Saturday, June 4, 2011

"ကျွန်တော် Citizen"


ကျွန်တော်တို့ လုပ်ကွက်ထဲမှာ ကြားရတာလေးတစ်ခု ထပ်ပြီး ဖောက်သည်ချပါရစေ။ ဖြစ်ပုံက သည်လိုပါ။

ကျွန်တော်တို့ လုပ်ကွက်ထဲက အလုပ်သမားလေး တစ်ယောက် မြို့ထဲဘက်သွားရင်း ကောင်မလေး တစ်ယောက် အကြွေစေ့ဖုန်းကို အကြွေတွေ နင်းကန်ထည့်နေတာ တွေ့သည်။ သူထည့်နေတာ ကြည့်တော့ ဆယ်ပြားစေ့များ။ သူက အနားသွားကာ မယောင်မလည်နှင့်ကြည့်တော့ မြန်မာမလေးဖြစ်နေသည်။ သည်တော့ သူလည်း မနေသာတော့။ သွားမေးမိသည်။

"နင် ဘာလုပ်နေတာလဲ"

"ကျွန်မ မြန်မာပြည် ဖုန်းခေါ်မလို့"

"ဆယ်ပြားစေ့တွေ ထည့်ပြီး မြန်မာပြည်ခေါ်ရင် ရတယ်လို့ နင့်ဘယ်သူပြောလဲ"

"ကျွန်မ မသိပါဘူး။ ရမလားလို့ ခေါ်ကြည့်တာပါ"

"ကျပ်စေ့ထည့်မှ ဆက်လို့ရမှာပေါ့"

"ကျွန်မမှာ မပါလို့ ပါတာနဲ့ ထည့်တာပါ"

ကောင်မလေးသည် ပြောလည်းပြော၊ အပေါ်ကိုလည်း တမော့မော့နှင့် ဖြစ်နေ၍ အလုပ်သမားလေးက ဆက်မေးသည်။

"နင် ဘာဖြစ်နေတာလဲ"

"ကျွန်မ အေးဂျင့် မသိအောင် ခိုးထွက်လာတာ"

"နင် က ဘာလုပ်လို့လဲ"

"သည်လိုပါ"

ကောင်မလေးသည် အားကိုးတွေ့သည့်အလား အလုပ်သမားလေးကို ရင်ဖွင့်ပါလေတော့သည်။

ကောင်မလေးက စင်ကာပူမှာ Home Maid လုပ်ဖို့ အေးဂျင့်နှင့် လာသည်။ သည်ရောက်တော့ အလုပ်လုပ်သည် ဆိုပါတော့။ သို့သော် မကြာခင်မှာပင် အိမ်ရှင်က မတော်မတရားကြံဖို့ ကြိုးစားလေသည်။ သည်တော့ ကောင်မလေးက ဓားနှင့်ထိုးလိုက်ရာ အိမ်ရှင်၏ ပေါင်မှာ ထိသွား၏။ ပြီးတော့ ကောင်မလေးက ရဲပါတိုင်ပြီး အေးဂျင့်ကိုပါ လှမ်းပြောသည်။ အေးဂျင့်က ပြန်ခေါ်ထားသည်တဲ့။

အလုပ်သမားလေးကအကြောင်းစုံသိပြီး အေးဂျင့်ဖုန်းနံပါတ်တောင်းကာအဆောင် ပြန်ရောက်မှ အေးဂျင့်ဆီကို ဖုန်းခေါ် ပါလေတော့သည်။ ကောင်မလေး ကိုတော့ ခေတ္တစောင့်ဆိုင်းရန် ပြောထားခဲ့လေ၏။

"ခင်ဗျားတို့ ဘယ်လိုလုပ်ပေးမှာလဲ"

အေးဂျင့်ကို ခပ်မာမာပင် မေးလေ၏။ တစ်ဖက်က အမျိုးသမီးအသံတစ်သံက ပြန်ဖြေလေသည်။

"ဘာကိုလဲ။ ရှင်က ဘယ်သူလဲ"

"အိမ်ဖော် ကောင်မလေး ကိစ္စကိုပြောတာ။ အိမ်ရှင်က မဟုတ်တာလုပ်ဖို့ ကြိုးစားတာလေ"

"ရှင်က ဘယ်သူမို့လို့လဲ။ ဘာဆိုင်လို့လဲ"

"ဘာမှမဆိုင်ဘူး။ ဒါပေမဲ့ ကိုယ့်မြန်မာလူမျိုးချင်းမို့ ကူညီတာ။"

"ဒါမျိုးက ဖြစ်တတ်တာပဲ။ ဟိုလူပြော၊ ဒီလူပြော ပြောစရာ မလိုပါဘူး။ ပြီးတော့ အဲဒီကောင်မလေးက ဟိုတိုင်ဒီတိုင်နဲ့။ အဲဒီလောက်ထိ မလိုပါဘူး"

"ခင်ဗျားမို့လို့ အဲဒီလို ပြောထွက်တယ်။ ကိုယ့်မြန်မာ မိန်းကလေးချင်းကို။ လူကိုတောင် ဟိုဟာ လုပ်တော့မယ့်ဟာ ငြိမ်ခံနေရမှာလား။ ခင်ဗျားဆိုရင်ရော။ အဲဒီလို ငြိမ်နေမလား။ စဉ်းစားကြည့်ဦး"

တစ်ဖက်က ဒေါကန်ပြီး ဖုန်း ခွပ်ခနဲ ချသွားသည်။ အလုပ်သမားလေးက ဘေးမှာ သူ့သူငယ်ချင်းတွေ ရှိနေသည်မို့ လေသံမာမာနှင့် တမင်ပြောပစ်ခဲ့တာ ဖြစ်သည်။ သူတို့စိတ်ထဲမှာ မကျေနပ်ချက်၊ မခံချင်စိတ်တွေ များနေ၍ အေးဂျင့်ဆီက ဘာပြန်လာမလဲ သိချင်သော်လည်း ဖုန်းက ကျသွားလေသည်။ ပြန်ခေါ်ဖို့ ကြိုးစားစဉ်မှာ ဖုန်းပြန်ဝင်လာ၏။

"ဒီမှာ ကျွန်မက PR နော်။ ရှင်က ဘာလဲ"

"ကျွန်တော်က Citizen ။ ခင်ဗျား PR ဖြစ်တော့ရော ဘာအရေးလဲ။ ခင်ဗျားတို့က တစ်စိတ်ရှိ PR PR နဲ့"

တစ်ဖက်က ဖုန်းချသွားပြန်သည်။ ထိုအချိန်မှာ အလုပ်သမားလေး၏ သူငယ်ချင်းတွေက ၀ိုင်းမေးကြသည်။

"ဟေ့ကောင်-ဘာလဲဟ။ ဘယ်တုန်းက Citizen ဖြစ်သွားတာလဲ"

"မင်းတို့က ဘာတွေစဉ်းစားနေတာလဲ။ Citizen ဆိုတိုင်း စလုံးမှ Citizen လား။ ငါတို့လည်း Citizen ပဲ။ Myanmar Citizen လေကွာ"

"ဟား-ဟား-ဟား"

ထိုအချိန်မှာပင် ဖုန်းက ပြန်ဝင်လာလေသည်။

"ကျွန်မတို့ အကောင်းဆုံးဖြစ်အောင် လုပ်ပေးပါ့မယ်။ ကျွန်မတို့က တာဝန်မယူတာတော့ မဟုတ်ပါဘူး။ တချို့ကိစ္စတွေက ဖြေရှင်းရခက်လို့ပါ"

"ကောင်းပြီလေ။ ကလေးမလေး ဒုက္ခမရောက်ရင် ပြီးတာပါပဲ။ နို့မို့ဆိုရင်တော့ ကျွန်တော်တို့ဘက်ကလည်း လုပ်စရာရှိတာ လုပ်ရမှာပဲ"

သည်လိုနှင့် နောက်တော့ ကောင်မလေးကို အိမ်ရှင်အသစ်တစ်ယောက်ဆီ ပို့ပေးလိုက်သည်ဟု ကြားရသည်တဲ့။ ကောင်မလေးကိုမေးတော့ အဆင်ပြေသည်ဟု ဆိုသည်။ ပြီးပြီပေါ့။

ဘာပဲဖြစ်ဖြစ် Citizen ဆိုသော စကားတစ်ခွန်းနှင့်ပင် အရာရောက်၍ ကူညီရာရောက်ခဲ့သော ထိုကိစ္စက ကျွန်တော်တို့သည်လည်း မြန်မာ Citizen များ ဖြစ်သည်ကို မမေ့သင့်ကြောင်း မီးမောင်းထိုးပြသလို ရှိခဲ့သည်ကတော့ အမှန်ပင်။ ။

ဆူးသစ်
၂၂:၃၅ နာရီ
၎.၆.၂၀၁၁

5 comments:

မေသိမ့်သိမ့် ကျော် said...

ဘယ်ရမလဲ ဒို့လဲ Citizen ပဲ....း)

ခင်မင်လေးစားလျက်

မေသိမ့်သိမ့် ကျော် said...

Citizen တစ်ယောက် လာလည်သွားတယ်

ခင်မင်လေးစားလျက်

SHWE ZIN U said...

ကျနော် ကတော့ အိုဗာ စတေး မို့ ပြေးပြီ

ဆောင်းနှင်းရွက် said...

ဂွတ်ထ ..
ကြိုက်တယ် .. ကြိုက်တယ် ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

ဆောင်း said...

ကူညီပေးလိုက်တာ သာဓုခေါ် လိုက်တယ်။ နိုင်ငံတပါးမှာ ကူညီချင်သူကရှားသား အချင်း၂ နှိပ်ကွပ်ဖို့ ဘဲ များနေ တာ

Related Posts Plugin for WordPress, Blogger...