Monday, December 24, 2012

" သီချင်းများက ပေးသော အတွေးများ "


ကျွန်တော်ဂစ်တာ စ မတီးတတ်ခင်ကတည်းက ဂစ်တာတီးတတ်သူ အစ်ကိုကြီးများနှင့် ခင်မင်ရင်းနှီးခဲ့ ဖူးသည်။ ဂီတအကြောင်း၊ သီချင်းအကြောင်း၊ တေးရေးများအကြောင်း နှင့် စာသားများအကြောင်းကို ကြုံလျှင် ကြုံသလို ပြောကြ၊ ငြင်းခုံခဲ့ကြဖူးသည်။ ထိုအထဲကမှ သူတို့ပြောခဲ့သည်များကို မှတ်မှတ်ရရ ရှိနေခဲ့သည်များ ရှိသည်။ ပြောရလျှင်တော့ ရယ်ဖို့ကောင်းသည်။

အစ်ကိုကြီးတစ်ယောက်က ပြောဖူးသည်။

" မင်း ခိုင်ထူး သီချင်းတစ်ပုဒ် နားထောင်ဖူးလားတော့ မသိဘူး။ ' ရှင်သန်လာစဉ် မရိတ်ခဲ့မိလို့ မယုံနိုင်အောင်ကို အစွမ်းထက်လွန်းလှတယ် ' ဆိုတာလေ "

ကျွန်တော် ရယ်ချင်သွားသည်။ " အစ်ကို့ သီချင်းကလည်းဗျာ။ ဘာအဓိပ္ပါယ်လဲ " ဟုမေးတော့ ထိုအစ်ကိုကြီးကပါ ပြုံးသည်။

" အေးကွ။ ငါလည်း စနားထောင်ခါစက ဘာလဲဟလို့ တွေးမိတယ်။ နောက်မှ သူပြောတာက နှုတ်ခမ်းမွေး ကွ။ အဓိပ္ပါယ်ကတော့ ရှယ်ပဲ။ ဟား.....ဟား "

ကျွန်တော်တို့ ပြုံးမိကြသည်။ နောက်တော့ သူက ဆက်ပြောသေးသည်။

" စိုင်းထီးဆိုင် သီချင်းတစ်ပုဒ်လည်း ရှိသေးတယ်။ ' စီးပါစေလေ ချစ်သူရေ.... မသုတ်လိုက်နဲ့' ဆိုတာလေ "

" အင်း-ဆက်ပါဦး။ အဲဒါကရော ဘာပြောတာလဲ "

" မျက်ရည်လေကွာ။ အစမရှိ အဆုံးမရှိ နားထောင်ရင် ဘာမှန်းကို မသိဘူး။ ဟား.....ဟား"

ကျွန်တော်တို့ ရယ်မိကြပြန်သည်။ သည်တုန်းက သူတို့ပြောသော သီချင်းများမှာ တွေးစရာများ ရှိနေပြီး ရယ်စရာကောင်းအောင် အဓိပ္ပါယ်များ တစ်မျိုးထွက်နေသည်ကတော့ ကြံဖန်တွေးသော သီချင်းနားထောင် သူများကြောင့်ပင် ဖြစ်လိမ့်မည်ဟု ကျွန်တော်နားလည်လိုက်မိသည်။ ရယ်စရာတစ်ခုလို ခံစားရသည် ကတော့ အမှန်ပင်။

နောက်တော့ ကျွန်တော့်ညီက ကျွန်တော့်ကို သီချင်းတစ်ပုဒ် နားထောင်ပြီး လာမေးတာလည်း ရှိသေးသည်။ သူနားထောင်မိသည်ကလည်း ခိုင်ထူး၏ ' မြတ်သောအကျင့် ' သီချင်း။ သူမေးသည်က သီချင်းထဲက စာသား။

" ခိုင်ထူးက အဲဒီအထဲမှာ ဆိုထားတာလေ။ ' ငါသည် မြတ်သောအကျင့်ကို ကျင့်၍ နေရာအနှံ့ ၌ နေ၏ ' ဆိုတာမှာ မြတ်သောအကျင့်ကို ကျင့်တယ်လည်း ပြောသေးတယ်။ နေရာအနှံ့ကို နှိုက်တယ် လည်း ပြောတယ်။ အဲဒါ ဘယ်လိုဖြစ်တာလဲ မသိဘူး "

ကျွန်တော်ကတော့ ' သေပြီဆရာ ' လို့သာ စိုင်းစိုင်းခမ်းလှိုင် သီချင်းလို တလိုက်ချင်သည်။ သည်ကောင် လာနောက်နေတာလား မသိဘူးဟု တွေးလိုက်၏။ သူ့အလုပ်က သူငယ်ချင်းများကလည်း သူ့ကိုထိုသို့သာ ပြောနေသည်တဲ့။ ကျွန်တော်ရယ်ချင်သွားသည်။ နောက်နေတာလည်း ဖြစ်နိုင်သည်။ သို့သော် ရယ်စရာ ကောင်းသည်ကတော့ အမှန်ပင်။

" သူပြောတာက နေရာအနှံ့မှာနေတယ်လို့ ပြောတာ။ အက္ခရာ ၌ ပါကွာ။ မင်းတို့ထင်တဲ့ ဟိုနှိုက် ဒီနှိုက် နှိုက်နေတာ မဟုတ်ပါဘူး "

ကျွန်တော် သည်လိုရှင်းပြမှ ကျွန်တော့်ညီက ရယ်သည်။ "သူ့သီချင်းကို နားလည်ပေမယ့် သူ့အဓိပ္ပါယ်က အဲဒီလို ဖြစ်နေလို့ နောက်တာပါ" ဟု ဆိုသည်။ ကျွန်တော် ပြုံးမိသည်။ တစ်ခါတစ်ခါ သီချင်းများမှာ အဖြတ်အတောက်က တော်တော် စကားပြောပါလားဟု တွေးမိသေးသည်။  စိုးလွင်လွင် ဆိုခဲ့ဖူးသော ' ကိုယ်ချင်းစာနာခဲ့ရပြီ ' သီချင်းတုန်းကလည်း ထိုသို့ ဖြစ်ခဲ့ဖူးသည်။ တကယ်တော့ သူဆိုလိုချင်သည်က စာနာသည့် သဘော။ သို့သော် သီချင်း၏ အဖြတ်က ကိုယ်ချင်းစာ မှာ တစ်ခါဖြတ်၍ နာခဲ့ရပြီ ကို တစ်ခါဖြတ်သောအခါ ကိုယ်ချင်းစာပါက ကိုယ်ကိုယ်တိုင် နာရသည်ဆိုသည့် သဘောမျိုး ဖြစ်သွား ခဲ့လေတော့သည်။ အဓိပ္ပါယ်ကား လုံးဝကို ဆန့်ကျင်သွားလေသည်။

ထို့ပြင် သီချင်းများထဲမှာ လွန်လွန်ကျူးကျူးဖွဲ့ဆိုထားသည့် အတိဿယ၀ုတ္တိ သဘောမျိုး ဖွဲ့ဆိုမှု များကို တွေ့ရသေးသည်။ ကျွန်တော့်အမေ ပြောပြခဲ့ဖူးသည်။ သူတို့ငယ်ငယ်က ဖြစ်ခဲ့တာလေးပါ။

အမေတို့ ရပ်ကွက်ထဲမှာ ခပ်ချောချော အမျိုးသမီးတစ်ဦး ရှိသည်။ ထုံးစံအတိုင်း ကိုကိုကာလသားများက လာ၍ လျှောက်ပြန်သံပေး ခြေအေးဝမ်းယောင် လုပ်ကြသည်။ ညဘက်ဆို လူပျိုလှည့်သည့်အခါ မယ်ဒလင်သံလေးများပေးကာ သီချင်းဆိုကြသည်။ ထိုအထဲမှာ ကိုကိုကာလသားတစ်ဖွဲ့က ညတိုင်း သီချင်းတစ်ပုဒ်ကိုသာ ထိုအိမ်ရှေ့ရောက်မှ သံပြိုင်ဆိုကြသည်တဲ့။

" ဘာပဲလုပ်ရ.......လုပ်ရလေ......အသက်များပင် ဆုံးချင်ဆုံးစေ....မတုန်လှုပ်ပါမေ..."

သီချင်းက တော်တော်နားထောင်ကောင်းသည်။ သို့သော် ထိုအိမ်က ချောပါသည်ဆိုသည့် အမျိုးသမီး၏ အဒေါ်က နေ့တိုင်းထိုသီချင်းကို ကြားရဖန်များတော့ နားကလောသည် ထင်ပါသည်။ တစ်ညမှာတော့ ထိုသီချင်းဆိုနေကျ ပုဂ္ဂိုလ်များ အိမ်ရှေ့အရောက်၊ ထိုသီချင်းလည်း ဆိုသောအခါ ထိုအဒေါ်ကြီးမှ စကားတစ်ခွန်းကို စိတ်ရှိလက်ရှိ ထွက်အော်ပါသည်။ သူ့အော်သံကို ကြားသောအခါ မောင်မင်းကြီးသား များမှာ အဆိုရပ်၍ နောက်နေ့မှာတောင် မလာရဲလောက်အောင် ဖြစ်ခဲ့ရပါတော့သည်တဲ့။ ထိုအဒေါ်ကြီး ဘာအော်သည်ထင်ပါသနည်း။

ဘာပဲလုပ်ရ လုပ်ရ ဆိုသော ပုဂ္ဂိုလ်များ၊ အသက်များပင် ဆုံးချင်ဆုံး ဆိုသော ပုဂ္ဂိုလ်များကို " အေးဟေ့-ထဘီ လျှော်ခိုင်းမယ် " ဟု စိတ်ရှိလက်ရှိ အော်ပစ်လိုက်ခြင်းပင်။

ကျွန်တော်ကား အမေပြောခဲ့၍ ထိုအဖြစ်အပျက်လေးကို သဘောကျကာ မှတ်မိနေခဲ့ဖူးပါသည်။ သီချင်းများ၏ လွန်လွန်ကျူးကျူး ဖွဲ့ဆိုမှုကား တစ်ခါတစ်ရံ ပြင်ပလောကနှင့် ကင်းကွာသွားပုံမှာ တကယ့်အဖြစ်နှင့် ကြုံသောအခါ ရယ်စရာ ကောင်းနေတတ်သည်ကို သတိပြုမိခြင်းပါ။

တစ်ခါတစ်ခါမှာတော့ သီချင်းများကို နားထောင်ရင်း သီချင်းရေးသူများက ကိုယ့်ဘာသာ ညှာညှာတာတာ တွေး၍ ရေးနေသလား ထင်မိလောက်သည့် သီချင်းများရှိနေသည် ကိုလည်း တွေ့မိသေးသည်။ ဥပမာ စောခူဆဲ ရေးသည့် " အမြင့်ဆုံးမှာ " ဆိုသည့် သီချင်းကို နားထောင်ကြည့်ပါ။

" မင်းရဲ့ အသိုင်းအ၀ိုင်းထဲက ဒီစကားမျိုးကြားရတော့ ကိုယ်အတော်လေး စိတ်မကောင်း ဖြစ် သွားတယ်........ကောင်လေးက ဆင်းရဲတယ်.......ပညာလည်း မတောက် တစ်ခေါက်နဲ့.....မျိုးရိုးလည်း နိမ့်တယ် ထင်ပါရဲ့......ပြောကြပါတော့....သူတို့ထင်သလို အားလုံး အမှန်အတိုင်း ဖြစ်နေတယ်..."

သီချင်းက ထိုသို့ဆိုထားသည်။ ကောင်းဆက်ဆိုသည်။ နောက်ထပ် အဆိုတော်များ ပြန်ဆိုထားသည်။ ကျွန်တော်ကလည်း ပျင်းပျင်းနှင့် လျှောက်စဉ်းစားသည်။ တကယ်ဆို ထိုစာသားအတိုင်းသာ တကယ်မှန်နေပါက ကောင်လေးကြိုက်သော ကောင်မလေး၏ မိဘများ သဘောမတူတာ ထိုမိဘများ အမှားမဟုတ်နိုင်။

တွေးကြည့်ရုံနှင့် သိနိုင်သည်။ သူက ဆင်းရဲသည်။ ဒါသည် ဘ၀ပေးကုသိုလ်ကံ။ ခွင့်လွှတ်၍ ရသည်။ ပညာလည်း မတောက်တစ်ခေါက် ဆိုတာကျတော့ မကြိုးစားတာ ဖြစ်နိုင်သည်။ ဒါကတော့ ထိုကောင်လေးမှာ အရည်အချင်းလိုတာ ပြနေသည်။ မျိုးရိုးကလည်း နိမ့်သည်တဲ့။ ဒါလည်း လုပ်ယူ၍ မရ။ သူ့ကံသာ။ သို့သော် ထိုအရာအားလုံးက အမှန်အတိုင်း ဖြစ်နေသည်ဆိုသောအခါ ထိုကောင်လေးက ဘာကျန်ပါသနည်း။ ရုပ်ရည်လား။ အကယ်၍ မိန်းကလေးရှင်ဘက်က မိဘများရှိက ထိုကဲ့သို့သော လူငယ်တစ်ယောက်ကို သဘောတူနိုင်ပါမည်လား။ သီချင်းကသီချင်း ဖြစ်သည်ဟု ကျွန်တော်ဖော့တွေး ချင်သည်။ သို့သော် တွေး၍မရ။

သူကပြောထားသည်။ ကောင်မလေး၏ အသိုင်းအ၀ိုင်းများဘက်က ထိုစကားမျိုးကြားရသည့်အခါ စိတ်မကောင်းဖြစ်သွားသည်တဲ့။ စိတ်မကောင်းစရာတော့မဟုတ်။ သူက ထိုအတိုင်း ဖြစ်နေသောအခါ တစ်ဖက်က သူ့အကြောင်းကို ထိုသို့ ပြောတာပဲလေ။ ပိုဆိုးသည်က သည်လို အခြေအနေတွေ ရှိသည်ဟု ပြောပြီးတော့ သူက ထအော်တာ ကြည့်ပါဦး။ " အမြင့်ဆုံးမှာ ထားချင်တယ် " တဲ့။ " ရင်ထဲက မင်းအတွက် မိုးထိမြင့်အောင် ကိုယ့်ဆန္ဒတွေပဲ " တဲ့လေ။

သူ့အနေအထားအရ မဖြစ်နိုင်သည်ကို ချစ်သူအတွက် စဉ်းစားထားသည်က မိုးထိမြင့်သည်တဲ့။ ကျွန်တော်စဉ်းစားမိသည်က တစ်ခါတစ်ရံ သီချင်းတစ်ပုဒ်၏ ဖွဲ့ဆိုမှုများက ရယ်စရာဖြစ်နေ တတ်ပြီး ယောကျာ်းလေးများဘက်ကို အတင်းလိုက်ရေးသလို ဖြစ်နေသည်ကိုပင်။ နောက်တစ်ပုဒ်လည်း ရှိသေးသည်။ အဲလက်စ်ရေးသည်ဟု ကျွန်တော်ထင်သည်။ သီဆိုသူကလည်း သူပင်။

" နောက်ဘ၀ထဲ စောင့်လို့နေပါ အချစ်ဆုံးလေးရာ......ငါလည်းပဲ တစ်နေ့တော့ မင်းနောက်လိုက်လာခဲ့မှာ " တဲ့လေ။

သီချင်းအရတော့ ကောင်မလေးဆုံးသွားသည်။ ချစ်သူကောင်လေးက ပြောသည်။ နောက် ဘ၀ထဲ စောင့်နေပါ။ သူလိုက်လာမည်။ သည်အထိ သီချင်းက ကောင်းသည်။ သို့သော် ကောင်လေးပြော သည်ကို ကြည့်။ တစ်နေ့တော့ လိုက်လာမည် ဆိုသည်က သူသေ၍ ကိုယ်လိုက်သေမည်၊ သို့သော် ခုချက်ချင်း အတူတူ လိုက်သေမည် မဟုတ်။

ဆိုလိုသည်က ငါလည်း ကဲလို့ရသလောက် ကဲဦးမည်၊ နောက်မှ သေနေ့စေ့လျှင် နင့်နောက်လိုက်လာမည် ဆိုသော သဘောမျိုးဟု ကျွန်တော်က စဉ်းစားမိသည်။ ပြုံးမိသေး၏။ ကျွန်တော်တို့ ယောကျာ်းလေးများ ကိုယ့်ဘက်ကိုယ် တော်တော်ယက်ရာ ကျနေပြီလားဟု တွေးမိသောကြောင့်ပင်။

သို့သော် သီချင်းရေးဆရာများကတော့ ထိုသဘောများနှင့် ရေးတာမဟုတ်ကြ။ သံစဉ်၊ စာသား၊ အကြောင်းအရာ ကိုက်အောင် ချိန်ရေးရသည့်အချိန်မှာ သည်လို အကြောင်းမျိုး ပေါ်သွားတာဖြစ်မည် ထင်သည်။

ကျွန်တော်ကလည်း သီချင်းရေးဆရာများကို သရော်ချင်၍ ထိုသို့ရေးတာ မဟုတ်ပါ။ ကျွန်တော့်အတွေးမှာ ထိုသီချင်းများက ရယ်စရာဖြစ်နေသည်ကို ဖော်ပြလိုရင်းပါ။

မည်သို့ပင်ဖြစ်စေ ထိုသီချင်းများက အောင်မြင်သော သီချင်းများအဖြစ် ရပ်တည်ခဲ့သည်မှာလည်း အထင်အရှားပင်။ ခံစားတတ်သူများအဖို့ သီချင်းများက ပေးသောအတွေးများနှင့် ခံစားမှုများသည် မရိုးနိုင်အောင် ရှိနေမှာကတော့ အသေအချာဖြစ်သည်ကို ကျွန်တော်ယုံကြည်မိပါသည်။      ။

သားလတ်
၁၂း၀၃ နာရီ၊ မြန်မာစံတော်ချိန်
၂၄.၁၂.၂၀၁၂



Friday, December 21, 2012

" သူတို့ပြောတဲ့ သမုဒယကျောင်း "


တစ်ချိန်ကပေါ့.........။

၁၉၉၃ ခုနှစ်ဆိုတာ ပြန်တွေးရင် မနေ့တစ်နေ့ကလိုပဲ။ လာမယ့် ၂၀၁၃ ခုနှစ်ဆို နှစ် ၂၀ တောင် ပြည့် ပါရောလား။ အဲဒီလွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ရန်ကုန်စက်မှုတက္ကသိုလ်ဆိုတဲ့ ကျောင်းဝင်းကြီးထဲကို ကျွန်တော်ရောက်ခဲ့ဖူးတယ်။

တကယ်တော့ သေသေချာချာ ပြန်တွက်ကြည့်ရင် အခုအချိန်ဟာ ၁၉ နှစ်ကြာ ကာလပါ။ ကျွန်တော်ကျောင်းစတက်တာ ၁၉၉၃ ခုနှစ် နိုဝင်ဘာလကိုး။ ဒီလိုပဲ အေးမြတဲ့ကာလလေး တစ်ခုမှာ ကျောင်းစတက်ခဲ့ရတာ။ နှင်းတွေ၊ မြူတွေ၊ သစ်ရိပ်တွေ၊ စာသင်ခုံတွေ၊ တိုင်လုံးကြီးကြီးတွေ။

ပထမနှစ်မှာ L-2၊ ဒုတိယနှစ်မှာ L-6။ ဒီလိုနဲ့ မက်ခ်လို့ခေါ်တဲ့ စက်မှုမေဂျာရောက်ခဲ့တယ်။ Mechanical Major ဆိုရင် ဆိုးလွန်းလို့လား မသိပါဘူး။ ကျွန်တော်တို့စက်မှု စာသင်ဆောင်တွေဟာ မြေနိမ့်ထဲမှာ။ တစ်မေဂျာလုံးမှာ ယောကျာ်းလေးတွေက များပြီး မိန်းကလေးတွေက လက်ချိုးရေလို့ရတယ်။ စက်မှု တက္ကသိုလ်က စက်မှုမေဂျာလေ။

ပထမနှစ်မှာ စက္ကူမြားတွေပစ်၊ ဒုတိယနှစ်ကျတော့ စာတွေပိ(မေဂျာကို အမှတ်နဲ့ခွဲမှာကိုး) ၊ မေဂျာရောက်တော့ စာလုပ်တဲ့လူက စာပဲ။ ကျွန်တော်တို့ကတော့ စာလုပ်သင့်သလောက်လုပ်၊ ကဲသင့်သလောက်ကဲ။ စာသင်ရတာကိုက ပျော်စရာ။ စာမသင်ချင်ရင် ကင်တင်းန်ကို အချိန်မရွေး သွားလို့ရတာကိုး။ အဲဒီတုန်းက ၀ါဝါဦးလက်ဖက်ရည်ဆိုင် ဆိုတာ ကျွန်တော်တို့ရဲ့ နားနေရာ။ ပြောချင် ရာပြောမယ်။ ငေးချင်ရာငေးမယ်။ နားထောင်ချင်ရာ နားထောင်မယ်။

ဒါပေမဲ့ ဘ၀ဆိုတာ ကိုယ်လိုချင်သလို ဖြစ်မှမဖြစ်တာ။ ကျွန်တော်တို့ ပျော်တဲ့ ကြို့ကုန်းကျောင်းကြီးကို ပဉ္စမနှစ်ကုန်ခါနီးမှာ ပိတ်ပစ်လိုက်တယ်။ အဲဒီအချိန်က ၁၉၉၆ ခုနှစ်။ နောက်နှစ်နှစ်လောက်နေတော့ ဆယ်ရက်လောက် ပြန်တက်ပြီး စာမေးပွဲ ဖြေရတယ်။ ပြီးသွားပြန်ရော။ နောက်နှစ်နှစ်လောက်နေတော့ လှိုင်သာယာမှာ ရန်ကုန်နည်းပညာတက္ကသိုလ်ဆိုပြီး ပေါ်လာတယ်။

ဝေးလိုက်တာမှ လယ်ကွင်းတွေထဲမှာ။ ဟိုးအဝေးမှာ မီးခိုးခေါင်းတိုင်ကိုလည်း မြင်ရတယ်။ စာသင်ရင်း ဘေးကလယ်ထဲမှာ ခွေးနှစ်ကောင် ကိုက်တာဆူနေလို့ ဆရာက စာသင်တာ ရပ်စောင့်ခဲ့ဖူးတယ်။ ကျွန်တော်အပါအ၀င် သူငယ်ချင်းတွေ အတန်းအားရင် နောက်မှာ ၀ိုင်းခြင်းခတ်ခဲ့ကြတယ်။ တချို့ကလည်း Random တွေ နှိပ်လို့။ ကျွန်တော်လည်း မနေနိုင်ရင် ၀င်နှိပ်တယ်။ အဲဒီတုန်းက အိမ်ပြန်လို့ ကားပေါ်မှာတောင် ကားခပေးကြေး နှိပ်ခဲ့ကြတာ။

ကားတွေက အဲဒီအချိန်တုန်းက ကျွန်တော်တို့ နည်းပညာတက္ကသိုလ်က ဂိတ်စ။ ဒီတော့ နေရာအမြဲရတယ်။ အဲဒီတုန်းက တာမွေက နာမည်ကြီးတဲ့ မော်ဒန်လက်ဖက်ရည်ဆိုင်တောင် အဲဒီကျောင်းထဲ လာဖွင့်တယ်။ စာတွေက နောက်ဆုံးနှစ်မှာ အခက်ဆုံးတွေချည်းပဲ။ စာပိတာက တစ်ပိုင်း၊ ကျွန်တော်တို့ ဘာသာ ပျော်စရာရှာရတာက တစ်ပိုင်း။

တကယ်တော့  ကျွန်တော်တို့အားလုံး ကြို့ကုန်းကျောင်းကို ပိုပျော်တာပေါ့။ အဲဒါ ရန်ကုန်စက်မှုတက္ကသိုလ်။ အဲဒါ ကျွန်တော်တို့ ကျောင်း။ အဲဒါ ကျွန်တော်တို့ သူငယ်ချင်းတွေ စဆုံခဲ့တဲ့ နေရာ။ အဲဒီမှာ ပစ္စည်းမဲ့ဂိတ် ရှိတယ်။ အဲဒီမှာ ဦးလူပေါ ပေါင်းမိုးရှိတယ်။ အဲဒီမှာ ရောမတိုင်လုံးကြီးတွေ ရှိတယ်။ အဲဒီမှာ ၀ါဝါဦးရှိတယ်။ အဲဒီမှာ နွေးအေးရှိတယ်။ အဲဒီမှာ ကျွန်တော်တို့ ခုန်ခုန်တက်ခဲ့တဲ့ စာသင်ခန်း မလွယ်ပေါက်လေးတွေ ရှိတယ်။ အဲဒီမှာ ဂျီဟောလ်ရှိတယ်။ အဲဒီမှာ ဩဘာလမ်း ရှိတယ်။ အဲဒီမှာ ချစ်သူတို့လမ်းကလေး ရှိတယ်။ အဲဒီမှာ ကာတွန်းဘောက်စ်ရှိတယ်။ အဲဒီမှာ LCR တို့၊ MCR တို့ ရှိတယ်။

အဲဒီကနေ စာရေးဆရာတွေ ဖြစ်တဲ့ မစန္ဒာတို့၊ နွမ်ဂျာသိုင်းတို့၊ မောင်စိန်ဝင်း(ပုတီးကုန်း)တို့၊ ဆုမိလဲ့တို့၊ အဆိုတော် ခင်မောင်တိုးတို့၊ တေးရေး ကိုရဲလွင်တို့၊ သရုပ်ဆောင်ဆို ကိုသားကြီးလို့ ချစ်စနိုးခေါ်တဲ့ ဒွေးတို့၊ မင်းဦးတို့၊ ဒါရိုက်တာဆို ကိုချိုတူးဇော်တို့။ မော်ဒယ်တို့ရဲ့ မိခင်လို့ အပြင် လူတွေ ပြောတဲ့ မတင်မိုးလွင်တို့၊ အားကစားမှာဆို မြန်မာ့လက်ရွေးစင် ဘောလုံးသမား ကိုသန်းတိုးအောင်တို့၊ ကာတွန်းဆရာ အော်ပီကျယ်တို့ ထွက်ခဲ့ဖူးတယ်။ အဲဒီကျောင်းထဲမှာ အားလုံး မမေ့နိုင်တဲ့ အမှတ်တရတွေက အများကြီးရယ်။

အခုလည်း Mechanical 72 Batch က စီစဉ်တဲ့ 'သမုဒယကျောင်း' ဆိုတဲ့ ဗွီဒီယိုဖိုင်လေးတစ်ဖိုင် ထွက်လာခဲ့တယ်။ တကယ်တော့ ကျွန်တော်စကြည့်ရတာ နမူနာအပိုင်း နည်းနည်းလေး ရယ်ပါ။ နောက်တော့မှ အဆိုတော် ခင်မောင်တိုးဆုံးသွားလို့ အားလုံးကြည့်ရအောင် သူ့ရဲ့နောက်ဆုံး မှတ်တမ်း အနေနဲ့ တင်ပေးခဲ့ကြလို့ ကျွန်တော်အစအဆုံး ကြည့်ရပါတော့တယ်။

အဲဒီဖိုင်ထဲမှာ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)  ပြောတာတွေက စိတ်ဝင်စားစရာ ကောင်းသလို ကိုတိုးကြီးရဲ့ ရိုးရိုးနဲ့ တည့်တည့်ပြောတာတွေ ကြည့်ရတာလည်း သဘောမွေ့စရာပါ။ ဦးဝင်းထိန်ဦးပြောတာတွေ ကလည်း သူတို့ခေတ် စက်မှုတက္ကသိုလ် ကျောင်းသားတွေရဲ့ လွတ်လပ်မှုကို ရင်ခုန်ချင်စရာ။ ကြည့်ဦးလေ။ နောက်ဆုံးနှစ်ပြီးတော့ အင်္ကျီချွတ်ပြီး ကိုယ်လုံးတီးနဲ့ တစ်ကျောင်းလုံးကို ပတ်ပြေးတာတဲ့။ ကျွန်တော်တို့တော့ အဲဒီလို မလုပ်ခဲ့ဖူးဘူး။ မလုပ်ခဲ့ရတာကို နောင်တတောင် ရချင်တယ်။ နောင်တော် ကြီးတွေနဲ့ ဝေးသွားတာကိုး။ ကိုသန်းတိုးအောင်တို့တုန်းကလည်း ဩဘာလမ်းကို လောင်းကြေးနဲ့ ဖြတ်ခဲ့ ကြတယ်လို့ သိခဲ့ရတာ။

အဲဒီ ဗွီဒီယိုဖိုင်ထဲမှာ ကျောင်းသားတွေရဲ့ ဘ၀ကိုလည်း ဖျတ်ခနဲ၊ ဖျတ်ခနဲ ပြသွားတာလေးက သဘောကျစရာ။ အထူးသဖြင့် ဖဲရိုက်လို့ ငွေပြတ်သွားတာကို အဆောင်ကချစ်သူဆီမှာ သွားပြောတော့ ကောင်မလေးက ၀တ်ထားတဲ့ လက်ကောက်ကို ချွတ်ပေးလိုက်တာလေးက ကျွန်တော် တို့ကို ပြန်ပြီးနုပျို သွားစေ သလိုပါပဲ။ တကယ်လည်း သူငယ်ချင်းတွေထဲမှာ အဲဒီလို အဖြစ်မျိုးလေးတွေ ကြားဖူးခဲ့ရတာကိုး။

နောက်ပြီး ကောင်မလေးတွေကို ကောင်လေးတွေက  စက္ကူမြားပစ်တာ။ ကျွန်တော်တို့တုန်းကလည်း အဲဒါတွေပါရှိတယ်။ တစ်ခါတစ်ခါ ဗလာစာအုပ်တစ်အုပ်လုံးပါ ကုန်ရော။ နောက်ပြီး အဆောင် သမားတွေက ကောင်မလေးတွေ အဆောင်နား ဖြတ်သွားရင် ကုန်းအော်တာတွေ။ အဲဒါလည်း တကယ်ပဲ။

တကယ်တော့ ကျွန်တော်တို့ နောင်တော်ကြီးတွေနဲ့ ကျွန်တော်တို့က သိပ်မကွာပါဘူး။ သူတို့က Rangoon Institute of Technology ။ ကျွန်တော်တို့က Yangon Institute of Technology ။ ဒါလေးပဲ ကွာတာ။ ပြီးတော့ ကျွန်တော်တို့ကို ပိုမြင့်တဲ့ကျောင်းကိုပို့တယ်လို့ တချို့က ဆိုကြတယ်။ နားလည်တဲ့သူတွေ ကလည်း ပြောပါတယ်။ University က Institute ထက်မြင့်တယ်တဲ့။ မြင့်လည်း မြင့် မြင့်ပါ။ အဲဒီတုန်းက ကျွန်တော်တို့ချစ်တာ၊ ကျွန်တော်တို့ ပျော်တာ YIT ပါ။ ကြို့ကုန်းကျောင်းပါ။ Institute ထဲမှာ ကျွန်တော်တို့ ပျော်ခဲ့ရတာပါ။

အဲဒီဗွီဒီယိုထဲမှာ ဦးဝင်းထိန်ဦးက ပြောထားပါတယ်။ ၁၉၆၆ ခုနှစ်က စပြီး ကျောင်းကိုတက်၊ ဘယ်နှစ်ခုနှစ်အထိသင်သင်၊ ဘယ်နှစ်ခုနှစ်ကစ ကျောင်းတက်တက်၊ ၁၉၇၂ ခုနှစ်မှာ ဘွဲ့ရ၊ သူတို့နဲ့အတူတူ ကျောင်းတက်ပြီး ဘယ်နှစ်ခုနှစ်မှာစ၀င်ဝင်၊ ဘယ်နှစ်ခုနှစ်မှာ ကျောင်းပြီးပြီး သူတို့က ၁၉၇၂ စက်မှု လို့ယူဆပါတယ်တဲ့။

သူတို့ရဲ့ စုစည်းမှုလေးက ဆရာကန်တော့ပွဲက စခဲ့တာတဲ့လေ။ ကျွန်တော် ကြည်နူးရပါတယ်။ ၁၉၉၉ ခုနှစ်မှာ သူတို့ပြန်ဆုံပြီး အဲဒီကတည်းက အစပျိုးခဲ့တာတဲ့။ ကျွန်တော်တို့ ကျောင်းမပြီးခင်မှာ သူတို့ဒီအစီအစဉ်ကို စ အကောင်အထည်ဖော်နေပြီပေါ့။ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) က 'သမုဒယကျောင်း' ဆိုတဲ့ ကဗျာကို ရေးတယ်။ ခင်မောင်တိုးက သံစဉ်ထည့်တယ်။ မဇ္ဈိမလှိုင်းက ကိုနိုင်မင်းက ကဗျာရဲ့ တချို့နေရာတွေမှာ စကားပြေပြောင်းပြီး အသံထည့်တာကို ကူညီတယ်။ ဦးဝင်းထိန်ဦးက စီစဉ်တယ်။

ဒီလိုနဲ့ သူတို့ရဲ့ ဆရာကန်တော့ပွဲကို နှစ်စဉ်နှစ်တိုင်း ကျင်းပနေရာကနေ ဒီ ' သမုဒယကျောင်း ' ဆိုတဲ့ ဗွီဒီယိုဖိုင်လေး ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

ကျွန်တော် ဘယ်နှစ်ခေါက်မှန်း မသိအောင် ကြည့်နေမိတယ်။ ဘာဖြစ်လို့ ကြည့်မိပါလိမ့်။ စက်မှုတက္ကသိုလ် ကျောင်းသားဟောင်း တစ်ယောက်ဖြစ်ခဲ့လို့ ဆိုတာက အဓိကပါ။ ပြီးတော့ရော။ ကျွန်တော်တို့ရဲ့ နောင်တော်ကြီးတွေရဲ့ အနုပညာကို လေးစားလို့ပါ။ ကိုတိုးကြီးဆို အဲဒီဖိုင်ထဲမှာ မြင်ရတာ သိပ်မကျန်းမာဘူးလို့ ထင်မိတယ်။ နောက်တော့ သူဆုံးသွားလို့ သူ့ရဲ့ နောက်ဆုံး အနုပညာ မှတ်တမ်းတစ်ခုလိုတောင် ဖြစ်သွားခဲ့တယ်။

ပြီးတော့ အဲဒီအခွေထဲမှာ ကျွန်တော်တို့ချစ်တဲ့ ရန်ကုန်စက်မှုတက္ကသိုလ်ကို မြင်ရတယ်။ ကျွန်တော်တို့ရဲ့ နောင်တော်တွေရဲ့ ကျောင်းသားဘ၀ပုံရိပ်တွေနဲ့ နယ်ပယ် အသီးသီးမှာ အောင်မြင်နေ တာကို သိရတယ်။ သူတို့ရိုက်ထားတဲ့ အဖြူအမည်းပုံ တစ်ပုံထဲမှာ ကျွန်တော်အလုပ်လုပ်ခဲ့တဲ့ ဋ္ဌာနက ညွှန်ကြားရေးမှူး၊ ကျွန်တော့်ရဲ့ ဆရာတစ်ယောက်တောင် ပါနေသေးတယ်။ ညွှန်ချုပ်ဖြစ်ပြီးမှ ပင်စင်ယူသွားခဲ့တာ။ ကျွန်တော်က ဦးဝင်းထိန်ဦးအလုပ်လုပ်ခဲ့တယ်ဆိုတဲ့ ဋ္ဌာနမှာ လုပ်ခဲ့တာလေ။ ဒီတော့ ကျွန်တော်တို့ရဲ့ နောင်တော်တွေကနေ ကျွန်တော်တို့အထိ လက်ဆင့်ကမ်းရင်း နိုင်ငံတာဝန်တွေ ထမ်းဆောင်ခဲ့ကြတယ်လို့ တွေးမိတယ်။ ကျွန်တော့်ဆရာ ညွှန်မှူးဆို ကျွန်တော့်ကို သူသိထားတာတွေ သင်ပြပေးခဲ့တာ။ အင်ဂျင်နီယာကြီးတစ်ယောက်က အင်ဂျင်နီယာပေါက်စလေးကို ပညာအမွေ ပေးခဲ့ တာပေါ့။ ကျွန်တော်တို့ မမွေးခင်မှာ သူတို့က ဘွဲ့တောင်ရနေခဲ့တဲ့ သူတွေလေ။ ကျွန်တော် အရမ်းလေးစားခဲ့ရတာ။ ခေါက်ဆွဲထဲမှာ အပူတွေများနေတာကို သတိပေးတာတောင် ' Latent Heat ' တွေ များနေတယ် လို့ ကျွန်တော့်ဆရာ ဒုညွှန်မှူး( သူကတော့ Textile မေဂျာပါ ) က ပညာနဲ့ သတိပေးတာ။ သူလည်း အဲဒီ Mechanical 72 တွေနဲ့ တစ်နှစ်တည်းတွေလေ။

ဒီ ' သမုဒယကျောင်း ' ကို ကြည့်ပြီး ကျွန်တော့်ရင်ထဲမှာ သူတို့လို အောင်မြင်တဲ့ အင်ဂျင်နီယာ တစ်ယောက် ဖြစ်ချင်တယ်။ ပြီးတော့ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) လို အင်ဂျင်နီယာ ကဗျာဆရာ၊ စာရေးဆရာ ပိုဖြစ်ချင်တယ်။ အဓိကကတော့ ကျွန်တော်အပါအ၀င် စက်မှုတက္ကသိုလ်က သူငယ်ချင်းတွေ တော်တော်ချစ်တဲ့ ကျောင်းကြီးကို လွမ်းမိတာပါပဲ။

ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) က အဲဒီအထဲမှာ ပြောပါတယ်။ ' ဆရာတွေက စာတင်သင်ပေးတာ မဟုတ်ဘူး၊ ဘ၀ကိုပါ သင်ပေးလိုက်တာ ' တဲ့လေ။ ဟုတ်ပါတယ်။ ကျွန်တော်တို့ အခုတကယ့် လက်တွေ့ဘ၀ထဲ ရောက်နေပါပြီ။ ဆရာတို့ ပေးခဲ့တဲ့ အသိဥာဏ်တွေနဲ့ ကျွန်တော်တို့ နိုင်သလောက် လမ်းကို လျှောက်လှမ်းနေပါပြီ။

ဒီလိုနဲ့ အဲဒီ ဗွီဒီယိုဖိုင်လေး အဆုံးမှာ ကျွန်တော့်ရင်ထဲကို ကဗျာတစ်ပုဒ် ရောက်ရှိလာပါတယ်။ သူငယ်ချင်းတွေ ပြန်ရှယ်ကြတဲ့ ဒီဗွီဒီယိုဖိုင်လေးကို ကျွန်တော့်ရဲ့ ကဗျာနဲ့အတူ ထပ်ပြီး ရှယ်မိခဲ့ပါသေးတယ်။ ကဗျာလေးက ဒီလိုပါ။

အချိန်တွေပြောင်း
ရာသီတွေပြောင်း
ဒါပေမဲ့........
ဘယ်တော့မှမဟောင်း
(သူငယ်ချင်းတို့ရေ..)
အဲဒါ...ငါတို့ရဲ့...... 
     ရင်ထဲက သမုဒယကျောင်း။ ။
သားလတ်
၂၀း၅၆ နာရီ
၂၉.၁၀.၂၀၁၂


( ရန်ကုန်စက်မှုတက္ကသိုလ်၊ Mechanical 72 Batch များ၏ ဗွီဒီယိုဖိုင် 'သမုဒယကျောင်း'ကိုခံစား၍ရေးပါသည်။)

လွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ်က ကျွန်တော်တို့တစ်တွေ  ရန်ကုန်နည်းပညာတက္ကသိုလ်ကနေ အင်ဂျင်နီယာ ဘွဲ့တွေ ရခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၉၉၃ ခုနှစ်တုန်းက ကျွန်တော်တို့တစ်တွေ ရန်ကုန်စက်မှုတက္ကသိုလ် ဆိုတဲ့ ကျောင်းတော်ကြီးကို စတက်ခဲ့ရပါတယ်။

အခုတော့ ကျွန်တော်တို့ရဲ့ နောင်တော်ကြီးတွေလိုပဲ ကျွန်တော်တို့တစ်တွေဟာ တစ်နေရာစီမှာ ကိုယ်တတ်နိုင်သလောက် တာဝန်တွေ ထမ်းနေရပါပြီ။ သူတို့သတိရ တမ်းတပြီး သူတို့ကျင်လည်ခဲ့တဲ့ သူတို့ရဲ့ သမုဒယကျောင်းကြီးဟာလည်း ကျွန်တော်တို့ရဲ့ သမုဒယကျောင်းကြီးပါပဲ။ အချိန်တွေ၊ ရာသီတွေပြောင်းပေမယ့် နောင်တော်ကြီးတွေ လွမ်းသလို ကျွန်တော်တို့လည်း ကျွန်တော်တို့ရဲ့ သမုဒယကျောင်းကြီးကို ဒီဗွီဒီယိုဖိုင်လေး ကြည့်ပြီး ပြန်လွမ်းမိပါတယ်လို့ ဆိုချင်ပါတော့တယ်။        ။


သားလတ်
၁၅း၁၁ နာရီ၊ မြန်မာစံတော်ချိန်
၂၁.၁၂.၂၀၁၂








Wednesday, December 19, 2012

" ပျံလေဦးပေါ့ ကြိုးကြာ "


 တကယ်တော့ လူတစ်ယောက်ကိုလူအများက အမှတ်ထင်ထင် ရှိနေနိုင်ဖို့ဆိုတာ ဒီလူက တခြားလူတွေကို ဘယ်လောက်ပေးဆပ်နိုင်ခဲ့လဲ၊ လူ့လောကကြီးရဲ့ ကောင်းကျိုးကို ဘယ်လောက်ထိ ဆောင်ရွက်နိုင်ခဲ့လဲ ဆိုတာနဲ့ ကြည့်ပြီး ဆုံးဖြတ်ကြတာလို့ ကျွန်တော်ထင်တယ်။ နောက်တစ်ခုရှိသေးတာက အဲဒီလူရဲ့ ခံစားမှု၊ ပြီးတော့ အနုပညာ အဲဒါတွေဟာလည်း အဲဒီလူကိုအမှတ်ရစေတဲ့ အချက်တွေ ဖြစ်နေတတ်ပါတယ်။

ကျွန်တော် သူ့ကို သိခဲ့တာကြာပါပြီ။ မိတ်ဆက်ပေးလို့ သိတာမျိုးလည်း မဟုတ်။ သူငယ်ချင်း အဖြစ်နဲ့သိ တာလည်း မဟုတ်။ လုပ်ဖော်ကိုင်ဖက်လည်း မဟုတ်။ သူ့အနုပညာကို ခံစားရင်း သိရတာမျိုးပါ။

သူဟာ အဆိုတော် တစ်ယောက်ပါ။ ကျွန်တော့်အကြိုက်ဆုံး အဆိုတော်တစ်ယောက် မဟုတ်ပေမယ့် ကျွန်တော်ကြိုက်တဲ့ အဆိုတော်တစ်ဦးပါပဲ။ ကျွန်တော့်အကြိုက်ဆုံး အဆိုတော်လို့ ပြောရင် ထူးအိမ်သင် လို့ကျွန်တော် ဖြေမယ်။ ဒါပေမဲ့ သူ့သီချင်းတွေကိုလည်း ကျွန်တော် ကြိုက်ခဲ့တာပါပဲ။ မှတ်မိ သလောက် ပြောရရင် ကျွန်တော် သီချင်းတွေ သေသေချာချာ နားထောင်တတ်တဲ့ အချိန်မှာ သူ့သီချင်းတွေ ပါလာခဲ့ပါပြီ။

ဘာဖြစ်လို့ ပါလာခဲ့သလဲ ဆိုတော့ သူက ကိုငှက်လို့ ကျွန်တော်တို့ ချစ်စနိုးခေါ်တဲ့ ထူးအိမ်သင် တို့လို အသံအေးအေးနဲ့ ကိုယ်ပိုင်သံစဉ်တွေကို ဆိုနေခဲ့လို့ပါ၊ အဲဒီအချိန်တွေတုန်းကလည်း ကိုယ်ပိုင်သံစဉ် ခေတ် တစ်ခေတ်က အရှိန်ရလို့ အားကောင်းနေခဲ့တာကိုး။ ဒါပေမဲ့ သူက တော်တော်များများထက် သီချင်းဆိုတာ စောမယ်ထင်ပါတယ်။ သူကတော့ အသံအေးအေးနဲ့ သီချင်းတွေဆိုတတ်တဲ့၊ အများက ချစ်စနိုးနဲ့ ကိုတိုးကြီးလို့ ခေါ်တတ်တဲ့  အဆိုတော် ' ခင်မောင်တိုး ' ပါ။

သူ့သီချင်းတွေကို စသတိထားမိတာ 'မျက်သွယ်' အခွေထွက်မှပါ။ ဒါလည်း ကျွန်တော်တို့နဲ့ အိမ်နီးချင်း အစ်မကြီးတွေက အခွေဝယ်ထားလို့ နားထောင်ရတာ။ အဲဒီအခွေမှာ သူ့ကိုသတိထားမိသွားတယ်။ ဒါနဲ့ပဲ သူ့သီချင်းအဟောင်းတွေကို ရှာပြီး ဖြည်းဖြည်းချင်း နားထောင်ဖြစ်သွားခဲ့တယ်။ ဒီလိုနဲ့ သူ့သီချင်းတွေမှာ သူ့ကို သတိထားမိသွားတာက သူဟာ အသံအေးတယ်။ သူ့သီချင်းတွေဟာ ကိုယ်ပိုင်သံစဉ်တွေ ဖြစ်တယ် ဆိုတာပါပဲ။

နောက်တော့ ကျွန်တော်တို့ ဂစ်တာတီးတဲ့အခါ ညဘက်တွေ တိတ်ဆိတ်နေရင် ကိုတိုးကြီး သီချင်းတွေက နေရာယူတတ်တာ သတိထားမိပါတယ်။ အဆောင်တွေမှာလည်း ဒီသဘောပါပဲ။ ကျွန်တော်တို့ကျောင်းသားဘ၀ ခေတ်တွေမှာ ကံကောင်းတာတစ်ချက်က အဆောင်မှာ သီချင်းတွေ ဆိုကြသလို အဲဒီအဆောင်တွေမှာ ဆိုဖို့ သီချင်းတွေကလည်း သူ့ခေတ်သူ့အခါမှာ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ရှိနေတာပါပဲ။ ထူးအိမ်သင်၊ ကိုင်ဇာ၊ စိုးလွင်လွင်၊ စိုင်းထီးဆိုင်၊ ခင်မောင်တိုး စတဲ့အဆိုတော်တွေ အပြင် ရော့ခ်ဂီတပါ အရှိန်ရလာတဲ့ အခါမှာတော့ ရော့ခ်ထဲက ဟဲဗီးတွေ မဟုတ်တဲ့ သီချင်းမျိုးတွေကပါ အဆောင်တွေမှာ နေရာရလာပါတယ်။

အဲဒီမှာ ကျွန်တော်တို့ သိလာခဲ့ရတာက အဆောင်တွေမှာ၊ ဒါမှမဟုတ် ညဘက်တွေမှာ ကျွန်တော်တို့ သီချင်းဆိုတဲ့အခါ ရော့ခ်လို ခပ်ပြင်းပြင်း သီချင်းတွေက အလုပ်မဖြစ်ဘူး ဆိုတာပါပဲ။ သီချင်းအေးအေးတွေနဲ့ ကိုယ်ပိုင်သံစဉ်သီချင်းတွေကသာ အဆောင်ဝန်းကျင်မှာ ပိုပြီး တိုးပေါက်ခဲ့တာ။

ကျွန်တော် ဂစ်တာတီးတတ်တော့လည်း ကိုတိုးကြီး သီချင်းတွေကို တော်တော်လေးတီးပြီး ဆိုတတ်ခဲ့ ပါသေးတယ်။ သူ့သီချင်းတွေထဲမှာ အကြိုက်ဆုံးလို့ ပြောရရင် 'ပန်းချစ်သူ' ပါ။ တီးတာတော့ မတီးတတ်ပါဘူး။ Classical ဖြစ်တော့ ကျွန်တော် မတီးတတ်ပါဘူး။ ပြီးတော့ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) နဲ့ သူငယ်ချင်းတွေ ဖြစ်တဲ့ ကိုတိုးကြီးက ကဗျာတွေကို အသံထည့်ဆိုတော့ 'မျက်သွယ်' ရယ်၊ 'ချစ်သူသိစေ' ရယ် စတဲ့သီချင်းမျိုးတွေကို ကြိုက်ပါတယ်။ ဒီဘက်ခေတ်မှာတော့ ' လွမ်း ' ဆိုတဲ့ သီချင်းမျိုးကိုလည်း ကြိုက်မိပါတယ်။

နောက်ပြီး သူ့သီချင်းတွေထဲမှာ' ဝေးခဲ့ပြီ ပန်းခရမ်းပြာ' လိုသီချင်းမျိုးကို စိတ်ဝင်စားခဲ့ဖူးပါတယ်။ ကြိုက်လည်း ကြိုက်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်က ပန်းခရမ်းပြာ ဆိုတဲ့ လက်ဖက်ရည်ဆိုင် တစ်ဆိုင် အကြောင်း ကြားဖူးနားဝ ရှိခဲ့လို့ပါ။ တချို့ပြောပြတာပါ။ တံတားဖြူနားမှာ အရင်ကရှိခဲ့တယ်တဲ့။ ကျွန်တော်တော့ သေသေချာချာ မသိပါဘူး။ ဒါပေမဲ့ Main လို့ ပြောကြတဲ့ ရန်ကုန်တက္ကသိုလ်ဆိုရင် ကျွန်တော်တို့လို စက်မှုတက္ကသိုလ် ကျောင်းသားတွေလည်း ရင်ခုန်တာပါပဲ။ အင်းလျားတို့၊ ကန်ပေါင်တို့၊ ဂျပ်ဆင်တို့၊ မာလာတို့ ဆိုတာ လူတိုင်းရင်ခုန်ခဲ့ရတဲ့ အရာတွေပဲ မဟုတ်လား။

ပန်းခရမ်းပြာဆိုတာ ဗေဒါလည်း ဖြစ်နိုင်တာပဲ။ ဒါကြောင့် ကျွန်တော်ကတော့ ကျောင်းနဲ့ ဝေးကွာသွားခဲ့တဲ့ သူတိုင်းဟာ ပန်းခရမ်းပြာလို သီချင်းမျိုးကို အရွယ်မရွေး ကြိုက်နေနိုင်တယ်လို့ ထင်နေမိတယ်။

နောက်ထပ် ကြိုက်တဲ့ သီချင်းတွေကတော့ အများကြီး။ သဇင်ည၊ ခွန်အားဖြည့် မိငယ်၊ ကြိုးကြာသံ၊ ညီစေမင်း၊ ကြိုးမဲ့ချည်တိုင်၊ လေးညှို့ရှင် စတဲ့သီချင်းတွေပါ။ ကျွန်တော်မှတ်မိသလောက် ကြိုးကြာသံဟာ အရှေ့တိုင်း အသံလို့ သုံးသပ်ကြပါတယ်။ 

ကိုတိုးကြီး သီချင်းတွေရဲ့ ထူးခြားမှုက သူ့အသံနဲ့လိုက်ဖက်ပြီး သူ့သီချင်းရေးဖွဲ့သူတွေဟာလည်း သူနဲ့လိုက်ဖက်အောင် ရေးဖွဲ့ခဲ့လေသလားတောင် ထင်ရပါတယ်။ နောက်ပြီး သူ့သီချင်းရေးဖွဲ့သူတွေဟာ ဂီတကို တကယ်တတ်ကျွမ်းပြီးမှ ရေးဖွဲ့သူတွေ ဖြစ်တယ်ဆိုတာကို ကျွန်တော် မှတ်သားဖူးပါတယ်။ ကိုမောင်မောင်၊ ကိုရဲလွင်၊ ကိုနေ၀င်း၊ ကိုတင်မောင်လှိုင်၊ ကိုနိုင်မင်း စတဲ့ တေးရေးသူတွေဟာ အသံကို ကောင်းကောင်းထည့်နိုင်သူတွေ ဖြစ်ပါတယ်။ ထူးခြားတာက ကိုမောင်မောင်တို့ဆို စန္ဒယား ကိုပါနိုင်ပြီး ဂီတသင်္ကေတတွေကိုပါ ကျွမ်းကျင်ပိုင်နိုင်သူတွေ ဖြစ်နေတာပါပဲ။

ကိုတိုးကြီးလို့ ကျွန်တော်တို့ ချစ်စနိုးခေါ်တဲ့ အဆိုတော် ခင်မောင်တိုးအကြောင်းကို ဖျတ်ခနဲ၊ ဖျတ်ခနဲ သိလိုက်ရတာလေးတွေလည်း ကျွန်တော် မျှဝေချင်ပါသေးတယ်။ ကျွန်တော့်အဖေက ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) နဲ့ သူငယ်ချင်း။ ဆရာမောင်စိန်ဝင်း( ပုတီးကုန်း)ကလည်း ကိုတိုးကြီးနဲ့ သူငယ်ချင်း။ တစ်ခါတော့ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)နဲ့ ကိုတိုးကြီးတွေ့ပြီး သူတို့အကြောင်းကို အဖေ့ဆီက ကြားရပါတယ်။ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)က ပြန်ပြောပြတာပါ။ သူမန္တလေးက ပြန်လာပြီးတော့ပါ။

" ခင်မောင်တိုးက တရားထိုင်နေပြီ " တဲ့။ ကြားကြားချင်း ကျွန်တော် အံ့အားသင့်မိပါတယ်။ အဆိုတော် တစ်ယောက်က တရားထိုင်နေပြီဆိုတာ လူတစ်ယောက် လုပ်သင့်လုပ်ထိုက်တာ လုပ်တယ်ဆိုပေမယ့် တခြားသူတွေ လုပ်တာနဲ့ မတူသလို ဖြစ်နေတာကိုး။ ဒါပေမဲ့ တစ်ဖက်က ပြန်တွေးရင် ကျွန်တော်တို့ကသာ ချစ်စနိုးနဲ့ ကိုတိုးကြီးလို့ ခေါ်နေတာ။ သူနဲ့ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)က ရွယ်တူတွေ။ ကျွန်တော့်အဖေနဲ့ကျတော့ သူတို့က တစ်နှစ်၊ နှစ်နှစ်လောက် ငယ်မှာ။ ဒီတော့ အဖေ့အသက်တောင် အဲဒီတုန်းက ခြောက်ဆယ်နား ရှိနေတာ။ သူတို့လည်း ဘယ်ငယ်တော့မလဲလို့ တွေးမိလိုက်ပါသေးတယ်။

ကြုံတုန်းပြောရရင် ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) ကလည်း ပဋ္ဌာန်းကိုတော်တော် ရွတ်ဖတ်တယ်လို့ ကျွန်တော် သိထားပါတယ်။ သူတို့တစ်တွေ အဲဒီလို လုပ်နိုင်ကြလို့လည်း သူတို့ရဲ့ ပါရမီတွေက ရင့်သန်လို့ ဒီဘ၀မှာ တော်တော်အောင်မြင်ကြတယ် ထင်ပါရဲ့။ ပြန်ဆက်ရရင်  အဲဒီအချိန်မှာ ကိုတိုးကြီး တရား ထိုင်နေပြီ ဆိုတာ တကယ် အမှန်ပဲ ဆိုတာ ကျွန်တော်နောက်ပိုင်း သိတာတွေနဲ့ ဆက်စပ်ကြည့်တော့ အမှန်တွေချည်း ဖြစ်နေတာပါပဲ။

နောက်တစ်ခုက ကျွန်တော့်အစ်ကိုနဲ့ ကိုတိုးကြီးရဲ့ ဆက်စပ်မှုလေးတွေပါ။ ကျွန်တော့်အစ်ကိုက အရင်က ရန်ကုန်မြို့ရဲ့ ထုတ်ကုန်တွေကို စာရင်းကောက်တဲ့ ကုမ္ပဏီကြီး တစ်ခုမှာ ဋ္ဌာနကြီးတစ်ဋ္ဌာနရဲ့ အရာရှိတစ်ယောက်ပါ။ အဲဒီမှာ City FM ကနေ နှစ်စဉ်နှစ်တိုင်း ဆုတွေပေးတော့ အဆိုတော်တွေအတွက် ဂီတအမျိုးအစားအလိုက် ပေးနေတဲ့အချိန်မှာ အဲဒီအတွက် အစည်းအဝေးတက်ရပါတယ်။ ကျွန်တော့်အစ်ကိုရယ်၊ ကိုမင်းချစ်သူ၊ ကိုကြည်မင်းသိန်းနဲ့ ဋ္ဌာနမှူး ဦးလှမြင့်ဆွေတို့ ပါပါတယ်။

အဲဒီအချိန်မှာ မြန်မာသံအတွက် အဲဒီနှစ်မှာ ဆုပေးစရာ မရှိဘူးလို့  ကိုမင်းချစ်သူနဲ့ ကိုကြည်မင်းသိန်းက ပြောကြတယ်။ ။ ဒါပေမဲ့ Data တွေစုဆောင်းထားတဲ့ ကျွန်တော့်အစ်ကိုက မြန်မာသံ ဒီနှစ်အတွက် ရှိပါတယ်လို့ ပြောတော့သူတို့ အံ့အားသင့်သွားတယ်။ ဘယ်သူလဲဆိုတော့ ခင်မောင်တိုး ပါလို့ အစ်ကိုကပြောပြတယ်။ ဦးလှမြင့်ဆွေက သေချာအောင် အစ်ကို့ကို မေးပါတယ်။ ' အကြိုက်ဆုံး မန္တလေး သီချင်းများ ' အခွေ ရှိပါတယ်ဆိုတော့ ကျန်သူတွေလည်း အဲဒီကျမှ သတိရသွားဟန်တူပါတယ်။ ဋ္ဌာနမှူးက Data အရရော သေချာအောင် အစ်ကို့ကို မေးပါတယ်။

အဲဒီမှာ အစ်ကိုက မြန်မာသံထဲမှာ အဲဒီနှစ်ရဲ့ ရောင်းအားအကောင်းဆုံးပါ ဆိုပြီး သူရထားတဲ့ စာရင်းနဲ့ ချပြမှ ဋ္ဌာနမှူးက တကယ်ရောင်းအားကောင်းတာဆို ဘာလို့မပေးနိုင်ရမှာလဲ၊ သူပေးမယ်ဆိုပြီး အဲဒီမှာ ကိုမင်းချစ်သူတို့ကလည်း ၀ိုင်းပြီး ဟုတ်ပါတယ်၊ ပေးလို့ရပါတယ် ဆိုပြီး ၀ိုင်းထောက်ခံကြတာ နောက်ဆုံး ကိုတိုးကြီးရဲ့ ' အကြိုက်ဆုံး မန္တလေး သီချင်းများ ' အခွေဟာ အဲဒီနှစ်ရဲ့ မြန်မာသံဆုကို ရခဲ့သလို အဲဒီအခွေ ထုတ်တဲ့ တေးထုတ်လုပ်ရေးလည်း အကောင်းဆုံး ထုတ်လုပ်မှု ရခဲ့ပါတယ်။

ကျွန်တော့်အစ်ကိုကို သူ့အရာရှိက ' မင်းကြောင့် ခင်မောင်တိုးတော့ ဆုရသွားပြီ ' လို့ ပြောတော့ အစ်ကိုကပြုံးလို့။ အမှန်က ရသင့်ရထိုက်တဲ့လူ မကျန်ခဲ့စေချင်တာပါ။ ပြီးတော့ သူကျေနပ်တာတစ်ခုက ကိုတိုးကြီးက သူကြိုက်တဲ့အဆိုတော်တွေထဲက တစ်ယောက်ဖြစ်နေတာကိုး။

နောက်တစ်ခုကလည်း ကျွန်တော့်အစ်ကို ကြုံရတာလေးပါ။ သူနောက်ထပ် ကုမ္ပဏီတစ်ခုကို ပြောင်းပြီး အဲဒီကုမ္ပဏီက ပါတီပွဲမှာ စတိတ်ရှိုးလုပ်တော့ ကိုတိုးကြီးပါ လာဆိုပါတယ်။ ကိုတိုးကြီးစင်ပေါ်တက်လာတော့ ကျွန်တော့်အစ်ကိုက သူ့တပည့်တွေကို ပြောတယ်။ ' မင်းတို့ငါ့နောက်က လိုက်အော်ပေး။ ငါပြောပေးမယ်။ စင်နားသွားရအောင် ' ဆိုတော့ သူ့တပည့်တွေကလည်း မငြင်းဘူး။ ' ဘာအော်ပေးရမလဲ ' ဆိုပြီး လိုက်လာတယ်တဲ့။

စင်နားရောက်တော့မှ ' ကိုတိုးကြီး........ချစ်သူသိစေ ကိုဆိုပေးပါ ' ဆိုပြီး ကိုတိုးကြီး သီချင်းဆို အရပ်၊ တီးလုံးသံကြားတိုင်း ထအော်ကြတာ။ သူ့တပည့်တွေနဲ့ သူပါ ပြိုင်တူအော်တာတဲ့။ အဲဒီအချိန်မှာ ကိုတိုးကြီး သူတို့ကို လှည့်ကြည့်တဲ့ အကြည့်ကို သူဘယ်တော့မှ မမေ့ဘူးတဲ့။ ဆိုနေရင်းနဲ့ကို မျက်လုံးကို ဝေ့ကြည့် တာပါ။

အကြောင်းက ရှိပါတယ်။ ကျွန်တော့် အစ်ကိုကြီး အလုပ်လုပ်နေတဲ့ ကုမ္ပဏီကြီးက ရေသန့်ရော၊ ယမကာတွေပါ ထုတ်ပါတယ်။ သူတို့ပါတီပွဲ ကျင်းပတဲ့ အချိန်မှာ ဧည့်သည်ကလည်း အစုံပါပဲ။ ဒါပေမဲ့ ယမကာထုတ်တဲ့ ကုမ္ပဏီက ပါတီဆိုတော့ မြူးကြွချင်သူတွေ များမှာပါပဲ။ အဲဒီလို အချိန်မှာ သူ့သီချင်းတွေထဲကနေ တကယ်ကြိုက်လို့ မှတ်မှတ်ရရ လာတောင်းဆိုတဲ့ ပရိသတ်ရှိပါလားလို့ သူသိလိုက်ရတာကို အံ့ဩသွားတဲ့ မျက်လုံးမျိုးလို့ ကျွန်တော့်အစ်ကိုကြီးက ပြောပါတယ်။

ဒါနဲ့ပဲ သူ့ရဲ့ ဆိုလက်စ သီချင်းပြီးသွားတဲ့ အချိန်မှာ ကိုတိုးကြီးက ကြေငြာပါတယ်တဲ့။ ' ဟုတ်ကဲ့။ ကျွန်တော် နောက်တစ်ပုဒ် အနေနဲ့ မောင်စိန်ဝင်း( ပုတီးကုန်း) ရဲ့ ချစ်သူသိစေ ဆိုတဲ့ သီချင်းနဲ့ သီဆို ဖျော်ဖြေပါမယ် ' တဲ့။ ကျွန်တော့် အစ်ကိုကြီး အပါအ၀င် သူ့တပည့်တွေလည်း ပျော်လိုက်ကြတာ ဆိုတာ။ မပြောပါနဲ့တော့တဲ့။ ပိုပြီး ပျော်ကြတာက အဲဒီ သီချင်းအဆုံးမှာ သူတို့ ကုမ္ပဏီ သူဋ္ဌေးတွေက ကိုတိုးကြီးကို ဆုငွေတွေ အများကြီး တက်ပြီးချကြတယ်တဲ့။ အဲဒါ အဲဒီပါတီပွဲမှာ ဘယ်အဆိုတော်ကိုမှ ဆုမချဘဲ ကိုတိုးကြီးကိုပဲ ချတာတဲ့လေ။ ကျွန်တော့်အစ်ကိုကတော့ သူတော်တော်ကြိုက်တဲ့ အဆိုတော် ဆုတွေလည်း ရတော့ ပျော်ပြီးရင်း ပျော်နေတော့တာပါပဲ။ ဒါက ကျွန်တော့် အစ်ကိုပြောခဲ့တဲ့ ကိုတိုးကြီး အမှတ်တရလေးတွေပါ။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် နိုဝင်ဘာလထဲမှာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ကိုတိုးကြီးရဲ့ နာမကျန်းတဲ့ သတင်းတွေ ပလူပျံအောင် စကြားရပါတယ်။ သိသိချင်း စိတ်မကောင်းဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီအချိန်မှာ ကျွန်တော်က စက်မှုတက္ကသိုလ်က Mechanical ကျောင်းသားတွေ စီစဉ်တဲ့ ' သမုဒယကျောင်း ' ဆိုတဲ့ အမှတ်တရ အစီအစဉ် ဗွီဒီယိုဖိုင်လေးကို ကြည့်နေတဲ့ အချိန်။

အဲဒါက ကျွန်တော်တို့ထက် ရန်ကုန်စက်မှုတက္ကသိုလ်ကို စောတက်ခဲ့ကြတဲ့ ကျောင်းသားတွေ စီစဉ်တဲ့ မှတ်တမ်းလေးပါ။ ၁၉၇၂ ခုနှစ်၊ စက်မှုဘာသာရပ် ဆိုတော့ ကျွန်တော်တို့ မမွေးခင် ကတည်းက ကျောင်းတက်နေတဲ့ သူတွေပါ။ အဲဒီအထဲမှာ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) ကဗျာကို ကိုတိုးကြီးက သီချင်းလုပ်ဆိုထားတယ်။ ကိုနိုင်မင်းက အသံထည့်ပေးထားတယ်။ ပြီးတော့ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)၊ ကိုတိုးကြီးနဲ့ ဦးဝင်းထိန်ဦးတို့က သူတို့ဖြတ်သန်းခဲ့ရတာလေးတွေ ပြောပြ ထားတယ်။( အဲဒီ သမုဒယကျောင်းကို ကျွန်တော် ပို့စ်သတ်သတ် ရေးချင်ပါသေးတယ်)

အဲဒီဗွီဒီယိုဖိုင်လေးကို ကြည့်ရင်း ကိုတိုးကြီးနဲ့ ပတ်သက်တဲ့ အသံတွေက ဆက်ကြားနေရတုန်းပဲ။ တစ်ရက်ကျတော့ ဆုံးပြီတဲ့။ နည်းနည်းတော့ အံ့အားသင့်သွားတယ်။ ဘယ်သူတင်တာလဲပေါ့။ ကျွန်တော့်ကို သူငယ်ချင်းတစ်ယောက်ကတောင် လှမ်းမေးတယ်။ ဟုတ်လားလို့။ ကျွန်တော်က သေသေချာချာ မသိတော့ ဘာမျှ ပြန်မပြောနိုင်ခဲ့ဘူး။ ဒါပေမဲ့ နောက်ရက်ကျတော့မှ မဆုံးသေးဘူးဆိုတာ သိရပြန်တယ်။ ကျွန်တော့်အလုပ်ထဲက ကောင်လေးတွေက သေပြီဆိုပြီး သတင်းကိုအတည်လုပ်နေလို့ ကျွန်တော် က လောင်းမလားဆိုပြီး ခံငြင်းခဲ့သေးတာ။

တစ်ခါတစ်ခါကျတော့ အင်တာနက်ဆိုတာကြီးကို ကျွန်တော်ရွံပါတယ်။ ဖေ့စ်ဘွတ်ခ်ကိုလည်း ကျွန်တော် ရံဖန်ရံခါ စိတ်တိုင်းမကျတတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သတင်းဆိုတာ အမှန်ကိုပေးမိရင် ပြဿနာ မရှိပေမယ့် အမှားကိုပေးမိရင်တော့ အားလုံးအတွက် ဒုက္ခရောက်ဖို့ ပိုများပါတယ်။ အားလုံး ဒုက္ခရောက်တာပါ။ အဲဒါကြောင့် ကိုတိုးကြီး မဆုံးခင်က ဆုံးပြီလို့ သတင်းထွက်လာတော့ ကျွန်တော်ပြောခဲ့ပါတယ်။

' မင်းတို့လုပ်တာနဲ့ ဟိုမှာ မျောနေရင်တောင် မျောတဲ့လူကို ပြန်သတိမရအောင် လုပ်နေ သလို ဖြစ်နေတယ်။ လူက တကယ်မဆုံးသေးဘူး။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဆွမ်းတောင်သွပ်နေပြီ။ ဟိုက မျောနေရင်းနဲ့ ဟ-ငါ့ကိုဘာလို့ ဆွမ်းသွပ်ပါလိမ့်လို့ တွေးချင်တွေးနေမှာ။ တစ်ခုတော့ ကောင်းတယ်။ ကျိန်းတော့ကျေသွားတာပေါ့။ ကိုတိုးကြီး ပြန်ကျန်းမာလာမှာပါ ' လို့ ပြောခဲ့တာ။

နောက်တော့မှ ကိုတိုးကြီး နိုဝင်ဘာ ၁၅ ရက်နေ့မှာ တကယ်ဆုံးတော့တာ။ စင်ကာပူမှာဆုံးပြီး သူ့ရဲ့ အရိုးပြာအိုးကို မြန်မာပြည်ကို သူ့သမီးက ပြန်သယ်တာကို ဖေ့စ်ဘွတ်ခ်မှာတွေ့တော့  ကျွန်တော် အဲဒီဓာတ်ပုံမှာ မှတ်ချက်ဝင်ရေးခဲ့ပါတယ်။ သူများတွေက ကိုတိုးကြီး ကောင်းရာမွန်ရာ ရောက်မှာပါ ဆိုလို့ပါ။ ကျွန်တော်ကြားဖူးသလောက် ကိုတိုးကြီးက တရားတော်တော်ထိုင်ပါတယ် ဆိုတာလေးကိုပါ။

နောက်တော့ သတင်းစာထဲမှာ ကိုတိုးကြီးမိသားစုရဲ့ နာရေးအတွက် ကျေးဇူးတင်လွှာမှာ ကိုတိုးကြီး ထိုင်ခဲ့ဖူးတဲ့ တရား စခန်းတွေ၊ ဘုန်းကြီးကျောင်းတွေရဲ့နာမည်တွေကို တွေ့လိုက်ရတော့ ကျွန်တော် သိထားတာတွေ မှန်ပါတယ်ဆိုတာကို ပိုပြီး ခိုင်မာစေခဲ့ပါတယ်။

အခုတော့ ကိုတိုးကြီးဆုံးတာ ဒီဇင်ဘာ ၁၅ ဆိုရင် တစ်လတောင် ပြည့်ပြီးခဲ့ပါပြီ။ မိသားစုနဲ့ အတူ ၀မ်းနည်းရင်းပဲ ကိုတိုးကြီး အမှတ်တရရေးမယ်ဆိုတဲ့ စိတ်ကူးလေးနဲ့ ကျွန်တော်ချရေးဖြစ်သွားတာပါ။

ကျွန်တော်တို့ ရန်ကုန်စက်မှုတက္ကသိုလ်မှာ သဇင်ဆောင် ဆိုတဲ့ မိန်းကလေးအဆောင်ရှိပါတယ်။ ကျွန်တော်တို့အခေါ် သမိုင်းဝင်းထဲမှာပါ။ ကိုရဲလွင်ကလည်း အဲဒီအချိန်က အာရ်အိုင်တီကလို့ သိရပါတယ်။ ကိုတိုးကြီးက ကိုရဲလွင် ရေးခဲ့တဲ့ ' သဇင်ည ' ဆိုတဲ့ သီချင်းလေးကို ဆိုခဲ့ဖူးတယ်။ သဇင်ဆောင်၊ သဇင်ည၊ ပြီးတော့ နိုဝင်ဘာ။ ကိုတိုးကြီးက ကျွန်တော်တို့ စက်မှုတက္ကသိုလ်ကျောင်းသားတွေ လွမ်းအောင် ထားခဲ့တာလား မသိပါဘူး။ ဒီနေ့အထိ ကျွန်တော်အပါအ၀င် စက်မှုတက္ကသိုလ်က ကျောင်းသား၊ ကျောင်း သူတွေဟာ သဇင်ဆောင် အကြောင်းပြောရင် အဲဒီသီချင်းကို ထည့်ပြောတတ်သလို သဇင်ည သီချင်းကို ပြောရင်လည်း သဇင်ဆောင် အကြောင်းကို ပြောဖြစ်ခဲ့ကြပါတယ်။

ကိုတိုးကြီး အမှတ်တရတွေကို ပြောမကုန်ပါဘူး။ အသေချာဆုံး တစ်ခုကို ပြောရရင်တော့ ကိုတိုးကြီး အသံဟာ အင်မတန် ကျက်သရေရှိတဲ့ အသံဆိုတာ ငြင်းမရပါဘူး။ တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်လို နေရာမျိုးမှာ နားထောင်ကြည့်တဲ့အခါ အင်မတန်မှ နားထောင်ကောင်းပြီး အင်မတန်မှ ငြိမ်လှပါတယ်။ ကြိုးကြာငှက်အသံကို ကျွန်တော်မကြားဖူးပါဘူး။ ဒါပေမဲ့ ကြိုးကြာသံဆိုတဲ့ ခေါင်းစဉ်နဲ့ ကိုတိုးကြီးဆိုထားတဲ့ သီချင်းက ရှိလေတော့ ကိုတိုးကြီး အသံကို သာယာနာပျော်ဖွယ် ကောင်းတယ်လို့ စာထဲမှာ အမြဲသိရတဲ့ ကြိုးကြာသံနဲ့ တင်စားချင်မိတော့တယ်။

လူရယ်လို့ ဖြစ်လာရင် မွေးဖွားပြီးရင် သေရမှာ ဓမ္မတာမို့ ကျွန်တော်တို့လည်း တစ်နေ့တော့ သေဆုံးခြင်း လမ်းကို မလွဲမသွေ လိုက်ကြရမှာပါပဲ။ အခုလည်း ကိုတိုးကြီးက သွားနှင့်ပြီမို့ သွားနှင့်ဦးပေါ့ ကိုတိုးကြီးလို့ စိတ်မကောင်းစွာ ပြောဖြစ်ကြရင်း ကျန်ခဲ့တဲ့ သူ့အနုပညာတွေကို တန်ဖိုးထားလို့ ဒီပို့စ်လေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်။

ကြိုးကြာသံနဲ့ တူတယ်လို့ ကျွန်တော်တင်စားမိတဲ့ ကိုတိုးကြီးကို  ' ပျံလေဦးပေါ့ ကြိုးကြာ ' ရယ်လို့သာ.....။     ။

ဆူးသစ်
၁၄း၁၇ နာရီ၊ မြန်မာစံတော်ချိန်
၁၉.၁၂.၂၀၁၂


Friday, December 14, 2012

"ကျွန်တော်နှင့် All Star က ဟောကြားသော တရားတော်"


ကျွန်တော်စင်ကာပူကိုရောက်ပြီး တစ်နှစ်ကျော်အကြာမှာ All Star ဖိနပ်တစ်ရံ ၀ယ်စီးဖြစ်သည်။ ယခင်က စလုံးမှာ တော်တော်ရေပန်းစားသော New Balance Shoe ကိုစီးသော်လည်း ဖိနပ်စုတ်လာသောအခါ New Balance က ဈေးကြီး၍ ဈေးနှုန်းအသင့်အတင့်လည်းရှိ၊ စီးရသည်မှာလည်း အဆင်ပြေသော All Star ဖိနပ်ကို ၀ယ်စီးဖြစ်ခဲ့တော့သည်။

ကျွန်တော်စ၀ယ်ဖြစ်တော့ All Star သည် ခြေဖမိုးပေါ်မှာ အနက်ရောင်၊ ကျန်သောဘေးဘက်၊ ရှေ့ဘက် အားလုံး အဖြူရောင်။ ကြိုးက အဖြူရောင်။ ကျွန်တော်က အနက်နှင့် အဖြူကို ကြိုက်၍ ဖိနပ်ကိုလည်း ထိုကဲ့သို့ တွဲဘက် အရောင်မျိုးကို ရွေးဝယ်တာဖြစ်သည်။ ကျွန်တော် အလုပ်သွား၊ အပြင်သွား အမြဲလို စီးဖြစ်၏။

တစ်ခါတော့ ဖိနပ်က အရမ်းညစ်ပတ်နေ၍ ကျကျနန ဆေးပြီး နောက်ရက်တွေမှာ ဖြူဖြူဖွေးဖွေးလေးနှင့် ပနံရနေသည်။ စလုံးအိမ်များ၏ ထုံးစံ အိမ်ရှေ့မှာသာ ဖိနပ်ချွတ်နေကျမို့ အလုပ်ကအပြန် ကျွန်တော့်ဖိနပ်ကို အိမ်ရှေ့မှာပဲ ချွတ်ထားခဲ့ဖြစ်သည်။ သို့သော် တစ်ရက်မနက်ခင်း ကျွန်တော် အလုပ် သွားရန် အိမ်အပြင်ကို ထွက်လိုက်စဉ်မှာ ကျွန်တော့်ဖိနပ် ထားနေကျနေရာကို ကြည့်တော့ ဖိနပ်မရှိ။ အထားများ မှားသလားတွေးကာ လိုက်ရှာစဉ် မတွေ့။ တစ်ယောက်ယောက်တော့ မ သွားလေပြီ။

ကျွန်တော့်မှာ Adidas တစ်ရံ အပိုဆောင်ထား၍ ထိုဖိနပ်ကို ထုတ်စီးပြီး အလုပ်သွားရတော့သည်။ ကျွန်တော့် သူငယ်ချင်းတွေ ပြောပြတော့ သန့်ရှင်းရေးသမား သမသွားတာ နေမှာဟု ပြောသည်။ အမြင်ကတ်လျှင်လည်း ထိုသို့လုပ်တတ်သည်ဟု ဆို၍ ဪ-စလုံးမှာ ငါ့ဖိနပ်ကို အမြင်ကတ်လို့ လုပ်ချင်သူ ရှိသေးလားဟု တွေးမိသေးသည်။

မိုးလင်းမိုးချုပ် ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ့်ဘာသာနေချိန်မှာ လူကိုအမြင် ကတ်ကတ်၊ ဖိနပ်ပဲ ကြည့်ရရမရရ၊ ကျွန်တော်ကတော့ ဖိနပ်လိုချင်၍ ခိုးခြင်းသည် ခိုးခြင်းသာ ဖြစ်သည် ဟု မြင်သည်။ နောက်တော့လည်း ဘယ်သူတွေ ဘယ်လိုသဘောထားထား ကျွန်တော့်စိတ်က သန့်စင်နေခြင်းဖြင့် ဖိနပ်တစ်ရံ ပျောက်ခြင်းနောက်မှာ အကုသိုလ်မပွားချင်တော့။ ကျွန်တော်တို့ မြန်မာ များအတွက် 'ဥစ္စာပျောက်၊ ငရဲရောက်' ဆိုသော စကားက အလကား မဟုတ်။

ဖိနပ်ပျောက်ပြီးတော့ နှမြောစိတ်က ဖြစ်နေမိသည်။ တရားမှ မရှိတာကိုး။ ပြီးတော့ ကျွန်တော်ကြိုက်သော အဖြူ၊ အနက်ရောင်လေ။

နောက်တော့ တော်တော်နှင့် ဖိနပ်မ၀ယ်ဖြစ်။ စိတ်နာတာလည်း ပါသည်။ ကိုယ်ကြိုက်၍ ၀ယ်ထားသော ဖိနပ်ကို သူများအချောင်ယူသွားလေခြင်းဟု တွေးကာ မ၀ယ်ချင်။ နောက်တော့ စလုံး တစ်ရာကျော် ပေးထားရသော Adidas ကိုလည်း ခဏခဏ စီးရမှာ နှမြော၍ မစီးနိုင်ဖြစ်ကာ Everlast ဖိနပ်တစ်ရံကို ၀ယ်စီးဖြစ်ခဲ့တော့သည်။

သို့သော် Everlast က All Star လောက်အစီးမခံ။ ခဏပဲ စီးပြီး ပျက်တော့သည်။ သည်တော့ နောက်ဆုံးကျွန်တော့် အကြိုက် All Star ဆီပြန်ရောက်သည်။ သည်တစ်ခါတော့ ကျွန်တော့်အကြိုက် အဖြူ၊အနက်ကို ရှာမရ။ ဒီဇိုင်းကလည်း မတူပြန်၍ နောက်ဆုံးထွက်သည်ဆိုသော ကြိုးပြားနှင့် ခြေခုံမှာ အနက်ရောင်ကိုအစိမ်းဘက်ဖောက်သော အရောင်ပါသည့် ဖိနပ်ကိုသာ ၀ယ်ခဲ့တော့သည်။

သည်တစ်ခါကျတော့ စလုံးက အထာကိုသိသွားပြီ ဖြစ်၍ ဖိနပ်ကို အိမ်ရှေ့မှာ မချွတ်တော့။ ညဘက်ချွတ်ထားလျှင်ပင် ကိုယ့်ဘာသာ စိတ်မချရသည့်ဘ၀။ နေ့တိုင်း အိမ်ထဲမှာပဲ သိမ်းထား လိုက်တော့သည်။ သည်လိုကျတော့ စိတ်အေးရ၏။

သည်လိုနှင့် မြန်မာပြည်ကို ခွင့်နှင့် ခဏပြန်ခဲ့သည်။ ပြန်ခါနီးမှာ ကျွန်တော့် All Star လေးကို သေသေချာချာ ကျကျနန အရောင်တောက်အောင် ရွှိုင်းလိုက်သေးသည်။ ရန်ကုန်မှာ ဘယ်သွားသွား ထိုဖိနပ်ကလေးနှင့်။ သို့သော် ဟိုနားသည်နားကျတော့ ခဏခဏ ဖိနပ်ချွတ်လိုက်၊ စီးလိုက်နှင့် အဆင်မပြေ။ သည်တော့ ကတ္တီပါ ဖိနပ်တစ်ရံကို ၀ယ်ထားပြီး ပေါ့ပေါ့ပါးပါး စီးဖြစ်သည်။

ကျွန်တော်က တချို့ရက်မှာ မိဘများဆီသွား၊ တချို့ရက်မှာ သူငယ်ချင်းများနှင့်တွေ့၊ တချို့ရက်မှာ ဇနီးသည်ရုံးကို လိုက်လည်နှင့် အဆင်ပြေနေ၏။ ခရီးနည်းနည်း ဝေးဝေးဆိုလျှင် All Star ကိုစီးဖြစ်ပြီး ကျွန်တော့်အိမ်မှ အနီးအနားသွားလျှင်သာ ကတ္တီပါဖိနပ်ကို စီးတော့သည်။

သို့သော် ကျွန်တော့်ဇနီးသည်ရုံးကို လိုက်သွားသည့် တစ်ရက်မှာ တစ်နေကုန် ဇနီးသည်ရုံးခန်းမှာ အင်တာနက်သုံးရင်း ညနေအထိ စောင့်နေစဉ်မှာ ကျွန်တော့် All Star ဖိနပ် ပျောက်သွားသည်ကို ညနေရုံးအဆင်းမှာ သိလိုက်ရတော့သည်။

တကယ်တော့ သူတို့ရုံးမှာ ဖိနပ် ပျောက်လေ့မရှိ။ သူတို့ရုံးက အဆောက်အအုံကြီးတစ်ခု၏ အပေါ်ထပ်မှာ ရှိသည်။ အောက်ထပ်က မည်သူလာလာ ဓာတ်လှေကားစီးလျှင် လုံခြုံရေးကို မေးရသည်။ ဓာတ်လှေကား စီးသူတိုင်းမှာ Scan ဖတ်သည့်ကတ်ရှိသည်။ ရုံးများစွာ ရှိသည့်နေရာဖြစ်၍ ဓာတ်လှေကားစီးသည့်ကတ် ရှိမှသာ စီးရမှာဖြစ်သည်။ မရှိလျှင် လုံခြုံရေးက သက်ဆိုင်ရာရုံးသို့ လှမ်းပြောပြီးမှ စီးခွင့်ရှိသည်။ လှေကားမှ တက်လျှင်လည်း လုံခြုံရေးကိုသာ မေးရမည်။

သူတို့ရုံး၏ အခန်းတံခါးက နှစ်ထပ်။ ပထမသံပန်းတံခါးသည် အမြဲလိုဖွင့်ထား၏။ ဒုတိယအတွင်းတံခါးသည် သစ်သားတံခါး။ အမြဲပိတ်ထားသည်။ ထိုသံပန်းတံခါးနှင့် သစ်သားတံခါးကြားမှာ ဖိနပ်စင်ရှိသည်။ ရုံးကို မည်သူလာလာ ဖိနပ်ချွတ်မှာ ချွတ်ရသည်။ သည်တော့ရုံးအတွင်းကလူသည် ဖိနပ်ချွတ်ကို မမြင်ရ။ တစ်ယောက်ယောက် အထဲမ၀င်ဘဲ ဖိနပ်ချွတ်မှာသာရပ်ပြီး လှည့်ထွက်သွားလျှင်လည်း မမြင်ရ။ သည်တော့ ဖိနပ်အကောင်းစားမြင်လျှင် အလွယ်တကူ ယူသွား၍ ရနေပေလိမ့်မည်။

ဖိနပ်များကို အရင်က မည်သူမျှ မယူ၍ အားလုံးကလည်း သည်လိုပျောက်မည် မထင်။ ယခုတော့ ကျွန်တော့် All Star ကျမှ တည့်တည့်ကြီးကို တိုးတော့သည်ဟု ဆိုရတော့မည်။ ရုံးက ၀န်ထမ်းများကတော့ သန့်ရှင်းရေးသမားများ ဖြစ်နိုင်သည်ဟု ဆိုသည်။ လုံခြုံရေးကိုလည်း ဖုန်းခေါ်ပြီး လူစိမ်း တက်မတက် မေးကြ၊ ဆူကြ၏။ သူတို့ အပြောအရ All Star က အနော်ရထာလမ်းမှာ ဈေးကွက်ရှိသည်တဲ့။ အဟောင်းဈေးကိုပြောခြင်းပါ။ ထို့ကြောင့် ကျန်ဖိနပ်များကို မယူ၊ စိတ်မ၀င်စားချိန်မှာ ကျွန်တော့်ဖိနပ်သာ ပါသွားခြင်းဖြစ်မည်ဟု ထင်မိကြသည်။

ကျွန်တော့်ဖိနပ် ပါသွားပြီဟု သိသိချင်းမှာ ကျွန်တော်က စစချင်း အံ့အားသင့်မိသည်။ ဇနီးသည်က စိတ်မကောင်း။ သူတို့ရုံးက ၀န်ထမ်းများကလည်း ထို့အတူ။ ကျွန်တော့်ကိုလည်း အားနာကြသည်။ တကယ်တော့ အောက်ထပ်မှာ Shopping Mall အကြီးကြီးရှိသည့် သူတို့ရုံးကား အထင်ကရ နေရာ တစ်ခုဖြစ်၍ သည်လိုအဖြစ်မျိုးကို ဖြစ်လာမည်ဟု လုံးဝမထင်။

နောက်ဆုံးဘယ်လိုမျှ ရှာမတွေ့နိုင်သည့်အဆုံးမှာ ကျွန်တော်ကား တွေးရင်း သဘောကျနေမိတော့သည်။ ဖိနပ်ပျောက်သည်ကိုတော့ မည်သူမျှ ပျော်မည်မထင်။ ကျွန်တော်လည်း မပျော်ပါ။ မိမိဖိနပ်တစ်ရံ ဟုတ်တိပတ်တိ မစီးရခင်မှာ အခိုးခံလိုက်ရသည်ကို မည်သူက ပျော်နိုင်မည်နည်း။ ပြီးတော့ တစ်ခါမက။ သည်တစ်ခါက ဒုတိယအကြိမ်။ အမျိုးအစားတူ ဖိနပ်နှစ်ရံကို ကာလခြားပြီး အခိုးခံလိုက်ရသည်ကို ဒုတိယအကြိမ်မှာ ကျွန်တော် ဘာကြောင့် သဘောကျမိပါသနည်း။ အကြောင်းက ရှိသည်။

တစ်ခါက ကျွန်တော် ဖတ်ဖူးခဲ့သော ဆရာတော်ကြီးများ အကြောင်းကို အမှတ်ရမိ၍ ဖြစ်ပါသည်။ ကျွန်တော်မှတ်မိသလောက် လယ်တီဆရာတော်ဘုရားကြီးလည်း ပါသည်။ ဖြစ်စဉ်များက အားလုံးအတူတူ လိုပင်။

ဆရာတော်ကြီးများ ညဘက်ကျိန်းနေစဉ် သူတို့ကျောင်းသို့ သူခိုးများ ၀င်သည်။ ကပ္ပိယကြီးများက သိ၍ ဆရာတော်ကြီးများကို လျှောက်သည်။ ဆရာတော်ကြီးများက အားလုံးလိုလို တူညီသော အဖြေများ၊ မှတ်ချက်စကားများ ပေးသည်။ ယခင်ဘ၀က ယခုလို သူများပစ္စည်းများ ယူခဲ့မိ၍ ယခုဘ၀မှာ ပြန်၍ အခိုးခံရသည်တဲ့။ သည်တော့ ယခုလို အခိုးခံရသည်ကို အော်ကြီးဟစ်ကျယ် ထလုပ်နေလျှင် ယခင်က သူများပစ္စည်းယူခဲ့ဖူးပါသည်ဟု ၀န်ခံမိသလိုမျိုး ဖြစ်မှာစိုး၍ ခိုးပါစေဟု ဆိုကာ သူခိုးများခိုးခြင်းကို မသိယောင်ပြုနေခဲ့ ပေးသည်ဟု ကျွန်တော်မှတ်သားခဲ့ဖူးပါသည်။

ယခုလည်း ထိုကဲ့သို့ ဖြစ်နေချေပြီ။ ဒုတိယအကြိမ် ကျွန်တော့်ဖိနပ် အခိုးခံရပြီဟု သိစဉ်က ဖိနပ်ပျောက်သည်ကို စိတ်မကောင်းဖြစ်သော်ငြား ဆရာတော်ကြီးများ၏ ဖြစ်ပျက်ပုံကို ဖတ်ထားပြီးပြီ ဖြစ်၍ ကိုယ့်ဘာသာ ဪ-ငါ့နှယ် အတိတ်ဘ၀က ဘယ်လောက်တောင် သောင်းကျန်းထားလဲ မသိပါဘူးဟု တွေးကာ ရှက်ပြုံးပြုံးရင်း ကျွန်တော့်ဖိနပ် အတွက် ဒေါသထွက်၊ စိတ်မကောင်း ဖြစ်နေကြသော ဇနီးသည်နှင့် သူ့ရုံးက ၀န်ထမ်းများကို ကြည့်နေမိသည်။ တကယ်တော့ ထိုအချိန်မှာ ကျွန်တော် ခံစားရသည်က သူတို့ခံစားရမှုနှင့် မတူတော့။

ဖိနပ်ပျောက်ခြင်းအတွက် စိတ်မကောင်းဖြစ်ခြင်း၊ နှမြောခြင်းထက် အရင်ဘ၀က သည်လိုလုပ်ခဲ့တာ ပါလားဟု တွေးရင်း ရှက်ရွံ့စိတ်က ပိုများနေသည်။ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်၍ ယူသွားသူကို ဘယ်သူဟုတွေးကာ အပြစ်မြင်ရင်း ငရဲရောက်မှာကို မလိုချင်ဘဲ ယခုခံနေရသည့် ကိုယ်လုပ်ခဲ့သည့် အတိတ်က အပြစ်မျိုးကို ယခုလက်ရှိဘ၀မှာ ငါတစ်ခါမျှတောင် ထပ်မကျူးလွန်ဖူးတော့ ပါလားဟု တွေးရင်း ကျေနပ်မိနေသည်။

သည်လိုနှင့် All Star နှစ်ရံအခိုးခံရပြီးသည့်နောက်မှာ ထိုဖိနပ်များက ကျွန်တော့်ကို အသိတရား ပိုရစေခဲ့သည်ကတော့ အမှန်ပင်။ မည်သူမျှ ဟောသောတရားများမဟုတ်။ All Star က ဟောကြားသော တရားတော်များပင်။            ။

ဆူးသစ်
၁၃း၄၈ နာရီ၊ မြန်မာစံတော်ချိန်
၁၄.၁၂.၂၀၁၂


Friday, December 7, 2012

" စက္ကင်းလေဒီ( Second Lady )၊ အဲဖို့စ်ဝမ်း( Air Force One) နှင့် အိုဘားမား( Obama ) "


ကျွန်တော်ဆယ်တန်းလောက်က ဆရာကြီးတက္ကသိုလ်နေ၀င်း ဘာသာပြန်တဲ့ စက္ကင်းလေဒီ( Second Lady ) ဆိုတဲ့ လုံးချင်းစာအုပ် ဖတ်ခဲ့ဖူးပါတယ်။ သေသေချာချာ မမှတ်မိတော့ပေမယ့် ဇာတ်လမ်းရဲ့သဘော သဘာဝလေးကိုတော့ မှတ်မိနေပါသေးတယ်။

ဇာတ်လမ်းက အမေရိကန်နဲ့ ရုရှားရဲ့ဇာတ်လမ်း။ အမေရိကန်ဘက်ကို လျှို့ဝှက်ထောက်လှမ်းဖို့ သူလျှိုလွှတ်ရမယ့်အချိန်မှာ လူရွေးတော့ အမေရိကန်သမ္မတကတော် First Lady နဲ့ ရုပ်ချင်းခွဲမရအောင် တူတဲ့ အမျိုးသမီးတစ်ယောက်ကို ရုရှားတွေရှာတွေ့သွားတယ်။ အဲဒီမှာ သူတို့ဆုံးဖြတ်တာက အဲဒီအမျိုးသမီးကိုလွှတ်မယ်ပေါ့။ အဲဒီအမျိုးသမီးရဲ့ ချစ်သူက ရုရှားထောက်လှမ်းရေးအဖွဲ့က။

ဒါနဲ့သူ့ချစ်သူက အဲဒီအမျိုးသမီးကို စည်းရုံးပြီး နိုင်ငံ့တာဝန်ထမ်းဆောင်တယ်၊ ဘာညာဆိုပြီး အမေရိကန်သမ္မတ ကတော်( First Lady ) နဲ့ လူချင်းလဲဖို့ သဘောတူလိုက်တယ်။ ကျွန်တော်မှတ်မိသလောက် ပြောရရင် အမေရိကန်သမ္မတ ရုရှားလာတဲ့အချိန်မှာ ပြန်ပေးဆွဲပြီး Second Lady နဲ့ လူချင်းလဲလိုက်တယ်။ ဒီလိုနဲ့ First Lady ကရုရှားမှာကျန်ခဲ့ပြီး Second Lady က အမေရိကန်ပါသွားတယ်။

အဲဒီမှာ Second Lady ရဲ့ ချစ်သူက First Lady နဲ့ ချစ်တင်းနှီးနှောပြီးမှ သိလာတဲ့ အချက်တွေကို Second Lady ဆီကို လှမ်းပို့ရတယ်။ အကြောင်းက အမေရိကန်သမ္မတနဲ့ အတူအိပ်ရင် သူ့ဇနီး First Lady နဲ့ မကွာအောင် လုပ်ဖို့ပါ။ ဒါပေမဲ့ ရေရှည်နေလို့မဖြစ်တော့ လူချင်းပြန်လဲဖို့ ရုရှားတွေဘက်က ကြိုးစားတယ်။ လေဆိပ်မှာ အဲဒီအမျိုးသမီးနှစ်ယောက်ကို ဆုံပြီးချိန်မှာ ကိုယ့်နိုင်ငံဘက် ကိုယ်ပြန်လိုက်သွားဖို့ပေါ့။

ဒါပေမဲ့ အဲဒီလို လဲမယ့်နေရာမှာ သူတို့ထင်သလို ဖြစ်မလာခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးနှစ်ယောက် ဆုံတဲ့အချိန်မှာ လုပ်ကြံတဲ့သူတွေထောင်ထားတဲ့ ဗုံးထပေါက်တော့ အမျိုးသမီးတစ်ယောက် သေသွားတယ်။ အဲဒီမှာ သူတို့နှစ်ယောက်စလုံးက ခွဲမရအောင်တူတော့ ကျန်ခဲ့သူဟာ First Lady အစစ်လား၊ အတုလားမသိကြတော့ဘူး။ ဘာဖြစ်လို့ အဲဒီလိုဖြစ်ရသလဲဆိုတော့ Second Lady ဟာ တကယ်လို့ သူကိုယ်တိုင် အသက်ရှင်ကျန်ခဲ့ရင်တောင် သူ့ကို အမေရိကန်ကလည်း အလွတ်ပေးမှာ မဟုတ်ဘူး။ ပြီးတော့ ရုရှားကိုယ်တိုင်ကလည်း သူတို့ရဲ့ လျှို့ဝှက်ချက်တွေ ပေါက်ကြားခံမှာ မဟုတ်ဘူး။

ပိုဆိုးတာက သူဟာ အမေရိကန်သမ္မတနဲ့ အိပ်ခဲ့တာ။ သူ့ရည်းစားကလည်း First Lady နဲ့အိပ်ခဲ့တာ။ ဒီတော့ ကျန်ခဲ့သူ ဘယ်သူဖြစ်တယ်ဆိုတာကို စာရေးသူက မဖော်ပြဘဲ First Lady အနေနဲ့ တစ်ယောက်တော့ ကျန်ခဲ့တယ်ဆိုပြီး အဆုံးသတ်ထားတာ။ ကောင်းလိုက်တာဗျာ။ ဖတ်ရတာ။

နောက်တော့ သိပ်မကြာသေးခင် ကာလတွေမှာပဲ ကျွန်တော် ရုပ်ရှင်တစ်ကားကြည့်ရပါတယ်။ Air Force One တဲ့။ ပထမတော့ တကယ်ကို မသိတာ။ ဘာလဲပေါ့။ ဘာဖြစ်လို့ One ဆိုတာကို သုံးတာလဲလို့။ နောက်မှ သူတို့တစ်တွေ( သူတို့ဆိုတာ အမေရိကန်တွေကို ပြောတာပါ ) က သူတို့သာ ကမ္ဘာပေါ်မှာ ထိပ်ဆုံးလို့ ခံယူထားလေတော့ သူတို့သမ္မတစီးတဲ့ လေယာဉ်ကို Air Force One၊ သူတို့သမ္မတကတော်ကို First Lady စသဖြင့် အဲဒီလို ခေါ်မှန်းသိရတော့တာ။

သူတို့တစ်တွေဟာ ဒီလောက်ကြီးကျယ်ခမ်းနားသလားလို့ တွေးမိတော့ တကယ်လည်း ကမ္ဘာပေါ်မှာ လက်မထောင်နိုင်တဲ့သူတွေ ဖြစ်နေတာကိုး။ သူတို့သာ နံပါတ်တစ်၊ သူတို့သာ First ၊ သူတို့သာ One၊ သူတို့သာ အကောင်းဆုံး ထိပ်ဆုံးတွေ ချည်းပဲကိုး။ ကျန်တဲ့သူတွေက ယှဉ်မှမယှဉ်နိုင်ဘဲ။

အဲဒီ Air Force One မှာ မင်းသားဟာရီဆင်ဖို့ဒ်က အမေရိကန်သမ္မတ အဖြစ်သရုပ်ဆောင်တယ်။ သူတို့စီးလာတဲ့ Air Force One ကို အကြမ်းဖက်သမားတွေ ပြန်ပေးဆွဲတယ်။ လေယာဉ်တစ်စီးလုံး အဖမ်းခံရချိန်မှာ သမ္မတကို ကယ်ပြီး အရေးပေါ်ယာဉ်ငယ်လေးနဲ့ လွှတ်ပေးပေမယ့် သမ္မတက လေယာဉ်ပေါ်မှာပဲ ကျန်နေခဲ့ပြီး သူ့မိသားစုနဲ့ သူ့လူတွေကို ပြန်ကယ်တဲ့ ဇာတ်လမ်းပါ။ ဒီတုန်းကတော့ အမေရိကန် သမ္မတစီးတဲ့ Air Force One ဆိုတာ ဒါမျိုးလားလို့ မြင်ခဲ့ရတာပေါ့။ ရုပ်ရှင်ကလည်း တော်တော်ကောင်းတဲ့ ဇာတ်လမ်းပါ။

၂၀၁၂ ခုနှစ် နိုဝင်ဘာလထဲမှာ အမေရိကန် သမ္မတ အိုဘားမား ကျွန်တော်တို့မြန်မာပြည်လာမယ်လို့ သတင်းရတော့ တော်တော်လေး အံ့အားသင့်မိပါတယ်။ ဒါဟာ မြန်မာနိုင်ငံကို အသိအမှတ်ပြုခြင်း တစ်ခုလို့ နားလည်မိပါတယ်။ ကျွန်တော်တို့ကတော့ အဝေးကနေလှမ်းပြီး သတင်းတွေနားစွင့်ရင်းပဲ ကျွန်တော်တို့နိုင်ငံ အတွက် ဘာတွေဖြစ်လာမလဲလို့ အာရုံစိုက်မိတာပါပဲ။

သူ့ရဲ့လုံခြုံရေးအဖွဲ့တွေ ရောက်လာတာ၊ သူစီးမယ့်ကားကအစ ကြိုပို့လိုက်တာ၊ ရွှေတိဂုံဘုရား တက်ဖူးမဖူး၊ ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြောမှာမို့ ရန်ကုန်တက္ကသိုလ်ကြီးကို ပြန်လည်ပြုပြင်နေတာ စတဲ့ သတင်းတွေကတော့ စုံနေတာပါပဲ။ သူ့လုံခြုံရေးအတွက်ကတော့ တော်တော်ကြီးကို တင်းတင်းကျပ်ကျပ်နဲ့ လုပ်လိမ့်မယ်လို့တော့ ထင်မိသား။ ဒါပေမဲ့ သူစီးမယ့်ကားအကြောင်း အွန်လိုင်းမှာ တင်ထားတာကိုကြည့်ရတော့ ရဲလှချည်လားလို့တောင် တွေးမိသေးတယ်။ ဘယ်လိုတည်ဆောက် ထားတယ် ဆိုတာကအစ ပြထားပြီး ကျည်ကဘယ်အထိ ဖောက်ထွက်နိုင်တာပါ ပါတော့ နည်းပညာစိန်ခေါ်မှုပဲလား၊ ဘယ်ကောင့်ကိုမှ ဂရုစိုက်စရာကို မရှိတာလားလို့တောင် မြင်မိပါရဲ့။

သူလာပြီးမှ သိရတဲ့ သတင်းတွေကြည့်ရတော့ ကိုယ့်နိုင်ငံအတွက် စိတ်မကောင်းဖြစ်ရသလို စိတ်ထဲမှာလည်း မခံချင်စိတ်တောင် ဖြစ်မိပါတယ်။ ဂုဏ်ပြုတပ်ဖွဲ့ကို သူတို့လုံခြုံရေးက စစ်လိုစစ်၊ ဘုရားပေါ်ကို ဖိနပ်ချွတ်ရလို့ မတက်နိုင်ဘူးဆိုတဲ့ လုံခြုံရေးအကြောင်းတွေ ကြားလိုကြားရနဲ့။ ဒါပေမဲ့ အိုဘားမားကတော့ သူဟာ ဘယ်လိုသမ္မတမျိုးလဲ ဆိုတာကို ပြသွားနိုင်တယ်လို့ မြင်မိတယ်။

ဘာပဲဖြစ်ဖြစ် သူဟာ မြန်မာနိုင်ငံကို နားလည်တယ်၊ မြန်မာလူမျိုးကို ယုံတယ်ဆိုတာကို လုံခြုံရေး ပါပါမပါပါ၊ ရွှေတိဂုံဘုရားပေါ် တက်ပြသွားတယ်။ ဖိနပ်ရော၊ ခြေအိတ်ပါ ချွတ်လို့ပေါ့။ ပြီးတော့ သူမိန့်ခွန်းပြောတော့ လူငယ်စကားနဲ့ ပြောရရင် ချုပ်တယ်လို့ ပြောရမယ့် ပထမဆုံး " မြန်မာနိုင်ငံ မင်္ဂလာပါ " ဆိုပြီး ခပ်တည်တည်နဲ့ လုပ်ချသွားတာမျိုး၊ " ကျေးဇူးတင်ပါတယ် " ဆိုပြီး အဆုံးသတ်သွားတာမျိုးတွေက ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ရင်ထဲမှာ စွဲထင်ကျန်ရစ်တယ်။

ဒီလိုပဲ အိုဘားမားဟာ မီဒီယာတွေမှာ လှုပ်ခတ်စေမယ့် သဘောမျိုး အပြုအမူ တစ်ခုကို ဒေါ်အောင်ဆန်း စုကြည် နဲ့ အတွေ့မှာ လုပ်ချသွားတယ်။ သူကတော့ သူတို့ဓလေ့၊ ပြီးတော့ နိုင်ငံခေါင်းဆောင် ချင်း တွေ့ရင်လုပ်လေ့ရှိတဲ့ အပြုအမူမျိုး လုပ်သွားတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ပါးကို နမ်းတာတို့၊ ဖက်လှဲတကင်း အားပေးပွေ့ဖက်တာတို့ လုပ်တာပါ။

တကယ်တော့ ဒါဟာ ကျွန်တော်တို့ အမြင်မှာတော့ ရှင်းပါတယ်။ သူလာခဲ့တဲ့ မြန်မာပြည်မှာ အဓိကတွေ့ရမယ့် သူကနှစ်ဦးတည်းရယ်။ တစ်ဦးဟာ လက်ရှိ နိုင်ငံတော်သမ္မတ။ သမ္မတကို အားပေးစရာ မလိုပါဘူး။ နှစ်သိမ့်စရာ မလိုပါဘူး။ နောက်တစ်ဦးကတော့ ဒေါ်အောင်ဆန်းစုကြည်။ နှစ်ပေါင်း များစွာ နေအိမ်အကျယ်ချုပ်နဲ့ နေလာပြီး ဒီမိုကရေစီအတွက်၊ မြန်မာပြည်သူတွေအတွက် တိုက်ပွဲဝင်ခဲ့သူ။ သူမလျှောက်လှမ်းခဲ့တဲ့ လမ်းကို အိုဘားမားသိနေပြီးသားပါ။ ဒါကြောင့် သူမ ရှိတဲ့နိုင်ငံကိုလာတုန်း အားပေးတာ၊ နှစ်သိမ့်တာပါ။ အိုဘားမားက သူလည်း ဆက်လက်အားပေးကူညီပါမယ် ဆိုတာကို ဒီလိုအပြုအမူနဲ့ ပြလိုက်တာလို့ ကျွန်တော်နားလည်ပါတယ်။

ဒါပေမဲ့ အွန်လိုင်းပေါ်မှာတော့ အဲဒီပုံကိုကြည့်ပြီး တဏှာတွေးတွေးသူတွေက ဒါဟာ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး ညစ်ညစ်ကမ်းကမ်းတွေ ရေးကြ၊ ပြောကြနဲ့။ လူရှေ့သူရှေ့မှာ ချစ်ခင်ရင်းနှီးမှုကို ပြတဲ့ လူကြီးလူကောင်းနှစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို အဆင့်မရှိတဲ့ အတွေးအခေါ်တွေနဲ့ ချိုးနှိမ်ပြချင်ခဲ့ကြတယ်။ The Straits Times မှာတောင် အိုဘားမား သူ့ရဲ့ မြန်မာပြည်ခရီးစဉ်မှာ ဘယ်လိုအားပေး ထောက်ခံတယ် ဆိုတာမျိုးနဲ့ အဲဒီနမ်းတဲ့ပုံကို ပြထားတာ။

The Nation ကျတော့ ထိုင်းဝန်ကြီးချုပ် ယင်လပ်က အိုဘားမား မြန်မာပြည်သွားခါနီး လေယာဉ်ပေါ် အတက်မှာ နောက်ကလိုက်ဆွဲနေတဲ့ ပုံနဲ့ ကာတွန်းဆွဲပြီး သရော်ထားပါတယ်။ ကျွန်တော်တို့ကို အမေရိကန်က ဦးစားပေးကူညီခဲ့ရင် သူတို့များ နောက်ကျကျန်ခဲ့မလားလို့ စိုးရိမ်နေဟန်တူပါရဲ့။ မီဒီယာဆိုတာကတော့ လက်ရှိ ကြုံတွေ့ရမှုတွေ အပေါ်မှာ သရော်တာ၊ သတိပေးတာ၊ ခေတ်ကို မီးမောင်းထိုးပြတာလို့ နားလည်မိပါတယ်။

သေချာတာကတော့ ဒေါ်အောင်ဆန်းစုကြည်ရော၊ ယင်လပ်ရော နှစ်ယောက်စလုံးက သူတို့ပြည်သူတွေနဲ့ သူတို့တိုင်းပြည်တွေက ပိုင်တဲ့ First Lady တွေပါ။ တခြားသူ ဘယ်သူမျှ သူတို့ကို မပိုင်ပါဘူး။ သူတို့ဟာ Second Lady တွေ မဟုတ်ကြပါဘူး။ ဒီထက်ပိုရှင်းအောင် ပြောရရင် ကျွန်တော်တို့ အတွက်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ First Lady ပါ။ သူ့ရဲ့ ဂုဏ်သိက္ခာထိခိုက်မှုတွေအတွက် ဘယ်လိုထိခိုက်မှုမျိုးကိုမျှ ကျွန်တော်တို့ လက်ခံမှာ မဟုတ်ပါဘူး။

အိုဘားမားလာသွားပြီးနောက်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်ရ မှာပါပဲ။ တတ်နိုင်သမျှ ကူညီမယ် ဆိုတဲ့စကားရဲ့ နောက်မှာ ကျွန်တော်တို့ တိုင်းပြည်တိုးတက်မှုအတွက် ဘယ်လို အခန်းကဏ္ဍတွေကနေ ကူညီမလဲဆိုတာရယ်၊ ကျွန်တော်တို့သမ္မတကြီး အကူအညီတောင်းခဲ့တဲ့ ရန်ကုန်မြို့ လျှပ်စစ်မီးကိစ္စနဲ့ ရန်ကုန်-မန္တလေးလမ်းကိစ္စတွေကိုရော သူကူညီမှာလား ဆိုတာရယ်၊ သူတို့အမေရိကန်တွေ ကျွန်တော်တို့ဆီကို ဘယ်လိုပုံစံနဲ့ ၀င်ရောက်လာမလဲ ဆိုတာရယ်ကို စိတ်ဝင်စားနေမိပါတယ်။

ကျွန်တော်ကတော့ ရုပ်ရှင်ထဲက Air Force One ကြီးကို ကြည့်ပြီး သဘောကျနေတုန်း တကယ့်အပြင်မှာ အဲဒီ Air Force One ကြီးက ကျွန်တော်တို့ရဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးကို ဆိုက်လာတာကို ကိုယ်တိုင်မမြင်ရပေမယ့် သူငယ်ချင်းတစ်ယောက်ရဲ့ ဓာတ်ပုံတွေက တစ်ဆင့်မြင်ရတော့ ကျေနပ်မိ တာတော့ အမှန်ပါပဲ။ အမေရိကန်ရဲ့ သမ္မတတစ်ယောက် ကျွန်တော်တို့ဆီကို တကယ်လာခဲ့ပြီပေါ့။

ကျွန်တော် နှစ်ခြိုက်ခဲ့တဲ့ Second Lady စာအုပ်၊ ကျွန်တော် သိပ်ကြိုက်ခဲ့တဲ့ Air Force One ရုပ်ရှင် ဆိုတာတွေက အနုပညာ အပြတွေပါ။ လူသားတစ်ဦး အနေနဲ့ အနုပညာကို ခံစားလို့ရရင် ဒါတွေကို ကြိုက်မှာ အမှန်ပါပဲ။ ကျွန်တော်တို့ မြန်မာပြည်သူတွေ သဘောကျကြတဲ့ အမေရိကန် သမ္မတအိုဘားမားဆိုတာကလည်း နိုင်ငံတစ်နိုင်ငံရဲ့ သမ္မတတစ်ယောက်ပါ။ ဒါပေမဲ့ အမေရိကန်ဆိုတာ ကတော့ လက်ရှိ အရာရာမှာ အားသာတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်နေတာကြောင့် သူတို့နဲ့ ပတ်သက်တဲ့ အရာရာတိုင်းဟာ ထိပ်ဆုံးမှာ ဖြစ်နေသလို လှုပ်လှုပ်ခတ်ခတ်လည်း ဖြစ်နေမှာပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့နိုင်ငံကို ဘယ်သမ္မတလာလာ၊ ဘာကတိတွေပေးပေး ကျွန်တော်တို့ နိုင်ငံ တကယ်တိုးတက်ဖို့ ဆိုရင် ကျွန်တော်တို့ မြန်မာတွေ တကယ်အလုပ်လုပ်ဖို့ လိုတယ်ဆိုတာကိုတော့ မမေ့သင့်ဘူးဆိုတာကို သတိချပ်သင့်ကြောင်း အမေရိကန်သမ္မတ အိုဘားမား ထားခဲ့တဲ့ ပုံရိပ်တွေ၊ စကားလုံးတွေကတစ်ဆင့် နားလည်မိပါတယ်လို့ပဲ ဆိုချင်ပါတော့တယ်။             ။

ဆူးသစ်
၁၃း ၃၄ နာရီ၊ မြန်မာစံတော်ချိန်
၇.၁၂.၁၂


Wednesday, November 14, 2012

" နှလုံးသားကလာတဲ့စာ မေတ္တာပါတဲ့စကား "(၃)


ချစ်သူ.....

ဘ၀ဆိုတာ အချိန်ကာလ အပိုင်းအခြားလေး တစ်ခုပဲလား။ အချစ်ဆိုတာကရော ဘ၀ဆိုတာရဲ့ အစိတ်အပိုင်းလေး တစ်ခုပဲလား။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီဘ၀ဆိုတာထဲမှာ အဲဒီအချစ်ဆိုတာကို ကိုယ်တို့ပိုင်ဆိုင်ခွင့် ရခဲ့ကြတယ်။

ပြီးတော့မှ အဲဒီအချစ်ကနေ တစ်ဆင့် ဘ၀ဆိုတာကို ပြန်ပြီးပိုင်ဆိုင်ခွင့် ရခဲ့ပြန်ပါရောလား။ ဒါပေမဲ့ အဲဒီလိုချစ်ပြီးမှ ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ ဘ၀ကျတော့ ကိုယ်တို့ရဲ့ သီးခြားကမ္ဘာလေးပေါ့ကွယ်။ အဲဒီကမ္ဘာလေးကို ဘယ်သူမှ မပိုင်ဘူး။ ကိုယ်တို့နှစ်ယောက်ပဲ ပိုင်တယ်။

အဲဒီ သီးခြားကမ္ဘာလေးရဲ့ မနက်ဖြန်တွေဟာ ကိုယ်တို့နှစ်ယောက်နဲ့ပဲ ဆိုင်တယ်။ အဲဒီ သီးခြားကမ္ဘာလေးရဲ့ အနာဂတ်ကို ကိုယ်တို့ပဲ ဖန်တီးယူခွင့်ရှိတယ်။ အဲဒီ သီးခြားကမ္ဘာလေးရဲ့ ပစ္စပ္ပုန်တွေဟာလည်း ကိုယ်တို့နှစ်ယောက်ရဲ့ လက်ထဲမှာပဲ ရှိတယ်။ အဲဒီသီးခြားကမ္ဘာလေးရဲ့ အကောင်းအဆိုးတွေဟာလည်း ကိုယ်တို့နှစ်ယောက်ပဲ ရယူပိုင်ခွင့်ရှိတယ်။

ချစ်သူ.....

ကိုယ်တို့တစ်တွေ အဲဒီသီးခြားကမ္ဘာလေးထဲကို ရောက်ခဲ့တာ ကာလတစ်ခုပြီးတစ်ခု တဖြည်းဖြည်း နဲ့ ဖြတ်သန်းခဲ့ပြီးပါရောလား။ ခရစ်နှစ်ကလေးတွေ ပြောင်းသွားတယ်။ သက္ကရာဇ်လေးတွေ ဟောင်း သွားတယ်။ ရာသီတွေလည်း နွေ၊ မိုး၊ဆောင်း ပြောင်းသွားတယ်။ ဒါပေမဲ့ ကိုယ်တို့နှစ်ယောက်ရဲ့ ချစ်ခြင်းက မပြောင်းလဲဘူး။ ကိုယ်တို့နှစ်ယောက်ရဲ့ မေတ္တာက ဟောင်းမသွားဘူး။ ကိုယ်တို့နှစ်ယောက်ရဲ့ သစ္စာက မကျိုးပျက်ဘူး။ ကိုယ်တို့နှစ်ယောက်ရဲ့ အကြင်နာတွေက အေးစက်မသွားဘူး။ ကိုယ်တို့နှစ်ယောက်ကို ဘယ်သူမှ ခွဲလို့မရဘူး။

လူတွေနေတဲ့ လောကထဲမှာ လူတချို့ကကိုယ်တို့ကို ဝေဖန်မယ်။ လူတချို့က ကိုယ်တို့ကို ကဲ့ရဲ့မယ်။ လူတချို့က ကိုယ်တို့ကို ချီးမွမ်းမယ်။ လူတချို့က ကိုယ်တို့ကို မျက်စောင်းထိုးမယ်။ လူတချို့က ကိုယ်တို့ကို ကူညီမယ်။ လူတချို့က ကိုယ်တို့ကို ဒုက္ခပေးမယ်။

ဘာတွေပဲဖြစ်ဖြစ် ချစ်သူရဲ့အနားမှာ ကိုယ်ရှိမယ်။ ချစ်သူဝမ်းနည်းရင် ကိုယ်နှစ်သိမ့်မယ်။ ချစ်သူအားငယ်ရင် ကိုယ်အားပေးမယ်။ ချစ်သူမျက်ရည်ကျရင် ကိုယ်သုတ်ပေးမယ်။ ချစ်သူပျော်ရွှင်ရင် ကိုယ်ကြည်နူးမယ်။ ချစ်သူဝမ်းသာရင် ကိုယ်ပျော်မယ်။ ချစ်သူနဲ့အတူ ကိုယ်သာ မျှဝေခံစားမယ်။ ချစ်သူရဲ့အနားမှာ ကိုယ်အမြဲရှိမယ်။ ချစ်သူနားချင်တဲ့အခါမှာလည်း ကိုယ့်ပုခုံးကို မှီထားလိုက်ဦးပေါ့ကွယ်။

ချစ်သူ.........

ကိုယ်တို့နှစ်ယောက်ရဲ့ ဘ၀တစ်ခုစခဲ့တဲ့ ဒီလိုနေ့ကလေးကစလို့ နောင်နှစ်ပေါင်းများစွာတိုင် ကိုယ်နဲ့အတူ ထာဝရ ကောင်းတူဆိုးဖက် နေထိုင်နိုင်ပါစေ။ တစ်ယောက်နဲ့တစ်ယောက် နားလည်ခွင့်လွှတ်ခြင်းတွေကို ရင်ဘတ်ထဲမှာထည့်လို့ မေတ္တာရဲ့ အေးမြတဲ့ အရိပ်အောက်မှာ ချစ်ခြင်းကို ငြိမ်းချမ်းစွာ ခံစားနိုင်ပါစေ။

ရံဖန်ရံခါ ကိုယ်တို့ကြားကို ယောင်မှားဝင်လာတတ်တဲ့ အထင်လွဲခြင်းတွေ၊ အမြင်မှားခြင်းတွေ၊ စိတ်ပျက်စရာ၊ စိတ်ရှုပ်စရာတွေ ရှိခဲ့ရင်လည်း ချစ်ခြင်းနဲ့ဖြည့်စွက်လို့ တစ်ယောက်ကိုတစ်ယောက် အရင်ကထက်ပို နားလည်နိုင်ပါစေ။

ပျော်ရွင်ဝမ်းသာစရာတွေ ရှိလာပြီဆိုလည်း နှစ်ယောက်လုံး ညီတူညီမျှ ထပ်တူခံစားနိုင်ပါစေ။ ကိုယ်တို့နှစ်ယောက်ရဲ့ အသက်အရွယ် အိုမင်းရင့်ရော် သွားတဲ့အထိ၊ ကမ္ဘာမြေကနေ စွန့်ခွာသွားရမယ့် နောက်ဆုံးမိနစ်တွေအထိ အနာဂတ်တွေထဲမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ လက်တွဲလို့ အတူဖြတ်သန်းခွင့်ကို ကိုယ်တို့နှစ်ဦး ရနိုင်ပါစေလို့ ဒီလိုနေ့ကလေးကနေ တစ်ဆင့် ကိုယ် ဆုတောင်းနေပါတယ် ချစ်သူ........။

နောင်နှစ်ပေါင်းများစွာ အထိပါကွယ်.....။

သားလတ်
၂၀း၀၃နာရီ
၁၃.၁၁.၂၀၁၂

( ၁၄.၁၁.၂၀၁၂ မှာကျရောက်တဲ့ နှစ်ပတ်လည် နေ့တစ်နေ့သို့)



Sunday, November 11, 2012

" ရခိုင်ပြည် အလွမ်းပြေ " (၂)


သပြုချိုင်လို ပင်လယ်ဖြတ်သွားရသော နေရာကနေ စက်လှေများသာ သွားချည်လာချည်လုပ်နေကြ သည်ကို  ကျွန်တော်နည်းနည်းတော့ အံ့ဩမိသည်။ ကျွန်တော့်မှာ ပင်လယ်အတွေ့အကြုံမှ မရှိဘဲကိုး။ သပြုချိုင်ကအပြန် မိုးအုံ့နေ၍ ကျွန်တော်က ရုံးကအရာရှိကို အခြေအနေမေးတော့ စက်လှေက ရသည်ဟုဆိုလျှင် ရသည်တဲ့။ စက်လှေက အဆင်မပြေဘူး ဆိုလျှင်တော့ ထွက်ကို မထွက်တော့တဲ့။ ကောင်းပါသည်။

ရိုးရိုးလှိုင်းရိုက်တာပင် ဟိုဘက်သည်ဘက် စောင်း၍ အထုပ်များပင် ပြုတ်ကျနေသေးရာ မိုးနှင့်လေနှင့် သာဆို ကျွန်တော် တွေးပင်မတွေးရဲ။ သို့သော် ပင်လယ်ကိုကြည့်တော့ ပင်လယ်ရေသည် ပြာ၍ လှနေ၏။ ရေကိုကြည့်၍ပင် ပင်လယ်သည် နက်လှသည်ဟု ခံစား၍ ရနေသလို။ ရာသီဥတု ကောင်းသည်ဟု စက်လှေသမားက ပြော၍ ဘုရားစာရွတ်ကာ လိုက်ခဲ့ရလေတော့သည်။

ကျွန်တော့်အလုပ်တာဝန်အရ သံတွဲရှိ အလုပ်ရုံများကို လှည့်ပတ်စစ်ဆေးပြီး နောက်တစ်ကြိမ် မှာတော့ တောင်ကုတ်သို့ လှည့်ခဲ့ရသည်။ သံတွဲတွင် ငါးပုစွန်အအေးခန်း စက်ရုံများ ပေါ သလောက် တောင်ကုတ်ကျတော့ သစ်ခွဲစက်များ၊ ရေခဲစက်များ ရှိသည်။သံတွဲမှ တောင်ကုတ်သို့ အသွားလမ်းသည် သာယာ၏။ လယ်ကွင်းများ၊ တောင်ကုန်းလေးများကို ဖြတ်ရသည်။

ကျွန်တော်နှင့် ရုံးကအရာရှိသည် တောင်ကုတ်မှာ တည်းခိုခန်းတည်းကြ၏။ ပထမညမှာ ကြမ်းပိုးကိုက်တာနှင့်ပင် ကျွန်တော်တို့ နှစ်ယောက်မှာ အိပ်ရာပင် ပြောင်းအိပ်ရ၏။ နောက်တစ်ရက် ကျတော့ တည်းခိုခန်းပါ ပြောင်းခဲ့ရတော့သည်။ ကြမ်းပိုးဒဏ် မခံနိုင်တော့သောကြောင့် ပင်။ နောက်တည်းခိုခန်းကတော့ အဆင်ပြေ၏။ ကောင်းကောင်း အိပ်ခွင့်ရသည်။

တောင်ကုတ်မှာ ထူးထူးထွေထွေ သိပ်ပြောစရာ မရှိသော်လည်း သံတွဲက အပြန် ခရီးတစ်ခုမှာ ကျွန်တော့် အတွက် မှတ်မှတ်ရရ ပြောစရာတစ်ခုတော့ ရှိသည်။ ခရီးတစ်ထောက်နားပြီး ထမင်းစားပြီးချိန် ကျွန်တော်နှင့် ဘတ်စ်ကား တစ်စီးတည်း ပါလာသော ရခိုင်လူမျိုး အမျိုးသားတစ်ဦးနှင့် စကားလက်ဆုံ ကျမိသည်။ အကြောင်းကလည်း ရှိသည်။ ထိုလူသည် သံတွဲမှာရှိသည့် ကျွန်တော်တို့ရုံးမှ အရာရှိနှင့် တစ်ရပ်ကွက် တည်းသား။ ထို့ကြောင့် သူနှင့် မျက်မှန်းတန်းမိနေသည်။

ကျွန်တော့်ကို သူကလည်း မျက်မှန်းတန်းမိနေ၍ စကားစမြည်ပြောရင်း လမ်းတွေ အကြောင်း ရောက် သွားသည်။ ဂွဘက်က အ၀င်လမ်းများ ကြမ်းသည့်အကြောင်းနှင့် ပြင်နေသည့်အကြောင်း ပထမတစ်ခေါက်က အတွေ့အကြုံများကို ပြောပြဖြစ်တော့ သူက ကျွန်တော့်ကို စကား တစ်ခွန်း ပြန်ပြောသည်။ ကျွန်တော် သည်နေ့အထိ မမေ့နိုင်သေးသော စကား။

" ဆရာတို့ ဗမာပြည်လောက်တော့ လမ်းတွေက ဘယ်ကောင်းပါ့မလဲ ဆရာရယ် " တဲ့။

ဗမာပြည်ဟု သူသုံးသွားသည်မှာ တိုင်းရင်းသားများ တစ်နေရာစီ နေရ၍ သုံးသောအသုံးမျိုးမဟုတ်။ ဗမာက ဗမာ၊ ရခိုင်က ရခိုင်ဆိုသော ပုံစံမျိုး သုံးသွားသည်ဟု ကျွန်တော်ခံစားရသည်။ စိတ်ထဲကတော့ သူက ဗမာပြည်လို့ ပြောတော့ ငါက ဘယ်နိုင်ငံခြားကို ရောက်နေပါလိမ့်ဟု တွေးမိသေးသည်။ သည်လိုစိတ်မျိုးတွေ သူတို့ဆီမှာ ဘယ်လောက်တောင် ခိုအောင်းနေပါလိမ့်၊ ကြာမြင့်ခဲ့လေပြီလားမသိဟု စိတ်မကောင်းစွာ တွေးမိခဲ့သည်။ ထိုစဉ်က သံတွဲခရီး အပြန်လမ်းသည် ကျွန်တော့်အတွက်တော့ ရင်ထဲမှာ မွန်းကျပ်မှုများစွာနှင့် ပြည့်သိပ်နေခဲ့သော အပြန်လမ်း ခရီးတစ်ခု ဖြစ်ခဲ့သည်ကတော့ အမှန်ပင်။

သံတွဲဘက်နှင့် စစ်တွေဘက်ကို အလှည့်ကျသွားနေသော ကျွန်တော့်အတွက်တော့ စစ်တွေဘက်ကိုလည်း အဆင်ပြေသလို သွားဖြစ်ခဲ့သည်။ သို့သော်စစ်တွေနှင့် သံတွဲ၏ ကွာခြားချက်က သံတွဲကို ကားနှင့်သွားရသည်က အဆင်ပြေသလောက် စစ်တွေကို ကားနှင့်သွားလျှင်တော့  တစ်ရက်နှင့် မရောက်။ ကျွန်တော်ကတော့ ကားနှင့်သွားလျှင် လမ်းကြမ်းသည်၊ ကြာသည် ဆိုတာနှင့်ပင် အမြဲ တမ်းလို လေယာဉ်နှင့်သာ သွားခဲ့တော့သည်။ ကျွန်တော်တို့ဋ္ဌာန ငွေစာရင်းကို မေးကြည့်တော့ စစ်တွေကို လေယာဉ်နှင့် ခွင့်ပြုသည်ဟု သိရ၍ လေယာဉ်နှင့်သာ သွားခဲ့ခြင်းဖြစ်သည်။

ကျွန်တော်တို့ဝန်ထမ်းများမှာ တာဝန်ဖြင့်ခရီးသွားပြီး ပြန်လာလျှင် ခရီးစရိတ်တင်ပါက ဋ္ဌာနမှ ခွင့်မပြုသော ယာဉ်ဖြင့် သွားမိပါက အိတ်စိုက်ဖြစ်တတ်ရာ မသွားခင်ကတည်းက ကြိုမေးပြီးမှ သွားသည်က ဘေးကင်း သည်မှာ အမှန်ပင်။ သည်သို့ဖြင့် ကျွန်တော်တစ်ခါမျှ မရောက်ဖူးသော စစ်တွေကို မြန်မာ့လေကြောင်း ပိုင် လေယာဉ်များဖြင့် သွားချည်၊လာချည် လုပ်ခဲ့ပါသည်။

စစ်တွေမှာလည်း ကျွန်တော်တို့ရုံးမှာ တည်း၍မရ။ သံတွဲရုံးသည်လည်း ထို့အတူ။ ပြီးတော့ သံတွဲမှာ နယ်မြေအရာရှိအိမ်မှာ တည်းရသည်က ငပလီမှာမို့ ပိုအဆင်ပြေ၏။ ကျွန်တော်တို့ သွားချင်သော စက်ရုံများသည် ငပလီနှင့် သပြုချိုင်ဘက်မှာသာ များရာ နယ်မြေခံအရာရှိ အိမ်က ပိုအဆင်ပြေ၏။ သံတွဲရုံးက သံတွဲမြို့ပေါ်မှာ ရှိသော်လည်း ညအိပ်ညနေ နေရန် ရေ၊မီးက အဆင်မပြေ။ နယ်မြေခံကလည်း ပေးမတည်း။ ကျွန်တော့်ကို အားနာပြီး စိတ်ချလက်ချ အိပ်နိုင်ရန် အိမ်မှာသာ တည်းစေသည်။ နယ်မြေခံအရာရှိက ယောကျာ်းလေး ဖြစ်တာလည်းပါ၏။

စစ်တွေကျတော့ အရာရှိက အမျိုးသမီး။ ရုံးမှာတည်းရန်လည်း အဆင်မပြေ၍ ကျွန်တော့်ကို ' မြ ' တည်းခိုခန်း ဆိုသည့် စစ်တွေ တက္ကသိုလ်ရှေ့က တည်းခိုခန်းမှာ တည်းဖို့ စီစဉ်ပေးသည်။ အဆင်ပြေ၏။ သန့်ရှင်းသည်။ သပ်ရပ်သည်။ ကြမ်းပိုးမကိုက်။ မြ တည်းခိုခန်းသည် စစ်တွေဆေးရုံနှင့်လည်း နီး၏။ ပြီးတော့ ကမ်းနားဘက် လမ်းလျှောက်ချင်သည် ဆိုလျှင်လည်း အဆင်ပြေသည်။

စစ်တွေမှာ စက်ရုံတွေစစ်သည့်အခါ ချောင်းကိုဖြတ်၍ သွားစစ်ရသည်လည်း ရှိ၏။ ငါး၊ပုစွန် အအေးခန်းစက်ရုံများ များသည်။ ကျွန်တော့်အတွက်ကတော့ ပင်လယ်ဘေးက လမ်းမကြီးထက် လမ်းလျှောက်၍ လေညင်းခံရင်း ရှုခင်းများကြည့်ရသည့် အရသာက ဘာနှင့်မျှ မလဲနိုင်။ မေ့လည်း မမေ့နိုင်တော့။

ဆူးသစ်
၀၁း၃၇ နာရီ
၁၁.၁၁.၁၂
(ဆက်ပါဦးမည်။)






Thursday, November 8, 2012

" ရခိုင်ပြည် အလွမ်းပြေ "


၂၀၀၀ ခုနှစ်ကျော် ကာလများဆီက ကျွန်တော် ရခိုင်ပြည်နယ်ဘက်ကို ခဏခဏရောက်သည်။ ကျွန်တော်က ပြည်သူ့ဝန်ထမ်းဘ၀မို့ ကျွန်တော့်အလုပ်နှင့် ဆက်နွယ်ပြီး ရခိုင်ပြည်နယ်သည် ကျွန်တော်၏ တွဲဘက်နယ်မြေ ဖြစ်၍ ၄ လ တစ်ခါ သွားရောက်ရသည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ရန်ကုန်ကနေ တစ်ခါမျှ တစ်ယောက်တည်း ခပ်ဝေးဝေးကို မသွားဖူးသော ကျွန်တော့်အကြောင်းကို သိ၍ ကျွန်တော့်ဆရာ ဒုညွှန်မှူးက ရုံးအဖွဲ့များ ငပလီကို အပျော်ခရီး ထွက်ရင်း ရခိုင်ပြည်နယ်ဘက်ကို စတင် အခြေချမိစေရန် လမ်းဖွင့်ပေးခဲ့ပါသည်။ သည်တော့ ပထမဆုံးအခေါက်မှာ ကျွန်တော့်အတွက် ယောင်လည်လည် မဖြစ်ခဲ့သည်ကတော့ အမှန်။

ကျွန်တော်တို့ ရုံးအဖွဲ့နှင့် သွားစဉ်ကတော့ သံတွဲကို ဂွဘက်က သွားတာဖြစ်သည်။ ဧရာဝတီတိုင်း ဘက်ကနေ သွားတာဖြစ်၏။ ကျွန်တော် တစ်ယောက်တည်း သွားသည့်အခါတွင်တော့ ပြည်ဘက် ကနေ တောင်ကုတ်လမ်းကို သုံး၍သွားတာ ဖြစ်သည်။

ငပလီကိုသွားသည့်အခါ ပြည်ဘက်မှတစ်ဆင့် တောင်ကုတ်ဘက်သို့ ရောက်သည့်လမ်းကို တော်တော်များများ သုံးကြသည်။ ဂွလမ်းက ထိုအချိန်က လမ်းတော်တော်ကြမ်းသည်ကိုး။ ယခုတော့ ကျွန်တော်မသိ။ ပြည်ဘက် ကနေ ရခိုင်ရိုးမကို ဖြတ်သန်းပြီးသည့်အခါ တောင်ကုတ် ဘက်ကို ရောက်သည်။ လေယာဉ်ဖြင့်သွားသည်နှင့် မတူ။ ဒေသန္တရ ဗဟုသုတကျတော့ ကားဖြင့်သွားသည်က ပိုသိရသည်။

ထိုပထမဆုံးအခေါက် ပြီးတော့ ကျွန်တော်သည် သံတွဲ၊ ငပလီ ဆိုသည်ကို ထူးပြီးအံ့ဩ မနေတော့။ လမ်းခရီးကို ယဉ်ပါးသွားတော့သည်။ ပြည်လမ်းက သွားလျှင် ရန်ကုန်ကနေ စော်ဘွားကြီးကုန်းမှ ညနေဘက် ကားနှင့် စထွက်ပြီး တောင်ကုတ်ကို နံနက်လင်းလျှင် ရောက်သည်။ သို့သော် လမ်းမှာ ဘယ်နှစ်ကြိမ်မှန်း မသိအောင် ကားပေါ်က ဆင်းခဲ့ရသည်။

အကြောင်းက လ၀ကစစ်ဆေးရေး ဂိတ်များမှ မှတ်ပုံတင်ကို စစ်ကြခြင်းပင်။ ပထမဆုံး သွားသော အခေါက်မှာ ရုံးက၀န်ထမ်းများထဲ၌ မွတ်ဆလင် အမျိုးသမီးကြီး တစ်ဦးပါ၍ မှတ်ပုံတင်ကို သေသေ ချာချာ တောင်းကြည့်ကြသည်။ ကျွန်တော့်ဆရာ ဒုညွှန်မှူးက ရုံးက၀န်ထမ်းဖြစ်ကြောင်း စာပါပြ၍ ရှင်းမှပြီးတော့သည်။ သည်တုန်းကတော့ တကယ်ကို နားမလည်။ တော်တော် အကဲဆတ်တာပါလားဟု လ၀က ၀န်ထမ်းတွေကို တွေးမိခဲ့သေးသည်။

သည်လိုနှင့် ကားပေါ်တက် ပြန်အိပ်ဖို့ကြိုးစားလိုက်၊ မှေးခနဲ ဖြစ်လိုက်၊ မှတ်ပုံတင် အစစ်ခံဖို့ အောက်ပြန် ဆင်းလိုက်နှင့် မိုးလင်းရတော့သည်။ တောင်ကုတ်လမ်းသည်လည်း ထိုနည်းလည်းကောင်း။ ရခိုင် ရိုးမကို ဖြတ်ချိန်တွင်တော့ ကားပေါ်မှာ လကိုကြည့်၍ ကျွန်တော် လွမ်းမိသည်။ လသည် ကျွန်တော်နှင့်အတူ ကားမှန်ထဲမှာ အတူခရီးသွားနေ၏။

ဆောင်းတွင်းသွားလျှင် တောင်ကုတ်ကို ရောက်ချိန်သည် လှပ၏။ မနက်ဝေလီဝေလင်း နှင်းနှင့်မြူ ကြားမှာ တောင်ကုတ်ကားဂိတ်တွင် ခဏနား၍ သံတွဲကို ခရီးဆက်မှ နံနက်ဆယ်နာရီလောက်တွင် သံတွဲကို ရောက်သည်။ ဒါတောင် ကျွန်တော်တို့ရုံးက အရာရှိအိမ်က ငပလီမှာမို့ ကျွန်တော်က ငပလီလမ်းဆုံ အထိ ကားကို ဆက်စီးရသေးသည်။

သည်လိုနှင့် ငယ်ငယ်က တစ်ခါမျှ မရောက်ခဲ့ဖူးသော ငပလီသည် ပြည်သူ့ဝန်ထမ်းလုပ်မှပင် သွားချင်လည်း သွားရ၊ မသွားချင်လည်း သွားရနှင့် ခဏခဏကို ရောက်နေတော့သည်။ များသောအားဖြင့် ငပလီကို အလုပ်တာဝန်နှင့် သွားရသောကြောင့် စိတ်ကတော့ သိပ်လွတ်လပ်သည်မဟုတ်။ ရုံးကအရာရှိ၏ အိမ်မှာတည်းပြီး သူ့တူနှင့် ကျွန်တော်က ညနေအလုပ်ပြီးလျှင် ရေသွားကူးကြသည်။

ကမ်းခြေတစ်လျှောက် လိုက်ကြည့်သည့်အခါ လှပသောဟိုတယ်များ၊ နိုင်ငံခြားသားများ၊ နိုင်ငံခြား သူများ၊ ရေကစားနေသူများ၊ အုန်းပင်များ စသည်ဖြင့် ပင်လယ်ကိုခံစားနေသူများကို တွေ့ရသည်။ ညနေ နေ၀င်ချိန်အလှနှင့် ပင်လယ်။ သည်မြေ၊ သည်ရေသည် ကျွန်တော်တို့ ပိုင်သည်ဆိုသော အသိက အားလုံးကို လုံခြုံနွေးထွေးသော ခံစားမှုကို ဖြစ်စေသည်ထင်သည်။ ပင်လယ်နှင့် လူသားကား လိုက်ဖက်ညီစွာ အချိုးကျနေတော့၏။

ပင်လယ်ရေကို သတိထားမိသည်က ရေကူးနေရင်း အောက်ကနေ လှိုက်၍ ဆွဲနေခြင်းပင်။ ခဏလောက် ငြိမ်ကြည့်လိုက်ပါက ရေကအောက်က မသိမသာဆွဲနေသည့် သဘောရှိသည်။ ကျွန်တော်က ရုံးကအရာရှိ တူလေးနှင့် ရေငုပ်ပြိုင်သည်။ ပြိုင်သည်ဆို၍ အထင်မကြီးပါနှင့်။ ထိုကလေးက ငပလီသားပီပီ ရေကူး၊ရေငုပ် ကျွမ်းကျင်၏။ ကျွန်တော်က မတ်တတ်ကနေ ထိုင်ပြီးရေအောက်ကို ငုပ်လိုက်ရုံသာ။ သူကငုပ်ပြီး ကူးလို့ပင်နေ၏။

သည်လို ခံစားမှုများကို ကြုံရသည့်ကြား သပြုချိုင်ဆိုသည့် ပင်လယ်တစ်ဖက်ကမ်းက နေရာကို အလုပ်ကိစ္စနှင့် သွားသောအခါတွင်တော့ ကျွန်တော့်အတွက် ပင်လယ်၏ ထူးခြားမှုမျိုးကို ကြုံခဲ့ရသေးသည်။ ထိုနေရာသည် ဘင်္ဂလားပင်လယ်အော်ကို ရောက်နေပြီဟု ဆို၍ရသည်။ ကျွန်တော်တို့က စက်လှေနှင့်ဖြတ်တာ ဖြစ်သည်။ တစ်ချက်တစ်ချက် လှိုင်းကြီးလျှင် စက်လှေသည် ဟိုဘက် သည်ဘက် စောင်းသွားရာ ဘယ်ဘက်မှာ တင်ထားသော အိတ်ရှိက ညာဘက်သို့ ပြုတ်ကျသည်။ ညာဘက်မှာ တင်ထားသော အိတ်ရှိက ဘယ်ဘက်သို့ ပြုတ်ကျသည်။ ထိုသို့စောင်းတတ်ရာ ကျွန်တော်လည်း ဘုရားစာရွတ်ရင်း ပင်လယ်၏ ဆန်းကြယ်မှုကို ခံစားခဲ့မိသေးသည်။

ဆူးသစ်
၂၂း၄၇ နာရီ
၈.၁၁.၂၀၁၂

[ တကယ်တော့ ကျွန်တော်သည်စာစုကို စရေးစဉ်က တစ်ပိုင်းတည်းပြီးမည် ထင်ထားသော်လည်း ယခုရေးရင်းမှာပင် ကျွန်တော့်မှာ ပြောစရာ တော်တော်များများ ရှိလာသည်ကို သိမိ၍ အပိုင်းများ ဆက်ပါဦးမည်ဟု ကြိုတင်ဝန်ခံထားပါရစေခင်ဗျား။ ]
 

Saturday, November 3, 2012

" Facebook ပေါ်က ကျွန်တော့် Status များ " (၆)

 
+ မြတ်စွာဘုရားဟောကြားခဲ့သောတရားတော်များကို သံဃာတော်များမှတစ်ဆင့် နာကြားခဲ့ဖူးသည်။ အထူးသဖြင့် ၀ိပဿနာတရားတော်များဆိုလျှင် မိုးကုတ်ဆရာတော်ဘုရားကြီး ဟောခဲ့သမျှထဲမှ တတ်နိုင်သမျှ မှတ်သားထားခဲ့သည်။ နိဗ္ဗာန်ရောက်ဖို့ဆိုလျှင် သောတာပန်၊ သကဒါဂမ်၊ အနာဂမ် နှင့် ရဟန္တာဆိုသည့် အဆင့်များ သတ်မှတ်ထားတာရှိသည်။ သောတာပန် ဖြစ်ဖို့ ဒိဋ္ဌိနှင့် ၀ီစိကိစ္စ ကွာဖို့လိုသည်ဟု ဆို၏။ ဒိဋ္ဌိမှာ ၃ မျိုးရှိသည်။ ငါစွဲစွဲသော သက္ကာယဒိဋ္ဌိကို ခွာဖို့ပင် ကျွန်တော့်အဖို့ တော်တော်ခက်၏။ ကျန် ၂ မျိုးကို ထားတော့။ သည်တစ်မျိုးနှင့်ပင် နိဗ္ဗာန်ကိုရောက်ဖို့ ခက်နေ၏။ ပထမအဆင့် သောတာပန်ဖြစ်ဖို့ပင် ကျွန်တော်က ဝေးနေသေးသလို ခံစားရသည်။ ဝေးမှာပေါ့။ ငါ့နိုင်ငံ၊ ငါ့လူမျိုး၊ ငါ့တိုင်းရင်းသား၊ ငါ့ညီအစ်ကိုမောင်နှမ၊ ငါ့ရေ၊ ငါ့မြေ သည်လိုအတွေး၊ သည်လိုခံစားချက်များက အချိန်တော်တော်များများမှာ လွှမ်းမိုးထားသည်။ နိဗ္ဗာန်တော့ သည်ဘ၀ ဝေးလေ မည်လားမသိ။ ဝေးလည်းဝေးပါစေတော့။ ထိုငါအစွဲများကိုတော့ သေသည်အထိ မိမိရရ ဆုပ်ကိုင် ထားချင်သေးသည်။ ( ဇွန်လ ၉ ရက်၊ ၂၀၁၂ ခုနှစ် )
 
+ လက်သည်းဆိတ်ရင်တော့ လက်ထိပ်နာမှာပဲ။ အခုငါ့လက်ထိပ်တွေသာမက ငါ့နှလုံးသားကပါ နာနေပြီ။
( ဇွန်လ ၉ ရက်၊ ၂၀၁၂ ခုနှစ် )
 
+ Facebook မှာ အခုတလောဖြစ်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ Status တင်နေတယ်ဆိုတာ လက်ယားလို့၊အားလို့တင်နေတာမဟုတ်ဘူး။ သူရဲကောင်းဖြစ်ချင်လို့တင်နေတာလည်း မဟုတ်ဘူး။ ကိုယ့်နိုင်ငံကိုချစ်လို့၊ ကိုယ့်လူမျိုးကိုချစ်လို့တင်နေတာ။ ( ဇွန်လ ၉ ရက်၊ ၂၀၁၂ ခုနှစ် )
 
+ သူငယ်ချင်းတို့- ကျွန်တော်တို့က နိုင်ငံတကာမှာ။ မြန်မာပြည်မှာ လက်ရှိရှိမနေကြဘူး။ ဘာပဲဖြစ်ဖြစ် မြန်မာပြည်မှာမွေးတဲ့ကျွန်တော်တို့အားလုံးဟာ မြန်မာနိုင်ငံအတွက်ပူတယ်။ မြန်မာနိုင်ငံကို ချစ်တယ်။ ဒီလိုပဲ မြန်မာပြည်ဖွား ဘယ်ဘာသာဝင်မဆို ကျွန်တော်တို့လိုပဲ ခံစားရမယ်လို့ ထင်မိတယ်။ အခုကိစ္စဟာ ဘာသာရေးမဟုတ်ဘူး။ ဒါကို သေသေချာချာမြင်လာပြီလို့ ယုံကြည်ပါတယ်။ ရခိုင်ပြည်နယ်ရဲ့ အကြမ်းဖက်မှုတွေကို နိုင်ငံတကာမှာရောက်နေတဲ့ မြန်မာတွေ Facebook ပေါ်မှာ Status တင်ပြီး အခုအချိန်မှာ တစ်တပ်တစ်အားပါဝင်နေတာကို ကြိုက်လို့ Like လုပ်ချင်လုပ် မလုပ်ချင်နေ၊ ဒါမှမဟုတ် Unfriend လုပ်ချင်ပါတယ်ဆိုလည်း စိတ်မဆိုးဘူး။ Welcome ပဲ။ အဲဒီ အကြမ်းဖက်မှုကိစ္စတွေကို လုံးဝ(လုံးဝ)ရှုတ်ချတယ်။ ( ဇွန်လ ၁၀ ရက်၊ ၂၀၁၂ ခုနှစ် )
 
+ မနေ့က လုပ်ကွက်ထဲကနားနေဆောင်မှာ Safety တွေစကားလက်ဆုံကျနေတုန်း စင်ကာပူနိုင်ငံသား အိန္ဒိယနွယ်ဖွား Safety တစ်ယောက်ကမေးသည်။ သူတို့ကုမ္ပဏီက မြန်မာပြည်မှာ Project ရှိသည်တဲ့။ ထိုအတွက် ကျွန်တော်က မြန်မာနိုင်ငံသားဖြစ်၍ ကျွန်တော့်ကို စပ်စုပါသည်။ မြန်မာပြည်မှာ နယ်တွေဘက်မှာ မီးက နေ့ဝက်ပဲပေးတာဟုတ်လားတဲ့။ အင်တာနက်ရလား တဲ့။ နည်းနည်းတော့ ခွကျသည်။ မီးကိစ္စ ကျွန်တော်မဖြေ။ နိုင်ငံခြားကုမ္ပဏီများ မီးပိတ်နေသည်ကို ကျွန်တော် မတွေ့ဖူး။ ထို့ကြောင့် မီးကိစ္စကို ကျွန်တော်မဖြေ။ အင်တာနက်ကိစ္စကိုတော့ ရပါတယ်ဟုဖြေလိုက်၏။ သူတို့ အလုပ်လုပ်မည့်လုပ်ငန်းက ပိုက်လိုင်းဆိုလျှင် တောထဲမှာ။ သည်တော့ သိပ်တော့မလွယ်ဟု ကျွန်တော်ပြောလိုက်သည်။ မင်းတို့ကုမ္ပဏီမှာတော့ ရှိချင်ရှိမှာပေါ့။ မရှိလည်း အင်တာနက် ကဖီးများ ရှိသည်ဟု ကျွန်တော်ပြောချလိုက်သည်။ ငတိက တစ်ဆင့် တက်လာ၏။ ကောင်မလေးတွေရော ရပါ့မလားဟုဆိုသည်။ သူကမြန်မာပြည်မှာ အင်တာနက်၊ မိန်းကလေး မရဟု အထင်နှင့်မေးခြင်းပါ။ ကျွန်တော်နှာစေးလိုက်ပါသည်။ ငါမသိဘူးကွာဟု။ ကျွန်တော်စဉ်းစားနေမိပါသည်။ ကျွန်တော်တို့နိုင်ငံထဲကို ရင်းနှီးမြှုပ်နှံမှုတွေလာလျှင် ထိုကဲ့သို့ ဘေးထွက်ဆိုးကျိုးများစွာပါလာပေဦးတော့မည်ဟု။ ( ဇွန်လ ၁၆ ရက်၊ ၂၀၁၂ ခုနှစ် )
 
သည်နေ့စောင်များလျှော်ပြီးမနက်ကတည်းကလှမ်းထားခဲ့သည်။ နေ့ခင်းရောက်တော့ခြောက်လောက်ပြီဟု ထင်ကာ ပြန်ရုပ်စဉ်တချို့စောင်မှာငှက်ချေးများပေနေ၍ ပြန်လျှော်ပြီး ပြန်လှမ်းထားရပြန်သည်။ နည်းနည်းတော့ စိတ်ရှုပ်ရ၏။ ယခင် ရန်ကုန်မှာတုန်းကလည်း ဘုရားရှိခိုးနေစဉ် ညဘက်မှာ အိမ်မျက်နှာကြက်ပေါ်က အိမ်မြှောင်က ချေးပါချ၏။ တစ်ခါလည်း မဟုတ်။ ဘုရားရှိခိုးတိုင်းလိုလို။ လူကြီးများက ဆိုသည်။ ကံကောင်းတာပေါ့တဲ့။ အိမ်မြှောင်ချေးပါချလျှင် ကိုယ့်အပေါ်ကျက တကယ် ကံကောင်းသည်လား။ ကျွန်တော်တော့ မထင်။ ထိုရက်ပိုင်း တကယ် ကံကောင်း မကောင်း စောင့်ကြည့်နေခဲ့သည်။ နောက်တော့ ဘာမျှလည်း ထူးထူးခြားခြား ဖြစ် မလာ။ နောက်တော့ ပြန်တွေးသည်။ အိမ်မြှောင် ချေးပေတာသာ အဖတ်တင်ခဲ့၏။ ကံတော့ ထူးထူးခြားခြား မကောင်းခဲ့။ ယခုလည်း စောင်ပေါ်ချေးပါချသော ငှက်ကလေးများကြောင့် လူကံကောင်းမကောင်းတော့ မသိ။ လောလောဆယ် စောင်များထပ်လျှော်လိုက်ရသည်ကတော့ အပို ပင်ပန်းတာပင်။ ပြီးတော့ စဉ်းစားကြည့်သည်။ အိမ်မြှောင်ချေးပါချ၍၊ ဘာချေးပါချ၍ဟုဆိုကာ ကံကောင်းမည်ဆိုလျှင် လူတိုင်း တိရိစ္ဆာန်ချေးပါတာသာ စောင့်၍ အောက်က ထိုင်နေဖို့သာ ရှိတော့သည်ဟု။ ဖြစ်မှ မဖြစ်နိုင်တာပဲလေ။  (ဇွန်လ ၁၇ ရက်၊ ၂၀၁၂ ခုနှစ် )
 
ဆူးသစ်
၁၇း၇၈ နာရီ
၃.၁၁.၂၀၁၂

 

Wednesday, October 31, 2012

" မိဝေးဘဝေး သီတင်းကျွတ် "


ဘယ်အရွယ်ကလဲလို့ မေးရင် သေသေချာချာတော့ မမှတ်မိတော့ဘူး။ ဒါပေမဲ့ အမှတ်ရစရာတွေ ရှိလားလို့ မေးရင် သိပ်ရှိတာပေါ့လို့ ကျွန်တော်ဖြေပါမယ်။ ဒီလို အချိန်ရာသီဆို သီတင်းကျွတ် ရောက်ပြီကိုး။

တကယ်တော့ ငယ်ဘ၀တွေဆိုတာ ပြန်ရနိုင်ကောင်းတဲ့ အရာတွေမှ မဟုတ်တာ။ ပြန်ရနိုင်တာ ဆိုလို့ ကျွန်တော်တို့ရဲ့ သတိရမှု၊ တမ်းတမှုတွေပဲ ကျန်တော့တာ။

ငယ်ငယ်က သီတင်းကျွတ်ဆိုတာ ဘာကြီးလဲလို့ နားလည်တာမှ မဟုတ်တာ။ ကျွန်တော့်ကို ၀ယ်ပေးတဲ့ ယုန်ရုပ်မီးပုံးလေးကို ဖယောင်းတိုင်လေးထည့်ပြီး တွန်းရတာကိုက ဘာမှန်းမသိတဲ့ အရသာတစ်မျိုး။ အဲဒါကို ပျော်တယ်။ နောက်ပြီး အမေထွန်းတဲ့ ဖယောင်းတိုင်လေးတွေကို ကြည့်ပြီး ကျေနပ်ကြည်နူး ခဲ့မိသေးတာ။

အမေက ဖယောင်းတိုင်တွေကို နေရာအနှံ့ထွန်းတယ်။ လှေကား၊ အိမ်သာ၊ ပြူတင်းပေါက်၊ ရေဘုံပိုင်၊ ဆန်အိုး၊ မီးဖိုချောင် စုံနေတာပဲ။ အဖေကတော့ အလုပ်ရှုပ်နေတာ များတော့ အဲဒီတုန်းက အဖေ ဘာတွေလုပ်တယ်ဆိုတာထက် အဖေ အလုပ်ရှုပ်နေတာကိုတော့ မှတ်မိနေတယ်။

ဒါပေမဲ့ မှတ်မှတ်ရရ ဖြစ်စရာက ငယ်ငယ်ကတည်းက လူကြီးတွေကို လိုက်ကန်တော့ရတာ။ ကိုယ့်မိဘတွေကို ကန်တော့တာရယ်၊ ကိုယ့်မိဘရဲ့ ဦးကြီး၊ ဘကြီးတွေကို ကန်တော့ တာရယ်ကို ကောင်းကောင်း မှတ်မိတယ်။ အဖေတို့၊ အမေတို့ရဲ့ ဘကြီး၊ ဦးကြီးတွေကို ကန်တော့တာ ဘာလို့ မှတ်မိလဲ ဆိုတော့ သူတို့က မုန့်ဖိုးကောင်းကောင်း ပေးတယ်။ အဲဒီလို သွားကန်တော့မယ် ပြောရင် တော်တော်ပျော်ရတာ။ ကျွန်တော်တို့က ညီအစ်ကို သုံးယောက်။ အားလုံး မုန့်ဖိုးတွေ ရတာ။

ကျွန်တော်တို့ ငယ်ငယ်က စမ်းချောင်းမြို့နယ်မှာ နေတာ။ စမ်းချောင်းက ရှမ်းလမ်းဆို လူတိုင်းသိတယ်။ အခုတော့ ဗဟိုလမ်းဖြစ်သွားပြီပေါ့။ အဲဒီ ရှမ်းလမ်းတောက်လျှောက်က သိပ်စည်တာ။ ဆိုင်တွေက ပြည့်သိပ် ကျပ်ညပ်လို့။ လူတွေကလည်း တိုးမပေါက်ဘူး။ သီတင်းကျွတ်ဆို အဲဒီလိုကို စည်တာ။ အဲဒီမှာ ရုပ်ရှင်ကားအတိုလေးတွေ ပြတဲ့ တွန်းလှည်းလို ရုံအသေးလေးနဲ့ ရုပ်ရှင်ရုံ အသေးစားလေး ရှိတယ်။

တစ်ခါကြည့် ငါးမူးလား၊ တစ်ကျပ်လား မသိပါဘူး။ ရွှေဘနဲ့ လူကြမ်းတွေချတာ ကြည့်ရတယ်။ ဗုံလေးနဲ့ နောက်ခံကို တီးပေးသေးတယ်။ ရုံလေးကသေး၊ လူကပြည့်ဆိုတော့ ရုပ်ရှင် ပြီးရင် ချွေးကိုပြန်ရောပဲ။ ဒါပေမဲ့လည်း ကလေးဘ၀ဆိုတော့ အဲဒီလိုကြည့်ရတာကိုက အထူး အဆန်းလို ဖြစ်နေတာလေ။

နောက်တစ်ခုက ကျွန်တော်တို့လမ်းနဲ့ ကပ်လျက်က သံတံတားလမ်းမှာ ဇာဇာရတနာ ဆိုတဲ့ မိန်းမလျာဦးဆောင်တဲ့ မိုးကြိုးငှက်ငယ်ကလေးများ အဖွဲ့ကတဲ့ ပွဲလည်းရှိတော့ အဲဒီပွဲလည်း အလွတ်မခံဘူး။ ဘာတွေ ဘယ်လိုလုပ်လုပ်၊ ဘယ်လောက်ပဲ ကဲကဲ ကန်တော့ရမယ်ဟေ့ဆို အဖေနဲ့ အမေကို ကန်တော့ဖို့တော့ ဘယ်တော့မှ မပျက်ကွက်ခဲ့ဘူး။

တကယ်တော့ မုန့်ဖိုးလိုချင်လို့ ကန်တော့တယ်ဆိုတာ အဲဒီအချိန်တုန်းက ဟုတ်ချင်ဟုတ်နိုင်ပေမယ့် အခုတော့ အဲဒီလို ဘယ်ဟုတ်တော့မလဲ။ ငယ်ငယ်ကတည်းက သားတစ်ယောက် အနေနဲ့ မှားခဲ့တာတွေ အများကြီးပဲလို့ ကျွန်တော်ခံစားရတယ်။ ဒါကြောင့် ခရီးသွားရင်ပဲ ဖြစ်ဖြစ်၊ သီတင်းကျွတ်ရင်ပဲ ဖြစ်ဖြစ် အဖေနဲ့ အမေ့ကို နှုတ်က တိုင်တည်ပြီး ကန်တော့လေ့ရှိပါတယ်။

" အဖေနဲ့အမေ့ကို ကာယကံ၊ ၀စီကံ၊ မနောကံ နဲ့ ပြစ်မှားမိတာရှိရင် ခွင့်လွှတ်ပါ " ဆိုပြီး ထိခြင်းငါးပါးနဲ့ သေသေချာချာကို ကန်တော့ခဲ့တာ။ ကျွန်တော့်စိတ်ထဲမှာ အဲဒီလို မပြောဘဲ ကန်တော့ရရင် စိတ်မသန့်သလို ခံစားရတယ်။ ဒီအတိုင်း နှုတ်ပိတ် ကန်တော့တယ်ဆိုတာ ကလေးလည်း လုပ်လို့ရတာပဲ မဟုတ်လား။

ရန်ကုန်မှာ နေတုန်းကတော့ ညီအစ်ကိုတစ်တွေ ဆုံရင် အားလုံး ကန်တော့ကြတယ်။ အဖေနဲ့အမေက သူတို့မောင်နှမထဲမှာ အကြီးဆုံးတွေဆိုတော့ သူတို့ကို ရန်ကုန်မှာရှိတဲ့ သူတို့ရဲ့ ညီ၊ ညီမတွေက လာကန်တော့တဲ့အခါ ကျွန်တော်တို့လည်း ပျော်ရတယ်။ အဖေနဲ့ အမေ့ကို ကန်တော့တဲ့ မုန့်ကို ကျွန်တော်တို့ပါ စားရတာကိုး။

ပြီးတော့ အဲဒီ အဒေါ်တွေ၊ ဦးလေးတွေကို ကျွန်တော်တို့က ပြန်ကန်တော့နဲ့။ သီတင်းကျွတ်ဆိုတာ ချစ်စရာကောင်းတဲ့ ကျွန်တော်တို့ မြန်မာတွေရဲ့ ဓလေ့တစ်ခုလို့ ကျွန်တော်ယုံကြည်မိပါတယ်။

ဒါပေမဲ့ ကျွန်တော် မြန်မာပြည်က သီတင်းကျွတ်နဲ့ လွဲတာ လေးနှစ်ကျော်ခဲ့ပါပြီ။ သီတင်းကျွတ်ရောက်ပြီဆို အိမ်ကို ဖုန်းခေါ်ပြီး အဖေ့ကို  ကာယကံ၊ ၀စီကံ၊ မနောကံနဲ့ ပြစ်မှားမိတာရှိရင် ခွင့်လွှတ်ပါ။ အမေ့ကိုလည်း အဲဒီလိုပဲ ပြောပြီး ဖုန်းနဲ့ပဲ လှမ်းကန်တော့တာ။ အဲဒီအခါ အဖေနဲ့အမေက ဖုန်းထဲကနေ ဆုပေးတယ်။ ကျွန်တော် မျက်ရည်ဝဲအောင် ခံစားမိပါတယ်။ အခုတောင် ဒီပို့စ်ကို ဆက်မရေးခင်ကလေးတင် ကျွန်တော့်အဖေနဲ့ အမေကို ဖုန်းနဲ့ပဲ လှမ်းကန်တော့မိတယ်။ အဖေနဲ့ အမေကလည်း ဖုန်းထဲက ဆုတွေပေးလို့ပေါ့။ အဖေနဲ့ အမေ သက်ရှိထင်ရှား ရှိနေပါလျက်နဲ့ ကိုယ်ထိလက်ရောက် မကန်တော့နိုင်တဲ့ ဘ၀ကို ကျွန်တော် နည်းနည်းမျှ မကျေနပ်တာတော့ အမှန်ပါပဲ။

တကယ်တော့ အစ်ကိုကြီးရယ်၊ ညီလေးရယ်၊ ကျွန်တော်ရယ် ဟိုးငယ်ငယ်ကတည်းက လူစုံပြီဆို အတူတူ ကန်တော့နေကျ။ အဲဒီလို မကန်တော့ရတာလည်း နှစ်တွေ ဘယ်လောက်ကြာသွားပြီလဲလို့ ကျွန်တော် မမှတ်မိတော့ပါဘူး။ အခုလို တစ်ယောက်တည်း ခွဲနေပြီးမှ မိဘတွေကို ဖုန်းနဲ့ကန်တော့ခဲ့ရ တာတော့ လေးနှစ်ဖြစ်သွားခဲ့ပါပြီ။

အဖေနဲ့အမေက နှုတ်ကနေ တဖွဖွ ရွတ်လို့ ပေးတဲ့ဆုတွေလည်း ကိုယ်ထိလက်ရောက် မယူနိုင်ခဲ့တော့တာ ကြာပြီပေါ့။ ညီအစ်ကိုတစ်တွေ စုံပြီး ကန်တော့ရမယ့် အခိုက်အတန့်လေးကိုတော့ ကျွန်တော် လိုချင် တပ်မက်နေမိသေးတယ်။ ကျွန်တော့်အတွက်ကတော့ နှစ်တိုင်း မိဝေးဘဝေး သီတင်းကျွတ် ပါပဲ။

မြတ်စွာဘုရားဟာ တာဝတိံသာနတ်ပြည်က သူ့မိခင်ဖြစ်ခဲ့ဖူးတဲ့ နတ်သားကို ၀ါတွင်းသုံးလကာလမှာ တရားတွေ ဟောပြီး ပြန်ကြွလာတဲ့အခါ လူ့ပြည်ကနေ ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းတွေနဲ့ ကြိုကြတယ်တဲ့။ ဆီမီးတွေလည်း ပူဇော်လို့ပေါ့။ ဒါဟာ သီတင်းကျွတ်ရဲ့ အဓိပ္ပါယ်ပါ။ အဓိကက မြတ်စွာဘုရားက မိဘကို မွေးကျေးဇူးဆပ်တယ်ဆိုတဲ့ သဘောလို့ ကျွန်တော်တို့ နားလည်ရပါတယ်။ ဒါပေမဲ့ နို့တစ်လုံးဖိုး ကျေတယ်ဆိုတာတော့ မဟုတ်ပါဘူးလို့ စာတွေထဲမှာ ကျွန်တော်မှတ်သားဖူးပါတယ်။ မိဘမေတ္တာကို အဲဒီလို တိုင်းယူမရ စကောင်းပါဘူး။ ဘုရားလည်း မဟောပါဘူး။

ဒါပေမဲ့ သီတင်းကျွတ်ဆိုတာ ပျော်ရုံမဟုတ်ဘဲ မိဘကို ကန်တော့ရတယ်ဆိုတဲ့ အသိလေးတစ်ခု ကျွန်တော်တို့ မြန်မာလူမျိုး ဗုဒ္ဓဘာသာတွေ ကြားမှာရှိနေသေးတာကိုက ကျေနပ်စရာပါ။ သီတင်းကျွတ်ရောက်ရင် မိဘတွေကို ကန်တော့ဖို့ အလုပ်ထဲက မနက်ပိုင်းလုပ်တဲ့ အစည်း အဝေးမှာ မြန်မာတွေကို အမြဲပြောပြ ဖြစ်ပါတယ်။ ဒီမနက်တောင် ကျွန်တော်သူတို့ကို သတိပေးခဲ့ ပါသေးတယ်။ မြန်မာမှန်ရင်တော့ မြန်မာပြည်က သီတင်းကျွတ်ကို လွမ်းတတ်ကြတာပါပဲ။

အခုလို သီတင်းကျွတ်တော့ ကျွန်တော်ခံစားနေရတဲ့ အဝေးက သီတင်းကျွတ်၊ မိဝေးဘဝေး သီတင်းကျွတ် အတွက် စိတ်ဖြေသိမ့်စရာ တစ်ခုတော့ ရှိပါတယ်။ ညီအစ်ကိုတစ်တွေနဲ့ မိဘတွေကို စုံပြီး မကန်တော့နိုင်တဲ့ အချိန်၊ အဖေနဲ့အမေကို ကိုယ်ထိကာယ မကန်တော့နိုင်တဲ့ အချိန်မှာ ကျွန်တော် သီချင်းတစ်ပုဒ်ကို နားထောင်ပစ်လိုက်တာပါပဲ။

အဲဒီသီချင်းက ဟင်္သာတထွန်းရင် သူကိုယ်တိုင်ရေးပြီး သူကိုယ်တိုင်ဆိုထားတာပါ။ 'မိသားစုကန်တော့ပွဲ' လို့ ခေါင်းစဉ်ပေးထားပါတယ်။ ဒီလိုသီတင်းကျွတ်မှာ ဒီလို သီချင်းမျိုးကို နားထောင်မိရင် ရင်ထဲထိတဲ့ အထိ ခံစားရပါတယ်။ ခံစားကြည့်ပါဦး။

ကျေးဇူးတင်ပါတယ် ဟင်္သာတထွန်းရင် ခင်ဗျား။      ။

သားလတ်
၂၁း၅၆ နာရီ
၃၁.၁၀.၁၂



Monday, October 29, 2012

" နှလုံးသားကလာတဲ့စာ မေတ္တာပါတဲ့စကား "(၂)


ချစ်သူ....

လူတစ်ယောက်ရဲ့ မွေးနေ့လို့ ပြောရင် ဘာကိုရည်ရွယ်ပြီး ပြောကြတာပါလဲ။ ကိုယ်အကြိမ်ကြိမ် စဉ်းစားဖူးတယ်။ လူတစ်ယောက်ကို တစ်ကြိမ် မွေးဖွားခဲ့ပြီးပြီ။ အဲဒီလူကို သူ့ရဲ့မိခင်က မွေးဖွားခဲ့တာ။ ဒါပေမဲ့ မွေးနေ့ဆိုတာ တစ်ကြိမ်နဲ့ မပြီးခဲ့ပါဘူး။ မွေးနေ့ဆိုတာ နှစ်တစ်နှစ်ရဲ့ ကိုယ့်ကိုမွေးတဲ့ ရက် ရောက်ရင် အဲဒီနေ့ကိုလည်း မွေးနေ့လို့ သတ်မှတ်ပြီး တစ်နှစ်တိုးသွားတဲ့ အထိမ်း အမှတ်နဲ့ မွေးနေ့ဆိုပြီး သတ်မှတ်ကြတယ်လို့ ကိုယ်နားလည်မိတယ်။

ဒီနေ့ ကိုယ့်ချစ်သူရဲ့ မွေးနေ့လေ။ အိပ်ရာနိုးတာနဲ့ ချစ်သူရဲ့ မျက်လုံးလေးတွေထဲမှာ ကိုယ့်ကို မြင်ယောင်နေမလား။ ကိုယ်တွေးနေမိတယ်။ မွေးနေ့အတွက် ကြိုပို့လိုက်တဲ့ လက်ဆောင်လေးတွေကိုရော အိပ်ရာကနိုးရင် တစ်ခါပြန်ကြည့် နေမလား။ ချစ်သူကို မွေးဖွားပေးခဲ့တဲ့ ချစ်သူရဲ့ အမေကိုတော့ ကိုယ် ကျေးဇူးတင်နေမိတယ်။ ဒီဘ၀မှာ ကိုယ်နဲ့ ချစ်သူ ဆုံစည်းခွင့် ရခဲ့တဲ့ အတွက်ပါ။

ချစ်သူ.....

မွေးနေ့တိုင်းမှာ လူတွေကို အသစ်တစ်ဖန် ပြန်လည်မွေးဖွားတယ်လို့ ကိုယ်ယူဆတယ်။ ဒါပေမဲ့ အဲဒီမွေးနေ့နဲ့ မတူတဲ့ နောက်ထပ် မွေးနေ့တစ်ရက် ရှိသေးတယ်။ အချစ်ကို မွေးဖွားခွင့် ရခဲ့တဲ့ မွေးနေ့လေးပါ။

မှတ်မိဦးမလား ချစ်သူ။ တစ်နေရာ........တစ်ရက်..........တစ်မနက်.....ကိုယ်တို့ဆုံခွင့် ရခဲ့တယ်။ လှပတဲ့ နှင်းတွေကြား အချစ်က ကိုယ်တို့ကို ကျီစယ်ကစားခဲ့လို့ပေါ့။ ဆောင်းတဲ့........။ အေးမြနေမှာ။ ဒါပေမဲ့ ကိုယ်တို့ နွေးထွေးခဲ့ရတယ်။ အချစ်လေ။ စမြင်ကတည်းက ချစ်ခဲ့တာ။ ချစ်သူတော့ မသိခဲ့ပါဘူး။ ကိုယ်က တိတ်တိတ်လေး ကျိတ်ချစ်ခဲ့ရတာလေ။

ဒီလိုနဲ့ ကာလတစ်ခုကို ဖြတ်ခဲ့တယ်။ အချစ်က ရင်ထဲမှာ ပိုပြီး ရှင်သန်ကြီးထွားလို့ပေါ့။ နောက်ဆုံးတော့ ချစ်သူကို ချစ်တယ်ပြောရင်း ချစ်ခြင်းကို သက်ရောက်စေခဲ့တယ်။ စဉ်းစားပါရစေ ဆိုတဲ့ စကားလေးနဲ့ လှပတဲ့ အနာဂတ်တစ်ခုကို ရဖို့၊ ပြီးတော့ ရောက်ဖို့ ကိုယ့်နေ့တွေ မျှော်လင့်ခြင်းကြားမှာ နိုးထ ရှင်သန်ခဲ့ရတာပေါ့။

နောက်ဆုံးတော့ လူတစ်ယောက်ကို လူတစ်ယောက်က ပြန်လည် ရှင်သန်ခွင့်ပေးခဲ့တဲ့ မွေးနေ့လေး တစ်နေ့ကို ကိုယ်ရခဲ့တယ်။ ကျေးဇူးပါ ချစ်သူ။ ချစ်ခြင်းနဲ့ ကမ္ဘာမြေရဲ့ မနက်ဖြန်တွေကို ကိုယ်ရဲရဲကြီး ရင်ဆိုင်ခွင့် ရခဲ့ပြီ။ ချစ်သူကို မွေးဖွားခဲ့တဲ့ နေ့ကလေး တစ်နေ့ဟာ ချစ်သူရဲ့ မွေးနေ့ဆိုရင် ချစ်သူနဲ့အတူ အချစ်တွေကို ကိုယ်ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ နေ့ကလေးကတော့ ကိုယ့်ကို ရှင်သန်အောင်မွေးဖွား ပေးခဲ့တဲ့ အချစ်ရဲ့ မွေးနေ့လေးတစ်ရက်လို့ ကိုယ်ယုံကြည်နေမိတယ်။

ချစ်သူ.......

အခု ကြုံရတဲ့ မွေးနေ့ကစလို့ နောက်နှစ်များစွာတိုင် ကျန်းကျန်းမာမာ၊ ချမ်းချမ်းသာသာနဲ့ ကိုယ်နဲ့အတူ လက်တွဲလို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ရှေ့ခရီးဆက်နိုင်ပါစေ။ ချစ်ခြင်းအတွက် အေးမြတဲ့ မေတ္တာတရားနဲ့ အတူ ဘ၀ရဲ့ အဆိုးအကောင်းတွေကို မျှဝေခံစားလို့ ရဲရဲကြီး ရှေ့ဆက်နိုင်ပါစေ။

ကိုယ်တို့ မျှော်လင့်ထားတဲ့ အနာဂတ် အချစ်အိမ်လေးမှာ ကိုယ်တို့အတွက် ပျော်စရာကောင်းတဲ့ ဘ၀ကို ဖန်တီးတည်ဆောက်ရင်း လောကတွင်းမှာ ငြိမ်းအေးခြင်းနဲ့အတူ လျှောက်လှမ်းနိုင်ပါစေ။

အစဉ်ထာဝရ အတွက်ကတော့ ကိုယ့်ရင်ခွင်မှာ မှီအိပ်လို့ မေတ္တာရဲ့ လေးနက်သိမ်မွေ့ခြင်းကို သိမ်းပိုက်နိုင်ပါစေ။

ပျော်ရွှင်ပါစေ ချစ်သူ.........။

သားလတ်
၁၉း၀၁ နာရီ
၂၈.၁၀.၂၀၁၂

(  ချစ်သူရဲ့ မွေးနေ့အတွက်ပါ )

Saturday, October 27, 2012

" ကျွန်တော်နှင့် ပတ်စ်ပို့တစ်အုပ်၏ မှတ်တမ်း "


ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းမှာ ကျွန်တော့်ပတ်စ်ပို့စ်စာအုပ် သက်တမ်းတိုးဖို့လိုလို့ စင်ကာပူမှာ ရှိတဲ့ မြန်မာ သံရုံးကို သွားဖို့ စ စီစဉ်ရပါတယ်။ စီစဉ်ရတယ် ဆိုတာက အရင်တုန်းကလို တန်းစီရတာ မဟုတ်ဘဲ Q နံပါတ်လို့ ခေါ်တဲ့ တန်းစီနံပါတ်ကို အွန်လိုင်းကနေ ယူရလို့ပါ။ ဒါဟာ ပြောင်းလဲလာတဲ့ စနစ်တစ်ခုမို့ ကျွန်တော်တော့ ၀မ်းသာမိပါတယ်။

ဒါနဲ့ပဲ www.mesingapore.org.sg မှာဝင်ပြီး စာတွေလိုက်ဖတ်၊ မှတ်ပုံတင်၊ ဖောင်ဖြည့်၊ အားလုံးပြီးပြီဆိုမှ Q နံပါတ် ပါတဲ့ စာရွက် အပါအ၀င် ၃ ရွက်ကို ကိုယ့်ဘာသာ Print Out ထုတ်ပြီး စာတွေဖြည့်၊ ဓာတ်ပုံကပ် လုပ်ရပါတယ်။ အဲဒီစာရွက်မှာ ရက်ချိန်းနဲ့ Q နံပါတ် ပါပြီးသားပါ။ ရက်ချိန်းကတော့ သူတို့အဆင်ပြေတဲ့ရက်ကို ပြထားလို့ ကိုယ်ကြိုက်တဲ့ရက်ကို ရွေးပြီး အဆင်ပြေတယ်ဆို သွားရုံပါပဲ။ ဒါလည်း ကောင်းပါတယ်။ အရင်ကလို ကိုယ်သွားချင်တဲ့ရက်သွား၊ တန်းစီ၊ တိုးကြ၊ ကျိတ်ကြနဲ့ ဒီလို ဒုက္ခတွေ မရှိတော့ဘူးပေါ့။

ဖြစ်ချင်တော့ ကျွန်တော့်အလုပ်က ကောင်လေးတချို့က သွားထားတာ သိပ်မကြာသေးတော့ သူတို့ကို ကျွန်တော်က မေးကြည့်တယ်။ Q နံပါတ်တော့ ရပြီးပြီ။ စောစောပဲ သွားရမလား ဆိုတော့ စောစောသွားတာ စိတ်ချရတယ်တဲ့။

ဒီလိုနဲ့ သံရုံးက ပေးထားတဲ့ရက်ရောက်တော့ မနက်ဘက် အတတ်နိုင်ဆုံး စောစောရောက်အောင် စောစော ထသွားလိုက်ပါတယ်။ ခြောက်နာရီခွဲလောက် သံရုံးရှေ့ရောက်တော့ မိုးကဖွဲဖွဲလေးကျလို့။ ကျွန်တော်သိတယ်။ တစ်ခုခုတော့ မှားနေပြီလို့။ ဘာဖြစ်လို့လဲဆိုတော့ တစ်ယောက်မှ မတွေ့ရလို့ပါ။ ကျွန်တော်တစ်ယောက်တည်း အစောဆုံးကို။

ဒါနဲ့ အုတ်ဘောင်လေးပေါ် ခဏထိုင်နေတုန်း အထဲက လုံခြုံရေးဝန်ထမ်းကြီးက Q နံပါတ်ယူပြီးသားလားတဲ့။ ဟုတ်တယ် ဆိုတော့ အဲဒါဆို ၉ နာရီလောက်မှလာရင် ရတယ်တဲ့။ ပြီးရော။ ကျွန်တော် သေချာအောင် ထပ်မေးပါတယ်။ ဟုတ်တယ်တဲ့။ ကဲ-ဒါဆိုလည်း ဘယ်သူမျှ မရှိမယ့် အတူတူတော့ အနီးဆုံး ကားမှတ်တိုင်ဘက် ထွက်ခဲ့ပြီး ကိုယ့်ဘာသာ ဖုန်းသာ ကလိနေလိုက်ပါတယ်။

ခုနစ်နာရီခွဲလောက်ရောက်တော့ စိတ်ထဲက သိပ်နေလို့မရတာနဲ့ တစ်ခေါက် ပြန်သွားတော့ ကျွန်တော့်လို စောရောက်လာတဲ့ နောက်တစ်ယောက်နဲ့ တွေ့ပါတယ်။ သူက ကျွန်တော့်ထက် ပိုဆိုးပါတယ်။ ကားငှားလာတာတဲ့လေ။ သူလည်း ဒီရောက်မှ သိတာတဲ့။ ဒါနဲ့ ကျွန်တော်တို့ နှစ်ယောက် စကားလက်ဆုံကျပါတော့တယ်။

ရှစ်နာရီလောက်ကျတော့ တံခါးဖွင့်တာနဲ့ အထဲက အမိုးပါတဲ့ အဆောင်မှာ ကျွန်တော်တို့ ၀င်ထိုင်ကြပါတယ်။ အဲဒီအချိန်မှာ ဗီဇာလျှောက်မယ်လို့ ထင်ရတဲ့ နိုင်ငံခြားသား၊ နိုင်ငံခြား သူတွေလည်း ရောက်လာပါတယ်။ သူတို့လည်း ကျွန်တော်တို့လို နာရီမမေးဘဲ၊ မစုံစမ်းဘဲ ရောက်လာတာလို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရောက်ရောက်ချင်း သူတို့မြင်တဲ့  'သည်နေရာတွင် တန်းစီပါ ' ဆိုတဲ့ ဆိုင်းဘုတ်ကို သွားဖတ်ပြီး တန်းစီဖို့ ပြင်နေလို့ပါ။

ဒါပေမဲ့ အဲဒီလို တန်းစီဖို့လုပ်နေတုန်း သံရုံးက လုံခြုံရေး အဘိုးကြီးကပဲ စာရွက်ဖြစ်ဖြစ် ချထားရင် ရပြီဆိုပြီး ရှင်းပြလိုက်တော့ အဲဒီ နိုင်ငံခြားသား၊ နိုင်ငံခြားသူတွေလည်း ရှိတဲ့စာရွက်လေးတွေ ချထားကြပါတယ်။ တချို့ကတော့ သံရုံးလာတဲ့သူတွေ ဖတ်ဖို့တင်ထားတဲ့ သတင်းစာ စက္ကူတွေကို ယူပြီးချကြပါတယ်။ အဲဒီမှာပဲ လူရဲ့သဘာဝ သူများတန်းစီတော့ တချို့လူတွေလည်း ရောပြီး စာရွက်တွေ သွားချကြပါတယ်။ အမှန်က သူတို့လည်း ကျွန်တော့်လို Q နံပါတ်ယူပြီးသားပါ။ ဒီတော့ ခုန လုံခြုံရေးဝန်ထမ်း အဘိုးကြီးကပဲ အင်တာနက်က ယူပြီးသားဆို မလိုဘူးဆိုပြီး ရှင်းထုတ်နေရတော့တာပါပဲ။ အဲဒီတန်းစီတဲ့နေရာမှာ ရေးထား တာလည်း ရှင်းပါတယ်။ Q နံပါတ်ကို သံရုံးမှာ လုံးဝထုတ်မပေးပါဘူးတဲ့။ ဒါလည်းကောင်းတာပါပဲ။ လုံးဝ ပြတ်ပြတ်သားသားသိရတာပေါ့။

ကျွန်တော်လည်း ပါလာတဲ့ စာရွက်မှာ ရေးထားတာတွေ ပြန်ဖတ်မှ မနက် ၉ နာရီ သံရုံးကိုလာပါ ဆိုတာကို ပြန်တွေ့ရတော့တာ။ ကိုယ့်ဘာသာ မျက်စိလျှမ်းတယ်ပဲ တွေးပါတယ်။ အလုပ်ထဲက ညီလေးတွေက သူတို့သွားတုန်းကတော့ တန်းစီရတာပဲလို့ ဆိုနေပါသေးတယ်။ ထားပါတော့။

ဒီလိုနဲ့ ကျွန်တော်လည်း စာရွက်တွေနဲ့ လူနေရာအတွက် တန်းစီ၊ နေရာဦးနေတဲ့ နိုင်ငံခြားသားတွေကို ကြည့်ရင်း ကိုယ်ရထားတဲ့ ထိုင်ခုံလေးမှာ မှေးနေတုန်း ကျွန်တော့်ရှေ့တည့်တည့်က ထိုင်ခုံမှာ အဖြူမလို့ ကျွန်တော်တို့ အလွယ်ခေါ်တဲ့ နိုင်ငံခြားသူတစ်ယောက် လာထိုင်ပါတယ်။ သူမလည်း အများနည်းတူ စာရွက်လေးချပြီး လာထိုင်တာပါ။

ဒါပေမဲ့ ခဏနေတော့ သူမလက်ထဲမှာ ကင်မရာလေးပါ ကိုင်ထားတာတွေ့လိုက်ရတော့ ကျွန်တော်က ဘာလုပ်မလို့ပါလိမ့်လို့ စောင့်ကြည့်နေတုန်း သူမက အဲဒီစာရွက်တွေ စီထားတဲ့ ကောင်တာရှိတဲ့နေရာကို ဓာတ်ပုံရိုက်ချလိုက်ပါတော့တယ်။ ကျွန်တော့်စိတ်ထဲကတော့ ပြဿနာပဲလို့ တွေးမိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူက ကျွန်တော်တို့နိုင်ငံကို သွားမှာလေ။ သူ့ဘာသာ သွားပဲလည်လည်၊ စီးပွားရေးပဲ လုပ်လုပ်၊ သူ့စိတ်ထဲမှာ ငါ မြန်မာနိုင်ငံ သွားဖို့ သံရုံးမှာ ဗီဇာလျှောက်တာ၊ အဲဒီလို စာရွက်လေးချပြီး နေရာဦးရတာ။ မယုံရင် ဒီဓာတ်ပုံကြည့်ပါလားဆို ကျွန်တော်တို့ သေပြီပေါ့ဗျာ။ ပြီးတော့ ကျွန်တော့်စိတ်ထဲ ဪ-သံရုံးဆိုတာ ငါတို့နိုင်ငံကို လာလည်မယ့် လူတွေအတွက်ဆို နိုင်ငံရဲ့ ပထမတံခါးပါလား လို့ တွေးမိပါတယ်။

ဒီအဖြူမ သူ့ဘာသာ သံရုံးဝက်ဘ်ဆိုဒ် သေသေချာချာ ဖတ်မလာဘဲနဲ့လို့တော့ ကျွန်တော်တွေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမှာ ဗီဇာအတွက် အချိန်ကို ဖော်ပြပြီးသားလေ။ ကျွန်တော်တို့လို Q နံပါတ်ယူပြီးသား လူတွေအတွက်လည်း ၉ နာရီလာပါဆိုတာ ပါပြီးသား။ ကျွန်တော်ကသာ ဘာလုပ်လုပ် စိတ်ပူတတ်လို့ စောရောက်သွားတာ။

တစ်ခုပါပဲ။ အဖြူမတွေ၊ အဖြူကောင်တွေက ဆိုဒ်ကို သေသေချာချာ မဖတ်မိဘဲ သူတို့စိတ်ထဲ စလုံးကရုံးတွေလို ရှစ်နာရီစဖွင့်တယ်လို့ ထင်နေကြတာ ဖြစ်မှာ။ ကျွန်တော်တို့ စောင့်နေတုန်း ၉ နာရီလောက်မှာ ၀န်ထမ်းတွေ ရောက်လာတာတွေ့ပါတယ်။ ခဏနေတော့ ဗီဇာသမားတွေ အတွက် စ လုပ်ပေးနေပါပြီ။

အဲဒီမှာ ပတ်စ်ပို့အတွက် ဓာတ်ပုံရိုက်မယ့်လူတွေကို စခေါ်တော့ တန်းစီရပါတယ်။ ကျွန်တော်က အီး ပတ်စ်ပို့ဆိုတဲ့ စာအုပ်အသစ် လဲပြီးသားဆိုတော့ ဓာတ်ပုံရိုက်စရာ မလိုဘူးလို့ တွေးပါတယ်။ ကျွန်တော့်စာအုပ်မှာ မြန်မာပြည်ပြန်ထားတာနဲ့ မလေးရှားသွားထားတဲ့ ဗီဇာတုံးထုထားတာကလွဲရင် ကျန်စာမျက်နှာတွေက အလွတ်ကြီးပါ။

အဲဒီလိုနဲ့ မနက် ခြောက်နာရီခွဲမှာ သံရုံးရှေ့ရောက်တဲ့ ကျွန်တော်၊ ဆယ့်တစ်နာရီထိုးခါနီးမှာ အလှည့်ကျပါတယ်။ ပါလာတဲ့စာရွက်တွေကို ကောင်တာက ၀န်ထမ်းကိုပြပြီး သူက အခွန်တွက်ပါတယ်။ အမှန်အတိုင်း ပြောပါမယ်။ စကားပြော တော်တော်ယဉ်ကျေးပါတယ်။ ကျွန်တော် သဘောကျပါတယ်။ ကိုယ့်မြန်မာချင်းတွေကို ကူညီနေတဲ့ ရုံးမဟုတ်လားဗျာ။ အဲဒီလိုလေး သိရတာ ၀မ်းသာပါတယ်။

အဲဒီဝန်ထမ်းက အခွန်တွက်ပြီး ကျွန်တော့်ကို ဖြတ်ပိုင်းတစ်စောင် ထုတ်ပေးပါတယ်။ အခွန်ဆောင်ဖို့ တွက်ထားတာပါ။ ကျသင့်ငွေကို ညနေမှ ရှင်းရမှာပါတဲ့။ ဪ-ဒီလိုလားပေါ့။ အရင်တုန်းက အခွန် ဆောင်ဖူးတာလည်း ကြာပြီဆိုတော့ မမှတ်မိတော့ပါဘူး။ ပြီးတော့ သူကဆက်ပြောပါတယ်။ အွန်လိုင်းအတွက် ငါးကျပ်ပေးရပါမယ်တဲ့။ ကျွန်တော်နည်းနည်း ကြောင်သွားပါတယ်။ အွန်လိုင်း ၀က်ဘ်ဆိုဒ်လေးတွေ့လို့ကျွန်တော့်ဘာသာဖတ်၊ ကျွန်တော့်Printerနဲ့ ကျွန်တော့်ဘာသာ စာရွက်သုံးရွက် ထုတ်လာတာ သံရုံးရောက်မှ ငါးကျပ်ပေးရတယ် ဆိုတော့ ကျွန်တော် နည်းနည်းတော့ တွေဝေမိတာပါပဲ။ ဒီတော့ အဲဒါဘာအတွက်လဲ လို့မေးတော့ အွန်လိုင်းအတွက်ပါတဲ့။ စဉ်းစားပြီး သူတို့ဆော့ဖ်ဝဲလ် အတွက် ဖြစ်မယ်လို့ တွေးမိပါတယ်။

ကျွန်တော် မြန်မာလူမျိုးဖြစ်လို့ သူများပေးဆို ကိုယ်ပေးပါတယ်။ ဘာမျှမပြောဘဲ ငါးကျပ်ပေးလိုက်ပါတယ်။ မပြီးသေးပါဘူး။ သူကထပ်ပြောပါသေးတယ်။ ဓာတ်ပုံရိုက်သွားလိုက်ဦးနော်တဲ့။ ခင်ဗျာလို့။ ဟုတ်တယ်လေ။ ကျွန်တော်က အီးပတ်စ်ပို့ဆိုတာကို လဲထားတာနှစ်နှစ်ပဲ ရှိသေးတာ။ အဲဒါကို ထပ်လဲရမယ်ဆိုတော့.......။ ကျွန်တော်နားမလည်လို့ သူ့ကို ထပ်မေးပါတယ်။ သူကလည်း စိတ်ရှည်လက်ရှည် ရှင်းပြပါတယ်။ တစ်အုပ်လုံး အသစ်လဲပေးမှာတဲ့။ ဒါကြောင့် ဓာတ်ပုံရိုက်ရတာပါတဲ့လေ။

ဒါနဲ့ ဓာတ်ပုံ ရိုက်ဖို့ ၀င်တန်းစီပြီး ငါးကျပ်ပေးလို့ ကျွန်တော့်ရဲ့ မလှမပပုံကို ထပ်ပြီး ဓာတ်ပုံ ရိုက်ရပါတော့တယ်။ စိတ်ထဲကတော့ သိပ်မရှင်းသေးတာနဲ့ ဓာတ်ပုံရိုက်ပေးတဲ့လူကိုပါ ထပ်မေးတော့ ဟုတ်တယ်၊ စာအုပ်တစ်အုပ်လုံး အသစ်လဲမှာလို့ ရှင်းပြရှာပါတယ်။ ဒီတော့ ကျွန်တော်လည်း ကဲ-ငါတစ်ယောက်တည်းမှ မဟုတ်တာလို့ တွေးပြီး ဓာတ်ပုံခန်းထဲက ထွက်ခဲ့ပါတော့တယ်။

အဲဒီမှာ ပြောစရာလေးတွေ ရှိတာက သံရုံးမှာ လာပြီး အခွန်ဆောင်၊ စာအုပ်လဲ စတဲ့ ကိစ္စပေါင်းစုံနဲ့ လာသူတွေပါ။ ကျွန်တော်ပြောခဲ့ပါတယ်။ မနက်အစောကြီးမှာ ကျွန်တော့်လို စောစောလာခဲ့လို့ ကျွန်တော်နဲ့ စကားလက်ဆုံကျခဲ့တဲ့ လူတစ်ယောက် ရှိပါတယ်လို့။

သူကပြောတော့ သူ့မှာ မိသားစုနဲ့ပါ။ သူ သံရုံးကိုလာတာ သူ့သူငယ်ချင်းတစ်ယောက်ရဲ့ အသိက စာအုပ် အသစ်လဲ၊ အခွန်ဆောင်မှာမို့ သူငယ်ချင်းမအားလို့ လာကူညီပေးတာလို့ ပြောပါတယ်။ အဲဒီမှာပဲ သူကူညီပေးတယ် ဆိုတဲ့ အမျိုးသမီးရောက်လာတော့ သူလည်း လုပ်စရာ ရှိတာတွေ ပြောပြနေပါတယ်။ အဲဒီ အစ်မက Home maid လုပ်တာပါတဲ့။ ခဏနေတော့ Q နံပါတ် အလှည့်ကျတာ စောင့်ရင်း ကျွန်တော် သတိထားမိလိုက်တာက သူတို့ နှစ်ယောက်ရဲ့ ရင်းနှီးမှုပါ။

မိသားစု ရှိတယ်ဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ ကူညီမှုက အဖြူထည် သက်သက်လား၊ ဘာလားတော့ မသိပေမယ့် သူတို့ရဲ့ ရင်းနှီးမှုကတော့ သာမန်မဟုတ်ဘူး ဆိုတာ ကျွန်တော် ရိပ်မိလိုက်ပါတယ်။ အဲဒီအစ်မ ငွေလိုလည်း သူကငွေစိုက်၊ ထိုင်တော့လည်း လက်ပွန်းတတီး။ ပြီးရောပေါ့။

ဒါနဲ့ ကျွန်တော်လည်း ကျွန်တော့် မျက်စိရှေ့က မြင်နေတာတွေမှာ အာရုံက ၀င်စားနေပါတော့တယ်။ အဲဒီမှာ သတိထားမိတာက Home maid အဖြစ် လုပ်နေတဲ့ ကျွန်တော်တို့ မြန်မာမလေးတွေပါ။ တချို့က သူတို့ အိမ်ရှင်က ကားနဲ့လာပို့ပြီး သံရုံးမှာ ထားခဲ့ပါတယ်။ ကိုယ့်ဘာသာလုပ်ပေါ့။ တချို့ကျတော့ အဲဒီလို မဟုတ်ပါဘူး။ အိမ်ရှင်ပါလိုက်လာပြီး လိုက်လုပ်ပေးပါတယ်။ တန်းစီတာ၊ ငွေပေးတာ၊ အားလုံးပါ။ သူတို့အိမ်က ကလေးတွေပါ ခေါ်ချလာတာပါ။

တချို့ကျတော့ အိမ်ရှင် အမျိုးသမီးတစ်ယောက်တည်း လိုက်လာပါတယ်။ ပြီးတော့ သူတို့လို အိမ်ရှင်ချင်း တွေ့လို့ အသိတွေဆို စကားလက်ဆုံ ကျနေပါတော့တယ်။ သူတို့လို အိမ်ရှင်တွေ စကားလက်ဆုံ ကျသလို၊ သူတို့ရဲ့ Maid တွေကလည်း စကားလက်ဆုံ ကျနေပြန်ပါတယ်။ ကြည့်ရတာ သူတို့တစ်တွေ စင်ကာပူလာတုန်းက အေးဂျင့် အတူတူတွေ ပဲ ထင်ပါရဲ့။

ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော် စိတ်မကောင်းပါဘူး။ တစ်ပြည်တစ်ရွာက လာပြီး သူတို့ငွေရှာရတာ မလွယ်ဘူး ဆိုတာ အားလုံးကို သိစေချင်မိတယ်။ သူတို့ပြောနေတဲ့ အသံတွေက နားမထောင်လည်း ကြားနေရတယ်။ အိမ်ရှင်က မပြီးသေးဘူးလား ဆိုပြီး ဖုန်းတွေခေါ်နေတာ၊ ဖုန်းခေါ်လို့ ယောကျာ်းလေးသံ ကြားရင် ရည်းစားလား၊ ဘာလား တအားမေးတာ( သူတို့ကလည်း ဘယ်လို သဘောတူညီချက်၊ စည်းကမ်းတွေနဲ့ ထားလဲတော့ မသိဘူး။ သူတို့ချင်း ပြောနေတာတော့ အိမ်ထောင်ပြုတာမဟုတ်ဘူး၊ ရည်းစားထားတာတဲ့လေ၊ ဘာဖြစ်လဲတဲ့ ) ၊ တစ်မိသားစုလုံး လိုက်လာပြီး မပြီးမှာစိုးလို့ သူတို့ပါ ၀င်တန်းစီ၊ ၀ိုင်းလုပ်နဲ့ အားလုံးပြီးတော့ တစ်ပါတည်း ပြန်ခေါ်သွားတာ၊ ( မနက်ပိုင်းကိုပဲနော်၊ ညနေတစ်ခေါက်က သတ်သတ် ပြန်ခေါ်လာတာ၊ ဒါမှ အိမ်ကအလုပ်တွေပါ လုပ်လို့ရမှာပေါ့ )၊ ပြီးတော့ အိမ်ရှင် အမျိုးသမီးက သူအားမှ ပတ်စ်ပို့ သက်တမ်းတိုးရမယ် ဆိုပြီး တားထားလို့ စာအုပ်က သက်တမ်းကုန်ခါနီးနေတာကို မနည်းရှင်းပြပြီး ထွက်လာရတာ၊ စုံနေတာပါပဲ။ ဒါပေမဲ့ သူတို့တစ်တွေ တွေ့တဲ့အချိန်မှာတော့ စလိုက်နောက်လိုက်နဲ့ ပျော်နေကြတာတွေ့ပြီး ဘ၀ကို အဆင်ပြေသလို ဖြတ်သန်းနေကြပါလားလို့ သိလိုက်ရပါတယ်။

ကျွန်တော်ကတော့ ဓာတ်ပုံရိုက်ပြီး City Hall သွား၊ လုပ်စရာရှိတာလုပ်ပြီး ထမင်းစားပြီးတော့ တစ်ခေါက်ပြန်သွားပါတယ်။

နေ့ခင်းကတော့ အခွန်စဆောင်ရပါတယ်။ နာမည်နဲ့ခေါ်တာပါ။ ငွေဆောင်ပြီးရင် အခွန်ဆောင်တဲ့ စာရွက်ကို မိတ္တူဆွဲဖို့ ပြား ၂၀ လိုပါတယ်။ ကျွန်တော့်မှာ ငါးမူးစေ့ပဲ ပါလို့ ပြားနှစ်ဆယ်ပါတဲ့ ဘေးက အမျိုးသမီး တစ်ယောက်က ကူညီလို့ အဆင်ပြေသွားပါတယ်။ သူ့ကိုတော့ ကျွန်တော့်မှာရှိတဲ့ ငါးမူးပေးလိုက်ပါတယ်။ မြန်မာချင်းဆိုတော့ အဆင်ပြေပါတယ်။ အဲဒီ မိတ္တူဆွဲထားတဲ့ စာရွက်ရယ်၊ မနက်က အခွန်ဆောင်ဖို့ ငွေတွက် တုန်းက ပြန်ပေးလိုက်တဲ့ စာရွက်တွေရယ် ပေါင်းပြီး ကောင်တာ ၅ မှာ ပြန်ပြရပါတယ်။ တန်းစီရတာပါ။

အဲဒီကနေ မှန်ပြီဆိုမှ ကောင်တာ ၄ မှာ တစ်ခါ တန်းစီရပါတယ်။ အဲဒီမှာတော့ လက်ဗွေနှိပ်၊ အီလက်ထရောနစ် လက်မှတ်ထိုး၊ အားလုံးပြီးရင် စာရွက်လေးတစ်ရွက် နောက်နေ့ ပတ်စ်ပို့လာရွေးဖို့ ဆိုပြီး ထုတ်ပေးပါတယ်။ အဲဒါဆို ပြန်လို့ ရပါပြီ။ နောက်တစ်နေ့ ညနေမှ လာတော့ပေါ့။

နောက်နေ့ကျတော့ ကျွန်တော့် ငယ်သူငယ်ချင်း တစ်ယောက်က ကျွန်တော်ခွင့်ယူထားမှန်း သိလို့ သူ့ကားနဲ့ လာခေါ်ပြီး လက်ဖက်ရည်ဆိုင်ထိုင်ပြီး သံရုံးကို လိုက်ပို့ပေးပါတယ်။ ကျွန်တော်က ပတ်စ်ပို့ အသစ်လုပ်တာတွေ ပြောပြတော့ သူက တုံးမထုဘဲ စာအုပ်အသစ်လဲတာ နိုင်ငံတကာ ပုံစံလို့ ပြောပါတယ်။ စာအုပ်ရပြီး အဟောင်းပါ ပြန်ပေးတော့ အဲဒါလည်း နိုင်ငံတကာ ပုံစံတဲ့။ နံပါတ်ပါ အသစ်ပြောင်းသွားတော့ ကျွန်တော်တို့ အတွက် လေယာဉ်လက်မှတ် ၀ယ်ပြီးသားဆို နည်းနည်းတော့ ရှင်းရပါမယ်။ အဟောင်းပြန်ပြ ရမှာပါပဲ။ ဒီတစ်ခါထူးခြားချက်ကတော့ အရင် သုံးနှစ်သက်တမ်းကနေ အခု လေးနှစ်သက်တမ်း ဖြစ်သွား တာပါပဲ။ စာအုပ်ဖိုးကတော့ တစ်ရာ့ငါးဆယ်ပေးရပါတယ်။

ဘာပဲဖြစ်ဖြစ် ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ လုပ်ထုံးလုပ်နည်းတွေ ပြောင်းလာတဲ့ မြန်မာသံရုံးကို ကျွန်တော်တို့ ကြိုဆိုရပါမယ်။ နိုင်ငံတကာ ပုံစံတွေနဲ့ တဖြည်းဖြည်း ပြောင်းလဲယူနေတဲ့ ကာလတစ်ခုမှာတော့ ကျွန်တော်တို့တစ်တွေ အားလုံးနဲ့ ရင်းနှီး ကျွမ်းဝင်အောင် လုပ်ရပါတော့မယ်။

ကျွန်တော်ကတော့ တစ်ခါသွားရင် မူတစ်မျိုး ပြောင်းသလို ဖြစ်ဖြစ်သွားတဲ့ ကျွန်တော်တို့ မြန်မာ သံရုံးကို ရှေ့ဆက် ဒီထက်ပို တိုးတက်တဲ့ ပြောင်းလဲမှုတွေနဲ့ မြင်ချင်ပါသေးတယ်။ နောက်လေးနှစ်မှာ ကျွန်တော်လည်း စင်ကာပူမှာ ရှိချင်မှ ရှိတော့မှာပါ။

စင်ကာပူမှာ ရှိရှိ၊ မရှိရှိ သေချာတာက ကျွန်တော့်ရဲ့ ပတ်စ်ပို့စာအုပ် သက်တမ်း လေးနှစ် ပြည့်သွား ရင် နောက်ထပ်မရိုးနိုင်တဲ့ ဇာတ်လမ်းလေးတွေကို ကြုံရဦးမယ်ထင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်လုပ်ခဲ့တဲ့ ပတ်စ်ပို့ စာအုပ်လေးတွေတိုင်းမှာ နောက်ခံ ဇာတ်လမ်းလေးတွေ ရှိခဲ့လို့ပါပဲ။ အရင်အခေါက်တွေတုန်းက ပတ်စ်ပို့စာအုပ်အဟောင်းနဲ့ သံရုံးမှာ အိပ်ရေးပျက်၊ ချွေးထွက်အောင် တန်းစီ၊ စတဲ့ အမှတ်ရစရာလေးတွေ ရှိခဲ့ပေမယ့် ဒီတစ်ကြိမ်ကတော့ သံရုံးအပြင် နားနေဆောင်ထဲက မှတ်သားစရာလေးတွေ ကြားမြင်သိခဲ့ရတဲ့အတွက် ကျွန်တော်မေ့လို့ ရမယ်မထင်တော့ပါဘူး။

အဲဒီအတွက် ကျွန်တော်ကြုံခဲ့ရတာတွေဟာ ပတ်စ်ပို့တစ်အုပ်နဲ့အတူ မှတ်တမ်းတစ်ခုလို ရှိနေတော့မယ်လို့ ခံစားနေမိပါတော့တယ်။



ဆူးသစ်
၂၀း၀၇ နာရီ
၂၇.၁၀.၂၀၁၂


Related Posts Plugin for WordPress, Blogger...