Wednesday, September 7, 2011

"ကျွန်တော့်မှတ်စု" ( ၆ )


+ ပညာကို ဘယ်လူဆိုးတို့
ယူခိုးလို့ ပါပါ့မယ်။
အတတ်ကယ် လိမ္မာနှင့်
ဥစ္စာ ဘယ်တူကြလိမ့်
လောကလူဝယ်။
သိကြားမြင် လုံလောက်က
မျက်မှောက်ကယ် သည်ကိုယ်ဝယ်
ရလွယ်၏ ခင်ပွန်း။
တမလွန် နောင်ခါကောင်း
မြိုက်ချမ်းသာ ပိုမိုမြင့်
ကဲဆင့်တောက်ထွန်း။ ။

[ စဥ့်ပါ ဆရာတော် ]

+ ' အင်ဂျင်နီယာ ' ဆိုတာ အပျက်ပြင်တဲ့လူ မဟုတ်ပါဘူး။ ပုံစံကို တီထွင်ထုတ်လုပ်သူပါ။ ဒါပေမဲ့ အပျက်မပြင်တတ်ရဘူးလား ဆိုတော့ ပြင်တတ်ရမှာပါ။ ပြင်တတ်ဖို့တော့ လိုပါတယ်။ ဒါပေမဲ့ သူလေ့လာခဲ့ရတာ၊ သင်ကြားခဲ့ရတာ၊ ကျက်မှတ်ခဲ့ရတာတွေဟာ အပျက်ပြင်တဲ့ဘာသာရပ် မဟုတ်လေတော့ ရုတ်တရက် ချက်ချင်းတော့ အမြဲတမ်း အပျက်ပြင်နေတဲ့ လုပ်လေ့လုပ်ထ ရှိနေတဲ့ အလုပ်သမားကို မီချင်မှမီမှာပါ။

ရေရှည်မှာတော့ အင်ဂျင်နီယာဟာ အဲဒီအလုပ်သမားထက်တော့ သာကိုသာရမှာပါ။ ဒီ အင်ဂျင်နီယာ ဘာသာရပ်ကိုလည်း အားတိုင်းယားတိုင်း၊ ပိုက်ဆံရှိတိုင်း သင်ခဲ့ရတာ မဟုတ်ပါဘူး။ သင်ချင်လျက်နဲ့ ၀င်ခွင့်မရတဲ့သူတွေကို ပြည့်လို့။ ဥာဏ်ရည်ရှိတယ်၊ အရည်အချင်းရှိတယ်၊ မင်းတို့ တစ်တွေက အင်ဂျင်နီယာဖြစ်နိုင်တယ်၊ သင်ကြ။ မင်းတို့ကတော့ မဖြစ်နိုင်ဘူး၊ ဒီပြင် တက္ကသိုလ်သွားကြဆိုပြီး လူတွေ အများကြီး၊ ကျောင်းသားတွေ အများကြီးထဲက ဆန်ခါတင် ရွေးပြီး သင်ခဲ့ကြရတာ။ ခြောက်နှစ်လုံးလုံး ကြိုးစား၊ ပမ်းစား သင်ခဲ့ကြပြီး အလုပ်ခွင်ထဲရောက်တော့မှ အင်ဂျင်နီယာဟာ လျှပ်စစ်အလုပ်သမား တစ်ယောက် လောက်တောင် အသုံးမကျဘူးဆိုတော့ ဘာပြောရဦးမှာလဲ။

[ 'မစပ်သောငရုတ်' လုံးချင်း ၀တ္ထု (ဒုတိယအကြိမ်မှ) - မစန္ဒာ]

+ စိတ်အားထက်သန်ခြင်းသည် ကိုယ်ကျင့်တရားကောင်းခြင်းနှင့် တွဲလျက်ရှိလေသည်။ ကိုယ်ကျင့်ကောင်းသူ များမှာ လျှို့ဝှက်စရာမရှိ။ ရဲရင့်၏။ သို့ဖြစ်၍ တစ်ပါးသူ၏စိတ်ကို ပိုမိုအစိုးရနိုင်လေသည်။

[ ' ကြီးပွားရေးလမ်းညွှန် ' စာအုပ်မှ - ပီမိုးနင်း ]

+ တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်အောင် တိုင်းသူပြည်သား၊ လူကြီးလူငယ်များ၏ ဦးနှောက်တွင် ရင်းနှီးမြှုပ်နှံရန် လိုအပ်သကဲ့သို့ လူတစ်ဦးချင်းတို့ အနေနှင့်လည်း မိမိလက်ရှိ အခြေအနေထက် မြင့်တက် လိုလျှင် (သို့မဟုတ်) မိမိပတ်ဝန်းကျင်ရှိ လူများထက် ခေါင်းတစ်လုံး သာလိုလျှင် မိမိဦးနှောက်ကို သူတစ်ပါးထက် ဖွံ့ထွား သန်မာအောင် အင်အားဖြည့်တင်းခြင်း၊ ပျိုးထောင်လေ့ကျင့်ခြင်းများ၊ ပြုလုပ်ဖို့ လိုပေသည်။

ဦးနှောက်ဖွံ့ထွားအောင်(သို့မဟုတ်) လူတစ်ဦးချင်းတို့၌ အစွမ်းအစ တက်လာအောင် ထောက်ကူနိုင်သော အရာကား 'ပညာ' ဖြစ်သည်။

[ ဘာကြောင့်ဦးနှောက်တွင်ရင်းနှီးမြှုပ်နှံရမည်လဲ - ဖေမြင့် ]

+ လူတစ်ယောက်က မိမိအရေးအသားကို ဝေဖန်သည်။ အပြုသဘော စေတနာမှန်ကန်စွာ ဝေဖန်ခြင်း မဟုတ်ဘဲ၊ သက်သက်မဲ့ စော်ကားသော အာဃာတရှေ့ထား၍ ဝေဖန်ခြင်းဖြစ်သည် ဆိုပါစို့။ သူ့ဝေဖန်ချက်များမှာ မိမိအဖို့ အကျိုးဖြစ်စရာ အကြောင်းအချက်များ မဟုတ်သဖြင့် အရေးယူစရာ မလိုပေ။ စေတနာ မှန်မှန်ဖြင့် ဝေဖန်ခြင်းကိုတော့ ကျေးဇူးတင်ရပေမည်။ သူထောက်ပြသော ကိုယ့်အမှားများကို ပြုပြင်သင့်က ပြုပြင်ရပေမည်။ ဒေါသဖြစ်စရာ အကြောင်းရှာ၍ မရနိုင်ပေ။ ဒေါသမထွက်သမျှ မိမိမှာ အမြတ်ထွက်သည်။

[ 'ခက်တော့ခက်သည် မဖြစ်နိုင်သည် မဟုတ်ပေ' ဆောင်းပါးမှ - တက်တိုး (၁၉၉၅ခုနှစ်၊ ဖေဖော်ဝါရီလ၊ စတိုင်သစ် မဂ္ဂဇင်း ]



5 comments:

Anonymous said...

အကိုကြီး ကိုဆူးသစ်...........
မှတ်စုလေးတွေကို ဗဟုသုတ အဖြစ်ထက်
မှတ်သားသင့်သည့် အချက်တွေကြောင့်
ကျွန်တော်၏ စာအုပ်လေးထဲမှာ ကူးယူလိုက်ပါသည်
ခွင့်ပြုလိမ့်မည်ဟုလည်း မျှော်လင့်ပါသည်။

mstint said...

မှတ်သားစရာ ဗဟုသုတတွေ အများကြီးသယ်သွားပြီ ဆူးသစ်ရေ။ ကျေးဇူးနော်။
စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Cameron said...

စာတွေဖတ်ပြီး အဲလိုလေး မှတ်စုနဲ့ကိုယ်ကြိုက်တာလေးတွေကို မှတ်တတ်တယ်... ဒါပေမယ့် ဘလော့တင်ဖို့စိတ်ကူးမရလိုက်ဘူး...။ နောက်တစ်ခါကြုံရင် တင်ပါဦးမယ်...။

SHWE ZIN U said...

မှတ်စု လေး ကို ဖတ်သွားပါတယ်

Angelhlaing(May everybody be happy and healthy! said...

အကိုရဲ့ မှတ်စုလေးတွေ သိမ်းထားချင်လို့ ကော်ပီယူသါားပြီအကို :)
ကောင်းသောနေ့လေး ဖြစ်ပါစေလို့...

Related Posts Plugin for WordPress, Blogger...