Sunday, November 20, 2011

"ကျွန်တော့်မှတ်စု" ( ၈ )


"ရန်ကုန်စက်မှုတက္ကသိုလ် သီးသန့်မှတ်စုများ"

+ ဘတ်စ်ကားဂိတ်တွင် ဆင်းလျှင်ရောက်သည့် လူတော်တော်များများ ၀င်နေကျအပေါက်ကို 'ပစ္စည်းမဲ့ဂိတ်' ဟုခေါ်သည်။

+ ဟိုစဉ်က မိန်းကလေးအဆောင် သုံးဆောင်ရှိသည်။ သမိုင်းဝင်းထဲမှ သဇင်ဆောင်။ ကျောင်းဝင်းထဲမှ ဂျီဟော ခေါ် ဥတ္တရဆောင်။ တချို့က ဂျီဟောဆိုသည်မှာ ဂျီကျတတ်သော ကျောင်းသူအပျိုကြီးများရှိသဖြင့် တမင်နောက်ခေါ်သော အမည်ဟု ထင်ကြသည်။ ဒက္ခိဏ ဆိုသည်မှာ တောင်အရပ်၊ ဥတ္တရ ဆိုသည်မှာ မြောက်အရပ်ဖြစ်၍ မြောက်ဆောင် ဖြစ်နေသည်။ ပါမောက္ခချုပ်အိမ်သည် ယခင်က မြသီရိဆောင်။

တန်ဆောင်မုန်းလပြည့်နေ့ည ဆိုလျှင် ထိုအဆောင်သုံးဆောင်၌ အကျွေးအမွေးဖြင့် တည်ခင်းဧည့်ခံပြီး တန်ဆောင်တိုင်ပွဲ ဆင်နွှဲလေ့ရှိသည်။ ပေါင်မုန့်အုန်းနို့ဆမ်း၊ မုန့်လက်ဆောင်း၊ မုန့်လုံးရေပေါ်။ ကျောင်းသား ကြီးများ ပြောစကားအရ ထိုနေ့တွင် အာရ်အိုင်တီ ကျောင်းသားများအတွက် အငတ်ကြီးနှစ်ငတ် ပြေသည်ဟု ကြားဖူးသည်။

တစ်မျိုးကတော့ ရိုးရိုးမုန့်ငတ် အငတ်ကြီးတစ်မျိုး ပြေရခြင်း ဖြစ်ပြီး နောက်တစ်မျိုးက ကိုယ့်ညီမ၊ ကိုယ့်အစ်မ စက်မှုကျောင်းသူများကို လှလှပပ မြင်ချင်လှသော အာသီသ ဆန္ဒအငတ်ကြီး တစ်ငတ် ပြေရသောကြောင့်ဟု ဆို၏။

စက်မှုကျောင်းသူဆိုသည်က ယောက်ျားများနှင့် ရင်ပေါင်တန်းပြီး ပန်းပဲထုရ၊ လွှတိုက်၊ ရွေဘော်ထိုးရ၊ တူထုရ၊ တံစဉ်းတိုက်ရ၊ စက်မောင်းရ၊ တွင်ခုံခုတ်ရ၊ မြေတိုင်းရ၊ အဆောင်တစ် သုံးထပ်ဆောင် အပေါ်ဆုံးထပ်မှနေ၍ ဆယ်မိနစ်အတွင်း အဆောင်ရှစ်လို မြေနိမ့်ပိုင်း အဝေးဆုံးအဆောင်အထိ အတန်းပြေးတက်ရနှင့် ခါတိုင်းအချိန်များတွင် သူတို့၏ တီစကွဲယားပုံ၊ အာရ်အိုင်တီ၏ အထင်ကရ ရေစင်ပုံ၊ ကျောင်းရှေ့က တိုင်လုံးကြီးများပုံ စသည်ဖြင့် ပုံစံအမျိုးမျိုးလှပနေသော သူတို့၏အလှများကို မြင်တွေ့ခွင့် မရကြ။

ထိုနေ့ကျမှ သပ်သပ်ရပ်ရပ်ဝတ်စားဆင်ပြင်ပြီး အမွှေးနံ့သာ အကျော်စမ္မာ၊ ကရမက်တို့ ခြယ်သုံးမှုန်းဆင် လိုက်သောအခါ စက်မှုတက္ကသိုလ်၏ စွယ်တော်ပွင့်လေးများလို လှပ၍ လာသည်ဟု ပြောကြသည်။

+ ကျူတိုရီယယ်မှာ အမှတ်ကောင်းလျှင် စာမေးပွဲမှာ အလကားနေရင်း ဂရိတ်ဒ်မှတ် တစ်မှတ်ရနိုင်သည်။

+ ရောမတိုင်လုံးကြီးများဟုခေါ်သော ကျောင်းရှေ့ရှိတိုင်လုံးကြီးများမှာ (၁၈)လုံးရှိသည်။

+ ဒီဇင်ဘာကျောင်းပြန်ဖွင့်ရက်မှ ဧပြီလတစ်လလုံး ကျောင်းပိတ်ရက်ထိ ကျောင်းတက်ရက်များကို လွတ်လပ်သော စာသင်ရက်များ၊ ဖရီးတမ်းဟု ခေါ်ကြသည်။ ထို 'တမ်း' တစ်ခုလုံးတွင် ဘာစာမေးပွဲမှမရှိ။ ဒုတိယနှစ်ဝက် စာမေးပွဲကြီးက ဇွန်လကျမှ စစ်သည်။

ဖရီးတမ်းအချိန်လောက် ကျောင်းတွင် စည်ကားပျော်ရွှင်ဖွယ်ကောင်းသော ကာလမရှိ။ အားကစားပွဲ၊ ကပွဲ၊ ဟောပြောပွဲ၊ လုပ်အားပေး အသင်းအဖွဲ့ကိစ္စ၊ ဖွံ့ဖြိုးရေးလှုပ်ရှားမှု အရမ်းလုပ်ကြသည်။

+ ဒုတိယနှစ် သင်တန်းသားများ အများစု သွားရာလမ်းကို ချစ်သူတို့လမ်းကလေး( Lover's Lane) ဟုခေါ်ကြသည်။ ခရေပင်၊ ကံ့ကော်ပင်တို့ အုပ်ဆိုင်းနေ၏။ မော်တော်ယာဉ်အလုပ်ရုံကို ပတ်နေသည့်လမ်း။

+ ပဲချယ်ရီပင်တန်း။ ( ယခင်က အထင်ကရ )

+ ရောမတိုင်လုံးကြီးများဟု ကျွန်တော်တို့ အမည်ပေးထားသည့် လေးထောင့်တိုင်လုံးကြီးများ။ တရုတ်စကားပင်ကြီးက ရှိမြဲ။ ကံ့ကော်ရိပ်၊ စွယ်တော်ရိပ်၊ စိန်ပန်းရိပ်၊ ကုက္ကိုရိပ် စသည်ဖြင့် တက္ကသိုလ်ချင်း မတူကြ။

[ 'အိပ်မက်ထဲက တက္ကသိုလ်' လုံးချင်းဝတ္ထုမှ ( နွမ်ဂျာသိုင်း) ]

5 comments:

Cameron said...

ကျောင်းတုန်းက အမှတ်တရတွေက ဘယ်ချိန်ပြန်တွေးတွေး ကြည်နူးစရာတွေပါ...။ ရာဇ၀င်မှာ အမြဲကျန်ရစ်မယ့်....ဘ၀ရဲ့ မှတ်တိုင်တစ်ခုပါပဲ...။

ခင်တဲ့
မိုးငွေ့

zodiac said...

FYI: G hall was named sequential of A, B, C, D, E and F halls for male students. F was dedicated for male scholar students. You need to learn more, as I frequently mention. Don't just throw words/things from your tiny brain.

ဆူးသစ် said...

ကျေးဇူးပြုပြီးစာကို သေသေချာချာပြန်ဖတ်ကြည့်ပေးပါ zodiac ခင်ဗျား။ ကျွန်တော်ဟာ စက်မှုတက္ကသိုလ်ကျောင်းသားစစ်စစ်ဖြစ်ပါတယ်။ ဂျီဟောလ်ကို မသိလို့တင်ထားတာမဟုတ်ပါဘူး။ သိပ်သိတာပေါ့။ ကျွန်တော့်ဦးနှောက်ကလည်း သေးသေးလေးမဟုတ်ပါဘူး။ ဒါကျွန်တော်ရေးတာမဟုတ်ပါဘူး။ ဆရာနွမ်ဂျာသိုင်းရေးတားတာပါ။ ပြီးတော့သူလည်းမသိလို့ရေးတာမဟုတ်ပါဘူး။ ဇာတ်လမ်းအရနောက်ချင်လို့တမင်ရေးထားတာပါ။ ကျွန်တော့်ကိုဝေဖန်တာကိုကျေးဇူးတင်ပါတယ်။ ဒါပေမဲ့စာကိုသေသေချာချာဖတ်ပြီးမှဝေဖန်သင့်ပါတယ်။ ရန်ကုန်စက်မှုတက္ကသိုလ်မှတ်စုလို့တပ်ထားကတည်းက ကျွန်တော်ရေးတာတစ်ခုမှ မပါပါဘူး။ ဒီစာစုရဲ့အဆုံးမှာ နွမ်ဂျာသိုင်းရဲ့စာအုပ် အိပ်မက်ထဲက တက္ကသိုလ် ထဲကလို့ကျွန်တော်သေသေချာချာဖော်ပြထားပါတယ်။ ပြီးတော့ကျွန်တော့်မှတ်စုဆိုတဲ့ခေါင်းစဉ်အောက်မှာကျွန်တော်ရေးလာတာတွေအားလုံးဟာသူများရေးထား တာတွေကိုကျွန်တော်မှတ်ထားတာတွေချည်းပါပဲ။ ကျွန်တော်မှတ်ထားတာပါ။ကျွန်တော်ရေးတာတစ်ခုမှမပါပါဘူး။ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော့်စာလာဖတ်ပြီးဝေဖန်တာကျေးဇူးပါ။

ikilomikemike said...

သားလတ်
အချိန်ရ ရင် စက်မှုတက္ကသိုလ် အကြောင်း ပြည့်စုံတဲ့ မှတ်စုလေး ပြုစု ပေးပါလား၊ ငါမှတ်မိတာ က ကားဝင်လို့ရတဲ့ ပင်မ အ၀င်ပေါက်က မုဒ်ဦးက ကာတွန်းဇတ်ကောင် "ဦးလူပေါ" ရဲ့ ဦးခေါင်းနဲ့ တူလို့ "လူပေါဂိတ်" တဲ့။
"တိုင်လုံးကြီး ၁၈ တိုင်" ရဲ့ အဓိပယ်က အတန်း တစ်တန်းကို ၂ နှစ် နဲ့ ပြင်ပဖြေ တစ်နှစ် ပေါင်းသုံးနှစ်နဲ့ ပညာသင်နှစ် ၆ နှစ်ဆို စုစုပေါင်း ကျောင်းတက်နှစ် ၁၈ နှစ် တိတိ ပညာသင်နိုင်တယ် တဲ့။
သြဘာလမ်းက အရင်က ဘွဲ့နှင်းသဘင် ကြင်းပရင် အဲဒီလမ်းက လျောက်ပြီး စင်ပေါ် တက်ရတာတဲ့ ( အဲဒီ အချက်ကို ငါ အသေချာ မသိ ဘူးနော် )
"ဂျီဟော တဆောင်တိုင်ပွဲ" က ငါတို့ လက်ထက်မှာ မရှိတော့ဘူး ထင်တယ်၊ ငါတခါမှ မစားလိုက်ရဘူး။
သဇင်ဆောင်က ကောင်မလေးတွေ ထီးကိုးလက်မှာ လိုက်ကြွေးတာ ပဲ စားဘူးတတယ်။
ဒါနဲ့ စကားမစပ် မင်းကို သဇင်ဆောင် က ကောင်မလေး နဲ့ ဂျီဟောက အမကြီး မုန့်လိုက်ကြွေးတာ ဘယ်နှစ်ခါလဲ။ ( အိမ်က မင်းမိန်းမ ဗိုက်ခေါက် နာနာ ဆွဲတာ ခံရအောင် တို့လိုက်တာ ဟဲဟဲ ဟဲ)
ခင်တဲ့
ကျော်မင်းမင်း

mstint said...

ဆူးသစ်ရေ တီတင့်တို့ နေတုန်းက ဂျီဟောကို ဘီလူးကျွန်း အီကိုကျတော့ မိန်းမလှကျွန်းတဲ့လေ ဒါပေမယ့် အချိန်တန်တော့လည်း လက်တွဲဖော် အတော်များများကို ဘီလူးကျွန်းကနေပဲ ရွေးချယ်သွားကြတာ
ကျေနပ်စရာပေါ့နော်း))
သဇင်ဆောင် ဂျီဟောဆောင် အကြောင်လေးတွေ ဖတ်ပြီး ကျောင်းတော်ကြီးကိုလွမ်းပါ့။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Related Posts Plugin for WordPress, Blogger...