Saturday, June 11, 2011

"ကျွန်တော်နှင့် အင်တာနက် အလန်းများ"


"အစ်ကို ကျွန်တော် ဂျီပုန်းလုပ်နေတယ်"

"ဟေ"

ဗြုန်းဆို ၀င်လာသော g-talk မှ စာသားတစ်ခုကြောင့် ကျွန်တော်လန့်ပြီး "ဟေ" ဟု ပြန်ရိုက်မိသွားသည်။ တက်လာသော စာသားက ကျွန်တော်တို့ လုပ်ကွက်ထဲက "သာဂိ" ဆိုသော ကောင်လေး၏ Account က တက်လာသော စာသား။

"နေပါဦး။ မင်းက ဘယ်တုန်းက ဘ၀ပြောင်းသွားတာလဲ။ စိုရာက ခြောက်သွားတာ ဒီ စလုံးရောက်မှလား။ နဂိုကတည်းကလား"

"အာ-အစ်ကိုကလည်း၊ လုပ်တော့မယ်။ ဘာတွေ ပြောနေတာလဲ။ ကျွန်တော်က ဘာလို့ ခြောက်ရမှာလဲ"

"ဟင်-မင်းပဲ ဂျီပုန်း လုပ်နေတယ်ဆို"

"ဟား-ဟား။ အစ်ကိုလည်း အင်တာနက် သုံးနေတာပဲ အစ်ကိုရာ။ ဒါတောင် မသိဘူးလား။ ဂျီတော့မှာ တချို့လူတွေ ၀င်လာပြီး သူတို့ မရှိဘူးဆိုတဲ့ အထာနဲ့ ပုန်းနေတာကို ပြောတာလေ။"

"အခု ငါက မင်းကို မြင်နေတယ်လေကွာ"

"ပုံမှန်ဆို မမြင်ရဘူး အစ်ကိုရ။ ကျွန်တော်က အစ်ကိုနဲ့ ပြောချင်လို့ မီးစိမ်းလိုက်တာ"

ဪ-ဒီလိုလား ဟု ကျွန်တော့်ဘာသာ တွေးရင်း သဘောကျမိသေးသည်။

တကယ်တော့ သာဂိကို သိတာ ဘာမှမကြာသေး။ လွန်ရော ကျွံရောမှ တစ်နှစ်ကျော်လောက်သာ ရှိဦးမည်။ သာဂိက နယ်က။ သူ့မိဘများက တော်တော်ချမ်းသာကြသည်။ သို့သော် သာဂိကို အလုပ်လုပ်စေချင်သည်။ သာဂိကလည်း လယ်တွေ၊ ယာတွေ မလုပ်ရလျှင် ပြီးရောဟု ဆိုကာ နိုင်ငံခြားကို ထွက်လာသည်။ သူ့နာမည်ရင်းက သာဂိ မဟုတ်။ သူ့မှာ နာမည်ရင်း ရှိသည်။ သို့သော် လုပ်ကွက်ထဲမှာ သူ့ရွာက အကြောင်းတွေ ပြောလွန်း၍ တောကလူမှန်း ပိုပေါ်လွင်လာကာ အားလုံးက သာဂိ ဟုသာ ခေါ်ကြ လေတော့သည်။

သာဂိက ဆယ်တန်းလောက်အထိသာ ကျောင်းနေဖူးသည်။ သို့သော် စူးစမ်းချင်စိတ် အပြည့်ရှိ၏။ စလုံး ရောက်ပြီး အိမ်ကို ငွေမပို့ရသောအခါ ကွန်ပျူတာဝယ်မည် ဆိုပြီး Laptop တစ်လုံးဝယ်၏။ ပြီးတော့ chatting တွေသာ ၀င်နေတော့သည်။ ဘယ်လောက်တောင် ၀င်သလဲဆိုလျှင် ရံဖန်ရံခါ အိပ်ရေးပျက်ပြီး အလုပ်ပင် မဆင်းနိုင်တော့။ ကျွန်တော်တို့ အလုပ်ထဲမှာ သာဂိ အကြောင်း ပြောပါများ၍ နောက်ပိုင်းမှာ သူ့ကို ကျွန်တော် သိလာခဲ့ရတော့သည်။

"ကျွန်တော် ဖုန်းခေါ်လို့ ရမလား အစ်ကို"

သာဂိ ဆီက နောက်ထပ် စာတစ်ကြောင်း တက်လာစဉ်မှာ ရတယ်ဟု ကျွန်တော် ပြန်လိုက်သည်။ ဖုန်းခေါ်သံ ၀င်လာ၏။

"အစ်ကို၊ Facebook ဆိုတာ ဘာလဲ အစ်ကို။ နည်းနည်းလောက် ပြောပြပါလား"

"ဪ-သူလည်း လူမှုဆက်သွယ်ရေး ကွန်ယက်တစ်ခုပဲကွ။ ဒါပေမဲ့ ဂျီတော့နဲ့ ကွာတာက သူက မင်းစိတ်ကြိုက် ပုံတွေ၊ စာတွေ၊ မင်းလုပ်သမျှ အကုန်တင်လို့ရတယ်။ မင်းနဲ့သိတဲ့ သူငယ်ချင်းတွေ မတွေ့တာ ကြာရင် ပြန်ရှာလို့ရတယ်၊ မင်းလုပ်ချင်တဲ့ chatting ပါလုပ်လို့ရတယ်။ အများကြီးပဲကွ။ နောက်တော့ သုံးရင်း မင်းသိလာမှာပေါ့ကွာ"

"ဂျီတော့မှာလို တချို့တွေ အနီရောင်ကြီးပြပြီး busy လို့ လုပ်တာတွေရော ပါသေးလား အစ်ကို"

သာဂိပြောမှ သဘောကျရသေးသည်။ ကျွန်တော်ပြုံးမိသေး၏။

"အဲဒါတော့ မပါဘူးထင်တယ်ကွ။ အစ်ကိုလည်း အဲဒါကို သေသေချာချာ မသုံးဖူးဘူး။ ကျောင်းက သူငယ်ချင်းတွေ ရှာရုံလောက် သုံးတာကွ"

"ဂျီတော့မှာက ကျွန်တော် ခံရပေါင်းများပြီ အစ်ကိုရ။ ကြည့်လိုက်ရင် Busy ဆိုပြီး အနီရောင်တွေချည်း ပြထားတယ်။ သူတို့ကြည့်တော့လည်း အကုန်လုံးက ရုံးတွေမှာ။ တကယ် Busy ဆိုရင် ဂျီတော့ကို ၀င်လာစရာ အကြောင်းကို မရှိဘူး။ အလုပ်လည်း မလုပ်ဘဲ ဂျီတော့ကြီး ဖွင့်ပြီးမှ အလုပ်ရှုပ်နေတယ် ဆိုတော့ တစ်မျိုးတော့ တစ်မျိုးပဲနော်။ အလကား - အလီဘာဘာ။"

"ဟား-ဟား။ ဘာလဲ။ မင်း စကားမပြောရလို့လား"

"ဒါပေါ့ အစ်ကိုရ။ ဒါပေမဲ့ အဲဒါက တော်သေးတယ်။ တချို့ဆို လုံးဝ အပျောက်ပဲ အစ်ကိုရ။ အမယ်-ဘာတဲ့။ Invisible ဆိုပဲ။ ကျွန်တော်က သူတို့နဲ့ ချက်မလို့ စောင့်နေတာ။ တော်တော်ကြာမှ ၀ုန်းဆို ပေါ်လာပြီး တာ့တာ ဆိုပြီး လုပ်သွားတာ။ ဒါနဲ့ နောက်ပိုင်း ကျွန်တော်လည်း သူတို့ကို ပုန်းရင်း ပုန်းရင်း အစ်ကို့ကို ပြောသလို ဂျီပုန်းဖြစ်နေတော့တာပါပဲ။ အဲဒါလည်း အဓိပ္ပါယ် မရှိဘူးလို့ ကျွန်တော်ထင်တယ်။ စကားမပြောချင်ရင် အစကတည်းက invite လုပ်တာ လက်မခံနဲ့ပေါ့။ အခုတော့ လက်ခံထားပြီးမှ စကားမပြောချင်လို့ မမြင်အောင်လုပ်ထားတယ်ဆိုတော့ ဘာကြီးမှန်းလည်း မသိပါဘူး အစ်ကိုရာ။ ဒါနဲ့ အခု အဲဒီ Facebook ဆိုတာကြီးဘက် လှည့်မလား စဉ်းစားနေတာ။ အစ်ကိုများ သိမလားလို့ပါ"

"အစ်ကို သိသလောက်တော့ ဒါပါပဲကွာ။ မင်းဘာသာ သုံးရင်း သိလာမှာပေါ့"

"ကျွန်တော် Account လုပ်ပြီး စမ်းကြည့်လိုက်မယ် အစ်ကို"

"ကောင်းပြီလေ"

သည်လိုနှင့် ကျွန်တော်နှင့် ဆွေးနွေးပြီးသကာလ Facebook ၏ စာမျက်နှာများပေါ်တွင် သကောင့်သား သာဂိ ဆိုသည့် အမျိုးကောင်းသား၏ ပုံရိပ်များကား တစ်ခုပြီးတစ်ခု တက်လာပါလေတော့သည်။

***************

သာဂိ၏ ပုံများကား သူစင်ကာပူမှာ ရောက်နေကြောင်း ပေါ်လွင်လှ၏။ Sentosa , Orchard, East Coast စသည်ဖြင့် စုံနေအောင် တင်၏။ Short Pant, Long Pant, Quarter စသည်ဖြင့် ဘောင်းဘီကလည်း စုံလှ၏။ ၀တ်ထားသည်ကလည်း ကျွန်တော်တောက လာတာပါဟု မမေးဘဲနှင့် သိရလောက်အောင် ၀တ်ထားလေသည်။ သူ့ဟာသူတော့ အဆင်ပြေနေ၍ သူ့သူငယ်ချင်းတွေကလည်း ဘာမှမပြော။ ကျွန်တော်လည်း ပြောစရာ မလိုဟု ထင်မိ၏။ သူ့ အရှိန်နှင့် သူကိုး။ လွှတ်ထားတာပဲ ကောင်း၏။ သာဂိကား တော်တော်လန်းနေပြီဟု ဆိုရတော့မည်။

သို့သော် လွှတ်ထား၍မရအောင် နောက်ထပ်အကြောင်းအရာတွေက သာဂိမှာ ရှိလာလေသည်။ သာဂိ i-phone ၀ယ်လိုက်သည်တဲ့။ ပြီးတော့ i-phone မှ တစ်ဆင့် Facebook မှာ စာတွေ တင်သည်တဲ့။ ကျွန်တော်လည်း အားသည့်အချိန်မှသာ သုံးတတ်ရာ သာဂိ၏ အလန်းများကို သိပ်မကြည့်ဖြစ်။ သို့သော် လုပ်ကွက်ထဲမှာ သာဂိ အကြောင်း ပြောဖန်များလာတော့မှ ၀င်ကြည့်လိုက်သောအခါ အား-ပါး-ပါး။ ကျွန်တော်တို့၏ သာဂိမှာ တော်တော်လန်းနေသည်ကို မြင်ရလေတော့သည်။

"City Hall MRT ၏ အိမ်သာတွင် အိမ်သာတက်ပြီး ရိုက်ထားသောပုံ"

ဟိုက်-ဘာလဲဟ။ လန်းလှချည်လား။ ရုပ်က စပ်ဖြီးဖြီးနှင့် ဝေဒနာ သက်သာသွားသလို ပုံစံဖြင့် လန်းနေပြီး MRT ၏ အိမ်သာ ၀င်ပေါက်နားမှာ ရိုက်ထားသောပုံကို တင်ထား၏။ ခဏနေတော့ Peninsula Plaza မှာ ဆံပင်ညှပ်နေသည် ဆိုသော စာသားကတက်ထားသေးသည်။ ပြီးတော့ ဆံပင်ညှပ်ပြီး၍ ကွမ်းဝယ်စားနေသည် တဲ့။ လန်းသည်။ သူ့ကို ဘယ်သူ့မှ မမေးဘဲနှင့် ရဲစစ်သည်ကို ဖြေသလို ဖြေထားသည်။ သူ့မှာ i-phone ရှိပြီး Facebook ကို သည်လို တင်နေသည်ဟု မမေးဘဲ သိရပြန်သည်။

နောက်ခဏကြာတော့ ရဲရင့်မှာ ဘော်ဒါများနှင့် အာဖျံကွီးနေသည်တဲ့။ နောက် တစ်နာရီကျော်ကြာတော့ Car Parking မှာ အချိုရည်ဘူးထဲ အရက်ထည့်၍ ၀ိုင်းဖွဲ့ထိုင်နေသည်တဲ့။ သည်လို စာသားတွေ သာဂိ၏ Facebook မှာ တစ်ခုပြီးတစ်ခုတက်ထားတာ တွေ့၏။ တော်တော်လန်းသည့် သာဂိပါတကား။ Facebook ကို သူသိတာ နောက်ကျပေလို့ပေါ့။ စောများစောလျှင် သည့်ထက် မျက်စိနောက်ရပေမည်။

ကျွန်တော်နှင့် သူ လုပ်ကွက်ထဲမှာ ပြန်တွေ့တော့ အစ်ကို ကျွန်တော့်ပုံတွေ လန်းရဲ့လားဟု မေး သည်။ တော်တော်လန်းတယ်။ ငါကြိုက်တယ်ကွ ဟု ပြန်ပြောလိုက်သည်။ မျက်စိသာနောက်ရတာ၊ တကယ်တမ်းကျတော့ သာဂိပုံများက ဟန်ဆောင်မှုမပါဟု ကျွန်တော်ထင်သည်။ သာဂိက ဆက်ပြောသည်။ ကျွန်တော် Home Leave ပြန်ဦးမယ်အစ်ကို။ အဲဒီ အချိန်ကျရင်လည်း နောက်ထပ်ပုံတွေ ထပ်ရိုက်လာဦးမယ် ဟု ဆိုသည်။ သာဂိတို့ လန်းဦးမည်ပေါ့ဟု ကျွန်တော်တွေးမိသည်။

သည်လိုနှင့် ပေါ့ဗျာ။ တစ်လခွဲကျော်လောက်ကြာပြီး သာဂိ၏ Facebook မှာ ရွာက ပုံများ ထပ်တက်လာချေတော့သည်။ အမယ်- လျှော့မတွက်ပါနှင့်ဦး။ သာဂိက သူ့ပုံများကို "ဇာတိမြေ ခရီးစဉ်" ဆိုပြီး စီးရီးတွဲဖြင့် လွှတ်တော့သည်။

နွားလှည်းတစ်စီး၏ ရှေ့တည့်တည့်မှာ ပုဆိုး ခါးပုံစ ကြီးကြီးဖြင့် ခါးထောက်၍ ရိုက်ထားသော ပုံကို " ရွှေပန်းတောရွာသို့ ခရီးအစ " ဆိုပြီး တင်ထား၏။ လန်းသည်။ ပြီးတော့ သိုက်တူးကုန်းရွာ တစ်ထောက် နားခြင်း။ ကျောင်းကုန်းရွာ အမောပြေ။ စသဖြင့် တစ်ရွာနားတိုင်း တစ်ပုံနှုန်းဖြင့် တင်ထားရာ ကျွန်တော်တို့မှာ မြန်မာပြည် ချက်ချင်းပြန်ချင်စိတ်ပင် ပေါက်မိ၏။ သာဂိ၏ ပုံများသည်ကား ထိုသို့ လန်းလွန်းသည်။

သူ့ဇာတိ ရွှေပန်းတောရွာတွင် ရိုက်ထားသော ပုံများကား ပို၍ပင် လန်းလွန်းနေသေးသည်။ သာဂိ နို့ညှစ်နေပုံ။ သာဂိ မြင်းကန်ခံရပုံ။ သာဂိကို ခွေးလိုက်ဆွဲပုံ စသည်ဖြင့် ပုံများမှာ တော်တော် အသက်ဝင်လှ၏။

သာဂိကို တွေ့သောအခါ ကျွန်တော် မမေးဘဲ မနေနိုင်တော့။

"မင်းပုံတွေက လန်းလွန်းတယ် သာဂိရာ"

"တကယ် ပြောတာလား အစ်ကို။ ဒါဆို Facebook ကပေးမယ့် ဆုတွေဘာတွေ ကျွန်တော် မျှော်လင့်နိုင် တာပေါ့နော်။ ကျွန်တော့် ညီဝမ်းကွဲ တစ်ယောက် လိုက်ရိုက်ပေးတာ အစ်ကိုရ။ ခွေးကိုက်တာက ကျွန်တော် ဘောင်းဘီ တစ်ထည် ၀တ်ပြီး ရိုက်မလို့ လုပ်တုန်း ခွေးက ဆွဲတော့ ဟိုကောင်က ရိုက်တယ်ကွာ ဆိုပြီး ရိုက်လိုက်တာ။ အဲဒီပုံက မထင်မှတ်ဘဲ တော်တော် အသက်ဝင်သွားတယ်။ အစ်ကိုကသာ လန်းတယ်ပြောနေတာ၊ ကျွန်တော်ဖြင့် ပြေးလိုက်ရတာ ချွေးကို ပြန်ရော"

"မင်းဖုန်းနဲ့ ရိုက်လာတာချည်းပဲလား "

"ဟုတ်တယ်။ တောကလူတွေက i-phone ကို ဘယ်နားလည်မလဲ အစ်ကိုရာ။ ကျွန်တော်ပြောပြတော့ ဘာပြောတယ် မှတ်လဲ။ ဟဲ့၊ i-phone ဆိုတော့ အိုင်နားမှာပဲ သုံးလို့ ရတာလားတဲ့။ မြစ်တို့၊ ချောင်းတို့၊ ပင်လယ်တို့ နားမှာရော သုံးလို့ ရလားတဲ့။ တော်တော်ဆိုးတဲ့ လူတွေဗျာ။ ခက်တာက ကျွန်တော်ကလည်း အင်တာနက် ဖွင့်မရတဲ့ နေရာရောက်နေတာ ဆိုတော့ ဘယ်လို ရှင်းပြရမှန်းကို မသိခဲ့တာ။ တော်တော် ရယ်ရတယ်"

အမယ်။ သာဂိက စင်ကာပူ ရောက်ပြီးမှ သူ့ရွာကလူတွေကိုပင် ရယ်စရာဟု ထင်လေပြီ။

*************

ကျွန်တော်က နောက်ထပ် Project အသစ်တစ်ခု ပြောင်းသွား၍ သာဂိနှင့် မတွေ့ဖြစ်သော်ငြား သာဂိ၏ အင်တာနက် အလန်းများကို ဆက်လက်ခံစားနေမိသေးသည်။ ကြည့်ဦးလေ။ သူ့ကို ဘယ်သူမြှောက်ပေး လိုက်သည်မသိ။ သာဂိက သူကြိုက်သော သီချင်းများကို တင်လေသည်။

ဟင်္သာတထွန်းရင်၏ အမေနဲ့ ရွာကိုလွမ်းတယ်။ တွံတေးသိန်းတန်၏ အသီးတစ်ရာ အညှာတစ်ခု။ ကိုသန်းလှိုင်၏ မေတ္တာကမ္ဘာများဖြင့် မခြားလိုတယ်။ မန္တလေးသိန်းဇော် ပြန်ဆိုထားသော ဂီတနက်သန် ကိုစောညိန်း၏ မိုးသက်လေနှင်။ ကောင်းလိုက်သည့် သီချင်းများ။ တကယ့် ဂန္ထ၀င်သီချင်းများဟု ဆိုထိုက်သည်များကို တင်ထား၏။ ကျွန်တော်ဖုန်းလှမ်းခေါ်ရင်း မေးရသည်။

"သာဂိ ညီလေး။ မင်းတင်ထားတဲ့ သီချင်းတွေ ကောင်းလှချည်လား"

"ဟုတ်လား အစ်ကို။ လန်းတယ် မဟုတ်လား"

"လန်းတာပေါ့ ငါ့ညီရာ။ မင်းဘယ်လို စိတ်ကူးတွေနဲ့ အဲဒီ သီချင်းတွေ တင်တာလဲ။ အစ်ကိုလည်း အဲဒီ သီချင်းတွေ ကြိုက်တယ်ကွ"

"သူများတွေလည်း သီချင်းတွေ တင်ကြတယ်အစ်ကိုရ။ ဒါပေမဲ့ သူတို့က နိုင်ငံခြားသီချင်းတွေချည်း တင်တာ။ ကျွန်တော်က နားမှမလည်တာ အစ်ကိုရ။ ကျွန်တော်ကတော့ တောက လာတာဆိုတော့ ရှင်းရှင်းပဲ။ တောသီချင်းတွေချည်းပဲ တင်လိုက်တာ"

"ဟာ-အဲဒါတောသီချင်း မဟုတ်ပါဘူး ညီလေးရာ။ အဲဒါ ဂန္ထ၀င်တွေကွ။ Classic တွေ"

ကျွန်တော်ပြောလိုက်တော့ သာဂိ သဘောတွေ ကျသွားလေသည်။

"ဒါနဲ့ အစ်ကို့ကို ရယ်စရာ ပြောရဦးမယ်။ အလန်းလေးတွေပေါ့ အစ်ကိုရာ"

"အင်း-လုပ်ပါဦး"

"ကျွန်တော်တို့ ရွာက သူငယ်ချင်း ကောင်မလေးတွေ Facebook မှာ ရှာမတွေ့လို့။ အဲဒါ နောက်မှ City Hall မှာ ပြန်တွေ့တော့မှမေးထားတာ။ အမယ်- ဘယ်တွေ့လိမ့်မလဲ။ သူတို့က နာမည်တွေ ပြောင်းလို့။"

"ဟုတ်လား။ ဘယ်လိုတွေလဲ"

"အေးပု က ဟန်နီသင်းပျံ့ပျံ့ တဲ့။ ထွေးငယ်က ချယ်ရီရနံ့ချိုချို တဲ့။ ဘုတ်မက ဒေစီကြည်ပြာလဲ့လဲ့ တဲ့။ ဟာ-စုံနေတာပဲ အစ်ကိုရာ။ ကျွန်တော်တောင် မှတ်မရလို့ စာရွက်မှာ မှတ်လာရတယ်။ အမယ်။ သူတို့ပုံတွေကို Facebook မှာ ကြည့်တော့ လန်းနေတာ အစ်ကိုရေ။ ရွာက ကျွန်တော့် ငယ်သူငယ်ချင်းတွေ၊ ငယ်နာမည်ရော၊ နာမည်ရင်းပါ ပျောက်ပြီး လန်းနေတာ။ ဘောင်းဘီတိုတွေနဲ့ ရိုက်ထားတဲ့ပုံတွေဆို စလုံးမတွေတောင် အရှုံးပေးရမယ်။ ဒါပေမဲ့ ရွာပြန်ရင်တော့ သေချာတယ်"

"ဘာကိုလဲ"

"ကျွန်တော့်လို ခွေးဆွဲ ခံရမှာပေါ့။ ဟား-ဟား"

သာဂိ၏ ရယ်သံနောက်မှာ ကျွန်တော်လည်း လိုက်ရယ်မိသေးသည်။ သာဂိသည် စလုံးမှာ အလုပ်လုပ်နေသော်ငြား ရွာကို ချစ်သည့်စိတ်က ပျောက်ပုံမရ။ သူ့ သူငယ်ချင်းများကို မြန်မာ ဆန်စေချင်နေသည့်ပုံပင်။

"ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ ကိုယ့်သူငယ်ချင်းတွေပဲလေ ဆိုပြီး မနေနိုင်တာနဲ့ တက်လုပ်လိုက်တယ် အစ်ကို"

"ဟာ-ဟေ့ကောင်။ ကြမ်းလှချည်လား။ ကိုယ့်သူငယ်ချင်းတွေကို နှမသားချင်းလို စောင့်ရှောက်ရမှာ"

"အစ်ကို ပြောတာ ကျွန်တော်နားမလည်ဘူး။ ဘာဖြစ်လို့လဲ"

"မင်းပဲ မင်းသူငယ်ချင်း ကောင်မလေးတွေကို စလုံးမှာ တက်လုပ်လိုက်တယ်ဆို"

"ဟာဗျာ။ အစ်ကိုကလည်း။ ကျွန်တော်က အဲဒီလို ကောင်လားဗျာ။ ကျွန်တော်ပြောတာ သူတို့ပုံကို ကျွန်တော့်ဘက်က ချိတ်လိုက်တာလေဗျာ။ အဲဒါကို တက်လုပ်တယ်လို့ပဲ ခေါ်ကြတာပဲလေ"

"ဪ-ငါသိပြီ။ Tag (တဂ်) လုပ်တာ။ ဟုတ်ပြီ၊ ဟုတ်ပြီ။ အမလေး သာဂိရာ။ မင်းလုပ်လိုက်မှ အသစ်ချည်းပဲ"

"ဟဲ-ဟဲ။ ဒီလိုပေါ့ အစ်ကိုရာ"

ကျွန်တော်လည်း သာဂိနှင့်တွေ့မှ အသစ်တွေချည်းသာ ကြုံနေရသည်ကို သဘောကျမိပါသေးသည်။


*************

သည်လိုနှင့် တစ်ရက်မှာ ဂျီပုန်းလုပ်လိုက်၊ တက်လုပ်လိုက် လုပ်ရင်း အင်တာနက်မှာ လန်းချင်တိုင်း လန်းနေသော သာဂိတစ်ယောက်၏ သတင်းဆိုးတစ်ခုက ကျွန်တော့်ဆီ ရောက်လာ ပါတော့သည်။

"အစ်ကို သိပြီးပြီလား။ သာဂိ ပြန်ရတော့မယ်"

"ဟေ-ဘာဖြစ်လို့လဲ"

"MRT မှာ ဘူတာက ၀န်ထမ်းကို အရက်မူးပြီး မျက်နှာ သွားပြောင်တယ်လေ။ ဟိုဝန်ထမ်းက မိန်းမ။ ချက်ချင်း ရဲခေါ်တော့ ဖမ်းသွားရော။ ဒါနဲ့ ကျွန်တော်တို့ဘော့စ် လိုက်သွားပြီး ရဲစခန်းမှာ ရှင်းခဲ့ရတယ်။ ဒါပေမဲ့ MOM က ပါမစ်ကို သက်တမ်းမတိုးပေးနိုင်တော့ဘူး ဆိုတဲ့စာ ရောက်လာတယ်။ အဲဒါကြောင့် ပြန်ရတော့မှာ"

သာဂိတို့ကတော့ သစ်ပြီးရင်း သစ်နေပါလားလို့ အတွေးဖြစ်သည်။

"ဒါဆို ဒီကောင် သူလုပ်ချင်တဲ့ အင်တာနက်တွေ ဘယ်လုပ်ရတော့မလဲ"

"Facebook သာ သူ့ဘ၀လို့ ထင်ထားတဲ့ကောင် သေပြီပေါ့ အစ်ကိုရာ။ တစ်ချိန်လုံး ကွန်ပျူတာကို ဖက်တွယ်နေတဲ့ကောင်"

သာဂိ ဘာပြောမလဲ ဆိုသည်ကို သူသိချင်နေမိသေးသည်။ ထို့ကြောင့် သာဂိ မပြန်ခင်လေးမှာ ဖုန်းခေါ်မိ၏။

"ကျွန်တော့် Facebook ထဲမှာ အနုပညာသည်တွေနဲ့ တော်တော်ရင်းနှီးနေပြီ အစ်ကိုရ။ ရန်ကုန်ရောက်ရင် သူတို့နဲ့ တွေ့ပြီး တစ်ခုခုလုပ်ဦးမယ်။ ဟိုတလောက ဦးမောင်ကြီးတောင် Facebook က သူ့ သူငယ်ချင်းတွေနဲ့ ယပက်လက်မှာ တွေ့မလို့တဲ့။ သိပ်အဆင်မပြေတာနဲ့ မသွားလိုက်ရဘူး"

သာဂိ၏ Facebook ပိုးကား တား၍ ရနိုင်တော့မည် မထင်။ အနုပညာလိုင်းကိုပင် ၀င်ရန် ဟန်ပြင်နေပြီ ထင်၏။ မျက်စိတွေ နောက်ကြပေဦးမည်။ တစ်ခုပဲ ရှိသည်။ ဟိုမှာက အင်တာနက်က တော်တော်နှေး၍ သာဂိ၏ Facebook အလန်းများ တကယ်လန်းမလန်းကိုတော့ စောင့်ကြည့်ရပေဦးမည်။ i-phone နှင့်လည်း တင်ချင်တိုင်း တင်၍ မရနိုင်သောအခါ သာဂိ ထိုင်ငိုနေမလား ကျွန်တော်မသိ။ ဒါကိုတော့ သာဂိ တကယ် ကြုံရမှ သိပေလိမ့်မည်။

မည်သို့ဖြစ်ဖြစ် ကျွန်တော်ကတော့ အင်တာနက်မှာ အမြဲလန်းနေသော သာဂိ၏ အလန်းများ ကို စောင့်မျှော်နေချင်ပါသေးသည်။ ။

သားလတ်
၂၂:၅၃ နာရီ
၁၁.၆.၂၀၁၁

10 comments:

မိုးယံ said...

ဟင်းးးးးးးးးးးးးးး

သာဂိပြောတဲ့ ဂျီပုန်းဘ၀က နောက်ဆို ပုန်းချင်လို့တောင် မပုန်းရတော့ဘူးလို့ သတင်းကြားသဗျ။

အလုပ်ထဲမှာ နိုင်ငံရပ်ခြားနဲ့ ဆက်သွယ် ပြောဆို လုပ်ကိုင်ရသူတွေ ရှိတော့... အနီရောင် တင်ပြီး တစ်ကယ်အလုပ်များသူတွေလဲ ရှိမှာပါ။

ဘာပဲဖြစ်ဖြစ်လေ... ကိုသားလတ်ကို ဖေ့ဘွတ်မှာ တက်လုပ်...အဲ တဂ်လုပ်ချင်တာတောင် အကောင့်မသိတော့ မခက်လား အစ်ကိုရာ

ငပြောင်
မိုးယံ

ဆောင်းနှင်းရွက် said...

ဟင်းးးး ..
အဲ့ဒီ့ ပိုးတွေက
တော်တော် ဆိုးတာပဲနော် ... :D
သာဂိ့က
သူပျောက်သွားမှာဆိုးလို့ ..
စတေးတပ်စ် တွေ တောက်လျှောက်တင်တာနေမှာပေါ့ .. :D

SHWE ZIN U said...

အလန်းတွေ က ဖတ်လို့ကောင်းပါတယ်

ညိမ်းနိုင် said...

သာဂိရဲ့အလန်းလေးက လန်းတယ်ဗျ

Han Kyi said...

နတ်သမီးရဲ့ ဘလော့မှာ ဖိုးစော်ကဲ ကဗျာကို အမှားပြင်ပေးထားတဲ့ ကွန်မန့်ဖတ်ပြီး လင့်ခ်ကနေ ရောက်အောင်လာလိုက်ပါတယ်...ဒီဘက်ခေတ်မှာ ခွာထောက်ကာရန်တို့ မန်ကျီးရွက်သတ်နဘေကာရံတို့ကို နားလည်တဲ့သူ တော်တော်ရှားနေတာမို့ အခုလို ရှင်းပြသွားတာကို လေးစားစိတ်နဲ့ပါ...မြန်မာစာပေ တိုးတက်ဖို့ တဖက်တလမ်းက ကြိုးစားပေးကြပါဦးစို့...

ချစ်ခြင်းအလင်္ကာ said...

အာ..တော်တော်ဆိုးတဲပိုးပဲ
ကျနော်တို့လဲ...အနီပြတတ်ပါတယ်ဗျာ
တကယ်ဘီးဇီးတာပါ..
အရေးကြီးတဲ့သူငယ်ချင်းတွေရှိရင်မက်စေ့ချန်ခဲ့လို့ရအောင်ဖွင့်ထားပေးတာပါ..း)..
..
ဖေ့ဘွတ်ကတော့တော်တော်ဆိုးနေပါလားနော်..ခင်တဲ့
ချစ်ခြင်းအလကာင်္

khin oo may said...

အဟိ....

ဇတ်သိမ်းကလေးကတော့လွမ်းတယ်ကွယ် မလိမ်မိုးမလိမ်မာ............အပျော်တွေ လွန်တာ........

သတိုး said...

သာဂိအကြောင်း (၁)ရော (၂) ပါ ဖတ်ပြီး သဘောကျသွားပါတယ်။ လင့်ချိတ်ဖို့လည်း ယူသွားပါပြီ။
FB မှာ သာဂိ တစ်ယောက်တည်းမှ မဟုတ်တာနော်။ ညီသစ်တို့၊ သတိုးတို့လည်း နည်းနည်းတော့ ငြိတယ်ထား..။း)

နွေတေးရှင် (မင်းဧရာ) said...

မရောက်တာတောင် အတော်ကြာပြီ အကိုရာ.....။

ရောက်တုန်းရောက်ခိုက်မို့ အရင်ကရေးထားတာလေးတွေပါ ရှာဖတ်နေမိတယ်။

အကို့ရဲ့ ဇာတ်လိုက်ကျော် သာဂိ ကိုဖတ်လိုက်ရတော့မှ "ရသ"ငတ်နေသမျှ ပြေရတော့တယ်ဗျာ။

nga ba said...

တင်ထားတာ ၂နှစ်လောက် ရှိနေပေမယ့် အကြောင်းအရာရော ဇာတ်လမ်းပါ ခုထိအလန်းကြီးကို ရှိနေတုန်းပဲဗျ.. ရင်ထဲမှာ ဆာနေတာ တစ်ချို့တစ်ဝက် ပြေသွားတယ်.. ကျေးဇူးပါဗျာ..။

Related Posts Plugin for WordPress, Blogger...