Saturday, November 12, 2011

" တောင်သမန်စခန်းက အလွမ်းရာဇ၀င် "


မလွမ်းတတ်သူ ဘယ်မှာရှိပါလိမ့်
တကယ်သာသိလျှင် မဖြေသိမ့်နိုင်ဘု
အခြေနိမ့်သူ သေမိန့်ခံ အမှောင်စံကာ
ထောင်နံရံအခန်းကျဉ်းထဲ လွတ်လမ်းမမြင်ရှာတဲ့
တောင်သမန်စခန်းက အလွမ်းရာဇ၀င်။

ဒိုင်းခင်ခင်ငယ်စဉ်နေ့တွေကတည်းက
ရင်အသည်းပြည့်စွာ ချစ်လာခဲ့သူအတွက်
ကိုယ့်အရှင်သခင်လက်ဆက်ဖို့
တမင်သက်သက် ရင်ကိုခွဲကာ
အကြင်နာပိုတာ အဝေးကိုပစ်လို့
အဆွေးကိုချစ်ခဲ့ရတဲ့ စာဆိုရှင်။

ငယ်မွေးကျွန်ခြံပေါက်တစ်ပါးရယ်ကြောင့်
မြှောက်စားကာ ရှေ့တော်သွင်းပါလို့
ခြေရင်းမှာခစားခိုင်းကာ
အလှတစ်ပါးကို အနားခေါ် သဘောပျော်မွေ့တာက
(သီပေါဆိုတဲ့)ရေမြေ့သနင်း ရွှေနန်းဘုရင်
ခြေလှမ်းမြင်သူက စုဖုရားလတ်။

အမှုအသွားမတတ်ပါဘဲ
ပြုထားသမျှစေရာခံရသူ ဒိုင်းခင်ခင်မှာဖြင့်
အရိုင်းမှအယဉ်ဝင်မယောင် အပျိုတော်အစမှာ
ဘ၀သာအောင်တင်ပေးသူချစ်ရင်းစွဲ တစ်ယောက်ရယ်ကြောင့်
မြတ်နိုးစွာဘုန်းရှင်အရိပ်ခိုပါလည်း
စိတ်တိုကာဆတ်ဆတ်ကြဲသူ မိဖုရားခေါင်တစ်ပါးရဲ့
ချစ်ဇောမာန်စိတ်ဓာတ်ကြွားကာ
အရိပ်မြတ်က အဝေးကိုနှင်ခိုက်နှင့်ကြုံတာကြောင့်
တောင်သမန်လယ်စား စာဆိုရှင်မောင်ဖေငယ်လည်းမကယ်နိုင်
တူပြိုင်ပြိုင် အသက်ဆုံးစီရင်ခံရတာဖြင့်
ရင်နင့်စရာအလွမ်းဇာတ်ခရီးပါပဲ
သံသရာသည်ဝဲမှာပြန်ပြီးတွေ့ရင်တော့
မမေ့စရာသည်အဖြစ်မျိုးတွေလဲ
အသစ်တိုးကာ ရင်မဆိုင်ရပါစေနဲ့လို့
အပျော်ပိုင်ကာ အလွမ်းပြတ်စေကြောင်းကို
(ကျွန်တော်တော့လေ.................)
ဆုတောင်းနေတတ်။ ။

သားလတ်
၈.၁၁.၁၉၉၅


(ဆရာမကြီး ဒဂုန်ခင်ခင်လေး၏ စာဆိုတော် ၀တ္တုမှ '' သီပေါဘုရင် '' '' မိဖုရားကြီး စုဖရားလတ် '' သီပေါဘုရင်၏ လက်ရင်းကျွန် အပါးတော်မြဲ တောင်သမန်လယ်စား '' စာဆိုရှင်မောင်ဖေငယ် '' နှင့် '' ဒိုင်းမင်းသမီး ခင်ခင်ကြီး '' တို့၏ အဖြစ်ကို ၀င်စား၍ ရေးဖွဲ့ပါသည်။)


(၁၉၉၇ခုနှစ်၊ သန်မြန်သူမဂ္ဂဇင်း)

8 comments:

စံပယ်ချို said...

မြန်မာကဗျာစစ်စစ်ကို မျှဝေပေးလို့ကျေးဇူး
တင်ပါတယ်
ခင်မင်တဲ့ jasmine

Angelhlaing(May everybody be happy and healthy! said...

နာမည်ကြီး ရာဇဝင်ဇတ်လမ်းတစ်ပုဒ်ကို ခုမှပဲ သေသေချာချာ သိခွင့်ရလို့ ကျေးဇူးပါအကို..

မေသိမ့်သိမ့် ကျော် said...

ဒိုင်းခင်ခင် အကြောင်းလေး သတိရမိတယ်။ သနားပါတယ်နော်။ တကယ့်ကို ဝဋ်ကြွေးတွေကြီးလွန်းလိုက်တာ....။
ကဗျာလေး ဖတ်ပြီး ခံစားမိတယ်။

ခင်တဲ့
မေသိမ့်

မေသိမ့်သိမ့် ကျော် said...

ဒိုင်းခင်ခင် အကြောင်းလေး သတိရမိတယ်။ သနားပါတယ်နော်။ တကယ့်ကို ဝဋ်ကြွေးတွေကြီးလွန်းလိုက်တာ....။
ကဗျာလေး ဖတ်ပြီး ခံစားမိတယ်။

ခင်တဲ့
မေသိမ့်

လွင်ပြင်လှိုင်းငယ် said...

ဝေမျှမှုပအတွက်ကျေးဇူးပါ တကယ့်ရှားပါးကဗျာလေးပါပဲ

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီကဗျာထဲက ဇာတ်လမ်းလေး ငယ်တုန်းက ကက်ဆက်ခွေနားထောင်ခဲ့ရဖူးတယ်..
အဲဒီထဲမှာ စုဖုရားလတ်ကတော့ လူကြမ်းပေါ့နော်။။
တကယ်တမ်း သူ့နေရာကနေ ခံစားကြည့်မယ်ဆိုရင်လည်း ကိုယ့်ယောက်ျား သူများနဲ့ ကြိုက်နေတာကို ဘယ်လိုများ ကြည်ဖြူနိုင်ပါ့မလဲနော်..
ခုခေတ်လိုဆို ပိုက်ဆံထုပ်လေးပေးပြီး ခွဲမယ် ထင်ပါတယ်..
ဒါပေမဲ့ သက်ဦးဆံပိုင်ခေတ်မှာတော့ဖြင့် သေဒဏ်ခံသွားရှာတဲ့ ဒိုင်းခင်ခင် မောင်ဖေငယ်တို့ဘဝ သနားစဖွယ်ပါဘဲ..
တောင်သမန်အင်းမြင်တိုင်း တောင်သမန်မြို့စားလေးနဲ့ ဒိုင်းခင်ခင်တို့ကို သတိရလိုက်မိတယ်။။

အမ်တီအန် said...

တောင်သမန်အင်းရယ်၊ မောင်ဖေငယ်ရယ်၊ ဒိုင်းခင်ခင်ရယ်... ရာဇ၀င်ထဲက လွမ်းဆွတ်ဖွယ်ရာအဖြစ်အပျက်..။ ကဗျာလေးဖတ်ပြီး ရင်ထဲထိတယ်။

Han Kyi said...

လေးချိုးကြီးမျိုး မရေးဖြစ်တာကြာနေပြီမို့ ကိုဆူးသစ်ရဲ့ လေးချိုးကိုပဲ အရသာရှိရှိနဲ့ ခံစားရင်း ကျေနပ်ပီတိဖြစ်မိပါတယ်...မောင်ဖေငယ်နဲ့ ဒိုင်းခင်ခင်၊ စုဘုရားလတ်နဲ့ သီပေါမင်းတို့ရဲ့ ချစ်ခြင်းမေတ္တာနဲ့ အတ္တလွန်ဆွဲပွဲတွေကိုလည်း ပြန်ပြီးစဉ်းစားမိပါရဲ့...ဒီဘက်ခေတ်မှာ ရှေးရိုးဖွဲ့ထုံးတွေကို ဖွဲ့နိုင်တဲ့သူနည်းနေပြီမို့ ရေးလက်ရှိတဲ့ ကိုဆူးသစ်ကိုပဲ နောက်ထပ်များများထပ်ရေးဖြစ်ဖို့ တိုက်တွန်းရတော့မှာပါပဲ...

မြန်မာ့အနုစာပေနဲ့ ယဉ်ကျေးမှု တည်တံ့ခိုင်မြဲပါစေ...

Related Posts Plugin for WordPress, Blogger...