာတိုင်း မရောက် ဖူးသော နေရာမရှိ။ သူငယ်ချင်းတွေ မေးလျှင်လည်း သူငယ်ချင်းတွေပဲဟု ဖြေရုံကလွဲ၍ ဘာမျှ သူပိုမပြောခဲ့။ ကိုယ်တိုင်လည်း သီရိကို အံ့ဩသည်။ စိုးမင်းဆက်နှင့် ကျောင်းနေဘက်ဟု ဆိုသည့်တိုင် ယခုတော့ သူ့ကို ပိုမိုခင်တွယ်နေ၏။ ကဗျာသမား၊ စာသမားချင်းမို့ ပိုပြီး ခင်မင်တတ်တာဟုလည်း သူ့အတွေ့အကြုံအရ နားလည်နေမိသည်။

မှတ်မှတ်ရရ သတ္တုဗေဒဋ္ဌာန ရှေ့နားက စွယ်တော်ပင်ကြီးနားမှာ စကားများစွာ ပြောရင်း Soft Pen အနက်ရောင်ဖြင့် လက်မှတ်ထိုး၍ ' သီရိအတွက် '  ဟု ရေးပြီးပေးခဲ့တာတွေက ဘယ်လိုမှ မမေ့နိုင်စရာ။ ထိုစဉ်က စကားတွေကလည်း ဘယ်တော့မျှ တိုးတိတ်မသွား။

" စွယ်တော်ပင်ဆိုတာ ရန်ကုန်စက်မှုတက္ကသိုလ်ရဲ့ တစ်ခုတည်းသော အမှတ်အသားပေါ့ သီရိ။ ကံ့ကော်တန်းလို့ ပြောရင် ရန်ကုန်တက္ကသိုလ်ကို သိသလိုမျိုး ဟိုအရင်က စက်မှုတက္ကသိုလ်ရဲ့ အထင်ကရဟာ စွယ်တော်ပင်တွေ ဖြစ်ခဲ့တယ်လေ။ ခုတော့ သူတို့တွေဟာ လူမြင်သူမြင်နေရာမှာ မရှိကြတော့ဘူး။ ချောင်တွေထဲ ရောက်ကုန်ပြီ။ အဲဒီလိုပဲ သီရိနဲ့ ကျွန်တော်နဲ့ တစ်နေ့မှာ ခွဲသွားတဲ့အခါ ဟိုတုန်းက စက်မှုတက္ကသိုလ် ပရိဝုဏ်ထဲမှာ ခိုင်ထွန်းဆိုတဲ့ ကောင်လေးတစ်ယောက်ကို သိခဲ့တယ် ဆိုတာလောက် အမှတ်ရအောင် ဒီစွယ်တော်ရွက်ကလေးကို ဆောင်ထားနိုင်လို့ ရတဲ့အထိ အမြဲဆောင်ထားပေါ့။ မရတဲ့ အဆုံးကျ ချောင်ထဲမှာပေါက်နေတဲ့ စွယ်တော်ပင်တွေလို ကျွန်တော်ပေးခဲ့တဲ့ စွယ်တော်ရွက်လေးကို စွန့်ပစ်နိုင်ပါတယ် သီရိ။ လူမြင်သူမြင်မှာ မရှိတော့ပေမယ့် ဒီစွယ်တော်တွေ လှနေနိုင်တာကို သီရိ မမေ့စေချင်လို့ပါ။ အဲဒီလိုပဲ ခိုင်ထွန်းဆိုတဲ့ ကျွန်တော်က သီရိမမြင်နိုင်တဲ့ ဟိုခပ်လှမ်းလှမ်းမှာ သီရိကို ခင်မင်မှုတွေနဲ့ အမြဲ ရှင်သန်နေနိုင်မယ် ဆိုတဲ့ အမှတ်နဲ့ ကျွန်တော့် စွယ်တော်ရွက်လေးကို လောလောဆယ်တော့ အမှတ်တရ သိမ်းထားပါသီရိ။ ခုပြောတဲ့ စကားတွေ အားလုံးကိုလည်း သီရိ အမြဲယုံစေချင်တယ် "

သူ့စကားအဆုံးမှာ ယုံပါတယ်လို့ ပြောရင်း သီရိ မျက်ရည်ဝဲသွားတာလည်း သူမေ့မရ။ သူ့အတွက် သီရိရင်ထဲမှာ လျစ်လျူရှုမရနိုင်တာကို စိတ်မကောင်းခြင်းဖြင့်ပင် ကျေနပ်ခဲ့ရပါသေးသည်။

*************************

သားလတ်

( ဆက်ပါဦးမည် )

Saturday, January 12, 2013

"စွယ်တော်ရွက်တို့ ဒဏ္ဍာရီ"


" တို့ ၀ိုင်အိုင်တီက အနုပညာသမား ပေါတယ်ကွ။ အထူးသဖြင့် စာပေသမားတွေ ထွက်တယ်။ အခုနာမည်ကြီးနေတဲ့ ဆရာမောင်စိန်ဝင်း( ပုတီးကုန်း)၊ ဆရာ နွမ်ဂျာသိုင်းတို့၊ နောက် မစန္ဒာ၊ ဆုမိလဲ့၊ ပြီးတော့ စာအရေးကျဲတဲ့ မမြင့်ခိုင်၊ နောက် ငါမသိတဲ့ ဆရာတွေ အများကြီးပဲကွ "

" ဟုတ်တယ်။ မောင်စိန်ဝင်းက စက်မှုနဲ့ ပြီးတာတဲ့။ မစန္ဒာနဲ့ ဆုမိလဲ့က ဗိသုကာနဲ့ ပြီးတာတဲ့။ အခုလောလောဆယ်  စာရေးနေတဲ့ လင်းသန့်လည်း ဗိသုကာတက်တုန်းတဲ့ "

" ကာတွန်းဆွဲတဲ့ အော်ပီကျယ်လည်း Mech နဲ့ ပြီးတာနော် "

" ဟုတ်တယ်။ ပြီးတော့ အခု မဇ္ဈိမလှိုင်းလို့ နာမည်ကြီးနေတဲ့ တီးဝိုင်းထဲက ကိုခင်မောင်တိုး၊ ကိုရဲလွင်၊ ကိုမောင်မောင်တို့ကလည်း တို့ကျောင်းကတဲ့။ မောင်စိန်ဝင်းတို့နဲ့ တစ်နှစ်တည်းတွေတဲ့။ တေးရေး ၀င်းမင်းထွေးနဲ့ တူးတူးလည်း တို့ကျောင်းကပဲ "

" ရုပ်ရှင်မင်းသား မင်းဦးက တို့ကျောင်းက ပြီးတာဆို။ တစ်လောက ဒွေးလည်း ကျောင်းပြီးသွားတယ်နော်။ တို့ကျောင်းက အနုပညာကျောင်းကြီးနဲ့တူတယ် "

' ၀ါဝါဦး ' လက်ဖက်ရည်ဆိုင်၏ မျက်နှာစာ စားပွဲမှာ ထိုင်ပြီး ငြင်းခုံနေကြသော သူငယ်ချင်းတွေကို ကြည့်ရင်း သူငြိမ်၍ နားထောင်နေမိသည်။ ပြောသည့်အကြောင်းများက သူသိပြီးသား ဖြစ်သော်လည်း အနုပညာကို စိတ်ဝင်စားသော သူများမို့ စကားဝိုင်းကို မပေါ့စေချင်၍ ငြိမ်နေခြင်းပင်။

" အနုပညာသမားတွေ ပေါခဲ့သလို သူတို့ပေးခဲ့တဲ့ နာမည်တွေလည်း အများကြီး ရှိခဲ့ဖူးတယ် "

" လုပ်စမ်းပါဦး။ ငါတို့ စိတ်ဝင်စားတယ်။ တော်တော်များများ မသိကြဘူးကွ "

ခဏအကြာမှာ သူဝင်ပြောတော့ ကိုအောင်ကျော်သက်က လက်ဖက်ရည်ခွက်ကို မ ရင်း ပြော၏။

" ကိုအောင်ကျော်သက်တို့ ခုန အနုပညာသမားတွေ အကြောင်းပြောတာ ကြားမှ ကျွန်တော် သတိပြန်ရတာပါ။ ဒီလိုဗျ။ အခု ကျောင်းသား အများစုနဲ့ ဆရာ၊ ဆရာမတွေ အများစု ဘတ်စ်ကားနဲ့လာ၊ လမ်းလျှောက်လာရင် ၀င်တဲ့ ဘတ်စ်ကားဂိတ်နားက အပေါက်ကို ' ပစ္စည်းမဲ့ဂိတ်' တဲ့။ ဟိုဘက် ဂိတ်ပေါက်ကြီးက ကားစီးနိုင်တဲ့ လူတန်းစား အနည်းစု ၀င်တာကိုး။ ဒါကြောင့် ဒီဘက်က ဂိတ်ကျဉ်းကျဉ်းလေးကို '  ပစ္စည်းမဲ့ဂိတ် ' လို့ခေါ်တာ "

" မင်းပြောမှပဲ ငါတောင် တော်တော် သဘောကျသွားပြီ။ ချမ်းသာတဲ့ လူတွေနဲ့ ပိုင်းခြားပြီး ပေးထားတာပေါ့။ ဟုတ်လား။ ဘယ်သူပေးခဲ့တာလဲ "

" ဆရာ နွမ်ဂျာသိုင်းတို့ လက်ထက်က ပေးတာ။ ဆရာ မောင်စိန်ဝင်းတို့နဲ့ တစ်နှစ်တည်းပေါ့။ ၁၉၇၀ ၀န်းကျင်က ဆိုတော့ တက္ကသိုလ် ရွှေရတုဝန်းကျင်ကာလက ပေးထားတာ။ စတုတ္ထနှစ် ကျောင်း သူ၊ ကျောင်းသားတွေကို သုံးပိုင်း နှစ်ပိုင်း ကျောင်းသားတဲ့။ နောက်တစ်ခုက ၀င်ဝင်ချင်းတွေ့ရတဲ့ တိုင်လုံးကြီးတွေကို သူတို့လက်ထက်က ရောမတိုင်လုံးကြီးတွေလို့ ခေါ်တယ်တဲ့။ အဲဒါ ဘာမှ မထူးဆန်းပေမယ့် ငါအရမ်းသဘောကျတဲ့ နာမည်လေးတစ်ခု ရှိခဲ့သေးတယ် "

" ဘာနာမည်လဲ "

" Lover's Lane တဲ့။ ချစ်သူတို့ လမ်းကလေး လို့ ခေါ်တယ် "

" ဘယ်နားက လမ်းကို ပြောတာလဲ "

" အခု ဒုတိယနှစ်တွေ တက်နေတဲ့ အဆောင်တွေ ရှေ့က လမ်းကလေးလေ။ ခရေပင်တွေ အုံ့အုံ့ဆိုင်းဆိုင်းနဲ့။ ကားပတ်ခ်ဘေးက စတာ။ စက်မှု အဆောင်လေးဆောင်ရယ်၊ ကားပြင် အလုပ်ရုံရယ်ကို ပတ်ပြီး ပြေပြေလေး ဆင်းသွားတယ်။ န၀ရတ်နားအထိ။ အဲဒီ လမ်းကလေးကို ခေါ်တာ "

" တော်တော် စိတ်ကူးကောင်းတဲ့ လူတွေပဲ။ ငါတို့နှစ်ကျတော့ ဘာနာမည်တွေ ထပ်ပေးခဲ့ရမလဲ မသိဘူး။ နောက် ငါတို့ရဲ့ ညီတော်၊ ညီမတော်တွေ အတွက် မှတ်မှတ်ရရ ဖြစ်အောင်လေ "

" စိတ်မပူပါနဲ့။ ဩဘာလမ်းက တို့တွေထားခဲ့တဲ့ အမှတ်တရ နာမည်တစ်ခုပေါ့ "

သူက ပြောတော့ " ဟာ-ဟုတ်သားပဲ " ဟု မင်းဘုန်းလှိုင်က အားရ၀မ်းသာ ပြောသည်။

" နောက်ပြီး အဆောင်တွေနဲ့ ပတ်သက်တဲ့ အလေ့အထတွေ၊ ကျောင်းနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ၊ မဂ္ဂဇင်းကိစ္စ၊ အသုံးလုံး လုပ်အားပေးတို့၊ ရွှေရတုအနုပညာလုပ်ရှားမှုတို့၊ အပတ်စဉ် ထုတ်တဲ့ စက်မှုစာစောင် အကြောင်းတို့ အဲဒါတွေတော့ ရှိသေးတယ်။ အများကြီးပဲ။ အဲဒါတော့ နောက်မှ ပြောပြမယ်။ အတန်းတက်ဖို့ နီးနေပြီ။ သွားရအောင် " 

" အေးကွာ၊ စိတ်ဝင်စားတယ်။ ကျန်တဲ့ကျောင်းသားတွေလည်း သိချင်မှာပဲ။ ကျောင်းပြီးလို့ မင်းစာရေးရင် အဲဒါတွေ ထည့်ရေးစမ်းပါ။ အဲဒါတွေက ခေတ်တစ်ခေတ်မှာ ရှိတဲ့ ကျောင်းသားတွေကို ဖော်ပြ သလို ကျောင်းသားတွေရဲ့ လှုပ်ရှားမှုဟာ ဘယ်လောက်အားကျ အတုယူစရာ ကောင်းတယ်ဆိုတာ နောင် လာမယ့် ကျောင်းသားတွေကို ဖော်ပြသလိုမျိုးဖြစ်မှာ။ သိလည်း သိသင့်ကြတယ်လေ "

" ငါ ၀တ္ထုရေးဖို့ ကျောင်းနဲ့ ပတ်သက်သမျှ Notes တွေ ထုတ်ထားတာ ရှိတယ်။ စိတ်မပူနဲ့။ အကုန်ရေးမယ် "

ပြောပြီး လက်ဖက်ရည်ဖိုး ရှင်းရန် စားပွဲထိုး အစ်ကိုကို လှမ်းခေါ်စဉ် ကိုအောင်ကျော်သက်က လက်ကာပြ၏။

" ငါတို့ မသိတာတွေ သိရတဲ့အတွက် ငါကပဲ အကုန်ခံပါ့မယ်။ ဒီနေ့ ငါဒကာပေါ့ "

သူဘာမျှ မပြောတော့။ ကျောင်းရောက်ပြီး တစ်ပတ်အတွင်းမှာ ရင်းနှီးခဲ့သူတွေ ဖြစ်သော်ငြား ငယ်ပေါင်းလို ရင်းနှီးသူများ ဖြစ်ခဲ့ကြသည်။

တကယ်တော့ ပထမနှစ်ဆိုသည်မှာ တက္ကသိုလ်တက်စ ကျောင်းသား၊ ကျောင်းသူတိုင်း တက်ကြွနေချိန်ပင်။ ထိုအချိန်မျိုးတွင် ကိုယ့်အစွဲနှင့်ကိုယ် စိတ်ဝင်စားစရာ ပြောဖြစ်ခဲ့တာလည်း မဆန်းကြ။ ထိုကဲ့သို့ မဆန်းလှသော ကာလတစ်ခုမှာပင် သူ့ဘ၀အတွက် ဆန်းပြားစရာ ကာလတစ်ခု ရောက်ခဲ့သည်။

Physic ဘာသာရပ်၏ လက်တွေ့မလုပ်ခင် တစ်ရက်မှာပင်။

*******************

" ခိုင်ထွန်း။ ဟေ့ကောင် ခဏကွာ "

ပထမနှစ် Section B ရှိရာ L-2 ၏ နောက်ဘက်လှေကားမှ တက်ပြီး အခန်းထဲ ၀င်မည်ပြုစဉ် နောက်ဘက်မှ ခေါ်သံကြောင့် လှည့်ကြည့်မိတော့ စိုးမင်းဆက်ကို တွေ့သည်။

စိုးမင်းဆက်က ဒီဇိုင်းရူး သူငယ်ချင်း။ စာအကြောင်း၊ ကဗျာအကြောင်း ဆွေးနွေးရင်းမှ ခင်လာသူ။ လေကြောင်းအင်ဂျင်နီယာ ဘာသာရပ်မှ လေယာဉ်ပျံ ပုံအပိုင်းအစများကို စုကာ သူ့စိတ်ကူးထဲက ဒီဇိုင်းတွေ ချချ ဆွဲတတ်သည်။ စာသမားမို့ ကျောင်းတက်တက်ချင်းပင် ပိုခင်ခဲ့ကြသည်။

" ဘာလဲ ဟေ့ကောင်။ ပြော "

" မင်းကို ငါ့ဘော်ဒါတစ်ပွေနဲ့ မိတ်ဆက်ပေးချင်လို့ကွာ။ သူက မင်း Roll နဲ့ ကပ်လျက်။ မင်းအထက်က။ မင်းတို့ မနက်ဖြန် Lab ရှိတယ် မဟုတ်လား။ အဲဒါ မင်းတို့အုပ်စုမှာ သူပါတယ်။ သူ့နားမှာ ယောကျာ်းလေးတွေချည်းပဲမို့ မင်းကို အကူအညီ တောင်းတာပါ "

" မင်းဘော်ဒါဆိုလို့ ယောကျာ်းလေးမှတ်တာ။ ရပါတယ်။ ဖစ်ဆစ်က ဘာလုပ်ရမှာမို့လို့လဲ "

" မသိဘူးလေ။ မိန်းကလေးတစ်ယောက်တည်းဆိုတော့ နည်းနည်းကြောင်နေမှာ စိုးလို့ "

အင်း.......အင်းဟု စကားဖြတ်ကာ အခန်းထဲဝင်ပြီး သူငယ်ချင်းတွေနှင့် စကားပြောနေလိုက်သည်။ ထူးထူးထွေထွေ သိပ်တွေးနေစရာ မလိုသည့် ကိစ္စမို့ မေ့ထားသော်ငြား ကိုယ့်အထက်က ကိုယ့်ထက် ခုံနံပါတ်မြင့်သူဟူ၍ လေးစားစွာ တွေ့ချင်နေသည်ကတော့ အမှန်ပင်။

စာသင်ချိန်တွေပြီး၍ နေ့လယ်အားလပ်ချိန် ထမင်းစားနေစဉ်မှာပင် စိုးမင်းဆက်နှင့် မိန်းကလေး တစ်ယောက် ပါလာ၏။

" ခိုင်ထွန်း၊ ဒါ ငါ့သူငယ်ချင်း၊ စံသီရိ တဲ့ "

တွေ့ရတာ ၀မ်းသာပါတယ် ဆိုသော စကားသံ စူး ရှရှကို ကြားရစဉ် မင်သက် တွေဝေနေပြီးမှ ဟုတ်ကဲ့ဟု အပြုံးနှင့် ဆိုလိုက်သည်။ တွေ့ရတာ ၀မ်းသာပါတယ်ဆိုတော့ မတွေ့ရရင် ၀မ်းနည်းစရာ ဆိုသော သဘောကို သက်ရောက်၍ လူတစ်ဦးနှင့် မိတ်ဆက်ပေးတိုင်း ဟုတ်ကဲ့ဟု ပြောရုံကလွဲ၍ သူဘာမျှ မပြောခဲ့။ အပြုံးနုနု၊ ဆံပင်ရှည်ရှည်နှင့် သူမ၏ အသံစူးရှမှုများကို ခဏအတွင်း သတိထားလိုက်မိသည်။ အပြောအဆို၊ အမူအရာ ယဉ်ကျေးသိမ်မွေ့သော မိန်းကလေးတစ်ဦး အဖြစ် မှတ်ချက်ချလိုက်၏။

" စံသီရိ၊ နင်သူ့ကို ခင်ခင်မင်မင်ပေါင်း။ ငါလည်း ဒီကျောင်းရောက်မှ သိတာပါပဲ။ ဒါပေမဲ့ ပေါင်းလို့ ရတယ်ဟ။ ခင်သွားတယ်။ ပြီးတော့ နင်နဲ့ ပိုပြီး ပေါင်းရတာ အဆင်ပြေနိုင်တယ် "

စိုးမင်းဆက် စကားကြောင့် နားမလည်စွာ ငေးမိသည်။ ဘာဖြစ်လို့လဲဟု မေးလိုက်၏။

" စံသီရိက ကဗျာသမား ခိုင်ထွန်းရ "

" ဟာ-ဟုတ်လား။ ဒါဆို တော်တော် ၀မ်းသာတယ်ဗျာ။ ကျွန်တော်နဲ့ ဆွေးနွေးလို့ ဖြစ်ပြီပေါ့ "

" ကိုခိုင်ထွန်းလောက် ရေးအား မသန်ပါဘူး။ သီရိက ဖတ်အားပဲ သန်တာ "

' သီရိက ' ဆိုသော စကားလုံးသုံးလုံးကပင် ရင်ထဲကို အရှိန်ပြင်းစွာ ၀င်ဆောင့်သွားပြီလား မသိ။ ရင်တစ်ခုလုံး တုန်ခါသွားသည်။

ဤသို့နှင့်ပင် ယခင်က ဘာမျှ မဆန်းပြားခဲ့သော သူ့ကမ္ဘာလေးမှာ ဆန်းပြား၍ အံ့ဩဖွယ်ရာတို့ တစ်နေ့ပြီး တစ်နေ့ ဆက်တိုက်ကြုံလာရတော့သည်။ ထိုအံ့ဩမှုတို့ကို ဖန်တီးသူကတော့ သီရိ ဆိုသော သူမပင်။

*********************

သားလတ်
( ဆက်ပါဦးမည် )

[ ကျွန်တော် ရန်ကုန်စက်မှုတက္ကသိုလ်တက်နေစဉ်ကာလမှာ ကျွန်တော်တို့ကျောင်း၌ မဂ္ဂဇင်းတစ်အုပ် ထုတ်ဖြစ်ပါသည်။ ရန်ကုန်စက်မှုတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ၊ ၁၉၉၆ ခု ခေါ်ပါသည်။ ထိုမဂ္ဂဇင်းထဲတွင် ကျွန်တော့် မဂ္ဂဇင်း ၀တ္ထုရှည်တစ်ပုဒ် အရွေးခံရပါသည်။ ယခု ထိုဝတ္ထုရှည်ကို ပြန်လည်ခံစားသည့် အနေဖြင့် ဘလော့ချစ်သူ၊ စာချစ်သူများ ခံစားနိုင်ရန် ပြန်လည်မျှဝေလိုက်ပါသည်။ မဂ္ဂဇင်းဝတ္ထုရှည် ဖြစ်၍ ကျွန်တော့်အနေဖြင့် အားလုံးတင်ရန် အဆင်မပြေသောကြောင့် အပိုင်းခွဲကာ တင်ရသည်ကို နားလည်ပေးပါရန် မေတ္တာရပ်ခံပါသည်။ ]


Related Posts Plugin for WordPress, Blogger...