Friday, April 6, 2012

"ချစ်ခြင်းဖြင့် စာတင်သော မြစ်တစ်စင်း၏ ရာဇ၀င်"


ကျွန်တော်ရှစ်တန်းလောက်၊ ၁၉၈၇ ခုနှစ်လောက်တုန်းက ပုဂံကို စရောက်ဖူးခဲ့သည်။ မိသားစုစုံညီ ဘုရားဖူးထွက်ခွင့်ရခဲ့ခြင်းပင်။ သည်တုန်းက ဟိုဘက်ခေတ်မို့ သမ၀ါယမဟိုတယ် ဆိုသည့်နာမည်ဖြင့် ကန်တော့ပလ္လင်ဘုရားနားမှာ ဟိုတယ်ရှိခဲ့ဖူးသည်။ ကျွန်တော်တို့မိသားစု ထိုအချိန်က ထိုဟိုတယ်မှာ တည်းခဲ့ဖူး၏။ တစ်နေကုန်ဘုရားစုံဖူးပြီး ပြန်လာချိန်မှာ ကန်တော့ပလ္လင်ဘုရား၏ အမြင့်တစ်နေရာမှ ပုဂံ၏ အလှအပကို ခံစားခဲ့ဖူးသည်။ ကျွန်တော်တို့ဟိုတယ်ဘေးမှာ ဧရာဝတီမြစ်သည် ကောက်ကွေ့စွာ စီးဆင်းနေ၏။

ညနေနေ၀င်ချိန်အလှ။ ဧရာဝတီ။ ကန်တော့ပလ္လင်ဘုရား။ ကျွန်တော်တို့မိသားစုနှင့် အတူ နိုင်ငံခြားသား များပါ ပါသည်။ သည်လိုရှုခင်း၊ သည်လိုအလှ၊ သည်လို ပုဂံ၊ သည်လို ဧရာဝတီ။ ၁၉၉၇ ခုနှစ်ခန့်က။ 

အရွယ်ရောက်လာတော့ ပုဂံကိုနောက်တစ်ကြိမ် ထပ်ရောက်သည်။ ၂၀၀၀ခုနှစ်၏ အစွန်းပိုင်းကာလများ။ အရင်ကလို ဘုရား၏ အမြင့် အထက်ပစ္စယံများသို့ ပေးမတက်တော့။ သို့သော် ဗူးဘုရားဘေးက ဧရာဝတီကို ကျွန်တော် ခံစားခွင့်ရခဲ့သေးသည်။ ဧရာဝတီသည် အရင်ကနှယ် နုပျိုဆဲ။ 

အလုပ်ထဲမှာ ရှိနေစဉ်မှာပင် ဧရာဝတီမှာ သင်္ဘောစီး၍ ဧရာဝတီတိုင်းထဲက မြို့နယ်များကို သွားခွင့်ရသည်။ ရှည်လျားလှသည့် ဧရာဝတီ၏ အလျားကို တွေးကြည့်မိခဲ့ဖူးသည်။ ပြီးတော့ ဧရာဝတီ၏ ဘေးမှာ ဧရာဝတီကို မှီတည်ရှိနေသော မြို့များအကြောင်းကိုလည်း တွေးမိခဲ့ဖူး၏။ 

၂၀၀၈ ခုနှစ်ရောက်တော့ ရက်စက်သော နာဂစ်ကိုကြုံရသည်။ ကျွန်တော်နှင့်အတူ ဘွဲ့လွန်ဒီပလိုမာ တက်နေသော စီးပွားရေးတက္ကသိုလ်က သူငယ်ချင်းမောင်နှမများ အတူစု၍ တတ်နိုင်တာလေးတွေယူကာ ဧရာဝတီ၏ ဘေးက ရွာတွေအထိ တက်ကာ အလှူလုပ်ကြသည်။ ဆန်၊ ဆီ၊ ဆား၊ အ၀တ်အထည်၊ ကျောင်းသုံးစာအုပ်၊ လွယ်အိတ်၊ ကျောင်းဝတ်စုံ။ စုံလို့။ စာသင်ကျောင်းတွေ ပြိုကျနေသည်ကို ကြည့်ပြီး ကျွန်တော့်ရင်ထဲမှာ ခံစားမှုများစွာ ဖြစ်သည်။ သမ္ဗာန်နှင့် ရွာတစ်ရွာကို အကူးမှာ ဆရာမတစ်ယောက်ပါလာတော့ သူကပြောသည်။ ကျွန်မ စာသင်ကျောင်းကို မပြန်တာ ကြာပြီ။ မိဘနေမကောင်းလို့ပါ တဲ့။ အခု နာဂစ်ဖြစ်ပြီး ကလေးတွေကျောင်း ပျက်သွားတယ် ကြားတော့ မပြန်ဘဲကို မနေနိုင်တော့ဘူး ဟုဆိုသည်။ သူ့မျက်ဝန်းမှာ မျက်ရည်တွေ ၀ဲနေတာ ကျွန်တော်သတိထားမိသည်။ ကျွန်တော်တို့အားလုံး တစ်လှေတည်း စီးနေကြသည်။ တစ်ရွာတည်းကို သွားခဲ့ကြသည်။ စိတ်က တစ်စိတ်တည်း။ ထိုရွာက ကလေးများ၏ အနာဂတ်အတွက်။

ဘွဲ့လွန်ပြီးတော့ စင်ကာပူမလာခင် ကျွန်တော်တို့ကိုးကွယ်သည့် ဘုန်းကြီး ရှိရာပဲခူးတိုင်း၊ ရွှေတောင်မြို့ကို အမေတို့နှင့် ရောက်သည်။ ပြည်က သူငယ်ချင်းက ကျွန်တော်ရောက်မှန်းသိပြီး လာခဲ့ဖို့ခေါ်သည်။ ကျွန်တော်နှင့် နာမည်တစ်လုံးသာ ကပ်လွဲသော ထိုသူငယ်ချင်းက ပြည်သား။ သူက ဆိုင်ကယ်တစ်စီးနှင့် ကျွန်တော့်ကို ပြည်မှာ လိုက်ပြသည်။ ဧရာဝတီဘေးက အအေးဆိုင်လေးမှာ ကျွန်တော်တို့နှစ်ယောက် ကြံရည်သောက်သည်။ 

လှပသောညနေခင်းလေးမှာ ဧရာဝတီ၏ တစ်ဘက်ကမ်းမှ စေတီပုထိုးများ၊ သဲသောင်များ၊ လူးလာသွားလာနေသော လှေငယ်များကို ကြည့်ပြီး ကျွန်တော့်ရင်ထဲမှာ ဧရာဝတီ၏ အလှကို ခံစားနေခဲ့ဖူးသည်။

နောက်ဆုံး စင်ကာပူရောက်လာပြီးမှ ကျွန်တော်ကြားရသည်။ မြစ်ဆုံ။ ကျွန်တော်တို့ ငယ်ငယ်က သင်ခဲ့ရသော ပထ၀ီထဲက မြစ်ဆုံ။ ဆရာ မောင်စိန်ဝင်း(ပုတီးကုန်း) ကဗျာရေးခဲ့ဖူးသော မြစ်ဆုံ။ ဧရာဝတီ၏ အစမြစ်ဆုံ။ ထိုမြစ်ဆုံမှာ ဆည်ဆောက်မည်တဲ့။ အတတ်ပညာရှင်များက မီးမောင်းထိုးပြသည်။ မည်သို့ဖြစ်နိုင်သည်ဆိုသော အကျိုးဆက်များ။ တွေးကြည့်တော့ စိတ်ထဲမကောင်းလှ။

ကျွန်တော် ခံစားခဲ့ဖူးသော ပုဂံနှင့် ဧရာဝတီ။ ကျွန်တော်ရင်နင့်ခဲ့ဖူးသော နာဂစ်နှင့် ဧရာဝတီ။ ကျွန်တော်နှင့်အတူ သူငယ်ချင်းများ ကိုယ်ချင်းစာပေးခဲ့ဖူးသော မြို့များ၊ ရွာများ၊ ကလေးငယ်များနှင့် ဧရာဝတီ။ ကျွန်တော်နှင့် ကျွန်တော့်သူငယ်ချင်း အတူတူ ခံစားခဲ့ဖူးသော ညနေခင်းတစ်ခုနှင့် လှပလွန်းသော ဧရာဝတီ။  

နာဂစ်လို သဘာဝဘေးကြောင့်ပင် မြို့များ၊ ရွာများ၊ လူများ ပြိုလဲခဲ့ရသေးလျှင် ဧရာဝတီမရှိတော့လျှင် ကျွန်တော်တို့အားလုံး ပြိုလဲသွားနိုင်သည်။

ထိုဧရာဝတီကို သိသိကြီးနှင့် ကျွန်တော်တို့ စွန့်လွှတ်ရတော့မှာလား။

၂၀၀၄ ခုနှစ်မှာ အိန္ဒိယပြည်ကို ကျွန်တော်ရောက်ခဲ့ဖူးသည်။ ကမ္ဘာကျော် တပ်ဂ်ျမဟာကိုလည်း ရောက်၏။ ထိုအဆောက်အအုံဘေးက ယမုံနာမြစ်ကမ်းပါးကနေ ကျွန်တော်တို့ မှတ်သိဖူးသော ယမုံနာကို လှမ်းငေးခိုက် ယမုံနာသည် ခြောက်တိခြောက်ကပ်။ သဲသောင်များကို မြင်ရသည်။ ကျွန်တော်တို့ ငယ်ငယ်က ပထ၀ီသင်ရစဉ် ယမုံနာတို့၊ ဂင်္ဂါတို့ဆိုသည်မှာ နာမည်ကျော်များ။ ခုတော့ လူတော်တော်များများ မြစ်ထဲမှာ အ၀တ်ဆင်းလျှော်နေကြသည်။ အမှိုက်များကား ရှုပ်ပွနေ၏။ ကျွန်တော်တို့ ဧရာဝတီသည်လည်း တစ်ချိန်မှာ ထိုသို့ ဖြစ်သွားတော့မည်လား။

ကျွန်တော်ခံစားမိသလို လွန်ခဲ့သည့် နှစ်များစွာကတည်းက ဧရာဝတီကို ခံစားသွားသော အနုပညာရှင်တစ်ဦးလည်း ရှိသေးသည်။ သူကား သီချင်းရေးဆရာတစ်ဦး။ ထိုထက်ပိုပြောရလျှင် တကယ့်အနုပညာရှင်စစ်စစ်။ သူသည် သီချင်းဆိုသည်။ ကဗျာစပ်သည်။ 
  
ဧရာဝတီနှင့် ပတ်သက်၍ သူရေးခဲ့သော သီချင်းသည် ကဗျာတစ်ပုဒ်လို လှသည်။ အားပါသည်။ ကျွန်တော်တို့ ချစ်သော ဧရာဝတီအတွက် သူခံစားရေးခဲ့သည်။ ထိုသီချင်းအတွက် သူတစ်လလောက် အချိန်ယူခဲ့ရသည်။ အာရုံမလာလျှင် ထမရေး။ သူသည် ဧရာဝတီနှင့် ပတ်သက်၍ နင့်နင့်သည်းသည်း ခံစားတတ်ပုံရ၏။ 

သူ့သီချင်းထဲမှာ ဧရာဝတီသည် ရာဇ၀င်ထဲက လျှို့ဝှက်ချက်များကို သိမ်းဆည်းထားသည်။ ခမ်းနားသော မြို့ပြများနှင့် ရွှေရောင်လွှမ်းသော နေ့ရက်များကို ပြောပြနိုင်သည်။ ပိုင်ဆိုင်မှုအတွက် သူရဲကောင်း များစွာ ဖြစ်တည်မှုကို ပြန်ပြနိုင်သည်။ ကျွန်တော်တို့တိုင်းပြည်၏ ရွှေရောင်အနာဂတ်အတွက် ရာဇ၀င်အဟောင်းများကို စွန့်၍ ရာဇ၀င်အသစ်များကို ရေးခဲ့သည်။ ကျွန်တော်တို့၏ မိခင်ဟု သူတင်စားခဲ့သည်။ ကျွန်တော်တို့၏ ၀ိညာဉ်ဟုလည်း ဆိုသည်။ ထိုသီချင်းကိုပင် သူက "ရာဇ၀င်များရဲ့ သတို့သမီး" ဟုတင်စားခဲ့သည်။ 

ထိုတေးရေးဆရာ၊ ထိုအဆိုတော်၊ ထိုအနုပညာရှင်သည် ကိုငှက်ဟု ခေါ်ကြသည့် ထူးအိမ်သင်။ သူကား ကွယ်လွန်သွားခဲ့ချေပြီ။ သူခံစားတင်စားခဲ့သော သတို့သမီး၏ အလှအပတို့သည်လည်း သူကွယ်လွန်သွားသလို မကွယ်လွန်စေရန်နှင့် သူရှိနေစဉ်တုန်း ကလို၊ ကျွန်တော်တို့ ခံစားခဲ့ဖူးသလို ရှိနေစေရေးအတွက် ကျွန်တော် ဆုတောင်းနေမိသည်။

ထိုသို့ဆုတောင်းရင်းမှာပင် ကျွန်တော့်နားထဲမှာ ထူးအိမ်သင်၏ ရာဇ၀င်များရဲ့ သတို့သမီး သည်ကား လှပစွာ စီးဝင်နေပါတော့သည်။     ။

သားလတ်
၁၂:၅၆ နာရီ
၆.၄.၂၀၁၂



3 comments:

သတိုး said...

သူဟာ ငါတို့သမိုင်းရဲ့
အခမ်းနားဆုံးသော သက်ရှိကဗျာ...
ဧရာဝတီ
ရာဇ၀င်များရဲ့ သတို့သမီး။
နှလုံးသားထဲမှာ တစ်ဘ၀စာ ဟိန်းညံနေတော့မယ့် တေးသီချင်းရဲ့ ဖန်ဆင်းရှင်သာ ခုနေရှိသေးရင်...

Han Kyi said...

အေးဗျာ...ဧရာဝတီအကြောင်း တစ်ခုခုကြားတိုင်း ကိုငှက်ကြီးကို ပြေးပြေးသတိရတာပါပဲ...ဧရာဝတီရဲ့ ဖြစ်တည်မှု သီချင်းကို တစ်လလောက် အိမ်မပြန်ဘဲရေးခဲ့ရင် ဧရာဝတီဆုတ်ယုတ်တဲ့အကြောင်း သီချင်းကို ကိုငှက်ဘယ်လောက်များကြာအောင် ခံစားပြီး ရေးမှာပါလိမ့်...

ရာဇ၀င်များရဲ့ သတို့သမီး . . .
ငါတို့ရဲ့မိခင် . . .

ဂျစ်တူး ( မုံရွာ ) said...

မင်္ဂလာပါ ဆရာ
နှစ်သစ်မှာကျန်းမာရွှင်လန်းချမ်းမြေ့ ပါစေ---
သတ်ပုံကလေးတွေပြင်ပေးတဲ့ ကျေးဇူးတွေကြောင့်
သင်ဆရာအဖြစ်အသိအမှတ်ပြုပါရစေ--
နှစ်သစ်မှာလက်အုပ်ချီပြီးကတော့လိုက်ပါရစေ ဆရာ
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)

Related Posts Plugin for WordPress, Blogger...