Sunday, September 25, 2011

" ချစ်သော အဖြူရောင်လမ်းကလေး "


အတိတ်ကိုပြန်သွားရပေဦးမည်။

၂၀၀၈ခုနှစ်တုန်းက ဩဂုတ်လမှာ ကျွန်တော်ဘလော့ကို စတည်ကြည့်သည်။ ဇနီးသည်က ကူညီ၏။ သူ့သူငယ်ချင်း၏ ကောင်လေးက ထိုစဉ်ကတည်းက ဘလော့ကိုစနေလေပြီ။ ထို့ကြောင့် စာရေးမှန်း သိသော ကျွန်တော့်ကို လုပ်ဖို့အကြံပေး၏။ ' ရင်ထဲက အမှတ်တရ ' ဆိုသော ကဗျာတစ်ပုဒ်သာ တင် ခဲ့နိုင်သည်။ သည်ကတည်းက ကျွန်တော်ပေးချင်သော Message များပေးရန် ဘလော့၏ ခေါင်းစဉ်ကို ' အဖြူရောင် လမ်းကလေး ' ဟု ပေးခဲ့သည်။

ဘလော့၏ ခေါင်းစဉ်အောက်မှာရှိသော စာများကို ကျွန်တော့်ဘလော့၏ အကြောင်းအရာများနှင့် ကိုက်စေရန် တည်၍ ပေးခဲ့တာဖြစ်သည်။ ကျွန်တော်ရေးသည့်စာကို ဖတ်၍ လူတချို့ အသိဥာဏ်ပွင့်လင်းရန်၊ ဖတ်၍ ပျော်ရန်၊ အားဖြစ်ရန် စသည်ဖြင့် ကျွန်တော်လုပ်ပေးနိုင်သမျှ လုပ်ပေးရန် ဆုံးဖြတ်၍ " အဖြူရောင်လမ်းကလေး " ဟုပေးခဲ့တာ ဖြစ်သည်။ ထိုကတည်းက ကျွန်တော် ဆိုခဲ့ပါသည်။ အဖြူရောင်လမ်းကလေးကို ကျွန်တော့်နှလုံးသားဖြင့် တည်ဆောက်ပါသည်ဟု။

၂၀၁၀မှာတော့ ကျွန်တော် စင်ကာပူမှာ ရောက်နေလေပြီ။ ကျွန်တော့်ဘလော့ကို အသက်သွင်းဖို့ စက်မှုတက္ကသိုလ်က သူငယ်ချင်း သွင်ကြီးက သတိပေးသည်။ သည်သို့ဖြင့် အဖြူရောင်လမ်းကလေး ကို ပြန်လည် အသက်သွင်းခဲ့၏။ ကံကကောင်းချင်တော့ မြန်မာလက်ကွက်ကို ထိုအချိန်က လုံးဝမရသော ကျွန်တော့်ကို ဇနီးသည်ကပင် ကူညီရ၏။ သည်တော့ ကဗျာတွေ စ၍ တင်သည်။ ဒါတောင် ကြားထဲမှာ ၂၀၀၈ခုနှစ်တုန်းက တင်ထားသော ကဗျာကို တစ်ယောက်ကယူ၍ ခပ်တည်တည်နှင့် သူ့ကဗျာလိုလုပ်ထားခြင်းကို အီးမေးလ်ရှာပြီး လိုက်ရှင်းမှ ပြီးသွားတော့သည်။ ဒါကိုပင် "ဘလော့တစ်ခု၏ နိဒါန်း" ဆိုပြီး ကျွန်တော်တင်ခဲ့ဖူးသည်။

ဘလော့၏အစကို ကျွန်တော်က ၂၀၁၀ခုနှစ်၊ စက်တင်ဘာလဟုသာ ယူဆချင်မိသည်။ အဘယ့်ကြောင့် ဆိုသော် ၂၀၀၈မှာ ကျွန်တော် ကဗျာတစ်ပုဒ်သာ တင်ခဲ့သည်မဟုတ်လား။ ထိုစဉ်က ဘလော့ဟု မည်မည်ရရပြောစရာ မရှိဟု ထင်သည်။ ၂၀၁၀မှာတော့ သေသေချာချာစလုပ်ဖြစ်ခဲ့၍ စက်တင်ဘာလ ၂၅ ရက်မှာ ကဗျာများဖြင့် ဘလော့ကို စဖွင့်ခဲ့သည်။ သည်တော့ ယခု စက်တင်ဘာ ၂၅ ဆို အဖြူရောင်လမ်းကလေး သည် တစ်နှစ်သားဖြစ်ခဲ့ချေပြီ။

ကျွန်တော်သည် နဂိုကတည်းက ကဗျာရေးတာသန်သလို ကဗျာနှင့်ပင် စာပေလောကထဲ ၀င်ခဲ့သူဖြစ်၍ ကျွန်တော့် ဘလော့ကိုလည်း ကဗျာနှင့်ပဲ စဖွင့်ခဲ့သည်။ ပြီးတော့ ကဗျာတွေ ဆက်တိုက် တင်သည်။ နောက်တစ်ပိုင်းက ထိုအချိန်မှာ ဘလော့အတွက် ပို့စ်ကို ဘာတွေရေးတင်မလဲ ဆိုသည်ကို သေသေချာချာ ဝေခွဲ မရခဲ့သေးတာလည်း ပါသည်။ ကျွန်တော် ကျောင်းသားဘ၀က ထုတ်ခဲ့ဖူးသော ကဗျာများကလည်း လက်ထဲမှာ အဆင်သင့်ရှိနေတာလည်း ပါသည်။

နောက်တော့ ကျွန်တော့်ဘ၀မှာ တွေ့ကြုံရသည်များကို တင်သင့်သည်ဟု တွေးကာ ' တွေ့ရကြုံရ ကျွန်တော့်ဘ၀ ' ခေါင်းစဉ်ဖြင့် စရေးဖြစ်ပြီး စတင်ခဲ့တော့သည်။ ပြီးတော့ ကျွန်တော်ခံစားမိသော သီချင်းများကိုတင်ဖို့ အတွေးရသည်။ ကျွန်တော်က ဂစ်တာကို ရံဖန်ရံခါတီးသည်။ ကျွန်တော်ခံစားမိသော သီချင်းများကို ဘာကြောင့်ကြိုက်သည် ဆိုသည်ကို ပြောပြချင်သည်။ ပြီးတော့ ကျွန်တော့်အမြင်ပြောရလျှင် ကျွန်တော်တို့ ယခုလုပ်နေသော ဘလော့ဆိုသည်က ကျွန်တော့်အတွက်တော့ မဂ္ဂဇင်းတစ်အုပ် လုပ်နေရသလို ခံစားရသည်။ မဂ္ဂဇင်းထက်ပိုသည်က ကျွန်တော်တို့သည် သီချင်းများ၊ ဓာတ်ပုံများကို စိတ်ကြိုက်တင်ခွင့် ရှိနေသည်။ သည်တော့ ကျွန်တော့်အတွက် ဘလော့လာဖတ်သူများကို စာများဖြင့် မငြီးငွေ့စေရန် ကျွန်တော်ကြိုက်သော သီချင်းများဖြင့် တစ်လှည့်ဖျော်ဖြေမှု ပေးသည့်သဘောဖြင့် 'ကျွန်တော်ခံစားမိသော သီချင်းများ'ကို တင်မိပြန်သည်။

သည်နောက်မှာတော့ ကျွန်တော်တက်ခဲ့သော ရန်ကုန်စက်မှုတက္ကသိုလ်က အကြောင်းများကို ကျွန်တော့် သူငယ်ချင်းများ အတွက်ရော၊ ကျွန်တော်ကိုယ်တိုင် ပြန်ခံစားချင်၍ရော 'ကျွန်တော်တို့သည်' ဆိုသည့် ခေါင်းစဉ်ဖြင့် စရေးခဲ့သည်။ တစ်ပြိုင်တည်းမှာပင် ကျွန်တော်ရေးခဲ့ပြီး မဂ္ဂဇင်း များတွင် ဖော်ပြခံခဲ့ ရသော အက်ဆေးများကို ' ရသအက်ဆေး ' အဖြစ် စ၍ ပို့စ်အဖြစ်တင်ခဲ့လေသည်။

ထို့နောက် မဂ္ဂဇင်းများတွင် ဖော်ပြခံခဲ့ပြီးသော ကျွန်တော့် ၀တ္ထုတိုများကိုလည်း ' ၀တ္ထုတို ' ဟူသည့် ခေါင်းစဉ်အောက်တွင် ဖော်ပြခဲ့သည်။ ဒါက အောက်တိုဘာလမှာ တိုးတက်လာသော ကျွန်တော့်ဘလော့ အခြေအနေ။

ဒီဇင်ဘာ အရောက်တွင်တော့ ပေါ်ပြူလာဂျာနယ်တွင် ဖော်ပြပြီးဖြစ်သည့် ကိုငှက်(ထူးအိမ်သင်) အကြောင်း ရေးထားသည့် ဆောင်းပါးကို ' ဆောင်းပါး ( အထွေထွေ ) ' အောက်တွင် စ၍ ဖော်ပြခဲ့သည်။ သည်သို့ဖြင့် ၂၀၁၁ခုနှစ်ကို ရောက်ခဲ့၏။

ဇန်န၀ါရီလမှာ ' ညီလေးဖတ်ဖို့ ရေးတဲ့စာ ' ဆောင်းပါးများကို ကျွန်တော်စတင်နိုင်ခဲ့သည်။ ထိုဆောင်းပါးများကို တင်ရန် ရန်ကုန်မှ ကျွန်တော့်စာမူကော်ပီများကို ပြန်တောင်းခဲ့ရသော်လည်း ယခုအခါ အကြောင်း တစ်ခုကြောင့် ခေတ္တပြန်ပို့ထားခဲ့ရသည်။

ဖေဖော်ဝါရီလမှာတော့ ' အတိုဆုံးဝတ္ထု ' ဆိုသည့် ခေါင်းစဉ်အောက်တွင် ကျွန်တော့် အတိုဆုံးဝတ္ထုများကို စတင်ခဲ့လေသည်။ မေလတွင်တော့ ဆောင်းပါးအများစုကို ယခင်က စကားပြေပုံစံဖြင့် ရေးခဲ့သည့်အတိုင်း တချို့ဆောင်းပါးများကို ' ဆောင်းပါး(လူငယ်) ' ဆိုသည့် ခေါင်းစဉ်အောက်တွင် စဖော်ပြရန် ကျွန်တော်ကြိုးစား ခဲ့လေသည်။ သို့ရာတွင် အထက်က ဆိုခဲ့သလို တစ်ပုဒ်သာဖော်ပြခဲ့ပြီး အချိန်တွင် ကျွန်တော့်မှာ လုပ်စရာ အကြောင်းတစ်ခု ပေါ်လာပြန်၍ ရန်ကုန်သို့ စကားပြေ ဆောင်းပါး များကို ပြန်ပို့ခဲ့ရလေသည်။ သို့ရာတွင် ထိုမေလမှာပင် ကျွန်တော် စာရူးပေရူးစဖြစ်စက ဖတ်ခဲ့သော စာအုပ်များထဲမှ ထုတ်ယူမှတ်ထားသော မှတ်စုများကို ဘလော့ဖတ်သူများကို ပေးချင်စိတ်ဖြင့် ' ကျွန်တော့်မှတ်စု ' ဆိုသော ခေါင်းစဉ်အောက်တွင် စ၍ တင်ခဲ့ပါတော့သည်။

ကျွန်တော်ဘလော့စလုပ်ဖြစ်စဉ်က ၀င်လာဖတ်မည့်သူမရှိ။ ဘယ်လိုလုပ် ရှိပါမည်နည်း။ ကိုယ်က သူများဘလော့ကို သွားမှမလည်တာကိုး။ ကိုယ်ရေးနေသည်ကို သူများတွေမသိ။ ကိုယ့်ဘာသာ ရေးနေ သည့်နှယ်။ သည်နောက်မှာ ကျွန်တော်က သူများဘလော့များဆီ လျှောက်လည်ကြည့်သည်။ နောက်တော့ ခင်မာလာအောင်၊ မေပယ်လ်၊ မိုးယံ၊ တီတီဆွိ၊ မိုးငွေ့၊ ဖြိုးဖြိုး စသည့်သူများက ကျွန်တော့်ဆီ လာလည်၊ လာဖတ်ကြ၊ မှတ်ချက်များရေးကြနှင့်။ ကျွန်တော့်ဘလော့လေး အသက်ဝင်လာခဲ့သည်။ သို့သော် သူတို့တွေထဲမှာ ခင်မာလာအောင်နှင့် မေပယ်လ်ကား ဘယ်ရောက်သွားသည် မသိ။

နောက်တော့ အစ်မကြီး SC( Sonata-Cantata)၊ သက်ဝေ၊ ခင်ဦးမေ၊ Sunny၊ အင်္ဂါဟူး၊ ဂျစ်တူး(မုံရွာ)၊ အဖြူရောင်နတ်သမီး၊ချော( အစိမ်းရောင်လွင်ပြင်)၊ rose၊ ညီမလေး Angelhlaing၊ ဆောင်းနှင်းရွက်၊ သက်ဝေ၊ မေသိမ့်သိမ့်ကျော်၊ ညယံ၊ Jasmine (တောင်ကြီး)၊ သိင်္ဂါကျော်၊ ကိုဇော်၊ လင်းခေတ်ဒီနို၊ success၊ စော( အ၀ါရောင်မြေ )၊ မင်းဧရာ၊ Shwe Zin U၊ ဟန်ကြည်၊ အန်တီတင့် နှင့် လင်းဦး(စိတ်ပညာ) တို့သည် ကျွန်တော့်ဆီမှာ မှတ်ချက်များကို အဆင်ပြေသလို လာပေးကြလေသည်။

ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကို ကျွန်တော်ကျေးဇူးတင်မိသည်။ ကျွန်တော်သည် သူတို့ဆီကို ခဏခဏ အလည်မရောက်နိုင်သူ တစ်ဦးဖြစ်သည်။ သို့သော် သူတို့ကား ကျွန်တော့်ကို အဆင်ပြေသလို မှတ်ချက်လေးများ လာပေးတတ်သည်။

ထိုသို့မှတ်ချက်လာပေးသူများကြား ကျွန်တော့်မှာ မှတ်မှတ်ရရ ပြောစရာမှတ်ချက်တချို့တော့ ရှိလေသည်။ ပထမတစ်ခုက ' နိုင်ငံခြားသား....နိုင်ငံခြားသား ' ဆိုသော ပို့စ်တင်စဉ်က ဖြစ်သည်။ မြန်မာ တစ်ယောက်က ရေးသော အင်္ဂလိပ်စာများဖြင့် f နှင့် စသော စကားလုံးများပါထည့်သွင်းကာ ကျွန်တော့်ကို အသားလွတ် လာဆဲရေးသွားသည်။ အံ့ဩဖို့တောင်ကောင်းလွန်း၏။ ကျွန်တော်က မြန်မာ လိုရေးသည်။ မြန်မာသာ နားလည်မည့် စာကို စလုံးနိုင်ငံသား ခံထားသော မြန်မာတစ်ယောက်က လာဖတ်သွားသည်ဟု ကျွန်တော် ကောက်ချက်ချမိသည်။

သို့သော် သူက စလုံးတွေဘက်က ခံပြင်းပြီး ကျွန်တော့်ကို ဆဲချင်သည့်သဘော။ သို့သော် မြန်မာတစ်ယောက်၏ ထိုသို့ ပြောင်းလဲသွားသော စိတ်ဓာတ်ကို ကျွန်တော်နှင့် ကျွန်တော့်သူငယ်ချင်းတို့ အံ့ဩမိတော့သည်။ ကျွန်တော့်သူငယ်ချင်းက အနှီမြန်မာစလုံး၏ မှတ်ချက်ကို စတွေ့သူ။ ကျွန်တော်က ရုပ်ရှင်ကြည့်နေ၍ မသိ။ သူငယ်ချင်းက Message လှမ်းပို့ပြီး ကျွန်တော့်ကို ပြောမှ သိတော့သည်။ အမှန်အတိုင်းပြောရလျှင် သိသိချင်းမှာ သူ့စာကို မတင်သင့်မှန်း သိပြီး ပြန်ဖြုတ်ချခဲ့မိသည်။ နောက်တော့ သူကဆဲရဲသည့်သူ၊ ကိုယ်က အမှန်အတိုင်း ရေးသူ။ သည်လိုမြင်ကာ ပြန်တင်ဖို့ ဆုံးဖြတ်ခဲ့သည်။ သူငယ်ချင်းကလည်း ကျွန်တော်တို့ သဘောထားကြီးကြောင်း ပြသင့်သည်ဟုဆိုကာ ပြန်တင်ခိုင်းသည်။ ကျွန်တော် ပြန်တင်ရန် ကြိုးစားစဉ်မှာ ထိုမှတ်ချက်က ပြန်တက်မလာတော့။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကို လာဆဲသွားသော ထိုပုဂ္ဂိုလ်ကို တစ်ခုတော့ ပြောချင်သည်။ ကျွန်တော်က ကျွန်တော့်အကြောင်းကို ပေါ်ပေါ်ထင်ထင်တင်၍ ဘလော့ရေးနေသူ ဖြစ်သည်။ နောက်ကွယ်က မဆဲပါနှင့်။ သတ္တိရှိလျှင် သူကိုယ်တိုင် ကျွန်တော့်ကို တည့်တည့်တွေ့မှ ဆဲသင့်သည်ဟုသာ။

နောက်မှတ်ချက်တစ်ခုကလည်း ကျွန်တော်အပါအ၀င် သူငယ်ချင်းများ အားလုံးကို အံ့အားသင့်စေသည့် မှတ်ချက်ပင်။ ' ပူပြီးရင်းပူ ' ဆိုသည့် ပို့စ်မှာ ကျွန်တော်က မြန်မာမလေးများ ဘကုံးနှင့်တွဲသည်ကို ရေးခဲ့သည်။ ကိုယ့်မြန်မာအတွက်ပါ။ ဒါကို Unknown ဆိုပြီး ကျွန်တော့်ကိုရော၊ ကျွန်တော့်စာထဲက မြန်မာ အလုပ်သမားလေးများကိုပါ None of your damn business ပါဆိုပြီး လုပ်သွားပါသည်။ မြန်မာယောက်ျားလေးများက တခြားနိုင်ငံခြားသူနှင့်တွဲပြီး မြန်မာမိန်းကလေးများကလည်း တခြားနိုင်ငံခြားသားနှင့် ဘာလုပ်လုပ် လုပ်ခွင့်ရှိသည် ဆိုသည့်သဘောမျိုး ရေးသွားပါသည်။

ထိုမျှမက အဲဒီလို ပူတတ်ရင် နိုင်ငံတကာက ပြည့်တန်ဆာ ဖြစ်နေတဲ့မြန်မာတွေကို သွားကယ်ပါလားဟု ဆိုထားသည်။ လူမျိုးရေးခွဲခြားသူတွေကို ဒေါဖောင်းလို့ပါတဲ့။ ကျွန်တော်ကတော့ ထိုမှတ်ချက်ကို ဖတ်ပြီး ရေးသူ၏ ပုံရိပ်ဘာလဲဆိုသည်ကို ဖမ်း၍ ရသွားပါသည်။ တစ်ဖက်မှာ Facebook ကနေ ၀င်ကြည့်သော ကျွန်တော့်အသိမိတ်ဆွေ၊ သူငယ်ချင်းများလည်း အံ့ဩကုန်ကြ၏။ ထို Unknown ဆိုသူ မည်သူဆိုသည်ကို ကျွန်တော်နည်းနည်း ပုံဖမ်း၍ ရနေသလိုပင်။ တစ်ဆက်တည်းမှာပင် ထိုကဲ့သို့ အတွေးများကြောင့် ဘာတွေဖြစ်ခဲ့လဲ ဆိုသည်ကို ဆက်ပြီး မီးမောင်းထိုးပြ နေရဦးမည်ဟု ကျွန်တော် တွေးမိပါသည်။

ကျွန်တော်လူမျိုးရေးခွဲခြားလား၊ မခွဲခြားဘူးလား ဆိုသည်ကိုတော့ လုပ်ကွက်ထဲက ဘကုန်းတွေဆီက အချိုရည်ဘူး သောက်ဖူးသော Safety ဘယ်နှစ်ယောက်ရှိလဲဟု မေးကြည့်စေချင်ပါသည်။ ကျွန်တော်သည် မြန်မာတစ်ယောက်ဖြစ်သော်ငြား မြန်မာများ ဘေးကင်းရေးကိုသာ ဂရုစိုက်၍ မရပါ။ အားလုံးသော အလုပ်သမားများ ဘေးကင်းရေးကို ကြည့်ရသူဖြစ်ပါသည်။ နေပူထဲအမြဲသွားနေသော ကျွန်တော့်ကို ဘကုန်းလေးများက အအေးဘူးများ ပို၍ ခေါ်တိုက်ဖူးပါသည်။ ကျွန်တော်တစ်ယောက်သာ အမြဲတမ်း နေပူထဲတွင် လိုက်ကြည့်ပေး၍ဟု သူတို့ဆိုပါသည်။ ကျွန်တော်လည်း သူတို့ကို ခင်ပါသည်။ သို့သော် မြန်မာလူမျိုးနှင့် ပတ်သက်၍ ဂုဏ်သိက္ခာကျမည့် ကိစ္စမျိုးတွင်တော့ ကျွန်တော် လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ရပါမည်။ ထိုအရာသည် လူမျိုးရေးခွဲခြားခြင်း မဟုတ်ဆိုသည်ကိုတော့ Unknown အမည်ခံ နိုင်ငံခြားသားနှင့် ပတ်သက်နေသူ အမျိုးသမီးသိစေချင်ပါသည်။ သည်အတွက် ကျွန်တော့်ကို ကြိုက်သလိုထင်မြင်နိုင်ပါသည်။ ပြီးတော့ သူ့စကားနှင့် ဆိုရလျှင် နိုင်ငံ တကာမှာ ပြည့်တန်ဆာဖြစ်နေသည်ဆိုသော မြန်မာမိန်းကလေးများကိုတော့ မကယ်နိုင်သေးပါ။ သို့သော် ထိုကဲ့သို့ နိုင်ငံတကာ၌ ပြည့်တန်ဆာဖြစ်လာနိုင်သော မြန်မာမလေးတချို့ကိုတော့ ကျွန်တော် တတ်နိုင်သလောက် အသိဥာဏ်များ ထည့်ပေးရင်း ပြည့်တန်ဆာ ဖြစ်မလာအောင် ကြိုးစားပေးရဦးမည်။

နောက်မှတ်ချက်တစ်ခုကတော့ ကျွန်တော့်လို ဘလော့ဂါရေးဖော်တစ်ယောက် စိတ်အချဉ်ပေါက်နေချိန် လာရေးသွားသည်ဟု ကျွန်တော်လက်ခံ နားလည်ပေးလိုက်ပါသည်။ သူက နာမည် အတိအကျနှင့် ရေးသွားသူဖြစ်၍ လေးစားပါသည်။ သို့သော် လူတစ်ယောက်သည် မှတ်ချက်တစ်ခါပေးတိုင်းမှာ ထိုမှတ်ချက်ပေါ်မှနေ၍ ထိုလူ၏ စိတ်ဓာတ်နှင့် ခံယူချက်ကို ပုံဖမ်း၍ ရပါသည်ဆိုသော အချက်ကို မမေ့သင့်ဟုသာ ကျွန်တော် အသိပေးလိုပါသည်။ ဒါတွေက ကျွန်တော်ဖြတ်သန်းခဲ့ရသော ကာလမှာ မှတ်မှတ်ရရ ဖြစ်နေသော မှတ်ချက်များကို ထည့်သွင်းပြောပြရခြင်း ဖြစ်ပါသည်။

နောက်တစ်ခုက သီချင်းများ။ ကျွန်တော်ခံစားမိသော သီချင်းများမှာ YouTube မှချည်း ရှာထားရာ များသောအားဖြင့် ရှာ၍ရသော သီချင်းကိုသာ ရေးတင်နေရခြင်းပင်။ အမှန်မှာ ကျွန်တော့်အနေဖြင့် အရုပ်ပြသည့် သီချင်းများကို သိပ်သဘောမတွေ့လှပါ။ ဥပမာ-မယ်တင်သီချင်း၏ တစ်နေရာ၌ ခွေးပိန်ဟု ဆိုထားသော်လည်း ရိုက်ပြသည့်ခွေးမှာ ဆူဆူဖြိုးဖြိုးကြီးဖြစ်နေ၍ သီချင်း၏ အရသာ ပျက်လှပါသည်။ ကျွန်တော်သည် ထိုကဲ့သို့ ခံစားတတ်သူ မဟုတ်။ သီချင်းမှာ ရုပ်မပါလည်း သီချင်းကောင်းလျှင် ခံစား၍ ရသူဖြစ်သည်။ သို့သော် သီချင်းချည်းသာ တင်လျှင် ကျွန်တော့်အတွက် အခက်အခဲ ရှိပါသည်။ ထို့ကြောင့် ဆယ်ပြားဖိုး မပေးနိုင်ခင် စပ်ကြား ငါးပြားဖိုးလောက် ပေးရလျှင်လည်း မဆိုးဟု ဆိုကာ ကျေနပ်စွာ မျှဝေနေခြင်း ဖြစ်ပါသည်။

နောက်တစ်ခုက ကျွန်တော့်မှတ်စု။ ထိုအရာကို ကျွန်တော်စာရေးဖို့ စုထားသည့်အရာများကို မျှဝေလို၍ ပေးနေတာဖြစ်ပါသည်။ ယူချင်သူ ယူနိုင်ပါသည်။ နှစ်ပေါင်းများစွာ ဖတ်ခဲ့သော စာများထဲက တကယ်ရစေလို၍ ပေးခြင်းပါ။ အမေရိကားမှာ ရှိနေသော စာရေးဆရာမကြီးတစ်ယောက်ပင် သူ့ Facebook ကို အမှတ်မထင် ရောက်သွားမှ ကျွန်တော့်မှတ်စုထဲက သူ့စာသားလေး ယူတင်ထားတာ တွေ့လိုက်ရသည်။ သူ့စာသားဖြစ်၍ သူ့ဘာသာယူတင်တာ ဘာဖြစ်လဲဟု ဆိုနိုင်ပါသည်။ ဘာမျှမဖြစ်ပါ။ ကျွန်တော် ဂုဏ်ယူပါသည်။ အဘယ်ကြောင့် ကျွန်တော့်ဆီက ယူတင်သည်ဟု ဆိုနိုင်ပါသနည်း။

ရှင်းပါသည်။ လွန်ခဲ့သော နှစ်များစွာက မဂ္ဂဇင်းတစ်အုပ်ထဲက စာသားသည် ဆရာမကြီးဆီမှာ ရှိမနေနိုင်ပါ။ ရှိခြင်းရှိလျှင် စာမူအဟောင်းသာ ရှိနိုင်ပါမည်။ သို့သော် စာမူအဟောင်းထဲမှ ကျွန်တော်နှင့် တိုက်တိုက်ဆိုင်ဆိုင် တူနေလောက်အောင် အကြိုက်ချင်းတူသည့် စာသားလည်း ရှိမနေနိုင်ပါ။ ဥပမာဆိုရလျှင် ကျွန်တော်ရေးပြီးသား စာထဲမှ ကျွန်တော်ကြိုက်တာနှင့် ကျွန်တော့်မိသားစု ကြိုက်တာခြင်းပင် တူခဲပါသည်။ ပိုဆိုးသည်က ကျွန်တော်ရိုက်ထားသည့် စာသားများအတိုင်း Space ကအစ တူနေသည်မှာ ကျွန်တော့်ဆီက Copy ယူ၍ Paste လုပ်လိုက်ခြင်း ဆိုသည်ကို သက်သေခံနေပါသည်။ မည်သို့ပင်ဖြစ်စေ အဖြူရောင်လမ်းကလေးက ကျေနပ် ဂုဏ်ယူပါသည်။

ကျွန်တော့် အဖြူရောင်လမ်းကလေးကို စတည်ပြီး ကာလအနည်းငယ်ကြာသည့်အခါ သွင်ကြီးကပင် ထပ်ပြောပါသည်။ Facebook မှာပါတင်ပါတဲ့။ ကျွန်တော့်လင့်များ ချိတ်ပေးခဲ့သောအခါ သူငယ်ချင်းများ များစွာဝင်ကြည့်ပြီး မှတ်ချက်များကို Facebook မှာပင် ၀င်ရေးသွားကြလေသည်။ ဒါကလည်း အဖြူရောင်လမ်းကလေး၏ မှတ်တမ်းတစ်ခုပင်။

ဤနေရာ၌ ဘလော့ဘာလဲ၊ ဘလော့ဂါဘာလဲ ဆိုသည်ကို ကျွန်တော်တွေးမိပါသည်။ ကျွန်တော်က စာရေးချင်သူဖြစ်သည်။ သို့သော် ရေးသမျှစာ မဂ္ဂဇင်းထဲပါဖို့ဆိုသည်က မဖြစ်နိုင်။ ထိုအခါ ကျွန်တော်ရေးချင်သော အကြောင်းအရာ၊ ကျွန်တော် ရေး၍ချပြမရသော အကြောင်းအရာတို့ ရှိလာပါက တော်တော်ဒုက္ခရောက်လှသည်။ ထိုအတွက် ဘလော့သည် ကျွန်တော့်အတွက် အကောင်းဆုံး နေရာတစ်နေရာ။ တစ်နည်းအားဖြင့် ပြောရလျှင် စာရေးဆရာ ဖြစ်သွားနိုင်သော ပေါင်းကူး တံတား။

ကျွန်တော်တို့ နေ့ချင်းညချင်း စာရေးဆရာ မဖြစ်နိုင်သော်ငြား ကျွန်တော်တို့ တင်ပြချင်သည်ကို ချက်ချင်းတင်ပြနိုင်သည့်အတွက် ဘလော့ဂါသည် စာရေးဆရာထက် ထိုနေရာ၌ သာ၏။ ထို့ပြင် ကျွန်တော်တို့မှာ နိုင်ငံတကာက စာဖတ်သူများ ရှိသည်။ ကျွန်တော်တို့စာကို သည်နေ့ဘယ်နှစ်ယောက် ၀င်ဖတ်သည်။ စသည်ဖြင့် သိခွင့်ရသည်။ ထိုအရာကလည်း စိတ်ကျေနပ်စရာ။

ခြုံပြောရလျှင် ကျွန်တော်တို့သည် ဘာမျှမရဘဲ ရှိတာ အကုန်ပေးနေသူများ ဖြစ်သည်ဟုသာ ဆိုချင်တော့သည်။ သို့သော် လုပ်ချင်တိုင်းတော့ လုပ်ခွင့်ရနေသူများမဟုတ်။ ကျွန်တော်တို့မှာ ကုန်ကြမ်းလိုသည်။ ဖတ်သူလိုသည်။ ဆဲသည့်ဒဏ် ခံနိုင်ဖို့လည်း လိုသည်။ စာရေးဆရာ ဖြစ်ချင်သူများ ရှိပါက ဘလော့သည် သူတို့အတွက် လေ့ကျင့်ရေးကွင်း ဖြစ်သည်ဟု ဆိုချင်သည်။ ဘလော့ဂါဆိုသည်ကို စာရေးဆရာပေါက်စများ ဟုလည်း ကျွန်တော်မြင်သည်။ ကြိုက်သလောက်ရေး၊ ကြိုက်သလိုတင်။

သို့သော် ကွန်ပျူတာကိုင်ပြီး နည်းပညာကို ခုတုံးလုပ်ကာ သူများဘလော့ထဲဝင်၍ မိဘမဆုံးမသည့် သားသမီးများသဖွယ် ညစ်ညစ်ပတ်ပတ်များ ရေးသူမျိုး၏ လုပ်နည်းကတော့ အော့နှလုံးနာချင်စရာ။ ထိုကဲ့သို့ အကျင့်တန်သူများကြောင့် ကျွန်တော်ရော၊ ကျွန်တော့်ဇနီး ပါရမီဖြည့်ဖက်လေးပါ Cbox ကို ဖြုတ်ခဲ့ ရတော့သည်။

မည်သို့သော အခက်အခဲများ ရှိရှိ၊ ကျွန်တော်ဖန်တီးထားသော အဖြူရောင်လမ်းကလေးကို ကျွန်တော် အပျက်စီး ခံမှာမဟုတ်။ ကျွန်တော်က နှလုံးသားဖြင့် တည်ဆောက်ထားတာ ဖြစ်သည်။ တချို့က ကျွန်တော့်လမ်းကလေးကို တံထွေးဖြင့် လာထွေးသည်။ တချို့က အညစ်အကြေး လာစွန့်ကြသည်။ တချို့က အပေါ့လာသွားသည်။

ထိုလူများ မည်မျှရှိရှိ အဖြူရောင်လမ်းကလေးကို လာနားခိုသူ၊ အဖြူရောင်လမ်းကလေး၏ အေးမြမှုကို သိသူ၊ အဖြူရောင် လမ်းကလေးမှနေ၍ နောက်ထပ် ခရီးတစ်ခုကို မြင်သွားသူ၊ အဖြူရောင် လမ်းကလေးမှာ ပျော်ရွှင်တတ်သူ စသော သူများအတွက် အဖြူရောင်လမ်းကလေးသည် တစ်နှစ် မှသည် နောက်ထပ် နှစ်များစွာတိုင် သူ၏ ဘလော့နေ့များကို ဆက်လက် ဖြတ်သန်းနိုင်အောင် ကြိုးစားနေမည်ဟု သံန္နိဋ္ဌာန် ချထားမိပါတော့သည်။ ။

ဆူးသစ်
၂၁:၁၆ နာရီ

၂၅.၉.၂၀၁၁

[ ကျွန်တော့်ကို တက်ဂ်ထားသော ညီမ အဖြူရောင်နတ်သမီး ၏ ဘလော့ဒေး ပို့စ်အတွက်လည်းကောင်း၊ ညီငယ် မင်းဧရာ တက်ဂ်ထားသော ဘလော့ဂါဆိုတာဘာလဲ ပို့စ်အတွက်လည်းကောင်း ယခုပို့စ်ဖြင့် တစ်ပြိုင်တည်း အကြွေးဆပ်ပါကြောင်းနှင့် နောက်ကျသွားသည့်အတွက် တောင်းပန်ပါကြောင်း။ ]

6 comments:

အမ်တီအန် said...

ဘလော့ဒေးပို့စ်လေးဖတ်သွားပါတယ်။ လင့်ခ်လည်းချိတ်ထားလိုက်ပါတယ်။

mstint said...

ကြုံတွေ့လာရသမျှ အခက်အခဲ အားလုံးကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရင်း နှလုံးသားနဲ့ဆောက်တည်ထားတဲ့ ဘလော့လေးကို အခွင့်အခါပေးသမျှ ကာလပတ်လုံး ရှင်သန်ခွင့်ပေးနိုင်ပါစေ ဆူးသစ်ရေ။
ဘလော့ဒေပို့စ်လေးအားပေးသွားတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Cameron said...

တူးအင်ဝမ်းပို့စ်လေးကို လာဖတ်သွားပါတယ်...။ ဘယ်နေရာမဆို အခက်အခဲ အနှောက်အယှက်တွေက အပြည့်ရယ်...။ အဲဒီအရာတွေကို ကျော်လွှားနိုင်ခဲ့တာက ကိုယ့်ရဲ့ စေတနာ သတ္တိအစွမ်းတွေပဲပေါ့...။

ခင်တဲ့
မိုးငွေ့

Anonymous said...

အကိုကြီး.....
ပိုစ့်လေးကိုဖတ်ပြီးတော့ ပြောစရာတွေက အများသား
အကိုပြောခဲ့သလို အလုပ်ထဲက ကိစ္စ တို့ နောက်ပြီးတော့ မြန်မာအမျိုးသမီး လေးတွေ
နိုင်ငံခြားသားနဲ့ တွဲတဲ့ ကိစ္စ တို့ပေါ့။
ကျွန်တော်ကြုံခဲ့ရတာက အကို့လို ကွန့်မန့် မှာတောင်မဟုတ်ဘူးဗျ မျက်နှာချင်း ဆိုင်ပြီးတော့ကို အပြောခံလိုက်ရတာ အထူးသဖြင့် ပြောချင်တာ မိန်းခလေးတွေကိုပါ ဘာဖြစ်လို့လည်းဆိုတော့ သူတို့တစ်တွေရဲ့ သူတစ်ပါးကို တုပ မှု့က ယောင်္ကျားလေးတွေထက်ကိုပိုပါတယ် ငပိ ရနံ့လေးသင်းသင်းနဲ့ ကျွန်မ မြန်မာ မဟုတ်ပါဘူးလို့ ငြင်းတာကိုလည်း ကြားရတာ ခဏခဏ ပေါ့ဗျာ တော်ပြီ အကိုကြီးရာ ပြောနေရင် စိတ်တိုလာတယ်။

အကိုကြီးရဲ့ ဘလောက်ဒ် သက်တမ်းရှည်သလောက် ကျွန်တော်တို့ မှီသောက်ခွင့်ရပါရစေ။

စံပယ်ချို said...

အရင်ဆုံးပြောချင်တာကတော့
jas အမြဲလိုလို စာလုံးပေါင်းမှားတတ်ပါတယ်
အမျိုးသားအားရင်သူပြင်ပေးတယ်...ကိုယ့်ဖာသာ
ကိုယ်တင်လိုက်တော့ ဦးဟန်ကြည်ကအမြဲပြင်ပေး
ပါတယ်...အခုတော့ အကိုတစ်ယောက်ကဲ့သို့
ပြင်လေးလို့ ကျေးဇူးတင်ရပါတယ်....
ဘလော့ဒေးလေးအကြောင်းကိုတော့သေချာဖတ်ခဲ့ပါတယ်...ဆဲဆိုရဲသူနဲ့ အမှန်ရေးထားတဲ့ ဟာက
အကိုလုပ်တာမှန်တယ်နော်...သူကရိုင်ခဲ့တာပဲ
ကိုကရိုင်းတာမဟုတ်လို့ကွန်မက်ကိုဖျက်ဖို့မလိုပါဘူး
jas ဆိုလဲ လုံးဝကိုမဖျက်ဘူး
ဒီတုင်ထားမှာ....
ချမ်းမြေ့စွာနဲ့ စာတွေရေးနိုင်ပါစေရှင်။
ခင်မင်တဲ့ jasmine

အဖြူရောင်နတ်သမီး said...

ခုမှလာဖတ်ဖြစ်တယ် အကိုရေ..
အမရဲ့လက်ရာတွေလည်း မစားရတာကြာပေါ့..
ပို့စ်လေးအတွက်ကျေးဇူးပါရှင်..

Related Posts Plugin for WordPress, Blogger...