Friday, December 14, 2012

"ကျွန်တော်နှင့် All Star က ဟောကြားသော တရားတော်"


ကျွန်တော်စင်ကာပူကိုရောက်ပြီး တစ်နှစ်ကျော်အကြာမှာ All Star ဖိနပ်တစ်ရံ ၀ယ်စီးဖြစ်သည်။ ယခင်က စလုံးမှာ တော်တော်ရေပန်းစားသော New Balance Shoe ကိုစီးသော်လည်း ဖိနပ်စုတ်လာသောအခါ New Balance က ဈေးကြီး၍ ဈေးနှုန်းအသင့်အတင့်လည်းရှိ၊ စီးရသည်မှာလည်း အဆင်ပြေသော All Star ဖိနပ်ကို ၀ယ်စီးဖြစ်ခဲ့တော့သည်။

ကျွန်တော်စ၀ယ်ဖြစ်တော့ All Star သည် ခြေဖမိုးပေါ်မှာ အနက်ရောင်၊ ကျန်သောဘေးဘက်၊ ရှေ့ဘက် အားလုံး အဖြူရောင်။ ကြိုးက အဖြူရောင်။ ကျွန်တော်က အနက်နှင့် အဖြူကို ကြိုက်၍ ဖိနပ်ကိုလည်း ထိုကဲ့သို့ တွဲဘက် အရောင်မျိုးကို ရွေးဝယ်တာဖြစ်သည်။ ကျွန်တော် အလုပ်သွား၊ အပြင်သွား အမြဲလို စီးဖြစ်၏။

တစ်ခါတော့ ဖိနပ်က အရမ်းညစ်ပတ်နေ၍ ကျကျနန ဆေးပြီး နောက်ရက်တွေမှာ ဖြူဖြူဖွေးဖွေးလေးနှင့် ပနံရနေသည်။ စလုံးအိမ်များ၏ ထုံးစံ အိမ်ရှေ့မှာသာ ဖိနပ်ချွတ်နေကျမို့ အလုပ်ကအပြန် ကျွန်တော့်ဖိနပ်ကို အိမ်ရှေ့မှာပဲ ချွတ်ထားခဲ့ဖြစ်သည်။ သို့သော် တစ်ရက်မနက်ခင်း ကျွန်တော် အလုပ် သွားရန် အိမ်အပြင်ကို ထွက်လိုက်စဉ်မှာ ကျွန်တော့်ဖိနပ် ထားနေကျနေရာကို ကြည့်တော့ ဖိနပ်မရှိ။ အထားများ မှားသလားတွေးကာ လိုက်ရှာစဉ် မတွေ့။ တစ်ယောက်ယောက်တော့ မ သွားလေပြီ။

ကျွန်တော့်မှာ Adidas တစ်ရံ အပိုဆောင်ထား၍ ထိုဖိနပ်ကို ထုတ်စီးပြီး အလုပ်သွားရတော့သည်။ ကျွန်တော့် သူငယ်ချင်းတွေ ပြောပြတော့ သန့်ရှင်းရေးသမား သမသွားတာ နေမှာဟု ပြောသည်။ အမြင်ကတ်လျှင်လည်း ထိုသို့လုပ်တတ်သည်ဟု ဆို၍ ဪ-စလုံးမှာ ငါ့ဖိနပ်ကို အမြင်ကတ်လို့ လုပ်ချင်သူ ရှိသေးလားဟု တွေးမိသေးသည်။

မိုးလင်းမိုးချုပ် ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ့်ဘာသာနေချိန်မှာ လူကိုအမြင် ကတ်ကတ်၊ ဖိနပ်ပဲ ကြည့်ရရမရရ၊ ကျွန်တော်ကတော့ ဖိနပ်လိုချင်၍ ခိုးခြင်းသည် ခိုးခြင်းသာ ဖြစ်သည် ဟု မြင်သည်။ နောက်တော့လည်း ဘယ်သူတွေ ဘယ်လိုသဘောထားထား ကျွန်တော့်စိတ်က သန့်စင်နေခြင်းဖြင့် ဖိနပ်တစ်ရံ ပျောက်ခြင်းနောက်မှာ အကုသိုလ်မပွားချင်တော့။ ကျွန်တော်တို့ မြန်မာ များအတွက် 'ဥစ္စာပျောက်၊ ငရဲရောက်' ဆိုသော စကားက အလကား မဟုတ်။

ဖိနပ်ပျောက်ပြီးတော့ နှမြောစိတ်က ဖြစ်နေမိသည်။ တရားမှ မရှိတာကိုး။ ပြီးတော့ ကျွန်တော်ကြိုက်သော အဖြူ၊ အနက်ရောင်လေ။

နောက်တော့ တော်တော်နှင့် ဖိနပ်မ၀ယ်ဖြစ်။ စိတ်နာတာလည်း ပါသည်။ ကိုယ်ကြိုက်၍ ၀ယ်ထားသော ဖိနပ်ကို သူများအချောင်ယူသွားလေခြင်းဟု တွေးကာ မ၀ယ်ချင်။ နောက်တော့ စလုံး တစ်ရာကျော် ပေးထားရသော Adidas ကိုလည်း ခဏခဏ စီးရမှာ နှမြော၍ မစီးနိုင်ဖြစ်ကာ Everlast ဖိနပ်တစ်ရံကို ၀ယ်စီးဖြစ်ခဲ့တော့သည်။

သို့သော် Everlast က All Star လောက်အစီးမခံ။ ခဏပဲ စီးပြီး ပျက်တော့သည်။ သည်တော့ နောက်ဆုံးကျွန်တော့် အကြိုက် All Star ဆီပြန်ရောက်သည်။ သည်တစ်ခါတော့ ကျွန်တော့်အကြိုက် အဖြူ၊အနက်ကို ရှာမရ။ ဒီဇိုင်းကလည်း မတူပြန်၍ နောက်ဆုံးထွက်သည်ဆိုသော ကြိုးပြားနှင့် ခြေခုံမှာ အနက်ရောင်ကိုအစိမ်းဘက်ဖောက်သော အရောင်ပါသည့် ဖိနပ်ကိုသာ ၀ယ်ခဲ့တော့သည်။

သည်တစ်ခါကျတော့ စလုံးက အထာကိုသိသွားပြီ ဖြစ်၍ ဖိနပ်ကို အိမ်ရှေ့မှာ မချွတ်တော့။ ညဘက်ချွတ်ထားလျှင်ပင် ကိုယ့်ဘာသာ စိတ်မချရသည့်ဘ၀။ နေ့တိုင်း အိမ်ထဲမှာပဲ သိမ်းထား လိုက်တော့သည်။ သည်လိုကျတော့ စိတ်အေးရ၏။

သည်လိုနှင့် မြန်မာပြည်ကို ခွင့်နှင့် ခဏပြန်ခဲ့သည်။ ပြန်ခါနီးမှာ ကျွန်တော့် All Star လေးကို သေသေချာချာ ကျကျနန အရောင်တောက်အောင် ရွှိုင်းလိုက်သေးသည်။ ရန်ကုန်မှာ ဘယ်သွားသွား ထိုဖိနပ်ကလေးနှင့်။ သို့သော် ဟိုနားသည်နားကျတော့ ခဏခဏ ဖိနပ်ချွတ်လိုက်၊ စီးလိုက်နှင့် အဆင်မပြေ။ သည်တော့ ကတ္တီပါ ဖိနပ်တစ်ရံကို ၀ယ်ထားပြီး ပေါ့ပေါ့ပါးပါး စီးဖြစ်သည်။

ကျွန်တော်က တချို့ရက်မှာ မိဘများဆီသွား၊ တချို့ရက်မှာ သူငယ်ချင်းများနှင့်တွေ့၊ တချို့ရက်မှာ ဇနီးသည်ရုံးကို လိုက်လည်နှင့် အဆင်ပြေနေ၏။ ခရီးနည်းနည်း ဝေးဝေးဆိုလျှင် All Star ကိုစီးဖြစ်ပြီး ကျွန်တော့်အိမ်မှ အနီးအနားသွားလျှင်သာ ကတ္တီပါဖိနပ်ကို စီးတော့သည်။

သို့သော် ကျွန်တော့်ဇနီးသည်ရုံးကို လိုက်သွားသည့် တစ်ရက်မှာ တစ်နေကုန် ဇနီးသည်ရုံးခန်းမှာ အင်တာနက်သုံးရင်း ညနေအထိ စောင့်နေစဉ်မှာ ကျွန်တော့် All Star ဖိနပ် ပျောက်သွားသည်ကို ညနေရုံးအဆင်းမှာ သိလိုက်ရတော့သည်။

တကယ်တော့ သူတို့ရုံးမှာ ဖိနပ် ပျောက်လေ့မရှိ။ သူတို့ရုံးက အဆောက်အအုံကြီးတစ်ခု၏ အပေါ်ထပ်မှာ ရှိသည်။ အောက်ထပ်က မည်သူလာလာ ဓာတ်လှေကားစီးလျှင် လုံခြုံရေးကို မေးရသည်။ ဓာတ်လှေကား စီးသူတိုင်းမှာ Scan ဖတ်သည့်ကတ်ရှိသည်။ ရုံးများစွာ ရှိသည့်နေရာဖြစ်၍ ဓာတ်လှေကားစီးသည့်ကတ် ရှိမှသာ စီးရမှာဖြစ်သည်။ မရှိလျှင် လုံခြုံရေးက သက်ဆိုင်ရာရုံးသို့ လှမ်းပြောပြီးမှ စီးခွင့်ရှိသည်။ လှေကားမှ တက်လျှင်လည်း လုံခြုံရေးကိုသာ မေးရမည်။

သူတို့ရုံး၏ အခန်းတံခါးက နှစ်ထပ်။ ပထမသံပန်းတံခါးသည် အမြဲလိုဖွင့်ထား၏။ ဒုတိယအတွင်းတံခါးသည် သစ်သားတံခါး။ အမြဲပိတ်ထားသည်။ ထိုသံပန်းတံခါးနှင့် သစ်သားတံခါးကြားမှာ ဖိနပ်စင်ရှိသည်။ ရုံးကို မည်သူလာလာ ဖိနပ်ချွတ်မှာ ချွတ်ရသည်။ သည်တော့ရုံးအတွင်းကလူသည် ဖိနပ်ချွတ်ကို မမြင်ရ။ တစ်ယောက်ယောက် အထဲမ၀င်ဘဲ ဖိနပ်ချွတ်မှာသာရပ်ပြီး လှည့်ထွက်သွားလျှင်လည်း မမြင်ရ။ သည်တော့ ဖိနပ်အကောင်းစားမြင်လျှင် အလွယ်တကူ ယူသွား၍ ရနေပေလိမ့်မည်။

ဖိနပ်များကို အရင်က မည်သူမျှ မယူ၍ အားလုံးကလည်း သည်လိုပျောက်မည် မထင်။ ယခုတော့ ကျွန်တော့် All Star ကျမှ တည့်တည့်ကြီးကို တိုးတော့သည်ဟု ဆိုရတော့မည်။ ရုံးက ၀န်ထမ်းများကတော့ သန့်ရှင်းရေးသမားများ ဖြစ်နိုင်သည်ဟု ဆိုသည်။ လုံခြုံရေးကိုလည်း ဖုန်းခေါ်ပြီး လူစိမ်း တက်မတက် မေးကြ၊ ဆူကြ၏။ သူတို့ အပြောအရ All Star က အနော်ရထာလမ်းမှာ ဈေးကွက်ရှိသည်တဲ့။ အဟောင်းဈေးကိုပြောခြင်းပါ။ ထို့ကြောင့် ကျန်ဖိနပ်များကို မယူ၊ စိတ်မ၀င်စားချိန်မှာ ကျွန်တော့်ဖိနပ်သာ ပါသွားခြင်းဖြစ်မည်ဟု ထင်မိကြသည်။

ကျွန်တော့်ဖိနပ် ပါသွားပြီဟု သိသိချင်းမှာ ကျွန်တော်က စစချင်း အံ့အားသင့်မိသည်။ ဇနီးသည်က စိတ်မကောင်း။ သူတို့ရုံးက ၀န်ထမ်းများကလည်း ထို့အတူ။ ကျွန်တော့်ကိုလည်း အားနာကြသည်။ တကယ်တော့ အောက်ထပ်မှာ Shopping Mall အကြီးကြီးရှိသည့် သူတို့ရုံးကား အထင်ကရ နေရာ တစ်ခုဖြစ်၍ သည်လိုအဖြစ်မျိုးကို ဖြစ်လာမည်ဟု လုံးဝမထင်။

နောက်ဆုံးဘယ်လိုမျှ ရှာမတွေ့နိုင်သည့်အဆုံးမှာ ကျွန်တော်ကား တွေးရင်း သဘောကျနေမိတော့သည်။ ဖိနပ်ပျောက်သည်ကိုတော့ မည်သူမျှ ပျော်မည်မထင်။ ကျွန်တော်လည်း မပျော်ပါ။ မိမိဖိနပ်တစ်ရံ ဟုတ်တိပတ်တိ မစီးရခင်မှာ အခိုးခံလိုက်ရသည်ကို မည်သူက ပျော်နိုင်မည်နည်း။ ပြီးတော့ တစ်ခါမက။ သည်တစ်ခါက ဒုတိယအကြိမ်။ အမျိုးအစားတူ ဖိနပ်နှစ်ရံကို ကာလခြားပြီး အခိုးခံလိုက်ရသည်ကို ဒုတိယအကြိမ်မှာ ကျွန်တော် ဘာကြောင့် သဘောကျမိပါသနည်း။ အကြောင်းက ရှိသည်။

တစ်ခါက ကျွန်တော် ဖတ်ဖူးခဲ့သော ဆရာတော်ကြီးများ အကြောင်းကို အမှတ်ရမိ၍ ဖြစ်ပါသည်။ ကျွန်တော်မှတ်မိသလောက် လယ်တီဆရာတော်ဘုရားကြီးလည်း ပါသည်။ ဖြစ်စဉ်များက အားလုံးအတူတူ လိုပင်။

ဆရာတော်ကြီးများ ညဘက်ကျိန်းနေစဉ် သူတို့ကျောင်းသို့ သူခိုးများ ၀င်သည်။ ကပ္ပိယကြီးများက သိ၍ ဆရာတော်ကြီးများကို လျှောက်သည်။ ဆရာတော်ကြီးများက အားလုံးလိုလို တူညီသော အဖြေများ၊ မှတ်ချက်စကားများ ပေးသည်။ ယခင်ဘ၀က ယခုလို သူများပစ္စည်းများ ယူခဲ့မိ၍ ယခုဘ၀မှာ ပြန်၍ အခိုးခံရသည်တဲ့။ သည်တော့ ယခုလို အခိုးခံရသည်ကို အော်ကြီးဟစ်ကျယ် ထလုပ်နေလျှင် ယခင်က သူများပစ္စည်းယူခဲ့ဖူးပါသည်ဟု ၀န်ခံမိသလိုမျိုး ဖြစ်မှာစိုး၍ ခိုးပါစေဟု ဆိုကာ သူခိုးများခိုးခြင်းကို မသိယောင်ပြုနေခဲ့ ပေးသည်ဟု ကျွန်တော်မှတ်သားခဲ့ဖူးပါသည်။

ယခုလည်း ထိုကဲ့သို့ ဖြစ်နေချေပြီ။ ဒုတိယအကြိမ် ကျွန်တော့်ဖိနပ် အခိုးခံရပြီဟု သိစဉ်က ဖိနပ်ပျောက်သည်ကို စိတ်မကောင်းဖြစ်သော်ငြား ဆရာတော်ကြီးများ၏ ဖြစ်ပျက်ပုံကို ဖတ်ထားပြီးပြီ ဖြစ်၍ ကိုယ့်ဘာသာ ဪ-ငါ့နှယ် အတိတ်ဘ၀က ဘယ်လောက်တောင် သောင်းကျန်းထားလဲ မသိပါဘူးဟု တွေးကာ ရှက်ပြုံးပြုံးရင်း ကျွန်တော့်ဖိနပ် အတွက် ဒေါသထွက်၊ စိတ်မကောင်း ဖြစ်နေကြသော ဇနီးသည်နှင့် သူ့ရုံးက ၀န်ထမ်းများကို ကြည့်နေမိသည်။ တကယ်တော့ ထိုအချိန်မှာ ကျွန်တော် ခံစားရသည်က သူတို့ခံစားရမှုနှင့် မတူတော့။

ဖိနပ်ပျောက်ခြင်းအတွက် စိတ်မကောင်းဖြစ်ခြင်း၊ နှမြောခြင်းထက် အရင်ဘ၀က သည်လိုလုပ်ခဲ့တာ ပါလားဟု တွေးရင်း ရှက်ရွံ့စိတ်က ပိုများနေသည်။ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်၍ ယူသွားသူကို ဘယ်သူဟုတွေးကာ အပြစ်မြင်ရင်း ငရဲရောက်မှာကို မလိုချင်ဘဲ ယခုခံနေရသည့် ကိုယ်လုပ်ခဲ့သည့် အတိတ်က အပြစ်မျိုးကို ယခုလက်ရှိဘ၀မှာ ငါတစ်ခါမျှတောင် ထပ်မကျူးလွန်ဖူးတော့ ပါလားဟု တွေးရင်း ကျေနပ်မိနေသည်။

သည်လိုနှင့် All Star နှစ်ရံအခိုးခံရပြီးသည့်နောက်မှာ ထိုဖိနပ်များက ကျွန်တော့်ကို အသိတရား ပိုရစေခဲ့သည်ကတော့ အမှန်ပင်။ မည်သူမျှ ဟောသောတရားများမဟုတ်။ All Star က ဟောကြားသော တရားတော်များပင်။            ။

ဆူးသစ်
၁၃း၄၈ နာရီ၊ မြန်မာစံတော်ချိန်
၁၄.၁၂.၂၀၁၂


11 comments:

စံပယ်ချို said...

ဂျက်လဲ ဒီမှာ အဲလိုပဲ အိမ်ရှေ့မှာထားရင်းနဲ့ နောက်တရက်အလုပ်သွားဖို့ကြည့်တော့ မရှိတော့ဘူး တခါထဲမှတ်သွားပါလေရော...
All Starကိုတော့ မစီးဘူးသေးဘူး လူအတော်များစီးနေတာတွေ့မိတယ်...
နောက်တခါဘာပစ္စည်းပဲပျောက်ပျောက် ကိုဆူးသစ်လိုပဲတွေး
လိုက်ပါတော့မယ်...

နွေတေးရှင် (မင်းဧရာ) said...

All Star ကဟောသော တရားကိုနာပြီး
ကျွန်တော်ပါ လျောပြီးရယ်မိသွားတယ် အစ်ကိုကြီးရာ...

ကံ ကံ၏အကျိုးပေါ့ ...
အစ်ကို့ရဲ့ ဖြေနိုင်တဲ့စိတ် တွေးနိုင်တဲ့ အတွေး
သိနေတဲ့ အသိ တွေကလည်း ကျွန်တော်တို့ကို ကူးစက်သွားစေလေရဲ့ဗျာ..။

မြန်မာပြည်ကို ပြန်ရောက်နေတယ်ဆိုတော့ အစ်ကိုတော်တော် ပျော်နေမှာပဲဗျနော်.....

အေးဗျာ ဘယ်နေ့ရယ်လို့ မသိသေးပေမယ့်လို့
ကျွန်တော်လည်း ပြန်ဖို့စိတ်ကူးနေတယ် အစ်ကိုရာ။

The Sea Breeze said...

ငါလဲ အရင်ဘ၀ တွေတုန်းက ဖိနပ် သူခိုး ဖြစ်ခဲ့ ဘူးတယ် ထင်ပါရဲ့.... ငါ့ဖိနပ်လေးက ဟောင်းနေပြီ ဘယ်သူမှ ယူမယ်မထင်လို့ အပြင်မှာ ထားကာမှ အခိုးခံရတာ ခဏခဏ ပဲ

mstint said...

ဒုတိယအကြိမ် All Star ပျောက်တာကို ဆင်ခြင်မိတာဟာ အရှုံးထဲက အမြတ်ပေါ့နော်။
မှန်ကန်တဲ့အတွေးနဲ့ ဆုံးဖြတ်ချက်လေးပေါ့ ဆူးသစ်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဆောင်းနှင်းရွက် said...

ဆောင်းနှင်းမှာတော့ မှတ်မှတ်ရရ ပစ္စည်းခိုးခံရတာ မရှိသေးတော့
ဒါရှေးဘ၀က သူများပစ္စည်း မခိုးခဲ့တာပေါ့နော် .. :D:D

ခင်မင်လျှက်
ဆောင်းနှင်းရွက်

ဆောင်းနှင်းရွက် said...


ဆောင်းနှင်းမှာတော့ မှတ်မှတ်ရရ ပစ္စည်းခိုးခံရတာ မရှိသေးတော့
ဒါရှေးဘ၀က သူများပစ္စည်း မခိုးခဲ့တာပေါ့နော် .. :D:D

ခင်မင်လျှက်
ဆောင်းနှင်းရွက်

ဆောင်းနှင်းရွက် said...

comment တွေ အများကြီး ပေါ်သွားပြီလား မသိဘူး .. word verification နဲ့ ကွန့်မန့် ရိုက်ရတာ အဆင်မပြေဘူး .. ကိုဆူးသစ်ရေ..း))

Jimm Terry said...

All Star ကိုတစ်နှစ်ပတ်လုံး မဆေးဘဲ စီးတာ အိမ်ရှေ့မှာထားတာ တခါမှာ မပျောက်ဖူးသေးဘူး… နောက်တာပါ… အမှန်တော့ ဆေးရမှာ ပျင်းတာ… လောကကြီးက အစိုးမရတဲ့ အနတ္တတရားလည်း ရတာပေါ့ 

Angelhlaing(May everybody be happy and healthy! said...

အကို့ရဲ့ ပို့စ်လေး ဖတ်ပြိးတော့ ဒီတစ်ခါ ပစ္စည်းပျောက်ရင် မအော်ဟစ်တော့ပဲ တိတ်တိတ်လေး နေတော့မယ် အကို ..:)

မိုးနတ်ကြယ်စင် said...

မိုးနတ်လဲ တူတူပဲ..ခုထိတော့ မိုးနတ်ပစ္စည်းတွေ
အခိုးခံရတာမျိုးမရှိသေးဘူး..အဲဒါကိုကြည့်ခြင်းအားဖြင့်.....:)..ဟိ..ကပ်ပြီးအမှတ်ယူတွားတာနော်..
တီတင့်ပြောသလို ဒုတိယအကြိမ် All Star ပျောက်
တာကို ဆင်ခြင်မိတာဟာ အကို့အတွက် အရှုံးထဲက
အမြတ်ဖြစ်သလို စိတ်သက်သာရာလဲရစေတယ်လို့
မိုးနတ်ထင်မိပါတယ်...:)
ခင်တဲ့...မိုးနတ်

3rdthameetaw said...

အလွန် ကို အဓိပ္ပါယ်ရှိတဲ့ တရားသဘောလေးပါပဲ
ဒီလောက်တရားပေါက်နေတာဗျာ
ဘုန်းကြီးဝတ်လိုက်ပါတော့

Related Posts Plugin for WordPress, Blogger...