Thursday, June 2, 2011

"ကျွန်တော့်မှတ်စု" (၃)


+ ဘယ်မိန်းမပဲဖြစ်စေ အကယ်၍ ကျွန်ုပ်နဲ့ ကံစပ်တဲ့ မိန်းမမျိုးရှိခဲ့ရင် ကျွန်ုပ်၏ရည်ရွယ်ချက်မှာ သူ့ကို ပျော်ရွှင်ကျေနပ်အောင် အတတ်နိုင်ဆုံး လုပ်ဆောင်ပေးမည် ဖြစ်သည်။ အကယ်၍ ယင်းသို့ ကြိုးပမ်းမှု မအောင်မြင်ခဲ့လျှင် ကျွန်ုပ်တို့ အဖြစ်ထက်ပို၍ စိတ်ဆင်းရဲစေခြင်းဖြစ်မည့် အကြောင်းချင်းရာမျိုးကို ကျွန်ုပ်စဉ်းစား၍ ရဖွယ်မရှိချေ။

[ ရှေးခေတ် အမေရိကန် သမ္မတကြီး အေဘရာဟင် လင်ကွန်း]

+ သူခိုးများသည် ပစ္စည်းကို လေးစားကြပေသည်။ သူတို့သည် ပစ္စည်းများကို သူတို့၏ ပစ္စည်းများ ဖြစ်လာစေချင်သည်မျှသာဖြစ်၏။ သို့မှသာ သူတို့က ပစ္စည်းများကို ပို၍ လေးစားနိုင်ပေမည်။

[အင်္ဂလိပ်အက်ဆေးဆရာကြီး ဂျီ-ကေ-ချက်စ်တာတန်]

+ လူသားကို မဆိုထားဘိ။ ဆင်၊ မြင်း၊ ကျွဲ၊ နွား များသည်ပင် ထူးခြားသော အရည်အသွေး ရှိလာက ဈေးမြင့်လာသည်။ တန်ဖိုးကြီးလာသည်။ ထူးခြားသော အရည်အချင်းဟူသည်မှာ အများက အသုံးဝင်သည်ဟု ထင်မှတ်လောက်အောင် အကျိုးပြုနိုင်ခြင်းပင်ဖြစ်သည်။ လှိုင်းတံပိုးတွေ ပြင်းထန်စွာ ထ၍ အောင်မြင်နေသော ပင်လယ်အော်ကြီးသည် သောက်ရေလိုသူတို့အတွက် လက်ယက်ရေချိုတွင်း ကလေးလောက် အဖိုးမတန်နိုင်။

+ မိမိ တစ်စုံတစ်ရာ မပေးကမ်းရပါဘဲနှင့် ချမ်းသာသွားသည်ကို အဘယ်ကြောင့် ၀မ်းမသာဘဲ ဖြစ်ရလေသနည်း။ ၀မ်းမသာတတ်၍ ၀မ်းမသာဘဲ နေချင်နေနိုင်သော်လည်း မနာလို မဖြစ်ရအောင် လေ့ကျင့်သင့်သည်။

[ ဦးသော်ဇင်]

+ အချစ်အတွက် အသက်စွန့်လွှတ်သူများသည် လူရူးများဖြစ်ကြ၏။ အကြောင်းမူကား အသက်စွန့်လွှတ်ခြင်းသည် အချစ်စွန့်လွှတ်ခြင်း မဟုတ်ပါလော။

[ပီမိုးနင်း -' ကြီးပွားရေးလမ်းညွှန်' စာအုပ်မှ]

+ သားသမီး (၃) မျိုး -
(၁) အတိဇာတ သားသမီး - မိဘထက် သီလ၊ သမာဓိ၊ ပညာ၊ အကျင့် သာလွန်သူ။
(၂) အနုဇာတ သားသမီး - မိဘနှင့် သီလ၊ သမာဓိ၊ ပညာ၊ အကျင့် တူညီသူ။
(၃)အ၀ဇာတ သားသမီး - မိဘအောက် သီလ၊ သမာဓိ၊ ပညာ၊ အကျင့် ညံ့ဖျင်းသူ။

1 comments:

Angelhlaing(May everybody be happy and healthy! said...

+ မိမိ တစ်စုံတစ်ရာ မပေးကမ်းရပါဘဲနှင့် ချမ်းသာသွားသည်ကို အဘယ်ကြောင့် ၀မ်းမသာဘဲ ဖြစ်ရလေသနည်း။ ၀မ်းမသာတတ်၍ ၀မ်းမသာဘဲ နေချင်နေနိုင်သော်လည်း မနာလို မဖြစ်ရအောင် လေ့ကျင့်သင့်သည်။

[ ဦးသော်ဇင်]....သဘောကျမိလို့ ကူးယူထားလိုက်ပြီအကို။

Related Posts Plugin for WordPress, Blogger...